ထာဝရအသက်သို့ပို့ဆောင်သောတစ်ခုတည်းသောလမ်း
“ငါသည်၊ လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏၊ အသက်လည်းဖြစ်၏။”—ယောဟန် ၁၄:၆။
၁၊ ၂။ ယေရှုသည် ထာဝရအသက်သို့ပို့ဆောင်သောလမ်းကို အဘယ်အရာနှင့်နှိုင်းယှဉ်ခဲ့သနည်း၊ ကိုယ်တော့်ဥပမာ၏ဆိုလိုရင်းကား အဘယ်နည်း။
ယေရှု၏ ကျော်ကြားသောတောင်ပေါ်တရားတော်တွင် ထာဝရအသက်သို့ပို့ဆောင်သောလမ်းကို တံခါးတစ်ခုမှ ဝင်ရသောလမ်းနှင့် ကိုယ်တော်နှိုင်းယှဉ်ခဲ့သည်။ အသက်ရှင်ခြင်းသို့ရောက်သောဤလမ်းသည် မလွယ်ကူကြောင်း ယေရှုအလေးပေးဖော်ပြခဲ့သည်ကို သတိပြုပါ။ ကိုယ်တော်က ဤသို့ဆိုသည်– “ကျဉ်းသောတံခါးကိုဝင်ကြလော့။ ပျက်စီးခြင်းသို့ရောက်သော လမ်းနှင့်တံခါးသည် ကျယ်ဝန်းသည်ဖြစ်၍ ဝင်သောသူတို့သည်များကြ၏။ အသက်ရှင်ခြင်း [ထာဝရအသက်] သို့ရောက်သော လမ်းနှင့်တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍၊ တွေ့ဝင်သောသူတို့သည် နည်းကြ၏။”—မဿဲ ၇:၁၃၊ ၁၄။
၂ ဤပုံဥပမာ၏ဆိုလိုရင်းကို သင်သဘောပေါက်ပါသလော။ အသက်ရှင်ခြင်းသို့ပို့ဆောင်သော လမ်းတစ်လမ်းတည်းသာရှိပြီး ထိုအသက်လမ်းမှမသွေဖည်ရန် ကျွန်ုပ်တို့အသေအချာဂရုစိုက်ဖို့လိုကြောင်း ယင်းကမဖော်ပြပေလော။ သို့ဖြစ်လျှင် ထာဝရအသက်သို့ပို့ဆောင်သော ဤတစ်ခုတည်းသောလမ်းကားအဘယ်နည်း။
ယေရှုခရစ်၏အခန်းကဏ္ဍ
၃၊ ၄။ (က) ကျွန်ုပ်တို့၏ကယ်တင်ခြင်းတွင် ယေရှု၏အရေးပါသောအခန်းကဏ္ဍကို သမ္မာကျမ်းစာက မည်သို့ဖော်ပြသနည်း။ (ခ) လူသားများသည် ထာဝရအသက်ရနိုင်ကြောင်း အဘယ်အချိန်တွင် ဘုရားသခင်ဦးဆုံးဖော်ပြခဲ့သနည်း။
၃ ယေရှုသည် ထိုလမ်းနှင့်ပတ်သက်၍ အရေးကြီးသောတာဝန်ကို ရရှိထားသည်မှာရှင်းပါသည်၊ တမန်တော်ပေတရုက ဤသို့ဆိုခဲ့သည်– “ထိုသခင်၏နာမတော်မှတစ်ပါး ငါတို့ကိုကယ်တင်နိုင်သောနာမတစ်စုံတစ်ခုမျှ ကောင်းကင်အောက်လူတို့တွင်မပေါ်မရှိ။” (တမန်တော် ၄:၁၂) ထိုနည်းတူစွာ တမန်တော်ပေါလုက ဤသို့ဆိုသည်– “ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။” (ရောမ ၆:၂၃) ထာဝရအသက်သို့ပို့ဆောင်သော တစ်ခုတည်းသောလမ်းမှာ ယေရှုအားဖြင့်ဖြစ်ကြောင်း ကိုယ်တော်တိုင်က ဤသို့ဖော်ပြခဲ့သည်– “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။”—ယောဟန် ၁၄:၆။
၄ ထို့ကြောင့် ထာဝရအသက်ရစေရန် ယေရှုထမ်းဆောင်ခဲ့သည့်အခန်းကဏ္ဍကို ကျွန်ုပ်တို့အသိအမှတ်ပြုဖို့ အရေးကြီးသည်။ ထို့ကြောင့် သူ၏အခန်းကဏ္ဍကိုစေ့စေ့သုံးသပ်ကြည့်ကြစို့။ လူသည် ထာဝရအသက်ရနိုင်ကြောင်း အာဒံအပြစ်လုပ်ပြီးနောက် အဘယ်အချိန်တွင် ယေဟောဝါဘုရားသခင်တင်ပြခဲ့သည်ကို သင်သိပါသလော။ အာဒံအပြစ်ပြုပြီးပြီးချင်းဖြစ်၏။ ယေရှုခရစ်အား လူသားတို့၏ကယ်တင်ရှင်အဖြစ် စီမံပေးခဲ့ခြင်းကို မည်သို့ဦးဆုံးတင်ကြိုဟောခဲ့ကြောင်း ယခုသုံးသပ်ကြည့်ကြစို့။
ကတိထားရာမျိုးနွယ်တော်
၅။ ဧဝအားဖြားယောင်းခဲ့သည့်မြွေကို မည်သို့ခွဲခြားဖော်ပြနိုင်သနည်း။
၅ ယေဟောဝါဘုရားသခင်သည် ပုံဆောင်စကားဖြင့် ကတိထားရာကယ်တင်ရှင်ကို သတ်မှတ်ဖော်ပြခဲ့သည်။ တားမြစ်ထားသောအသီးကိုစားခြင်းဖြင့် ဘုရားသခင်အားမနာခံရန် ဧဝကိုသွေးဆောင်ခဲ့သူ “မြွေ” အပေါ်ပြစ်ဒဏ်စီရင်ခဲ့သောအခါ ထိုသို့ကိုယ်တော်ပြုခဲ့သည်။ (ကမ္ဘာဦး ၃:၁-၅) ထိုမြွေသည် ပကတိမြွေမဟုတ်ပါ။ ၎င်းသည် ‘စာတန်အမည်ရှိသော ရှေးမြွေဟောင်း’ အဖြစ်သမ္မာကျမ်းစာတွင် ခွဲခြားဖော်ပြထားသည့် တန်ခိုးကြီးသောနာမ်ဝိညာဉ်သတ္တဝါတစ်ပါးဖြစ်သည်။ (ဗျာဒိတ် ၁၂:၉) စာတန်သည် ဧဝကိုဖြားယောင်းရန် မိမိကိုယ်စားပြောဆိုပေးသူအဖြစ် ဤအဆင့်နိမ့်သတ္တဝါကို အသုံးပြုခဲ့သည်။ ထို့ကြောင့် စာတန်ကိုစီရင်ချက်ချရာ၌ ဘုရားသခင်က “သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူ [မိန်းမ၏အမျိုးအနွယ်] သည်သင်၏ခေါင်းကိုကြိတ်လိမ့်မည်၊ သင်သည်သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။”—ကမ္ဘာဦး ၃:၁၅။
၆၊ ၇။ (က) “မျိုးနွယ်တော်” ကိုဖွားမြင်သည့် မိန်းမကား မည်သူနည်း။ (ခ) ကတိထားရာမျိုးနွယ်တော်ကား မည်သူနည်း၊ သူသည် အဘယ်အရာကို ပြီးမြောက်ခဲ့သနည်း။
၆ စာတန်ရန်ငြိုးထားသော သို့မဟုတ် မုန်းသော “မိန်းမ” ကားမည်သူနည်း။ ဗျာဒိတ်ကျမ်းအခန်းကြီး ၁၂ တွင် “ရှေးမြွေဟောင်း” ကိုခွဲခြားဖော်ပြထားသကဲ့သို့ စာတန်မုန်းသောထိုမိန်းမကိုလည်း ဖော်ပြထားသည်။ အခန်းငယ် ၁ တွင်သူသည် “နေကိုဝတ်လျက်၊ လကိုခြေဖြင့်နင်းလျက်၊ မိမိခေါင်းပေါ်၌ကြယ်ဆယ့်နှစ်လုံးဖြင့်ပြီးသော သရဖူကိုဆောင်း” ထားသည်ဟုဖော်ပြထားကြောင်း သတိပြုပါ။ ထိုမိန်းမသည် သစ္စာရှိကောင်းကင်တမန်များနှင့်ဖွဲ့ထားသည့် ဘုရားသခင့်ကောင်းကင်အဖွဲ့အစည်းကို ပုံဆောင်၍ သူဖွားမြင်ခဲ့သော “သားယောက်ျား” သည်ဘုရင်အဖြစ် ယေရှုခရစ်စိုးစံသော ဘုရားသခင့်နိုင်ငံတော်ကိုပုံဆောင်သည်။—ဗျာဒိတ် ၁၂:၁-၅။
၇ ထို့ကြောင့် ကမ္ဘာဦး ၃:၁၅ တွင်ဖော်ပြထားသည့် စာတန်၏ “ခေါင်း” ကိုကြိတ်ကာ အသေထိုးမည့် မိန်းမ၏ “အမျိုးအနွယ်” ကားမည်သူနည်း။ ထိုသူမှာ အပျိုကညာတစ်ဦးမှ အံ့ဖွယ်နည်းဖြင့်မွေးဖွားရန် ကောင်းကင်မှဘုရားသခင်စေလွှတ်လိုက်သော လူသားယေရှုပင်တည်း။ (မဿဲ ၁:၁၈-၂၃; ယောဟန် ၆:၃၈) ရှင်ပြန်ထမြောက်ခံရသော ကောင်းကင်ဘုရင်ဖြစ်သည့် ဤမျိုးနွယ်တော်ယေရှုခရစ်သည် စာတန်ကိုအောင်မြင်စွာတိုက်ခိုက်ရေးတွင် ဦးဆောင်လိမ့်မည်ဖြစ်ပြီး ဗျာဒိတ် ၁၂:၁၀ တွင်ပြောသည့်အတိုင်း “ငါတို့ဘုရားသခင်၏နိုင်ငံတော်နှင့် သူ၏ခရစ်တော်၏အာဏာစက်” ကိုတည်ထောင်လိမ့်မည်ဟု ဗျာဒိတ်အခန်းကြီး ၁၂ ကဖော်ပြသည်။
၈။ (က) ဘုရားသခင်သည် ကိုယ်တော့်မူလရည်ရွယ်ချက်နှင့်စပ်လျဉ်း၍ အဘယ်အသစ်သောအရာကို စီမံခဲ့သနည်း။ (ခ) မည်သူများသည် ဘုရားသခင့်အစိုးရသစ်၏အဖွဲ့ဝင်ဖြစ်သနည်း။
၈ ထို့ကြောင့် ယေရှုခရစ်လက်တွင်ရှိသော ဤဘုရားသခင့်နိုင်ငံတော်သည် လူသားတို့ မြေကြီးပေါ်တွင် ထာဝစဉ်အသက်ရှင်ကြရန် ကိုယ်တော့်မူလရည်ရွယ်ချက်နှင့်စပ်လျဉ်း၍ ဘုရားသခင်စီမံပေးသည့် အသစ်သောအရာတစ်ခုဖြစ်သည်။ စာတန်ပုန်ကန်ပြီးနောက် ယေဟောဝါသည် ဤဘုရားသခင့်နိုင်ငံတော်အစိုးရသစ်အားဖြင့် ဆိုးသွမ်းမှု၏ဆိုးကျိုးအားလုံးကိုဖယ်ရှားပစ်ရန် ချက်ချင်းစီစဉ်ခဲ့သည်။ ယေရှုမြေကြီးပေါ်ရှိစဉ်က ထိုအုပ်ချုပ်မှုတွင် မိမိတစ်ဦးတည်းဖြစ်မည်မဟုတ်ကြောင်း ဖော်ပြခဲ့သည်။ (လုကာ ၂၂:၁၈-၃၀) လူတို့အထဲက အခြားသူများကိုရွေးကောက်ရမည်ဖြစ်ပြီး ဤသူတို့သည် ကောင်းကင်တွင် ကိုယ်တော်နှင့်အတူတွဲဖက်အုပ်စိုးကြခြင်းဖြင့် မိန်းမအမျိုးအနွယ်၏ အထောက်အကူပြုအဖွဲ့ဝင်ဖြစ်လာကြလိမ့်မည်။ (ဂလာတိ ၃:၁၆၊ ၂၉) မြေကြီးပေါ်ရှိ အပြစ်သားများထဲမှ ရွေးကောက်ခံရသော ယေရှုနှင့်အတူတွဲဖက်အုပ်ချုပ်မည့်သူများ၏ အရေအတွက်သည် ၁၄၄,၀၀၀ ဖြစ်သည်ဟု သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။—ဗျာဒိတ် ၁၄:၁-၃။
၉။ (က) ယေရှုသည် လူသားတစ်ဦးအဖြစ် မြေကြီးပေါ်လာဖို့ အဘယ်ကြောင့်လိုသနည်း။ (ခ) [စာတန်] ၏အမှုတို့ကို ယေရှုမည်သို့ပယ်ဖျက်ခဲ့သနည်း။
၉ သို့သော် ဘုရားသခင့် ထိုနိုင်ငံတော် စတင်မအုပ်ချုပ်နိုင်မီ အမျိုးအနွယ်၏အဓိကအစိတ်အပိုင်းဖြစ်သော ယေရှုခရစ်သည် မြေကြီးပေါ်ရောက်ရှိဖို့အရေးကြီးသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား “[စာတန်]အမှုတို့ကိုပယ်ဖျက်ခြင်းငှာ” ကိုယ်တော်ကိုဘုရားသခင်ခန့်အပ်ထားသောကြောင့်ဖြစ်သည်။ (၁ ယောဟန် ၃:၈) စာတန့်အမှုတို့တွင် အာဒံကိုအပြစ်သို့သွေးဆောင်ခြင်းပါဝင်သည်၊ ယင်းက အာဒံ၏သားစဉ်မြေးဆက်များအပေါ် အပြစ်နှင့်သေခြင်း ဒဏ်စီရင်ချက်ကျရောက်စေခဲ့သည်။ (ရောမ ၅:၁၂) ယေရှုသည် မိမိ၏အသက်ကို ရွေးနုတ်ဖိုးအဖြစ်ပေးဆက်ခြင်းဖြင့် စာတန်၏ဤအမှုကို ပယ်ဖျက်ခဲ့သည်။ ဤနည်းဖြင့် ယေရှုသည် အပြစ်နှင့်သေခြင်း ဒဏ်စီရင်ချက်မှ လူသားတို့ကိုလွတ်မြောက်စေရန်နှင့် ထာဝရအသက်လမ်းကိုဖွင့်ပေးသည့် အခြေအမြစ်တစ်ခုကိုပေးခဲ့သည်။—မဿဲ ၂၀:၂၈; ရောမ ၃:၂၄; ဧဖက် ၁:၇၊ ၈။
ရွေးနုတ်ဖိုးက ပြီးမြောက်စေသောအရာ
၁၀။ ယေရှုနှင့်အာဒံတို့သည် မည်သို့ဆင်တူခဲ့ကြသနည်း။
၁၀ ယေရှု၏အသက်သည် ကောင်းကင်မှ အမျိုးသမီးတစ်ဦး၏သားအိမ်အတွင်းသို့ ရွှေ့ပြောင်းခံရသောကြောင့် အာဒံ၏အပြစ်နှင့်မစွန်းထင်းဘဲ စုံလင်သောလူသားတစ်ဦးအဖြစ် ကိုယ်တော်မွေးဖွားခဲ့သည်။ ကိုယ်တော်၌ မြေကြီးပေါ်ထာဝစဉ်အသက်ရှင်နိုင်သည့် အလားအလာရှိသည်။ အလားတူ အာဒံသည် မြေကြီးပေါ်တွင် ထာဝရအသက်ရနိုင်သည့်မျှော်လင့်ချက်ရှိသည့် စုံလင်သောလူသားတစ်ဦးအဖြစ် ဖန်ဆင်းခံခဲ့ရသည်။ တမန်တော်ပေါလုက ဤသူနှစ်ဦး၏တူညီမှုကိုရည်မှတ်၍ ဤသို့ရေးသားခဲ့သည်– “ရှေးဦးစွာသောလူအာဒံသည် အသက်ရှင်သောသတ္တဝါဖြစ်၏ . . . နောက်ဆုံးဖြစ်သောအာဒံ [ယေရှုခရစ်] မူကား၊ အသက်ရှင်စေတတ်သော ဝိညာဉ်ဖြစ်၏။ ရှေးဦးစွာသောလူသည် မြေကြီးကဖြစ်သောကြောင့် မြေသားဖြစ်၏။ ဒုတိယလူမူကား၊ ကောင်းကင်ဘုံကဖြစ်တော်မူသောသခင်ပေတည်း။”—၁ ကောရိန္သု ၁၅:၄၅၊ ၄၇။
၁၁။ (က) အာဒံနှင့် ယေရှုတို့သည် လူသားထုအပေါ် အဘယ်အကျိုးဆက်သက်ရောက်ခဲ့ကြသနည်း။ (ခ) ယေရှု၏ပူဇော်သကာကို မည်သို့ရှုမြင်သင့်သနည်း။
၁၁ ယေရှုသည် “လူအပေါင်းတို့အဖို့ တန်ဖိုးတူရွေးနုတ်ဖိုးအဖြစ် ကိုယ်ကိုစွန့်တော်မူပြီ” ဟုသမ္မာကျမ်းစာက တင်ပြခြင်းဖြင့် ထိုသူနှစ်ဦး—မြေကြီးပေါ်အသက်ရှင်ခဲ့သူများထဲတွင် နှစ်ဦးတည်းသောစုံလင်သူ—၏ဆင်တူချက်ကို အလေးပေးဖော်ပြခဲ့သည်။ (၁ တိမောသေ ၂:၆၊ ကဘ] ယေရှုသည် မည်သူနှင့်တန်ဖိုးတူသနည်း။ စုံလင်သူဖြစ်နေဆဲရှိ လူသားအာဒံနှင့်ဖြစ်၏။ ပထမလူသားအာဒံ၏အပြစ်သည် လူ့မိသားစုတစ်ခုလုံးကို သေဒဏ်ရရှိစေခဲ့သည်။ “နောက်ဆုံးအာဒံ” ၏ပူဇော်သကာသည် ကျွန်ုပ်တို့ထာဝစဉ်အသက်ရှင်နိုင်ရန် အပြစ်နှင့်သေခြင်းမှလွတ်မြောက်စေသည့် အခြေအမြစ်ကိုပေး၏! ယေရှု၏ပူဇော်သကာသည် မည်မျှအဖိုးထိုက်လှသည်တကား! တမန်တော်ပေတရုက ဤသို့ဖော်ပြခဲ့သည်– “ရွှေငွေအစရှိသော ဖောက်ပြန်ပျက်စီးတတ်သောဥစ္စာနှင့် သင်တို့ကိုရွေးတော်မူသည်မဟုတ်။” ယင်းအစား “အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့်ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏အသွေးတော်မြတ်နှင့် ရွေးတော်မူသည်” ဟုပေတရုရှင်းပြခဲ့သည်။—၁ ပေတရု ၁:၁၈၊ ၁၉။
၁၂။ သေခြင်းကိုတားဆီးဖယ်ရှားခြင်းကို သမ္မာကျမ်းစာက မည်သို့ဖော်ပြထားသနည်း။
၁၂ လူ့မိသားစုခံရသော သေဒဏ်စီရင်ချက်ကို ပယ်ဖျက်မည့်နည်းကို သမ္မာကျမ်းစာက နှစ်လိုဖွယ်ကောင်းစွာ ဤသို့ဖော်ပြထား၏– “တစ်ယောက်သောသူ [အာဒံ] ပြစ်မှားခြင်းအားဖြင့်၊ လူအပေါင်းတို့သည် အပြစ်စီရင်ခြင်းနှင့်တွေ့ကြုံရကြသည်နည်းတူ၊ တစ်ယောက်သောသူ၏ဖြောင့်မတ်ခြင်း [ယေရှု၏ သေခြင်း၌အဆုံးတိုင်ခဲ့သော သမာဓိရှိအသက်တာ] အားဖြင့်၊ လူအပေါင်းတို့သည် အသက်နှင့်ယှဉ်သောဖြောင့်မတ်ရာသို့ ရောက်ခြင်းအခွင့်ကိုရကြ၏။ အကြောင်းမူကား၊ တစ်ယောက်သောသူ [အာဒံ] သည် နားမထောင်သောအားဖြင့်၊ လူများတို့သည် အပြစ်ရောက်သည်နည်းတူ၊ တစ်ယောက်သောသူ [ယေရှု] သည် နားထောင်သောအားဖြင့်၊ လူများတို့သည် ဖြောင့်မတ်ရာသို့ရောက်ရကြ၏။”—ရောမ ၅:၁၈၊ ၁၉။
ဘုန်းရှိသောမျှော်လင့်ချက်
၁၃။ ထာဝစဉ်အသက်ရှင်ခြင်းနှင့်ပတ်သက်၍ လူအများယူမှတ်ထားသည့်အတိုင်း အဘယ်ကြောင့်ယူမှတ်ကြသနည်း။
၁၃ ဘုရားသခင်၏ ဤပြင်ဆင်ပေးချက်သည် ကျွန်ုပ်တို့ကိုအလွန်ပျော်ရွှင်စေသင့်ပါသည်တကား! ကယ်တင်ရှင်တစ်ပါး ပေးအပ်ထားသည့်အတွက် ဝမ်းမသာပေလော။ အမေရိကန်မြို့ကြီးတစ်မြို့မှ သတင်းစာတိုက်တစ်ခုကပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုတွင် “ထာဝစဉ်အသက်ရှင်ရမည့် အလားအလာသည် သင့်အတွက်စွဲမက်စရာဖြစ်သလော” ဟုမေးမြန်းခံရသောအခါ ဖြေဆိုသူများမှ ၆၇.၄ ရာခိုင်နှုန်းမျှကပင် “စွဲမက်စရာမဟုတ်” ဟုဖြေဆိုခဲ့ကြသည်။ ထာဝစဉ်အသက်မရှင်လိုဟု သူတို့အဘယ်ကြောင့်ဖြေဆိုကြသနည်း။ မြေကြီးပေါ်အသက်ရှင်ရခြင်းသည် အခက်အခဲများနှင့်ပြည့်နှက်နေသောကြောင့်ဖြစ်သည်မှာ ထင်ရှားသည်။ လူတစ်ယောက်က ဤသို့ဆိုသည်– “အသက်အနှစ် ၂၀၀ အရွယ်ပုံကိုတွေးလိုက်ရင် ကျွန်မမနှစ်မြို့ဘူး။”
၁၄။ ထာဝစဉ်အသက်ရှင်ခြင်းသည် အဘယ်ကြောင့် လုံးလုံးလျားလျားပျော်မွေ့စရာဖြစ်မည်နည်း။
၁၄ သို့တိုင်၊ သမ္မာကျမ်းစာက အနာရောဂါ၊ အိုမင်းခြင်းနှင့် အခြားကြေကွဲဖွယ်ရာများခံစားရသည့်ကမ္ဘာပေါ်တွင် ထာဝစဉ်အသက်ရှင်ရမည်ဟု ပြောနေခြင်းမဟုတ်ပါ။ အကြောင်းမှာ ဘုရားသခင့်နိုင်ငံတော်ဘုရင်အဖြစ် ယေရှုသည် စာတန်ကြောင့်ဖြစ်ပေါ်လာသော အဆိုပါပြဿနာအားလုံးကို ဖယ်ရှားတော့မည်ဖြစ်သည်။ သမ္မာကျမ်းစာအရ ဘုရားသခင့်နိုင်ငံတော်သည် ဤလောက၏ဖိစီးနှိပ်စက်သောအစိုးရ “ရှိသမျှတို့ကိုချိုးဖဲ့ဖျက်ဆီး” လိမ့်မည်။ (ဒံယေလ ၂:၄၅) ထိုအချိန်တွင် တပည့်နောက်လိုက်များကို ယေရှုသွန်သင်ပေးခဲ့သော ဆုတောင်းချက်နှင့်အညီ ဘုရားသခင့် “အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံ” လာမည်။ (မဿဲ ၆:၉၊ ၁၀) မြေကြီးပေါ်မှဆိုးသွမ်းမှုအားလုံးကို ဖယ်ရှားပြီးနောက် ဘုရားသခင့်ကမ္ဘာသစ်တွင် ယေရှု၏ရွေးနုတ်ဖိုး အကျိုးကျေးဇူးများသည် အပြည့်အဝအကျိုးသက်ရောက်လိမ့်မည်။ အရည်အချင်းပြည့်မီသူအားလုံးတို့သည် အမှန်တကယ်ပင် ပြန်၍ကျန်းမာလာကြပါလိမ့်မည်!
၁၅၊ ၁၆။ ဘုရားသခင့်ကမ္ဘာသစ်တွင် အဘယ်အခြေအနေများရှိမည်နည်း။
၁၅ ဘုရားသခင့်ကမ္ဘာသစ်တွင် နေထိုင်ကြမည့်သူများနှင့် ဤကျမ်းစကားသက်ဆိုင်ပါလိမ့်မည်– “ထိုသူသည် သူငယ်ထက်အသားအရေနုထွား၍ ပျိုသောအသက်နှင့်တစ်ဖန်ပြည့်စုံလိမ့်မည်။” (ယောဘ ၃၃:၂၅) ကျမ်းစာမှအခြားကတိပြုချက်တစ်ခုသည်လည်း ပြည့်စုံလာပါလိမ့်မည်– “မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့်လွတ်ကြလိမ့်မည်။ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။”—ဟေရှာယ ၃၅:၅၊ ၆။
၁၆ မြင်ယောင်ကြည့်လိုက်ပါ– ကျွန်ုပ်တို့အသက်သည် ၈၀၊ ၈၀၀ သို့မဟုတ် ထိုထက်မကပင်ရှိပါစေ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာများသည် ကျန်းမာရေးအလွန်ကောင်းမြဲကောင်းနေလိမ့်မည်။ ကျမ်းစာကတိပြုသည့်အတိုင်း ဖြစ်ပါလိမ့်မည်– “မြို့သားကလည်း၊ ‘ငါနာသည်’ ဟုမဆိုရ။” ထိုအခါ ဤကတိတော်သည်လည်း ပြည့်စုံလာလိမ့်မည်– “ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”—ဟေရှာယ ၃၃:၂၄; ဗျာဒိတ် ၂၁:၃၊ ၄။
၁၇။ ဘုရားသခင့်ကမ္ဘာသစ်တွင် လူတို့၏အဘယ်ပြီးမြောက်အောင်မြင်မှုများကို မျှော်လင့်နိုင်မည်နည်း။
၁၇ ထိုကမ္ဘာသစ်တွင် ကျွန်ုပ်တို့၏အံ့မခန်းဖွယ်ဦးနှောက်ကို အကန့်အသတ်မရှိသင်ယူနိုင်စွမ်းဖြင့် ဖန်ဆင်းရှင်ပုံစံပြုခဲ့စဉ်က ရည်ရွယ်ထားသည့်အတိုင်း အသုံးပြုနိုင်ကြပါလိမ့်မည်။ ကျွန်ုပ်တို့ပြီးမြောက်လုပ်ဆောင်နိုင်မည့် အံ့ဖွယ်ရာများကိုသာ စိတ်ကူးကြည့်ပါလေ! မစုံလင်သည့်လူသားများပင်လျှင် မြေကြီးဒြပ်စင်သိုလှောင်ရုံမှထုတ်နုတ်၍ ဆယ်လူလာဖုန်း၊ မိုက်ခရိုဖုန်း၊ နာရီ၊ ပေဂျာ၊ ကွန်ပျူတာ၊ လေယာဉ်စသည့် ကျွန်ုပ်တို့ပတ်ဝန်းကျင်၌ တွေ့မြင်နေရသောအရာများကို ပြုလုပ်ထားခဲ့ကြပေပြီ။ ယင်းတို့တစ်ခုကိုမျှ စကြဝဠာရပ်ဝေးတစ်နေရာရာမှ ယူဆောင်လာသောပစ္စည်းများနှင့် ပြုလုပ်ထားခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့ရှေ့တွင်အဆုံးမဲ့အသက်ရှိနေရာ လာလတ္တံ့သော မြေကြီးပရဒိသုတွင် ဖန်တီးတီထွင်မှုဆိုင်ရာအောင်မြင်ပြီးမြောက်မှုအလားအလာမှာ အကန့်အသတ်ရှိမည်မဟုတ်ပေ!—ဟေရှာယ ၆၅:၂၁-၂၅။
၁၈။ ဘုရားသခင့်ကမ္ဘာသစ်တွင် ဘဝသည် အဘယ်ကြောင့်ငြီးငွေ့စရာဖြစ်မည် မဟုတ်သနည်း။
၁၈ ဘဝသည် ငြီးငွေ့စရာကောင်းမည်မဟုတ်တော့ပါ။ ကျွန်ုပ်တို့ထမင်းအနပ်ပေါင်း ထောင်နှင့်ချီ၍စားခဲ့ကြမည်ဖြစ်သော်လည်း ယခု၌ပင် နောက်တစ်နပ်စာကိုစောင့်မျှော်တတ်ကြသည်။ စုံလင်သောလူသားများအဖြစ် ကျွန်ုပ်တို့သည် ကမ္ဘာ့ပရဒိသုတွင်ထွက်သည့် အရသာရှိအစာများကို ပိုမိုမြိန်ရေရှက်ရေစားသုံးကြပါလိမ့်မည်။ (ဟေရှာယ ၂၅:၆) ထို့ပြင် ပေါများလှသည့်မြေသတ္တဝါများကို ကြည့်ရှုစောင့်ရှောက်ရခြင်းနှင့် ရင်သပ်ရှုမောဖွယ်နေဝင်ချိန်များ၊ တောင်တန်းများ၊ မြစ်များနှင့် ချိုင့်ဝှမ်းများကိုရှုစားရခြင်းမှ ထာဝရပျော်ရွှင်မှုခံစားကြရမည်။ အမှန်ပင် ဘုရားသခင့်ကမ္ဘာသစ်တွင် ဘဝသည် မည်သည့်အခါမျှ ပျင်းစရာဖြစ်မည်မဟုတ်!—ဆာလံ ၁၄၅:၁၆။
ဘုရားသခင့်တောင်းဆိုချက်များကို ပြည့်မီခြင်း
၁၉။ ဘုရားသခင်၏အသက်ဆုကိုရရှိရန် တောင်းဆိုချက်များရှိမည်ဟုယုံကြည်ရန် အဘယ်ကြောင့်ကျိုးကြောင်းညီညွတ်သနည်း။
၁၉ သင့်အနေနှင့် အဘယ်နည်းဖြင့်မျှ မကြိုးစားဘဲ ပရဒိသုတွင် ဘုရားသခင်၏ထာဝရအသက်ဆုကျေးဇူးကိုရရှိရန် မျှော်လင့်နိုင်မည်လော။ တစ်စုံတစ်ရာကို ဘုရားသခင်တောင်းဆိုမည်ကား ကျိုးကြောင်းမညီညွတ်ပေလော။ အမှန်ပင်ညီညွတ်ပေ၏။ ဘုရားသခင်သည် ထိုဆုကျေးဇူးကို ပစ်ပေးဘိသကဲ့သို့ ပေးလိမ့်မည်မဟုတ်။ ကျွန်ုပ်တို့အား ပေးကမ်းသည်မှန်သော်လည်း ယင်းကိုကျွန်ုပ်တို့လက်လှမ်းယူကြရမည်။ မှန်သည်၊ ကြိုးစားအားထုတ်ရန်လိုသည်။ ကြွယ်ဝသောလူငယ်အရာရှိက ယေရှုအားမေးခဲ့သည့်မေးခွန်းကိုပင် သင်မေးပေမည်– “ထာဝရအသက်ကိုရအံ့သောငှာ အကျွန်ုပ်သည်အဘယ်ကောင်းမှုကိုပြုရပါမည်နည်း။” သို့မဟုတ် တမန်တော်ပေါလုကို ဖိလိပ္ပိထောင်မှူးတစ်ဦးက မေးသည့်ပုံစံမျိုး သင်မေးပေမည်– “အကျွန်ုပ်သည်ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ အဘယ်သို့ပြုရပါမည်နည်း။”—မဿဲ ၁၉:၁၆; တမန်တော် ၁၆:၃၀။
၂၀။ ထာဝရအသက်ရဖို့အတွက် မရှိမဖြစ်လိုအပ်သောအရာတစ်ခုကား အဘယ်နည်း။
၂၀ ယေရှုမသေဆုံးမီညတွင် ကောင်းကင်ခမည်းတော်ထံဆုတောင်းရာ၌ ဤအခြေခံလိုအပ်ချက်တစ်ခုကို ယေရှုဖော်ပြခဲ့သည်– “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။” (ယောဟန် ၁၇:၃) ထာဝရအသက်ရရန်စီစဉ်ပေးတော်မူသော ယေဟောဝါနှင့် ကျွန်ုပ်တို့အတွက်အသေခံတော်မူသော ယေရှုခရစ်နှင့်ဆိုင်သော အသိပညာကိုဆည်းပူးခြင်းသည် ကျိုးကြောင်းညီညွတ်သည့် လိုအပ်ချက်တစ်ခုမဟုတ်ပေလော။ သို့သော် အဆိုပါအသိပညာကိုဆည်းပူးရုံထက်မကလိုအပ်သည်။
၂၁။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းကျင့်သုံးရန်လိုအပ်ချက်ကိုပြည့်မီကြောင်း မည်သို့ဖော်ပြသနည်း။
၂၁ သမ္မာကျမ်းစာက ဤသို့လည်းဆိုသည်– “သားတော်ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။” ထို့ပြင် ဤသို့ထပ်ဆင့်ဆိုထားသည်– “သားတော်ကိုပယ် [“မနာခံ၊” ကဘ] သောသူမူကား အသက်ကိုမတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏အမျက်တော်တည်နေသည်။” (ယောဟန် ၃:၃၆) သင့်ဘဝကိုသင် ပြုပြင်ပြောင်းလဲပြီး ဘုရားသခင့်အလိုတော်နှင့်အညီ နေထိုင်ခြင်းအားဖြင့် သားတော်ကိုယုံကြည်ကြောင်း ဖော်ပြနိုင်သည်။ သင်လိုက်လျှောက်ခဲ့မည့် အဘယ်လမ်းမှားကိုမဆိုစွန့်ပစ်ပြီး ဘုရားသခင်နှစ်သက်ရာကိုပြုလုပ်ရမည်။ တမန်တော်ပေါလုမိန့်မှာသည့်အတိုင်း ပြုလုပ်ရန်လိုသည်– “ထို့ကြောင့်ထာဝရဘုရားထံတော်မှ ချမ်းအေးသောအချိန်ကာလသည် ရောက်လာ၍၊ . . . သင်တို့အပြစ်များကိုပြေစေခြင်းငှာ နောင်တရ၍စိတ်ပြောင်းလဲခြင်းသို့ရောက်ကြလော့။”—တမန်တော် ၃:၁၉၊ ၂၀။
၂၂။ ယေရှု၏ခြေရာကိုလိုက်လျှောက်ခြင်းတွင် အဘယ်လုပ်ဆောင်မှုများပါဝင်သနည်း။
၂၂ ကျွန်ုပ်တို့သည် ယေရှုကိုယုံကြည်ကြောင်း တင်ပြခြင်းအားဖြင့်သာ ထာဝရအသက်ရနိုင်သည်ကို မည်သည့်အခါမျှမမေ့ကြစို့နှင့်။ (ယောဟန် ၆:၄၀; ၁၄:၆) ‘ကိုယ်တော်၏ခြေရာကို ထက်ကြပ်မကွာလိုက်လျှောက်ခြင်း’ အားဖြင့် ယေရှုကိုယုံကြည်ကြောင်းဖော်ပြကြသည်။ (၁ ပေတရု ၂:၂၁) ထိုသို့ပြုခြင်းတွင် အဘယ်အရာပါဝင်သနည်း။ ဘုရားသခင်ထံဆုတောင်းရာတွင် ယေရှုက ဤသို့ဟစ်ကြွေးခဲ့သည်– “အကျွန်ုပ်သည် ကိုယ်တော်၏အလိုကိုဆောင်အံ့သောငှာ သွားပါမည်။” (ဟေဗြဲ ၁၀:၇) ဘုရားသခင့်အလိုတော်ဆောင်ရန်သဘောတူခြင်းနှင့် ယေဟောဝါထံမိမိကိုယ်ကိုဆက်ကပ်အပ်နှံခြင်းဖြင့် ယေရှုကိုတုပဖို့အရေးကြီးသည်။ ထို့နောက် ထိုဆက်ကပ်အပ်နှံမှုကို ရေတွင်နှစ်ခြင်းခံခြင်းဖြင့်ပြသရမည်၊ ယေရှုလည်း ရေတွင်နှစ်ခြင်းခံခဲ့သည်။ (လုကာ ၃:၂၁၊ ၂၂) ထိုသို့ပြုလုပ်ခြင်းသည် လုံးလုံးလျားလျားကျိုးကြောင်းညီညွှတ်ပါသည်။ တမန်တော်ပေါလုက “ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကိုအနိုင်အထက်သွေးဆောင်၏” ဟုဖော်ပြခဲ့သည်။ (၂ ကောရိန္သု ၅:၁၄၊ ၁၅) အဘယ်နည်းဖြင့်နည်း။ ကျွန်ုပ်တို့အကျိုးအတွက် ယေရှုသည် မိမိ၏အသက်ကိုစွန့်ရန် ချစ်ခြင်းမေတ္တာ၏လှုံ့ဆော်မှုကိုခံခဲ့ရသည်။ ယင်းက ကိုယ်တော်အားယုံကြည်ကြောင်းတင်ပြခြင်းအားဖြင့်တုံ့ပြန်ရန် ကျွန်ုပ်တို့သွေးဆောင်ခံသင့်သည်မဟုတ်ပေလော။ မှန်ပါသည်၊ အခြားသူများကိုကူညီရာတွင် မိမိကိုယ်ကိုပေးဆပ်သည့် ကိုယ်တော်၏မေတ္တာပြည့်ဝသောပုံသက်သေကိုတုပရန် ကျွန်ုပ်တို့ကိုမလုပ်မနေရလုပ်စေသင့်၏။ ခရစ်တော်သည် ဘုရားသခင့်အလိုတော်ဆောင်ရန် အသက်ရှင်ခဲ့သည်; ကျွန်ုပ်တို့လည်း ကိုယ်ကျိုးအတွက်အသက်မရှင်တော့ခြင်းအားဖြင့် ထိုနည်းတူပြုရမည်။
၂၃။ (က) အသက်ရသူတို့သည် အဘယ်ထဲသို့ ဝင်ကြရမည်နည်း။ (ခ) ခရစ်ယာန်အသင်းတော်ရှိသူများထံမှ အဘယ်အရာတောင်းဆိုသနည်း။
၂၃ ယင်းနှင့်ကိစ္စမပြီးပါ။ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် လူ ၃,၀၀၀ နှစ်ခြင်းခံခဲ့သောအခါ သူတို့သည် “ဝင်ကြ၏” ဟုသမ္မာကျမ်းစာကဆိုသည်။ အဘယ်ထဲသို့ဝင်ကြသနည်း။ “ထိုသူများသည် တမန်တော်တို့၏ဆုံးမ[စကား]ကိုခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း . . . တို့ကို အမြဲဆောင်ရွက်၍နေကြ၏” ဟုလုကာကရှင်းပြခဲ့သည်။ (တမန်တော် ၂:၄၁၊ ၄၂) မှန်ပါသည်၊ ကျမ်းစာလေ့လာမှုနှင့် ပေါင်းသင်းမှုပြုရန် အတူတကွဆုံတွေ့ကြခြင်းဖြင့် သူတို့သည် ခရစ်ယာန်အသင်းတော်ထဲ ဝင်ခဲ့ကြ၏။ အစောပိုင်းခရစ်ယာန်များသည် ဝိညာဉ်ရေးသွန်သင်မှုရဖို့အတွက် စည်းဝေးများကိုမှန်မှန်တက်ရောက်ခဲ့ကြသည်။ (ဟေဗြဲ ၁၀:၂၅) ယနေ့ယေဟောဝါသက်သေများသည်လည်း ထိုသို့ပြုကြပြီး ယင်းအစည်းအဝေးများကို သူတို့နှင့်အတူတက်ရောက်ဖို့ သင့်အားတိုက်တွန်းလိုကြပါသည်။
၂၄။ “မှန်သောအသက်” ကားအဘယ်နည်း၊ မည်သို့နှင့် မည်သည့်အချိန်တွင် အမှန်ဖြစ်လာမည်နည်း။
၂၄ ယခုအခါ သန်းနှင့်ချီသောလူတို့သည် အသက်ရှင်ခြင်းသို့ပို့ဆောင်သော ကျဉ်းမြောင်းသည့်လမ်းကိုလျှောက်လှမ်းနေကြသည်။ ဤကျဉ်းမြောင်းသည့်လမ်းပေါ်တွင်ရှိနေရန် တကယ့်ကြိုးစားအားထုတ်မှုလို၏! (မဿဲ ၇:၁၃၊ ၁၄) ပေါလုက လှိုက်လှိုက်လှဲလှဲတောင်းဆိုရာတွင် ယင်းကိုဖော်ပြခဲ့သည်– “ယုံကြည်ခြင်းနှင့်ဆိုင်၍ ကောင်းစွာသောတိုက်လှန်ခြင်းကိုပြုလော့။ ထာဝရအသက်ကိုကိုင်ယူလော့။ ထိုအသက်ကိုရမည်အကြောင်း၊ သင်သည် ခေါ်တော်မူခြင်းကိုခံရ၍၊ သက်သေအများတို့ရှေ့၌ ကောင်းမွန်စွာဝန်ခံပြီ။” ဤတိုက်လှန်ခြင်းကိုပြုနေရန် ‘မှန်သောအသက်ကိုကိုင်ယူ’ ထားရန်လိုသည်။ (၁ တိမောသေ ၆:၁၂၊ ၁၉) ထိုမှန်သောအသက်သည် အာဒံ၏အပြစ်ကြောင့်ခံရသော နာကျင်ကိုက်ခဲမှုနှင့်ဆင်းရဲမှုများသည့် လက်ရှိအသက်တာမျိုးမဟုတ်ပါ။ ယင်းအစား ဤအစီအစဉ်စနစ်ကို ဖယ်ရှားပြီးနောက် ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်၏သားတော်ကို ချစ်မြတ်နိုးသူအားလုံးအတွက် ခရစ်တော်၏ရွေးနုတ်ဖိုးပူဇော်သကာ အကျိုးသက်ရောက်စေသည့်အခါ အကောင်အထည်ပေါ်လာမည့် ဘုရားသခင့်ကမ္ဘာသစ်တွင်ရမည့်အသက်တာဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည် “မှန်သောအသက်” ဖြစ်သည့် ဘုရားသခင့်ဘုန်းထွန်းတောက်သောကမ္ဘာသစ်ရှိ ထာဝရအသက်ကိုရွေးချယ်ကြစို့လေ။
သင်မည်သို့ဖြေဆိုမည်နည်း
◻ ကမ္ဘာဦး ၃:၁၅ ပါမြွေ၊ မိန်းမနှင့် မျိုးနွယ်တော်ကား မည်သူများနည်း။
◻ ယေရှုသည် အာဒံနှင့် မည်သို့အလားတူသနည်း၊ ရွေးနုတ်ဖိုးက အဘယ်အရာကိုဖြစ်စေခဲ့သနည်း။
◻ ဘုရားသခင့်ကမ္ဘာသစ်သည် သင့်အတွက်အလွန်ပျော်မွေ့ ဖွယ်ဖြစ်စေမည့် အဘယ်အရာကိုမျှော်လင့်နိုင်သနည်း။
◻ ဘုရားသခင့်ကမ္ဘာသစ်တွင်နေထိုင်ရန် အဘယ်လိုအပ်ချက်များကို ပြည့်မီရမည်နည်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
လူကြီးလူငယ်မရွေးအတွက် ယေရှုသည် အဆုံးမဲ့အသက်ကိုပို့ဆောင်သော တစ်ခုတည်းသောလမ်းဖြစ်
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
ဘုရားသခင်သတ်မှတ်သောအချိန်တွင်လူအိုတို့သည် လူငယ့်အစွမ်းသတ္တိနှင့်ပြန်ဖြစ်လာမည်