ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၁၂/၁ စာ. ၁၀-၁၄
  • ယေဟောဝါ၊ “ခွင့်လွှတ်ရန်အသင့်ရှိ” တော်မူသောဘုရားသခင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ၊ “ခွင့်လွှတ်ရန်အသင့်ရှိ” တော်မူသောဘုရားသခင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါသည် အဘယ်ကြောင့် “ခွင့်လွှတ်ရန်အသင့်ရှိ” တော်မူသနည်း
  • ယေဟောဝါသည် မည်မျှတိုင် အပြည့်အဝခွင့်လွှတ်တော်မူသနည်း
  • “သူတို့ပြုသောဒုစရိုက်များကို မအောက်မေ့ဘဲနေမည်”
  • အကျိုးဆက်များကား အဘယ်နည်း
  • “ခွင့်လွှတ်ရန် အသင့်ရှိ” တော်မူသောဘုရားသခင်
    ယေဟောဝါထံ ချဉ်းကပ်လော့
  • သင့်ကို ယေဟောဝါ ခွင့်လွှတ်တယ်ဆိုတာ စိတ်ချပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ယေဟောဝါ ခွင့်လွှတ်ဖို့ အသင့်ရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ယေဟောဝါရဲ့ ခွင့်လွှတ်မှုကြောင့် သင် ဘာအကျိုးရသလဲ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၁၂/၁ စာ. ၁၀-၁၄

ယေဟောဝါ၊ “ခွင့်လွှတ်ရန်အသင့်ရှိ” တော်မူသောဘုရားသခင်

“အို၊ ယေဟောဝါ၊ ကိုယ်တော်သည်ကောင်းသောသဘော၊ ခွင့်လွှတ်ရန်အသင့်ရှိသောသဘောနှင့်ပြည့်စုံ . . . ပါ၏။” —ဆာလံ ၈၆:၅၊ ကဘ။

၁။ ဘုရင်ဒါဝိဒ်သည် လေးလံသောအဘယ်ဝန်ကို ထမ်းထားရပြီး သူ၏စိတ်သောကအတွက် နှစ်သိမ့်မှုမည်သို့ရရှိခဲ့သနည်း။

ရှးဣသရေလရှင်ဘုရင် ဒါဝိဒ်သည် မကြည်လင်သည့်ကိုယ်ကိုကိုယ်သိသောစိတ်၏ဝန်မှာ အလွန်လေးလံနိုင်ကြောင်း သိရှိခဲ့သည်။ သူက “အကျွန်ုပ်ပြုမိသောဒုစရိုက်တို့သည် အကျွန်ုပ်ခေါင်းကိုလွှမ်းမိုး၍၊ လေးသောဝန်ကဲ့သို့ အကျွန်ုပ်မထမ်းနိုင်အောင် လေးကြပါ၏။ နုန့်နဲ့ခြင်း၊ ကြေကွဲခြင်းရှိ၍၊ စိတ်နှလုံးလှုပ်ရှားသဖြင့် အော်ဟစ်ရပါ၏” ဟုရေးသားခဲ့သည်။ (ဆာလံ ၃၈:၄၊ ၈) သို့သော် ဒါဝိဒ်သည် သူ၏စိတ်သောကအတွက် နှစ်သိမ့်မှုရခဲ့ပါသည်။ ယေဟောဝါသည် အပြစ်ကိုမုန်းတီးသော်လည်း စစ်မှန်သောနောင်တရပြီး မိမိ၏အပြစ်လမ်းစဉ်ကို စွန့်လွှတ်သည့် အပြစ်ပြုသူကိုမူ မုန်းတော်မမူကြောင်း သူသိလေသည်။ (ဆာလံ ၃၂:၅; ၁၀၃:၃) နောင်တရသူများအပေါ် တလိုတလားပြသသော ယေဟောဝါ၏သနားခြင်းကို ယုံကြည်မှုအပြည့်ဖြင့် ဒါဝိဒ်က “အို၊ ယေဟောဝါ၊ ကိုယ်တော်သည်၊ ကောင်းသောသဘော၊ ခွင့်လွှတ်ရန်အသင့်ရှိသောသဘောနှင့်ပြည့်စုံ . . . ပါ၏” ဟုပြောခဲ့သည်။—ဆာလံ ၈၆:၅၊ ကဘ။

၂၊ ၃။ (က) ကျွန်ုပ်တို့အပြစ်ပြုသောအခါ ရလဒ်အဖြစ် အဘယ်ဝန်ကို ထမ်းထားရပြီး ယင်းသည် အဘယ်ကြောင့် အကျိုးရှိသနည်း။ (ခ) အပြစ်ဖြင့် “နစ်မွန်း” ခံနေရပါက အဘယ်အန္တရာယ်ရှိသနည်း။ (ဂ) ယေဟောဝါ၏တလိုတလားခွင့်လွှတ်မှုနှင့်ပတ်သက်၍ သမ္မာကျမ်းစာက အဘယ်အာမခံချက်ပေးထားသနည်း။

၂ ကျွန်ုပ်တို့အပြစ်ပြုသောအခါ ရလဒ်အဖြစ် ကျွန်ုပ်တို့လည်း နာကျင်နေသည့်ကိုယ်ကိုကိုယ်သိသောစိတ်၏ ကြေမွလျက်ရှိသည့်ဝန်ကို ထမ်းထားရပေမည်။ ဤသို့ယူကျုံးမရဖြစ်ခြင်းမှာ သာမန်ဖြစ်ပြီး အကျိုးပင်ရှိသည်။ ယင်းက ကျွန်ုပ်တို့၏အမှားများကို တည့်မတ်စေဖို့ အပြုသဘောပါသောခြေလှမ်းများလှမ်းရန် လှုံ့ဆော်ပေးနိုင်သည်။ သို့တစေ ခရစ်ယာန်အချို့သည် အပြစ်၏ဖိစီးမှုကို ခံရကြ၏။ သူတို့၏ ကိုယ်ကိုကိုယ်အပြစ်တင်သော စိတ်နှလုံးက မိမိတို့သည် နောင်တမည်မျှပင်ရစေကာမူ ဘုရားသခင်သည် သူတို့ကို အပြည့်အဝခွင့်လွှတ်တော်မူလိမ့်မည်မဟုတ်ဟု အမြဲဖော်ပြနေပေမည်။ ညီအစ်မတစ်ဦးက သူမပြုမိခဲ့သောအမှားကို ပြန်စဉ်းစား၍ “ကျွန်မကို ယေဟောဝါ ဘယ်တော့မှချစ်တော့မှာမဟုတ်ဘူးလို့ ထင်မိတာဟာ အတော်ကိုခံရခက်တယ်” ဟုပြောဆိုခဲ့သည်။ သူမသည် နောင်တယူ၍ အသင်းတော်အကြီးအကဲများ၏ အကူအညီဖြစ်စေသောဆုံးမမှုကို ခံယူပြီးသည့်နောက်ပိုင်း၌ပင် ဘုရားသခင်၏ခွင့်လွှတ်မှုနှင့်မထိုက်တန်ဟု ဆက်၍ခံစားနေရသည်။ သူမက ဤသို့ရှင်းပြသည်– “ယေဟောဝါရဲ့ခွင့်လွှတ်မှုကို မတောင်းခံတဲ့နေ့ ရှိကိုမရှိပါဘူး။” အကယ်၍ ကျွန်ုပ်တို့သည် အပြစ်ဖြင့် “နစ်မွန်း” လာမည်ဆိုလျှင် စာတန်သည် ကျွန်ုပ်တို့ကို ယေဟောဝါအားဝတ်ပြုရန် မထိုက်တန်တော့ပါဟူသော ခံစားချက်မျိုးဝင်လာစေပြီး လက်လျှော့လိုက်ဖို့ရန် ကြိုးစားတိုက်တွန်းပေလိမ့်မည်။—၂ ကောရိန္သု ၂:၅-၇၊ ၁၁၊ သမ။

၃ သို့သော် ယင်းသည် ယေဟောဝါ၏ရှုမြင်ပုံ လုံးဝမဟုတ်ပါ! ကျွန်ုပ်တို့သည် နှလုံးထဲမှစစ်မှန်သောနောင်တရကြောင်း အထင်အရှားပြသမည်ဆိုလျှင် ယေဟောဝါသည် အမှန်ပင် တလိုတလား ခွင့်လွှတ်ရန် အသင့်ရှိတော်မူသည်ဟု ကိုယ်တော့်နှုတ်ကပါဌ်တော်က အာမခံထား၏။ (သု. ၂၈:၁၃) ထို့ကြောင့် သင်သည် ဘုရားသခင်၏ခွင့်လွှတ်မှုကို မရနိုင်တော့ပါဟု ယူမှတ်ခဲ့ဖူးမည်ဆိုလျှင် ကိုယ်တော်သည် အဘယ်ကြောင့်နှင့် မည်သို့ခွင့်လွှတ်တော်မူကြောင်းကို သာ၍သဘောပေါက်နားလည်ဖို့ လိုအပ်နေပေမည်။

ယေဟောဝါသည် အဘယ်ကြောင့် “ခွင့်လွှတ်ရန်အသင့်ရှိ” တော်မူသနည်း

၄။ ယေဟောဝါသည် ကျွန်ုပ်တို့၏သဘောသဘာဝနှင့်ပတ်သက်၍ အဘယ်အရာကိုသတိရတော်မူပြီး ယင်းက ကျွန်ုပ်တို့အပေါ် ကိုယ်တော်၏ဆက်ဆံပုံကို မည်သို့အကျိုးသက်ရောက်စေသနည်း။

၄ “အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့်ဝေးသည်အတိုင်း၊ ငါတို့အပြစ်များကို ငါတို့နှင့်ဝေးစေတော်မူ၏။ အဘသည် သားတို့ကိုစုံမက်သည်နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏” ဟုကျွန်ုပ်တို့ဖတ်ရသည်။ ယေဟောဝါသည် သနားစုံမက်ရန် အဘယ်ကြောင့်တလိုတလားရှိတော်မူသနည်း။ နောက်အခန်းငယ်က “အကြောင်းမူကား၊ ငါတို့ကိုယ်ခန္ဓာကိုသိတော်မူ၏။ ငါတို့သည်မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏” ဟုအဖြေပေးသည်။ (ဆာလံ ၁၀၃:၁၂-၁၄) မှန်ပါသည်၊ ကျွန်ုပ်တို့သည် မြေမှုန့်ဖြင့်ဖန်ဆင်းခံရကြောင်း၊ မစုံလင်မှုကြောင့် ချည့်နဲ့မှု သို့မဟုတ် အားနည်းမှုများရှိကြောင်း ယေဟောဝါမေ့လျော့တော်မမူပါ။ “ငါတို့ကိုယ်ခန္ဓာ” ကိုကိုယ်တော်သိတော်မူ၏ ဟူသောအသုံးအနှုန်းက သမ္မာကျမ်းစာ၌ ယေဟောဝါအား အိုးထိန်းသမားနှင့်ပုံခိုင်းထားပြီး ကျွန်ုပ်တို့ကိုမူ ကိုယ်တော်ပြုလုပ်တော်မူသောအိုးများနှင့် နှိုင်းယှဉ်ထားကြောင်း သတိရစေသည်။a (ယေရမိ ၁၈:၂-၆) အိုးထိန်းသမားသည် မိမိ၏မြေအိုးများကို ယင်းတို့၏သဘောသဘာဝနှင့်အညီ အမြဲပင်ဂရုပြု၍ ခိုင်မြဲစွာအပြင် ညင်သာစွာ ကိုင်တွယ်လေသည်။ ထိုအတိုင်းပင် သာ၍ကြီးမြတ်တော်မူသော အိုးထိန်းသမား ယေဟောဝါသည်လည်း ကျွန်ုပ်တို့၏ အပြစ်ပြုလိုသည့်သဘောသကန်၏ချည့်နဲ့မှုနှင့်အညီ လိုက်လျောညီထွေစွာ ကျွန်ုပ်တို့နှင့်ဆက်ဆံတော်မူသည်။—၂ ကောရိန္သု ၄:၇ နှိုင်းယှဉ်။

၅။ ကျွန်ုပ်တို့၏ အားနည်းသော အသွေးအသားအပေါ် အပြစ်၏မိမိရရဆုပ်ကိုင်ထားမှုကို ရောမကျမ်းက မည်သို့ဖော်ပြထားသနည်း။

၅ အပြစ်သည် အလွန်သြဇာညောင်းနိုင်ကြောင်း ယေဟောဝါသိတော်မူ၏။ ကျမ်းစာက အပြစ်ကို လူတစ်ဦးအား သေစေသည့်အထိဖမ်းဆုပ်ထားသော တန်ခိုးကြီးသည့်အစွမ်းအဖြစ် ဖော်ပြထားသည်။ အပြစ်သည် မည်မျှတိုင် မိမိရရဆုပ်ကိုင်ထားနိုင်သနည်း။ ရောမကျမ်းတွင် မှုတ်သွင်းခံတမန်တော်ပေါလုက ယင်းကို ဤသို့ကွင်းကွင်းကွက်ကွက်ဖော်ပြပါသည်– စစ်သားများသည် သူတို့၏တပ်မှူးအောက်တွင် ရှိကြသကဲ့သို့ပင် ကျွန်ုပ်တို့သည် “အပြစ်တရားအောက်၌ရှိနေ” ကြ၏ (ရောမ ၃:၉၊ သမ); ယင်းသည် လူသားထုတစ်ရပ်လုံးကို ဘုရင်အဖြစ် “အစိုးရ” လျက်ရှိ၏ (ရောမ ၅:၂၁); ယင်းသည် ကျွန်ုပ်တို့အထဲ၌ “တည်နေ” သို့မဟုတ် “နေ” လျက်ရှိ၏ (ရောမ ၇:၁၇၊ ၂၀); ယင်း “တရား” သည် ကျွန်ုပ်တို့တွင် ရှင်သန်လျက်ရှိနေရာ ကျွန်ုပ်တို့၏လမ်းစဉ်များကို အမှန်ပင်ထိန်းချုပ်ဖို့ရန် ကြိုးစားနေသည်။ (ရောမ ၇:၂၃၊ ၂၅) ကျွန်ုပ်တို့၏အားနည်းသော အသွေးအသားအပေါ် အပြစ်၏မိမိရရသြဇာညောင်းမှုကို တွန်းလှန်တိုက်ခိုက်ရန် ခက်ခဲလှပါသည်တကား!—ရောမ ၇:၂၁၊ ၂၄။

၆။ ကြေကွဲသောနှလုံးဖြင့် ယေဟောဝါ၏ကရုဏာတော်ကို ရှာဖွေသူများအား ကိုယ်တော်မည်သို့ရှုမြင်တော်မူသနည်း။

၆ သို့ဖြစ်၍ ကျွန်ုပ်တို့၏နှလုံးသည် ကိုယ်တော်ကို နာခံမှုအပြည့်အဝပေးလိုသော်ငြားလည်း မဖြစ်နိုင်ကြောင်း သနားခြင်းအရှင်ဘုရားသခင်သိတော်မူ၏။ (၃ ဓမ္မရာဇဝင် ၈:၄၆) ကျွန်ုပ်တို့သည် ကြေကွဲသောနှလုံးဖြင့် ကိုယ်တော်၏ဖခင်သဖွယ်သနားခြင်းကို ရှာဖွေမည်ဆိုလျှင် ခွင့်လွှတ်ရန်အသင့်ရှိတော်မူမည်ဖြစ်ကြောင်း မေတ္တာပါစွာဖြင့်အာမခံတော်မူသည်။ ဆာလံဆရာဒါဝိဒ်က “ဘုရားသခင်နှစ်သက်တော်မူသောယဇ်မူကား၊ ကျိုးပဲ့သောစိတ်ပေတည်း။ အိုဘုရားသခင်၊ ကိုယ်တော်သည် ကျိုးပဲ့ကြေမွသောနှလုံးကို ငြင်းပယ်တော်မမူတတ်ပါ” ဟုဆိုခဲ့သည်။ (ဆာလံ ၅၁:၁၇) ယေဟောဝါသည် အပြစ်ဝန်ကြောင့် ကျိုးပဲ့ကြေမွနေသောနှလုံးကို မည်သည့်အခါမျှ ငြင်းပယ် သို့မဟုတ် ရှောင်လွှဲတော်မူမည်မဟုတ်ချေ။ ယင်းက ခွင့်လွှတ်ရန် ယေဟောဝါအသင့်ရှိတော်မူခြင်းကို အလွန်တင့်တယ်လှစွာ ဖော်ပြထားခြင်းပါတကား!

၇။ ကျွန်ုပ်တို့သည် ဘုရားသခင်၏သနားခြင်းအပေါ် အဘယ်ကြောင့် ရောင့်မတက်နိုင်သနည်း။

၇ သို့ဖြစ်လျှင် ယင်းက ကျွန်ုပ်တို့သည် အပြစ်ပြုရန်ဆင်ခြေတစ်ခုအဖြစ် အပြစ်ပြုတတ်သောသဘောကို ခုတုံးလုပ်၍ ဘုရားသခင်၏ကရုဏာတော်ကို ရောင့်တက်နိုင်သည်ဟု ဆိုလိုပါသလော။ လုံးဝမဟုတ်ပါ! ယေဟောဝါသည် သနားစိတ်ဖြင့်သာ လမ်းညွှန်ခံရသည်မဟုတ်။ ကိုယ်တော်၏သနားခြင်းမှာ အကန့်အသတ်ရှိ၏။ စိတ်နှလုံးခိုင်မာစွာဖြင့် နောင်တမယူဘဲ ကိုယ်အလိုသို့လိုက်၍ပြစ်မှားသော မတရားပြုသူတို့ကို ကိုယ်တော်လုံးဝခွင့်လွှတ်မည်မဟုတ်ချေ။ (ဟေဗြဲ ၁၀:၂၆-၃၁) အခြားတစ်ဖက်တွင်မူ “ကျိုးပဲ့ကြေမွသော” နှလုံးကို ကိုယ်တော်မြင်တော်မူသောအခါ “ခွင့်လွှတ်ရန်အသင့်” ရှိတော်မူသည်။ (သု. ၁၇:၃) ဘုရားရေးရာအပြည့်အဝခွင့်လွှတ်မှုကိုဖော်ပြရန် သမ္မာကျမ်းစာ၌ အသုံးပြုထားသော ပီပြင်ပေါ်လွင်သည့်စကားအချို့ကို ကျွန်ုပ်တို့သုံးသပ်ကြည့်ကြစို့။

ယေဟောဝါသည် မည်မျှတိုင် အပြည့်အဝခွင့်လွှတ်တော်မူသနည်း

၈။ ယေဟောဝါသည် ကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူသောအခါ အမှန်ပင်ကိုယ်တော်ဘာလုပ်တော်မူသနည်း၊ ယင်းက ကျွန်ုပ်တို့အပေါ် အဘယ်ကောင်းကျိုး သက်ရောက်သင့်သနည်း။

၈ နောင်တရခဲ့သော ဘုရင်ဒါဝိဒ်က “တစ်ဖန် အကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ဝန်ချပါ၏။ ပြုမိသောဒုစရိုက်ကို ဝှက်၍မထားပါ။ ‘ငါလွန်ကျူးသောအရာကို ထာဝရဘုရားအားဖော်ပြတောင်းပန်မည်’ ဟု ပြောဆိုသောအခါ၊ ကိုယ်တော်သည် အကျွန်ုပ်ပြစ်မှားခြင်းအပြစ်ကိုလွှတ်တော်မူ၏” ဟုဆိုခဲ့သည်။ (ဆာလံ ၃၂:၅) “လွှတ်တော်မူ၏” ဟူသောအသုံးအနှုန်းသည် အဓိကအားဖြင့် “ချီပင့်၏၊” “သယ်ဆောင်၊ ယူဆောင်၏” ဟုအဓိပ္ပာယ်ရှိသည့် ဟေဗြဲစကားလုံးမှ ပြန်ဆိုထားခြင်းဖြစ်သည်။ ဤနေရာတွင် ယင်းကိုအသုံးပြုထားခြင်းက ‘ပြစ်မှားခြင်း၊ အပြစ်၊ မှားယွင်းခြင်းကို ယူဆောင်သွားသည်’ ဟုအဓိပ္ပာယ်သက်ရောက်သည်။ သို့ဖြင့် ယေဟောဝါသည် ဒါဝိဒ်၏အပြစ်များကို ချီပင့်၍ ယင်းတို့ကို အဝေးသို့ယူဆောင်သွားဘိသကဲ့သို့ဖြစ်သည်။ (ဝတ်ပြုရာ ၁၆:၂၀-၂၂ နှိုင်းယှဉ်။) ယင်းက အပြစ်ရှိသည်ဟူသော ဒါဝိဒ်၏ခံစားချက်များကို အမှန်သက်သာစေပါလိမ့်မည်။ (ဆာလံ ၃၂:၃ နှိုင်းယှဉ်။) ကျွန်ုပ်တို့လည်း ယေရှုခရစ်၏ ရွေးနုတ်ဖိုးပူဇော်သကာကို ယုံကြည်ကြသောကြောင့် ကိုယ်တော်၏ခွင့်လွှတ်မှုကိုခံရဖို့ တောင်းခံသူတို့၏အပြစ်များကို ခွင့်လွှတ်တော်မူသောဘုရားသခင်အား အပြည့်အဝယုံကြည်စိတ်ချနိုင်ကြပါသည်။ (မဿဲ ၂၀:၂၈; ဟေရှာယ ၅၃:၁၂ နှိုင်းယှဉ်။) သို့ဖြင့် အပြစ်များကို ယေဟောဝါချီပင့်၍ အဝေးသို့ယူဆောင်သွားခြင်းခံရသူတို့သည် အတိတ်ကအပြစ်များအတွက် အပြစ်ဝန်ကို ဆက်သယ်ပိုးထားရန် မလိုတော့ချေ။

၉။ “အကျွန်ုပ်တို့၏ ကြွေးမြီများကို လွှတ်တော်မူပါ” ဟူသောယေရှု၏စကားက ဘာကိုဆိုလိုသနည်း။

၉ ယေရှုသည် ယေဟောဝါ၏ခွင့်လွှတ်ပုံကို ရှင်းရှင်းလင်းလင်းဖော်ပြရန် ကြွေးရှင်များနှင့် ကြွေးတင်သူများ၏ ဆက်စပ်ပုံကိုအသုံးပြုတော်မူခဲ့သည်။ ဥပမာ၊ ယေရှုက “အကျွန်ုပ်တို့၏ အပြစ်များ [“ကြွေးမြီများ၊” ကဘ] ကို လွှတ်တော်မူပါ” ဟုဆုတောင်းရန်တိုက်တွန်းခဲ့သည်။ (မဿဲ ၆:၁၂) သို့နှင့် ယေရှုသည် “အပြစ်များ” ကို “အကြွေးများ” နှင့်ပုံခိုင်းထားသည်။ (လုကာ ၁၁:၄) အပြစ်ပြုသောအခါ ကျွန်ုပ်တို့သည် ယေဟောဝါအပေါ် “ကြွေးတင်သူများ” ဖြစ်လာကြသည်။ ဂရိကြိယာမှပြန်ဆိုထားသော “ခွင့်လွှတ်သည်” ဟူသောစကားလုံးမှာ “အကြွေးကို မတောင်းဆိုခြင်းအားဖြင့် ယင်းကိုလျှော်ပစ်သည်၊ အဆုံးခံလိုက်သည်” ဟုအဓိပ္ပာယ်သက်ရောက်နိုင်၏။ တစ်နည်းတစ်ဖုံအားဖြင့် ယေဟောဝါခွင့်လွှတ်တော်မူသောအခါ ကိုယ်တော်သည် အကြွေးကိုချေဖျက်သည်၊ ကျွန်ုပ်တို့၏ကြွေးစာရင်းကို ပယ်ဖျက်ပေးမည်ဖြစ်သည်။ သို့ဖြစ်၍ နောင်တယူသော အပြစ်ပြုသူတို့သည် နှစ်သိမ့်မှုရရှိနိုင်ပေသည်။ ယေဟောဝါသည် မိမိချေဖျက်တော်မူသောအကြွေးကို မည်သည့်အခါမျှ တောင်းဆိုလိမ့်မည်မဟုတ်!—ဆာလံ ၃၂:၁၊ ၂; မဿဲ ၁၈:၂၃-၃၅ နှိုင်းယှဉ်။

၁၀၊ ၁၁။ (က) တမန်တော် ၃:၂၀ ၌တွေ့ရှိရသော “ပပျောက်စေရန်” ဟူသည့်စကားစုက အဘယ်ဥပစာစကားကို ဖော်ပြသနည်း။ (ခ) ယေဟောဝါ၏အပြည့်အဝခွင့်လွှတ်တော်မူခြင်းကို မည်သို့သရုပ်ဖော်ထားသနည်း။

၁၀ ဘုရားသခင်၏ခွင့်လွှတ်မှုကိုဖော်ပြရန် တမန်တော် ၃:၂၀ (သမ) ၌ “သင်တို့အပြစ်ဒုစရိုက်များပပျောက်စေရန် နောင်တရ၍ပြောင်းလဲကြလော့” ဟုနောက်ထပ်ရှင်းလင်းပြတ်သားသောပုံဆောင်အသုံးအနှုန်းကို သမ္မာကျမ်းစာကအသုံးပြုထား၏။ ဂရိကြိယာမှပြန်ဆိုထားသော “ပပျောက်စေရန်” ဟူသောစကားစုကို ဥပစာစကားဖြင့်အသုံးပြုသောအခါ “ဖယ်ရှားပစ်ခြင်း၊ သင်ပုန်းချေခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် အစဖျောက်လိုက်ခြင်း” ဟုအဓိပ္ပာယ်သက်ရောက်နိုင်သည်။ ကျမ်းပညာရှင်အချို့က ထိုဥပစာစကားသည် လက်ဖြင့်ရေးသားချက်ကို ဖျက်ခြင်းဖြစ်သည်ဟု ဖော်ပြကြသည်။ ယင်းသည် မည်သို့ဖြစ်နိုင်မည်နည်း။ ရှေးအချိန်က ယေဘုယျအားဖြင့်အသုံးပြုကြသောမင်ကို ကာဗွန်၊ သစ်စေးနှင့် ရေတို့ဖြင့်ဖော်စပ်ထားကြသည်။ ထိုမင်ဖြင့်ရေးသားပြီး မကြာမီပင် လူတစ်ဦးသည် စိုစွတ်နေသောရေမြှုပ်ကိုယူ၍ ရေးထားရာကို ဖျက်ပစ်နိုင်သည်။

၁၁ ယေဟောဝါ၏အပြည့်အဝခွင့်လွှတ်တော်မူခြင်းကို ထိုတွင် လှပတင့်တယ်စွာသရုပ်ဖော်ပြထားသည်ကို တွေ့ရှိရသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွှတ်တော်မူသောအခါ ရေမြှုပ်ကိုယူ၍ ယင်းတို့ကို ဖျက်ပစ်ဘိသကဲ့သို့ဖြစ်သည်။ သမ္မာကျမ်းစာက ယေဟောဝါ၏သနားခြင်းနှင့်ပတ်သက်၍ အမှန်ပင်ထူးခြားလှသော နောက်ထပ်အရာတစ်ခုကိုဖော်ပြထားရာ အနာဂတ်တွင် ယင်းအပြစ်များကိုတေးပြီး ကျွန်ုပ်တို့ကို အထင်သေးနေလိမ့်မည်ဟု စိုးရိမ်စရာမလိုပါ– ကိုယ်တော်ခွင့်လွှတ်တော်မူသောအခါ ကိုယ်တော်မေ့ပစ်လိုက်လေသတည်း!

“သူတို့ပြုသောဒုစရိုက်များကို မအောက်မေ့ဘဲနေမည်”

၁၂။ သမ္မာကျမ်းစာက ယေဟောဝါသည် ကျွန်ုပ်တို့၏အပြစ်များကို မအောက်မေ့ဘဲနေမည်ဟုဆိုရာ၌ ကိုယ်တော်သည် ယင်းတို့ကို မမှတ်မိနိုင်တော့ဟုဆိုလိုပါသလော၊ အဘယ်ကြောင့် ယင်းသို့ သင်ဖြေဆိုသနည်း။

၁၂ ပရောဖက်ယေရမိမှတစ်ဆင့် ယေဟောဝါသည် ပဋိညာဉ်သစ်တွင်ပါဝင်သူများအား “ငါသည် သူတို့အပြစ်များကိုသည်းခံမည်။ သူတို့ပြုသောဒုစရိုက်များကိုမအောက်မေ့ဘဲနေမည်” ဟု ကတိပြုတော်မူသည်။ (ယေရမိ ၃၁:၃၄) ယင်းက ယေဟောဝါခွင့်လွှတ်တော်မူသောအခါ ကိုယ်တော်သည်အပြစ်များကို ဘယ်တော့မျှမမှတ်မိနိုင်တော့ချေဟု ဆိုလိုပါသလော။ ဝေးလေစွ။ သမ္မာကျမ်းစာက ဒါဝိဒ်အပါအဝင် ယေဟောဝါ၏ခွင့်လွှတ်မှုရရှိသူများစွာ၏အပြစ်များကို ဖော်ပြထားသည်။ (၂ ဓမ္မရာဇဝင် ၁၁:၁-၁၇; ၁၂:၁-၁၃) ထင်ရှားသည်မှာ ယေဟောဝါသည် သူတို့ကျူးလွန်ခဲ့သောအမှားများကို သိထားတော်မူဆဲဖြစ်ပြီး ကျွန်ုပ်တို့လည်း ထိုအတူပင်ဖြစ်သင့်သည်။ သူတို့၏အပြစ်များအပြင် နောင်တယူခြင်းနှင့် ဘုရားသခင်၏ခွင့်လွှတ်မှုကို မှတ်တမ်းတင်ထားခြင်းက ကျွန်ုပ်တို့အကျိုးအတွက်ဖြစ်သည်။ (ရောမ ၁၅:၄) သို့ဆိုလျှင် သမ္မာကျမ်းစာက ယေဟောဝါသည် မိမိခွင့်လွှတ်တော်မူသော သူများ၏အပြစ်များကို “အောက်မေ့” တော်မမူဟုဆိုရာ၌ အဘယ်အရာကိုဆိုလိုသနည်း။

၁၃။ (က) “အောက်မေ့” ဟုပြန်ဆိုထားသော ဟေဗြဲကြိယာ၏အဓိပ္ပာယ်တွင် အဘယ်အရာပါဝင်သနည်း။ (ခ) “သူတို့ပြုသောဒုစရိုက်များကိုမအောက်မေ့ဘဲနေမည်” ဟုယေဟောဝါမိန့်တော်မူရာ၌ ကျွန်ုပ်တို့အား အဘယ်အရာကိုယုံကြည်စိတ်ချစေသနည်း။

၁၃ “အောက်မေ့” ဟုပြန်ဆိုထားသောဟေဗြဲကြိယာမှာ အတိတ်ကိုအမှတ်ရခြင်းထက် သာ၍အကျုံးဝင်သည်။ ဓမ္မဟောင်းကျမ်း၏ဓမ္မပညာဆိုင်ရာဝေါဟာရအရ ယင်း၌ “လျော်ကန်သောအရေးယူဆောင်ရွက်ခြင်းဟူသော ထပ်ဆင့်သဘောသက်ရောက်မှု” ပါဝင်၏။ ထို့ကြောင့် ဤသဘောမျိုးဖြင့် အပြစ်ကို “အောက်မေ့” ခြင်း၌ အပြစ်ပြုသူကို အရေးယူဆောင်ရွက်ခြင်းပါဝင်လေသည်။ ပရောဖက်ဟောရှေက ထင်ရာစိုင်းသောဣသရေလများနှင့်ပတ်သက်ပြီး “[ယေဟောဝါသည်] သူတို့အပြစ်ကိုအောက်မေ့၍” ဟုပြောရာ၌ သူတို့သည် နောင်တမယူသည့်အတွက် ယေဟောဝါအရေးယူလိမ့်မည်ဖြစ်ကြောင်း ဆိုလိုနေခြင်းဖြစ်သည်။ သို့ဖြင့် အခန်းငယ်၏ကျန်အပိုင်းက “ဒုစရိုက်များကိုစစ်ကြောတော်မူမည်” ဟုထပ်ဆင့်၍ဆိုထားသည်။ (ဟောရှေ ၉:၉) အခြားတစ်ဖက်တွင်မူ ယေဟောဝါက “သူတို့ပြုသောဒုစရိုက်များကို မအောက်မေ့ဘဲနေမည်” ဟုမိန့်တော်မူရာ၌ နောင်တယူသဖြင့် ခွင့်လွှတ်ခံရပြီဆိုလျှင် နောင်တစ်ချိန်ချိန်တွင် ထိုအပြစ်များကို ကိုယ်တော်အရေးယူတော်မူမည်မဟုတ်ကြောင်း ကျွန်ုပ်တို့အား ယုံကြည်စိတ်ချစေ၏။ (ယေဇကျေလ ၁၈:၂၁၊ ၂၂) သို့ဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့ကို ထပ်ခါထပ်ခါစွပ်စွဲရန် သို့မဟုတ် အပြစ်ပေးရန် ကျွန်ုပ်တို့၏အပြစ်များကို ထပ်တလဲလဲမဖော်ထုတ်သည့်သဘောနှင့် မေ့လျော့တော်မူသည်။ ထိုသို့အားဖြင့် ယေဟောဝါသည် အခြားသူများနှင့်ဆက်ဆံရာတွင် ကျွန်ုပ်တို့အတုယူဖို့ရန် အလွန်ကောင်းသောပုံသက်သေကို ချမှတ်တော်မူသည်။ သဘောကွဲလွဲမှုများပေါ်ပေါက်လာသောအခါ ယခင်က သင်ခွင့်လွှတ်ခဲ့သည့် အတိတ်ကပြစ်မှားမှုများကို ပြန်မဖော်ခြင်းသည် အကောင်းဆုံးဖြစ်၏။

အကျိုးဆက်များကား အဘယ်နည်း

၁၄။ ခွင့်လွှတ်ခြင်းက နောင်တရသူတစ်ဦးသည် မိမိမှားယွင်းသောလမ်းစဉ်၏ အကျိုးဆက်အားလုံးကိုမခံရတော့ဟု အဘယ်ကြောင့်မဆိုလိုသနည်း။

၁၄ ယေဟောဝါသည် ခွင့်လွှတ်ရန်အသင့်ရှိခြင်းက နောင်တရသူတစ်ဦး မိမိမှားယွင်းသောလမ်းစဉ်၏ အကျိုးဆက်အားလုံးကိုမခံရတော့ ဟုဆိုလိုပါသလော။ လုံးဝမဆိုလိုပါ။ ကျွန်ုပ်တို့သည် အပြစ်ဒဏ်ကိုမခံရဘဲမနေပါ။ ပေါလုက “လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်” ဟုရေးသားခဲ့သည်။ (ဂလာတိ ၆:၇) ကျွန်ုပ်တို့၏လုပ်ရပ် သို့မဟုတ် ပြဿနာများ၏အကျိုးဆက်အချို့ကို ကြုံတွေ့ရမည်ဖြစ်သော်လည်း ခွင့်လွှတ်ပြီးနောက် ယေဟောဝါသည် ကျွန်ုပ်တို့ကို ဆင်းရဲမှုရောက်စေတော်မူသည်မဟုတ်ချေ။ အခက်အခဲများဖြစ်လာသောအခါ ခရစ်ယာန်တစ်ဦးအနေဖြင့် ‘အတိတ်ကအပြစ်များအတွက် ယေဟောဝါ အပြစ်ပေးခြင်းဖြစ်ပေမည်’ ဟုမယူမှတ်သင့်ချေ။ (ယာကုပ် ၁:၁၃ နှိုင်းယှဉ်။) အခြားတစ်ဖက်တွင် ယေဟောဝါသည် မှားယွင်းသောလုပ်ရပ်များ၏အကျိုးဆက်အားလုံးမှ ကျွန်ုပ်တို့ကို ကင်းလွတ်ခွင့်ပေးမည်မဟုတ်ပေ။ ကွာရှင်းခြင်း၊ မလိုလားဖွယ်ကိုယ်ဝန်ရခြင်း၊ လိင်ဆက်ဆံခြင်းဖြင့် ကူးစက်တတ်သောရောဂါရခြင်း၊ ယုံကြည်စိတ်ချမှုနှင့် လေးစားမှုဆုံးရှုံးခံရခြင်း—ဤအရာအားလုံးတို့သည် အပြစ်၏ဝမ်းနည်းဖွယ်ရာအကျိုးဆက်များဖြစ်နိုင်ပြီး ယေဟောဝါသည် ယင်းတို့မှ ကျွန်ုပ်တို့ကို ကာကွယ်ပေးလိမ့်မည်မဟုတ်ချေ။ ဗေသရှေဘ၊ ဥရိယတို့နှင့်စပ်လျဉ်း၍ ဒါဝိဒ်၏အပြစ်များကို ယေဟောဝါခွင့်လွှတ်တော်မူသော်လည်း လိုက်ပါလာသည့်ဘေး၏အကျိုးဆက်များမှ ဒါဝိဒ်ကို ကိုယ်တော်ကာကွယ်ပေးတော်မမူခဲ့ကြောင်း သတိရပါ။—၂ ဓမ္မရာဇဝင် ၁၂:၉-၁၄။

၁၅၊ ၁၆။ ဝတ်ပြုရာ ၆:၁-၇ တွင်မှတ်တမ်းတင်ထားသောဥပဒေက ဥစ္စာရှင်နှင့် ပြစ်မှားသူ နှစ်ဦးစလုံးကို မည်သို့အကျိုးပြုသနည်း။

၁၅ ကျွန်ုပ်တို့အပြစ်ပြုရာတွင် အခြားအကျိုးဆက်များလည်း ရှိနိုင်ပေသည်။ ဥပမာ၊ ဝတ်ပြုရာ အခန်းကြီး ၆ ကိုသုံးသပ်ကြည့်ပါ။ ဤနေရာတွင် မောရှေပညတ်က လူတစ်ဦးသည် ဣသရေလချင်း၏ပစ္စည်းများကို အနိုင်အထက်ယူခြင်း၊ အတင်းအဓမ္မတောင်းယူခြင်း သို့မဟုတ် လှည့်စားခြင်းဖြင့်သိမ်းယူသည့် ကြီးလေးသောပြစ်မှု ကျူးလွန်ခြင်းအခြေအနေကို ဖော်ပြထားသည်။ ထိုအခါ အပြစ်ပြုသူသည် မိမိ၌အပြစ်မရှိကြောင်း ရဲဝံ့စွာပင် မဟုတ်မမှန်ကျိန်ဆို၍ ငြင်းပေမည်။ ဤတွင် တစ်ယောက်နှင့်တစ်ယောက် ဆန့်ကျင်ပြောဆိုနေကြသည်။ သို့သော် နောက်ပိုင်းတွင် ကျူးလွန်သူသည် ကိုယ်ကိုကိုယ်သိသောစိတ်၏ဖိစီးမှုကိုခံရပြီး သူ၏အပြစ်ကိုဝန်ခံလေ၏။ ဘုရားသခင်၏ခွင့်လွှတ်ခြင်းရရှိဖို့ သူထပ်မံပြုလုပ်စရာ သုံးခုရှိသည်– မိမိယူခဲ့သည့်ဥစ္စာကို လျော်ပေးရမည်၊ ဥစ္စာရှင်အား ဒဏ်ငွေအနေဖြင့် ၂၀ ရာခိုင်နှုန်းပေးဆပ်ရပြီး ဒုစရိုက်ဖြေရာယဇ်အဖြစ် သိုးထီးတစ်ကောင်ကို ပူဇော်ရသည်။ ထိုနောက် ပညတ်က “ယဇ်ပုရောဟိတ်သည် ထိုသူအဖို့ ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူပြစ်မှားသမျှသောအပြစ် လွတ်လိမ့်မည်” ဟုဆိုထား၏။—ဝတ်ပြုရာ ၆:၁-၇; မဿဲ ၅:၂၃၊ ၂၄ နှိုင်းယှဉ်။

၁၆ ဤပညတ်သည် ဘုရားသခင်ထံတော်မှ သနားခြင်းပြည့်ဝသော အစီအစဉ်တစ်ရပ်ဖြစ်သည်။ ယင်းက ဥစ္စာရှင်အား သူပိုင်ဆိုင်ရာကိုပြန်ရစေသည့်အပြင် ကျူးလွန်သူသည် နောက်ဆုံးတွင် မိမိအပြစ်ကို အသိအမှတ်ပြုသောအခါ ဧကန်မုချ စိတ်သက်သာရာရလေ၏။ တစ်ကြိမ်တည်း၌ ဥပဒေက ကိုယ်ကိုကိုယ်သိသောစိတ်၏လှုံ့ဆော်မှုကိုခံရ၍ မိမိအပြစ်ကို နောက်ဆုံးတွင်ဝန်ခံပြီး မိမိအမှားကိုပြုပြင်သောသူကို အကျိုးပြုသည်။ အကယ်၍ သူသည် ထိုသို့ပြုရန်ငြင်းဆိုလျှင် ဘုရားသခင်၏ခွင့်လွှတ်ခြင်းကို ခံရမည်မဟုတ်ချေ။

၁၇။ ကျွန်ုပ်တို့၏အပြစ်ကြောင့် အခြားသူများထိခိုက်ခံခဲ့ရသောအခါ ဘာလုပ်ရန် ယေဟောဝါမျှော်လင့်တော်မူသနည်း။

၁၇ ကျွန်ုပ်တို့သည် မောရှေ၏ပညတ်အောက်တွင် မရှိကြသော်ငြားလည်း ယင်းက ခွင့်လွှတ်ခြင်းအပေါ် ယေဟောဝါ၏အမြင်အပါအဝင် ကိုယ်တော်၏စိတ်သဘောတော်ကို ကျွန်ုပ်တို့အား ထိုးထွင်းသိမြင်စေသည်။ (ကောလောသဲ ၂:၁၃၊ ၁၄) ကျွန်ုပ်တို့၏အပြစ်များကြောင့် အခြားသူတို့သည်ထိခိုက် သို့မဟုတ် ကလိမ်ကျခြင်းခံရသောအခါ ‘အမှားကို ပြုပြင်’ ဖို့ ကျွန်ုပ်တို့တတ်နိုင်သ၍ လုပ်ဆောင်ပါက ယေဟောဝါကျေနပ်တော်မူ၏။ (၂ ကောရိန္သု ၇:၁၁) ဤတွင် ကျွန်ုပ်တို့၏အပြစ်ကိုအသိအမှတ်ပြုခြင်း၊ အပြစ်ကိုဝန်ခံခြင်းနှင့် ထိခိုက်နစ်နာခဲ့သူအား တောင်းပန်ရန်ပင် ပါဝင်ပေသည်။ ထို့နောက်တွင် ကျွန်ုပ်တို့သည် ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာကို အခြေခံ၍ ယေဟောဝါထံအသနားခံနိုင်ကြပြီး ကြည်လင်သည့်ကိုယ်ကိုကိုယ်သိသောစိတ်နှင့် ဘုရားသခင်၏ခွင့်လွှတ်ခြင်းခံရသည်ဟူသော ယုံကြည်စိတ်ချမှုမှ စိတ်သက်သာရာရနိုင်ပါသည်။—ဟေဗြဲ ၁၀:၂၁၊ ၂၂။

၁၈။ ယေဟောဝါ၏ခွင့်လွှတ်တော်မူခြင်းတွင် အဘယ်ဆုံးမပဲ့ပြင်ခြင်း ဒွန်တွဲလိုက်ပါလာမည်နည်း။

၁၈ မေတ္တာပြည့်ဝသော မည်သည့်မိဘမဆိုကဲ့သို့ ယေဟောဝါသည် ခွင့်လွှတ်ခြင်းနှင့်အတူ အထိုက်အလျောက်ဆုံးမပေးတော်မူမည်။ (သု. ၃:၁၁၊ ၁၂) နောင်တယူသူခရစ်ယာန်တစ်ဦးသည် သူ၏အကြီးအကဲ၊ ဓမ္မအမှုထမ်း သို့မဟုတ် ရှေ့ဆောင်တစ်ဦးအဖြစ် အမှုထမ်းခွင့်ကို စွန့်လွှတ်ရပေမည်။ သူတန်ဖိုးထားသောအခွင့်အရေးများကို အချိန်အတန်ကြာဆုံးရှုံးသွားရခြင်းသည် သူ့အတွက် စိတ်ထိခိုက်စရာဖြစ်ပေမည်။ သို့သော် ထိုသို့ဆုံးမပဲ့ပြင်ခံရခြင်းက သူသည် ယေဟောဝါ၏မျက်နှာသာတော်ဆုံးရှုံးပြီ သို့မဟုတ် ယေဟောဝါသည် သူ့ကိုခွင့်မလွှတ်ပါဟု ဆိုလိုနေခြင်းမဟုတ်ချေ။ ထို့အပြင် ကျွန်ုပ်တို့သတိရသင့်သည်ကား ယေဟောဝါ၏ဆုံးမပဲ့ပြင်မှုကိုခံရခြင်းသည် ကျွန်ုပ်တို့ကို ကိုယ်တော်ချစ်တော်မူခြင်း၏သက်သေဖြစ်၏။ ယင်းကို လက်ခံနာယူခြင်းသည် ကျွန်ုပ်တို့အတွက် အကျိုးအရှိဆုံးဖြစ်ပြီး ထာဝရအသက်ကိုရရှိစေနိုင်သည်။—ဟေဗြဲ ၁၂:၅-၁၁။

၁၉၊ ၂၀။ (က) သင်သည် မှားယွင်းမှုများကျူးလွန်မိလျှင် ယေဟောဝါ၏သနားခြင်းနှင့် အလှမ်းဝေးနေသည်ဟု အဘယ်ကြောင့် မယူမှတ်သင့်သနည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်အကြောင်းဆွေးနွေးမည်နည်း။

၁၉ “ခွင့်လွှတ်ရန်အသင့်ရှိ” တော်မူသောဘုရားသခင်ကို ကျွန်ုပ်တို့ကိုးကွယ်နေကြသည်ဟု သိထားခြင်းက မည်မျှလန်းဆန်းနှစ်သက်ဖွယ်ရာပါတကား! ယေဟောဝါသည် ကျွန်ုပ်တို့၏အပြစ်များနှင့် အမှားများထက် ကျော်လွန်၍သိမြင်တော်မူ၏။ (ဆာလံ ၁၃၀:၃၊ ၄) ကျွန်ုပ်တို့၏နှလုံးတွင်ရှိသောအရာကို သိတော်မူသည်။ အတိတ်ကမှားယွင်းမှုများကြောင့် သင်၏နှလုံးသည်ကျိုးပဲ့ကြေမွလျက်ရှိသည်ဟု ခံစားနေရလျှင် ယေဟောဝါ၏သနားခြင်းနှင့် အလှမ်းဝေးနေသည်ဟု ကောက်ချက်မချလိုက်ပါနှင့်။ သင်သည် မည်သည့်အမှားမျိုးကိုမဆို ကျူးလွန်စေခဲ့ပါမူ အမှန်တကယ် နောင်တယူခဲ့ကာ တည့်မတ်ဖို့လုပ်ဆောင်ခဲ့ပြီး ယေရှုသွန်းတော်မူခဲ့သောအသွေးကို အခြေခံ၍ ယေဟောဝါ၏ခွင့်လွှတ်မှုကိုရရှိရန် ထက်သန်စွာဆုတောင်းခဲ့လျှင် ၁ ယောဟန် ၁:၉ မှစကားများသည် သင်နှင့်သက်ဆိုင်ကြောင်း အပြည့်အဝယုံကြည်စိတ်ချနိုင်ပါသည်– “ကိုယ်အပြစ်တို့ကိုဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့်ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။”

၂၀ သမ္မာကျမ်းစာက အချင်းချင်းဆက်ဆံရာတွင် ယေဟောဝါ၏ခွင့်လွှတ်ခြင်းကိုတုပရန် ကျွန်ုပ်တို့ကို တိုက်တွန်းထားသည်။ သို့သော် အခြားသူများက ကျွန်ုပ်တို့ကိုပြစ်မှားသောအခါ ကျွန်ုပ်တို့သည် အဘယ်အတိုင်းအတာအထိ ခွင့်လွှတ်၍မေ့ပျောက်ဖို့ရန် တောင်းဆိုခံရသနည်း။ ယင်းကို နောက်ဆောင်းပါးတွင် ဆွေးနွေးပါမည်။

[အောက်ခြေမှတ်ချက်များ]

a စိတ်ဝင်စားစရာကား “ငါတို့ကိုယ်ခန္ဓာ” ဟုပြန်ဆိုထားသော ဟေဗြဲစကားလုံးကို အိုးထိန်းသမားတစ်ဦးပြုလုပ်သည့် မြေအိုးများအတွက် အသုံးပြုထားသည်။—ဟေရှာယ ၂၉:၁၆။

သင်မည်သို့ဖြေမည်နည်း။

◻ ယေဟောဝါသည် အဘယ်ကြောင့် “ခွင့်လွှတ်ရန် အသင့်ရှိ” တော်မူသနည်း။

◻ ယေဟောဝါ၏အပြည့်အဝခွင့်လွှတ်တော်မူခြင်းကို သမ္မာကျမ်းစာက မည်သို့ဖော်ပြထားသနည်း။

◻ ယေဟောဝါခွင့်လွှတ်တော်မူသောအခါ အဘယ်သဘောမျိုးဖြင့် ကိုယ်တော်မေ့ပစ်တော်မူသနည်း။

◻ ကျွန်ုပ်တို့၏အပြစ်များကြောင့် အခြားသူများထိခိုက်ခံခဲ့ရလျှင် အဘယ်အရာပြုလုပ်ဖို့ ကျွန်ုပ်တို့ထံမှ ကိုယ်တော်မျှော်လင့်တော်မူသနည်း။

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့၏အပြစ်များကြောင့် အခြားသူများထိခိုက်ခံခဲ့ရလျှင် ကျွန်ုပ်တို့သည် ကျေရာကျေကြောင်းပြုလုပ်လိမ့်မည်ဟု ယေဟောဝါမျှော်လင့်တော်မူသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ