ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၉/၁ စာ. ၁၄-၁၉
  • ခရစ်တော်၏ပညတ်တော်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခရစ်တော်၏ပညတ်တော်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပဋိညာဉ်သစ်
  • လွတ်လပ်မှုနှင့်စပ်ဆိုင်သော ပညတ်တော်
  • ယေရှုနှင့် ဖာရိရှဲများ
  • ခရစ်တော်၏ပညတ်တော်သည် ခွင့်လွှတ်လွန်းလှသလော
  • ခရစ်ယာန်ဘောင်သည် ခရစ်တော်၏ပညတ်တော်ကို ညစ်ညမ်းစေခြင်း
  • ခရစ်ယာန်ဘောင်၏အမှားများမှ သင်ခန်းစာယူခြင်း
  • ခရစ်တော်မတိုင်မီက ပညတ်တရား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ‘ယေဟောဝါ၏ပညတ်တရားသည် စုံလင်သည်’
    ယေဟောဝါထံ ချဉ်းကပ်လော့
  • ကျွန်ုပ်တို့သည် ပညတ်တော်ဆယ်ပါးအောက်တွင် ရှိသလော
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၉/၁ စာ. ၁၄-၁၉

ခရစ်တော်၏ပညတ်တော်

“ငါသည် ခရစ်တော်၏ပညတ်တော်ကို လိုက်နာကျင့်သုံးသူဖြစ်သည်။”—၁ ကောရိန္သု ၉:၂၁၊ သတင်းကောင်း။

၁၊ ၂။ (က) လူ့အမှားမြောက်မြားစွာတို့ကို မည်သို့ကာကွယ်နိုင်ခဲ့မည်နည်း။ (ခ) ခရစ်ယာန်ဘောင်သည် ယုဒဘာသာတရား၏သမိုင်းကြောင်းမှ အဘယ်အရာကိုသင်ယူရန် ပျက်ကွက်ခဲ့သနည်း။

လူသားများသာ အတိတ်မှ အမှားကို သင်ခန်းစာယူဖို့တလိုတလားရှိခဲ့မည်ဆိုလျှင် များစွာသောအရာတို့ကို တားဆီးနိုင်ခဲ့ပေမည်။

၂ အတိတ်ကအမှားများကို သင်ခန်းစာယူရန် ထပ်တူပင် ငြင်းဆန်ခဲ့ကြခြင်းကို ဘုရားသခင်၏ပညတ်တော်ဆိုင်ရာ ဤဆွေးနွေးခန်း၌ တင်ပြထားလေသည်။ ယေဟောဝါဘုရားသခင်သည် ခရစ်တော်၏ပညတ်တော်တည်းဟူသော သာ၍ကောင်းသည့်ပညတ်တစ်ခုကို မောရှေပညတ်တွင် အစားထိုးခဲ့သည်။ သို့ရာတွင် ဤပညတ်တော်ကို သွန်သင်၍ ၎င်းအတိုင်းအသက်ရှင်နေထိုင်ပါသည်ဟုဆိုသော ခရစ်ယာန်ဘောင်ခေါင်းဆောင်များသည် ဖာရိရှဲတို့၏ ဆိုးရွားလှသောမိုက်မဲမှုမှ သင်ယူရန် ပျက်ကွက်ခဲ့ကြ၏။ ထို့ကြောင့် ယုဒဘာသာတရားသည် မောရှေပညတ်ချက်ကို အဓိပ္ပာယ် တလွဲလှည့်၍ကောက်ယူခဲ့ပြီး မှားယွင်းစွာအသုံးချခဲ့သကဲ့သို့ ခရစ်ယာန်ဘောင်သည်လည်း ခရစ်တော်၏ပညတ်တော်ကို အဓိပ္ပာယ် တလွဲလှည့်၍ကောက်ယူခဲ့ပြီး မှားယွင်းစွာအသုံးပြုခဲ့ကြသည်။ ယင်းသည် မည်သို့ဖြစ်နိုင်မည်နည်း။ ပထမဦးဆုံးအနေနှင့် ဤပညတ်တော်သည် အဘယ်အရာဖြစ်သည်၊ ၎င်းသည် မည်သူတို့ကို ထိန်းချုပ်၍ မည်သို့ထိန်းချုပ်သည်၊ ယင်းကို မောရှေပညတ်နှင့် မည်သည့်အရာကကွဲပြားခြားနားစေသည်၊ မည်သို့ကွဲပြားခြားနားစေသည်တို့ကို ဆွေးနွေးသုံးသပ်ကြည့်ကြစို့။ ထို့နောက် ခရစ်ယာန်ဘောင်သည် ၎င်းကို မှားယွင်းစွာ မည်သို့အသုံးပြုခဲ့သည်ကို ကျွန်ုပ်တို့ဆန်းစစ်သွားမည်။ သို့အားဖြင့် သမိုင်းနောက်ကြောင်းမှ ကျွန်ုပ်တို့သင်ယူ၍ ၎င်းမှ အကျိုးရယူကြပါစို့!

ပဋိညာဉ်သစ်

၃။ ပဋိညာဉ်သစ်နှင့်ပတ်သက်၍ အဘယ်ကတိကို ယေဟောဝါပေးတော်မူခဲ့သနည်း။

၃ စုံလင်သောပညတ်တစ်ရပ်ကို ယေဟောဝါဘုရားသခင်မှလွဲ၍ အဘယ်သူကများပြုပြင်မွမ်းမံနိုင်မည်နည်း။ မောရှေပညတ်ပဋိညာဉ်သည် စုံလင်မှုရှိ၏။ (ဆာလံ ၁၉:၇) သို့ဖြစ်သော်လည်း ယေဟောဝါရှင်က “ဤလူမျိုး၏ဘိုးဘေးတို့ . . . နှင့် ငါဖွဲ့သော ပဋိညာဉ်အတိုင်းမဟုတ်ဘဲ၊ ခြားနားသော ပဋိညာဉ်သစ်ကို ဣသရေလအမျိုးသား၊ ယုဒအမျိုးသားတို့နှင့် ငါဖွဲ့သော အချိန်ကာလရောက်လိမ့်မည်” ဟု ကတိပြုထားခဲ့လေသည်။ မောရှေပညတ်၏ဗဟိုချက်မဖြစ်သော ပညတ်တော်ဆယ်ပါးကို ကျောက်ပြားများပေါ်တွင် ရေးသားခဲ့၏။ သို့သော် ပဋိညာဉ်သစ်နှင့်ပတ်သက်၍မူ ယေဟောဝါရှင်က “ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်” ဟု မိန့်တော်မူခဲ့လေသည်။—ယေရမိ ၃၁:၃၁-၃၄၊ သမ္မာ။

၄။ (က) ပဋိညာဉ်သစ်၌ အဘယ်ဣသရေလလူမျိုး ပါဝင်ပတ်သက်နေသနည်း။ (ခ) ဝိညာဏဣသရေလလူမျိုးများအပြင် ခရစ်တော်၏ပညတ်တော်အောက်၌ မည်သူတို့ရှိသေးသနည်း။

၄ ဤပဋိညာဉ်သစ်အတွင်း၌ မည်သူများပါဝင်ကြမည်နည်း။ ဤပဋိညာဉ်၏ဖျန်ဖြေစေ့စပ်ရေးမှူးကို ငြင်းပယ်ခဲ့သော ပကတိ “ဣသရေလလူမျိုး” တော့ လုံးဝမဖြစ်နိုင်ချေ။ (ဟေဗြဲ ၉:၁၅) သို့အစား ဤ “ဣသရေလ” လူမျိုးသစ်သည် “ဘုရားသခင်၏ဣသရေလအမျိုး၊” [ဝိညာဉ်ရေး] ဣသရေလလူမျိုးတစ်မျိုးဖြစ်၏။ (ဂလာတိ ၆:၁၆; ရောမ ၂:၂၈၊ ၂၉) ယေဟောဝါကိုဝတ်ပြုကိုးကွယ်ရန် ကြိုးစားနေကြသူများပင်ဖြစ်ကြသော လူမျိုးအသီးသီးမှလာကြသည့် “လူအုပ်ကြီး” တစ်အုပ်သည် ဤသေးငယ်သော ဝိညာဏဘိသိက်ခံခရစ်ယာန်အုပ်စုနှင့် နောက်ပိုင်းတွင် ပူးပေါင်းလာကြသည်။ (ဗျာဒိတ် ၇:၉၊ ၁၀၊ သတင်းကောင်း; ဇာခရိ ၈:၂၃) ဤသူတို့သည် ပဋိညာဉ်သစ်တွင်မပါဝင်ကြသော်လည်း ပညတ်တော်၏အနှောင်အဖွဲ့အောက်တွင်ရှိကြလေသည်။ (ဝတ်ပြုရာ ၂၄:၂၂; တောလည်ရာ ၁၅:၁၅ နှိုင်းယှဉ်။) “သိုးထိန်းတစ်ပါး” ၏လက်အောက်၌ရှိသော “သိုးအုပ်တစ်အုပ်” ကဲ့သို့ပင် အားလုံးတို့သည် တမန်တော်ပေါလုရေးသားခဲ့သကဲ့သို့ “ခရစ်တော်၏ပညတ်တော်ကို လိုက်နာကျင့်သုံးသူ” များဖြစ်ကြပါလိမ့်မည်။ (ယောဟန် ၁၀:၁၆၊ သတင်းကောင်း; ၁ ကောရိန္သု ၉:၂၁၊ သတင်းကောင်း) ဤပဋိညာဉ်သစ်ကို ပေါလုက “သာ၍မြတ်သောပဋိညာဉ်တရား” ဟု ခေါ်ဆိုခဲ့၏။ အဘယ်ကြောင့်နည်း။ တစ်ခုအနေနှင့် ၎င်းသည် ဖြစ်ပျက်လာမည့်အရာများ၏ အရိပ်များပေါ်၌မဟုတ်ဘဲ ပြည့်စုံပြီးဖြစ်သော ကတိတော်များပေါ်၌ အခြေခံထားသောကြောင့်ဖြစ်လေသည်။—ဟေဗြဲ ၈:၆; ၉:၁၁-၁၄။

၅။ ပဋိညာဉ်သစ်၏ရည်ရွယ်ချက်ကား အဘယ်နည်း။ အဘယ့်ကြောင့် ယင်းအောင်မြင်လိမ့်မည်နည်း။

၅ ဤပဋိညာဉ်၏ရည်ရွယ်ချက်ကား အဘယ်နည်း။ လူသားအပေါင်း ကောင်းချီးမင်္ဂလာခံစားရရန် မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုးတစ်မျိုးကို ၎င်းက ပေါ်ထွန်းစေရန်ဖြစ်သည်။ (ထွက်မြောက်ရာ ၁၉:၆; ၁ ပေတရု ၂:၉; ဗျာဒိတ် ၅:၁၀) မောရှေပညတ်ပဋိညာဉ်သည် ဤလူမျိုးကို အဓိပ္ပာယ်အပြည့်အဝရှိသောသဘောမျိုးဖြင့် ဘယ်တော့မျှပေါ်ထွန်းစေခဲ့ခြင်းမရှိပေ။ အကြောင်းမှာ ဣသရေလလူမျိုးသည် လူမျိုးတစ်မျိုးလုံးအနေဖြင့် ပုန်ကန်ခဲ့ကြပြီး သူတို့၏အခွင့်အရေး ဆုံးရှုံးခဲ့ကြလေသည်။ (ရောမ ၁၁:၁၇-၂၁ နှိုင်းယှဉ်။) သို့ရာတွင် ပဋိညာဉ်သစ်သည် အလွန်ကွဲပြားခြားနားသော ပညတ်ပုံစံတစ်ခုနှင့်စပ်လျဉ်းနေသောကြောင့် အောင်မြင်မှုရရှိမည်မှာ သေချာသည်။ အဘယ်နည်းများအားဖြင့် ကွဲပြားခြားနားသနည်း။

လွတ်လပ်မှုနှင့်စပ်ဆိုင်သော ပညတ်တော်

၆၊ ၇။ ခရစ်တော်၏ပညတ်တော်သည် မောရှေပညတ်ထက် လွတ်လပ်မှုကို မည်သို့ပို၍ပေးသနည်း။

၆ ခရစ်တော်၏ပညတ်တော်သည် လွတ်လပ်မှုနှင့် ကြိမ်ဖန်တလဲ ပူးကပ်ဆက်နွှယ်လျက်ရှိသည်။ (ယောဟန် ၈:၃၁၊ ၃၂) ၎င်းကို “လွှတ်ခြင်းတရား” နှင့် “လွှတ်ခြင်းနှင့်စပ်ဆိုင်၍ စုံလင်သောတရား” ဟူ၍ ရည်ညွှန်းကြသည်။ (ယာကုပ် ၁:၂၅; ၂:၁၂) လူသားများအကြား၌ရှိသော လွတ်လပ်မှုအားလုံးတို့သည် ပြည့်ဝစုံလင်မှုမရှိချေ။ သို့သော်လည်း ဤပညတ်တော်သည် ၎င်းအစားထိုးသော မောရှေပညတ်ထက် လွတ်လပ်မှုကို ပို၍ရရှိစေသည်။ မည်သို့အားဖြင့်နည်း။

၇ တစ်ခုအနေနှင့် မည်သူမျှခရစ်တော်၏ပညတ်တော်အောက်တွင် မွေးဖွားခဲ့ကြခြင်းမရှိပေ။ လူမျိုးနှင့် မွေးဖွားရာနေရာကဲ့သို့သော အကြောင်းအချက်များသည် ပတ်သက်ဆက်နွှယ်မှုမရှိသော အကြောင်းအချက်များဖြစ်ပေသည်။ စစ်မှန်သောခရစ်ယာန်များသည် ဤပညတ်တော်ကို နာခံခြင်းတည်းဟူသော ထမ်းပိုးကိုလက်ခံရန် သူတို့၏နှလုံးထဲ၌ လွတ်လပ်စွာရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ပြုခြင်းအားဖြင့် ၎င်းသည် ထမ်းလွယ်၍ ပေါ့သောထမ်းပိုးဖြစ်ကြောင်း သူတို့တွေ့ရှိကြရသည်။ (မဿဲ ၁၁:၂၈-၃၀) အားလုံးကိုခြုံကြည့်မည်ဆိုလျှင် မောရှေပညတ်သည် လူတစ်ဦးကို သူ၌အပြစ်ရှိကြောင်း၊ သူ့ကိုရွေးယူရန် ရွေးနုတ်ဖိုးပူဇော်သကာတစ်ခု အလွန်လိုအပ်လျက်ရှိကြောင်း သွန်သင်ပေးရန်လည်း ဖန်တီးထား၏။ (ဂလာတိ ၃:၁၉) ခရစ်တော်၏ပညတ်တော်ကမူ မေရှိယရောက်ပြီဖြစ်ကြောင်း၊ ကိုယ်တော်၏အသက်ဖြင့် ရွေးနုတ်ဖိုးကို ပေးချေပြီး အပြစ်နှင့်သေခြင်းဆိုင်ရာ ဆိုးရွားလှသော ဖိနှိပ်မှုအောက်မှ လွတ်မြောက်ရန် ကျွန်ုပ်တို့ကို လမ်းဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း သွန်သင်ပေးသည်တကား! (ရောမ ၅:၂၀၊ ၂၁) အကျိုးကျေးဇူးခံစားရရန်အလို့ငှာ ကျွန်ုပ်တို့သည် ထိုပူဇော်သကာ၌ ‘ယုံကြည်ခြင်းတင်ပြ’ ဖို့လိုအပ်၏။—ယောဟန် ၃:၁၆။

၈။ ခရစ်တော်၏ပညတ်တော်၌ အဘယ်အရာ ပါဝင်သနည်း။ သို့သော် ယင်းကိုလိုက်လျှောက်နိုင်ရန် ပညတ်ချက်ဥပဒေရာပေါင်းများစွာကို အာဂုံဆောင်နိုင်ဖို့ရန် အဘယ်ကြောင့်မလိုအပ်သနည်း။

၈ ‘ယုံကြည်ခြင်းတင်ပြ’ ခြင်းတွင် ခရစ်တော်၏ပညတ်တော်အတိုင်း အသက်ရှင်နေထိုင်ခြင်းပါဝင်လေသည်။ ၎င်း၌ ခရစ်တော်၏မိန့်မှာချက်အားလုံးတို့ကို လိုက်နာခြင်းပါဝင်၏။ ဤသည်က ပညတ်ဥပဒေရာပေါင်းများစွာကို အာဂုံဆောင်ထားရမည်ဟု ဆိုလိုပါသလော။ မဆိုလိုပါ။ ပဋိညာဉ်တရားဟောင်း၏ဖျန်ဖြေစေ့စပ်ရေးမှူး မောရှေသည် မောရှေပညတ်ချက်ကို ရေးသားခဲ့သော်လည်း ပဋိညာဉ်တရားသစ်၏ဖျန်ဖြေစေ့စပ်ရေးမှူး ယေရှုသည် ပညတ်ချက်တစ်ချက်မျှရေးသားခဲ့ခြင်းမရှိပေ။ သို့အစား ၎င်းပညတ်ချက်အတိုင်း ကိုယ်တော်အသက်ရှင်နေထိုင်ခဲ့၏။ ကိုယ်တော်သည် မိမိ၏စုံလင်သောအသက်တာလမ်းစဉ်အားဖြင့် အားလုံးလိုက်လျှောက်နိုင်ရန် ပုံသက်သေချထားတော်မူခဲ့သည်။ (၁ ပေတရု ၂:၂၁) ထိုအတွက်ကြောင့် အစောပိုင်းခရစ်ယာန်များ၏ဝတ်ပြုကိုးကွယ်မှုကို “လမ်းစဉ်” အဖြစ် ရည်ညွှန်းဖော်ပြခဲ့ခြင်းဖြစ်ပေမည်။ (တမန်တော် ၉:၂၊ သတင်းကောင်း; ၁၉:၉၊ ၂၃; ၂၂:၄; ၂၄:၂၂) သူတို့အတွက် ခရစ်တော်၏ပညတ်တော်သည် ခရစ်တော်၏ဘဝအသက်တာ၌ ထင်ရှားလျက်ရှိသည်။ ယေရှုကို တုပခြင်းဟူသည် ဤပညတ်တော်ကို နာခံခြင်းပင်ဖြစ်သည်။ ကိုယ်တော့်ကို သူတို့အလွန်ချစ်မြတ်နိုးခြင်းက ဤပညတ်တော်သည် ပရောဖက်ပြုထားသည့်အတိုင်း သူတို့၏နှလုံးသားပေါ်၌ ရေးသားထားခြင်း အမှန်ပင်ဖြစ်သည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။ (ယေရမိ ၃၁:၃၃; ၁ ပေ ၄:၈) ချစ်မြတ်နိုးသည့်အတွက်ကြောင့် နာခံသောသူတစ်ဦးသည် ဖိနှိပ်ချုပ်ချယ်သည်ဟု ဘယ်တော့မျှခံစားရမည်မဟုတ်ချေ။ ၎င်းမှာ အဘယ်ကြောင့် ခရစ်တော်၏ပညတ်တော်ကို “လွှတ်ခြင်းတရား” ဟု ခေါ်ဆိုရခြင်း၏ နောက်အကြောင်းတစ်ရပ်ပင်ဖြစ်ပေသည်။

၉။ ခရစ်တော်ပညတ်၏အနှစ်သာရကား အဘယ်နည်း။ အဘယ်နည်းအားဖြင့် အဆိုပါပညတ်၌ ပညတ်သစ်တစ်ခု ပါဝင်သနည်း။

၉ မောရှေပညတ်တွင် မေတ္တာသည် အရေးကြီးသည်ဆိုပါက ၎င်းသည် ခရစ်ယာန်ပညတ်တော်၏အနှစ်သာရပင်ဖြစ်ရပေမည်။ သို့အားဖြင့် ခရစ်တော်၏ပညတ်တော်တွင် ခရစ်ယာန်များသည် တစ်ယောက်အတွက်တစ်ယောက် ကိုယ်ကျိုးစွန့်မေတ္တာထားရှိရမည်ဟူသော ပညတ်သစ်ပါဝင်ရခြင်းဖြစ်သည်။ သူတို့သည် ယေရှုကဲ့သို့ မေတ္တာရှိကြရမည်ဖြစ်သည်; ကိုယ်တော်သည် မိမိမိတ်ဆွေများ၏အကျိုးအတွက် မိမိ၏အသက်ကို တလိုတလား ပေးဆက်ခဲ့သည်။ (ယောဟန် ၁၃:၃၄၊ ၃၅; ၁၅:၁၃) ထို့ကြောင့် ခရစ်တော်၏ပညတ်တော်သည် မောရှေပညတ်ထက် သာ၍မြင့်မြတ်သော သီအိုကရက်တစ်ဆန်သည့် ဖော်ပြချက်တစ်ရပ်ပင်ဖြစ်ကြောင်း ဆိုနိုင်ပေသည်။ ယခင်က ဤဂျာနယ်၌ ဖော်ပြခဲ့ပြီးဖြစ်သည့်အတိုင်း “သီအိုကရေစီသည် ဘုရားအားဖြင့်အုပ်ချုပ်မှုဖြစ်သည်; ဘုရားသည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏; ထို့ကြောင့် သီအိုကရေစီသည် ချစ်ခြင်းမေတ္တာဖြင့် အုပ်ချုပ်ခြင်းတည်း” ဟူ၍ဖြစ်၏။

ယေရှုနှင့် ဖာရိရှဲများ

၁၀။ ယေရှု၏သွန်သင်ချက်သည် ဖာရိရှဲတို့၏သွန်သင်ချက်နှင့် မည်သို့ကွာခြားသနည်း။

၁၀ သို့ဖြစ်၍ ယေရှုသည် မိမိခေတ်ရှိ ယုဒဘာသာရေးခေါင်းဆောင်များနှင့် ပဋိပက္ခဖြစ်ခဲ့သည်မှာ အံ့ဩစရာမဟုတ်ပေ။ “လွှတ်ခြင်းနှင့်စပ်ဆိုင်၍ စုံလင်သောတရား” သည် ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့၏စိတ်သဘောနှင့် ဝေးကွာနိုင်သမျှထဲတွင် အဝေးကွာဆုံးသောအရာပင်ဖြစ်သည်။ သူတို့သည် လူ့စည်းမျဉ်းဥပဒေများဖြင့် လူတို့ကို ထိန်းချုပ်ရန် ကြိုးစားကြ၏။ သူတို့၏သွန်သင်မှုသည် ဖိနှိပ်ချုပ်ချယ်လွန်းသော၊ အပြစ်တင်တတ်လွန်းသော၊ အပြုသဘောမဆောင်သော သွန်သင်ချက်များဖြစ်လာသည်။ ယင်းနှင့်ဖြောင့်ဖြောင့်ကြီးဆန့်ကျင်လျက် ယေရှု၏သွန်သင်မှုသည် အလွန်တည်ဆောက်မှုရှိစေ၍ အပြုသဘောဆောင်လှသည်တကား! ကိုယ်တော်သည် လက်တွေ့ကျပြီး လူတို့၏အမှန်တကယ်လိုအပ်ရာများနှင့် အရေးကိစ္စများကို မိန့်ကြားခြင်းဖြစ်သည်။ ကိုယ်တော်သည် ဘုရားသခင့်နှုတ်ကပါဌ်တော်၏အခွင့်အာဏာကို ရယူလျက် နေ့စဉ်ဘဝအသက်တာမှ ဥပမာများကိုအသုံးပြုကာ စစ်မှန်သောခံစားမှုဖြင့် ရိုးရိုးလေးသင်ကြားပေးလေသည်။ သို့ဖြစ်၍ “ပရိသတ်အပေါင်းတို့သည် ဆုံးမသြဝါဒပေးတော်မူခြင်းကို အလွန်အံ့သြကြ၏။” (မဿဲ ၇:၂၈) မှန်ပေသည်၊ ယေရှု၏သွန်သင်ချက်သည် သူတို့၏နှလုံးသားတိုင် ရောက်ရှိခဲ့သည်တကား!

၁၁။ မောရှေပညတ်ကို အကျိုးသင့်အကြောင်းသင့်ရှိစွာနှင့် ကရုဏာပါစွာ လိုက်လျှောက်သင့်ကြောင့် ယေရှု မည်သို့ဖော်ပြခဲ့သနည်း။

၁၁ ဂျူးများသည် မောရှေပညတ်တွင် စည်းမျဉ်းဥပဒေများ ထပ်ထည့်မည့်အစား အကျိုးသင့်အကြောင်းသင့်ရှိစွာနှင့် ကရုဏာပါစွာဖြင့် ထိုပညတ်ချက်ကို မည်သို့ကျင့်သုံးသင့်ကြောင်း ယေရှုဖော်ပြခဲ့သည်။ ဥပမာအနေနှင့် သွေးသွန်နာစွဲနေသော အမျိုးသမီးတစ်ဦး ကိုယ်တော့်အနားသို့ချဉ်းကပ်လာသည့် အခိုက်အတန့်ကို အမှတ်ရပါ။ မောရှေပညတ်အရဆိုလျှင် သူမ သွားတို့ထိသောသူ မည်သူမဆိုသည် မစင်ကြယ်ဘဲဖြစ်သွားမည်ဖြစ်သောကြောင့် လူအုပ်နှင့် သူမ လုံးဝမရောနှောသင့်ပေ! (ဝတ်ပြုရာ ၁၅:၂၅-၂၇) သို့သော် သူမသည် ရောဂါပျောက်ကင်းလိုသောဆန္ဒ အလွန်ပြင်းပြသောကြောင့် လူအုပ်ကို တိုးဝှေ့ဖြတ်သန်းသွားပြီး ယေရှု၏ဝတ်ရုံကို တို့ထိလိုက်လေသည်။ သွေးသွန်ခြင်း ချက်ချင်းရပ်တန့်သွား၏။ ပညတ်တရားကို ကျူးလွန်သည့်အတွက် သူမကို ကိုယ်တော်အပြစ်တင်ကြိမ်းမောင်းခဲ့သလော။ မကြိမ်းမောင်းခဲ့ပါ; သို့အစား ကိုယ်တော်သည် သူမ၏ပြင်းပြသောစိတ်ဆန္ဒအခြေအနေကို နားလည်ခဲ့ပြီး ပညတ်တရား၏အကြီးမြတ်ဆုံးသောကျင့်ဝတ်ဖြစ်သည့် မေတ္တာကို တင်ပြခဲ့လေသည်။ ကိုယ်ချင်းစာနာစွာဖြင့် ကိုယ်တော်က “ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီ။ ငြိမ်ဝပ်စွာသွားလော့။ ရောဂါနှိပ်စက်ခြင်းနှင့်ကင်းလွတ်စေ” ဟု သူမကို မိန့်တော်မူခဲ့သည်။—မာကု ၅:၂၅-၃၄။

ခရစ်တော်၏ပညတ်တော်သည် ခွင့်လွှတ်လွန်းလှသလော

၁၂။ (က) ခရစ်တော်သည် ခွင့်လွှတ်လွန်းလှသည်ဟု ကျွန်ုပ်တို့ အဘယ်ကြောင့်မယူမှတ်သင့်သနည်း။ (ခ) ဥပဒေမြောက်မြားစွာ ထုတ်ခြင်းက ထွက်ပေါက်မြောက်မြားစွာကို ဖန်တီးပေးကြောင်း အဘယ်အရာက တင်ပြသနည်း။

၁၂ ခရစ်တော်၏ပညတ်တော်သည် “လွှတ်ခြင်းနှင့်စပ်ဆိုင်” သောကြောင့် ခွင့်လွှတ်လွန်းလှသော်လည်း တစ်ဖက်တွင်မူ ဖာရိရှဲများက သူတို့၏နှုတ်တိုက်ထုံးတမ်းစဉ်လာများအားဖြင့် အနည်းဆုံး လူများ၏ ကျင့်ကြံပြုမူမှုကို အတိအကျကန့်သတ်ပေးသည်ဟု ကျွန်ုပ်တို့ကောက်ချက်ချမည်လော။ မချပါ။ ယနေ့ခေတ်ရှိ တရားဥပဒေဆိုင်ရာ စနစ်များက ဥပဒေ များလေလေ လူများသည် ၎င်းတို့အထဲမှ ထွက်ပေါက်များကို ပို၍ရှာတွေ့လေလေဖြစ်ကြောင်း ဖော်ပြ၏။a ယေရှုခေတ်အချိန်က ဖာရိရှဲတို့၏ မြောက်မြားလှစွာသော ဥပဒေများက ထွက်ပေါက်ရှာရန်၊ မေတ္တာကင်းမဲ့သော ဝတ်ကျေတန်းကျေလုပ်ရပ်များကိုသာ လုပ်ရန်နှင့် အတွင်းပိုင်း ဖောက်ပြန်ယိုယွင်းမှုကို ဖုံးကွယ်ဖို့အတွက် အပြင်ပန်းဖြောင့်မတ်မှုကို ပျိုးထောင်ရန်အားပေးသည်။—မဿဲ ၂၃:၂၃၊ ၂၄။

၁၃။ ခရစ်တော်၏ပညတ်တော်သည် မည်သည့်စည်းမျဉ်းဥပဒေထက်မဆို ပြုမူကျင့်ကြံမှုဆိုင်ရာ မြင့်မားသောစံချိန်တစ်ခုကို အဘယ်ကြောင့် ဖြစ်ပေါ်စေသနည်း။

၁၃ ဆန့်ကျင်ဘက်အနေနှင့် ခရစ်တော်၏ပညတ်တော်သည် ထိုကဲ့သို့သောသဘောထားမျိုးကို မပျိုးထောင်ပေးချေ။ အမှန်သော် ယေဟောဝါ၏မေတ္တာတော်အပေါ်နှင့် အခြားသူများအတွက် ခရစ်တော်၏ကိုယ်ကျိုးစွန့်မေတ္တာကို တုပခြင်းအားဖြင့် နာခံခြင်းအပေါ်၌ အခြေခံထားသော ပညတ်တော်ကို လိုက်နာခြင်းသည် အတည်ပြုထားသောတရားဥပဒေတစ်ရပ်ကို လိုက်လျှောက်ခြင်းထက် သာ၍မြင့်မားသော ပြုမူကျင့်ကြံမှုဆိုင်ရာ စံချိန်ကို ဖြစ်ထွန်းစေလေသည်။ မေတ္တာသည် ထွက်ပေါက်မရှာတတ်ပါ; ၎င်းသည် ပညတ်ဥပဒေတစ်ရပ်က ရှင်းလင်းပြတ်သားစွာ တားမြစ်ထားခြင်း မရှိဘဲဖြစ်ကောင်းဖြစ်မည့် အန္တရာယ်ရှိသောအရာများကို လုပ်ဆောင်ခြင်းမှ ကျွန်ုပ်တို့ကို ကာကွယ်ပေးမည်ဖြစ်သည်။ (မဿဲ ၅:၂၇၊ ၂၈ ရှု။) သို့ဖြင့် ခရစ်တော်၏ပညတ်တော်သည် အဘယ်အတည်ပြုထားသောပညတ်ဥပဒေကမျှ ကျွန်ုပ်တို့ကို မလုပ်ဆောင်နိုင်စေသောနည်းများဖြင့် အခြားသူများကို ရက်ရောရန်၊ ဧည့်ဝတ်ပျူငှာရန်နှင့် မေတ္တာတင်ပြရန် လှုံ့ဆော်ပေးပါလိမ့်မည်။—တမန်တော် ၂၀:၃၅; ၂ ကောရိန္သု ၉:၇; ဟေဗြဲ ၁၃:၁၆။

၁၄။ ခရစ်တော်၏ပညတ်တော်အတိုင်း နေထိုင်ခြင်းအားဖြင့် ပထမရာစုခရစ်ယာန်အသင်းတော်၌ အဘယ်အကျိုး သက်ရောက်ခဲ့သနည်း။

၁၄ အစောပိုင်းခရစ်ယာန်အသင်းတော်သည် ၎င်း၏အသင်းသားများက ခရစ်တော်၏ပညတ်တော်အတိုင်း အသက်ရှင်နေထိုင်သည့်အတိုင်းအတာဖြင့် နွေးထွေး၍ မေတ္တာပါသော အသိုင်းအဝိုင်း၌ ပျော်မွေ့ ကြပြီး ထိုခေတ်၌ရှိသော တရားဇရပ်များတွင် တွေ့နေမြင်နေကျဖြစ်သည့် တင်းကျပ်မှု၊ အပြစ်တင်စီရင်လိုမှုနှင့် အရေခြုံသဘောထားများမှ နှိုင်းရသဘောအားဖြင့် လွတ်မြောက်ကြလေသည်။ ဤအသင်းတော်သစ်များမှ အသင်းသားများသည် “လွှတ်ခြင်းတရား” အတိုင်း အသက်ရှင်နေထိုင်နေကြကြောင်း အမှန်ပင် သတိပြုမိကြမည်ပါတကား!

၁၅။ ခရစ်ယာန်အသင်းတော်ကို ဖောက်ပြန်ယိုယွင်းစေရန် စာတန်၏ အစောပိုင်းအားထုတ်မှုအချို့ကား အဘယ်နည်း။

၁၅ သို့ရာတွင် စာတန်သည် ဣသရေလလူမျိုးကို ဖောက်ပြန်ယိုယွင်းသွားအောင်ပြုခဲ့သကဲ့သို့ ခရစ်ယာန်အသင်းကိုလည်း အတွင်းမှနေ၍ ဖောက်ပြန်ယိုယွင်းသွားအောင်ပြုရန် အလွန်ပင်ဆန္ဒပြင်းပြလှ၏။ ဘုရားသခင်၏သိုးတော်စုကို ဖိနှိပ်ချုပ်ချယ်၍ “မှားသောစကားကို ပြောတတ်သော” တောခွေးကဲ့သို့သောသူများနှင့်ပတ်သက်၍ တမန်တော်ပေါလု သတိပေးခဲ့သည်။ (တမန်တော် ၂၀:၂၉၊ ၃၀) သူသည် ယုဒအယူဝါဒလိုက်သူများနှင့် ဆိုင်ပြိုင်ခဲ့ရသည်။ သူတို့သည် ခရစ်တော်၌ ပြည့်စုံပြီးဖြစ်သော မောရှေပညတ်ချက်၌ ကျွန်ခံခြင်းနှင့် ခရစ်တော်ပညတ်၏ အကန့်အသတ်ရှိသောလွတ်လပ်မှုကို ဖလှယ်ရန်ကြိုးစားကြသူများဖြစ်သည်။ (မဿဲ ၅:၁၇; တမန်တော် ၁၅:၁; ရောမ ၁၀:၄) နောက်ဆုံးတမန်တော် သေဆုံးသွားသည့်နောက် ထိုကဲ့သို့သောအယူဖောက်ပြန်မှုသည် အထိန်းအကွပ် မရှိတော့ချေ။ ထို့ကြောင့် ဖောက်ပြန်ယိုယွင်းမှုသည် နှံ့ပြားလာလေတော့သည်။—၂ သက်သာလောနိတ် ၂:၆၊ ၇။

ခရစ်ယာန်ဘောင်သည် ခရစ်တော်၏ပညတ်တော်ကို ညစ်ညမ်းစေခြင်း

၁၆။ ခရစ်ယာန်ဘောင်၌ အဘယ်ဖောက်ပြန်ယိုယွင်းမှုပုံစံများ ဖြစ်ပျက်ခဲ့သနည်း။

၁၆ ယုဒဘာသာတရားတွင်ကဲ့သို့ ခရစ်ယာန်ဘောင်အတွင်း၌လည်း ဖောက်ပြန်ယိုယွင်းမှုသည် ပုံစံတစ်မျိုးထက်မက ရှိလေသည်။ သူမသည်လည်း မှားယွင်းသောအယူဝါဒနှင့် စာရိတ္တလျော့ရဲခြင်း၏သားကောင်ဖြစ်သွားသည်။ ထို့အပြင် သူမ၏အုပ်စုကို ပြင်ပသြဇာလွှမ်းမိုးမှုများမှကာကွယ်ရန်အတွက် သူမ၏ကြိုးစားအားထုတ်မှုများသည် စစ်မှန်သောဝတ်ပြုရေး၏ ကျန်ရှိသောအဘယ်အပိုင်းအစများကိုမဆို လုံးပါးပါးသွားစေလေ့ရှိသည်။ တင်းကျပ်ပြီး ကျမ်းစာနှင့်မညီညွတ်သောပညတ်ချက်များသည် တိုးပွားများပြားလာလေသည်။

၁၇၊ ၁၈။ ချာ့ချ်ဥပဒေ မြောက်မြားစွာတို့က အဘယ်ရလဒ်ဖြစ်ထွန်းစေသနည်း။

၁၇ ချာ့ချ်စည်းမျဉ်းများ များပြားလာသည်နှင့်အမျှ ၎င်းတို့ကို စာအုပ်များအဖြစ် စုစည်းလိုက်ကြ၏။ ၎င်းတို့က သမ္မာကျမ်းစာကို စတင်လွှမ်းမိုးလာသည်။ (မဿဲ ၁၅:၃၊ ၉ နှိုင်းယှဉ်။) ယုဒဘာသာတရားနည်းတူ ချာ့ချ်အယူဝါဒသည် လောကစာပေများကို အယုံအကြည်ကင်းမဲ့ပြီး ၎င်းတို့ကို အန္တရာယ်ရှိသည့်အရာတစ်ခုအဖြစ် ယူဆကြသည်။ အဆိုပါယူဆချက်သည် မကြာမီပင် ၎င်းကိစ္စနှင့်ပတ်သက်၍ သမ္မာကျမ်းစာ၏လျောက်ပတ်သောသတိပေးချက်ထက် ပိုလာလေသည်။—ဒေသနာ ၁၂:၁၂; ကောလောသဲ ၂:၈

၁၈ စီ.အီး. လေးရာစုမှ ချာ့ချ်စာရေးဆရာတစ်ဦးဖြစ်သောဂျရုမ်းက “အို၊ သခင်၊ လောကစာအုပ်များကို နောက်တစ်ကြိမ် အကျွန်ုပ်ပိုင်ဆိုင်ခဲ့မည် သို့မဟုတ် ဖတ်ရှုခဲ့မည်ဆိုပါက ကိုယ်တော့်ကို အကျွန်ုပ်ငြင်းပယ်မိပါပြီ” ဟု ကြွေးကြော်ခဲ့သည်။ နောက်ဆုံးတွင် ချာ့ချ်သည် စာအုပ်များကို စိစစ်လာကြသည်။ လောကီအကြောင်းအရာများနှင့်ပတ်သက်သည့် စာအုပ်များကိုပင် စိစစ်လာကြသည်။ ထို့ကြောင့် ၁၇ ရာစုမှ နက္ခတ္တဗေဒပညာရှင် ဂယ်လီလီယိုသည် ကမ္ဘာမြေက နေကိုလှည့်ပတ်နေသည်ဟု ရေးသားခဲ့သည့်အတွက် အပြစ်တင်ဝေဖန်ခံခဲ့ရသည်။ ကိစ္စရပ်တိုင်း—နက္ခတ္တဗေဒပညာရပ်နှင့်ပတ်သက်၍ မေးခွန်းများ—၌ပင် နောက်ဆုံးဆုံးဖြတ်ချက်ကိုပေးရန် ချာ့ချ်၏ကြိုးစားအားထုတ်မှုသည် နောက်ဆုံးတွင် သမ္မာကျမ်းစာ၌ ယုံကြည်အားထားမှုကို ယုတ်လျော့လာစေသည်။

၁၉။ တရားကျောင်းများသည် တင်းမာသော အာဏာထားမှုကို မည်သို့ဖြစ်ပေါ်စေသနည်း။

၁၉ ချာ့ချ်စည်းမျဉ်းများထုတ်ခြင်းသည် ဓမ္မဆရာများက ဤလောကနှင့် သီးခြားနေ၍ ကိုယ့်ကိုယ်ကို ခြိုးခြံနေထိုင်ရာနေရာဖြစ်သော တရားကျောင်းများ၌ တိုးပွားလျက်ရှိသည်။ ချာ့ချ်တရားကျောင်းအများစုသည် “စိန့် ဘယ်နီဒစ်က်၏စည်းမျဉ်း” ကို လိုက်လျှောက်ကြ၏။ အက်ဘော့တ် (“ဖခင်” ဟူသော အာရမိတ်စကားလုံးမှ ဆင်းသက်လာသည့် အသုံးအနှုန်း) သည် အခွင့်အာဏာအပြည့်ဖြင့် အုပ်စိုးလေသည်။ (မဿဲ ၂၃:၉ နှိုင်းယှဉ်။) ဓမ္မဆရာတစ်ပါးသည် သူ၏မိဘများထံမှ လက်ဆောင်ရရှိမည်ဆိုလျှင် လက်ဆောင်ကိုလက်ခံသင့်သူမှာ ထိုဓမ္မဆရာလော၊ အခြားဓမ္မဆရာလောဟူသည့်အချက်ကို အက်ဘော့တ်က ဆုံးဖြတ်ပေးလေ့ရှိသည်။ ယုတ်ရင်းကြမ်းတမ်းမှုကို ရှုတ်ချထားသည့်အပြင် စည်းမျဉ်းတစ်ရပ်က ပေါ့ပျက်သောစကားနှင့် ပြောင်လှောင်မှုအားလုံးကို တားမြစ်ထားသည်။ “ထိုကဲ့သို့သောအရာများကို အဘယ်တပည့်တော်ကမျှမပြောဆိုသင့်” ဟု၎င်းက ဖော်ပြထားသည်။

၂၀။ ပရိုတက်စတင့်သည်လည်း ကျမ်းစာနှင့်မညီညွတ်သော အာဏာထားမှု၌ ကျွမ်းကျင်လာကြောင်း အဘယ်အရာက တင်ပြသနည်း။

၂၀ . . . ဥပမာအနေနှင့် ပြုပြင်ပြောင်းလဲရေးခေါင်းဆောင် ဂျွန် ကယ်လ်ဗင်းကို “ပြန်လည်ထူထောင်ထားသောချာ့ချ်၏ ဥပဒေပြုသူ” ဟု ခေါ်ဆိုလာခဲ့ကြသည်။ သူတို့၏ “တာဝန်” မှာ “လူတိုင်း၏အသက်တာကို ကြည့်ရှုစောင့်ကြပ်ရမည်” ဟူ၍ ကယ်လ်ဗင်း မှတ်ချက်ချခဲ့သော သူများဖြစ်သည့် “အကြီးအကဲများ” ဖြင့် အတည်ပြုထားသော တင်းကျပ်သည့်စည်းမျဉ်းဥပဒေ မြောက်မြားစွာတို့ဖြင့် ဂျီနီဗာကို သူအုပ်စိုးခဲ့သည်။ (၂ ကောရိန္သု ၁:၂၄ ယှဉ်ကြည့်။) ချာ့ချ်သည် တည်းခိုခန်းများကို ချုပ်ထိန်းပြီး အဘယ်အကြောင်းအရာတို့သည် ပြောဆိုခွင့်ရှိသည်တို့ကို စည်းမျဉ်းသတ်မှတ်ကြသည်။ ကပြက်ကချော်နိုင်သော သီချင်းများ သို့မဟုတ် ကခုန်မှုများကဲ့သို့သော အပြစ်များအတွက် ပြင်းထန်သောပြစ်ဒဏ်များ ရှိလေသည်။b

ခရစ်ယာန်ဘောင်၏အမှားများမှ သင်ခန်းစာယူခြင်း

၂၁။ “ကျမ်းစာကိုလွန်၍” ပြုကျင့်ရန် ခရစ်ယာန်ဘောင်၏တိမ်းယိမ်းမှုနှင့်ဆိုင်သော အကျိုးဆက်များကား အဘယ်နည်း။

၂၁ ဤစည်းမျဉ်းဥပဒေများနှင့် ပညတ်ချက်များသည် ဖောက်ပြန်ယိုယွင်းခြင်းမှ ခရစ်ယာန်ဘောင်ကို ကာကွယ်ပေးခဲ့ပါသလော။ ယင်းနှင့်ဆန့်ကျင်ဘက်သာ ဖြစ်ခဲ့ပါသည်တကား! ယနေ့ခရစ်ယာန်ဘောင်သည် ရာပေါင်းများစွာသောဂိုဏ်းဂဏများအဖြစ်သို့ ပြိုကွဲသွားပြီဖြစ်ကာ အလွန့်အလွန်တင်းကျပ်ခြင်းမှ တရားလွန်ခွင့်လွှတ်ခြင်းအဖြစ်သို့ ရောက်သွားလေသည်။ ဘုရားသခင်၏ပညတ်တော်နှင့်ဆန့်ကျင်ဖီလာပြီး လူ့အတွေးအခေါ်များကို အုပ်စုများအပေါ် လွှမ်းမိုးချုပ်ကိုင်ခွင့်ပြုလိုက်ခြင်းအားဖြင့် ၎င်းတို့အားလုံးသည် တစ်နည်းမဟုတ်တစ်နည်း “ကျမ်းစာကိုလွန်၍” ပြုကျင့်ကြလေသည်။—၁ ကောရိန္သု ၄:၆။

၂၂။ ခရစ်ယာန်ဘောင်၏ဝတ္တရားပျက်ကွက်မှုက ခရစ်တော်ပညတ်၏ နိဂုံးဖြစ်သည်ဟု အဘယ်ကြောင့် မဆိုလိုသနည်း။

၂၂ သို့သော်လည်း ခရစ်တော်ပညတ်၏သမိုင်းကြောင်းသည် ဘေးမသင့်ရောက်ခဲ့ပါ။ လူသားများက မြင့်မြတ်သောပညတ်တော်ကို ပယ်ရှားပစ်ရန် ယေဟောဝါဘုရားသခင် ဘယ်တော့မျှ ခွင့်ပြုလိမ့်မည်မဟုတ်ပါ။ ယနေ့အချိန်၌ စစ်မှန်သောခရစ်ယာန်များအကြားတွင် ခရစ်ယာန်ပညတ်တော်ကို အားသွန်ခွန်စိုက် ကျင့်ကြံလိုက်လျှောက်လျက်ရှိကြကာ ၎င်းအတိုင်းအသက်ရှင်နေထိုင်ခြင်းအားဖြင့် ကြီးမားလှသောအခွင့်အရေးများ သူတို့၌ရှိကြသည်။ သို့သော် ဘုရားသခင်၏ပညတ်တော်ကို ယုဒဘာသာတရားနှင့် ခရစ်ယာန်ဘောင်တို့ ပြုခဲ့သည့်အရာအား ဆင်ခြင်သုံးသပ်ပြီးနောက် ‘ဘုရားသခင့်ပညတ်တော်၏အနှစ်သာရကို ဖုံးလွှမ်းသွားစေမည့် လူ့အတွေးအခေါ်နှင့် စည်းမျဉ်းများအားဖြင့် ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို ညစ်ညူးစေခြင်းထောင်ချောက်ကို ရှောင်ကြဉ်လျက် ခရစ်တော်၏ပညတ်တော်နှင့်အညီ ကျွန်ုပ်တို့ မည်သို့အသက်ရှင်နေထိုင်မည်နည်း။ ယနေ့ခေတ်အချိန်၌ ခရစ်တော်၏ပညတ်တော်သည် အဘယ်မျှတသောအမြင်ကို ကျွန်ုပ်တို့အတွင်း၌ ထည့်သွင်းပေးသင့်သနည်း’ ဟု ကျွန်ုပ်တို့သိလိုကြပေမည်။ နောက်ဆောင်းပါးက အဆိုပါမေးခွန်းများကို ဖော်ပြပေးပါလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

a ဖာရိရှဲတို့သည် ယနေ့ခေတ်ရှိ ယုဒဘာသာတရားပုံစံအတွက် များစွာတာဝန်ရှိလေသည်။ ထို့ကြောင့် ယုဒဘာသာတရားသည် ထပ်ဖြည့်စွက်ထားသော ဥပုသ်စည်းမျဉ်းဥပဒေ မြောက်မြားစွာတို့၌ ထွက်ပေါက်ရှာနေကြဆဲဖြစ်သည်မှာ အံ့ဩစရာမဟုတ်ပါ။ ဥပမာ၊ ဧည့်သည်တစ်ဦးသည် ဥပုသ်နေ့၌ အများသုံးဂျူးဆေးရုံတစ်ခုသို့သွားရောက်ခဲ့ပါက ဓာတ်လှေကားသည် တိုက်အထပ်တိုင်း၌ အလိုအလျောက်ရပ်ပေးကြောင်း တွေ့ရပေမည်။ သို့အားဖြင့် စီးနင်းသူသည် အပြစ်ရှိသော “အလုပ်” ဖြစ်သည့် ဓာတ်လှေကားခလုတ်ကို နှိပ်မိခြင်းမှ ရှောင်ကြဉ်နိုင်မည်ဖြစ်သည်။ အချို့သော ဩသဒေါက်စ်ဆရာဝန်များသည် ရက်အနည်းငယ်အတွင်း ပျက်သွားလိမ့်မည်ဖြစ်သည့် မှင်ဖြင့် ဆေးအညွှန်းများကို ရေးပေးကြသည်။ အဘယ်ကြောင့်နည်း။ မစ်ရှ်နာက စာရေးခြင်းကို “အလုပ်လုပ်ခြင်း” အဖြစ် စာရင်းသွင်းထားသော်လည်း ၎င်းက “စာရေးခြင်း” ကို အမြဲတည်စေသည့်အမှတ်အသားတစ်ခုအဖြစ် အနက်ဖွင့်ထားလေသည်။

b ဘာသာရေးနှင့်ပတ်သက်၍ ကယ်လ်ဗင်း၏ရှုမြင်ပုံအချို့ကို တိုက်လှန်ခဲ့သူ စဗီးတပ်စ်သည် [အယူလွဲသူ] တစ်ဦးအဖြစ် သစ်တိုင်တွင် မီးရှို့ခံခဲ့ရသည်။

သင်မည်သို့ဖြေဆိုမည်နည်း

◻ ခရစ်တော်ပညတ်၏ အနှစ်သာရကား အဘယ်နည်း။

◻ ယေရှု၏ သွန်သင်ပုံနှင့် ဖာရိရှဲတို့၏သွန်သင်ပုံ မည်သို့ကွာခြားသနည်း။

◻ ခရစ်ယာန်ဘောင်ကို ဖောက်ပြန်ယိုယွင်းစေရန် တင်းကျပ်၍ စည်းမျဉ်းများသာ ထုတ်လိုသောစိတ်ဓာတ်ကို စာတန် မည်သို့အသုံးပြုသနည်း။

◻ ခရစ်တော်၏ပညတ်တော်အတိုင်းနေထိုင်ခြင်းမှရရှိသော ကောင်းကျိုးအချို့ကား အဘယ်နည်း။

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ယေရှုသည် မောရှေပညတ်ကို အကျိုးသင့်အကြောင်းသင့်ရှိစွာနှင့် ကရုဏာပါစွာ လိုက်လျှောက်ခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ