သတင်းကောင်းအတွက် အရာခပ်သိမ်းကိုပြု
“သတင်းကောင်းကိုအတူတကွဆက်ဆံခြင်းအလိုငှာ ထိုတရားအတွက် ခပ်သိမ်းသောအရာများကို ငါပြုလေ့ရှိ၏။” —၁ ကောရိန္သု ၉:၂၃။
၁။ ကျွန်ုပ်တို့အားလုံး၌ တူညီသောအရာတစ်ခုကား အဘယ်နည်း။ သို့သော် အဘယ်အရာအတွက် ဘုရားသခင်အခြေခံပြင်ဆင်ထားတော်မူသနည်း။
တ စ်ဦးနှင့်တစ်ဦး နည်းအမျိုးမျိုးဖြင့် ကွာခြားသော်လည်း တူညီသောအရာတစ်ခုရှိသည်။ အာဒံမှရထားသောအမွေကြောင့် အမြင့်မြတ်ဆုံးဘုရားသခင် ယေဟောဝါနှင့်ကင်းဝေးနေသော အပြစ်သားများအဖြစ် မွေးဖွားလာခဲ့ပြီ။ (ရောမ ၅:၁၂။ ကောလောသဲ ၁:၂၁) ခရစ်ယာန်တမန်တော်ပေါလုရေးသားခဲ့သကဲ့သို့ပင် “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။” (ရောမ ၃:၂၃) ထိုကြောင့် ကယ်တင်ခြင်းရရန် လူမျိုးစုတိုင်းမှလူများသည် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ရမည်။ ထိုသို့အလိုငှာ တုနှိုင်းမရမေတ္တာတော်၊ ကရုဏာတရားတော်ဖြင့် ကိုယ်တော်နှင့် ပြန်သင့်မြတ်နိုင်ရန်အခြေခံနည်းလမ်းကို ယေဟောဝါပြင်ဆင်ပေးထားတော်မူသည့်အတွက် ကျွန်ုပ်တို့များစွာကျေးဇူးကြီးလှသည်တကား။
၂။ (က) ဘိသိက်ခံခရစ်ယာန်များအား အဘယ်ဓမ္မအမှု အပ်နှင်းထားသနည်း။ (ခ) မည်သူ၏ပုံသက်သေမှ သင်ခန်းစာရနိုင်သနည်း။ အဘယ်ကြောင့်နည်း။ (၁ ကောရိန္သု ၁၁:၁)
၂ ဆယ့်ကိုးရာစုနှစ်ကာလကတည်းက ယေဟောဝါ၏ဘိသိက်ခံသက်သေများသည် “မိတ်သဟာယဖွဲ့ခြင်းဆိုင်ရာ အမှုဆောင်ရွက်ခွင့်” ကိုအပ်နှင်းခံခဲ့ရသည်။ ပေါလုက “ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့မည်အကြောင်း ခရစ်တော်ကိုယ်စား တောင်းပန်၏” ဟုပြောခဲ့သည်။ (၂ ကောရိန္သု ၅:၁၈-၂၀၊ NW) ဤဓမ္မအမှုကို အဘယ်သဘောထားဖြင့် တမန်တော်ထမ်းဆောင်ခဲ့သနည်း။ “ငါသည် အဘယ်သူ၏ကျွန်မဖြစ်သော်လည်း၊ သာ၍များသောသူတို့ကိုရခြင်းအလိုငှာ လူတကာတို့၏ကျွန်ခံရ၏။” (၁ ကောရိန္သု ၉:၁၉) “သတင်းကောင်းကို အတူတကွဆက်ဆံခြင်းအလိုငှာ ထိုတရားအတွက် ခပ်သိမ်းသောအရာများကို ငါပြုလေ့ရှိ၏” ဟုပေါလုပြောဆိုခဲ့၍လည်း မိမိ၏သတင်းတရားကို ထိရောက်စွာတင်ပြရန် သူကြိုးစားအားထုတ်ခဲ့ကြောင်းထင်ရှားစေသည်။ (၁ ကောရိန္သု ၉:၂၃) ထိုကြောင့် ပေါလု၏ပုံသက်သေမှ ကျွန်ုပ်တို့အဘယ်သင်ခန်းစာရနိုင်သနည်း။
နှိမ့်ချမှုရှိ ဂျူးများကို ကူညီခြင်း
၃။ တိမောသေနှင့် ဂျူးများအဖြစ်တွင် သတင်းကောင်းအတွက် အရာခပ်သိမ်းကိုပေါလုပြုချင်စိတ်ရှိကြောင်း မည်သို့တင်ပြခဲ့သနည်း။
၃ ပေါလု၏ဂျူးနောက်ခံကြောင့် သတင်းကောင်းအတွက် အရာခပ်သိမ်းကို သူပြုချင်စိတ်ရှိခြင်းက မေရှိယသခင်အဖြစ် ယေရှုကိုလက်ခံနိုင်ကြဖို့ နှိမ့်ချမှုရှိဂျူးများအားကူညီပေးရန် အသင့်ရှိစေသည်။ ဥပမာ၊ မိမိ၏ခရီးဖေါ်အဖြစ် တိမောသေကိုရွေးချယ်ရာတွင် တမန်တော်ဘာလုပ်ခဲ့သည်ကို သတိမူပါ။ ဂရိအမျိုးသား တိမောသေသည် ဂျူးယောက်ျားလေးများနည်းတူ အရေဖျားလှီးခြင်းမခံရသေးချေ။ (ဝတ်ပြုရာ ၁၂:၂၊ ၃) ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ရန် အရေဖျားလှီးခြင်းမခံထားသောလူငယ်တစ်ဦးက မိမိတို့အားကူညီပေးမည်ဆိုလျှင် ဂျူးများအတွက် ထိမိလဲစရာဖြစ်နိုင်ကြောင်း ပေါလုသိသည်။ ထိုကြောင့် နှလုံးရိုးဖြောင့်သောဂျူးများ ယေရှုကိုလက်ခံရန် အတားအဆီးမရှိစေခြင်းငှာ ပေါလုဘာလုပ်သနည်း။ “ဂျူးတို့ကိုထောက်၍ တိမောသေကို အရေဖျားလှီးပေးခဲ့သည်။” အရေဖျားလှီးခြင်းကိစ္စသည် ခရစ်ယာန်လိုအပ်ချက်မဟုတ်သော်လည်း ယင်းသို့ပြုခဲ့သည်။—တမန်တော် ၁၆:၁-၃။
၄။ ၁ ကောရိန္သု ၉:၂၀ အရ ပေါလု၏ရည်ရွယ်ချက်ကားအဘယ်နည်း။
၄ ထိုကြောင့် ဂျူးအမျိုးသားချင်းကို ထောက်စာမှုပြခြင်းဖြင့် သတင်းကောင်းအတွက် ခပ်သိမ်းသောအရာကို ပေါလုပြုခဲ့သည်။ “[ငါသည်] ယုဒလူတို့ကိုရခြင်းအလိုငှာ ယုဒလူတို့၌ ယုဒလူကဲ့သို့ဖြစ်၏။ ပညတ်တရားကို ကိုယ်တိုင်မဆည်းကပ်သော်လည်း၊ ပညတ်တရားကိုဆည်းကပ်သောသူတို့ကိုရခြင်းအလိုငှာ ပညတ်တရားကိုဆည်းကပ်သောသူတို့၌ ပညတ်တရားကိုကျင့်သောသူကဲ့သို့ဖြစ်၏” ဟုသူရေးသားခဲ့သည်။ (၁ ကောရိန္သု ၉:၂၀) မှန်ပေသည်။ တိမောသေအဖြစ်၌ကဲ့သို့ပင် ဂျူးများခရစ်ယာန်ဖြစ်လာနိုင်ရန် ကူညီပေးရာတွင် ခပ်သိမ်းသောအရာကို သူပြုခဲ့သည်။ သို့သော် တစ်ပါးအမျိုးသားနှင့်လည်း ထပ်တူပင်သူပြုမူခဲ့သလော။
တစ်ပါးအမျိုးသားတို့ကိုရခြင်းငှာ ရှာကြံခြင်း
၅။ ကောရိန္သုမြို့တွင် ပေါလုမည်သူအား ဟောပြောခဲ့သနည်း။ အဘယ်ရလဒ်ဖြစ်ထွန်းခဲ့သနည်း။
၅ စီအီး ၅၀ ဆောင်းဦးခန့်တွင် ကောရိန္သုမြို့သို့ ပေါလုရောက်လာပြီးနောက် ဂျူးများနှင့် ဂျူးဘာသာဝင် ဂရိပရိသတ်အား တရားစရပ်တွင် ပတ်စဉ်ဟောပြောခဲ့သည်။ သို့သော် သူ၏ဇွဲနပဲဖြင့်ဟောပြောခြင်းကြောင့် အတိုက်အခံဖြစ်ပွားလာလေသော်၊ သူ့အားတိုက်ခံသူတို့အား ပေါလုဤသို့ဆိုသည်။ “သင်တို့၏အသွေးသည် သင်တို့၏ခေါင်းပေါ်၌တည်စေ။ ငါမူကား ကင်းလွတ်၏။ ယခုမှစ၍ တစ်ပါးအမျိုးသားတို့ဆီသို့သွားမည်။” ဤအဆိုပြုချက်ကို ယေဟောဝါကောင်းချီးပေးတော်မူခဲ့သည်။ အကြောင်းမူကား၊ “ကောရိန္သုပြည်သားအများတို့သည်လည်း ယုံကြည်၍ [ခရစ်ယာန်များအဖြစ်] ဗတ္တိဇံကိုခံကြ၏။” သခင်အရှင်က ရူပါရုံပြ၍ “ဤမြို့၌ငါ၏လူအများရှိကြသည်” ဟုမှာကြားကာ ထိုတာဝန်ကိုဆက်ထမ်းဆောင်စေခဲ့သည်။—တမန်တော် ၁၈:၁-၁၀။
၆။ မိမိနှင့်နောက်ခံမတူသောသူတို့တွင် ပေါလုစိတ်ဝင်စားရန် ဘာကသူ့အားတိုက်တွန်းခဲ့သနည်း။
၆ ခရစ်ယာန်ဘာသာတရားကို တစ်ပါးအမျိုးသားများယုံကြည်လာစေရန် ပေါလု၏စိတ်ရင်းစေတနာက မိမိ၏နောက်ခံနှင့် အလွန်ထူးခြားသောလူမျိုးကိုလည်း စိတ်ဝင်စားရန် သူ့အားတိုက်တွန်းပေးခဲ့သည်။ “[ငါသည်] ဘုရားသခင့်ရှေ့တော်၌တရားမဲ့မနေ၊ ခရစ်တော်၏တရားကိုကျင့်သောသူဖြစ်သော်လည်း၊ ပညတ်တရားမဲ့သောသူတို့ [တစ်ပါးအမျိုးသားများ] ကိုရခြင်းအလိုငှာ ပညတ်တရားမဲ့သောသူတို့၌ ပညတ်တရားမဲ့သောသူကဲ့သို့ဖြစ်၏။” (၁ ကောရိန္သု ၉:၂၁) တစ်ပါးအမျိုးသားများကိုရရန် တမန်တော်မည်သို့ရှာကြံခဲ့သနည်း။
၇။ အရေဖျားလှီးခြင်းနှင့်ပတ်သက်၍ တိမောသေနှင့်တိတုတို့၏အဖြစ်သည် အဘယ်ကြောင့်ထူးခြားသနည်း။
၇ ခရစ်ယာန်အသင်းတော် အုပ်ချုပ်ရေးအဖွဲ့၏ အရေးကြီးသောစည်းဝေးတစ်ခုကို တက်ရောက်ခြင်းငှာ စီအီး ၄၉ ခန့်က ယေရုရှလင်မြို့သို့ ပေါလုသွားခဲ့စဉ်တွင် ဂရိတပည့်တော်တိတုလိုက်ပါသွားသည်။ တစ်ပါးအမျိုးသားများအလယ် မိမိ၏ဟောပြောခြင်းလုပ်ငန်းအကြောင်း စုဝေးနေသောညီအစ်ကိုများအား ပေါလုတင်ပြပြောဆိုသည်။ နောင်တွင် သူဤသို့ရေးသားခဲ့သည်။ “ငါနှင့်အတူပါသော ဟေလသအမျိုး တိတုကို အရေဖျားလှီးခြင်းမခံစေကြနှင့်။” (ဂလာတိ ၂:၁-၃) တိမောသေနှင့်မတူဘဲ တိတုသည် မိမိ၏လုပ်ငန်းကို အရေဖျားလှီးခြင်းမခံသော တစ်ပါးအမျိုးသားများအလယ် လုပ်ကိုင်ခဲ့သည်။ သို့ဖြစ်၍ အရေဖျားလှီးခြင်းပြဿနာမပေါ်ပေါက်ခဲ့ပေ။—၂ ကောရိန္သု ၈:၆၊ ၁၆-၁၈၊ ၂၃၊ ၁၂:၁၈။ တိတု ၁:၄၊ ၅။
၈။ အာသင်မြို့တွင် ပေါလုမည်သို့သက်သေခံခဲ့သနည်း။
၈ အာသင်မြို့တွင်သက်သေခံရာ၌ သတင်းကောင်းအတွက် အရာခပ်သိမ်းကို မိမိပြုကြောင်း ပေါလုတစ်ဖန်တင်ပြခဲ့သည်။ ထိုဂရိမြို့တော်သားများတွေးတောပုံကိုထည့်စဉ်းစားကာ သူတို့မသိသောဘုရားအကြောင်း သူတို့အားပြောပြ၍ “ငါတို့သည်လည်း အနွယ်တော်ဖြစ်ကြ၏” ဟုဆိုသော သူတို့၏လင်္ကာဆရာများဖြစ်သောအရာတပ်စ်နှင့် ကလင်သစ္စတို့ကိုကိုးကားသည်။ ဤနည်းဖြင့် “လူတို့အတတ်အကြံအစည်အားဖြင့်ထုလုပ်သော . . . ရုပ်တုနှင့် ဘုရားသခင်တူတော်မူသည်ဟုမထင်မမှတ်အပ်” ကြောင်း သူ၏တရားကိုနားထောင်သူများအား သဘောပေါက်ရန် ကူညီပေးခဲ့သည်။ ထို့ပြင် “ဘုရားသခင်သည် မိုက်မဲသောအချိန်ကာလတို့ကို အမှုမထားဘူးသော်လည်း၊ ယခုမှာကိုယ်အပြစ်ကိုမြင်၍ နောင်တရကြလော့” ဟုပေါလုဖျောင်းဖျခဲ့သည်။ “ကောင်းကင်မြေကြီးကို အစိုးရတော်မူသောအရှင်” ယေဟောဝါကို ထိရောက်စွာအာရုံပြုစေခဲ့သည်။ ရလဒ်ကားအဘယ်နည်း။ “လူအချို့တို့သည် ပေါလု၌ မှီဝဲဆည်းကပ်၍ ယုံကြည်ခြင်းသို့ရောက်ကြ၏။” (တမန်တော် ၁၇:၂၂-၃၄) မှန်ပေသည်။ ပေါလု၏နည်းနိဿယများ အောင်မြင်ခဲ့ပေသည်။
၉။ ပေါလုသည် ‘အားနည်းသောသူတို့၌ အားနည်းသောသူ’ မည်သို့ဖြစ်ခဲ့သနည်း။ အဘယ်ကြောင့်နည်း။
၉ “အားနည်းသောသူတို့ကိုရခြင်းအလိုငှာ အားနည်းသောသူတို့၌ အားနည်းသောသူကဲ့သို့ [ငါ] ဖြစ်၏” ဟုပေါလုပြောသည်။ (၁ ကောရိန္သု ၉:၂၂ က) သူ့စကားများ လေးနက်သော်လည်း အသင်းတော်ရှိဂျူးနှင့်တစ်ပါးအမျိုးသားအချို့၏ အားနည်းသောသြတ္တပ္ပစိတ်ကို တမန်တော်ထည့်စဉ်းစားပါသည်။ ရောမခရစ်ယာန်များအား ဤသို့တိုက်တွန်းခဲ့သည်။ “ယုံကြည်ခြင်း၌အားနည်းသောသူတို့ကိုလက်ခံကြလော့။ သို့ရာတွင် ယုံမှားဖွယ်သောပြဿနာတို့ကို ထိုသူနှင့်မဆွေးနွေးကြနှင့်။” သူတစ်ပါးကိုဝေဖန်မည့်အစား “ငြိမ်သက်ခြင်းနှင့်လည်းကောင်း၊ အချင်းချင်းတည်ဆောက်ခြင်းနှင့်လည်းကောင်းယှဉ်သောအရာတို့ကို မှီအောင်လိုက်ကြကုန်အံ့” ဟုပေါလုအကြံပြုခဲ့သည်။ (ရောမ ၁၄:၁၊ ၁၃၊ ၁၉) “အားရှိသောငါတို့သည် ကိုယ်အလိုသို့မလိုက် အားနည်းသောသူတို့၏အားနည်းခြင်းကို သည်းခံရကြမည်” ဟုသူမှာကြားသေးသည်။ (ရောမ ၁၅:၁) သူတစ်ပါးကိုကူညီပေးရာ၌ မိမိ၏ပြောဆိုပြုမူပုံကို ပြောင်းလဲပေးရန်လိုကြောင်း သိရှိသဖြင့် “ခပ်သိမ်းသောသူတို့၌ ခပ်သိမ်းသောအရာဖြစ်၏” ဟုသူရေးသားခဲ့သည်။—၁ ကောရိန္သု ၉:၂၂ ခ။ ဂလာတိ ၃:၂၈။
သင်၏ဟောပြောခြင်းစွမ်းရည်များကို တိုးတက်စေ
၁၀။ ယနေ့ ပေါလုကို ကျွန်ုပ်တို့မည်သို့အတုယူနိုင်သနည်း။
၁၀ ခရစ်တော်ကို ပေါလုအတုယူခဲ့သကဲ့သို့ ယနေ့ယေဟောဝါသက်သေများသည် ပေါလုကိုအတုယူသင့်သည်။ (၁ ကောရိန္သု ၁၁:၁) တမန်တော်သည် သာသနာပြုစိတ်ထားရှိသော ကျွမ်းကျင်စွာဟောပြောတတ်သူဖြစ်သည်။ ကျွန်ုပ်တို့အခြေအနေအရ တိုင်းတစ်ပါးတွင် အမှုမထမ်းနိုင်သော်လည်း ထပ်တူစိတ်ထားမျိုး ကျွန်ုပ်တို့တွင်ရှိနိုင်သည်။ ပေါလုနည်းတူ ‘သတင်းကောင်းကို အခြားသူတို့အား ပေးခြင်းအလိုငှာ ထိုတရားအတွက် ခပ်သိမ်းသောအရာများကို ကျွန်ုပ်တို့ပြု’ သင့်သည်။ (၁ ကောရိန္သု ၉:၂၃) သို့သော် နိုင်ငံတော်သတင်းဟောပြောသူများဖြင့် တပည့်ဖြစ်စေသူများအနေနှင့် ကျွန်ုပ်တို့စွမ်းရည် တိုးတက်စေရန် ဘာလုပ်နိုင်သနည်း။—မဿဲ ၂၈:၁၉၊ ၂၀။
၁၁။ ဓမ္မအမှုဆောင်သူတစ်ဦးအနေနှင့် သင့်အကဲခတ်လေ့လာမှုစွမ်းရည်ကို အဘယ်ကြောင့်တိုးတက်စေသင့်သနည်း။
၁၁ အကဲခတ်တတ်သောစွမ်းရည် တိုးတက်လာရန်ကြိုးစားပါ။ စူးစမ်းလေ့လာခြင်းအားဖြင့် အိမ်ရှင်အသီးသီးတို့အား သတင်းကောင်းတင်ပြပုံကို အလိုက်အထိုက်ပြုပြင်ပြောင်းလဲပေးတတ်လာမည်။ ဥပမာ၊ မြို့ကြီးသားများအားသက်သေခံသည့်အခါ အိမ်တံခါးပေါက်တွင် သော့ခလောက်များ၊ ဘာသာရေးအရအဆင်အပြင်များ အစရှိသည်တို့ကို ဂရုပြုပါ။ ဤကဲ့သို့သောအိမ်များတွင်နေထိုင်သူတို့၏နှလုံးကိုထိမိစေမည့် သက်သေခံချက်ပေးရန် ဤအရာများက သင့်အတွက်အကူအညီဖြစ်နိုင်သည်။ ပေါလုသည် အမှန်ပင် ဂရုစိုက်အကဲခတ်သူတစ်ဦးဖြစ်သည်။ အာသင်မြို့တွင် “ငါတို့မသိသောဘုရားသခင်အဖို့” ဟုအက္ခရာတင်သော ယဇ်ပလ္လင်တစ်ခုကို သူအသုံးပြုပြီး “လောကဓာတ်မှစ၍ လောကဓာတ်၌ရှိလေသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသောဘုရားသခင်” အကြောင်း ထိရောက်စွာသက်သေခံခဲ့သည်။ (တမန်တော် ၁၇:၂၂-၂၅) သင့်ဓမ္မအမှုတွင်လည်း ထပ်တူပြုနိုင်သည်။
၁၂။ ကျွန်ုပ်တို့၏ဓမ္မအမှုတွင် ထိုးထွင်းဉာဏ်သည် အဘယ်ကဏ္ဍတွင်အကျိုးပြုသနည်း။
၁၂ ဓမ္မအမှုတွင် ထိုးထွင်းဉာဏ်အသုံးပြုပါ။ အစအဦး၌ သင့်အတွက်တံခါးဖွင့်၍ စကားမပြောဆိုလိုသည့်အတွက် စိတ်ဓာတ်မကျပါနှင့်။ ခက်ထန်သောမျက်နှာထားကြောင့် သတင်းကောင်းမပေးဘဲနေမည့်အစား ကြင်နာမှုပြကာ ထိုးထွင်းဉာဏ်ကိုအသုံးပြုပါ။ အခြေအနေအရ သင့်သက်သေခံချက်ကို ပြုပြင်ပေးရန် ကြိုးစားပါ။ တိုတိုတုတ်တုတ်ဆုတောင်း၍ပင် အိမ်ရှင်၏နှလုံး လက်သင့်ခံနိုင်သည့် စကားလုံးတစ်ခွန်းကို ပြောမိပေမည်။—နေဟမိ ၂:၄-၆ နှင့်နှိုင်းယှဉ်။
၁၃။ ကျွန်ုပ်တို့သက်သေခံခွင့်ရသူတို့အား စာနာမှုမည်သို့ပြနိုင်သနည်း။
၁၃ စာနာမှုရှိပါ။ ဤကိစ္စနှင့်စပ်လျဉ်း၍ သတင်းကောင်းအလို့ငှာ အမျိုးမျိုးပြုလုပ်နိုင်သည်။ ဥပမာ၊ စာနာစိတ်ရှိသည့်အတွက် သက်ကြီးရွယ်အိုတစ်ဦး သို့မဟုတ် လူမမာတစ်ဦးအား တံခါးဝတွင် ကြာရှည်ရပ်နားထောင်စေမည်မဟုတ်ပါ။ အိမ်ရှင်အတွက် သက်သောင့်သက်သာရှိစေရန် အိမ်ထဲစကားပြောဆိုခွင့် တောင်းဆိုနိုင်မည်။ သို့မဟုတ်အခြေအနေအရ စကားဖြတ်၍ လိုရင်းတိုရှင်းသာပြောလျှင်ကောင်းမည်ဟု သင်ဆုံးဖြတ်ပေမည်။ မည်သို့ပင်ရှိစေကာမူ စာနာမှုရှိပါ။ သူတို့အကျိုးကို သင်လိုလားကြောင်း သိပါလေစေ။—မဿဲ ၉:၃၅၊ ၃၆။
၁၄။ သက်သေခံရာတွင် နားထောင်သူတို့အား သက်သောင့်သက်သာ မည်သို့ရှိစေနိုင်မည်နည်း။
၁၄ သင့်စကားကိုနားထောင်သူများ သက်သောင့်သက်သာရှိရန် စကားစမြည်ပြောဆိုပါ။ သင့်အရပ်ဒေသတွင်ရှိသည့်ထုံးစံအတိုင်း ဖေါ်ရွေစွာနှုတ်ဆက်၍ စတင်သက်သေခံပါ။ (မဿဲ ၁၀:၁၂) ဖြစ်တတ်သည့် စိုးရိမ်စိတ်များနှင့် အစွဲအလမ်းများကို ထည့်တွက်ပါ။ ရည်ရည်မွန်မွန်၊ စိတ်ရင်းစေတနာပါပါ စကားပြောဆိုပါ။ ဤသို့အားဖြင့် သင်သည်အကူအညီပေးလိုစိတ်ရှိကြောင်း၊ အခြားမည်သည့်အကြံဉာဏ်မျိုးမှမရှိကြောင်း အိမ်ရှင်အားစိတ်ချစေမည်။
၁၅။ သင့်အကြောင်းလုံလောက်စွာသိစေပြီး လည်ပတ်ရောက်လာသည့်အကြောင်းကို အဘယ်ကြောင့်ပြောပြသင့်သနည်း။
၁၅ မည်သူလည်ပတ်လာသည်၊ အဘယ်အကြောင်းကြောင့် ရောက်လာသည်ကို အိမ်ရှင်များ သိရန်လိုအပ်သည်။ ထိုကြောင့် သင့်ကိုယ်ကို ပြည့်စုံစွာမိတ်ဆက်ပါ။ အချို့နေရာဒေသများနှင့် အထူးသဖြင့် အာဖရိကနှင့်အာရှတွင် သင်ကားမည်သူနည်း၊ သင့်လိပ်စာ၊ အိမ်ထောင်ရှိမရှိ၊ သားသမီးရှိမရှိ အစရှိသည့်မေးခွန်းတို့၏အဖြေကိုရလိုသည်ထိ ဧည့်သည်များအပေါ် စိတ်ဝင်စားမှုရှိသည်။ အဆင်ပြေစေရန်အတွက် သင့်လည်ပတ်မှု၏ရည်ရွယ်ချက်ကို မတင်ပြမီ ယင်းမေးခွန်းများကိုဖြေဆိုရသည့်ထုံးစံရှိပါသည်။ ဤသို့နှုတ်ခွန်းဆက်သခြင်းတို့သည် မလိုအပ်ဟူ၍သဘောမထားပါနှင့်။ ထိုအချိန်အတွင်း အိမ်ရှင်ကိုအကဲခတ်ဂရုစိုက်၍ အပြန်အလှန်လေးစားမှုရှိစေရန်ကြိုးစားပါ။
၁၆။ အိမ်ရှင်နှင့် စကားအားဖြင့်အဆက်အသွယ်ရှိရန် အချက်ကျသောမေးခွန်းများသည် မည်သို့အကူအညီပေးသနည်း။
၁၆ အိမ်ရှင်နှင့် စကားဆက်သွယ်နိုင်ရန် ထိမိသောမေးခွန်းများ မေးမြန်းပါ။ လူတစ်ဦး၏မျက်နှာပေါ် ပေါ်လွင်သည့်အရာအပြင် သူ့စိတ်နေစိတ်ထား၊ ခံစားချက်များကို သဘောပေါက်ဖို့လိုပါသည်။ ယင်းတို့ကိုသိရှိရန် အိမ်ရှင်၏ကြည့်မြင်ပုံနှင့် သူ့အစွဲများကို သူတင်ပြပေးရန် မေးခွန်းများကို ကျွမ်းကျင်စွာအသုံးပြုနိုင်ပါသည်။ ဥပမာ၊ သက်သေခံတစ်ဦး၏လည်ပတ်မှုအကြောင်း၊ တိရစ္ဆာန်ချစ်တတ်သော သားသမီးမရှိသည့်အမျိုးသမီးတစ်ဦး ဤသို့ပြောသည်။ “သူမ၏ပြုံးရွှင်သောမျက်နှာထားနှင့်ပတ်သက်၍ ကျွန်မမှတ်မိသည်ကား တည်ငြိမ်မှုဖြစ်သည်။ တကယ် စိတ်ဝင်စားမိသည်။ မြေကြီးပေါ်အခြေအနေများတွင် ကျွန်မစိုးရိမ်စရာအဖြစ်ဆုံးကားအဘယ်နည်းဟု မေးခဲ့သည်။ တိရစ္ဆာန်များကို လူတို့ဆက်ဆံပုံဖြစ်သည်ဟု ကျွန်မပြောဆိုသည့်အခါ၊ စစ်မှန်သောငြိမ်သက်မှုအောက် တိရစ္ဆာန်များနေထိုင်ကြရမည့်အကြောင်း ဟေရှာယ ၁၁:၆-၉ ကိုသူမပြသည်။ သို့နှင့် ကျွန်မပိုသိလိုခဲ့သည်။”
၁၇။ အိမ်ရှင်က သူ၏အခြေအနေအကြောင်းပြောပြချက်တို့ကို အဘယ်ကြောင့်ဂရုစိုက်နားထောင်သင့်သနည်း။
၁၇ အထူးသဖြင့် အကြိမ်ကြိမ်အမှုဆောင်ရသည့်ရပ်ကွက်တွင် အိမ်ရှင်က မိမိအခြေအနေအကြောင်း၊ ပြောလေသမျှကို ဂရုစိုက်နားထောင်ပါ။ ဤနည်းဖြင့် တိုတောင်းသောအချိန်ကလေးတွင် ထိုသူအကြောင်း မှတ်သားလောက်သည့်အကြောင်းတစ်ခုခုကို သိရှိသွားနိုင်သည်။ ထိုအိမ်မှထွက်ခွါပြီးနောက် တစ်အိမ်မှတစ်အိမ်မှတ်တမ်းပေါ် ထိုအချက်အလက်တို့ကိုရေးမှတ်ပါ။ သို့သော် သင်မဖြေဆိုနိုင်သည့် မေးခွန်းတစ်ခုကို အိမ်ရှင်မေးလိုက်လျှင်ကော။ နောက်တစ်ခါသင်ပြန်လည်ပတ်သည့်အခါ သတင်းကောင်းကို အကောင်းဆုံးနည်းဖြင့်တင်ပြပြောဆိုနိုင်ရန် ကင်းမျှော်စင်အသင်း၏စာပေစာတမ်းများတွင် လေ့လာမှုပြုလုပ်ထားပါ။
သာသနာပြုများအတွက် ပုံသက်သေ
၁၈။ သာသနာပြုများနှင့် အခြားသူတို့သည် ပေါလုထံမှ အဘယ်သင်ခန်းစာရနိုင်သနည်း။
၁၈ သတင်းကောင်းအတွက် ခပ်သိမ်းသောအရာကိုပြုသူများတွင် ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်းမှ လေ့ကျင့်မှုရရှိခဲ့သောသာသနာပြုများပါဝင်သည်။ ချီးမွမ်းထိုက်သော သာသနာပြုစိတ်ထားရှိသူ ပေါလုထံမှ သူတို့သင်ယူနိုင်စရာများစွာရှိသည်။ ဥပမာ၊ ဂျူးနှင့်တစ်ပါးအမျိုးသားများ သမ္မာတရားလက်ခံရန် အတားအဆီးတစ်မျိုးမျိုး မိမိကြောင့်မဖြစ်ပေါ်စေလိုပါ။ ထိုကြောင့် မိမိစားသုံးသည့်အစာကို တမန်တော်ဂရုပြုသည်။ အစာအချို့ကိုစားပိုင်ခွင့်ရှိသည်အတိုင်း စားသုံးခြင်းဖြင့် သူတစ်ပါးအားထိမိမလဲစေရန် ဂရုစိုက်ဖို့ ကောရိန္သုခရစ်ယာန်များကို သူမှာကြားခဲ့သည်။ (၁ ကောရိန္သု ၈:၈၊ ၉) New Century Bible တွင် ပါမောက္ခ အက်ဖ်၊ အက်ဖ်၊ ဘရူးစ် ဤသို့ဆိုသည်။ “[၁ ကောရိန္သု] အခန်းကြီး ၈ တွင်ပြဿနာဖြစ်နေသည့်အစာကဲ့သို့သော) အရေးမပါလှသည့်အရာတို့တွင် မည်သည့်အတားအဆီးမျှမဖြစ်စေဘဲ၊ သတင်းကောင်းအတွက် လူတို့ကို ‘ရရန်’ သူပေါင်းသင်းနေသူတို့၏ထုံးစံကို [ပေါလု] လိုက်လျောတတ်သည်။” (ရောမ ၁၄:၂၁) ထိုနည်းတူစွာ ယေဟောဝါသက်သေများ၏သာသနာပြုများသည် သူတို့ရပ်ကွက်နေ လူတို့၏ထုံးစံကိုပြောင်းလဲပေးရန်မကြိုးစားပါ။ သို့သော် ဘုရားသခင်၏အလိုတော်နှင့်တွေ့ရန် လူသစ်များကို ဝိညာဏကူညီမှုဖြင့် ပြုပြင်ပြောင်းလဲစေသည်။—ရောမ ၁၂:၁၊ ၂။
၁၉။ တပည့်ဖြစ်စေရာတွင် (က) သာသနာပြုလုပ်ငန်းလုပ်နေသူတို့ (ခ) နိုင်ငံတော်သတင်းကြေညာသူအားလုံးအတွက် အဘယ်ပြုပြင်ပြောင်းလဲမှုများ လိုအပ်ကောင်းလိုအပ်မည်နည်း။
၁၉ သာသနာပြုလုပ်ငန်းလုပ်ကိုင်ရသည့် သူတို့ရပ်ကွက်နေသူများ၏ လုပ်နည်းလုပ်ရပ်၊ ထုံးစံဓလေ့များကို သိရှိရန်လိုအပ်သည်။ ယင်းက အတွေ့အကြုံတိုးများစေပြီး၊ သူတို့၏ဟောပြောခြင်းလုပ်ငန်းတွင် ပိုမိုထိရောက်ရန် သာသနာပြုများအတွက် အကူအညီပေးနိုင်သည်။ အမှန်မှာ သူတစ်ပါးကိုထိမိမလဲစေရန် ဝတ်စားဆင်ယင်ပုံ၌ပင် ပြုပြင်ပေးစရာလိုကောင်းလိုပေမည်။ ဥပမာ၊ အနောက်အာဖရိကသို့ သာသနာပြု ညီအစ်မတစ်ဦးရောက်ခါစတွင် မိမိမျက်နှာအလှပြင်ပုံသည် ထိုအရပ်ဒေသရှိ မိန်းမပျက်များနှင့် မိမိအား တစ်တန်းတစ်စားတည်းဖြစ်စေနိုင်ကြောင်း သူသိနားလည်ခဲ့သည်။ ထိုကြောင့် သူ၏စိတ်ထားကို သူတစ်ပါးသံသယမရှိစေရန် မိတ်ကပ်လိမ်းပုံကို သူချက်ချင်းပြောင်းလဲခဲ့သည်။ သူတစ်ပါးအား ဝိညာဉ်ရေးဘက်ကူညီပေးခြင်းအလိုငှာ ယေဟောဝါသက်သေအားလုံး သင့်တော်စွာဝတ်စားဆင်ယင်သင့်သည်မှန်သည်။ ‘ညီအစ်ကိုချင်း ထိမိ၍လဲစရာမဖြစ်စေရန်၊’ အချင်းချင်းတည်ဆောက်စရာကိုသာပြုမူရန် မှာကြားခံရသောခရစ်ယာန်များသည် မည်သူကိုမျှထိမိ၍လဲသွားစေလိုမည်မဟုတ်ပါ—ရောမ ၁၄:၁၃၊ ၁၉။
၂၀။ (က) အကျဉ်းချုပ်အားဖြင့် “သတင်းကောင်းအတွက် ခပ်သိမ်းသောအရာကိုပြု” ရန် အဘယ်အရာက အကူအညီပေးမည်နည်း။ (ခ) အဘယ်မေးခွန်းများဖြေဆိုစရာလိုသနည်း။
၂၀ နိုင်ငံတော်သတင်းကြွေးကြော်သူများအနေနှင့် အောင်မြင်မှုရရှိရန် ယေဟောဝါကောင်းချီးအပေါ်မူတည်သည်။ (၁ ကောရိန္သု ၃:၆၊ ၇) သို့ရှိစေကာမူ ကျွန်ုပ်တို့လည်း ကြိုးစားအားထုတ်ရမည်။ ထိုကြောင့် ဓမ္မအမှုတွင် ပေါလုအကဲခတ်ဂရုစိုက်သည်နည်းတူ ကြည့်ရှုလေ့လာပါ။ ထိုးထွင်းဉာဏ်အသုံးပြုပါ။ စာနာမှုရှိပါ။ အိမ်ရှင်များ သက်သောင့်သက်သာရှိရန် ကြိုးစားပါ။ သူတို့နှင့်စကားအားဖြင့်ဆက်သွယ်နိုင်ရန် အချက်ကျသောမေးခွန်းများကို မေးမြန်းပါ။ ကျမ်းစာနှင့်မဆန့်ကျင်သည့် ထူးခြားဆန်းကြယ်ဟန်ရှိသော ထုံးစံများကို လိုက်လျောနိုင်ရန်ကြိုးစားပါ။ ‘သတင်းကောင်းကို အတူတကွဆက်ဆံခြင်းအလိုငှာ ထိုတရားအတွက် ခပ်သိမ်းသောအရာများကို ကျွန်ုပ်တို့ပြု’ ကြစို့လေ။ (၁ ကောရိန္သု ၉:၂၃) သို့သော် အချို့သူတို့သည် ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းအဝင်ဖြစ်နေပြီဆိုလျှင် မည်သို့နည်း။ သူတို့နှင့် မည်သို့ဆက်ဆံမည်နည်း။
သင်မည်သို့ဖြေဆိုမည်နည်း
▫ ဂျူးများ ခရစ်ယာန်ဖြစ်လာနိုင်ရန် ပေါလုဘာလုပ်ခဲ့သနည်း။
▫ တစ်ပါးအမျိုးသားတို့ကိုရရန် ပေါလုမည်သို့ရှာကြံခဲ့သနည်း။
▫ ကျွန်ုပ်တို့၏ ဟောပြောခြင်းစွမ်းရည်များ တိုးတက်စေနိုင်သည့် နည်းအချို့ကားအဘယ်နည်း။
▫ သာသနာပြုများနှင့် နိုင်ငံတော်သတင်းကြွေးကြော်သူ အခြားသူတို့အတွက် ပေါလုအဘယ်ပုံသက်သေချမှတ်ပေးခဲ့သနည်း။