ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၆/၁ စာ. ၁၃-၁၈
  • မှန်သောဘာသာကိုသိရှိခြင်းနှင့် ဒွန်တွဲလာသည့်တာဝန်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မှန်သောဘာသာကိုသိရှိခြင်းနှင့် ဒွန်တွဲလာသည့်တာဝန်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သင်မည်သို့တုံ့ပြန်သနည်း
  • ယေဟောဝါထံသင့်ဆက်ကပ်အပ်နှံမှုသည် ပြည့်ဝစုံလင်သလော
  • ခရစ်တော်၏မေတ္တာတော်သည် သင့်အပေါ် မည်မျှနက်နဲစွာအကျိုးသက်ရောက်သနည်း
  • လောကနှင့်သီးခြားဖြစ်ခြင်း —မည်သည့်အတိုင်းအတာဖြင့်နည်း
  • သင့်မေတ္တာမည်မျှလက်လှမ်းမီသနည်း
  • မှန်သောဘာသာကို သင်တွေ့ရှိပြီလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ဘုရားသခင်နှစ်သက်လက်ခံတဲ့ ဝတ်ပြုရေး
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဘာသာတရား
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ကျွန်ုပ်တို့ကြွေးကြော်ရမည့် သတင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၆/၁ စာ. ၁၃-၁၈

မှန်သောဘာသာကိုသိရှိခြင်းနှင့် ဒွန်တွဲလာသည့်တာဝန်

“ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ကြားနာ၍ စောင့်ရှောက်သောသူတို့သည် ပျော်ရွှင်ကြ၏!”—လုကာ ၁၁:၂၈၊ ကဘ။

၁ မှန်သောဘာသာကို ခွဲခြားသိမြင်ပြီးသည်နှင့် မိမိတို့၏အသက်တာကို ယင်းအပေါ်တွင်တည်ဆောက်ကြသူများကား မည်ကဲ့သို့သောလူများနည်း။

မှန်သောဘာသာကို ခွဲခြားသိမြင်ရုံမျှနှင့် မလုံလောက်သေးပါ။ ကျွန်ုပ်တို့သည် ဖြောင့်မတ်မှန်ကန်ရာကိုမြတ်နိုးသူဖြစ်ပါက ယင်းကိုတွေ့တွေ့ချင်း ကျွန်ုပ်တို့၏အသက်တာကို ယင်းပေါ်တွင်တည်ဆောက်ကြပေမည်။ မှန်သောဘာသာသည် စိတ်ပိုင်းဆိုင်ရာအတွေးအခေါ်သက်သက်မဟုတ်ပါ; ယင်းသည် ဘဝလမ်းစဉ်ဖြစ်သည်။—ဆာလံ ၁၁၉:၁၀၅; ဟေရှာယ ၂:၃; တမန်တော် ၉:၂ နှိုင်းယှဉ်။

၂၊ ၃။ (က) ဘုရားသခင့်အလိုတော်ဆောင်ခြင်း၏ အရေးကြီးမှုကို ယေရှုမည်သို့အထူးပြုဖော်ပြခဲ့သနည်း။ (ခ) မှန်သောဘာသာကို သိရှိသူယောက်တိုင်း မည်သည့်တာဝန်ရှိသနည်း။

၂ ဘုရားသခင်က မိမိ၏အလိုတော်အဖြစ်ဖော်ပြထားသည့်အရာကို လုပ်ဆောင်ခြင်း၏ အရေးကြီးမှုကို ယေရှုအလေးအနက်ပြောခဲ့သည်။ တောင်ပေါ်ဒေသနာအဖြစ် ကျော်ကြားလာသော ဟောပြောချက်ကို နိဂုံးချုပ်ရာတွင် ယေရှုကြေညာခဲ့သည်မှာ မိမိကို သခင်ဟုခေါ်သူ (သို့ဖြင့် မိမိတို့ကိုယ်ကို ခရစ်ယာန်ဟုဆိုသူ) တိုင်း ဘုရားသခင့်နိုင်ငံတော်ကို ဝင်ရမည်မဟုတ်; မိမိခမည်းတော်၏အလိုတော်ကို ဆောင်သောသူမှသာလျှင် ဝင်ရမည်ဟူ၍ဖြစ်သည်။ အခြားသူများမူ “အဓမ္မအမှုကိုပြုသောသူ” များအဖြစ် ငြင်းပယ်ခံရကြမည်ဟု ယေရှုပြောခဲ့သည်။ အဘယ်ကြောင့်အဓမ္မအမှုဖြစ်ရသနည်း။ ကျမ်းစာဖော်ပြသည့်အတိုင်း ဘုရားသခင်၏အလိုတော်ကို လုပ်ဆောင်ရန် ပျက်ကွက်ခြင်းသည် အပြစ်ဖြစ်ပြီး အပြစ်အားလုံးသည် အဓမ္မအမှုဖြစ်သည်။ (မဿဲ ၇:၂၁-၂၃; ၁ ယောဟန် ၃:၄; ရောမ ၁၀:၂၊ ၃ နှိုင်းယှဉ်။) လူတစ်ဦးသည် မှန်သောဘာသာကိုသိပြီး ယင်းကိုသွန်သင်ပေးသူများအား သဘောကျကာ ယင်းကိုကျင့်သုံးသူများအား ချီးမွမ်းကောင်းချီးမွမ်းမည်။ သို့သော် သူကိုယ်တိုင်ကလည်း ယင်းကို ဘဝတွင်လက်တွေ့ကျင့်သုံးရန် တာဝန်ရှိပေသည်။ (ယာကုပ် ၄:၁၇) ထိုတာဝန်ကို သူလက်ခံပါက ကြွယ်ဝသည့်အသက်တာကိုရရှိပြီး အခြားနည်းဖြင့်မရနိုင်သည့် ရွှင်လန်းမှုကို သူခံစားရပေမည်။

၃ ရှေ့ဆောင်းပါးတွင် မှန်သောဘာသာကို ခွဲခြားသိမြင်နိုင်သည့်အချက်ခြောက်ချက်ကို ကျွန်ုပ်တို့သုံးသပ်ခဲ့သည်။ ယင်းအချက်တစ်ချက်စီသည် မှန်သောဘာသာကို ကျွန်ုပ်တို့ခွဲခြားသိမြင်နိုင်ရန် အကူအညီဖြစ်စေရုံမျှမက ကျွန်ုပ်တို့တစ်ဦးစီအတွက် စိန်ခေါ်မှုနှင့်အခွင့်အရေးကို ဖြစ်ပေါ်စေသည်။ မည်သို့အားဖြင့်နည်း။

ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သင်မည်သို့တုံ့ပြန်သနည်း

၄။ (က) ယေဟောဝါသက်သေများနှင့် စတင်ပေါင်းသင်းသူလူသစ်များသည် သက်သေခံများသမ္မာကျမ်းစာသုံးသည်ကို မြင်သည်နှင့် မကြာမီ မည်သည့်အရာကိုသတိပြုမိသနည်း။ (ခ) ကောင်းစွာဝိညာဏကျွေးမွေးမှုခံရခြင်းက ယေဟောဝါ၏ကျေးကျွန်များအား မည်သို့အကျိုးသက်ရောက်သနည်း။

၄ စိတ်ဝင်စားသူလူသစ်များသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာသည်နှင့်အမျှ ထိုလူသစ်များစွာတို့က မိမိတို့သွန်သင်ခံရသည့်အရာများသည် သမ္မာကျမ်းစာမှဖြစ်ကြောင်း မရှေးမနှောင်းပင် ပိုင်းခြားသိရှိလာကြသည်။ သူတို့၏မေးခွန်းများကို ဖြေဆိုပေးရာတွင် ချာ့ချ်အယူဝါဒများ၊ လူ့ထုံးတမ်းစဉ်လာများ၊ ထင်ရှားကျော်ကြားသည့်လူတို့၏ အတွေးအခေါ်များကို သူတို့မကိုးကားကြပါ။ ဘုရားသခင့်နှုတ်ကပါဌ်တော်သာလျှင် ပင်မကိုးကားရာဖြစ်သည်။ ဘုရားနိုင်ငံတော်ခန်းမသို့ သူတို့သွားသောအခါ၌လည်း သမ္မာကျမ်းစာသည် အဓိကသင်ရိုးစာအုပ်ဖြစ်သည်ကို သူတို့တွေ့ကြရသည်။ ယေဟောဝါသက်သေများတွင် တွေ့ရသည့်ရွှင်လန်းမှု၏ အဓိကအကြောင်းရင်းမှာ သူတို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်မှ ဝိညာဏကျွေးမွေးမှုကို ကောင်းစွာခံရသောကြောင့်ဖြစ်ကြောင်း စိတ်ရင်းမှန်ဖြင့် သမ္မာတရားရှာဖွေသူများ မကြာမီသိနားလည်လာကြသည်။—ဟေရှာယ ၆၅:၁၃၊ ၁၄။

၅။ (က) ယေဟောဝါသက်သေများအား အကဲခတ်နေသူများအတွက် မည်သည့်စိန်ခေါ်မှုရှိသနည်း။ (ခ) သူတို့သည် သက်သေခံများနှင့်အတူ မည်သို့အားဖြင့်ရွှင်လန်းနိုင်မည်နည်း။

၅ ယင်းကိုသင်အသိအမှတ်ပြုလျှင် မည်သို့တုံ့ပြန်မည်နည်း။ ယင်းကိုသင်နားလည်ပါက တုံ့ပြန်မှုမရှိသည့်လေ့လာသူတစ်ဦးသက်သက်အဖြစ် သင်မနေနိုင်ပါ၊ နေလည်းမနေလိုသင့်ပါ။ သမ္မာကျမ်းစာက “တရားကိုကျင့်သောသူ” မဟုတ်ဘဲ “နှုတ်ကပါဌ်တရားတော်ကို နာရုံမျှသာပြုသောသူ” တို့သည် ‘မှားယွင်းသောဆင်ခြေများဖြင့် ကိုယ့်ကိုယ်ကိုလှည့်ဖြား’ သူများဖြစ်ကြောင်း ဖော်ပြထားသည်။ (ယာကုပ် ၁:၂၂) သူတို့မည်သို့ပင်ပြောစေကာမူ ဘုရားသခင်အားနာခံရန်ပျက်ကွက်မှုသည် ကိုယ်တော်အားအမှန်မချစ်ကြောင်း တင်ပြသည်ကို အသိအမှတ်မပြုကြသောကြောင့် သူတို့သည် မိမိတို့ကိုယ်ကိုလှည့်ဖြားကြသည်။ အကျင့်အားဖြင့် ပံ့ပိုးမှုမရှိသည့် ယုံကြည်သည်ဟူသောအဆိုသည် ယုံကြည်ခြင်းအသေဖြစ်သည်။ (ယာကုပ် ၂:၁၈-၂၆; ၁ ယောဟန် ၅:၃) ဆန့်ကျင်ဘက်အနေနှင့် ယေဟောဝါကိုချစ်ခြင်းဖြင့် လှုံ့ဆော်ခံရသည့် “အကျင့်ကျင့်သောသူ” သည် “မိမိကျင့်သောအကျင့်၌ မင်္ဂလာရှိ [ပျော်ရွှင်၊ ကဘ]” လိမ့်မည်။ ယေရှုခရစ်ရှင်းပြသကဲ့သို့ “ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို ကြားနာပြီး လိုက်လျှောက်သောသူတို့သည် ပျော်ရွှင်၏။”—ယာကုပ် ၁:၂၅; လုကာ ၁၁:၂၈; ယောဟန် ၁၃:၁၇၊ ကဘ။

၆။ ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အမှန်လေးစားတန်ဖိုးထားပါက ကျွန်ုပ်တို့ကိုယ်တိုင် မည်သည့်အခွင့်အရေးများကို လက်မလွှတ်တမ်းကိုင်ဖမ်းရန် ကြိုးစားအားထုတ်ကြမည်နည်း။

၆ ဘုရားသခင့်အလိုတော်ကို သင်တိုး၍သိရှိလာပြီး သိရှိရာများကို ကျင့်သုံးလာသည်နှင့်အမျှ ထိုရွှင်လန်းမှုသည်လည်း ပို၍နက်ရှိုင်းလာမည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုလေ့လာရန် သင်မည်မျှအားစိုက်ထုတ်မည်နည်း။ စာမတတ်သူထောင်ပေါင်းများစွာတို့သည် ကျမ်းစာကိုဖတ်နိုင်ပြီး သူတစ်ပါးကိုပြန်သွန်သင်နိုင်ရန်အလို့ငှာ စာဖတ်တတ်ရန် ကြိုးစားအားထုတ်လာခဲ့ကြပြီ။ အချို့တို့က သမ္မာကျမ်းစာနှင့် ကင်းမျှော်စင် ကဲ့သို့သော ကျမ်းစာလေ့လာမှုအထောက်အကူစာပေများကို နေ့စဉ်ဖတ်ရှုနိုင်ရန် အချိန်ရဖို့ နံနက်တိုင်းစောစောထကြသည်။ သင်ကိုယ်တိုင် သမ္မာကျမ်းစာကို မှန်မှန်ဖတ်ရှုခြင်း သို့မဟုတ် အခြားလေ့လာစရာများမှ ကိုးကားကျမ်းချက်များဖတ်ရှုခြင်းကိုပြုစဉ် ယေဟောဝါ၏ပညတ်တော်နှင့် အမိန့်တော်များကို ဂရုတစိုက်မှတ်သားပြီး ထိုတွင်ပါသော ကျွန်ုပ်တို့အားလမ်းညွှန်မှုပေးသည့်မူများကို ပိုင်းခြားသိမြင်နိုင်ရန်ကြိုးစားပါ။ ဘုရားသခင်၊ ကိုယ်တော့်ရည်ရွယ်ချက်၊ လူသားများနှင့်ကိုယ်တော်ဆက်ဆံပုံတို့ကို ထင်ရှားပြသည့်အပိုင်းတစ်ခုစီကို တွေးတောစဉ်းစားပါ။ သင့်နှလုံးကိုပုံသွင်းရန် ယင်းအတွက် အချိန်ယူပါ။ သမ္မာကျမ်းစာ၏သြဝါဒများကို သင့်အသက်တာတွင် ပိုမိုပြည့်ဝစွာကျင့်သုံးနိုင်သည့် နည်းလမ်းများရှိသေးသလောဟု ဆင်ခြင်သုံးသပ်ပါ။—ဆာလံ ၁:၁၊ ၂; ၁၉:၇-၁၁; ၁ သက်သာလောနိတ် ၄:၁။

ယေဟောဝါထံသင့်ဆက်ကပ်အပ်နှံမှုသည် ပြည့်ဝစုံလင်သလော

၇။ (က) သုံးပါးပေါင်းတစ်ဆူအယူဝါဒက ဘုရားသခင်ကိုကိုးကွယ်ရန် လူတို့၏ကြိုးစားအားထုတ်မှုကို မည်သို့သြဇာသက်ရောက်သနည်း။ (ခ) ယေဟောဝါနှင့်ပတ်သက်သည့် အမှန်တရားကို လူတစ်ဦးလေ့လာသောအခါ မည်သည့်အရာဖြစ်ပျက်နိုင်သနည်း။

၇ လူသန်းပေါင်းများစွာတို့က မှန်သောဘုရားသခင်သည် သုံးပါးပေါင်းတစ်ဆူဘုရားမဟုတ်ကြောင်း လေ့လာသိရှိရသည့်အတွက် စိတ်သက်သာရာရကြသည်။ “ယင်းသည် နက်နဲရာဖြစ်သည်” ဟူသောဖြေရှင်းချက်သည် သူတို့အား ဘယ်တော့မျှမကျေနပ်စေပါ။ မသိနားမလည်နိုင်သောဘုရားတစ်ဆူကို သူတို့မည်သို့ချဉ်းကပ်နိုင်ကြမည်နည်း။ ထိုသွန်သင်ချက်၏ အကျိုးဆက်တစ်ခုအနေနှင့် သူတို့သည် (နာမတော်ကို ချာ့ချ်တွင် တစ်ခါမျှမကြားဖူးသော) ခမည်းတော်ကို လျစ်လျူရှုလာကြပြီး ယေရှုကို ဘုရားအဖြစ်ကိုးကွယ် သို့မဟုတ် (“ဘုရားသခင်၏မယ်တော်” ဟုသူတို့သွန်သင်ခံရသော) မာရိထံသို့ သူတို့ဝတ်ပြုရေးဦးတည်လာကြသည်။ သို့သော် ယေဟောဝါသက်သေတစ်ဦးက ယေဟောဝါတည်းဟူသော ဘုရားသခင်၏ကိုယ်ပိုင်နာမတော်ကို သမ္မာကျမ်းစာမှဖွင့်ပြလိုက်သောအခါ သူတို့၏နှလုံးက နှစ်လိုစွာတုံ့ပြန်ကြသည်။ (ဆာလံ ၈၃:၁၈) ဗင်နီဇွဲလားအမျိုးသမီးတစ်ဦးအား သက်သေခံညီအစ်မငယ်တစ်ဦးက ဘုရားသခင့်နာမတော်ကို ဖွင့်ပြလိုက်သောအခါ ထိုအမျိုးသမီးသည် ဝမ်းသာလွန်းအားကြီးသဖြင့် အဖိုးအနဂ္ဃထိုက်တန်သည့်သမ္မာတရားကို မိမိအားဝေမျှသော ထိုညီအစ်မအား ပွေ့ဖက်လိုက်ပြီး အိမ်တွင်းကျမ်းစာသင်အံမှုကိုပါ လက်ခံလိုက်သည်။ ယေရှုက မိမိ၏ခမည်းတော်အား “ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ဘုရားသခင်” ဟုပြောခဲ့ပြီး “မှန်သောဘုရားသခင်တစ်ဆူတည်း” အဖြစ် ရည်ညွှန်းခဲ့သည်ကို ထိုသို့သောသူများသိရှိလာကြသောအခါ သမ္မာကျမ်းစာသွန်သင်သည့် ဘုရားသခင်၏အကြောင်းသည် နားမလည်နိုင်သောအရာများမဟုတ်ကြောင်း သူတို့သဘောပေါက်လာကြသည်။ (ယောဟန် ၁၇:၃; ၂၀:၁၇) သူတို့သည် ယေဟောဝါ၏အရည်အချင်းတော်များကို သိရှိလာသည်နှင့်အမျှ ကိုယ်တော်နှင့်နီးကပ်မှုကိုခံစားကြရပြီး ကိုယ်တော့်ထံဆုတောင်းစပြုကာ ကိုယ်တော့်နှစ်သက်မှုကို ရယူလိုလာကြသည်။ ရလဒ်ကားအဘယ်နည်း။

၈။ (က) ယေဟောဝါကိုချစ်သည့်မေတ္တာနှင့် ကိုယ်တော့်နှစ်သက်မှုကို ဖြစ်စေလိုသည့်ဆန္ဒကြောင့် လူသန်းပေါင်းများစွာတို့သည် မည်သည့်အရာကို ပြုခဲ့ကြပြီနည်း။ (ခ) ခရစ်ယာန်နှစ်ခြင်းသည် အဘယ်ကြောင့်မရှိမဖြစ်အရေးကြီးသနည်း။

၈ လွန်ခဲ့သည့်ဆယ်နှစ်အတွင်းက တိုက်ကြီးခြောက်တိုက်နှင့် ကျွန်းပေါင်းများစွာတို့မှ လူ ၂,၅၂၈,၅၂၄ ယောက်တို့သည် မိမိတို့အသက်တာကို ယေဟောဝါထံ ဆက်ကပ်အပ်နှံကြပြီး ရေတွင်နှစ်ခြင်းခံခြင်းအားဖြင့် ယင်းကိုတင်ပြခဲ့ကြသည်။ သူတို့ထဲတွင် သင်လည်းတစ်ဦးအပါအဝင်ဖြစ်ခဲ့သလော၊ သို့မဟုတ် ယခု သင်နှစ်ခြင်းခံရန် ပြင်ဆင်နေသလော။ နှစ်ခြင်းသည် ခရစ်ယာန်စစ်တိုင်းအတွက် အရေးကြီးသည့်ဘဝမှတ်တိုင်တစ်ခုဖြစ်သည်။ လူမျိုးအားလုံးမှလူများအား တပည့်ဖြစ်စေပြီး နှစ်ခြင်းပေးရန် မိမိ၏နောက်တော်လိုက်များအား ယေရှုတာဝန်ပေးခဲ့သည်။ (မဿဲ ၂၈:၁၉၊ ၂၀) ယေရှုနှစ်ခြင်းခံသောအခါ “သင်ကား ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း” ဟု ကောင်းကင်မှ ယေဟောဝါကိုယ်တော်တိုင် ပြောဆိုသည့်စကား ဆက်တိုက်လိုက်ပါလာသည်မှာလည်း မှတ်သားစရာပင်ဖြစ်သည်။—လုကာ ၃:၂၁၊ ၂၂။

၉။ ယေဟောဝါနှင့် နှစ်လိုဖွယ်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ကျွန်ုပ်တို့ဘက်မှ မည်သည့်အရာလိုအပ်သနည်း။

၉ ယေဟောဝါစိတ်တော်တွေ့စေသည့်ဆက်ဆံရေးသည် နှစ်သက်မြတ်နိုးဖွယ်ရာဖြစ်သည်။ သင်သည် ဆက်ကပ်အပ်နှံခြင်းနှင့် နှစ်ခြင်းအားဖြင့် ထိုဆက်ဆံရေးကိုရရှိလာသောအခါ ယင်းကိုယုတ်လျော့ပျက်ပြားစေမည့် မည်သည့်အရာမဆိုကို ရှောင်ကြဉ်ပါ။ ဘဝအတွက်စိုးရိမ်ပူပန်မှုနှင့် ရုပ်ပစ္စည်းအပေါ်အလွန်အကျွံစိတ်စွဲလမ်းမှုများက ယင်းကို ဒုတိယနေရာသို့တွန်းပို့ခြင်း မခံပါနှင့်။ (၁ တိမောသေ ၆:၈-၁၂) သု. ၃:၆ ပါသြဝါဒနှင့်အညီ အမှန်ပင်အသက်ရှင်နေထိုင်ပါ– “သွားလေရာရာ၌ [ယေဟောဝါ] ကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။”

ခရစ်တော်၏မေတ္တာတော်သည် သင့်အပေါ် မည်မျှနက်နဲစွာအကျိုးသက်ရောက်သနည်း

၁၀။ ယေဟောဝါအားကျွန်ုပ်တို့ကိုးကွယ်ခြင်းက အဘယ်ကြောင့် ယေရှုအားလျစ်လျူမရှု စေသနည်း။

၁၀ ယေဟောဝါအား တစ်ဆူတည်းသောဘုရားမှန်အဖြစ် တော်သင့်မှန်ကန်စွာသိနားလည်ခြင်းသည် လူတစ်ဦးအား ယေရှုခရစ်ကို ဥပေက္ခာမပြုစေပါ။ ယင်းနှင့်ဆန့်ကျင်၍ “ပရောဖက်ဟောသော စကားချက်သဘောသည် ယေရှု၏သက်သေဖြစ်သတည်း” ဟု ဗျာဒိတ် ၁၉:၁၀ တွင် ဖော်ပြထားသည့်အတိုင်းသာဖြစ်သည်။ ကမ္ဘာဦးမှဗျာဒိတ်အထိ မှုတ်သွင်းခံပရောဖက်ပြုချက်များက ယေဟောဝါ၏ရည်ရွယ်ချက်တွင် ယေရှုခရစ်၏အခန်းကဏ္ဍနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ဖော်ပြထားသည်။ လူတစ်ဦးသည် ထိုအချက်အလက်များနှင့် အကျွမ်းတဝင်ဖြစ်လာပါက ခရစ်ယာန်ဘောင်၏ မှောက်မှားသောသွန်သင်ချက်များကြောင့် ဖြစ်ပေါ်လာသည့် အယူတိမ်းလွဲခြင်း၊ အမှားများကိုလက်ခံခြင်းတို့နှင့် ကင်းသောအရာများသည် သူ၏စိတ်အာရုံတွင် ရုပ်လုံးပေါ်လာတော့သည်။

၁၁။ ဘုရားသခင့်သားတော်နှင့်ပတ်သက်၍ သမ္မာကျမ်းစာအမှန်သွန်သင်သည့်အချက်များကို လေ့လာခြင်းက ပိုလန်နိုင်ငံရှိအမျိုးသမီးတစ်ဦးအပေါ် မည်သို့အကျိုးသက်ရောက်ခဲ့သနည်း။

၁၁ ဘုရားသခင့်သားတော်နှင့်ဆိုင်သည့် အမှန်တရားများကို ခြုံငုံသဘောပေါက်ခြင်းသည် လူတစ်ဦးကို အားကြီးသောအကျိုးသက်ရောက်စေနိုင်သည်။ ပိုလန်နိုင်ငံမှ ဒါနူတာအမည်ရှိအမျိုးသမီး ထိုသို့ပင်တွေ့ကြုံခဲ့ရသည်။ ယေဟောဝါသက်သေများနှင့် သူမအဆက်အသွယ်ရလာသည်မှာ ရှစ်နှစ်ရှိပြီး သူတို့သွန်သင်သည့်အချက်များကို သဘောကျသော်လည်း မှန်သောဝတ်ပြုရေးကို သူမ၏အသက်တာလမ်းစဉ်မဖြစ်စေခဲ့ပါ။ ထို့နောက် နားလည်လွယ်သည့်နည်းဖြင့် ခရစ်တော်၏အသက်တာအကြောင်း တင်ပြထားသော အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား စာအုပ်ကို သူမရရှိသည်။a ညနေနေဝင်ချိန်တွင် အခန်းတစ်ခန်းမျှလောက်ကိုဖတ်ကြည့်ရန် စာအုပ်ကိုသူမဖွင့်လိုက်သည်။ သို့သော် နောက်တစ်နေ့အရုဏ်မတက်မီ စာအုပ်တစ်အုပ်လုံးကို သူမဖတ်ပြီးသွားသောအခါမှသာ စာအုပ်ကိုချဖြစ်တော့သည်။ မျက်ရည်များရုတ်တရက်ကျလာပြီး “ယေဟောဝါ၊ ကျွန်မကိုခွင့်လွှတ်ပါ” ဟု တိုးလျှိုးအသနားခံခဲ့သည်။ သူမဖတ်ရသောအရာက ယေဟောဝါနှင့်ကိုယ်တော့်သားတော်တို့ တင်ပြခဲ့ကြသည့် မေတ္တာတော်ကို တစ်ခါနှင့်မျှမတူအောင် သာ၍ရှင်းလင်းစွာ သူမအားသိမြင်လာစေသည်။ လွန်ခဲ့သည့်ရှစ်နှစ်လုံးလုံး သူမအား ဘုရားသခင်က စိတ်ရှည်စွာကမ်းလှမ်းလာခဲ့သည့် အကူအညီကို သူမသည် ကျေးဇူးမသိတတ်စွာ လျစ်လျူရှုခဲ့ကြောင်း မိမိကိုယ်ကို သဘောပေါက်လာသည်။ ၁၉၉၃ ခုနှစ်ရောက်သောအခါ ယေရှုခရစ်အားယုံကြည်ခြင်းကို အခြေပြုသည့် ယေဟောဝါထံဆက်ကပ်အပ်နှံခြင်းကို ရေတွင်နှစ်ခြင်းခံခြင်းအားဖြင့် တင်ပြခဲ့သည်။

၁၂။ ယေရှုခရစ်နှင့်ပတ်သက်သည့် တိကျမှန်ကန်သောအသိပညာက ကျွန်ုပ်တို့၏အသက်တာကို မည်သို့အကျိုးသက်ရောက်သနည်း။

၁၂ “ငါတို့သခင်ယေရှုနှင့်ဆိုင်သည့် တိကျမှန်ကန်သောအသိပညာ” သည် လှုပ်ရှားတက်ကြွပြီး အသီးသီးသောခရစ်ယာန်ဖြစ်ခြင်းနှင့် ဆက်စပ်နေသည်။ (၂ ပေတရု ၁:၈၊ ကဘ) အခြားသူများအား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဝေငှခြင်းအားဖြင့် ထိုလုပ်ဆောင်မှုတွင် မည်သည့်အတိုင်းအတာအထိ သင်ပါဝင်မည်နည်း။ တစ်ဦးစီလုပ်ဆောင်နိုင်သောအတိုင်းအတာသည် အခြေအနေအမျိုးမျိုးကြောင့် ကွဲပြားနိုင်သည်။ (မဿဲ ၁၃:၁၈-၂၃) အချို့အခြေအနေများကို ကျွန်ုပ်တို့မပြောင်းလဲနိုင်; အချို့ကို ပြောင်းလဲနိုင်သည်။ ပြောင်းလဲနိုင်သည့်အရာများကို ကျွန်ုပ်တို့သိမှတ်ပြီး လုပ်ဆောင်နိုင်ရန် မည်သည့်အရာက ကျွန်ုပ်တို့အားလှုံ့ဆော်သနည်း။ တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကို အနိုင်အထက်သွေးဆောင်၏”; တစ်နည်းအားဖြင့် ကျွန်ုပ်တို့အကျိုးအတွက် မိမိအသက်ကိုစွန့်ခြင်းအားဖြင့် ကိုယ်တော်တင်ပြခဲ့သည့်မေတ္တာတော်သည် ပေါ်လွင်လွန်းလှရကား ကျွန်ုပ်တို့စိတ်တွင် ယင်းကိုလေးမြတ်သည့်သဘော ပေါ်ပေါက်လာသည်နှင့်အမျှ ကျွန်ုပ်တို့နှလုံးသည်လည်း လေးလေးနက်နက်လှုံ့ဆော်ခံရကြသည်။ ရလဒ်အနေနှင့် တစ်ကိုယ်ကောင်းဆန်သည့်ရည်မှန်းချက်များနောက် တစ်ကောက်ကောက်လိုက်ခြင်းနှင့် ကိုယ့်ကိုယ်ကို စည်းမဲ့ကမ်းမဲ့အလိုလိုက်ခြင်းတို့သည် မသင့်လျော်ဆုံးသောအရာများဖြစ်ကြောင်း ကျွန်ုပ်တို့သဘောပေါက်လာကြသည်။ ယင်းသို့ပြုမည့်အစား ကျွန်ုပ်တို့သည် မိမိတပည့်တော်များပြုလုပ်ရန် ခရစ်တော်သင်ပေးခဲ့သောလုပ်ငန်းကို ဦးထိပ်ထားရန် ကျွန်ုပ်တို့၏အရေးကိစ္စများကို ညှိနှိုင်းပြောင်းလဲရမည်ဖြစ်သည်။—၂ ကောရိန္သု ၅:၁၄၊ ၁၅။

လောကနှင့်သီးခြားဖြစ်ခြင်း —မည်သည့်အတိုင်းအတာဖြင့်နည်း

၁၃။ ၎င်းကိုယ်နှိုက်ကို လောကနှင့်ပတ်သက်စေသော ဘာသာရေးနှင့် ကျွန်ုပ်တို့အဘယ်ကြောင့် မပတ်သက်လိုသင့်သနည်း။

၁၃ လောကနှင့်ပတ်သက်လိုသောကြောင့် ခရစ်ယာန်ဘောင်နှင့်အခြားဘာသာများ ပြုခဲ့ကြသည့်မှတ်တမ်းများကို တွေ့မြင်ရန်မခဲယဉ်းပါ။ ချာ့ချ်ရန်ပုံငွေများသည် တော်လှန်ရေးကိစ္စများတွင် ငွေကြေးအထောက်အပံ့အဖြစ် အသုံးပြုခံရသည်။ ခရစ်ယာန်ဓမ္မဆရာများသည် ပြောက်ကျားတိုက်ခိုက်ရေးသမားများ ဖြစ်လာကြသည်။ သတင်းစာများက ကမ္ဘာ့ဒေသအရပ်ရပ်တွင် ဂိုဏ်းကွဲသည့်ဘာသာတူသူများအချင်းချင်း တိုက်ခိုက်ကြသည့်မှတ်တမ်းများကို နေ့စဉ်နှင့်အမျှဖော်ပြနေကြသည်။ သူတို့၏လက်များသည် သွေးစွန်းနေကြသည်။ (ဟေရှာယ ၁:၁၅) ကမ္ဘာတစ်ခွင်လုံးတွင် ဓမ္မဆရာများသည် နိုင်ငံရေးဇာတ်ခုံကိုကြိုးကိုင်နိုင်ရန် ဆက်လက်ကြိုးစားလာခဲ့ကြသည်။ မှန်သောဝတ်ပြုသူများသည် ယင်းတို့တွင်မပါဝင်ကြချေ။—ယာကုပ် ၄:၁-၄။

၁၄။ (က) လောကနှင့်သီးခြားဖြစ်လိုပါက ကျွန်ုပ်တို့ကိုယ်တိုင် မည်သည့်အရာကိုရှောင်ရမည်နည်း။ (ခ) လောက၏သဘောထားနှင့် အကျင့်အကြံများ၏ ညွတ်ကွင်းကို ရှောင်လွဲနိုင်ရန် ကျွန်ုပ်တို့အား မည်သည့်အရာက အကူအညီပေးနိုင်သနည်း။

၁၄ သို့သော် လောကနှင့်သီးခြားနေခြင်းသည် ထိုထက်မကပါဝင်သည်။ ဤလောက၏ဂုဏ်အင်္ဂါရပ်များသည် ငွေနှင့် ငွေဖြင့်ဝယ်နိုင်သောအရာများကို တပ်မက်ခြင်း၊ ထင်ပေါ်ကျော်ကြားမှုကိုလိုလားခြင်း၊ အပျော်အပါးနောက် တစ်ကောက်ကောက်လိုက်ခြင်းတို့နှင့်အတူ သူတစ်ပါးကို စစ်မှန်သည့်ထောက်စာမှုကင်းမဲ့ခြင်း၊ လိမ်လည်ခြင်းနှင့် ရုန့်ရင်းကြမ်းတမ်းသောစကားပြောဆိုခြင်း၊ အာဏာဖီဆန်ခြင်း၊ ကိုယ့်ကိုယ်ကိုချုပ်တည်းမှုကင်းမဲ့ခြင်းများအားဖြင့် ထင်ရှားသည်။ (၂ တိမောသေ ၃:၂-၅; ၁ ယောဟန် ၂:၁၅၊ ၁၆) ကျွန်ုပ်တို့၏မစုံလင်မှုကြောင့် တစ်ခါတစ်ရံ တစ်နည်းနည်းအားဖြင့် ထိုအကျင့်တစ်မျိုးမျိုးကို တုပကျင့်ကြံမိကြပေမည်။ ထိုကဲ့သို့သောထောင်ချောက်များကို ကျွန်ုပ်တို့ရှောင်နိုင်ရန် မည်သည့်အရာက အကူအညီပေးနိုင်သနည်း။ ယင်းတို့အားလုံး၏နောက်ကွယ်တွင် မည်သူရှိကြောင်း မိမိကိုယ်ကိုသတိပေးရန်လိုသည်။ “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ရှိကြသည်။” (၁ ယောဟန် ၅:၁၉) လမ်းစဉ်တစ်ခုသည် မည်မျှပင်စွဲမက်ဖွယ်ကောင်းဟန်ရှိပါစေ၊ ထိုလမ်းစဉ်အတိုင်း လူမည်မျှပင်လိုက်လျှောက်ပါစေ ယင်းတို့နောက်ကွယ်တွင် ယေဟောဝါ၏ အကြီးဆုံးရန်သူစာတန်မာရ်နတ်ရှိကြောင်း ကျွန်ုပ်တို့သိလျှင် ယင်းသည် မည်မျှစက်ဆုပ်ရွံရှာဖွယ်ကောင်းသည်ကို ကျွန်ုပ်တို့သဘောပေါက်ကြသည်။—ဆာလံ ၉၇:၁၀။

သင့်မေတ္တာမည်မျှလက်လှမ်းမီသနည်း

၁၅။ သင်သတိပြုမိသည့် တစ်ကိုယ်ကောင်းမဆန်သောမေတ္တာက မှန်သောဘာသာကို ခွဲခြားသိမြင်ရန် သင့်အားမည်သို့အကူအညီပေးသနည်း။

၁၅ ယေဟောဝါသက်သေများနှင့် သင်ပေါင်းသင်းခါစက သူတို့အလယ်တွင်ထင်ရှားသည့်မေတ္တာသည် လောက၏စိတ်ဓာတ်နှင့်ခြားနားသောကြောင့် သင့်အတွက်ဆွဲဆောင်မှုဖြစ်သည်မှာ မလွဲပေ။ တစ်ကိုယ်ကောင်းမဆန်သည့်မေတ္တာကို အထူးပေါ်လွင်စေခြင်းက ယေဟောဝါ၏စင်ကြယ်သည့်ဝတ်ပြုရေးကို အခြားဝတ်ပြုမှုပုံစံများနှင့် ခြားနားစေသည်။ ယင်းသည်ပင် ယေဟောဝါသက်သေများသည် မှန်သောဘာသာကို ကျင့်သုံးနေကြကြောင်း သင့်အားစိတ်ချယုံကြည်စေသည့်အချက်ဖြစ်ပေမည်။ ယေရှုကိုယ်တိုင် ဤသို့ပြောခဲ့သည်– “သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်။”—ယောဟန် ၁၃:၃၅။

၁၆။ မေတ္တာကိုတိုးချဲ့ရာတွင် ကျွန်ုပ်တို့တစ်ဦးစီအတွက် မည်သည့်အခွင့်အရေးများရှိနိုင်သနည်း။

၁၆ ထိုအရည်အချင်းသည် သင့်အားလည်း ခရစ်တော်၏တပည့်တစ်ဦးအဖြစ် သတ်မှတ်ဖော်ပြပါသလော။ မေတ္တာပြခြင်းကို သင်ချဲ့ထွင်နိုင်သည့်နည်းလမ်းများ ရှိသေးသလော။ ကျွန်ုပ်တို့အားလုံး ထိုသို့ပြုနိုင်ကြသည်မှာ သေချာပါသည်။ ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် အခြားသူများအား ရင်းနှီးဖော်ရွေမှုထက်မက ပိုမိုပါဝင်သည်။ ကျွန်ုပ်တို့ကိုချစ်သောသူများအားသာ ကျွန်ုပ်တို့မေတ္တာကိုတိုးချဲ့ပြပါက ကျွန်ုပ်တို့သည် လောကနှင့်မည်သို့ကွာခြားပါမည်နည်း။ “အခြားသောအမှုအရာထက်မက အချင်းချင်း အားကြီးသောချစ်ခြင်းမေတ္တာ ရှိကြလော့” ဟုသမ္မာကျမ်းစာက တိုက်တွန်းထားသည်။ (၁ ပေတရု ၄:၈) မည်သူတို့အား သာ၍ကြီးမားသည့်မေတ္တာကို ကျွန်ုပ်တို့ပြသနိုင်သနည်း။ ကျွန်ုပ်တို့နှင့် ဘဝနောက်ခံချင်းမတူသောကြောင့် သူ၏လုပ်ရပ်သည် ကျွန်ုပ်တို့အား စိတ်အနှောင့်အယှက်ဖြစ်စေသော ကျွန်ုပ်တို့၏ ခရစ်ယာန်ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးဦးရှိသလော။ ဖျားနာမှုကြောင့် သို့မဟုတ် အသက်အရွယ်ကြီးရင့်မှုကြောင့် အစည်းအဝေးများကို မှန်မှန်မတက်ရောက်နိုင်သူ တစ်စုံတစ်ယောက်ရှိသလော။ ထိုသူသည် ကျွန်ုပ်တို့၏အိမ်ထောင်ဖက်ဖြစ်နေသလော။ သို့မဟုတ် ကျွန်ုပ်တို့၏ သက်ကြီးရွယ်အိုမိဘဖြစ်နေသလော။ အလွန်အမင်းမသန်မစွမ်းဖြစ်နေသည့် မိသားစုအဝင်တစ်ဦးဦးအား လုံးဝနီးပါးဂရုစိုက်ရသောအခါ ပေါ်ပေါက်လာနိုင်သည့် အလွန်ခက်ခဲသောအခြေအနေများနှင့် ရင်ဆိုင်ရသောအခါ မေတ္တာပါဝင်သည့် ဝိညာဏအသီးများကို ကောင်းစွာသီးပွင့်နေသူများသည် ယင်းအသီးတို့ကို တစ်ဖန်ပြန်၍သင်ယူနေခြင်းဖြစ်သည်ဟု ယူမှတ်ကြသည်။ ဤအခြေအနေများနှင့် ရင်ဆိုင်ရစေကာမူ ကျွန်ုပ်တို့၏မေတ္တာသည် မိမိအိမ်သားအပေါ်ထက်မက ပို၍ကျယ်ပြန့်စွာသက်ရောက်သင့်သည်။

ဘုရားနိုင်ငံတော်အကြောင်းသက်သေခံခြင်း —သင့်အတွက် မည်မျှအရေးကြီးသနည်း

၁၇။ ယေဟောဝါသက်သေများ၏လည်ပတ်မှုမှ ကျွန်ုပ်တို့ကိုယ်တိုင်အကျိုးခံစားခဲ့ရပါက ယခုကျွန်ုပ်တို့ မည်သည့်အရာကိုပြုလုပ်ရန် လှုံ့ဆော်ခံရသင့်သနည်း။

၁၇ လူသားချင်းအား မေတ္တာပြသရာတွင် အရေးကြီးသည့်နည်းတစ်ခုမှာ သူတို့အား ဘုရားသခင့်နိုင်ငံတော်အကြောင်း သက်သေခံခြင်းဖြစ်သည်။ ယေရှုကြိုတင်ပြောခဲ့သည့် ထိုလုပ်ငန်းကို လူအုပ်စုတစ်စုတည်းကသာ လုပ်ဆောင်နေကြသည်။ (မာကု ၁၃:၁၀) သူတို့ကား ယေဟောဝါသက်သေများဖြစ်ကြသည်။ ယင်းအားဖြင့် ကျွန်ုပ်တို့တစ်ဦးစီ အကျိုးခံစားခဲ့ကြရပြီ။ ယခု အခြားသူများကိုကူညီရန် ကျွန်ုပ်တို့အတွက်အခွင့်အရေးဖြစ်သည်။ ဘုရားသခင်ကဲ့သို့သာ ကျွန်ုပ်တို့ရှုမြင်ပါက ဤလုပ်ငန်းသည် ကျွန်ုပ်တို့အသက်တာတွင် အထင်ကရဖြစ်နေပေမည်။

၁၈။ ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကိုကြွေးကြော်သူများ (လိပ်) စာအုပ်ကိုဖတ်ရှုခြင်းက ဘုရားသခင့်နိုင်ငံတော်သက်သေခံခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့ပါဝင်မှုကို မည်သို့သြဇာသက်ရောက်သင့်သနည်း။

၁၈ ဤနောက်ဆုံးကာလတွင် ဘုရားသခင့်နိုင်ငံတော်သတင်းသည် ကမ္ဘာ့အဝေးလံဆုံးဒေသများသို့ ရောက်ရှိကြောင်း စိတ်အားတက်ကြွဖွယ်သတင်းမှတ်တမ်းများကို ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကိုကြွေးကြော်သူများ (လိပ်) စာအုပ်တွင် ဖော်ပြထားသည်။ အင်္ဂလိပ်လို သင်နားလည်ပါက ဆက်ဆက်ဖတ်ကြည့်ပါ။ ထိုသို့ဖတ်သောအခါ ဘုရားသခင့်နိုင်ငံတော်အကြောင်းသက်သေခံခြင်းလုပ်ငန်းတွင် တစ်ဦးချင်းအလိုက် ပါဝင်ကြသည့်နည်းအားလုံးကို အထူးသဖြင့်မှတ်သားပါ။ သင်တုပနိုင်သည့် အချို့သူများ၏ပုံသက်သေရှိသလော။ ကျွန်ုပ်တို့အားလုံးအတွက် အခွင့်အလမ်းမြောက်မြားစွာ ပွင့်နေသည်။ ယေဟောဝါအား ကျွန်ုပ်တို့ချစ်သောမေတ္တာက ယင်းတို့ကိုကောင်းစွာအသုံးချရန် ကျွန်ုပ်တို့အားလှုံ့ဆော်ပါစေ။

၁၉။ မှန်သောဘာသာကိုသိရှိခြင်းနှင့် ဒွန်တွဲလာသည့်တာဝန်ကို ကျွန်ုပ်တို့လက်ခံသောအခါ မည်သို့အကျိုးကျေးဇူးဖြစ်ထွန်းသနည်း။

၁၉ ကျွန်ုပ်တို့သည် ထိုနည်းဖြင့် ယေဟောဝါ၏အလိုတော်လုပ်ဆောင်ခြင်းတွင် မိမိကိုယ်ကိုအသုံးတော်ခံသောအခါ ဘဝရည်ရွယ်ချက်ကားအဘယ်နည်းဟူသော မေးခွန်း၏အဖြေကို ကျွန်ုပ်တို့တွေ့ရှိလာသည်။ (ဗျာဒိတ် ၄:၁၁) ကျွန်ုပ်တို့သည် ဟာတာတာခံစားချက်ဖြင့် စမ်းတဝါးဝါးဖြစ်မနေတော့ပေ။ ယေဟောဝါ၏လုပ်ငန်းတော်တွင် စိတ်နှလုံးအကြွင်းမဲ့အသုံးတော်ခံခြင်းထက် သာ၍ကြီးမားသော ကျေနပ်ရောင့်ရဲမှုပေးနိုင်သည့် သင့်ကိုယ်ကိုမြှုပ်နှံလုပ်ဆောင်နိုင်သော အခြားမည်သည့်အလုပ်မျှမရှိချေ။ ယင်းအတွက် မည်မျှမြင့်မြတ်ထည်ဝါသည့်အနာဂတ်ပါတကား! လူသားအား ဘုရားသခင်ဖန်ဆင်းခဲ့ရသည့် ရည်ရွယ်ချက်နှင့်အညီ ကျွန်ုပ်တို့၏အစွမ်းသတ္တိများကို အပြည့်အဝအသုံးချရမည့် ကိုယ်တော့်ကမ္ဘာသစ်တွင် အသက်တာ၏ကျေနပ်ရောင့်ရဲမှုကို အပြည့်အဝရယူခြင်းပေတည်း။

[အောက်ခြေမှတ်ချက်များ]

a နယူးယောက်ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသည်။

သင်မည်သို့ဖြေဆိုမည်နည်း

▫ ဘာသာတစ်ခုသည် သမ္မာကျမ်းစာကို ဘုရားသခင့်နှုတ်ကပါဌ်တော်အဖြစ် လက်ခံရန်နှင့် ယေဟောဝါအား မှန်သောဘုရားသခင်အဖြစ် ချီးမြှောက်ဂုဏ်တင်ရန် အဘယ်ကြောင့်အရေးကြီးသနည်း။

▫ ရွေးဖိုးပေးသူအဖြစ် ယေရှု၏အခန်းကဏ္ဍနှင့်ပတ်သက်၍ မှန်သောဘာသာက မည်သည့်အရာကိုသွန်သင်သနည်း။

▫ အဘယ်ကြောင့် ခရစ်ယာန်များသည် လောကနှင့်သီးခြားနေပြီး တစ်ကိုယ်ကောင်းမဆန်သည့်မေတ္တာကို ကျင့်သုံးရမည်နည်း။

▫ မှန်သောဘာသာတွင် ဘုရားနိုင်ငံတော်အကြောင်းသက်သေခံခြင်းသည် မည်သည့်အခန်းကဏ္ဍတွင်ရှိသနည်း။

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

နှစ်ခြင်းသည် မှန်သောဘာသာနှင့်ဆိုင်သည့်တာဝန်ကိုလက်ခံခြင်း၏ အရေးကြီးသောခြေလှမ်းတစ်ခုဖြစ်သည်။ လစဉ် ကမ္ဘာတစ်ခွင်ရှိ လူ ၂၅,၀၀၀ ခန့်တို့သည် ထိုခြေလှမ်းကိုတက်လှမ်းနေကြသည်

ရုရှား

စီနီဂဲလ်

ပါပူဝါ နယူး ဂီနီ

ယူ.အက်စ်.အေ.

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာဆိုင်ရာအမှန်တရားကို သူတစ်ပါးအားဝေမျှခြင်းသည် စစ်မှန်သောဝတ်ပြုရေး၏ အစိတ်အပိုင်းဖြစ်သည်

ယူ.အက်စ်.အေ.

ယူ.အက်စ်.အေ.

ဘရာဇီး

ဟောင် ကောင်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ