ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၁၂/၁၅ စာ. ၁၅-၂၀
  • ဤနေ့ကား ကယ်တင်ရာနေ့ရက်!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဤနေ့ကား ကယ်တင်ရာနေ့ရက်!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “လူများကိုနှိုးဆော်သွေးဆောင်ရသည်”
  • ခရစ်တော်၏မေတ္တာသည် သင့်ကိုအနိုင်အထက် သွေးဆောင်သလော
  • “သင်တို့သည် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ကြလော့”
  • “နှစ်သက်ဖွယ်သောအချိန်”
  • ‘ဘုရားသခင့်အမှုတော်ဆောင်များမှန်ကြောင်း ကိုယ်ကိုကိုယ်ထင်ရှားစွာပြခြင်း’
  • ယေဟောဝါ၏ကယ်တင်ခြင်းကိုကိုးစားပါ
  • ယခုအချိန်သည် အထူးနှစ်သက်လက်ခံဖွယ်အချိန် ဖြစ်၏”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • သင်၏ ‘ကယ်တင်ခြင်းမျှော်လင့်ချက်’ ကို တောက်ပနေစေလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • မဟာကရုဏာနဲ့ဆိုင်တဲ့ သတင်းကောင်းကို ဟောပြောပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • “သင်တို့သည် ယုံကြည်ခြင်း၌ တည်သလောမတည်သလောဟု ကိုယ့်ကိုယ်ကိုစစ်ကြောကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၁၂/၁၅ စာ. ၁၅-၂၀

ဤနေ့ကား ကယ်တင်ရာနေ့ရက်!

“ယခုပင်နှစ်သက်ဖွယ်သောအချိန်ဖြစ်၏။ ယခုပင် ကယ်တင်ရာနေ့ရက်ကာလဖြစ်၏။”—၂ ကောရိန္သု ၆:၂၊ သမ္မာ။

၁။ ဘုရားသခင်နှင့် ခရစ်တော်တို့ရှေ့ မျက်နှာသာရအနေအထားရှိရန် အဘယ်အရာလိုသနည်း။

ယေဟောဝါသည် လူသားတို့အားတရားစီရင်ရာနေ့ကို ချိန်းချက်ထားတော်မူပြီ။ (တမန်တော် ၁၇:၃၁) ထိုနေ့ရက်သည် ကျွန်ုပ်တို့အတွက် ကယ်တင်ရာနေ့ရက်ဖြစ်ဖို့ဆိုလျှင် ကိုယ်တော်နှင့် ကိုယ်တော်၏ခန့်အပ်ခံတရားသူကြီး ယေရှုခရစ်တို့ရှေ့ မျက်နှာသာရအနေအထားရှိရန်လိုသည်။ (ယောဟန် ၅:၂၂) ထိုအနေအထားရှိရန် ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့်ညီညွတ်သောအကျင့်အပြင် အခြားသူများကို ယေရှု၏စစ်မှန်သောတပည့်များဖြစ်လာစေရန်ကူညီပေးဖို့ ကျွန်ုပ်တို့ကိုတွန်းအားပေးသည့် ယုံကြည်ခြင်းရှိဖို့လိုသည်။

၂။ လူ့လောကသည် ဘုရားသခင်နှင့်အဘယ်ကြောင့်စိမ်းကားနေရသနည်း။

၂ အမွေရထားသောအပြစ်ကြောင့် လူ့လောကသည် ဘုရားသခင်နှင့်စိမ်းကားနေသည်။ (ရောမ ၅:၁၂; ဧဖက် ၄:၁၇၊ ၁၈) ထို့ကြောင့် ကျွန်ုပ်တို့ ဟောပြောသောသူတို့သည် ကိုယ်တော်နှင့်ပြန်လည်သင့်မြတ်လာမှသာလျှင် ကယ်တင်ခြင်းရနိုင်မည်ဖြစ်သည်။ တမန်တော်ပေါလုသည် ကောရိန္သုမြို့ရှိခရစ်ယာန်များထံစာရေးသောအခါ ယင်းကိုရှင်းလင်းစေခဲ့သည်။ တရားစီရင်ခြင်း၊ ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်း၊ ကယ်တင်ခြင်းတို့နှင့်ပတ်သက်၍ ပေါလုမည်သို့ပြောခဲ့သည်ကိုသိရန် ၂ ကောရိန္သု ၅:၁၀–၆:၁၀ ကိုသုံးသပ်ကြည့်ကြစို့။

“လူများကိုနှိုးဆော်သွေးဆောင်ရသည်”

၃။ ပေါလုသည် အဘယ်နည်းဖြင့် “လူများကိုနှိုးဆော်သွေးဆောင်” ခဲ့ပြီး၊ ယနေ့ ယင်းကို ကျွန်ုပ်တို့ အဘယ်ကြောင့်လုပ်သင့်သနည်း။

၃ ပေါလုသည် ဤသို့ရေးသားသောအခါ ဟောပြောခြင်းနှင့် တရားစီရင်ခြင်းကိုဆက်စပ်ခဲ့သည်– “ငါတို့ရှိသမျှသည် ကိုယ်ခန္ဓာ၌ကျင့်သောအကျင့်၊ ကောင်းမကောင်းရှိသည်အတိုင်း အကျိုးအပြစ်ကိုအသီးအသီးခံစေခြင်းငှာ၊ ခရစ်တော်၏တရားပလ္လင်ရှေ့၌ ပေါ်လာရကြမည်။ သို့ဖြစ်၍ သခင်ဘုရားနှင့်ဆိုင်သော ကြောက်မက်ဖွယ်အကြောင်းအရာတို့ကို ငါတို့သည်သိလျှင်၊ လူများကိုနှိုးဆော်သွေးဆောင်ရသည်။” (၂ ကောရိန္သု ၅:၁၀၊ ၁၁) တမန်တော်သည် သတင်းကောင်းဟောပြောခြင်းအားဖြင့် ‘လူများကို နှိုးဆော်သွေးဆောင်လျက်’ နေခဲ့သည်။ ကျွန်ုပ်တို့ကောအသို့နည်း။ ဤစနစ်ဆိုး၏ဆုံးခန်းကို ကျွန်ုပ်တို့ရင်ဆိုင်နေကြရသောကြောင့် ယေရှု၏မျက်နှာသာရတရားစီရင်မှုနှင့် ကယ်တင်ခြင်း၏ရင်းမြစ် ယေဟောဝါဘုရားသခင်၏သဘောတော်နှင့်တွေ့ရန် လိုအပ်သောခြေလှမ်းများလှမ်းဖို့ အခြားသူများကို အတတ်နိုင်ဆုံးနှိုးဆော်သွေးဆောင်သင့်သည်။

၄၊ ၅။ (က) ယေဟောဝါ၏လုပ်ငန်းတော်တွင် ကျွန်ုပ်တို့၏ပြီးမြောက်အောင်မြင်မှုများကို အဘယ်ကြောင့်မဝါကြွားသင့်သနည်း။ (ခ) ပေါလုသည် “ဘုရားသခင်အဖို့” အဘယ်ကြောင့်ဝါကြွားခဲ့ရသနည်း။

၄ သို့ရာတွင် ကျွန်ုပ်တို့၏ခရစ်ယာန်ဓမ္မအမှုကို ဘုရားသခင်ကောင်းချီးပေးခဲ့မည်ဆိုလျှင် မဝါကြွားသင့်ချေ။ ကောရိန္သုမြို့တွင် လူအချို့သည် ကိုယ်ကိုယ်၌ဖြစ်စေ၊ အခြားသူများ၌ဖြစ်စေ မာန်မာနနှင့်ယစ်မူးနေခဲ့ကြရာ အသင်းတော်တွင်စိတ်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်စေသည်။ (၁ ကောရိန္သု ၁:၁၀-၁၃; ၃:၃၊ ၄) ဤအခြေအနေကိုဖော်ပြကာ ပေါလုကဤသို့ရေးသားခဲ့သည်– “ငါတို့သည် သင်တို့ရှေ့၌ တစ်ဖန် ကိုယ်ကိုကိုယ်ချီးမွမ်းကြသည်မဟုတ်။ စိတ်သဘောကိုမထောက်၊ အသွေးအဆင်းကိုထောက်၍ ဝါကြွားသောသူတို့၏စကားကို သင်တို့သည်ချေနိုင်မည်အကြောင်း၊ ငါတို့ကြောင့် ဝါကြွားခြင်းအခွင့်ကိုသာပေးကြ၏။ ငါတို့သည် သူရူးဖြစ်လျှင် ဘုရားသခင်အဖို့ဖြစ်ကြ၏။ စိတ်ကောင်းသောသူဖြစ်လျှင် သင်တို့အဖို့ဖြစ်ကြ၏။” (၂ ကောရိန္သု ၅:၁၂၊ ၁၃) မာနထောင်လွှားသောသူများသည် အသင်းတော်၏စည်းလုံးမှုနှင့် ဝိညာဉ်ရေး၌ စိတ်ဝင်စားနေကြသည်မဟုတ်ပါ။ သူတို့သည် ဘုရားသခင့်ရှေ့မှောက်တွင် နှလုံးကောင်းရှိရန် ယုံကြည်သူချင်းများကိုကူညီပေးမည့်အစား အသွေးအဆင်းကိုထောက်၍ ဝါကြွားလိုခဲ့ကြသည်။ ထို့ကြောင့် ပေါလုသည် ထိုအသင်းတော်ကိုပြစ်တင်ဆုံးမပြီးနောက် ဤသို့ဆိုခဲ့သည်– “ဝါကြွားသောသူသည် ထာဝရဘုရား၌သာဝါကြွားစေ။”—၂ ကောရိန္သု ၁၀:၁၇၊ သမ္မာ။

၅ ပေါလုကိုယ်တိုင် ဝါကြွားခဲ့သည်မဟုတ်လော။ တမန်တော်ဖြစ်ရခြင်းအကြောင်း သူပြောဆိုခဲ့သောကြောင့် လူအချို့ကထိုသို့ယူမှတ်ခဲ့ကြပေမည်။ သို့သော် သူသည် “ဘုရားသခင်အဖို့” ဝါကြွားခဲ့ရ၏။ ကောရိန္သုမြို့သားများ ယေဟောဝါထံမှ မပျောက်သွားစေရန် တမန်တော်ဖြစ်ရသည့် မိမိ၏အထောက်အထားများအကြောင်းကို သူဝါကြွားခဲ့ရခြင်းဖြစ်သည်။ တမန်တော်အတုအယောင်များသည် သူတို့ကိုလမ်းလွဲနေစေကြရာ ဘုရားသခင်ထံသို့ပြန်လှည့်လာစေရန် ပေါလုဤသို့ပြုခဲ့ရခြင်းဖြစ်သည်။ (၂ ကောရိန္သု ၁၁:၁၆-၂၁; ၁၂:၁၁၊ ၁၂၊ ၁၉-၂၁; ၁၃:၁၀) သို့တိုင် ပေါလုသည် သူ၏ပြီးမြောက်အောင်မြင်မှုများကြောင့် လူတို့မိမိကိုအထင်ကြီးစေရန် အဆက်မပြတ်မကြိုးစားခဲ့ပါ။—သု. ၂၁:၄။

ခရစ်တော်၏မေတ္တာသည် သင့်ကိုအနိုင်အထက် သွေးဆောင်သလော

၆။ ခရစ်တော်၏မေတ္တာသည် ကျွန်ုပ်တို့ကိုမည်သို့အကျိုးပြုသင့်သနည်း။

၆ စစ်မှန်သောတမန်တော်တစ်ပါးအဖြစ် ပေါလုသည် ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာအကြောင်း အခြားသူများကိုသွန်သင်ပေးခဲ့သည်။ ယင်းသည် ပေါလု၏ဘဝတွင်အရေးပါသောအရာတစ်ခုဖြစ်ခဲ့ရာ သူကဤသို့ရေးသားခဲ့သည်– “တစ်ယောက်သောသူသည် လူအပေါင်းတို့အတွက်ကြောင့် အသေခံသည်မှန်လျှင်၊ လူအပေါင်းတို့သည် သေလျက်နေကြသည်ဟူ၍လည်းကောင်း၊ အသက်ရှင်သောသူတို့သည် တစ်ဖန် ကိုယ်အလိုသို့လိုက်၍မရှင်၊ သူတို့အတွက်ကြောင့်အသေခံပြီးမှ ထမြောက်တော်မူသောသူ၏အလိုသို့လိုက်၍ ရှင်စေမည်အကြောင်း၊ လူအပေါင်းတို့အတွက်ကြောင့် အသေခံတော်မူသည်ဟူ၍လည်းကောင်း၊ ငါတို့သည် သဘောထားလျက်၊ ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကိုအနိုင်အထက်သွေးဆောင်၏။” (၂ ကောရိန္သု ၅:၁၄၊ ၁၅) ယေရှုသည် ကျွန်ုပ်တို့အတွက် သူ၏အသက်ကိုစွန့်သည့်အထိ မေတ္တာပြခဲ့သည်တကား! ယင်းက ကျွန်ုပ်တို့ကိုအမှန်တကယ်ပင် အနိုင်အထက်သွေးဆောင်သင့်သည်။ ကျွန်ုပ်တို့အတွက် ယေရှုအသက်စွန့်ခဲ့ခြင်းကို ကျေးဇူးတင်စွာဖြင့် ကျွန်ုပ်တို့သည် ယေဟောဝါ၏ချစ်မြတ်နိုးသောသားတော်မှတစ်ဆင့် ပြင်ဆင်ပေးခဲ့သော ကယ်တင်ခြင်းသတင်းကောင်းကိုထက်ထက်သန်သန်ကြွေးကြော်ရန် လှုံ့ဆော်ပေးခြင်းခံသင့်၏။ (ယောဟန် ၃:၁၆; ဆာလံ ၉၆:၂ နှိုင်းယှဉ်။) “ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည်” ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ထက်သန်စွာပါဝင်ရန် သင့်ကိုအနိုင်အထက်သွေးဆောင်နေပါသလော။—မဿဲ ၂၈:၁၉၊ ၂၀။

၇။ “ဇာတိအမျိုးကိုထောက်၍ အဘယ်သူကိုမျှမသိမမှတ်” ဟူသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။

၇ ဘိသိက်ခံများသည် မိမိတို့အတွက် ခရစ်တော်ပြုခဲ့သမျှကိုကျေးဇူးတင်စွာ မိမိတို့အသက်တာများကိုအသုံးပြုကြခြင်းအားဖြင့် သူတို့သည် ‘ကိုယ်အလိုသို့လိုက်၍အသက်မရှင်၊ . . . သူ၏အလိုသို့လိုက်၍ အသက်ရှင်’ နေကြသည်။ “သို့ဖြစ်လျှင်၊ ယခုမှစ၍ ငါတို့သည် ဇာတိအမျိုးကိုထောက်၍ အဘယ်သူကိုမျှမသိမမှတ်။ ဇာတိအမျိုးကိုထောက်၍ ခရစ်တော်ကိုအထက်ကသိမှတ်သော်လည်း၊ ယခုမှစ၍ ထိုသို့သောသိမှတ်ခြင်းမရှိ” ဟုပေါလုဆိုခဲ့သည်။ (၂ ကောရိန္သု ၅:၁၆) ခရစ်ယာန်များသည် တစ်ပါးအမျိုးသားများထက် ဂျူးများကိုဖြစ်စေ၊ ဆင်းရဲသူတို့ထက်ချမ်းသာသောသူတို့ကိုဖြစ်စေ မျက်နှာသာပေးခြင်းဖြစ်သည့် ဇာတိသဘောမျိုးဖြင့် လူတို့ကိုမရှုမြင်ရချေ။ ဘိသိက်ခံများသည် ယုံကြည်သူချင်းများနှင့်ဝိညာဉ်ရေးဆက်ဆံမှုရှိခြင်းကို အရေးပေးကြသောကြောင့် ဘိသိက်ခံများသည် “ဇာတိအမျိုးကိုထောက်၍ အဘယ်သူကိုမျှမသိမမှတ်” ကြချေ။ ‘ဇာတိသဘောအရ ခရစ်တော်ကိုအထက်ကသိမှတ်ခဲ့’ သူတို့သည် ယေရှုမြေကြီးပေါ်ရှိစဉ် ကိုယ်တော်အားတွေ့မြင်ခဲ့သူများသာမဟုတ်ခဲ့ပါ။ မေရှိယကိုစောင့်မျှော်ခဲ့ကြသူအချို့သည် ခရစ်တော်အား ဇာတိသဘောအရတစ်ချိန်ကယူမှတ်ခဲ့ကြလျှင်ပင် ထိုသို့မယူမှတ်ကြတော့ချေ။ ကိုယ်တော်သည် ရွေးနုတ်ဖိုးအဖြစ် ခန္ဓာကိုယ်ကိုပေးဆက်ခဲ့ပြီး အသက်ပေးသောနာမ်ဝိညာဉ်အဖြစ် ရှင်ပြန်ထမြောက်ခဲ့၏။ ကောင်းကင်အသက်တာသို့ထမြောက်သော အခြားသူများသည် ယေရှုခရစ်အား ဇာတိသဘောဖြင့် တစ်ခါမျှမမြင်ဖူးဘဲ သူတို့၏ခန္ဓာကိုယ်များကိုစွန့်လွှတ်ခဲ့ကြမည်ဖြစ်သည်။—၁ ကောရိန္သု ၁၅:၄၅၊ ၅၀; ၂ ကောရိန္သု ၅:၁-၅။

၈။ လူတို့သည် မည်သို့ “ခရစ်တော်၌ရှိ” လာသနည်း။

၈ ဘိသိက်ခံများကိုပင် ပေါလုကဤသို့ဆက်ဆိုခဲ့သည်– “လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။” (၂ ကောရိန္သု ၅:၁၇) “ခရစ်တော်၌ရှိ” သည်ဆိုရာ၌ ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်ခြင်းကိုဆိုလိုသည်။ (ယောဟန် ၁၇:၂၁) ယေဟောဝါသည် မိမိ၏သားတော်ထံသို့ ထိုသူကိုဆွဲဆောင်ပြီး သန့်ရှင်းသောဝိညာဉ်တော်ဖြင့် သူ့ကိုဖြစ်ဖွားစေသောအခါ ထိုသူအတွက် ဤဆက်ဆံရေးဖြစ်ပေါ်လာသည်။ ဘုရားသခင်၏ဝိညာဉ်တော်ဖွားသားတစ်ဦးအဖြစ် ကောင်းကင်နိုင်ငံတော်တွင် ခရစ်တော်နှင့်အတူတွဲဖက်ခွင့်အလားအလာဖြင့် သူသည် “အသစ်ပြုပြင်သောသတ္တဝါ” ဖြစ်ခဲ့၏။ (ယောဟန် ၃:၃-၈; ၆:၄၄; ဂလာတိ ၄:၆၊ ၇) ထိုဘိသိက်ခံခရစ်ယာန်များသည် ထူးမြတ်သောလုပ်ငန်းတော်အခွင့်အရေးကို ပေးအပ်ခြင်းခံခဲ့ကြရသည်။

“သင်တို့သည် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ကြလော့”

၉။ ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့စေနိုင်ရန် အဘယ်အရာကိုကိုယ်တော်ပြုခဲ့သနည်း။

၉ ယေဟောဝါသည် “အသစ်ပြုပြင်သောသတ္တဝါ” ကိုမျက်နှာသာပေးခဲ့ပြီတကား! ပေါလုက ဤသို့ဆိုသည်– “ခပ်သိမ်းသောအရာများသည် ဘုရားသခင်မှဖြစ်ကြ၏။ ဘုရားသခင်သည် ခရစ်တော်အားဖြင့် ငါတို့ကိုရန်ငြိမ်းစေ၍ ကိုယ်တော်နှင့်မိတ်သဟာယဖွဲ့စေတော်မူ၏။ ထိုမိတ်သဟာယဖွဲ့ခြင်းတရားနှင့်ဆိုင်သော အမှုတော်ဆောင်ရွက်ခြင်းကို ငါတို့၌အပ်ပေးတော်မူ၏။ ထိုတရားဟူမူကား၊ ဘုရားသခင်သည် ခရစ်တော်၌၊ လောကသားတို့၏အပြစ်များကို မှတ်တော်မမူ။ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့်မိတ်သဟာယဖွဲ့စေတော်မူ၏။ ထိုမိတ်သဟာယတရားကိုလည်း ငါတို့၌အပ်ပေးတော်မူ၏။” (၂ ကောရိန္သု ၅:၁၈၊ ၁၉၊ သမ္မာ) လူသားသည် အာဒံအပြစ်ပြုခဲ့စဉ်ကတည်းက ဘုရားသခင်နှင့်စိမ်းကားခဲ့သည်။ သို့သော် ယေဟောဝါသည် မေတ္တာပါစွာ ခရစ်တော်၏ပူဇော်သကာအားဖြင့် ကိုယ်တော်တိုင်အစပြုပြီး မိတ်သဟာယဖွဲ့သည့်နည်းလမ်းကိုဖွင့်ပေးခဲ့သည်။—ရောမ ၅:၆-၁၂။

၁၀။ ယေဟောဝါသည် မိတ်သဟာယဖွဲ့ ခြင်း အမှုတော်ကို မည်သူတို့အား အပ်နှင်းခဲ့သနည်း၊ ယင်းကိုထမ်းဆောင်ရန် သူတို့အဘယ်အရာပြုခဲ့ကြသနည်း။

၁၀ ယေဟောဝါသည် ဘိသိက်ခံများကို မိတ်သဟာယဖွဲ့ခြင်းဓမ္မအမှုတော်ကိုအပ်နှင်းခဲ့ရာ ပေါလုကဤသို့ပြောဆိုနိုင်ခဲ့သည်– “ထိုကြောင့် ငါတို့သည် ခရစ်တော်၏အတွက်သံတမန်ဖြစ်ကြ၏။ ‘သင်တို့သည် ရန်ငြိမ်း၍ ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ကြလော့’ ဟုဘုရားသခင်သည် ငါတို့အားဖြင့် နှိုးဆော်သွေးဆောင်တော်မူသကဲ့သို့၊ ငါတို့သည် ခရစ်တော်၏အတွက် တောင်းပန်သွေးဆောင်တတ်ကြ၏။” (၂ ကောရိန္သု ၅:၂၀၊ သမ္မာ) ရှေးအချိန်က စစ်မှုကိုရှောင်လွှဲနိုင်ရန် အများအားဖြင့် ရန်လိုစဉ်ကာလအတွင်း သံတမန်များကိုစေလွှတ်လေ့ရှိခဲ့ကြသည်။ (လုကာ ၁၄:၃၁၊ ၃၂) အပြစ်ရှိသောလူ့လောကသည် ဘုရားသခင်နှင့်စိမ်းကားနေသောကြောင့် ကိုယ်တော်သည် မိတ်သဟာယဖွဲ့နိုင်သည့်နည်းလမ်းများကိုသိရှိစေရန် ဘိသိက်ခံသံတမန်များကိုစေလွှတ်ခဲ့ပေပြီ။ ခရစ်တော်အတွက်ကိုယ်စားလှယ်များအဖြစ် ဘိသိက်ခံများက ဤသို့တောင်းပန်ကြသည်– “သင်တို့သည် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ကြလော့။” ဤသို့အနူးအညွတ်တောင်းပန်ခြင်းသည် ဘုရားသခင်နှင့်ငြိမ်သက်မှုရှိရန်ရှာပြီး ခရစ်တော်အားဖြင့် ကိုယ်တော်ရရှိစေသည့် ကယ်တင်ခြင်းကျေးဇူးကိုလက်ခံရန် ကရုဏာပါစွာတိုက်တွန်းခြင်းဖြစ်သည်။

၁၁။ ရွေးနုတ်ဖိုးကိုယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့ဖြောင့်မတ်သည့်အနေအထားကို နောက်ဆုံးတွင် မည်သူတို့ရရှိခဲ့ကြသနည်း။

၁၁ ရွေးနုတ်ဖိုးကိုယုံကြည်ကြောင်းတင်ပြသူအားလုံးသည် ဘုရားသခင်နှင့်မိတ်သဟာယပြန်ဖွဲ့နိုင်သည်။ (ယောဟန် ၃:၃၆) ပေါလုက ဤသို့ဆိုသည်– “ဘုရားသခင် [ယေဟောဝါ] သည် အပြစ်နှင့်ကင်းစင်သောအရှင် [ယေရှု] ကိုငါတို့အတွက် အပြစ်ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုအရှင်အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်မည်အကြောင်းတည်း။” (၂ ကောရိန္သု ၅:၂၁၊ သမ္မာ) စုံလင်သောသူယေရှုသည် မွေးရာပါအပြစ်တရားမှကယ်နုတ်ခံရသည့် အာဒံ၏မျိုးဆက်အားလုံးအတွက် အပြစ်ဖြေရာယဇ်ဖြစ်ခဲ့သည်။ သူတို့သည် ယေရှုအားဖြင့် “ဘုရားသခင်၏ဖြောင့်မတ်ခြင်း” ဖြစ်လာကြသည်။ ဤဖြောင့်မတ်ခြင်း သို့မဟုတ် ဘုရားသခင်ရှေ့ဖြောင့်မတ်သည့်အနေအထားသည် ခရစ်တော်၏တွဲဖက်အမွေခံ ၁၄၄,၀၀၀ တို့အတွက်ဦးဆုံးဖြစ်လာသည်။ ကိုယ်တော်အနှစ်တစ်ထောင်အုပ်စိုးချိန်အတွင်း ထာဝရအဘယေရှုခရစ်၏ မြေကြီးဆိုင်ရာသားသမီးများသည် စုံလင်သည့်လူသားများအဖြစ် ဖြောင့်မတ်သည့်အနေအထားရရှိကြလိမ့်မည်။ သူတို့သည် ဘုရားသခင်အားသစ္စာရှိပြီး ထာဝရအသက်ဆုကျေးဇူးရစေရန် စုံလင်ခြင်းအဖြစ်၌ ဖြောင့်မတ်သည့်အနေအထားရှိရန် သူတို့ကိုကိုယ်တော်မြှင့်တင်ပေးပါလိမ့်မည်။—ဟေရှာယ ၉:၆; ဗျာဒိတ် ၁၄:၁; ၂၀:၄-၆၊ ၁၁-၁၅။

“နှစ်သက်ဖွယ်သောအချိန်”

၁၂။ ယေဟောဝါ၏သံအမတ်များနှင့် သံတမန်များအားဖြင့် အဘယ်အရေးကြီးသောအမှုတော်ကို ဆောင်ရွက်နေကြသနည်း။

၁၂ ကယ်တင်ခြင်းရရန် ပေါလု၏စကားများနှင့်အညီ ကျွန်ုပ်တို့လုပ်ဆောင်ရမည်– “သင်တို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို အကျိုးမဲ့မခံကြနှင့်ဟု ငါတို့သည် ကိုယ်တော် [ယေဟောဝါ] ၏လုပ်ဖော်ဆောင်ဖက်ဖြစ်၍ သင်တို့ကိုနှိုးဆော်သွေးဆောင်ကြ၏။ ဗျာဒိတ်တော်အချက်ဟူမူကား၊ ‘နှစ်သက်ဖွယ်သောအချိန်၌ သင်၏ [စကား] ကိုငါနားထောင်ပြီ။ ကယ်တင်ရာနေ့ရက်ကာလ၌ သင့်ကိုငါမစပြီ’ ဟုလာသည်နှင့်အညီ ယခုပင်နှစ်သက်ဖွယ်သောအချိန်ဖြစ်၏။ ယခုပင် ကယ်တင်ရာနေ့ရက်ကာလဖြစ်၏။” (၂ ကောရိန္သု ၆:၁၊ ၂၊ သမ္မာ) ယေဟောဝါ၏ဘိသိက်ခံသံအမတ်များနှင့် ကိုယ်တော်၏ “အခြားသိုး” သံတမန်များသည် ကောင်းကင်ခမည်းတော်၏မခံစားထိုက်သောကရုဏာတော်ကို အချည်းနှီးမခံယူကြချေ။ (ယောဟန် ၁၀:၁၆) ဤ “နှစ်သက်ဖွယ်သောအချိန်” တွင် သူတို့သည် ဖြောင့်မတ်စွာကျင့်ကြံပြီး ခရစ်ယာန်ဓမ္မအမှုကိုဇွဲရှိရှိဆောင်ရွက်ခြင်းအားဖြင့် ဘုရားသခင့်မျက်နှာသာတော်ခံစားရရန် ကြိုးစားနေကြပြီး ဤအချိန်သည် “ကယ်တင်ရာနေ့ရက်” ဖြစ်သည်ဟု ကမ္ဘာသားများကိုအကြောင်းကြားနေကြသည်။

၁၃။ ဟေရှာယ ၄၉:၈ ၏လိုရင်းအချက်ကားအဘယ်နည်း၊ ယင်းသည် ပထမအကြိမ်မည်သို့ပြည့်စုံခဲ့သနည်း။

၁၃ ပေါလုသည် ဤသို့ဆိုသော ဟေရှာယ ၄၉:၈ ကိုကိုးကားခဲ့သည်– “ထာဝရဘုရားမိန့်တော်မူသည်ကား၊ ‘နှစ်သက်ဖွယ်သောအချိန်၌ သင်၏စကားကိုနားထောင်ပြီ။ ကယ်တင်ရာကာလ၌ သင့်ကိုမစပြီ။ သင့်ကိုလည်းငါစောင့်ရှောက်၍ သင်သည်ပြည်တော်ကိုပြုပြင်လျက်၊ ဆိတ်ညံသောအမွေခံရာအရပ်တို့ကို အမွေပေးစေမည်အကြောင်း . . . လူမျိုးအားပဋိညာဉ်တရားကိုပြုစရာဖို့ သင့်ကိုခန့်ထားမည်။’” ဤပရောဖက်ပြုချက်သည် ဗာဗုလုန်သုံ့ပန်းဘဝမှဣသရေလလူများ လွတ်မြောက်လာပြီးနောက် လူဆိတ်ညံရာပြည်တော်သို့ပြန်သွားချိန်တွင် ပထမအကြိမ်ပြည့်စုံခဲ့သည်။—ဟေရှာယ ၄၉:၃၊ ၉။

၁၄။ ယေရှု၏ကိစ္စတွင် ဟေရှာယ ၄၉:၈ မည်သို့ပြည့်စုံခဲ့သနည်း။

၁၄ ဟေရှာယပရောဖက်ပြုချက်၏ နောက်ထပ်ပြည့်စုံမှုအနေဖြင့် ယေဟောဝါသည် “မြေကြီးစွန်းတိုင်အောင် ငါ၏ကယ်တင်ခြင်းကိုပြုစုစိမ့်သောငှာ၊ သင့်ကိုတစ်ပါးအမျိုးသားတို့လင်းစရာ” အဖြစ်ကိုယ်တော့် “ကျွန်” ယေရှုကိုခန့်အပ်ထားသည်။ (ဟေရှာယ ၄၉:၆၊ ၈; ဟေရှာ ၄၂:၁-၄၊ ၆၊ ၇; မဿဲ ၁၂:၁၈-၂၁ နှိုင်းယှဉ်။) “နှစ်သက်ဖွယ်သောအချိန်” သည်ကမ္ဘာပေါ်ယေရှုရှိခဲ့စဉ်က ကိုယ်တော်နှင့်သက်ဆိုင်သည်မှာ ရှင်းနေသည်။ ကိုယ်တော်ဆုတောင်းခဲ့ရာ ဘုရားသခင် “နားထောင်” တော်မူခဲ့သည်။ ယေရှုသည် ပြည့်ဝစုံလင်စွာ သမာဓိစောင့်သိခဲ့ရာ ထိုနေ့ရက်သည် ကိုယ်တော့်အတွက်ကယ်တင်ခြင်းနေ့ရက်ဖြစ်ခဲ့သဖြင့် ကိုယ်တော်သည် “ယုံကြည်နားထောင်သောသူအပေါင်းတို့အား ထာဝရကယ်တင်ခြင်းကျေးဇူးကိုပြု” သောသူဖြစ်လာလေသည်။—ဟေဗြဲ ၅:၇၊ ၉; ယောဟန် ၁၂:၂၇၊ ၂၈။

၁၅။ ဝိညာဉ်ရေးဣသရေလလူများသည် အဘယ်အချိန်ကတည်းက ဘုရားသခင်၏ကျေးဇူးတော်ကိုခံစားထိုက်ကြောင်းသက်သေထူရန် ကြိုးစားခဲ့ကြရသနည်း၊ အဘယ်ရည်ရွယ်ချက်ဖြင့်နည်း။

၁၅ ဟေရှာယ ၄၉:၈ သည်ဘိသိက်ခံများနှင့်သက်ဆိုင်ကြောင်း ပေါလုဖော်ပြပေးကာ ကိုယ်တော်ပြင်ဆင်ပေးသည့် “နှစ်သက်ဖွယ်သောအချိန်” နှင့် “ကယ်တင်ရာနေ့ရက်” အတွင်း ကိုယ်တော့်သဘောတော်နှင့်တွေ့ရန် မကြိုးစားဘဲနေခြင်းအားဖြင့် “ဘုရားသခင်၏ကျေးဇူးတော်ကို အကျိုးမဲ့မခံကြ” ရန်အနူးအညွတ်တောင်းပန်ခဲ့သည်။ ပေါလုက ဤသို့ထပ်ဆင့်ခဲ့သည်– “ယခုပင်နှစ်သက်ဖွယ်သောအချိန်ဖြစ်၏။ ယခုပင် ကယ်တင်ရာနေ့ရက်ကာလဖြစ်၏။” (၂ ကောရိန္သု ၆:၂၊ သမ္မာ) စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့ကတည်းက ဝိညာဉ်ရေးဣသရေလလူများအနေနှင့် “နှစ်သက်ဖွယ်သောအချိန်” သည်သူတို့အတွက် “ကယ်တင်ရာနေ့ရက်” ဖြစ်စေရန် ဘုရားသခင့်မခံစားထိုက်သောကရုဏာတော်ကို ခံစားထိုက်ကြောင်းသက်သေထူရန် ကြိုးပမ်းခဲ့ကြရသည်။

‘ဘုရားသခင့်အမှုတော်ဆောင်များမှန်ကြောင်း ကိုယ်ကိုကိုယ်ထင်ရှားစွာပြခြင်း’

၁၆။ ပေါလုသည် အဘယ်ခဲယဉ်းသောအခြေအနေများတွင် ဘုရားသခင့်အမှုဆောင်မှန်ကြောင်း ထင်ရှားစွာပြခဲ့သနည်း။

၁၆ ကောရိန္သုအသင်းတော်နှင့်ပေါင်းသင်းခဲ့သူအချို့သည် ဘုရားသခင့်ကျေးဇူးတော်ကိုမခံစားထိုက်ကြောင်းထင်ရှားသည်။ ပေါလုသည် “ထိမိ၍လဲစရာအကြောင်း တစ်စုံတစ်ခုကိုမျှမပြု” မိအောင်ရှောင်ခဲ့သော်လည်း သူ၏တမန်တော်အခွင့်အရာကိုကြိုးစားဖျက်ဆီးရန် သူ့ကိုရှုတ်ချခဲ့ကြသည်။ သူသည် “ညှဉ်းဆဲခံခြင်း၊ ဆင်းရဲခြင်း၊ မလွတ်နိုင်သောဘေးဥပဒ်နှင့်တွေ့ခြင်း၊ အရိုက်အပုတ်ခံခြင်း၊ ထောင်ထဲ၌နေခြင်း၊ သူတစ်ပါးရုန်းရင်းခတ်ပြုခြင်း၊ အမှုကိုလုပ်ဆောင်ခြင်း၊ မအိပ်ဘဲစောင့်နေခြင်း၊ မွတ်သိပ်ခြင်း” တို့အားဖြင့် ဘုရားသခင့်ဓမ္မအမှုဆောင်မှန်ကြောင်း ထင်ရှားစွာပြခဲ့သည်။ (၂ ကောရိန္သု ၆:၃-၅) ထို့နောက် ပေါလုက သူ့ကိုအတိုက်အခံပြုသူများသည် ဓမ္မအမှုဆောင်များဖြစ်မည်ဆိုလျှင် သူသည် ထောင်ချခြင်း၊ ရိုက်နှက်ခြင်း၊ အန္တရာယ်များနှင့် ဆင်းရဲခက်ခဲခြင်းများကိုပို၍ခံစားခဲ့ရသောကြောင့် “အထူးသဖြင့်ဖြစ်၏” ဟုအကြောင်းပြခဲ့သည်။—၂ ကောရိန္သု ၁၁:၂၃-၂၇။

၁၇။ (က) ကျွန်ုပ်တို့သည် အဘယ်အရည်အသွေးများကိုပြသခြင်းအားဖြင့် ဘုရားသခင့်အမှုဆောင်များမှန်ကြောင်း ထင်ရှားစွာပြနိုင်သနည်း။ (ခ) “ဖြောင့်မတ်သောလက်နက်များ” ကားအဘယ်နည်း။

၁၇ ပေါလုနှင့်သူ၏အပေါင်းအဖော်များကဲ့သို့ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဓမ္မအမှုဆောင်မှန်ကြောင်း ထင်ရှားစွာပြနိုင်ပါသည်။ မည်သို့နည်း။ “စင်ကြယ်ခြင်း” သို့မဟုတ် သန့်စင်ခြင်းအားဖြင့်လည်းကောင်း၊ တိကျသောကျမ်းစာအသိပညာနှင့်အညီ ကျင့်ဆောင်ခြင်းအားဖြင့်လည်းကောင်းဖြစ်သည်။ ပြစ်မှားခံရသည့်အခါ၊ သို့မဟုတ် ဒေါသနှိုးဆွခံရသည့်အခါ သည်းခံ “စိတ်ရှည်ခြင်း” အားဖြင့်ဖြစ်စေ၊ အခြားသူများကိုကူညီပေးရာတွင် “ကျေးဇူးပြုခြင်း” အားဖြင့်ဖြစ်စေ အမှုဆောင်မှန်ကြောင်း ထင်ရှားစွာပြနိုင်ပါသည်။ ထို့အပြင် ကိုယ်တော့်သန့်ရှင်းသောဝိညာဉ်တော်လမ်းပြမှုကိုခံယူခြင်း၊ “ချစ်ယောင်မဆောင်အမှန်ချစ်ခြင်း၊” သစ္စာစကားကိုပြောခြင်းနှင့် ခရစ်ယာန်ဓမ္မအမှုကိုဆောင်ရွက်ရန် ကိုယ်တော်ကိုအားထားခြင်းတို့အားဖြင့် ဘုရားသခင်၏ဓမ္မအမှုဆောင်မှန်ကြောင်း ထင်ရှားစွာပြနိုင်သည်။ စိတ်ဝင်စားစရာမှာ ပေါလုသည် “ဖြောင့်မတ်သောအကျင့်တည်းဟူသော လက်နက်များကို လက်ယာဘက် လက်ဝဲဘက်၌ ဝတ်ဆောင်ခြင်းအားဖြင့်” လည်းအမှုဆောင်မှန်ကြောင်းကိုသက်သေထူခဲ့သည်။ ရှေးခေတ်စစ်ပွဲများတွင် လက်ယာဘက်တွင် ဓားကိုင်ကာ လက်ဝဲဘက်တွင် ဒိုင်းလွှားကိုင်လေ့ရှိကြသည်။ မှောက်မှားသောသွန်သင်သူများနှင့် ဝိညာဉ်ရေးစစ်ပွဲတိုက်ခိုက်ရာတွင် ပေါလုသည် အပြစ်ရှိသောဇာတိလက်နက်များဖြစ်သည့် သဘောကောက်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်းတို့ကိုအသုံးမပြုခဲ့ချေ။ (၂ ကောရိန္သု ၆:၆၊ ၇; ၁၁:၁၂-၁၄; သု. ၃:၃၂) သူသည် ဖြောင့်မတ်သော “လက်နက်များ” သို့မဟုတ် နည်းလမ်းများဖြင့် စစ်မှန်သောဝတ်ပြုရေးကို တိုးမြှင့်ပေးခဲ့သည်။ ကျွန်ုပ်တို့လည်း ထိုသို့ပြုသင့်သည်။

၁၈။ ကျွန်ုပ်တို့သည် ဘုရားသခင့်အမှုဆောင်များဖြစ်ကြမည်ဆိုလျှင် မည်သို့ပြုမူကြရမည်နည်း။

၁၈ ကျွန်ုပ်တို့သည် ဘုရားသခင့်ဓမ္မအမှုဆောင်များဖြစ်ကြမည်ဆိုလျှင် ပေါလုနှင့်သူ၏လုပ်ဖော်ဆောင်ဖက်များပြုခဲ့ကြသကဲ့သို့ ကျွန်ုပ်တို့ပြုမူကြရပါလိမ့်မည်။ လေးစားမှုခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ ခရစ်ယာန်များကဲ့သို့ပြုမူကျင့်ကြံကြရလိမ့်မည်။ ကျွန်ုပ်တို့အကြောင်းမကောင်းသတင်းများသည် ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းကို ရပ်တန့်စေမည်မဟုတ်၊ ချီးမွမ်းခံရမည်ဆိုလျှင်လည်း ထောင်လွှားသွားကြလိမ့်မည်မဟုတ်ချေ။ အမှန်စကားကိုပြောကြပြီး ဘုရားတရားနှင့်ညီသောအကျင့်များကိုကျင့်သူအဖြစ် အသိအမှတ်ပြုခံရနိုင်သည်။ ရန်သူ၏တိုက်ခိုက်မှုအောက်တွင် သေဘေးကြုံရသောအခါ ယေဟောဝါအားကိုးစားကြပါမည်။ ထို့ပြင် ကျေးဇူးတင်စိတ်ဖြင့် ပဲ့ပြင်ဆုံးမမှုကိုလက်ခံကြပါမည်။—၂ ကောရိန္သု ၆:၈၊ ၉။

၁၉။ ဝိညာဉ်ရေးအရ အဘယ်နည်းဖြင့် ‘လူများကိုရတတ်စေ’ နိုင်ခဲ့သနည်း။

၁၉ မိတ်သဟာယဖွဲ့ခြင်းဓမ္မအမှုအကြောင်း ဆွေးနွေးခန်းကိုအဆုံးသတ်ရာ၌ ပေါလုက “ဝမ်းနည်းသောသူကဲ့သို့ဖြစ်သော်လည်း အစဉ်ဝမ်းမြောက်သောသူ၊ ဆင်းရဲသောသူကဲ့သို့ဖြစ်သော်လည်း၊ လူများကိုရတတ်စေသောသူ၊ ဥစ္စာတစ်စုံတစ်ခုကိုမျှမပိုင်သောသူကဲ့သို့ဖြစ်သော်လည်း အလုံးစုံတို့ကိုပိုင်သောသူ” များဖြစ်ခဲ့ကြောင်း ကိုယ်တိုင်နှင့်သူ၏အပေါင်းပါများအကြောင်း ပြောပြခဲ့သည်။ (၂ ကောရိန္သု ၆:၁၀) ထိုအမှုဆောင်များသည် သူတို့၏ဝေဒနာများကြောင့် ဝမ်းနည်းကြရသော်လည်း အတွင်းရွှင်လန်းမှုရှိခဲ့ကြသည်။ သူတို့သည် ကာယရေးအရဆင်းရဲကြသော်လည်း ဝိညာဉ်ရေးအရ ‘လူများကိုရတတ်စေခဲ့’ ကြ၏။ အမှန်မှာ၊ သူတို့၏ယုံကြည်ခြင်းက ဝိညာဉ်ရေးအရ သူတို့ကိုချမ်းသာစေခဲ့သောကြောင့် ဘုရားသခင်၏ကောင်းကင်သားများဖြစ်ခွင့်ပါအပါအဝင် ‘အလုံးစုံတို့ကိုပိုင်ဆိုင်ခဲ့ကြ’ ၏။ ထို့အပြင် သူတို့သည် ခရစ်ယာန်ဓမ္မအမှုဆောင်များအဖြစ် ချမ်းသာပျော်ရွှင်သည့်ဘဝကိုပိုင်ဆိုင်ခဲ့ကြသည်။ (တမန်တော် ၂၀:၃၅) သူတို့နည်းတူ ယခုပင်—ဤကယ်တင်ရာနေ့ရက်အတွင်း—ကျွန်ုပ်တို့သည် မိတ်သဟာယအမှုဆောင်ခြင်းတွင်ပါဝင်ခြင်းအားဖြင့် ‘လူများကိုရတတ်စေ’ နိုင်သည်!

ယေဟောဝါ၏ကယ်တင်ခြင်းကိုကိုးစားပါ

၂၀။ (က) ပေါလု၏ပြင်းပြသောဆန္ဒကား အဘယ်နည်း။ အဘယ်ကြောင့် အချိန်မဖြုန်းနိုင်ကြသနည်း။ (ခ) ယခု ကျွန်ုပ်တို့သည် ကယ်တင်ရာနေ့ရက်အတွင်း အသက်ရှင်နေကြကြောင်း အဘယ်အရာကဖော်ပြသနည်း။

၂၀ စီ.အီး. ၅၅ ခန့်၌ ပေါလုသည် ကောရိန္သုမြို့သားများထံ သူ၏ဒုတိယစာစောင်ကိုရေးသားချိန်တွင် ဂျူးအစီအစဉ်စနစ်အတွက် ၁၅ နှစ်ခန့်သာကျန်ရှိတော့သည်။ တမန်တော်သည် ဂျူးများနှင့်တစ်ပါးအမျိုးသားများကို ခရစ်တော်အားဖြင့် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့စေလိုသည့်ဆန္ဒပြင်းပြခဲ့သည်။ ထိုနေ့ရက်သည် ကယ်တင်ရာနေ့ရက်ဖြစ်ရာ အချိန်မဖြုန်းနိုင်ကြချေ။ ကျွန်ုပ်တို့လည်း ၁၉၁၄ ခုနှစ်ကတည်းက အစီအစဉ်စနစ်၏ထပ်တူအဆုံးကာလတွင် ရောက်ရှိနေခဲ့ကြပြီ။ ယခုကမ္ဘာချီထမ်းဆောင်နေသော ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းက ဤနေ့ကိုကယ်တင်ရာနေ့ရက်အဖြစ်မှတ်သားစေသည်။

၂၁။ (က) ၁၉၉၉ အတွက်အဘယ်နှစ်ချုပ်ကျမ်းချက်ကို ရွေးချယ်ထားသနည်း။ (ခ) ဤကယ်တင်ရာနေ့ရက်တွင် ကျွန်ုပ်တို့မည်သို့ပြုလုပ်နေသင့်သနည်း။

၂၁ ယေရှုခရစ်မှတစ်ဆင့် ကယ်တင်ခြင်းရရန် ဘုရားသခင့်ပြင်ဆင်ပေးချက်အကြောင်းကို လူမျိုးအပေါင်းကြားသိရန်လိုသည်။ တုံ့ဆိုင်းနေရန် အချိန်မရှိချေ။ ပေါလုက ဤသို့ရေးသားခဲ့သည်– ‘ယခုပင် ကယ်တင်ရာနေ့ရက်ဖြစ်၏။’ ၂ ကောရိန္သု ၆:၂ (သမ္မာ) ပါဤစကားများသည် ယေဟောဝါသက်သေများ၏ ၁၉၉၉ ခုနှစ်နှစ်ချုပ်ကျမ်းချက်ဖြစ်ပါလိမ့်မည်။ ကျွန်ုပ်တို့သည် ယေရုရှလင်မြို့နှင့် ယင်း၏ဗိမာန်တော်ပျက်စီးခြင်းထက် သာ၍ဆိုးသောအရာကို ရင်ဆိုင်နေကြရသောကြောင့် မည်မျှလျော်ကန်လှသည်တကား! လက်တစ်ကမ်းလေးတွင် ကမ္ဘာပေါ်ရှိသူတိုင်း၏ ဤစနစ်တစ်ခုလုံးဆုံးခန်းတိုင်ရမည်။ မနက်ဖြန်မဟုတ် ယခုပင် ကျွန်ုပ်တို့ပြုမူဆောင်ရွက်ရမည်။ ကယ်တင်ခြင်းသည် ယေဟောဝါနှင့်စပ်ဆိုင်ကြောင်းကျွန်ုပ်တို့ယုံကြည်ကြမည်၊ ကိုယ်တော်အား ကျွန်ုပ်တို့ချစ်မြတ်နိုးကြမည်၊ ထာဝရအသက်ကို တန်ဖိုးထားကြမည်ဆိုလျှင် ဘုရားသခင့်မခံစားထိုက်သောကရုဏာတော်ကို အချည်းနှီးဖြစ်စေကြလိမ့်မည်မဟုတ်ချေ။ ယေဟောဝါအား လှိုက်လှဲစွာဂုဏ်တင်လိုသည့်စိတ်ဖြင့် ‘ယခုပင်ကယ်တင်ရာနေ့ရက်ဖြစ်၏’ ဟုကျွန်ုပ်တို့ကြွေးကြော်သောအခါ အမှန်ဆိုလိုကြောင်း အပြောနှင့်အလုပ်အားဖြင့် သက်သေထူကြပါမည်။

သင်မည်သို့ဖြေဆိုမည်နည်း

◻ ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ ခြင်းသည် အဘယ်ကြောင့်အလွန်အရေးကြီးသနည်း။

◻ မိတ်သဟာယဖွဲ့ ခြင်းအမှုတော်တွင် ပါဝင်နေကြသော သံအမတ်များနှင့်သံတမန်များကား မည်သူများနည်း။

◻ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို ဘုရားသခင့်အမှုဆောင်များမှန်ကြောင်း မည်သို့ထင်ရှားစွာပြနိုင်သနည်း။

◻ ယေဟောဝါသက်သေများ၏ ၁၉၉၉ ခုနှစ် နှစ်ချုပ်ကျမ်းချက်သည် သင့်အတွက်အဘယ်အဓိပ္ပာယ်ရှိသနည်း။

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ပေါလုနည်းတူ သင်သည် အခြားသူများ ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့နိုင်ကြရန် ထက်သန်စွာ ဟောပြောကူညီပေးနေသလော

အမေရိကန်ပြည်ထောင်စု

ပြင်သစ်

ကုတ်ဒ်အဗွား

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဤကယ်တင်ရာနေ့ရက်တွင် ယေဟောဝါဘုရားသခင်နှင့် မိတ်သဟာယဖွဲ့သူ မြောက်မြားစွာတွင် သင်ပါဝင်သလော

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ