“နှစ်သိမ့်ခြင်းအမျိုးမျိုး ပေးတော်မူသောဘုရား” ထံတော်မှသက်သာခြင်း
“ငါတို့ခံသမျှသောဒုက္ခ၌ နှစ်သိမ့်စေတော်မူသည့်အလျောက် ကရုဏာသက်တော်မူသောအဘ၊ နှစ်သိမ့်ခြင်းအမျိုးမျိုးပေးတော်မူသောဘုရား၊ ငါတို့အရှင် ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်၌ မင်္ဂလာရှိ၏။”—၂ ကောရိန္သု ၁:၃၊ ၄၊ သမ။
၁၊ ၂။ ပူဆွေးသောကရောက်သူများသည် အဘယ်နှစ်သိမ့်မှုမျိုး လိုအပ်သနည်း။
ပူဆွေးသောကရောက်နေသူများသည် အနှစ်သာရမဲ့သောပြောမြဲဆိုမြဲ သုံးဖန်များသောစကားများကိုမဟုတ် နှစ်သိမ့်မှုအစစ်အမှန်ကို လိုအပ်ကြသည်။ ‘အချိန်သည် အနာကိုပျောက်စေမည်’ ဟုကျွန်ုပ်တို့ကြားဖူးနားဝရှိကြ၏။ သို့သော် ယင်းစကားသည် ဆုံးပါးမှုခံရခါစ သောကဖိစီးနေသူအတွက် အဘယ်နှစ်သိမ့်မှုပေးမည်နည်း။ ရှင်ပြန်ထမြောက်ခြင်းကို ဘုရားသခင်ကတိထားတော်မူကြောင်း ခရစ်ယာန်များသိထားကြသည်။ သို့သော် ယင်းကြောင့် ရုတ်တရက်ဆုံးပါးမှု၏စိတ်ထိခိုက်နာကြင်မှု ပျောက်ပြယ်မသွားပါ။ ထို့ပြင် သင်သည် ကလေးငယ်တစ်ဦး ဆုံးပါးခံရသူဖြစ်လျှင် ကျန်ကြွင်းသောအခြားကလေးများသည် ထိုကလေးကို အစားမထိုးနိုင်သည်ကား အမှန်တကယ်ပင်။
၂ ဆုံးပါးခံရချိန်တွင် နှစ်သိမ့်မှုအစစ်အမှန်၊ ဘုရားသခင့်ကတိတော်များအပေါ် အခြေပြုသည့် နှစ်သိမ့်မှုက အများဆုံးအထောက်အကူပြုသည်။ ကိုယ်ချင်းစာနာမှုပြခံရခြင်းကိုလည်း ကျွန်ုပ်တို့လိုအပ်သည်။ ရဝမ်ဒါနိုင်ငံသားများ၊ အထူးသဖြင့် ရက်စက်ကြမ်းကြုတ်သော လူမျိုးရေးသတ်ဖြတ်မှုတွင် ချစ်မြတ်နိုးရသူများဆုံးရှုံးခဲ့ရသော ရာနှင့်ချီသည့် ယေဟောဝါသက်သေမိသားစုများသည် ယင်းကိုအမှန်လိုအပ်နေကြသည်။ စိတ်နှလုံးကြေကွဲသူများသည် မည်သူ့ထံမှ သက်သာမှုရရှိနိုင်မည်နည်း။
ယေဟောဝါ—နှစ်သိမ့်မှုပေးတော်မူသောဘုရား
၃။ နှစ်သိမ့်မှုပေးရာတွင် ယေဟောဝါသည် အဘယ်ပုံသက်သေကို ချမှတ်တော်မူသနည်း။
၃ ကျွန်ုပ်တို့အားလုံးအား နှစ်သိမ့်မှုပေးရာတွင် ယေဟောဝါသည် ပုံသက်သေချထားတော်မူသည်။ ကျွန်ုပ်တို့သည် ထာဝစဉ်သက်သာမှုနှင့် မျှော်လင့်ချက်ရှိရန် တစ်ပါးတည်းသောသားတော် ခရစ်တော်ယေရှုကို ကမ္ဘာမြေကြီးပေါ်သို့ ကိုယ်တော်စေလွှတ်တော်မူခဲ့သည်။ ယေရှု ဤသို့သွန်သင်သည်– “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက် ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။” (ယောဟန် ၃:၁၆) မိမိ၏နောက်တော်လိုက်များအား ဤသို့လည်းမိန့်မှာတော်မူ၏– “ကိုယ်အဆွေတို့အဖို့အလိုငှာ ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာထက် သာ၍မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။” (ယောဟန် ၁၅:၁၃) နောင်တစ်ကြိမ်တွင် ကိုယ်တော် ဤသို့မိန့်ဆိုသည်– “သူတစ်ပါးအစေကိုခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာလည်းကောင်း၊ ကြွလာသည်ဖြစ်၍ ထိုနည်းတူ သင်တို့တွင် အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။ သင်တို့တွင် အထွတ်အမြတ်လုပ်ချင်သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေ။” (မဿဲ ၂၀:၂၈) ပေါလုကလည်း ဤသို့ဆိုသည်– “ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။” (ရောမ ၅:၈) ဤကျမ်းချက်များနှင့် အခြားအခြားသောကျမ်းချက်များအားဖြင့် ဘုရားသခင်နှင့် ခရစ်တော်ယေရှု၏ ချစ်ခြင်းမေတ္တာတော်ကို ကျွန်ုပ်တို့သိမြင်ကြရသည်။
၄။ တမန်တော်ပေါလုသည် အထူးသဖြင့်ယေဟောဝါကို အဘယ်ကြောင့်ကြွေးမြီတင်နေသနည်း။
၄ တမန်တော်ပေါလုသည် ယေဟောဝါ၏ မခံစားထိုက်သောကရုဏာတော်ကို အထူးသဖြင့်သတိပြုတော်မူခဲ့သည်။ သူသည် ဝိညာဉ်ရေးအရ အသေဖြစ်နေသောအခြေအနေမှ နုတ်ယူခံရကာ၊ ခရစ်တော်၏တပည့်နောက်လိုက်များကို အပြင်းအထန်ညှဉ်းဆဲသောသူတစ်ဦးအဖြစ်မှ ကိုယ်တိုင်နှိပ်စက်ညှဉ်းဆဲခံရသောခရစ်ယာန်တစ်ဦးအဖြစ်သို့ ရောက်ရှိလာသည်။ (ဧဖက် ၂:၁-၅) သူ့အတွေ့အကြုံကိုသူ ဤသို့ဖော်ပြသည်– “ငါသည် အထက်က ဘုရားသခင်၏အသင်းတော်ကို ညှဉ်းဆဲသောကြောင့် အညံ့ဆုံးသောတမန်တော်ဖြစ်၏။ တမန်တော်ဟုခေါ်ဝေါ်ခြင်းကို မခံထိုက်။ သို့သော်လည်း ဘုရားသခင်၏ကျေးဇူးတော်အားဖြင့်သာ ငါဖြစ်သည်အတိုင်း ငါဖြစ်၏။ ငါခံရသောကျေးဇူးတော်ကိုလည်း အကျိုးမဲ့ခံရသည်မဟုတ်။ အခြားသောတမန်တော်အပေါင်းတို့ထက် ငါသည် သာ၍ကြိုးစားခြင်းကိုပြု၏။ ထိုသို့ဆိုသော်လည်း ငါကြိုးစားသည်မဟုတ်။ ငါနှင့်အတူရှိသော ဘုရားသခင်၏ကျေးဇူးတော်သည် ကြိုးစားတော်မူ၏။”—၁ ကောရိန္သု ၁၅:၉၊ ၁၀။
၅။ ဘုရားသခင်ထံမှရရှိသောနှစ်သိမ့်မှုအကြောင်း ပေါလုအဘယ်အရာရေးခဲ့သနည်း။
၅ ထို့ကြောင့် သင့်တော်လျောက်ပတ်စွာဖြင့် ပေါလု ဤသို့ရေးသားခဲ့သည်– “ဘုရားသခင်ကြောင့် ငါတို့ခံရသော နှစ်သိမ့်ခြင်းအားဖြင့် မည်သည့်ဒုက္ခမဆို ခံနေရသူတို့ကို နှစ်သိမ့်စေခွင့်ရှိအံ့သောငှာ ငါတို့ခံသမျှသောဒုက္ခ၌ နှစ်သိမ့်စေတော်မူသည့်အလျောက် ကရုဏာသက်တော်မူသောအဘ၊ နှစ်သိမ့်ခြင်းအမျိုးမျိုးပေးတော်မူသောဘုရား၊ ငါတို့အရှင် ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်၌ မင်္ဂလာရှိ၏။ ခရစ်တော်ခံတော်မူသောဒုက္ခသည် ငါတို့၌ များပြားသည့်နည်းတူ ခရစ်တော်ကြောင့် ငါတို့ခံရသောနှစ်သိမ့်ခွင့်လည်း များပြား၏။ ငါတို့သည် ဒုက္ခခံရကြသော်လည်းကောင်း သင်တို့၏နှစ်သိမ့်ခွင့်နှင့် ကယ်တင်ခွင့်အဖို့ နှစ်သိမ့်ခံရကြသော်လည်းကောင်း ငါတို့ခံစားရသောဒုက္ခမျိုးကို သည်းခံခြင်းအကျိုးဖြစ်ထွန်းစေသော သင်တို့နှစ်သိမ့်ခွင့်အဖို့ဖြစ်၏။ ထိုဒုက္ခကို သင်တို့ဆက်ဆံခံရသည့်အလျောက် နှစ်သိမ့်ခွင့်ကိုလည်း ဆက်ဆံခံရကြောင်း သိကြသဖြင့် ငါတို့သည် သင်တို့နှင့်စပ်၍ ခိုင်ခံ့စွာမျှော်လင့်ခွင့်ရကြ၏။”—၂ ကောရိန္သု ၁:၃-၇၊ သမ။
၆။ “သက်သာခြင်း” ဟုပြန်ဆိုထားသည့် ဂရိစကားလုံးက အဘယ်အဓိပ္ပာယ်သက်ရောက်စေသနည်း။
၆ စိတ်အားတက်ဖွယ် စကားများပါတကား! ဤတွင် “သက်သာခြင်း” ဟုပြန်ဆိုထားသည့် ဂရိစကားလုံးသည် “မိမိအနားသို့ခေါ်ဖိတ်ခြင်း” နှင့်ဆက်စပ်နေသည်။ ထို့ကြောင့် “အပြင်းအထန်စမ်းသပ်ခံရသည့်အခိုက် အားပေးနိုင်ရန် သူ့အနားတွင်ရပ်နေခြင်း” ဟူ၍ သဘောသက်ရောက်သည်။ (A Linguistic Key to the Greek New Testament) ကျမ်းပညာရှင်တစ်ဦးက ဤသို့ရေးသားခဲ့သည်– “ထိုစကားလုံးသည် . . . စိတ်အေးချမ်းစေသော စာနာစိတ်နှင့်အားပေးသည့်စကားထက်မက ဖြစ်လေ့ဖြစ်ထရှိသည်။ . . . ခရစ်ယာန်စိတ်သက်သာမှုသည် သတ္တိမွေးပေးသောသက်သာမှု၊ ဘဝအခက်အခဲရှိသမျှကို ရင်ဆိုင်ဖြေရှင်းနိုင်စေသည့် သက်သာမှုမျိုးဖြစ်သည်။” ထိုတွင် ခိုင်လုံသောကတိတော်နှင့်မျှော်လင့်ချက်ဖြစ်သည့် လူသေတို့၏ရှင်ပြန်ထမြောက်ခြင်းအပေါ်အခြေခံသော နှစ်သိမ့်မှုပေးသည့်စကားများလည်း ပါဝင်သည်။
ယေရှုနှင့်ပေါလု—စာနာထောက်ထားစွာ နှစ်သိမ့်မှုပေးသူများ
၇။ ခရစ်ယာန်ညီအစ်ကိုများအတွက် ပေါလုသည် မည်သို့နှစ်သိမ့်ရာဖြစ်ခဲ့သနည်း။
၇ နှစ်သိမ့်မှုပေးရာတွင် ပေါလုသည် အလွန်ကောင်းသောပုံသက်သေဖြစ်သည်! သက်သာလောနိတ်မြို့ရှိ ညီအစ်ကိုများထံ သူ ဤသို့ရေးသားနိုင်၏– “သင်တို့တွင် ဖြည်းညင်းစွာပြုကြ၏။ သင်တို့ကိုချစ်သောကြောင့် နို့ထိန်းသည် မိမိသူငယ်ကို ကျွေးမွေးပြုစုသကဲ့သို့ ငါတို့သည် သင်တို့ကိုနှမြောစုံမက်ခြင်းနှင့်တကွ ဘုရားသခင်၏ဧဝံဂေလိတရားကိုမျှမက ကိုယ်အသက်ကိုပင် ပေးချင်သောစေတနာစိတ်ရှိကြ၏။ အဘသည် မိမိသားတို့ကိုပြုသကဲ့သို့ ငါတို့သည် သင်တို့ရှိသမျှကို အဘယ်သို့တိုက်တွန်းသွေးဆောင်၍ မှာထားသည်ကို သင်တို့သိကြသည်။”—၁ သက်သာလောနိတ် ၂:၇၊ ၈၊ ၁၂။
၈။ ယေရှု၏သွန်သင်မှုသည် ပူဆွေးသောကရောက်သူများအတွက် အဘယ်ကြောင့်နှစ်သိမ့်မှုပေးသနည်း။
၈ ဤသို့သောဂရုစိုက်မှုနှင့် ကြင်နာမှုကိုပြရာတွင် ပေါလုသည် သူ၏ကြီးမြတ်သောစံပြ ယေရှုကို တုပနေခြင်းမျှဖြစ်သည်။ မဿဲ ၁၁:၂၈-၃၀ (ကဘ) တွင်မှတ်တမ်းတင်ထားသည့်အတိုင်း၊ အားလုံးအားကမ်းလှမ်းသည့် စာနာထောက်ထားသော ယေရှု၏ဖိတ်ခေါ်ချက်ကို သတိရပါ– “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် လန်းဆန်းစေမည်။ ငါ့ထမ်းပိုးကိုတင်၍ ငါ့ထံ၌နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိုးလ်သည် လန်းဆန်းရလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏။” မှန်ပါသည်၊ ယေရှု၏သွန်သင်မှုသည် လန်းဆန်းစေသည်။ အကြောင်းမူကား မျှော်လင့်ချက်ပေးပြီး ရှင်ပြန်ထမြောက်ခြင်းကတိတော်ပါဝင်၍ဖြစ်သည်။ ဥပမာ၊ ကျွန်ုပ်တို့လည်း သင်ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးသည့်အခါ [လိပ်] ဘရိုရှာကို လူတို့အားဝေငှသည့်အခါ အဆိုပါမျှော်လင့်ချက်နှင့် ကတိတော်ကို သူတို့အားကမ်းလှမ်းကြသည်။ ကျွန်ုပ်တို့သည် ကြာမြင့်စွာ ပူဆွေးသောကရောက်နေသည့်တိုင် ကျွန်ုပ်တို့အားလုံးကို ဤမျှော်လင့်ချက်က အကူအညီပေးနိုင်ပါလိမ့်မည်။
ပူဆွေးသောကရောက်နေသူများကို မည်သို့နှစ်သိမ့်ပေးနိုင်
၉။ ပူဆွေးသောကရောက်သူတို့နှင့် ကျွန်ုပ်တို့အဘယ်ကြောင့်စိတ်မတိုသင့်သနည်း။
၉ ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးသွားသည်နှင့် အချိန်အကန့်အသတ်အထိသာ ပူဆွေးသောကရောက်တတ်သည်မဟုတ်ပါ။ အထူးသဖြင့် သားသမီးဆုံးပါးသူအချို့သည် သူတို့၏ပူဆွေးသောကဝန်ကို တစ်သက်တာပတ်လုံး ထမ်းမြဲထမ်းထားတတ်ကြသည်။ စပိန်နိုင်ငံမှ သစ္စာရှိခရစ်ယာန်မောင်နှံစုံတစ်စုံ၏ ၁၁ နှစ်သားကလေးသည် ၁၉၆၃ ခုနှစ်တွင်ဦးနှောက်အမြှေးရောင်ရောဂါနှင့် သေဆုံးသွားခဲ့ပါသည်။ ယနေ့တိုင်အောင် ပကီတိုအကြောင်း စကားမစပ်ပြောမိဆိုမိလျှင် သူတို့မျက်ရည်ကျကြတုန်းပင်ဖြစ်သည်။ နှစ်ပတ်လည်နေ့ရက်များ၊ ဓာတ်ပုံများ၊ အမှတ်တရပစ္စည်းများတို့က ဝမ်းနည်းပူဆွေးမှုကို ပြန်နှိုးဆွပေးတတ်သည်။ ယင်းကြောင့် ယခုဆိုလျှင် ဆုံးပါးမှုကို မေ့ပျောက်လောက်ပြီဟူ၍ သူတစ်ပါးအားစီရင်ပြီး စိတ်တိုမနေသင့်ပေ။ ဆေးဘက်ဆိုင်ရာပါရဂူတစ်ဦးက ဤသို့ဝန်ခံသည်– “စိတ်ဓာတ်ကျခြင်းနှင့် စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲများဖြစ်ခြင်းတို့သည် နှစ်ချီရှိနိုင်သည်။” ထို့ကြောင့် ကိုယ်ခန္ဓာအပေါ် အမာရွတ်များအမြဲကျန်ရှိနေတတ်သကဲ့သို့ စိတ်နှလုံးပေါ်တွင်လည်း အမာရွတ်များကျန်ရစ်နေတတ်သည်။
၁၀။ ပူဆွေးသောကရောက်သူများကို ကူညီပေးရန် ကျွန်ုပ်တို့ဘာလုပ်ရမည်နည်း။
၁၀ ခရစ်ယာန်အသင်းတော်တွင် ပူဆွေးသောကရောက်သူတို့အား နှစ်သိမ့်မှုပေးရန် ကျွန်ုပ်တို့သည် အဘယ်လက်တွေ့ကျအကူအညီများ ပေးနိုင်သနည်း။ နှစ်သိမ့်မှုလိုအပ်နေသူ ညီအစ်ကို၊ သို့မဟုတ် ညီအစ်မတစ်ဦးအား “အကူအညီလိုရင်ပြောနော်” ဟုစိတ်ရင်းစေတနာမှန်ဖြင့် ကျွန်ုပ်တို့ပြောဆိုကောင်း ပြောဆိုပေမည်။ သို့သော် ပူဆွေးသူက “အကျွန်ုပ်အကူအညီတောင်းချင်တယ်” ဟု ဘယ်နှစ်ကြိမ်လာရောက်ပြောဆိုသနည်း။ ပူဆွေးသူအား နှစ်သိမ့်မှုပေးလိုလျှင် သင့်တော်လျောက်ပတ်သောနည်းဖြင့် ကိုယ်တိုင်စတင်ကူညီပေးရန်လိုကြောင်း ထင်ရှားသည်။ ယင်းကြောင့် အကူအညီဖြစ်သည့်နည်းဖြင့် ကျွန်ုပ်တို့အဘယ်အမှုကိုပြုလုပ်နိုင်မည်နည်း။ ဤတွင် လက်တွေ့ကျအကြံပြုချက်အချို့ကိုဖော်ပြထားသည်။
၁၁။ နားထောင်ပေးခြင်းက အခြားသူများအတွက် မည်သို့နှစ်သိမ့်မှုဖြစ်သနည်း။
၁၁ နားထောင်ပါ– အကူအညီအဖြစ်ဆုံးအရာတစ်ခုမှာ ဝမ်းနည်းကြေကွဲသူ၏ဝေဒနာအကြောင်းပြောဆိုသည်ကို နားထောင်ခြင်းအားဖြင့် ဝေမျှခံစားပေးခြင်းဖြစ်သည်။ အသင်က “အဲ့ဒီအကြောင်း ပြောပြချင်သလား” ဟုမေးနိုင်သည်။ ထို့နောက် သူကိုယ်တိုင်ဆုံးဖြတ်ပါစေ။ မိမိ၏ဖခင် ကွယ်လွန်ခဲ့ချိန်နှင့်စပ်လျဉ်း၍ ခရစ်ယာန်တစ်ဦးက ဤသို့ပြောသည်– “တခြားသူတွေက ဘယ်လိုဖြစ်တာလဲလို့မေးကြပြီး တကယ်နားထောင်ပေးကြတာ ကျွန်တော့်ကို တကယ်အကူအညီပေးတယ်။” ယာကုပ်မှာကြားသည့်အတိုင်းပင် အလျင်အမြန်နားထောင်ပါ။ (ယာကုပ် ၁:၁၉) စိတ်ရှည်လက်ရှည်နှင့် စာနာမှုရှိရှိ နားထောင်ပါ။ “ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးခြင်းကိုပြုကြလော့” ဟုရောမ ၁၂:၁၅ ကထောက်ခံသည်။ မာသနှင့်မာရိတို့နှင့်အတူ ယေရှု မျက်ရည်ကျတော်မူခဲ့ကြောင်းကို သတိရပါ။—ယောဟန် ၁၁:၃၅။
၁၂။ ဝမ်းနည်းကြေကွဲသူများကို အဘယ်အားပေးမှု ကမ်းလှမ်းနိုင်သနည်း။
၁၂ စိုးရိမ်စိတ်ကို ပပျောက်စေပါ– ကြေကွဲသူသည် အစကနဦးတွင် သူတာဝန်မကျေ အပြစ်မကင်းဟု ယူမှတ်မည်ကို ထည့်စဉ်းစားပါ။ သူသည် အတတ်နိုင်ဆုံးပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း (သို့မဟုတ် အမှန်ဖြစ်ပြီး အပြုသဘောပါသည့် သင်သိရှိသော အခြားမည်သည့်အကြောင်းမဆို) ကိုထည့်ပြောဆိုနှစ်သိမ့်ပေးပါ။ သူ၏ခံစားချက်သည် မထူးဆန်းဘဲ ဖြစ်လေ့ဖြစ်ထရှိကြောင်းကိုလည်း သဘောပေါက်စေပါ။ ထပ်တူဆုံးပါးမှုမျိုးကို ဖြေသိမ့်နိုင်ခဲ့သော အခြားသူများအကြောင်း သူ့အားပြောပြပါ။ တစ်နည်းအားဖြင့်ဆိုလျှင် အကဲဆတ်ပြီး ကိုယ်ချင်းစာနာမှုရှိပါ။ ကျွန်ုပ်တို့၏ကြင်နာသောအကူအညီသည် များစွာတာသွားနိုင်သည်! ရှောလမုန်က ဤသို့ရေးသားသည်– “အခန့်သင့်ပြောဆိုသောစကားတစ်ခွန်းသည် ငွေထည်တွင်ရှိသော ရွှေပန်းသီးများနှင့်တူသည်။”—သု. ၁၆:၂၄; ၂၅:၁၁၊ ကဘ; ၁ သက်သာလောနိတ် ၅:၁၁၊ ၁၄။
၁၃။ အသုံးခံနိုင်သူများဖြစ်ရန် အသင့်ရှိကြမည်ဆိုလျှင် ယင်းသည် မည်သို့အကူအညီဖြစ်မည်နည်း။
၁၃ အသုံးခံနိုင်သူဖြစ်ရန် အသင့်ရှိပါ– မိတ်ဆွေနှင့်ဆွေမျိုးများဝိုင်းရံနေသည့် ပထမနေ့ရက်အနည်းငယ်၌သာမက အခြားသူတို့သည် ကိုယ်စီကိုယ်င ပုံမှန်လုပ်ငန်းဆောင်တာများကို ပြန်ဆောင်ရွက်နေကြသည့် နောက်ပိုင်းလပေါင်းများစွာ၌လည်း လိုအပ်လာလျှင်အကူအညီပေးရန် အသင့်ရှိပါ။ ပူဆွေးသောကရောက်ချိန်သည် တစ်ဦးနှင့်တစ်ဦး တူလိမ့်မည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ခရစ်ယာန်စိတ်ဝင်စားမှုနှင့် ကိုယ်ချင်းစာနာမှုသည် အကူအညီလိုအပ်နေသော မည်သည့်အချိန်တွင်မဆို များစွာတာသွားလိမ့်မည်။ “မိတ်ဆွေမူကား ညီအစ်ကိုစွဲကပ်သည်ထက် သာ၍စွဲကပ်တတ်၏” ဟုသမ္မာကျမ်းစာဆိုသည်။ ယင်းကြောင့် “လိုအပ်ချိန်တွင် အကူအညီပေးသူသည် မိတ်ဆွေစစ်ဖြစ်သည်” ဟူသောဆိုရိုးစကားသည် ကျွန်ုပ်တို့ကျင့်သုံးရမည့် ဟုတ်မှန်သည့်တရားဖြစ်သည်။—သု. ၁၈:၂၄; တမန်တော် ၂၈:၁၅ နှိုင်းယှဉ်။
၁၄။ ကျန်ရစ်သူတို့အား နှစ်သိမ့်ပေးရန် အဘယ်အကြောင်းကိုပြောဆိုနိုင်သနည်း။
၁၄ ကွယ်လွန်သူ၏အရည်အချင်းကောင်းများကို ဖော်ပြပြောဆိုပါ။ အခန့်သင့်အချိန်တွင်ဖြစ်ပါက ယင်းသည်များစွာအကူအညီဖြစ်စေသည်။ ထိုသူနှင့်သက်ဆိုင်သည့် သင်မှတ်မိသော အပြုသဘောပါ ဖြစ်ရပ်အတိုအထွာကလေးများကို တင်ပြပြောဆိုပါ။ သူ၏နာမည်ကို အသုံးမပြုဝံ့ဘဲမနေပါနှင့်။ ကွယ်လွန်သွားသော ချစ်မြတ်နိုးရသူသည် တစ်ခါမျှအသက်မရှင်ခဲ့ဖူးသူ သို့မဟုတ် အမှန်တကယ်မရှိသူအဖြစ် သဘောမထားပါနှင့်။ ဟာဗတ်ဆေးကျောင်းမှ ထုတ်ဝေသောစာစောင်တစ်ခုပါ ဤအကြောင်းသည် နှစ်သိမ့်စရာဖြစ်သည်– “ပူဆွေးကျန်ရစ်သူသည် နောက်ဆုံးတွင်ကွယ်လွန်သူအကြောင်း တွေးတောသည့်အခါ ဝမ်းနည်းပက်လက်မဖြစ်တော့လျှင် နာလန်ထူစအချိန်ဖြစ်သည်။ . . . ထိုကြုံတွေ့ရခါစဖြစ်ရပ်မှန်ကို တဖြည်းဖြည်းအသိအမှတ်ပြု သဘောပေါက်လာနိုင်သောအခါ ပူဆွေးသောကသည် မြတ်နိုးရသော မမေ့နိုင်စရာများအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။” “မြတ်နိုးရသော မမေ့နိုင်စရာများ”—ချစ်မြတ်နိုးရသူတစ်ဦးနှင့် နေထိုင်သွားလာခဲ့ချိန်တို့ကို ပြန်သတိရခြင်းသည် မည်မျှစိတ်သက်သာမှုရှိစေပါသည်တကား! လွန်ခဲ့သောနှစ်အနည်းငယ်က ဖခင်ဆုံးပါးခဲ့သူသက်သေခံတစ်ဦး ဤသို့ပြောပြသည်– “သမ္မာတရားကို အဖေ စတင်လေ့လာချိန်မှာ သူနဲ့အတူ ကျွန်တော်ကျမ်းစာဖတ်ရွတ်ခဲ့တာကို အထူးသတိရတယ်။ နောက်ပြီး ကမ်းစပ်နားမှာလဲလျောင်းနေရင်း ကျွန်တော့်ပြဿနာများကို ရင်ဖွင့်ခဲ့တာတွေပေါ့။ သုံးလေးနှစ်တစ်ကြိမ်သာ သူနှင့်ကျွန်တော်ပြန်ဆုံခဲ့ရတယ်။ အဲ့ဒါကြောင့် အဲ့ဒီအချိန်တွေဟာ တန်ဖိုးရှိတဲ့အချိန်အခါတွေပါပဲ။”
၁၅။ ကိုယ်ကိုယ်တိုင် စတင်အကူအညီပေးရန် မည်သို့ပြုလုပ်နိုင်သနည်း။
၁၅ သင့်တော်လျောက်ပတ်သည့်အခါ မိမိက ဦးစီးဦးဆောင်ပြုပါ– ပူဆွေးသောကရောက်သူအချို့သည် အခြားသူများထက် ပို၍ခံနိုင်ကြသည်။ ထို့ကြောင့် အခြေအနေအရ လက်တွေ့ကျနည်းအမျိုးမျိုးဖြင့် ကူညီပေးပါ။ ပူဆွေးသောကရောက်သောခရစ်ယာန်အမျိုးသမီးတစ်ဦးက ဤသို့ပြန်ပြောပြသည်– “အများက ‘အကူအညီလိုရင်ပြောနော်’ လို့ပဲပြောကြတယ်။ ဒါပေမဲ့ ခရစ်ယာန်ညီအစ်မတစ်ယောက်ကျတော့ မေးမြန်းမနေဘူး။ အိပ်ခန်းထဲဝင်ပြီး အိပ်ရာကိုတစ်လွှာချင်းချွတ်ပြီး ပေရေနေတဲ့အိပ်ရာခင်းတွေကို လျှော်ဖွပ်လိုက်တယ်။ အခြားတစ်ယောက်လည်းပဲ ရေပုံးနဲ့ရေယူပြီး ကော်ဇောပေါ်မှာ ကျွန်မခင်ပွန်းအန်ခဲ့တဲ့အကွက်ကို ဆေးကြောသန့်ရှင်းလိုက်တယ်။ ဒီမိတ်ဆွေတွေဟာ မိတ်ဆွေစစ်တွေ။ သူတို့ကို ကျွန်မဘယ်တော့မှ မေ့နိုင်မှာမဟုတ်ဘူး။” အကူအညီလိုအပ်နေကြောင်း ထင်ရှားနေသည့်အခါ ကိုယ်တိုင်ဦးစီးဦးဆောင်ပြီး ပြုမူဆောင်ရွက်ပါ။ ချက်ပြုတ်ပေးခြင်း၊ သန့်ရှင်းရေး ပြုလုပ်ပေးခြင်း၊ သို့မဟုတ် ဆောင်ရွက်စရာအမှုကိစ္စများကို ဆောင်ရွက်ပေးခြင်းတို့ဖြစ်သည်။ သို့သော် ပူဆွေးကျန်ရစ်သူသည် တစ်ကိုယ်တည်းနေလိုသည့်အခါ သူ့အားအနှောင့်အယှက်မပေးသင့်ပါ။ ယင်းကြောင့် ပေါလု၏စကားများကို ကျွန်ုပ်တို့နာခံသင့်သည်– “ထိုကြောင့် သင်တို့သည် ဘုရားသခင်ရွေးကောက်သောသူ၊ သန့်ရှင်းသောသူ၊ ချစ်အပ်သောသူကဲ့သို့၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့။” သနားကြင်နာခြင်း၊ စိတ်ရှည်ခြင်းနှင့် ချစ်ခြင်းတို့သည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်သည်။—ကောလောသဲ ၃:၁၂; ၁ ကောရိန္သု ၁၃:၄-၈။
၁၆။ စာကလေးတစ်စောင် သို့မဟုတ် ကတ်တစ်ခုသည် နှစ်သိမ့်မှုမည်သို့ပေးနိုင်သနည်း။
၁၆ စာတစ်စောင်ရေးပါ သို့မဟုတ် နှစ်သိမ့်မှုပေးသောကတ်တစ်ခု ပို့ပေးပါ– ထပ်တူဝမ်းနည်းကြောင်း စာရေးပြောဆိုခြင်း၊ သို့မဟုတ် စာနာစိတ်ကိုဖော်ပြသောစာသားများပါ ကတ်တစ်ခု၏တန်ဖိုးကို များသောအားဖြင့် လျစ်လျူရှုထားတတ်ကြ၏။ ယင်း၏အကျိုးကား အဘယ်နည်း။ ၎င်းကို ထပ်ခါတလဲ ဖတ်ရှုနေကြမည်။ ဤစာမျိုးသည် ရှည်လျားစရာမလိုပါ။ သို့သော် သင့်ကိုယ်ချင်းစာနာစိတ်ကို ထင်ရှားပေါ်လွင်စေသင့်သည်။ ဝိညာဏလေသံပါသင့်သော်လည်း တစ်ကြိမ်တည်းတွင် တရားဟောပုံစံမျိုးမဖြစ်သင့်ပါ။ “သင်နှင့်အတူ ကျွန်ုပ်တို့ရှိသည်” ဟူသောသတင်းစကားကို သူတို့ရရှိလိုက်ရုံဖြင့် နှစ်သိမ့်မှုများစွာရရှိနိုင်ပါမည်။
၁၇။ ဆုတောင်းခြင်းသည် မည်သို့သက်သာမှုရရှိစေသနည်း။
၁၇ သူတို့နှင့်အတူ ဆုတောင်းပါ– ပူဆွေးကျန်ရစ်သူ ခရစ်ယာန်ချင်းတို့နှင့်အတူ ဆုတောင်းခြင်း၊ သူတို့အတွက် ဆုတောင်းပေးခြင်း၏တန်ဖိုးကိုလည်း အထင်မသေးပါနှင့်။ သမ္မာကျမ်းစာက ယာကုပ် ၅:၁၆ (ကဘ) တွင် ဤသို့ဆိုသည်– “ဖြောင့်မတ်သောသူ၏တောင်းလျှောက်ခြင်းသည် . . . အလွန်တန်ခိုးပါ၏။” ဥပမာ၊ ပူဆွေးသောကရောက်သူများသည် သူတို့အတွက် ဆုတောင်းပေးကြောင်း ကြားသိကြသောအခါ ကိုယ့်ကိုယ်ကိုအပြစ်တင်ခြင်း အစရှိသည့် အပြုသဘောမပါသောစိတ်ထားကို ဖြေသိမ့်နိုင်စေသည်။ ကျွန်ုပ်တို့အားနည်းနေချိန်၊ စိတ်ဓာတ်ကျဆင်းနေချိန်တွင် စာတန်သည် သူ၏ “ပရိယာယ်များ” သို့မဟုတ် “စဉ်းလဲသောအပြုအမူများ” ဖြင့် ကျွန်ုပ်တို့ကိုဖျက်ဆီးရန် ကြိုးစားနေသည်။ ဤအချိန်တွင် ဆုတောင်းခြင်းမှရသော သက်သာမှုနှင့် ထောက်မကူညီမှုကို ကျွန်ုပ်တို့လိုအပ်ကြောင်း ဤသို့ပေါလုပြောဆိုပါသည်– ‘ကာလအစဉ် ဆုတောင်းပတ္ထနာပြုခြင်းအမျိုးမျိုးဖြင့် ဝိညာဉ်တော်၌ ဆုတောင်းကြလော့။ ထိုသို့ဆုတောင်းခြင်းငှာ အားမလျော့ဘဲလျက် သန့်ရှင်းသူအပေါင်းတို့အဖို့ ဆုတောင်းလျက် သတိနှင့်စောင့်ရှောက်ကြလော့။’—ဧဖက် ၆:၁၁၊ ၁၈၊ သမ္မာ; ယာကုပ် ၅:၁၃-၁၅ နှိုင်းယှဉ်။
အဘယ်အရာကိုရှောင်ကြဉ်ရ
၁၈၊ ၁၉။ စကားစမြည်ပြောဆိုရာတွင် အလိမ္မာဖက်ကြောင်း မည်သို့တင်ပြနိုင်သနည်း။
၁၈ ပူဆွေးသောကရောက်နေသူအား မပြောသင့်၊ မပြုလုပ်သင့်သောအရာများလည်းရှိသည်။ နယပုံပြင် ၁၂:၁၈ က ဤသို့သတိပေးသည်– “သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ်သောလူတချို့ရှိ၏။ ပညာရှိတို့၏လျှာမူကား အနာကိုပင် ပျောက်စေတတ်၏။” တစ်ခါတစ်ရံ မထင်မမှတ်ဘဲ အလိမ္မာကင်းမဲ့စွာ ကျွန်ုပ်တို့ပြုမူတတ်ကြသည်။ ဥပမာ၊ “ခင်ဗျားဘယ်လိုခံစားနေတယ်ဆိုတာ သိပါတယ်” ဟုပြောဆိုမိမည်။ သို့သော် ဟုတ်ပါသလော။ ထပ်တူထပ်မျှဆုံးရှုံးမှုမျိုးကို သင်ကြုံတွေ့ရသလော။ ထို့ပြင် လူအသီးအသီးတို့သည် တစ်မျိုးတစ်ဖုံစီ တုံ့ပြန်တတ်ကြသည်။ သင်၏တုံ့ပြန်ပုံသည် ပူဆွေးသောကရောက်သူ၏တုံ့ပြန်ပုံနှင့် တစ်ပုံစံတည်းမဟုတ်ဘဲ ဖြစ်နိုင်သည်။ ထို့ကြောင့် “ကျွန်တော်ရဲ့ . . . သေဆုံးချိန်က ထပ်တူဆုံးရှုံးမှုမျိုးကို ကျွန်တော်ခံစားဖူးတဲ့အတွက် ခင်ဗျားကိုကိုယ်ချင်းစာပါတယ်” ဟုပြောဆိုလျှင် သာ၍ကောင်းပေမည်။
၁၉ ကွယ်လွန်သူ ရှင်ပြန်ထမြောက်လာမလာဟူသောအကြောင်း ပြောဆိုခြင်းကိုလည်း ရှောင်ပါ။ ကွယ်လွန်သူမယုံကြည်သောအိမ်ထောင်ဖက်၏ အနာဂတ်အခွင့်အရေးများအကြောင်း ဝေဖန်သုံးသပ်စကားများကြောင့် ညီအစ်ကိုညီအစ်မအချို့သည် အတော်အတန်စိတ်နာခဲ့ကြဖူးပြီ။ မည်သူမည်ဝါထမြောက်မည်၊ မထမြောက်မည်အကြောင်းကို ကျွန်ုပ်တို့တရားစီရင်ပိုင်ခွင့်မရှိပါ။ စိတ်နှလုံးကိုတွေ့မြင်တော်မူသော ယေဟောဝါသည် ကျွန်ုပ်တို့အများစုထက် သာ၍ကရုဏာရှိသည့်အတွက် ကျွန်ုပ်တို့စိတ်သက်သာမှုရနိုင်ပါသည်။—ဆာလံ ၈၆:၁၅; လုကာ ၆:၃၅-၃၇။
နှစ်သိမ့်မှုပေးသော ကျမ်းချက်များ
၂၀၊ ၂၁။ ကျန်ရစ်သူအား နှစ်သိမ့်မှုပေးနိုင်သည့် ကျမ်းချက်အချို့ကား အဘယ်နည်း။
၂၀ အခန့်သင့်အချိန်တွင် ပေးကမ်းနိုင်မည့် အကောင်းဆုံးအကူအညီတစ်ခုမှာ လူသေတို့နှင့်စပ်လျဉ်းသော ယေဟောဝါ၏ကတိတော်များကို ဆင်ခြင်သုံးသပ်ခြင်းဖြစ်သည်။ ကျန်ရစ်သူသည် သက်သေခံတစ်ဦးဖြစ်မည် သို့မဟုတ် ဓမ္မအမှုတွင် တွေ့ဆုံသူတစ်ဦးပင်ဖြစ်ဦးတော့ ကျမ်းစာမှ ဤအချက်အလက်များသည် များစွာအကူအညီဖြစ်လိမ့်မည်။ ယင်းကျမ်းချက်အချို့ကား အဘယ်နည်း။ ယေဟောဝါသည် နှစ်သိမ့်မှုအမျိုးမျိုးပေးသောဘုရားသခင်ဖြစ်ကြောင်း ကျွန်ုပ်တို့သိရှိထားသည်။ အကြောင်းမှာ ကိုယ်တော်က ဤသို့မိန့်တော်မူ၏– “သင်တို့ကိုနှစ်သိမ့်စေသောသူကား အခြားသူမဟုတ်၊ ငါ့ကိုယ်တိုင်ပေတည်း။” ဤသို့လည်း ကိုယ်တော်ဆိုသေးသည်– “အမိသည် သားငယ်ကို နှစ်သိမ့်စေသကဲ့သို့ သင်တို့ကို ငါနှစ်သိမ့်စေမည်။”—ဟေရှာယ ၅၁:၁၂; ၆၆:၁၃။
၂၁ ဆာလံဆရာက ဤသို့ရေးသားသည်– “ဒုက္ခဆင်းရဲခံရစဉ်တွင် သက်သာစရာအကြောင်းကား နှုတ်ကပါဌ်တော်ကြောင့် အကျွန်ုပ်အသက်ရှင်ရခြင်းအခွင့်တည်း။ အိုထာဝရဘုရား၊ ရှေးကာလက စီရင်တော်မူချက်များကို အကျွန်ုပ်အောက်မေ့၍ ကိုယ်ကိုနှစ်သိမ့်စေပါ၏။ ကိုယ်တော်၏ကျွန်၌ ကတိတော်ရှိသည်အတိုင်း ကရုဏာတော်ကြောင့် အကျွန်ုပ်ကိုနှစ်သိမ့်စေတော်မူပါ။” ထိုကျမ်းပိုဒ်များတွင် “နှစ်သိမ့်” ဟူသောစကားလုံးကို အကြိမ်ကြိမ်အသုံးပြုထားကြောင်း သတိပြုပါ။ မှန်ပါသည်။ ကျွန်ုပ်တို့၏ဒုက္ခကာလတွင် ယေဟောဝါ၏နှုတ်ကပါဌ်တော်ကို သတိပြုခြင်းအားဖြင့် ကိုယ်ကိုယ်တိုင်နှင့် အခြားသူများပါ စစ်မှန်သောနှစ်သိမ့်မှုကို ရရှိနိုင်ပါလိမ့်မည်။ ယင်းနှင့်အတူ ညီအစ်ကိုများ၏ချစ်ခြင်းမေတ္တာနှင့် ကိုယ်ချင်းစာနာမှုတို့ကလည်း ကျွန်ုပ်တို့၏ဆုံးပါးမှုဝေဒနာကို ခံရပ်နိုင်စေပြီး ခရစ်ယာန်ဓမ္မအမှုတွင် အားရ ရွှင်လန်းစွာ တစ်ဖန်ပြန်လုပ်ဆောင်နိုင်ရန် အကူအညီပေးပါလိမ့်မည်။—ဆာလံ ၁၁၉:၅၀၊ ၅၂၊ ၇၆၊ သမ္မာ။
၂၂။ ကျွန်ုပ်တို့ရှေ့တွင် အဘယ်မျှော်လင့်ချက်ရှိသနည်း။
၂၂ သူတစ်ပါးစိတ်ဆင်းရဲချိန်တွင် ကျွန်ုပ်တို့အကူအညီပေးခြင်းအားဖြင့် ကိုယ်ကိုယ်တိုင်၏ပူဆွေးသောကကို အတော်အသင့်ဖြေသိမ့်နိုင်ပါမည်။ နှစ်သိမ့်မှုလိုအပ်နေသူများကို ကျွန်ုပ်တို့ဂရုစိုက်ခြင်းအားဖြင့် ဝိညာဏသဘောအရ ပေးကမ်းခြင်းမှရသောပျော်ရွှင်မှုအစစ်အမှန်ကို ကျွန်ုပ်တို့ရရှိပါသည်။ (တမန်တော် ၂၀:၃၅) ရှင်ပြန်ထမြောက်ရာနေ့မြင်ကွင်းကို သူတို့မျှော်မြင်နိုင်ရန် ကူညီပေးကြစို့။ ထိုအခါ ရှေးလူမျိုးအပေါင်းမှ ရှေးလူမျိုးဆက်အသီးသီးတို့သည် ကမ္ဘာသစ်သို့ မိမိတို့ချစ်မြတ်နိုးရသောသေလွန်သူများကို ကြိုဆိုနိုင်ကြပါလိမ့်မည်။ အားရရွှင်လန်းဖွယ် မျှော်လင့်ချက်ပါတကား! ထိုအခါ ယေဟောဝါသည် “နှိမ့်ချလျက်ရှိသောသူတို့ကို သက်သာစေတော်မူတတ်သောဘုရားသခင်” အမှန်ဖြစ်တော်မူကြောင်းကိုသတိရပြီး ဝမ်းသာလုံးဆို့ကာ မျက်ရည်များကျကြမည်ပါတကား!—၂ ကောရိန္သု ၇:၆။
သင်မှတ်မိသလော
◻ ယေဟောဝါသည် အဘယ်နည်းဖြင့် “နှစ်သိမ့်ခြင်းအမျိုးမျိုး ပေးတော်မူသောဘုရား” ဖြစ်သနည်း။
◻ ပူဆွေးသောကရောက်သူများကို ယေရှုနှင့်ပေါလု မည်သို့နှစ်သိမ့်ပေးခဲ့သနည်း။
◻ ပူဆွေးသောကရောက်သူတို့ကို နှစ်သိမ့်မှုပေးရန် ကျွန်ုပ်တို့ပြုလုပ်နိုင်သောအရာအချို့ကား အဘယ်နည်း။
◻ ကျန်ရစ်သောပူဆွေးသူများနှင့်ဆက်ဆံရာတွင် အဘယ်အရာကို ကျွန်ုပ်တို့ရှောင်ကြဉ်သင့်သနည်း။
◻ ဆုံးပါးခံရချိန်တွင် သက်သာမှုရှိစေသည့် သင်အနှစ်သက်ဆုံးကျမ်းချက်အချို့ကား အဘယ်နည်း။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ပူဆွေးသောကရောက်သူတို့ကို ကိုယ်ကိုယ်တိုင်အစပြုကာ အလိမ္မာသုံးပြီး ကူညီပေးပါ