အုပ်ချုပ်ရေးအဖွဲ့ထံမှစာ
ချစ်ရတဲ့ ညီအစ်ကိုညီအစ်မများ–
ကျွန်တော်တို့ရဲ့ကောင်းကင်ဖခင် ယေဟောဝါဟာ မေတ္တာရဲ့ အကောင်းဆုံးစံနမူနာဖြစ်တယ်။ ဒါကြောင့် ကျမ်းစာမှာ ‘ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာဖြစ်တယ်’လို့ဖော်ပြထားတယ်။ (၁ ယော. ၄:၈) ယေဟောဝါက တန်ခိုးအကြီးဆုံးအရှင်ဖြစ်ပေမဲ့ ‘ဘုရားသခင်ဟာ တန်ခိုးဖြစ်တယ်’ ဒါမှမဟုတ် ‘ဘုရားသခင်ဟာ ခွန်အားဖြစ်တယ်’ လို့ ကျမ်းစာမှာ တစ်ခါမှ မဖော်ပြထားဘူး။ ကိုယ်တော်ရဲ့အုပ်ချုပ်မှုက မေတ္တာကိုပဲ အခြေခံတယ်။ ဒီအချက်နဲ့တင် ကိုယ်တော်နဲ့ပိုနီးကပ်ချင်စိတ်ဖြစ်လာတယ်မဟုတ်လား။
ယေဟောဝါက သူ့ကိုဝတ်ပြုဖို့ ကျွန်တော်တို့ကို အတင်းအကျပ်ဖိအားမပေးဘူး။ ကိုယ်တော်ဟာ အာဏာရှင်ဆန်သူမဟုတ်ဘူး။ သူ့ကိုချစ်လို့ဝတ်ပြုတာမျိုးပဲ ဖြစ်စေချင်တယ်။ အဲဒီလိုဝတ်ပြုခြင်းအားဖြင့် ကျွန်တော်တို့က ကိုယ်တော့်အုပ်ချုပ်မှုကို လိုလားတယ်ဆိုတာ ပြကြတယ်။ ကိုယ်တော့်အုပ်ချုပ်ပုံက မှန်ကန်ပြီး မေတ္တာပါတယ်ဆိုတာကို ယုံကြည်လို့ အဲဒီလို လိုလားရခြင်းဖြစ်တယ်။ ဒီအချက်ကို လူ့သမိုင်းအစမှာကတည်းက အထင်အရှားတွေ့နိုင်တယ်။
ယေဟောဝါက အာဒံနဲ့ဧဝကို သူ့ကိုနာခံဖို့အတင်းအကျပ်ဖိအားပေးမယ့်အစား ကိုယ်ပိုင်ရွေးချယ်ခွင့်ပေးခဲ့တယ်။ သူတို့သာ ယေဟောဝါကိုချစ်ပြီး ကိုယ်တော်လုပ်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်လေးမြတ်ခဲ့မယ်ဆိုရင် ကိုယ်တော့်ကိုပုန်ကန်ဖို့ စာတန်တိုက်တွန်းတဲ့အခါ တွန်းလှန်ခဲ့မှာပဲ။
နောက်ပိုင်းမှာ မောရှေက အစ္စရေးလူမျိုးကို “ကြည့်ပါ။ အခု အသက်ရှင်ခြင်းနဲ့ကောင်းစားခြင်း၊ သေခြင်းနဲ့ပျက်စီးခြင်းကို သင့်ရှေ့မှာ ငါထားပြီ” လို့ နောက်ဆုံးအမှာစကားပြောခဲ့တယ်။ (တရား. ၃၀:၁၅၊ ကဘ) သူတို့က ဘယ်လိုအသက်ရှင်နေထိုင်မယ်ဆိုတာကို လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရခဲ့တယ်။ ယောရှုလည်း အစ္စရေးလူတွေကို “အကယ်၍ ယေဟောဝါကိုဝတ်ပြုတာက မကောင်းဘူးလို့သင်တို့ထင်ရင် ဘယ်ဘုရားကိုဝတ်ပြုမယ်ဆိုတာ ဒီနေ့ရွေးချယ်ကြ” လို့ပြောခဲ့တယ်။ အဲဒီအခါ လူတွေက ‘ယေဟောဝါကိုစွန့်ဖို့ဆိုတာ ကျွန်တော်တို့အတွက် မတွေးဝံ့စရာပါ’ လို့ ပြန်ပြောခဲ့တယ်။ (ယောရှု ၂၄:၁၅၊ ၁၆၊ ကဘ) ကျွန်တော်တို့လည်း အဲဒီလိုပါပဲ။ ယေဟောဝါကိုချစ်တဲ့အတွက် ကိုယ်တော့်ကိုစွန့်ဖို့ဆိုတာ “မတွေးဝံ့စရာပါ။”
လွတ်လပ်စွာလုပ်ပိုင်ခွင့်ဟာ ဘာလဲဆိုတာကို ခရစ်ယာန်စစ်တွေဖြစ်တဲ့ ကျွန်တော်တို့ ကောင်းကောင်းနားလည်ကြတယ်။ အကြီးအကဲတွေဟာ အကြံပေးပိုင်ခွင့်၊ ဆုံးမပိုင်ခွင့်ရှိပေမဲ့ တခြားသူတွေရဲ့ဘဝကိုဖြစ်စေ၊ ယုံကြည်ခြင်းကိုဖြစ်စေ လွှမ်းမိုးချုပ်ကိုင်ဖို့ မကြိုးစားကြဘူး။ တမန်တော်ပေါလုက “ငါတို့သည် သင်တို့၏ယုံကြည်ခြင်းကို အစိုးတရပြုလို၍ ထိုသို့ဆိုခြင်းမဟုတ်။ သင်တို့၏ဝမ်းမြောက်ခြင်းအတွက် လုပ်ဖော်ဆောင်ဖက်များသာ ဖြစ်ကြ၏။ အကြောင်းမူကား သင်တို့သည် သင်တို့၏ယုံကြည်ခြင်းဖြင့် ရပ်တည်နေကြ၏” လို့ပြောခဲ့တယ်။— ၂ ကော. ၁:၂၄။
တစ်ခုခုကို အတင်းအကျပ်ဖိအားပေးခံရလို့မဟုတ်ဘဲ ဆန္ဒရှိလို့လုပ်ရတယ်ဆိုရင် သိပ်ကိုစိတ်ကျေနပ်စရာကောင်းတယ်မဟုတ်လား။ ယေဟောဝါကလည်း ကျွန်တော်တို့ကို မေတ္တာရဲ့လှုံ့ဆော်မှုကြောင့်သာ ကောင်းရာမှန်ရာကိုလုပ်ဖို့ အားပေးတယ်။ အဲဒီအချက်ရဲ့အရေးကြီးမှုကို ပေါလုရဲ့ဒီစကားတွေမှာတွေ့နိုင်တယ်– “ငါသည် ဝါကြွားနိုင်မည်အကြောင်း သူတစ်ပါးကို ကျွေးမွေးရန် ငါ၏ဥစ္စာရှိသမျှကို စွန့်ကြဲလျှင်လည်းကောင်း၊ ငါ၏ခန္ဓာကိုယ်ကို စွန့်လျှင်လည်းကောင်း ချစ်ခြင်းမေတ္တာမရှိလျှင် ငါ၌ အဘယ်အကျိုးမျှ မရှိ။”— ၁ ကော. ၁၃:၃။
ညီအစ်ကိုညီအစ်မသန်းပေါင်းများစွာက ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ချစ်လို့ ဝတ်ပြုနေတာကို ကိုယ်တော်မြင်တဲ့အခါ ဘယ်လောက်ပျော်ရွှင်ပြီး ဂုဏ်ယူလိုက်မလဲ။
ယေဟောဝါကလည်း သူ့ကျေးကျွန်အားလုံးကို သိပ်ချစ်မြတ်နိုးတယ်။ အဲဒီထဲမှာ လောကနဲ့ လောက,ကပေးတဲ့ အပျော်အပါးထက် ယေဟောဝါကိုပိုချစ်ပါတယ်ဆိုတာကို သက်သေပြနေတဲ့ အသင်လူငယ်မောင်မယ်တွေ၊ ကလေးငယ်တွေအားလုံး ပါဝင်တယ်။ ကျွန်တော်တို့လည်း သင်တို့ကို သိပ်ချစ်မြတ်နိုးတယ်ဆိုတာ ယုံကြည်စိတ်ချပါ။—လု. ၁၂:၄၂၊ ၄၃။
လွန်ခဲ့တဲ့နှစ်မှာ ညီအစ်ကိုညီအစ်မတွေနဲ့ လူငယ်တွေဟာ ယေဟောဝါကိုချစ်တဲ့မေတ္တာကြောင့် ဟောပြောခြင်းလုပ်ငန်းမှာ နာရီပေါင်း ၁,၇၄၈,၆၉၇,၄၄၇ အသုံးပြုခဲ့တယ်။ မေတ္တာရဲ့လှုံ့ဆော်မှုကြောင့် လူပေါင်း ၇,၇၈၂,၃၄၆ ယောက်က ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ခဲ့တယ်။ လူသစ် ၂၆၈,၇၇၇ ယောက်က ယေဟောဝါကိုဆက်ကပ်အပ်နှံတဲ့အထိမ်းအမှတ်အဖြစ် နှစ်ခြင်းခံခဲ့တဲ့အတွက် ကျွန်တော်တို့သိပ်ဝမ်းသာတယ်။ သူတို့ထဲမှာ လူငယ်တွေ အများကြီးပါတယ်။ ဒါက တစ်ပတ်ကို လူ ၅,၁၆၈ ယောက် နှစ်ခြင်းခံတယ်ဆိုတဲ့သဘောပဲ။ တကယ့်ကို ပီတိဖြစ်စရာပါပဲ။
ဒီနောက်ဆုံးကာလမှာ ဘုရားသခင့်လူမျိုးက ပြဿနာတွေ၊ အခက်အခဲတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေ၊ ဖျားနာမှုတွေရင်ဆိုင်နေရတယ်။ တချို့ဆိုရင် ဇရာထောင်းနေပြီ။ ဒါပေမဲ့ ကျွန်တော်တို့က ဘယ်တော့မှ ‘နောက်မဆုတ်ဖို့၊’ ‘အရှုံးမပေးဖို့’ စိတ်ပိုင်းဖြတ်ထားကြတယ်။ သင်တို့အားလုံးကို ကျွန်တော်တို့ သိပ်ချစ်မြတ်နိုးပါတယ်။—ဗြဲ. ၁၀:၃၉; ၂ ကော. ၄:၁၆။
သင်တို့ရဲ့ညီအစ်ကိုများ၊
ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့အုပ်ချုပ်ရေးအဖွဲ့ထံမှစာ