ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၁၀/၁၅ စာ. ၂၂-၂၇
  • “ကြီးကြပ်မှူးသည် . . . ကိုယ်ကိုချုပ်တည်းသောသူဖြစ်ရမည်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ကြီးကြပ်မှူးသည် . . . ကိုယ်ကိုချုပ်တည်းသောသူဖြစ်ရမည်”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုယ်ကိုချုပ်တည်းခြင်း—အကြီးအကဲများ အတွက်လိုအပ်ချက်တစ်ခု
  • အခြားသူတို့နှင့်ဆက်ဆံရာတွင်
  • အကြီးအကဲစည်းဝေးနှင့်တရားရေးအမှုကြားနာစဉ်တွင် ကိုယ်ကိုချုပ်တည်းခြင်း
  • ဆန့်ကျင်ဘက်လိင်ရှင်နှင့်ဆက်ဆံရာတွင် ကိုယ်ကိုချုပ်တည်းခြင်း
  • အခြားနေရာများ၌ကိုယ်ကိုချုပ်တည်းခြင်း
  • ကိုယ်ကိုချုပ်တည်းခြင်းအသီးကို ပြုစုပျိုးထောင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ကိုယ်ကိုချုပ်တည်းခြင်း အဘယ်ကြောင့်ဤမျှအရေးကြီးသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဆုရရန် ချုပ်တည်းမှုရှိလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • သင်တို့အသိပညာ၌ ချုပ်တည်းခြင်း ထပ်ဆင့်ကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၁၀/၁၅ စာ. ၂၂-၂၇

“ကြီးကြပ်မှူးသည် . . . ကိုယ်ကိုချုပ်တည်းသောသူဖြစ်ရမည်”

“ကြီးကြပ်မှူးသည် . . . ကိုယ်ကိုချုပ်တည်းသောသူဖြစ်ရမည်။—တိတု ၁:၇၊ ၈၊ ကဘ။

၁၊ ၂။ အောရိန်းချ်နယ်မှဝီလီယမ်သည် ချုပ်တည်းခြင်းနှင့်ပတ်သက်သောအဘယ်စံနမူနာပြခဲ့သနည်း။ အဘယ်ကောင်းကျိုးဖြစ်ထွန်းခဲ့သနည်း။

စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ခြင်းနှင့်စပ်လျဉ်း၍ ဂရုပြုထိုက်သည့်နမူနာတစ်ရပ်ကို သမိုင်းကတင်ပြထားသည်။ ၁၆ ရာစုနှစ်လယ်လောက်တွင် ငယ်ရွယ်သောဒတ်ချ်မင်းသား၊ အောရိန်းချ်နယ်မှ ဝီလီယမ်သည် ပြင်သစ်ဘုရင်ဒုတိယမြောက်ဟင်နရီနှင့်အတူတောကစားထွက်နေခဲ့ကြသည်။ ဘုရင်က ပြင်သစ်နှင့်နယ်သာလန်ပြည်မှစ၍ ခရစ်ယာန်ဘောင်နိုင်ငံအားလုံးမှ အခြားတစ်ဖက်ဂိုဏ်းဝင်ရှိရှိသမျှကို သုတ်သင်ပယ်ရှားရန်သူနှင့်စပိန်ဘုရင်တို့၏အကြံအစည်ကို ဝီလီယမ်အားဖွင့်ပြောပြသည်။ ဟင်နရီဘုရင်က ဝီလီယမ်သည် သူကဲ့သို့ပင်သစ္စာရှိတစ်ဦးဖြစ်သည်ဟူသော စိတ်အထင်နှင့်ထိုလျှို့ဝှက်အကြံအစည်၏အသေးစိတ်အကြောင်းရှိသမျှကို ဖွင့်ဟပြောပြလိုက်သည်။ ဝီလီယမ်၏ရင်းနှီးသောမိတ်ဆွေအများမှာ အခြားတစ်ဖက်ဂိုဏ်းဝင်များဖြစ်ကြသောကြောင့် ထိုအကြောင်းကိုကြားရသည့်အခါ သူသည်အလွန်တရာထိတ်လန့်တုန်လှုပ်သွားသော်လည်း မိမိ၏ခံစားချက်ကိုဖော်မပြပဲ ပြောပြသမျှအသေးစိတ်အကြောင်းရှိသမျှကို အထူးစိတ်ဝင်စားကြောင်းပြသခဲ့သည်။

၂ သို့ရာတွင်ဝီလီယမ်သည် အခြေအနေပေးလာသည်နှင့်တစ်ပြိုင်နက် ၄င်းအကြံအစည်ပျက်ပြားအောင်စတင်လှုပ်ရှားဆောင်ရွက်ခဲ့ရာ နောက်ဆုံး၌နယ်သာလန်နိုင်ငံကို စပိန်အုပ်ချုပ်မှုအောက်မှလွတ်မြောက်စေခဲ့သည်။ ဝီလီယမ်သည် ထိုအကြံအစည်ကိုကြားကြားချင်း ကိုယ့်ကိုယ်ကိုချုပ်တည်းနိုင်ခဲ့သောကြောင့် “ဝီလီယမ်တေမိ” (William the Silent) အမည်တွင်ခဲ့လေသည်။ ဝီလီယမ်သည် “ဒတ်ချ်သမ္မတနိုင်ငံတော်၏လွတ်လပ်ရေးနှင့်ကြီးမြတ်ခြင်းအတွက် အုတ်မြစ်ချပေးခဲ့သူအစစ်အမှန်ဖြစ်သည်” ဟူ၍သမိုင်း တွင်ရစ်လောက်အောင်ကျော်ကြားအောင်မြင်ခဲ့သည်။

၃။ အကြီးအကဲများ ကိုယ်ကိုချုပ်တည်းကြလျှင် မည်သူတို့ကောင်းကျိုးခံစားရကြသနည်း။

၃ ဝီလီယမ်တေမိ၏စောင့်စည်းထိန်းချုပ်နိုင်မှုကြောင့် သူသည်မိမိကိုယ်တိုင်နှင့်မိမိပြည်သူများအတွက် ကြီးမားစွာအကျိုးပြုခဲ့လေသည်။ ထိုနည်းအတိုင်းပင် ဝိညာဉ်တော်အသီးဖြစ်သောကိုယ်ကိုယ်ကိုချုပ်တည်းခြင်းကို ယနေ့ခရစ်ယာန်အကြီးအကဲများ၊ သို့မဟုတ်ကြီးကြပ်မှူးများ ထင်ရှားတင်ပြသင့်သည်။ (ဂလာတိ ၅:၂၂၊ ၂၃) ဤအရည်အချင်းကို တင်ပြခြင်းအားဖြင့် သူတို့သည် မိမိတို့ကိုယ်ကိုဖြစ်စေ၊ အသင်းတော်ကိုဖြစ်စေအကျိုးပြုကြသည်။ တစ်ဖက်တွင် ကိုယ်ကိုချုပ်တည်းခြင်းမရှိပါက ကြီးမားသောထိခိုက်နစ်နာမှုများကိုဖြစ်ပေါ်စေနိုင်သည်။

ကိုယ်ကိုချုပ်တည်းခြင်း—အကြီးအကဲများ အတွက်လိုအပ်ချက်တစ်ခု

၄။ တမန်တော်ပေါလု၏အဘယ်သြဝါဒစကားက အကြီးအကဲများ ကိုယ်ကိုချုပ်တည်းရန်လိုကြောင်းအလေးအနက်ထင်ရှားစေသနည်း။

၄ ကိုယ်တိုင်လည်းအကြီးအကဲဖြစ်သောပေါလုသည် ကိုယ်ကိုချုပ်တည်းခြင်း၏အရေးကြီးမှုကို ကောင်းစွာသဘောပေါက်သည်။ ဧဖက်မြို့မှ သူ့ထံသို့ရောက်လာကြသောအကြီးအကဲများအား ဩဝါဒစကားပြောကြားရာ၌ “သိုးအုပ်တစ်အုပ်လုံးကိုလည်းကောင်း၊ ကိုယ်ကိုလည်းကောင်းဂရုပြုကြလော့” ဟုမှာကြားခဲ့သည်။ သူတို့ကိုယ်ကိုဂရုပြုခြင်းဆိုရာ၌ အခြားအရာများအပြင် ကိုယ်ကိုချုပ်တည်းခြင်း၊ သူတို့၏အပြုအမူကိုသတိပြုခြင်းလည်းပါဝင်သည်။ တိမောသေထံစာရေးသားရာ၌လည်း ပေါလုသည် ဤအချက်ကိုပင်အလေးအနက်ထား၍ဤသို့မှာကြားခဲ့သည်။ “ကိုယ်ကိုလည်းကောင်း၊ ကိုယ်ဆုံးမသြဝါဒကိုလည်းကောင်းသတိပြု၍အမြဲတည်နေလော့။” ဤသြဝါဒစကားများကိုထောက်ရှုခြင်းအားဖြင့် ပေါလုသည်လူအချို့တို့၏ကိုယ်တိုင်မလုပ်ပဲ သူတစ်ပါးကိုဆရာလုပ်တတ်သည့်လူ့သဘောလူ့မနောကို ကောင်းစွာနားလည်ကြောင်းထင်ရှားသည်။ သို့ဖြစ်သောကြောင့် မိမိတို့ကိုယ်ကိုဂရုစိုက်ရန်လိုကြောင်း သူရှေးဦးစွာအလေးအနက်ပြောကြားထားရခြင်းဖြစ်သည်။—တမန်တော် ၂၀:၂၈၊ သမ။ ၁ တိမောသေ ၄:၁၆။

၅။ ခရစ်ယာန်အကြီးအကဲများကိုမည်သို့ခန့်အပ်သနည်း။ သူတို့အတွက်လိုအပ်သည့်အရည်အချင်းများကို မည်သည့်ကျမ်းချက်များ၌မှတ်တမ်းတင်ထားသနည်း။

၅ နှစ်ပေါင်းများစွာတစ်လျှောက်အတွင်း အကြီးအကဲများ၏ကျမ်းပေးတာဝန်များသည် တစ်စတစ်စနှင့်ရှင်းလင်းပီပြင်လာခဲ့သည်။ ယနေ့၊ အသင်းတော်အကြီးအကဲဆိုသည်မှာ ခန့်အပ်ရသောရာထူးဖြစ်ကြောင်းသိမြင်လာသည်။ အကြီးအကဲများကို ယေဟောဝါသက်သေများ၏အုပ်ချုပ်ရေးအဖွဲ့ကသော်လည်းကောင်း၊ ထိုအဖွဲ့မှတိုက်ရိုက်လွဲအပ်ထားသည့် ကိုယ်စားလှယ်များကလည်းကောင်း ခန့်အပ်ပါသည်။ ထိုအဖွဲ့ကတစ်ဖန် “သစ္စာနှင့်သတိပညာရှိသောကျွန်” ကိုကိုယ်စားပြုသည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ) ခရစ်ယာန်ကြီးကြပ်မှူး သို့မဟုတ် အကြီးအကဲဖြစ်ရန်လိုအပ်သောအရည်အချင်းများအကြောင်းကို ၁ တိမောသေ ၃:၁-၇ နှင့်တိတု ၁:၅-၉ တွင်အဓိကအားဖြင့်တမန်တော်ပေါလုပေးထားသည်။

၆၊ ၇။ အကြီးအကဲများအတွက် သီးခြားပြဌာန်းထားသည့်အဘယ်အရည်အချင်းများက ကိုယ်ကိုချုပ်တည်းခြင်းရှိဖို့တောင်းဆိုထားသနည်း။

၆ ပေါလုက ၁ တိမောသေ ၃:၂၊ ၃ တွင်ကြီးကြပ်မှူးတစ်ဦးသည် မယုတ်မလွန်ကျင့်ကြံသူဖြစ်ရမည်ဟုဖော်ပြထားသည်။ အကြီးအကဲတစ်ဦးအနေဖြင့်ဤသို့ကျင့်ကြံ၍ စနစ်ကျသူဖြစ်နိုင်ရန် ကိုယ်ကိုချုပ်တည်းခြင်းရှိရပေမည်။ ကြီးကြပ်မှူးအဖြစ်အရည်အချင်းပြည့်မီသူသည် သူတစ်ပါးကိုရိုက်ပုတ်သူ၊ ရန်လိုသူမဟုတ်ပေ။ ဤအရည်အချင်းရှိနိုင်ရန် အကြီးအကဲသည်ကိုယ်ကိုချုပ်တည်းဖို့လိုသည်။ ထိုမျှမက၊ အကြီးအကဲတစ်ဦးအနေဖြင့် သေသောက်ကြူးသူမဖြစ်ရန်လည်း ကိုယ်ကိုချုပ်တည်းရမည်ဖြစ်သည်။—Reference Bible အောက်ခြေမှတ်ချက်များကိုလည်းရှု။

၇ တိတု ၁:၇၊ ၈ တွင်ကြီးကြပ်မှူးသည် ကိုယ်ကိုချုပ်တည်းသူဖြစ်ရမည်ဟု ပေါလုအထူးပြုဖော်ပြထားသည်။ သို့သော်ဤအခန်းငယ်များ၌ ကိုယ်ကိုချုပ်တည်းခြင်းနှင့်ပတ်သက်နေသည့်အခြားလိုအပ်သော စည်းကမ်းချက်မည်မျှရှိသည်ကို ဂရုပြုမှတ်သားပါ။ ဥပမာ၊ ကြီးကြပ်မှူးသည် အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူ၊ အပြစ်ဆိုဖွယ်မရှိသူဖြစ်ရမည်။ အကြီးအကဲတစ်ဦးသည် ကိုယ်ကိုချုပ်တည်းခြင်းမရှိလျှင် ဤစည်းကမ်းချက်များကိုမုချ ပြည့်မီနိုင်မည်မဟုတ်ပေ။

အခြားသူတို့နှင့်ဆက်ဆံရာတွင်

၈။ အကြံပေးဆုံးမရာတွင် အကြီးအကဲများရှိအပ်သည့်အဘယ်အရည်အချင်းများက ကိုယ်ကိုချုပ်တည်းခြင်းရှိဖို့လိုကြောင်း ပဓာနပြုထားသနည်း။

၈ ၄င်းပြင်၊ ကြီးကြပ်မှူးသည် ယုံကြည်သူချင်းတို့နှင့်ဆက်ဆံရာတွင်လည်း သည်းခံစိတ်ရှည်ရမည်ဖြစ်သည်။ ဤသို့ပြုနိုင်အောင် ကိုယ်ကိုချုပ်တည်းခြင်းရှိရပေမည်။ ဥပမာ၊ ဂလာတိ ၆:၁ တွင်ဤသို့ဖတ်ရသည်။ “ညီအစ်ကိုတို့၊ လူသည်သတိလစ်၍တစ်စုံတစ်ခုသောဒုစရိုက်ကိုပြုမိလျှင်၊ ဝိညာဉ်ဆုကျေးဇူးကိုခံရသောသင်တို့ [အဓိကအားဖြင့်အကြီးအကဲတို့] သည်အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း၊ ကိုယ်ကိုသတိပြုလျက်သိမ်မွေ့နူးညံ့သောသဘောနှင့် ထိုသို့သောသူကိုမစ၍၊ သူ၏နေရာ၌တည်မြဲတည်စေပြန်ကြလော့။” နူးညံ့သိမ်မွေ့သောသဘောကိုပြသနိုင်ရန် ကိုယ်ကိုချုပ်တည်းခြင်းရှိဖို့လိုသည်။ ယင်းအကြောင်းနှင့်ပတ်သက်၍မိမိကိုယ်ကိုသတိပြုရာ၌လည်း ကိုယ်ကိုချုပ်တည်းခြင်းအကျုံးဝင်သည်။ အလားတူစွာ အကြီးအကဲတစ်ဦးထံ ပူဆွေးသောကရောက်နေသူတစ်ယောက် အကူအညီတောင်းလာသည့်အခါ၌ ကိုယ်ကိုချုပ်တည်းရန်အထူးအရေးကြီးသည်။ အကြီးအကဲအနေဖြင့် ထိုသူအပေါ်မည်သို့ပင်သဘောထားစေကာမူကြင်နာမှု၊ သည်းခံမှုနှင့်နားလည်မှုရှိရပေမည်။ အလျင်စလိုအကြံဉာဏ်ပေးမည့်အစား အကြီးအကဲအနေဖြင့်တစ်ဖက်သား၏စကားကိုစိတ်ပါလက်ပါနားထောင်ပြီး ထိုသူအားစိတ်ဒုက္ခပေးနေသည့်အရာသည်အဘယ်အရာဖြစ်သည်ကို သိအောင်ကြိုးစားသင့်သည်။

၉။ အလွန်စိတ်ထိခိုက်နေသောညီအစ်ကိုများနှင့် ဆက်ဆံရာတွင် အဘယ်သြဝါဒစကားကို အကြီးအကဲများနှလုံးသွင်းအပ်သနည်း။

၉ အထူးသဖြင့် အလွန်စိတ်ထိခိုက်နေသူနှင့် ဆက်ဆံသည့်အခါယာကုပ် ၁:၁၉ မှသြဝါဒစကားသည် အလွန်ပင်ဆီလျော်လှပေသည်။ “ငါချစ်သောညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှာလျင်မြန်ကြစေ။ စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်းနှေးကြစေ။” မှန်ပါသည်၊ အထူးသဖြင့် စိတ်ဆိုးမာန်ဆိုးနှင့် စိတ်လိုက်မာန်ပါတုံ့ပြန်မှုမျိုးနှင့်ရင်ဆိုင်ရသည့်အခါ အကြီးအကဲတစ်ဦးအနေဖြင့် ထပ်တူသဘောမျိုးနှင့်မတုံ့ပြန်မိရန် သတိထားဆင်ခြင်အပ်သည်။ တစ်ဖက်မှစိတ်လိုက်မာန်ပါစွပ်စွဲပြောဆိုမှုကို စိတ်လိုက်မာန်ပါပြန်၍စွပ်စွဲပြောဆိုခြင်းမပြုမိအောင် “အဆိုးအတွက်အဆိုးကိုမတုံ့မပြန်” မိအောင်ကိုယ်ကိုချုပ်တည်းခြင်းရှိရပေမည်။ (ရောမ ၁၂:၁၇၊ သမ) ကလဲ့စားချေခြင်းသည် အခြေအနေကိုပို၍ဆိုးရွားစေရုံသာရှိမည်။ ထို့ကြောင့်ဘုရားသခင့်နှုတ်ကပါဌ်တော်က အကြီးအကဲများအား “ဖြည်းညင်းစွာပြန်ပြောခြင်းသည်ဒေါသကိုငြိမ်းစေတတ်၏” ဟူ၍သတိပေးခြင်းအားဖြင့် ကောင်းမြတ်သောသြဝါဒကိုထပ်၍ပေးထားသည်။—သု၊ ၁၅:၁၊ သမ္မ ။

အကြီးအကဲစည်းဝေးနှင့်တရားရေးအမှုကြားနာစဉ်တွင် ကိုယ်ကိုချုပ်တည်းခြင်း

၁၀၊ ၁၁။ အကြီးအကဲစည်းဝေးများ၌ အဘယ်သို့ဖြစ်ပျက်ခဲ့သဖြင့် ထိုသို့သောအချိန်အခါများ၌ ကိုယ်ကိုချုပ်တည်းခြင်းရှိဖို့လိုအပ်ကြောင်းပြဆိုသနည်း။

၁၀ ခရစ်ယာန်အကြီးအကဲများ ကိုယ်ကိုချုပ်တည်းရန် ဂရုစိုက်ရမည့်အခြားနေရာတစ်နေရာမှာ အကြီးအကဲစည်းဝေးကျင်းပနေစဉ်အတွင်းဖြစ်သည်။ အမှန်တရားနှင့်တရားမျှတမှုကို ရှေးရှု၍အေးဆေးတည်ငြိမ်စွာပြောဆိုနိုင်ရန် တစ်ခါတစ်ရံစိတ်ချုပ်တည်းခြင်းများစွာရှိဖို့လိုသည်။ ဆွေးနွေးပွဲတွင်အထက်စီးမှ ဩဇာညောင်းလိုသည့်သဘောကိုရှောင်ရှားရန်အတွက်လည်း ကိုယ်ကိုချုပ်တည်းခြင်းရှိရမည်။ အကြီးအကဲတစ်ဦး၌ ဤသို့သောစရိုက်မျိုးရှိနေပါက အခြားအကြီးအကဲတစ်ယောက်ကကြင်နာစွာဖြင့်အကြံပေးသင့်သည်။—၃ ယောဟန် ၉ နှိုင်းယှဉ်။

၁၁ ၄င်းပြင်အကြီးအကဲစည်းဝေး၌ စိတ်အားထက်သန်လွန်းသောအကြီးအကဲတစ်ဦးသည် စိတ်တက်ကြွလှုပ်ရှားရုံမျှမက အော်ကြီးဟစ်ကျယ်ပင်ပြောမိဆိုမိနိုင်ပေသည်။ ထိုသို့သောအပြုအမူမျိုးသည် ကိုယ်ကိုချုပ်တည်းခြင်း ကင်းမဲ့ခြင်းကိုကောင်းစွာဖော်ပြသည့်လက္ခဏာပင်ဖြစ်သည်။ ဤသို့သောလုပ်ရပ်သည် ကိုယ့်အကျိုးကိုကိုယ်နှစ်ပြန်ဖျက်ဆီးခြင်းပင်ဖြစ်သည်။ တစ်ဖက်၌လူတစ်ဦးသည် ကိုယ်ကိုချုပ်တည်းခြင်းမရှိလျှင်မရှိသည့်အတိုင်းအတာအထိ သူသည်ဆင်ခြင်တုံတရားအပေါ်စိတ်လှုပ်ရှားမှုကို လွှမ်းမိုးစေခြင်းအားဖြင့် မိမိကိုယ်တိုင်၏ရပ်တည်ချက်ကို အားနည်းသွားစေသည်။ အခြားတစ်ဖက်၌ စိတ်တက်ကြွလှုပ်ရှားမှုဖြစ်သည့် အတိုင်းအတာအထိသူသည်အကြီးအကဲချင်းတို့နှင့် ကတောက်ကဆတ်သဘောကွဲလွဲစေနိုင်သည့်ပြင် မသင့်မမြတ် ရန်လိုသည့်သဘောမျိုးပင်ဖြစ်ပွားစေနိုင်သည်။ ထို့ပြင်၊ အကြီးအကဲများသတိမထားကြပါက သဘောကွဲလွဲမှုကြောင့် အချင်းချင်းစိတ်ဝမ်းပင်ကွဲသွားနိုင်သည်။ ဤသို့ဖြင့် သူတို့ကိုယ်တိုင်၏အကျိုးလည်း ထိခိုက်နစ်နာနိုင်သည့်ပြင် အသင်းတော်၏အကျိုးပါထိခိုက်နစ်နာစေနိုင်သည်။—တမန်တော် ၁၅:၃၆-၄၀ နှိုင်းယှဉ်။

၁၂။ အဘယ်အခြေအနေကို ကိုင်တွယ်ရာတွင်အကြီးအကဲများသည် ကိုယ်ကိုချုပ်တည်းခြင်းရှိရန်သတိထားရမည်နည်း။

၁၂ အကြီးအကဲများသည် မျက်နှာလိုက်ခြင်း၊ အာဏာကိုအလွဲသုံးခြင်းမပြုမိအောင်လည်း ကိုယ်ကိုချုပ်တည်းရန်အထူးလိုအပ်သည်။ သွေးဆောင်ခြင်းနောက်ပါရန်၊ လူတစ်ဦး၏အပြောအဆို၊ အလုပ်အကိုင်ပေါ်မစုံလင်သောလူ့ဆင်ခြင်သုံးသပ်မှု လွှမ်းမိုးသွားရန်အထူးပင်လွယ်ကူလှသည်တကား။ အကြီးအကဲများသည် မိမိတို့သားသမီး သို့မဟုတ် ဆွေမျိုးအချို့မကောင်းသောအမူအကျင့်ပြုမိသည့်အခါ၌ ပြတ်ပြတ်သားသားအရေးယူလုပ်ဆောင်ခြင်းမပြုဘဲနေသည်ကို မကြာခဏတွေ့ရသည်။ ထိုသို့သောအခြေအနေမျိုး၌ သွေးသားတော်စပ်မှုကြောင့် တရားမျှတစွာအရေးယူခြင်းကို အတားအဆီးမဖြစ်စေရန် ကိုယ်ကိုချုပ်တည်းဖို့လိုသည်။—တရားဟောရာ ၁၀:၁၇။

၁၃။ တရားရေးအမှုကြားနာစစ်ဆေးရာတွင် အကြီးအကဲများသည် အဘယ်ကြောင့်အထူးသဖြင့် ကိုယ်ကိုချုပ်တည်းရန်လိုသနည်း။

၁၃ ကိုယ်ကိုချုပ်တည်းခြင်းရှိရန် အထူးအရေးကြီးသည့်အခြေအနေတစ်ခုမှာ တရားရေးအမှုစစ်ဆေးကြားနာသည့်အခါ၌ဖြစ်သည်။ အကြီးအကဲများအနေဖြင့်စိတ်လှုပ်ရှားခြင်း အလွန်အမင်းလွှမ်းမိုးခြင်းမခံရအောင် ကိုယ်ကိုချုပ်တည်းရန်အထူးလိုအပ်သည်။ မျက်ရည်ကျပြသည်နှင့် လွယ်လွယ်နှင့်စိတ်တိမ်းညွတ်ခြင်းမဖြစ်သင့်ပေ။ တစ်ချိန်တည်း၌အကြီးအကဲတစ်ဦးသည် အယူဖောက်ပြန်သူများနှင့် ဆက်ဆံရသည့်အခါဖြစ်တတ်သကဲ့သို့ စွပ်စွဲရှုတ်ချပြောဆိုခံရသည့်အခါ၌ ဣန္ဒြေမပျက်အောင်သတိထားသင့်ပေသည်။ ဤနေရာတွင် “သခင်ဘုရား၏ကျွန်သည် ရန်မတွေ့ရ။ ခပ်သိမ်းသောသူတို့အားဖြည်းညင်းစွာပြုသောသူ . . . ဖြစ်ရမည်” ဟူသောပေါလု၏စကားသည် အလွန်တရာဆီလျော်ပေသည်။ ဖိစီးနှောင့်ယှက်ခံရသည့်အခါ ဖြည်းညင်းစွာပြုနိုင်ရန် ကိုယ်ကိုချုပ်တည်းခြင်းရှိရပေမည်။ “သခင်ဘုရား၏ကျွန်သည် . . . သည်းခံနိုင်သောသူဖြစ်ရမည်။ ဆီးတားငြင်းခုံသောသူတို့ကို နူးညံ့သိမ်မွေ့စွာဆုံးမရမည်” ဟုပေါလုဆက်လက်၍ဆိုထားသည်။ အတိုက်အခံနှင့်ရင်ဆိုင်ရသောအခါ နူးညံ့သိမ်မွေ့ခြင်းရှိရန်၊ သည်းခံမှုရှိရန်ကိုယ်ကိုချုပ်တည်းရပေမည်။—၂ တိမောသေ ၂:၂၄၊ ၂၅။

ဆန့်ကျင်ဘက်လိင်ရှင်နှင့်ဆက်ဆံရာတွင် ကိုယ်ကိုချုပ်တည်းခြင်း

၁၄။ ဆန့်ကျင်ဘက်လိင်ရှင်များနှင့်ဆက်ဆံရာတွင် အကြီးအကဲများသည် အဘယ်ကောင်းမြတ်သောသြဝါဒစကားကိုလိုက်နာအပ်သနည်း။

၁၄ အကြီးအကဲများသည် ဆန့်ကျင်ဘက်လိင်ရှင်တို့နှင့်ဆက်ဆံရသည့်အခါ၌ အထူးသတိဝီရိယရှိရပေမည်။ အကြီးအကဲတစ်ဦးအနေဖြင့် ညီအစ်မတစ်ဦးထံတစ်ဦးတည်း သိုးထိန်းလည်ပတ်မှုပြုရန်မလျော်ကန်ပေ။ အခြားအကြီးအကဲတစ်ယောက်ယောက်၊ သို့မဟုတ် ဓမ္မအမှုထမ်းတစ်ယောက်ယောက်နှင့်သွားသင့်သည်။ ဤပြဿနာကို နားလည်ဟန်တူသောကြောင့် ပေါလုကအကြီးအကဲဖြစ်သူတိမောသေအား “အသက်ကြီးသောမိန်းမတို့ကိုအမိကဲ့သို့လည်းကောင်း၊ မိန်းမပျိုတို့ကိုအလွန်စင်ကြယ်သောအခြင်းအရာနှင့်တကွ နှမကဲ့သို့လည်းကောင်းမှတ်၍ကျင့်လော့” ဟူ၍သြဝါဒပေးခဲ့သည်။ (၁ တိမောသေ ၅:၁၊ ၂) ဖခင်တစ်ဦး၏အမူအရာမျိုးဖြင့် ညီအစ်မတစ်ဦး၏ပခုံးပေါ်တွင် လက်တင်သည့်အကြီးအကဲအချို့ကိုတွေ့ဖူးသည်။ ထိုသူတို့သည် မိမိတို့ကိုယ်ကိုလှည့်စားနေခြင်းဖြစ်နိုင်သည်။ အကြောင်းမှာ စင်ကြယ်သောခရစ်ယာန်ညီနောင်ရင်းချာ ချစ်ခင်စုံမက်သောစိတ်ကြောင့်မဟုတ်ပဲ စိတ်ကူးယဉ်သာယာမှုအာရုံနှိုးဆွသောစိတ်ကြောင့် ထိုသို့ပြုမူခြင်းဖြစ်နိုင်သည်။—၁ ကောရိန္သု ၇:၁ နှိုင်းယှဉ်။

၁၅။ အကြီးအကဲတစ်ဦး ကိုယ်ကိုချုပ်တည်းခြင်းမရှိသည့်အခါ ယေဟောဝါ၏နာမတော်အသရေပျက်နိုင်ကြောင်း အဖြစ်အပျက်တစ်ခုကမည်သို့ထင်ရှားပေါ်လွင်စေသနည်း။

၁၅ အသင်းတော်အတွင်းရှိ ညီအစ်မများနှင့်ဆက်ဆံရာတွင်အကြီးအကဲအချို့ ကိုယ်ကိုချုပ်တည်းခြင်းမရှိသဖြင့် သမ္မာတရား၏ဂုဏ်ရောင် များစွာညှိုးနွမ်းခဲ့ရသည်။ လွန်ခဲ့သောနှစ်အနည်းငယ်က အကြီးအကဲတစ်ဦးသည် သက်သေခံမဟုတ်သည့်လင်သားရှိသူခရစ်ယာန်ညီအစ်မတစ်ယောက်နှင့်ဖောက်ပြားမိသဖြင့် နှင်ထုတ်ခံလိုက်ရသည်။ ထိုအကြီးအကဲဟောင်းကိုနှင်ထုတ်လိုက်ကြောင်းကြေညာသည့်ည၌ အခဲမကျေသောခင်ပွန်းဖြစ်သူသည် ရိုင်ဖယ်သေနတ်နှင့်နိုင်ငံတော်ခန်းမအတွင်းသို့ ခြေလှမ်းကျဲကျဲနှင့်ဝင်လာပြီး ထိုဖောက်ပြားသူနှစ်ဦးကိုပစ်ခတ်လိုက်သည်။ သို့သော်တစ်ယောက်မျှမသေပါ။ သူလည်းချက်ချင်းပင်လက်နက်ချလိုက်သည်။ သို့ရာတွင် နောက်တစ်နေ့ထုတ်သတင်းစာကြီးတစ်စောင်၏မျက်နှာဖုံးတွင် ‘ဘုရားရှိခိုးကျောင်းအတွင်းပစ်ခတ်မှုဖြစ်’ ဟူသောသတင်းပါရှိလာသည်။ ထိုအကြီးအကဲ၏ကိုယ်ကိုချုပ်တည်းခြင်းကင်းသည့်လုပ်ရပ်ကြောင့် အသင်းတော်နှင့်ယေဟောဝါ၏နာမတော်မည်မျှအသရေပျက်ရသည်တကား။

အခြားနေရာများ၌ကိုယ်ကိုချုပ်တည်းခြင်း

၁၆။ လူထုဟောပြောချက်ပေးစဉ်တွင် အကြီးအကဲများ အဘယ်ကြောင့်ကိုယ်ကိုချုပ်တည်းရန်သတိထားရမည်နည်း။

၁၆ အကြီးအကဲတစ်ဦးအနေဖြင့် လူထုဟောပြောပွဲပေးရာတွင်လည်း ကိုယ်ကိုချုပ်တည်းခြင်းရှိရန်အထူးလိုအပ်သည်။ လူထုဟောပြောချက်ပေးသူသည် စိတ်ချယုံကြည်မှုနှင့် ဣန္ဒြေသိက္ခာရှိမှုတွင် စံပြဖြစ်သင့်သည်။ အချို့သည်ပရိသတ်ရွှင်မြူးစေလိုသည့်သဘောဖြင့် ရယ်စရာမောစရာများကိုပြောတတ်ကြသည်။ ဤသို့ပြုခြင်းသည် ပရိသတ်အားသဘောတွေ့မနောခွေ့စေလိုသည့်သွေးဆောင်မှု စိတ်အလိုကိုလိုက်သောသဘောမျိုးပြသရာရောက်နိုင်သည်။ သွေးဆောင်မှုစိတ်အလိုလိုက်ခြင်းမှန်သမျှသည် ကိုယ်ကိုချုပ်တည်းခြင်းကင်းမဲ့ခြင်းပင်ဖြစ်သည်မှာ ဆိုဖွယ်မရှိပေ။ ဟောပြောချက်ပေးရာတွင် အချိန်ကျော်ခြင်းသည်လည်း ကိုယ်ကိုချုပ်တည်းမှုမရှိ၊ ကောင်းစွာပြင်ဆင်မှုမရှိဟုပြောနိုင်သည်။

၁၇၊ ၁၈။ အကြီးအကဲတစ်ဦးအနေဖြင့် မိမိ၏တာဝန်အရပ်ရပ်ကို မျှမျှတတထမ်းဆောင်နိုင်ရန် ကိုယ်ကိုချုပ်တည်းခြင်းသည် အဘယ်အခန်းကဏ္ဍမှပါဝင်သနည်း။

၁၇ ဝီရိယရှိသောအကြီးအကဲတိုင်းအနေဖြင့် မိမိ၏အချိန်နှင့်စွမ်းအားစိုက်ထုတ်ရန်လိုအပ်သည့်ကိစ္စအရပ်ရပ်ကို မျှမျှတတထမ်းဆောင်သင့်သည်။ အစွန်းတစ်ဖက်သို့မရောက်အောင် ကိုယ်ကိုချုပ်တည်းခြင်းရှိရမည်။ အချို့အကြီးအကဲများသည် မိမိတို့၏မိသားစုကိုဥပေက္ခာပြုထားသည့်အထိ အသင်းတော်ကိစ္စများနှင့်သာလုံးပမ်းနေကြသည်။ သို့နှင့်ညီအစ်မတစ်ဦးက သူမထံသို့ သိုးထိန်းလည်ပတ်မှုကောင်းစွာပြုလုပ်သည့်အကြီးအကဲဖြစ်သူ၏ဇနီးအား ဤအကြောင်းပြောပြသည့်အခါ၌ အကြီးအကဲ၏ဇနီးက “ကျွန်မကိုလည်းတစ်ခါတလေများ သူသိုးထိန်းလည်ပတ်မှုလုပ်ပေးရင်သိပ်ကောင်းမှာဘဲ” ဟုရုတ်တရက်ပြောလိုက်မိသည်။—၁ တိမောသေ ၃:၂၊ ၄၊ ၅။

၁၈ အကြီးအကဲသည် ကိုယ်ပိုင်လေ့လာမှုပြုလုပ်သည့် အချိန်နှင့်လယ်ကွင်းဓမ္မအမှု သို့မဟုတ်သိုးထိန်းလည်ပတ်မှုအတွက်အသုံးပြုသောအချိန်တို့ကို မျှမျှတတရှိစေရန်အတွက်လည်း ကိုယ်ကိုချုပ်တည်းရန်လိုအပ်သည်။ လူ့နှလုံး၏လှည့်စားတတ်သည့်သဘောကိုထောက်ရှုခြင်းအားဖြင့် အကြီးအကဲတစ်ဦးသည် သူအထူးနှစ်သက်ပျော်ရွှင်သည့်အရာအတွက် ပေးသင့်ပေးထိုက်သည့်အချိန်ထက်များစွာ ပိုပေးမိရန်အလွန်ပင်လွယ်ကူပါသည်။ သူသည်စာအုပ်ကိုနှစ်သက်သူဖြစ်လျှင် ကိုယ်ပိုင်လေ့လာမှုအတွက်ပေးသင့်သည်ထက် အချိန်ပိုပေးမိနိုင်ပေသည်။ တစ်အိမ်တက်ဆင်းဓမ္မအမှုသည် ပိုခက်သည်ဟုသူယူဆလျှင် ယင်းကိုရှောင်လွဲရန်အတွက် သိုးထိန်းလည်ပတ်မှုပြုလုပ်ခြင်းကိုအကြောင်းပြပြီး အမျိုးမျိုးဆင်ခြေဆင်လက်ပေးကောင်းပေးပေမည်။

၁၉။ ကိုယ်ကိုချုပ်တည်းခြင်း လိုအပ်ကြောင်းအလေးအနက်ထင်ရှားစေသည့်အဘယ်တာဝန်ကို အကြီးအကဲများရရှိထားသနည်း။

၁၉ အကြီးအကဲဖြစ်သူအနေဖြင့် အတွင်းရေးမပေါက်ကြားရအောင်စောင့်စည်းရမည့်တာဝန်ရှိသည့်အတွက် ကြပ်ကြပ်မတ်မတ်ကိုယ်ကိုချုပ်တည်းရန်အစဉ်နိုးကြားနေဖို့လိုအပ်သည်။ ဤနေရာတွင် “သူတစ်ပါးနှင့်ဆိုင်ရာလျှို့ဝှက်အပ်သောအမှုကိုမဖော်မပြနှင့်” ဟူသောသြဝါဒစကားသည် အထူးဆီလျော်လှသည်။ (သု၊ ၂၅:၉၊ သမ) ဤအချက်သည် အကြီးအကဲများအတွင်း၌အများဆုံးနှင့် အကျယ်ပြန့်ဆုံးချိုးဖောက်နေကြသည့် စည်းကမ်းချက်တစ်ချက်ဖြစ်ဖွယ်ရှိကြောင်း တွေ့ကြုံမှုများက ဖော်ညွှန်းလျက်ရှိသည်။ အကယ်၍အကြီးအကဲတစ်ဦး၌ အချင်းချင်းကောင်းစွာပြောဆိုဆက်ဆံနိုင်သော၊ ဉာဏ်ကောင်း၍ချစ်မြတ်နိုးရသောကြင်သူသက်ထားရှိပါက သူ့အနေဖြင့်လျှို့ဝှက်ထားရမည့်အတွင်းရေးကို သူမနှင့်ဆွေးနွေးခြင်း သို့မဟုတ် အရိပ်အမြွက်ပြောပြခြင်းပြုလုပ်မိနိုင်သည့် အလားအလာရှိနိုင်သည်။ သို့သော်ဤသို့ပြုလုပ်ခြင်းသည် မတော်လျော်သည်သာမကအလွန်ဉာဏ်မဲ့ရာလည်းရောက်သည်။ အစချီပြောရလျှင် ယုံကြည်စွာအပ်နှံထားရာကိုဖောက်ဖျက်ရာရောက်သည်။ ဝိညာဏညီအစ်ကိုညီအစ်မများသည် မိမိတို့၏ကိုယ်ရေးကိုယ်တာကိစ္စ တင်းကျပ်စွာလျှို့ဝှက်ထားမည်ဟူသောစိတ်ချယုံကြည်မှုနှင့် အကြီးအကဲများထံလာ၍အတွင်းရေးကိုရင်ဖွင့်တိုင်ပင်ပြောဆိုခြင်းဖြစ်သည်။ မိမိဇနီးဖြစ်သူအား လျှို့ဝှက်အပ်သည့်ကိစ္စများကိုပြောပြခြင်းသည်မှားသည်၊ ပညာမဲ့ရာရောက်သည်၊ မေတ္တာမဲ့ရာလည်းရောက်သည်။ အဘယ်ကြောင့်ဆိုသော် ဇနီးသည်ဖြစ်သူအပေါ် မလိုအပ်သောဝန်ထုပ်ဝန်ပိုး တင်ပေးလိုက်ရာရောက်သောကြောင့်ဖြစ်သည်။—သု၊ ၁၀:၁၉။ ၁၁:၁၃။

၂၀။ အကြီးအကဲများ ကိုယ်ကိုချုပ်တည်းရန် အဘယ်ကြောင့်ဤမျှအရေးကြီးသနည်း။

၂၀ ကိုယ်ကိုချုပ်တည်းခြင်းသည် အလွန်တရာအရေးကြီးသည်။ အထူးသဖြင့်အကြီးအကဲများအဖို့အလွန်ပင်အရေးကြီးသည်မှာ ယုံမှားသံသယမရှိပေ။ ယေဟောဝါ၏လူမျိုးတော်ဘောင်တွင် ဦးဆောင်ခွင့်အပ်နှင်းခံရသောကြောင့် အကြီးအကဲတို့သည် ရှင်းလင်းချက်ပေးရန်တာဝန်ပို၍ကြီးမားသည်။ သူတို့၌များစွာအပ်နှင်းထားသဖြင့် များစွာပြန်တောင်းခံရလိမ့်မည်။ (လုကာ ၁၂:၄၈။ ၁၆:၁၀။ ယာကုပ် ၃:၁ နှိုင်းယှဉ်) အခြားသူတို့လိုက်နာစရာစံနမူနာကောင်းပြရန် အကြီးအကဲများ၏တာဝန်နှင့်အခွင့်အရေးဖြစ်သည်။ ထိုထက်မကခန့်အပ်ခံအကြီးအကဲများသည် များသောအားဖြင့်ကိုယ်ကိုချုပ်တည်းခြင်းရှိမရှိပေါ်မူတည်၍ အခြားသူတို့အပေါ်ကောင်းကျိုးဆိုးကျိုးပို၍ပေးနိုင်သည့်အနေအထားတွင် ရှိကြသည်။ ထို့ကြောင့် “ကြီးကြပ်မှူးသည် . . . ကိုယ်ကိုချုပ်တည်းသောသူဖြစ်ရမည်” ဟူ၍ပေါလုပြောခဲ့သည်မှာအံ့သြစရာမဟုတ်ပေ။

သင်သတိရသလော

▫ အကြီးအကဲများအတွက် လိုအပ်သောအဘယ်ကျမ်းစာဆိုင်ရာတောင်းဆိုချက်များက သူတို့ကိုယ်ကိုချုပ်တည်းခြင်းရှိရမည်ဟုပြဆိုသနည်း။

▫ ယုံကြည်သူချင်းတို့နှင့်ဆက်ဆံရာတွင် အကြီးအကဲများအဘယ်ကြောင့်စိတ်ချုပ်တည်းခြင်းရှိရမည်နည်း။

▫ အကြီးအကဲစည်းဝေးများ၌ ကိုယ်ကိုချုပ်တည်းခြင်းမည်သို့တင်ပြသင့်သနည်း။

▫ အကြီးအကဲများ အတွင်းရေးမပေါက်ကြားရအောင်စောင့်စည်းရန်လိုအပ်ခြင်းက အဘယ်စိန်ခေါ်ချက်ကိုဖြစ်ပေါ်စေသနည်း။

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

ခရစ်ယာန်အကြီးအကဲများသည် ကိုယ်ကိုချုပ်တည်းသူများ၊ နှုတ်ကိုစောင့်စည်းသူများဖြစ်ရမည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ