ယေဟောဝါ —သွန်သင်ပေးသောဘုရား
“ထိုသူအပေါင်းတို့သည် ဘုရားသခင်ဆုံးမသွန်သင်တော်မူသောသူ ဖြစ်ကြလိမ့်မည်။”—ယောဟန် ၆:၄၅။
၁ ယေရှုသည် ယခု ကပေရနောင်မြို့တွင် ဘာပြုလုပ်နေသနည်း။
မကြာမီကလေးကပင် အံ့ဖွယ်အမှုများကို ယေရှုလုပ်ပြပြီး ယခု ဂါလိလဲပင်လယ်နားရှိ ကပေရနောင်မြို့၏တရားဇရပ်တွင် သွန်သင်ပေးနေသည်။ (ယောဟန် ၆:၁-၂၁၊ ၅၉) ယေရှုက “ငါသည် ကောင်းကင်မှဆင်းသက်၏” ဟု မိန့်တော်မူသောအခါ လူများစွာတို့သည် မယုံကြည်ကြောင်းတင်ပြကြသည်။ သူတို့က “ဤသူသည် ယောသပ်၏သားယေရှုဖြစ်သည်မဟုတ်လော။ သူ၏မိဘကို ငါတို့သိသည်မဟုတ်လော။ ‘ငါသည် ကောင်းကင်မှဆင်းသက်၏’ ဟု သူသည် အဘယ်သို့ဆိုရသနည်း” ဟု တီးတိုးပြောဆိုကြသည်။ (ယောဟန် ၆:၃၈၊ ၄၂) သူတို့ကိုပြစ်တင်ဆုံးမလျက် ယေရှုဤသို့ကြေညာလိုက်သည်– “ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည် သွေးဆောင်တော်မမူလျှင် အဘယ်သူမျှ ငါ့ထံသို့မလာနိုင်။ လာသောသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။”—ယောဟန် ၆:၄၄။
၂။ ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်သော ယေရှု၏ကတိတော်ကို ယုံကြည်ရန် မည်သည့်အခြေအမြစ်ရှိသနည်း။
၂ နောက်ဆုံးသောနေ့၊ ဘုရားသခင်၏နိုင်ငံတော်အုပ်ချုပ်သောအခါ ရှင်ပြန်ထမြောက်ခံရခြင်း—အံ့ဖွယ်ကတိတော်ပါတကား! ထိုကတိတော်ကို ခမည်းတော်ယေဟောဝါဘုရားသခင်က ကျောထောက်နောက်ခံပြုထားသောကြောင့် ယင်းကို ကျွန်ုပ်တို့ယုံကြည်နိုင်သည်။ (ယောဘ ၁၄:၁၃-၁၅; ဟေရှာယ ၂၆:၁၉) သေသူများပြန်ရှင်လာမည်ဟု သွန်သင်သော ယေဟောဝါသည် “ဆရာတကာတို့တွင် အကြီးမြတ်ဆုံးသောဆရာ” ဖြစ်တော်မူသည်အမှန်။ (ယောဘ ၃၆:၂၂၊ Today’s English Version) ယေရှုသည် ခမည်းတော်၏သွန်သင်ချက်ကို အာရုံစိုက်စေလျက် ဤသို့ထပ်၍မိန့်တော်မူသည်– “အနာဂတ္တိကျမ်းစာ၌လာသည်ကား ‘ထိုသူအပေါင်းတို့သည် ဘုရားသခင် [“ယေဟောဝါ၊” ကဘ] ဆုံးမသွန်သင်တော်မူသောသူ ဖြစ်ကြလိမ့်မည်။’”—ယောဟန် ၆:၄၅။
၃။ မည်သည့်မေးခွန်းများကို ဆွေးနွေးသုံးသပ်ကြမည်နည်း။
၃ ပရောဖက်ဟေရှာယ ရေးသားဖော်ပြခဲ့သူများထဲတွင် အပါအဝင်ဖြစ်ရခြင်းသည် အခွင့်ထူးကြီးဖြစ်သည်အမှန်– “သင်၏သားသမီးအပေါင်းတို့သည် ထာဝရဘုရားဆုံးမသွန်သင်တော်မူသောသူဖြစ် [ကြလိမ့်မည်။]” (ဟေရှာယ ၅၄:၁၃) ကျွန်ုပ်တို့ဖြစ်နိုင်ကြမည်လော။ မည်သူများသည် ကိုယ်တော်၏သားများသဖွယ် ကိုယ်တော့်သွန်သင်ချက်များကို ခံယူရကြသနည်း။ ယေဟောဝါ၏ကောင်းချီးများကို ခံစားရရန် ကျွန်ုပ်တို့သိရှိပြီး ကျင့်ကြံအားထုတ်ရမည့် အရေးကြီးသော ကိုယ်တော့်သွန်သင်ချက်များကား အဘယ်နည်း။ အတိတ်က မည်သည့်နည်းဖြင့် ယေဟောဝါသွန်သင်ပြီး ယနေ့လည်း ထိုနည်းအတိုင်းသွန်သင်သလော။ ဤမေးခွန်းများကို ကျွန်ုပ်တို့ဆွေးနွေးသုံးသပ်ကြမည်။
ဖခင်၊ ဆရာ၊ လင်ယောက်ျား
၄။ ယေဟောဝါ၏သားတော်များထဲတွင် မည်သူသည် ကိုယ်တော့်သွန်သင်မှုကို ဦးဆုံးလက်ခံရရှိသနည်း။
၄ မိမိ၏တစ်ပါးတည်းသောသားတော်ဖြစ်သော လူ့ဘဝမတိုင်မီယေရှုကို ယေဟောဝါဖန်ဆင်းတော်မူသောအခါ ကိုယ်တော်သည် ဦးဆုံးသောဖခင်နှင့် ဆရာဖြစ်လာသည်။ ထိုသားတော်ကို “နှုတ်ကပါဌ်တော်” ဟုခေါ်သည်။ အကြောင်းမှာ သူသည် ယေဟောဝါ၏ အဓိကရပြောရေးဆိုခွင့်ရှိသူဖြစ်သည်။ (ယောဟန် ၁:၁၊ ၁၄; ၃:၁၆) နှုတ်ကပါဌ်တော်သည် “လုပ်သားချုပ်အဖြစ် [ခမည်းတော်] အနားတွင်” အမှုထမ်းကာ ခမည်းတော်၏သွန်သင်မှုအားဖြင့် ကောင်းစွာတတ်သိနားလည်လာသည်။ (သု. ၈:၂၂၊ ၃၀၊ ကဘ) အမှန်မှာ နာမ်ဝိညာဉ်ဖြစ်သော “ဘုရားသခင်၏သားများ” အပါအဝင် အခြားအရာအားလုံးကို ဘုရားသခင်ဖန်ဆင်းရာတွင် ကိုယ်တော်သည် အသုံးတော်ခံကိုယ်စားလှယ်ဖြစ်လာသည်။ ဘုရားသခင်၏သွန်သင်မှုကိုခံရခြင်းသည် ထိုသူတို့အတွက် မည်မျှဝမ်းမြောက်ဖွယ်ဖြစ်မည်တကား! (ယောဘ ၁:၆; ၂:၁; ၃၈:၇; ကောလောသဲ ၁:၁၅-၁၇) နောက်ပိုင်းတွင် ပထမဆုံးလူသားဖြစ်သူ အာဒံဖန်ဆင်းခံရသည်။ သူသည်လည်း “ဘုရားသခင်၏သား” တစ်ဦးဖြစ်ကာ သူ့ကို ယေဟောဝါသွန်သင်ညွှန်ကြားကြောင်း သမ္မာကျမ်းစာကဖော်ပြထားသည်။—လုကာ ၃:၃၈; ကမ္ဘာဦး ၂:၇၊ ၁၆၊ ၁၇။
၅။ အာဒံသည် မည်သည့်မွန်မြတ်သောအခွင့်ထူးကို လက်လွတ်ဆုံးရှုံးခဲ့သနည်း။ သို့သော် မည်သူများကို ယေဟောဝါသွန်သင်ပေးသနည်း၊ အဘယ်ကြောင့်နည်း။
၅ ဝမ်းနည်းစရာကား အာဒံသည် စိတ်လိုကိုယ်လျောက် မနာခံခြင်းအားဖြင့် ဘုရားသခင်၏သားဆက်လက်ဖြစ်ခွင့်ကို ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် သူ၏သားစဉ်မြေးဆက်များသည် မွေးရာပါအခြေအနေသက်သက်အားဖြင့် ဘုရားသခင်၏သားများအဖြစ် တော်စပ်သည်ဟု မဆိုနိုင်ကြချေ။ သို့သော် လမ်းပြညွှန်ကြားမှုအတွက် ကိုယ်တော့်ကိုမျှော်ကိုးသော မစုံလင်သည့်လူသားများကို ယေဟောဝါသွန်သင်ပေးခဲ့သည်။ ဥပမာ၊ နောဧသည် ‘မှန်သောဘုရားသခင်နှင့် သွားလာသည့်’၊ “ဖြောင့်မတ်သောသူ” ဖြစ်ကြောင်း သက်သေထူသဖြင့် သူ့ကို ယေဟောဝါသွန်သင်ညွှန်ကြားခဲ့သည်။ (ကမ္ဘာဦး ၆:၉၊ ၁၃–ကမ္ဘာဦး၇:၅) အာဗြဟံသည် နာခံမှုအားဖြင့် “ယေဟောဝါ၏မိတ်ဆွေ” ဖြစ်ကြောင်း သက်သေထူခဲ့သောကြောင့် သူသည်လည်း ယေဟောဝါ၏သွန်သင်ခြင်းခံခဲ့ရသည်။—ယာကုပ် ၂:၂၃၊ ကဘ; ကမ္ဘာဦး ၁၂:၁-၄; ၁၅:၁-၈; ၂၂:၁၊ ၂။
၆။ မည်သူများကို မိမိ၏ “သား” အဖြစ် ယေဟောဝါယူမှတ်လာပြီး ကိုယ်တော်သည် သူတို့အတွက် မည်ကဲ့သို့သောဆရာဖြစ်သနည်း။
၆ နောက်အတန်ကြာသောအခါ မောရှေ၏အချိန်အတောအတွင်း ယေဟောဝါသည် ဣသရေလလူမျိုးနှင့် ပဋိညာဉ်ဖွဲ့ဆက်ဆံရေးတစ်ခုကို တည်ဆောက်လိုက်သည်။ ရလဒ်အနေနှင့် ထိုလူမျိုးသည် ကိုယ်တော်ရွေးချယ်သောလူမျိုးဖြစ်လာပြီး ကိုယ်တော့် “သား” အဖြစ် ယူမှတ်ခံခဲ့ရသည်။ ဘုရားသခင်က “ဣသရေလသည် ငါ့သားဖြစ်၏” ဟု မိန့်တော်မူသည်။ (ထွက်မြောက်ရာ ၄:၂၂၊ ၂၃; ၁၉:၃-၆; တရားဟောရာ ၁၄:၁၊ ၂) ထိုပဋိညာဉ်ဖွဲ့ဆက်ဆံရေးကို အခြေပြုလျက် ဣသရေလလူမျိုးသည် ပရောဖက်ဟေရှာယမှတ်တမ်းတင်ထားသည့်အတိုင်း ပြောဆိုနိုင်ကြသည်– “ကိုယ်တော်သည် အကျွန်ုပ်တို့၏အဘဖြစ်တော်မူ၏။” (ဟေရှာယ ၆၃:၁၆) ယေဟောဝါသည် ဖခင်ဆိုင်ရာတာဝန်ကိုယူ၍ မိမိ၏သားသမီးများဖြစ်သော ဣသရေလလူမျိုးကို မေတ္တာဖြင့်သွန်သင်တော်မူသည်။ (ဆာလံ ၇၁:၁၇; ဟေရှာယ ၄၈:၁၇၊ ၁၈) သူတို့သစ္စာမဲ့သောအခါ၌ပင်လျှင် သူတို့ကို ကရုဏာဖြင့် ကိုယ်တော်ဤသို့မေတ္တာရပ်ခံသည်– “အိုဖောက်ပြန်သောသူငယ်တို့၊ ပြန်လာကြလော့။”—ယေရမိ ၃:၁၄။
၇။ ဣသရေလလူမျိုးသည် ယေဟောဝါနှင့် မည်သည့်ဆက်ဆံရေးရှိသနည်း။
၇ ဣသရေလလူမျိုးနှင့် ပဋိညာဉ်ဖွဲ့ဆက်ဆံရေးကြောင့် ယေဟောဝါသည် ပုံဆောင်သဘောအရ ထိုလူမျိုး၏လင်ယောက်ျားဖြစ်လာကာ သူတို့သည် ကိုယ်တော်၏ပုံဆောင်ဇနီးသည်ဖြစ်လာသည်။ သူမနှင့်ပတ်သက်၍ ပရောဖက်ဟေရှာယ ဤသို့ရေးသည်– “သင့်ကိုဖန်ဆင်းသောသူသည် သင်၏လင်ဖြစ်တော်မူ၏။ နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] တည်း။” (ဟေရှာယ ၅၄:၅; ယေရမိ ၃၁:၃၂) ယေဟောဝါသည် လင်ယောက်ျားအနေဖြင့် မိမိ၏ကဏ္ဍကို ဂုဏ်သိက္ခာရှိရှိကျေပွန်စေသော်လည်း ဣသရေလလူမျိုးသည် သစ္စာမဲ့သောဇနီးသည်ဖြစ်လာသည်။ “အိုဣသရေလအမျိုး၊ မယားသည် မိမိခင်ပွန်း၌ သစ္စာဖျက်သကဲ့သို့ အကယ်စင်စစ် သင်တို့သည်ငါ၌သစ္စာဖျက်ကြပြီ” ဟု ယေဟောဝါမိန့်တော်မူသည်။ (ယေရမိ ၃:၂၀) ယေဟောဝါသည် မိမိ၏သစ္စာမဲ့သောဇနီး၏ သားများကို ဆက်၍ဖျောင်းဖျသည်; ကိုယ်တော်သည် သူတို့၏ “မဟာသွန်သင်ပေးရှင်” ဖြစ်မြဲဖြစ်ခဲ့သည်။—ဟေရှာယ ၃၀:၂၀၊ ကဘ; ၂ ရာဇဝင်ချုပ် ၃၆:၁၅။
၈။ ဣသရေလလူမျိုးသည် လူမျိုးတစ်မျိုးအနေနှင့် ယေဟောဝါ၏ငြင်းပယ်ခြင်းခံရသော်လည်း တင်စားခြင်းခံရသော မည်သည့်ပုံဆောင်မိန်းမ ကိုယ်တော်၌ရှိသေးသနည်း။
၈ ဣသရေလလူမျိုးသည် မိမိ၏သားတော်ယေရှုခရစ်ကို ငြင်းပယ်ပြီး ကွပ်မျက်ပစ်လိုက်သောအခါ အဆုံးတွင် သူတို့ကိုယေဟောဝါငြင်းပယ်လိုက်တော့သည်။ ထို့ကြောင့် ဂျူးလူမျိုးသည် ကိုယ်တော်၏ ပုံဆောင်ဇနီးမဟုတ်တော့သကဲ့သို့ ကိုယ်တော်သည်လည်း သူမ၏လမ်းလွဲသောသားများအတွက် ဖခင်နှင့်ဆရာမဟုတ်တော့ချေ။ (မဿဲ ၂၃:၃၇၊ ၃၈) သို့သော် ဣသရေလသည် တင်စားထားသော သို့မဟုတ် ပုံဆောင်ထားသောဇနီးသာဖြစ်သည်။ “လင်ရှိသောမိန်းမ” ဖြစ်သည့် ဇာတိဣသရေလလူမျိုးနှင့် ခြားနားပြီး ထူးခြားသည့် “သားမဖွားသောအမြုံမ” အကြောင်းပြောဆိုထားသော ဟေရှာယ ၅၄:၁ ကို တမန်တော်ပေါလုကိုးကားသည်။ ဘိသိက်ခံခရစ်ယာန်များသည် “အပေါ်မှာရှိသောယေရုရှလင်မြို့” ဟု သူခေါ်ဆိုသော “သားမဖွားသောအမြုံမ” ၏ သားများဖြစ်ကြောင်း သူထုတ်ဖော်တင်ပြသည်။ တင်စားခြင်းခံရသော ဤပုံဆောင်မိန်းမတွင် ဘုရားသခင်၏ နာမ်ဝိညာဉ်သားများဆိုင်ရာကောင်းကင်အဖွဲ့အစည်း ပါဝင်သည်။—ဂလာတိ ၄:၂၆၊ ၂၇။
၉။ (က) “သင်၏သားသမီးအပေါင်းတို့သည် ထာဝရဘုရားဆုံးမသွန်သင်တော်မူသောသူဖြစ်” မည်ဟု ယေရှုပြောဆိုသောအခါ မည်သူများကို ကိုယ်တော်ရည်ညွှန်းနေခြင်းဖြစ်သနည်း။ (ခ) မည်သည့်အခြေပေါ်မူတည်၍ လူများသည် ဘုရားသခင်၏ ဝိညာဏသားများဖြစ်လာကြသနည်း။
၉ ထို့ကြောင့် ကပေရနောင်မြို့ရှိ တရားဇရပ်တွင် “သင်၏သားသမီးအပေါင်းတို့သည် ထာဝရဘုရားဆုံးမသွန်သင်တော်မူသောသူဖြစ်” မည်ဟူသော ဟေရှာယ၏ပရောဖက်ပြုချက်ကို ယေရှုကိုးကားစဉ်က ဘုရားသခင်၏ဇနီးနှင့်တူသော ကောင်းကင်အဖွဲ့အစည်းဖြစ်သည့် “အပေါ်မှာရှိသောယေရုရှလင်မြို့” ၏ “သားများ” ဖြစ်လာကြမည့်သူများအကြောင်း ကိုယ်တော်ပြောနေခြင်းဖြစ်သည်။ ကောင်းကင်မှလာသော ဘုရားသခင်၏ကိုယ်စားလှယ်တော်ယေရှုခရစ်၏ သွန်သင်မှုများကို လက်ခံခြင်းအားဖြင့် နားထောင်နေသော ထိုဂျူးအမျိုးသားများသည် ယခင်က မြုံနေသော ဘုရားသခင့်ကောင်းကင်ဆိုင်ရာမိန်းမ၏ သားသမီးများဖြစ်လာနိုင်ကြပြီး “သန့်ရှင်းသောလူမျိုး” ဖြစ်သော ဝိညာဏဆိုင်ရာ “ဘုရားသခင်၏ဣသရေလလူမျိုး” အဖြစ် ပါဝင်ဖွဲ့စည်းလာနိုင်ကြသည်။ (၁ ပေတရု ၂:၉၊ ၁၀; ဂလာတိ ၆:၁၆) ယေရှုဖြစ်မြောက်စေသော ဘုရားသခင်၏ဝိညာဏသားများဖြစ်လာနိုင်သည့် မဟာအခွင့်ထူးကြီးကို ဖော်ပြလျက် တမန်တော်ယောဟန် ဤသို့ရေးသားသည်– “သူသည် မိမိဒေသအရပ်သို့ ကြွလာသော်လည်း မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲနေကြ၏။ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား ဘုရားသခင်၏သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။”—ယောဟန် ၁:၁၁၊ ၁၂။
ယေဟောဝါ၏ အရေးကြီးသောသွန်သင်ချက်များ
၁၀။ ဧဒင်တွင် ပုန်ကန်မှုဖြစ်ပြီးလျှင်ပြီးခြင်း “အမျိုးအနွယ်” နှင့်ပတ်သက်၍ မည်သည့်အရာကို ယေဟောဝါသွန်သင်ပြီး ဤအမျိုးအနွယ်သည် မည်သူဖြစ်ကြောင်း ထင်ရှားလာသနည်း။
၁၀ မေတ္တာရှိဖခင်တစ်ပါးအနေနှင့် ယေဟောဝါသည် မိမိ၏ရည်ရွယ်ချက်များကို မိမိ၏သားသမီးများအား အသိပေးသည်။ ထို့ကြောင့် ပုန်ကန်သောကောင်းကင်တမန်တစ်ပါးက ကနဦးလူသားမောင်နှံကို မနာခံအောင်သွေးဆောင်နိုင်သောအခါ ယေဟောဝါသည် မြေကြီးကိုပရဒိသုဖြစ်စေမည်ဟူသော မိမိ၏ရည်ရွယ်ချက်ကို မည်သို့အကောင်အထည်ဖော်မည့်အကြောင်း သူတို့ကို ချက်ချင်းအသိပေးတော်မူသည်။ စာတန်မာရ်နတ်ဖြစ်သော “ရှေးမြွေဟောင်း” နှင့် “မိန်းမ” တို့ကို ရန်ဘက်ဖြစ်စေမည်ဟု ကိုယ်တော်မိန့်တော်မူသည်။ ထို့နောက် မိန်းမ၏ “အမျိုးအနွယ်” သည် စာတန်၏ “ခေါင်းကို” သေလောက်သည့်အထိကြိတ်မည်ဖြစ်ကြောင်း ကိုယ်တော်ရှင်းပြသည်။ (ကမ္ဘာဦး ၃:၁-၆၊ ၁၅; ဗျာဒိတ် ၁၂:၉; ၂၀:၉၊ ၁၀) ကျွန်ုပ်တို့သိရှိထားသည့်အတိုင်း မိန်းမ—နောက်ပိုင်း၌ “အပေါ်တွင်ရှိသောယေရုရှလင်မြို့” ဟု သတ်မှတ်ခံရသူ—သည် ဘုရားသခင်၏ နာမ်ဝိညာဉ်သားများဆိုင်ရာ ကောင်းကင်အဖွဲ့အစည်းဖြစ်သည်။ သို့သော် သူမ၏ “အမျိုးအနွယ်” ကား မည်သူနည်း။ သူကား ကောင်းကင်မှစေလွှတ်ခြင်းခံရပြီး နောက်ဆုံးတွင် စာတန်ကိုဖျက်ဆီးပစ်မည့် ဘုရားသခင်၏သားတော် ယေရှုခရစ်ပင်ဖြစ်သည်။—ဂလာတိ ၄:၄; ဟေဗြဲ ၂:၁၄; ၁ ယောဟန် ၃:၈။
၁၁၊ ၁၂။ ယေဟောဝါသည် “အမျိုးအနွယ်” နှင့်ပတ်သက်သော မိမိ၏အရေးကြီးသည့်သွန်သင်ချက်ကို မည်သို့ချဲ့ထွင်ခဲ့သနည်း။
၁၁ “သင်၏အမျိုးအနွယ်ကိုလည်း၊ ကောင်းကင်ကြယ်ကဲ့သို့ . . . ပွားများစေမည်။ . . . သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်” ဟု အာဗြဟံကိုကတိပေးသောအခါ၌ ယေဟောဝါသည် “အမျိုးအနွယ်” နှင့်ဆိုင်သော အရေးကြီးသည့်ဤသွန်သင်ချက်ကို ချဲ့ထွင်ခဲ့သည်။ (ကမ္ဘာဦး ၂၂:၁၇၊ ၁၈) ယေရှုခရစ်သည် ကတိထားရာအမျိုးအနွယ်ဖြစ်ကြောင်း၊ သို့သော် အခြားသူများသည်လည်း “အမျိုးအနွယ်” ၏ အစိတ်အပိုင်းအဝင် ဖြစ်လာကြမည်အကြောင်း တမန်တော်ပေါလုကိုအသုံးပြု၍ ယေဟောဝါရှင်းပြသည်။ “ခရစ်တော်နှင့်စပ်ဆိုင်လျှင် အာဗြဟံ၏အမျိုးအနွယ်ပင်ဖြစ်၍ ကတိတော်အတိုင်း အမွေခံ၏အရာ၌တည်ကြ၏” ဟုပေါလုရေးသားခဲ့သည်။—ဂလာတိ ၃:၁၆၊ ၂၉။
၁၂ ထိုခရစ်တော်သည် ယုဒအမျိုး ဘုရင်အနွယ်မှ ဆင်းသက်လာကာ “လူများ၏နာခံမှု” ကိုရမည်အကြောင်းကိုလည်း ယေဟောဝါဖွင့်ပြတော်မူသည်။ (ကမ္ဘာဦး ၄၉:၁၀၊ ကဘ) ယုဒအနွယ်ဘုရင်ဒါဝိဒ်နှင့်ပတ်သက်၍ ယေဟောဝါဤသို့ကတိပြုတော်မူသည်– “သူ၏အမျိုးအနွယ်ကို အစဉ်အမြဲတည်စေမည်။ သူ၏ပလ္လင်သည် ကောင်းကင်ကာလကဲ့သို့ နိစ္စထာဝရဖြစ်လိမ့်မည်။ သူ၏အမျိုးအနွယ်သည် အစဉ်အမြဲတည်ရမည်။ သူ၏ပလ္လင်သည်လည်း ငါ့ရှေ့ ၌ နေကဲ့သို့ဖြစ်ရမည်။” (ဆာလံ ၈၉:၃၊ ၄၊ ၂၉၊ ၃၆) ယေရှု၏မွေးဖွားခြင်းကို ကောင်းကင်တမန်ဂါဗြေလကြေညာစဉ်က ထိုသူငယ်သည် ဘုရားသခင်ခန့်အပ်သောအုပ်စိုးရှင်၊ ဒါဝိဒ်၏အမျိုးအနွယ်ဖြစ်ကြောင်း သူရှင်းပြခဲ့သည်။ “ထိုသားသည်ကား ကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသောဘုရား၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ရာဇပလ္လင်ကို ထာဝရအရှင်ဘုရားသခင်သည် သူ့အားပေးတော်မူမည်။ . . . သူ၏နိုင်ငံသည်လည်း ဆုံးခြင်းမရှိရ” ဟု ဂါဗြေလပြောသည်။—လုကာ ၁:၃၂၊ ၃၃; ဟေရှာယ ၉:၆၊ ၇; ဒံယေလ ၇:၁၃၊ ၁၄။
၁၃။ ယေဟောဝါ၏ကောင်းချီးကိုခံစားရရန် ကိုယ်တော့်သွန်သင်ခြင်းကို ကျွန်ုပ်တို့မည်သို့တုံ့ပြန်ကြရမည်နည်း။
၁၃ ကျွန်ုပ်တို့သည် ယေဟောဝါ၏ကောင်းချီးများကို ခံစားရရန် ဘုရားသခင့်နိုင်ငံတော်ဆိုင်ရာ အရေးကြီးသောဤသွန်သင်ချက်ကို သိရှိပြီး ယင်းနှင့်အညီကျင့်ကြံလိုက်လျှောက်ရမည်။ ယေရှုသည် ကောင်းကင်မှကြွလာကြောင်း၊ ဘုရားသခင်ခန့်အပ်သောဘုရင်—မြေကြီးပရဒိသုပြန်လည်ဖြစ်ပေါ်ခြင်းကို ကြီးကြပ်မည့် တော်ဝင်မျိုးနွယ်တော်—ဖြစ်ကြောင်းနှင့် သေသူများကို ရှင်ပြန်ထမြောက်စေမည့်အကြောင်းတို့ကို ကျွန်ုပ်တို့ယုံကြည်ကြရမည်။ (လုကာ ၂၃:၄၂၊ ၄၃; ယောဟန် ၁၈:၃၃-၃၇) ကပေရနောင်မြို့တွင် သေသူများကို ရှင်ပြန်ထမြောက်စေခြင်းအကြောင်း ယေရှုပြောဆိုစဉ်က ကိုယ်တော်သည် အမှန်တရားကိုပြောဆိုနေခြင်းဖြစ်ကြောင်း ဂျူးများအတွက် အထင်အရှားဖြစ်သင့်သည်။ ယင်းမတိုင်မီ ရက်သတ္တပတ်အနည်းငယ်ခန့်က ကပေရနောင်မြို့၌ပင်ဖြစ်ဖွယ်ရှိသည့်၊ အသက် ၁၂ နှစ်အရွယ်ရှိ တရားဇရပ်မှူး၏သမီးကို ကိုယ်တော်ရှင်ပြန်ထမြောက်စေပါသည်တကား! (လုကာ ၈:၄၉-၅၆) ကျွန်ုပ်တို့သည်လည်း မျှော်လင့်ချက်ကိုလှုံ့ဆော်ပေးသည့် ယေဟောဝါ၏နိုင်ငံတော်သွန်သင်ချက်ကို ယုံကြည်၍ ယင်းနှင့်အညီ ကျင့်ကြံပြုမူရန် အကြောင်းခိုင်လုံလှပါသည်တကား!
၁၄၊ ၁၅။ (က) ယေဟောဝါ၏နိုင်ငံတော်သည် ယေရှုအတွက် မည်မျှအရေးကြီးသနည်း။ (ခ) ယေဟောဝါ၏နိုင်ငံတော်နှင့်ပတ်သက်၍ မည်သည့်အရာကို ကျွန်ုပ်တို့နားလည်ပြီး ရှင်းပြနိုင်ရမည်နည်း။
၁၄ ယေရှုသည် မိမိ၏မြေကြီးဆိုင်ရာအသက်တာကို ဘုရားသခင့်နိုင်ငံတော်အကြောင်း သွန်သင်ပေးခြင်းတွင် မြှုပ်နှံထားသည်။ ယင်းကို သူ့ဓမ္မအမှုဆောင်ခြင်း၏ အဓိကအကြောင်းဖြစ်စေကာ ယင်းအတွက်ဆုတောင်းရန်ပင် တပည့်တော်များကို ညွှန်ကြားတော်မူခဲ့သည်။ (မဿဲ ၆:၉၊ ၁၀; လုကာ ၄:၄၃) ဇာတိဂျူးတို့သည် ‘ဘုရားသခင့်နိုင်ငံတော်သားများ’ ဖြစ်ရန်ရှိသော်လည်း ယုံကြည်ခြင်းကင်းမဲ့မှုကြောင့် သူတို့အများစုသည် ထိုအခွင့်ထူးကြီးကို လက်လွတ်ဆုံးရှုံးကြရသည်။ (မဿဲ ၈:၁၂; ၂၁:၄၃) “သိုးစုငယ်” သာလျှင် ‘ဘုရားသခင်၏နိုင်ငံတော်သားများ’ ဖြစ်ရမည့်အခွင့်ထူးကို ရရှိကြကြောင်း ယေရှုဖော်ပြသည်။ ဤ “သားများ” သည် ခရစ်တော်၏ကောင်းကင်နိုင်ငံတော်တွင် “သခင်နှင့်ဆက်ဆံသောအမွေခံ” ဖြစ်လာကြသည်။—လုကာ ၁၂:၃၂; မဿဲ ၁၃:၃၈; ရောမ ၈:၁၄-၁၇; ယာကုပ် ၂:၅။
၁၅ ယေရှုသည် မြေကြီးကို မိမိနှင့်အတူအုပ်ချုပ်ရန် ဘုရားသခင့်နိုင်ငံတော်အမွေခံ အရေအတွက်မည်မျှကို ကောင်းကင်သို့ ခေါ်ဆောင်မည်နည်း။ သမ္မာကျမ်းစာအရ ၁၄၄,၀၀၀ မျှသာဖြစ်သည်။ (ယောဟန် ၁၄:၂၊ ၃; ၂ တိမောသေ ၂:၁၂; ဗျာဒိတ် ၅:၁၀; ၁၄:၁-၃; ၂၀:၄) သို့ရာတွင် မိမိတွင် ထိုနိုင်ငံတော်၏ မြေကြီးဆိုင်ရာလက်အောက်ခံများဖြစ်ကြမည့် “အခြားသိုးတို့” ရှိကြောင်း ယေရှုမိန့်တော်မူသည်။ ဤသူတို့သည် ပရဒိသုကမ္ဘာပေါ်တွင် ဒေါင်ဒေါင်မြည်သည့်ကျန်းမာရေးနှင့် ငြိမ်သက်ခြင်းတို့၌အစဉ်အမြဲမွေ့လျော်ကြမည်။ (ယောဟန် ၁၀:၁၆; ဆာလံ ၃၇:၂၉; ဗျာဒိတ် ၂၁:၃၊ ၄) ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်သော ယေဟောဝါ၏သွန်သင်ချက်ကို နားလည်ကာ ရှင်းပြနိုင်ရန်လိုအပ်သည်။
၁၆။ ယေဟောဝါ၏ အရေးကြီးသောမည်သည့်သွန်သင်မှုကို ကျွန်ုပ်တို့ဆည်းပူး၍ ကျင့်သုံးရန်လိုသနည်း။
၁၆ အရေးကြီးသော ယေဟောဝါ၏ နောက်သွန်သင်ချက်တစ်ခုကို တမန်တော်ပေါလုထုတ်ဖော်ပြသည်။ သူဤသို့ပြောသည်– “သင်တို့သည် အချင်းချင်းချစ်စေခြင်းငှာ ဘုရားသခင်ဆုံးမသွန်သင်တော်မူသောသူ ဖြစ်ကြ၏။” (၁ သက်သာလောနိတ် ၄:၉) ကျွန်ုပ်တို့သည် ယေဟောဝါ၏စိတ်တော်ကိုရွှင်လန်းစေရန် ထိုမေတ္တာမျိုးတင်ပြဖို့လိုသည်။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟု သမ္မာကျမ်းစာကပြောထားပြီး ကိုယ်တော်၏မေတ္တာပြသည့်ပုံနမူနာကို ကျွန်ုပ်တို့တုပကြရမည်။ (၁ ယောဟန် ၄:၈; ဧဖက် ၅:၁၊ ၂) ဝမ်းနည်းစရာကား လူအများစုတို့သည် ကျွန်ုပ်တို့လုပ်ရန် ဘုရားသခင်သွန်သင်ပေးထားသည့်အတိုင်း မိမိတို့လူသားချင်းကိုချစ်ရန် သင်ယူကြဖို့ ဆိုးဝါးစွာပျက်ကွက်ကြခြင်းဖြစ်သည်။ ကျွန်ုပ်တို့ကောမည်သို့နည်း။ ယေဟောဝါ၏ ဤသွန်သင်ချက်ကို ကျွန်ုပ်တို့တုံ့ပြန်ခဲ့ကြပြီလော။
၁၇။ မည်သူ၏သဘောထားကို ကျွန်ုပ်တို့တုပသင့်သနည်း။
၁၇ ကျွန်ုပ်တို့သည် ယေဟောဝါ၏သွန်သင်မှုအားလုံးကို ခံယူနိုင်ရန် အလွန်အရေးကြီးသည်။ “အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အားပြညွှန်၍ ခရီးတော်တို့ကို သွန်သင်တော်မူပါ။ ကိုယ်တော်၏သမ္မာတရားကိုပြ၍ အကျွန်ုပ်ကိုသွန်သင်တော်မူပါ။” “အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌သွန်သင်တော်မူပါ။ . . . ကောင်းသောဉာဏ်နှင့် ပညာတော်အတတ်ကို သွင်းပေးတော်မူပါ။ . . . စီရင်တော်မူချက်တို့ကိုလည်း အကျွန်ုပ်၌သွန်သင်တော်မူပါ” ဟု ရေးသားခဲ့သော ဆာလံဆရာ၏စိတ်နေသဘောထားမျိုး ကျွန်ုပ်တို့တွင်ရှိပါစေ။ (ဆာလံ ၂၅:၄၊ ၅; ၁၁၉:၁၂၊ ၆၆၊ ၁၀၈) သင်၏ခံစားချက်သည် ဆာလံဆရာကဲ့သို့ဖြစ်လျှင် သင်သည် ယေဟောဝါသွန်သင်ပေးသော ကြီးမားသည့်လူအုပ်အဝင်ဖြစ်နိုင်သည်။
သွန်သင်ခံထားရသောလူအုပ်ကြီး
၁၈။ ကျွန်ုပ်တို့ခေတ်တွင် ဖြစ်ပျက်မည့် မည်သည့်အရာကို ပရောဖက်ဟေရှာယကြိုဟောထားသနည်း။
၁၈ ကျွန်ုပ်တို့အချိန်တွင် ဖြစ်လာမည့်အရာကို ပရောဖက်ဟေရှာယကြိုတင်ပြောထားသည်– “နောက်ဆုံးသောကာလ၌ ထာဝရဘုရား၏အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ်တို့၏ထိပ်ပေါ်မှာ ချီးမြှောက်၍တည်လိမ့်မည်။ . . . များပြားသောလူတို့ကလည်း ‘လာကြလော့၊ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရားသခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို [ကိုယ်တော်] ပြသသွန်သင်တော်မူ [လိမ့်မည်။]’” (ဟေရှာယ ၂:၂၊ ၃; မိက္ခာ ၄:၂) ယေဟောဝါ၏သွန်သင်ခြင်းခံရသော ဤသူများကား မည်သူများနည်း။
၁၉။ ယနေ့ ယေဟောဝါ၏သွန်သင်ခြင်းခံရသူများထဲတွင် မည်သူများပါဝင်သနည်း။
၁၉ ထိုသူတို့တွင် ခရစ်တော်နှင့်အတူ ကောင်းကင်တွင်အုပ်ချုပ်မည့်သူများအပြင် အခြားသူများလည်းပါဝင်သည်။ အထက်တွင် ဖော်ပြသကဲ့သို့ မိမိ၌ ဘုရားသခင့်နိုင်ငံတော်အမွေခံများဖြစ်သည့် “သိုးစုငယ်” အပြင် “အခြားသိုးတို့”—ဘုရားသခင့်နိုင်ငံတော်၏ မြေကြီးဆိုင်ရာလက်အောက်ခံများ— ရှိသေးကြောင်း ယေရှုမိန့်တော်မူခဲ့သည်။ (ယောဟန် ၁၀:၁၆; လုကာ ၁၂:၃၂) “ကြီးစွာသောဒုက္ခ” ကို ကပ်ကျော်သော “လူအုပ်ကြီး” သည် အခြားသိုးအတန်းအစားအဝင်ဖြစ်ကြကာ သူတို့သည် ယေရှုသွန်းသောအသွေးတော်ကို ယုံကြည်ခြင်းအပေါ်အခြေပြု၍ ယေဟောဝါရှေ့မျက်နှာသာတော်ရအနေအထားတွင် မွေ့လျော်ကြသည်။ (ဗျာဒိတ် ၇:၉၊ ၁၄၊ ကဘ) အခြားသိုးများသည် ဟေရှာယ ၅၄:၁၃ တွင်ပြောထားသော “သားသမီးများ” တွင် တိုက်ရိုက်ပါဝင်ခြင်းမရှိသော်လည်း သူတို့သည် ယေဟောဝါ၏သွန်သင်မှုကိုခံရသောအားဖြင့် ကောင်းချီးခံစားကြရသည်။ ထို့ကြောင့် သူတို့သည် ဘုရားသခင်ကို “အဘ” ဟု လျောက်ပတ်စွာခေါ်ဝေါ်သုံးစွဲကြသည်။ အကြောင်းမှာ ကိုယ်တော်သည် “ထာဝရအဘ” ယေရှုခရစ်အားဖြင့် သူတို့၏ဘိုးဘေးဖြစ်တော်မူမည်။—မဿဲ ၆:၉; ဟေရှာယ ၉:၆။
ယေဟောဝါ၏သွန်သင်ပုံ
၂၀။ မည်သည့်နည်းများဖြင့် ယေဟောဝါသွန်သင်သနည်း။
၂၀ ယေဟောဝါသည် နည်းအမျိုးမျိုးဖြင့် သွန်သင်တော်မူသည်။ ဥပမာ၊ မိမိ၏တည်ရှိခြင်းနှင့် ကြီးမားကျယ်ပြောသည့် ဉာဏ်ပညာကို သက်သေထူသည့် ဖန်ဆင်းခြင်းလက်ရာတော်များအားဖြင့် သွန်သင်တော်မူသည်။ (ယောဘ ၁၂:၇-၉; ဆာလံ ၁၉:၁၊ ၂; ရောမ ၁:၂၀) ထို့အပြင် လူ့ဘဝမတိုင်မီယေရှုကို သွန်သင်သည့်နည်းအတိုင်း တိုက်ရိုက်ဆက်သွယ်ခြင်းအားဖြင့် ကိုယ်တော်သွန်သင်တော်မူသည်။ အလားတူ မှတ်တမ်းတင်ထားသည့် အဖြစ်အပျက်သုံးခုတွင် မြေကြီးပေါ်ရှိလူသားများကို ကောင်းကင်မှနေ၍ ကိုယ်တော်တိုက်ရိုက်စကားပြောတော်မူသည်။—မဿဲ ၃:၁၇; ၁၇:၅; ယောဟန် ၁၂:၂၈။
၂၁။ ယေဟောဝါသည် မည်သည့်ကောင်းကင်တမန်ကို မိမိ၏ကိုယ်စားလှယ်အဖြစ် ထူးကဲစွာအသုံးပြုသနည်း။ သို့သော် အခြားကောင်းကင်တမန်များကိုလည်း အသုံးပြုကြောင်း ကျွန်ုပ်တို့မည်သို့သိရှိနိုင်သနည်း။
၂၁ ယေဟောဝါသည် မိမိ၏သားဦး “နှုတ်ကပါဌ်တော်” အပါအဝင် ကောင်းကင်တမန်ကိုယ်စားလှယ်များကို အသုံးပြု၍လည်း သွန်သင်တော်မူသည်။ (ယောဟန် ၁:၁-၃) ယေဟောဝါသည် ဧဒင်ဥယျာဉ်ရှိ စုံလင်သောလူသားအာဒံကို တိုက်ရိုက်စကားပြောနိုင်သော်လည်း လူ့ဘဝမတိုင်မီယေရှုကို မိမိအတွက် စကားပြောပေးရန်အသုံးပြုခဲ့ဖွယ်ရှိသည်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) သူသည် “ဣသရေလတပ်ရှေ့ မှာသွားသော ဘုရားသခင်၏ကောင်းကင်တမန်” ဖြစ်နိုင်ပြီး “[သူ၏] စကားတော်ကိုနားထောင်လော့” ဟု ယေဟောဝါအမိန့်ထုတ်ဆင့်ခဲ့သည်မှာ သူနှင့်ပတ်သက်၍ဖြစ်သည်။ (ထွက်မြောက်ရာ ၁၄:၁၉; ၂၃:၂၀၊ ၂၁) ယောရှုကို ကိုယ်ယောင်ထင်ပြပြီး သူ့ကိုအားပေးသော “ထာဝရဘုရား၏ဗိုလ်ခြေကို အုပ်စိုးသောဗိုလ်မှူး” သည်လည်း လူ့ဘဝမတိုင်မီယေရှု ဖြစ်မည်မှာသံသယဖြစ်ဖွယ်မရှိ။ (ယောရှု ၅:၁၄၊ ၁၅) ယေဟောဝါသည် မိမိ၏ပညတ်တော်ကို မောရှေအားပေးရန် အသုံးခဲ့ပြုသောသူများကဲ့သို့ အခြားသောကောင်းကင်တမန်များကို သုံးခြင်းအားဖြင့်လည်း သွန်သင်ပေးတော်မူသည်။—ထွက်မြောက်ရာ ၂၀:၁; ဂလာတိ ၃:၁၉; ဟေဗြဲ ၂:၂၊ ၃။
၂၂။ (က) ယေဟောဝါသည် သွန်သင်ပေးရန်အတွက် မြေကြီးပေါ်တွင် မည်သူများကိုအသုံးပြုသနည်း။ (ခ) ယနေ့လူသားများကို ယေဟောဝါသွန်သင်ပေးသော အဓိကနည်းလမ်းကား အဘယ်နည်း။
၂၂ ထို့အပြင် ယေဟောဝါဘုရားသခင်သည် လူသားကိုယ်စားလှယ်များကို အသုံးပြုပြီး သွန်သင်တော်မူသေးသည်။ ဣသရေလနိုင်ငံရှိ မိဘများသည် မိမိတို့၏သားသမီးများကို သွန်သင်ပေးရသည်; ပရောဖက်များ၊ ယဇ်ပုရောဟိတ်များ၊ မင်းသားမှူးမတ်များနှင့် လေဝိများသည် လူမျိုးတော်ကို ယေဟောဝါ၏ပညတ်တော်သွန်သင်ပေးရသည်။ (တရားဟောရာ ၁၁:၁၈-၂၁; ၁ ဓမ္မရာဇဝင် ၁၂:၂၀-၂၅; ၂ ရာဇဝင်ချုပ် ၁၇:၇-၉) ယေရှုသည် မြေကြီးပေါ်ရှိ ဘုရားသခင်၏ အဓိကပြောရေးဆိုခွင့်ရှိသူ ဖြစ်ခဲ့သည်။ (ဟေဗြဲ ၁:၁၊ ၂) မိမိသွန်သင်သောအရာများသည် ခမည်းတော်ထံမှ မိမိသင်ယူထားရသည့်အတိုင်း အပ်ကျမပ်ကျဖြစ်ကြောင်း ယေရှုမကြာခဏမိန့်တော်မူသည်၊ ထို့ကြောင့် သူ့ကိုနားထောင်သူများသည် စင်စစ်တွင် ယေဟောဝါ၏သွန်သင်မှုကိုခံနေရကြသည်။ (ယောဟန် ၇:၁၆; ၈:၂၈; ၁၂:၄၉; ၁၄:၉၊ ၁၀) ယေဟောဝါသည် မိမိ၏နှုတ်တော်ထွက်များကို မှတ်တမ်းတင်ထားစေပြီး ယနေ့ကျွန်ုပ်တို့အချိန်တွင် အဓိကအနေနှင့် ထိုမှုတ်သွင်းခံရသောကျမ်းများအားဖြင့် လူသားတို့ကို သွန်သင်တော်မူသည်။—ရောမ ၁၅:၄; ၂ တိမောသေ ၃:၁၆။
၂၃။ နောက်ဆောင်းပါးတွင် မည်သည့်မေးခွန်းများကို ဆွေးနွေးသုံးသပ်မည်နည်း။
၂၃ ကျွန်ုပ်တို့သည် အရေးကြီးသည့်အချိန်တွင် အသက်ရှင်နေကြရသည်။ အကြောင်းမှာ ‘[ယခုကျွန်ုပ်တို့အသက်ရှင်နေသည့်] နောက်ဆုံးသောကာလ၌ များပြားသောလူတို့သည် [ယေဟောဝါ] ၏လမ်းခရီးတော်တို့ကို ပြသသွန်သင်ခံရကြမည်’ ဟု နှုတ်ကပါဌ်တော်က ကတိပေးထားသောကြောင့်ပင်။ (ဟေရှာယ ၂:၂၊ ၃) ဤပြသသွန်သင်မှုများ မည်သို့လာသနည်း။ ယခုဖြစ်ပေါ်တိုးတက်နေသော ယေဟောဝါ၏ ကြီးမြတ်သည့်သွန်သင်ခြင်းအစီအစဉ်မှ အကျိုးကျေးဇူးရရှိရန်သာမက ယင်းအစီအစဉ်တွင်လည်း ပါဝင်နိုင်ရန် ကျွန်ုပ်တို့ဘာလုပ်ရမည်နည်း။ နောက်ဆောင်းပါးတွင် ထိုမေးခွန်းများကို ဆွေးနွေးသုံးသပ်ကြမည်။
သင်မည်သို့ဖြေဆိုမည်နည်း
◻ ယေဟောဝါသည် ဖခင်၊ ဆရာ၊ လင်ယောက်ျား မည်သို့ဖြစ်လာသနည်း။
◻ “အမျိုးအနွယ်” နှင့်ပတ်သက်၍ မည်သည့်အရာကို ယေဟောဝါသွန်သင်သနည်း။
◻ ဘုရားသခင်၏ မည်သည့်အရေးကြီးသောသွန်သင်ခြင်းကို ကျွန်ုပ်တို့လိုက်လျှောက်ကြရမည်နည်း။
◻ ယေဟောဝါသည် မည်သို့သွန်သင်တော်မူသနည်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ယာဣရု၏သမီးကို ရှင်ပြန်ထမြောက်စေခြင်းက ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းကတိတော်ကို ယုံကြည်ရန် အခြေအမြစ်ချပေး