စိတ်ကိုပြောင်းလဲ၍ နှလုံးကိုထွန်းလင်းစေ
“ထို့ကြောင့် သင်တို့သည် လူမျိုးများလျှောက်သည့်လမ်းစဉ်အတိုင်း မလိုက်လျှောက်ကြတော့ရန် သခင်အားဖြင့် ငါပြော၍သက်သေခံလိုက်၏။”—ဧဖက် ၄:၁၇၊ ကဘ။
၁ ကျွန်ုပ်တို့၏စိတ်နှင့်နှလုံးတို့သည် ကျွန်ုပ်တို့အတွက်ဘာလုပ်ပေးသနည်း။
စိတ်နှင့်နှလုံးသည် လူသားပိုင်ဆိုင်သည့်စွမ်းရည်များထဲတွင် အံ့ဖွယ်အကောင်းဆုံးအရာနှစ်ခုဖြစ်သည်။ ယင်းတို့၏လှုပ်ရှားဆောင်ရွက်မှုများကို မရေတွက်နိုင်သော်လည်း ယင်းတို့တစ်ခုစီသည် တုမရအောင်ထူးခြားလှသည်။ ကျွန်ုပ်တို့၏ စိတ်နှင့်နှလုံးလှုပ်ရှားဆောင်ရွက်ပုံနည်းလမ်းက ကျွန်ုပ်တို့၏ ဥပဓိရုပ်၊ အပြောအဆို၊ အကျင့်အကြံ၊ စိတ်လှုပ်ရှားမှုနှင့် တန်ဖိုးတို့ကို နှိုက်နှိုက်နှဲနှဲအကျိုးသက်ရောက်သည်။
၂၊ ၃။ (က) “နှလုံး” နှင့် “စိတ်” ဟူသည့်အသုံးအနှုန်းကို သမ္မာကျမ်းစာက မည်သို့သုံးထားသနည်း။ (ခ) ကျွန်ုပ်တို့သည် အဘယ့်ကြောင့် နှလုံးနှင့်စိတ်နှစ်ခုလုံးကို ဂရုစိုက်ရမည်နည်း။
၂ သမ္မာကျမ်းစာတွင် “နှလုံး” ဟူသည့်ဝေါဟာရကို အများအားဖြင့် စိတ်လှုံ့ဆော်မှု၊ စိတ်လှုပ်ရှားမှု၊ အတွင်းကျကျခံစားချက်တို့ကို ရည်ညွှန်းပြီး “စိတ်” ကိုမူ ဉာဏ်ရည်ဉာဏ်သွားနှင့် စဉ်းစားတွေးခေါ်နိုင်သည့်စွမ်းပကားများအဖြစ် ရည်ညွှန်းသည်။ သို့ရာတွင် ယင်းတို့သည် လိုက်ဖက်မညီသောအရာများမဟုတ်ကြပေ။ ဥပမာအားဖြင့် မောရှေက ဣသရေလလူမျိုးများကို ဤသို့တိုက်တွန်းခဲ့သည်။ “ယေဟောဝါသည် မှန်သောဘုရားဖြစ်တော်မူကြောင်းကို သင်၏နှလုံးတွင်ပြန်လည်သတိရ [အောက်ခြေမှတ်ချက်။ “သင့်စိတ်တွင်ပြန်သတိရ”] ရမည်။” (တရားဟောရာ ၄:၃၉၊ ကဘ) မိမိအားဆန့်ကျင်ရန်ကြံစည်နေကြသော ကျမ်းတတ်များအား ယေရှုက “သင်တို့သည် နှလုံးထဲ၌ ဆိုးညစ်သောအရာများကို အဘယ်ကြောင့်စဉ်းစားနေကြသနည်း” ဟုမိန့်တော်မူခဲ့သည်။—မဿဲ ၉:၄။ မာကု ၂:၆၊ ၇၊ ကဘ။
၃ ယင်းအချက်က စိတ်နှင့်နှလုံးသည် အနီးကပ်ဆက်စပ်နေသည်ကို ဖော်ပြသည်။ ယင်းတို့သည် အပြန်အလှန်အကျိုးသက်ရောက်မှုရှိကြသည်။ တစ်ခါတစ်ရံ တစ်ပြေးညီသောအစုအစည်းတစ်ခုအဖြစ် တစ်ခုကိုတစ်ခုလှုံ့ဆော်သော်လည်း မကြာခဏဆိုသလို တစ်ခုကတစ်ခုအပေါ်လွှမ်းမိုးနိုင်ရန် တိုက်ခိုက်ကြသည်လည်းရှိသည်။ (မဿဲ ၂၂:၃၇။ ရောမ ၇:၂၃ နှိုင်းယှဉ်။) ဤအကြောင်းကြောင့် ယေဟောဝါ၏မျက်နှာသာတော်ကို ခံစားရရန် ကျွန်ုပ်တို့၏စိတ်နှင့်နှလုံးအခြေအနေကို သေချာစွာသိရန်လိုအပ်သည်သာမက ယင်းတို့အတူတကွလိုက်ဖက်ညီစွာလုပ်ဆောင်ခြင်းဖြင့် တစ်ခုတည်းသောဦးတည်ချက်သို့ရောက်အောင် လေ့ကျင့်ပေးရမည်။ ကျွန်ုပ်တို့သည် စိတ်ကိုပြောင်းလဲ၍ နှလုံးကိုထွန်းလင်းစေရမည်။—ဆာလံ ၁၁၉:၃၄။ သု၊ ၃:၁။
‘လူမျိုးများလိုက်လျှောက်သည့်လမ်းစဉ်’
၄။ စာတန်သည် လူသားများ၏စိတ်နှင့်နှလုံးကို မည်သို့လွှမ်းမိုးနိုင်ခဲ့ပြီနည်း။ မည်သည့်ရလဒ်ဖြစ်ပေါ်သနည်း။
၄ စာတန်သည် လှည့်ဖြားခြင်းနှင့် ကျင်လည်စွာချယ်လှယ်ခြင်းတို့တွင် ဆရာတစ်ဆူဖြစ်သည်။ လူသားများကိုကြိုးကိုင်နိုင်ရန် သူတို့၏စိတ်နှင့်နှလုံးကို ပစ်မှတ်ထားရမည်ဖြစ်ကြောင်း သူသိသည်။ လူ့သမိုင်းအစကတည်းက ယင်းအချက်ကိုအောင်နိုင်ရန် တစ်ခုမဟုတ်တစ်ခုသောနည်းများကို သူအသုံးပြုလာခဲ့သည်။ ရလဒ်အနေနှင့် “ဤလောကတစ်ခုလုံးသည် ဆိုးညစ်သူ၏တန်ခိုးဩဇာအောက်တွင် ရောက်နေသည်။” (၁ ယောဟန် ၅:၁၉၊ ကဘ) အမှန်မှာ သမ္မာကျမ်းစာက သူတို့ကို “မဖြောင့်မမှန်ဖောက်ပြန်သောလူမျိုး” ဟူ၍ခေါ်ရလောက်အောင် လူသားများ၏စိတ်နှင့်နှလုံးတို့ကို စာတန်သည် အောင်မြင်စွာလွှမ်းမိုးထားနိုင်ခဲ့ပြီ။ (ဖိလိပ္ပိ ၂:၁၅) တမန်တော်ပေါလုက ထိုမဖြောင့်မမှန်ဖောက်ပြန်သောလူမျိုး၏ စိတ်နှင့်နှလုံးအခြေအနေကို ကွင်းကွင်းကွက်ကွက်ဖော်ပြထားပြီး သူ၏စကားများသည် ယနေ့ကျွန်ုပ်တို့အားလုံးအတွက် သတိပေးချက်တစ်ရပ်ဖြစ်သည်။ဥပမာအားဖြင့် ဧဖက် ၄:၁၇-၁၉ ကို ကျေးဇူးပြု၍ဖတ်ပါ။ ထို့နောက် ရောမ ၁:၂၁-၂၄ ပါပေါလု၏စကားများနှင့်နှိုင်းယှဉ်ပါ။
၅။ ပေါလုသည် ဧဖက်မြို့သားများထံ အဘယ့်ကြောင့် ပြင်းထန်သည့်ဆုံးမသြဝါဒကို ရေးပေးလိုက်ရသနည်း။
၅ ဧဖက်မြို့သည် စာရိတ္တယိုယွင်းမှုနှင့်မှောက်မှားသောဝတ်ပြုရေးတို့ကြောင့် နာမည်ဆိုးတွင်ကြောင်း ကျွန်ုပ်တို့သတိရလျှင် ထိုမြို့ရှိခရစ်ယာန်များအား တမန်တော်ပေါလုက အဘယ့်ကြောင့်ထိုသို့ ပြင်းပြင်းထန်ထန်ရေးသားလိုက်ရခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့သဘောပေါက်နိုင်သည်။ ဂရိလူမျိုးတို့တွင် နာမည်ကြီးအတွေးအခေါ်ပညာရှင်များရှိကြသော်လည်း ဂရိပညာရေးသည် လူအများကို သာ၍ဆိုးညစ်စေပုံရပြီး သူတို့၏ယဉ်ကျေးမှုသည် အကျင့်ဖောက်ပြန်မှုတွင် သာ၍ကျင်လည်စေသည်သာ ဖြစ်သည်။ ထိုအသိုင်းအဝိုင်းမျိုးတွင်နေထိုင်သော ခရစ်ယာန်ချင်းတို့အတွက် ပေါလုအလွန်အမင်းစိုးရိမ်ခဲ့သည်။ သူတို့ထဲမှအများစုသည် လူမျိုးများမှ လူများဖြစ်ခဲ့ကြပြီး “ဤလောက၏အစီအစဉ်စနစ်နှင့်အညီ လျှောက်လှမ်း” ခဲ့သူများဖြစ်ကြောင်း ပေါလုသိသည်။ သို့သော် ယခုအခါ သူတို့သည်သမ္မာတရားကို လက်ခံခဲ့ပြီ။ သူတို့၏စိတ်သည် ပြောင်းလဲခံခဲ့ရပြီး သူတို့၏နှလုံးသည်လည်း ထွန်းလင်းခဲ့ပြီဖြစ်သည်။ အဆုံးတွင် “ခေါ်တော်မူခြင်းနှင့်အညီ ထိုက်တန်စွာလျှောက်လှမ်း” ကြရန် သူတို့ကိုပေါလုလိုလားခဲ့သည်။—ဧဖက် ၂:၂၊ ကဘ။ ၄:၁။
၆။ ပေါလု၏စကားများကို ကျွန်ုပ်တို့အဘယ်ကြောင့်စိတ်ဝင်စားသင့်သနည်း။
၆ ယနေ့လည်း အလားတူပင်ဖြစ်သည်။ မဖြောင့်မမှန်ဖောက်ပြန်သောအကျင့်စရိုက်၊ ယိုယွင်းပျက်ပြားသောစာရိတ္တနှင့် မှောက်မှားသောဘာသာရေးဓလေ့များလွှမ်းမိုးသည့်လောကတွင် ကျွန်ုပ်တို့အသက်ရှင်နေကြရသည်။ ကျွန်ုပ်တို့ထဲမှအများစုသည် တစ်ချိန်က ဤလောက၏အစီအစဉ်စနစ်အတိုင်း လိုက်လျှောက်ခဲ့ကြသူများဖြစ်သည်။ ကျွန်ုပ်တို့မှအချို့သည် ဤလောကနှင့်အနီးကပ် နေ့စဉ်ရက်ဆက်ထိတွေ့ပေါင်းသင်းနေကြရသူများဖြစ်သည်။ အချို့က လောကစိတ်ဓာတ်လွှမ်းမိုးနေသော အိမ်သားများဖြင့် နေထိုင်နေရသည်။ ထို့ကြောင့် ပေါလု၏စကားများကို ကျွန်ုပ်တို့နားလည်ကြပြီး သူ၏သြဝါဒမှအကျိုးခံစားရသည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
အကျိုးမပေးမှောင်မိုက်သောစိတ်
၇။ “သူတို့စိတ်၏အကျိုးမပေးမှု” ဟုပေါလုဖော်ပြရာတွင် သူဘာကိုဆိုလိုသနည်း။
၇ ပေါလုက “သူတို့စိတ်၏အကျိုးမပေးမှု” ကို ဦးစွာဖော်ပြခြင်းအားဖြင့် ခရစ်ယာန်များသည် “လူမျိုးများလျှောက်သည့်လမ်းစဉ်အတိုင်း မလိုက်လျှောက်ကြတော့ရန်” ဟူသည့်မိမိ၏တိုက်တွန်းချက်ကို အခိုင်အမာသက်သေထူသည်။ (ဧဖက် ၄:၁၇၊ ကဘ) ယင်းကဘာကိုဆိုလိုသနည်း။ “အကျိုးမပေးခြင်း” ဟုပြန်ဆိုထားသောသောဝေါဟာရကို The Anchor Bible က “ဟာလာဟင်းလင်းဖြစ်ခြင်း၊ လပ်လျားနေခြင်း၊ အနတ္တဖြစ်ခြင်း၊ မိုက်မဲခြင်း၊ ရည်ရွယ်ချက်ကင်းမဲ့ခြင်းနှင့် အချည်းနှီးဖြစ်ခြင်း” ဟူ၍အဓိပ္ပာယ်ဖွင့်ထားသည်။ ထို့ကြောင့် ဂရိနှင့်ရောမတို့၏အသိုင်းအဝိုင်းရှိ ကျော်ကြားမှုနှင့်ဂုဏ်အသရေတို့သည် စိတ်လှုပ်ရှားတက်ကြွစေဟန်ရှိသော်လည်း ယင်းတို့ကိုလိုက်စားခြင်းသည် အမှန်ပင် ဟာလာဟင်းလင်းဖြစ်ခြင်း၊ မိုက်မဲခြင်းနှင့် ရည်ရွယ်ချက်ကင်းမဲ့ခြင်းတို့ဖြစ်ကြောင်း ပေါလုထောက်ပြခဲ့ခြင်းဖြစ်သည်။ ကျော်ကြားမှုနှင့်ဂုဏ်အသရေတို့အပေါ် မိမိ၏နှလုံးကိုအပြင်းအထန်အခြေစိုက်သူသည် အချည်းနှီးဖြစ်ခြင်းနှင့် စိတ်ပျက်ဖွယ်ရာကိုသာ ကြုံတွေ့ရမည်ဖြစ်သည်။ ယနေ့လောကလည်း ထိုသဘောသဘာဝအတိုင်းပင်ဖြစ်သည်။
၈။ လောက၏ကြိုးစားအားထုတ်မှုများသည် မည်သည့်နည်းများဖြင့် အကျိုးမပေးသနည်း။
၈ ဘဝ၏အစနှင့်ရည်ရွယ်ချက်၊ လူသားတို့၏ကြမ္မာစသည်တို့ကဲ့သို့သော ခက်ခဲနက်နဲသည့်မေးခွန်းများ၏အဖြေများရရန် လူတို့ အားထားကြသော ပညာရှင်ကြီးများ၊ အကျော်အမော်ကြီးများ ဤလောကတွင်ရှိသည်။ သို့သော် မည်သည့်အသိအလိမ္မာနှင့်လမ်းညွှန်မှုကို သူတို့ပေးကြသနည်း။ ရှေးထုံးတမ်းစဉ်လာများနှင့် အယူသီးမှုတို့ကဲ့သို့ပင် ပေါ့ပါးလန်းဆန်းမှုမရစေနိုင်သော ဘုရားမဲ့ဝါဒ၊ မသိဝါဒ၊ ဆင့်ကဲဖြစ်စဉ်ဝါဒနှင့် သပွတ်အူလိုက်နေသည့် အခြားအခြားသောအယူအဆများ၊ သီအိုရီများသာဖြစ်သည်။ လောကလမ်းစဉ်အများအပြားတို့သည်လည်း ကျေနပ်ရောင့်ရဲမှုနှင့်ပြည့်စုံမှုကို အတော်အတန်ပေးကမ်းနိုင်ဟန်ရှိသည်။ လူများသည် သိပ္ပံ၊ တေးဂီတ၊ အားကစား၊ နိုင်ငံရေးနှင့် အခြားအခြားသောကဏ္ဍများတွင် ပေါက်ရောက်အောင်မြင်မှုများကို ပြောဆိုနေကြသည်။ အောင်မြင်ကျော်ကြားသည့်အချိန်တိုကလေးကို သူတို့မွေ့လျော်ကြသည်။ သမိုင်းအတ္ထုပ္ပတ္တိများနှင့် ဂန္တဝင်မှတ်တမ်းများတွင် ကွယ်ပျောက်ကုန်ပြီဖြစ်သောသူရဲကောင်းများဖြင့် ပြည့်လျက်ရှိသည်။ ဤအရာအားလုံးတို့သည် ဟာလာဟင်းလင်းဖြစ်ခြင်း၊ လပ်လျားနေခြင်း၊ အနတ္တဖြစ်ခြင်း၊ မိုက်မဲခြင်း၊ ရည်ရွယ်ချက်ကင်းမဲ့ခြင်းနှင့် အချည်းနှီးဖြစ်ခြင်းတို့သက်သက်သာလျှင်ဖြစ်ကြသည်။
၉။ လူအများသည် အကျိုးမပေးသောမည်သည့်အရာများကို လိုက်စားလာကြသနည်း။
၉ အကျိုးမပေးသော ထိုအားထုတ်မှုများကို သဘောပေါက်လာသည့်လူအများတို့သည် ငွေကြေးနှင့် ငွေကြေးဖြင့်ဝယ်ယူနိုင်သောအရာများကို စုဆောင်းခြင်းအားဖြင့် ရုပ်ပစ္စည်းလိုက်စားမှုသို့ ဦးလှည့်လာကြကာ ယင်းကို သူတို့၏ဘဝပန်းတိုင်အဖြစ်ထားကြသည်။ ပျော်ရွှင်မှုကို ချမ်းသာကြွယ်ဝမှု၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုနှင့် အပျော်အပါးလိုက်စားမှုများအားဖြင့်ရနိုင်သည်ဟု သူတို့အခိုင်အမာယုံကြည်ထားကြသည်။ သူတို့၏နှလုံးကို ယင်းတို့ထဲတွင်မြုပ်နှံထားသည်သာမက သူတို့၏ကျန်းမာရေး၊ မိသားစုနှင့် ဩတ္တပ္ပစိတ်တို့ကိုပင် အဆုံးအရှုံးခံရန်ဆန္ဒရှိကြသည်။ မည်သည့်ရလဒ်ရရှိသနည်း။ ပြီးပြည့်စုံမှုကိုခံစားရမည့်အစား “ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်ချင်းခပ်အောင်ထိုးကြ” သည်ပင်ဖြစ်သည်။ (၁ တိမောသေ ၆:၁၀) ထိုအတွေးအခေါ်များအားဖြင့် အကျိုးမဲ့ခြင်းကိုသာဖြစ်စေသော လူမျိုးများလျှောက်သည့်လမ်းစဉ်ကို လိုက်လျှောက်ခြင်းမှ ရပ်တံ့ရန် ပေါလုက မိမိ၏ခရစ်ယာန်ရောင်းရင်းတို့အား တိုက်တွန်းအားပေးခြင်းမှာ အဆန်းမဟုတ်ပါ။
၁၀။ လောကရှိလူများသည် “စိတ်ပိုင်းဆိုင်ရာအမှောင်ထဲ” တွင် မည်သို့ရှိနေကြသနည်း။
၁၀ လောကကိုမနာလိုဖြစ်ရန် သို့မဟုတ် တုပရန်လုံးဝမသင့်လျော်ကြောင်းတင်ပြရန် ပေါလုဆက်ပြောသည်မှာ “သူတို့သည် စိတ်ပိုင်းအရ အမှောင်ကျနေသည်” ဟူ၍ဖြစ်သည်။ (ဧဖက် ၄:၁၈၊ ကဘ) မှန်ပါသည်။ လောက၏အားထုတ်မှုကဏ္ဍတိုင်းတွင် ဉာဏ်ရည်ဉာဏ်သွားကောင်း၍အသိပညာရှိသောလူများရှိကြသည်။ သို့သော် သူတို့သည် စိတ်ပိုင်းအရ အမှောင်ကျနေသည်ဟု ပေါလုဆိုခဲ့သည်။ အဘယ့်ကြောင့်နည်း။ သူ့မှတ်ချက်က သူတို့၏စိတ်ပိုင်းအရ ကျွမ်းကျင်မှု သို့မဟုတ် အရည်အချင်းကို ဆိုလိုနေခြင်းမဟုတ်ပါ။ “စိတ်” ဟူသောစကားလုံးသည် လူ့စိတ်ကူးစိတ်သန်း၏ဗဟိုချက်မ၊ နားလည်မှု၏အခြေတည်ရာ၊ အတွင်းလူစသည်တို့ကိုလည်း ရည်ညွှန်းသည်။ သူတို့သည် အမှောင်ထဲကျနေရခြင်းမှာ သူတို့၏ကြိုးစားအားထုတ်မှုများတွင် လမ်းပြသည့်ပညာအလင်း သို့မဟုတ် ဦးတည်ချက်ရှိသည့်သဘောမရှိပေ။ သူတို့၏ အမှားအမှန်မဝေခွဲနိုင်သည့်စိတ်က ယင်းအချက်ကိုဖော်ပြသည်။ ယနေ့ ပိုင်းခြားချင့်ချိန်မှုမရှိသော၊ ဘာမဆိုကောင်းသည်ဟူသောသဘောထားများသည် ဉာဏ်အလင်းကိုပေးသည်ဟု လူများယူမှတ်ကြသော်လည်း ပေါလုပြောသည့်အရဆိုလျှင် အမှန်ပင်အမှောင်ဖုံးသောသဘောထားများဖြစ်သည်။ ဝိညာဉ်ရေးအရ သူတို့သည် မှောင်မိုက်အတိတွင် စမ်းတဝါးဝါးသွားနေကြသူများသာဖြစ်သည်။—ယောဘ ၁၂:၂၅။ ၁၇:၁၂။ ဟေရှာယ ၅:၂၀။ ၅၉:၆-၁၀။ ၆၀:၂။ ဧဖက် ၁:၁၇၊ ၁၈ နှိုင်းယှဉ်။
၁၁။ လောကတွင် စိတ်အမှောင်လွှမ်းရခြင်း၏အကြောင်းရင်းကား အဘယ်နည်း။
၁၁ လူများသည် အရာရာတွင်ဉာဏ်သွားကြပြီး ပြိုးပြက်ဝင်းလက်သည့်အရည်အသွေးများရှိကြသော်လည်း ဝိညာဉ်ရေးမှောင်မိုက်တွင် အဘယ့်ကြောင့်ကျရောက်နေကြရသနည်း။ ၂ ကောရိန္သု ၄:၄ တွင် ပေါလုကျွန်ုပ်တို့အားအဖြေပေးထားသည်။ “ထိုသို့မယုံကြည်သောသူတို့ကား ဘုရားသခင်၏ပုံသဏ္ဌာန်တော်တည်းဟူသောခရစ်တော်၏ ဘုန်းအသရေနှင့်ပြည့်စုံသော ဧဝံဂေလိတရား၏အရောင်သည် အလင်းကိုမပေးစေခြင်းငှာ ဤလောကကိုအစိုးရသောဘုရားသည် သူတို့၏ဉာဏ်မျက်စိကို ကွယ်စေ၏။” ဘုန်းအသရေနှင့်ပြည့်စုံသောသတင်းကောင်းကို သက်ဝင်ယုံကြည်သူများသည် စိတ်ပြောင်းလဲ၍ နှလုံးထွန်းလင်းကြခြင်းမှာ အဖိုးမဖြတ်နိုင်သောကောင်းချီးတစ်ရပ်ပါတကား။
ပမာမထားအကဲမဆတ်သည့်နှလုံးများ
၁၂။ လောကသည် အဘယ်နည်းအားဖြင့် “ဘုရားသခင်ပိုင်ဆိုင်သည့်အသက်နှင့်ကင်းကွာ” လျက်ရှိသနည်း။
၁၂ ကျွန်ုပ်တို့၏စိတ်ကိုပြောင်းလဲ၍ နှလုံးကိုထွန်းလင်းရန် အဘယ်ကြောင့်လိုအပ်ရခြင်းကို သာ၍သိမြင်လာရန် လောက၏ “ဘုရားသခင်ပိုင်ဆိုင်သည့်အသက်နှင့်ကင်းကွာလျက်ရှိ” သောလမ်းစဉ်ကို ပေါလုက ကျွန်ုပ်တို့အားအာရုံစိုက်စေသည်။ (ဧဖက် ၄:၁၈၊ ကဘ) ထိုသူများသည် ဘုရားကိုမယုံကြည်ကြတော့၍ သို့မဟုတ် လုံးဝဘုရားတရားမဲ့သွားကြ၍တော့မဟုတ်ပါ။ သတင်းစာဆရာတစ်ဦးက ယင်းအချက်ကို ဤသို့ဖော်ပြသည်။ “ဘုရားတရားမဲ့ခြင်းဟုပြောမည့်အစား အပယိကဘုရားတရားဟူ၍ ဝေါဟာရသစ်ကိုတီထွင်ကြပါစို့။ အပယိကဘုရားတရားသမားများသည် နတ်ဘုရားများအားအရေးပေးချီးမွမ်းခြင်းကို လိုလားကြပြီး တစ်ချိန်တည်းတွင် ကိုယ်တော်အား သေတ္တာထဲတွင်ထည့်ထားကြကာ တနင်္ဂနွေနေ့နံနက်ပိုင်းတွင်သာ ကိုယ်တော်အားထွက်ခွင့်ပြုကြပြီး အခြားနေ့များတွင် လောကနိုင်ငံရေးရှုထောင့်များ သို့မဟုတ် မိမိတို့၏ကိုယ်ပိုင်အသက်တာများ၌ ဘယ်တော့မျှသြဇာသက်ရောက်ခွင့်မပြုကြပါ။ [သူတို့] သည်အနည်းနှင့်အများဆိုသလို ဘုရားကိုယုံကြည်ကြသည်။ သို့သော် ခေတ်သစ်လူ့ဘောင်နှင့်ပတ်သက်၍ ကိုယ်တော်၌ပြောရေးဆိုခွင့်ရှိသည်ဟု သူတို့မယူဆကြချေ။” ရောမသို့စာရေးရာတွင် ပေါလုဤသို့ဆိုသည်။ “ထိုသူတို့သည် ဘုရားသခင်ကိုသိလျက်ပင် ဘုရားသခင်ကိုချီးမွမ်းသင့်သည်အတိုင်းမချီးမွမ်း၊ ကျေးဇူးတော်ကိုလည်း မသိမမှတ်။” (ရောမ ၁:၂၁) ဘုရားသခင်ကိုစိတ်ကူးထဲပင်မထည့်သော ဘဝတွင်ကျင်လည်နေကြသည့်လူများကို ကျွန်ုပ်တို့နေ့စဉ်မြင်တွေ့နေရသည်။ သူတို့သည် ကိုယ်တော်ကိုလုံးဝမချီးမွမ်း၊ ကျေးဇူးလည်းမတင်ကြပါ။
၁၃။ “ဘုရားသခင်ပိုင်ဆိုင်သည့်အသက်” ကားအဘယ်နည်း။
၁၃ “ဘုရားသခင်ပိုင်ဆိုင်သည့်အသက်” ဟူသောအသုံးအနှုန်းသည် ထင်ပေါ်သည့်အချက်ဖြစ်သည်။ ယင်းက စိတ်ပိုင်းနှင့်ဝိညာဏပိုင်းဆိုင်ရာအမှောင်သည် အကျင့်သိက္ခာအပေါ်ထားရှိသောလူများ၏သဘောထားအပေါ် မည်မျှလုံးထွေးရစ်ပတ်ဖြစ်နေသည်ကို သာ၍ပေါ်လွင်စေသည်။ ဤနေရာတွင် “အသက်” ဟုပြန်ဆိုသော ဂရိဝေါဟာရသည် အသက်တာလမ်းစဉ် သို့မဟုတ် ဘဝပုံစံဟူ၍ အဓိပ္ပာယ်ရှိသည့် ဘိုင်အော့စ် (“ဇီဝဗေဒ”၊ “အထုပ္ပတ္တိ” စသည့်ဝေါဟာရများဆင်းသက်ရာ) မဟုတ်ဘဲ ဇူအဲ (“တိရိစ္ဆာန်ဥယျာဉ်”၊ “သတ္တဗေဒ” စသည့်ဝေါဟာရများဆင်းသက်ရာ) ဖြစ်သည်။ Vine’s Expository Dictionary of Old and New Testament Words အဘိဓာန်ကျမ်းအရ ယင်းသည် “စည်းစနစ်ကျသောအသက်၊ အပြည့်အဝအဓိပ္ပာယ်ရှိသောအသက်၊ ဘုရားသခင်ထံ၌ရှိသောအသက်မျိုး . . . အပြစ်သို့သက်ဆင်းခြင်းအားဖြင့် လူသားသည် ထိုအသက်မှကင်းကွာသွားသည်” ဟုအဓိပ္ပာယ်ရသည်။ ထို့ကြောင့် စိတ်ပိုင်းနှင့်ဝိညာဏပိုင်းဆိုင်ရာမှောင်မိုက်သည် လောကသားများကို သွေးသားခန္ဓာပျက်စီးခြင်းသို့ရောက်စေသည်သာမက ဘုရားသခင်ပေးသနားသည့်အသက်နှင့် မိမိတို့ကိုယ်ကိုဝေးကွာစေသည်ဟု ပေါလုကျွန်ုပ်တို့ကိုပြောနေခြင်းဖြစ်သည်။ (ဂလာတိ ၆:၈) အဘယ့်ကြောင့်နည်း။ အကြောင်းရင်းများကို ကျွန်ုပ်တို့အား ပေါလုဆက်ရှင်းပြသည်။
၁၄။ လောကသည် ဘုရားသခင်ပိုင်ဆိုင်သည့်အသက်နှင့် ကင်းကွာရသည့်အကြောင်းတစ်ခုကား အဘယ်နည်း။
၁၄ ဦးဆုံးအနေနှင့် သူပြောသည်မှာ “သူတို့ထဲတွင်ရှိသောမသိရှိမှုကြောင့်” ဖြစ်သည်။ (ဧဖက် ၄:၁၈၊ ကဘ) မသိရှိမှုသည် အခွင့်မသာမှုကြောင့်မဟုတ်ဘဲ ဘုရားသခင်၏အသိပညာကို တမင်ငြင်းဆန်ခြင်းကြောင့်ဖြစ်ကြောင်း “သူတို့ထဲတွင်ရှိသော” ဟူသည့်စကားစုကပေါ်လွင်စေသည်။ ဤစကားစုနှင့်ပတ်သက်၍ အခြားသောဘာသာပြန်များတွင် “သူတို့၏ ဘုရားသခင်ကိုသိရန် ငြင်းဆန်လိုသည့်ဗီဇ” (The Anchor Bible)၊ “အသိပညာမရှိရခြင်းမှာ ယင်းကိုသိရန် သူတို့၏နှလုံးကိုပိတ်ထားသောကြောင့်” (Jerusalem Bible) ဟုဖော်ပြထားသည်။ ထိုသူတို့သည် ဘုရားသခင်၏တိကျမှန်ကန်သောအသိပညာကို ငြင်းဆန်ခြင်း သို့မဟုတ် စိတ်လိုကိုယ်လျောက်အထင်အမြင်သေးစွာငြင်းပယ်ခြင်းကြောင့် “ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသောကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသောယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း” ဟုမိန့်ဆိုခဲ့သည့်ဘုရားသခင့်သားတော်ကို ယုံကြည်သူများအား ယေဟောဝါပေးသည့်အသက်တာမျိုးကိုရရန် သူတို့၌မည်သည့်အခြေအမြစ်မျှမရှိကြပါ။—ယောဟန် ၁၇:၃။ ၁ တိမောသေ ၆:၁၉။
၁၅။ ဤလောကသည် ဘုရားသခင်ပိုင်ဆိုင်သည့်အသက်နှင့်ကင်းကွာရခြင်းတွင် မည်သည့်အရာပါဝင်သနည်း။
၁၅ လောကသားအများစုသည် ဘုရားသခင်ပိုင်ဆိုင်သည့်အသက်နှင့် ကင်းကွာလျက်ရှိနေရသည့် နောက်အကြောင်းတစ်ခုမှာ ပေါလုပြောသည့်အရဆိုလျှင် “သူတို့၏နှလုံးသည် အကဲမဆတ်သောကြောင့်” ဖြစ်သည်။ (ဧဖက် ၄:၁၈၊ကဘ) ဤတွင် “အကဲမဆတ်သော” ဟူသည့်ဝေါဟာရ၏ အခြေအမြစ်ကျသည့်အဓိပ္ပာယ်မှာ အသားမာလိုက်နေသကဲ့သို့ ထုံနေခြင်းဖြစ်သည်။ အသားမာမည်သို့ဖြစ်လာသည်ကို ကျွန်ုပ်တို့အားလုံးသိကြသည်။ အသားအရေသည် အစတွင် ပျော့ပြောင်းပြီး အာရုံထိတွေ့မှုအကဲဆတ်ပေမည်။ သို့သော် ယင်းအပေါ် ဖိနှိပ်မှု သို့မဟုတ် ပွတ်တိုက်မှုတစ်ခုခုကို ထပ်ခါထပ်ခါဖြစ်ပေါ်စေလျှင် ယင်းသည် မာ၍ထူလာပြီး အသားမာဖြစ်လာသည်။ ယင်းသည် မည်သည့်နှိုးဆွမှုကိုမျှမသိတော့။ ထိုနည်းတူ လူသားများသည် အလိုအလျောက်ဘုရားသခင်ကိုစိမ်းကားရလေအောင် ထုံနေသော သို့မဟုတ် အသားမာလိုက်နေသောနှလုံးဖြင့် မွေးဖွားလာကြသည်မဟုတ်။ သို့သော် ကျွန်ုပ်တို့သည် လောကတွင်နေကြပြီး လောကစိတ်ဓာတ်များဝန်းရံခံနေကြရသောကြောင့် ကျွန်ုပ်တို့၏နှလုံးကိုကာကွယ်မထားပါက ယင်းသည် မာကြောထုံထိုင်းသွားနိုင်သည်။ ထို့ကြောင့် ပေါလုဤသို့သတိပေးခဲ့သည်။ “ဒုစရိုက်၏လှည့်ဖြားခြင်းအားဖြင့် သင်တို့စိတ်နှလုံးမခိုင်မာစေခြင်းငှာ . . . [သတိပြုကြလော့။]” (ဟေဗြဲ ၃:၇-၁၃။ ဆာလံ ၉၅:၈-၁၀) ထို့ကြောင့် ကျွန်ုပ်တို့၏စိတ်ကိုပြောင်းလဲ၍ နှလုံးကိုထွန်းလင်းစေရန် မည်မျှအရေးပေါ်ဖြစ်ချေပြီတကား။
“အကျင့်သိက္ခာဆိုင်ရာအာရုံအားလုံးပြီး”
၁၆။ လောကတွင် စိတ်ပိုင်းဆိုင်ရာအမှောင်ကျခြင်းနှင့် ဘုရားသခင်ပိုင်ဆိုင်သည့်အသက်နှင့်ကင်းကွာခြင်းတို့၏ရလဒ်ကား အဘယ်နည်း။
၁၆ ထိုအမှောင်နှင့် ဘုရားသခင်မှကင်းကွာခြင်းတို့၏ရလဒ်ကို ပေါလု၏စကားများက ဤသို့ဆက်၍ဖော်ပြထားသည်။ “အကျင့်သိက္ခာဆိုင်ရာအာရုံအားလုံးပြီးသည်နှင့် ညစ်ညူးသောအကျင့်အမျိုးမျိုးကို အာသာရမ္မက်ငမ်းငမ်းတက်ကျင့်ရန်အတွက် မိမိတို့ကိုယ်ကို အကျင့်လျော့ရဲခြင်းသို့အပ်လိုက်ကြ၏။” (ဧဖက် ၄:၁၉၊ ကဘ) “အကျင့်သိက္ခာဆိုင်ရာအာရုံအားလုံးပြီးသည်” ဟူသောအသုံးအနှုန်းသည် စာသားအရ “နာကျင်မှုမခံစားရတော့” ဟူ၍အဓိပ္ပာယ်ရှိသည်။ အကျင့်သိက္ခာထိခိုက်နာကျင်မှုကိုဆိုလိုသည်။ ထုံထိုင်းသောနှလုံးသည် ယင်းသို့ပင်ဖြစ်လာသည်။ တစ်ချိန်တွင် ဩတ္တပ္ပစိတ်ထိခိုက်နာကျင်မှုနှင့် ဘုရားသခင်နှင့်စာရင်းရှင်းရမည်ဟူသောအသိအာရုံများ ရပ်ဆိုင်းသွားပြီး အကန့်အသတ်မဲ့ဖြစ်သွားသည်။ ထို့ကြောင့်ပေါလုက အကျင့်လျော့ရဲခြင်းနှင့် ညစ်ညူးသောအကျင့်များသို့ ‘မိမိတို့ကိုယ်ကိုအပ်လိုက်ကြသည်’ ဟုပြောခဲ့သည်။ ယင်းသည် သိသိကြီးနှင့် စိတ်လိုကိုယ်လျောက်လုပ်ဆောင်ခြင်းဖြစ်သည်။ သမ္မာကျမ်းစာတွင်အသုံးပြုသော “အကျင့်လျော့ရဲခြင်း” သည် မျက်နှာပြောင်တိုက်ဝံ့သော၊ အရှက်ကင်းမဲ့သောသဘော၊ ဥပဒေနှင့်အာဏာကို မခိုးမခန့်ပြုခြင်းဟူသည့်အဓိပ္ပာယ်သတ်မှတ်ချက်ရှိသည်။ အလားတူပင် “ညစ်ညူးသောအကျင့်အမျိုးမျိုး” တွင် လိင်ဖောက်ပြန်မှုများသာမက ပေါလု၏စာဖတ်သူများကောင်းစွာသိကျွမ်းသော ဧဖက်မြို့ရှိအာတေမိဘုရားကျောင်းများတွင်ပြုလုပ်သော လိင်ဆက်ဆံသည့်ထုံးတမ်းစဉ်လာနှင့်ဝတ်ပြုကိုးကွယ်ရေးအခမ်းအနားများကဲ့သို့သော ဘာသာရေးအမည်ခံပြီး အကျင့်စရိုက်ယိုယွင်းဖောက်ပြန်ခြင်းများလည်း ပါဝင်သည်။—တမန်တော် ၁၉:၂၇၊ ၃၅။
၁၇။ အကျင့်သိက္ခာဆိုင်ရာအာရုံအားလုံးပြီးသူများသည် “အာသာရမ္မက်ငမ်းငမ်းတက်စွာ” အပြစ်ပြုကြသည်ဟု ပေါလုအဘယ့်ကြောင့်ပြောရသနည်း။
၁၇ အကျင့်လျော့ရဲခြင်းနှင့် အမျိုးမျိုးသောညစ်ညူးခြင်းတို့သည် သိပ်မဆိုးသေးဟုဆိုစေတော့၊ ပေါလုက ထိုကဲ့သို့သောသူမျိုးသည် “ရမ္မက်ကြီးစွာ” ကျင့်သည်ဟု ဆက်ဖော်ပြထားသည်။ ရှက်ကြောက်ခြင်းတရားအတန်အရာရှိသူသည် အပြစ်ပြုမိသောအခါ အနည်းဆုံးနောင်တရပြီး ယင်းအပြစ်ကိုနောက်တစ်ဖန်မပြုမိရန် ကြိုးစားအားထုတ်သည်။ သို့သော် “အကျင့်သိက္ခာဆိုင်ရာအာရုံအားလုံးပြီး” သူသည် အပြစ်ကို “အာသာရမ္မက်ငမ်းငမ်းတက်” ပြုသည် (“ထပ်၍တောင်းဆိုဆဲဖြစ်သည်” The Anchor Bible)။ ရေဒီယိုဝေဖန်ရေးသမားတစ်ဦး ယူမှတ်ခဲ့သကဲ့သို့ ‘အရူးအမဲသားကျွေးမိ၍ နွားမြင်တိုင်းလက်ညှိုးထိုးသည့်ပမာဖြစ်တော့သည်။’ သူတို့သည် စိတ်အားထက်သန်စွာ မကောင်းမှုထဲသို့တစ်ရစ်ပြီးတစ်ရစ်ဆင်းသက်လာပြီး နောက်ဆုံးတွင် ကိုယ်ကျင့်တရားပျက်ပြားသည့်အခြေသို့ စုံးစုံးမြုပ်သွားတော့သည်။ ယင်းကို မည်သို့မျှသဘောမထားကြပါ။ “လူမျိုးများ၏အလိုဆန္ဒ” ပီပီပြင်ပြင်သရုပ်ပေါ်ခြင်းပါတကား။—၁ ပေတရု ၄:၃၊ ၄၊ ကဘ။
၁၈။ အတိုချုပ်ရလျှင် လောက၏ စိတ်ပိုင်းနှင့်ဝိညာဏဆိုင်ရာအခြေအနေကို ပေါလုမည်သို့သရုပ်ဖော်ပြသနည်း။
၁၈ ဧဖက် ၄:၁၇-၁၉၊ အခန်းငယ်သုံးခုတွင် ပေါလုက လောက၏အကျင့်စာရိတ္တနှင့် ဝိညာဏအခြေအနေအဖြစ်မှန်ကို လှစ်ဟဖော်ထုတ်ပြထားသည်။ လောကအတွေးအခေါ်သမားများထံမှထွန်းကားလာသော အယူအဆနှင့်သီအိုရီများ၊ စည်းစိမ်ဥစ္စာနှင့်အပျော်အပါးကို မရမနေလိုက်စားခြင်းသည် လုံးဝအကျိုးကျေးဇူးမရှိကြောင်း သူထောက်ပြထားသည်။ စိတ်နှင့်ဝိညာဏဆိုင်ရာအမှောင်ကျမှုကြောင့် လောကသည် အကျင့်ပျက်ရွှံ့ဗွက်အိုင်ထဲတွင် နစ်သထက်နစ်နေကြောင်းကို သိနားလည်စေသည်။ နောက်ဆုံးတွင် လောကသည် ကိုယ်တိုင်မသိရှိလိုသောသဘောနှင့် အာရုံမဝင်စားခြင်းမှနေ၍ မျှော်လင့်ချက်ကင်းမဲ့လာပြီး ဘုရားသခင်ပိုင်ဆိုင်သည့်အသက်နှင့် ကင်းကွာလာတော့သည်။ လူမျိုးများလျှောက်သည့်လမ်းစဉ်အတိုင်း ကျွန်ုပ်တို့ဆက်မလျှောက်တော့ရန် ခိုင်လုံသောအကြောင်းရှိသည်မှာ သေချာလှပေစွ။
၁၉။ မည်သည့်မေးခွန်းများကို သုံးသပ်ရန်ကျန်နေသေးသနည်း။
၁၉ လောကကို ယေဟောဝါဘုရားသခင်နှင့်ကင်းကွာစေသည့်အရာမှာ လူတို့၏စိတ်နှင့်နှလုံးတွင် ကျရောက်နေသောအမှောင်ဖြစ်သဖြင့် ကျွန်ုပ်တို့၏စိတ်နှင့်နှလုံးမှအမှောင်ကို မည်သို့ရှင်းထုတ်ပစ်နိုင်မည်နည်း။ အလင်း၏သားသမီးများအဖြစ် ဆက်လက်လျှောက်လှမ်းနိုင်ပြီး ဘုရားသခင်၏မျက်နှာသာကိုရရှိရန် ကျွန်ုပ်တို့ဘာလုပ်သင့်သနည်း။ နောက်ဆောင်းပါးတွင် ယင်းတို့ကိုသုံးသပ်ပါမည်။
သင်ရှင်းပြနိုင်သလော
◻ ဧဖက် ၄:၁၇-၁၉ ပါသြဝါဒကိုပေးရန် ပေါလုအား အဘယ်အရာကလှုံ့ဆော်သနည်း။
◻ လောကလမ်းစဉ်သည် အဘယ့်ကြောင့်အကျိုးမရှိ၊ အမှောင်တွင်ရှိရခြင်းဖြစ်သနည်း။
◻ “ဘုရားသခင်ပိုင်ဆိုင်သည့်အသက်နှင့်ကင်းကွာလျက်ရှိ” သည်ဟူသောအသုံးအနှုန်းက ဘာကိုဆိုလိုသနည်း။
◻ မှောင်မိုက်သောစိတ်နှင့် အကဲမဆတ်သောနှလုံးတို့၏ ရလဒ်ကား အဘယ်နည်း။
[စာမျက်နှာ ၉ ပါ ရုပ်ပုံများ]
ဧဖက်မြို့သည် အကျင့်ယိုယွင်းမှုနှင့် မှောက်မှား သောဝတ်ပြုမှုများကြောင့် နာမည်ပျက်ရှိခဲ့သည်
၁။ ဧဖက်မြို့ရှိ ရောမဓားသိုင်းသမား
၂။ အာတေမိဘုရားကျောင်းအပျက်အယွင်းများ
၃။ ဧဖက်မြို့ရှိဇာတ်ပွဲရုံ
၄။ ဧဖက်မြို့၏ မျိုးပွားဘုရားမအာတေမိ
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
လောကလူစွမ်းကောင်းများသည် မည်သည့်ထိုးထွင်းဉာဏ်ကိုပေးနိုင်သနည်း
နီရို
[Credit Line ]
Musei Capitolini, Roma