‘ယေဟောဝါ အဘယ်မှာရှိသနည်း’ ဟု သင်မေးမြန်းသလော
“ငါ့ထံမှဝေးစွာထွက်သွား၍ . . . သူတို့က . . . ‘ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် အဘယ်မှာရှိတော်မူသနည်း’ ဟု မမေးကြ။”—ယေရမိ ၂:၅၊ ၆။
၁။ “ဘုရားသခင် အဘယ်မှာရှိသနည်း” ဟု လူတို့မေးမြန်းသောအခါ သူတို့အဘယ်အရာကိုဆိုလိုသနည်း။
“ဘုရားသခင် အဘယ်မှာရှိသနည်း။” ဤမေးခွန်းကို လူများစွာ မေးမြန်းခဲ့ကြပြီ။ အချို့က ဖန်ဆင်းရှင်အဘယ်နေရာတွင်ရှိသနည်းဟူသည့် ကိုယ်တော်နှင့်ပတ်သက်သော အခြေခံအကြောင်းကို သိရှိနားလည်လိုရုံမျှဖြစ်သည်။ အခြားသူများမှာမူ ကပ်ဘေးတစ်ခု အနှံ့အပြားဖြစ်ပြီးနောက် သို့မဟုတ် သူတို့ကိုယ်တိုင် အကြီးအကျယ်အခက်အခဲကြုံခဲ့ရသောအခါ ဘုရားသခင် အဘယ်ကြောင့် ဝင်မဖြေရှင်းရသည်ကို သိလို၍မေးမြန်းခဲ့ခြင်းဖြစ်၏။ ထိုသို့ စူးစမ်းမေးမြန်းခြင်း လုံးဝမပြုသူတို့လည်းရှိသည်၊ အကြောင်းမှာ သူတို့သည် ဘုရားသခင်တည်ရှိတော်မူသည်ကို ငြင်းပယ်သောကြောင့်ဖြစ်၏။—ဆာလံ ၁၀:၄။
၂။ ဘုရားသခင်အား ရှာဖွေကြရာတွင် မည်သူတို့ အောင်မြင်ခဲ့ကြပြီနည်း။
၂ ဘုရားသခင်တစ်ပါး တည်ရှိတော်မူကြောင်း သက်သေအထောက်အထားမြောက်မြားစွာကို အသိအမှတ်ပြုသူတို့ အမှန်ပင်ရှိသည်။ (ဆာလံ ၁၉:၁; ၁၀၄:၂၄) ဤသူတို့တွင် အချို့သည် ကိုးကွယ်မှုတစ်မျိုးတစ်မည်ပြုရုံဖြင့်သာ ကျေနပ်နေကြသည်။ သို့သော် နိုင်ငံအသီးသီးမှ သန်းနှင့်ချီသူတို့သည် အမှန်တရားကို အလွန်မြတ်နိုးသဖြင့် စစ်မှန်သောဘုရားသခင်ကို ရှာဖွေခဲ့ကြပြီ။ သူတို့၏ကြိုးပမ်းမှုသည် အချည်းနှီးမဖြစ်ခဲ့၊ အကြောင်းမှာ ကိုယ်တော်သည် “ငါတို့တွင် အဘယ်သူနှင့်မျှဝေးတော်မူသည်မဟုတ်။”—တမန်တော် ၁၇:၂၆-၂၈။
၃။ (က) ဘုရားသခင်ကျိန်းဝပ်တော်မူရာနေရာကား အဘယ်နည်း။ (ခ) ‘ယေဟောဝါ အဘယ်မှာရှိသနည်း’ ဟု ကျမ်းဆိုင်ရာမေးခွန်းကား အဘယ်အရာကိုဆိုလိုသနည်း။
၃ ယေဟောဝါကို အမှန်တကယ်ရှာတွေ့သောအခါ “ဘုရားသခင်သည် . . . ဝိညာဉ်ဖြစ်တော်မူ” ၍ လူ့မျက်စိဖြင့်မမြင်နိုင်ကြောင်း ထိုသူအသိအမှတ်ပြုရ၏။ (ယောဟန် ၄:၂၄) ယေရှုက စစ်မှန်သောဘုရားသခင်ကို “ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်အဘ” ဟုရည်ညွှန်းခေါ်ဆိုခဲ့သည်။ အဘယ်အရာကိုဆိုလိုသနည်း။ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော် ကျိန်းဝပ်တော်မူရာနေရာသည် ဝိညာဉ်ရေးသဘောအရ အလွန်မြင့်လှသောနေရာတွင်တည်ရှိသကဲ့သို့၊ အာကာသဟင်းလင်းပြင်ရှိ မျက်မြင်ရကောင်းကင်သည် ကမ္ဘာ့မြေမျက်နှာပြင်မှ မြင့်လှစွာသောအထက်တွင်ရှိသကဲ့သို့ပင်ဖြစ်သည်။ (မဿဲ ၁၂:၅၀; ဟေရှာယ ၆၃:၁၅) ဘုရားသခင်ကိုပကတိမျက်စိဖြင့်မမြင်နိုင်သော်လည်း ကိုယ်တော်အား ကျွန်ုပ်တို့သိကျွမ်းပြီး ကိုယ်တော့်ရည်ရွယ်တော်မူချက်တို့အကြောင်း များစွာသိရှိရန် လုပ်ဆောင်ပေးတော်မူသည်။ (ထွက်မြောက်ရာ ၃၃:၂၀; ၃၄:၆၊ ၇) အသက်ရှင်ရခြင်းအကြောင်းကို သိလိုသည့် စိတ်ရင်းမှန်သူတို့မေးမြန်းသောမေးခွန်းများကို ကိုယ်တော်ဖြေကြားပေးတော်မူ၏။ ကျွန်ုပ်တို့၏အသက်တာနှင့်ဆိုင်သည့် ကိစ္စရပ်များတွင် ကိုယ်တော်မည်သို့ရှုမြင်ကြောင်းနှင့် ကျွန်ုပ်တို့၏လိုအင်ဆန္ဒများသည် ကိုယ်တော်၏ရည်ရွယ်တော်မူချက်တို့နှင့် ကိုက်ညီ၊ မညီ ကိုယ်တော့်အနေအထားကို ကျွန်ုပ်တို့သိရှိရန် စိတ်ချရသောအခြေခံအကြောင်းကို ကိုယ်တော်ပေးထားသည်။ ကျွန်ုပ်တို့အား ယင်းကိစ္စရပ်များကို စုံစမ်းစစ်ဆေးပြီး အဖြေများရရှိဖို့ ကြိုးစားအားထုတ်စေလိုတော်မူ၏။ ရှေးဣသရေလလူမျိုးသည် ထိုသို့မပြုခဲ့သောကြောင့် ပရောဖက်ယေရမိအားဖြင့် သူတို့ကို ယေဟောဝါပြစ်တင်ဆုံးမတော်မူခဲ့၏။ ဘုရားသခင့်နာမတော်ကို သူတို့သိကြသော်လည်း ‘ယေဟောဝါ အဘယ်မှာရှိသနည်း’ ဟု သူတို့မမေးမြန်းခဲ့ကြချေ။ (ယေရမိ ၂:၆) ယေဟောဝါ၏ရည်ရွယ်တော်မူချက်သည် သူတို့အဓိကအာရုံစိုက်စရာမဟုတ်ခဲ့ပေ။ ကိုယ်တော်၏လမ်းညွှန်မှုကို သူတို့ မရှာခဲ့ကြပါ။ ကြီးလေးသော၊ အသေးအဖွဲဖြစ်သော ဆုံးဖြတ်ချက်များ ချရန်အကြောင်းပေါ်သောအခါ ‘ယေဟောဝါ အဘယ်မှာရှိသနည်း’ ဟု သင်မေးမြန်းသလော။
ဘုရားသခင်ကို စူးစမ်းရှာဖွေခဲ့သူများ
၄။ ယေဟောဝါအားမေးမြန်းခြင်းနှင့်ပတ်သက်၍ ဒါဝိဒ်၏စံနမူနာမှ အဘယ်အကျိုးကျေးဇူးရရှိနိုင်သနည်း။
၄ ယေရှဲ၏သားဒါဝိဒ်သည် ငယ်ရွယ်စဉ်အချိန်တွင်ပင် ယေဟောဝါကို အကြီးအကျယ်ယုံကြည်အားထားခဲ့သည်။ ယေဟောဝါကို “အသက်ရှင်တော်မူသောဘုရားသခင်” ဖြစ်ကြောင်း သူအသိအမှတ်ပြုသည်။ ယေဟောဝါ၏ကာကွယ်မှုကို ဒါဝိဒ်ကိုယ်တိုင်ခံစားခဲ့၏။ ယုံကြည်ခြင်းနှင့် ‘ယေဟောဝါ၏ နာမတော်’ ကို ချစ်မြတ်နိုးခြင်း၏စေ့ဆော်မှုအားဖြင့် ဒါဝိဒ်သည် လက်နက်အပြည့်ပါသော ဖိလိတ္တိလူထွားကြီးဂေါလျတ်ကို သတ်ခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၇:၂၆၊ ၃၄-၅၁) သို့သော် ဒါဝိဒ်၏အောင်မြင်မှုက မိမိကိုယ်ကိုသာ ယုံကြည်အားကိုးစိတ်မဖြစ်စေခဲ့ပါ။ ယခု မိမိဘာသာပြုလေသမျှကို ယေဟောဝါကောင်းချီးပေးလိမ့်မည်ဟု သူမယူမှတ်ပါ။ ထိုအချိန်နောက်ပိုင်းနှစ်များတွင် ဆုံးဖြတ်ချက်များချရသောအခါ ဒါဝိဒ်သည် ယေဟောဝါကို အမြဲမေးမြန်းခဲ့၏။ (၁ ဓမ္မရာဇဝင် ၂၃:၂; ၃၀:၈; ၂ ဓမ္မရာဇဝင် ၂:၁; ၅:၁၉) သူဤသို့အမြဲဆုတောင်းခဲ့သည်– “အိုထာဝရဘုရား ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အားပြညွှန်၍ ခရီးတော်တို့ကိုသွန်သင်တော်မူပါ။ ကိုယ်တော်၏[အမှန်]တရားကိုပြ၍ အကျွန်ုပ်ကိုသွန်သင်တော်မူပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကိုကယ်တင်သော ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကို အစဉ်မျှော်လင့်လျက်နေပါ၏။” (ဆာလံ ၂၅:၄၊ ၅) ကျွန်ုပ်တို့အတုယူစရာ ပုံသက်သေကောင်းပါတကား!
၅၊ ၆။ ယောရှဖတ်သည် သူ၏ဘဝတွင် သီးခြားအချိန်များ၌ ယေဟောဝါကို မည်သို့ရှာခဲ့သနည်း။
၅ ဒါဝိဒ်မှဆင်းသက်သော မင်းဆက်ငါးဆက်မြောက် ဘုရင်ယောရှဖတ်လက်ထက်တွင် သုံးနိုင်ငံတပ်ပေါင်းစုသည် ယုဒပြည်ကို စစ်တိုက်ရန် ချီတက်လာခဲ့သည်။ နိုင်ငံ့အရေးပေါ်ဤကိစ္စကို ရင်ဆိုင်ရသောအခါ ယောရှဖတ်သည် “ထာဝရဘုရားကိုရှာခြင်းငှာ သဘောချ” ခဲ့သည်။ (၂ ရာဇဝင်ချုပ် ၂၀:၁-၃) ယေဟောဝါအား ယောရှဖတ်ရှာခဲ့ခြင်းသည် ပထမဦးဆုံးအကြိမ်မဟုတ်ချေ။ ထိုမင်းကြီးသည် အယူဖောက်ပြန်သော မြောက်ပိုင်းဣသရေလနိုင်ငံ လိုက်စားခဲ့သည့် ဗာလဝတ်ပြုမှုကို ရှောင်ရှားပြီး ယေဟောဝါ၏နည်းလမ်းတော်အတိုင်း လျှောက်လှမ်းရန် ရွေးချယ်ခဲ့သည်။ (၂ ရာဇဝင်ချုပ် ၁၇:၃၊ ၄) သို့နှင့် ယခု အရေးအကြောင်း အထူးကြုံချိန်တွင် ယောရှဖတ်သည် ‘ယေဟောဝါကိုမည်သို့ရှာ’ ခဲ့သနည်း။
၆ ဤအရေးပေါ်အချိန်အခါတွင် ယေရုရှလင်မြို့၌ လူအများရှေ့ သူတောင်းခဲ့သောဆုတောင်းချက်တွင် ယောရှဖတ်သည် ယေဟောဝါ၏အတိုင်းအဆမဲ့တန်ခိုးတော်ကို သတိရကြောင်း ထည့်သွင်းဖော်ပြခဲ့၏။ တိုင်းတစ်ပါးသားများကို နှင်ထုတ်၍ အမွေအနှစ်အဖြစ် ဣသရေလလူတို့အား တိုင်းပြည်တစ်ခုပေးသနားခြင်းဖြင့် ပေါ်လွင်ထင်ရှားသည့် ယေဟောဝါ၏ရည်ရွယ်တော်မူချက်အကြောင်း သူအလေးအနက်စဉ်းစားခဲ့သည်။ ယေဟောဝါ၏အကူအညီလိုအပ်ကြောင်း ထိုဘုရင်အသိအမှတ်ပြုခဲ့သည်။ (၂ ရာဇဝင်ချုပ် ၂၀:၆-၁၂) ယေဟောဝါသည် ထိုအချိန်တွင် အတွေ့ခံခဲ့သလော။ အမှန်ပင် အတွေ့ခံတော်မူ၏။ လေဝိသားတစ်ဦးဖြစ်သော ယဟာဇေလမှတစ်ဆင့် ယေဟောဝါသည် ရှင်းလင်းပြတ်သားစွာညွှန်ကြားခဲ့ပြီး နောက်တစ်နေ့တွင် မိမိ၏လူမျိုးအား အနိုင်ပေးတော်မူခဲ့သည်။ (၂ ရာဇဝင်ချုပ် ၂၀:၁၄-၂၈) အသင်လည်း ယေဟောဝါထံမှ လမ်းညွှန်မှုရရန် ကိုယ်တော်ကိုရှာသောအခါ ကိုယ်တော်အတွေ့ခံလိမ့်မည်ဟု သင်မည်သို့ ယုံကြည်စိတ်ချနိုင်သနည်း။
၇။ မည်သူတို့၏ဆုတောင်းသံကို ဘုရားသခင် နားညောင်းတော်မူသနည်း။
၇ ယေဟောဝါသည် မျက်နှာလိုက်ခြင်းမရှိချေ။ ဆုတောင်းခြင်းအားဖြင့် ကိုယ်တော်အားရှာကြရန် လူအပေါင်းကိုဖိတ်ခေါ်သည်။ (ဆာလံ ၆၅:၂; တမန်တော် ၁၀:၃၄၊ ၃၅) ကိုယ်တော်အား တိုးလျှိုးအသနားခံသူတို့၏စိတ်နှလုံးကို ကိုယ်တော်သိမှတ်တော်မူသည်။ ဖြောင့်မတ်သောသူတို့၏ဆုတောင်းသံကို ကိုယ်တော်နားညောင်းကြောင်း စိတ်ချစေသည်။ (သု. ၁၅:၂၉) ယခင်က ကိုယ်တော်ကို စိတ်မဝင်စားခဲ့သော်လည်း ယခု နှိမ့်ချစွာ ကိုယ်တော်၏လမ်းညွှန်မှုကို ရှာသူတို့သည် ကိုယ်တော်ကိုတွေ့နိုင်ကြ၏။ (ဟေရှာယ ၆၅:၁) ကိုယ်တော်၏ပညတ်ကို မလိုက်လျှောက်ခဲ့သော်လည်း ယခု နှိမ့်ချစွာ နောင်တယူသူတို့၏ဆုတောင်းသံကိုပင် ကိုယ်တော်နားညောင်းတော်မူ၏။ (ဆာလံ ၃၂:၅၊ ၆; တမန်တော် ၃:၁၉) သို့သော် လူတစ်ဦးသည် ဘုရားသခင်အား ကျိုးနွံနာခံသောစိတ်နှလုံးမရှိလျှင် သူ၏ဆုတောင်းချက်များမှာ အချည်းနှီးပင်ဖြစ်၏။ (မာကု ၇:၆၊ ၇) ပုံဥပမာအချို့ကို သုံးသပ်ကြည့်ကြစို့။
သူတို့တောင်းခံသော်လည်း မရကြ
၈။ ရှောလုမင်း၏ဆုတောင်းချက်များကို ယေဟောဝါ အဘယ်ကြောင့်လက်မခံနိုင်ခဲ့သနည်း။
၈ ဘုရင်ရှောလု၏မနာခံမှုကြောင့် ယေဟောဝါ သူ့ကိုငြင်းပယ်လိုက်ပြီဟု ပရောဖက်ရှမွေလက ပြောပြပြီးနောက် ရှောလုသည် ယေဟောဝါကို ပျပ်ဝပ်ကိုးကွယ်ခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၅:၃၀၊ ၃၁) သို့သော် ယင်းသည် ဟန်ပြကိုးကွယ်ခဲ့ခြင်းမျှဖြစ်သည်။ ရှောလု၏စိတ်ဆန္ဒမှာ ဘုရားသခင်အား နာခံလိုခြင်းမဟုတ်ဘဲ လူအများရှေ့ မိမိဂုဏ်တက်ရန်ဖြစ်သည်။ နောက်ပိုင်းတွင် ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကို စစ်တိုက်ခဲ့သောအခါ ရှောလုသည် လုပ်ရိုးလုပ်စဉ်ရှိသည့်အတိုင်း ယေဟောဝါအားမေးလျှောက်ခဲ့သည်။ သို့သော် အဖြေမရသောအခါ ယေဟောဝါတားမြစ်ထားကြောင်းသိလျက်နှင့် နတ်ဝင်သည်တစ်ဦးကိုရှာ၍ စုံစမ်းမေးမြန်းခဲ့သည်။ (တရားဟောရာ ၁၈:၁၀-၁၂; ၁ ဓမ္မရာဇဝင် ၂၈:၆၊ ၇) အချုပ်အားဖြင့် ရှောလုသည် “ထာဝရဘုရားကို မမေးမြန်း” ခဲ့ဟု ၁ ရာဇဝင်ချုပ် ၁၀:၁၄ ကဆိုသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ရှောလု၏ဆုတောင်းချက်များသည် ယုံကြည်ခြင်းအပေါ် အခြေမပြုသောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ သူ ဆုမတောင်းသည့်အလား ဖြစ်ခဲ့သည်။
၉။ ယေဟောဝါ၏ညွှန်ကြားမှုရရန် ဇေဒကိ၏တောင်းဆိုချက်သည် အဘယ်နည်းဖြင့် မှားယွင်းမှုရှိသနည်း။
၉ အလားတူ ယုဒမင်းဆက်ပြတ်ခါနီးတွင် လူများစွာဆုတောင်းခဲ့ကြပြီး ယေဟောဝါ၏ပရောဖက်များကို ရှာဖွေမေးမြန်းခဲ့ကြသည်။ သို့သော် ယေဟောဝါအား ကြည်ညိုပါသည်ဟုဆိုပြီး လူတို့သည် ရုပ်ပုံများကိုပါ ရောကိုးကွယ်နေကြ၏။ (ဇေဖနိ ၁:၄-၆) လူတို့သည် ဘုရားသခင်အား ဝတ်ကျေတမ်းကျေ စုံစမ်းမေးမြန်းကြသော်လည်း အလိုတော်ကိုကျိုးနွံနာခံရန် သူတို့၏စိတ်နှလုံးကို အသင့်ပြင်ဆင်ထားခြင်းမရှိချေ။ ဘုရင်ဇေဒကိက မိမိအတွက် ယေဟောဝါအားစုံစမ်းမေးမြန်းပေးပါရန် ယေရမိကိုအသနားခံခဲ့သည်။ ယေဟောဝါသည် အဆိုပါရှင်ဘုရင်အား အဘယ်အရာလုပ်ဆောင်ရမည်ကို အမိန့်ပေးနှင့်ပြီးဖြစ်သည်။ သို့သော် ယုံကြည်ခြင်းကင်းမဲ့၍ လူကိုကြောက်သောစိတ်ကြောင့် ထိုဘုရင်သည် ယေဟောဝါ၏အမိန့်ကို နာမခံခဲ့ပါ၊ သို့ဖြစ်၍ အဆိုပါပြည့်ရှင်မင်း နှစ်သက်မည့်အဖြေကို ယေဟောဝါပေးတော်မမူခဲ့ချေ။—ယေရမိ ၂၁:၁-၁၂; ၃၈:၁၄-၁၉။
၁၀။ ယေဟောဝါ၏ညွှန်ကြားချက်ကို ယောဟနန်ရှာယူပုံသည် မည်သို့လွဲမှားနေသနည်း၊ သူ၏အမှားမှ ကျွန်ုပ်တို့ အဘယ်သင်ခန်းစာရသနည်း။
၁၀ ယေရုရှလင်မြို့ဖျက်ဆီးခံရကာ ဗာဗုလုန်တပ်သည် ဂျူးသုံ့ပန်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယောဟနန်သည် ယုဒပြည်တွင် ကျန်ရစ်သူဂျူးလူနည်းစုကို အဲဂုတ္တုပြည်သို့ ခေါ်သွားရန်စီစဉ်ခဲ့သည်။ သူတို့အစီအစဉ်များပြုလုပ်ပြီးဖြစ်သည်၊ သို့သော် မထွက်ခွာမီတွင် သူတို့အတွက်ဆုတောင်းပေးရန်နှင့် ယေဟောဝါထံတော်မှ ညွှန်ကြားချက်တောင်းခံပေးရန် ယေရမိကို သူတို့တောင်းဆိုခဲ့၏။ သို့သော် သူတို့လိုချင်သောအဖြေမရသောအခါ သူတို့စီစဉ်ထားသည့်အတိုင်း ဇွတ်တရွတ်ဆက်လုပ်ဆောင်သွားခဲ့ကြသည်။ (ယေရမိ ၄၁:၁၆–၄၃:၇) သင်သည် ယေဟောဝါအား ရှာသည့်အခါ ကိုယ်တော်ကို သင်ရှာတွေ့နိုင်ရန် ဤဖြစ်ရပ်များတွင် သင့်အတွက်အကျိုးရှိမည့်သင်ခန်းစာများ တွေ့ပါသလော။
‘အဘယ်အရာဖြစ်သည်ကို ဆက်စစ်ဆေးလော့’
၁၁။ ဧဖက် ၅:၁၀ ကို ကျွန်ုပ်တို့ အဘယ်ကြောင့် လက်တွေ့ကျင့်သုံးဖို့လိုသနည်း။
၁၁ စစ်မှန်သောဝတ်ပြုရေး၌ ရေတွင်နှစ်ခြင်းခံခြင်းဖြင့် ဆက်ကပ်အပ်နှံမှုကို ဖော်ပြခြင်း၊ အသင်းတော်အစည်းအဝေးများကို မှန်မှန်တက်ရောက်ခြင်းနှင့် ခရစ်ယာန်ဓမ္မအမှု၌ပါဝင်ခြင်းထက်မက အကျုံးဝင်သည်။ ကျွန်ုပ်တို့၏ဘဝလမ်းစဉ်တစ်ခုလုံး ပါဝင်ပတ်သက်နေ၏။ ကျွန်ုပ်တို့သည် နေ့စဉ်နေ့တိုင်း ဖိစီးမှုများခံနေကြရသည်၊ အချို့တို့သည်သိမ်မွေ့ပြီး အချို့မှာမူ ပိုပြင်းထန်ပေမည်၊ ၎င်းတို့က ကျွန်ုပ်တို့ကို ဘုရားသခင်ဝတ်၌မွေ့လျော်ရာလမ်းစဉ်မှ သွေဖည်သွားစေနိုင်၏။ ယင်းတို့ကို ကျွန်ုပ်တို့ မည်သို့တုံ့ပြန်ကြမည်နည်း။ ဧဖက်မြို့ရှိ တည်ကြည်သောခရစ်ယာန်များထံ တမန်တော်ပေါလုစာရေးချိန်တွင် သူတို့ကို ဤသို့တိုက်တွန်းခဲ့သည်– “သခင်ဘုရားနှစ်သက်တော်မူသောအရာသည် အဘယ်အရာဖြစ်သည်ကို [“ဆက်လက်၍၊” ကဘ] စစ်ဆေးကြလော့။” (ဧဖက် ၅:၁၀၊ သမ္မာ) ထိုသို့ပြုခြင်းသည် ပညာရှိကြောင်း သမ္မာကျမ်းပါ အခြေအနေများစွာကဖော်ပြသည်။
၁၂။ ယေရုရှလင်မြို့သို့ ဒါဝိဒ် ပဋိညာဉ်သေတ္တာတော်ရွှေ့ပြောင်းသောအခါ ယေဟောဝါ အဘယ်ကြောင့်စိတ်တော်မတွေ့သနည်း။
၁၂ ပဋိညာဉ်သေတ္တာကို ဣသရေလပြည်သို့ ပြန်ယူဆောင်လာပြီး ကိရယတ်ယာရိမ်မြို့၌ နှစ်ပေါင်းများစွာထားရှိပြီးနောက် ဘုရင်ဒါဝိဒ်သည် ၎င်းကို ယေရုရှလင်မြို့သို့ ရွှေ့ပြောင်းထားလိုခဲ့သည်။ ထိုလူမျိုးမှ အကြီးအမှူးတို့နှင့် သူတိုင်ပင်ဆွေးနွေးပြီး ‘လူတို့သည်အလိုရှိ၍ ဘုရားသခင်ထာဝရဘုရား အခွင့်ပေးတော်မူလျှင်’ အဆိုပါသေတ္တာကို ရွှေ့ပြောင်းကြမည်ဟု ပြောဆိုခဲ့သည်။ သို့သော် အဆိုပါကိစ္စနှင့်ပတ်သက်၍ ယေဟောဝါအလိုတော်ကို အတိအကျစုံစမ်းလေ့လာမှုမပြုခဲ့ချေ။ ထိုသို့သာ သူပြုခဲ့ပါမူ သေတ္တာတော်ကို လှည်းပေါ်တင်ပြောင်းရွှေ့ခဲ့လိမ့်မည်မဟုတ်။ ဘုရားသခင် အတိအလင်းညွှန်ကြားခဲ့သည့်အတိုင်း ၎င်းကို ကောဟတ်အမျိုးဖြစ်သောလေဝိသားတို့က ပခုံးပေါ်တင်ထမ်းသွားကြပါလိမ့်မည်။ ယေဟောဝါကို ဒါဝိဒ်မကြာခဏ စုံစမ်းမေးမြန်းခဲ့သည်မှန်သော်လည်း ဤတစ်ကြိမ်တွင် နည်းမှန်လမ်းကျ မစုံစမ်းခဲ့ချေ။ ယင်း၏အကျိုးဆက်မှာ ဘေးဆိုးပင်ဖြစ်သည်။ နောက်ပိုင်းတွင် ဒါဝိဒ် ဤသို့အသိအမှတ်ပြုခဲ့သည်– “တရားလမ်းသို့မလိုက်ဘဲ ငါတို့ဘုရားသခင်ထာဝရဘုရားကိုရှာသောကြောင့် ဒဏ်ခတ်တော်မူသည်။”—၁ ရာဇဝင်ချုပ် ၁၃:၁-၃; ၁၅:၁၁-၁၃; တောလည်ရာ ၄:၄-၆၊ ၁၅; ၇:၁-၉။
၁၃။ သေတ္တာတော်ကို အောင်မြင်စွာ ပြောင်းရွှေ့ခဲ့ပြီးသောအခါ စပ်ဆိုသည့်တေးသီချင်းတွင် အဘယ်သတိပေးချက်ပါဝင်သနည်း။
၁၃ နောက်ဆုံး ဩဗဒေဒုံအိမ်မှ ယေရုရှလင်မြို့သို့ သေတ္တာတော်ကို လေဝိသားတို့သယ်ဆောင်လာကြသောအခါ သီချင်းတစ်ပုဒ်ကို ဒါဝိဒ်စပ်ဆိုခဲ့၏။ ထိုတွင် ဤလှိုက်လှဲသောသတိပေးချက်ပါဝင်သည်– “ထာဝရဘုရားနှင့်တန်ခိုးတော်ကိုရှာကြလော့။ မျက်နှာတော်ကို အစဉ်မပြတ်ရှာကြလော့။ စီရင်တော်မူသော အံ့သြဖွယ်တို့ကိုလည်းကောင်း၊ ထူးဆန်းသောအမှုတော်တို့နှင့် နှုတ်တော်ထွက်ပညတ်တို့ကိုလည်းကောင်း အောက်မေ့ကြလော့။”—၁ ရာဇဝင်ချုပ် ၁၆:၁၁၊ ၁၂။
၁၄။ ရှောလမုန်၏ပုံနမူနာကောင်းနှင့် အသက်ကြီးပိုင်းတွင် သူ၏အမှားများမှ ကျွန်ုပ်တို့ အဘယ်အကျိုးကျေးဇူးရယူနိုင်သနည်း။
၁၄ ဒါဝိဒ်မသေဆုံးမီ သူ၏သားရှောလမုန်ကို ဤသို့ဆုံးမခဲ့သည်– “ကိုယ်တော် [ယေဟောဝါ] ကိုရှာလျှင် အတွေ့ခံတော်မူမည်။” (၁ ရာဇဝင်ချုပ် ၂၈:၉) ရှောလမုန်နန်းထိုင်သောအခါ သူသည် ပရိသတ်စည်းဝေးသည့်တဲတော်တည်ရှိရာ ဂိဗောင်မြို့သို့သွား၍ ယေဟောဝါထံ ယဇ်ပူဇော်ခဲ့သည်။ ထိုတွင် ယေဟောဝါက ရှောလမုန်ကို ဤသို့ဖိတ်ခေါ်ခဲ့သည်– “ငါပေးရမည့်ဆုကိုတောင်းလော့။” ရှောလမုန်တောင်းဆိုသည့်အတိုင်း ယေဟောဝါသည် သူ့အား ဣသရေလလူတို့ကို တရားစီရင်နိုင်ရန် ဉာဏ်ပညာနှင့် အသိပညာကို ရက်ရက်ရောရောပေးသနားရုံမက စည်းစိမ်ဥစ္စာနှင့် ဂုဏ်အသရေကိုပါပေးတော်မူခဲ့သည်။ (၂ ရာဇဝင်ချုပ် ၁:၃-၁၂) ဒါဝိဒ်ကိုယေဟောဝါပေးခဲ့သည့် အဆောက်အအုံပုံစံကိုအသုံးပြုကာ ရှောလမုန်သည် ခမ်းနားထည်ဝါသောဝတ်ပြုရာအိမ်တော်ကို တည်ဆောက်ခဲ့သည်။ သို့သော် ရှောလမုန်သည် သူ၏အိမ်ထောင်ရေးကိစ္စတို့နှင့်ပတ်သက်၍ကား ယေဟောဝါအား ရှာဖွေမေးမြန်းခြင်းမပြုခဲ့ချေ။ ယေဟောဝါအား မကိုးကွယ်သောမိန်းမတို့ကို ရှောလမုန်ထိမ်းမြားခဲ့သည်။ သူအသက်ကြီးလာသောအခါ ထိုအမျိုးသမီးများသည် သူ၏စိတ်နှလုံးကို ယေဟောဝါထံတော်မှ သွေဖည်သွားစေခဲ့ကြသည်။ (၃ ဓမ္မရာဇဝင် ၁၁:၁-၁၀) ကျွန်ုပ်တို့သည် မည်မျှပင် ထင်ပေါ်ကျော်ကြား၊ ပညာရှိ၍ ဗဟုသုတကြွယ်ပုံပေါက်ပါစေ “သခင်ဘုရားနှစ်သက်တော်မူသောအရာသည် အဘယ်အရာဖြစ်သည်ကို [“ဆက်လက်၍၊” ကဘ] စစ်ဆေးကြ” ရန် အရေးကြီးလှသည်တကား!
၁၅။ အဲသယောပိရှင်ဘုရင်ဇေရသည် ယုဒပြည်ကိုစစ်တိုက်သောအခါ ယေဟောဝါသည် ယုဒပြည်ကို ကယ်လွှတ်လိမ့်မည်ဟု ယုံကြည်စိတ်ချစွာဖြင့် အာသ အဘယ်ကြောင့်ဆုတောင်းနိုင်ခဲ့သနည်း။
၁၅ ရှောလမုန်၏မြစ်တော်စပ်သူ အာသမင်း၏မှတ်တမ်းက ထိုသို့ပြုဖို့လိုကြောင်း ထပ်မံအလေးပေးဖော်ပြသည်။ အာသနန်းတက်ပြီး ဆယ့်တစ်နှစ်အကြာတွင် အဲသယောပိရှင်ဘုရင်ဇေရသည် စစ်သူရဲတစ်သန်းကိုဦးစီး၍ ယုဒပြည်ကို စစ်တိုက်ခဲ့သည်။ ယုဒပြည်ကို ယေဟောဝါ ကယ်လွှတ်ပေးလိမ့်မည်လော။ အစောပိုင်းနှစ်ပေါင်း ၅၀၀ ကျော်အချိန်က ယေဟောဝါသည် မိမိ၏လူမျိုးအား ကိုယ်တော့်စကားနားထောင်၍ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် မည်သို့ဖြစ်မည်၊ ငြင်းပယ်လျှင် မည်သို့ဖြစ်မည်ကို အတိအလင်းမိန့်တော်မူခဲ့သည်။ (တရားဟောရာ ၂၈:၁၊ ၇၊ ၁၅၊ ၂၅) အာသနန်းတက်ခါစအချိန်တွင် သူ၏နိုင်ငံမှ မှားယွင်းသောဝတ်ပြုရေး၌အသုံးပြုသည့် ယဇ်ပလ္လင်များနှင့် ရုပ်ပုံတို့ကို ဖယ်ရှားပစ်ခဲ့သည်။ လူတို့အား “ထာဝရဘုရားကိုရှာ” ရန် သူတိုက်တွန်းခဲ့သည်။ ဘေးအန္တရာယ်ကြုံမှ အာသထိုသို့ပြုသည်မဟုတ်။ သို့ဖြစ်၍ ယေဟောဝါကိုယုံကြည်စွာဖြင့် အာသသည် မိမိတို့ကိုကူညီပေးပါရန် ဆုတောင်းနိုင်ခဲ့သည်။ ရလဒ်ကားအဘယ်နည်း။ ယုဒသည် အပြတ်အသတ်အောင်ပွဲခံခဲ့၏။—၂ ရာဇဝင်ချုပ် ၁၄:၂-၁၂။
၁၆၊ ၁၇။ (က) အာသသည် စစ်နိုင်ခဲ့သော်လည်း သူ့ကို ယေဟောဝါ မည်သို့သတိပေးခဲ့သနည်း။ (ခ) အာသသည် ပညာမဲ့စွာပြုမူခဲ့သောအခါ အဘယ်အကူအညီသူရခဲ့သနည်း၊ သို့သော် သူမည်သို့တုံ့ပြန်ခဲ့သနည်း။ (ဂ) အာသ၏အမူအကျင့်ကို ဆင်ခြင်သုံးသပ်ခြင်းမှ အဘယ်အကျိုးခံစားနိုင်သနည်း။
၁၆ သို့ဖြစ်စေကာမူ အာသသည် စစ်နိုင်၍ပြန်လာချိန်တွင် ယေဟောဝါသည် ထိုမင်းကိုကြိုဆိုရန် အာဇရိကိုစေလွှတ်၍ ဤသို့မိန့်တော်မူစေခဲ့သည်– “အိုအာသမင်း၊ အိုယုဒအမျိုးနှင့် ဗင်ယာမိန်အမျိုးသားအပေါင်းတို့ ငါ့စကားကိုနားထောင်ကြလော့။ သင်တို့သည် ထာဝရဘုရားဘက်၌နေလျှင် နေစဉ်ကာလ ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော်မူမည်။ ထာဝရဘုရားကိုရှာလျှင် အတွေ့ခံတော်မူမည်။ စွန့်လျှင် သင်တို့ကိုစွန့်တော်မူမည်။” (၂ ရာဇဝင်ချုပ် ၁၅:၂) ထိုအခါ အာသသည် အားသစ်လောင်းခံရသောဇွဲဖြင့် စစ်မှန်သောဝတ်ပြုရေးကို တိုးမြှင့်ခဲ့၏။ သို့သော် ၂၄ နှစ်ကြာပြီးနောက် စစ်ပြိုင်ဖို့အရေးကြုံလာသောအခါ အာသသည် ယေဟောဝါကို မရှာဖွေခဲ့ချေ။ ဘုရားသခင့်စကားတော်ကို သူမရှာ၊ ယုဒပြည်ကို အဲသယောပိစစ်တပ် ဝင်ရောက်ကျူးကျော်ခဲ့သောအခါ ယေဟောဝါ အဘယ်အရာပြုလုပ်ပေးခဲ့သည်ကို သူသတိမရချေ။ သူသည် မိုက်မဲစွာဖြင့်ရှုရိပြည်နှင့် မဟာမိတ်ဖွဲ့ခဲ့၏။—၂ ရာဇဝင်ချုပ် ၁၆:၁-၆။
၁၇ ယင်းကြောင့် ယေဟောဝါသည် ပရောဖက်ဟာနန်အား အာသမင်းကို ဆုံးမပဲ့ပြင်စေခဲ့သည်။ ယေဟောဝါ၏ရှုမြင်ပုံကို ရှင်းပြပေးခဲ့သော ထိုအချိန်အခါ၌ပင် အာသသည် အကျိုးခံစားနိုင်၏။ ယင်းအစား သူသည် အမျက်ထွက်၍ ဟာနန်ကို ထောင်ထဲမှာ လှောင်ထားလေသည်။ (၂ ရာဇဝင်ချုပ် ၁၆:၇-၁၀) အမှန်ပင်ဝမ်းနည်းစရာပါတကား! ကျွန်ုပ်တို့ကော အသို့နည်း။ ကျွန်ုပ်တို့သည် ဘုရားသခင်ကိုရှာကြသော်လည်း နောက်ပိုင်းတွင် ဆုံးမပဲ့ပြင်မှုကို ငြင်းပယ်သလော။ ဤလောကနှင့် ကျွန်ုပ်တို့ရစ်နှောင်လာနေသည်ကို ဂရုစိုက်မိသည့်အကြီးအကဲတစ်ဦးက စိုးရိမ်ပြီး သမ္မာကျမ်းစာနှင့် ကျွန်ုပ်တို့ကို ဆုံးမပဲ့ပြင်သောအခါ “သခင်ဘုရားနှစ်သက်တော်မူသောအရာသည် အဘယ်အရာဖြစ်သည်ကို” ကျွန်ုပ်တို့အား သိစေရန် မေတ္တာပါစွာ ကူညီပေးခြင်းကို ကျေးဇူးတင်လေးမြတ်ပါသလော။
တောင်းခံရန် မမေ့လျော့နှင့်
၁၈။ ယောဘအား ဧလိဟုပြောသောစကားမှ ကျွန်ုပ်တို့အဘယ်အကျိုးရရှိနိုင်သနည်း။
၁၈ ယေဟောဝါ၏လုပ်ငန်းတော်တွင် မှတ်တမ်းကောင်းပျိုးထောင်ခဲ့သူတစ်ဦးပင် ဖိစီးမှုခံရသည့်အခါ မျက်နှာသာတော်ဆုံးရှုံးသွားနိုင်ပေသည်။ ယောဘသည် ရွံရှာဖွယ်ရောဂါရ၍ သားသမီးများနှင့် ဥစ္စာပစ္စည်းများဆုံးရှုံးသွားရုံမက မိတ်ဆွေများ၏ပြစ်တင်စွပ်စွဲမှုကိုခံရသောအခါ ကိုယ်ကိုယ်နှိုက်ကိုသာ လုံးလုံးအာရုံစိုက်မိသည်။ ထိုအခါ ဧလိဟုက “‘ငါ့ကိုဖန်ဆင်းတော်မူထသော . . . ဘုရားသခင်သည် အဘယ်မှာရှိတော်မူသနည်း’ ဟု အဘယ်သူမျှမမေးမြန်းတတ်” ဟု သူ့ကိုသတိပေးခဲ့သည်။ (ယောဘ ၃၅:၁၀၊ ၁၁) ယောဘသည် ယေဟောဝါအပေါ် အာရုံစုစည်းပြီး ထိုအခြေအနေကို ကိုယ်တော်မည်သို့ရှုမြင်ကြောင်း သုံးသပ်ကြည့်ရန် လို၏။ ထို့နောက် ယောဘသည် သတိပေးချက်ကို နှိမ့်ချစွာ လက်ခံခဲ့၏၊ ကျွန်ုပ်တို့လည်းအလားတူပြုမူရန် သူ၏စံနမူနာက အထောက်အကူပြုသည်။
၁၉။ ဣသရေလလူမျိုးသည် အဘယ်အရာကိုပြုဖို့ ပျက်ကွက်လေ့ရှိသနည်း။
၁၉ ဣသရေလလူမျိုးသည် မိမိတို့လူမျိုးနှင့် ဘုရားသခင် မည်သို့ဆက်ဆံခဲ့သည်ကို ကောင်းစွာသိကြသည်။ သို့သော် သူတို့၏ဘဝအသက်တာနှင့်ပတ်သက်၍ အခြေအနေတစ်ခုခုကို ကိုင်တွယ်ဖြေရှင်းရသောအခါ များသောအားဖြင့် ယင်းတို့ကို မမှတ်မိခဲ့ကြချေ။ (ယေရမိ ၂:၅၊ ၆၊ ၈) ဆုံးဖြတ်ချက်များချစရာအကြောင်းပေါ်သည့်အခါ ‘ယေဟောဝါသည် အဘယ်မှာရှိတော်မူသနည်း’ ဟုသူတို့မေးမြန်းမည့်အစား မိမိစိတ်တိုင်းကျ ပြုလုပ်လေ့ရှိကြ၏။—ဟေရှာယ ၅:၁၁၊ ၁၂။
‘ယေဟောဝါ အဘယ်မှာရှိသနည်း’ ဟု ဆက်လက်မေးမြန်းနေပါ
၂၀၊ ၂၁။ (က) ယေဟောဝါ၏ညွှန်ကြားမှုကို ရှာယူရာတွင် ဧလိရှဲ၏စိတ်ထားကို ယနေ့ မည်သူတို့ပြသခဲ့ကြပြီနည်း။ (ခ) သူတို့တင်ပြခဲ့သောယုံကြည်ခြင်းစံနမူနာကို ကျွန်ုပ်တို့ မည်သို့တုပ၍ ၎င်းမှအဘယ်အကျိုးရယူနိုင်ကြသနည်း။
၂၀ ဧလိယသည် ဓမ္မအမှုထမ်းဆောင်ချိန်ကုန်ခါနီးတွင် သူ၏အဖော်ဧလိရှဲသည် ဧလိယထံမှကျသော ဝတ်လုံကိုယူ၍ ယော်ဒန်မြစ်သို့သွားပြီး ရေကိုဝတ်လုံနှင့်ရိုက်ကာ ဤသို့မေးမြန်းလေသည်– “ဧလိယကိုးကွယ်သော ဘုရားသခင်ထာဝရဘုရားသည် အဘယ်မှာရှိတော်မူသနည်း။” (၄ ဓမ္မရာဇဝင် ၂:၁၄) ကိုယ်တော်၏ဝိညာဉ်တော်သည် ယခု ဧလိရှဲအပေါ်၌ သက်ရောက်ကြောင်း ပြသခြင်းအားဖြင့် ယေဟောဝါဖြေဆိုခဲ့သည်။ ထိုအဖြစ်အပျက်မှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။
၂၁ မျက်မှောက်ခေတ်တွင် ၎င်းနှင့်နှိုင်းယှဉ်နိုင်သောအမှုတစ်ခု ဖြစ်ပျက်ခဲ့သည်။ ဟောပြောခြင်းလုပ်ငန်း၌ ဦးစီးနေသော ကောင်းကင်အတန်းအစားအချို့ ကွယ်လွန်သွားခဲ့ကြသည်။ ထိုအချိန်ကကြီးကြပ်ရန် တာဝန်ရခဲ့သူများသည် သမ္မာကျမ်းစာကို ဆန်းစစ်လေ့လာဆုတောင်း၍ ယေဟောဝါ၏ညွှန်ကြားချက်ကိုရှာယူကြသည်။ ‘ယေဟောဝါသည် အဘယ်မှာရှိတော်မူသနည်း’ ဟုသူတို့ မမေးမြန်းဘဲမနေပါ။ ယင်းကြောင့် ယေဟောဝါသည် မိမိ၏လူတို့ကို ဆက်လက်ဦးဆောင်၍ သူတို့၏လုပ်ဆောင်မှုကို တိုးတက်ကြီးပွားစေခဲ့ပြီ။ သူတို့၏ယုံကြည်ခြင်းကို ကျွန်ုပ်တို့တုပကြပါသလော။ (ဟေဗြဲ ၁၃:၇) ထိုသို့ဖြစ်မည်ဆိုလျှင် ယေဟောဝါ၏အဖွဲ့အစည်းနှင့် ကျွန်ုပ်တို့အနီးကပ်ပေါင်းသင်း၍ ယေရှုခရစ်၏ညွှန်ကြားမှုအောက် ထိုအဖွဲ့အစည်းလုပ်ဆောင်နေသော လုပ်ငန်းတော်တွင် အပြည့်အဝပါဝင်ကြပါလိမ့်မည်။—ဇာခရိ ၈:၂၃။
သင်မည်သို့ဖြေဆိုမည်နည်း
• အဘယ်ရည်ရွယ်ချက်ဖြင့် ‘ယေဟောဝါ အဘယ်မှာရှိသနည်း’ ဟု ကျွန်ုပ်တို့ မေးမြန်းသင့်သနည်း။
• ‘ယေဟောဝါ အဘယ်မှာရှိသနည်း’ ဟူသောမေးခွန်း၏အဖြေကို ယနေ့ ကျွန်ုပ်တို့ မည်သို့ ရှာတွေ့နိုင်သနည်း။
• ဘုရားသခင်၏ညွှန်ကြားမှုရရှိရန် ဆုတောင်းချက်အချို့သည် အဘယ်ကြောင့်အဖြေမရသနည်း။
• “သခင်ဘုရားနှစ်သက်တော်မူသောအရာသည် အဘယ်အရာဖြစ်သည်ကို [“ဆက်လက်၍၊” ကဘ] စစ်ဆေးကြ” ဖို့လိုကြောင်း ကျမ်းစာမှ အဘယ်နမူနာများက ဖော်ပြသနည်း။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ဘုရင်ယောရှဖတ်သည် ယေဟောဝါအား မည်သို့ ရှာဖွေခဲ့သနည်း
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ရှောလုသည် နတ်ဝင်သည်ကို အဘယ်ကြောင့်ရှာ၍ မေးမြန်းခဲ့သနည်း
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
‘ယေဟောဝါသည် အဘယ်မှာရှိ’ ကြောင်း ဂဃနဏသိရှိရန် ဆုတောင်း၊ လေ့လာ၍ စဉ်းစားဆင်ခြင်ပါ