မျက်မှောက်ခေတ်အသက်ရှင်နေထိုင်မှုအတွက် လက်တွေ့ကျသောစာအုပ်
ယနေ့ လောကတွင် အကြံဉာဏ်ပေးစာအုပ်များသည် အလွန်ရေပန်းစားနေပါသည်။ သို့သော် ယင်းတို့သည် ခေတ်နောက်ကျသွားလေ့ရှိရာ မကြာမီတွင် ပြင်ဆင်တည်းဖြတ်လိုက်ရ သို့မဟုတ် အစားထိုးလိုက်ရသည်။ ကျမ်းစာကော အသို့နည်း။ ယင်းကို လွန်ခဲ့သည့်အနှစ် ၂,၀၀၀ နီးပါးက လက်စသတ်ခဲ့သည်။ သို့တိုင် ယင်း၏မူရင်းအဆိုအမိန့်ကို မွမ်းမံပေးရခြင်း သို့မဟုတ် ခေတ်နှင့်ညီအောင်ပြုပြင်ပေးရခြင်း တစ်ခါမျှမရှိခဲ့ပေ။ ဤကဲ့သို့သောစာအုပ်မျိုးတွင် ကျွန်ုပ်တို့ခေတ်အတွက် လက်တွေ့ကျသည့်လမ်းညွှန်ချက်ပါနိုင်ပါမည်လော။
မပါနိုင်ဟု အချို့ကဆိုသည်။ “ခေတ်သစ်ဓာတုဗေဒသင်တန်းတစ်ခုတွင် ၁၉၂၄ ခုနှစ်ထုတ် ဓာတုဗေဒ ကျောင်းသုံး [စာအုပ်] တစ်အုပ်ကို အသုံးပြုဖို့ မည်သူမျှ ထောက်ခံပြောဆိုမည်မဟုတ်ပါ” ဟုဒေါက်တာ အီလိုင် အက်စ်. ချီစင်က ရေးသားကာ ကျမ်းစာသည် ခေတ်နောက်ကျ၏ဟု သူအဘယ်ကြောင့်ယူဆရကြောင်း ရှင်းပြခဲ့သည်။၁ ဤအချေအတင်ပြောဆိုချက်သည် ကျိုးကြောင်းညီညွတ်မည့်ပုံပင်။ အမှန်အားဖြင့်ဆိုလျှင် လူသားတို့သည် ကျမ်းစာကို စတင်ရေးချိန်ကတည်းက စိတ္တကျန်းမာရေးနှင့် လူ့အမူအကျင့်တို့အကြောင်း များစွာတိုး၍သိနားလည်ခဲ့ပြီ။ သို့ဖြစ်လျှင် ဤမျှ ရှေးကျသောစာအုပ်တစ်အုပ်သည် မျက်မှောက်ခေတ်အသက်ရှင်နေထိုင်မှုနှင့် မည်သို့အံဝင်နိုင်ပါမည်နည်း။
ကာလအကန့်အသတ်မရှိသည့်မူများ
အချိန်ကာလ ပြောင်းလဲလာခဲ့သည်မှာ မှန်သော်လည်း အခြေခံလူ့လိုအပ်ချက်များမှာ ထပ်တူပင်ဖြစ်သည်။ သမိုင်းတစ်လျှောက်ရှိလူတို့သည် မေတ္တာနှင့် တွယ်တာမှုလိုအပ်ကြသူချည်းသာဖြစ်သည်။ သူတို့သည် ပျော်ရွှင်ချင်ကြ၍ အဓိပ္ပာယ်ပြည့်ဝသောအသက်တာကို ရလိုခဲ့ကြသည်။ စီးပွားရေးအကျပ်အတည်းများကို မည်သို့ရင်ဆိုင်ဖြေရှင်းရမည်၊ အိမ်ထောင်ရေးအောင်မြင်စေရန် မည်သို့ပြုလုပ်ရမည်နှင့် မိမိတို့၏ရင်သွေးများအား စာရိတ္တနှင့်ကျင့်ဝတ်ဆိုင်ရာ ကောင်းမွန်သောစံများကို ခံယူကျင့်သုံးစေရန်မည်သို့ သွတ်သွင်းပေးရမည်တို့နှင့်ပတ်သက်၍ အကြံပြုချက်လိုအပ်ခဲ့ကြသည်။ ကျမ်းစာတွင် အဆိုပါအခြေခံလိုအပ်ချက်များ အလေးအနက်ထားစေသည့် အကြံပြုချက်ပါရှိသည်။—ဒေသနာ ၃:၁၂၊ ၁၃; ရောမ ၁၂:၁၀; ကောလောသဲ ၃:၁၈-၂၁; ၁ တိမောသေ ၆:၆-၁၀။
ကျမ်းစာပါအကြံဉာဏ်က လူ့သဘာဝကို ကောင်းစွာသိရှိကြောင်း ထင်ဟပ်ပြသည်။ မျက်မှောက်ခေတ်အသက်ရှင်နေထိုင်မှုအတွက် လက်တွေ့ကျသည့် သတ်သတ်မှတ်မှတ်ဖြစ်ပြီး ကာလကန့်သတ်ချက်မရှိသောမူအချို့ကို သုံးသပ်ကြည့်ပါလေ။
အိမ်ထောင်ရေးအတွက် လက်တွေ့ကျသောလမ်းညွှန်မှု
မိသားစုသည် “လူ့အဖွဲ့အစည်း၏ ရှေးအကျဆုံးနှင့် အခြေခံအကျဆုံး ယူနစ်; လူမျိုးဆက်များစပ်ကြား အရေးပါဆုံးသော ကွင်းဆက်ဖြစ်သည်” ဟုယူအဲန်ရာဇဝင်မှတ်တမ်း ကဆိုသည်။ သို့ရာတွင် ဤ ‘အရေးပါသောကွင်းဆက်’ သည် ထိတ်လန့်ဖွယ်ကောင်းသည့်နှုန်းဖြင့် တစ်ကွင်းစီပြုတ်ထွက်လာနေသည်။ “ယနေ့ ကမ္ဘာပေါ်တွင် မိသားစုအများသည် ယင်းတို့၏အောင်မြင်ရေး ဆက်လက်တည်တံ့ရေးတို့ကို ခြိမ်းခြောက်နေသည့် ထိတ်လန့်ဖွယ်ကောင်းသောစိန်ခေါ်ချက်များကို ရင်ဆိုင်ကြရသည်။၂ မိသားစုယူနစ်တည်တံ့ဖို့အရေး ကျမ်းစာက မည်သည့်အကြံပြုချက်ကို ကမ်းလှမ်းပေးပါသနည်း။
ဦးဦးဆုံးအနေနှင့် လင်နှင့်မယား တစ်ဦးကိုတစ်ဦး မည်သို့ဆက်ဆံသင့်သည်နှင့်ပတ်သက်၍ ကျမ်းစာက များစွာဖော်ပြထားသည်။ ဥပမာ၊ လင်သားများနှင့်စပ်လျဉ်း၍ ဤသို့ဆိုသည်– “ယောက်ျားတို့သည် မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကိုချစ်ရကြမည်။ ခင်ပွန်းကိုချစ်သောသူသည် ကိုယ်ကိုချစ်သောသူဖြစ်၏။ ကိုယ်အသားကိုမုန်းသောသူ တစ်ယောက်မျှမရှိ။ . . . မိမိအသားကိုကျွေးမွေးပြုစုတတ်ကြ၏။” (ဧဖက် ၅:၂၈၊ ၂၉) ဇနီးသည်တစ်ဦးကိုမူ “ကိုယ်ခင်ပွန်းကို အလွန့်အလွန်ရိုသေခြင်းရှိ” ပါဟု အကြံပေးထားသည်။—ဧဖက် ၅:၃၃၊ ကဘ။
ဤကဲ့သို့သောကျမ်းစာ၏အကြံဉာဏ်ကို လိုက်နာခြင်းနှင့် ဆက်နွှယ်နေသောအချက်များကို သုံးသပ်ကြည့်ပါ။ ‘မိမိအသားကဲ့သို့’ မိမိမယားကိုချစ်သော လင်သားတစ်ယောက်သည် သူမကို မမုန်း၊ မကြမ်းတမ်းမရက်စက်ပါ။ သူသည် သူမအား ရိုက်လားနှက်လားမလုပ်သလို စကားဖြင့်သော်လည်းကောင်း၊ စိတ်ဓာတ်ရေးအရသော်လည်းကောင်း မနှိပ်စက်ပါ။ ယင်းသို့မပြုဘဲ သူသည် မိမိကိုယ်ကိုထောက်ထားစာနာသကဲ့သို့ သူမကို ထပ်တူ ထောက်စာလေးမြတ်ပါသည်။ (၁ ပေတရု ၃:၇) သို့နှင့် သူ၏ဇနီးသည် အိမ်ထောင်တွင် မေတ္တာနှင့်လုံခြုံမှုကို ခံစားရသည်။ ဤသို့ဖြင့် သူသည် အမျိုးသမီးများနှင့် မည်သို့ဆက်ဆံသင့်ကြောင်း စံနမူနာကောင်းကို မိမိ၏သားသမီးများအား ပြသရာရောက်သည်။ တစ်ဖက်တွင်မူ လင်သားကို “အလွန့်အလွန်ရိုသေ” သောဇနီးသည် လင်ဖြစ်သူအား အမြဲတစေ တဖျစ်တောက်တောက်ပြောခြင်း၊ သေးသိမ်အောင်လုပ်ခြင်းဖြင့် သူ၏သိက္ခာကို မချပါ။ ဇနီးဖြစ်သူက မိမိအားရိုသေသောကြောင့် မိမိကို ယုံကြည်စိတ်ချသည်၊ လက်ခံသည်၊ တန်ဖိုးထားသည်ဟု လင်သားဖြစ်သူခံစားရသည်။
အဆိုပါအကြံပြုချက်မျိုးသည် မျက်မှောက်ခေတ်လောကတွင် လက်တွေ့ကျ၏လော။ ယခုခေတ်မိသားစုများကို အထူးပြုလေ့လာသူများသည် တူညီသောကောက်ချက်များ ချလာခဲ့ကြသည်မှာ စိတ်ဝင်စားစရာပင်။ မိသားစုအကြံပေးအစီအစဉ်တစ်ခု၏ စီမံအုပ်ချုပ်သူတစ်ဦးက ဤသို့မှတ်ချက်ချခဲ့သည်– “ကျွန်မသိထားတဲ့ အကျန်းခံ့ဆုံးမိသားစုများဟာ မိခင်နဲ့ဖခင်တို့ကြား ခိုင်မြဲပြီးမေတ္တာတရားပြည့်ဝတဲ့ အချင်းချင်းဆက်ဆံရေးရှိထားတဲ့ မိသားစုတွေပါပဲ။ . . . ခိုင်မြဲပြီးအခရာကျတဲ့ အဲ့ဒီဆက်ဆံရေးဟာ ရင်သွေးငယ်တွေကို နွေးထွေးလုံခြုံမှု ခံစားစေပုံရှိပါတယ်။”၃
နှစ်များတစ်လျှောက် အိမ်ထောင်ရေးဆိုင်ရာ ကျမ်းစာပါအကြံဉာဏ်သည် ရည်ရွယ်ချက်ကောင်းသော မရေမတွက်နိုင်သည့် အိမ်ထောင်ရေးအကြံပေးပုဂ္ဂိုလ်များ၏အကြံပြုချက်ထက် များစွာအားထားနိုင်ကြောင်း သက်သေထူခဲ့ပြီ။ အမှန်ဆိုလျှင် မကြာသေးမီက အိမ်ထောင်မသာယာမှုကို မြန်မြန်နှင့်လွယ်လွယ်ဖြေရှင်းနည်းမှာ ကွာရှင်းခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ထောက်ခံပြောဆိုခဲ့ကြသည်။ ယနေ့ သူတို့ထဲမှအများက လူများအား အတတ်နိုင်ဆုံး မိမိတို့အိမ်ထောင်မြဲအောင် ကြံဆောင်ကြဖို့ တိုက်တွန်းပြန်လေပြီ။ သို့သော် အကြီးအကျယ်ထိခိုက်ပျက်ယွင်းပြီးမှသာ ဤသို့ပြုပြင်ပြောဆိုလာကြခြင်းဖြစ်သည်။
တစ်ဖက်တွင် ကျမ်းစာသည် အိမ်ထောင်ရေးကိစ္စနှင့်ပတ်သက်၍ အားထားနိုင်ပြီး မျှတမှုရှိသော အကြံဉာဏ်ကို ပေးပါသည်။ လွန်ကဲသောအခြေအနေတချို့တွင် ကွာရှင်းနိုင်ကြောင်း ယင်းက အသိအမှတ်ပြုသည်။ (မဿဲ ၁၉:၉) တစ်ချိန်တည်းမှာပင် သေးသေးမွှားမွှားကိစ္စလေးနှင့်ကွာရှင်းခြင်းကို ရှုတ်ချထားပါသည်။ (မာလခိ ၂:၁၄-၁၆) အိမ်ထောင်ရေးဖောက်ပြန်မှုကိုလည်း ရှုတ်ချထားသည်။ (ဟေဗြဲ ၁၃:၄) အိမ်ထောင်ရေးတွင် တာဝန်ယူလုပ်ဆောင်မှု ပါဝင်ကြောင်း ဤသို့တင်ပြသည်– “ထိုအကြောင်းကြောင့် ယောက်ျားသည်ကိုယ်မိဘကိုစွန့်၍၊ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူတို့သည်တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်။”a—ကမ္ဘာဦး ၂:၂၄; မဿဲ ၁၉:၅၊ ၆။
အိမ်ထောင်ရေးဆိုင်ရာ ကျမ်းစာ၏အကြံပြုချက်သည် ကျမ်းစာကို ရေးသားခဲ့ချိန်ကကဲ့သို့ပင် ယနေ့နှင့်လည်း အံဝင်ပါသည်။ လင်မယားတို့သည် တစ်ဦးကိုတစ်ဦး မေတ္တာထားကာ ရိုသေလေးမြတ်ကြပြီး အိမ်ထောင်ရေးကို အကြွင်းမဲ့ဆက်ဆံရေးတစ်ရပ်အဖြစ် သဘောထားကြမည်ဆိုလျှင် ထိုအိမ်ထောင်ရေးသည် သာ၍တည်တံ့ဖို့ရှိရာ မိသားစုလည်း တည်တံ့မည်။
မိဘများအတွက် လက်တွေ့ကျသောလမ်းညွှန်မှု
လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်က—သားသမီးလေ့ကျင့်ရေးနှင့်ပတ်သက်ပြီး “ဆန်းသစ်သောအကြံဉာဏ်များ” ၏စေ့ဆော်မှုကြောင့်—မိဘများသည် “တားမြစ်ရန် မြစ်တားခံရ” သည်ဟု ယူမှတ်ခဲ့ကြသည်။၈ ကလေးများကို ကန့်သတ်ချက်များချမှတ်ခြင်းဖြင့် စိတ်ထိခိုက်ကာ စိတ်ပျက်အားလျော့အောင်လုပ်ရာကျမည်ကို သူတို့စိုးရိမ်ကြသည်။ ကလေးပြုစုပျိုးထောင်ရေးအပေါ် ကောင်းကျိုးလိုလားသော အကြံပေးပုဂ္ဂိုလ်များက မိဘတို့သည် မိမိတို့၏သားသမီးများအား အညင်သာဆုံးပဲ့ပြင်မှုထက်ပို၍ပြုခြင်းကိုရှောင်ဖို့ အခိုင်အမာပြောဆိုခဲ့ကြသည်။ သို့သော် အဆိုပါကျွမ်းကျင်သူများသည် ယခုအခါတွင် ပဲ့ပြင်ဆုံးမခြင်းတာဝန်ကို ပြန်လည်စဉ်းစားဆင်ခြင်နေကြပြီး စိုးရိမ်မကင်းဖြစ်သောမိဘများသည် ဤအကြောင်းနှင့်ပတ်သက်၍ အတော်အတန်ရှင်းလင်းနားလည်မှုရရန် ရှာဖွေနေကြသည်။
သို့ရာတွင် ကျမ်းစာသည် သားသမီးပြုစုပျိုးထောင်ရေးနှင့်ပတ်သက်ပြီး ရှင်းလင်း၍ကျိုးကြောင်းညီညွတ်သော အကြံဉာဏ်ကို တစ်လျှောက်လုံးပေးလာခဲ့သည်။ လွန်ခဲ့သည့် အနှစ် ၂,၀၀၀ နီးပါးက ဤသို့ဆိုခဲ့သည်– “အဘတို့ ကိုယ့်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ ယေဟောဝါ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိန်းကျောင်းခြင်းတို့နှင့်အညီ သူတို့ကို ဆက်၍ပြုစုပျိုးထောင်ပေးကြလော့။” (ဧဖက် ၆:၄၊ ကဘ) “ပဲ့ပြင်ဆုံးမခြင်း” ဟုပြန်ဆိုသော ဂရိနာမ်မှာ “ပြုစုပျိုးထောင်ပေးခြင်း၊ လေ့ကျင့်ပေးခြင်း၊ သွန်သင်ပို့ချပေးခြင်း” ဟုအဓိပ္ပာယ်ရသည်။၉ ဤသို့သော ဆုံးမပဲ့ပြင်ခြင်း သို့မဟုတ် သွန်သင်ပို့ချခြင်းမျိုးသည် မိဘမေတ္တာ၏အထောက်အထားဖြစ်သည်ဟု ကျမ်းစာကဆိုသည်။ (သု. ၁၃:၂၄) ကလေးတို့သည် ရှင်းလင်းပြတ်သားသော ကျင့်ဝတ်ဆိုင်ရာလမ်းညွှန်ချက်များနှင့် အမှားအမှန်ကို တိုးသိနားလည်သောဆင်ခြင်ဉာဏ်တို့ဖြင့် ကြီးပြင်းလာကြလေသည်။ ဆုံးမပဲ့ပြင်မှုခံရခြင်းက မိဘတို့သည် မိမိတို့ကိုလည်းကောင်း၊ မိမိတို့ မည်သို့သောလူစားမျိုး ဖြစ်လာနေကြောင်းကိုလည်းကောင်း ဂရုစိုက်ကြောင်း သူတို့အားသိစေသည်။
သို့သော် မိဘအခွင့်အာဏာ—“ဆုံးမသောကြိမ်လုံး”—ကို မတော်မတန် အသုံးမပြုသင့်ပေ။b (သု. ၂၂:၁၅; ၂၉:၁၅) ကျမ်းစာက မိဘတို့အား “သင်၏သားသမီးတို့ကို တရားလွန်ပဲ့ပြင်မှုမပြုလေနှင့်၊ သို့ပြုလျှင် သင်သည် သူတို့ကို လုံးလုံးစိတ်ဓာတ်ကျစေရာ ရောက်လိမ့်မည်” ဟုသတိပေးထားသည်။ (ကောလောသဲ ၃:၂၁၊ ဖိလစ်) ရိုက်နှက်ဆုံးမခြင်းသည် အများအားဖြင့် အထိရောက်ဆုံးသွန်သင်နည်းမဟုတ်ကြောင်းကိုလည်း ယင်းက အသိအမှတ်ပြုသည်။ နယပုံပြင် ၁၇:၁၀ က “မိုက်သောသူသည် ဒဏ်ချက်တစ်ရာကိုအမှုထားသည်ထက်၊ ပညာရှိသောသူသည် ဆုံးမသောစကားကိုသာ၍အမှုထားတတ်၏” ဟုဆိုသည်။ ထို့အပြင် ကျမ်းစာက မဖြစ်မီကြိုတင်ကာကွယ်သော ဆုံးမပဲ့ပြင်မှုမျိုးကို ထောက်ခံပါသည်။ တရားဟောရာ ၁၁:၁၉ တွင် မိဘတို့သည် ရံဖန်ရံခါ အခွင့်အရေးယူကာ ကိုယ်ကျင့်သိက္ခာဆိုင်ရာစံများကို မိမိတို့သားသမီးတို့အတွင်းတွင် သွတ်သွင်းပေးဖို့ တိုက်တွန်းထားသည်။—တရားဟောရာ ၆:၆၊ ၇ လည်းရှု။
မိဘများအတွက် ကျမ်းစာပါကာလအကန့်အသတ်မရှိသော အကြံပြုချက်သည် ရှင်းလင်းပါသည်။ သားသမီးတို့သည် တစ်သမတ်တည်းဖြစ်ပြီး မေတ္တာပါသော ဆုံးမပဲ့ပြင်မှုလိုအပ်ပါသည်။ ဤကဲ့သို့သော အကြံဉာဏ်သည် အမှန်ပင် အကျိုးပြုကြောင်း လက်တွေ့ကျအတွေ့အကြုံက တင်ပြပါသည်။c
လူတို့ကို ပိုင်းခြားထားသည့် တံတိုင်းများကို ကျော်လွှားခြင်း
ယနေ့ခေတ်ရှိလူတို့ကို လူမျိုးရေး၊ နိုင်ငံရေး၊ လူမျိုးစုတံတိုင်းများဖြင့် ပိုင်းခြားထားသည်။ အဆိုပါလူလုပ်တံတိုင်းများက ကမ္ဘာတစ်လွှားစစ်ပွဲများတွင် အပြစ်မဲ့လူသားများကို သတ်ဖြတ်ရန် တွန်းပို့ခဲ့ပြီ။ သမိုင်းကို အညွှန်းအဖြစ်ထားပြီးကြည့်လျှင် လူမျိုးနှင့်နိုင်ငံကွဲသော အမျိုးသားအမျိုးသမီးများသည် တစ်ဦးအပေါ်တစ်ဦး တန်းတူညီမျှ ရှုမြင်ဆက်ဆံမည့်အလားအလာမှာ အမှန်ပင်မျှော်လင့်နိုင်စရာမရှိပေ။ အာဖရိကန် နိုင်ငံ့ခေါင်းဆောင်တစ်ဦးက “ဖြေရှင်းချက်မှာ ကျုပ်တို့၏နှလုံးသားထဲတွင် ရှိသည်” ဟုဆိုသည်။ သို့သော် လူ့နှလုံးသားကို ပြောင်းလဲပေးဖို့ဆိုသည်မှာ မလွယ်ကူပေ။သို့သော် ကျမ်းစာ၏အဆိုအမိန့်သည် နှလုံးသားကို မည်သို့ ညွှတ်ပျောင်းလာစေပုံ၊ တန်းတူညီမျှသဘောထားများကို မည်သို့ခံယူစေပုံတို့ကို သုံးသပ်ကြည့်ပါလေ။
ဘုရားသခင်သည် “လူအမျိုးမျိုးတို့ကို တစ်သွေးတည်းနှင့်ဖန်ဆင်းတော်မူ” ၏ဟူသော သမ္မာကျမ်းစာသွန်သင်ချက်က မည်သည့်လူမျိုးကြီးဝါဒကိုမဆို လက်မခံပါ။ (တမန်တော် ၁၇:၂၆) အမှန်မှာ လူသားမျိုးနွယ်တစ်မျိုးတည်းသာရှိကြောင်း ယင်းကတင်ပြသည်။ ကျမ်းစာက ကျွန်ုပ်တို့အား “ဘုရားသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ကြ” ရန်ထပ်မံတိုက်တွန်းထားပြီး ကိုယ်တော်နှင့်ပတ်သက်၍ “[ကိုယ်တော်] သည် လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့ ၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရသည်” ဟုဆိုထားသည်။ (ဧဖက် ၅:၁; တမန်တော် ၁၀:၃၄၊ ၃၅) ကျမ်းစာကို အလေးအနက်သဘောထားသူများနှင့် ယင်း၏သွန်သင်ချက်များနှင့်အညီ အသက်ရှင်ဖို့ အမှန်ရှာကြံသူများကို ဤအသိပညာက စည်းလုံးမှုရှိစေပါသည်။ ယင်းသည် လူ့နှလုံးသားဖြစ်သော အနက်ရှိုင်းဆုံးအပိုင်းတွင် လွှမ်းမိုးခဲ့ရာ လူများကို ပိုင်းခြားထားသည့် လူလုပ်တံတိုင်းများကို ဖြိုဖျက်ပစ်သည်။ ဥပမာတစ်ခုကို သုံးသပ်ကြည့်လေ။
ဥရောပတစ်ခွင် ဟစ်တလာစစ်ဆင်နွှဲစဉ်က အပြစ်မဲ့လူသားများကို သတ်ဖြတ်ရာတွင် ပါဝင်ခြင်းကို စွဲမြဲစွာငြင်းဆန်သောခရစ်ယာန်အုပ်စုတစ်စု—ယေဟောဝါသက်သေတို့—ရှိသည်။ သူတို့သည် လူသားချင်းနှင့် “စစ်မတိုက်” ကြပါ။ ဘုရားသခင့်စိတ်တော်နှင့်တွေ့လိုကြသောကြောင့် ဤအနေအထားကို သူတို့ယူကြခြင်းဖြစ်သည်။ (ဟေရှာယ ၂:၃၊ ၄; မိက္ခာ ၄:၃၊ ၅) မည်သည့်လူမျိုး၊ မည်သည့်အနွယ်မျှ အခြားမျိုးနွယ်ထက်သာသည်မရှိဟူသော ကျမ်းစာသွန်သင်ချက်ကို သူတို့အမှန်ပင် သက်ဝင်ယုံကြည်ကြသည်။ (ဂလာတိ ၃:၂၈) ငြိမ်းချမ်းမှုကိုမြတ်နိုးသော ယေဟောဝါသက်သေတို့၏ရပ်တည်ချက်ကြောင့် သူတို့သည် ချွေးတပ်စခန်းများတွင် ဦးဆုံးအကျဉ်းသားများတွင်ပါဝင်သည်။—ရောမ ၁၂:၁၈။
သို့သော် ကျမ်းစာအတိုင်းလိုက်ပါသည်ဟုဆိုသူတိုင်း ဤကဲ့သို့ရပ်တည်ခဲ့ကြသည်မဟုတ်ပါ။ ဒုတိယကမ္ဘာစစ်အပြီး မကြာမီတွင် ဂျာမန်လူမျိုး ခရစ်ယာန်ပရိုတက်စတင့်ဓမ္မဆရာဖြစ်သူ မာတင် နီမိုလာက ဤသို့ရေးသားခဲ့သည်– “[စစ်ပွဲများ] ကြောင့်ဘုရားသခင်ကို အပြစ်ပုံချလိုသူတိုင်းသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မသိသူ သို့မဟုတ် မသိချင်သူသာဖြစ်သည်။ . . . ခေတ်ကာလများတစ်လျှောက် ခရစ်ယာန်ချာ့ချ်များသည် စစ်ပွဲများ၊ စစ်တပ်များနှင့် လက်နက်များကို ကြိမ်ဖန်များစွာ ကောင်းချီးပေးကာ . . . စစ်ပွဲတွင် ၎င်းတို့ ရန်သူများ ပျက်စီးပါစေဟု အလွန်ပင်ခရစ်ယာန်မဆန်သည့်နည်းဖြင့် ဆုတောင်းပေးခဲ့ကြသည်။ ယင်းတို့အားလုံးသည် ကျွန်ုပ်တို့၏အပြစ်၊ ကျွန်ုပ်တို့ဘိုးဘေးများ၏အပြစ်သာတည်း၊ ဘုရားသခင်ကို လုံးဝအပြစ်မတင်ထိုက်ပေ။ ထို့အပြင်စစ်မှုထမ်းဖို့၊ လူများကို ပစ်ခတ်ဖို့ ငြင်းဆန်ကြသောကြောင့် ရာထောင်ချီ၍ ချွေးတပ်စခန်းများသို့ ဝင်ခဲ့ကြရ၊ အသေ [ပင်] ခံခဲ့ကြရသော ဂိုဏ်းတစ်ခုဟုအခေါ်ခံရကြသည့် စိတ်ထက်သန်သောကျမ်းစာကျောင်းသားများ [ယေဟောဝါသက်သေတို့] ရှေ့တွင် ယနေ့ ကျွန်ုပ်တို့ခရစ်ယာန်များသည် ရှက်စရာပင်ဖြစ်ချေပြီ။”၁၂
အာရပ်နှင့်ဂျူး၊ ခရိုအေးရှားနှင့် ဆာ့ဘ်၊ ဟူတူနှင့်တွတ်စီတို့ကို စည်းလုံးစေသည့် သူတို့၏ကမ္ဘာချီ ညီအစ်ကိုအသင်းအပင်းကြောင့် ယနေ့အချိန်အထိ ယေဟောဝါသက်သေတို့ကို လူသိများကြသည်။ သို့ရာတွင် အဆိုပါစည်းလုံးမှုသည် အခြားသူတို့ထက် မိမိတို့သာသောကြောင့်မဟုတ်ဘဲ ကျမ်းစာပါအဆိုအမိန့်တန်ခိုး၏ လှုံ့ဆော်မှုကြောင့်ဖြစ်ကြောင်း သက်သေခံတို့ ရှောရှောရှူရှူအသိအမှတ်ပြုကြသည်။—၁ သက်သာလောနိတ် ၂:၁၃။
စိတ်ပိုင်းကျန်းမာရေးကောင်းစေသည့် လက်တွေ့ကျလမ်းညွှန်မှု
လူတစ်ဦး၏စိတ်ပိုင်းနှင့် စိတ်လှုပ်ရှားမှုကျန်းမာရေးအခြေအနေက ထိုသူ၏ကာယကျန်းမာရေးအပေါ် ကောင်းကျိုးဆိုးကျိုးသက်ရောက်စေလေ့ရှိသည်။ ဥပမာ၊ သိပ္ပံဆိုင်ရာသုတေသနပြုမှုများက ဒေါသ၏ဆိုးကျိုးများကို အခိုင်အမာတင်ပြထားသည်။ “ဒေါသထွက်လွယ်သူများသည် လူမှုရေးထောက်မမှုကိုလျော့နည်းစေခြင်း၊ ဒေါသထွက်သည့်အခါ ဇီဝတုံ့ပြန်မှု တိုးလာခြင်း၊ ကျန်းမာရေးထိခိုက်စေသည့်အမူအကျင့်များကို ပိုမိုပြုခြင်းအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် (အခြားရောဂါများအပြင်) နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်ဖို့ အကြောင်းပိုများကြောင်း ရရှိထားသည့်အထောက်အထားအများစုက ဖော်ပြသည်” ဟု ဒုခ်တက္ကသိုလ်ဆေးဘက်ဆိုင်ရာ ဗဟိုဌာနမှ အမူအကျင့်သုတေသနပြုမှု ဒါရိုက်တာ ဒေါက်တာ ရက်ဖော့ ဝီလျံနှင့် ဇနီးဖြစ်သူ ဗာဂျီနီယာ ဝီလျံတို့က သူတို့၏ ဒေါသလူကိုသတ်စာအုပ်တွင် ဖော်ပြထားသည်။၁၃
ကျွန်ုပ်တို့၏စိတ်လှုပ်ရှားမှုအခြေအနေနှင့် ကာယကျန်းမာမှုတို့သည် ဆက်နွှယ်မှုရှိကြောင်း ဤသိပ္ပံဆိုင်ရာ သုတေသနလေ့လာမှုများမပြုမီ နှစ်ထောင်နှင့်ချီ၍ ကျမ်းစာက ရိုးရိုးရှင်းရှင်းဖြင့် ဤသို့ဖော်ပြခဲ့သည်– “ကျန်းမာသောနှလုံးသည် ကိုယ်အသက်ရှင်စေသောအကြောင်း၊ ငြူစူသောသဘောမူကား၊ အရိုးဆွေးမြေ့ခြင်းအကြောင်းဖြစ်၏။” (သု. ၁၄:၃၀; ၁၇:၂၂) ကျမ်းစာက ပညာရှိစွာဖြင့် ဤသို့သွန်သင်သည်– “အမျက်မထွက်စေနှင့်။ ဒေါသစိတ်ကိုစွန့်ပယ်လော့၊” “ဒေါသထွက်ရန် လျင်မြန်သောစိတ်မရှိနှင့်။”—ဆာလံ ၃၇:၈; ဒေသနာ ၇:၉၊ သမ။
ကျမ်းစာတွင် ဒေါသထိန်းချုပ်ခြင်းဆိုင်ရာ အားထားလောက်သည့် အကြံပြုချက်လည်းပါသည်။ ဥပမာ၊ နယပုံပြင် ၁၉:၁၁ ကဤသို့ဆိုသည်– “[ကောင်းသော] သမ္မာသတိရှိသော [“ထိုးထွင်းသိမြင်သော၊” ကဘ] သူသည် မိမိအမျက်ဒေါသကိုချုပ်တည်းတတ်၏။ သူတစ်ပါးပြစ်မှားခြင်းကို သည်းခံသောသူသည်လည်း ဘုန်းအသရေရှိ၏။” “ထိုးထွင်းသိမြင်” အတွက် ဟေဗြဲစကားလုံးသည် တစ်စုံတစ်ခု၏ “အကြောင်းရင်းကို သိရှိခြင်း” အပေါ်အာရုံစိုက်စေသည့် ကြိယာတစ်ခုမှ ဆင်းသက်လာသည်။၁၄ ပညာရှိသောအကြံပြုချက်မှာ “မပြုမူမီ စဉ်းစားပါ” ဟူ၍ဖြစ်သည်။ အခြားသူများသည် ဤသို့ဤပုံအဘယ်ကြောင့် ပြောဆိုပြုမူရသည့် အရင်းခံအကြောင်းများကို သဘောပေါက်ရန် ကြိုးစားခြင်းသည် လူတစ်ဦးအား သည်းခံစိတ်ပိုမိုရှိစေပြီး မကြာခဏဒေါသထွက်မှုကို လျော့ပါးစေသည်။—သု. ၁၄:၂၉။
လက်တွေ့ကျသောအကြံပြုချက်နောက်တစ်ခုကို ကောလောသဲ ၃:၁၃ တွင်တွေ့ရသည်၊ ယင်းက ဤသို့ဆိုသည်– “အချင်းချင်း [“ဆက်ပြီး၊” ကဘ] သည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။” အသေးအမွှားအရာလေးနှင့် စိတ်ဆိုးခြင်းသည် ဘဝတွင် ဖြစ်နေကျပင်။ “ဆက်ပြီးသည်းခံ” ဟူသည့်အသုံးအနှုန်းက အခြားသူများတွင် ကျွန်ုပ်တို့မကြိုက်သည့်အရာများကို သည်းခံနေဖို့ အကြံပြုသည်။ “ခွင့်လွှတ်” ဟူသည် နာကြည်းချက်ကို မသိုသိပ်ထားခြင်းဖြစ်သည်။ တစ်ခါတစ်ရံ နာကြည်းဖွယ်ခံစားချက်များကို တနုံ့နုံ့တွေးနေမည့်အစား ထုတ်ပစ်လိုက်ခြင်းသည် ပညာရှိရာကျသည်; ဒေါသကို သိုထားခြင်းသည် မိမိကိုယ်ကို သာ၍ဝန်လေးအောင်လုပ်ခြင်းသာဖြစ်သည်။—“လူမှုဆက်ဆံရေးအတွက် လက်တွေ့ကျသောလမ်းညွှန်မှု” လေးထောင့်ကွက်ရှု။
ယနေ့ အကြံဉာဏ်နှင့် လမ်းညွှန်မှုရနိုင်သည့် အရင်းအမြစ်များစွာရှိသည်။ သို့သော် ကျမ်းစာမှာမူ အမှန်ပင် ထူးခြားသည်။ ယင်း၏အကြံဉာဏ်သည် သီအိုရီမျှသာမဟုတ်သကဲ့သို့ ယင်း၏အကြံပြုချက်သည် ကျွန်ုပ်တို့ကို မည်သည့်အခါမျှ အကျိုးယုတ်စေမည်လည်း မဟုတ်ပါ။ ယင်းအစား ၎င်း၏ဉာဏ်ပညာသည် “အလွန်ယုံကြည်ကိုးစားထိုက်” ကြောင်းသက်သေထူခဲ့ပြီ။ (ဆာလံ ၉၃:၅၊ ကဘ) ထို့အပြင် ကျမ်းစာ၏အကြံဉာဏ်သည် ကာလအကန့်အသတ်မရှိပါ။ ယင်းကို လွန်ခဲ့သည့် နှစ်ပေါင်း ၂,၀၀၀ နီးပါးက ရေးပြီးခဲ့သော်လည်း ယင်း၏စကားများသည် အသုံးချနိုင်ဆဲပင်။ ထို့အပြင် ကျွန်ုပ်တို့၏အသားအရောင် သို့မဟုတ် ကျွန်ုပ်တို့နေထိုင်သည့်တိုင်းပြည်သည် မည်သို့ပင်ရှိစေကာမူ တန်းတူအကျိုးသက်ရောက်မှုဖြင့် သက်ဆိုင်ပါသည်။ ကျမ်းစာပါစကားများတွင် သာ၍ကောင်းသောလူများဖြစ်စေရန် ပြောင်းလဲပေးနိုင်သည့်အစွမ်းတန်ခိုးလည်းရှိသည်။ (ဟေဗြဲ ၄:၁၂) ထိုစာအုပ်ကို ဖတ်ပြီး ယင်း၏မူများကို လက်တွေ့ကျင့်သုံးခြင်းဖြင့် သင်၏ဘဝအရည်အသွေးကို တိုးမြင့်ပေးစေနိုင်သည်။
[အောက်ခြေမှတ်ချက်များ]
a “မှီဝဲ” ဟုဤတွင်ပြန်ဆိုထားသော ဟေဗြဲစကားလုံး ဒါဗက်သည် “တစ်စုံတစ်ယောက်ကို တွယ်တာမှု၊ သစ္စာစောင့်မှုတို့ဖြင့် ဖက်တွယ်နေခြင်းဟူသည့်သဘောဆောင်သည်။”၄ မဿဲ ၁၉:၅ ပါ “မှီဝဲ” ဟုပြန်ထားသည့် ဂရိစကားလုံးသည် “ကော်ကပ်သည်၊” “အင်္ဂတေကိုင်သည်၊” “တင်းကျပ်စွာ စည်းနှောင်ထားသည်” ဟုအဓိပ္ပာယ်ထွက်သော စကားလုံးနှင့်ဆက်နွှယ်သည်။၅
b ကျမ်းစာခေတ်တွင် “ကြိမ်လုံး” (ဟေဗြဲ ရှီးဗှက်) ဟူသည့်စကားလုံးသည် သိုးကျောင်းသားအသုံးပြုတတ်သည့် “တုတ်” သို့မဟုတ် “တောင်ဝှေး” ကိုဆိုလိုသည်။၁၀ ဤစကားစပ်အရ ကြိမ်လုံး၏အခွင့်အာဏာဆိုရာဝယ် ရက်စက်ကြမ်းတမ်းမှုမမည်ဘဲ မေတ္တာပါသော လမ်းညွှန်မှုကို ဖော်ညွှန်းပါသည်။—ဆာလံ ၂၃:၄ နှိုင်းယှဉ်။
c ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှ ထုတ်ဝေသည့် မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက် စာအုပ်ပါ “သင့်ကလေးကို လူမမည်အရွယ်မှစ၍ လေ့ကျင့်ပေးလော့၊” “သင့်ဆယ်ကျော်သက်တို့ကို ကြီးပြင်းလာဖို့ ကူညီပေးပါ၊” “အိမ်တွင် ပုန်ကန်မှုရှိပါသလော၊” “သင့်မိသားစုကို အဖျက်သြဇာများမှ ကာကွယ်ပေးလော့” အခန်းများကိုရှု။
[စာမျက်နှာ ၂၄ ပါ အကျဉ်းဖော်ပြချက်]
ကျမ်းစာက မိသားစုဘဝနှင့်ပတ်သက်ပြီး ရှင်းလင်း၍ ကျိုးကြောင်းညီညွတ်သောအကြံဉာဏ်ကို ပေးသည်
[စာမျက်နှာ ၂၃ ပါ လေးထောင့်ကွက်]
ကျန်းခံ့သောမိသားစုများ၏ ကြန်အင်လက္ခဏာများ
လွန်ခဲ့သော နှစ်အနည်းငယ်က ပညာပေးသူနှင့် မိသားစုပါရဂူဖြစ်သူတစ်ဦးသည် မိသားစုအကြံပေးပညာရှင် ၅၀၀ ကျော်တို့အား “ကျန်းခံ့သော” မိသားစုများတွင် သူတို့သတိပြုမိသည့် စရိုက်လက္ခဏာများကို တင်ပြပြောဆိုစေသည့် ကျယ်ပြန့်သော လေ့လာဆန်းစစ်မှုတစ်ခုကို ပြုလုပ်ခဲ့သည်။ စိတ်ဝင်စားစရာမှာ သူတို့ဖော်ပြသည့် စရိုက်လက္ခဏာအများစုတွင် ကျမ်းစာ၌ ရှေးကတည်းကအကြံပြုထားသော အချက်များပါဝင်ခြင်းဖြစ်သည်။
သဘောထားကွဲလွဲမှုများကို ညှိနှိုင်းပေးခြင်းဆိုင်ရာ ထိရောက်သောနည်းများအပါအဝင် ဆယ်သွယ်မှုကောင်းသည့် အပြုအမူများသည် ထိပ်ဆုံးမှပါဝင်သည်။ ကျန်းခံ့သောမိသားစုတွင်တွေ့ရသည့် အများလက်ခံထားသော ပေါ်လစီတစ်ခုမှာ “မည်သူမျှ အခြားတစ်ယောက်ကို ဒေါသထွက်လျက်နှင့် အိပ်ရာမဝင်ရ” ဟူ၍ဖြစ်ကြောင်း အဆိုပါလေ့လာဆန်းစစ်မှုကို စတင်ပြုလုပ်သူက မှတ်ချက်ချခဲ့သည်။၆ သို့တိုင် လွန်ခဲ့သည့် နှစ်ပေါင်း ၁,၉၀၀ ကျော်က ကျမ်းစာ ဤသို့အကြံပြုခဲ့သည်– “အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။ အမျက်မပြေဘဲ နေမဝင်စေနှင့်။” (ဧဖက် ၄:၂၆၊ ၂၇) ကျမ်းစာခေတ်တွင် နေ့များကို နေဝင်ချိန်မှ နောက်နေဝင်ချိန်အထိ ရေတွက်သည်။ ထို့ကြောင့် ယနေ့ကျွမ်းကျင်သူများက မိသားစုများကို သုတေသနမပြုမီ ကြာရှည်သည့်ကာလမှ ကျမ်းစာက ပညာရှိစွာ ဤသို့အကြံပြုသည်– သဘောထားကွဲလွဲမှုများကို ထိုနေ့ကုန်၍ နောက်တစ်နေ့မစမီ အလျင်အမြန်ဖြေရှင်းပါ။
ကျန်းခံ့သောမိသားစုများသည် “အိမ်မှမထွက်မီ သို့မဟုတ် အိပ်ရာမဝင်မီ ဒေါသပေါက်ကွဲနိုင်သည့် အကြောင်းအရာများကို ဆွေးနွေးဖို့မတင်ပြပါ” ဟု အဆိုပါစတင်သုတေသနပြုသူတွေ့ရှိခဲ့သည်။ “‘အခန့်သင့်’ ဟူသည့်စကားစုကို အဖန်ဖန်ကြားခဲ့ရသည်။”၇ အဆိုပါမိသားစုများသည် လွန်ခဲ့သည် အနှစ် ၂,၇၀၀ ကျော်က မှတ်တမ်းတင်ခဲ့သည့် ကျမ်းစာပါပညာရှိစကားကို မသိလိုက်ဘဲ ပဲ့တင်ထပ်ခြင်းသာတည်း– “အခန့်သင့်ပြောဆိုသောစကားတစ်ခွန်းသည် ငွေထည်တွင်ရှိသော ရွှေပန်းသီးများနှင့်တူသည်။” (သု. ၁၅:၂၃; ၂၅:၁၁၊ ကဘ) ဤပုံပမာသည် ကျမ်းစာခေတ်တွင် တန်ဖိုးထားသည့် အလှဆင်ပစ္စည်းများဖြစ်သော ပုံထွင်းငွေလင်ပန်းထဲတွင် ထည့်ထားသည့် ပန်းသီးပုံ ရွှေအဆင်တန်ဆာများကို ရည်ညွှန်းခြင်းဖြစ်ပေမည်။ ယင်းက သင့်လျော်သောအချိန်၌ မြွက်သည့်စကားလုံးများ၏ တင့်တယ်မှုနှင့် တန်ဖိုးကို ဖော်ဆောင်သည်။ အကျဉ်းအကျပ်အခြေအနေများတွင် အခန့်သင့်အချိန်၌ပြောသည့် သင့်တော်သောစကားများသည် တန်ဖိုးမဖြတ်နိုင်ချေ။—သု. ၁၀:၁၉။
[စာမျက်နှာ ၂၆ ပါ လေးထောင့်ကွက်]
လူမှုဆက်ဆံရေးအတွက် လက်တွေ့ကျသောလမ်းညွှန်မှု
“စိတ်အနှောင့်အယှက်ဖြစ်သော်လည်း အပြစ်မပြုနှင့်။ အိပ်ရာပေါ်မှာနေ၍ ပြောစရာကို စိတ်နှလုံးထဲပြောပြီး တိတ်ဆိတ်စွာနေလော့။” (ဆာလံ ၄:၄၊ ကဘ) အသေးအမွှားထိပါးမှုများအပါအဝင် ကိစ္စရပ်အများစုတွင် နှုတ်ကိုထိန်းထားခြင်းသည် ပညာရှိရာရောက်ပေမည်။ သို့ဖြင့် ခံစားချက်ပြင်းထန်စွာ ရန်တွေ့ခြင်းကို ရှောင်ကြဉ်နိုင်ပေမည်။
“သန်လျက်နှင့်ထိုးသကဲ့သို့ မစဉ်းစားဘဲ ပြောဆိုတတ်သူရှိ၏။ ပညာရှိတို့လျှာမူကား သန်မာခြင်းသို့ ရောက်စေတတ်၏။” (သု. ၁၂:၁၈၊ သမ) မပြောမီ အလျင်စဉ်းစားပါ။ မစဉ်းစားဘဲပြောသည့်စကားသည် အခြားသူများကို နာကြည်းသွားစေနိုင်ပြီး မိတ်ပျက်သွားစေနိုင်သည်။
“ဖြည်းညင်းသောစကားသည် စိတ်ကိုဖြေတတ်၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကိုနှိုးဆော်တတ်၏။” (သု. ၁၅:၁) ဖြည်းညင်းစွာပြန်ပြောဖို့ ချုပ်တည်းမှုလိုသည်မှန်သော်လည်း ထိုသို့သောလမ်းစဉ်သည် ပြဿနာများကို ပြေလည်သွားစေပြီး ငြိမ်သက်သော ဆက်ဆံရေးကို ပံ့ပိုးပေးသည်။
“ရန်တွေ့ခြင်းအစသည် ရေပေါက်ထွက်သကဲ့သို့ ဖြစ်သောကြောင့်၊ မျက်မာန်မထမီ ခိုက်ရန်မှုကို ရှောင်လော့။” (သု. ၁၇:၁၄၊ သမ) သင့်ဒေါသပေါက်ကွဲရာအခြေအနေ မပေါ်မီ ရှောင်ထွက်သွားခြင်းသည် ပညာရှိရာကျပါသည်။
“ဒေါသအမျက်သည် လူမိုက်တို့၏ရင်ခွင်၌သာတည်သည်ဖြစ်၍ ဒေါသထွက်ရန် လျင်မြန်သောစိတ်မရှိစေနှင့်။” (ဒေသနာ ၇:၉၊ သမ) အပြုအမူမတိုင်မီ စိတ်လှုပ်ရှားတတ်လေ့ရှိသည်။ ဗွေယူမြန်သူသည် လူမိုက်ဖြစ်သည်၊ အကြောင်းမှာ သူ၏လမ်းစဉ်သည် မဆင်မခြင်ပြောဆို၊ ပြုမူခြင်းကို ဦးတည်နိုင်သောကြောင့်တည်း။
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ယေဟောဝါသက်သေတို့သည် ဦးဆုံး ချွေးတပ်အကျဉ်းသားများတွင်ပါဝင်သည်