“ဘုရားသခင်၏ငြိမ်သက်ခြင်း” သည် သင်၏စိတ်နှလုံးကို စောင့်မစေ
“ယေဟောဝါသည် သင့်ကိုမျှော်ကြည့်၍ ငြိမ်သက်ခြင်းပေးတော်မူပါစေသော။”—တောလည်ရာ ၆:၂၆။
၁။ မသေမီအချိန်တိုကလေးတွင် တိမောသေထံပေါလုအဘယ်သို့ရေးသားခဲ့ရာ အဘယ်အရာကိုထင်ရှားစေသနည်း။
စီ အီး ၆၅ ခုနှစ်က ရောမပြည်တွင် တမန်တော်ပေါလုထောင်ကျနေသည်။ ရောမလူသတ်သမားတစ်ဦးလက်ချက်ဖြင့် များမကြာမီ သူရက်စက်စွာ အသတ်ခံရတော့မည်ဖြစ်ငြား ပေါလုသည်စိတ်ငြိမ်သက်မှုရှိသည်။ ငယ်ရွယ်သောမိတ်ဆွေတိမောသေအား “ကောင်းစွာသောတိုက်လှန်ခြင်းကိုငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဖို့သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့်စီရင်သောသူတည်းဟူသော သခင်ဘုရားသည် ထိုသရဖူကိုငါ၌အပ်ပေးတော်မူမည်။ ထိုမျှမက ပေါ်ထွန်းတော်မူခြင်းကို တောင့်တသောသူအပေါင်းတို့၌လည်း အပ်ပေးတော်မူမည်” ဟုသူရေးသားခဲ့သည်။—၂ တိမောသေ ၄:၇၊ ၈။
၂။ ပေါလု၏အဖြစ်အပျက်ပြည့်နှက်သောဘဝတစ်လျှောက် သေသည်တိုင်အောင် သူ၏နှလုံးကို အဘယ်အရာစောင့်မပေးခဲ့သနည်း။
၂ အသတ်ခံရလုဆဲအချိန်တွင်ပင် ပေါလုဤမျှတိုင် မည်သို့စိတ်ငြိမ်သက်နိုင်သနည်း။ သူ၏စိတ်နှလုံးကို “အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်း” သည်သူ့အားစောင့်မပေးသောကြောင့်ဖြစ်သည်။ (ဖိလိပ္ပိ ၄:၇) ခရစ်ယာန်ဘာသာဝင်တစ်ဦး စဖြစ်လာချိန်အစောပိုင်းနှစ်များအတွင်း သူ့အားထိုငြိမ်သက်ခြင်းကပင် ကာကွယ်ပေးခဲ့သည်။ သောင်းကျန်းသူလူအုပ်၏ရန်၊ ထောင်ချခံ၊ ရိုက်နှက်ခံ၊ ခဲပစ်ခံရချိန်များတွင်ပင် ယင်းကသူ့အားထောက်မပေးခဲ့သည်။ ဖောက်ပြန်ခြင်းနှင့်ယုဒဘာသာဝင်များ၏သြဇာလွှမ်းမိုးမှုကို တိုက်လှန်ချိန်တွင်လည်း ယင်းကသူ့အားခွန်အားပေးခဲ့သည်။ မျက်မြင်မရသော တန်ခိုးကြီးနတ်ဆိုးများကို ရင်ဆိုင်တိုက်လှန်ချိန်တွင် ယင်းကအကူအညီပေးခဲ့သည်။ အဆုံးတိုင် သူ့အားယင်းငြိမ်သက်မှုက အားရှိစေခဲ့ကြောင်း ထင်ရှားလှသည်တကား။—၂ ကောရိန္သု ၁၀:၄၊ ၅။ ၁၁:၂၁-၂၇။ ဧဖက် ၆:၁၁၊ ၁၂။
၃။ ဘုရားသခင်၏ငြိမ်သက်ခြင်းနှင့်ပတ်သက်၍ အဘယ်မေးခွန်းများပေါ်လာသနည်း။
၃ ဤငြိမ်သက်မှုသည် ပေါလုအတွက်မည်မျှစွမ်းဆောင်နိုင်သည်တကား။ ယင်းသည် အဘယ်အရာဖြစ်သည်ကို ကျွန်ုပ်တို့လည်း သိရှိနိုင်ကြမည်လော။ ဤ “ခဲယဉ်း [ဆိုးယုတ်] သောကာလ” အတွင်း “ယုံကြည်ခြင်းနှင့်ဆိုင်၍ ကောင်းစွာသောတိုက်လှန်ခြင်းကိုပြု” ကြရာတွင် ယင်းသည် ကျွန်ုပ်တို့နှလုံးကိုစောင်မ၍ ကျွန်ုပ်တို့ကိုအားရှိစေမည်လော။—၁ တိမောသေ ၆:၁၂။ ၂ တိမောသေ ၃:၁။
ဘုရားသခင်နှင့်ငြိမ်သက်ခြင်း—ယင်းကိုမည်သို့ဆုံးရှုံးခဲ့
၄။ သမ္မာကျမ်းစာတွင် “ငြိမ်သက်ခြင်း” အနက်ဖွင့်ဆိုချက်အချို့ကားအဘယ်နည်း။
၄ သမ္မာကျမ်းစာတွင် “ငြိမ်သက်ခြင်း” ၌ အနက်ဖွင့်ဆိုချက်အမျိုးမျိုးရှိသည်။ The New International Dictionary of New Testament Theology ၌တင်ပြထားသည်အတိုင်း အချို့ကိုဤတွင်ဖေါ်ပြထားသည်။ “ဓမ္မဟောင်းကျမ်းတစ်လျှောက်တွင် [ရှာလောမ်] (ငြိမ်သက်ခြင်း) သည် အများအားဖြင့် ပျော်ရွှင်သာယာရေး (တရားသူ၊ ၁၉:၂၀)၊ ဘုရားတရားမဲ့သူတို့နှင့်စပ်လျဉ်း၍ပင် ကြီးပွားတိုးတက်ခြင်း (ဆာ၊ ၇၃:၃)၊ ကျန်းမာရေး (ဟေရှာ၊ ၅၇:၁၈၊ ၁၉။ ဆာ၊ ၃၈:၃) ကျေနပ်ရောင့်ရဲခြင်း . . . (က၊ ၁၅:၁၅ အစရှိသည်တို့)၊ တိုင်းနိုင်ငံနှင့်လူတို့စပ်ကြား သင့်မြတ်ခြင်း (တရား၊ ၄:၁၇။ ၅ ရာ၊ ၁၂:၁၇၊ ၁၈)၊ ကယ်တင်ခြင်း (ယေ၊ ၂၉:၁၁။ ယေ၊ ၁၄:၁၃ နှင့်နှိုင်းယှဉ်။) ကိုရည်ညွှန်းသည်။” အရေးကြီးဆုံးကား ယေဟောဝါရှင်နှင့်ငြိမ်သက်မှုရှိရန်ဖြစ်သည်။ ယင်းငြိမ်သက်မှုမရှိလျှင် အခြားမည်သည့်ငြိမ်သက်မှုမဆို ခေတ္တသာ၊ အကန့်အသတ်သာဖြစ်ပေမည်။—၂ ကောရိန္သု ၁၃:၁၁။
၅။ အစအဦးတွင် ဘုရားသခင့်ဖန်ဆင်းခြင်း၏ငြိမ်သက်မှု မည်သို့အနှောင့်အယှက်ခံခဲ့ရသနည်း။
၅ အစအဦးတွင် ဖန်ဆင်းခြင်းအားလုံးသည် ယေဟောဝါနှင့်လုံးလုံးငြိမ်သက်မှုရှိခဲ့သည်။ ယင်းကြောင့်လည်း ကိုယ်တော်၏ဖန်ဆင်းရာအပေါင်း အလွန်ကောင်းသည်ဟု ဘုရားသခင်ကြေညာနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းတို့ကို ကောင်းကင်သားများတွေ့မြင်သည့်အခါ ဝမ်းမြောက်စွာကြွေးကြော်ခဲ့သည်ဟူ၍ပင် ဆိုထားသတည်း။ (ကမ္ဘာဦး ၁:၃၁။ ယောဘ ၃၈:၄-၇) သို့သော် ထိုစကြဝဠာငြိမ်သက်မှု ပျောက်လွင့်ခဲ့သည်ကား ဝမ်းနည်းစရာပင်။ ဘုရားသခင်၏အသိဉာဏ်ရှိသတ္တဝါများတွင် အသစ်ဆုံးဖန်ဆင်းရာ၊ ဧဝအား ဘုရားသခင်ကိုနာခံခြင်းမှ ယခုစာတန်အမည်တွင်သူ နံဝိညာဉ်သတ္တဝါသွေးဆောင်ခဲ့စဉ်တွင် ထိုငြိမ်သက်မှုပြိုကွဲခဲ့သည်။ ဧဝ၏ယောက်ျား အာဒံသည် သူမနောက်လိုက်ခဲ့ရာ ပုန်ကန်သူသုံးဦးရှိလာသဖြင့် စကြဝဠာတွင် သွေးကွဲမှုပေါ်လာပေသည်။—ကမ္ဘာဦး ၃:၁-၆။
၆။ ဘုရားသခင်နှင့်ငြိမ်သက်မှုပျောက်ကင်းခြင်းသည် လူသားတို့အတွက် အဘယ်ရလဒ်ရှိစေသနည်း။
၆ သေခြင်းဖြင့်အဆုံးသတ်သည့် တဖြည်းဖြည်းကာယပျက်ယွင်းမှု စတင်နေသော အာဒံနှင့်ဧဝအတွက် ဘုရားသခင်နှင့်ငြိမ်သက်မှုပျောက်ကင်းခြင်းသည် ဘေးဥပဒ်ကြီးဖြစ်သည်။ ပရဒိသုတွင် ငြိမ်သက်မှုခံစားမည့်အစား လူဦးရေတိုးလာသော မိမိ၏မိသားစုကိုကျွေးမွေးပြုစုရန် ဧဒင်ဥယျာဉ်အပြင်ရှိ အသင့်ပြင်ဆင်မှုမရှိမြေရိုင်းနှင့် လုံးပမ်းခဲ့ရသည်။ စုံလင်သောလူမျိုး၏မိခင်အဖြစ် ကျေနပ်မှုရှိစွာ ပြုစုပေးရမည့်အစား ဧဝသည် နာကျင်မှုဒုက္ခများ၌ မစုံလင်သောမျိုးဆက်ကို ဖွားမြင်ခဲ့ရသည်။ ဘုရားသခင်နှင့်ငြိမ်သက်မှုမရှိသဖြင့် မနာလိုသဝန်တိုမှုနှင့်အဓမ္မမှုများ လူတို့အလယ်ဖြစ်ပေါ်လာသည်။ ညီအာဗေလကို ကာဣနသတ်ပစ်ခဲ့သည်။ ရေလွှမ်းမိုးဘေးတိုင်သော် ကမ္ဘာပေါ်တွင် အဓမ္မမှုဖြင့်ပြည့်နေသည်။ (ကမ္ဘာဦး ၃:၇–၄:၁၆။ ၅:၅။ ၆:၁၁၊ ၁၂) နောက်ပိုင်းရာချီနှစ်များအကြာတွင် အာဗြဟံသေဆုံးချိန်၌ကဲ့သို့ ကျွန်ုပ်တို့၏ပထမမိဘများသေဆုံးချိန်တွင် သူတို့ “ငြိမ်ဝပ်စွာ” သင်္ဂြိုလ်ခြင်းမခံခဲ့ရမည်မှာအမှန်။—ကမ္ဘာဦး ၁၅:၁၅။
၇။ (က) လုံးဝငြိမ်သက်မှုပြန်ရရှိလာမည်အကြောင်း ညွှန်ပြသည့် အဘယ်ပရောဖက်ပြုချက်ကို ဘုရားသခင်မိန့်တော်မူခဲ့သနည်း။ (ခ) ဘုရားသခင်၏ရန်သူ စာတန်သည် မည်မျှသြဇာရှိလာသနည်း။
၇ အာဒံနှင့်ဧဝ ငြိမ်သက်မှုဆုံးရှုံးပြီးနောက် သမ္မာကျမ်းစာတွင် ရန်ငြိုးအကြောင်း ပထမအကြိမ်ဖတ်ရသည်။ စာတန်အားဘုရားသခင် ဤသို့မိန့်တော်မူသည်။ “သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည် သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်။” (ကမ္ဘာဦး ၃:၁၅) အတန်ကြာသော် စာတန်၏သြဇာကြီးမားလာသဖြင့် တမန်တော်ယောဟန်က “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ရှိကြသည်” ဟူ၍ပင်ဆိုနိုင်လေသည်။ (၁ ယောဟန် ၅:၁၉) စာတန်လက်အောက်ရှိလောကသည် ဘုရားသခင်နှင့်ငြိမ်သက်မှုရှိနိုင်မည်မဟုတ်သည်ကားအမှန်။ ထိုကြောင့် တပည့်တော်ယာကုပ်က ခရစ်ယာန်များအားသင့်တော်စွာ ဤသို့သတိပေးခဲ့သည်။ “ဤလောကနှင့်မိတ်သဟာယဖွဲ့လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်၏။”—ယာကုပ် ၄:၄။
ရန်ငြိုးထားသောလောကတွင် ငြိမ်သက်မှုရှိခြင်း
၈၊ ၉။ အာဒံပြစ်မှားပြီးနောက် ဘုရားသခင်နှင့်လူတို့သည် မည်သို့ပြန်ငြိမ်သက်နိုင်မည်နည်း။
၈ ဧဒင်အရပ်တွင် “ရန်ငြိုး” ဟူသောစကားလုံးကို ဘုရားသခင်ပထမအကြိမ်ဖေါ်ပြခဲ့သောအခါ ဖန်ဆင်းခြင်းသို့ လုံးဝငြိမ်သက်မှု မည်သို့ပြန်လည်တည်ထောင်ပေးမည့်အကြောင်း ကြိုတင်ဟောထားတော်မူသည်။ ဘုရားသခင့်မိန်းမ၏ ကတိတော်တည်ရာမျိုးနွယ်တော်သည် ငြိမ်သက်ခြင်းကိုဖျက်ဆီးခဲ့သောပထမဖြစ်သူ၏ ခေါင်းကိုကြိတ်မည်ဖြစ်သည်။ ထိုကတိတော်ကိုယုံကြည်ကြောင်းတင်ပြသူများသည် ဘုရားသခင်နှင့်ငြိမ်သက်သောဆက်ဆံမှုရှိခဲ့သည်။ အာဗြဟံအတွက် ယင်းသည် မိတ်ဆွေအဖြစ်သို့ ရောက်စေခဲ့သည်။—၂ ရာဇဝင်ချုပ် ၂၀:၇။ ယာကုပ် ၂:၂၃။
၉ မောရှေခေတ်တွင် အာဗြဟံ၏မြေးဖြစ်သူ ဣသရေလ၏သားများကို လူမျိုးကြီးတစ်မျိုးအဖြစ်သို့ ယေဟောဝါဖွဲ့စည်းတော်မူသည်။ ယဇ်ပုရောဟိတ်မင်းကြီးအာရုန်ပေးခဲ့သော ကောင်းချီးတစ်ခု တင်ပြသည်အတိုင်း ဤလူမျိုးအား ကိုယ်တော်၏ငြိမ်သက်ခြင်းကို ဘုရားသခင်ကမ်းလှမ်းတော်မူခဲ့သည်။ “ထာဝရဘုရား [ယေဟောဝါ၊ NW ] သည် သင့်ကိုကောင်းချီးပေး၍ စောင့်မတော်မူပါစေသော။ ထာဝရဘုရား [ယေဟောဝါ၊ NW ] သည်သင်၌မျက်နှာတော်အလင်းကိုလွှတ်၍ ကရုဏာကျေးဇူးပြုတော်မူပါစေသော။ ထာဝရဘုရား [ယေဟောဝါ၊ NW ] သည်သင့်ကိုမျှော်ကြည့်၍ ချမ်းသာပေးတော်မူပါစေသော။” (တောလည်ရာ ၆:၂၄-၂၆) ယေဟောဝါ၏ငြိမ်သက်ခြင်းသည် ကြွယ်ဝသောအကျိုးကျေးဇူးများကို ခံစားစေမည်။ သို့သော် ယင်းကိုခြွင်းချက်ဖြင့်သာရနိုင်မည်။
၁၀၊ ၁၁။ ဣသရေလလူမျိုးသည် ဘုရားသခင်နှင့်ငြိမ်သက်မှုကို အဘယ်ခြွင်းချက်ဖြင့်ရနိုင်မည်နည်း။ ယင်းကား အဘယ်ရလဒ်ကိုဖြစ်ပေါ်စေမည်နည်း။
၁၀ ထိုလူမျိုးအား ယေဟောဝါဤသို့မိန့်တော်မူသည်။ “သင်တို့သည် ငါ့ထုံးဖွဲ့ရာလမ်းသို့လိုက်၍ ငါ့ပညတ်တို့ကိုကျင့်စောင့်လျှင် အချိန်တန်မှ ငါသည်သင်တို့အဖို့ မိုးရွာစေသဖြင့် မြေသည် မိမိဘဏ္ဍာကိုပေး၍ ဥယျာဉ်အပင်တို့သည် အသီးသီးကြလိမ့်မည်။ သင်တို့ပြည်၌ စစ်မှုကိုငါငြိမ်းစေ၍ ခြိမ်းခြောက်သောသူမရှိဘဲ သင်တို့သည် အိပ်ရကြလိမ့်မည်။ တစ်ပြည်လုံးသည် ထားဘေးနှင့်ကင်းလွတ်လိမ့်မည်။ သင်တို့တွင်လည်း လှည့်လည်၍ သင်တို့၏ဘုရားသခင်ဖြစ်မည်။ သင်တို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။” (ဝတ်ပြုရာ ၂၆:၃၊ ၄၊ ၆၊ ၁၂) ဣသရေလလူမျိုးသည် ရန်သူတို့မှလုံခြုံမှုရရှိ၍ စည်းစိမ်ဥစ္စာကြွယ်ဝကြသည့်ပြင် ယေဟောဝါနှင့်ရင်းနှီးသောဆက်ဆံမှုရှိကြသဖြင့် ငြိမ်သက်မှုရှိကြပေသည်။ သို့သော် ဤသို့ဖြစ်စေခြင်းငှာ ယေဟောဝါ၏ပညတ်ကို သူတို့လိုက်လျှောက်ရကြမည်ဖြစ်သည်။—ဆာလံ ၁၁၉:၁၆၅။
၁၁ လူမျိုးတော်၏သမိုင်းတစ်လျှောက် ယေဟောဝါ၏ဥပဒေများကို သစ္စာရှိရှိလိုက်လျှောက်သော ဣသရေလသားများသည် ကိုယ်တော်နှင့်ငြိမ်သက်မှုရှိကြသည်။ ယင်းကား အခြားကောင်းချီးများစွာလည်း ခံစားစေသည်။ ရှောလမုန်ဘုရင် မင်းပြုချိန်၏ အစောပိုင်းနှစ်များအတွင်း ဘုရားသခင်နှင့်ငြိမ်သက်မှုရှိခြင်းက စည်းစိမ်ဥစ္စာပေါများစေသည်သာမက ဣသရေလနိုင်ငံဝန်းကျင်ရှိ လူမျိုးတို့နှင့်စစ်ငြိမ်းခွင့်ရှိကြသည်။ သမ္မာကျမ်းစာကဤသို့ဆိုသည်။ ရှောလမုန် “လက်ထက်တော်ကာလပတ်လုံး ယုဒအမျိုးနှင့်ဣသရေလအမျိုးသားတို့သည် ဒန်မြို့မှစ၍ ဗရရှေဘမြို့တိုင်အောင် အသီးအသီးမိမိစပျစ်ပင်၊ မိမိသင်္ဘောသဖန်းပင်အောက်မှာ ငြိမ်ဝပ်စွာနေရကြ၏။” (၃ ဓမ္မရာဇဝင် ၄:၂၅) အိမ်နီးချင်းနိုင်ငံများနှင့် အငြင်းပွားမှုဖြစ်ဦးတော့ သာ၍အရေးကြီးသည့် ဘုရားသခင်နှင့်ငြိမ်သက်မှုကို သစ္စာရှိဣသရေလလူမျိုးများ ခံစားရကြသည်။ သို့ဖြစ်သောကြောင့် နာမည်ကျော်စစ်သူရဲ ဒါဝိဒ်မင်းကြီး ဤသို့ရေးသားခဲ့သည်။ “ငြိမ်ဝပ်စွာအိပ်ပျော်၍ ပျော်ပါမည်။ အကြောင်းမူကား၊ အကျွန်ုပ်သည် လုံခြုံစွာနေရသောအခွင့်ကို ကိုယ်တော်အရှင် ထာဝရဘုရား [ယေဟောဝါ၊ NW] သာလျှင် အခွင့်ပေးတော်မူ၏။”—ဆာလံ ၄:၈။
ငြိမ်သက်ခြင်းရှိရန် သာ၍ကောင်းသောအခြေခံ
၁၂။ ဣသရေလလူမျိုးသည် နောက်ဆုံး၌ ဘုရားသခင်နှင့်ငြိမ်သက်မှုကို မည်သို့ငြင်းပယ်ခဲ့သနည်း။
၁၂ နောက်ပိုင်းတွင် ငြိမ်သက်ခြင်းအပြည့်အဝပြန်လည်ထူထောင်မည့်မျိုးစေ့သည် ယေရှုကိုယ်တော်တိုင်၌ ရောက်ရှိလာသည်။ ကိုယ်တော်မွေးဖွားချိန်တွင် ကောင်းကင်တမန်များ ဤသို့သီဆိုကြသည်။ “ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ ကမ္ဘာပေါ်တွင်ကိုယ်တော်နှစ်သက်တော်မူသောလူအပေါင်းတို့၌ ငြိမ်းချမ်းသာယာခြင်းရှိစေသတည်း။” (လုကာ ၂:၁၄၊ သတင်းကောင်း) ယေရှုသည် ဣသရေလနိုင်ငံတွင် ပေါ်ထွန်းတော်မူခဲ့သည်။ ထိုလူမျိုးသည် ဘုရားသခင်၏ပဋိညာဉ်တရားအောက်ရှိသော်လည်း လူမျိုးတစ်မျိုးအနေနှင့် ကိုယ်တော်ကိုသူတို့ငြင်းပယ်ပြီး သတ်ပစ်ခြင်းငှာ ရောမလူတို့လက်ထဲ အပ်နှင်းခဲ့ကြသည်။ သေတော်မမူမီ ရက်အနည်းငယ်အချိန်တွင် ယေရုရှလင်မြို့အတွက် ယေရှုဤသို့ငိုကြွေးတော်မူသည်။ “အချင်းမြို့၊ သင်၏ငြိမ်သက်ခြင်းနှင့်စပ်ဆိုင်သောအရာတို့ကို သင်၏လက်ထက် ယခုကာလ၌ပင် သင်သည်သိရလျှင် . . . ။ ယခုမူကားထိုအရာတို့ကို သင်၏မျက်စိရှေ့မှာ မထင်ရှားစေခြင်းငှာ ဝှက်ထားလျက်ရှိ၏။” (လုကာ ၁၉:၄၂။ ယောဟန် ၁:၁၁) ယေရှုကိုငြင်းပယ်ခဲ့သောကြောင့် ဘုရားသခင်နှင့်ငြိမ်သက်မှုရှိခြင်းကို ဣသရေလလူမျိုး လုံးလုံးဆုံးရှုံးခဲ့သည်။
၁၃။ ဘုရားသခင်နှင့်ငြိမ်သက်မှုရရှိနိုင်ရန် ယေဟောဝါသည်လူသားအတွက် အဘယ်လမ်းစဉ်အသစ်ကိုတည်စပြုတော်မူသနည်း။
၁၃ သို့ဖြစ်စေကာမူ ဘုရားသခင်၏ရည်ရွယ်တော်မူချက်များ မပျက်စီးခဲ့ပါ။ သေရာမှယေရှုရှင်ပြန်ထမြောက်လာပြီး စိတ်နှလုံးထားမှန်ရှိသူတို့အတွက် ရွေးဖိုးအဖြစ် ကိုယ်တော်၏စုံလင်သောအသက်တန်ဖိုးကို ယေဟောဝါထံဆက်သတော်မူခဲ့သည်။ (ဟေဗြဲ ၉:၁၁-၁၄) ဇာတိဣသရေလလူမျိုးနှင့်တစ်ပါးအမျိုးသားတို့ပါ ဘုရားသခင်နှင့်ငြိမ်သက်မှုရရှိနိုင်ရန် ယေရှု၏ယဇ်ပူဇော်သက္ကာသည် သာ၍ကောင်းသောလမ်းစဉ်အသစ်ဖြစ်လာလေသည်။ ရောမမြို့ရှိခရစ်ယာန်များထံ ပေါလုရေးသားသည့်စာတွင် သူဤသို့ဆိုသည်။ “ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏သားတော်အသေခံတော်မူခြင်းအားဖြင့် ငါတို့သည် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းကျေးဇူးတော်ကို ခံရသည်။” (ရောမ ၅:၁၀) ပထမရာစုနှစ်တွင် ဤနည်းဖြင့်ငြိမ်သက်မှုရရှိခဲ့သူများသည် ဘုရားသခင်၏သားများအဖြစ် မွေးစားခံရပြီး “ဘုရားသခင်၏ဣသရေလလူမျိုး” အမည်ရှိ ဝိညာဏလူမျိုးအသစ်အဝင်ဖြစ်လာခြင်းငှာ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဘိသိက်ခံခဲ့ကြသည်။ —ဂလာတိ ၆:၁၆။ ယောဟန် ၁:၁၂၊ ၁၃။ ၂ ကောရိန္သု ၁:၂၁၊ ၂၂။ ၁ ပေတရု ၂:၉။
၁၄၊ ၁၅။ ဘုရားသခင်၏ငြိမ်သက်ခြင်းကား အဘယ်နည်း။ ခရစ်ယာန်များသည် စာတန်၏ရန်ငြိုးထားရာပစ်မှတ်ဖြစ်ရကြငြား ယင်းသည် သူတို့အားမည်သို့ကာကွယ်ပေးသနည်း။
၁၄ ဤဝိညာဏဣသရေလအမျိုးသားအသစ်တို့သည် စာတန်နှင့်သူ့လောက၏ ရန်ငြိုးထားရာပစ်မှတ်ဖြစ်ရကြတော့မည်။ (ယောဟန် ၁၇:၁၄) သို့ရာတွင် သူတို့သည် “သခင်ယေရှုခရစ်နှင့်ခမည်းတော်ဘုရားသခင့်အထံတော်က . . . ငြိမ်သက်ခြင်းရှိ” မည်ဖြစ်သည်။ (၂ တိမောသေ ၁:၂) သူတို့အားယေရှုဤသို့မိန့်တော်မူခဲ့သည်။ “သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှာ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီ။”—ယောဟန် ၁၆:၃၃။
၁၅ ဤငြိမ်သက်ခြင်းကား ပေါလုနှင့်သူ၏ခရစ်ယာန်ဘက်သားတို့အား အခက်အခဲများကြား ခံနိုင်ရည်ရှိစေခဲ့သည်။ ယေရှု၏ယဇ်သက္ကာကြောင့် ဘုရားသခင်နှင့်ဆက်ဆံမှုသင့်မြတ်စေပြီး ငြိမ်သက်မှုရှိကြောင်း ထင်ရှားစေသည်။ ယေဟောဝါ၏မေတ္တာခံစားနေရသည်ကိုသိမြင်သူတို့၌ စိတ်ကြည်လင်တည်ငြိမ်မှုရှိစေသည်။ ဖခင်တစ်ဦး၏ရင်ခွင်တွင် ပွေ့ပိုက်ခံထားရသောကလေးငယ်၌ဖြစ်ပေါ်သည့် ထပ်တူစိတ်ထားမျိုးရှိသည်။ မိမိအကျိုးလိုလားသူ၏ ကြည့်ရှုစောင်မမှုကိုခံနေရကြောင်း သံသယမရှိစိတ်ချသည့်သဘောမျိုးဖြစ်သည်။ ဖိလိပ္ပိအသင်းသားများအား ပေါလုဤသို့တိုက်တွန်းခဲ့သည်။ “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာပြုသောအားဖြင့် သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။”—ဖိလိပ္ပိ ၄:၆၊ ၇။
၁၆။ ဘုရားသခင်နှင့်ငြိမ်သက်မှုရှိခြင်းကြောင့် ပထမရာစုနှစ်ခရစ်ယာန်များ အချင်းချင်းဆက်ဆံရာတွင် အဘယ်အကျိုးပြုသနည်း။
၁၆ ဘုရားသခင်နှင့်ငြိမ်သက်ခြင်း ဆုံးရှုံးရသည့်အကျိုးဆက်တစ်ခုမှာ မုန်းတီးမှုနှင့်စိတ်ဝမ်းကွဲပြားမှုဖြစ်သည်။ ပထမရာစုနှစ်ခရစ်ယာန်များအတွက်မူ ဘုရားသခင်နှင့်ငြိမ်သက်မှုရရှိခြင်းကြောင့် ယင်း၏ဆန့်ကျင်ဘက်ဖြစ်သော “အသင့်အတင့်ပေါင်းဖော်ခြင်းအဖွဲ့အစည်း” ဟုပေါလုခေါ်ခဲ့သည့် အချင်းချင်းငြိမ်သက်စည်းလုံးမှုရှိစေသည်။ (ဧဖက် ၄:၃) သူတို့သည် ‘စိတ်တညီတညွတ်တည်းရှိပြီး အချင်းချင်းအသင့်အတင့်နေကြ၏။ မေတ္တာကိုလည်းကောင်း၊ အသင့်အတင့်နေခြင်းချမ်းသာကိုလည်းကောင်း ပေးတော်မူသောဘုရားသခင်သည် သူတို့နှင့်အတူရှိတော်မူ’ ၏။ ထို့အပြင် “ရန်ငြိမ်းခြင်းတရားတည်းဟူသော ဧဝံဂေလိတရားကို” သူတို့ဟောပြောကြသည်။ သတင်းကောင်းကိုလက်ခံသူများဖြစ်သည့် “ငြိမ်သက်မှုလိုလားသူများ” အတွက် ယင်းကား ကယ်တင်ခြင်းသတင်းကောင်းဖြစ်ပေသည်။—၂ ကောရိန္သု ၁၃:၁၁။ တမန်တော် ၁၀:၃၆။ လုကာ ၁၀:၅၊ ၆၊ သတင်းကောင်း။
ငြိမ်သက်ခြင်းပဋိညာဉ်
၁၇။ ကျွန်ုပ်တို့ခေတ်တွင် လူမျိုးတော်နှင့် ဘုရားသခင်အဘယ်အရာ ဖွဲ့တော်မူသနည်း။
၁၇ ထိုသို့သောငြိမ်သက်မှုကို ယနေ့တွေ့နိုင်ပါသလော။ တွေ့မြင်နိုင်ပါ၏။ ၁၉၁၄ ခုနှစ်တွင် ဘုန်းထင်ရှားသောယေရှုခရစ်အစိုးရသော ဘုရားသခင်၏နိုင်ငံတော်တည်ထောင်ကတည်းကဖြစ်သည်။ ဘုရားသခင်၏ဣသရေလလူမျိုးမှ အကြွင်းအကျန်တို့ကို ဤလောကထဲက ယေဟောဝါရွေးနှုတ်စုသိမ်းတော်မူ၍ သူတို့နှင့်ငြိမ်သက်ခြင်းပဋိညာဉ်ဖွဲ့တော်မူခဲ့သည်။ ဤနည်းဖြင့် ပရောဖက်ယေဇကျေလမှတစ်ဆင့် ပေးတော်မူခဲ့သောကတိတော်ကို ပြည့်စုံစေတော်မူခဲ့သည်။ “သူတို့နှင့် မိတ်သဟာယပဋိညာဉ်ကို ငါဖွဲ့၍ ထိုပဋိညာဉ်သည် နိစ္စထာဝရပဋိညာဉ်ဖြစ်လိမ့်မည်။ သူတို့ကို နေရာချ၍ များပြားစေမည်။ ငါ၏သန့်ရှင်းရာဌာနကို သူတို့အလယ်၌ အစဉ်အမြဲထားမည်။” (ယေဇကျေလ ၃၇:၂၆) ပထမရာစုနှစ်ညီအစ်ကိုများနည်းတူ ယေရှု၏ယဇ်သက္ကာ၌ ယုံကြည်ခြင်းတင်ပြခဲ့သော ဘိသိက်ခံခရစ်ယာန်များနှင့် ဤပဋိညာဉ်ကိုယေဟောဝါဖွဲ့တော်မူခဲ့သည်။ ဝိညာဏညစ်ညမ်းမှုမှသန့်စင်ခံရပြီး ကောင်းကင်ခမည်းတော်ထံ ကိုယ်ကိုဆက်ကပ်အပ်နှံ၍ ကိုယ်တော်၏မိန့်တော်မူချက်များကို ကြိုးစားလိုက်နာကြသည်။ ဤသို့ပြုရာတွင် တည်ထောင်လျက်ရှိသောဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို ကမ္ဘာချီဟောပြောခြင်းလုပ်ငန်း၌ ရှေ့တန်းမှဆောင်ရွက်ခြင်းက အထင်ရှားဆုံးဖြစ်သည်။—မဿဲ ၂၄:၁၄။
၁၈။ ဘုရားသခင်၏နာမတော်သည် ဘုရားသခင့်ဣသရေလလူမျိုးအပေါ် ရှိတော်မူကြောင်းကို လူမျိုးတို့မှအချို့သူများ အသိအမှတ်ပြုကြသောအခါ မည်သို့တုံ့ပြန်ကြသနည်း။
၁၈ ပရောဖက်ပြုချက်က ဤသို့ဆက်တင်ပြ၏။ “ငါ၏ဗိမာန်တော်သည်လည်း သူတို့၌ရှိ၍ ငါသည်သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။ ထိုသို့ငါ၏သန့်ရှင်းရာဌာနသည် သူတို့အလယ်၌ အစဉ်အမြဲတည်သောအခါ ငါထာဝရဘုရား [ယေဟောဝါ၊ NW ] သည် ဣသရေလအမျိုးကို သန့်ရှင်းစေသည်ဟု တစ်ပါးအမျိုးသားတို့သည်သိရကြလိမ့်မည်။” (ယေဇကျေလ ၃၇:၂၇၊ ၂၈) ယင်းနှင့်လျော်ညီစွာ ယေဟောဝါ၏နာမတော်သည် ဣသရေလလူမျိုးအပေါ်ရှိတော်မူကြောင်းကို “လူမျိုးတို့” အထဲမှသန်းပေါင်းများစွာသောသူတို့ အသိအမှတ်ပြုခဲ့ကြပြီ။ (ဇာခရိ ၈:၂၃) ဤသူတို့သည် လူမျိုးအပေါင်းမှထွက်လာကြပြီး ဝိညာဏလူမျိုးတော်နှင့်အတူ ယေဟောဝါအမှုတော်ကိုထမ်းဆောင်ရန် ဗျာဒိတ်ကျမ်းတွင် ကြိုတင်တွေ့မြင်ခဲ့သော “လူအုပ်ကြီး” အသွင်ဖြင့်ဖွဲ့စည်းစုဝေးလာကြသည်။ ဤသူတို့သည် “ဝတ်လုံကိုသိုးသငယ်၏အသွေး၌လျှော်၍ ဖြူစေ” ခဲ့ကြပြီဖြစ်ရာ ငြိမ်သက်သာယာသောကမ္ဘာသစ်အတွင်းသို့ ကြီးစွာသောဆင်းရဲဒုက္ခအထဲက ထွက်မြောက်ကပ်ကျော်ကြမည်။—ဗျာဒိတ် ၇:၉၊ ၁၄။
၁၉။ ယနေ့ဘုရားသခင်၏လူမျိုးသည် အဘယ်ငြိမ်သက်မှု၌ ပျော်မွေ့နေကြသနည်း။
၁၉ ရှောလမုန်မင်းကြီးလက်ထက် ဣသရေလနိုင်ငံတွင်ရှိသောငြိမ်သက်မှုမျိုးကို ဘုရားသခင်၏ဣသရေလနှင့်လူအုပ်ကြီးသည် ယနေ့ဝိညာဏငြိမ်သက်မှုခံစားနေရကြသည်။ သူတို့အကြောင်း မိက္ခာဤသို့ပရောဖက်ပြုသည်။ “သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည် စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန်မသင်ရကြ။ လူအပေါင်းတို့သည် ကိုယ်ပိုင်သောစပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူတစ်ယောက်မျှ မရှိရ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား [ယေဟောဝါ၊ NW ] ၏နှုတ်တော်ထွက်အမိန့်တော်ရှိ၏။” (မိက္ခာ ၄:၃၊ ၄။ ဟေရှာယ ၂:၂-၄) ယင်းနှင့်အညီ စစ်မှုနှင့်ရုန်းရင်းခတ်မှုကို သူတို့ကြောခိုင်းကာ ဓားများကိုထွန်သွား၊ လှံများကိုတံစဉ်အဖြစ် တင်စားထုလုပ်ခဲ့ကြပြီ။ ဤသို့အားဖြင့် သူတို့၏အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းတွင် လူမျိုးမရွေး၊ ဘာသာစကားမရွေး၊ လူမှုရေးနောက်ခံမရွေး ညီအစ်ကိုများအသင်းအပင်း၌ အသင့်အတင့်ရှိနေကြသည်။ ယေဟောဝါ၏စောင့်မကာကွယ်မှုရရှိခြင်းကို စိတ်ချနိုင်ခြင်း၌ သူတို့ပျော်မွေ့နေကြ၏။ သူတို့အား ‘ကြောက်စေသောသူတစ်ယောက်မျှ မရှိ’ ချေ။ ‘ယေဟောဝါသည် မိမိလူစုကို ခိုင်ခံ့စေတော်မူပြီ။ ယေဟောဝါသည် မိမိလူစုအား ငြိမ်သက်ခြင်းကောင်းချီးမင်္ဂလာကို အမှန်ပေးတော်မူ’ ပြီ။—ဆာလံ ၂၉:၁၁။
၂၀၊ ၂၁။ (က) ဘုရားသခင်နှင့်ငြိမ်သက်မှုဆက်တည်တံ့ရေးအတွက် အဘယ်ကြောင့်ကြိုးစားရန် လိုအပ်သနည်း။ (ခ) ဘုရားသခင်လူမျိုးတော်၏ငြိမ်သက်ခြင်းကိုဖြိုခွဲရန် စာတန်၏ကြိုးစားမှုများအကြောင်း ဘာပြောနိုင်သနည်း။
၂၀ ပထမရာစု၌ကဲ့သို့ ဘုရားသခင့်ကျေးကျွန်များ၏ငြိမ်သက်ခြင်းသည် စာတန့်ရန်ငြိုးကို နှိုးဆွပေးသည်။ ၁၉၁၄ ခုနှစ်တွင်ဘုရားသခင်၏နိုင်ငံတော်တည်ထောင်ပြီးနောက် ကောင်းကင်မှနှင်ချခံခဲ့ရာ ထိုအချိန်ကတည်းက စာတန်သည် “မိန်းမ၌ကြွင်းသောအမျိုးအနွယ်ကို” စစ်တိုက်ခဲ့ပြီ။ (ဗျာဒိတ် ၁၂:၁၇) ပေါလုလက်ထက်၌ပင် သူဤသို့သတိပေးခဲ့သည်။ “ငါတို့သည် အသွေးအသားရှိသောရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်။ . . . မိုးကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်ဆိုင်ပြိုင်တိုက်လှန်ရကြ၏။” (ဧဖက် ၆:၁၂) ယခုမြေကြီးအနီးပတ်ဝန်းကျင်၌ စာတန်အားနယ်နိမိတ်သတ်မှတ်ထားရာ ထိုသတိပေးချက်သည် အလွန်အရေးပါလာသည်။
၂၁ ဘုရားသခင်လူမျိုးတော်၏ငြိမ်သက်ခြင်းကိုဖြိုခွဲရန် ကြိုးစားရာတွင် မိမိအသုံးပြုနိုင်သမျှနည်းဗျူဟာတို့ကို စာတန်အသုံးပြုခဲ့ပေပြီ။ သို့သော် သူမအောင်မြင်နိုင်ပါ။ ၁၉၁၉ ခုနှစ်တွင် ဘုရားသခင်၏သစ္စာရှိအမှုဆောင် ၁၀,၀၀၀ မျှပင်မရှိခဲ့ပေ။ ယနေ့ လောကကို ယုံကြည်ခြင်းဖြင့်အောင်နိုင်သူ လေးသန်းကျော်ရှိနေပါသည်။ (၁ ယောဟန် ၅:၄) ဤသူတို့အတွက် ဘုရားသခင်နှင့်လည်းကောင်း၊ အချင်းချင်းနှင့်လည်းကောင်း ငြိမ်သက်ခြင်းရှိခြင်းသည် ဖြစ်ရပ်မှန်ဖြစ်နေပါသည်။ စာတန်နှင့်သူ၏မျိုးနွယ်ရန်ကို ခံနေရလျက်ပင် ထိုသို့ငြိမ်သက်နိုင်ကြ၏။ သို့သော် ဤရန်ငြိုးကိုထောက်၍သော်လည်းကောင်း၊ ကျွန်ုပ်တို့ကိုယ်တိုင်၏ မစုံလင်မှုနှင့် ကျွန်ုပ်တို့အသက်ရှင်နေရသည့် ‘ခဲယဉ်းဆိုးယုတ်သောကာလ’ ကိုထည့်စဉ်းစားလျက်သော်လည်းကောင်း၊ ကျွန်ုပ်တို့၏ငြိမ်သက်မှု ဆက်တည်တံ့ရေးအတွက် ဝီရိယစိုက်ထုတ်ကြရန် လိုအပ်နေပါသည်။ (၂ တိမောသေ ၃:၁) ယင်း၌ အဘယ်အရာပါဝင်ပတ်သက်ကြောင်း နောက်ဆက်တွဲဆောင်းပါးတွင် တွေ့ရှိရကြမည်။
သင်ရှင်းပြနိုင်ပါသလော
▫ အစကနဦးတွင် ဘုရားသခင်နှင့်ငြိမ်သက်ခြင်းကို လူသားအဘယ်ကြောင့်ဆုံးရှုံးခဲ့သနည်း။
▫ ဣသရေလလူမျိုးသည် ဘုရားသခင်နှင့်ငြိမ်သက်မှုကို အဘယ်ခြွင်းချက်ဖြင့်ရနိုင်မည်နည်း။
▫ ယနေ့ ဘုရားသခင်နှင့်ငြိမ်သက်ခြင်းသည် အဘယ်အပေါ်တည်သနည်း။
▫ ကျွန်ုပ်တို့နှလုံးကိုကာကွယ်ပေးသည့် “ဘုရားသခင်၏ငြိမ်သက်ခြင်း” ကားအဘယ်နည်း။
▫ ဘုရားသခင်နှင့်ငြိမ်သက်ခြင်းရှိမည်ဆိုလျှင် အဘယ်ကောင်းချီးများကို ထပ်ဆင့်၍ခံစားရသနည်း။