ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၁၁/၁၅ စာ. ၁၈-၂၄
  • တစ်ယောက်၏အကျိုးကိုတစ်ယောက် ရှာကြလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တစ်ယောက်၏အကျိုးကိုတစ်ယောက် ရှာကြလော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဝိညာဏစိတ်ဝင်စားမှုနှင့် ဥပဓိရုပ်ကွာခြားမှုများ
  • ကိုယ့်ထက်သူတစ်ပါးသာသည်ဟု ယူမှတ်
  • သူတစ်ပါးအကျိုးလိုလားစိတ် တိုးပွားစေ
  • စာနာစိတ်တင်ပြပါ
  • သင့်ညီအစ်ကိုကို ရခြင်း
  • မယုံကြည်သူတို့ကို ရခြင်း
  • သူတစ်ထူး၌ ကိုယ်တိုင်စိတ်ဝင်စားမှုပြခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
  • အခြားသူအား စိတ်ဝင်စားမှုပြခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ခရစ်ယာန်အကြီးအကဲများ —‘ဝမ်းမြောက်ခြင်းအတွက် လုပ်ဖော်ဆောင်ဖက်များ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • တခြားသူတွေရဲ့ ခံစားချက်ကို နားလည်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၁၁/၁၅ စာ. ၁၈-၂၄

တစ်ယောက်၏အကျိုးကိုတစ်ယောက် ရှာကြလော့

“ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။”—ဖိလိပ္ပိ ၂:၄။

၁၊ ၂။ သူတစ်ပါးအကျိုး၌စိတ်ဝင်စားသင့်သည့် အကြောင်းရင်းအချို့ကားအဘယ်နည်း။

တ စ်ယောက်၏အကျိုးကိုတစ်ယောက်ရှာရန် အကြောင်းကောင်းများစွာရှိသည်။ ဥပမာ၊ တစ်ဦးနှင့်တစ်ဦးမတူညီကြသည့်အတွက် လူလူချင်းကိုကျွန်ုပ်တို့စိတ်ဝင်စားကြသည်။ ကျွန်ုပ်တို့၏မျိုးရိုးဇာတိတည်ဆောက်ပုံ ပုံစံပြာတွင် ကိုယ်ခန္ဓာဆဲလ်များ၏ မျိုးရိုးဗီဇရှိသည်။ ယင်းသည် ထူးခြားကွဲပြားလှသဖြင့် စုံထောက်ဌာနများသည် သူတို့၏ခွဲခြားသိမြင်နည်းများတွင် မျိုးရိုးဗီဇ “လက်ဗွေပုံစံယူခြင်း” နည်းကိုထည့်သွင်းထားသည်။

၂ ကျွန်ုပ်တို့ တစ်ဦးနှင့်တစ်ဦးမတူညီခြင်း၊ စိတ်ဝင်စားဖွယ်ပုဂ္ဂိုလ်များဖြစ်ရသည့် အခြားအကြောင်းရင်းများရှိသည်။ ပဋိသန္ဓေတည်စကပင် ကျွန်ုပ်တို့ပတ်ဝန်းကျင်၏ဩဇာအောက်တွင်ရှိကြသည်။ သားအိမ်အပြင်ဘက်၏ဖြစ်စဉ်တို့ကို မဖွားမြင်သေးသောကလေးများ တန်ပြန်တတ်ကြောင်း သာဓကများစွာရှိသည်။ ထို့နောက် မှီခိုသူအဖြစ်မဟုတ်ဘဲ ကိုယ်တိုင်အသက်ရှူသူများအဖြစ် လောကထဲသို့ ကျွန်ုပ်တို့ဝင်ရောက်လာပြီးနောက် မိဘများ၏စိတ်ထားနှင့်လုပ်ကိုင်ပုံလုပ်ကိုင်နည်းများသည် ကျွန်ုပ်တို့ကို ဂယက်ရိုက်သည်။ ကြီးပြင်းလာစဉ် တစ်ဦးတည်းသောကလေးဖြစ်ကောင်းဖြစ်မည်။ သို့မဟုတ် ညီအစ်ကိုညီအစ်မများလာ၍ သူတို့ကိုဝိုင်းဝန်းကြည့်ရှုရပေမည်။ ဤကဲ့သို့သောပေါင်းသင်းဆက်ဆံမှုမျိုးမရှိခြင်းက ကျွန်ုပ်တို့မည်သို့ကြီးထွားလာပုံနှင့် များစွာသက်ဆိုင်နေပါသည်။ ကျွန်ုပ်တို့ဖတ်ရှုသည့်စာပေ၊ ကျောင်းတွင်တတ်သိလာသောပညာ၊ တယ်လီဗေးရှင်းပေါ် ရှုစားသောအရာတို့လည်း ကျွန်ုပ်တို့စဉ်းစားတွေးတောပုံနှင့် အပြုအမူတို့ကို များစွာသြဇာညောင်းစေသည်။

၃။ ဖိလိပ္ပိ ၂:၄ နှင့်အညီ အထူးသဖြင့် သူတစ်ပါး၏အဘယ်အကျိုး၌ စိတ်ဝင်စားသင့်သနည်း။

၃ ထိုကြောင့် ကျွန်ုပ်တို့တစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားပုံက တစ်ဦးကိုတစ်ဦး စိတ်ဝင်စားစေသည်။ သို့သော် တစ်ဦးကိုတစ်ဦးစိတ်ဝင်စားသင့်သော ထိုထက်သာလွန်သည့်အကြောင်းရင်းတစ်ခုကို တမန်တော်ပေါလုဆိုလိုနေသည်။ ထိုကြောင့် “ကိုယ်အမှုအရာကိုသာမရှုမမှတ်ဘဲ သူ့အမှုအရာကို အချင်းချင်းရှုမှတ်” ကြရန် ခရစ်ယာန်ချင်းတို့အား ပေါလုတိုက်တွန်းခဲ့သည်။ (ဖိလိပ္ပိ ၂:၄) ကိုယ်အကျိုးကိုသာရှာမည့်အစား သူတစ်ပါး၏ဝိညာဉ်ရေး၌ အထူးစိတ်ဝင်စားသင့်သည်။ ထိုကြောင့် တစ်ဦးကိုတစ်ဦး စိတ်ဝင်စားသင့်သည့်အကြောင်းအချို့ကား အဘယ်နည်း။

ဝိညာဏစိတ်ဝင်စားမှုနှင့် ဥပဓိရုပ်ကွာခြားမှုများ

၄။ ဧဖက် ၄:၂၂-၂၄ အရ အဘယ်ပြောင်းလဲမှုများသည် သူတစ်ပါး၏ဝိညာဏအကျိုးလိုလားစိတ်ကို တိုးပွားစေသနည်း။

၄ ကျမ်းစာဆိုင်ရာ သမ္မာတရားပညာကို ကိုယ်တိုင်ကျင့်သုံးပြီး ယေရှုခရစ်၏ပုံသက်သေအတိုင်း ခြေရာခံလိုက်လျှောက်တတ်လာသောအခါ သူတစ်ပါး၏ဝိညာဏအကျိုးလိုလားသောစိတ်သဘော တိုးပွားလာပေသည်။ (၁ ပေတရု ၂:၂၁) ခရစ်ယာန်စစ်များအနေနှင့် ‘အထက်ကကျင်လည်သောလူဟောင်းကိုချွတ်ပယ်၍’ “မှန်သောဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းပါရမီအားဖြင့် ဘုရားသခင်နှင့်အတူအမျှဖန်ဆင်းသောလူသစ်” ကိုအစားထိုးရန် ကြိုးစားနေကြသည်။ (ဧဖက် ၄:၂၂-၂၄) ဤနည်းဖြင့် အတ္တသဘောထားများကို သူတစ်ပါးအပေါ် ကြင်နာသနားစာနာစိတ်များနှင့် တဖြည်းဖြည်း အစားထိုးပေးနေကြသည်။—ဟေရှာယ ၆၅:၂၅။

၅။ ခရစ်ယာန်အသင်းတော်တွင် ထူးခြားသောဥပဓိရုပ်များ အဘယ်ကြောင့်ရှိသနည်း။ ယင်းက အဘယ်မေးခွန်းပေါ်ပေါက်စေသနည်း။

၅ ယေဟောဝါ၏လူမျိုးအလယ်တွင် ထူးခြားစွာဥပဓိရုပ်ပြောင်းလဲမှုများဖြစ်လာသော်ငြား၊ အပြစ်ပြုလိုသောသဘောထားများ ရှိနေဆဲပင်ဖြစ်သည်။ ပေါလုပင် ဤသို့အသိအမှတ်ပြုခဲ့သည်။ “ကောင်းသောအကျင့်ကို ငါကျင့်ချင်သောအခါ မကောင်းသောအကျင့်ကို ကျင့်စေတတ်သောတရားကို ငါတွေ့၏။” (ရောမ ၇:၂၁) အခြားမွေးရာပါဗီဇများရှိ၍ ယင်းတို့က ကျွန်ုပ်တို့၏အမှတ်အသားများဖြစ်နေပေသည်။ အချို့မှာ လှပတင့်တယ်ရာကို မြတ်နိုးစိတ်ရှိသည်။ အခြားသူများမူ စိစစ်ဝေဖန်တတ်သောသဘောရှိ၏။ အချို့သူတို့သည် အေးဆေးငြိမ်သက်၊ ကိုယ်နှုတ်စောင့်စည်းသူများဖြစ်ကြ၍ အခြားသူများမှာမူ အပေါင်းအဖေါ်နှင့်ပျော်တတ်ပြီး ပွင့်လင်းသူများဖြစ်ကြသည်။ ထိုကြောင့် ဤမျှဥပဓိရုပ်ကွာခြားနေကြသော ခရစ်ယာန်အသင်းတော်တွင် မည်သို့စည်းလုံးမှုရှိနိုင်မည်နည်း။

၆။ ဥပဓိရုပ်ကွဲပြားခြားနားမှုများကို ကျွန်ုပ်တို့မည်သို့သဘောထားသင့်သနည်း။ ယင်းကိုမည်သို့ဥပမာတင်ပြမည်နည်း။

၆ သူတစ်ပါး၏ဝိညာဏအကျိုးကို လိုလားပြီး ခရစ်ယာန်စည်းလုံးမှုတိုးပွားစေရမည်ဆိုလျှင် ကျွန်ုပ်တို့သည် အရှိကိုအရှိအတိုင်းမြင်တတ်ပြီး နားလည်မှုရှိရမည်။ ကျွန်ုပ်တို့စုံလင်ရန် ဘုရားသခင်မတောင်းဆိုသည့်အတွက် ခရစ်ယာန်အပေါင်းအသင်းတို့ထံမှလည်း ကျွန်ုပ်တို့မတောင်းဆိုသင့်။ ၄င်းပြင် ကိုယ်တော်၏ကျေးကျွန်အားလုံးသည် တစ်ပုံစံတည်းဖြစ်နေစေရန် ယေဟောဝါမတောင်းဆိုပါ။ ခရစ်ယာန်အသင်းတော်တွင် ကျွန်ုပ်တို့အားလုံးအတွက် ကိုယ်စီနေရာရှိသည်အလျောက် ကိုယ်တော်၏လုပ်ငန်းတွင်ကျယ်ရန်၊ မွေးရာပါ ဘုရားပေးအရည်အချင်းများကို အသုံးပြုနိုင်ပေသည်။ (၁ ကောရိန္သု ၁၂:၁၂-၂၆) အသင်းတော်၏ခေါင်း ယေရှုခရစ်၏ညွှန်ကြားမှုအောက်တွင် ကျွန်ုပ်တို့ကြိုးစားအားထုတ် အလုပ်များနေမည်ဆိုလျှင် အချင်းချင်းကို အပြစ်ရှာသည့်သဘောနှင့်ကြည့်ရှုနေရန် အချိန်ရှိလိမ့်မည်မဟုတ်ပေ။ (၁ ကောရိန္သု ၄:၁-၄) လက်နက်ကိရိယာတစ်ခုစီသည် လုပ်ငန်းတစ်ခုစီအတွက်တီထွင်ထားကြောင်း လက်မှုပညာသည်တစ်ဦး အသိဆုံးဖြစ်ပေသည်။ တူတစ်ချောင်းသည် လွန်ပူကဲ့သို့အပေါက်ဖောက်ပေးနိုင်မည်လော။ သစ်သားကို ပုံသွင်းပေးနိုင်သည့် ရွေပေါ်သည် ၄င်းထဲဝက်အူစုပ်ပေးနိုင်မည်လော။ လုံးလုံးမလုပ်ပေးနိုင်ပါ။ အကြောင်းမှာ လက်နက်ကိရိယာတစ်ခုစီသည် ကိုယ်စီလုပ်ငန်းတာရှိသည်။

၇။ နိုင်ငံတော်လုပ်ငန်း၌ အတူတကွပါဝင်ရာတွင် အဘယ်အရာကို ဦးထိပ်ထားသင့်သနည်း။

၇ နိုင်ငံတော်သီချင်းမှ “ဝမ်းမြောက်စွာမှုတော်ဆောင်ပါ” စကားလုံးများသည် အလွန်မှန်လှပါသည်တကား။ ဤသို့တိုက်တွန်းထားသည်။ “ရွှင်လန်းစွာ ဘုရားမင်းမှုတော် ဆောင်ရွက်စို့၊ မှုတော်တွက် ဉာဏ်စွမ်းသတ္တိတန်ခိုးပြဖို့” ထူးကဲသောဉာဏ်စွမ်း ရှိချင်မှရှိမည်။ သို့တစေ ယေဟောဝါသက်သေများအနေနှင့် အပ်နှင်းခံရသောလုပ်ငန်းကို ဦးထိပ်ထားပြီး စိတ်နှလုံးအကြွင်းမဲ့ဆောင်ရွက်ကြသည်။ အဆိုပါသီချင်း၏ နောက်ဆက်တွဲစကားအတိုင်းပင် “ကျွန်တော်များဆောင်ရွက်အား သေးသိမ်ပါသော်ငြား၊ ကြည်ညိုပြည့်ဝစိတ်ထား မေတ္တာမှထင်ရှား” စေသည်။—ယေဟောဝါအားချီးမွမ်းကျူးဧခြင်း၊ သီချင်း ၁၃၀။

ကိုယ့်ထက်သူတစ်ပါးသာသည်ဟု ယူမှတ်

၈။ ဖိလိပ္ပိ ၂:၁-၃ တွင်ပေါလုပြောထားသည့်စကားကို ကျင့်သုံးခြင်းအားဖြင့် စည်းလုံးမှုမည်သို့ရှိနိုင်သနည်း။

၈ သူတစ်ပါးသည် ကိုယ့်ထက်သာသည်ဟုယူမှတ်ခြင်းအားဖြင့်လည်း စည်းလုံးမှုကိုတိုးပွားစေသည်။ ပေါလုဤသို့ရေးသားခဲ့သည်။ “ထိုကြောင့် ခရစ်တော်၌သက်သာခြင်း၊ မေတ္တာနှင့်စပ်ဆိုင်သောချမ်းသာခြင်း၊ ဝိညာဉ်တော်နှင့် မိတ်သဟာယဖွဲ့ခြင်း၊ သနားစုံမက်ခြင်းတည်းဟူသောအရာ တစ်စုံတစ်ခုရှိလျှင် သင်တို့သည် အချင်းချင်းချစ်ကြ၍ စိတ်မကွဲပြားဘဲ တစ်လုံးတစ်ဝတည်းကြံစည်ခြင်းနှင့်တကွ သဘောတညီတညွတ်တည်းရှိသောအားဖြင့် ငါဝမ်းမြောက်စရာအကြောင်းကို စုံလင်စေကြလော့။” တမန်တော်သည် ဤသို့ထပ်ဆင့်ပြောဆိုသည်ကို သတိပြုပါ။ “ရန်တွေ့လိုသောစိတ်၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကိုမျှမပြုကြနှင့်။ သူတစ်ပါးသည် ကိုယ့်ထက်သာ၍ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက် ထင်မှတ်ကြလော့။”—ဖိလိပ္ပိ ၂:၁-၃။

၉။ ရန်တွေ့ခြင်းနှင့် ကိုယ့်ကိုယ်ကိုအထင်ကြီးခြင်းကား ဘာကိုဆိုလိုသနည်း။ ဤဉာဉ်များကို မည်သို့ရှောင်ကြဉ်နိုင်သနည်း။

၉ သူတစ်ပါးကို ကိုယ့်ထက်သာသည်ဟုသဘောမထားခြင်းကြောင့် ရန်တွေ့တတ်သောသူသည် “အလွယ်တကူ ရန်ပွားရန်၊ ငြင်းခုံရန် စိတ်သန်၍ အမြဲဆန့်ကျင်ဘက်ပြုတတ်သဖြင့် ငြီးငွေ့စရာကောင်းသည်။” (Webster’s New Collegiate Dictionary) ဤဝသီသည် “စကားကြောင့်သာ ငြင်းခုံခြင်း” ၌ပင် ထင်ရှားပေါ်လွင်ပေမည်။ (၁ တိမောသေ ၆:၄) စကားနောက်ဝယ်စိတ်ထားနှင့် ၄င်းတို့ထင်ရှားစေသည့် သဘောတရားကိုသာ အရေးပေးသင့်သည်မှာအမှန်။ ထိုကြောင့် နှုတ်ဖြင့်မြွက်ဆိုခြင်း သို့မဟုတ် စာပေအရေးအသားအားဖြင့် အသုံးအနှုန်းများကို စကားကပ်တတ်သူတစ်ဦးမဖြစ်ရန်ရှောင်ရမည်။။ ယုံကြည်ချက်တစ်ခုနှင့်ပတ်သက်၍ ခြားနားသောယူဆချက်ကို သင့်အားတင်ပြသည်ဆိုပါစို့။ “သစ္စာသတိပညာရှိကျေးကျွန်” မှတစ်ဆင့် ဘုရားသခင်ပေးသနားတော်မူသည့် ကျမ်းစာဆိုင်ရာသိအပ်ရာကိုသာ လက်ခံမှီဝဲထားပါ။ (မဿဲ ၂၄:၄၅-၄၇) ပြန်စဉ်းစားကြည့်လျှင် သမ္မာတရားကို အစအဦးရပုံကား ဤသို့သာဖြစ်သည်။ ယင်းကိုအသိအမှတ်ပြုခြင်းအားဖြင့် ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းခြင်းမှရှောင်ရှားနိုင်သည်။

သူတစ်ပါးအကျိုးလိုလားစိတ် တိုးပွားစေ

၁၀။ ဖိလိပ္ပိ ၂:၄ ၏အဘယ်ကျင့်သုံးခြင်းကို အသင်းတော်တွင်လေ့ကျင့်သင့်သနည်း။

၁၀ ပေါလုက “ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့” ဟုတိုက်တွန်းထားကြောင်း သတိပြုပါ။ (ဖိလိပ္ပိ ၂:၄) ဘာကိုဆိုလိုသနည်း။ ပတ်ဝန်းကျင်ကို ဂရုပြုခြင်းက လယ်ကွင်းလုပ်ငန်းတွင် အကူအညီဖြစ်စေသကဲ့သို့ အသင်းတော်ရှိသူတို့၏အကျိုးကို စိတ်ဝင်စားခြင်းအားဖြင့် ကျွန်ုပ်တို့အားစည်းလုံးစေသည့် မေတ္တာနှောင်ကြိုးခိုင်မြဲစေရန် အခွင့်ကောင်းများရရှိစေသည်။ အထူးသဖြင့်အကြီးအကဲများ ယုံကြည်သူချင်းတို့အတွက် စိုးရိမ်စိတ်ပြင်းပြရန်တာဝန်ရှိသည်။ အကြောင်းမူကား “သင်၏သိုးစုအကြောင်းတို့ကို သိခြင်းငှာ ကြိုးစားလော့” ဟုဆိုထားသည်။ (သု၊ ၂၇:၂၃) သို့သော် ကျွန်ုပ်တို့တစ်ဦးစီလည်း ယုံကြည်သူချင်းတို့လိုအပ်ရာကို ဂရုပြုနိုင်သည်။ ဂရုလည်းပြုသင့်သည်။—၁ ပေတရု ၂:၁၇။

၁၁။ ကျွန်ုပ်တို့၏ဝိညာဏညီအစ်ကိုညီအစ်မများနှင့် စကားပြောဆိုသည့်အခါ အဘယ်ကြောင့် အာရုံပြုသင့်သနည်း။

၁၁ စည်းလုံးမှုတိုးပွားစေပြီး သူတစ်ပါးအကျိုးလိုလားစိတ်ကို ပျိုးထောင်ပေးရန် အခြားနည်းတစ်နည်းကား သင့်ညီအစ်ကိုညီအစ်မများနှင့် ပြေပြစ်စွာဆက်သွယ်မှုရှိရန် အချိန်ယူခြင်းဖြစ်သည်။ သူတို့ ဘာစဉ်းစားနေသည်ကို သိရန်ကြိုးစားပါ။ သူတို့အိမ်သို့ အလည်အပတ်သွားသည့်အခါ၊ နိုင်ငံတော်ခန်းမ၌ စည်းဝေးများမစမီနှင့် စည်းဝေးပြီးနောက်၊ စည်းဝေးပွဲကြီးများတွင် အားလပ်ချိန်များ၌ ယင်းသို့ပြုလုပ်နိုင်ပါသည်။ သူတို့စကားပြောဆိုသည့်အခါ ဂရုစိုက်နားထောင်ပါ။ ယင်းသို့ပြုခြင်းဖြင့် သူတို့ရင်ဆိုင်နေရသော အခက်အခဲများအကြောင်း ကြားသိရပေမည်။ သို့သော် ဤသို့အားဖြင့် သူတို့ဝန်များကို ဝိုင်းဝန်းထမ်းပေးခြင်းဖြင့် ခရစ်တော်၏ပညတ်ကို ပြည့်စုံစေပေမည်။ (ဂလာတိ ၆:၂) သို့သော်လည်း အသင်းတော်စည်းလုံးမှုကိုစောင့်စည်းပေးရန် ညီအစ်ကိုများနှင့် စကားစမြည်ပြောဆိုရုံထက် ပြုလုပ်စရာရှိသည်။ ယင်းကားအဘယ်နည်း။

စာနာစိတ်တင်ပြပါ

၁၂။ အချင်းချင်းစာနာစိတ် အဘယ်ကြောင့်တင်ပြသင့်သနည်း။

၁၂ စာနာစိတ်သည်လည်း ခရစ်ယာန်စည်းလုံးမှုကို တိုးပွားစေသည်။ လူ့ဘဝ၌ တိုးပွားများပြားနေသောဖိစီးမှုများကြောင့် ဤအရည်အချင်းကိုတင်ပြရန်လိုအပ်နေပါသည်။ ကိုယ့်စိတ်ထဲရှိရာကိုသာ အာရုံစူးစိုက်လွန်းရသဖြင့် သူတစ်ပါး၏ခံစားချက်များကို ထည့်မစဉ်းစားနိုင်သည့်တိုင် မဖြစ်ပါနှင့်။ ဥပမာအနေနှင့်၊ လုပ်ငန်းတော်စည်းဝေးသို့ အစီအစဉ်တွင်ပါဝင်မည့်သူတစ်ဦးရောက်လာသည်နှင့် ကြေညာရမည့်အကြောင်းတစ်ခုကို အကြီးအကဲဖြစ်သူသည် သူ့အားအလျင်အမြန်ပြောဆိုမည်ပြုရာ သူက “ဦးဆုံးညီအစ်ကို၊ မင်္ဂလာပါဟု နှုတ်ဆက်ပါရစေ” ဟုပြောလိုက်သည့်အခါ အကြီးအကဲအံ့အားသင့်၍ မျက်နှာပျက်ခဲ့ရသည်။ သို့နှင့် တစ်ဦးကိုတစ်ဦးနှုတ်ဆက်စကားပြောဆို၍ သက်သောင့်သက်သာရှိကြပြီးနောက်မှ ကြေညာချက်ကို ဆက်ဆွေးနွေးကြသည်။ ထိုအကြီးအကဲဖြစ်သူ သင်ခန်းစာရလိုက်လေသည်။ ထိုကြောင့် စိတ်မစောလွန်းနှင့်။ အချင်းချင်းဆက်ဆံမှုပြေပြစ်သာယာစေရန် ယဉ်ကျေးမှုများကို လျစ်လျူမရှုကြပါနှင့်။

၁၃။ သူတို့၏ခရစ်ယာန်အပေါင်းအသင်းများနှင့်ဆက်ဆံရာတွင် အချင်းချင်းစာနာစိတ်သည် အကြီးအကဲများအား မည်သို့ပြုရန် တိုက်တွန်းပေးသနည်း။

၁၃ အချင်းချင်းစာနာစိတ်သည် အကြီးအကဲများအား သနားကြင်နာစိတ်နှင့် အခြားမွန်မြတ်သောအရည်အချင်းများကို တင်ပြစေသည်။ တစ်ခါတစ်ရံ ဤသူတို့သည် “နို့ထိန်းသည် မိမိသူငယ်ကို ကျွေးမွေးပြုစုသကဲ့သို့” ယုယကြင်နာမှုပြရန်လိုသည်။ (၁ သက်သာလောနိတ် ၂:၇) အချို့သောသူတို့ကိုကူညီပေးရာတွင် စိတ်ရှည်မှုနှင့် မေတ္တာရှိရှိအားပေးမှုပြရန်လိုပေသည်။ “ရှေ့ဦးစွာရှိခဲ့သောချစ်ခြင်းမေတ္တာလျော့” နေသူတို့အား တိုး၍လှုပ်ရှားကြရန် အားပေးဖို့၊ ကျွန်ုပ်တို့အချိန်ကာလ၏အရေးကြီးမှုကို သိရှိစွဲလမ်းရန်ကူညီပေးဖို့ လိုကောင်းလိုပေမည်။ (ဗျာဒိတ် ၂:၄။ ၂ တိမောသေ ၄:၂။ ဟေဗြဲ ၆:၁၁၊ ၁၂) ပေါလုနည်းတူ ခရစ်ယာန်အပေါင်းအသင်းများအတွက် အကြီးအကဲများလည်း “နှမြောစုံမက်” သောသဘောရှိကြပြီး ‘ဘုရားသခင်နှင့် အထိုက်အလျောက် ကျင့်ဆောင်စေခြင်းငှာ’ သူတို့အား ဆုံးမပဲ့ပြင် နှစ်သိမ့်ပေးတတ်ကြသည်။—၁ သက်သာလောနိတ် ၂:၈၊ ၁၁၊ ၁၂။

၁၄။ ပေါလု၌ စာနာစိတ်ရှိကြောင်း အဘယ်သာဓကကတင်ပြခဲ့သနည်း။

၁၄ ဝိညာဏညီအစ်ကိုညီအစ်မများ၏ ကောင်းကျိုးအတွက် မေတ္တာပါစိုးရိမ်စိတ်တင်ပြရန် ပုံသက်သေကောင်းကို အကြီးအကဲများအတွက် ပေါလုချမှတ်ပေးခဲ့သည်။ သူဤသို့ရေးသားမှာကြားခဲ့သည်။ “ထိုအပမှုမှတစ်ပါး အသင်းတော်အပေါင်းတို့ကို စိုးရိမ်သောစိတ်နှင့်ကြည့်ရှုပြုစု၍ နေ့တိုင်းအစဉ်နှောင့်ယှက်ခြင်းကို ငါခံရ၏။” ဤမျှစိုးရိမ်တတ်သဖြင့် ပေါလုက “ငါမနွမ်းရိဘဲ အဘယ်သူနွမ်းရိသနည်း။ ငါသည် စိတ်မပူပန်ဘဲ အဘယ်သူဖောက်ပြန်သနည်း” ဟုမေးမြန်းနိုင်ခဲ့သည်။ သင်သည် အကြီးအကဲတစ်ဦးဖြစ်လျှင် ဤကဲ့သို့သော စာနာစိတ် သင်၌ရှိသလော။—၂ ကောရိန္သု ၁၁:၂၈၊ ၂၉။

သင့်ညီအစ်ကိုကို ရခြင်း

၁၅။ ညီအစ်ကိုချင်းပြဿနာပေါ်လာလျှင် မဿဲ ၁၈:၁၅ ပါယေရှု၏အဘယ်သြဝါဒကိုလိုက်နာသင့်သနည်း။ ရည်ရွယ်ချက်ကား မည်သို့ဖြစ်သင့်သနည်း။

၁၅ စာနာစိတ်တင်ပြခြင်းအားဖြင့် ယေဟောဝါကျေးကျွန်တို့တွင် စည်းလုံးမှုတိုးပွားစေသည်။ သို့ရာတွင် တစ်ခါတစ်ရံ တစ်ဦးနှင့်တစ်ဦး စိတ်ဝမ်းကွဲမှုများ ပေါ်ပေါက်တတ်သည်။ အရေးကြီးသောကိစ္စဖြစ်နေပါက ခရစ်ယာန်များသည် မဿဲ ၁၈:၁၅-၁၇ ပါ ယေရှု၏သြဝါဒကို လိုက်နာသင့်သည်။ ပထမအဆင့်ကိုသတိပြုပါ။ “သူ၏အပြစ်ကိုပြ” ရန် ညီအစ်ကိုနှင့် နှစ်ယောက်တည်းစကားပြောဆိုပါ။ သင့်ရည်ရွယ်ချက်ကား မည်သို့ဖြစ်သင့်သနည်း။ “ညီအစ်ကို ကိုရ” ရန်ဖြစ်သည်။ ယေရှုက “သူသည် သင်၏စကားကိုနားထောင်လျှင် ညီအစ်ကို ကိုရပြီ” ဟု မိန့်တော်မူခဲ့သည်။ သင်နှင့် ယေဟောဝါကိုကိုးကွယ်သူချင်းစပ်ကြား ပြန်သင့်မြတ်နိုင်ရန် နှစ်ကိုယ်ကြားစကားပြောဆိုရုံမျှလိုအပ်သဖြင့် ဝမ်းသာစရာပင်။

၁၆။ ညီအစ်ကိုသည် သင့်အပေါ်စိတ်ခုနေကြောင်း သတိပြုမိလျှင် ဘာလုပ်သင့်သနည်း။

၁၆ ညီအစ်ကိုသည် သင့်အပေါ်စိတ်ခုနေကြောင်းထင်ရှားပါက “ညီအစ်ကိုနှင့်သင့်တင့်” ရန်ပြုလော့ ဟူသောယေရှု၏သြဝါဒကိုလိုက်နာပါ။ (မဿဲ ၅:၂၄) တစ်ဦး၏သဘောကိုတစ်ဦး သိရှိရန်နှင့် ဖြေရှင်းချက်ကို အေးဆေးညင်သာစွာ ဆွေးနွေးကြပါ။ ဤနည်းဖြင့် ယင်းကိစ္စကိုအများအားဖြင့်ပြေလည်စေနိုင်သည်။ သို့ဖြင့် အသင်းတော်၌ငြိမ်သက်ခြင်း ပြန်တည်ရှိလိမ့်မည်။

မယုံကြည်သူတို့ကို ရခြင်း

၁၇၊ ၁၈။ ဘာသာရေးဘက် အသွင်မတူသောအိမ်ထောင်များရှိ ခရစ်ယာန်ဇနီးသည်များအား ပေတရုအဘယ်သြဝါဒပေးခဲ့သနည်း။

၁၇ ကျမ်းစာမူများကိုကျင့်သုံးရန် အခဲယဉ်းဆုံးအခြေအနေများသည် ဘာသာအေရအသွင်မတူသောအိမ်ထောင်များတွင်ဖြစ်သည်။ မိမိတို့၏အိမ်ထောင်တွင် ဝိညာဏစည်းလုံးမှုမရှိသဖြင့် စိတ်အနှောင့်အယှက်များနှင့်အခက်အခဲများကြား ခရစ်ယာန်များစွာတို့သည် သစ္စာတည်ကြည်နေကြသည်။ သူတို့ကိုမည်သို့ကူညီပေးနိုင်သနည်း။

၁၈ သူတစ်ပါး၏အကျိုးကိုလိုလားကြသောကြောင့် ဘာသာရေးအရအသွင်မတူသောသူများကို အကြီးအကဲများ ဝမ်းသာအားရနှင့် ဝိညာဏအကူအညီပေးနေကြပါသည်။ ဥပမာ၊ ဤအခြေအနေမျိုးရှိ ခရစ်ယာန်ဇနီးသည်တို့၏အကျင့်နှင့်စပ်လျဉ်းသည့် ပေတရု၏သြဝါဒကို သူတို့အားပြန်သတိရစေနိုင်သည်။ “နှုတ်ကပတ်တရားတော်ကိုနားမထောင်သော” မယုံကြည်သူများဖြစ်သည့်တိုင် သူတို့လင်ယောက်ျားများလက်အောက်တွင်ရှိရမည်ဟု သူမှာကြားခဲ့သည်။ အဘယ်ကြောင့်လက်အောက်ခံရမည်နည်း။ “ထိုသူတို့သည် တရားမနာသော်လည်း . . . မိမိမယား၏အကျင့်အားဖြင့်သွေးဆောင်လျက် အတူပါမည်အကြောင်း” တည်း။ (၁ ပေတရု ၃:၁) သို့သော် ဤသြဝါဒကိုနာခံရန် မည်မျှထိရောက်ပါသနည်း။

၁၉။ ၁ ပေတရု ၃:၁ ကိုကျင့်သုံးခြင်းအကျိုးကိုတင်ပြသည့် ဥပမာတစ်ခုပေးပါ။

၁၉ ခရစ်ယာန်တစ်ဦးဖြစ်လာခါစတွင် မိမိလင်ယောက်ျားအား ကျမ်းစာသမ္မာတရားအကြောင်း အမြဲပြောဆိုလေ့ရှိရာ နောက်ဆုံးသူစိတ်ကုန်ခဲ့ကြောင်း ဗီရာဆိုသည့် အမျိုးသမီးတစ်ဦး ဝန်ခံသည်။ “အကြီးအကဲတစ်ဦး၏ ကျမ်းစာမှအကြံဉာဏ်ကိုကျင့်သုံးပြီး အခွင့်အခါကောင်းကိုစောင့်ဆိုင်းခြင်းသည် လိမ္မာပါးနပ်မှုသုံးရာကြမည်ဟု ကျွန်မဆုံးဖြတ်သည်” ဟုသူမဆက်ပြောသည်။ မိမိ၏လင်ယောက်ျား ဘယ်ရီနှင့် ကျမ်းစာမူများကိုဆွေးနွေးရန် သူမအနေနှင့်အခွင့်အခါကောင်းများ ပေါ်စေသော်လည်း၊ ဗီရာသည် ၁ ပေတရု ၃:၁ ကိုအမြဲကျင့်သုံးပါသည်။ နောင်တွင်ဘယ်ရီ ဤသို့ရှင်းပြသည်။ “တစ်အိမ်လုံး မထင်မမှတ်သည့်နေရာများတွင် [ကင်းမျှော်စင်၏တွဲဖက်မဂ္ဂဇင်း] Awake! ရောက်ရှိနေသည်ကို ကျွန်တော်နှစ်ချီ၍သတိထားမိသည်။ လက်တွေ့ကျရုံမက ခေတ်ကာလသတင်းထက်စောသည့်အချက်အလက်များပင် ၄င်းမဂ္ဂဇင်းများတွင် ပါရှိသည်။” ရလဒ်အနေနှင့် နှစ်ပေါင်း ၂၀ တိုင်တိုင်အသွင်မတူသည့်နောက် ဘယ်ရီနှင့်ဗီရာသည် ယေဟောဝါ၏လုပ်ငန်းတော်တွင် စည်းလုံးနေကြသဖြင့် အလွန်ပျော်ရွှင်နေကြသည်။

၂၀။ ဘာသာရေးဘက်အသွင်မတူသောအိမ်ထောင်များတွင် ခရစ်ယာန်လင်သားများအား အကြီးအကဲများ အဘယ်အကူအညီပေးနိုင်သနည်း။

၂၀ ယုံကြည်သူလင်သားသည် ခရစ်ယာန်တရားစစ်ကို ဇနီးဖြစ်သူဆန့်ကျင်ကာ သားသမီးတို့ကိုလည်း မိမိအားတော်လှန်ဆန့်ကျင်ရန် သွေးထိုးပေးလျှင် အလွန်ခံရခက်သည်။ ဤကဲ့သို့သောသူ၌ စိတ်ဝင်စားမှုပြကာ အကြီးအကဲများသည် အကူအညီဖြစ်စေမည့် ကျမ်းစာမူများကို အာရုံပြုစေနိုင်သည်။ ဥပမာ၊ ဇနီးဖြစ်သူအတိုက်အခံပြုဦးတော့ ညီအစ်ကိုသည် အိမ်ထောင်ဦးစီးဖြစ်သဖြင့် သားသမီးများကို ကျမ်းစာအတိုင်းသွန်သင်ပေးရန်တာဝန်ရှိကြောင်း တင်ပြနိုင်သည်။ (ဧဖက် ၆:၄) “သတိပညာနှင့်လျော်စွာ” သူ၏ဇနီးနှင့်နေထိုင်ရန် သူ့အားတိုက်တွန်းပေးနိုင်သည်။ သူမအရေးကိစ္စတွင် စိတ်ဝင်စားမှုပြကာ အိမ်တွင်းမှုလုပ်ငန်းနှင့် သားသမီးများ ထိန်းသိမ်းရေး၌လည်း သူမအားဝိုင်းဝန်းကူညီရန် တိုက်တွန်းပေးနိုင်သည်။ (၁ ပေတရု ၃:၇) ထိုထက်မက ယုံကြည်သူလင်သားနှင့်ဖခင်ဖြစ်သူသည် မိမိအိမ်ထောင်စုရှိသူ တစ်ဦးစီ၏နှလုံး၌ အဘယ်အကြံအစည်များရှိသည်ကိုသိရန် ဆက်သွယ်မှုမပြတ်တောက်စေဖို့အားပေးနိုင်သည်။ သင့်လျော်သောအချိန်အခါများတွင် ကျမ်းစာဆိုင်ရာ သမ္မာတရားကို လိမ္မာပါးနပ်စွာ တင်ပြနိုင်ရန် သူ၏စကားသည် “ဆားအားဖြင့်ငန်သောအရသာနှင့်ပြည့်စုံ” စေရန် အကြီးအကဲများ သူ့ကိုအားပေးတိုက်တွန်းနိုင်သည်။—ကောလောသဲ ၄:၆။

၂၁။ မယုံကြည်သူ ဇနီးသည်အား သမ္မာတရားကိုစိတ်ဝင်စားရန် မည်သို့ကူညီပေးနိုင်သနည်း။

၂၁ ဘာသာရေးအရ အသွင်မတူသောအိမ်ထောင်များရှိခရစ်ယာန်တို့၏ ဆွေမျိုးအသိုင်းအဝိုင်း၌ စိတ်ဝင်စားမှုပြခြင်းအားဖြင့်၊ နိုင်ငံတော်သတင်းကိုလက်ခံချင်စိတ်ပေါ်ပေါက်စေသည်။ ဥပမာတင်ပြရလျှင် ဇနီးဖြစ်သူသည် မိမိကိုနှစ်ချီအတိုက်အခံပြုနေသဖြင့် ခရစ်ယာန်အမျိုးသားတစ်ဦးစိတ်ဓာတ်ကျနေသည်။ အကြီးအကဲတစ်ဦးက အိမ်သို့လည်ပတ်လာပြီး ကျမ်းစာဆွေးနွေးပေးခြင်းဖြင့် အကူအညီပေးရန် ကမ်းလှမ်းခဲ့သည်။ အိမ်သို့ရောက်လေသော် အကြီးအကဲက ဇနီးဖြစ်သူအား ခင်ခင်မင်မင်နှုတ်ဆက်ပြီး “ကျွန်တော်တို့နှင့်အတူ ခဏထိုင် နားထောင်ကြည့်ပါလား” ဟုဖိတ်ခေါ်လေသော် သူမသည် ထိုကဲ့သို့သောခင်မင်စွာဖိတ်ခေါ်ချက်ကြောင့် ဝမ်းသာစွာလက်ခံခဲ့သည်။ များမကြာမီပင် သမ္မာတရားကိုသူလက်ခံပြီး သူတစ်ပါးအားဟောပြောသက်သေခံလေသည်။

၂၂။ အချင်းချင်းတစ်ဦးအကျိုးကိုတစ်ဦး အဘယ်ကြောင့်လိုလားသင့်သနည်း။

၂၂ ထိုကြောင့် ယေဟောဝါသက်သေများအနေနှင့် “သတင်းကောင်းကိုဆက်ဆံခြင်းအလိုငှာ ထိုတရားအတွက် ခပ်သိမ်းသောအရာများကို” ပြုကြကုန်အံ့။ (၁ ကောရိန္သု ၉:၂၃) ထိုကြောင့် “ငါတို့သည် အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျက် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့။” (ဂလာတိ ၆:၁၀) ကျွန်ုပ်တို့၏ကမ္ဘာချီ ညီအစ်ကိုများအသင်းအပင်းတွင် ချစ်ခြင်းမေတ္တာတိုးပွားရန် တစ်ဦးအကျိုးတစ်ဦး ထောက်ထားစာနာကြပါစို့။

သင်မည်သို့ဖြေဆိုမည်နည်း

▫ သူတစ်ပါးအကျိုးကို အဘယ်နည်းအားဖြင့် ကျွန်ုပ်တို့အထူးသဖြင့်လိုလားသင့်သနည်း။

▫ ယုံကြည်သူချင်းတို့၌ တစ်ဦးအကျိုးတစ်ဦးလိုလားစိတ် အဘယ်ကြောင့်ရှိသင့်သနည်း။

▫ အချင်းချင်းစာနာစိတ်ကို အကြီးအကဲများ မည်သို့တင်ပြနိုင်သနည်း။

▫ မယုံကြည်သူချင်းအတွက် အကျိုးလိုလားစိတ်တင်ပြခြင်းအားဖြင့် အဘယ်အကျိုးရလဒ်ရှိသနည်း။

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

လုပ်ငန်းတစ်ခုကိုပြုလုပ်ရန် လက်နက်ကိရိယာတစ်ခုစီကို တီထွင်ထားသကဲ့သို့ ခရစ်ယာန်အသင်းတော်ရှိသူအားလုံး ဘုရားသခင့်လုပ်ငန်းတော်တိုးတက်ရေးအတွက် ဘုရားပေးအရည်အချင်းများကို အသုံးပြုနိုင်သည်

ခရစ်ယာန်စည်းလုံးမှုတိုးပွားစေရန် တစ်ဦးအကျိုးတစ်ဦး စိတ်ဝင်စားမှုတင်ပြပါ

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

ယုံကြည်သူချင်းအတွက် မေတ္တာပါပါ စိုးရိမ်မကင်းဖြစ်ကြောင်း ဂရုစိုက်မှုမည်သို့တင်ပြရန် အကြီးအကဲများအတွက်ပုံသက်သေကောင်းကို ပေါလုချမှတ်ခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ