-
ဘုရားသခင့် လူမျိုးတော်ဘောင်အတွင်း လုံခြုံမှုကိုရှာယူပါလေထာဝရအသက်ရစေသော အသိပညာအသိပညာ
-
-
“မေတ္တာတရားကို ဝတ်ဆင်ကြလော့”
၉။ မေတ္တာပြသခြင်းကိစ္စတွင် ယေဟောဝါက အဘယ်သို့စံနမူနာပြတော်မူသနည်း။
၉ ပေါလုက “စုံလင်ခြင်းအဖွဲ့အနှောင်တည်းဟူသော မေတ္တာတရားကို ဝတ်ဆင်ကြလော့” ဟူ၍ရေးသားခဲ့သည်။ (ကောလောသဲ ၃:၁၄၊ သမ) ယေဟောဝါသည် ကျွန်ုပ်တို့အဖို့ ၎င်းအဝတ်အစားကို ကြင်နာစွာပြင်ဆင်ပေးထားတော်မူ၏။ အဘယ်နည်းအားဖြင့်နည်း။ မေတ္တာသည် ယေဟောဝါ၏ သန့်ရှင်းသောဝိညာဉ်တော်ဆိုင်ရာ ဘုရားပေးအသီးတစ်ခုဖြစ်သောကြောင့် မေတ္တာကိုခရစ်ယာန်များ ပြသနိုင်ကြသည်။ (ဂလာတိ ၅:၂၂၊ ၂၃) ယေဟောဝါကိုယ်တော်တိုင်က ကျွန်ုပ်တို့ ထာဝရအသက်ကိုရစိမ့်သောငှာ တစ်ပါးတည်းသောသားတော်ကို စေလွှတ်ခြင်းအားဖြင့် အကြီးမြတ်ဆုံးမေတ္တာကို ပြသတော်မူခဲ့သည်။ (ယောဟန် ၃:၁၆) မေတ္တာတရားဆိုင်ရာ ဤပြောင်မြောက်သောပြသမှုသည် ၎င်းအရည်အချင်းကို ကျွန်ုပ်တို့ပြသရာ၌ လိုက်နာအပ်သောစံနမူနာတော် ဖြစ်ပေသည်။ “ဘုရားသခင်သည် ငါတို့ကို ဤမျှလောက်ချစ်တော်မူသည်မှန်လျှင်၊ ငါတို့သည်လည်း အချင်းချင်းချစ်ရကြမည်” ဟုတမန်တော်ယောဟန်က ရေးသားသည်။—၁ ယောဟန် ၄:၁၁။
၁၀။ “ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံး” ထံမှ ကျွန်ုပ်တို့ အဘယ်သို့ အကျိုးကျေးဇူး ရယူနိုင်သနည်း။
၁၀ နိုင်ငံတော်ခန်းမတွင် အစည်းအဝေးတက်ရောက်ခြင်းအားဖြင့် မေတ္တာပြသနိုင်သည့် အကောင်းဆုံးအခွင့်အရေးကို သင်ရရှိနိုင်သည်။ ထိုတွင် လူအမျိုးမျိုးအဖုံဖုံနှင့် သင်တွေ့ဆုံရမည်။ ထိုသူတို့ထဲမှ အများကိုသင်ချက်ချင်းခင်မင်သွားမည်မှာ ယုံမှားစရာမရှိပါ။ ယေဟောဝါအားဝတ်ပြုသူတို့၌ စရိုက်လက္ခဏာချင်းကွဲပြားသည်မှာ ဆိုဖွယ်မရှိပါ။ ယခင်က သင်သည်ဝါသနာချင်း၊ စရိုက်ချင်းမတူသူတို့ကို ရှောင်ရှားခဲ့ပေမည်။ သို့သော် ခရစ်ယာန်တို့သည် “ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံး ကို ချစ်” ရကြမည်။ (၁ ပေတရု ၂:၁၇၊ ကဘ) ထို့ကြောင့် နိုင်ငံတော်ခန်းမ၌ရောက်ရှိသူတို့သည် သင်နှင့်အသက်အရွယ်ချင်း၊ စရိုက်လက္ခဏာချင်း၊ လူမျိုးချင်း၊ ပညာအဆင့်အတန်းချင်း မတူစေကာမူသူတို့ကို သိကျွမ်းအောင်ပန်းတိုင်ထားပါ။ တစ်ဦးစီ၌ချစ်စရာကောင်းသောအရည်အချင်းတစ်မျိုးမျိုး ထူးချွန်သာလွန်သည်ကို တွေ့ရှိရပေမည်။
၁၁။ ယေဟောဝါ၏လူမျိုးတော်ဘောင်တွင် စရိုက်လက္ခဏာအမျိုးမျိုးအဖုံဖုံ ကွဲပြားနေခြင်းအတွက် အဘယ်ကြောင့် စိတ်အနှောင့်အယှက်မဖြစ်သင့်သနည်း။
၁၁ အသင်းတော်အတွင်း စရိုက်လက္ခဏာအမျိုးမျိုးအဖုံဖုံ ကွဲပြားနေခြင်းက သင့်အဖို့စိတ်အနှောင့်အယှက် မဖြစ်စေသင့်ပါ။ သာဓကပြရသော် လမ်းမကြီးတစ်ခုပေါ်၌ သင့်ဘေးတွင် ကားကြီးကားငယ်အသွယ်သွယ် ဖြတ်သန်းမောင်းနှင်လျက်ရှိသည်ဟု စိတ်ကူးကြည့်လိုက်ပါ။ ထိုကားအားလုံးသည် တူညီသောအမြန်နှုန်းဖြင့် ရွေ့ရှားနေခြင်းမဟုတ်သကဲ့သို့ စက်အခြေအနေချင်းလည်း မတူညီကြပေ။ အချို့သည် မိုင်ပေါင်းများစွာ ခရီးမောင်းနှင်ပြီးဖြစ်သည်၊ အချို့မှာ သင်ကဲ့သို့ပင် မောင်းနှင်ခါစသာရှိသည်။ သို့သော်ဤသို့ကွဲပြားခြားနားနေစေကာမူ အားလုံးသည် လမ်းမကြီးအတိုင်း မောင်းနှင်သွားနေကြသည်။ အသင်းတော်တစ်ခုအဖြစ် ဖွဲ့စည်းထားသူတို့မှာလည်း ထိုနည်းနှင်နှင်ပင်ဖြစ်သည်။ အသင်းသားအားလုံးသည် တူညီသောနှုန်းဖြင့် ခရစ်ယာန်အရည်အချင်းများကို မွေးမြူကြသည်မဟုတ်။ ၎င်းပြင် အားလုံး၌တူညီသော ကာယရေး သို့မဟုတ် စိတ်လှုပ်ရှားမှုဆိုင်ရာ အခြေအနေမျိုးမရှိကြချေ။ အချို့သည် ယေဟောဝါကိုကိုးကွယ်လာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သော်လည်း အချို့မှာမူယခုမှစတင်ကိုးကွယ်လာကြသည်။ သို့ပင်ငြားလည်း အားလုံးတို့သည် “တစ်စိတ်တစ်သဘောတည်းဖြင့် စည်းလုံး” လျက် ထာဝရအသက်ရှင်ရာလမ်းအတိုင်း တစ်ခရီးတည်းသွားနေကြသည်။ (၁ ကောရိန္သု ၁:၁၀၊ သတင်းကောင်း) သို့ဖြစ်သောကြောင့်၊ အသင်းတော်ထဲ၌ရှိသောသူတို့၏ အားနည်းချက်များကိုမကြည့်ဘဲ အားသာချက်များကိုကြည့်ပါ။ ဤသို့ပြုလျှင် သင့်စိတ်နှလုံးနွေးထွေးလိမ့်မည်၊ အကြောင်းမှာ ဤလူမျိုးအတွင်း၌ ဘုရားသခင် အမှန်ရှိကြောင်း သင်သိမြင်လာမည်ဖြစ်သောကြောင့်တည်း။ ဤနေရာမျိုးသည် သင်ရောက်လိုသောနေရာ ဧကန်မုချဖြစ်ပေသည်။—၁ ကောရိန္သု၁၄:၂၅။
၁၂၊ ၁၃။ (က) အသင်းတော်ထဲမှ တစ်ယောက်ယောက်က သင့်ကိုပြစ်မှားမိပါက ဘာလုပ်နိုင်သနည်း။ (ခ) စိတ်ထဲ၌အမျက်မသိုရန် အဘယ်ကြောင့်အရေးကြီးသနည်း။
၁၂ လူအားလုံးသည် မစုံလင်သူများဖြစ်ကြရကား တစ်ခါတစ်ရံ အသင်းတော်ထဲမှ တစ်ဦးဦးက သင်စိတ်အနှောင့်အယှက်ဖြစ်အောင် တစ်ခုခုပြောမိ၊ လုပ်မိပေမည်။ (ရောမ ၃:၂၃) တပည့်တော်ယာကုပ်က “ငါတို့ရှိသမျှသည် အများအားဖြင့် မှားတတ်ကြ၏။ စကားအားဖြင့် မှားခြင်းမရှိသောသူမည်သည်ကား စုံလင်သောသူဖြစ်၏” ဟူ၍အမှန်အတိုင်း ရေးသားခဲ့သည်။ (ယာကုပ် ၃:၂) တစ်ဦးဦးက သင့်ကိုပြစ်မှားမိပါက သင်မည်သို့တုံ့ပြန်မည်နည်း။ ကျမ်းစာစကားပုံတစ်ခုက “သတိပညာ [“ထိုးထွင်းသိမှု၊” ကဘ] ရှိသူသည် အမျက်ထွက်ရန် နှောင့်နှေးတတ်၏။ လွန်ကျူးမှုကို ဖြေလွှတ်ခွင့်လည်း သူ၏ဂုဏ်ဖြစ်၏” ဟူ၍ဆိုသည်။ (သု. ၁၉:၁၁၊ သမ) ထိုးထွင်းသိမှုရှိသည်ဆိုရာ၌ အခြေအနေတစ်ရပ်ကို အတွင်းကျကျကြည့်သည်၊ လူတစ်ဦးအား တစ်မျိုးတစ်ဖုံပြောဆိုပြုမူစေရန် ဖန်တီးသည့် အခြေခံအကြောင်းတရားများကို သိမြင်နားလည်သည်ဟု အဓိပ္ပာယ်ရှိသည်။ ကျွန်ုပ်တို့အများစုသည် ကိုယ်တိုင်၏အမှားများကို ခွင့်လွှတ်ရန်အတွက် ထိုးထွင်းသိမှုများစွာ သုံးတတ်ကြသည်။ တစ်ပါးသူ၏မစုံလင်မှုများကို နားလည်သဘောပေါက်ပြီး ဖုံးအုပ်ရန်အတွက်လည်း ထိုးထွင်းသိမှုကို အသုံးမပြုသင့်ပေလော။—မဿဲ ၇:၁-၅; ကောလောသဲ ၃:၁၃။
၁၃ ကျွန်ုပ်တို့ကိုယ်တိုင် ယေဟောဝါ၏ခွင့်လွှတ်ခြင်းကို ရယူလိုသော် အခြားသူတို့ကို ခွင့်လွှတ်ရမည်ကို မမေ့ပါနှင့်။ (မဿဲ ၆:၉၊ ၁၂၊ ၁၄၊ ၁၅) ကျွန်ုပ်တို့သည် အမှန်တရားအတိုင်း ကျင့်ကြံအားထုတ်နေပါက အခြားသူတို့ကို မေတ္တာရှိစွာဆက်ဆံကြပေမည်။ (၁ ယောဟန် ၁:၆၊ ၇; ၃:၁၄-၁၆; ၄:၂၀၊ ၂၁) ထို့ကြောင့်၊ အသင်းတော်ထဲမှ ပုဂ္ဂိုလ်တစ်ဦးဦးနှင့် ပြဿနာတက်ခဲ့သည်ရှိသော် စိတ်ထဲ၌အမျက်မသိုထားပါနှင့်။ သင်သည် မေတ္တာတရားကို ဝတ်ဆင်ထားသည်ရှိသော် ပြဿနာကိုပြေလည်အောင် ကြိုးစားဖြေရှင်းမည်ဖြစ်သည့်ပြင် မိမိဘက်က ပြစ်မှားမိခဲ့လျှင်လည်း ဝန်ချတောင်းပန်ရန် ဝန်လေးမည်မဟုတ်ပေ။—မဿဲ ၅:၂၃၊ ၂၄; ၁၈:၁၅-၁၇။
၁၄။ အဘယ်အရည်အချင်းများကို ကျွန်ုပ်တို့ဝတ်ဆင်သင့်သနည်း။
၁၄ ကျွန်ုပ်တို့၏ ဝိညာဏအဝတ်အစားတွင် မေတ္တာနှင့် ဆက်နွှယ်နေသည့် အခြားအရည်အချင်းများလည်း ပါဝင်စေသင့်သည်။ “သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့” ဟုပေါလုကရေးသားခဲ့သည်။ မေတ္တာဖြင့်လွှမ်းခြုံထားသည့် ဤစရိုက်တို့သည် ဘုရားရေးရာ “ဥပဓိရုပ်သစ်” ၏တစ်စိတ်တစ်ပိုင်းဖြစ်ကြသည်။ (ကောလောသဲ ၃:၁၀၊ ၁၂၊ ကဘ) ဤနည်းအတိုင်းဝတ်ဆင်ရန် သင်ကြိုးပမ်းမည်လော။ အထူးသဖြင့် ညီနောင်ရင်းချာမေတ္တာ ဝတ်ဆင်ထားမည်ဆိုလျှင် သင်၌ ယေရှု၏တပည့်တော်နှင့်ဆိုင်သော အမှတ်အသားရှိပေလိမ့်မည်။ အကြောင်းမှာ ယေရှုက “သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်” ဟုမိန့်တော်မူခဲ့၍ဖြစ်သည်။—ယောဟန် ၁၃:၃၅။
-
-
ဘုရားသခင့် လူမျိုးတော်ဘောင်အတွင်း လုံခြုံမှုကိုရှာယူပါလေထာဝရအသက်ရစေသော အသိပညာအသိပညာ
-
-
[စာမျက်နှာ ၁၆၅ ပါ ရုပ်ပုံ]
-