ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၈/၁၅ စာ. ၄-၇
  • ‘စစ်မှန်သောအသက်’ ကိုမွေ့လျော်လေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘စစ်မှန်သောအသက်’ ကိုမွေ့လျော်လေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ထို့နောက် ‘စစ်မှန်သောအသက်’
  • ‘စစ်မှန်သောအသက်’ မုချရှိ—ဆုပ်ကိုင်ထားလော့!
  • “ကြည့်ရှုလော့! ငါသည်ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်”
    “ကြည့်ရှုလော့ ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်”
  • ယေဟောဝါသည် မိမိ၏ကတိတော်များကို သစ္စာရှိသူများအပေါ် ပြည့်စုံစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ယေဟောဝါသည် မိမိရည်ရွယ်ချက်ပြည့်စုံစေမည်ကို စိတ်ချလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ငြိမ်းချမ်းသော ကမ္ဘာသစ် တွင်အသက်တာ
    ငြိမ်းချမ်းသော ကမ္ဘာသစ် တွင်အသက်တာ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၈/၁၅ စာ. ၄-၇

‘စစ်မှန်သောအသက်’ ကိုမွေ့လျော်လေ

ယေဟောဝါဘုရားသခင်သည် လူကို ထာဝရကာလအကြောင်း သိမြင်နိုင်စွမ်းပေးထားသည်။ (ဒေ. ၃:၁၁) ယင်းက သေခြင်းကို မလွန်ဆန်နိုင်ဟု ခံစားစေသော်လည်း တစ်ချိန်တည်းတွင် အသက်ရှင်နေထိုင်လိုစိတ် ပြင်းပြစေသည်။

ဘုရားသခင့်မှုတ်သွင်းခံ နှုတ်မြွက်စကားတော်ဖြစ်သည့် သန့်ရှင်းသောကျမ်းစာစောင်က ကျွန်ုပ်တို့ကိုကြီးမားသည့် မျှော်လင့်ချက်ပေးသည်။ (၂ တိမောသေ ၃:၁၆) မေတ္တာ၏အကြောင်းရင်းဖြစ်တော်မူသော ယေဟောဝါသည် ထာဝရအသက်ရှင်ရန်စိတ်ကူးကို နားလည်နိုင်စွမ်းဖြင့် လူကိုဖန်ဆင်းပြီးနောက် နှစ်အနည်းငယ်သာအသက်ရှင်ရန် စီရင်လိမ့်မည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ဘဝကြမ္မာကြောင့် စိတ်ဆင်းရဲနေဖို့ ကျွန်ုပ်တို့ကိုဖန်ဆင်းထားခြင်းသည် ဘုရားသခင့်ဥပဓိရုပ်တော်နှင့် လုံးဝမညီညွတ်ပါ။ ကျွန်ုပ်တို့သည် “ဖမ်း၍ ဖျက်ဆီးဖို့ရာဖန်ဆင်းသောတိရစ္ဆာန်” များကဲ့သို့ ဖန်ဆင်းခံရသည်မဟုတ်ပါ။—၂ ပေတရု ၂:၁၂။

ယေဟောဝါဘုရားသခင်သည် အာဒံနှင့်ဧဝတို့ကို ထာဝရနေထိုင်လိုသည့် ပင်ကိုစိတ်ထည့်သွင်း၍ ဖန်ဆင်းရာတွင် ကိုယ်တော်သည် “အလွန်ကောင်း” သည့်အရာကိုပြုခဲ့သည်; ထာဝစဉ်အသက်ရှင်ရန်အလားအလာရှိစွာ သူတို့ကိုဖန်ဆင်းခဲ့၏။ (ကမ္ဘာဦး ၁:၃၁) သို့သော် ဝမ်းနည်းစရာမှာ ပထမလူသားမောင်နှံစုံသည် သူတို့၏လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခဲ့ကြရာ ဖန်ဆင်းရှင်၏ပြတ်သားသောတားမြစ်ချက်ကို မနာခံဘဲ မိမိတို့၏မူလစုံလင်မှုကို ဆုံးရှုံးခံခဲ့ကြသည်။ ရလဒ်ကား၊ သူတို့၏သားစဉ်မြေးဆက်များထံ မစုံလင်မှုနှင့်သေခြင်းကို လက်ဆင့်ကမ်းပေးပြီးနောက် သေဆုံးခဲ့ကြရသည်။—ကမ္ဘာဦး ၂:၁၇; ၃:၁-၂၄; ရောမ ၅:၁၂။

ဘဝရည်ရွယ်ချက်နှင့် သေခြင်း၏အဓိပ္ပာယ်ကို သမ္မာကျမ်းစာက မဖော်ပြဘဲမနေပါ။ သေခြင်း၌ “လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိ” ၍သေလွန်သူများသည် “အဘယ်အရာကိုမျှမသိ” ဟုဆိုထားသည်။ (ဒေ. ၉:၅၊ ၁၀) တစ်နည်းအားဖြင့် လူသေများသည် သက်မဲ့များဖြစ်ကြသည်။ မသေနိုင်သည့်စိုးလ်အယူသည် ကျမ်းစာအယူမဟုတ်ပါ၊ ထို့ကြောင့် လူသေများ၏အခြေအနေနှင့်ပတ်သက်၍ လျှို့ဝှက်ဆန်းကြယ်မှုမရှိပါ။—ကမ္ဘာဦး ၃:၁၉; ဆာလံ ၁၄၆:၄; ဒေ. ၃:၁၉၊ ၂၀; ယေဇကျေလ ၁၈:၄။a

ဘုရားသခင်၌ ရည်ရွယ်ချက်တစ်ခုရှိသည်; မြေကြီးကို “အချည်းနှီး” ဖန်ဆင်းခဲ့ခြင်းမဟုတ်ပါ။ ပရဒိသုအခြေအနေတွင် စုံလင်သောလူသားများ “နေစရာဖို့” ကိုယ်တော်ဖန်ဆင်းခဲ့ခြင်းဖြစ်ပြီး မိမိ၏ရည်ရွယ်ချက်ကို မပြောင်းလဲခဲ့ပါ။ (ဟေရှာယ ၄၅:၁၈; မာလခိ ၃:၆) ယင်းကိုအကောင်အထည်ဖော်ရန် မိမိ၏သားတော်ကို မြေကြီးသို့စေလွှတ်ခဲ့၏။ ယေရှုခရစ်သည် အဆုံးတိုင်သစ္စာစောင့်ခြင်းဖြင့် အပြစ်နှင့်သေခြင်းမှ လူသားတို့ကိုရွေးနုတ်ရန် အဖိုးကိုပေးခဲ့သည်။ အမှန်ဆိုလျှင် ယေရှုကဤသို့ဆိုခဲ့သည်– “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လော [က] သားတို့ကိုချစ်တော်မူ၏။”—ယောဟန် ၃:၁၆။

“မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်” ကိုဖန်ဆင်းမည်ဟု ကြာမြင့်စွာကတည်းက ဘုရားသခင်ကတိပြုခဲ့သည်။ (ဟေရှာယ ၆၅:၁၇; ၂ ပေတရု ၃:၁၃) ထိုတွင် ကန့်သတ်ထားသော သစ္စာရှိခရစ်ယာန်အုပ်စုတစ်စုကို ကောင်းကင်အသက်တာရစေရန် ရွေးချယ်ခြင်းပါဝင်ပေမည်။ သူတို့သည် ယေရှုခရစ်နှင့်အတူ အုပ်ချုပ်ရေးဆိုင်ရာ ဗဟိုအဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ယင်းကို သမ္မာကျမ်းစာက “မြေကြီးပေါ်မှာရှိရှိသမျှတို့” ကိုစီမံခန့်ခွဲမည့် “ကောင်းကင်နိုင်ငံတော်” သို့မဟုတ် “ဘုရားသခင်၏နိုင်ငံတော်” ဟုရည်ညွှန်းဖော်ပြထားသည်။ (မဿဲ ၄:၁၇; ၁၂:၂၈; ဧဖက် ၁:၁၀; ဗျာဒိတ် ၅:၉၊ ၁၀; ၁၄:၁၊ ၃) ဘုရားသခင်သည် မြေကြီးပေါ်မှ ဘုရားတရားမဲ့မှုမှန်သမျှကို ဖျက်ဆီး၍သန့်စင်စေပြီးနောက် “မြေကြီးသစ်” သို့မဟုတ် ဖြောင့်မတ်သည့်လူ့အဖွဲ့အစည်းအသစ်ကို ဖြစ်ပေါ်စေပါလိမ့်မည်။ ထိုတွင် ဆိုးသွမ်းသည့်ဤအစီအစဉ်စနစ်ကို ဖျက်ဆီးလတ္တံ့သောအချိန်တွင် ဘုရားသခင့်ကာကွယ်ခြင်းခံရကြမည့်သူများ ပါဝင်ပေမည်။ (မဿဲ ၂၄:၃၊ ၇-၁၄၊ ၂၁; ဗျာဒိတ် ၇:၉၊ ၁၃၊ ၁၄) ကတိထားရာရှင်ပြန်ထမြောက်ခြင်း၌ အသက်ပြန်ရှင်လာကြမည့်သူများသည် သူတို့နှင့်ပူးပေါင်းလာကြလိမ့်မည်။—ယောဟန် ၅:၂၈၊ ၂၉; တမန်တော် ၂၄:၁၅။

ထို့နောက် ‘စစ်မှန်သောအသက်’

အနာဂတ်ပရဒိသုမြေကြီးပေါ် အသက်တာဆိုင်ရာ အားတက်ဖွယ်ဖော်ပြချက်ကို ထောက်ခံသည့်အနေနှင့် ဘုရားသခင်က “ငါသည် ခပ်သိမ်းသောအရာတို့ကိုအသစ်ဖန်ဆင်းသည်” ဟုမိန့်တော်မူ၏။ (ဗျာဒိတ် ၂၁:၅) လူသားတို့အတွက် ဘုရားသခင်ပြုလုပ်ပေးမည့် အံ့ချီးဖွယ်လုပ်ငန်းများကို လူ့ဉာဏ်ဖြင့် အပြည့်အဝနားမလည်နိုင်ပါ။ ဘုရားသခင်သည် ဧဒင်ပုံစံနှင့်အညီ ကမ္ဘာချီပရဒိသုကို ဖြစ်ပေါ်စေပါလိမ့်မည်။ (လုကာ ၂၃:၄၃) ဧဒင်ဥယျာဉ်၌ကဲ့သို့ပင် လှပ၍နှစ်လိုဖွယ်ကောင်းသော အရောင်၊ အသံနှင့် အရသာတို့ကို အလျှံပယ်ခံစားကြရပါလိမ့်မည်။ ဆင်းရဲခြင်းနှင့် အစာခေါင်းပါးခြင်းရှိတော့မည်မဟုတ်၊ ထိုအချိန်နှင့်ပတ်သက်၍ သမ္မာကျမ်းစာက “ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ” ဟုဆိုထားသောကြောင့်တည်း။ (ဗျာဒိတ် ၂၁:၄; ဆာလံ ၇၂:၁၆) ဖျားနာခြင်းသည် ထာဝစဉ်ဖယ်ရှားခံရမည်ဖြစ်ရာ မည်သူမျှ “ငါနာသည်” ဟုဆိုတော့မည်မဟုတ်။ (ဟေရှာယ ၃၃:၂၄) မှန်ပါသည်၊ ကြာမြင့်စွာကတည်းက ရှိလာခဲ့သည့် လူသားတို့၏ရန်သူ သေခြင်းအပါအဝင် နာကျင်မှုဖြစ်စေသည့်အကြောင်းရင်း မှန်သမျှသည် ပျောက်ကွယ်သွားပါလိမ့်မည်။ (၁ ကောရိန္သု ၁၅:၂၆) ခရစ်တော်၏အုပ်ချုပ်မှုအောက် လူ့အဖွဲ့အစည်းသစ်ဖြစ်သည့် “မြေကြီးသစ်” ဆိုင်ရာ အံ့ဖွယ်မြင်ကွင်းတွင် ဤသို့ပြောဆိုသံကို တမန်တော်ယောဟန်ကြားခဲ့ရသည်– “ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။” ဘုရားသခင့်ဤကတိတော်ပြည့်စုံချက်ထက် နှစ်သိမ့်မှုနှင့်ရွှင်လန်းမှုပေးသည့် အဘယ်အရာရှိနိုင်မည်နည်း။

အနာဂတ်အသက်တာကိုဖော်ပြရာတွင် သမ္မာကျမ်းစာက လူ့ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးရည်မှန်းချက်များကို ဖြည့်ဆည်းပေးမည့်အခြေအနေများအကြောင်း အထူးအလေးပေးထားသည်။ ယနေ့ထက်တိုင် လူသားတို့ရရှိရန် အချည်းနှီးကြိုးစားခဲ့ကြသည့် ဖြောင့်မတ်မှန်ကန်ရာများသည် အပြည့်အဝတည်ရှိပါလိမ့်မည်။ (မဿဲ ၆:၁၀) ၎င်းတို့တွင် အားနည်းသူများကို စိုးမိုးခြယ်လှယ်ခဲ့သည့် ရက်စက်စွာဖိနှိပ်လေ့ရှိသူများကြောင့် ကွယ်ပျောက်လျက်ရှိသည့် တရားမျှတမှုရှိစေလိုခြင်းပါဝင်သည်။ (ဒေ. ၈:၉) ခရစ်တော်၏အုပ်ချုပ်မှုအောက်ရှိ အခြေအနေကို ဆာလံဆရာက ဤသို့ပရောဖက်ပြုရေးသားခဲ့သည်– “လက်ထက်တော်၌ တရားမျှတမှုရှင်သန်၍ ငြိမ်သက်ခြင်းများပြားလိမ့်မည်။”—ဆာလံ ၇၂:၇၊ ယေရုရှလင်ကျမ်းစာသစ်။

တန်းတူညီမျှဖြစ်ဖို့ရည်မှန်းချက်အတွက် လူအများစွန့်စွန့်စားစားပြုမူခဲ့ကြပြီ။ “အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်သောကာလ” ၌ဘုရားသခင်သည် ခွဲခြားပြုမူဆက်ဆံခြင်းကို အဆုံးတိုင်စေပါလိမ့်မည်။ (မဿဲ ၁၉:၂၈) လူသားအားလုံး တန်းတူအခွင့်အရေးခံစားကြရမည်။ ၎င်းသည် ခက်ထန်သည့်အစိုးရတစ်စုံတစ်ခုက ချမှတ်သည့် တန်းတူညီမျှမှုမဟုတ်ပါ။ ယင်းအစား သူတစ်ပါးကိုသြဇာလွှမ်းမိုးရန် သို့မဟုတ် ကုန်ပစ္စည်းအမြောက်အမြားကို စုဆောင်းရန် လူတို့အားစေ့ဆော်သည့် လောဘနှင့် မာန်မာနအပါအဝင် ခွဲခြားပြုမူဆက်ဆံခြင်း ဖြစ်ပေါ်စေသည့် အကြောင်းရင်းများ ဖယ်ရှားခံရပါလိမ့်မည်။ ဟေရှာယက ဤသို့ပရောဖက်ပြုခဲ့သည်– “ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌နေကြလိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ ထိုသူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူနေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူစားရမည်မဟုတ်။”—ဟေရှာယ ၆၅:၂၁၊ ၂၂။

ကိုယ်ရေးကိုယ်တာနှင့် အစုလိုက်အပြုံလိုက် စစ်မှုတွင် သွေးသွန်းခဲ့ခြင်းကြောင့် လူတို့မည်မျှဆင်းရဲခံခဲ့ကြရသည်တကား! ယင်းသည် အာဗေလအသတ်ခံရချိန်မှ မျက်မှောက်ခေတ်စစ်ပွဲများအထိပင်ဖြစ်သည်။ ငြိမ်သက်မှုရရှိရန် လူတို့အချည်းနှီး မျှော်လင့်စောင့်စားခဲ့ပုံရှိသည်မှာ ကြာလှပြီ! ပြန်လည်တည်ထောင်ထားသောပရဒိသုတွင် လူသားအားလုံး အေးဆေးသိမ်မွေ့လိမ့်မည်; “များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။”—ဆာလံ ၃၇:၁၁။

ဟေရှာယ ၁၁:၉ က “ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရဘုရားကိုသိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်” ဟုဆိုသည်။ အခြားအရာများအပြင် မစုံလင်မှုကို အမွေရထားသောကြောင့် ထိုစကားများမည်မျှတာသွားသည်ကို ယနေ့ကျွန်ုပ်တို့အပြည့်အဝနားမလည်နိုင်ကြပါ။ ဘုရားသခင်၏စုံလင်သောအသိပညာက ကျွန်ုပ်တို့ကိုကိုယ်တော်နှင့် မည်သို့စည်းလုံးစေနိုင်ပြီး ပျော်ရွှင်မှုအပြည့်ရရှိစေနိုင်မည်ကို ကျွန်ုပ်တို့သင်ယူကြရပေဦးမည်။ သို့သော် ယေဟောဝါသည် တန်ခိုးတော်၊ ဉာဏ်ပညာ၊ တရားမျှတမှုနှင့်မေတ္တာ အံ့ဖွယ်ကောင်းစွာရှိသည့် ဘုရားသခင်ဖြစ်ကြောင်း သမ္မာကျမ်းစာက အသိပေးထားရာ “မြေကြီးသစ်” ပေါ်နေထိုင်ကြမည့်သူများ၏ ဆုတောင်းချက်မှန်သမျှကို ကိုယ်တော်နားညောင်းလိမ့်မည်ဟု ကျွန်ုပ်တို့စိတ်ချနိုင်ပါသည်။

‘စစ်မှန်သောအသက်’ မုချရှိ—ဆုပ်ကိုင်ထားလော့!

သာ၍ကောင်းသောကမ္ဘာတွင် ထာဝရအသက်ရှင်ခြင်းဟူသည် လူအများအတွက် အိပ်မက်တစ်ခု သို့မဟုတ် အမြင်မှားမှုတစ်ခုမျှသာဖြစ်သည်။ သို့ရာတွင် ကျမ်းစာပါကတိကို အမှန်ယုံကြည်သူများအတွက်မူ ၎င်းမျှော်လင့်ချက်သည် ဧကန်အမှန်ဖြစ်၏။ ယင်းသည် သူတို့အသက်တာ၌ ကျောက်ဆူးကဲ့သို့ဖြစ်သည်။ (ဟေဗြဲ ၆:၁၉) ကျောက်ဆူးသည် သင်္ဘောတစ်စင်းကို မယိမ်းယိုင် မလူးလိမ့်စေသကဲ့သို့ ထာဝရအသက်မျှော်လင့်ချက်သည် လူတို့ကိုတည်ငြိမ်စေ၍ ယုံကြည်စိတ်ချမှုရှိစေပြီး ကြီးလေးသည့်ဘဝပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်စေသည်သာမက ၎င်းတို့ကိုကျော်လွှားနိုင်စေသည်။

ဘုရားသခင်သည် မိမိ၏ကတိတော်များကို ပြည့်စုံစေမည်ဟု ကျွန်ုပ်တို့စိတ်ချနိုင်သည်။ ပြောင်းလဲ၍မရနိုင်သောကတိ၊ ကျိန်ဆိုခြင်းဖြင့်ပင် ကိုယ်တော်အာမခံထားသည်။ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “ကတိတော်ကိုအမွေခံရသောသူတို့သည်၊ ဘုရားသခင်၏အကြံအစည်တော် မဖောက်ပြန်နိုင်ကြောင်းကို အတပ်သိစေခြင်းငှာ၊ ဘုရားသခင်သည် အကျိန်အားဖြင့်အာမခံတော်မူ၏။ အကြောင်းမူကား၊ ဘုရားသခင်သည် မုသာမသုံးနိုင်သောအရာတည်းဟူသော မဖောက်ပြန်မပြောင်းလဲနိုင်သောအရာနှစ်ပါးကိုအမှီပြု၍၊ ကိုယ်ရှေ့၌ထားသောမျှော်လင့်ရာကို . . . ငါတို့သည် သက်သာအားကြီးကြမည်အကြောင်းတည်း။” (ဟေဗြဲ ၆:၁၇၊ ၁၈) မည်သည့်အခါမျှ ဘုရားသခင်မပယ်ဖျက်နိုင်သည့် “မဖောက်ပြန်မပြောင်းလဲနိုင်သောအရာနှစ်ပါး” ကား ကျွန်ုပ်တို့၏မျှော်လင့်ချက်များအခြေခံသည့် ကိုယ်တော်၏ကတိတော်နှင့် ကျိန်ဆိုခြင်းဖြစ်သည်။

ဘုရားသခင့်ကတိတော်များကို ယုံကြည်ခြင်းသည် နှစ်သိမ့်မှုနှင့် ဝိညာဉ်ရေးခွန်အား များစွာပေးသည်။ ဣသရေလလူမျိုး၏ ခေါင်းဆောင်တစ်ဦးဖြစ်သော ယောရှု၌ ယင်းသို့သောယုံကြည်ခြင်းရှိခဲ့သည်။ ဣသရေလလူများအား နောက်ဆုံးနှုတ်ခွန်းဆက် မိန့်ခွန်းပြောကြားသည့်အခါ ယောရှုသည် အသက်ကြီးရင့်နေပြီဖြစ်၍ သေရတော့မည်ကိုသူသိထားသည်။ သို့တိုင် ဘုရားသခင့်ကတိတော်များကို အပြည့်အဝယုံကြည်အားထားခြင်းမှ ပေါ်ထွက်လာသည့် ခွန်အားနှင့် မချိုးဖျက်နိုင်သည့် သစ္စာစောင့်သိမှုကို သူတင်ပြခဲ့၏။ လူသားအားလုံးကို သေခြင်းသို့ပို့ဆောင်သည့်လမ်း၊ “မြေသားအပေါင်းတို့သွားရာလမ်း” အတိုင်း သူသွားနေကြောင်းပြောကြားပြီးနောက် ယောရှုကဤသို့ဆိုခဲ့သည်– “သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့အဖို့မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံကြောင်းကို သင်တို့သည်စိတ်နှလုံးထဲမှာသိကြ၏။” မှန်ပါသည်၊ ဘုရားသခင်သည် မိမိ၏ကတိတော်အားလုံးကို အစဉ်ပြည့်စုံစေကြောင်း ယောရှုသုံးကြိမ်ဖော်ပြခဲ့သည်။—ယောရှု ၂၃:၁၄။

မကြာမီတည်ထောင်တော့မည့် ကမ္ဘာသစ်ဆိုင်ရာ ဘုရားသခင့်ကတိတော်ကို အသင်လည်းအလားတူယုံကြည်နိုင်ပါသည်။ သမ္မာကျမ်းစာကို စိတ်ပါလက်ပါလေ့လာခြင်းဖြင့် ယေဟောဝါသည် မည်သူဖြစ်ကြောင်းနှင့် ကိုယ်တော်သည် သင်၏ယုံကြည်အားထားမှုကို အဘယ်ကြောင့်အပြည့်အဝရထိုက်ကြောင်း သင်သဘောပေါက်လာမည်။ (ဗျာဒိတ် ၄:၁၁) အာဗြဟံ၊ စာရာ၊ ဣဇာက်၊ ယာကုပ်နှင့် ရှေးခေတ်မှသစ္စာရှိသူများ၌ စစ်မှန်သောဘုရားသခင်၊ ယေဟောဝါအားသိကျွမ်းခြင်းကို အခြေပြုထားသည့် ခိုင်မြဲသောယုံကြည်ခြင်းရှိကြသည်။ သူတို့အသက်ရှင်စဉ် “ကတိတော်နှင့်စပ်ဆိုင်သောအကျိုးကျေးဇူးကိုမခံ” ခဲ့ကြရသော်လည်း ခိုင်မြဲသောမျှော်လင့်ချက်ရှိခဲ့ကြသည်။ သို့ဖြစ်စေကာမူ “အဝေးကမြော်မြင်လျက်၊ စိတ်နှလုံးနှင့်ဖက်ယမ်း” ခဲ့ကြသည်။—ဟေဗြဲ ၁၁:၁၃။

ကျမ်းစာပရောဖက်ပြုချက်များကို သဘောပေါက်နားလည်ကြသဖြင့် “[အဆုံးမဲ့] တန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး” နီးကပ်ကြောင်း၊ ထိုနေ့ကြီးတွင် မြေကြီးပေါ်မှဆိုးသွမ်းမှုမှန်သမျှ သန့်စင်ခံရမည်ဖြစ်ကြောင်း ယခုကျွန်ုပ်တို့သိမြင်ကြရပြီ။ (ဗျာဒိတ် ၁၆:၁၄၊ ၁၆) ရှေးခေတ်သစ္စာရှိသူများကဲ့သို့ပင် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအပြင် ဘုရားသခင်နှင့် ‘စစ်မှန်သောအသက်’ ကိုချစ်သည့်မေတ္တာ၏ လှုံ့ဆော်ခြင်းခံရကာ အနာဂတ်ဖြစ်ရပ်များကို ယုံကြည်မျှော်လင့်လျက်ရှိကြရမည်။ ကမ္ဘာသစ်နီးကပ်လာခြင်းက ယေဟောဝါအားယုံကြည်ကြောင်းတင်ပြ၍ ကိုယ်တော်အားချစ်မြတ်နိုးသူများအတွက် ကြီးမားသည့်လှုံ့ဆော်မှုဖြစ်စေသည်။ ဘုရားသခင့်မျက်နှာသာတော်ကိုရရှိရန်နှင့် ရောက်လာတော့မည့် ကိုယ်တော်၏နေ့ကြီးအတွင်း အကာအကွယ်ရရှိရန် ထိုသို့သောယုံကြည်ခြင်းနှင့်မေတ္တာကိုမွေးမြူဖို့လိုသည်။—ဇေဖနိ ၂:၃; ၂ သက်သာလောနိတ် ၁:၃; ဟေဗြဲ ၁၀:၃၇-၃၉။

ထို့ကြောင့် အသက်ကိုသင်မြတ်နိုးပါသလော။ ထိုထက်မက ‘စစ်မှန်သောအသက်’—ထာဝရအသက်ကိုရည်မျှော်လျက် ပျော်ရွှင်သောအနာဂတ်ရရှိရန် အလားအလာနှင့် ဘုရားသခင့်မျက်နှာသာရ ကျေးကျွန်တစ်ဦးအဖြစ်—ကိုရလိုသလော။ ၎င်းကိုသင်ရလိုလျှင် ကျွန်ုပ်တို့သည် “မမြဲသောစည်းစိမ်ကိုမကိုးစားဘဲ . . . ဘုရားသခင်ကို ကိုးစား” သင့်ကြောင်းရေးသားခဲ့သည့် တမန်တော်ပေါလု၏တိုက်တွန်းချက်ကို လိုက်နာပါလေ။ ပေါလုကဤသို့ဆက်ပြောခဲ့သည်– ‘စစ်မှန်သောအသက်ကိုဝင်စား’ ရန် ဘုရားသခင်အားဂုဏ်တင်သည့် “ကောင်းသောအကျင့်၌ကြွယ်ဝပြည့်စုံ . . .လော့။”—၁ တိမောသေ ၆:၁၇-၁၉။

ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာရန် ကမ်းလှမ်းချက်ကိုလက်ခံခြင်းဖြင့် “ထာဝရအသက်” ရစေမည့် အသိပညာကို သင်ရရှိနိုင်ပါသည်။ (ယောဟန် ၁၇:၃) မေတ္တာရှိစွာဖြင့် ဖခင်တစ်ဦးပမာ ဤသို့ဖိတ်ခေါ်ခြင်းကို သမ္မာကျမ်းစာက မှတ်တမ်းတင်ထားသည်– “ငါ့သား ငါပေးသောတရားကိုမမေ့နှင့်။ ငါ့ပညတ်တို့ကို သင်၏နှလုံးစောင့်ရှောက်ပါစေ။ အကြောင်းမူကား၊ ပညတ်တရားသည် အသက်တာရှည်သောကာလ နှစ်ပေါင်းများကိုလည်းကောင်း၊ ငြိမ်ဝပ်ခြင်းကိုလည်းကောင်း တိုးပွားစေလိမ့်မည်။”—သု. ၃:၁၊ ၂။

[အောက်ခြေမှတ်ချက်များ]

a ယင်းနှင့်ပတ်သက်သည့် အသေးစိတ်ဆွေးနွေးချက်အတွက် ကင်းမျှော်စင်၊ သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ နယူးယောက်မှထုတ်ဝေသော ကျွန်ုပ်တို့သေဆုံးသောအခါ မည်သို့ဖြစ်သွားသနည်း [လိပ်] ဟူသောဘရိုရှာကိုရှု။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ