ဆင်းရဲဒုက္ခအမျိုးမျိုး ခံရတဲ့အခါ ယေဟောဝါ နှစ်သိမ့်ပေး
‘ကျွန်တော်တို့ ဆင်းရဲဒုက္ခအမျိုးမျိုး ခံရတဲ့အခါ နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ ဘုရားသခင် နှစ်သိမ့်ပေးတယ်။’—၂ ကော. ၁:၃၊ ၄။
၁၊ ၂။ ဆင်းရဲဒုက္ခတွေ ကြုံရတဲ့အခါ ယေဟောဝါ ဘယ်လို နှစ်သိမ့်ပေးသလဲ။ ကျမ်းစာမှာ ဘယ်လို အာမခံထားသလဲ။
အီဒွါဒိုလို့ ကျွန်တော်တို့ ခေါ်မယ့် တစ်ကိုယ်ရေ ညီအစ်ကိုငယ်က စိုးရိမ်နေတာတွေအကြောင်း သက်ကြီး အိမ်ထောင်သည် အကြီးအကဲ စတီဗင်ကို ပြောပြတယ်။ ‘အိမ်ထောင်ပြုရင် ဘဝဒုက္ခတွေ ကြုံတွေ့ရမှာပဲ’ လို့ ပြောထားတဲ့ ၁ ကောရိန္သု ၇:၂၈ ကို အီဒွါဒို စဉ်းစားနေခဲ့တယ်– “ဒီမှာပြောထားတဲ့ ‘ဒုက္ခ’ ဆိုတာ ဘာလဲ။ ကျွန်တော် အိမ်ထောင်ပြုရင် ဘယ်လို ဖြေရှင်းရမလဲ” ဆိုပြီး မေးတယ်။ အဲဒီမေးခွန်းကို မဖြေခင် ‘ကျွန်တော်တို့ ဆင်းရဲဒုက္ခအမျိုးမျိုး ခံရတဲ့အခါ နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ ဘုရားသခင် နှစ်သိမ့်ပေးတယ်’ ဆိုတဲ့ တမန်တော်ပေါလုရဲ့ စကားကို စဉ်းစားဖို့ အီဒွါဒိုကို စတီဗင် အကြံပြုတယ်။—၂ ကော. ၁:၃၊ ၄။
၂ ယေဟောဝါဟာ မေတ္တာရှင်ဖခင် ဖြစ်တယ်။ ကျွန်တော်တို့ အခက်အခဲတွေ ကြုံရချိန်မှာ နှစ်သိမ့်ပေးတယ်။ ဘုရားသခင်ရဲ့ ကူညီလမ်းပြမှုကို သင်ကိုယ်တွေ့ ကြုံဖူးမှာပါ။ အများအားဖြင့် နှုတ်မြွက်တော် ကျမ်းစာကတစ်ဆင့် ပေးလေ့ရှိတယ်။ ရှေးခေတ်ကျေးကျွန်တွေရဲ့ အကောင်းဆုံး အကျိုးကို လိုလားခဲ့သလိုပဲ ကျွန်တော်တို့ရဲ့ အကောင်းဆုံး အကျိုးကိုလည်း လိုလားတယ်။—ယေရမိ ၂၉:၁၁၊ ၁၂ ကိုဖတ်ပါ။
၃။ ဘယ်မေးခွန်းတွေကို ဆွေးနွေးသုံးသပ်ကြမလဲ။
၃ ပြဿနာ၊ ဆင်းရဲဒုက္ခတွေရဲ့ ဇာစ်မြစ်ကို သိရင် ဖြေရှင်းရပိုလွယ်မယ်။ အိမ်ထောင်သည်ဘဝ၊ မိသားစုဘဝနဲ့ပတ်သက်တဲ့ ဆင်းရဲဒုက္ခလည်း အလားတူပဲ။ ပေါလု ပြောတဲ့ “ဘဝဒုက္ခ” ထဲမှာ ဘာတွေ ပါဝင်သလဲ။ ကျမ်းစာခေတ်နဲ့ လက်ရှိ ဘယ်ပုံနမူနာတွေက နှစ်သိမ့်ပေးသလဲ။ ဒါတွေကို သိထားခြင်းက ဖြေရှင်းနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
“ဘဝဒုက္ခ”
၄၊ ၅။ “ဘဝဒုက္ခ” ကြုံရတဲ့ အကြောင်းရင်းတချို့က ဘာတွေလဲ။
၄ “ယောက်ျားက မိဘကို ထားခဲ့ပြီး ဇနီးနဲ့ မခွဲအတူ နေလိမ့်မယ်။ သူတို့ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်” လို့ လူ့သမိုင်း အစပိုင်းမှာ ဘုရားသခင် ပြောခဲ့တယ်။ (က. ၂:၂၄) ဦးဆုံး လူသားမောင်နှံကို ထိမ်းမြားပေးချိန်မှာ ယေဟောဝါ ပြောခဲ့တာပါ။ ဒါပေမဲ့ မစုံလင်တဲ့ အခြေအနေတွေအောက်မှာ လက်ထပ်ထိမ်းမြားခြင်း၊ အိုးသစ်အိမ်သစ် ထူထောင်ခြင်းက မိသားစု ဆက်ဆံရေးကို တင်းမာစေနိုင်တယ်။ (ရော. ၃:၂၃) မိဘရဲ့ အခွင့်အာဏာနေရာမှာ ခင်ပွန်းရဲ့ အခွင့်အာဏာ အစားဝင်လာတယ်။ ဇနီးကို ဦးစီးဖို့ ခင်ပွန်းကို ဘုရားသခင် အခွင့်အာဏာ ပေးထားတယ်။ (၁ ကော. ၁၁:၃) ကြင်စဦး ဇနီးမောင်နှံတချို့အတွက် အဲဒါ မလွယ်ကူဘူး။ ကျမ်းစာအရ မိဘအစား ခင်ပွန်းက ဦးဆောင်ရတော့မယ်ဆိုတာကို ဇနီး လက်ခံရမယ်။ နှစ်ဖက်မိသားစုတွေနဲ့ ဆက်ဆံရေး တင်းမာလာနိုင်ပြီး ကြင်စဦးဇနီးမောင်နှံတွေအတွက် ဘဝဒုက္ခ ဖြစ်လာနိုင်တယ်။
၅ “ကိုယ်ဝန် ရှိနေပြီ” လို့ မိန်းမ ပြောတဲ့အခါ နောက်ထပ်စိုးရိမ်မှုတွေ ပေါ်လာပြန်ရော။ ကလေးရတော့မှာမို့ ပျော်ပေမဲ့ ကိုယ်ဝန်ဆောင်ချိန်၊ နောက်ပိုင်းအချိန်တွေမှာ ပေါ်လာနိုင်တဲ့ ကျန်းမာရေးကိစ္စတွေအတွက် စိုးရိမ်မိနိုင်တယ်။ လောလောဆယ်နဲ့ ရေရှည် ငွေကြေးအခြေအနေကိုလည်း ထည့်တွက်စဉ်းစားရမယ်။ ကလေးရလာတဲ့အခါ ပြုပြင်ပြောင်းလဲစရာတွေ ထပ်ရှိဦးမယ်။ မိန်းမက ကလေးကိုပဲ အချိန်ပေးအာရုံစိုက်ရတော့မယ်။ မိန်းမက ကလေးကိစ္စနဲ့ပဲ အလုပ်များနေလို့ ယောက်ျားဟာ လျစ်လျူရှုခံရတယ်လို့ ခံစားရနိုင်တယ်။ တစ်ဖက်မှာလည်း ဖခင်အနေနဲ့ တာဝန်သစ်တွေ တိုးများလာတယ်။ ပြုစုစောင့်ရှောက်ရမယ့် မိသားစုဝင်တစ်ယောက် တိုးလာလို့ တာဝန်လည်း တိုးလာတယ်။
၆-၈။ သားသမီး လိုချင်တဲ့ဆန္ဒ မပြည့်ဝတာက ဘယ်လိုနည်းနဲ့ စိတ်ပျက်စေနိုင်သလဲ။
၆ အိမ်ထောင်သည်တချို့ကျတော့ ဒုက္ခနောက်တစ်မျိုး ကြုံကြရတယ်။ သားသမီး သိပ်လိုချင်ပေမဲ့ မရကြဘူး။ မိန်းမက ကလေး မရနိုင်လို့ စိတ်ဖိစီးမှု ခံစားရနိုင်တယ်။ အိမ်ထောင်သားမွေးပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ စိုးရိမ်စရာ ရှိနေမှာ မှန်ပေမဲ့ သားသမီး လိုချင်တဲ့ဆန္ဒ မပြည့်ဝတာလည်း “ဘဝဒုက္ခ” တစ်မျိုးပဲပေါ့။ (ပညာ. ၁၃:၁၂) ကျမ်းစာခေတ်မှာ သားသမီးမရနိုင်တာက အရှက်ရစရာပါပဲ။ ယာကုပ်ရဲ့ ဇနီး ရာခေလဟာ အစ်မ သားသမီး ရတာကို ကြည့်ပြီး စိတ်သောက ရောက်ခဲ့ရတယ်။ (က. ၃၀:၁၊ ၂) သားသမီးများများ ယူလေ့ရှိတဲ့ တိုင်းပြည်တွေမှာ အမှုဆောင်ရတဲ့ သာသနာပြုတွေဟာ ဘာလို့ သားသမီး မယူတာလဲလို့ မကြာခဏ မေးမြန်းခံကြရတယ်။ ဘယ်လိုပဲ ရှင်းပြပါစေ “ဆုတောင်းပေးပါ့မယ်” လို့ပြောလေ့ရှိကြတယ်။
၇ သားသမီး သိပ်လိုချင်ပေမဲ့ မရတဲ့ အင်္ဂလန်နိုင်ငံက ညီအစ်မတစ်ယောက်အကြောင်း သုံးသပ်ကြည့်ပါ။ သွေးဆုံးသွားပြီး ဒီစနစ်မှာ ကလေးမရနိုင်တော့မှန်း သိလို့ ဝမ်းနည်းပက်လက် ဖြစ်ခဲ့ရတယ်။ ဒါနဲ့ ကလေးတစ်ယောက် မွေးစားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒါပေမဲ့ “ဝမ်းနည်းတဲ့ ခံစားချက်ကတော့ ရှိနေတုန်းပဲ။ မွေးစားတာက ကိုယ့်ရင်သွေးကို မွေးရတာနဲ့ မတူဘူးလေ” လို့ပြောခဲ့တယ်။
၈ ခရစ်ယာန် အမျိုးသမီးဟာ “သားသမီး မွေးမြူပြုစု” ခြင်းအားဖြင့် “အကာအကွယ် ရလိမ့်မယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ တိ. ၂:၁၅) သားသမီး မွေးလို့၊ သားသမီး ရှိလို့ ထာဝရအသက် ရမယ်လို့ မဆိုလိုဘူး။ အိမ်အလုပ်တွေ၊ ပြုစုရမယ့် သားသမီးတွေနဲ့ဆိုတော့ အတင်းအဖျင်း မပြောဖို့၊ တခြားသူတွေရဲ့ ကိစ္စထဲ ဝင်မပါဖို့ အကာအကွယ် ရနိုင်တာကို ဆိုလိုတယ်။ (၁ တိ. ၅:၁၃) ဒါပေမဲ့ အိမ်ထောင်သည်ဘဝ၊ မိသားစုဘဝနဲ့ပတ်သက်တဲ့ ဆင်းရဲဒုက္ခတွေကိုတော့ ကြုံနေရဦးမှာပါ။
ချစ်ရသူတစ်ဦး ဆုံးပါးသွားတာကို ဘယ်လို ရင်ဆိုင်ဖြေရှင်းနိုင်သလဲ (အပိုဒ် ၉၊ ၁၂ ကိုကြည့်ပါ)
၉။ အိမ်ထောင်ဖက် သေဆုံးခြင်းက ဘယ်လိုနည်းနဲ့ ဆင်းရဲဒုက္ခ ဖြစ်သလဲ။
၉ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ ဆင်းရဲဒုက္ခတွေမှာ ထည့်မစဉ်းစားမိတာတစ်ခု ရှိသေးတယ်။ ချစ်ရသူတစ်ယောက် သေဆုံးခြင်းပါပဲ။ ချစ်ရတဲ့ အိမ်ထောင်ဖက် သေဆုံးခြင်းက လူများစွာ ကြုံတွေ့ရတဲ့ ဆင်းရဲဒုက္ခတစ်မျိုးပါပဲ။ ဒါပေမဲ့ ကြုံတွေ့ဖို့ မမျှော်လင့်ထားကြဘူး။ ခရစ်ယာန်တွေဟာ ယေရှုပေးခဲ့တဲ့ ရှင်ပြန်ထမြောက်ခြင်းကတိကို အခိုင်အမာ ယုံကြည်ကြတယ်။ (ယော. ၅:၂၈၊ ၂၉) အဲဒီကတိက ကျန်ရစ်သူ အိမ်ထောင်ဖက်ကို ဘာဖြစ်စေသလဲ။ နှစ်သိမ့်မှု အတော်အတန် ပေးပါတယ်။ ဆင်းရဲဒုက္ခ ကြုံနေရသူတွေကို နှုတ်မြွက်တော် ကျမ်းစာကတစ်ဆင့် မေတ္တာရှင်ဖခင် ကူညီနှစ်သိမ့်မှုပေးတဲ့ နောက်တစ်နည်း ဖြစ်တယ်။ ယေဟောဝါ နှစ်သိမ့်ပေးမှုကြောင့် ကျေးကျွန်တချို့ ဘယ်လို ခံစားရပြီး အကျိုးရရှိခဲ့ကြောင်း သုံးသပ်ကြည့်ကြစို့။
ဒုက္ခကြုံရချိန်မှာ နှစ်သိမ့်မှု
၁၀။ ဟန္န ဘယ်လို စိတ်သက်သာမှု ရခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)
၁၀ ဧလကာနရဲ့ ချစ်ဇနီး ဟန္နဟာ ဆင်းရဲဒုက္ခတစ်မျိုး ကြုံခဲ့ရတယ်။ ဧလကာနရဲ့ နောက်ဇနီး ပေနိန္နမှာ သားသမီးတွေ ရှိပေမဲ့ ဟန္နကတော့ မြုံနေတယ်။ (၁ ရှမွေလ ၁:၄-၇ ကိုဖတ်ပါ။) ပေနိန္န စကားနဲ့ နှိပ်စက်တာကို ဟန္န “နှစ်တိုင်း” ခံခဲ့ရတယ်။ ဒါကြောင့် ဟန္န အကြီးအကျယ် စိတ်သောက ရောက်ခဲ့ရတယ်။ ယေဟောဝါဆီ ဆုတောင်းပြောပြခြင်းအားဖြင့် စိတ်သက်သာရာရဖို့ ကြိုးစားခဲ့တယ်။ “ယေဟောဝါဆီ အကြာကြီး ဆုတောင်း” ခဲ့တယ်။ မိမိရဲ့ အသနားခံချက်ကို ယေဟောဝါ ဖြည့်ဆည်းပေးမယ်လို့ ဟန္န မျှော်လင့်ခဲ့သလား။ မျှော်လင့်ခဲ့နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဆုတောင်းပြီးနောက် “မျက်နှာညှိုးငယ် မနေတော့ဘူး။” (၁ ရှ. ၁:၁၂၊ ၁၇၊ ၁၈) အမြုံဘဝကို ယေဟောဝါ အဆုံးတိုင်စေမယ် ဒါမှမဟုတ် လိုအပ်ချက်ကို တစ်နည်းနည်းနဲ့ ဖြည့်ဆည်းပေးမယ်ဆိုတာ ဟန္န စိတ်ချတယ်။
၁၁။ ဆုတောင်းခြင်းက ဘယ်လိုနည်းနဲ့ နှစ်သိမ့်ပေးနိုင်သလဲ။
၁၁ ကျွန်တော်တို့ မစုံလင်သေးသရွေ့၊ စာတန့်စနစ်ဆိုးမှာ ရှိနေသေးသရွေ့ ဆင်းရဲဒုက္ခတွေကို ကြုံနေရဦးမယ်။ (၁ ယော. ၅:၁၉) ယေဟောဝါဟာ “နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်” ဖြစ်မှန်း သိရလို့ စိတ်သက်သာစရာပါပဲ။ ဆင်းရဲဒုက္ခတွေကို ဖြေရှင်းဖို့ အကူအညီ ရနိုင်တဲ့နည်းတစ်နည်းကတော့ ဆုတောင်းခြင်း ဖြစ်တယ်။ ယေဟောဝါဆီ ဟန္န ရင်ဖွင့်ဆုတောင်းခဲ့တယ်။ ကျွန်တော်တို့လည်း ဆင်းရဲဒုက္ခ ကြုံရတဲ့အခါ ခံစားချက်ကို ပြောပြရုံလောက်သာ မဟုတ်ဘဲ တိုးလျှိုးအသနားခံရမယ်။ နှလုံးထဲကနေ ပြင်းပြင်းပြပြ ရင်ဖွင့်ဆုတောင်းရမယ်။—ဖိ. ၄:၆၊ ၇။
၁၂။ မုဆိုးမအန္န ပျော်ရွှင်ဖို့ ဘာက ကူညီပေးခဲ့သလဲ။
၁၂ ကလေး မရှိလို့၊ ချစ်ရသူ သေဆုံးသွားလို့ ဘဝက ဟာတာတာ ဖြစ်နေရင်တောင် နှစ်သိမ့်မှု ရနိုင်ပါသေးတယ်။ ယေရှုခေတ်တုန်းက ပရောဖက်မ အန္နဟာ အိမ်ထောင်သက် ခုနစ်နှစ်ပဲ ရှိသေးချိန်မှာ ခင်ပွန်း ဆုံးပါးသွားတယ်။ သားသမီးအကြောင်း ကျမ်းစာမှာ ဘာမှ မဖော်ပြထားဘူး။ အသက် ၈၄ နှစ်မှာ အန္န ဘာလုပ်နေသလဲ။ “ဗိမာန်တော်ကို အမြဲလာတယ်။ အစာရှောင်တာ၊ အသနားခံဆုတောင်းတာတွေ လုပ်ပြီး နေ့ရောညပါ ဘုရားကို ဝတ်ပြုတယ်” လို့ လုကာ ၂:၃၇ မှာ ဖော်ပြထားတယ်။ အန္နဟာ ယေဟောဝါကို ဝတ်ပြုခြင်းကနေ နှစ်သိမ့်မှု၊ ပျော်ရွှင်မှု ရရှိခဲ့တယ်။
၁၃။ ဆွေမျိုးသားချင်းတွေ မနှစ်သိမ့်ပေးရင်တောင် မိတ်ဆွေစစ်တွေ နှစ်သိမ့်ပေးနိုင်တဲ့ ဥပမာတစ်ခု ပြောပြပါ။
၁၃ ညီအစ်ကို/မတွေနဲ့ အနီးကပ် ပေါင်းသင်းခြင်းကနေ မိတ်ဆွေစစ်တွေ ရရှိနိုင်ပါတယ်။ (ပညာ. ၁၈:၂၄) မိခင်ဖြစ်သူ အမှန်တရားကနေ ထွက်သွားလို့ အသက်ငါးနှစ်အရွယ်မှာ ဘယ်လောက် ဝမ်းနည်းခဲ့ရသလဲဆိုတာ ပေါ်လာ မှတ်မိနေတုန်းပဲ။ ဒီအခြေအနေကို ကျော်လွှားဖို့ မလွယ်ကူခဲ့ဘူး။ ဒါပေမဲ့ အသင်းတော်က ရှေ့ဆောင်ညီအစ်မ အန်းရဲ့ ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှုကြောင့် ပေါ်လာ အားရှိခဲ့ရတယ်။ “အန်းက ကျွန်မနဲ့ ဆွေမျိုးမတော်ပေမဲ့ သူရဲ့ မေတ္တာပါစိတ်ဝင်စားမှုက အကူအညီ ဖြစ်စေခဲ့တယ်။ ယေဟောဝါကို ဆက်ဝတ်ပြုဖို့ ကူညီပေးတယ်” လို့ ပေါ်လာ ပြောတယ်။ ပေါ်လာဟာ ယေဟောဝါကို သစ္စာရှိရှိ ဆက်အမှုဆောင်နေတယ်။ အသင်းတော်မှာ မိခင်နဲ့အတူ ပြန်အမှုဆောင်ရလို့ ပျော်ရွှင်နေတယ်။ ပေါ်လာအတွက် အမေတစ်ယောက်လို ဖြစ်ခဲ့လို့ အန်းလည်း ပျော်ရွှင်နေတယ်။
၁၄။ နှစ်သိမ့်မှု ပေးသူတွေ ဘယ်ကောင်းချီးတွေ ခံစားရနိုင်သလဲ။
၁၄ တခြားသူတွေကို မေတ္တာပါပါ စိတ်ဝင်စားမှု ပြတဲ့အခါ ကျွန်တော်တို့ရဲ့ အပျက်သဘောထားတချို့ ပျောက်သွားနိုင်တယ်။ ညီအစ်မတွေဟာ အိမ်ထောင်သည်ဖြစ်စေ၊ တစ်ကိုယ်ရေဖြစ်စေ သတင်းကောင်း ဟောပြောခြင်းမှာ ဘုရားသခင်နဲ့အတူ တွဲဖက်လုပ်ဆောင်ရလို့ ပျော်ရွှင်မယ်ဆိုတာ သိထားကြတယ်။ ပန်းတိုင်ကတော့ အလိုတော် ထမ်းဆောင်ခြင်းအားဖြင့် ဘုရားသခင်ကို ဂုဏ်တင်ဖို့ပဲ။ တချို့က အမှုဆောင်လုပ်ငန်းမှာ ပါဝင်ခြင်းကို ကုထုံးအဖြစ်တောင် ရှုမြင်ကြတယ်။ ရပ်ကွက်နဲ့ အသင်းတော်မှာ ရှိသူတွေကို စိတ်ဝင်စားမှု ပြခြင်းအားဖြင့် အသင်းတော်မှာ တရင်းတနှီးရှိဖို့ ကျွန်တော်တို့အားလုံး လုပ်ဆောင်နိုင်ပါတယ်။ (ဖိ. ၂:၄) တမန်တော် ပေါလု ပုံသက်သေကောင်း ပြခဲ့တယ်။ ပေါလုဟာ သက်သာလောနိတ် အသင်းတော်အတွက် “နို့တိုက်မိခင်” လိုရော ဖခင်လိုပါ ဖြစ်ခဲ့တယ်။—၁ သက်သာလောနိတ် ၂:၇၊ ၁၁၊ ၁၂ ကိုဖတ်ပါ။
မိသားစုအတွင်း နှစ်သိမ့်မှု
၁၅။ လူငယ်တွေကို အမှန်တရား သင်ပေးဖို့ ဘယ်သူတွေမှာ အဓိက တာဝန်ရှိသလဲ။
၁၅ ကျွန်တော်တို့ အာရုံစိုက်သင့်တဲ့ ကဏ္ဍတစ်ခုကတော့ မိသားစုဝင်တွေကို နှစ်သိမ့်ပေးခြင်းပါပဲ။ တစ်ခါတလေ လူသစ်တွေက သားသမီးတွေကို အမှန်တရား သင်ပေးဖို့၊ ကျမ်းစာသင်အံမှုတောင် လုပ်ပေးဖို့ ရင့်ကျက်တဲ့ ကြေညာသူတွေကို တောင်းဆိုကြတယ်။ ကျမ်းစာအရ သားသမီးတွေကို သွန်သင်၊ လေ့ကျင့်ပေးဖို့ မိဘတွေမှာ အဓိက တာဝန်ရှိတယ်။ (ပညာ. ၂၃:၂၂။ ဧ. ၆:၁-၄) တခြားသူတွေရဲ့ အကူအညီ လိုအပ်တဲ့ အချိန်အခါတွေ ရှိပါတယ်။ ဒါပေမဲ့ မိဘတွေမှာ တာဝန်ရှိနေဆဲပါပဲ။ မိသားစုနဲ့ ပုံမှန်ဆက်သွယ်နေဖို့ မရှိမဖြစ် လိုအပ်တယ်။
၁၆။ ကလေးတွေကို ကူညီပေးတဲ့အခါ ဘယ်အချက်ကို မှတ်ထားသင့်သလဲ။
၁၆ သားသမီးတွေကို တခြားတစ်ယောက်ယောက် ကျမ်းစာသင်ပေးဖို့ မိဘတွေ ဆုံးဖြတ်တယ်ဆိုရင် ကျမ်းစာသင်ပေးသူက မိဘနေရာကို ဝင်မယူသင့်ဘူး။ အမှန်တရားကို စိတ်မဝင်စားတဲ့ မိဘတွေရဲ့ သားသမီးတွေကို သက်သေခံတွေ ကျမ်းစာသင်ပေးရတာမျိုး ရှိပါတယ်။ ဒါပေမဲ့ ဘုရားရေးရာဘက် အကူအညီ ပေးရလို့ မိဘနေရာ ရောက်သွားတာ မဟုတ်မှန်း သက်သေခံတွေ သတိရသင့်တယ်။ အဲဒီလို ကျမ်းစာ သင်ပေးရတယ်ဆိုရင် မိဘတွေ အိမ်မှာ ရှိနေချိန်၊ အနီးအနားမှာ တခြားရင့်ကျက်တဲ့ သက်သေခံ ရှိနေချိန် ဒါမှမဟုတ် လူမြင်ကွင်းမှာ သင်ပေးတာက ပညာရှိရာ ကျပါလိမ့်မယ်။ ဒါဆိုရင် ဘယ်သူမှ အထင်မှားတော့မှာ မဟုတ်ဘူး။ အချိန်တန်တဲ့အခါ သားသမီးတွေရဲ့ ဘုရားရေးရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းအားဖြင့် ဘုရားပေးတာဝန်ကို မိဘတွေ ကျေပွန်မယ်လို့ မျှော်လင့်စရာ ရှိပါတယ်။
၁၇။ သားသမီးတွေ ဘယ်လိုနည်းနဲ့ နှစ်သိမ့်ပေးနိုင်သလဲ။
၁၇ စစ်မှန်တဲ့ဘုရားကို ချစ်ဖို့၊ လမ်းညွှန်ချက်တွေ လိုက်လျှောက်ဖို့ တတ်သိလာတဲ့ လူငယ်တွေဟာ မိသားစုအတွက် နှစ်သိမ့်မှုပါပဲ။ မိဘတွေကို လေးစားမှုပြခြင်း၊ ရုပ်ပစ္စည်းကူညီပေးခြင်းအားဖြင့် နှစ်သိမ့်ပေးနိုင်တယ်။ ဘုရားရေးရာဘက်မှာလည်း ထောက်မပေးနိုင်တယ်။ ရေလွှမ်းမိုးဘေး မတိုင်ခင်တုန်းက ရှေသရဲ့ မျိုးဆက် လာမက်က ယေဟောဝါကို ဝတ်ပြုခဲ့တယ်။ သားနောဧနဲ့ပတ်သက်ပြီး သူအခုလို ပြောတယ်– “ယေဟောဝါဘုရား ကျိန်လိုက်တဲ့မြေပေါ်မှာ ပင်ပင်ပန်းပန်း အလုပ်ကြမ်းလုပ်ရတဲ့ ငါတို့ကို ဒီသားက စိတ်သက်သာရာရစေမှာပဲ။” မြေကြီးပေါ်မှာ ကျိန်ခြင်းဘေး ပပျောက်သွားတဲ့အခါ အဲဒီပရောဖက်ပြုချက် ပြည့်စုံခဲ့တယ်။ (က. ၅:၂၉။ ၈:၂၁) စစ်မှန်တဲ့ဝတ်ပြုရေးမှာ ပါဝင်နေတဲ့ သားသမီးတွေဟာ လက်ရှိဆင်းရဲဒုက္ခတွေကို ခံရပ်နိုင်အောင်၊ ရေလွှမ်းမိုးဘေးထက် ပိုကြီးမားတဲ့ဘေးကို ကပ်ကျော်အောင် မိသားစုဝင်အားလုံးကို ကူညီပေးခြင်းအားဖြင့် နှစ်သိမ့်ပေးနိုင်ပါတယ်။
၁၈။ ဘယ်ဆင်းရဲဒုက္ခပဲ ကြုံရပါစေ သတ္တိရှိရှိ ခံရပ်နိုင်ဖို့ ဘာက ကူညီပေးနိုင်သလဲ။
၁၈ ဆုတောင်းခြင်း၊ ကျမ်းစာပါ ပုံနမူနာတွေကို တွေးတောဆင်ခြင်ခြင်း၊ ယေဟောဝါရဲ့ လူမျိုးနဲ့ အနီးကပ် ပေါင်းသင်းခြင်းတို့က ဆင်းရဲဒုက္ခအမျိုးမျိုး ကြုံရတဲ့အခါ နှစ်သိမ့်မှု ရရှိဖို့ လူသန်းပေါင်းများစွာကို ကူညီပေးနေတယ်။ (ဆာလံ ၁၄၅:၁၈၊ ၁၉ ကိုဖတ်ပါ။) ယေဟောဝါဟာ ထာဝရ နှစ်သိမ့်ရှင်ဖြစ်ကြောင်း သိရှိခြင်းက အခုနဲ့ အနာဂတ်မှာ ကြုံရမယ့် ဘယ်ဆင်းရဲဒုက္ခကိုမဆို သတ္တိရှိရှိ ရင်ဆိုင်ဖို့ ကူညီပေးပါလိမ့်မယ်။