ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၄/၁၅ စာ. ၁၃-၁၈
  • ဘုရားသခင် ညွှန်ကြားသည့်အတိုင်း လိုက်လျှောက်လေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင် ညွှန်ကြားသည့်အတိုင်း လိုက်လျှောက်လေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ညွှန်ကြားခံရ၍ အကျိုးသက်ရောက်ခံရ
  • ညွှန်ကြားချက်က မိသားစုအဝင် ဖြစ်သူတို့အား အကျိုးပြု
  • အပြုသဘောပါ ညွှန်ကြားချက်
  • လက်မထပ်ခင် သံဝါသပြုတာကို ဘယ်လိုပြောမလဲ
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
  • ကျွန်ုပ်တို့၏ခဲယဉ်းသောကာလအတွက် ထောက်ကူသောသွန်သင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • လိင်ကိစ္စကိုစမ်းကြည့်ဖို့ ဖိအားပေးခံရရင် ဘယ်လိုလုပ်မလဲ
    လူငယ်များအမေး မေးခွန်း ၁၀ ခုအတွက် အဖြေများ
  • လက်မထပ်ခင် လိင်ဆက်ဆံလိုက်ရင် ငါတို့ပိုရင်းနှီးလာမလား
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၄/၁၅ စာ. ၁၃-၁၈

ဘုရားသခင် ညွှန်ကြားသည့်အတိုင်း လိုက်လျှောက်လေ

“ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏တောင်တော် . . . သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်။”—မိက္ခာ ၄:၂။

၁။ မိက္ခာအရ နောက်ဆုံးကာလတွင် ဘုရားသခင်၏လူမျိုးအတွက် ကိုယ်တော် ဘာလုပ်မည်နည်း။

ဘုရားသခင်ကို ကိုးကွယ်ခြင်းငှာ “နောက်ဆုံးကာလ” ကျွန်ုပ်တို့အချိန်တွင် လူများသည် ကိုယ်တော်ကို တွေ့ရှိရန် တက်ကြွစွာရှာဖွေလိမ့်မည်ဟု ဘုရားသခင့်ပရောဖက်မိက္ခာ ကြိုတင်ဟောခဲ့သည်။ ဤသူတို့သည် တစ်ဦးကိုတစ်ဦး ဤသို့အားပေးကြမည်ဖြစ်သည်– “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏တောင်တော် . . . သို့ တက်သွားကြကုန်အံ့။ . . . လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြကုန်အံ့။”—မိက္ခာ ၄:၁၊ ၂။

၂၊ ၃။ လူတို့သည် ငွေကိုတပ်မက်သောသူများဖြစ်မည်ဟု ပေါလုကြိုတင်ပြောသည့်အတိုင်း ယနေ့ မည်သို့ပြည့်စုံနေသနည်း။

၂ ၂ တိမောသေ ၃:၁-၅ ကိုလေ့လာခြင်းဖြင့် ဤ “နောက်ဆုံးကာလ” တွင် ဘုရားသခင့်ညွှန်ကြားမှု ခံယူခြင်း၏အကျိုးကျေးဇူးများကို တွေ့ရှိရန် အကူအညီရနိုင်ပါလိမ့်မည်။ ရှေ့ဆောင်းပါးတွင် “ကိုယ့်ကိုကိုယ်ချစ်သောသူများ” မဖြစ်ကြရန် ပေါလု၏ သတိပေးချက်ကို နှလုံးပိုက်ကျုံးသူများထံ သက်ရောက်သည့်အကျိုးကျေးဇူးများကို စတင်သတိပြုခဲ့ကြသည်။ ကျွန်ုပ်တို့ခေတ်တွင် လူတို့သည် “ငွေကိုတပ်မက်သောသူများ” လည်းဖြစ်ကြလိမ့်မည်ဟု ပေါလု ဆက်လက်ဖော်ပြပါသည်။

၃ ထိုစကားများသည် ကျွန်ုပ်တို့အချိန်အခါနှင့် မည်မျှကိုက်ညီနေသည်ကို သတိပြုမိရန် ခေတ်သမိုင်းပညာရပ်တွင် ကောလိပ်ဘွဲ့ရထားသူဖြစ်ဖို့မလိုပါ။ နှစ်စဉ် ဝင်ငွေ သန်းပေါင်းများစွာရရှိလျက်နှင့် ကျေနပ်မှုမရှိသည့် ငွေရှင်များနှင့် ကော်ပိုရေးရှင်း ခေါင်းဆောင်များအကြောင်း ဖတ်ဖူးသည်မဟုတ်လော။ ငွေကိုတပ်မက်သောဤသူများသည် ဥပဒေနှင့်ဆန့်ကျင်သော နည်းဖြင့်ပင် ငွေရသည်ထက် ရလိုကြသေးသည်။ ပေါလု၏ စကားများသည် ယနေ့ မချမ်းသာကြသော်လည်း ထို့အတူပင် ငွေကိုမက်မောပြီး ကျေနပ်တင်းတိမ်မှုမရှိသူတို့နှင့်လည်း သက်ဆိုင်သည်။ သင့်အရပ်ဒေသတွင် ဤကဲ့သို့သောသူများကို သင်သိပေမည်။

၄-၆။ ငွေကိုတပ်မက်သူများ ဖြစ်မလာရန် သမ္မာကျမ်းစာက ခရစ်ယာန်များကို မည်သို့အကူအညီပေးသနည်း။

၄ ပေါလု၏တင်ပြချက်သည် မရှောင်လွှဲနိုင်သောလူ့သဘာဝမျှသာလော။ ဤအမှန်တရားကို နှစ်ပရိစ္ဆေဒပေါင်းများစွာက ဖော်ပြခဲ့သော သမ္မာကျမ်းစာ၏ ကလောင်ရှင်အရ ထိုသို့မဟုတ်ပါ– “ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှ လွှဲသွား၍ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ့်ကိုကိုယ် ထုတ်ချင်းခပ်အောင် ထိုးကြပြီ။” ‘ငွေသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း’ ဟု ဘုရားသခင်မိန့်တော်မမူကြောင်း သတိပြုပါ။ “ငွေကိုတပ်မက်ခြင်း’ ဖြစ်သည်ဟု ကိုယ်တော်မိန့်တော်မူသည်။—၁ တိမောသေ ၆:၁၀။

၅ အမွေရထား၍ဖြစ်စေ၊ အလုပ်လုပ်၍ဖြစ်စေ လက်ရှိအစီအစဉ်၌ ကြွယ်ဝသူ ခရစ်ယာန်ကောင်းအချို့ ပထမရာစုတွင် ရှိခဲ့ကြောင်း ပေါလု၏ရှေ့နောက်စကားမှ သိရှိရခြင်းသည် စိတ်ဝင်စားစရာပင်ဖြစ်သည်။ (၁ တိမောသေ ၆:၁၇) ထိုကြောင့် ကျွန်ုပ်တို့၏ ငွေရေးကြေးရေးအခြေအနေ မည်သို့ပင်ရှိစေကာမူ ငွေကိုတပ်မက်သောသူဖြစ်လာရန် အန္တရာယ်ရှိသည်ဟု ကျမ်းစာ သတိပေးခြင်းသည် သာဓကဖြစ်သင့်သည်။ ဤဘေးသင့်စေသောဖြစ်လေ့ရှိသည့်ချွတ်ချော်မှုကို ရှောင်ကြဉ်နိုင်ရန် ထပ်ဆင့်သွန်သင်ချက်များကို သမ္မာကျမ်းစာ ပေးထားပါသလော။ ပေးထားပါသည်။ ယေရှု၏ တောင်ပေါ်ဒေသနာတွင် ထိုသြဝါဒစကားများပါသည်။ ယင်း၏ ပညာရှိစကားများသည် ကမ္ဘာကျော်ဖြစ်သည်။ ဥပမာအနေနှင့် မဿဲ ၆:၂၆-၃၃ တွင်ပါ ယေရှု၏သြဝါဒကို သတိပြုပါ။

၆ လုကာ ၁၂:၁၅-၂၁ တွင်မှတ်တမ်းတင် ရေးထားသည့်အတိုင်း စည်းစိမ်ကြွယ်ဝရန် ထပ်စုဆောင်းနေစဉ်ပင် ရုတ်တရက်ကွယ်လွန်ခဲ့သော သူဌေးတစ်ဦးအကြောင်း ယေရှုပြောပြသည်။ ယေရှု၏လိုရင်းချက်ကား အဘယ်နည်း။ ကိုယ်တော်က ဤသို့ဆိုသည်– “လောဘလွန်ကျူးခြင်းကို သတိနှင့်ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား စည်းစိမ်ရှိသော်လည်း စည်းစိမ်၌ အသက်မတည်။” ဤသြဝါဒနှင့်အတူ သမ္မာကျမ်းစာသည် ပျင်းရိခြင်းကို ရှုတ်ချပြီး၊ ရိုးသားစွာ ရှာကြံလုပ်ကိုင်ခြင်း၏ တန်ဖိုးကို အလေးအနက် ဖော်ပြပါသည်။ (၁ သက်သာလောနိတ် ၄:၁၁၊ ၁၂) အချို့က ယင်းသွန်သင်ချက်များကို ဤခေတ်အခါတွင် မကျင့်သုံးနိုင်ပါဟု ငြင်းဆိုပေမည်—သို့သော် ၎င်းတို့သည် လက်တွေ့ကျပြီး အောင်မြင်နေပါသည်။

ညွှန်ကြားခံရ၍ အကျိုးသက်ရောက်ခံရ

၇။ စည်းစိမ်ချမ်းသာနှင့်စပ်လျဉ်းသည့် ကျမ်းစာသြဝါဒကို အောင်မြင်စွာ ကျင့်သုံးနိုင်လိမ့်မည်ဟု စိတ်ချနိုင်ရန် အဘယ်အကြောင်းတင်ပြချက် ကျွန်ုပ်တို့၌ရှိသနည်း။

၇ ငွေနှင့်ပတ်သက်သည့် မြင့်မြတ်သောမူများကို ကျင့်သုံးခဲ့သော လူမျိုးအသီးအသီး၊ လူမှုရေးနှင့် စီးပွားရေးအဆင့်အမျိုးမျိုးမှ အမျိုးသား၊ အမျိုးသမီးများစွာတို့၏ဖြစ်ရပ်မှန်နမူနာများတွေ့ရှိနိုင်ပါသည်။ ဤသူတို့သည် မိမိကိုယ်တိုင်နှင့် မိမိတို့၏မိသားစုများအား အကျိုးသက်ရောက်စေခဲ့ကြောင်း ပြင်ပလူတို့ပင် သိမြင်နိုင်ပါသည်။ ဥပမာ၊ ခေတ်ပြိုင်အမေရိကန်နိုင်ငံရှိ ဘာသာရေးလှုပ်ရှားမှုများစာအုပ်တွင် ပရင့်စတန်တက္ကသိုလ်အတွက် ပုံနှိပ်ထုတ်ဝေသူ မနုဿဗေဒပညာရှင်တစ်ဦးက ဤသို့ရေးသားခဲ့သည်– “လူမှုရေးအခြေအနေရှိသူများ ဖြစ်ဖို့ရန် နောက်ဆုံးပေါ်ကားများ၊ တန်ဖိုးကြီး အဝတ်အစားများ၊ သို့မဟုတ် သုံးဖြုန်းနိုင်ခြင်းပေါ် မူမတည်ကြောင်း သူတို့၏ စာပေများနှင့် အသင်းတော် ဟောပြောချက်များတွင် အမြဲသတိပေးခံကြရသည်။ တစ်ကြိမ်တည်းတွင် သက်သေခံတစ်ဦးသည် အလုပ်ရှင် ရသင့်ရထိုက်သော တစ်နေ့တာလုပ်ငန်းကို လုပ်ကိုင်ပြီး အသေးအဖွဲကအစ ရိုးသားရမည်ဖြစ်သည် . . . ဤအရည်အချင်းများရှိသည့်အတွက် ကျွမ်းကျင်မှု များစွာမရှိသော်လည်း လုပ်သားကောင်းတစ်ဦးဖြစ်ကြောင်း ထောက်ခံပေးခဲ့ရာ မြောက်ဖီလဒဲလ်ဖီးယားအရပ်ရှိ သက်သေခံအချို့သည် တာဝန်အတော်အသင့်ကြီးမားသော ရာထူးရာခံများအဆင့်တွင်ရောက်နေကြပါသည်။” ရှင်းနေသည်မှာ ဘုရားသခင့်နှုတ်ကပါဌ်တော်မှတစ်ဆင့် ကိုယ်တော့်ညွှန်ကြားချက်ကို လက်ခံနာယူခဲ့သူများသည် လက်ရှိအခြေအနေကို ကိုင်တွယ်ဖြေရှင်းရာတွင် ပိုခက်ခဲစေသည့် စိတ်ထားများကို ဂရုစိုက်ရန် သတိပေးခံရသည်။ ကျမ်းစာညွှန်ကြားချက်သည် ပို၍ပျော်ရွှင်သာယာသော ဘဝအသက်တာကိုဖြစ်စေကြောင်း သူတို့အဖြစ်အပျက်က သက်သေထူပါသည်။

၈။ “ဝါကြွားသောသူ၊” “ထောင်လွှားစော်ကားသောသူ၊” “သူ့အသရေကို ရှုတ်ချသောသူ” တို့ကို အဘယ်ကြောင့်ဆက်စပ်နိုင်သနည်း။ ဤဝေါဟာရသုံးခု၏ အနက်အဓိပ္ပာယ်ကား အဘယ်နည်း။

၈ ပေါလုဆက်ဖော်ပြသည့် အရာသုံးခုကို ကွင်းဆက်ကြည့်နိုင်ပါသေးသည်။ နောက်ဆုံးကာလတွင် လူတို့သည် “ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကို ရှုတ်ချသောသူ” တို့ဖြစ်ကြလိမ့်မည်။ ယင်းသုံးခုသည် တစ်မျိုးတစ်စားတည်းမဟုတ်သော်ငြား မာန်မာနနှင့် အားလုံးဆက်စပ်ပါသည်။ ပထမဦးဆုံးကား “ဝါကြွား” ခြင်းဖြစ်သည်။ အဘိဓာန်ကျမ်းတစ်အုပ်က ဤတွင် အခြေခံဂရိစကားလုံး၏အဓိပ္ပာယ်မှာ “‘ရှိရင်းစွဲထက် ကိုယ့်ကိုကိုယ် အမွှမ်းတင်သူ’ သို့မဟုတ် ‘မိမိတတ်နိုင်သည်ထက် ကတိပြုသူ’” ဖြစ်သည်။ ယင်းကြောင့် ကျမ်းစာအချို့က “ဝင့်ဝါ” ဟူသောစကားလုံးကို သုံးထားခြင်းဖြစ်သည်။ ဆက်တွဲလာသည်ကား “ထောင်လွှားစော်ကား” ခြင်း သို့မဟုတ် စာသားအတိုင်း “ဟန်ကြီးပန်ကြီးလုပ်ခြင်း” ဖြစ်သည်။ နောက်ဆုံးကား “သူ့အသရေကိုရှုတ်ချ” ခြင်းတည်း။ သူ့အသရေကိုရှုတ်ချသောသူဟုဆိုရာတွင် အချို့က ဘုရားသခင်အား မလေးမခန့်ပြုမူပြောဆိုသူကို ဆိုလိုသည်ဟု ယူမှတ်ပေမည်။ သို့သော် အခြေခံဝေါဟာရတွင် လူတစ်ဖက်သားကို ထိခိုက်နစ်နာ၊ ရှုတ်ချပြစ်တင်၊ ဆဲဆိုခြင်းသဘော ပါဝင်ပါသည်။ ထိုကြောင့် ဘုရားသခင်ကိုလည်းကောင်း၊ လူလူချင်းကိုလည်းကောင်း အသရေဖျက်ခြင်းကို ပေါလုဆိုလိုနေခြင်းဖြစ်သည်။

၉။ အနှံ့အပြားထင်ရှားသည့် ဘေးသင့်စေသောသဘောထားများနှင့်မတူသည့် အဘယ်သဘောထားကို မွေးမြူရန် ကျမ်းစာက တိုက်တွန်းပေးသနည်း။

၉ လုပ်ဖော်ကိုင်ဖက်များဖြစ်စေ၊ ကျောင်းနေဖက်များဖြစ်စေ၊ ဆွေမျိုးတို့ပင်ဖြစ်စေ ပေါလုဖော်ပြသည့် လူတန်းစားအဝင်တို့နှင့် ပေါင်းသင်းရလျှင် သင်မည်သို့ခံစားရမည်နည်း။ သင့်ဘဝ ပိုလွယ်ကူမည်လော။ သို့မဟုတ် သူတို့ကြောင့် အရှုပ်အထွေး ပိုများလာသဖြင့် ယခုခေတ်ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ပိုခဲယဉ်းစေပါသလော။ ဘုရားသခင့်နှုတ်ကပါဌ်တော်မူကား ဤစိတ်ထားများကို ရှောင်ကြဉ်ရန် သွန်သင်ပေးထား၍ ၁ ကောရိန္သု ၄:၇; ကောလောသဲ ၃:၁၂၊ ၁၃; နှင့် ဧဖက် ၄:၂၉ အတိုင်း ညွှန်ကြားထားပါသည်။

၁၀။ ကျမ်းစာသွန်သင်ချက်ကို လိုက်နာခြင်းကြောင့် ယေဟောဝါ၏လူများ အကျိုးကျေးဇူးခံစားရကြောင်း အဘယ်အရာကပြသနည်း။

၁၀ ခရစ်ယာန်များသည် မစုံလင်ကြသော်လည်း ဤကောင်းမွန်သောညွှန်ကြားချက်များကို လိုက်နာကျင့်သုံးခြင်းဖြင့် ခဲယဉ်းဆိုးယုတ်သောကာလတွင် အထောက်အကူ များစွာရရှိကြပါသည်။ ယေဟောဝါသက်သေများဦးရေ ဆက်တိုးပွားများပြားနေရခြင်း အကြောင်းတစ်ခုမှာ “ဤအဖွဲ့အစည်းသည် ယင်း၏အသင်းသူအသင်းသားတို့အား တိကျပြတ်သား၍ ခိုင်မာသောအသွင်အပြင်ကိုရစေ” သည်ဟု လားချီဗီလ်တာ ကိုတိုလီကာ အီတလီဂျာနယ်တစ်စောင်က ဆိုသည်။ သို့သော် “ခိုင်မာသောအသွင်အပြင်” ဟုဆိုခြင်းအားဖြင့် စာရေးဆရာက “ဝါးကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကို ရှုတ်ချသောသူ” များဖြစ်ကြသည်ဟု ဆိုလိုနေခြင်းလော။ ထိုသို့မဟုတ်ဘဲ ယင်းအဖွဲ့အစည်းသည် “အသင်းသူအသင်းသားတို့အား တိကျပြတ်သား၍ ခိုင်မာသောအသွင်အပြင်ကိုရစေ၍ သူတို့အား ညီရင်းအစ်ကို စည်းလုံးညီညာ၊ ခင်မင်ရင်းနှီးစိတ်ဖြင့် လှိုက်လှဲစွာကြိုဆိုကြသည့်နေရာဖြစ်သည်” ဟု ဤဂျက်စွတ်မဂ္ဂဇင်းက သတိပြုစေသည်။ သက်သေခံများ တတ်သိသင်ယူထားရာများသည် သူတို့အတွက် အထောက်အကူဖြစ်နေကြောင်း မထင်ရှားပေလော။

ညွှန်ကြားချက်က မိသားစုအဝင် ဖြစ်သူတို့အား အကျိုးပြု

၁၁၊ ၁၂။ မိသားစု မြောက်မြားစွာတို့၏ အခြေအနေသည် မည်သို့ဖြစ်လိမ့်မည်ကို ပေါလု အဘယ်နည်းဖြင့် အတိအကျ ဖော်ပြခဲ့သနည်း။

၁၁ ဆက်စပ်နေသော နောက်အရာလေးခုကို ကျွန်ုပ်တို့သည်တစ်အုပ်စုထားပေမည်။ နောက်ဆုံးကာလတွင် များစွာသောသူတို့သည် “မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ [သစ္စာမရှိသူ၊ ကဘ]၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ” ဖြစ်ကြလိမ့်မည်ဟု ပေါလု ကြိုတင်ဟောခဲ့သည်။ ယင်းချွတ်ယွင်းမှုတို့မှ နှစ်ခု—ကျေးဇူးမရှိခြင်းနှင့် သစ္စာမရှိခြင်း—ကို အနှံ့အပြား တွေ့မြင်နေရကြောင်း သင်သိပေမည်။ သို့နှင့်ပင် “မိဘစကားကို နားမထောင်သောသူ” နှင့် “ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ” နှစ်ခုကြား ယင်းတို့ကို ပေါလုအဘယ်ကြောင့်ဖော်ပြရကြောင်း လွယ်ကူစွာ သဘောပေါက်နိုင်ပါသည်။ လေးမျိုးစလုံးသည် ဆက်စပ်နေသည်။

၁၂ အကဲခတ်တတ်သူ လူကြီး၊ လူငယ်မရွေး မည်သူမဆိုပင်လျှင် မိဘစကားနားမထောင်ခြင်းကို အနှံ့အပြားတွေ့မြင်နေရကြောင်း၊ ယင်းသည်လည်း ဆိုးသည်ထက် ဆိုးလာနေကြောင်းကို ဝန်ခံရလိမ့်မည်။ လူငယ်တို့သည် သူတို့အတွက်ပြုလုပ်ပေးရာအားလုံးအပေါ်ကျေးဇူးတင်တတ်ပုံမရှိကြောင်း မိဘအမြောက်အမြား ညည်းညူကြသည်။ မိဘများသည် မိမိတို့အား (သို့မဟုတ် မိသားစုတစ်စုလုံး) အပေါ် အမှန်တကယ်သစ္စာမရှိကြဘဲ သူတို့လုပ်ငန်း၊ သူတို့ပျော်ရွှင်မှု၊ သူတို့ကိုယ်နှိုက်ကိုသာ စွဲလန်းတန်းမှန်းနေကြသည်ဟု လူငယ်များစွာ ပြစ်တင်ပြောဆိုကြသည်။ မည်သူမည်ဝါ မှားသည်ကို ကြိုးစားခန့်မှန်းနေမည့်အစား အကျိုးရလဒ်တို့ကိုသာ ကြည့်ပါလေ။ လူကြီးလူငယ်စပ်ကြား နာကြည်းစိတ် ဖြစ်ပေါ်လာခြင်းက ဆယ်ကျော်သက်များအား ကိုယ်ပိုင်စာရိတ္တစံချိန်များကို ချမှတ်စေလေ့ရှိသည်။ အကျိုးသက်ရောက်မှုကား အဘယ်နည်း။ ဆယ်ကျော်သက်ကိုယ်ဝန်များ၊ ကိုယ်ဝန်ဖျက်ခြင်း၊ လိင်ဆိုင်ရာကူးစက်ရောဂါများ တစ်ဟုန်ထိုးတိုးများလာခြင်းဖြစ်သည်။ အိမ်တွင်း၌ ပကတိကြင်နာစုံမက်ခြင်းကင်းမဲ့မှုက အကြမ်းဖက်မှုများကို များသောအားဖြင့် ဖြစ်ပွားစေပါသည်။ ပကတိကြင်နာစုံမက်ခြင်း ပျောက်လွင့်နေသည့်သာဓကကို သင့်အရပ်ဒေသမှ ထောက်ပြနိုင်ပေမည်။

၁၃၊ ၁၄။ (က) မိသားစုများစွာ၏ ယိုယွင်းပျက်ပြားမှုကို ထောက်ရှု၍ သမ္မာကျမ်းစာကို အဘယ်ကြောင့် ဂရုပြုသင့်သနည်း။ (ခ) မိသားစုဘဝအတွက် အဘယ်ပညာရှိသြဝါဒကို ဘုရားသခင်ပေးတော်မူသနည်း။

၁၃ ယင်းကြောင့်လည်း တစ်ချိန်က တစ်မိသားစုဟူ၍ ယူမှတ်ခဲ့သော မိမိဆွေမျိုးသားချင်းစု၊ လူမျိုးစု၊ အုပ်စုကို တိုက်လှန်ငြင်းဆန်နေသူ များသည်ထက် များလာရခြင်း ဖြစ်ပေမည်။ သို့ရာတွင် ယခုအချိန်၌ ဘဝတွင်အပြုသဘောမဆောင်သည်များကိုသာ ဖော်ပြရန် ဤအကြောင်းအရာများကို တင်ပြပြောဆိုနေခြင်းမဟုတ်ကြောင်း သိစေလိုပါသည်။ ကျွန်ုပ်တို့အဓိကစိတ်ဝင်စားရာနှစ်ခုမှာ– ပေါလုဖော်ပြခဲ့သော အမှားတို့ကြောင့် ခံရသောဒုက္ခကို ရှောင်ကြဉ်နိုင်ရန် ကျမ်းစာသွန်သင်ချက်များက အကူအညီပေးနိုင်မည်လော၊ နှင့် ကျမ်းစာသွန်သင်ချက်များကို ဘဝတွင် လိုက်နာကျင့်သုံးခြင်းအားဖြင့် အကျိုးခံစားရမည်လောတို့ ဖြစ်ပါသည်။ ပေါလုတင်ပြခဲ့သော လေးချက်မှာကဲ့သို့ အဖြေပေါ်နေသည်ကား အကျိုးခံစားနိုင်သည်ဟူ၍ ဖြစ်၏။

၁၄ အလုံးစုံကိုခြုံငုံ၍ ဤသို့ဆိုနိုင်ပါသည်– စိတ်ကြည်နူးဖွယ်ကောင်းပြီး အောင်မြင်မှုကောင်းရှိ မိသားစုဘဝကို ပြုစုပျိုးထောင်ပေးနိုင်သည့် သမ္မာကျမ်းစာသြဝါဒထက် ကောင်းသောသြဝါဒ မရှိပါ။ မိသားစုအဝင်ဖြစ်သူများအား လမ်းမှားကိုရှောင်ကြဉ်စေရုံမက အောင်မြင်ရန်ကူညီပေးနိုင်ကြောင်း ကျမ်းစာသြဝါဒ နမူနာတစ်ခုမျှလောက်က သက်သေထူသည်။ လင်ယောက်ျား၊ ဇနီးသည်မိန်းမများနှင့် သားသမီးများအတွက် လျောက်ပတ်တင့်တယ်၍ လက်တွေ့ကျကျမ်းပိုဒ် မြောက်မြားစွာရှိသော်လည်း ကောလောသဲ ၃:၁၈-၂၁ သည်ပုံဥပမာကောင်းတစ်ခုဖြစ်သည်။ ယင်းသွန်သင်ချက်သည် ကျွန်ုပ်တို့ခေတ်တွင် အောင်မြင်နေပါသည်။ စစ်မှန်သောခရစ်ယာန် မိသားစုများတွင်ပင် အနှောင့်အယှက်များ၊ စိန်ခေါ်ချက်များရှိသည်မှန်သော်လည်း ခြုံပြောရလျှင် သမ္မာကျမ်းစာသွန်သင်ချက်သည် ဤမိသားစုများအတွက် အမှန်အကူအညီဖြစ်နေကြောင်း သက်သေထင်ရှားသည်။

၁၅၊ ၁၆။ ဇမ်ဘီယာနိုင်ငံရှိ ယေဟောဝါသက်သေများကို သုတေသနပြုခဲ့သောအခါ ထိုသုတေသီသည် အဘယ်အခြေအနေကို တွေ့ရှိခဲ့သနည်း။

၁၅ လက်သ်ဘရစ်ချ်တက္ကသိုလ်မှ သုတေသီတစ်ဦးသည် ဇမ်ဘီယာနိုင်ငံ၏ လူမှုရေးဘဝကို တစ်နှစ်ခွဲခန့် လေ့လာခဲ့ပါသည်။ သူမ ဤသို့ကောက်ချက်ချသည်– “တည်တံ့ခိုင်မြဲသောအိမ်ထောင်ရေးကို ပြုစုပျိုးထောင်ပေးခြင်းတွင် ယေဟောဝါသက်သေများသည် အခြားဂိုဏ်းဂဏဝင်များထက် အောင်မြင်မှုပိုရရှိနေပါသည်။ . . . သူတို့အောင်မြင်ရခြင်းမှာ လင်နှင့်မယားစပ်ကြား ပေါင်းသင်းဆက်ဆံမှုကို ပြုပြင်ပြောင်းလဲလာခဲ့ခြင်းကြောင့်ဖြစ်ကာသူတို့အသစ်တွေ့ရှိလာခဲ့သော ခြိမ်းခြောက်မှုမဲ့ ပူးပေါင်းကြိုးပမ်းချက်များသည် ခေါင်းဆောင်အသစ်ဖြစ်သူ ဘုရားသခင်ရှေ့ စာရင်းရှင်းခံရမည်ဟု သဘောပေါက်နားလည်လာ၍ ဖြစ်သည်။ . . . ယေဟောဝါသက်သေဖြစ်သူ လင်ယောက်ျားသည် ဇနီးသည်နှင့် သားသမီးများ၏ ဖူလုံရေးကို တာဝန်ယူသူအဖြစ်ရင့်ကျက်လာရန် သွန်သင်ခံရသည်။ . . . လင်နှင့်မယားသည် သမာဓိရှိသူများဖြစ်ရမည်ဟု တစ်ဦးချင်းအားပေးခံရသည်။ . . . သမာဓိမရှိမဖြစ်ဟူသော ခံယူချက်ကလည်း အိမ်ထောင်ရေးကို ခိုင်မြဲစေပါသည်။”

၁၆ ထိုတွေ့ရှိချက်သည် ဖြစ်ရပ်မှန် မြောက်မြားစွာပေါ်အခြေခံပါသည်။ ဥပမာ၊ ထုံးစံအတိုင်းမဟုတ်ဘဲ “ယေဟောဝါသက်သေ အမျိုးသားများသည် တောင်ယာခုတ်ထွင်ရှင်းလင်းချိန်၌သာမက တူးဖော်စိုက်ပျိုးချိန်တွင်လည်း သူတို့၏ဇနီးများကို ဥယျာဉ်ခြံတွင် ဝိုင်းဝန်းကူညီပေးလေ့ရှိသည်ကို တွေ့ရှိရ၏” ဟု ဤသုတေသီက ဆိုသည်။ ထိုကြောင့် ကျမ်းစာညွှန်ကြားချက်သည် ထိရောက်အောင်မြင်ကြောင်း ကမ္ဘာတစ်ဝန်းမှ တွေ့ကြုံမှုများက သက်သေထူသည်။

၁၇၊ ၁၈။ ဘာသာတရားအမွေနှင့် မထိမ်းမြားမီ သံဝါသပြုခြင်းကို သုတေသနပြုခဲ့ရာ အဘယ်အံ့သြစရာအဖြေများ ရရှိသနည်း။

၁၇ ရှေ့ဆောင်းပါးတွင် ဘာသာတရားကို သိပ္ပံနည်းလမ်းကျကျ လေ့လာခြင်းဂျာနယ်မှ တွေ့ရှိချက်များကို ဖော်ပြခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် “ဘာသာတရားအမွေနှင့် မထိမ်းမြားမီ သံဝါသပြုခြင်း– အမျိုးသား နမူနာလူရွယ်များထံမှ သာဓက” ခေါင်းစဉ်ပါ ဆောင်းပါးတစ်ခုပါဝင်ခဲ့သည်။ မထိမ်းမြားမီ သံဝါသပြုခြင်းအမှုသည် မည်မျှပျံ့နှံ့နေကြောင်း သင်သိရှိပါလိမ့်မည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ရာဂစိတ်ကို လက်မြှောက်အရှုံးပေးခဲ့သူ များစွာရှိပါသည်။ ဆယ်ကျော်သက်များစွာဆိုလျှင် သံဝါသပြုဖက် အများအပြားရှိကြသည်။ ဤအကျင့်ကို ကျမ်းစာသွန်သင်ချက်များက ပြုပြင်ပြောင်းလဲနိုင်ပါသလော။

၁၈ ဤကိစ္စကို သုတေသနပြုခဲ့သူ တွဲဖက်ပါမောက္ခသုံးဦးက ‘ရှေးဆန်သော ခရစ်ယာန်ထုံးစံအတိုင်း ကြီးပြင်းလာသည့် လူငယ်လူရွယ်များသည် မထိမ်းမြားမီ သံဝါသပြုကြလိမ့်မည်မဟုတ်’ ဟုယူမှတ်ခဲ့သည်။ သို့သော် အဖြစ်မှန်များကား အဘယ်နည်း။ ခြုံငုံကြည့်လျှင် ၇၀ ရာခိုင်နှုန်းမှ ၈၂ ရာခိုင်နှုန်းအထိ မထိမ်းမြားမီ သံဝါသပြုခဲ့ပြီးဖြစ်သည်။ အချို့သူများသည် “ငယ်စဉ်ကပင် ကျမ်းစာကို အလေးထားရန် သွန်သင်ခံခဲ့ရ၍ မထိမ်းမြားမီ သံဝါသပြုနိုင်ဖွယ်နှုန်း [လျော့နည်း] စေသော်လည်း ‘ဆယ်ကျော်သက်များ မထိမ်းမြားမီ သံဝါသပြုခြင်း’ ကိစ္စကိုမူကား ထိုသို့မဆိုနိုင်ပါ။” “အဓိက ပရိုတက်စတင့်ဂိုဏ်းဂဏဝင်များနှင့် နှိုင်းယှဉ်လိုက်သော် မထိမ်းမြားမီ သံဝါသပြုမှုကို သိသိသာသာ များစွာပြုမူနေကြသည့်” ဘာသာရေးကိုင်းရှိုင်းသောမိသားစုများမှ လူငယ်အချို့အကြောင်း သုတေသီများ ပြောဆိုနေခြင်းဖြစ်သည်။—ကျွန်ုပ်တို့ စာလုံးစောင်း။

၁၉၊ ၂၀။ ဘုရားသခင့်ညွှန်ကြားချက်များသည် ယေဟောဝါသက်သေလူငယ်များစွာကို အဘယ်နည်းဖြင့် အကူအညီပေးပြီး အကာအကွယ်ဖြစ်ခဲ့သနည်း။

၁၉ “အခြားသူများမှ သိသိသာသာ ထူးခြားသောအုပ်စု” အဝင် ယေဟောဝါသက်သေများ၏ လူငယ်များမူကား ထိုသို့မဟုတ်ကြောင်း ယင်းပါမောက္ခများ သတိပြုမိကြသည်။ အဘယ်ကြောင့်နည်း။ “တွေ့ကြုံမှုများ၊ မျှော်လင့်ချက်များနှင့် ပါဝင်ပတ်သက်မှုများမှပေါက်ဖွားလာသော တာဝန်သိတတ်ခြင်းနှင့် လူမှုရေး ပြည့်ဝခြင်းအဆင့် မြင့်မားမှုက . . . ယုံကြည်ခြင်းဆိုင်ရာ မူဝါဒများကို ပိုမိုလိုက်နာကျင့်သုံးလိုစိတ် တိုးပွားစေခဲ့ပေမည်။” ထပ်ဆင့်၍ သူတို့ဤသို့ဆိုသည်– “သက်သေခံများဖြစ်သည့် လူငယ်လူရွယ်များအနေနှင့် သာသနာပြုခြင်းတာဝန်များကို ထမ်းဆောင်ရန် မျှော်လင့်ခံရသည်။”

၂၀ ထိုကြောင့် ကျမ်းစာညွှန်ကြားချက်သည် ယေဟောဝါသက်သေများအား စာရိတ္တယိုယွင်းမှုကို ရှောင်ကြဉ်ရန် အကူအညီပေးသည့်အတွက် အကျိုးသက်ရောက်ပါသည်။ ယင်းကြောင့် လိင်ဆိုင်ရာကူးစက်ရောဂါရခြင်း၊ ယင်းတို့တွင် အချို့ဆိုလျှင် မပျောက်နိုင်၊ သေစေနိုင်သည့်တိုင် ဆိုးရွားသည့်ရောဂါတို့မှ အကာအကွယ်ရပါသည်။ လူ့အသက်ကိုသတ်ခြင်းနှင့် အတူတူဖြစ်သည်ဟု သမ္မာကျမ်းစာသွန်သင်ထားသည့် သန္ဓေသားကိုဖျက်ချစရာအကြောင်းလည်း ပေါ်မည်မဟုတ်ပါ။ ယင်းကြောင့်လည်း လူငယ်လူရွယ်များအနေနှင့် ဩတ္တပ္ပစိတ်ကြည်လင်စွာဖြင့် အိမ်ထောင်မင်္ဂလာပြုနိုင်ကြမည်။ ထိုအခါ အိမ်ထောင်ရေး၏အုတ်မြစ်သည် အခြေခံသာ၍ကောင်းမည်ဖြစ်သည်။ ဤကဲ့သို့သောသွန်သင်ချက်များကြောင့် ဘဝကိုရင်ဆိုင်ရန်၊ ပို၍ကျန်းကျန်းမာမာရှိရန်၊ ပိုပျော်ရွှင်နိုင်စရာအကြောင်းရှိရန်ကျွန်ုပ်တို့ကို ကူညီနိုင်ပါသည်။

အပြုသဘောပါ ညွှန်ကြားချက်

၂၁။ ကျွန်ုပ်တို့ခေတ်နှင့်စပ်လျဉ်း၍ အဘယ်အကြောင်းများကို ပေါလု အတိအကျကြိုပြောခဲ့သနည်း။

၂၁ ဤတွင် ၂ တိမောသေ ၃:၃၊ ၄ ကိုပြန်ဖတ်ရှုကာ အားလုံးအတွက်မဟုတ်သော်လည်း များစွာသောသူတို့အတွက် ကျွန်ုပ်တို့အချိန်သည် အခြားအဘယ်အကြောင်းများကြောင့် ခဲယဉ်းလိမ့်မည်ဟု ပေါလုဆိုသည်ကို သတိပြုပါ—“[လူတို့သည်] ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မာနနှင့် ယစ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍နှစ်သက်သောသူ၊ . . . ဖြစ်ကြလိမ့်မည်။” အလွန်တိကျမှန်ကန်သည်တကား! မည်သို့ဆိုစေကာမူ သမ္မာကျမ်းစာမှ ညွှန်ကြားချက်သည် ကျွန်ုပ်တို့အား အကာအကွယ်ပေးနိုင်သည်၊ ပြဿနာကို ရင်ဆိုင်ဖြေရှင်းရန်၊ အောင်မြင်ရန် အသင့်ပြင်ဆင်ပေးပါသည်။

၂၂၊ ၂၃။ ပေါလုသည် အဘယ်အပြုသဘောပါ တိုက်တွန်းအားပေးချက်ဖြင့် သူ၏စာရင်းကို နိဂုံးချုပ်သနည်း။ ယင်း၏ အနက်အဓိပ္ပာယ်ကား အဘယ်နည်း။

၂၂ တမန်တော်ပေါလုသည် သူ၏စာရင်းကို အပြုသဘောပါပါ နိဂုံးချုပ်ပါသည်။ နောက်ဆုံးတင်ပြချက်ကို ဘုရားပေးအမိန့်အဖြစ် ဖော်ပြကာ ယင်းမှ ကျွန်ုပ်တို့အားအကျိုးများစွာ ရရှိစေသည်။ ပေါလုက “ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ . . . တို့ကို ရှောင်လော့” ဟုဆိုသည်။ အချို့ချာ့ချ်များတွင် လူငယ်များမထိမ်းမြားမီ သံဝါသပြုမှုနှုန်းသည် သာမန်ထက် ပိုများသည်ကို သတိရပါ။ ချာ့ချ်တက်သူများ၏ စာရိတ္တယိုယွင်းမှုသည် သာမန်အဆင့်သာရှိဦးတော့ သူတို့၏ဝတ်ပြုရေးသည် တန်ခိုးမပါကြောင်း မထင်ရှားသလော။ ထို့ပြင် လုပ်ငန်းခွင်တွင် ကျင့်ကြံပုံ၊ လက်အောက်ငယ်သားတို့နှင့် ဆက်ဆံပုံ၊ ဆွေမျိုးများအပေါ်သဘောထားပုံကို ဘာသာရေးဆိုင်ရာ သွန်သင်ချက်များက ပြုပြင်ပြောင်းလဲစေပါသလော။

၂၃ ဘုရားသခင့်နှုတ်ကပါဌ်တော်မှ ကျွန်ုပ်တို့တတ်သိသင်ယူထားသည့်အရာများကို လက်တွေ့ကျင့်သုံးသင့်ကြောင်း ပေါလုမှာကြားပါသည်။ သို့ပြုခြင်းဖြင့် ခရစ်ယာန်ဘာသာတရား၌ တကယ်ပင် တန်ခိုးထက်မြက်သော ဘုရားဝတ်ပြုနည်းရှိကြောင်း ထင်ရှားလိမ့်မည်။ ဘုရားဝတ်၌ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သူများနှင့်စပ်လျဉ်း၍ ပေါလု ဤသို့ဆိုသည်– “ထိုသူတို့ကို ရှောင်လော့။” ယင်းသည် တိကျပြတ်သားသော အမိန့်ဖြစ်၍ အမှန်တကယ်ပင် အကျိုးပြုပါလိမ့်မည်။

၂၄။ ဗျာဒိတ် အခန်းကြီး ၁၈ ပါသြဝါဒသည် ပေါလု၏သြဝါဒနှင့် အဘယ်နည်းဖြင့် ထပ်တူဖြစ်သနည်း။

၂၄ အဘယ်နည်းဖြင့်နည်း။ ဤသို့ဖြစ်သည်။ သမ္မာကျမ်းစာ၏ နောက်ဆုံးစာစောင်က ပုံဆောင်ရာအမျိုးသမီး၊ မဟာဗာဗုလုန်အမည်ရှိ ပြည့်တန်ဆာကို ပုံဖော်ထားသည်။ မဟာဗာဗုလုန်မည်သည် ယေဟောဝါဘုရားသခင် စစ်ဆေးပြီး၍ ငြင်းပယ်ခဲ့သော ဗာဗုလုန်ဘာသာရေး ကမ္ဘာ့အင်ပါယာကိုပုံဆောင်ကြောင်း သာဓကပြသည်။ ထိုတွင် ကျွန်ုပ်တို့ပါဝင်ပတ်သက် မနေရပါ။ ဗျာဒိတ် ၁၈:၄ ကဤသို့မှာကြားသည်– “ငါ၏လူမျိုးတို့၊ သူ၏အပြစ်တို့ကို ဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ဘေးဒဏ်များကို ခံခြင်းနှင့်လည်းကောင်း ကင်းလွတ်အံ့သောငှာ သူ၏အထဲက ထွက်ကြလော့။” ထပ်တူပင် ပေါလုက “ထိုသူတို့ကို ရှောင်လော့” ဟုဆိုသည်မဟုတ်လော။ ကျွန်ုပ်တို့၏ လိုက်နာဆောင်ရွက်မှုသည် ဘုရားသခင့်ညွှန်ကြားချက်မှ အကျိုးခံစားနိုင်သည့် နည်းတစ်နည်းဖြစ်သည်။

၂၅၊ ၂၆။ ယေဟောဝါဘုရားသခင်ထံမှလာသော ညွှန်ကြားချက်ကို ယခုပင် လိုက်နာကျင့်သုံးသူများအတွက် အဘယ်အနာဂတ်သိုမှီးထားသနည်း။

၂၅ မကြာမီ လူမှုရေးကိစ္စတွင် ဘုရားသခင်သည် တိုက်ရိုက်ကြားဝင်ဆောင်ရွက်တော့မည်။ ဗာဗုလုန်ဘာသာရှိရှိသမျှနှင့် လက်ရှိဆိုးယုတ်မှုကို ကိုယ်တော်သုတ်သင်ရှင်းလင်းပစ်လိမ့်မည်။ ၎င်းသည် ဗျာဒိတ် ၁၉:၁၊ ၂ ကဖော်ပြသကဲ့သို့ ဝမ်းသာရွှင်လန်းမှုကိုဖြစ်စေမည်။ ဘုရားသခင့်ညွှန်ကြားချက်ကို လက်ခံနာယူပြီး လိုက်လျှောက်သော ကမ္ဘာသားတို့မူကား ဤခဲယဉ်းသောကာလ၏ အနှောင့်အယှက်များ ကွယ်ပျောက်သွားသည့်အခါ ကိုယ်တော်၏သွန်သင်ချက်တို့ကို ဆက်လိုက်နာခွင့် ရရှိပါလိမ့်မည်။—ဗျာဒိတ် ၂၁:၃၊ ၄။

၂၆ ပြန်လည်တည်ထောင်လာသည့် ကမ္ဘာ့ပရဒိသုတွင် အသက်ရှင်ရခြင်းသည် ကျွန်ုပ်တို့မမျှော်မှန်း၊ မစဉ်းစားနိုင်လောက်အောင် အမှန်တကယ်ပျော်ရွှင်စရာ ဖြစ်ပါလိမ့်မည်။ ထိုသို့ဖြစ်နိုင်သည်ဟု ကျွန်ုပ်တို့အား ဘုရားသခင် ကတိထားတော်မူခဲ့ပြီဖြစ်၍ ကိုယ်တော်ကို လုံးလုံးလျားလျား ယုံစားနိုင်ပါသည်။ သို့ဖြင့် ကိုယ်တော်၏ ထောက်ကူသောသွန်သင်ချက်ကို လက်ခံပြီး လိုက်နာကျင့်သုံးရန် အကျိုးအကြောင်းမြောက်မြားစွာရှိသည်။ အဘယ်အချိန်တွင် လိုက်နာရမည်နည်း။ ခဲယဉ်းသောယခုကာလမှစ၍ ကိုယ်တော်ကတိထားရာ ပရဒိသုအတွင်းတစ်လျှောက် ကိုယ်တော့်ညွှန်ကြားချက်များကို လိုက်နာကျင့်သုံးကြပါစို့လေ။—မိက္ခာ ၄:၃၊ ၄။

စဉ်းစားစရာ အချက်များ

◻ စည်းစိမ်ချမ်းသာနှင့်ပတ်သက်သည့် ယေဟောဝါ၏သြဝါဒမှ ကိုယ်တော်၏လူမျိုးသည် မည်သို့ အကျိုးခံစားရသနည်း။

◻ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ကျင့်သုံးခြင်းဖြင့် ကိုယ်တော့်ကျေးကျွန်များသည် အဘယ်အကျိုးကျေးဇူးများခံစားရကြောင်း ဂျက်စွတ်မဂ္ဂဇင်းတစ်စောင်က သက်သေထူသနည်း။

◻ မြင့်မြတ်သောညွှန်ကြားချက်ကို လိုက်နာကျင့်သုံးကြသော မိသားစုများထံ အဘယ်အကျိုးကျေးဇူးများ သက်ရောက်ခဲ့ကြောင်း ဇမ်ဘီယာနိုင်ငံမှ သုတေသနပြုချက်တစ်ခုက ဖော်ပြသနည်း။

◻ မြင့်မြတ်သောညွှန်ကြားချက်သည် လူငယ်များအတွက် မည်သို့အကာအကွယ်ဖြစ်သနည်း။

[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်]

အဖြစ်ဆိုးလှပေစွ!

“ဆယ်ကျော်သက်များသည် လိင်နှင့် မူးယစ်ဆေးကို စမ်းကြည့်လိုခြင်း၊ အရဲစွန့် ပြုမူလိုခြင်း လတ်တလောအတွက်သာ အသက်ရှင်ကြသည့်ပြင် မိမိတို့ မသေနိုင်ပါဟုယူမှတ်ကာ အာဏာတန်ခိုးကို ဖီဆန်သောကြောင့် အေအိုင်ဒီအက်စ်ရောဂါရနိုင်စရာအကြောင်း များစွာရှိသည်” ဟု အေအိုင်ဒီအက်စ်ရောဂါနှင့် ဆယ်ကျော်သက်များဆိုင်ရာ စည်းဝေးပွဲတွင် တင်ဆက်ခဲ့သည့်အကြောင်း သတင်းတစ်ရပ်ကဆိုသည်။—နယူးယောက် နေ့စဉ်သတင်း၊ ၁၉၉၃၊ မတ်လ ၇၊ တနင်္ဂနွေနေ့။

“ဥရောပ၊ အာဖရိကနှင့် အရှေ့တောင်အာရှတို့တွင် ကုလသမဂ္ဂသုတေသနပြုချက်တစ်ခုအရ စည်းမဲ့လိင်ဆက်ဆံသော ဆယ်ကျော်သက် အမျိုးသမီးများသည် အေအိုင်ဒီအက်စ် ကူးစက်ရောဂါ၏ နောက်ထပ် ‘ရှေ့ပြေး’ အဖြစ် ပေါ်ပေါက်နေကြောင်းတွေ့ရှိခဲ့သည်။”—နယူးယောက်တိုင်းမ်စ်၊ ၁၉၉၃၊ ဇူလိုင် ၃၀၊ သောကြာနေ့။

[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]

ကျမ်းစာညွှန်ကြားချက်များက အသင်းတော်တွင်းနှင့် အိမ်တွင် ယေဟောဝါသက်သေတို့ကို အကျိုးပြု

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ