အောင်ပွဲရစေသည့် ခံနိုင်ရည်
“ထာဝရဘုရား၏ အလိုတော်ကိုလိုက်လျှောက်နိုင်ရန်နှင့်၊ ကတိတော်နှင့်အညီခံစားနိုင်ရန် သင်တို့သည် ခံနိုင်ရည်ရှိရပေမည်။”—ဟေဗြဲ ၁၀:၃၆၊ သက ။
၁။ ယနေ့ယေဟောဝါဘုရား၏ အမှုဆောင်သူယောက်တိုင်းအတွက် ခံနိုင်ရည်သည်အဘယ်ကြောင့် အရေးကြီးသနည်း။
တစ်လောကလုံးသည် ပုန်ကန်ရန်လှုံ့ဆော်သူဘုရား၏လက်၌ရှိနေသည်။ ယင်း၏မျက်မြင်မရအုပ်စိုးရှင် စာတန်မာရ်နတ်သည် ယေဟောဝါနှင့် မေရှိယနိုင်ငံတော်အားဖြင့် ယေဟောဝါ၏စကြဝဠာအချုပ်အခြာအားထင်ရှားစေခြင်းကို ဆန့်ကျင်ရာတွင် သူ၏အစွမ်းရှိသမျှကို အသုံးပြုလျက်ရှိသည်။ ယင်းကဘုရားရှင်ထံ မိမိကိုယ်ကိုဆက်ကပ်သူနှင့် စကြဝဠာအရေးကိစ္စတွင် ကိုယ်တော်ဘက်ရပ်တည်သူ မည်သူမဆိုသည် ဤလောက၏ဆန့်ကျင်မှုကို အဆက်မပြတ်ခံရရန် မလွှဲမရှောင်သာဖြစ်စေသည်။ (ယောဟန် ၁၅:၁၈-၂၀။ ၁ ယောဟန် ၅:၁၉) ထို့ကြောင့်၊ ကျွန်ုပ်တို့ယောက်တိုင်းသည် အာမဂေဒုန်အထိ ခံနိုင်ရည်ရှိရှိရပ်တည်ရမည်။ လောကကို သူတို့၏ယုံကြည်ခြင်းနှင့်တည်ကြည်ခြင်းဖြင့် အောင်နိုင်သော ဘုရားသခင့်အောင်ပွဲခံသူများတွင်ပါဝင်ရန် ကျွန်ုပ်တို့သည်အဆုံးတိုင်အောင် စွဲမြဲရမည်။ (၁ ယောဟန် ၅:၄) ယင်းကိုကျွန်ုပ်တို့ မည်သို့ပြုမူနိုင်သနည်း။
၂၊ ၃။ ယေဟောဝါဘုရားနှင့်ယေရှုခရစ်သည် ခံနိုင်ရည်တွင်မည်သို့ အကြီးမြတ်ဆုံးပုံသက်သေများဖြစ်သနည်း။
၂ တစ်ခုမှာ၊ အားယူရန်အတွက်ကျွန်ုပ်တို့သည် ထင်ရှားသောခံနိုင်ရည်နမူနာနှစ်ခုကို ကြည့်နိုင်သည်။ သူတို့ကားမည်သူများနည်း။ တစ်ဦးမှာ၊ လွန်ခဲ့သောမသိရှိနိုင်သည့်အချိန်တွင် ပေါ်ထွန်းကတည်းက ဘုရားသခင့်အမှုတော်တွင် သစ္စာရှိစွာစွဲမြဲခဲ့သူ “သတ္တဝါအပေါင်းတို့တွင်လည်းသားဦးဖြစ်တော်မူ” သောယေရှုခရစ်ဖြစ်သည်။ ယေရှုသည်ဘုရားသခင်ကို သစ္စာရှိရှိစွဲမြဲစွာအမှုဆောင်ရာတွင် နောက်ပိုင်း၌ကောင်းကင်နှင့်မြေကြီးတွင်ဖြစ်ပေါ်လာသော ဉာဏ်အမြော်အမြင်ရှိသူ သတ္တဝါအားလုံးအတွက် ပုံသက်သေဖြစ်လာခဲ့သည်။ (ကောလောသဲ ၁:၁၅၊ ၁၆) သို့သော်၊ ခံနိုင်ရည်တွင် အကြီးမြတ်ဆုံးပုံသက်သေသည် ယေဟောဝါဘုရားဖြစ်သည်။ ကိုယ်တော်သည် မိမိ၏စကြဝဠာအချုပ်အခြာအားပုန်ကန်ခြင်းကို ကြာမြင့်စွာသည်းခံခဲ့၍ စကြဝဠာအရေးကိစ္စကို အပြီးသတ်ဖြေရှင်းသည့်အချိန်တိုင်အောင် ဆက်လက်သည်းခံတော်မူမည်။
၃ ယေဟောဝါသည် မိမိ၏ဂုဏ်သိက္ခာတော်၊ မိမိ၏ခံစားချက်နှင့်စပ်လျဉ်း၍ နမူနာယူဖွယ်ခံနိုင်ရည်တင်ပြခဲ့သည်။ ကိုယ်တော်သည် ပြင်းထန်စွာဒေါသနှိုးဆွခံရသောအခါတွင် မိမိကိုယ်ကိုထိန်းချုပ်ခဲ့သည်။ စာတန်အပါအဝင် ကိုယ်တော်ကိုကဲ့ရဲ့ခဲ့သူများအား အရေးယူခြင်းမှ မိမိကိုယ်ကိုထိန်းချုပ်ထားခဲ့သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ခံနိုင်ရည်နှင့် ကိုယ်တော်၏ကရုဏာအတွက် ကျေးဇူးတင်ပါသည်။ ထိုအရာများသာမရှိလျှင်ကျွန်ုပ်တို့သည် တဒင်္ဂလေးပင် အသက်ရှင်ရမည်မဟုတ်ချေ။ အမှန်ပင်၊ ယေဟောဝါဘုရားသည် မိမိ၏ခံနိုင်ရည်အားဖြင့် မိမိကိုယ်ကိုမနှိုင်းယှဉ်နိုင်သူအဖြစ် ထင်ရှားစေခဲ့သည်။
၄၊ ၅။ (က) ပေါလု၏အိုးပုံဥပမာက ဘုရားရှင်၏ခံနိုင်ရည်နှင့်ကရုဏာကို မည်သို့တင်ပြသနည်း။ (ခ) ဘုရားရှင်၏ကရုဏာသည် အချည်းနှီးမဟုတ်ကြောင်း မည်သို့သက်သေပြမည်နည်း။
၄ တမန်တော်ပေါလုက “အိုးထိန်းသမားသည် အိုးမြေကိုပိုင်သည်မဟုတ်လော။ အိုးမြေတစ်ပုံတည်းနှင့်အိုးမြတ်၊ အိုးယုတ်ကိုလုပ်ပိုင်သည်မဟုတ်လော။ ဘုရားသခင်သည် မိမိအမျက်တော်ကိုပြ၍ တန်ခိုးတော်ကိုထင်ရှားစေခြင်းငှာ အလိုတော်ရှိလျက် ပျက်စီးခြင်းအဖို့ပြင်ဆင်သော အမျက်ခံရာအိုးများတို့ကို အလွန်သည်းခံခြင်းခန္တီနှင့် သည်းခံတော်မူသည်မှန်လျှင် အဘယ်ပြောဖွယ်ရှိအံ့နည်း။ ချီးမြှောက်ခြင်းအဖို့ပြင်ဆင်တော်မူနှင့်သော ကရုဏာခံရာအိုးများတည်းဟူသော ယုဒအမျိုးသားတို့အထဲမှသာမဟုတ်၊ တစ်ပါးအမျိုးသားတို့အထဲမှ . . . ခေါ်တော်မူသော ငါတို့၌ဘုန်းအာနုဘော်တော် ကြွယ်ဝခြင်းကိုထင်ရှားစေခြင်းငှာ ပြုတော်မူသည်မှန်လျှင် အဘယ်ပြောဖွယ်ရှိအံ့နည်း။”—ရောမ ၉:၂၁-၂၄။
၅ ဤစကားများတင်ပြသည့်အတိုင်း ကိုယ်တော်၏ဤသည်းခံနေသောအချိန်တွင် ယေဟောဝါသည်မိမိ၏ထူးမြတ်လှသောရည်ရွယ်ချက်ကို ဆက်လက်လုပ်ဆောင်နေကာ လူသားအိုးအချို့အပေါ် ဆက်လက်ကရုဏာပြသလျက်ရှိသည်။ ကိုယ်တော်သည် ဤအိုးများကိုထာဝရဂုဏ်အသရေအတွက် ပြင်ဆင်သည်။ သို့ဖြင့်ကိုယ်တော်၏ဆန့်ကျင်သူကြီးစာတန်မာရ်နတ်နှင့် စာတန့်တပ်အားလုံး၏ဆိုးယုတ်သော ရည်ရွယ်ချက်များအားလုံးကို ရှုံးနိမ့်စေလေသည်။ လူသားများထဲမှ အားလုံးသည် ဖျက်ဆီးခြင်းခံထိုက်သော အမျက်ခံရာအိုးများမဟုတ်ကြချေ။ ယင်းကအနန္တတန်ခိုးရှင်ဘုရားသခင်၏ ခံနိုင်ရည်ရှိရှိသည်းခံရခြင်းကို ဖော်ပြသည်။ ကိုယ်တော်၏ကရုဏာသည် အချည်းနှီးဖြစ်မည်မဟုတ်ချေ။ ယင်းသည် (၁) ယေဟောဝါ၏ချစ်မြတ်နိုးသောသားတော် ယေရှုခရစ်လက်အောက်တွင် ဂုဏ်အသရေနှင့်ပြည့်စုံသော (၂) မြေကြီးပရဒိသုတွင် ထာဝရအသက်ကို အမွေခံသူအားလုံးဖြစ်သည့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာသည့်စုံလင်သော လူသားများကိုဖြစ်စေမည်။
အဆုံးတိုင်အောင် ခံနိုင်ရည်ရှိခြင်း
၆။ (က) ခံနိုင်ရည်စမ်းသပ်ချက်ကို ခရစ်ယာန်များအဘယ်ကြောင့် မရှောင်ရှားနိုင်သနည်း။ (ခ) “ခံနိုင်ရည်” အတွက်ဂရိစကားလုံးက ဘာကိုဖော်ပြလေ့ရှိသနည်း။
၆ ထိုသို့သောထူးမြတ်လှသည့် မျှော်လင့်ချက်သည် ရှေ့တွင်ရှိသောကြောင့် ယေရှု၏အားရှိစေသောစကားများ ကျွန်ုပ်တို့၏နားတွင် အစဉ်မြည်နေသင့်သည်။ “အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည်၏။ ထိုသူသည်ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။” (မဿဲ ၂၄:၁၃) ခရစ်ယာန်တပည့်ဖြစ်စေခြင်းလမ်းစဉ်တွင် အစကောင်းဖို့အရေးကြီးသည်။ သို့သော်ကျွန်ုပ်တို့မည်သို့ ခံရပ်သည်၊ လမ်းကိုမည်မျှကောင်းစွာပြီးဆုံး စေသည်မှာ ပဓာနဖြစ်သည်။ တမန်တော်ပေါလုကယင်းကိုအထူးပြောခဲ့သည်။ “ဘုရားသခင်၏အလိုတော်ကိုဆောင်ပြီးမှ ကတိတော်အတိုင်း အကျိုးကိုရမည်အကြောင်း သည်းခံခြင်းစိတ်ရှိရမည်။” (ဟေဗြဲ ၁၀:၃၆) ဤတွင်ဘာသာပြန်ခဲ့သောစကားလုံး “ခံနိုင်ရည်” သည်ဂရိစကားလုံး ဟစ်ပိုမိုနီ (hy·po·mo·ne’) ဖြစ်သည်။ ယင်းသည်အများအားဖြင့် အခက်အခဲများ၊ ညှဉ်းပန်းမှုများ၊ စုံစမ်းခြင်းများနှင့်သွေးဆောင်မှုများကိုရင်ဆိုင်ရသော်လည်း ရဲရင့်ခြင်း၊ ခိုင်မာခြင်း သို့မဟုတ် ခံနိုင်ရည်ရှိရှိသည်းခံခြင်းကို ဆိုလိုလေ့ရှိသည်။ ကျွန်ုပ်တို့သည် အဆုံးသတ်ကယ်တင်ခြင်းကိုဆွတ်ခူးရန်မျှော်လင့်လျှင် ထိုကယ်တင်ခြင်းအတွက် လိုအပ်သောပြင်ဆင်ပေးမှုတစ်စိတ်တစ်ပိုင်းအဖြစ် ခံနိုင်ရည်စမ်းသပ်မှုအောက် ကျွန်ုပ်တို့လက်အောက်ခံရမည်။
၇။ မည်သည့်လှည့်စားမှုကို ကျွန်ုပ်တို့ရှောင်ရှားရမည်နည်း။ ကျွန်ုပ်တို့ခံနိုင်ရည်ရှိရန် မည်သည့်ဥပမာကထောက်ကူမည်နည်း။
၇ ကျွန်ုပ်တို့သည် စုံစမ်းခြင်းကိုမြန်မြန်ဆန်ဆန်ပြီးဆုံးစေနိုင်သည်ဟူသည့် ကိုယ့်အကြိုက်အတွေးဖြင့် မိမိတို့ကိုယ်ကိုမလှည့်စားသင့်ချေ။ စကြဝဠာအချုပ်အခြာအရေးကိစ္စနှင့် လူသား၏တည်ကြည်မှုကို ယတိပြတ်ဖြေဆိုနိုင်ရေးအတွက် ယေဟောဝါသည် မိမိကိုယ်နှိုက်ကိုပင် ချမ်းသာမပေးခဲ့ချေ။ မတော်လျော်မှုများကို ကိုယ်တော်ချက်ချင်းချေဖျက်ပစ်နိုင်သော်လည်း ခံရပ်ခဲ့သည်။ ယေရှုခရစ်သည်လည်း ဘုရားရှင်နှင့်အတူခံရပ်ခြင်းဖြင့် ပုံသက်သေပြခဲ့သည်။ (၁ ပေတရု ၂:၂၁။ ရောမ ၁၅:၃-၅ နှင့်နှိုင်းယှဉ်) ဤပြောင်မြောက်သောနမူနာများ ကျွန်ုပ်တို့မျက်မှောက်တွင်ရှိသောကြောင့် ကျွန်ုပ်တို့သည်လည်းပြီးဆုံးသည်အထိ ခံနိုင်ရည်ရှိရန် အသင့်ရှိကြသည်။—ဟေဗြဲ ၁၂:၂၊ ၃။
လိုအပ်သောအရည်အချင်း
၈။ ကျွန်ုပ်တို့အားလုံး တမန်တော်ပေါလုတင်ပြခဲ့သည့် မည်သည့်အရည်အချင်းလိုအပ်သနည်း။
၈ စောစောပိုင်းအချိန်ကတည်းကစ၍ မိမိတို့တည်ကြည်ခြင်းကို ခံနိုင်ရည်ဖြင့်သက်သေထူရန် ဘုရားသခင့်ကျေးကျွန်တစ်ဦးကိုမျှ အလွတ်မပေးခဲ့ချေ။ သေသည်တိုင်အောင်သစ္စာစောင့်ကာ ကောင်းကင်တွင်ထာဝရအသက်ရရန် အရည်အချင်းပြည့်မီသူများဖြစ်သည့် သမ္မာကျမ်းစာရာဇဝင်တွင် အထူးပေါ်လွင်ခဲ့သူများသည် သူတို့၏ခိုင်မြဲမှုကို သက်သေပြခဲ့ရသည်။ ဥပမာ၊ ယခင်ကဖာရိရှဲဖြစ်ခဲ့သူ တာရှုမြို့သားရှောလုသည် ကောရိန္သုမြို့သားများအား “ငါသည်ဘာမျှမဟုတ်သော်လည်း အကြီးဆုံးသောတမန်တော်အောက် အလျှင်းမယုတ်မညံ့။ အကယ်စင်စစ်သည်းခံခြင်းနှင့်တကွ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှု၊ ထူးဆန်းသောတန်ခိုးများအားဖြင့် တမန်တော်၏လက္ခဏာတို့ကို သင်တို့တွင်ထင်ရှားစွာပြပြီ။” (၂ ကောရိန္သု ၁၂:၁၁၊ ၁၂) အလုပ်ဝန်ထုပ်များရှိလင့်ကစား၊ ပေါလုသည်သူ၏ဓမ္မအမှုကို မည်မျှတန်ဖိုးထားသနည်းဟူမူ သူအတော်ပင်ခံရပ်ခဲ့ပြီး ယင်းအပေါ်မည်သည့်ရှုတ်ချမှုမှ မသက်ရောက်ရန် အထူးကြိုးပမ်းခဲ့သည်။—၂ ကောရိန္သု ၆:၃၊ ၄၊ ၉။
၉။ (က) ဘိသိက်ခံအကြွင်းအကျန်များ ခံနိုင်ရည်မည်သို့တင်ပြခဲ့၍ ရလဒ်ကားအဘယ်နည်း။ (ခ) အမှုတော်တွင် သစ္စာရှိစွာထမ်းဆောင်ရန် ဘာကကျွန်ုပ်တို့အတွက် လှုံ့ဆော်မှုဖြစ်သနည်း။
၉ မျက်မှောက်ခေတ်စောစောပိုင်းတွင် ပထမကမ္ဘာစစ်မတိုင်မီ ဘုရားသခင့်အမှုဆောင်ရွက်နေသော ဘိသိက်ခံများသည် ၁၉၁၄ ခုနှစ်တွင်တစ်ပါးအမျိုးသားအချိန် ကုန်ဆုံးမည်ဖြစ်ကြောင်း သိရှိခဲ့သည်။ သူတို့မှအများစုသည် ထိုမှတ်သားဖွယ်နှစ်တွင် ကောင်းကင်ဆုကျေးဇူးရရှိရန် မျှော်လင့်ခဲ့သည်။ သို့သော်ထိုအတိုင်းဖြစ်မလာခဲ့ချေ။ အဖြစ်မှန်များကယခုတင်ပြသည့်အတိုင်း ဆယ်စုနှစ်များစွာ ဆက်လက်အသက်ရှင်ကြသည်။ သူတို့သည် ဤမမျှော်လင့်သောမြေကြီးအသက်တာ ရှည်လျားလာသည့်အချိန်အတွင်း ယေဟောဝါဘုရားရှင်၏လက်တော်တွင် သန့်စင်မှုခံခဲ့သည်။ (ဇာခရိ ၁၃:၉။ မာလခိ ၃:၂၊ ၃) ဆက်လက်ခံနိုင်ရည်ရှိခြင်းက သူတို့အတွက်ပိုမိုကောင်းမွန်စေခဲ့သည်။ ယေဟောဝါ၏ကျေးကျွန်များအနေနှင့် သူတို့သည်ကိုယ်တော့်အမည်ဖြင့် သမုတ်ခံရသည်ကိုဝမ်းမြောက်ခဲ့ကြသည်။ (ဟေရှာယ ၄၃:၁၀-၁၂။ တမန်တော် ၁၅:၁၄) သတင်းကောင်းဖြန့်ချိရာ၌ ယခုလေးသန်းကျော်သောအခြားသိုးမှ တိုးပွားနေသောလူအုပ်ကြီး၏ကူညီမှုကြောင့်သူတို့သည်စိတ်လှုပ်ရှားတက်ကြွလျက်ရှိသည်။ သူတို့ခံစားရသော ဝိညာဏပရဒိသုသည် ပင်လယ်အစွန်းတိုင်အောင် မြေကြီးတစ်ပြင်လုံးသို့ပျံ့နှံ့ခဲ့သည်။ ဤမျက်နှာသာရအခြေအနေကို ကျွန်ုပ်တို့ကြာကြာနေလေ ပို၍လေးမြတ်လာလေဖြစ်ကာ ယင်းက၊ ယေဟောဝါ၏အလိုတော်နှင့်ရည်ရွယ်ချက် လုံးဝပြီးမြောက်သွားသည်အထိ အမှုတော်တွင်သစ္စာရှိစွာထမ်းဆောင်ရန် လှုံ့ဆော်မှုဖြစ်စေသည်။
၁၀။ ကျွန်ုပ်တို့ အားမနည်းရန် မည်သည့်အရာမှန်မှန်လိုအပ်သနည်း။
၁၀ ကျွန်ုပ်တို့၏ဆုလာဘ်သည် ကျွန်ုပ်တို့၏ခိုင်မြဲမှုတွင်မူတည်သောကြောင့် ဤအရေးကြီးသောကိစ္စတွင်အဆက်မပြတ် တိုက်တွန်းမှုလိုအပ်သည်။ (၁ ကောရိန္သု ၁၅:၅၈။ ကောလောသဲ ၁:၂၃) ယေဟောဝါလူမျိုးဘောင်တွင် အားမလျော့စေရန်အလို့ငှာ သမ္မာတရားနှင့်သမ္မာတရားကိုကြဲဖြန့်ခြင်း အခွင့်အရေးကို စွဲကိုင်ထားရန် ကျွန်ုပ်တို့အား မှန်မှန်အားပေးရမည်။ ပထမရာစုတွင် တည်ထောင်ခါစအသင်းတော်များကို ပေါလုနှင့်ဗာနဗတို့ ပြန်လည်ပတ်ခြင်းများကဲ့သို့ဖြစ်သည်။ (တမန်တော် ၁၄:၂၁၊ ၂၂) တမန်တော်ယောဟန်ဆိုသကဲ့သို့ သမ္မာတရားသည် ကျွန်ုပ်တို့တွင်တည်ရှိနေမည်ဖြစ်ပြီး “အစဉ်မပြတ်ရှိလတံ့” ဟုအခိုင်အမာသန္နိဌာန်ချကြဖို့ဖြစ်သည်။—၂ ယောဟန် ၂။
မယိမ်းယိုင်သော ခံနိုင်ရည်ဖြင့်စောင့်ဆိုင်းခြင်း
၁၁။ ဘုရားရှင်ကျေးကျွန်များနှင့်စပ်လျဉ်း၍ ကိုယ်တော်၏ဥပဒေဘာဖြစ်ပုံရသနည်း။ ယင်းကိုယောသပ်ကိစ္စတွင် မည်သို့ဖော်ပြသနည်း။
၁၁ ကျွန်ုပ်တို့နှင့်စပ်လျဉ်း၍ စမ်းသပ်မှုပြီးဆုံးသွားရန် အချိန်လိုအပ်သည်။ (ယာကုပ် ၁:၂-၄) ယုံကြည်ခြင်းတွင် ဆက်လက်ရှိရန် သူတို့၏သန္နိဌာန်နှင့်စပ်လျဉ်း၍ စမ်းသပ်ခံခဲ့ရသော ဘုရားသခင်၏ကျေးကျွန်များအပေါ် ကိုယ်တော်၏ဥပဒေသည် စောင့်ဆိုင်းပါ၊ စောင့်ဆိုင်းပါ၊ စောင့်ဆိုင်းပါဟူ၍ဖြစ်ပုံရသည်။ သို့သော်စောင့်ဆိုင်းခြင်းသည် အဆုံးတွင်သစ္စာရှိကျေးကျွန်များအတွက် အမြဲပင်ဆုကျေးဇူးဖြစ်ကြောင်း သက်သေထူခဲ့ပြီ။ ဥပမာယောသပ်သည် ကျွန်တစ်ဦးနှင့်အကျဉ်းသားတစ်ဦးအဖြစ် ၁၃ နှစ်စောင့်ဆိုင်းခဲ့ရသည်။ သို့သော်တွေ့ကြုံမှုက သူ၏အရည်အသွေးကို သန့်စင်ပေးခဲ့သည်။—ဆာလံ ၁၀၅:၁၇-၁၉။
၁၂၊ ၁၃။ (က) အာဗြဟံသည် သစ္စာရှိစွာခံနိုင်ရည်ရှိမှုတွင် မည်သို့ပုံသက်သေဖြစ်သနည်း။ (ခ) အာဗြဟံ၏ယုံကြည်ခြင်းနှင့်ခံနိုင်ရည်သည်ကျွန်ုပ်တို့အတွက် မည်သို့သောနည်းဖြင့် ပုံသက်သေဖြစ်သနည်း။
၁၂ ကတိထားရာပြည်သို့သွားရန် ခါလဒဲပြည်ဥရမြို့မှ အာဗြဟံကိုဘုရားရှင်ခေါ်ထုတ်စဉ်သူသည် ၇၅ နှစ်အရွယ်ရှိနေပြီဖြစ်သည်။ အာဗြဟံသည် မိမိချစ်မြတ်နိုးလှသောသားဣဇာက်ကို ပူဇော်လုနီးနီးမိမိ၏ယုံကြည်ခြင်းခွန်အားကိုတင်ပြခဲ့ရာ ယေဟောဝါ၏ကောင်းကင်တမန်ကသူ၏လက်ကိုဟန့်တား၍ မပူဇော်ရန်တားမြစ်ပြီးသည်နှင့် အခိုင်အမာကျိန်ဆို၍ပြောဆိုခဲ့သော ဘုရားသခင့်ကတိတော်ကိုရရှိစဉ်သူသည် ၁၂၅ နှစ်အရွယ်ခန့်ရှိခဲ့သည်။ (ကမ္ဘာဦး ၂၂:၁-၁၈) တိုင်းတစ်ပါးတွင် ဧည့်သည်အဖြစ်စောင့်ဆိုင်းနေရသူအာဗြဟံအတွက် နှစ်ပေါင်းငါးဆယ်သည် တာရှည်သောအချိန်ဖြစ်သည်။ သို့သော်သူသည် ၁၇၅ နှစ်အရွယ်သေဆုံးချိန်အထိ နောက်ထပ်အနှစ် ၅၀ ထိုတွင်နေထိုင်ခဲ့သည်။ ထိုအချိန်တစ်လျှောက်လုံး အာဗြဟံသည် ယေဟောဝါဘုရားရှင်၏ သစ္စာရှိသက်သေခံနှင့်ပရောဖက်ဖြစ်ခဲ့သည်။—ဆာလံ ၁၀၅:၉-၁၅။
၁၃ အာဗြဟံ၏ယုံကြည်ခြင်းနှင့်ခံနိုင်ရည်ကို အာဗြဟံ၏အမျိုးအနွယ် ယေရှုခရစ်အားဖြင့် ကတိထားရာကောင်းချီးများကိုခံစားလိုသူ ဘုရားသခင့်ကျေးကျွန်များအားလုံးအတွက် ပုံသက်သေအဖြစ်တင်ပြထားသည်။ (ဟေဗြဲ ၁၁:၈-၁၀၊ ၁၇-၁၉) သူနှင့်စပ်လျဉ်း၍ဟေဗြဲ ၆:၁၁-၁၅ တွင်ကျွန်ုပ်တို့ဤသို့ဖတ်ရှုရသည်။ “သင်တို့ရှိသမျှသည် ပျင်းရိခြင်းနှင့်ကင်းလွတ်၍ ယုံကြည်ခြင်းနှင့်သည်းခံခြင်းအားဖြင့် ကတိတော်တို့ကိုအမွေခံရသောသူတို့နည်းတူ ကျင့်နိုင်မည်အကြောင်း ထိုသို့သောလုံ့လဝီရိယကိုထုတ်လျက် အဆုံးတိုင်အောင်ယုံမှားခြင်းနှင့်ကင်းသော မျှော်လင့်ခြင်းနှင့်ပြည့်စုံစေခြင်းငှာ ငါတို့သည်အလိုရှိကြ၏။ ဘုရားသခင်သည် အာဗြဟံ၌ကတိထားတော်မူသောအခါ ကိုယ်တော်ထက်သာ၍ကြီးမြတ်သောသူကိုတိုင်တည်၍ ကျိန်ဆိုရန်မရှိသောကြောင့် ကိုယ်တော်ကိုတိုင်တည်၍ ‘ငါသည်သင့်အားအစဉ်အမြဲ ကောင်းချီးပေးမည်။ သင့်ကိုအစဉ်အမြဲပွားများစေမည်’ ဟုကျိန်ဆိုတော်မူ၏။ ထိုသို့နှင့်အညီ အာဗြဟံသည်သည်းခံလျက်စောင့်နေပြီးမှ ကတိတော်ကိုဝင်စားလေ၏။”
၁၄။ ခံနိုင်ရည်စမ်းသပ်မှုသည် အဆုံးမရှိတော့၊ ဆုလာဘ်သည်ရှောင်ဖယ်နေသည်ဟု ကျွန်ုပ်တို့အဘယ်ကြောင့်မယူမှတ်သင့်သနည်း။
၁၄ ဘိသိက်ခံအကြွင်းအကျန်များမှအချို့သည် စစ်မှန်သောခရစ်ယာန်အသင်းတော် ကောင်းကင်သို့ဘုန်းဝင်စားရန်မျှော်လင့်ခဲ့သော တစ်ပါးအမျိုးသားအချိန်ကုန်သည့် ၁၉၁၄ ခုနှစ်မှစ၍ ၇၇ နှစ်ကုန်လွန်သွားပြီကို သူတို့မြင်တွေ့ခဲ့ရကြပြီ။ အကြွင်းအကျန်များ မည်မျှကြာကြာစောင့်ဆိုင်းရမည်ကို ကျွန်ုပ်တို့မသိရှိကြချေ။ သို့ဖြစ်လျှင်၊ ကျွန်ုပ်တို့သည်ယိမ်းယိုင်လျက် စောင့်ဆိုင်းရသည်မှာမဆုံးနိုင်တော့ဟုဆိုကာ ဆုလာဘ်သည်မရနိုင်သော တံလျှပ်ကိုရေထင်ကဲ့သို့သာဖြစ်သည်ဟု ယူမှတ်သင့်ပါသလော။ မယူမှတ်သင့်ချေ။ ထိုသို့သာဖြစ်လျှင် ဘယ်တော့မျှဘုရားသခင့်အချုပ်အခြာကိုထင်ရှားစေရာ သို့မဟုတ် ကိုယ်တော်၏နာမကိုဂုဏ်တင်ရာရောက်မည်မဟုတ်ချေ။ ကျွန်ုပ်တို့အားအောင်ပွဲခံသူများအဖြစ်ချီးမြှင့်ပြီး ရရှိမည့်ထာဝရအသက်ဆုကျေးဇူးကိုမပေးလျှင် လောကရှေ့တွင်ကိုယ်တော်သည် တရားမျှတမည်မဟုတ်ချေ။ အချိန်မည်မျှကြာညောင်းပါစေ အကြွင်းအကျန်များသည် သူတို့၏သစ္စာရှိသိုးကဲ့သို့သောအပေါင်းအသင်းများနှင့်အတူ ယေဟောဝါသည်ကိုယ်တော်၏အချိန်တွင်လုပ်ဆောင်ရန် ကိုယ်တော်ကိုစောင့်ဆိုင်းဖို့ သန္နိဌာန်ချမှတ်ထားကြသည်။ ထိုသို့သောပုံသက်သေစွဲမြဲမှုတင်ပြရာတွင် သူတို့သည် အာဗြဟံ၏လမ်းစဉ်ကိုလိုက်လျှောက်ကြသည်။—ရောမ ၈:၂၃-၂၅။
၁၅။ (က) ကျွန်ုပ်တို့၏ဆောင်ပုဒ်ကား အဘယ်နည်း။ ဘုရားသခင်သည်ကျွန်ုပ်တို့အား မည်သည့်ကြုံတွေ့မှုများကိုအောင်ပွဲခံရန်ထောက်မခဲ့သနည်း။ (ခ) ပေါလု၏မည်သည့်တိုက်တွန်းချက်သည် ကျွန်ုပ်တို့အချိန်အတွက် ကိုက်ညီလျက်ရှိသနည်း။
၁၅ ထို့ကြောင့် ဆောင်ပုဒ်မှာ ခံနိုင်ရည်ရှိရှိ မယိမ်းမယိုင် ဘုရားသခင့် အလိုတော်ကို ထမ်းဆောင်လျက်နေခြင်းသာဖြစ်သည်။ (ရောမ ၂:၆၊ ၇) လွန်ခဲ့သည့်အချိန်က ပြင်းထန်သောဒုက္ခများကြားတွင် ကိုယ်တော်သည်ကျွန်ုပ်တို့အားထောက်မခဲ့သည်။ ကိုယ်တော်၏နာမနှင့်ရည်ရွယ်ချက်ကိုဂုဏ်တင်လျက် ကိုယ်တော်သည်ကျွန်ုပ်တို့အား အောင်မြင်စွာဖြင့်ခေါ်ဆောင်လာခဲ့သည်။a ကျွန်ုပ်တို့၏စမ်းသပ်ခြင်းပြီးဆုံးရန် ကျန်ကြွင်းနေသေးသည့် အချိန်တစ်လျှောက်လုံးတွင်လည်း ယေဟောဝါသည်အလားတူပြုတော်မူမည်။ ပေါလု၏တိုက်တွန်းချက်သည် ကျွန်ုပ်တို့လက်ထက်အတွက် ဆီလျော်နေပါသည်။ “ထာဝရဘုရား၏အလိုတော်ကို လိုက်လျှောက်နိုင်ရန်နှင့် ကတိတော်နှင့်အညီခံစားနိုင်ရန် သင်တို့သည်ခံနိုင်ရည်ရှိရပေမည်။”—ဟေဗြဲ ၁၀:၃၆၊ သက ။ ရောမ ၈:၃၇။
၁၆။ ယေဟောဝါထံ ကျွန်ုပ်တို့၏အပ်နှံခြင်းကိုအကန့်အသတ်ဖြင့် သို့မဟုတ် ခြွင်းချက်ဖြင့်သာအဘယ်ကြောင့်မရှုမြင်သင့်သနည်း။
၁၆ ဤဆိုးယုတ်သောလောကအလယ်တွင် ယေဟောဝါသည် ကျွန်ုပ်တို့အတွက်လုပ်ဆောင်ရန်အလုပ်ရှိနေသမျှ ယင်းလုပ်ငန်းပြီးဆုံးသည်အထိ ကျွန်ုပ်တို့လုပ်ဆောင်လိုသည်။ (ယောဟန် ၁၇:၄) ယေဟောဝါထံကျွန်ုပ်တို့၏ဆက်ကပ်ခြင်းသည် ကိုယ်တော်အားခဏသာအမှုဆောင်ပြီးနောက် အာမဂေဒုန်ဆိုက်ရောက်လာမည်ဟူသည့် သဘောတူညီချက်အပေါ်မဟုတ်ချေ။ ကျွန်ုပ်တို့၏ဆက်ကပ်ခြင်းသည် ထာဝရဖြစ်သည်။ ကျွန်ုပ်တို့အတွက်ဘုရားသခင့်လုပ်ငန်းသည် အာမဂေဒုန်စစ်ပွဲဖြင့် ပြီးဆုံးသွားမည်မဟုတ်ချေ။ သို့သော်လည်း၊ အာမဂေဒုန်မတိုင်မီ လုပ်ဆောင်ရမည့်အလုပ်ကို ကျွန်ုပ်တို့လုပ်ဆောင်ပြီးမှသာလျှင် နောက်ပိုင်းရောက်လာမည့် ထူးမြတ်လှသောအရာများကို ကျွန်ုပ်တို့မြင်တွေ့ရမည်။ ထိုတွင်ကိုယ်တော်၏လုပ်ငန်းဆက်လက်လုပ်ဆောင်ရန် ထပ်ဆင့်ပျော်ရွှင်သောအခွင့်အရေးနှင့်အတူ ကျွန်ုပ်တို့သည် ကိုယ်တော်ကတိပြုခဲ့သော ကြာမြင့်စွာကပင်စောင့်စားခဲ့သည့် ကောင်းချီးများဖြင့်ချီးမြှင့်ခံရမည်။—ရောမ ၈:၃၂။
ဘုရားရှင်ကိုချစ်ခြင်းက ကျွန်ုပ်တို့အားခံနိုင်ရည်ရှိစေ
၁၇၊ ၁၈။ (က) အကျပ်အတည်းအချိန်များတွင် ဘုရားသခင့်မျက်နှာသာဖြင့် ခံနိုင်ရည်ရှိရန် ဘာကကျွန်ုပ်တို့အား ကူညီပေးမည်နည်း။ (ခ) အောင်ပွဲခံရန်ကျွန်ုပ်တို့အား ဘာကကူညီမည်နည်း။ ကျန်ကြွင်းသောအချိန်နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ဘာပြောမည်မဟုတ်သနည်း။
၁၇ ခက်ခဲသောအချိန်များတွင်ကျွန်ုပ်တို့သည် ‘ငါတို့တော့ဘယ်လောက်ကြာကြာ ခံနိုင်တော့မှာလဲ’ ဟုမေးနိုင်သည်။ အဖြေကားအသို့နည်း။ ဘုရားရှင်ကိုကျွန်ုပ်တို့နှလုံး၊ စိတ်၊ စိုးလ်ဝိညာဉ်နှင့် ခွန်အားရှိသမျှဖြင့်ချစ်ရန်ဖြစ်သည်။ “မေတ္တာသည်စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည်ဂုဏ်ပြိုင်ခြင်းမရှိ။ ဝါကြွားခြင်းမရှိ။ မာန်မာနမရှိ။ ခပ်သိမ်းသောအရာကိုဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကိုယုံတတ်၏။ ခပ်သိမ်းသောအရာကိုမျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကိုသည်းခံတတ်၏။ မေတ္တာသည်ဖောက်ပြန်ခြင်းသဘောနှင့်အစဉ်ကင်းလွတ်၏။” (၁ ကောရိန္သု ၁၃:၄၊ ၇၊ ၈) ကျွန်ုပ်တို့ခံရပ်ခြင်းသည် ဘုရားရှင်ကိုချစ်ခြင်းကြောင့်မဟုတ်လျှင် ကျွန်ုပ်တို့၏ခံနိုင်ရည်သည် တန်ဖိုးမရှိချေ။ သို့သော်၊ ကျွန်ုပ်တို့သည် ယေဟောဝါကိုအပ်နှံထားခြင်းကြောင့် ဝန်ထုပ်များကိုခံရပ်ခြင်းဖြစ်လျှင်မူကား ကျွန်ုပ်တို့၏ခံနိုင်ရည်သည် ကိုယ်တော်အတွက်မိမိတို့၏မေတ္တာကို ပိုမိုနက်ရှိုင်းစေနိုင်စွမ်းရှိသည်။ မိမိခမည်းတော်ဘုရားရှင်ကိုချစ်ခြင်းက ယေရှုကိုခံနိုင်ရည်ရှိစေခဲ့သည်။ (ယောဟန် ၁၄:၃၀၊ ၃၁။ ဟေဗြဲ ၁၂:၂) ကျွန်ုပ်တို့သဘောထားမှန်သည် ခမည်းတော်ဘုရားရှင်ကို ချစ်ခြင်းကြောင့်ဖြစ်လျှင် ကျွန်ုပ်တို့မခံရပ်နိုင်သည့်အရာ ဘာရှိဦးမည်နည်း။
၁၈ ဤစမ်းသပ်ရာအခက်ခဲဆုံးအချိန်အတွင်း လောကကိုအောင်နိုင်ခြင်းသည် ယေဟောဝါဘုရားသခင်အား ကျွန်ုပ်တို့၏မယိမ်းယိုင်သောမေတ္တာကြောင့်ပင်ဖြစ်သည်။ ဤအစီအစဉ်ဟောင်းသည် မည်မျှကြာရှည်စွာတည်ရှိရန်ခွင့်ပြုထားပါစေ ယေဟောဝါသည်ယေရှုခရစ်အားဖြင့် ကျွန်ုပ်တို့လိုအပ်သောအကူအညီကို ဆက်လက်ပေးတော်မူမည်။ (၁ ပေတရု ၅:၁၀) အချိန်မည်မျှသာကျန်သည်ဟူ၍တော့ ကျွန်ုပ်တို့ဟောကိန်းမထုတ်ချေ။ ကျွန်ုပ်တို့သည် မည်သည့်နေ့စွဲတစ်ခုကိုမျှ မသတ်မှတ်ထားချေ။ ကျွန်ုပ်တို့သည်ယင်းကို မဟာအချိန်ထိန်းရှင် ယေဟောဝါဘုရားရှင်၏လက်တွင်ထားရှိသည်။—ဆာလံ ၃၁:၁၅။
၁၉၊ ၂၀။ (က) ကျွန်ုပ်တို့ခံရပ်နေသည့် ကုန်လွန်သွားသောတစ်နေ့စီကို မည်သို့ရှုမြင်သင့်သနည်း။ (ခ) မည်သည့်မိုက်မဲမှုကိုကျွန်ုပ်တို့ရှောင်ရှားသင့်သနည်း။ အဘယ်ကြောင့်နည်း။
၁၉ သို့သော် “ဤကပ်ကမ္ဘာကုန်သောပုပ္ပနိမိတ်” ကိုတွေ့ကြုံရမည့်တင်ကြိုဟောထားသောလူမျိုးဆက်သည် ယခုအတော်ပင်အသက်အရွယ် ကြီးရင့်လျက်ရှိပေပြီ။ (မဿဲ ၂၄:၃၊ ၃၂-၃၅) ကျွန်ုပ်တို့ခံရပ်ခဲ့သည့် နေ့စဉ်ကုန်လွန်သွားသောနေ့တစ်နေ့သည် စာတန်နှင့်သူ၏နတ်ဆိုးများကိုယ်နှိုက်တည်ရှိနေခြင်းဖြင့် စကြဝဠာကိုညစ်ညမ်းစေရန်နေ့တစ်နေ့ကို လျော့နည်းစေပြီး “ပျက်စီးခြင်းအဖို့ပြင်ဆင်သော အမျက်ခံရာအိုးများ” ကိုယေဟောဝါသည်းမခံတော့မည့်အချိန်သို့ တစ်နေ့ပို၍နီးကပ်လာစေသည်ကို ကျွန်ုပ်တို့ဘယ်တော့မျှမမေ့သင့်ချေ။ (ရောမ ၉:၂၂) မကြာမီ၊ ယေဟောဝါ၏စိတ်ရှည်ခြင်းကုန်ဆုံးသောအခါ ကိုယ်တော်သည်မိမိ၏အမျက်ကို ဘုရားတရားမဲ့သူယောက်ျား၊ မိန်းမများအပေါ်ပြသမည်။ သို့ဖြင့်၊ ကိုယ်တော်သည် ဤအချိန်တစ်လျှောက်လုံးသူတို့အား ခွင့်ပြုထားသော်လည်း သူတို့၏လုပ်ရပ်လမ်းစဉ်သည် မိမိအလိုတော်မကျကြောင်းကိုတင်ပြပါလိမ့်မည်။
၂၀ ယေရှုခရစ်အားဖြင့် ကျွန်ုပ်တို့အားကမ်းလှမ်းထားသည့် ထူးမြတ်လှသောဆုလာဘ်ရရှိရန် ကျွန်ုပ်တို့၏မေတ္တာပါပါကြိုးပမ်းမှုကို ရပ်ဆိုင်းလိုက်ခြင်းသည် အမိုက်မဲဆုံးဖြစ်မည်။ သို့အစား၊ ယေဟောဝါသည်မိမိကိုယ်ကို စကြဝဠာအချုပ်အခြာအရှင်အဖြစ် ထင်ရှားစေတော့မည့်ဆဲဆဲဖြစ်သော ဤအရေးအကြီးဆုံးအချိန်တွင် ယေဟောဝါ၏သက်သေများအဖြစ် သစ္စာရှိစွာဖြင့်လုပ်ဆောင်သွားရန် ကျွန်ုပ်တို့သန္နိဌာန်ချထားကြသည်။
[အောက်ခြေမှတ်ချက်များ]
a ဥပမာ၊ ခရစ္စတင်းအယ်လိဇဘက်ကင်းက ဤသို့ရေးခဲ့သည်။ “သက်သေခံများတစ်ဖက်၌သာ မအောင်မြင်ခဲ့ချေ။ အကြောင်းမှာ၊ လုပ်ငန်းသည်ဆက်လက်ရပ်တည်နေသည်။ သက်သေခံများ၏အရေအတွက်သည် တိုးများလာခဲ့သည်။”—The Nazi State and the New Religions: Five Case Studies in Non-conformity, page 193
သင်မည်သို့တုံ့ပြန်မည်နည်း
▫ ကျွန်ုပ်တို့၏ခံနိုင်ရည်စမ်းသပ်ချက်ကို အဘယ်ကြောင့်ရှောင်ရှား၍မရသနည်း။
▫ မည်သည့်လှည့်စားမှုကို ကျွန်ုပ်တို့ရှောင်ရှားလိုသနည်း။
▫ ကျွန်ုပ်တို့အားနည်းမသွားရန် ဘာလိုအပ်သနည်း။
▫ ကျွန်ုပ်တို့၏ဆောင်ပုဒ်ကားအဘယ်နည်း။
▫ အကျပ်အတည်းအချိန်တွင် ကျွန်ုပ်တို့ခံနိုင်ရည်ရှိရန် ဘာကထောက်ကူမည်နည်း။
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
ဘုရားသခင့်လူမျိုးသည် စပိန်၊ တြိနိဒက်ရှိဤသက်သေခံများကဲ့သို့ ယေဟောဝါအားစောင့်ဆိုင်းရန် အစဉ်အသင့်ရှိကြသည်