ယုံကြည်ခြင်းကိုတင်ပြခြင်းအားဖြင့် ဘုရားသခင့်ကတိတော်များကို တုံ့ပြန်
“အလွန်ကြီးမြတ်၍ အဖိုးထိုက်သောကတိများကို ကိုယ်တော်သည် [ယေဟောဝါဘုရား] ငါတို့၌ အခမဲ့အပ်ပေးတော်မူပြီ။” —၂ ပေတရု ၁:၄၊ ကဘ။
၁ စစ်မှန်သောယုံကြည်ခြင်းကိုတင်ပြရန် အဘယ်အရာက စွမ်းဆောင်ပေးစေနိုင်သနည်း။
ယေဟောဝါရှင်သည် ကတိတော်များကို ယုံကြည်ကြောင်း တင်ပြစေလိုတော်မူသည်။ သို့ဖြစ်၍ပင် “လူတိုင်း ယုံကြည်ခြင်းရှိသည်မဟုတ်။” (၂ သက်သာလောနိတ် ၃:၂) ဤအရည်အချင်းသည် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်၊ သို့မဟုတ် လှုပ်ရှားသောစွမ်းအား၏ အသီးတစ်သီး ဖြစ်ပါသည်။ (ဂလာတိ ၅:၂၂၊ ၂၃) သို့ဖြစ်သောကြောင့် ယေဟောဝါ၏ဝိညာဉ်တော်ဦးဆောင်မှုအောက်ရှိသူများသာလျှင် ယုံကြည်ခြင်းတင်ပြနိုင်ပါသည်။
၂။ “ယုံကြည်ခြင်း” ကို တမန်တော်ပေါလု မည်သို့ဖော်ပြသနည်း။
၂ သို့သော် ယုံကြည်ခြင်းကား အဘယ်နည်း။ တမန်တော်ပေါလုက ယင်းကို “မမြင်ရသော်လည်း အမှန်တည်ရှိသောအရာတို့၏ ထင်ရှားသောသက်သေဖြစ်၏” ဟုဖော်ပြထားသည်။ ဤမမြင်ရသောအမှန်တည်သည့်အရာများသည် ခိုင်လုံလှသဖြင့် ယုံကြည်ခြင်းကို ယင်းနှင့်ညီမျှစေသည်။ ယုံကြည်ခြင်းသည် “မျှော်လင့်သောအရာများကို စိတ်ချစွာစောင့်မျှော်ခြင်း” ဖြစ်သည်ဟူ၍လည်း ဖော်ပြထားပါသည်။ အကြောင်းမူကား၊ ယေဟောဝါဘုရားသခင် ကတိထားတော်မူသောအရာခပ်သိမ်းကို အမှန်စိတ်ချနိုင်သဖြင့် ပြည့်စုံပြီးဘိသကဲ့သို့ဖြစ်ကြောင်း ဤအရည်အချင်းကိုပိုင်ဆိုင်သူများ အာမခံနိုင်ကြပါသည်။—ဟေဗြဲ ၁၁:၁၊ ကဘ။
ယုံကြည်ခြင်းနှင့် ယေဟောဝါ၏ကတိတော်များ
၃။ ယုံကြည်ခြင်းတင်ပြမည်ဆိုလျှင် ဘိသိက်ခံခရစ်ယာန်များ အဘယ်အရာခံစားရမည်နည်း။
၃ ယေဟောဝါအလိုတော်နှင့်တွေ့ခြင်းငှာ ကိုယ်တော့်ကတိတော်များကို ယုံကြည်ကြောင်း တင်ပြကြရမည်။ စီအီး ၆၄ ခန့်တွင်ရေးခဲ့သည့် တမန်တော်ပေတရု၏ ဒုတိယမှုတ်သွင်းခံစာစောင်တွင် ယင်းကို ဖော်ပြထားသည်။ မိမိ၏ဘိသိက်ခံခရစ်ယာန်ချင်းတို့သည် ယုံကြည်ခြင်းတင်ပြကြမည်ဆိုလျှင် ဘုရားသခင်၏ “အလွန်ကြီးမြတ်၍ အဖိုးထိုက်သောကတိများ” ပြည့်စုံလာသည်ကို တွေ့မြင်ကြရမည်ဟု သူညွှန်ပြထားသည်။ ယင်းကြောင့် သူတို့သည် ကောင်းကင်နိုင်ငံတော်တွင် ယေရှုခရစ်တော်နှင့်အတူ အမွေခံဘက်များအဖြစ် “ဘုရားပကတိကို ဆက်ဆံရသောသူ” များဖြစ်လာကြရမည်။ ယုံကြည်ခြင်းနှင့် ယေဟောဝါဘုရားသခင်၏အကူအညီအားဖြင့် ဤလောက၏ ပျက်စီးယိုယွင်းသောအပြုအမူအကျင့်အကြံ၏ အစေခံကျွန်အဖြစ်မှ သူတို့လွတ်မြောက်လာကြပြီဖြစ်သည်။ (၂ ပေတရု ၁:၂-၄) စဉ်းစားကြည့်ပါလေ။ စစ်မှန်သောယုံကြည်ခြင်းကိုတင်ပြသူများသည် ယနေ့ ထပ်တူတန်ဖိုးဖြတ်မရ လွတ်လပ်ခွင့်ကို ရရှိထားကြပါသည်။
၄။ ကျွန်ုပ်တို့၏ယုံကြည်ခြင်း၌ အဘယ်အရည်အချင်းများ ဖြည့်စွက်သင့်သနည်း။
၄ ယေဟောဝါ၏ကတိတော်များကို ယုံကြည်ခြင်းနှင့် ကျွန်ုပ်တို့ရရှိထားသည့် ဘုရားပေးလွတ်လပ်မှုကို ကျေးဇူးတင်လေးစားခြင်းက စံပြခရစ်ယာန်များဖြစ်လာကြရန် အတတ်နိုင်ဆုံးကြိုးစားဖို့ လှုံ့ဆော်တိုက်တွန်းပေးသင့်သည်။ ပေတရု ဤသို့ဆိုသည်။ “သင်တို့သည် မိမိတို့၏ယုံကြည်ခြင်းကို အကျင့်သီလဖြင့်လည်းကောင်း၊ အကျင့်သီလကို အသိပညာဖြင့်လည်းကောင်း၊ အသိပညာကို ကာမဂုဏ်ချုပ်တည်းခြင်းဖြင့်လည်းကောင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းကို ခံနိုင်ရည်ရှိခြင်းဖြင့်လည်းကောင်း၊ ခံနိုင်ရည်ရှိခြင်းကို ဘုရားဝတ်၌မွေ့လျော်ခြင်းဖြင့်လည်းကောင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းကို ညီရင်းအစ်ကိုသဘောထားဖြင့်လည်းကောင်း၊ ညီရင်းအစ်ကိုသဘောထားကို ချစ်ခြင်းမေတ္တာဖြင့်လည်းကောင်း ထပ်လောင်းဖြည့်စွက်ပေးရန် အစွမ်းကုန်ကြိုးစားကြလော့။” (၂ ပေတရု ၁:၅-၇၊ သက) ဤသို့အားဖြင့် ကျွန်ုပ်တို့အလွတ်ရသင့်သည့် စာရင်းတစ်ခုကို ပေတရုပေးထားပါသည်။ ဤအရည်အချင်းများကို အသေအချာစစ်ဆေးကြည့်ကြစို့။
ယုံကြည်ခြင်း၏ အရေးပါလက္ခဏာများ
၅၊ ၆။ အကျင့်သီလကား အဘယ်နည်း။ ယုံကြည်ခြင်း၌ ၎င်းကိုမည်သို့ဖြည့်စွက်နိုင်သနည်း။
၅ ပေတရုက အချင်းချင်းအားလည်းကောင်း၊ ယုံကြည်ခြင်း၌လည်းကောင်း အကျင့်သီလ၊ အသိပညာ၊ ကာမဂုဏ်ချုပ်တည်းခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ညီရင်းအစ်ကိုသဘောထားနှင့် ချစ်ခြင်းမေတ္တာကို ဖြည့်စွက်ရမည်ဟု ပြောပါသည်။ ဤအရည်အချင်းများကို ကျွန်ုပ်တို့ယုံကြည်ခြင်းအတွက် အရေးပါလက္ခဏာများဖြစ်စေရန် ကြိုးစားအားထုတ်ရမည်။ ဥပမာ၊ အကျင့်သီလဟူသောအရည်အချင်းကို ယုံကြည်ခြင်းမပါဘဲ တင်ပြနိုင်မည်မဟုတ်ပါ။ အဘိဓာန်ပြုစုသူ ဒဘလျူ၊ အီး၊ ဗိုင်းက ၂ ပေတရု ၁:၅ တွင် “ယုံကြည်ခြင်းတင်ပြရာ၌ အကျင့်သီလသည် မရှိမဖြစ်သောအရည်အချင်းဖြစ်သည်” ဟုညွှန်ပြထားပါသည်။ ပေတရုဖော်ပြထားသည့် အခြားအရည်အချင်းတစ်ခုစီသည်လည်း ကျွန်ုပ်တို့ယုံကြည်ခြင်း၏ လက္ခဏာများဖြစ်ရပါမည်။
၆ ဦးဆုံး ကျွန်ုပ်တို့ယုံကြည်ခြင်း၌ အကျင့်သီလဖြည့်စွက်ရမည်။ အကျင့်သီလရှိခြင်းမည်သည်ကား ဘုရားသခင့်မျက်မှောက်တော်တွင် ကောင်းရာကိုပြုခြင်းဖြစ်သည်။ ဤတွင် “အကျင့်သီလ” ဟုပြန်ဆိုသည့် ဂရိစကားလုံးကို အချို့ဘာသာပြန်ကျမ်းများက “ကောင်းမှု” ဟုပြန်ဆိုပါသည်။ (New International Version; The Jerusalem Bible; Today’s English Version) အကျင့်သီလဟူသောအရည်အချင်းသည် မကောင်းမှုကိုရှောင်ကြဉ်ရန်၊ သို့မဟုတ် လူလူချင်းအား ဆိုးကျိုးမပြုစေရန် တိုက်တွန်းပေးပါသည်။ (ဆာလံ ၉၇:၁၀) သူတစ်ထူး၏ ဝိညာဏ၊ ကာယနှင့်စိတ်ဓာတ်ရေးဘက် အကျိုးဖြစ်ထွန်းစေမည့် ကောင်းမှုကိုပြုရန် အစွမ်းသတ္တိကိုလည်း ရှိစေပါသည်။
၇။ ယုံကြည်ခြင်းနှင့်အကျင့်သီလ၌ အသိပညာကို အဘယ်ကြောင့် ဖြည့်စွက်သင့်သနည်း။
၇ ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့်အကျင့်သီလ၌ အသိပညာကိုဖြည့်စွက်ရန် ပေတရုအဘယ်ကြောင့်တိုက်တွန်းသနည်း။ ယုံကြည်ခြင်းအတွက် စိန်ခေါ်ချက်အသစ်များကိုရင်ဆိုင်ကြရာတွင် အမှားမှအမှန်ကို ခွဲခြားသိမြင်နိုင်ရန် အသိပညာလိုပါသည်။ (ဟေဗြဲ ၅:၁၄) သမ္မာကျမ်းစာကိုလေ့လာခြင်း၊ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လက်တွေ့ကျင့်သုံးခြင်းနှင့် နေ့စဉ်ဘဝအသက်တာတွင် လက်တွေ့ကျ ဉာဏ်ပညာကိုအသုံးပြုခြင်းအားဖြင့် အသိပညာတိုးပွားစေပါသည်။ တစ်ကြိမ်တည်းတွင် ယင်းက ယုံကြည်ခြင်းတည်မြဲစေ၍ စုံစမ်းခံရသည့်အခါ အကျင့်သီလဆက်လက်စောင့်ထိန်းရန် စွမ်းဆောင်နိုင်ပါသည်။—သု၊ ၂:၆-၈။ ယာကုပ် ၁:၅-၈။
၈။ ကာမဂုဏ်ချုပ်တည်းခြင်းကား အဘယ်နည်း။ ၎င်းသည် ခံနိုင်ရည်ရှိခြင်းနှင့် မည်သို့ဆက်နွယ်သနည်း။
၈ ယုံကြည်ခြင်းဖြင့် စုံစမ်းခြင်းများကိုရင်ဆိုင်နိုင်ရန် အသိပညာအပေါ် ချုပ်တည်းခြင်းကိုဖြည့်စွက်ရန်လိုပါသည်။ “ချုပ်တည်းခြင်း” အတွက်အသုံးပြုသည့် ဂရိစကားလုံးက မိမိကိုယ်ကိုချုပ်ကိုင်နိုင်သည့်စွမ်းပကားကို ရည်ညွှန်းသည်။ ဘုရားသခင့်ဤဝိညာဉ်အသီးက အတွေးအခေါ်၊ အပြောအဆိုနှင့်အပြုအမူကိုစောင့်စည်းရန် အကူအညီပေးပါသည်။ ချုပ်တည်းမှုပြရာတွင်စွဲမြဲခြင်းအားဖြင့် ယင်း၌ ခံနိုင်ရည်ရှိခြင်းကိုဖြည့်စွက်သည်။ “ခံနိုင်ရည်ရှိခြင်း” အတွက်အသုံးပြုသောဂရိစကားလုံးက မလွှဲမရှောင်နိုင်သည့် အခက်အခဲကို ဝမ်းနည်းစွာခံယူခြင်းမဟုတ်ဘဲ သတ္တိရှိရှိမြဲမြံတည်ကြည်ခြင်းသဘောဖြင့်ခံယူခြင်းကို တင်ပြပါသည်။ ရှေ့၌ထားသော ဝမ်းမြောက်ခြင်းအတွက် ညှဉ်းဆဲရာနှက်တိုင်၌ ယေရှုခံရပ်ခဲ့ပါသည်။ (ဟေဗြဲ ၁၂:၂) ဘုရားပေးခွန်အားကို ခံနိုင်ရည်ရှိခြင်းနှင့်တွဲဖက်သည့်အခါ ယုံကြည်ခြင်းခိုင်ခံ့လာ၍ ဆင်းရဲဒုက္ခခံရစဉ်ပင် ရွှင်လန်းနိုင်ရန်၊ သွေးဆောင်မှုကို တွန်းလှန်နိုင်ရန်နှင့် နှိပ်စက်ညှဉ်းဆဲခံရသည့်အခါ ဖောက်ပြန်လိုက်လျောခြင်းကိုရှောင်ကြဉ်နိုင်ရန် အကူအညီရပါသည်။—ဖိလိပ္ပိ ၄:၁၃။
၉။ (က) ဘုရားဝတ်၌မွေ့လျော်ခြင်းကား အဘယ်နည်း။ (ခ) ဘုရားဝတ်၌မွေ့လျော်ခြင်းသို့ ညီရင်းအစ်ကိုသဘောကို အဘယ်ကြောင့်ဖြည့်စွက်ရသနည်း။ (ဂ) ညီရင်းအစ်ကိုသဘော၌ ချစ်ခြင်းမေတ္တာကို မည်သို့ဖြည့်စွက်နိုင်မည်နည်း။
၉ ခံနိုင်ရည်ရှိခြင်း၌ ဘုရားဝတ်၌မွေ့လျော်ခြင်းဖြစ်သော ရိုသေလေးမြတ်ခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်းနှင့် ယေဟောဝါအမှုတော်ဆောင်ခြင်းတို့ကိုဖြည့်စွက်ရမည်။ ဘုရားဝတ်၌မွေ့လျော်နေ၍ မိမိလူမျိုးတော်နှင့် ယေဟောဝါမည်သို့ဆက်ဆံသည်ကို တွေ့မြင်သည့်အခါ ယုံကြည်ခြင်းတိုးပွားလာပါသည်။ သို့တိုင် ဘုရားဝတ်၌မွေ့လျော်နိုင်ရန် ညီရင်းအစ်ကိုသဘောထားရှိဖို့လိုသည်။ အချုပ်မှာ “မိမိမြင်ရသော မိမိညီအစ်ကိုကိုမချစ်လျှင် မမြင်သေးသောဘုရားသခင်ကို အဘယ်သို့ချစ်နိုင်မည်နည်း။” (၁ ယောဟန် ၄:၂၀) ယေဟောဝါ၏အခြားကျေးကျွန်များကို တကယ်စုံမက်ကြောင်းတင်ပြ၍ အချိန်အခါမရွေး သူတို့အကျိုးကို ရှာကြံပြုမူနေရန် နှလုံးစေ့ဆော်မှုကို ခံသင့်သည်။ (ယာကုပ် ၂:၁၄-၁၇) သို့သော် ညီရင်းအစ်ကိုသဘောထားရှိခြင်း၌ ချစ်ခြင်းမေတ္တာကိုဖြည့်စွက်ပေးရန် အဘယ်ကြောင့်မှာကြားခံရပါသနည်း။ ညီအစ်ကိုများကိုသာမက လူသားအပေါင်းကိုချစ်ကြောင်း တင်ပြရမည်ဟု ပေတရုဆိုလိုနေကြောင်းထင်ရှားသည်။ ဤချစ်ခြင်းကို အထူးသဖြင့် သတင်းကောင်းဟောပြောခြင်း၊ ဝိညာဉ်ရေးအရ လူတို့အားကူညီပေးခြင်းဖြင့် တင်ပြပါသည်။—မဿဲ ၂၄:၁၄၊ ၂၈:၁၉၊ ၂၀။
ခြားနားသောအကျိုးဆက်များ
၁၀။ (က) ကျွန်ုပ်တို့၏ယုံကြည်ခြင်း၌ အကျင့်သီလ၊ အသိပညာ၊ ကာမဂုဏ်ချုပ်တည်းခြင်း၊ ခံနိုင်ရည်၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ညီရင်းအစ်ကိုသဘောနှင့် ချစ်ခြင်းမေတ္တာကို ဖြည့်စွက်မည်ဆိုလျှင် မည်သို့ပြုမူကျင့်ကြံမည်နည်း။ (ခ) ခရစ်ယာန်အခေါ်ခံသူသည် ဤအရည်အချင်းများမရှိလျှင် မည်သို့ဖြစ်မည်နည်း။
၁၀ ကျွန်ုပ်တို့၏ယုံကြည်ခြင်း၌ အကျင့်သီလ၊ အသိပညာ၊ ကာမဂုဏ်ချုပ်တည်းခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ညီရင်းအစ်ကိုသဘောထားနှင့်ချစ်ခြင်းမေတ္တာကို ဖြည့်စွက်မည်ဆိုလျှင် ဘုရားသခင့်အလိုတော်နှင့်တွေ့သောနည်းအတိုင်း စဉ်းစားပြောဆို ပြုမူကြပါလိမ့်မည်။ ပြောင်းပြန်မှာ ခရစ်ယာန်အခေါ်ခံသူသည် ဤအရည်အချင်းများကို မတင်ပြဘဲနေလျှင် ဝိညာဉ်ရေးအရ မျက်စိကွယ်သူဖြစ်လာပါမည်။ သူသည် ဘုရားသခင့်ထံတော်မှ ‘အလင်းကိုမမြင်ရန် မျက်စိပိတ်ထား’ ၍အပြစ်ဟောင်းများသန့်စင်ခံခဲ့ရကြောင်းကို မေ့လျော့သူဖြစ်သည်။ (၂ ပေတရု ၁:၈-၁၀၊ ၂:၂၀-၂၂) ထိုသို့ မည်သည့်အခါမျှမဖြစ်ဘဲ ဘုရားသခင့်ကတိတော်များကို မယုံကြည်တော့သူ မဖြစ်ကြပါစို့။
၁၁။ သစ္စာရှိဘိသိက်ခံများထံမှ အဘယ်အရာကို ကျွန်ုပ်တို့မျှော်လင့်ထိုက်သနည်း။
၁၁ သစ္စာရှိဘိသိက်ခံခရစ်ယာန်များသည် ယေဟောဝါ၏ကတိတော်များကိုယုံကြည်ကြ၍ ရွေးချယ်ပြီးခေါ်တော်မူခံရခြင်းကို သေချာစေရန် ကြိုးစားအားထုတ်ကြပါသည်။ သူတို့လမ်း၌ ထိမိလဲစရာအကြောင်းတစ်ခုခုရှိဦးတော့ ဘုရားရေးရာအရည်အချင်းများကို တင်ပြကြလိမ့်မည်ဟု မျှော်လင့်နိုင်ပါသည်။ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကောင်းကင်၌ နာမ်ဝိညာဉ်အသက်တာကိုရသည့် သစ္စာရှိဘိသိက်ခံများအား “ယေရှုခရစ်၏ထာဝရနိုင်ငံတော်ထဲသို့ ဝင်စားခြင်းအခွင့်ကို . . . ကြွယ်ဝစွာပေးသနား” ထားတော်မူသည်။—၂ ပေတရု ၁:၁၁။
၁၂။ ၂ ပေတရု ၁:၁၂-၁၅ ပါစကားများကို မည်သို့နားလည်သနည်း။
၁၂ များမကြာမီ မိမိကွယ်လွန်ရမည့်အကြောင်း ပေတရုအသိအမှတ်ပြုကာ တစ်နေ့သောအခါ ရှင်ပြန်ထမြောက်ခံရခြင်းအားဖြင့် ကောင်းကင်အသက်တာကိုရရန် သူမျှော်လင့်ခဲ့သည်။ သို့သော် “ဤတဲ”—သူ၏လူ့ကိုယ်ခန္ဓာ—တွင်အသက်ရှင်သည်ကာလ ယုံကြည်သူချင်းတို့၌ ယုံကြည်ခြင်းတိုးပွားစေရန်၊ ဘုရားသခင့်မျက်နှာသာတွေ့ခြင်းငှာ မရှိမဖြစ် လိုအပ်သောအရာများအကြောင်း သတိပေးခြင်းအားဖြင့် ကြိုးစားနှိုးဆော်ပေးပါသည်။ သေခြင်း၌ ခွဲခွာပြီးနောက်တွင် ပေတရု၏ ဝိညာဏညီအစ်ကိုညီအစ်မများသည် သူ၏စကားများကိုသတိရနေခြင်းအားဖြင့် သူတို့၏ယုံကြည်ခြင်းတိုးပွားလာနိုင်ပါသည်။—၂ ပေတရု ၁:၁၂-၁၅။
ပရောဖက်ပြုချက်ဆိုင်ရာ နှုတ်ကပါဌ်စကားကို ယုံကြည်ခြင်း
၁၃။ ခရစ်တော်၏ကြွလာခြင်းနှင့်စပ်လျဉ်း၍ ယုံကြည်စိတ်ချစေသောသက်သေကို ဘုရားသခင်မည်သို့တင်ပြခဲ့သနည်း။
၁၃ “ကြီးစွာသောဘုန်းတန်ခိုး အာနုဘော်ကိုဆောင်လျက်” ယေရှု အမှန်ကြွရောက်လာမည့်အကြောင်း ဘုရားသခင်ကိုယ်တော်တိုင် သက်သေထူတော်မူခဲ့သည်။ (မဿဲ ၂၄:၃၀။ ၂ ပေတရု ၁:၁၆-၁၈) သက်သေမရှိသဖြင့် တိတ္ထိယဇ်ပုရောဟိတ်များသည် သူတို့၏ဘုရားများအကြောင်း ယုံတမ်းစကားများကို လုပ်ကြံပြောဆိုခဲ့ရသည်။ ပေတရု၊ ယာကုပ်နှင့်ယောဟန်တို့မူကား ကိုယ်ရောင်ပြောင်းလဲခြင်းအဖြစ်၌ ခရစ်တော်၏ခမ်းနားထည်ဝါခြင်း၏ မျက်မြင်သက်သေများဖြစ်ခဲ့ကြသည်။ (မဿဲ ၁၇:၁-၅) ကိုယ်တော်၏ဘုန်းထွန်းတောက်တော်မူခြင်းကို သူတို့တွေ့မြင်၍ ယေရှုသည် ကိုယ်တော်ချစ်မြတ်နိုးရာ သားတော်ဖြစ်ကြောင်း မိန့်တော်မူသည့် ဘုရားကိုယ်တော်တိုင်၏အသံတော်ကို ကြားနာခဲ့ကြပါသည်။ ထိုအသိအမှတ်ပြုချက်နှင့် ထိုအချိန်တွင် ခရစ်တော်အားပေးသနားတော်မူသည့် ထွန်းလင်းတောက်ပသောအသွင်သည် ကိုယ်တော်အားအပ်နှင်းတော်မူသည့် ဘုန်းအာနုဘော်တော်ဖြစ်ပါသည်။ ဤဗျာဒိတ်တော်ထင်ရှားခြင်းကြောင့် ဟေရမုန်တောင်စွယ်တစ်ခုပေါ် ဖြစ်ကောင်းဖြစ်ခဲ့မည့် ထိုအရပ်ကို ပေတရုက “သန့်ရှင်းသောတောင်” ဟုခေါ်ခဲ့ပါသည်။—ထွက်မြောက်ရာ ၃:၄၊ ၅ နှိုင်းယှဉ်။
၁၄။ ယေရှု၏ကိုယ်ရောင်ပြောင်းခြင်းကြောင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်း မည်သို့ဖြစ်သင့်သနည်း။
၁၄ ယေရှု ကိုယ်ရောင်ပြောင်းလဲခြင်းသည် ကျွန်ုပ်တို့ယုံကြည်ခြင်းကို မည်သို့ဖြစ်စေသင့်သနည်း။ ပေတရု ဤသို့ဆိုသည်။ “ထိုမှတစ်ပါး သာ၍မြဲမြံသောအနာဂတ္တိစကားတော်သည် ငါတို့၌ရှိသေး၏။ စိတ်နှလုံးထဲ၌ အရုဏ်တက်၍ ကြယ်နီပေါ်ထွက်သည်ကာလတိုင်အောင် ထိုအနာဂတ္တိစကားတော်ကို မှောင်မိုက်အရပ်၌ ထွန်းလင်းသောဆီမီးကဲ့သို့မှတ်၍ သင်တို့သည် အမှီပြုသင့်ကြ၏။” (၂ ပေတရု ၁:၁၉) “ထိုအနာဂတ္တိစကားတော်” တွင် ဟေဗြဲကျမ်းစာစောင်မှ မေရှိယနှင့်ပတ်သက်သည့် ပရောဖက်ပြုချက်များသာမက “ကြီးစွာသောဘုန်းတန်ခိုး အာနုဘော်ကိုဆောင်လျက်” ကြွလာတော်မူမည်ဟု ယေရှုမိန့်တော်မူသောစကားပါ ပါဝင်ကြောင်းထင်ရှားသည်။ ကိုယ်ရောင်ပြောင်းလဲခြင်းအားဖြင့် နှုတ်ကပါဌ်တော်သည် မည်သို့ “သာ၍မြဲမြံ” လာသနည်း။ ထိုအဖြစ်အပျက်က နိုင်ငံတော်တန်ခိုးဖြင့် ခရစ်တော်ဘုန်းထင်ရှားစွာ ကြွရောက်လာမည်ဟူသော အနာဂတ္တိစကားကို ထောက်ခံပါသည်။
၁၅။ အနာဂတ္တိစကားကို အာရုံစိုက်ခြင်းတွင် အဘယ်အရာပါဝင်သနည်း။
၁၅ ကျွန်ုပ်တို့ယုံကြည်ခြင်းတိုးပွားစေရန် အနာဂတ္တိစကားကို အာရုံစိုက်ရမည်။ သို့ပြုရာတွင် ထိုအနာဂတ္တိစကားကို လေ့လာခြင်း၊ ခရစ်ယာန်စည်းဝေးများတွင် ဆွေးနွေးနှီးနှောခြင်းနှင့် ယင်း၏မှာကြားချက်ကို ကျင့်သုံးခြင်းပါဝင်ပါသည်။ (ယာကုပ် ၁:၂၂-၂၇) ကျွန်ုပ်တို့နှလုံးကို အလင်းပေးသည့် “မှောင်မိုက်အရပ်၌ ထွန်းလင်းသောဆီမီးကဲ့သို့” ဖြစ်စေရမည်။ (ဧဖက် ၁:၁၈) သို့မှသာ “ကြယ်နီ” သို့မဟုတ် “ထွန်းတောက်သော မိုးသောက်ကြယ်” ယေရှုခရစ်တော်သည် ဘုန်းထင်ရှားသည့်နေ့တိုင် ယင်းက ကျွန်ုပ်တို့ကိုလမ်းပြညွှန်ကြားပါလိမ့်မည်။ (ဗျာဒိတ် ၂၂:၁၆) ထိုပေါ်ထွန်းတော်မူခြင်းသည် သစ္စာဖျက်သူများအတွက် ပျက်စီးခြင်းဖြစ်ပြီး ယုံကြည်ခြင်းတင်ပြသူများအတွက်မူကား ကောင်းချီးများဖြစ်ပါလိမ့်မည်။—၂ သက်သာလောနိတ် ၁:၆-၁၀။
၁၆။ ကိုယ်တော်၏နှုတ်ကပါဌ်တော်ရှိ အနာဂတ္တိစကားဆိုင်ရာ ကတိတော်အားလုံးသည် ပြည့်စုံလိမ့်မည်ဖြစ်ကြောင်း အဘယ်ကြောင့်ယုံကြည်စိတ်ချနိုင်သနည်း။
၁၆ ဘုရားသခင့်ပရောဖက်တို့သည် ပညာရှိဟောကိန်းများကိုပြုသော ဉာဏ်ထက်သူများ မျှသာမဟုတ်ပါ။ အကြောင်းမှာ၊ “ကျမ်းစာ၌ပါသောအနာဂတ္တိစကားမည်သည်ကား၊ ကိုယ်အလိုအလျောက်အနက်မပေါ်ဟု ရှေ့ဦးစွာသိမှတ်ကြလော့။ အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူအလိုအားဖြင့် ဖြစ်ဖူးသည်မဟုတ်။ ဘုရားသခင်၏သန့်ရှင်းသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏တိုက်တွန်းတော်မူခြင်းကိုခံရ၍ ဟောပြောကြ၏” ဟုပေတရုပြောပါသည်။ (၂ ပေတရု ၁:၂၀၊ ၂၁) ဥပမာ၊ ဒါဝိဒ်က “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ဝိညာဉ်တော်သည် ငါ့အားဖြင့် မိန့်တော်မူ၏” ဟုဆိုပါသည်။ (၂ ဓမ္မရာဇဝင် ၂၃:၁၊ ၂) ပေါလုကလည်း “ကျမ်းစာရှိသမျှသည် မှုတ်သွင်းခြင်းအားဖြင့်ဖြစ်သည်” ဟုရေးသားခဲ့သည်။ (၂ တိမောသေ ၃:၁၆) ဘုရားသခင့်ပရောဖက်များသည် ကိုယ်တော်၏ဝိညာဉ်တော်အားဖြင့် မှုတ်သွင်းခြင်းခံခဲ့ကြရသောကြောင့် ကိုယ်တော်၏နှုတ်ကပါဌ်တော်ရှိ ကတိတော်အားလုံးသည် ပြည့်စုံရလိမ့်မည်ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်ပါသည်။
ဘုရားသခင့်ကတိတော်များကို သူတို့ယုံကြည်ခဲ့
၁၇။ အာဗေလ၏ယုံကြည်ခြင်းအတွက် အဘယ်ကတိတော်သည် အခြေခံဖြစ်သနည်း။
၁၇ ခရစ်ယာန်ခေတ်မတိုင်မီက ‘ဤမျှလောက်များသော’ သက်သေတို့၏ ယုံကြည်ခြင်းအတွက် ယေဟောဝါ၏ကတိတော်များသည် အခြေခံဖြစ်ခဲ့ပါသည်။ (ဟေဗြဲ ၁၁:၁–၁၂:၁) ဥပမာ၊ “မြွေ” ၏ခေါင်းကိုကြိတ်မည့် “မျိုးနွယ်တော်” နှင့်စပ်လျဉ်းသော ဘုရားသခင့်ကတိတော်ကို အာဗေလ ယုံကြည်ခဲ့သည်။ အာဗေလ၏မိဘများကို ဘုရားသခင်တရားစီရင်သည့်အတိုင်း ဖြစ်ပျက်ခဲ့ကြောင်း သက်သေရှိနေပါသည်။ ဧဒင်အပြင်၌ ကျိန်ခြင်းခံရသောမြေကြီးသည် ဆူးပင်အမျိုးမျိုးပေါက်စေသောကြောင့် အာဒံနှင့်သူ၏မိသားစုသည် မျက်နှာမှချွေးထွက်လျက် အစာကိုစားခဲ့ကြရသည်။ ဧဝသည် ခင်ပွန်း၏အလိုသို့လိုက်၍ သူမကို အာဒံအုပ်စိုးခဲ့ကြောင်းကိုလည်း အာဗေလ သတိပြုခဲ့ပေမည်။ ကိုယ်ဝန်ဆောင်ခြင်းဝေဒနာ အလွန်များပြားကြောင်းကိုပါ သူမ ပြောပြခဲ့မည်။ ဧဒင်ဥယျာဉ်၏အဝင်ဝတွင်လည်း မီးစက်လက်နက်နှင့်တကွ ခေရုဗိမ်များစောင့်ရှောက်နေပါသည်။ (ကမ္ဘာဦး ၃:၁၄-၁၉၊ ၂၄) ယင်းတို့အားလုံးက ကတိထားရာမျိုးနွယ်တော်မှ ကယ်နှုတ်ခြင်းလာမည်ဟု အာဗေလစိတ်ချစရာ “ထင်ရှားသောသက်သေဖြစ်၏။” အာဗေလသည် ကာဣနပူဇော်သောယဇ်ထက် သာ၍မြတ်သောယဇ်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အား ပူဇော်ခဲ့သည်။—ဟေဗြဲ ၁၁:၁၊ ၄၊ ကဘ။
၁၈၊ ၁၉။ အာဗြဟံနှင့်စာရာတို့သည် အဘယ်နည်းများဖြင့် ယုံကြည်ခြင်းတင်ပြခဲ့သနည်း။
၁၈ ဘိုးဘေးများဖြစ်သူ အာဗြဟံ၊ ဣဇာက်နှင့်ယာကုပ်တို့လည်း ယေဟောဝါ၏ကတိတော်များကို ယုံကြည်စိတ်ချခဲ့သည်။ သူ့အားဖြင့် မြေပြင်ပေါ်ရှိလူ့မိသားစုအားလုံး ကောင်းချီးမင်္ဂလာကိုခံရကြလိမ့်မည်၊ သူ၏အမျိုးအနွယ်အား ပြည်တစ်ပြည်ကိုပေးမည်ဟူသော ဘုရားသခင်၏ကတိတော်ကို အာဗြဟံ ယုံကြည်ကြောင်း တင်ပြခဲ့ပါသည်။ (ကမ္ဘာဦး ၁၂:၁-၉၊ ၁၅:၁၈-၂၁) သူ၏သား ဣဇာက်နှင့် မြေးယာကုပ်တို့သည်လည်း “ကတိတော်ကိုအမွေခံရသော အဖော်အဖက်” များဖြစ်ကြသည်။ အာဗြဟံသည် “ကတိတော်နှင့်စပ်ဆိုင်သောပြည်၌ ယုံကြည်ခြင်းအားဖြင့် ဧည့်သည်ဖြစ်၍နေ၏။” “ခိုင်ခံ့မြဲမြံသောမြို့” ဖြစ်သောဘုရားသခင့် ကောင်းကင်နိုင်ငံတော်အောက် မြေကြီးပေါ်တွင်အသက်ရှင်ခြင်းငှာ ရှင်ပြန်ထမြောက်မည့်အချိန်ကိုလည်း သူစောင့်မျှော်ခဲ့ပါသည်။ (ဟေဗြဲ ၁၁:၈-၁၀) ထပ်တူယုံကြည်ခြင်းမျိုး အသင်၌ရှိပါသလော။
၁၉ အာဗြဟံ၏ဇနီး စာရာသည် အသက် ၉၀ ခန့်ရှိ၍ ကလေးမွေးဖွားရန်အရွယ်လွန်နေချိန်တွင် ဘုရားသခင့်ကတိတော်ကိုယုံကြည်ခြင်းအားဖြင့် “ပဋိသန္ဓေယူနိုင်သောအခွင့်” ကိုရပြီး ဣဇာက်ကိုမွေးဖွားခဲ့သည်။ သို့ဖြစ်၍ မျိုးပွားခြင်းနှင့်ပတ်သက်၍ “လူသေနှင့်တူသော” အသက် ၁၀၀ ရှိအာဗြဟံထံမှ “အရေအတွက်အားဖြင့် ကောင်းကင်ကြယ်ကဲ့သို့” များစွာသောသားများ နောက်ဆုံးမွေးဖွားလာပါသည်။—ဟေဗြဲ ၁၁:၁၁၊ ၁၂။ ကမ္ဘာဦး ၁၇:၁၅-၁၇။ ၁၈:၁၁။ ၂၁:၁-၇။
၂၀။ ဘိုးဘေးများသည် ဘုရားသခင့်ကတိတော်များ၏ လုံးလုံးလျားလျားပြည့်စုံမှုကိုမမြင်ခဲ့ကြရသော်လည်း သူတို့ဘာလုပ်ခဲ့သနည်း။
၂၀ သစ္စာရှိဘိုးဘေးများသည် ဘုရားသခင့်ကတိတော်များ၏ လုံးလုံးလျားလျားပြည်စုံမှုကိုမမြင်ရဘဲ သေလွန်ခဲ့ကြသည်။ သို့တိုင် “[ကတိထားရာတို့ကို] အဝေးကမျှော်လျက် စိတ်နှလုံးနှင့်ဖက်ယမ်းလျက် မိမိတို့သည် မြေကြီးပေါ်မှာ တစ်ကျွန်းသူတစ်နိုင်ငံသား၊ ဧည့်သည်အာဂန္တုဖြစ်သည်ကို ထင်ရှားစွာဝန်ခံ” ခဲ့ကြသည်။ ကတိထားရာပြည်တော်ကို အာဗြဟံ၏အမျိုးအနွယ် မပိုင်ဆိုင်မီ လူမျိုးဆက်များစွာ ကွယ်လွန်ခဲ့သည်။ ဘုရားကိုကြောက်ရွံ့သော ထိုဘိုးဘေးများသည် သူတို့ဘဝအသက်တာတစ်လျှောက် ယေဟောဝါ၏ကတိတော်များကို ယုံကြည်ကြောင်း တင်ပြခဲ့ပါသည်။ သူတို့သည် ယုံကြည်ခြင်းမပျောက်ခဲ့၍လည်း သူတို့နေစရာဖို့ ဘုရားသခင်အဆင်သင့်တည်ထောင်ပေးတော်မူသည့် မေရှိယနိုင်ငံတော် “မြို့” ၏မြေကြီးပိုင်နက်တွင်အသက်ရှင်စေခြင်းငှာ မကြာမီ ထမြောက်လာကြပါမည်။(ဟေဗြဲ ၁၁:၁၃-၁၆) ထပ်တူနည်းအတိုင်းပင် ယေဟောဝါ၏ကတိတော်မြတ်အားလုံး ချက်ချင်းပြည့်စုံလာသည်ကို ကျွန်ုပ်တို့မမြင်ရလျှင်ပင် ယုံကြည်ခြင်းသည် ကိုယ်တော်အား ကျွန်ုပ်တို့ဆက်လက်သစ္စာတည်ကြည်စေနိုင်မည်။ အာဗြဟံနည်းတူပင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ဘုရားသခင့်စကားနာခံရန်လည်း တိုက်တွန်းလှုံ့ဆော်ပေးပါလိမ့်မည်။ သူ၏မျိုးစဉ်မျိုးဆက်အား ဝိညာဏအမွေအနှစ်ကို သူဆင့်ကမ်းပေးခဲ့သကဲ့သို့ပင် ယေဟောဝါ၏ တန်ဖိုးရှိကတိတော်များကို ယုံကြည်ကြောင်း တင်ပြကြရန် ကျွန်ုပ်တို့သားသမီးများအား ကူညီပေးနိုင်ပါလိမ့်မည်။—ဟေဗြဲ ၁၁:၁၇-၂၁။
ယုံကြည်ခြင်းသည် ခရစ်ယာန်များအတွက် အရေးကြီး
၂၁။ ယနေ့ ဘုရားသခင်လက်ခံဖွယ်လျှောက်လှမ်းရန်အတွက် ယုံကြည်ကြောင်း တင်ပြရာတွင် အဘယ်အရာများပါဝင်ရမည်နည်း။
၂၁ သို့သော် ယုံကြည်ခြင်းရှိသည်ဟုဆိုရာတွင် ယေဟောဝါ၏ကတိတော်များ ပြည့်စုံလိမ့်မည်ကို စိတ်ချခြင်းထက်မကပါ။ လူ့သမိုင်းတစ်လျှောက်တွင် ကျွန်ုပ်တို့သည် ဘုရားသခင့်နှစ်သက်မှုကိုရယူလိုလျှင် ကိုယ်တော်ကိုယုံကြည်ကြောင်း နည်းအမျိုးမျိုးဖြင့်တင်ပြခဲ့ကြရသည်။ “ယုံကြည်ခြင်းမရှိလျှင် [ယေဟောဝါ] ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကိုလည်းကောင်း ယုံကြည်ရမည်” ဟုပေါလုညွှန်ပြခဲ့သည်။ (ဟေဗြဲ ၁၁:၆) ယနေ့ ယေဟောဝါအလိုတော်နှင့်တွေ့ရန် ယေရှုခရစ်ကိုလည်းကောင်း၊ ကိုယ်တော်အားဖြင့် ဘုရားသခင်ပြင်ဆင်တော်မူသော ရွေးဖိုးပူဇော်သက္ကာကိုလည်းကောင်း ယုံကြည်ကြောင်း တင်ပြရမည်။ (ရောမ ၅:၈။ ဂလာတိ ၂:၁၅၊ ၁၆) ယေရှုကိုယ်တော်တိုင် မိန့်တော်မူခဲ့သကဲ့သို့ပင်တည်း။ “ဘုရားသခင်၏သားတော်ကိုယုံကြည် [ကြောင်းတင်ပြ ကဘ ]သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။ သားတော်ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကိုပယ်သောသူမူကား အသက်ကိုမတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏အမျက်တော်တည်နေသည်ဟု ယောဟန်ဟောလေသည်။”—ယောဟန် ၃:၁၆၊ ၃၆။
၂၂။ မေရှိယနိုင်ငံတော်သည် အဘယ်ကတိတော်ကို ပြည့်စုံစေမည်နည်း။
၂၂ ခရစ်ယာန်များဆုတောင်းကြသည့် ဘုရားသခင့်နိုင်ငံတော်နှင့်ဆိုင်သော ကတိတော်များပြည့်စုံခြင်းငှာ ယေရှု၏ကဏ္ဍသည် အလွန်အရေးကြီးပါသည်။ (ဟေရှာယ ၉:၆၊ ၇။ ဒံယေလ ၇:၁၃၊ ၁၄။ မဿဲ ၆:၉၊ ၁၀) ပေတရုဖော်ပြသကဲ့သို့ပင် ဘုရားသခင့်နိုင်ငံတော်ဘုန်းတန်ခိုးအာနုဘော်ဆောင်လျက် ယေရှုကြွလာခြင်းဆိုင်ရာ အနာဂတ္တိစကားကို ကိုယ်ရောင်ပြောင်းလဲခြင်းက ထောက်ခံပါသည်။ မေရှိယနိုင်ငံတော်သည် ဘုရားသခင်၏ အခြားကတိတော်တစ်ခုကိုလည်း ပြည့်စုံစေပါလိမ့်မည်။ အကြောင်းမှာ ပေတရု ဤသို့ရေးသားခဲ့သည်။ “ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီ မျှော်လင့်ကြ၏။” (၂ ပေတရု ၃:၁၃) ဘီစီအီး ၅၃၇ တွင်ဗာဗုလုန်နိုင်ငံသို့ ပြည်နှင်ခံရသောဂျူးများသည် ကိုယ့်နိုင်ငံကိုယ် ပြန်ရောက်လာကြသည့်အခါ အလားတူပရောဖက်ပြုချက်တစ်ခု ပြည့်စုံခဲ့ပါသည်။ ထိုစဉ်က ဇေရုဗဗေလသည် ဘုရင်ခံအဖြစ်အုပ်စိုးခဲ့၍ ယောရှုသည် ယဇ်ပုရောဟိတ်မင်းဖြစ်ခဲ့သည်။ (ဟေရှာယ ၆၅:၁၇) သို့သော် “ကောင်းကင်အသစ်”—မေရှိယ၏ ကောင်းကင်နိုင်ငံတော်—သည် “မြေကြီးအသစ်” ဖြစ်သော ဤကမ္ဘာပေါ်နေထိုင်မည့် ဖြောင့်မတ်သောလူ့အဖွဲ့အစည်းကို အစိုးရမည့် အနာဂတ်ကာလကို ပေတရုညွှန်ပြခဲ့ပါသည်။—ဆာလံ ၉၆:၁ နှိုင်းယှဉ်။
၂၃။ အကျင့်သီလနှင့်စပ်လျဉ်း၍ အဘယ်မေးခွန်းများသည် နောက်ဆွေးနွေးချက်ဖြစ်မည်နည်း။
၂၃ ယေဟောဝါ၏သစ္စာရှိကျေးကျွန်များနှင့် ချစ်မြတ်နိုးရာသားတော် ယေရှုခရစ်၏ တပည့်နောက်လိုက်များအနေနှင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကတိထားရာကမ္ဘာသစ်ကို တောင့်တကြသည်။ ၎င်းသည်နီးပြီဖြစ်ကြောင်း သိထားကြ၍ ယေဟောဝါ၏တန်ဖိုးရှိကတိတော်အားလုံး ပြည့်စုံလာလိမ့်မည်ဟု ကျွန်ုပ်တို့ယုံကြည်စိတ်ချပါသည်။ ဘုရားသခင့်ရှေ့မှောက် လက်ခံဖွယ်လျှောက်လှမ်းရန်အတွက် ယုံကြည်ခြင်း၌ အကျင့်သီလ၊ အသိပညာ၊ ကာမဂုဏ်ချုပ်တည်းခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ညီရင်းအစ်ကိုသဘောထားရှိခြင်းနှင့် ချစ်ခြင်းမေတ္တာကို ဖြည့်စွက်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေရမည်။aဤတွင် အကျင့်သီလကို မည်သို့တင်ပြနိုင်မည်နည်းဟု မေးမြန်းစရာရှိမည်။ အကျင့်သီလရှိခြင်းအားဖြင့်လည်း ကိုယ်ကိုလည်းကောင်း၊ အထူးသဖြင့် ယုံကြည်ခြင်းတင်ပြကာ ဘုရားသခင့်ကတိတော်များကို တုံ့ပြန်ခဲ့သော ကျွန်ုပ်တို့၏ခရစ်ယာန်အပေါင်းအသင်းများဖြစ်သည့် အခြားသူများကိုပါ မည်သို့အကျိုးပြုနိုင်မည်နည်း။
[အောက်ခြေမှတ်ချက်များ]
a ယုံကြည်ခြင်းနှင့်အကျင့်သီလအကြောင်း ဤကင်းမျှော်စင်တွင်ဆွေးနွေးထားသည်။ အသိပညာ၊ ကာမဂုဏ်ချုပ်တည်းခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ညီရင်းအစ်ကိုသဘောနှင့်ချစ်ခြင်းမေတ္တာအကြောင်းကို နောက်ဆက်တွဲစာစောင်များတွင် အပြည့်အစုံ ဆွေးနွေးသုံးသပ်ကြမည်။
သင့်အဖြေများကား အဘယ်နည်း
◻ “ယုံကြည်ခြင်း” ကို မည်သို့ဖော်ပြမည်နည်း။
◻ ၂ ပေတရု ၁:၅-၇ အရ ကျွန်ုပ်တို့၏ယုံကြည်ခြင်း၌ အဘယ်အရည်အချင်းများကို ဖြည့်စွက်ရမည်နည်း။
◻ ကျွန်ုပ်တို့၏ယုံကြည်ခြင်းအပေါ် ယေရှု၏ ကိုယ်ရောင် ပြောင်းခြင်းက အဘယ်အကျိုးသက်ရောက်သင့်သနည်း။
◻ အာဗေလ၊ အာဗြဟံ၊ စာရာနှင့် ရှေးခေတ်မှ အခြားသူတို့သည် ယုံကြည်ခြင်းနှင့်ပတ်သက်၍ အဘယ်ပုံသက်သေများကို တင်ပြခဲ့သနည်း။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ယေရှု၏ ကိုယ်ရောင်ပြောင်းခြင်းသည် တစ်ဦးသောသူ၏ ယုံကြည်ခြင်းကို မည်သို့ အကျိုးပြုနိုင်ကြောင်း သင်သိပါသလော