ညီအစ်ကိုချင်း ချစ်ခြင်းမေတ္တာ၌တည်ကြလော့!
“ညီအစ်ကိုချင်း ချစ်ခြင်းမေတ္တာ၌တည်ကြလော့။”—ဟေဗြဲ ၁၃:၁။
၁။ ချမ်းအေးသောညတွင် မီးလင်းဖိုဆက်လောင်နေစေရန် သင်အဘယ်အရာပြုရမည်နည်း၊ ကျွန်ုပ်တို့အားလုံးတွင် ထပ်တူလုပ်ဆောင်ရမည့် အဘယ်ဝတ္တရားရှိသနည်း။
အပြင်ဘက်တွင် သွေးခဲမတတ်အေးနေပြီး အပူချိန်မှာ အောက်သို့ထိုးကျနေသည်။ သင့်အိမ်၏ တစ်ခုတည်းသော အပူရရှိရာနေရာသည် မီးလင်းဖိုရှိ တဖျစ်ဖျစ်တောက်လောင်နေသောမီးပင်ဖြစ်သည်။ အသက်တာသည် သင်ဆက်၍ မီးကိုတောက်နေစေခြင်းအပေါ် မူတည်ပေသည်။ မီးတောက်မီးလျှံငြိမ်းသွားကာ ရဲရဲနီသောမီးသွေး အရောင်မှေးမှိန်သွားသည်အထိ သင်ထိုင်၍သာကြည့်နေမည်လော။ ထိုသို့ပြုမည်မဟုတ်ပါ။ ဆက်၍တောက်လောင်နေရန် သင်သည် မနားမနေ လောင်စာဖြည့်ပေးမည်ဖြစ်သည်။ တစ်နည်းအားဖြင့် ကျွန်ုပ်တို့တစ်ဦးစီသည် ကျွန်ုပ်တို့၏နှလုံးထဲတွင် တောက်လောင်နေရန်လိုအပ်သည့် သာ၍အရေးကြီးသော “မီး”—မေတ္တာ—နှင့်ပတ်သက်လာလျှင် ထိုအတိုင်းပင်လုပ်ရမည်ဖြစ်သည်။
၂။ (က) ဤနောက်ဆုံးသောကာလတွင် ချစ်ခြင်းမေတ္တာအေးစက်လျက်ရှိသည်ဟု အဘယ်ကြောင့် ပြောနိုင်သနည်း။ (ခ) ချစ်ခြင်းမေတ္တာသည် စစ်မှန်သောခရစ်ယာန်များအတွက် မည်မျှအရေးကြီးသနည်း။
၂ ကျွန်ုပ်တို့သည် ကြာမြင့်စွာက ယေရှုတင်ကြိုဟောကြားခဲ့သည့်အတိုင်း ကမ္ဘာတစ်ဝန်းလုံးရှိ ခရစ်ယာန်များဟုဆိုသောသူများအလယ် ချစ်ခြင်းမေတ္တာအေးစက်သည့်အချိန်၌ အသက်ရှင်နေကြရသည်။ ယေရှုသည် ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာကို ချစ်ခြင်းတည်းဟူသော အရေးအကြီးဆုံးသော ချစ်ခြင်းမေတ္တာအမျိုးအစားကို ရည်ညွှန်းနေခြင်းဖြစ်သည်။ အခြားသော မေတ္တာအမျိုးအစားများပါ လျော့နည်းကျဆင်းနေပါသည်။ သမ္မာကျမ်းစာက “နောက်ဆုံးကာလ” ၌ များစွာသောသူတို့သည် “ပင်ကိုအရချစ်ခင်စုံမက်ခြင်းမရှိသောသူ” ဖြစ်ကြမည်ဟူ၍ ကြိုတင်ဟောကြားထားသည်။ (၂ တိမောသေ ၃:၁-၅၊ ကဘ) မည်မျှမှန်ကန်လိုက်လေခြင်း! မိသားစုသည် ပင်ကိုအရ ချစ်ခင်စုံမက်ခြင်းရှိရာနေရာဖြစ်သင့်သော်လည်း ထိုသို့သောနေရာတွင်ပင် အကြမ်းဖက်မှု၊ မတော်မတရားပြုကျင့်မှုနှင့် တစ်ခါတစ်ရံ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုတို့ ဖြစ်ပျက်နေကျနေရာ ဖြစ်လာလေသည်။ ဤလောက၏ ချစ်ခြင်းမေတ္တာသည် အဆုံးစွန်အထိအေးစက်သည့်တိုင် ခရစ်ယာန်များကိုမူ အချင်းချင်း ချစ်ခြင်းမေတ္တာရှိရမည့်အပြင် ကိုယ်ကျိုးစွန့်မေတ္တာရှိရန်၊ အခြားသူများကို ဦးစားပေးရန် မိန့်ကြားထားသည်။ ကျွန်ုပ်တို့သည် ထိုမေတ္တာကို စစ်မှန်သောခရစ်ယာန်အသင်းတော်၏ ထင်ရှားသောအမှတ်အသားဖြစ်သည့်အထိ လူအားလုံးမြင်သာအောင် ပီပီပြင်ပြင်တင်ပြသင့်သည်။—ယောဟန် ၁၃:၃၄၊ ၃၅။
၃။ ညီအစ်ကိုချင်းချစ်ခြင်းမေတ္တာကား အဘယ်အရာဖြစ်ပြီး ဆက်၍တည်ပါဟုဆိုရာ၌ ဘာကိုဆိုလိုသနည်း။
၃ “ညီအစ်ကိုချင်း ချစ်ခြင်းမေတ္တာ၌တည်ကြလော့” ဟူ၍မိန့်မှာရန် တမန်တော်ပေါလုမှုတ်သွင်းခံရသည်။ (ဟေဗြဲ ၁၃:၁) ပညာရပ်စာပေတစ်ခု၏အဆိုအရ “ညီအစ်ကိုချင်း ချစ်ခြင်းမေတ္တာ” ဟူသော ဂရိစကားလုံး (ဖီ.လာ.ဒယ်လ်.ဖီယာ) သည် “မေတ္တာစုံမက်ခြင်း၊ ကြင်နာမှု၊ စာနာမှုပြခြင်း၊ အကူအညီကမ်းလှမ်းခြင်းတို့ကို ရည်ညွှန်းသည်။” ထို့ပြင် ထိုသို့သောမေတ္တာ၌ ဆက်၍တည်ကြလော့ဟုဆိုရာတွင် ပေါလုဘာကိုဆိုလိုသနည်း။ “ဘယ်တော့မျှအေးစက်မသွားခြင်း” ဖြစ်သည်ဟု ထိုစာအုပ်ကဖော်ပြသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ညီအစ်ကိုများကို သနားစုံမက်ခြင်းရှိရုံနှင့် မလုံလောက်ချေ; ၎င်းကို ပြသရမည်။ ထို့ပြင် ထိုမေတ္တာကို အေးစက်မသွားစေဘဲ တည်မြဲစေရမည်။ စိန်ခေါ်ချက်လော။ မှန်ပေသည်၊ သို့သော် ယေဟောဝါ၏ဝိညာဉ်တော်သည် ညီအစ်ကိုချင်း ချစ်ခင်စုံမက်ခြင်းကို ပြုစုပျိုးထောင်ပေးရန်နှင့် ယင်းကိုထိန်းသိမ်းရန် ကူညီပေးနိုင်ပါသည်။ ကျွန်ုပ်တို့နှလုံးတွင်းရှိ ဤချစ်ခြင်းမေတ္တာမီးစကို ဆက်လက်တောက်လောင်စေသည့် နည်းသုံးခုကို သုံးသပ်ကြည့်ကြစို့။
စာနာထောက်ထားမှုကိုပြလော့
၄။ စာနာထောက်ထားမှုဟူသည် အဘယ်နည်း။
၄ သင်သည် ခရစ်ယာန်ညီအစ်ကိုညီအစ်မများအား ပို၍မေတ္တာထားလိုပါက ဦးဆုံး သူတို့ကိုထောက်ထားတတ်ရန်နှင့် သူတို့အသက်တာတွင်ရင်ဆိုင်ရသော စုံစမ်းခြင်းနှင့်စိန်ခေါ်ချက်တို့ကို ဝေမျှခံစားတတ်ရန်လိုသည်။ တမန်တော်ပေတရုက ဤသို့ရေးသားကာ အကြံပြုဖော်ပြခဲ့သည်– “သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်းရှိကြလော့။ စိတ်ကြင်နာခြင်း၊ [“စာနာထောက်ထား၍၊” သတင်းကောင်း] ညီအစ်ကိုချင်းကဲ့သို့ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်းရှိကြလော့။” (၁ ပေတရု ၃:၈) ဤတွင်အသုံးပြုသည့် ဂရိစကားလုံး “စာနာထောက်ထား” မှုကိုပြသခြင်းဟူသည် “အတူဒုက္ခဆင်းရဲခံခြင်း” ဟူသည့်သဘောသက်ရောက်သည်။ ဂရိကျမ်းဆိုင်ရာ အခွင့်အာဏာရှိသူတစ်ဦးက ထိုစကားလုံးနှင့်စပ်လျဉ်း၍ ဤသို့ဆိုသည်– “ယင်းက အခြားသူတို့၏ခံစားချက်ကို ကျွန်ုပ်တို့ကိုယ်တိုင်၌ဖြစ်သကဲ့သို့ ဝင်ရောက်ခံစားကြည့်သောအခါ ဖြစ်ပေါ်လာသောစိတ်အခြေအနေကို ဖော်ပြသည်။” ထို့ကြောင့် စာနာမှုလိုအပ်သည်။ တစ်ခါက ယေဟောဝါ၏ သစ္စာရှိ၊ သက်ကြီးကျေးကျွန်တစ်ဦး ဤသို့ဆိုသည်– “စာနာမှုဟူသည် ကျွန်ုပ်နှလုံးသားထဲရှိ သင့်ပူပန်မှုဝေဒနာပင် ဖြစ်ပေသည်။”
၅။ ယေဟောဝါတွင် စာနာထောက်ထားမှုရှိကြောင်း မည်သို့သိရသနည်း။
၅ ယေဟောဝါတွင် ထိုသို့သော စာနာထောက်ထားမှုရှိပါသလော။ အမှန်ရှိပါသည်။ သာဓကအနေဖြင့် ကိုယ်တော့်လူမျိုးတော် ဣသရေလလူမျိုးနှင့်ပတ်သက်၍ ခံစားရသောဒုက္ခအကြောင်းကို ဤသို့ဖတ်ရသည်– “သူတို့ခံရသမျှဒုက္ခကို ကိုယ်တိုင်ခံရာ ရောက်တော်မူ [၏]။” (ဟေရှာယ ၆၃:၉၊ သမ) ယေဟောဝါသည် သူတို့ပြဿနာများကို မြင်တွေ့ရရုံမျှသာမဟုတ်ပါ; လူမျိုးတော်အတွက် ကိုယ်တိုင်ခံစားရတော်မူသည်။ “သင်တို့ကိုထိသောသူသည် မျက်ဆန်တော်ကိုထိသောသူဖြစ်၏”a ဟူ၍ ဇာခရိ ၂:၈ တွင်မှတ်တမ်းတင်ထားသော မိမိလူမျိုးတော်ကိုမိန့်တော်မူသည့် ယေဟောဝါကိုယ်တော်တိုင်၏ စကားလုံးအသုံးအနှုန်းများက ကိုယ်တော်၏ခံစားချက် မည်မျှပြင်းထန်ကြောင်းကို ဖော်ပြသည်။ ဤအခန်းငယ်နှင့်စပ်လျဉ်း၍ ဆရာတစ်ဦးက ဤသို့မှတ်သားဖော်ပြသည်– “လူ့ကိုယ်ခန္ဓာတွင် မျက်စိသည် အသိမ်မွေ့ဆုံးနှင့် အရှုပ်ထွေးဆုံးအဆောက်အအုံဖြစ်သည်; ထို့ပြင် အမြင်အာရုံဖြစ်ပေါ်စေသည့် ကောင်းကင်မှအလင်းဝင်ရာအပေါက်ဖြစ်သော မျက်စိသူငယ်အိမ်သည် မျက်လုံး၏အရေးကြီးသော အစိတ်အပိုင်းဖြစ်သည့်အပြင် အနူးညံ့ဆုံးလည်းဖြစ်၏။ ယေဟောဝါ၏မေတ္တာတော်ကို ခံစားရသူများအပေါ် ကိုယ်တော်၏ကရုဏာပါစောင့်ရှောက်မှုအကြောင်းကို ပို၍ကောင်းစွာဖော်ပြနိုင်သောအခြား မည်သည့်အရာမျှမရှိချေ။”
၆။ စာနာထောက်ထားမှုကို ယေရှု မည်သို့ပြသသနည်း။
၆ ယေရှုသည်လည်း စာနာထောက်ထားမှုကို အစဉ်သဖြင့်ပြသခဲ့သည်။ ဖျားနာသော သို့မဟုတ် ဒုက္ခရောက်သော မိမိ၏လူသားချင်းတို့အပေါ် မကြာခဏ “သနားသောစိတ်” ရှိခဲ့သည်။ (မာကု ၁:၄၁; ၆:၃၄) တစ်စုံတစ်ယောက်က မိမိ၏ဘိသိက်ခံနောက်တော်လိုက်များအပေါ် ကြင်နာစွာဆက်ဆံရန်ပျက်ကွက်သည့်အခါ ထိုဆက်ဆံမှုကို မိမိကိုယ်တိုင်ခံရဘိသကဲ့သို့ဖြစ်ကြောင်း ကိုယ်တော်ဖော်ပြခဲ့သည်။ (မဿဲ ၂၅:၄၁-၄၆) ထို့ပြင် ယနေ့တွင် ကျွန်ုပ်တို့၏ကောင်းကင်ဆိုင်ရာ “ယဇ်ပုရောဟိတ်မင်း” ဖြစ်သူ ကိုယ်တော်သည် ‘ငါတို့၏အားနည်းချက်များကို စာနာ’ နိုင်သောသူတစ်ဦးဖြစ်ပေသည်။—ဟေဗြဲ ၄:၁၅၊ သတင်းကောင်း။
၇။ ညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မတစ်ဦးက ကျွန်ုပ်တို့ကို စိတ်အနှောင့်အယှက်ဖြစ်စေသောအခါ စာနာထောက်ထားမှုက မည်သို့ကူညီပေးမည်နည်း။
၇ ‘ငါတို့၏အားနည်းချက်များကို စာနာ’ ခြင်းက စိတ်သက်သာမှုဖြစ်စေသည်မဟုတ်လော။ ဖြစ်စေပါသည်၊ သို့ဖြစ်၍ တစ်ဦးကိုတစ်ဦး ထိုသို့ပြုလိုကြသည်။ တခြားသူတို့၏ အားနည်းချက်များကိုကြည့်ရန် အလွန်လွယ်ကူသည်မှာအမှန်။ (မဿဲ ၇:၃-၅) သို့သော် ညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မတစ်ဦးက သင့်အား နောက်တစ်ကြိမ် စိတ်အနှောင့်အယှက်ပြုချိန်တွင် ဤအချက်ကိုစမ်းကြည့်ပါ။ တိုက်လှန်နေရသော ကိုယ်ကိုယ်တိုင်၏အားနည်းချက်များနှင့်အတူ ထိုပုဂ္ဂိုလ်၏အခြေအနေ၊ နောက်ခံ၊ စရိုက်လက္ခဏာတို့တွင် သင့်ကိုယ်ကိုအစားထိုးကြည့်ပါ။ ထိုသို့သောမှားယွင်းမှုမျိုး သို့မဟုတ် ထိုထက်ပင် ဆိုးကောင်းဆိုးမည့်အရာကို သင်လုပ်လိမ့်မည်မဟုတ်ကြောင်း သေချာသလော။ တခြားသူများထံမှ များစွာမျှော်လင့်မည့်အစား စာနာထောက်ထားမှုကို တင်ပြသင့်သည်၊ ယင်းက ကျွန်ုပ်တို့အား ‘မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ’ သော ယေဟောဝါကဲ့သို့ အကျိုးသင့်အကြောင်းသင့်ဖြစ်ရန် ကူညီပေးပါလိမ့်မည်။ (ဆာလံ ၁၀၃:၁၄; ယာကုပ် ၃:၁၇) ကျွန်ုပ်တို့၏အကန့်အသတ်ဖြစ်မှုကို ကိုယ်တော်သိပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ တော်သင့်စွာလုပ်နိုင်သည်ထက် ဘယ်တော့မျှ ပိုမမျှော်လင့်ချေ။ (၃ ဓမ္မရာဇဝင် ၁၉:၅-၇ နှိုင်းယှဉ်။) ကျွန်ုပ်တို့အားလုံး ထိုသို့သောစာနာထောက်ထားမှုကို အခြားသူများအား တင်ပြကြစို့။
၈။ ညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မတစ်ဦး ခက်ခဲသောအခြေအနေ ရင်ဆိုင်ရသောအခါ ကျွန်ုပ်တို့ မည်သို့တုံ့ပြန်သင့်သနည်း။
၈ အသင်းတော်သည် ကွဲပြားခြားနားသော အင်္ဂါအစိတ်အပိုင်းများနှင့် အတူတကွစည်းလုံးစွာလုပ်ဆောင်ရသည့် ခန္ဓာကိုယ်တစ်ခုနှင့်တူကြောင်း တမန်တော်ပေါလု ရေးသားခဲ့သည်။ သူက ဆက်၍ဤသို့ဆိုသည်– “အင်္ဂါတစ်ခုတည်းဆင်းရဲခြင်းကိုခံရလျှင်၊ အင်္ဂါအပေါင်းတို့သည် အတူခံရကြ၏။” (၁ ကောရိန္သု ၁၂:၁၂-၂၆) တုန်လှုပ်ချောက်ချားဖွယ် ခဲယဉ်းပင်ပန်းမှုကို ရင်ဆိုင်ကြရသူများနှင့်အတူ ဆင်းရဲခံရန် သို့မဟုတ် စာနာမှုပြရန်လိုသည်။ ထိုသို့ပြုရာတွင် အကြီးအကဲများသည် ဦးဆောင်ဦးရွက်ပြုကြသည်။ ပေါလုက ဤသို့လည်းရေးခဲ့သည်– “အားနည်းသူရှိလျှင် ငါသည်လည်း အားနည်းရပါ၏။ မှောက်မှားလမ်းလွဲသူရှိလျှင် ငါသည် သူ့အတွက် ပူပန်သောကရောက်ရပါ၏။” (၂ ကောရိန္သု ၁၁:၂၉၊ သတင်းကောင်း) ဤကိစ္စရပ်နှင့်စပ်လျဉ်း၍ အကြီးအကဲများနှင့် နယ်လှည့်ကြီးကြပ်မှူးများသည် ပေါလုကိုတုပကြသည်။ ဟောပြောချက်ပေးရာတွင်ဖြစ်စေ၊ သိုးထိန်းလည်ပတ်မှုပြုလုပ်ရာတွင်ဖြစ်စေ၊ တရားရေးကိစ္စကိုင်တွယ်ရာတွင်ပင်ဖြစ်စေ စာနာထောက်ထားမှုပြရန် ကြိုးစားကြသည်။ ပေါလု ဤသို့အကြံပေးသည်– “ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးခြင်းကိုလည်းကောင်းပြုကြလော့။” (ရောမ ၁၂:၁၅) သိုးထိန်းများသည် မိမိတို့ကို အမှန်တကယ် စာနာမှုရှိကြောင်း၊ သူတို့၏အကန့်အသတ်ဖြစ်မှုကို သိရှိနားလည်မှုရှိကြောင်း၊ သူတို့ရင်ဆိုင်ရသော အခက်အခဲများအပေါ် စာနာမှုရှိကြောင်း သိုးများ သတိပြုမိမည်ဆိုလျှင် များသောအားဖြင့် သွန်သင်ချက်၊ လမ်းညွှန်မှုနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို လိုလိုလားလားလက်ခံတတ်ကြသည်။ အစည်းအဝေးများသည် ‘သူတို့၏စိုးလ်ကိုလန်းဆန်းစေ’ မည်ဟု ယုံကြည်စိတ်ချကြသောကြောင့် စိတ်ထက်သန်စွာတက်ရောက်ကြသည်။—မဿဲ ၁၁:၂၉။
လေးမြတ်မှု တင်ပြခြင်း
၉။ ကျွန်ုပ်တို့၌ရှိသော ကောင်းမွန်သည့်အရာကို ယေဟောဝါလေးမြတ်ကြောင်း ကိုယ်တော် မည်သို့တင်ပြသနည်း။
၉ ညီအစ်ကိုချင်းချစ်ခြင်းမေတ္တာကို တောက်လောင်စေသည့် ဒုတိယနည်းမှာ လေးမြတ်ခြင်းအားဖြင့်ဖြစ်သည်။ အခြားသူများကိုလေးမြတ်ရန်အတွက် သူတို့၏အရည်အချင်းကောင်းများနှင့် ကြိုးပမ်းအားထုတ်မှုများအပေါ် အာရုံစိုက်ရမည်။ ကျွန်ုပ်တို့ ထိုသို့လုပ်ဆောင်သောအခါ ယေဟောဝါကိုယ်တော်တိုင်ကို တုပရာရောက်သည်။ (ဧဖက် ၅:၁) နေ့စဉ်ပင် ကျွန်ုပ်တို့၏ အပြစ်အသေးအမွှားများကို ကိုယ်တော်ခွင့်လွှတ်ပေးတော်မူသည်။ ကြီးလေးသည့်အပြစ်ပင်ဖြစ်ပါစေ စစ်မှန်သောနောင်တရှိမည်ဆိုလျှင် ကိုယ်တော်ခွင့်လွှတ်တော်မူသည်။ ကျွန်ုပ်တို့၏အပြစ်များကို ကိုယ်တော်ခွင့်လွှတ်ပြီးသည်နှင့် ၎င်းတို့ကိုစဉ်းစားမနေတော့ပါ။ (ယေဇကျေလ ၃၃:၁၄-၁၆) ဆာလံဆရာက ဤသို့မေးလျှောက်ခဲ့သည်– “အိုဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဒုစရိုက်အပြစ်များကိုမှတ်တော်မူလျှင် အဘယ်သူခံရပ်နိုင်ပါမည်နည်း။” (ဆာလံ ၁၃၀:၃) ယေဟောဝါအားဝတ်ပြုရာတွင် ကျွန်ုပ်တို့ပြုလုပ်သည့် ကောင်းသောအရာများအပေါ်၌ ကိုယ်တော်အာရုံစိုက်တော်မူသည်။—ဟေဗြဲ ၆:၁၀။
၁၀။ (က) တစ်ဦးကိုတစ်ဦး လေးမြတ်မှုကင်းမဲ့ခြင်းက အိမ်ထောင်ဖက်များအတွက် အဘယ်ကြောင့် အန္တရာယ်ရှိသနည်း။ (ခ) မိမိ၏အိမ်ထောင်ဖက်အပေါ် လေးမြတ်မှုကင်းမဲ့နေလျှင် ဘာလုပ်သင့်သနည်း။
၁၀ ဤစံနမူနာကို မိသားစုအတွင်းလိုက်လျှောက်ရန် အထူးအရေးကြီးသည်။ မိဘများ တစ်ဦးကိုတစ်ဦး လေးမြတ်မှုတင်ပြကြသောအခါ မိသားစုအတွက် စံနမူနာချမှတ်ရာရောက်သည်။ အိမ်ထောင်မင်္ဂလာကို အလေးအနက်သဘောမထားသော ဤရာစုအချိန်တွင် မိမိ၏အိမ်ထောင်ဖက်အား အလေးမထားဘဲဆက်ဆံရန်၊ အပြစ်အနာအဆာများကို ပုံကြီးချဲ့ရန်နှင့် ကောင်းသောစရိုက်များကို အလေးမထားရန် အလွန်လွယ်ကူသည်။ ထိုသို့သော အပျက်သဘောသက်ရောက်သည့်အယူအဆက အိမ်ထောင်ကို တစ်စတစ်စယိုယွင်းစေပြီး ပျော်ရွှင်မှုကင်းမဲ့သော ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေသည်။ သင့်ကြင်ဖော်အပေါ် လေးမြတ်မှုလျော့နည်းနေလျှင် ‘ကျွန်ုပ်၏အိမ်ထောင်ဖက်သည် အမှန်ပင် ကောင်းသောအရည်အချင်းမရှိဘဲဖြစ်နေသလော’ ဟူ၍ ကိုယ့်ကိုယ်ကိုမေးပါ။ သင်ချစ်မြတ်နိုးပြီး လက်ထပ်ခဲ့ရသည့်အကြောင်းရင်းများကို ပြန်စဉ်းစားပါ။ သင့်အတွက် တစ်ယောက်ဆိုတစ်ယောက်တည်းသော ထိုပုဂ္ဂိုလ်ကို ချစ်မြတ်နိုးရသည့်အကြောင်းရင်းအားလုံး အမှန်ပင်ပျက်ပြယ်သွားပြီလော။ လုံးဝမပျက်ပြယ်သွားပါ; ထို့ကြောင့် သင့်ကြင်ဖော်၏အရည်အသွေးကောင်းများကို လေးမြတ်ရန်ကြိုးစားကာ ယင်းသို့လေးမြတ်ကြောင်း နှုတ်ဖြင့်လည်းဖော်ပြပါ။—သု. ၃၁:၂၈။
၁၁။ အိမ်ထောင်တွင်း ချစ်ခြင်းမေတ္တာသည် ချစ်ယောင်ဆောင်ခြင်းနှင့် ကင်းဝေးစေရန် အဘယ်လုပ်ရပ်များကို ရှောင်ရှားရမည်နည်း။
၁၁ လေးမြတ်ခြင်းက အိမ်ထောင်ဖက်များကို ချစ်ယောင်ဆောင်ခြင်းနှင့် ကင်းဝေးစေရန်လည်း ထောက်ကူပေးသည်။ (၂ ကောရိန္သု ၆:၆; ၁ ပေတရု ၁:၂၂ နှိုင်းယှဉ်။) လှိုက်လှိုက်လှဲလှဲလေးမြတ်မှုဖြင့်ပံ့ပိုးထားသည့် ထိုမေတ္တာမျိုးသည် လူနောက်ကွယ်တွင် ရက်စက်ကြမ်းကြုတ်ခြင်း၊ စကားနာထိုးခြင်းနှင့် အရှက်ခွဲခြင်း၊ ကြင်နာမှုပါသော သို့မဟုတ် ယဉ်ကျေးသိမ်မွေ့သော စကားတစ်ခွန်းမှမပြောဘဲ ရက်နှင့်ချီ၍ အေးတိအေးစက်နေခြင်းနှင့် ကာယရေးဘက်အကြမ်းဖက်ခြင်းတို့ကို ခွင့်ပြုလိမ့်မည်မဟုတ်။ (ဧဖက် ၅:၂၈၊ ၂၉) တစ်ဦးကိုတစ်ဦး အမှန်ပင်လေးမြတ်ကြသော လင်နှင့်မယားသည် တစ်ဦးကိုတစ်ဦးလည်း ဂုဏ်တင်ကြသည်။ လူတို့ရှေ့တွင်သာ ထိုသို့ပြုကြသည်မဟုတ်ဘဲ ယေဟောဝါ၏မြင်ကွင်းအတွင်းရှိ မည်သည့်နေရာတွင်မဆို—တစ်နည်းအားဖြင့်ဆိုရသော် အချိန်တိုင်း ထိုသို့ပြုကြသည်။—သု. ၅:၂၁။
၁၂။ မိဘများသည် မိမိတို့၏ကလေးများတွင်ရှိသော ကောင်းကွက်များအတွက် အဘယ်ကြောင့် လေးမြတ်မှုတင်ပြသင့်သနည်း။
၁၂ ကလေးများလည်း လေးမြတ်မှုခံရသည်ဟု ခံစားရဖို့လိုသည်။ မိဘများသည် အချည်းနှီးမြှောက်ပင့်မပြောဆိုသင့်သော်လည်း ကလေးများ၏ချီးကျူးထိုက်သည့် အရည်အသွေးများနှင့် အမှန်တကယ်ကောင်းမွန်သော သူတို့၏လုပ်ရပ်အတွက်မူ ချီးမွမ်းသင့်သည်။ ယေရှုအပေါ် မိမိ၏နှစ်သက်လက်ခံမှုကို ဖော်ထုတ်ပြသော ယေဟောဝါ၏စံနမူနာတော်ကို သတိရပါ။ (မာကု ၁:၁၁) “အရှင်” ပုံဥပမာကဲ့သို့သော ယေရှု၏စံနမူနာကိုလည်း သတိရပါ။ တစ်ဦးစီကို ပေးအပ်ထားသောအရာသည် မတူညီသည့်အပြင် တစ်ဦးစီရရှိသည့်အကျိုးအမြတ်ပါ ခြားနားသော်လည်း ‘သစ္စာရှိသောငယ်သားကောင်း’ ဟူ၍ နှစ်ဦးစလုံးကို ကိုယ်တော် တန်းတူညီတူချီးမွမ်းခဲ့သည်။ (မဿဲ ၂၅:၂၀-၂၃; မဿဲ ၁၃:၂၃ နှိုင်းယှဉ်။) အလားတူပင် ပညာရှိမိဘများသည် ကလေးတစ်ဦးစီ၏ ထူးခြားသည့်အရည်အသွေးများ၊ စွမ်းရည်နှင့် ပြီးမြောက်အောင်မြင်မှုများကို လေးမြတ်ကြောင်းဖော်ပြရန် နည်းလမ်းများရှာကြံကြသည်။ တစ်ချိန်တည်းတွင် အခြားသူများထက် သာလွန်ရမည်ဟူ၍ အမြဲတမ်းယူမှတ်မသွားစေရန် သူတို့၏ ဖြစ်မြောက်အောင်မြင်မှုများကို အလွန်အကျွံအလေးပေးပြောဆိုရန် မကြိုးစားကြပါ။ ကလေးများသည် ဒေါသကြီးသော သို့မဟုတ် စိတ်အားငယ်တတ်သောသူများအဖြစ် ကြီးပြင်းလာရန် သူတို့မလိုလားကြပါ။—ဧဖက် ၆:၄; ကောလောသဲ ၃:၂၁။
၁၃။ အသင်းတော်သား တစ်ဦးချင်းစီကိုလေးမြတ်ကြောင်း မည်သူတို့သည် ဦးဆောင်ဦးရွက်ပြသကြသနည်း။
၁၃ ခရစ်ယာန်အသင်းတော်အတွင်းရှိ အကြီးအကဲများနှင့် နယ်လှည့်ကြီးကြပ်မှူးများသည် ဘုရားသခင့်သိုးတော်စုဝင်တစ်ဦးချင်းစီကို လေးမြတ်ကြောင်းပြသရာတွင် ဦးဆောင်ဦးရွက်ပြုကြသည်။ ဖြောင့်မတ်စွာပဲ့ပြင်ပေးခြင်း၊ အမှားပြုသူများကို နူးညံ့သောသဘောဖြင့် တည့်မတ်ပေးခြင်းနှင့် လိုအပ်သောသူတို့ကို ခိုင်မာသောသွန်သင်ချက်ပေးခြင်းစသော ကြီးလေးသည့်တာဝန်များကိုလည်းထမ်းဆောင်ကြသောကြောင့် ခက်ခဲသည့်အလုပ်တစ်ခုဖြစ်သည်။ ဤကွဲပြားခြားနားသောတာဝန်များကို သူတို့ မည်သို့ မျှမျှတတလုပ်ဆောင်နိုင်သနည်း။—ဂလာတိ ၆:၁; ၂ တိမောသေ ၃:၁၆။
၁၄၊ ၁၅။ (က) ခိုင်မာသော သွန်သင်ချက်ပေးခြင်းကိစ္စတွင် မျှတမှုကို ပေါလု မည်သို့တင်ပြသနည်း။ (ခ) ခရစ်ယာန်ကြီးကြပ်မှူးများသည် မှားယွင်းမှုများကို ပဲ့ပြင်တည့်မတ်ရန်လိုအပ်ချက်အား ချီးမွမ်းပေးရန်လိုအပ်ချက်နှင့် မည်သို့မျှတစေနိုင်သနည်း။ ဥပမာပေးပါ။
၁၄ ပေါလု၏ပုံသက်သေသည် များစွာအကူအညီဖြစ်စေသည်။ သူသည် ထင်ရှားပေါ်လွင်သောဆရာ၊ အကြီးအကဲနှင့် သိုးထိန်းတစ်ဦးဖြစ်သည်။ ကြီးလေးသောပြဿနာများရှိသည့်အသင်းတော်များနှင့် ရင်ဆိုင်ရပြီး လိုအပ်လာသောအခါ ခိုင်မာသောသွန်သင်ချက်ပေးရန် တွန့်ဆုတ်ကြောက်ရွံ့ ခြင်းမရှိခဲ့ချေ။ (၂ ကောရိန္သု ၇:၈-၁၁) ပေါလု၏ဓမ္မအမှုကို ခြုံငုံသုံးသပ်ကြည့်သော် အခြေအနေအရလိုအပ်သောအခါ သို့မဟုတ် သင့်လျော်သောအခါများမှလွဲ၍ သူသည် အပြစ်တင်သည့်သွန်သင်နည်းကို အသုံးပြုလေ့မရှိ။ ဤနည်းဖြင့် ဘုရားသခင်ရေးရာဉာဏ်ပညာကို ပြသခဲ့သည်။
၁၅ အသင်းတော်ရှေ့ အကြီးအကဲတစ်ဦး၏ဓမ္မအမှုဆောင်ခြင်းသည် တေးသွားတစ်ပုဒ်နှင့်တူသည်ဟုပုံခိုင်းလျှင် အပြစ်တင်ခြင်းနှင့် ဆုံးမခြင်းသည် တေးတစ်ပုဒ်လုံးတွင်ပါဝင်သော တေးသံတစ်ခုစီနှင့်တူ၏။ ထိုတေးသံတစ်မျိုးသည် သူ့နေရာနှင့်သူ သင့်လျော်သည်။ (လုကာ ၁၇:၃; ၂ တိမောသေ ၄:၂) တေးသံတစ်မျိုးတည်းသာပါ၍ ထပ်ခါထပ်ခါပြန်ကျော့သည့် သီချင်းတစ်ပုဒ်ကို စဉ်းစားကြည့်ပါ။ ယင်းကို သင်နားမခံသာဖြစ်ပါလိမ့်မည်။ အလားတူစွာပင် ခရစ်ယာန်အကြီးအကဲများသည် သူတို့၏သွန်သင်ချက်ကို စုံစုံလင်လင်ဖြစ်စေရန်နှင့် အမျိုးမျိုးအဖုံဖုံဖြစ်စေရန် ကြိုးစားကြသည်။ ပြဿနာများကို ပြုပြင်တည့်မတ်ပေးခြင်း၌သာ သူတို့၏သွန်သင်ချက်ကို ကန့်သတ်မထားကြပါ။ ယင်းအစား အားလုံးကိုခြုံငုံသောသွန်သင်ချက်ဖြင့် တည်ဆောက်မှုဖြစ်စေကြသည်။ ယေရှုခရစ်နည်းတူ မေတ္တာပါအကြီးအကဲများသည် အပြစ်ရှာဝေဖန်ခြင်းကိုမဟုတ်ဘဲ ချီးမွမ်းရန်ကောင်းသောအချက်ကို ဦးဆုံးရှာကြံကြသည်။ ခရစ်ယာန်ချင်းတို့လုပ်ဆောင်သော ကြိုးစားအားထုတ်မှုကို သူတို့လေးမြတ်ကြသည်။ တစ်ဦးစီသည် ယေဟောဝါအားဝတ်ပြုခြင်းကို အတတ်နိုင်ဆုံးလုပ်ဆောင်ကြကြောင်း လုံးလုံးစိတ်ချကြသည်။ ထို့ပြင် အကြီးအကဲများသည် စာနာထောက်ထားမှုကို နှုတ်အားဖြင့်လည်း တလိုတလားတင်ပြကြသည်။—၂ သက်သာလောနိတ် ၃:၄ နှိုင်းယှဉ်။
၁၆။ ပေါလု၏ လေးမြတ်တတ်သောသဘောနှင့် စာနာတတ်သောသဘောသည် သူ၏ခရစ်ယာန်လုပ်ဖော်ဆောင်ဖက်များအပေါ် မည်သည့်အကျိုးသက်ရောက်မှုရှိသနည်း။
၁၆ ပေါလုသည် သူအမှုဆောင်ခဲ့ရသောနေရာများရှိ များစွာသောခရစ်ယာန်များအပေါ် လေးမြတ်မှုနှင့် စာနာထောက်ထားမှုတင်ပြသည်ကို သူတို့သတိပြုမိကြောင်း ယုံမှားဖွယ်ရာမရှိ။ ယင်းကို မည်သို့သိရသနည်း။ ပေါလုနှင့်ပတ်သက်သော သူတို့၏ခံစားပုံကိုကြည့်ပါ။ သူ၌ကြီးမားသော အခွင့်အာဏာရှိသည့်တိုင် သူ့ကို စိုးရွံ့ကြောက်လန့်ခြင်းမရှိကြ။ သူသည် ချစ်မြတ်နိုးခံရကာ ချဉ်းကပ်လွယ်သည်။ တစ်နေရာမှ သူထွက်ခွာသောအခါ အကြီးအကဲများက ‘သူ၏လည်ပင်းကိုဖက်ယမ်းလျက် သူ့ကိုနမ်းကြ၏’! (တမန်တော် ၂၀:၁၇၊ ၃၇) စံထားအတုယူအပ်သော ပေါလု၏ပုံသက်သေရှိခြင်းသည် အကြီးအကဲများနှင့် ကျွန်ုပ်တို့အားလုံးအတွက် မည်မျှကျေးဇူးတင်စရာပါတကား! မှန်ပါသည်၊ တစ်ဦးကိုတစ်ဦး လေးမြတ်မှုတင်ပြကြပါစို့။
ချစ်ခင်ကြင်နာမှုပါသော လုပ်ရပ်များ
၁၇။ အသင်းတော်အတွင်းရှိ ကြင်နာမှုပါသောလုပ်ရပ်များမှ သက်ရောက်လာသော ရလဒ်ကောင်းအချို့ကား အဘယ်နည်း။
၁၇ ညီအစ်ကိုချင်းချစ်ခြင်းမေတ္တာကို တောက်လောင်စေသော အစွမ်းအထက်ဆုံးလောင်စာမှာ ကြင်နာမှုပါသော လုပ်ရပ်များသာဖြစ်သည်။ ယေရှုမိန့်ဆိုခဲ့သည့်အတိုင်း “ခံယူခြင်းထက်ပေးကမ်းခြင်း၌ ပျော်ရွှင်မှုသာ၍ရှိ၏။” (တမန်တော် ၂၀:၃၅၊ ကဘ) ဝိညာဉ်ရေးအရဖြစ်စေ၊ ရုပ်ပစ္စည်းအရဖြစ်စေ၊ ကျွန်ုပ်တို့၏အချိန်နှင့်ခွန်အားကိုဖြစ်စေ ပေးကမ်းခြင်းသည် အခြားသူများကိုသာ ပျော်ရွှင်စေသည်မဟုတ်ဘဲ ကျွန်ုပ်တို့ကိုယ်တိုင်ကိုပါ ပျော်ရွှင်စေသည်။ အသင်းတော်အတွင်းရှိ ကြင်နာမှုသည် ကူးစက်တတ်သည်။ ကြင်နာမှုပါသော လုပ်ရပ်တစ်ခုသည် အလားတူလုပ်ရပ်များကို ဖြစ်မြောက်အောင်မြင်စေသည်။ မကြာမမြင့်မီ ညီအစ်ကိုချင်းချစ်ခင်စုံမက်မှု ရှင်သန်တိုးပွားလာတော့သည်!—လုကာ ၆:၃၈။
၁၈။ မိက္ခာ ၆:၈ တွင်ဖော်ပြထားသော “ကြင်နာမှု” သည် မည်သည့်အဓိပ္ပာယ်ရှိသနည်း။
၁၈ ယေဟောဝါသည် မိမိ၏ဣသရေလလူမျိုးတို့အား ကြင်နာမှုကိုတင်ပြကြရန် တိုက်တွန်းခဲ့သည်။ မိက္ခာ ၆:၈ တွင် ဤသို့ဖတ်ရသည်– “အချင်းလူ၊ ကောင်းသောလမ်းကိုပြတော်မူပြီ။ တရားသဖြင့်ပြုခြင်း၊ ကရုဏာ [“ကြင်နာမှု၊” ကဘ] ကိုနှစ်သက်ခြင်း၊ သင်၏ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့်ကျင့်နေခြင်းမှတစ်ပါး အဘယ်ပူဇော်သကာကိုထာဝရဘုရားတောင်းတော်မူသနည်း။” “ကြင်နာမှုကိုနှစ်သက်ခြင်း” ဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ဤတွင် “ကြင်နာမှု” (ချဲဆက်ဒ်) ဟူ၍ အသုံးပြုထားသော ဟေဗြဲစကားလုံးကို အင်္ဂလိပ်ဘာသာစကား “ကရုဏာ” ဟူ၍လည်း ဘာသာပြန်ဆို၏။ သမ္မာကျမ်းစာဆိုင်ရာ စောန်စီနိုစာအုပ်များအဆိုအရ ဤစကားလုံးသည် “အင်္ဂလိပ်စကားလုံး ကရုဏာဟူသော စိတ္တဇနာမ်ထက် ပို၍လုပ်ဆောင်မှု သဘောသက်ရောက်သည်။ ဆင်းရဲသားများနှင့် ချို့ငဲ့သူများအတွက်သာမဟုတ်ဘဲ လူသားချင်းအားလုံးအတွက် ချစ်ခင်ကြင်နာမှုပါသော ပုဂ္ဂိုလ်ရေးလုပ်ရပ်များဖြစ်သည့် ‘ကရုဏာကို လက်တွေ့ပြခြင်းကို ဆိုလိုပါသည်။’” သို့ဖြင့် ကျမ်းပညာရှင် နောက်တစ်ဦးကလည်း (ချဲဆက်ဒ်) သည် “ချစ်ခြင်းမေတ္တာကို လက်တွေ့ပြခြင်း” ကို ဆိုလိုသည်ဟုဆို၏။
၁၉။ (က) အသင်းတော်ရှိ အခြားသူများကို ကြင်နာမှုပြသရန် မည်သည့်နည်းများဖြင့် အစပြုလုပ်ဆောင်ရမည်နည်း။ (ခ) သင့်အပေါ် ညီအစ်ကိုချင်းချစ်ခြင်းမေတ္တာပြသခံရသည့် ပုံနမူနာတစ်ခုတင်ပြပါ။
၁၉ ကျွန်ုပ်တို့၏ ညီအစ်ကိုချင်းချစ်ခြင်းမေတ္တာသည် သဘောတရားမျှသာမဟုတ်ပါ။ အမှန်ပင် တည်ရှိသောအရာဖြစ်သည်။ ထို့ကြောင့် သင့်ညီအစ်ကိုညီအစ်မများအတွက် ကြင်နာမှုပါသော လုပ်ရပ်များကိုလုပ်ပေးရန် နည်းလမ်းများရှာကြံပါ။ လူတို့၏ ချဉ်းကပ်အကူအညီတောင်းဆိုခြင်းကိုသာ အစဉ်စောင့်မနေဘဲ ကိုယ်ကိုယ်တိုင် စတင်ကူညီလေ့ရှိသည့် ယေရှုနည်းတူဖြစ်ပါ။ (လုကာ ၇:၁၂-၁၆) အလိုအပ်ဆုံးသူများကို အထူးသဖြင့် စဉ်းစားပါ။ သက်ကြီးရွယ်အိုတစ်ဦး သို့မဟုတ် မမာမကျန်းဖြစ်သူထံ အလည်အပတ်သွားရန် သို့မဟုတ် တောက်တိုမည်ရအကူအညီပေးရန်လိုသလော။ ‘မိဘမရှိသောသူငယ်တို့’ ကိုအချိန်နှင့် ဂရုစိုက်မှုပေးရန်လိုသလော။ စိတ်ပျက်လက်ပျက်ဖြစ်နေသော စိုးလ်ကို နားထောင်ပေးရန် သို့မဟုတ် နှစ်သိမ့်စကားတချို့ပြောရန် လိုအပ်သလော။ ကျွန်ုပ်တို့တတ်နိုင်သမျှအတိုင်း ထိုသို့သောကြင်နာမှုပါလုပ်ရပ်များအတွက် အချိန်ပေးကြစို့။ (ယောဘ ၂၉:၁၂; ၁ သက်သာလောနိတ် ၅:၁၄; ယာကုပ် ၁:၂၇) အသင်းတော်ရှိအားလုံးသည် မစုံလင်သောသူချည်းများသာဖြစ်သည်ကို ဘယ်တော့မျှမမေ့ပါနှင့်၊ ကြင်နာမှုပါသောလုပ်ရပ်များအနက် အရေးအပါဆုံးတစ်ခုမှာ ခွင့်လွှတ်ခြင်းဖြစ်သောကြောင့် ပြစ်တင်မြည်တမ်းစရာအကြောင်း ဖြစ်ပေါ်သည့်အခါ၌ပင် တေးမထားပါနှင့်။ (ကောလောသဲ ၃:၁၃) ခွင့်လွှတ်ရန်အသင့်ရှိခြင်းက အသင်းတော်အတွင်း ညီအစ်ကိုချင်းချစ်ခြင်းမေတ္တာ၏မီးစကို ငြိမ်းစေသော ကွဲပြားခြင်း၊ ငြူစူခြင်းနှင့် ရန်ငြိုးရန်စများရှိခြင်းမှ ကင်းလွတ်ရန်ထောက်ကူပေးသည်။
၂၀။ ကျွန်ုပ်တို့အားလုံး ကိုယ့်ကိုယ်ကို မည်သို့ စစ်ဆေးမြဲစစ်ဆေးသင့်သနည်း။
၂၀ ကျွန်ုပ်တို့၏နှလုံးအတွင်းရှိ ဤအရေးပါသော ချစ်ခြင်းမေတ္တာ၏မီးစ တောက်လောက်နေစေရန် ကျွန်ုပ်တို့အားလုံး စိတ်ပိုင်းဖြတ်ကြစို့။ ကိုယ့်ကိုယ်ကို စစ်ဆေးမြဲစစ်ဆေးကြစို့။ အခြားသူများအပေါ် စာနာထောက်ထားမှု ပြသပါသလော။ အခြားသူများကို လေးမြတ်ကြောင်း ပြသပါသလော။ အခြားသူများအပေါ် ကြင်နာမှုပါသောလုပ်ရပ်များ တင်ပြပါသလော။ ထိုသို့ပြုလုပ်ကြသည်နှင့်အမျှ ဤလောကသည် မည်မျှပင် အေးတိအေးစက်ဖြစ်ကာ စာနာမှုကင်းမဲ့စေကာမူ ချစ်ခြင်းမေတ္တာမီးစက ကျွန်ုပ်တို့၏ညီအစ်ကိုအသင်းအပင်းကို နွေးထွေးမှုဖြစ်စေပါလိမ့်မည်။ ထိုထက်ကား ယခုကော အနာဂတ်တွင်ပါ “ညီအစ်ကိုချင်း ချစ်ခြင်းမေတ္တာ၌တည်ကြလော့။”—ဟေဗြဲ ၁၃:၁။
[အောက်ခြေမှတ်ချက်များ]
a တချို့သောဘာသာပြန်ဆိုချက်များက ဘုရားသခင့်လူမျိုးတော်ကိုထိခြင်းသည် ဘုရားသခင်ကိုမဟုတ်ဘဲ ဣသရေလလူမျိုးတို့၏မျက်စိ သို့မဟုတ် မိမိကိုယ်တိုင်၏မျက်စိကိုထိခြင်းပင်ဖြစ်သည်ဟု ပြန်ဆိုကြသည်။ ဤမှားယွင်းမှုသည် အလယ်ခေတ်ကျမ်းပြုဆရာအချို့က ရိုသေလေးမြတ်ခြင်းကင်းမဲ့သည်ဟု သူတို့ယူမှတ်သောအပိုင်းများကို ပြုပြင်ရန်တည်းဟူသော လွဲမှားသည့်ကြိုးစားအားထုတ်မှုပြုရာမှ ဤကျမ်းချက်ကို ပြောင်းလိုက်ကြခြင်းကြောင့်ဖြစ်သည်။ တစ်နည်းအားဖြင့် သူတို့သည် ယေဟောဝါကိုယ်တော်တိုင်၏ စာနာမှုပြင်းပြခြင်းကို မထင်ရှားအောင်ပြုကြသည်။
သင်မည်သို့ထင်သနည်း
◻ ညီအစ်ကိုချင်းချစ်ခြင်းမေတ္တာကား အဘယ်နည်း၊ အဘယ်ကြောင့် ၎င်း၌ဆက်တည်ရမည်နည်း။
◻ ညီအစ်ချင်းချစ်ခြင်းမေတ္တာကိုထိန်းသိမ်းရန် စာနာထောက်ထားမှုရှိခြင်းက မည်သို့ကူညီပေးသနည်း။
◻ ညီအစ်ကိုချင်းချစ်ခြင်းမေတ္တာတွင် လေးမြတ်တတ်သောသဘောသည် အဘယ်အခန်းကဏ္ဍမှပါဝင်သနည်း။
◻ ကြင်နာမှုပါသောလုပ်ရပ်များက ခရစ်ယာန်အသင်းတော်အတွင်း ညီအစ်ကိုချင်းချစ်ခြင်းမေတ္တာကို မည်သို့ ရှင်သန်တိုးပွားစေသနည်း။
[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်]
လက်တွေ့တင်ပြသည့်မေတ္တာ
လွန်ခဲ့သောနှစ်အနည်းငယ်က ယေဟောဝါသက်သေများနှင့် အချိန်အတော်အတန် ကျမ်းစာလေ့လာခဲ့သူတစ်ဦးသည် ညီအစ်ကိုချင်းချစ်ခြင်းမေတ္တာနှင့်ပတ်သက်၍ အနည်းငယ်သံသယဝင်နေလျက်ပင်ရှိသည်။ “သင်တို့သည်အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည်ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်” ဟူသော ယေရှု၏မိန့်မှာချက်ကို သူသိပါသည်။ (ယောဟန် ၁၃:၃၅) သို့သော် ယုံကြည်ရန်အခက်တွေ့နေသည်။ တစ်နေ့တွင် ခရစ်ယာန်မေတ္တာ လက်တွေ့တင်ပြမှုကို သူတွေ့ ခွင့်ရသွားသည်။
ထိုသူသည် ဘီးတပ်ကုလားထိုင်နှင့်သာနေရသော်လည်း အိမ်မှအဝေးသို့ခရီးထွက်ခဲ့သည်။ အစ္စရေးနိုင်ငံ၊ ဗက်သလီဟင်မြို့ရှိ အသင်းတော်အစည်းအဝေးတစ်ခုကို သူတက်ရောက်ခဲ့သည်။ ထိုတွင် အာရပ်သက်သေခံတစ်ဦးက ကမ္ဘာလှည့်ခရီးသည်ဖြစ်သူ သက်သေခံတစ်ဦးနှင့် ထိုကျမ်းစာသင်သားကို သူ့အိမ်တွင် ညအိပ်အနားယူဖို့ ဖိတ်ခေါ်လိုက်သည်။ အိပ်ရာမဝင်မီ သင်သားက နံနက်တွင် နေထွက်သည်ကိုကြည့်ရှုဖို့ ဝရန်တာသို့ထွက်ကြည့်ခွင့်ပေးရန်အတွက် အိမ်ရှင်အား တောင်းခံခဲ့သည်။ အိမ်ရှင်က ထိုသို့မပြုရန် တင်းတင်းကြပ်ကြပ် သတိပေးခဲ့သည်။ နောက်တစ်နေ့တွင် ထိုအာရပ်ညီအစ်ကိုက အကြောင်းရင်းကိုရှင်းပြသည်။ ဤကျမ်းစာသင်သားကဲ့သို့သော ဂျူးနောက်ခံရှိသည့်ဧည့်သည်များ သူ့အိမ်တွင်ရှိကြောင်း အိမ်နီးနားချင်းများသိရှိပါက အိမ်နှင့်အတူ သူကော သူ့မိသားစုတို့ပါ မီးရှို့ခံရကြမည်ဖြစ်ကြောင်း စကားပြန်တစ်ဦးမှတစ်ဆင့်ပြောပြသည်။ စိတ်ရှုပ်ထွေးသွားကာ ကျမ်းစာသင်သားက “ဒီလိုဆိုရင် ဘာဖြစ်လို့ ဒီလောက်အန္တရာယ်ရှိတဲ့ဟာကိုလုပ်ရတာလဲ” ဟုမေးလိုက်သည်။ စကားပြန်မပါဘဲ အာရပ်ညီအစ်ကိုက သူ့ကိုသေချာစိုက်ကြည့်ကာ “ယောဟန် ၁၃:၃၅” ဟူ၍ရိုးရိုးလေးပြန်ပြောခဲ့သည်။
ညီအစ်ကိုချင်းချစ်ခြင်းမေတ္တာ၏စစ်မှန်မှုကို ကျမ်းစာသင်သားသည် အလွန်ပင် စိတ်တွင်စွဲမှတ်သွားပါသည်။ ထိုနောက်ပိုင်း မကြာမီတွင် သူနှစ်ခြင်းခံလိုက်သည်။
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
တမန်တော်ပေါလု၏ ဖော်ရွေလေးမြတ် တတ်သဘောက ချဉ်းကပ်လွယ်သူဖြစ်စေ