“ငြိမ်သက်ခြင်းကိုရှာ၍ မီအောင်လိုက်လော့”
“မိမိကျွန်၏ငြိမ်သက်ခြင်းအကြောင်းကို နှစ်သက်တော်မူသော ယေဟောဝါသည် ဘုန်းကြီးတော်မူစေသတည်း။”—ဆာလံ ၃၅:၂၇။
၁။ ယနေ့အဘယ်ငြိမ်သက်ခြင်း၌ ကျွန်ုပ်တို့ပျော်မွေ့နေသနည်း။
ဤ ကွဲပြားသောကမ္ဘာတွင် ငြိမ်သက်ခြင်းရှိနိုင်ခြင်းသည် အားရဝမ်းသာစရာဖြစ်ပါသည်တကား။ “ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်” ယေဟောဝါကိုကိုးကွယ်ဝတ်ပြုနိုင်ခြင်း၊ ကိုယ်တော်၏ “မိတ်သဟာယပဋိညာဉ်” မှကောင်းချီးများခံစားရခြင်းသည် ဝမ်းသာအားရစရာပါတကား။ ဘဝဖိစီးမှုများအကြား “အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်း” ကိုခံစားရခြင်း၊ လူမျိုးမရွေး၊ ဘာသာစကားမရွေး၊ လူမှုရေးနောက်ခံမရွေး ဘုရားသခင်၏လူမျိုးကိုစည်းလုံးစေသည့် “အသင့်အတင့်ပေါင်းဖော်ခြင်းအဖွဲ့အစည်း” ကိုခံစားရခြင်းသည် မည်မျှလန်းဆန်းမှုပေးသည်တကား။—၁ သက်သာလောနိတ် ၅:၂၃။ ယေဇကျေလ ၃၇:၂၆။ ဖိလိပ္ပိ ၄:၇။ ဧဖက် ၄:၃။
၂၊ ၃။ (က) ဘုရားသခင်၏လူမျိုးတစ်မျိုးအနေနှင့် ခံနိုင်ရည်ရှိမည်မှန်သော်လည်း ခရစ်ယာန်တစ်ဦးစီအနေနှင့် မည်သို့ဖြစ်နိုင်သနည်း။ (ခ) သမ္မာကျမ်းစာက ကျွန်ုပ်တို့အား အဘယ်အရာကိုတိုက်တွန်းသနည်း။
၂ ယေဟောဝါသက်သေများအနေနှင့် ဤငြိမ်သက်မှုကို တန်ဖိုးထားလေးမြတ်ကြသည်။ သို့ရာတွင် ယင်းကိုအခွင့်အရေးမယူသင့်။ ခရစ်ယာန်အသင်းတော်နှင့်ပေါင်းသင်းရုံဖြင့်၊ သို့မဟုတ် ခရစ်ယာန်အိမ်ထောင်စုအဝင်ဖြစ်ရုံဖြင့် ငြိမ်သက်ခြင်းသည် အလိုအလျောက်တည်ရှိနေမည်မဟုတ်ပါ။ ဘိသိက်ခံအကြွင်းအကျန်နှင့် “အခြားသိုး” အဝင် သူတို့၏အပေါင်းအပါများသည် သိုးအုပ်တစ်အုပ်အနေဖြင့် အဆုံးအထိတည်တံ့နေမည်ဖြစ်သော်လည်း တစ်ဦးချင်းအနေနှင့်ငြိမ်သက်မှုပျောက်ဆုံးပြီး ထွက်ခွာသွားနိုင်သည်။—ယောဟန် ၁၀:၁၆။ မဿဲ ၂၄:၁၃။ ရောမ ၁၁:၂၂။ ၁ ကောရိန္သု ၁၀:၁၂။
၃ မိမိခေတ်ရှိဘိသိက်ခံခရစ်ယာန်များအား တမန်တော်ပေါလုဤသို့သတိပေးခဲ့သည်။ “ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင့်ထံတော်မှ ထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ ဆိုးညစ်သောစိတ်နှလုံးမရှိစေခြင်းငှာ သတိပြုကြလော့။” (ဟေဗြဲ ၃:၁၂) ဤသတိပေးချက်သည် လူအုပ်ကြီးနှင့်လည်းသက်ဆိုင်ပါသည်။ ထိုကြောင့် သမ္မာကျမ်းစာကခရစ်ယာန်များအား ဤသို့တိုက်တွန်းသည်။ “ငြိမ်သက်ခြင်းကိုရှာ၍ မီအောင်လိုက်လော့။ အကြောင်းမူကား၊ ယေဟောဝါသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ဆုတောင်းခြင်းကိုလည်း နားထောင်တော်မူ၏။ ဒုစရိုက်ပြုသောသူတို့ကိုကား ယေဟောဝါသည် မျက်နှာလွှဲတော်မူ၏။”—၁ ပေတရု ၃:၁၀-၁၂၊ NW။ ဆာလံ ၃၄:၁၄၊ ၁၅။
“ဇာတိပကတိစိတ်သဘော”
၄။ ဘုရားသခင်၏ငြိမ်သက်ခြင်းကို အဘယ်အရာက ချိုးဖျက်နိုင်မည်နည်း။
၄ ငြိမ်သက်ခြင်းကိုမီအောင်လိုက်ရာတွင် အဘယ်အရာက အဆက်ဖြတ်တောက်ပေးနိုင်သနည်း။ ဤသို့ပေါလုပြောဆိုရာတွင် အရာတစ်ခုကိုတင်ပြ၏။ “ဇာတိပကတိစိတ်သဘောသည် သေခြင်းအကြောင်းဖြစ်၏။ ဝိညာဉ်ပကတိစိတ်သဘောသည် အသက်ရှင်ခြင်းအကြောင်းနှင့်ငြိမ်သက်ခြင်းအကြောင်းဖြစ်၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ဇာတိပကတိစိတ်သဘောသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်၏။” (ရောမ ၈:၆၊ ၇) “ဇာတိပကတိ” ဟုဆိုခြင်းအားဖြင့် မွေးရာပါအပြစ်ပြုရန်ဝသီများရှိသည့် မစုံလင်သောအပြစ်သားများအဖြစ်ကို ပေါလုဆိုလိုနေသည်။ အပြစ်ရှိသောဇာတိပကတိစိတ်သဘော၏ တိုက်တွန်းရာကို အလျှော့ပေးလိုက်လျောမည်ဆိုလျှင် ကျွန်ုပ်တို့ငြိမ်သက်မှုပျက်စီးသွားနိုင်သည်။ ခရစ်ယာန်တစ်ဦးသည် နောင်တမယူဘဲ စာရိတ္တယိုယွင်းခြင်း၊ လိမ်လည်ခြင်း၊ ခိုးခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ သို့မဟုတ် ဘုရားသခင့်ပညတ်ကို တစ်နည်းနည်းဖြင့် ချိုးဖောက်မည်ဆိုလျှင် သူနှင့်ယေဟောဝါစပ်ကြား ငြိမ်သက်မှုရှိနိုင်တော့မည်မဟုတ်ပါ။ (သု၊ ၁၅:၈၊ ၂၉။ ၁ ကောရိန္သု ၆:၉၊ ၁၀။ ဗျာဒိတ် ၂၁:၈) ထို့အပြင် ဝိညာဉ်ရေးထက် ဥစ္စာပစ္စည်းကိုပိုအရေးပေးမည်ဆိုလျှင် ဘုရားသခင်နှင့်သူ၏ငြိမ်သက်မှုသည် စိုးရိမ်ဖွယ်အခြေအနေတွင်ရှိသည်။—မဿဲ ၆:၂၄။ ၁ ယောဟန် ၂:၁၅-၁၇။
၅။ ငြိမ်သက်ခြင်းကိုမီအောင်လိုက်ရာတွင် အဘယ်အရာများပါဝင်ပတ်သက်သနည်း။
၅ တစ်ဖက်ကကြည့်ပြန်လျှင် ပေါလုဤသို့ဆိုသည်။ “ဝိညာဉ်ပကတိစိတ်သဘောသည် အသက်ရှင်ခြင်းအကြောင်းနှင့်ငြိမ်သက်ခြင်းအကြောင်းဖြစ်၏။” ငြိမ်သက်ခြင်းသည် ဝိညာဉ်အသီးများအဝင်ဖြစ်ပြီး ဝိညာဉ်ရေးရာများကို တန်ဖိုးထားလေးမြတ်ရန် ကျွန်ုပ်တို့နှလုံးကိုလေ့ကျင့်ပေးမည်။ ယင်း၌ ဘုရားသခင်၏ဝိညာဉ်တော်အကူအညီရရှိရန် ဆုတောင်းမည်ဆိုလျှင် “ဇာတိပကတိသဘော” ကိုရှောင်ကြဉ်နိုင်မည်။ (ဂလာတိ ၅:၂၂-၂၄) ၁ ပေတရု ၃:၁၀-၁၂ ၌ငြိမ်သက်ခြင်းကို ဖြောင့်မတ်ခြင်းနှင့်ကွင်းဆက်ထားသည်။ (ရောမ ၅:၁) ပေတရုကငြိမ်သက်ခြင်းကိုမီအောင်လိုက်ရာတွင် “ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကိုပြု” ခြင်းပါဝင်ကြောင်းပြောသည်။ “ဖြောင့်မတ်စွာကျင့်ခြင်း . . . ကိုမီအောင်လိုက်” ရန်ဘုရားသခင်၏ဝိညာဉ်တော်သည် ကူညီပေးနိုင်တော်မူ၏။ ဤနည်းဖြင့် ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ငြိမ်သက်ခြင်းကို ထိန်းသိမ်းထားနိုင်မည်။—၁ တိမောသေ ၆:၁၁၊ ၁၂။
၆။ အသင်းတော်၏ငြိမ်သက်ခြင်းနှင့်ပတ်သက်၍ အကြီးအကဲများ၏တာဝန်များအနက် တစ်ခုကားအဘယ်နည်း။
၆ ငြိမ်သက်ခြင်းကိုမီအောင်လိုက်ခြင်းအမှုသည် အသင်းတော်ရှိအကြီးအကဲများ အဓိကသတိပြုကြသည့်အရာဖြစ်သည်။ ဥပမာ၊ ယိုယွင်းပျက်ပြားသောအကျင့်များကို တစ်ဦးတစ်ယောက်စပျိုးပေးမည်ဆိုလျှင် ပြစ်မှားသူကိုဆုံးမခြင်းဖြင့် အသင်းတော်ကိုကာကွယ်ပေးခြင်းကား အကြီးအကဲများ၏တာဝန်ဖြစ်သည်။ ပြစ်မှားသူသည် ဆုံးမခြင်းကိုလက်ခံပါက သူ၏ငြိမ်သက်မှုကိုပြန်ရရှိပေမည်။ (ဟေဗြဲ ၁၂:၁၁) သို့မဟုတ်လျှင် အသင်းတော်သည်ယေဟောဝါနှင့်ငြိမ်သက်ခြင်း၌တည်ရှိနေနိုင်ရန် ထိုသူအား နှင်ထုတ်ပစ်စရာလိုကောင်းလိုပေမည်။—၁ ကောရိန္သု ၅:၁-၅။
ကျွန်ုပ်တို့ညီအစ်ကိုများနှင့် သင့်တင့်ငြိမ်သက်ခြင်း
၇။ ‘ဇာတိပကတိစိတ်ထား’ နှင့်ပတ်သက်သည့် အဘယ်ကဏ္ဍကို ကောရိန္သုအသင်းသားများအား ပေါလုမည်သို့သတိပေးသနည်း။
၇ “ဇာတိပကတိသဘော” သည်ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ငြိမ်သက်မှုကို ပျက်ပြားစေနိုင်သည်သာမက အခြားခရစ်ယာန်များနှင့်ဆက်ဆံမှုကောင်းကိုပါ ပျက်စီးစေနိုင်သည်။ ကောရိန္သုအသင်းသားများအား ပေါလုဤသို့ရေးသားခဲ့သည်။ သင်တို့သည် “ယခုပင်လည်း ဇာတိပကတိလူဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်းရှိသည်ဖြစ်၍ သင်တို့သည် ဇာတိပကတိလူဖြစ်ကြသည်မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည်မဟုတ်လော။” (၁ ကောရိန္သု ၃:၃) ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းသည် ငြိမ်သက်ခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သည်။
၈။ (က) အသင်းတော်၌ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းသဘောထားဖြစ်ပွားစေသူအား မည်သို့ဖြစ်နိုင်မည်နည်း။ (ခ) ဘုရားသခင်နှင့်ငြိမ်သက်ခြင်းသည် အဘယ်အပေါ်မူတည်သနည်း။
၈ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းအားဖြင့် အသင်းတော်၏ငြိမ်သက်ခြင်းကို နှောင့်ယှက်ခြင်းသည် အပြစ်ကြီးလေးပေသည်။ ငြိမ်သက်ခြင်းနှင့်ဆိုင်သော အရည်အချင်းတစ်ခုကို ဝိညာဉ်အသီးတစ်လုံးအဖြစ်ပြောဆိုရာတွင် တမန်တော်ယောဟန်ဤသို့သတိပေးခဲ့သည်။ “တစ်စုံတစ်ယောက်သောသူက ‘ငါသည်ဘုရားသခင်ကိုချစ်၏’ ဟုဆိုလျက်ပင် မိမိညီအစ်ကိုကိုမုန်းလျှင် ထိုသူသည် မုသာကိုသုံးသောသူဖြစ်၏။ မိမိမြင်ရသော မိမိညီအစ်ကိုကိုမချစ်လျှင် မမြင်သေးသောဘုရားသခင်ကို အဘယ်သို့ချစ်နိုင်မည်နည်း။” (၁ ယောဟန် ၄:၂၀) ထပ်တူပင် ညီအစ်ကိုချင်း ဂုဏ်ပြိုင်၍ရန်တွေ့ကြရန် တစ်ဦးတစ်ယောက်ပြုမူမည်ဆိုလျှင် ထိုသူသည် ဘုရားသခင်နှင့်ငြိမ်သက်ခြင်းရှိနိုင်ပါမည်လော။ အမှန်မရှိနိုင်ချေ။ ကျွန်ုပ်တို့အား ဤသို့တိုက်တွန်းထားသည်။ “သက်သာဝမ်းမြောက်ခြင်းရှိကြလော့။ စိတ်တညီတညွတ်တည်းဖြစ်၍ အချင်းချင်းအသင့်အတင့်နေကြလော့။ သို့ဖြစ်၍ မေတ္တာကိုလည်းကောင်း၊ အသင့်အတင့်နေခြင်းချမ်းသာကိုလည်းကောင်း ပေးတော်မူသောဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူလတံ့။” (၂ ကောရိန္သု ၁၃:၁၁) မှန်ပေသည်၊ အချင်းချင်းသင့်တင့်ငြိမ်သက်စွာ ဆက်နေထိုင်မည်ဆိုလျှင် မေတ္တာကိုလည်းကောင်း၊ အသင့်အတင့်နေခြင်းချမ်းသာကိုလည်းကောင်း ပေးတော်မူသောဘုရားသခင်သည် ထိုအခါ ကျွန်ုပ်တို့နှင့်အတူရှိတော်မူလိမ့်မည်။
၉။ ခရစ်ယာန်အချင်းချင်း အထင်လွဲမှားမှုများ၊ သဘောကွဲလွဲမှုများ ရှိနိုင်ကြမည်အကြောင်း မည်သို့သိရှိရသနည်း။
၉ ယင်းကြောင့် ခရစ်ယာန်အချင်းချင်း သဘောထားကွဲလွဲအထင်မှားမှုများ ဘယ်သောအခါမျှမရှိဟုမဆိုလိုပါ။ ဥပမာ၊ ပင်တေကုတ္တေပွဲတော်ပြီးနောက် ရက်သတ္တပတ်အနည်းငယ်အတွင်း နေ့စဉ်အစာရေစာဝေခွဲပေးခြင်းနှင့်စပ်လျဉ်း၍ တည်ထောင်ခါစခရစ်ယာန်အသင်းတော်၌ စိတ်ဝမ်းကွဲပြားမှုရှိခဲ့သည်။ (တမန်တော် ၆:၁) တစ်ချိန်တွင် ပေါလုနှင့်ဗာနဗတို့၏ စိတ်သဘောကွဲလွဲမှုမှ “အပြင်းအထန်အငြင်းပွား” မှုဖြစ်ပေါ်ခဲ့သည်။ (တမန်တော် ၁၅:၃၉) “သခင်ဘုရား၌ သဘောတညီတညွတ်တည်းဖြစ်ရမည်အကြောင်း” အမှန်ဆိုလျှင် ချီးမွမ်းခံထိုက်၍ ဇွဲရှိသောညီအစ်မများဖြစ်မည့် ဧဝေါဒိနှင့်သုန္တုတ်တို့ကို ပေါလုဆုံးမခဲ့ရ၏။ (ဖိလိပ္ပိ ၄:၂) ယင်းကြောင့်သာ ခရစ်ယာန်များစပ်ကြား ငြိမ်သက်မှုကိုအနှောင့်အယှက်ပေးသည့် ဤကဲ့သို့သောပြဿနာများကို ပြေလည်သွားစေရန် ချက်ချင်းဖြေရှင်းကိုင်တွယ်ခြင်း၏ အရေးကြီးမှုကို ယေရှုအသေးစိတ်အကြံပေးထားတော်မူခြင်းဖြစ်သည်။ (မဿဲ ၅:၂၃-၂၅။ ၁၈:၁၅-၁၇) တပည့်နောက်လိုက်များစပ်ကြား ပြဿနာပေါ်နိုင်သည်ကို ကိုယ်တော်ကြိုတင်မမြင်ထားလျှင် ဤသြဝါဒကိုပေးတော်မူမည်မဟုတ်ပါ။
၁၀။ အသင်းတော်တစ်ခုတွင် အဘယ်အခြေအနေများ တစ်ခါတစ်ရံဖြစ်ပေါ်တတ်သနည်း။ ယင်းကပတ်သက်သူအားလုံးအပေါ် အဘယ်တာဝန်သက်ရောက်စေသနည်း။
၁၀ ထို့ကြောင့် တုံးတိတိပြောလိုက်သောစကား၊ သို့မဟုတ် ခရစ်ယာန်တစ်ဦး၏ မထီမဲ့မြင်ပြုမူခံရခြင်းကြောင့် တစ်ဦးတစ်ယောက်စိတ်ထိခိုက်နိုင်ပေသည်။ တစ်ဦးတစ်ယောက်၏ စရိုက်သဘာဝတစ်ခုသည် အခြားတစ်ဦးအတွက် အလွန်စိတ်တိုစရာဖြစ်ကောင်းဖြစ်ပေမည်။ ဥပဓိရုပ်ချင်းဖီလာဆန့်ကျင်ပေမည်။ အကြီးအကဲများ၏ဆုံးဖြတ်ချက်နှင့် တစ်ဦးတစ်ယောက် လုံးဝသဘောမတူနိုင်ဖြစ်ပေမည်။ အကြီးအကဲအဖွဲ့တွင်ပင် အကြီးအကဲတစ်ဦးသည် စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်ရာ အခြားအကြီးအကဲများကို ကျော်လွှားလွှမ်းမိုးရန်ကြိုးစားပေမည်။ ဤသို့ဖြစ်ပျက်တတ်သည်မှန်သော်လည်း ငြိမ်သက်ခြင်းကိုရှာ၍ မီအောင်လိုက်ရန်ကြိုးစားရမည်။ “အသင့်အတင့်ပေါင်းဖော်ခြင်းအဖွဲ့အစည်း” ကိုထိန်းသိမ်းပေးရန် ဤသို့သောပြဿနာများကို ခရစ်ယာန်နည်းဖြင့်ဖြေရှင်းခြင်းကား စိန်ခေါ်ချက်ဖြစ်ပေသည်။—ဧဖက် ၄:၃။
၁၁။ အချင်းချင်းအသင့်အတင့်ရှိခြင်းကို မီအောင်လိုက်နိုင်ရန် အကူအညီဖြစ်စေဖို့ အဘယ်ပြင်ဆင်ချက်များကို ယေဟောဝါပြုထားတော်မူသနည်း။
၁၁ သမ္မာကျမ်းစာက “ကိုယ်တော့်ကျွန်၏ကောင်းစားခြင်း၌ နှစ်သက်တော်မူသော ထာဝရဘုရား [ယေဟောဝါ၊ NW ] သည်ကြီးမြတ်တော်မူစေသတည်း” ဟုဆို၏။ (ဆာလံ ၃၅:၂၇) မှန်ပေသည်။ ယေဟောဝါရှင်သည် ကျွန်ုပ်တို့အားကောင်းစားငြိမ်သက်စေတော်မူသည်။ သို့ဖြင့် အချင်းချင်းနှင့်သော်လည်းကောင်း၊ ကိုယ်တော်နှင့်သော်လည်းကောင်း အမြဲငြိမ်သက်မှုရှိစေရန် အကူအညီပေးမည့် ထူးခြားသောပြင်ဆင်ချက်နှစ်ခုကို စီစဉ်ထားတော်မူသည်။ အသီးတစ်လုံးဖြစ်သည့် ငြိမ်သက်ခြင်းနှင့်အတူ ယင်းနှင့်ဆက်စပ်သောအရည်အချင်းများဖြစ်သည့် စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့်ကာမဂုဏ်ချုပ်တည်းခြင်းအသီးများကိုသီးစေသော သန့်ရှင်းသောဝိညာဉ်တော်ကားတစ်ခုသာဖြစ်သည်။ (ဂလာတိ ၅:၂၂၊ ၂၃) အခြားတစ်ခုမှာ မြင့်မြတ်သောဉာဏ်ပညာတော်ဖြစ်၍ ယင်းအကြောင်း ဤသို့ဖတ်ရှုရသည်။ “အထက်မှသက်ရောက်သောပညာမူကား ရှေ့ဦးစွာစင်ကြယ်၏။ ထိုမှတစ်ပါး အသင့်အတင့်နေတတ်၏။ ဖြည်းညင်းသောသဘောရှိ၏။ သွေးဆောင်လွယ်၏။ ကရုဏာနှင့်လည်းကောင်း၊ ကောင်းကျိုးနှင့်လည်းကောင်း ပြည့်စုံ၏။”—ယာကုပ် ၃:၁၇၊ ၁၈။
၁၂။ ကျွန်ုပ်တို့ညီအစ်ကိုများနှင့်အသင့်အတင့်ရှိခြင်း ပျက်ပြားသွားပါက အဘယ်အရာပြုသင့်သနည်း။
၁၂ ထို့ကြောင့် သူတစ်ပါးနှင့်အသင့်အတင့်ရှိခြင်း ပျောက်ကွယ်သွားပါက မည်သို့ပြုမူရမည်ကို ညွှန်ကြားစေခြင်းငှာ အထက်မှသက်ရောက်သောပညာအတွက် ဆုတောင်းသင့်သည်။ မှန်ကန်ရာလုပ်ကိုင်ရန်ခွန်အားရှိဖို့ သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးအတွက် ပတ္ထနာပြုသင့်သည်။ (လုကာ ၁၁:၁၃။ ယာကုပ် ၁:၅။ ၁ ယောဟန် ၃:၂၂) ကျွန်ုပ်တို့၏ဆုတောင်းချက်နှင့်အညီ မြင့်မြတ်သောဉာဏ်ပညာပေးသည့် သမ္မာကျမ်းစာကို လမ်းပြညွှန်ကြားမှုအတွက် ဖတ်ရှုလေ့လာသင့်သည်။ ကျမ်းချက်များကို မည်သို့ကျင့်သုံးနိုင်မည်အကြောင်းသိရှိရန် ရရှိထားသောကျမ်းစာစာပေများကိုလည်း စိစစ်သုံးသပ်သင့်သည်။ (၂ တိမောသေ ၃:၁၆) အသင်းတော်ရှိအကြီးအကဲများထံမှလည်း အကြံပေးချက်များ တောင်းခံရန်အလိုရှိမည်။ နောက်ဆုံးအနေနှင့် ရရှိသောညွှန်ကြားမှုအတိုင်း ပြုမူရန်ဖြစ်သည်။ ဟေရှာယ ၅၄:၁၃ ကဤသို့ဆိုသည်။ “သင်၏သားသမီးအပေါင်းတို့သည် ထာဝရဘုရား [ယေဟောဝါ၊ NW ] ဆုံးမသွန်သင်တော်မူသောသူဖြစ်၍ များစွာသောစည်းစိမ်ချမ်းသာနှင့်ပြည့်စုံကြလိမ့်မည်။” ယင်းကတင်ပြနေသည်မှာ ကျွန်ုပ်တို့အားယေဟောဝါသွန်သင်တော်မူသောအရာများကို ကျင့်သုံးပြုမူခြင်းအပေါ် ကျွန်ုပ်တို့၏ငြိမ်သက်ခြင်း အခြေစိုက်နေပါသည်။
“ငြိမ်သက်သောသူများသည် ဝမ်းမြောက်ကြ၏”
၁၃၊ ၁၄။ (က) “ငြိမ်သက်စေသောသူ” ဟူသည့် ယေရှု၏အခေါ်အဝေါ်မှ အဘယ်အရာကိုနားလည်စေသနည်း။ (ခ) ကျွန်ုပ်တို့သည် ငြိမ်သက်မှုရှိစေသူများ မည်သို့ဖြစ်လာနိုင်မည်နည်း။
၁၃ တောင်ပေါ်ဒေသနာတွင် ယေရှုဤသို့မိန့်တော်မူခဲ့သည်။ “ငြိမ်သက်စေသောသူများသည် ဝမ်းမြောက်ကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ‘ဘုရားသခင်၏သားတော်များ’ ဟုခေါ်ဝေါ်ခြင်းခံရကြလတံ့။” (မဿဲ ၅:၉၊ NW ) ဤတွင် “ငြိမ်သက်စေသောသူ” မည်သည် သဘာဝသဘောအရ အေးအေးလူလူနေတတ်သူကို ဆိုလိုခြင်းသာမဟုတ်ပါ။ မူရင်းဂရိစကားလုံးအရ “ငြိမ်သက်မှုရှိစေသူများ” အဓိပ္ပာယ်ရှိသည်။ ငြိမ်သက်မှုပျောက်ကင်းလုဖြစ်လာသောအခါ ငြိမ်သက်မှုရှိစေသူသည် ပြန်သင့်တင့်လာစေရန်ပြုမူရာတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ သို့သော်ထိုထက်အရေးကြီးသည်ကား ငြိမ်သက်မှုရှိစေသူသည် အစကတည်းကပင် ငြိမ်သက်မှုမပျက်ပြားစေရန် ကြိုးစားအားထုတ်သည်။ ‘သူ၏စိတ်နှလုံး၌ ငြိမ်သက်ခြင်းအုပ်စိုး၏။’ (ကောလောသဲ ၃:၁၅) ဘုရားသခင်၏ကျေးကျွန်များသည် ငြိမ်သက်မှုရှိစေသူများဖြစ်ရန် ကြိုးစားကြမည်ဆိုလျှင် သူတို့အချင်းချင်း ပြဿနာနည်းပါလိမ့်မည်။
၁၄ ငြိမ်သက်မှုရှိစေသူတစ်ဦးဖြစ်လာရန် ကိုယ်တိုင်၏အားနည်းချက်များကို အသိအမှတ်ပြုခြင်းပါဝင်၏။ ဥပမာ၊ ခရစ်ယာန်တစ်ဦးသည် အမျက်ထွက်လွယ်ကူမည်၊ သို့မဟုတ်အကဲဆတ်မည်၊ လွယ်ကူစွာဖြင့် စိတ်ထိခိုက်တတ်ပေမည်။ ဖိစီးမှုကြုံနေရသောအခါ သူ၏စိတ်လှုပ်ရှားမှုများက ကျမ်းစာမူများကို မေ့ပျောက်စေပေမည်။ ယင်းက မစုံလင်သောလူသားများတွင် ဖြစ်တတ်စမြဲပါ။ (ရောမ ၇:၂၁-၂၃) သို့ဖြစ်စေကာမူ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ အမျက်ထွက်ခြင်းတို့သည် ဇာတိပကတိအကျင့်အဝင်ဖြစ်သည်။ (ဂလာတိ ၅:၁၉-၂၁) ဤဝသီများ ကျွန်ုပ်တို့တွင်ရှိနေကြောင်းသတိပြုမိမည်၊ သို့မဟုတ် သူတစ်ထူးက ထောက်ပြမည်ဆိုလျှင် ယေဟောဝါ၏ဝိညာဉ်တော်တန်ခိုးဖြင့် စိတ်ချုပ်တည်းခြင်းနှင့်နူးညံ့သိမ်မွေ့ခြင်းကို မွေးမြူပေးစေရန် လှိုက်လှဲစွာ အမြဲဆုတောင်းသင့်သည်။ ဥပဓိရုပ်အသစ်အဝင် ဤအရည်အချင်းများကို မွေးမြူပေးနိုင်ရန် ကျွန်ုပ်တို့အားလုံးကြိုးစားသင့်သည်။—ဧဖက် ၄:၂၃၊ ၂၄။ ကောလောသဲ ၃:၁၀၊ ၁၅။
၁၅။ ဖျောင်းဖျမရ ခေါင်းမာခြင်းသည် အထက်မှလာသောဉာဏ်ပညာနှင့်မည်သို့ဆန့်ကျင်သနည်း။
၁၅ တစ်ခါတစ်ရံ အသင်းတော်တစ်ခု သို့မဟုတ် အကြီးအကဲအဖွဲ့တစ်ခုသည် ခေါင်းမာသူ၊ မိမိစိတ်အလိုအတိုင်းသာလုပ်ကိုင်ရန် အမြဲတောင်းဆိုသူတစ်ဦး၏အနှောင့်အယှက်ကို ခံရပေမည်။ မှန်ပေသည်။ ဘုရားသခင်၏ပညတ်နှင့်ပတ်သက်လာလျှင် ခရစ်ယာန်တစ်ဦးသည် စိတ်သဘောကြံ့ခိုင်ရမည်၊ မားမားမတ်မတ်ရပ်တည်ရမည်။ သူတစ်ထူးကိုအကျိုးပြုစေမည့် အကြံဉာဏ်ကောင်းတစ်ခု ကျွန်ုပ်တို့၌ရှိသည်ဟုယူဆပါက အကျိုးအကြောင်းတင်ပြမည်ဆိုလျှင် ပွင့်လင်းစွာဖေါ်ပြပြောဆိုခြင်းသည်လည်း မမှားပါ။ သို့သော် လောကီသားများနည်းတူ ‘သဘောမတူနိုင်၊ မလိုက်လျောနိုင်’ သူများမဖြစ်လိုကြပါ။ (၂ တိမောသေ ၃:၁-၄) အထက်မှသက်ရောက်သော ဉာဏ်ပညာသည် အသင့်အတင့်ရှိတတ်၏။ ဆွေးနွေးဆင်ခြင်ပေး၍ရ၏။ ဖျောင်းဖျမရ ခေါင်းမာမာဖြင့်သာ တင်းမာနေသူတို့သည် ‘ကိုယ်ကိုယ်ကိုအထင်ကြီးလွန်းသည့်သဘောဖြင့်ဘာကိုမျှမပြု’ ရန် ဖိလိပ္ပိအသင်းတော်သားများထံ ပေါလုပေးသည့်သြဝါဒကို လိုက်နာသင့်သည်။—ဖိလိပ္ပိ ၂:၃။
၁၆။ ကိုယ်ကိုယ်ကိုအထင်ကြီးခြင်းကို အောင်မြင်နိုင်ရန် ဖိလိပ္ပိကျမ်းပါ ပေါလု၏သြဝါဒက မည်သို့အကူအညီပေးသနည်း။
၁၆ ထိုစာစောင်တွင်ပင် “သူတစ်ပါးသည် ကိုယ်ထက်သာ၍ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်” ရှိသင့်ကြောင်း ပေါလုတိုက်တွန်းထားသည်။ ယင်းကား ကိုယ်ကိုယ်ကိုအထင်ကြီးခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သည်။ ဝိညာဉ်ရေးရင့်ကျက်သောခရစ်ယာန်တစ်ဦးသည် မိမိအကြံဉာဏ်များကိုလက်ခံကြရန် မရမကဦးစွာပြုမည်မဟုတ်။ အထင်ကြီးခံရရန်၊ သို့မဟုတ် မိမိရာထူးနှင့်သြဇာအာဏာကို ကာကွယ်သည်အနေနှင့် ပြုမူမည်မဟုတ်ပါ။ ယင်းသို့ပြုခြင်းကား ပေါလု၏ဤသြဝါဒနှင့်ဆန့်ကျင်ပေမည်။ “ကိုယ်အမှုအရာကိုသာမရှုမမှတ်ဘဲ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။”—ဖိလိပ္ပိ ၂:၄။ ၁ ပေတရု ၅:၂၊ ၃၊ ၆။
ငြိမ်သက်သောစကားများ
၁၇။ လျှာကိုမည်သို့အလွဲသုံးစားပြုခြင်းအားဖြင့် အသင်းတော်၏ငြိမ်သက်ခြင်းကို နှောင့်ယှက်နိုင်သနည်း။
၁၇ ငြိမ်သက်ခြင်းကိုမီအောင်လိုက်သောသူသည် လျှာအသုံးပြုပုံတွင် အထူးဂရုပြုမည်။ ယာကုပ်ဤသို့သတိပေးသည်။ “လျှာသည် ငယ်သောအင်္ဂါဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ အဘယ်မျှလောက်များစွာသောထင်းကို အနည်းငယ်သောမီးသည် ညှိနိုင်သည်ကိုကြည့်ပါလော့။” (ယာကုပ် ၃:၅) ထိခိုက်နစ်နာစေသော အတင်းစကား၊ သူတစ်ပါးနောက်ကွယ် သူ့အားကဲ့ရဲ့ပြစ်တင်စကား၊ အကြင်နာကင်းမဲ့သည့် ရက်စက်ခက်ထန်သောစကားများ၊ ညည်းညူသောစကားနှင့်ကိုယ်ကျိုးရှာ မမှန်မကန်မြှောက်ပင့်သောစကားတို့သည် ဘုရားသခင့်လူမျိုး၏ငြိမ်သက်ခြင်းကို အနှောင့်အယှက်ဖြစ်စေသော ဇာတိပကတိအကျင့်များဖြစ်သည်။—၁ ကောရိန္သု ၁၀:၁၀။ ၂ ကောရိန္သု ၁၂:၂၀။ ၁ တိမောသေ ၅:၁၃။ ယုဒ ၁၆။
၁၈။ (က) အမှတ်တမဲ့လျှာကိုလွဲမှားစွာအသုံးပြုမိခဲ့ရာ ပတ်သက်သူများလိုက်လျှောက်သင့်သည့် လမ်းမှန်ကားအဘယ်နည်း။ (ခ) အမျက်ထွက်၍ နာကြည်းစေသောစကားလုံးများအသုံးပြုမိလျှင် ရင့်ကျက်သောခရစ်ယာန်များ မည်သို့တုံ့ပြန်သင့်သနည်း။
၁၈ ယာကုပ်က “လျှာကိုကား အဘယ်လူမျှ မအောင်နိုင်၊ မဆုံးမနိုင်သော အဆိုးအညစ်ဖြစ်၏” ဟုဆိုခြင်းသည် မှန်ပေသည်။ (ယာကုပ် ၃:၈) ရင့်ကျင်သောခရစ်ယာန်များပင်လျှင် နောက်ပိုင်းနောင်တရမိသည့် စကားများကို တစ်ခါတစ်ရံပြောဆိုတတ်ကြသည်။ သူတစ်ပါးကို ကျွန်ုပ်တို့ခွင့်လွှတ်သကဲ့သို့ ဤကဲ့သို့သောအပြစ်များကို သူတစ်ပါး ကျွန်ုပ်တို့အားခွင့်လွှတ်မည်ဟု မျှော်လင့်ပါသည်။ (မဿဲ ၆:၁၂) တစ်ခါတစ်ရံ အမျက်ထောင်းထောင်းထွက်ကာ နာကြည်းစေသောစကားများကို ပြောဆိုမိမည်။ ထိုအခါ “ဖြည်းညင်းသောစကားသည် စိတ်ကိုဖြေတတ်၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကိုနှိုးဆော်တတ်” ကြောင်းငြိမ်သက်ခြင်းကိုပြုစုတတ်သူ သတိရသင့်သည်။ (သု၊ ၁၅:၁) အများအားဖြင့် သူသည်အသက်ပြင်းပြင်းရှူပြီး အမျက်နှိုးဆွသောစကားများကို ပို၍အမျက်ပါသောစကားများနှင့်ပြန်မပက်မိရန် ငြိမ်နေဖို့သာဖြစ်မည်။ နောင်တွင် အမျက်ငြိမ်းသော် သဘောထားကြီးသောငြိမ်သက်ခြင်းပြုစုတတ်သူသည် ဒေါသဖြစ်နေခိုက်ပြောဆိုမိသောစကားများကို မည်သို့လျစ်လျူရှုနိုင်ကြောင်းသိထားပေသည်။ နှိမ့်ချသောသဘောရှိခရစ်ယာန်သည်ကား တောင်းပန်တတ်မည်၊ အနာတရဖြစ်မှုရှိသမျှကို ကြိုးစားကုသပေးပါမည်။ “အကျွန်ုပ်ဝမ်းနည်းပါသည်” ဟုရိုးသားမှန်ကန်စွာပြောဆိုနိုင်ခြင်းသည် သီလရေးဘက်ခွန်အားရှိခြင်း၏ လက္ခဏာဖြစ်ပေသည်။
၁၉။ ဩဝါဒပေးနည်းနှင့်ပတ်သက်၍ ပေါလုနှင့်ယေရှုတို့ထံမှ အဘယ်သင်ခန်းစာရသနည်း။
၁၉ သူတစ်ပါးကိုဆုံးမပေးရန် လျှာကိုအသုံးပြုရပေမည်။ အန္တိအုတ်မြို့တွင် ပေတရုမဖွယ်မရာပြုမူခဲ့သည့်အတွက် သူ့အားလူအများရှေ့ပေါလုဆုံးမပဲ့ပြင်ပေးခဲ့ရသည်။ အသင်းတော်ခုနစ်ခုထံသတင်းလွှာများတွင် ယေရှုသည် ပြင်းထန်စွာဆုံးမသြဝါဒပေးတော်မူခဲ့သည်။ (ဂလာတိ ၂:၁၁-၁၄။ ဗျာဒိတ် အခန်းကြီး ၂၊ ၃) ဤပုံဥပမာများကို ကျွန်ုပ်တို့လေ့လာသုံးသပ်မည်ဆိုလျှင် ဆုံးမစကား၏ ရည်ရွယ်ချက်ကိုပျောက်သွားသည့်တိုင်အောင် ဖြည်းညင်းညင်သာလွန်းခြင်းမဖြစ်သင့်။ သို့ဖြစ်စေကာမူ ယေရှုနှင့်ပေါလုတို့သည် ရက်စက်ကြမ်းကြုတ်ခက်ထန်သောသဘောမတင်ပြခဲ့ပေ။ သူတို့စိတ်အနှောင့်အယှက်ခံရ၍ ဆုံးမပဲ့ပြင်ခဲ့ခြင်းမဟုတ်ပါ။ ညီအစ်ကိုများကို စိတ်ရင်းမှန်ဖြင့် ကူညီပေးနေခြင်းဖြစ်သည်။ ဆုံးမပေးရမည့်သူသည် မိမိလျှာကို မချုပ်ထိန်းနိုင်သည့်အခြေအနေတွင်ရှိနေပါက ခေတ္တရပ်နားကာ စိတ်အေးအေးလူလူထားပြီးနောက်မှ ပြောဆိုစရာစကားကို ပြောလျှင်ကောင်းပေမည်။ သို့မဟုတ်လျှင် ခက်ထန်သောစကားများကိုပြောဆိုမိ၍ သူကိုင်တွယ်ဖြေရှင်းနေသည့်ပြဿနာထက် ပိုကြီးမားသောပြဿနာတစ်ခု ဖြစ်ပေါ်လာနိုင်စေမည်။—သု၊ ၁၂:၁၈။
၂၀။ ကျွန်ုပ်တို့ညီအစ်ကိုများအားဖြစ်စေ၊ သူတို့အကြောင်းဖြစ်စေ ပြောဆိုရာတွင် အဘယ်အရာကိုထည့်စဉ်းစားရမည်နည်း။
၂၀ တင်ပြပြောဆိုပြီးသည့်အတိုင်း ငြိမ်သက်ခြင်းနှင့်မေတ္တာသည် ဝိညာဉ်အသီးများအနေနှင့်အလွန်နီးစပ်ပါသည်။ ညီအစ်ကိုများအား၊ သို့မဟုတ်သူတို့အကြောင်း ကျွန်ုပ်တို့ပြောဆိုလိုက်သောစကားသည် သူတို့အပေါ်ထားရှိသည့် ကျွန်ုပ်တို့၏ချစ်ခြင်းမေတ္တာ၏ရောင်ပြန်ဟပ်မှု အမြဲဖြစ်မည်ဆိုလျှင် အသင်းတော်၏ငြိမ်သက်မှုကို ဖြစ်ပွားစေပါလိမ့်မည်။ (ယောဟန် ၁၅:၁၂၊ ၁၃) ကျွန်ုပ်တို့ပြောဆိုသောစကားများသည် “ဆားအားဖြင့်ငန်သောအရသာနှင့်ပြည့်စုံလျက် အစဉ်မပြတ်တင့်တယ်လျောက်ပတ်” သင့်သည်။ (ကောလောသဲ ၄:၆) အရသာရှိရှိဖြစ်ဘိသကဲ့သို့ နှလုံးနှစ်မြို့ဖွယ်ရာဖြစ်သင့်သည်။ ယေရှုဤသို့ဆုံးမတော်မူသည်။ “သင်တို့သည် ဆားရှိစေကြလော့။ အချင်းချင်း အသင့်အတင့်နေကြလော့။”—မာကု ၉:၅၀။
“ကြိုးစားအားထုတ်ကြလော့”
၂၁။ ဘုရားလူမျိုး၏ ပတ်စဉ်စည်းဝေးများနှင့်စည်းဝေးပွဲကြီးများတွင် သူတို့အကြောင်းအဘယ်အရာထင်ရှားသနည်း။
၂၁ ဆာလံဆရာ ဤသို့ရေးသားခဲ့သည်။ “ညီအစ်ကိုတို့သည် သဘောတူလျက် ပေါင်းဖော်ကြသည်အရာမှာ အလွန်ကောင်းပေ၏။” (ဆာလံ ၁၃၃:၁) ကျွန်ုပ်တို့၏ပတ်စဉ်အစည်းအဝေးများနှင့်စည်းဝေးပွဲကြီးများတွင် ညီအစ်ကိုများနှင့်အတူနေရခြင်းသည် ပျော်မွေ့ဖွယ်ဖြစ်သည်။ ဤကဲ့သို့သောအချိန်အခါများတွင် ကျွန်ုပ်တို့၏ငြိမ်သက်ခြင်းကို အပြင်လူတို့ပင် အကဲခတ်တွေ့မြင်ကြ၏။
၂၂။ (က) အဘယ်အတုအယောင်ငြိမ်သက်မှုရရှိပြီဟု များမကြာမီလူမျိုးအပေါင်း ယူဆကြရာ အဘယ်အရာဖြစ်ရန် လမ်းခင်းပေးမည်နည်း။ (ခ) ဘုရားသခင်၏ငြိမ်သက်ခြင်းပဋိညာဉ်ကြောင့် အဘယ်စစ်မှန်သောငြိမ်သက်မှုရှိမည်နည်း။
၂၂ ယေဟောဝါအကူအညီမပါဘဲ မိမိတို့ငြိမ်သက်မှုရရှိပြီဟု များမကြာမီလူမျိုးအပေါင်း ယူဆကြတော့မည်။ သို့သော် သူတို့က “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဟုဆိုစဉ်ပင် ဘုရားသခင်နှင့်ငြိမ်သက်မှုမရှိသူများအပေါ် ပျက်စီးခြင်းဘေး ဗြုန်းကနဲကျရောက်လိမ့်မည်။ (၁ သက်သာလောနိတ် ၅:၃) ထို့နောက် ဘုရားသခင်နှင့်ငြိမ်သက်မှုစပျက်စီးခဲ့ကတည်းက လူသားတို့ခံခဲ့ရသောဆိုးကျိုးများကို ကြီးမြတ်တော်မူသော ငြိမ်းချမ်းရေးမင်းသားသည် ချေဖျက်ပပျောက်စေတော်မူမည်။ (ဟေရှာယ ၉:၆၊ ၇။ ဗျာဒိတ် ၂၂:၁၊ ၂) ထိုအခါ ဘုရားသခင်၏ငြိမ်သက်ခြင်းပဋိညာဉ်ကြောင့် ကမ္ဘာတစ်ခွင်အေးချမ်းသာယာလိမ့်မည်။ သားရိုင်းတိရစ္ဆာန်များပင်လျှင် ရန်ဘက်ပြုခြင်းရှိတော့မည်မဟုတ်။ —ဆာလံ ၃၇:၁၀၊ ၁၁၊ ၇၂:၃-၇။ ဟေရှာယ ၁၁:၁-၉။ ဗျာဒိတ် ၂၁:၃၊ ၄။
၂၃။ ငြိမ်သက်သောကမ္ဘာသစ်ကို မျှော်လင့်နေမည်ဆိုလျှင် ယခုဘာလုပ်သင့်သနည်း။
၂၃ ထိုအချိန်အခါသည် ဘုန်းအသရေထင်ရှားရာကာလအမှန်ဖြစ်မည်ပါတကား။ ယင်းကို သင်စိတ်အားထက်သန်စွာ စောင့်မျှော်နေပါသလော။ ထိုသို့ဆိုလျှင် “လူအပေါင်းတို့နှင့် အသင့်အတင့်နေ” ပါ။ သင့်ညီအစ်ကိုများ၊ အထူးသဖြင့် ယေဟောဝါရှင်နှင့်ငြိမ်သက်မှုရှိရန် ယခုပင်ရှာကြံပါ။ မှန်ပေသည်။ “ထိုသို့မျှော်လင့်ခြင်းရှိသောကြောင့် . . . သင်တို့သည် အညစ်အကြေးနှင့်ကင်းစင်၍ အဘယ်အပြစ်မျှမပါဘဲ ရှေ့တော်သို့ ငြိမ်ဝပ်စွာရောက်မည်အကြောင်း ကြိုးစားအားထုတ်ကြလော့။”—ဟေဗြဲ ၁၂:၁၄။ ၂ ပေတရု ၃:၁၄။
သင်မှတ်မိသလော
▫ ယေဟောဝါဘုရားသခင်နှင့်ကျွန်ုပ်တို့ငြိမ်သက်မှုရှိခြင်းကို အဘယ်အရာက ချိုးဖျက်နိုင်သနည်း။
▫ အသင်းတော်တွင် အဘယ်အထင်လွဲမှားမှုများကို ဖြေရှင်းပေးရန် လိုကောင်းလိုမည်နည်း။
▫ ငြိမ်သက်ခြင်းကိုရှာ၍ မီအောင်လိုက်နိုင်ရန် အဘယ်ပြင်ဆင်ချက်ကို ယေဟောဝါပြုထားတော်မူသနည်း။
▫ အသင်းတော်၏ငြိမ်သက်ခြင်းကို အဘယ်ဇာတိသဘောထားများ နှောင့်ယှက်နိုင်သနည်း။ ယင်းတို့ကို မည်သို့တုံ့ပြန်နိုင်မည်နည်း။
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ယေဟောဝါသွန်သင်ခြင်းကိုခံယူသူများအလယ် ငြိမ်သက်မှုတိုးပွား
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
စည်းလုံးစွာအမှုထမ်းသောညီအစ်ကိုများ၏ငြိမ်သက်ခြင်းသည် သာယာလှပါသည်တကား