ယေဟောဝါ—နူးညံ့စွာထောက်ထားကြင်နာတတ်သည့် ကျွန်ုပ်တို့၏ဖခင်
“ယေဟောဝါသည် ချစ်ခင်တွယ်တာမှုအရာတွင် အလွန်နူးညံ့ပျော့ပျောင်းပြီး ထောက်ထားကြင်နာတော်မူ၏။” —ယာကုပ် ၅:၁၁၊ ကဘ၊ အောက်ခြေမှတ်ချက်။
၁။ နှိမ့်ချသူများသည် ယေဟောဝါအား အဘယ်ကြောင့်ချဉ်းကပ်ကြသနည်း။
နက္ခတ္တဗေဒပညာရှင်များသည် နဂါးငွေ့တန်းအားလုံးကို ရေတွက်ရန်ပင်မတတ်စွမ်းနိုင်သည့်အထိ စကြဝဠာကြီးသည် အလွန်ကြီးမားကျယ်ပြောလှသည်။ ကျွန်ုပ်တို့၏ နေမိသားစုပါဝင်သော နဂါးငွေ့တန်းကြီးသည် မည်မျှကြီးမားကျယ်ပြောသနည်းဟူမူ လူတို့သည် ယင်းတွင်ပါဝင်သောကြယ်များကို မရေမတွက်နိုင်လောက်အောင်ပင်ဖြစ်သည်။ အယ်န်တာရီဇ်ကဲ့သို့သော အချို့ကြယ်များသည် ကျွန်ုပ်တို့၏နေထက် အဆထောင်ပေါင်းများစွာ ကြီးမားပြီး ထွန်းလင်းတောက်ပသည်။ စကြဝဠာအတွင်းရှိကြယ်အားလုံးတို့၏ မဟာဖန်ဆင်းရှင်သည် မည်မျှတန်ခိုးတော်ကြီးမားလိုက်မည်ဖြစ်ခြင်း! အမှန်ပင်၊ ကိုယ်တော်သည် “သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့်ခေါ်တော်မူ” သောသူဖြစ်တော်မူ၏။ (ဟေရှာယ ၄၀:၂၆) သို့တိုင် ထိုစိုးရွံ့အံ့သြဖွယ်ဘုရားသခင်သည်ပင် “ချစ်ခင်တွယ်တာမှုအရာတွင် အလွန်နူးညံ့ပျော့ပျောင်းပြီး ထောက်ထားကြင်နာတော်မူ” သေးသည်။ ယင်းသို့သိရှိရခြင်းသည် နှိမ့်ချမှုရှိသောယေဟောဝါ၏ ကျေးကျွန်များအတွက်၊ အထူးသဖြင့် နှိပ်စက်ညှဉ်းပန်းခြင်း၊ ဖျားနာခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်း သို့မဟုတ် အခြားကြမ်းတမ်းခက်ခဲခြင်းတို့ကို ရင်ဆိုင်ရသူများအတွက် အလွန်လန်းဆန်းဖွယ်ပါတကား!
၂။ ဤလောကရှိလူများသည် နူးညံ့သည့်စိတ်ထားမျိုးကို မည်သို့ရှုမြင်ကြလေ့ရှိသနည်း။
၂ လူများစွာတို့က ခရစ်တော်၏ “နူးညံ့စွာချစ်ခင်တွယ်တာမှုနှင့် ထောက်ထားကြင်နာမှု” ကဲ့သို့သော ပျော့ပျောင်းသည့်စိတ်ခံစားချက်မျိုးကို ပျော့ညံ့မှုဟု ရှုမြင်ကြသည်။ (ဖိလိပ္ပိ ၂:၁၊ ကဘ) ဆင့်ကဲအတွေးအခေါ်များ၏ လွှမ်းမိုးမှုခံရလျက် သူတို့သည် အခြားသူများ၏ခံစားချက်ကို ထိခိုက်ရာရောက်စေကာမူ ကိုယ့်အကျိုးကိုရှေ့တန်းတင်ရန် လူများကိုအားပေးကြသည်။ ဖျော်ဖြေမှုများနှင့် အားကစားများတွင် ပါဝင်သော စံပြပုဂ္ဂိုလ်များစွာတို့သည် ယောက်ျားသားမာနဖြင့် မျက်ရည်မကျသော သို့မဟုတ် နူးညံ့စွာ ထောက်ထားကြင်နာမှုမရှိသောသူများ ဖြစ်ကြသည်။ အချို့နိုင်ငံရေးအုပ်စိုးရှင်များသည် အလားတူကျင့်ကြံကြသည်။ ရက်စက်သောဧကရာဇ်နီရိုအား ပညာသင်ပေးသူ သတောအိတ်အတွေးအခေါ်ပညာရှင် ဆီနီကာက “သနားခြင်းသည် ပျော့ညံ့ခြင်းဖြစ်သည်” ဟု အလေးအနက်ဖော်ပြခဲ့သည်။ မက်ကလင်းတော့နှင့် စစထရောင်းတို့၏ စွယ်စုံကျမ်းက ဤသို့ဖော်ပြသည်– “သတောအိတ်ဝါဒ၏ လွှမ်းမိုးမှုသည် . . . ယခုခေတ်လူတို့၏စိတ်ကိုပင် ဩဇာသက်ရောက်ဆဲဖြစ်သည်။”
၃။ ယေဟောဝါသည် မိမိကိုယ်ကို မောရှေအား မည်သို့ဖော်ပြခဲ့သနည်း။
၃ ယင်းနှင့်ဆန့်ကျင်လျက် လူ့ဖန်ဆင်းရှင်၏ဥပဓိရုပ်တော်မှာ ရွှင်လန်းတက်ကြွတော်မူသည်။ “ထာဝရဘုရား၊ ထာဝရဘုရား၊ ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူထသော . . . အဓမ္မကျင့်ခြင်း၊ တရားတော်ကိုလွန်ကျူးခြင်း၊ ပြစ်မှားခြင်းအပြစ်တို့ကို ဖြေလွှတ်သော်လည်း အချည်းနှီးသက်သက် ဖြေလွှတ်တော်မမူထသော” ဘုရားဟူ၍ မောရှေအား မိမိကိုယ်ကို ဖော်ပြတော်မူခဲ့သည်။ (ထွက်မြောက်ရာ ၃၄:၆၊ ၇) မှန်ပါသည်၊ ယေဟောဝါသည် မိမိ၏တရားမျှတမှုအား ထင်ရှားပေါ်လွင်စေခြင်းဖြင့် မိမိအကြောင်းဖော်ပြချက်ကို နိဂုံးချုပ်ခဲ့သည်။ စိတ်လိုကိုယ်လျောက်အပြစ်ပြုသူအား ထိုက်တန်သည့်ပြစ်ဒဏ်ပေးခြင်းမှ လွှတ်စေတော်မမူ။ သို့တိုင် မိမိကိုယ်ကို ကရုဏာနှင့်ပြည့်စုံသောဘုရားဟု ဦးဦးဖျားဖျားဖော်ပြထားသည်။
၄။ “ကရုဏာ” ဟုပြန်ဆိုလေ့ရှိသော ဟေဗြဲစကားလုံး၏ နှစ်လိုဖွယ်အဓိပ္ပာယ်ကား အဘယ်နည်း။
၄ တစ်ခါတစ်ရံ “ကရုဏာ” ဟူသောဝေါဟာရသည် ဘက်မလိုက်သော၊ တရားမျှတသောသဘောအရ ပြစ်ဒဏ်ရုပ်သိမ်းခြင်းဟု ယူမှတ်ခံရသည်။ သို့သော် ကျမ်းစာဘာသာပြန်ချက်များကို နှိုင်းယှဉ်ကြည့်ခြင်းက ရာခမ်းမ် ဟူသောကြိယာစကားလုံးမှ ဆင်းသက်လာသော ဟေဗြဲနာမဝိသေသန၏ ကြွယ်ဝသည့်အဓိပ္ပာယ်ကို ဖော်ထုတ်ပေးသည်။ အချို့ကျမ်းပညာရှင်များ၏အဆိုအရ ယင်း၏မူရင်းအဓိပ္ပာယ်မှာ “ပျော့ပျောင်းရန်” ဟူ၍ဖြစ်သည်။ Synonyms of the Old Testament က “ရာခမ်းမ် သည် ကျွန်ုပ်တို့ချစ်ခင်သောသူ သို့မဟုတ် ကျွန်ုပ်တို့၏အကူအညီလိုအပ်သောသူ၏ အားနည်းချက် သို့မဟုတ် ဒုက္ခခံစားနေရခြင်းကို တွေ့မြင်ရသောကြောင့် ဖြစ်ပေါ်လာသည့်လှုံ့ဆော်မှုကဲ့သို့သော ထောက်ထားကြင်နာမှုဆိုင်ရာ နက်ရှိုင်းပြီးနူးညံ့ညင်သာသောခံစားချက်ကို ဖော်ပြသည်” ဟူ၍ရှင်းပြထားသည်။ ဤနှစ်လိုဖွယ်အရည်အချင်းအကြောင်း အခြားစိတ်အားတက်ကြွရွှင်လန်းဖွယ် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ကျမ်းစာစောင်များအပေါ် ထိုးထွင်းသိမြင်ခြင်း [လိပ်] စာအုပ်၊ အတွဲ ၂၊ စာမျက်နှာ ၃၇၅-၉ တွင် တွေ့နိုင်သည်။
၅။ မောရှေ၏ပညတ်တွင် ကရုဏာမည်သို့ထင်ရှားပေါ်လွင်သနည်း။
၅ ဘုရားသခင်၏ နူးညံ့သောထောက်ထားကြင်နာမှုသည် ဣသရေလလူမျိုးအား ကိုယ်တော်ပေးသောပညတ်တရားတွင် ရှင်းလင်းစွာပေါ်လွင်ထင်ရှားသည်။ မုဆိုးမများ၊ မိဘမဲ့ကလေးများ၊ ဆင်းရဲသားများကဲ့သို့သော အခြေမလှသူများကို ထောက်ထားကြင်နာစွာ ဆက်ဆံဖို့ဖြစ်သည်။ (ထွက်မြောက်ရာ ၂၂:၂၂-၂၇; ဝတ်ပြုရာ ၁၉:၉-၁၀; တရားဟောရာ ၁၅:၇-၁၁) ကျွန်များနှင့် တိရစ္ဆာန်များအပါအဝင် အားလုံးတို့သည် အနားယူရာအပတ်စဉ်ဥပုသ်နေ့မှ အကျိုးကျေးဇူးခံစားရရန်ဖြစ်သည်။ (ထွက်မြောက်ရာ ၂၀:၁၀) ထို့အပြင် နှိမ့်ကျသူအား နူးညံ့ညင်သာစွာဆက်ဆံသူကို ဘုရားသခင်သည် ဂရုပြုတော်မူသည်။ သု. ၁၉:၁၇ ကဤသို့ဖော်ပြသည်– “ဆင်းရဲသားကိုသနားသောသူသည် ထာဝရဘုရားအားချေးငှားသောသူဖြစ်၍၊ သူပြုသောအမှု၏အကျိုးကို ဆပ်ပေးတော်မူလိမ့်မည်။”
ဘုရားသခင့်ထောက်ထားကြင်နာမှု၏ အကန့်အသတ်များ
၆။ ယေဟောဝါသည် အဘယ်ကြောင့် မိမိလူများထံ ပရောဖက်များနှင့် တမန်များကို စေလွှတ်ရသနည်း။
၆ ဣသရေလတို့သည် ယေဟောဝါ၏နာမတော်ကို ကိုယ်စားပြုပြီး “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏နာမတော်အဖို့အိမ်” ဖြစ်သော ယေရုရှလင်မြို့ရှိဗိမာန်တော်တွင် ဝတ်ပြုကိုးကွယ်ကြသည်။ (၂ ရာဇဝင်ချုပ် ၂:၄; ၆:၃၃) သို့ရာတွင် အတန်ကြာသော် သူတို့သည် စာရိတ္တပျက်ပြားမှု၊ ဗာဗုလုန်ဝတ်ပြုရေးနှင့် လူသတ်ခြင်းတို့ကို ခွင့်ပြုခြင်းအားဖြင့် ယေဟောဝါ၏နာမတော်အား အကြီးအကျယ်ကဲ့ရဲ့ရှုတ်ချစရာ ဖြစ်စေခဲ့ကြသည်။ ထောက်ထားကြင်နာတတ်သော မိမိ၏ဥပဓိရုပ်တော်နှင့်အညီ ယေဟောဝါသည် လူမျိုးတစ်မျိုးလုံးအပေါ် ဘေးဒုက္ခမသင့်စေဘဲ ဤဆိုးဝါးသည့်အခြေအနေကို ပဲ့ပြင်တည့်မတ်ရန် စိတ်ရှည်စွာကြိုးစားခဲ့သည်။ ကိုယ်တော်သည် “မိမိလူမျိုးနှင့် မိမိနေတော်မူရာအရပ်ကို သနားသောကြောင့် စောစောထ၍ အထပ်ထပ်စေလွှတ်သောတမန်တို့အားဖြင့် မှာလိုက်တော်မူသော်လည်း ဘုရားသခင်၏တမန်တို့ကို ပြက်ရယ်ပြု၍ အမိန့်တော်ကိုနားမထောင်၊ ပရောဖက်တော်တို့ကို ညှဉ်းဆဲသောကြောင့် ထာဝရဘုရား၏အမျက်တော်ကိုမငြိမ်းနိုင်” သည့်တိုင်အောင် ဖြစ်ခဲ့သည်။—၂ ရာဇဝင်ချုပ် ၃၆:၁၅၊ ၁၆။
၇။ ယေဟောဝါ၏ထောက်ထားကြင်နာမှုသည် အတိုင်းအတာကုန်ဆုံးသွားသောအခါ ယုဒနိုင်ငံမည်သို့ဖြစ်သွားသနည်း။
၇ ယေဟောဝါသည် ထောက်ထားကြင်နာမှုရှိပြီး အမျက်ထွက်နှေးသော်လည်း လိုအပ်သည့်အခါ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့်အမျက်ဒေါသကို တင်ပြတော်မူသည်။ ထိုအချိန်က ဘုရားသခင့်ထောက်ထားကြင်နာမှုပြသည့် အတိုင်းအတာကုန်ဆုံးသွားသည်။ အကျိုးဆက်ကို ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “[ယေဟောဝါသည်] ခါလဒဲရှင်ဘုရင်ကို စစ်ချီစေတော်မူ၏။ ထိုရှင်ဘုရင်သည် သန့်ရှင်းရာဌာနအိမ်တော်၌ လူပျိုတို့ကို ဓားနှင့်သတ်၏။ ယောက်ျားပျို၊ မိန်းမပျို၊ လူအို၊ အသက်ကြီး၍ ကျောကုန်းသောသူတို့ကိုပင် မသနား ရှိသမျှတို့ကို ထိုရှင်ဘုရင်လက်သို့အပ်တော်မူ၏။” (၂ ရာဇဝင်ချုပ် ၃၆:၁၇) သို့နှင့် ယေရုရှလင်မြို့နှင့် ယင်း၏ဗိမာန်တော်တို့သည် ဖျက်ဆီးခံလိုက်ရပြီး ထိုလူမျိုးသည် ဗာဗုလုန်သို့ သုံ့ပန်းများအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံကြရသည်။
မိမိ၏နာမတော်ကိုထောက်ထားခြင်း
၈၊ ၉။ (က) ယေဟောဝါသည် မိမိ၏နာမတော်ကို ထောက်ထားမည်ဟု အဘယ်ကြောင့်ကြေညာရသနည်း။ (ခ) ယေဟောဝါ၏ရန်သူများသည် မည်သို့အားဖြင့်နှုတ်ဆိတ်သွားကြသနည်း။
၈ နိုင်ငံနီးချင်းတို့က ထိုဘေးဒုက္ခကြောင့် ဝမ်းသာကြသည်။ ပြောင်လှောင်သရော်သည့်သဘောဖြင့် “ဤသူတို့သည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏လူဖြစ်ကြ၏။ ကိုယ်ပြည်မှထွက်သွားကြရ၏” ဟုပြောဆိုကြသည်။ ယေဟောဝါသည် ဤကဲ့ရဲ့မှုကို အကင်းပါးစွာသိမြင်လျက် ဤသို့ကြေညာတော်မူသည်– “ငါ၏သန့်ရှင်းသောနာမတော်ကို ငါထောက်ထားမည် . . . ငါ၏မဟာနာမတော်ကိုလည်း ငါသန့်ရှင်းမြင့်မြတ်စေမည် . . . ငါသည်ယေဟောဝါဖြစ်ကြောင်း လူမျိုးများသိရကြမည်။”—ယေဇကျေလ ၃၆:၂၀-၂၃၊ ကဘ။
၉ မိမိ၏လူမျိုးများ သုံ့ပန်းအဖြစ်ခေါ်ဆောင်ခံရသည့် နှစ်ပေါင်း ၇၀ ပြီးနောက်တွင် ထောက်ထားကြင်နာတတ်သောဘုရားဖြစ်သည့် ယေဟောဝါသည် သူတို့အားလွှတ်ပြီး ယေရုရှလင်မြို့တွင် ဗိမာန်တော်ပြန်လည်တည်ဆောက်ရန် ခွင့်ပြုလိုက်သည်။ ယင်းက ပတ်ဝန်းကျင်ရှိလူမျိုးများအား အံ့အားသင့်ပြီးနှုတ်ဆိတ်သွားစေသည်။ (ယေဇကျေလ ၃၆:၃၅၊ ၃၆) သို့သော် ဝမ်းနည်းစရာကား ဣသရေလလူမျိုးသည် ဆိုးသည့်အကျင့်အကြံများထဲသို့ တစ်ဖန်ပြန်သက်ဆင်းခဲ့သည်။ သစ္စာရှိဂျူးလူမျိုးတစ်ဦးဖြစ်သည့် နေဟမိက အခြေအနေပြန်လည်တည့်မတ်ရန် အကူအညီပေးခဲ့သည်။ လူအများရှေ့ ဆုတောင်းခြင်းတွင် ဤလူမျိုးအပေါ် ဘုရားသခင်၏ ထောက်ထားကြင်နာသည့်ဆက်ဆံမှုကို ဤသို့ပြန်လည်ဖော်ပြခဲ့သည်–
၁၀။ နေဟမိက ယေဟောဝါ၏ထောက်ထားကြင်နာမှုကို မည်သို့ပေါ်လွင်စေခဲ့သနည်း။
၁၀ “ဆင်းရဲခံရ၍ ကိုယ်တော်ကိုအော်ဟစ်ကြသောအခါ ကောင်းကင်ဘုံကနားထောင်၍ ကရုဏာကျေးဇူးတော်ကြွယ်ဝသည့်အတိုင်း ရန်သူလက်မှကယ်လွှတ်သော ကျေးဇူးရှင်တို့ကို ပေါ်ထွန်းစေတော်မူ၏။ တစ်ဖန်ချမ်းသာရသောအခါ ရှေ့တော်၌ ဒုစရိုက်ကိုပြုပြန်ကြသောကြောင့် ရန်သူအစိုးရမည်အကြောင်း တစ်ဖန်အပ်တော်မူ၏။ သူတို့သည် ပြန်လာ၍ ကိုယ်တော်ကိုအော်ဟစ်ကြသောအခါ ကောင်းကင်ဘုံကနားထောင်၍ ကရုဏာတော်ရှိသည်အတိုင်း အထပ်ထပ်ကယ်တင်တော်မူ၏။ . . . နှစ်ပေါင်းများစွာ သူတို့ကိုသည်းခံ . . . တော်မူ၏။”—နေဟမိ ၉:၂၆-၃၀; ဟေရှာယ ၆၃:၉၊ ၁၀ ကိုလည်းရှု။
၁၁။ ယေဟောဝါနှင့် လူတို့၏ဘုရားများစပ်ကြား မည်သည့်ခြားနားချက်ရှိသနည်း။
၁၁ နောက်ဆုံး ဂျူးလူမျိုးသည် ဘုရားသခင့်ချစ်စွာသောသားတော်ကို ရက်ရက်စက်စက်ငြင်းပယ်သောအခါ သူတို့၏အခွင့်ထူးခံအနေအထားကို ထာဝစဉ်ဆုံးရှုံးသွားကြသည်။ ဘုရားသခင်သည် သူတို့အား သစ္စာရှိရှိစွဲလမ်းတွယ်တာခဲ့သည်မှာ နှစ်ပေါင်း ၁,၅၀၀ ကျော်ကြာခဲ့သည်။ ယင်းက ယေဟောဝါသည် ကရုဏာအရှင်ဘုရားသခင် အမှန်ပင်ဖြစ်တော်မူသည်ဟူသောအချက်ကို ထာဝရသက်သေထူသွားသည်။ အပြစ်ရှိလူသားများဖန်တီးသော ရက်စက်သည့်ဘုရားများ၊ ကြင်နာမှုကင်းမဲ့သည့်နတ်ဘုရားများနှင့် ရှင်းလင်းပြတ်သားစွာကွာခြားပါသည်တကား!—စာမျက်နှာ ၈ ကိုရှု။
အကြီးမားဆုံးသော ထောက်ထားကြင်နာခြင်း ထင်ရှားပြသမှု
၁၂။ ဘုရားသခင်၏ အကြီးမားဆုံးသော ထောက်ထားကြင်နာမှုတင်ပြချက်ကား အဘယ်နည်း။
၁၂ ဘုရားသခင်၏ အကြီးမားဆုံးသော ထောက်ထားကြင်နာခြင်းထင်ရှားပြသမှုမှာ မိမိ၏ချစ်တော်မူသောသားတော်ကို မြေကြီးသို့ စေလွှတ်လိုက်ခြင်းဖြစ်သည်။ မှန်သည်၊ ယေရှု၏ သမာဓိစောင့်သိသည့်အသက်တာသည် ယေဟောဝါအား ကြီးစွာသောအားရကျေနပ်မှုဖြစ်စေပြီး မာရ်နတ်၏မတရားစွပ်စွဲချက်များကို ဟာကွက်မရှိချေပနိုင်ရန် ထောက်ကူပေးသည်။ (သု. ၂၇:၁၁) သို့သော် တစ်ကြိမ်တည်းတွင် မိမိချစ်လှစွာသောသားတော်သည် ရက်ရက်စက်စက်နှင့် အောက်တန်းကျစွာသေဆုံးရခြင်းကို ကြည့်နေရခြင်းက မည်သည့်လူသားမိဘမဆိုခံစားရဖူးသော ခံစားမှုထက်သာ၍ကြီးမားသည့်နာကျင်မှုကို ယေဟောဝါအား ခံစားရစေသည်။ ယင်းကား လူသားတို့၏ကယ်တင်ခြင်းအတွက် လမ်းဖွင့်ပေးသော အလွန်မေတ္တာပါသည့် စွန့်လွှတ်မှုတစ်ရပ်ဖြစ်သည်။ (ယောဟန် ၃:၁၆) နှစ်ခြင်းဆရာယောဟန်၏ဖခင် ဇာခရိကြိုပြောထားသည့်အတိုင်း ယင်းသည် “ငါတို့ဘုရားသခင်၏ နူးညံ့စွာထောက်ထားကြင်နာမှု” ကို ထင်ရှားပေါ်လွင်စေသည်။—လုကာ ၁:၇၇၊ ၇၈၊ ကဘ။
၁၃။ ယေရှုသည် မိမိခမည်းတော်၏ဥပဓိရုပ်ကို မည်သည့်အရေးကြီးသည့်နည်းဖြင့် ရောင်ပြန်ဟပ်ပြသနည်း။
၁၃ ဘုရားသခင်၏သားတော်ကို မြေကြီးသို့စေလွှတ်ခြင်းက ယေဟောဝါ၏ဥပဓိရုပ်တော်နှင့်ပတ်သက်၍လည်း လူသားများအား ရှင်းလင်းစွာသိရှိစေသည်။ မည်သို့အားဖြင့်နည်း။ ယေရှုသည် မိမိခမည်းတော်၏ဥပဓိရုပ်တော်ကို အပြည့်အဝထင်ဟပ်ပြသောအားဖြင့်၊ အထူးသဖြင့် နှိမ့်ကျသောသူများအား နူးညံ့စွာထောက်ထားကြင်နာသည့်နည်းဖြင့် ဆက်ဆံတော်မူသောအားဖြင့် ဖြစ်သည်! (ယောဟန် ၁:၁၄; ၁၄:၉) ဤကိစ္စတွင် ခရစ်ဝင်ကျမ်းရေးသူသုံးဦးဖြစ်သည့် မဿဲ၊ မာကုနှင့် လုကာတို့က “အူများ” ဟူသော ဂရိဝေါဟာရမှ ဆင်းသက်လာသည့် ဂရိကြိယာ စပလက်ဂ်ခနီးဇိုမိုင်း ကို အသုံးပြုကြသည်။ ကျမ်းပညာရှင် ဝီလျန်ဘာကလေးက ရှင်းပြသည်မှာ “ယင်းသို့ဆင်းသက်လာခြင်းမှ သိမြင်နိုင်သည်မှာ ယင်းသည် သာမန်သနားခြင်း သို့မဟုတ် ထောက်ထားကြင်နာခြင်းကို မဟုတ်ဘဲ လူတစ်ဦး၏အတွင်းအကျဆုံးသောအပိုင်းအထိ လှုံ့ဆော်မှုပေးသော စိတ်လှုပ်ရှားမှုကို ဖော်ညွှန်းခြင်းဖြစ်သည်။ ယင်းသည် ဂရိဘာသာစကားတွင် ထောက်ထားကြင်နာသည့် ခံစားချက်နှင့်ပတ်သက်၍ ပြင်းထန်ထိရောက်မှုအရှိဆုံးသော ဝေါဟာရဖြစ်သည်” ဟူ၍ဖြစ်သည်။ ယင်းကို “သနားသည်” သို့မဟုတ် “သနားသောစိတ်လှုံ့ဆော်ခံရသည်” ဟူ၍ အမျိုးမျိုးပြန်ဆိုကြသည်။—မာကု ၆:၃၄; ၈:၂။
ယေရှုသနားတော်မူသောအခါ
၁၄၊ ၁၅။ ဂါလိလဲနယ်ရှိ မြို့တစ်မြို့တွင် ယေရှုသည် မည်သည့်နည်းဖြင့် သနားသောစိတ်၏လှုံ့ဆော်ခံရပြီး ယင်းက မည်သည့်အရာကိုပုံတင်ပြသနည်း။
၁၄ မြင်ကွင်းကား ဂါလိလဲနယ်ရှိမြို့တစ်မြို့တွင်ဖြစ်သည်။ “တစ်ကိုယ်လုံးနူနာစွဲသော” သူတစ်ယောက်သည် လုပ်ရိုးလုပ်စဉ်သတိပေးခြင်းကို မပြုဘဲ ယေရှုထံသို့ ချဉ်းကပ်ဝင်ရောက်လာသည်။ (လုကာ ၅:၁၂) ဘုရားသခင့်ပညတ်တော်တွင် တောင်းဆိုထားသည့်အတိုင်း “မစင်ကြယ်၊ မစင်ကြယ်” ဟု မအော်သောကြောင့် ယေရှုသည် သူ့အား ကြမ်းတမ်းစွာပြစ်တင်ဆုံးမခြင်းပြုခဲ့သလော။ (ဝတ်ပြုရာ ၁၃:၄၅) မပြုခဲ့ပါ။ သို့ပြုမည့်အစား ယေရှုသည် ထိုသူ၏ စိတ်ပျက်အားငယ်စွာတောင်းပန်မှုကို နားထောင်တော်မူသည်– “အလိုတော်သာရှိလျှင် ကျွန်တော့်ကို သန့်ရှင်းစေနိုင်တော်မူသည်။” ယေရှုသည် “သနားသောစိတ်၏လှုံ့ဆော်ခံရ” သဖြင့် လက်တော်ကိုဆန့်၍ အနူသည်ကိုတို့လျက် “ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ရောက်စေ” ဟုမိန့်တော်မူ၏။ ထိုသူ၏ကျန်းမာရေးသည် ချက်ချင်းအကောင်းပကတိ ပြန်ဖြစ်လာသည်။ သို့အားဖြင့် ယေရှုသည် မိမိအားဘုရားသခင်ပေးထားသည့် အံ့ဖွယ်တန်ခိုးတော်ကိုသာမက ယင်းကိုအသုံးပြုရန်လှုံ့ဆော်သော နူးညွတ်သည့်ခံစားချက်ကိုလည်း တင်ပြတော်မူခဲ့သည်။—မာကု ၁:၄၀-၄၂၊ ကဘ။
၁၅ ယေရှုသည် သူ့အားချဉ်းကပ်မှသာ ထောက်ထားကြင်နာသည့်ခံစားမှုကို တင်ပြခြင်းဖြစ်သလော။ မဟုတ်ပါ။ နောက်ပိုင်းတစ်ချိန်တွင် နာဣနမြို့မှထွက်လာသော အသုဘချသည့်အစီအစဉ်တစ်ခုနှင့် ကိုယ်တော်ကြုံရသည်။ ယခင်က အသုဘများစွာကို ကိုယ်တော်တွေ့မြင်ခဲ့ဖူးမည်မှာမလွဲသော်လည်း ဤတစ်ကြိမ်သည် အထူးဝမ်းနည်းဖွယ်ကောင်းသည်။ သွားလေသူမှာ မုဆိုးမတစ်ဦး၏ တစ်ဦးတည်းသောသားဖြစ်သည်။ ယေရှုသည် “သနားခြင်းစိတ်ရှိတော်မူသဖြင့်” သူမအနားသို့သွား၍ “မငိုနှင့်” ဟုမိန့်တော်မူသည်။ ထို့နောက် သူမ၏သားကို အသက်ပြန်ရှင်စေခြင်းအားဖြင့် ထင်ရှားသည့်အံ့ဖွယ်အမှုကို ပြုတော်မူသည်။—လုကာ ၇:၁၁-၁၅။
၁၆။ ယေရှုသည် မိမိနောက် လိုက်ပါလာသည့်လူအုပ်ကြီးအား အဘယ်ကြောင့်သနားတော်မူသနည်း။
၁၆ အထက်ပါအဖြစ်အပျက်တွင် စွဲမှတ်စေလောက်သည့်သင်ခန်းစာမှာ ယေရှုသည် “သနားခြင်းစိတ်တော်ရှိ” သောအခါ အကျိုးဖြစ်ထွန်းသည့်အကူအညီတစ်ခုခုကို ပြုလုပ်ခြင်းဖြစ်သည်။ နောက်ပိုင်းအချိန်တစ်ချိန်တွင် ယေရှုသည် မိမိနောက်သို့လိုက်ပါလာသော လူအုပ်ကြီးကို စစ်ဆေးကြည့်ရှုလိုက်သည်။ “[ကိုယ်တော်သည် သူတို့ကို] သနားခြင်းစိတ်ရှိတော်မူ၏။ အကြောင်းမူကား ထိုသူတို့သည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ဖြစ်ကြ၏” ဟု မဿဲကတင်ပြထားသည်။ (မဿဲ ၉:၃၅၊ ၃၆) ဖာရိရှဲတို့သည် လူသာမညတို့၏ ဝိညာဏဆာလောင်မှုပြေပျောက်ရန် လုပ်ပေးမည့်အစား နှိမ့်ကျသောသူတို့အား မလိုလားအပ်သည့်စည်းမျဉ်းများစွာတို့ဖြင့် ဝန်လေးစေကြသည်။ (မဿဲ ၁၂:၁၊ ၂; ၁၅:၁-၉; ၂၃:၄၊ ၂၃) ယေရှုကိုနားထောင်သူတို့နှင့်ပတ်သက်၍ သူတို့၏အပြောက လူသာမညတို့အပေါ် သူတို့၏အမြင်ကို ပေါ်လွင်ထင်ဟပ်စေသည်– “တရားကိုမသိသောဤလူများတို့သည် ကျိန်ခြင်းကိုခံရသောသူဖြစ်သည်။”—ယောဟန် ၇:၄၉။
၁၇။ လူအုပ်ကိုသနားခြင်းက ယေရှုအား မည်သို့လှုံ့ဆော်ပြီး ထိုတွင် ရေရှည်အကျိုးဖြစ်ထွန်းစေသော မည်သည့်လမ်းညွှန်မှုကို ကိုယ်တော်ပေးသနည်း။
၁၇ ယင်းနှင့်ဆန့်ကျင်လျက် ယေရှုသည် ဝိညာဉ်ရေးအခြေမလှသော လူအုပ်ထဲမှလူများအား အလွန်သနားတော်မူသည်။ သို့သော် တစ်ဦးစီအား ကိုယ်တော်ဂရုစိုက်ပေးရမည့် စိတ်ဝင်စားသူမြောက်မြားစွာရှိနေသည်။ ထို့ကြောင့် နောက်ထပ်လုပ်သားများရရှိစေရန် ဆုတောင်းဖို့ တပည့်တော်များအား မိန့်တော်မူသည်။ (မဿဲ ၉:၃၅-၃၈) ထိုဆုတောင်းချက်နှင့်အညီ ယေရှုသည် “ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ” ဟူသောသတင်းနှင့်အတူ မိမိ၏တမန်တော်များအား စေလွှတ်ခဲ့သည်။ ထိုအချိန်ကပေးခဲ့သော ညွှန်ကြားချက်များသည် ယခုခေတ်ထိတိုင် ခရစ်ယာန်များအတွက် တန်ဖိုးရှိသောလမ်းညွှန်တစ်ခုဖြစ်လာခဲ့သည်။ ယေရှု၏ ထောက်ထားကြင်နာသည့်ခံစားချက်က လူသားတို့၏ဝိညာဏဆာလောင်မှုကို ဖြည့်ဆည်းပေးရန် ကိုယ်တော်အားလှုံ့ဆော်ခဲ့မည်မှာ သံသယဖြစ်ဖွယ်မရှိပါ။—မဿဲ ၁၀:၅-၇။
၁၈။ လူအုပ်က မိမိ၏ကိုယ်ပိုင်အချိန်ကိုထိပါးသောအခါ ယေရှုမည်သို့တုံ့ပြန်ပြီး ယင်းမှ ကျွန်ုပ်တို့မည်သည့်သင်ခန်းစာရသနည်း။
၁၈ အခြားအချိန်တစ်ချိန်တွင်လည်း ယေရှုသည် လူအုပ်၏ဝိညာဏလိုအပ်ချက်အတွက် စိုးရိမ်ကြောင့်ကြပေးခဲ့သည်။ ဤတစ်ကြိမ်တွင် ကိုယ်တော်နှင့်တမန်တော်တို့သည် ပင်ပန်းသည့်ဟောပြောခြင်းခရီးစဉ်အပြီး မောမောပန်းပန်းဖြင့် နားနေရာကိုရှာနေသည့်အခါတွင်ဖြစ်သည်။ သို့သော် မကြာမီ သူတို့ကိုလူများတွေ့သွားကြသည်။ သူတို့၏ကိုယ်ပိုင်အချိန်ကိုထိပါးခြင်းအတွက် ယေရှုစိတ်ဆိုးမည့်အစား မာကု၏မှတ်တမ်းအရ ကိုယ်တော်သည် “သနားခြင်းစိတ်တော်ရှိ” ခဲ့သည်။ ယေရှုတွင် လေးနက်သည့်ခံစားမှု ပေါ်ပေါက်ရသည့်အကြောင်းကား အဘယ်နည်း။ “ထိုသူတို့သည် ထိန်းသူမရှိ၊ ပစ်ထားသောသိုးကဲ့သို့ဖြစ်ကြ” သောကြောင့်ဖြစ်သည်။ တစ်ဖန် ယေရှုသည် မိမိ၏ခံစားချက်ကို တုံ့ပြန်လုပ်ဆောင်သောအားဖြင့် “ဘုရားသခင့်နိုင်ငံတော်၏အကြောင်းကို” လူအုပ်အား စတင်သွန်သင်ပေးတော်မူခဲ့သည်။ မှန်ပါသည်၊ သူတို့၏ဝိညာဏဆာလောင်မှုကြောင့် ကိုယ်တော်အလွန်စိတ်ထိခိုက်သဖြင့် လိုအပ်သည့်အနားယူမှုကိုပင် စွန့်လွှတ်ကာ သူတို့အားသွန်သင်တော်မူသည်။—မာကု ၆:၃၄; လုကာ ၉:၁၁။
၁၉။ လူအုပ်အတွက် ယေရှုစိုးရိမ်ကြောင့်ကြပေးခြင်းသည် မည်သို့အားဖြင့် ဝိညာဏလိုအပ်ရာများထက်ပင် အတိုင်းအတာကျော်လွန်သနည်း။
၁၉ အဓိကအားဖြင့် လူတို့၏ဝိညာဏလိုအပ်ရာကို ကိုယ်တော်စိုးရိမ်ကြောင့်ကြသော်လည်း သူတို့၏ကာယရေးအခြေခံလိုအပ်ချက်များကို ကိုယ်တော်ဘယ်တော့မျှလျစ်လျူမရှုပါ။ တစ်ချိန်တည်းတွင် “နာသောသူတို့ကို ချမ်းသာပေးတော်မူ၏။” (လုကာ ၉:၁၁) နောက်ပိုင်းတစ်ချိန်တွင် လူအုပ်သည် အချိန်ကြာမြင့်စွာ ကိုယ်တော်နှင့်အတူလိုက်ပါလာကြပြီး မိမိတို့အိမ်နှင့် အလွန်ဝေးသွားသည်။ သူတို့၏ကာယရေးလိုအပ်ချက်ကို သတိပြုမိသဖြင့် တပည့်တော်များအား ယေရှုဤသို့မိန့်တော်မူသည်– “ဤလူများကို ငါသနား၏။ သုံးရက်ပတ်လုံး ငါနှင့်အတူရှိကြပြီ။ စားစရာအလျှင်းမရှိ။ လမ်းခရီး၌ မောမည်ကိုစိုးရိမ်သောကြောင့် အစာမစားမီ သူတို့ကိုလွှတ်ခြင်းငှာ ငါအလိုမရှိ။” (မဿဲ ၁၅:၃၂) ယေရှုသည် ဖြစ်လာနိုင်ဖွယ်ရှိသည့်ထိခိုက်မှုကို လွဲဖယ်စေရန် တစ်စုံတစ်ခုကိုပြုတော်မူသည်။ ကိုယ်တော်သည် မုန့်ခုနစ်လုံးနှင့် ငါးအနည်းငယ်ကို ထောင်နှင့်ချီသော ယောက်ျား၊ မိန်းမနှင့် ကလေးများအား အံ့ဖွယ်နည်းဖြင့်ကျွေးမွေးခဲ့သည်။
၂၀။ ယေရှုသည် သနားသောစိတ်လှုံ့ဆော်ခံရသည့် အဖြစ်အပျက်၏ နောက်ဆုံးမှတ်တမ်းမှ မည်သည့်အရာကို ကျွန်ုပ်တို့သင်ယူရရှိသနည်း။
၂၀ ယေရှုသနားခြင်းစိတ်ဖြစ်ပေါ်သည့် အဖြစ်အပျက်၏ နောက်ဆုံးမှတ်တမ်းမှာ ယေရုရှလင်သို့ နောက်ဆုံးခရီးစဉ်တွင်ဖြစ်သည်။ ကြီးမားသောလူအုပ်သည် ပသခါပွဲကျင်းပရန် ကိုယ်တော်နှင့်အတူ ခရီးသွားနေကြသည်။ ယေရိခေါမြို့အနီးရှိလမ်းပေါ်တွင် မျက်မမြင် သူတောင်းစားနှစ်ဦးက ဤသို့အော်ဟစ်နေကြသည်– “အရှင်၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါ။” လူအုပ်က သူတို့အသံတိတ်သွားအောင် ကြိုးစားကြသော်လည်း ယေရှုက သူတို့ကိုခေါ်ပြီး မိမိအားဘာပြုစေလိုကြောင်း မေးခဲ့သည်။ “သခင်၊ အကျွန်ုပ်တို့၏မျက်စိကို ပွင့်လင်းစေခြင်းငှာ ပြုတော်မူပါ” ဟုသူတို့တောင်းပန်ကြ၏။ ကိုယ်တော်သည် “သနားခြင်းစိတ်တော်ရှိ၍” သူတို့၏မျက်စိကို တို့တော်မူသောအခါ သူတို့မျက်စိပြန်မြင်လာကြသည်။ (မဿဲ ၂၀:၂၉-၃၄) ဤတွင် မည်မျှအရေးကြီးသည့်သင်ခန်းစာကို ကျွန်ုပ်တို့ရရှိပါသည်တကား! ယေရှုသည် မြေကြီးဆိုင်ရာဓမ္မအမှုဆောင်ခြင်း၏ နောက်ဆုံးရက်သတ္တပတ်အတွင်းသို့ ရောက်ခါနီးတွင်ဖြစ်သည်။ ကိုယ်တော်သည် စာတန့်ကိုယ်စားလှယ်များ၏လက်ထဲတွင် ရက်ရက်စက်စက်အသေသတ်ခြင်းမခံရမီ ပြီးစီးရမည့်အလုပ်များစွာရှိနေသည်။ သို့သော် အလွန်အရေးကြီးသော ဤအချိန်၏ဖိစီးမှုက သိပ်အရေးမကြီးသောလူ့လိုအပ်ချက်များအတွက် နူးညံ့သောထောက်ထားကြင်နာမှုတင်ပြရန် အဟန့်အတားမဖြစ်စေခဲ့ချေ။
ထောက်ထားကြင်နာမှုကို ထင်ရှားပေါ်လွင်စေသည့် ပုံဥပမာများ
၂၁။ သခင်က သူ့ကျွန်၏မြောက်မြားစွာသောအကြွေးများကို လျှော်ပစ်ပေးခြင်းသည် မည်သည့်အရာကိုပုံဆောင်သနည်း။
၂၁ ယေရှုဘဝမှတ်တမ်းများတွင် အသုံးပြုသော စပလက်ဂ်ခနီးဇိုမိုင်း ဟူသည့် ဂရိကြိယာသည် ယေရှု၏ပုံဥပမာသုံးခုတွင်လည်း အသုံးပြုထားခြင်းခံရသည်။ ပုံဥပမာတစ်ခုတွင် ကျွန်တစ်ဦးသည် မြောက်မြားစွာသောအကြွေးတို့ကို ပြန်ဆပ်နိုင်ရန် အချိန်တောင်းခဲ့သည်။ သူ၏သခင်က “သနားခြင်းရှိ” သောကြောင့် အကြွေးအားလုံးကို လျှော်ပေးလိုက်သည်။ ယေရှု၏ ရွေးဖိုးပူဇော်သက္ကာ၌ ယုံကြည်ခြင်းတင်ပြသော ခရစ်ယာန်တစ်ဦးစီတို့၏ မြောက်မြားစွာသောအပြစ်ကြွေးမြီများကို လျှော်ပေးခြင်းအားဖြင့် ယေဟောဝါဘုရားသခင်သည် ကြီးစွာသောထောက်ထားကြင်နာမှုကို တင်ပြခဲ့ကြောင်း ထိုပုံဥပမာကပုံဆောင်သည်။—မဿဲ ၁၈:၂၇; ၂၀:၂၈။
၂၂။ အသုံးအဖြုန်းကြီးသောသားပုံဥပမာက မည်သည့်အရာကိုပုံတင်ပြသနည်း။
၂၂ အသုံးအဖြုန်းကြီးသောသားအကြောင်းလည်း ရှိသေးသည်။ လမ်းလွဲသည့်သား အိမ်ပြန်လာသောအခါ မည်သို့ဖြစ်ပျက်သည်ကို ပြန်စဉ်းစားကြည့်ပါ။ “ဝေးသောအခါ အဘသည် သူ့ကိုမြင်လျှင် သနားသောစိတ်ရှိသည်နှင့် ပြေးသွား၍ သား၏လည်ပင်းကိုပိုက်ဖက်လျက် နမ်းရှုပ်လေ၏။” (လုကာ ၁၅:၂၀) ယင်းက လမ်းလွဲသောခရစ်ယာန်တစ်ဦးသည် စစ်မှန်သောနောင်တကိုတင်ပြသောအခါ ယေဟောဝါသည် ထိုသူကိုသနားတော်မူပြီး ကြင်နာစွာပြန်လက်ခံတော်မူမည်ဖြစ်ကြောင်း ဖော်ပြသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့၏ခမည်းတော်ယေဟောဝါသည် “ချစ်ခင်တွယ်တာမှုအရာတွင်အလွန်နူးညံ့ပျော့ပျောင်းပြီး ထောက်ထားကြင်နာတော်မူ” ကြောင်းဤပုံဥပမာနှစ်ခုအားဖြင့် ယေရှုတင်ပြတော်မူခဲ့သည်။—ယာကုပ် ၅:၁၁၊ ကဘ၊ အောက်ခြေမှတ်ချက်။
၂၃။ ကိုယ်နှင့်စပ်ဆိုင်သောသူစိတ်ဓာတ်ရှိ ရှမာရိလူအကြောင်း ယေရှု၏ပုံဥပမာမှ ကျွန်ုပ်တို့မည်သည့်သင်ခန်းစာရရှိသနည်း။
၂၃ စပလက်ဂ်ခနီးဇိုမိုင်း ကို သာဓကအဖြစ်သုံးသော တတိယပုံဥပမာမှာ လုယက်ခံရပြီး သေလုမြောပါးအခြေအနေသို့ ရောက်နေသော ဂျူးလူမျိုးတစ်ဦးအပေါ် “သနားသည့်စိတ်လှုံ့ဆော်ခံရ” သော ထောက်ထားကြင်နာတတ်သည့် ရှမာရိလူမျိုးတစ်ဦးနှင့်ပတ်သက်၍ ဖြစ်သည်။ (လုကာ ၁၀:၃၃၊ ကဘ) ဤခံစားချက်ကို တုံ့ပြန်လုပ်ဆောင်သောအားဖြင့် ရှမာရိလူသည် သူစိမ်းအား အစွမ်းကုန်အကူအညီပေးခဲ့သည်။ ယင်းက စစ်မှန်သောခရစ်ယာန်များသည် နူးညံ့ခြင်းနှင့် ထောက်ထားကြင်နာခြင်းတို့တွင် မိမိတို့၏ပုံသက်သေကိုလိုက်လျှောက်ရန် ယေဟောဝါနှင့်ယေရှုတို့က မျှော်လင့်ကြောင်းကို သရုပ်ဖော်သည်။ ယင်းကိုကျွန်ုပ်တို့လုပ်နိုင်သည့်နည်းအချို့အား နောက်ဆောင်းပါးတွင် ဆွေးနွေးထားသည်။
ပြန်လည်စစ်ဆေးရန်မေးခွန်းများ
◻ ကရုဏာရှိခြင်းကား မည်သည့်အဓိပ္ပာယ်ရှိသနည်း။
◻ ယေဟောဝါသည် မိမိ၏နာမတော်ကို မည်သို့ထောက်ထားမှုတင်ပြသနည်း။
◻ အကြီးမားဆုံးသော ထောက်ထားကြင်နာမှုတင်ပြခြင်းကား အဘယ်နည်း။
◻ ယေရှုသည် ထင်ရှားသောမည်သည့်နည်းဖြင့် မိမိခမည်းတော်၏ဥပဓိရုပ်ကို ထင်ဟပ်ပြသနည်း။
◻ ယေရှု၏ ထောက်ထားကြင်နာစွာလုပ်ဆောင်ချက်များနှင့် ကိုယ်တော့်ပုံဥပမာများမှ မည်သည့်အရာကို ကျွန်ုပ်တို့သင်ယူရရှိသနည်း။
[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်]
“နူးညံ့သည့်မေတ္တာပါစောင့်ရှောက်မှု” အတွက် ပီပြင်သည့်အသုံးအနှုန်း
“အိုငါ၏အအူများ၊ ငါ၏အအူများ!” ဟု ပရောဖက်ယေရမိအော်ဟစ်ခဲ့သည်။ သူစားမိသည့်မကောင်းသောအရာတစ်ခုခုကြောင့် ဝမ်းတွင်း၌ဝေဒနာဖြစ်၍ ညည်းတွားနေခြင်းလော။ မဟုတ်ပါ။ ယုဒနိုင်ငံအပေါ်ကျရောက်မည့် ဘေးဒုက္ခနှင့်ပတ်သက်၍ မိမိ၏အလွန်အမင်းစိုးရိမ်ပူပန်မှုကို ဖော်ပြရန် ဟေဗြဲဥပစာကို ယေရမိအသုံးပြုနေခြင်းဖြစ်သည်။—ယေရမိ ၄:၁၉၊ ကဘ။
ယေဟောဝါဘုရားသခင်သည် နက်ရှိုင်းသည့်ခံစားမှုရှိသည်ဖြစ်ရာ “အူများ” အတွက် ဟေဗြဲစကားလုံး (မယ်အင်းမ်) သည် ကိုယ်တော်၏နူးညံ့သောစိတ်ခံစားချက်များကို ဖော်ပြရန်အတွက်လည်း အသုံးပြုသည်။ ဥပမာ၊ ယေရမိခေတ်မတိုင်မီ ဆယ်စုနှစ်များစွာက ဣသရေလဆယ်နွယ်နိုင်ငံသည် အာရှုရိမင်း၏သုံ့ပန်းများအဖြစ် ဖမ်းဆီးသွားခြင်းခံရကြသည်။ သူတို့၏သစ္စာမဲ့မှုအတွက် ဒဏ်ခတ်သည့်အနေနှင့် ယင်းကိုယေဟောဝါခွင့်ပြုခဲ့ခြင်းဖြစ်သည်။ သို့သော် ဘုရားသခင်သည် သူတို့အား ပြည်နှင်ခံရသည့်ဘဝတွင် ပစ်ထားသလော။ မပစ်ထားပါ။ မိမိနှင့်ပဋိညာဉ်ဖွဲ့ထားသူများ၏ အစိတ်အပိုင်းအနေနှင့် ကိုယ်တော်သည် သူတို့ကို စွဲစွဲလမ်းလမ်းတွယ်တာတော်မူဆဲဖြစ်သည်။ ကျော်ကြားသောအနွယ်ဖြစ်သည့် ဧဖရိမ်၏အမည်အားဖြင့် သူတို့အားရည်ညွှန်း၍ ယေဟောဝါ ဤသို့မေးမြန်းခဲ့သည်– “ဧဖရိမ်သည် ငါ၏ချစ်သားဖြစ်သလော။ ချစ်ဖွယ်သောသူငယ်ဖြစ်သလော။ သူ၏အကြောင်းကို ငါပြောလေရာရာ၌ ငါသည်အလွန်တရာအောက်မေ့လျက်နေ၏။ ထို့ကြောင့်ငါသည် သူ့အတွက် စိတ်ကြင်နာခြင်း [ငါ၏အအူများယောက်ယက်ခတ်ခြင်း၊ ကဘ] ရှိ၏။ အကယ်စင်စစ် သူ့ကိုငါကယ်မသနားမည်။”—ယေရမိ ၃၁:၂၀။
“ငါ၏အအူများယောက်ယက်ခတ်ခြင်းရှိသည်” ဟုဆိုခြင်းအားဖြင့် ယေဟောဝါသည် ပြည်နှင်ခံရသည့်မိမိ၏လူများအပေါ် နက်ရှိုင်းစွာခံစားရသည့်တွယ်တာမှုရှိကြောင်း ဖော်ပြရန် ပုံဆောင်အသုံးအနှုန်းကို သုံးခြင်းဖြစ်သည်။ ဤအခန်းငယ်နှင့်ပတ်သက်၍ ၁၉ ရာစုကျမ်းပညာရှင် အီး. ဟယ်န်ဒါဆင်က သူ၏မှတ်ချက်ကို ဤသို့ရေးသားခဲ့သည်– “အိမ်ပြန်လာသည့် အသုံးအဖြုန်းကြီးသောသားအပေါ် နှလုံးထိမိဖွယ်ကောင်းလှသည့် မိဘတစ်ဦး၏နူးညံ့ကြင်နာသည့်ခံစားချက်ကို တင်ပြခြင်းထက် မည်သည့်အရာကမျှမသာနိုင်ပါ။ ယင်းကို ယေဟောဝါတင်ပြတော်မူခဲ့သည်။ . . .[ဧဖရိမ်လူမျိုး] အား ဆန့်ကျင်ပြောဆိုပြီး သူတို့ကိုဒဏ်ခတ်သော်လည်း . . . သူတို့ကို ကိုယ်တော်ဘယ်တော့မျှမမေ့ပါ၊ ယင်းနှင့်ဆန့်ကျင်လျက် သူတို့၏အခြေအနေလုံးလုံးပြန်ကောင်းမွန်လာခြင်းကို မျှော်မှန်းတမ်းတရခြင်းတွင် ပျော်မွေ့တော်မူသည်။”
ခရစ်ယာန်ဂရိကျမ်းစာတွင်လည်း “အူများ” အတွက်ဂရိဝေါဟာရကို အလားတူအသုံးပြုထားသည်။ စာသားအတိုင်း အသုံးပြုထားခြင်းမဟုတ်စေကာမူ တမန်တော် ၁:၁၈ တွင်ကဲ့သို့ တွယ်တာမှု သို့မဟုတ် ထောက်ထားကြင်နာမှုဆိုင်ရာ နူးညံ့သည့်ခံစားချက်ကို ယင်းကရည်ညွှန်းဖော်ပြသည်။ (ဖိလေမုန် ၁၂) တစ်ခါတစ်ရံ ထိုဝေါဟာရသည် “ကောင်းသော” သို့မဟုတ် “ကောင်းမွန်သော” အဓိပ္ပာယ်ရသည့် ဂရိစကားနှင့်ပေါင်းထားသည်။ တမန်တော်ပေါလုနှင့်ပေတရုတို့က ခရစ်ယာန်များအား ‘နူးညံ့စွာထောက်ထားကြင်နာရန်’ အားပေးတိုက်တွန်းစဉ်က ပေါင်းစပ်အသုံးအနှုန်းကို သုံးခဲ့ကြပြီး ယင်းသည် စာသားအရ “သနားကြင်နာရန် ကောင်းမွန်သည့်စိတ်ထားရှိပါ” ဖြစ်သည်။ (ဧဖက် ၄:၃၂; ၁ ပေတရု ၃:၈) “အူများ” ဟူသောဂရိဝေါဟာရသည် ပိုလ်လီ ဟူသောဂရိဝေါဟာရဖြင့်လည်း ပေါင်းစပ်နိုင်သေးသည်။ ထိုပေါင်းစပ်ထားသောဝေါဟာရသည် စာသားအရ “အူများစွာရှိခြင်း” ဟု အဓိပ္ပာယ်ရသည်။ အလွန်ရှားပါးသည့် ဤဂရိအသုံးအနှုန်းကို သမ္မာကျမ်းစာတွင် တစ်ကြိမ်သာအသုံးပြုထားပြီး ယင်းက ယေဟောဝါဘုရားသခင်ကို ရည်ညွှန်းသည်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်း က ဤသို့ပြန်ဆိုသည်– “ယေဟောဝါသည် ချစ်ခင်တွယ်တာခြင်းအရာတွင် အလွန်နူးညံ့တော်မူသည်။”—ယာကုပ် ၅:၁၁။
စကြဝဠာတွင် တန်ခိုးအကြီးဆုံးဖြစ်တော်မူသော ယေဟောဝါဘုရားသခင်သည် ထောက်ထားကြင်နာမှုမရှိသော လူများတီထွင်ထားသည့် ရက်စက်သောဘုရားများနှင့် လုံးဝမတူခြင်းအတွက် ကျွန်ုပ်တို့မည်မျှကျေးဇူးတင်သင့်ပါသည်တကား! ‘နူးညံ့စွာထောက်ထားကြင်နာသော’ မိမိတို့၏ဘုရားသခင်ကို တုပသောအားဖြင့် ခရစ်ယာန်စစ်များသည် တစ်ဦးနှင့်တစ်ဦးဆက်ဆံရာတွင် အလားတူကျင့်ကြံရန် လှုံဆော်ခံကြရသည်။—ဧဖက် ၅:၁။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ဘုရားသခင့်ထောက်ထားကြင်နာမှုသည် အတိုင်းအတာကုန်ဆုံးသွားသောအခါ ဗာဗုလုန်လူမျိုးတို့က လမ်းလွှဲသည့်မိမိ၏လူမျိုးအား တိုက်ခိုက်အောင်မြင်ရန် ယေဟောဝါခွင့်ပြုခဲ့သည်
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
ချစ်တော်မူသောသားတော်သေဆုံးခြင်းကို ကြည့်နေရခြင်းသည် မည်သူမဆိုကြုံဖူးသည့် နာကျင်မှုထက်သာ၍ကြီးမားသောနာကျင်မှုကို ယေဟောဝါအားခံစားရစေသည်
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ယေရှုသည် ခမည်းတော်၏ ထောက်ထားကြင်နာတတ်သည့်ဥပဓိရုပ်ကို အပြည့်အဝထင်ဟပ်ပြသည်