သင့်ယုံကြည်ခြင်းနှင့် ဝိညာဏကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်လော့
“ငါ့ထံမှ ကြားနာရသည့် ကျန်းခံ့ရေးတရားပုံစုံကို ခရစ်တော်ယေရှု၌တည်သော ယုံကြည်ခြင်းနှင့်ချစ်ခြင်းအားဖြင့် စွဲမြဲလော့။”—၂ တိမောသေ ၁:၁၃။
၁။ ကိုယ်ကာယကျန်းမာခြင်းသည် ထိန်းသိမ်းစောင့်ရှောက်အပ်သော အဖိုးတန်ပိုင်ဆိုင်မှုတစ်မျိုး အဘယ်ကြောင့်ဖြစ်သနည်း။
ကို ယ်ကာယကျန်းမာရေးကောင်းခြင်းသည် အလွန်အဖိုးတန်သောပိုင်ဆိုင်မှုတစ်မျိုးဖြစ်သည်။ ကျန်းမာနေလျှင် အမျိုးမျိုးလုပ်ဆောင်နိုင်ပြီး ဘဝကိုလည်းပို၍ ပျော်မွေ့ခံစားနိုင်သည်။ သို့သော် နာတာရှည်ရောဂါဖြစ်နေလျှင်၊ မစွမ်းမသန်ဖြစ်နေလျှင်မူကား ဘဝသည်ပို၍ခက်ခဲပင်ပန်းလာသည်။ ထိုကြောင့် ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ ဆိုဖွယ်မရှိ။ လူများစွာတို့သည် မိမိတို့၏ကျန်းမာရေးကို လျစ်လျူရှုကြသည်။ သို့မဟုတ် ကျန်းမာရေးထိခိုက်သောအရာများကိုပြုလုပ်ကြသည်။ သို့သော် မိမိတို့ကိုယ်ကို ဂရုစိုက်စောင့်ရှောက်သူတို့သည် များသောအားဖြင့် သူတို့ဘဝအသက်တာတွင် အတော်အတန် ကျန်းမာသန်စွမ်းကြသည်။
၂။ (က) ဝိညာဏကျန်းမာရေးသည် ကာယကျန်းမာရေးထက် အဘယ်ကြောင့်ပို၍အဖိုးတန်သနည်း။ (ခ) ယုံကြည်ခြင်းကျန်းမာရန် ဘာလိုအပ်သနည်း။
၂ ဝိညာဏကျန်းမာရေးသည် ကိုယ်ကာယကျန်းမာရေးထက် များစွာသာ၍အရေးကြီးပေသည်။ အကောင်းဆုံးကာယကျန်းမာမှုရှိရုံနှင့် ဘုရားသခင်ထံမှ ထာဝရအသက်ဆုကို မရရှိစေနိုင်ပေ။ ကောင်းမွန်သော ဝိညာဏကျန်းမာရေးမှာ မှန်သောအသိပညာပေါ်အခြေခံသည့် စင်ကြယ်သောကိုးကွယ်မှုနှင့် ယုံကြည်ခြင်းမှရရှိအပ်သောအရာဖြစ်သည်။ (ယောဟန် ၁၇:၃။ ဟေဗြဲ ၁၁:၆။ ယာကုပ် ၁:၂၇) တမန်တော်ပေါလု ဤသို့မှာကြား၏။ “အသက်ကြီးသောယောက်ျားတို့သည် သတိရှိသူ၊ ရိုသေဖွယ်သူ၊ ဣန္ဒြေစောင့်သူ၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ တည်ကြည်ခြင်းများနှင့် စပ်လျဉ်း၍ ကျန်းခံ့သူများဖြစ်ကြရမည်။” (တိတု ၂:၂) ယုံကြည်ခြင်း၌ကျန်းခံ့လိုသူသည် အပတ်တကုတ်လုံ့လထုတ်၍ အစဉ်သဖြင့်နိုးနိုးကြားကြားရှိရကြမည်။ ကြံ့ခိုင်သောဝိညာဏကျန်းမာရေးကို ခြိမ်းခြောက်သည့်ဘေးအန္တရာယ်များသည် ကိုယ်တွင်းမှလည်းကောင်း၊ ပြင်ပမှလည်းကောင်း ရောက်လာတတ်သည်။ မမာမကျန်းဖြစ်နေသော ဤလောကကြီးတွင် ယုံကြည်ခြင်းနှင့် ဝိညာဏကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်လိုပါက ၄င်းခြိမ်းခြောက်မှုများကို သတိထားရပေမည်။
ဤလောက မည်မျှမမာမကျန်းဖြစ်နေသနည်း
၃၊ ၄။ ဤလောကနှင့် လူတို့၏ပြုမူကျင့်ကြံမှုတို့၌ စာရိတ္တမကျန်းမာမှု မည်သို့ထင်ဟပ်လျက်ရှိသနည်း။
၃ ဤလောကကြီးသည် အကျင့်စာရိတ္တဘက်တွင် အလွန်မမာမကျန်းဖြစ်နေသည်မှာ ယုံမှားဖွယ်မရှိပေ။ ဤလောက၏ “အင်္ဂါအစိတ်အပိုင်းများ” ဖြစ်သော ဘာသာရေး၊ နိုင်ငံရေးစနစ်၊ စီးပွားရေးအဖွဲ့အစည်းနှင့် ဖျော်ဖြေမှုကဏ္ဍအားလုံးတို့၌ သေစေတတ်သောရောဂါကိုတွေ့ရသည်။ ဘုရားသခင်ကိုလည်းကောင်း၊ လူသားတို့၏ကောင်းကျိုးအတွက် ကိုယ်တော်ပေးတော်မူသည့် တရားများကိုလည်းကောင်း ရိုသေလေးစားသူနည်းလှသည်။ သမိုင်းသာဓကအရ စာရိတ္တပျက်ပြားခြင်းကြောင့် ကိုယ်ကာယရောဂါဝေဒနာများ မလွဲမသွေ တွေ့ကြုံရသည်။ ထူးဆန်းသည်မှာ အများသောသူတို့သည် ဤရောဂါစွဲနေသော စာရိတ္တအခြေအနေကို ကုစားရန်အတွက် ဘာမျှမပြုလုပ်လိုကြခြင်းဖြစ်သည်။ ယင်းအခြေအနေကိုဖြစ်ပေါ်စေသောအရာများကို သူတို့နှစ်သက်ကြသောကြောင့်ဖြစ်သည်။
၄ ဤလောကသည် မည်မျှ မမာမကျန်းဖြစ်နေသည်တကား။ လူအများသည် စိတ်တက်ကြွစေရန်လည်းကောင်း၊ ဘဝမှန်ကို တိမ်းရှောင်ရန်လည်းကောင်း သေရည်သေရက်နှင့် မူးယစ်ဆေးဝါး အလွဲသုံးခြင်းအားဖြင့် မိမိတို့၏ဘဝကို ဖျက်ဆီးပစ်ခဲ့ကြသည်။ နေရာတိုင်း၌ အဓမ္မမှုများပြည့်နက်နေသည်။ အသက်၏တန်ဖိုး ကျလာသည်။ အကျဉ်းထောင်များလည်း ရာဇဝတ်သားနှင့် ပြည့်လျှံလျက်ရှိသည်။ နိုင်ငံများစွာ၌ လက်ထပ်ထိမ်းမြားသူ တစ်ဝက်သည် ကွာရှင်းခြင်းဖြင့် အဆုံးသတ်ခဲ့ကြသည်။ မိဘတို့၏ အုပ်ထိန်းမှုကောင်းစွာမခံရသောကလေးသူငယ်တို့သည် ရာဇဝတ်ပြစ်မှုကျူးလွန်သူများအဖြစ် ကြီးပြင်းလာကြသည်။ လိင်သီလပျက်ပြားမှု ရေပန်းစားလာသောကြောင့် အေအိုင်ဒီအက်စ်ရောဂါနှင့် လိင်ဆက်ဆံရာမှ ကူးစက်သော အခြားရောဂါများသည် တောမီးပမာပြန့်ပွားခဲ့သည်။
၅။ ရှေးယုဒနိုင်ငံ၌ရှိသော အခြေအနေကို ဟေရှာယမည်သို့ရုပ်လုံးဖေါ်ရေးသားခဲ့သနည်း။
၅ ထင်ရာစိုင်းသော ယုဒလူမျိုးနှင့်ပတ်သက်၍ အောက်ပါအတိုင်းကြေညာရန် ဟေရှာယအားဘုရားသခင်မှုတ်သွင်းတော်မူသည့်စကားအတိုင်း ဤမမာမကျန်းသောလောကကို ကိုယ်တော်မိန့်တော်မူနိုင်သည်။ “ဆိုးယုတ်သောအမျိုး၊ ဒုစရိုက်ဝန်ကိုထမ်းရွက်သောလူစု၊ မတရားသဖြင့်ပြုသောအနွယ်၊ ဖောက်ပြန်သောသားသမီးပါတကား။ ယေဟောဝါကိုစွန့်ကြပြီ။ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကို မရိုမသေပြု၍ ပယ်ကြပြီ။ ကျောခိုင်း၍ ခွါသွားကြပြီ။ သူတို့ကို အဘယ်သို့ဒဏ်ပေးရဦးမည်နည်း။ အဘယ်သို့ ထပ်၍ဆုံးမရဦးမည်နည်း။ ဦးခေါင်းသည် အနာသက်သက်ရှိ၏။ နှလုံးသည်လည်း ခွန်အားအလျှင်းမရှိ။ ခြေဖဝါးမှသည် ဦးခေါင်းတိုင်အောင် ကျန်းမာခြင်းမရှိ။”—ဟေရှာယ ၁:၄-၆။
၆။ ရှေးယုဒနိုင်ငံနှင့် ကျွန်ုပ်တို့ကာလ၌ ကောင်းမှုပြုရန်သင်ကြလော့ဟူသော ယေဟောဝါ၏မေတ္တာရပ်ခံချက်ကို မည်သို့တုံ့ပြန်ကြသနည်း။
၆ နောင်တရ၍ “ကောင်းသောအကျင့်ကိုကျင့်အံ့သောငှာ သင်ကြလော့” ဟူသော ယေဟောဝါ၏မေတ္တာရပ်ခံချက်ကို ယုဒလူမျိုးနားမထောင်ခဲ့ချေ။ (ဟေရှာယ ၁:၁၆-၂၀) ယင်းအတွက်ကြောင့် ယေရုရှလင်မြို့ပျက်စီးရပြီး၊ ယုဒလူမျိုးများ ဗာဗုလုန်ပြည်တွင် သုံ့ပန်းခံရခြင်းဖြစ်သည်။ သစ္စာရှိသူအနည်းငယ်မျှသာ မမာမကျန်းသောလူမျိုးတွင် ဘုရားသခင့်ကောင်းချီးမင်္ဂလာနှင့် ကာကွယ်စောင့်ရှောက်ခြင်းခံခဲ့ရသည်။ ယခုကာလ၌လည်း ဦးခေါင်းမှ ခြေဖဝါးတိုင်အောင် မကျန်းမမာဖြစ်နေသော လောကကြီးတွင် ကောင်းသောအကျင့်ကိုကျင့်ရန် သင်ကြားလိုသောသူအနည်းငယ်မျှသာရှိသည်။ ယေဟောဝါ၏ ဤသစ္စာရှိအစေခံများသည် ယခုအချိန်၌ ယုံကြည်ခြင်းနှင့်ဝိညာဏကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် အားကြိုးမာန်တက်ကြိုးစားကြသည်။ ဘုရားသခင့်ကတိထားရာ ကမ္ဘာသစ်တွင် စုံလင်သောကိုယ်ကာယကျန်းမာရေးနှင့် ထာဝရအသက်ရရှိရေးမျှော်လင့်ချက်ဖြင့် ထိုသို့ကြိုးစားနေကြသည်။—၂ ပေတရု ၃:၁၃။ ဗျာဒိတ် ၂၁:၁-၄။
မမာချာသောလောကကြီးအတွင်းမှ ဝိညာဏအန္တရာယ်များ
၇။ (က) ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့် ဝိညာဏကျန်းမာခြင်းကို အဘယ်အန္တရာယ်များက ဘေးပြုနေသနည်း။ (ခ) ဝိညာဏကျန်းမာခြင်းကို အန္တရာယ်ပြုနေသောအဓိကအကြောင်းသုံးရပ်ကို ကိုင်တွယ်ပုံအကြောင်း ကျမ်းစာမည်သို့ဆိုထားသနည်း။
၇ ဤလောက၏စာရိတ္တဖျားနာမှုသည် အလွန်ကူးစက်မြန်သောကြောင့် ယုံကြည်ခြင်းနှင့်ဝိညာဏကျန်းမာမှုထိန်းသိမ်းစောင့်ရှောက်ရသည်မှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ ခရစ်ယာန်တို့သည် မိမိတို့၏မွေးရာပါ မစုံလင်မှုကိုလည်း ခုခံတွန်းလှန်ရကြသည်။ (ရောမ ၇:၂၁-၂၅) ထို့ပြင် ‘ဤလောက၏မင်း’ စာတန်သည် အသွေးအသားအားနည်းမှုကိုသိရှိသည်သာမက စုံစမ်းသွေးဆောင်မှုဖက်တွင် တစ်ဖက်ကမ်းခပ်အောင်တော်သူဖြစ်သည်။ (ယောဟန် ၁၄:၃၀။ ၁ ယောဟန် ၅:၁၉) ယုံကြည်ခြင်းနှင့် ဝိညာဏကျန်းမာရေးကို ခြိမ်းခြောက်နေသည့် အသွေးအသား၊ လောကနှင့် မာရ်နတ်တည်းဟူသော ဤအဓိကအန္တရာယ်သုံးရပ်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ သို့ရာတွင် ဤလောကအတွင်း နေထိုင်သော်လည်း “လောကနှင့်မစပ်ဆိုင်” ပဲနေ၍ရသည်။ ကျွန်ုပ်တို့သည် ‘ဘုရားသခင့်ဝိညာဉ်တော်အားဖြင့် လိုက်လျှောက်၍ ရုပ်ခန္ဓာတပ်မက်ခြင်းအလိုသို့မလိုက်ဘဲနေ’ နိုင်သည်။ ဘုရားသခင့်အကူအညီအားဖြင့်လည်း “မာရ်နတ်၏ပရိယာယ်တို့ကို ဆီးတားနိုင်” သည်။ (ယောဟန် ၁၇:၁၅၊ ၁၆။ ဂလာတိ ၅:၁၆။ ဧဖက် ၆:၁၁။ ၂ ကောရိန္သု ၂:၁၁) သို့သော် ယုံကြည်ခြင်းနှင့် ဝိညာဏကျန်းမာရေးကို အန္တရာယ်ပြုနေသော ထိုအဓိကအရင်းခံအချက်သုံးရပ်ကို မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း ယခုစဉ်းစားသုံးသပ်ကြပါစို့။
၈။ ဝိညာဏကျန်းမာရေးနှင့် ဖီလာဆန့်ကျင်သော ကိုယ်တွင်းရှိ စွမ်းအားအကြောင်း ယေရှုမည်သို့သရုပ်ဖေါ်တင်ပြတော်မူသနည်း။
၈ ကျွန်ုပ်တို့၏မစုံလင်သောလူ့ပင်ကိုယ်စရိုက်တွင် အပြစ်၌လမ်းဆုံးစေနိုင်သည့်စွမ်းအားနှင့် ဝိညာဏဖျားနာစေနိုင်သည့်စွမ်းအားရှိသည်။ (ယာကုပ် ၁:၁၄၊ ၁၅) အထူးသဖြင့် ပုံဆောင်ရာနှလုံး၌ ပို၍မှန်ကန်သည်။ ယေရှုဤသို့မိန့်တော်မူ၏။ “လူအတွင်း နှလုံးထဲက မကောင်းသောကြံစည်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ လူအသက်ကိုသတ်ခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစူခြင်း၊ သူ့အသရေကိုဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း၊ ဤဆိုးညစ်သောအရာများတို့သည် အတွင်းမှထွက်လာ၍ လူကိုညစ်ညူးစေကြသည်။”—မာကု ၇:၂၁-၂၃။
၉။ (က) ပုံဆောင်ရာနှလုံးသားတွင် အဘယ်အလိုဆန္ဒများ အမြစ်တွယ်နေသနည်း။ (ခ) သု၊ ၄:၂၀-၂၃ အရ နှလုံးကို အဘယ်သို့စောင့်ရှောက်ကာကွယ်နိုင်သနည်း။
၉ နှလုံးသည် မကောင်းသောတပ်မက်ခြင်းတို့၏ ဇာစ်မြစ်ဖြစ်စေကာမူ ဘုရားတရားရှိသူများ၌မူကား ယင်းသည်ယေဟောဝါအားကြည်ညိုခြင်းနှင့် မှန်ကန်ရာကိုချစ်ခြင်းတို့၏တည်နေရာလည်းဖြစ်ပေသည်။ (မဿဲ ၂၂:၃၇။ ဧဖက် ၄:၂၀-၂၄) ကျွန်ုပ်တို့ကိစ္စ၌ အကောင်းနှင့်အဆိုး မည်သည့်အရာကြီးစိုးမည်ဆိုသည်မှာ နှလုံးထဲသို့သွင်းသည့်အရာများပေါ်မူတည်သည်။ ဘုရားသခင့်နှုတ်ကပတ်တော်က ဤသို့သြဝါဒပေးထား၏။ “ငါ့သား၊ ငါ့စကားကိုနားထောင်လော့။ ငါ့ဟောပြောချက်တို့ကို နားသွင်းလော့။ သင့်မျက်မှောက်မှ မကွာစေနှင့်။ နှလုံးတွင်း၌ စောင့်ထားလော့။ အကြောင်းမူကား၊ ထိုတရားစကားကို တွေ့ရသောသူတို့သည် အသက်ရှင်ခြင်း၊ တစ်ကိုယ်လုံးကျန်းမာခြင်းအကြောင်းကိုတွေ့ရပြီ။ နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့် သင်၏နှလုံးကို အထူးသဖြင့်စောင့်ရှောက်လော့။”—သု၊ ၄:၂၀-၂၃။
၁၀။ ဇာတိပကတိအားနည်းခြင်းက ကျွန်ုပ်တို့၏စိတ်လှုပ်ရှားမှုနှင့် အလိုဆန္ဒတို့အပေါ် အဘယ်သို့သြဇာသက်ရောက်သနည်း။
၁၀ ကျွန်ုပ်တို့၏ရုပ်ခန္ဓာအားနည်းမှုတို့သည် စိတ်လှုပ်ရှားမှုနှင့် တပ်မက်မှုတို့အပေါ် ဩဇာညောင်းသည်။ တစ်ခါတစ်ရံ စိတ်ဓာတ်မကျသူ၊ စိတ်မတိုသူ၊ ဗွေမယူသူမည်သူရှိသနည်း။ ဤဇာတိသဘောတို့ကို ချက်ချင်းပြုပြင်မည်ဆိုပါက ဝိညာဏကျန်းမာရေးကို ထိန်းသိမ်းထားနိုင်ပေသည်။ သို့သော်လည်း မာန်မာနနှင့် ကြီးပွားလိုစိတ်သည် နှလုံးသားတွင် မြန်မြန်ဆန်ဆန်အမြစ်တွယ်တတ်လေသည်။ လောဘရမ္မက်မှစ၍ မီးကုန်ယမ်းကုန် ကာမဂုဏ်ခံစားလိုသောဆန္ဒနှင့် ဆူဆူညံညံသောက်စားပျော်ပါးခြင်းတို့အစားဝင်ရောက်လာနိုင်သည်။ ဘုရားသခင်ဖန်ဆင်းထားပုံအရ ဓမ္မတာကျသောလိင်ဆန္ဒသည်လည်း လမ်းလွဲစေရန်လှည့်စားတတ်သည်။ ထိုသို့သောဝိညာဏဖျားနာမှုမဖြစ်ရလေအောင် နေ့စဉ်အသက်တာတွင် ဘုရားသခင့်ဝိညာဉ်တော်အသီးများ သီးပွင့်ရန်လိုအပ်သည့်ပြင် “ဆိုးညစ်သောအမှုကို စက်ဆုပ်ရွံရှာ” ၍ “ကောင်းမွန်သောအမှု၌ မှီဝဲဆည်းကပ်” ရန် မိမိတို့ကိုယ်ကိုလေ့ကျင့်ပေးဖို့အတွက်လည်းလိုအပ်သည်။—ရောမ ၁၂:၉။ ဂလာတိ ၅:၂၂၊ ၂၃။
ဝိညာဏရောဂါဖြစ်ပွားစေသော ပြင်ပအကြောင်းရင်းများ
၁၁။ (က) အဘယ်လောကီစိတ်သဘောထားများနှင့် ပြုမူကျင့်ကြံမှုတို့သည် အလွန်ကူးစက်မြန်သနည်း။ (ခ) ယေရှု၏အလိုအရ အဘယ်ကဏ္ဍတွင် ကျွန်ုပ်တို့၏နှလုံးကို ဂရုစိုက်စောင့်ရှောက်အပ်သနည်း။
၁၁ ပြင်ပအကြောင်းရင်းများမှလည်း ဝိညာဏရောဂါကူးစက်မှုဖြစ်ပွားတတ်သည်။ ဝိညာဉ်ရေးတွင်သေနေသူတို့ထံမှ ပြန့်ပွားကူးစက်လာနိုင်သည်။ (ဧဖက် ၂:၁-၃) သူတို့နှင့်အလွန်ရင်းရင်းနှီးနှီးနေလျှင် သူတို့၏စိတ်နေသဘောထားနှင့် ဘဝပုံစံအလိုလိုကူးစက်လာနိုင်သည်။ လောက၌ ထွန်းပေါက်လိုခြင်း၊ ငွေကိုတပ်မက်ခြင်း၊ အကောင်းဆုံးစည်းစိမ်ဥစ္စာခံစားခြင်းနှင့် ပျော်ရွှင်ချမ်းမြေ့စွာနေခြင်းတို့သည် လောကီသားတို့၏ဘဝအသက်တာ၌ မဟာအရေးကိစ္စများဖြစ်ပေသည်။ ထိုအရာများကို တပ်မက်ခြင်းသည် အလွန်ကူးစက်မြန်ဆန်သဖြင့် အနည်းအကျဉ်းလိုက်စားမိလျှင်ပင် ဝိညာဉ်ရေးထိုင်းမှိုင်းသွားစေနိုင်သည်။ ယေရှုဤသို့သတိပေးဆုံးမတော်မူ၏။ “သင်တို့သည် ကိုယ့်ကိုယ်ကိုသတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင် ထိုနေ့ရက်သည် အမှတ်တမဲ့သင်တို့နှင့်တွေ့ကြုံလိမ့်မည်။ ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို့မြေတစ်ပြင်လုံး၌နေသော လူအပေါင်းတို့ကို အုပ်မိလိမ့်မည်။”—လုကာ ၂၁:၃၄၊ ၃၅။
၁၂။ မှားယွင်းသောအယူများနှင့် သွန်သင်ချက်များသည် ဝိညာဏကျန်းမာရေးအတွက် အဘယ်သို့အန္တရာယ်ပြုနိုင်သနည်း။
၁၂ ဤလောက၏မှားယွင်းသောအယူအဆများနှင့် သွန်သင်ချက်များကလည်း ရောဂါရစေနိုင်သည်။ ပေါလုဤသို့သတိပေးခဲ့၏။ “ကျန်းခံ့ရေးဒေသနာကို မနာခံလိုဘဲ ယားသောနားရှိလျက် ကိုယ့်သဘောအတိုင်းများပြားသောဆရာတို့ကိုရှာပြီးလျှင် သမ္မာတရားမှနားလွှဲလျက်၊ ပုံဝတ္တုများသို့လွှဲသွားကြသောကာလရောက်တော့မည်။” (၂ တိမောသေ ၄:၃၊ ၄၊ သမ) မှားယွင်းသောသွန်သင်ချက်များသည် ခူနာနှင့်တူသည်။ (၂ တိမောသေ ၂:၁၆၊ ၁၇) ခူနာစွဲလျှင် အသက်သွေးကြောများ ပြတ်တောက်သွားသောကြောင့် ထိုအပိုင်းရှိအသားများ ပုပ်ရိတတ်သည်။
၁၃။ ခူနာကဲ့သို့ ဝိညာဉ်ရေးဖျားနာလာလျှင် အဘယ်သို့ပြုသင့်သနည်း။
၁၃ ခူနာသည် အလွန်ပြန့်ပွားလွယ်လှသည်။ အသက်အန္တရာယ်မှကာကွယ်ရန်အတွက် ဆရာဝန်သည် ထိုအပိုင်းကိုဖြတ်ပစ်ရကောင်းဖြတ်ပစ်ရသည်။ ထိုကြောင့် သံသယစိတ်ညည်းညူမြည်တမ်းမှုသို့မဟုတ် အယူဖောက်ပြန်မှုသည် သင့်ဝိညာဉ်ရေးကိုအန္တရာယ်ပြုခြိမ်းခြောက်လာသည်ရှိသော် ထိုအရာတို့ကို အလျင်အမြန်ဖြတ်တောက်ပစ်ပါ။ (မဿဲ ၅:၂၉၊ ၃၀ နှင့်နှိုင်းယှဉ်ပါ။) အကြီးအကဲများထံမှ အကူအညီတောင်းယူပါ။ ‘ကျန်းခံ့ရေးတရားကို သဘောမကျ’ သဖြင့် ‘စကားအသုံးအနှုန်းနှင့်ပတ်သက်၍ စောဒကတက်ခြင်းနှင့် ဆွေးနွေးငြင်းခုံခြင်းများကြောင့် စိတ်မကျန်းမမာဖြစ်သူ’ ဟုပေါလုဖေါ်ပြသော လူစားမျိုးနှင့်မတူပါစေနှင့်။—၁ တိမောသေ ၆:၃၊ ၄၊ သမ။
၁၄။ အသင်းတော်၏ဝိညာဏကျန်းမာရေးကို ကာကွယ်စောင့်ရှောက်သည့်အနေနှင့် အကြီးအကဲများ အဘယ်သို့ပြုဖို့လိုကောင်းလိုမည်နည်း။
၁၄ အသင်းတော်၏ဝိညာဏကျန်းမာရေးကို ကာကွယ်ရန်အတွက် အကြီးအကဲများသည် “ကျန်းခံ့ရေးဒေသနာဖြင့် နှိုးဆော်သည်သာမက ငြင်းဆန်သူတို့ကိုဆုံးမ” ရကြသည်။ (တိတု ၁:၉၊ ၁၃၊ ၁၆၊ ၂:၁) ဤသို့ဖြင့် ထိုပုဂ္ဂိုလ်တို့သည် ဝိညာဉ်ရေးကျန်းမာသည့်အခြေအနေသို့ပြန်ရောက်ကောင်းရောက်နိုင်မည်။ (၂ တိမောသေ ၂:၂၃-၂၆) သို့ရာတွင် နောင်တမရဘဲ မှားယွင်းသောသွန်သင်ချက်ကို အားပေးထောက်ခံနေပါက မည်သို့ပြုရမည်နည်း။ သို့ဖြစ်လျှင် ကူးစက်မှုမဖြစ်ရအောင် သီးသန့်ထားရပေမည်။ သူတို့ကိုနှင်ထုတ်သည်။ ဝိညာဏရောဂါမကူးစက်ရအောင် ကျွန်ုပ်တို့သူတို့နှင့်ဝေးဝေးရှောင်ကြသည်။—ရောမ ၁၆:၁၇၊ ၁၈။ ၁ ကောရိန္သု ၅:၉-၁၃။ တိတု ၃:၉-၁၁။
၁၅။ ယေဟောဝါလူမျိုးတော်၏ ဝိညာဏကျန်းမာရေးပျက်ပြားစေရန် အားထုတ်ရာတွင် အဘယ်အဓိကနည်းနှစ်နည်းကို မာရ်နတ်အသုံးပြုခဲ့သနည်း။
၁၅ ယုံကြည်ခြင်းနှင့် ဝိညာဏကျန်းမာရေးကိုအန္တရာယ်ပြုသည့် တတိယအကြောင်းရင်းခံကား မာရ်နတ်ဖြစ်သည်။ (ဧဖက် ၆:၁၁၊ ၁၂) ကျွန်ုပ်တို့ခေတ်တိုင်အောင် မာရ်နတ်သည် လူအုပ်အကြမ်းဖက်ရမ်းကားမှု၊ ရိုက်နှက်မှု၊ ထောင်ချမှုနှင့်အသက်အန္တရာယ်ခြိမ်းခြောက်မှုတို့ပါဝင်သော နှိပ်စက်ညှဉ်းပန်းမှုအားဖြင့် ယေဟောဝါလူမျိုးတော်၏ယုံကြည်ခြင်းအားနည်းစေရန် အားထုတ်လာခဲ့သည်။ (ဗျာဒိတ် ၂:၁၀) ဘုရားသခင့်အစေခံတို့၏ သမာဓိကိုချိုးဖျက်ရန် အထက်ပါနည်းဗျူဟာများဖြင့် မအောင်မြင်သလောက်ဖြစ်သောကြောင့် စာတန်သည် အချို့သူတို့ကို ကျရှုံးစေရန်ရည်ရွယ်၍ ဤလောက၏ဆွဲဆောင်မှုတို့ကို အသုံးချလေသည်။ သူသည် လောက၏ဘုရားဖြစ်၏။—၂ ကောရိန္သု ၄:၄။ ၁၁:၃၊ ၁၄။
၁၆။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့် ဝိညာဏကျန်းမာခြင်းကို မာရ်နတ်တိုက်ခိုက်လာရာတွင် ခုခံတွန်းလှန်နိုင်ရန် အဘယ်အကာအကွယ်များရှိသနည်း။
၁၆ မာရ်နတ်တိုက်ခိုက်မှုကို မည်သို့ခုခံတွန်းလှန်နိုင်သနည်း။ ဘုရားသခင်ထံတော်မှ ချပ်ဝတ်တန်ဆာအားလုံးကို ဝတ်ဆင်ခြင်းအားဖြင့်ဖြစ်သည်။ အထူးသဖြင့် စာတန်ပစ်ခတ်သော မီးစက်လက်နက်ကို ‘ကာသတ်နိုင်သောယုံကြည်ခြင်းတည်းဟူသော လွှားကိုယူဆောင်’ ရမည်။ “အပြစ်သွေးဆောင်ရာသို့မလိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာမှ ကယ်နှုတ်တော်မူပါ” ဟူသော ယေရှု၏စကားများနှင့်အညီ ဆုတောင်းရမည်။ (ဧဖက် ၆:၁၁-၁၈။ မဿဲ ၆:၁၃) ထိုနည်းအတိုင်းဆုတောင်းပြီး၊ ဆုတောင်းသည့်အတိုင်းကျင့်မည်ဆိုပါက စာတန်၏မီးစက်လက်နက်အားလုံးကို ကာသတ်ရာတွင် ကောင်းကင်ခမည်းတော်၏မစမှုကို မျှော်လင့်နိုင်ပေသည်။
ယုံကြည်ခြင်း၌ ကျန်းမာအောင်နေခြင်း
၁၇။ ဝိညာဏကျန်းမာရေးထိန်းသိမ်းရာတွင် “အချိန်တန်အစာ” စားရန်နှင့် ခရစ်ယာန်လှုပ်ရှားမှုတွင် မှန်မှန်ပါဝင်ရန် မည်မျှအရေးကြီးသနည်း။
၁၇ ကာယကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ကြိုတင်ကာကွယ်ခြင်းသည် အရေးကြီးသောအချက်ဖြစ်သည်။ အာဟာရပြည့်ဝသောအစာ၊ သင့်တော်သောလေ့ကျင့်မှု၊ စိတ်နှင့်ခန္ဓာကိုဂရုစိုက်စောင့်ရှောက်ခြင်းတို့သည် အရေးပါသည်။ ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဓာတွင် ရောဂါခုခံသည့် သဘာဝစွမ်းအားသည် ပို၍အားကောင်းသည်။ အလားတူပင် ဝိညာဏကျန်းမာရေးထိန်းသိမ်းစောင့်ရှောက်ရာမှာလည်း ဘုရားသခင်ညွှန်ကြားသည့် ဓာတ်စာကိုမှီဝဲ၍ ‘သစ္စာနှင့်သတိပညာရှိသောကျွန်’ အားဖြင့်ပြင်ဆင်တော်မူသည့် အာဟာရပြည့်ဝသော ‘အချိန်တန်ဝိညာဉ်အစာ’ ကိုတန်ဖိုးထားလေးစားရန်အရေးကြီးသည်။ ဤလောက၏အကျိုးမရှိသောဝိညာဉ်အစာကို စွန့်ပစ်နိုင်ရန် သမ္မာကျမ်းစာနှင့် ခရစ်ယာန်စာပေများကို ဖတ်ရှုလေ့လာရမည်။ ဘုရားသခင့်လူမျိုးတော်နှင့် မှန်မှန်စည်းဝေးရမည်။ (မဿဲ ၂၄:၄၅-၄၇။ ဟေဗြဲ ၁၀:၂၄-၂၅) ဓမ္မအမှုတော်နှင့် အခြားခရစ်ယာန်လှုပ်ရှားမှုများ၌ ‘သခင်ဘုရား၏လုပ်ငန်းတော်တွင် အစဉ်အလုပ်များ’ နေရာမှရရှိသောလေ့ကျင့်ခန်းလည်းရှိဖို့လိုအပ်သည်။—၁ ကောရိန္သု ၁၅:၅၈။
၁၈။ “ကျန်းခံ့ရေးတရားစကားပုံစံ” ကား အဘယ်နည်း။ အဘယ်ကြောင့် ယင်းကိုစိတ်နှင့်နှလုံးတွင်စွဲမှတ်ထားရမည်နည်း။
၁၈ ယုံကြည်ခြင်းကျန်းမာစေရန် ဘုရားသခင်ပြင်ဆင်တော်မူသည့် ဝိညာဏအရာများကို အပြည့်အဝအသုံးချပါ။ ပေါလုက တိမောသေအားမှာကြားသည့်အတိုင်း “ငါ့ထံမှကြားနာရသည့် ကျန်းခံ့ရေးတရားပုံစံကို ခရစ်တော်ယေရှု၌တည်သော ယုံကြည်ခြင်းနှင့် ချစ်ခြင်းအားဖြင့် စွဲမြဲလော့။ သင်လွှဲအပ်ခံသောအရာမြတ်ကို ငါတို့၌တည်သော သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် စောင့်ထိန်းလော့။” (၂ တိမောသေ ၁:၁၃၊ ၁၄၊ သမ)ဘာသာစကားတစ်မျိုးစီ၌ စကားအသုံးအနှုန်းပုံစံတစ်မျိုးစီရှိကြသည်။ ထိုနည်းတူ ကျမ်းစာသမ္မာတရားဆိုင်ရာ “စင်ကြယ်သောဘာသာစကား” မှာလည်း နိုင်ငံတော်အားဖြင့်ယေဟောဝါ၏ဂုဏ်တော်သင်္ကာယနကင်းစင်စေမည်ဟူသောအချက်ပေါ် အဓိကအခြေခံသည့် ပုံစံတစ်မျိုးရှိပေသည်။ (ဇေဖနိ ၃:၉) ယုံကြည်ခြင်းနှင့် ဝိညာဏကျန်းမာရေးကို ထိန်းသိမ်းထားလိုက ဤကျန်းခံ့ရေးတရားပုံစံကို လိုက်ရမည်။ သို့မဟုတ်ပါက ကျွန်ုပ်တို့အတွက် အဓိပ္ပာယ်မဲ့သွားနိုင်သည်။ ဤအတိုင်း ကောရိန္သု အသင်းတော်၌ဖြစ်ပျက်ခဲ့သည်မှာ ထင်ရှားသည်။ နားလည်သဘောပေါက်မှုခေါင်းပါးခြင်းကြောင့် အချို့သည် “အားနည်းသောသူ၊ မကျန်းမာသောသူ” များဖြစ်ခဲ့ကြသည်။—၁ ကောရိန္သု ၁၁:၂၉-၃၂။
၁၉။ (က) ဝိညာဏဖျားနာလာလျှင် ဘာလုပ်ရမည်နည်း။ (ခ) လူတစ်ဦး ဝိညာဉ်ရေးဖျားနာသည်ရှိသော် အကြီးအကဲများ ဘာလုပ်ပေးနိုင်သနည်း။
၁၉ ဝိညာဉ်ရေးမကျန်းမမာဖြစ်လာခဲ့သော် မည်သို့ပြုသင့်သနည်း။ မေတ္တာပြည့်ဝသောအကူအညီကို ဧကန်မုချလိုအပ်လာသည်။ ထိုအကူအညီမျိုးရလည်း ရနိုင်သည်။ ယာကုပ်ဤသို့ဆိုထား၍ဖြစ်သည်။ “သင်တို့တွင် ဖျားနာသူရှိသလော။ အသင်းတော်အသက်ကြီးသူများအား ခေါ်ဖိတ်၍ ယေဟောဝါ၏နာမတော်ကိုအမှီပြုပြီး လူနာအတွက်ဆုတောင်းလျက် သူ့အားဆီဖြင့်လူးပေးကြစေ။” (ယာကုပ် ၅:၁၄၊ NW) မှန်ပါသည်။ အကြီးအကဲများအား အကူအညီတောင်းပါ။ သူတို့သည် ဝိညာဏသမားတော်များအနေနှင့် ဝိညာဏဖျားနာမှုအကြောင်းရင်းကိုသိမြင်အောင်ကူညီပေးနိုင်သည်။ အနာပျောက်ကင်းစေနိုင်သော ဘုရားသခင့်နှုတ်ကပတ်တော်ဆီကို ညင်ညင်သာသာနှင့် ထိထိရောက်ရောက်လူးပေးပေမည်။ အပြစ်ပြုမိသော်လည်း နောင်တရလျှင် ယေဟောဝါအမှန်ပင် အပြစ်လွှတ်တော်မူမည်ကို စိတ်ချယုံကြည်ပါ။ (ဆာလံ ၁၀၃:၈-၁၄) အကြီးအကဲများ သင်နှင့်အတူဆုတောင်းလျှင်သော်လည်းကောင်း၊ သင့်အတွက်ဆုတောင်းပေးလျှင်သော်လည်းကောင်း အဘယ်အကျိုးမျှော်လင့်နိုင်သနည်း။ ယာကုပ်ဤသို့အဖြေပေး၏။ “ယုံကြည်ခြင်း၏ပတ္ထနာသည် လူနာကိုကယ်ဆယ်၍ [ယေဟောဝါ] သည် သူ့ကိုထမြောက်စေတော်မူမည်။ သူသည်အပြစ်ပြုမိသော်လည်း ထိုအပြစ်ကိုလွှတ်တော်မူမည်။”—ယာကုပ် ၅:၁၅။
ဝိညာဏကျန်းမာရေးသည် ထာဝရအသက်ရစေသည်
၂၀။ (က) ဝိညာဏကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်ပတ်သက်၍ ပထမရာစုအုပ်ချုပ်ရေးအဖွဲ့က အဘယ်သြဝါဒပေးခဲ့သနည်း။ (ခ) ကမ္ဘာသစ်ကောင်းချီးမင်္ဂလာများကိုစောင့်မျှော်နေစဉ် အဘယ်အရာက ကျွန်ုပ်တို့ကိုကူညီထောက်မသနည်း။
၂၀ “ကျန်းမာကြပါစေသော။” ပထမရာစုယေဟောဝါလူမျိုးတော်၏အုပ်ချုပ်ရေးအဖွဲ့သည် ခရစ်ယာန်များစောင့်ရှောက်အပ်သည့် “ပညတ်များ” ပါရှိသောစာကို အထက်ပါစကားများဖြင့် နိဂုံးချုပ်ထားသည်။ ခရစ်ယာန်တို့သည် “ရုပ်တုရှေ့မှာ ပူဇော်သောယဇ်ကောင်ကိုလည်းကောင်း၊ အသွေးကိုလည်းကောင်း၊ လည်ပင်းကိုညှစ်၍ သတ်သောအရာကိုလည်းကောင်း၊ မတရားမေထုန်ကိုလည်းကောင်း ကြဉ်ရှောင်ရမည်။” (တမန်တော် ၁၅:၂၈၊ ၂၉) ဝိညာဏကျန်းမာရေးအတွက်ပေးလိုက်သည့် ထိုညွှန်ကြားချက်သည် တရားဝင်အတည်ဖြစ်ဆဲရှိသည်။ ကမ္ဘာသစ်ကောင်းချီးများကို စောင့်မျှော်ယင်းနှင့် မကျန်းမာသောဤလောကကြီးတွင် နိုင်ငံတော်သတင်းကောင်းကို အားတက်သရောဟောပြော၍ ယေဟောဝါ၏နာမတော်ကိုမြှင့်တင်နေမည်ဆိုလျှင် ယုံကြည်ခြင်းနှင့် ဝိညာဏကျန်းမာရေးကိုထိန်းသိမ်းစောင့်ရှောက်နိုင်ပေမည်။ ဤနည်းဖြင့် အလုပ်များနေမည်ဆိုလျှင် အလွန်နီးကပ်လျက်ရှိသော ကမ္ဘာသစ်ကောင်းချီးမင်္ဂလာများအတွက် စိတ်မရှည်မဖြစ်ရအောင် ကာကွယ်ပေးပေမည်။ မှန်ပါသည်။ “မျှော်လင့်သောအရာသည် ဖင့်နွှဲလျှင် စိတ်နှလုံးကိုပူပန်စေတတ်၏။ အလိုပြည့်စုံသောအခါ မူကားအသက်ပင်ဖြစ်၏။”—သု၊ ၁၃:၁၂။
၂၁။ ဤနာမကျန်းသောလောကကြီးတွင် ယုံကြည်ခြင်းနှင့်ဝိညာဏကျန်းမာရေးကို အောင်မြင်စွာထိန်းသိမ်းစောင့်ရှောက်သူတို့အဖို့ အဘယ်ကောင်းချီးမင်္ဂလာများ အရံသင့်စောင့်ကြိုနေသနည်း။
၂၁ မိမိကိုချစ်သောသူတို့အတွက် ယေဟောဝါအဆင်သင့်ထားသော ကြီးမြတ်သည့်ကောင်းချီးမင်္ဂလာများကို လက်မလွှတ်ပါစေနှင့်။ လောကီသြဇာကိုခုခံတွန်းလှန်ရသမျှ၊ ဇာတိပကတိအားနည်းမှုနှင့် အကြိတ်အနယ်လုံးပန်းရသမျှ၊ မာရ်နတ်၏မီးစက်လက်နက်များကို တိမ်းရှောင်ခဲ့ရသမျှတို့သည် အချည်းနှီးမဖြစ်ပါ။ ယေဟောဝါ၏ကမ္ဘာသစ်တွင် “မြို့သားကလည်း ငါနာသည်ဟုမဆိုရ” သောအချိန်ကို သင့်မျက်စိဖြင့် ကိုယ်တိုင်မြင်ရလိမ့်မည်။ (ဟေရှာယ ၃၃:၂၄) “ငါတို့အနာရောဂါ၊ ဝေဒနာများကို ယူတင်ဆောင်ရွက်” သောအရှင် ယေရှုခရစ်၏ရွေးနှုတ်ဖိုးပူဇော်သက္ကာအားဖြင့် ဘုရားသခင်ပြင်ဆင်တော်မူရာများကြောင့် ထိုအတိုင်းအမှန်ဖြစ်လာမည်။ (မဿဲ ၈:၁၇။ ဟေရှာယ ၅၃:၄) သင်သည် ပုံဆောင်ရာ “အသက်ရေမြစ်” ကိုသောက်၍ “လူအမျိုးမျိုးတို့၏အနာရောဂါငြိမ်းစရာ” အရွက်ပါရှိသော “အသက်ပင်” တို့၏အသီးကို စားရပေမည်။ (ဗျာဒိတ် ၂၂:၁၊ ၂) မကျန်းမာသောလောကတွင် ယုံကြည်ခြင်းနှင့် ဝိညာဏကျန်းမာရေးထိန်းသိမ်းစောင့်ရှောက်ခြင်းအတွက် ဆုလာဘ်အဖြစ် စုံလင်၍ပျော်ရွှင်သောထာဝရအသက်ရရှိပေမည်။
သင်သတိရသလော
▫ ယုံကြည်ခြင်းကျန်းမာရေးသည် ကိုယ်ကာယကျန်းမာရေးထက် အဘယ်ကြောင့်အရေးကြီးသနည်း။
▫ ယုံကြည်ခြင်းနှင့် ဝိညာဏကျန်းမာရေးကိုခြိမ်းခြောက်နေသည့် အန္တရာယ်သုံးရပ်ကားအဘယ်နည်း။
▫ ဝိညာဏကျန်းမာရေးကောင်းခြင်းနှင့် ပုံဆောင်ရာနှလုံး အဘယ်ဆက်သွယ်မှုရှိသနည်း။
▫ ဝိညာဉ်ရေးဖျားနာနေသော် ဘာလုပ်ရမည်နည်း။
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
ဖျားနာသောလောကကြီးတွင်ပင် ခိုင်ခံ့သောယုံကြည်ခြင်းနှင့် ဝိညာဏကျန်းမာမှုရှိနိုင်သည်
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ဝိညာဉ်ရေးဘက်ကျန်းမာရန် ခရစ်ယာန်လုပ်ငန်းတွင် ဇွဲလုံ့လရှိခြင်း၊ အခန့်သင့်အချိန်တွင် ဝိညာဏအစာ မှန်မှန်စားသုံးခြင်းအပေါ်မူတည်သည်