ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • kl အခန်း ၁၈ စာ. ၁၇၀-၁၈၀
  • ဘုရားသခင်အား ထာဝစဉ်ဝတ်ပြုရန် ရည်မှန်းချက်ပန်းတိုင်ထားပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်အား ထာဝစဉ်ဝတ်ပြုရန် ရည်မှန်းချက်ပန်းတိုင်ထားပါ
  • ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်အားသိကျွမ်းခြင်းပညာကို ယေရှုအသုံးချပုံ
  • ထာဝရအသက်သို့ပို့ဆောင်သော ခြေလှမ်းများ
  • နှစ်ခြင်းမင်္ဂလာ—သင့်အဖို့သက်ရောက်သည့် အဓိပ္ပာယ်
  • သင်နှစ်ခြင်းခံရန် အသင့်ဖြစ်ပြီလော
  • အပ်နှံခြင်းနှင့် နှစ်ခြင်းမင်္ဂလာတို့နှင့်အညီ သက်ရှင်ခြင်း
  • နှစ်ခြင်းခံခြင်းနဲ့ ဘုရားသခင်နဲ့သင့်ဆက်ဆံရေး
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • သင့်နှစ်ခြင်း၏ အဓိပ္ပာယ်
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • နှစ်ခြင်းခံဖို့ ပန်းတိုင်ထားခြင်းက အကျိုးရှိ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • အဘယ်ကြောင့် နှစ်ခြင်းခံရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
ထာဝရအသက်ရစေသော အသိပညာအသိပညာ
kl အခန်း ၁၈ စာ. ၁၇၀-၁၈၀

အခန်း ၁၈

ဘုရားသခင်အား ထာဝစဉ်ဝတ်ပြုရန် ရည်မှန်းချက်ပန်းတိုင်ထားပါ

၁၊ ၂။ ဘုရားသခင်အားသိကျွမ်းခြင်းပညာကို ပိုင်ဆိုင်ခြင်းအပြင် အဘယ်အရာလည်း လိုအပ်သနည်း။

သင်သည် ရွှေငွေရတနာအမြောက်အမြားရှိသည့် အခန်းတစ်ခု၏ သော့ခတ်ထားသောတံခါးရှေ့ ရပ်နေသည်စိတ်ကူးကြည့်လိုက်ပါ။ အခွင့်အာဏာရှိသူတစ်ဦးက သင့်အားသော့ပေး၍ ထိုအဖိုးတန်ပစ္စည်းများကို မိမိဘာသာဖွင့်ယူရန် ပြောလှာသည်ဟုဆိုကြပါစို့။ ထိုသော့ကို အသုံးမပြုပါက ထိုသော့သည် သင့်အဖို့ဘာမျှအကျိုးရှိမည်မဟုတ်။ အလားတူပင် အသိပညာမှအကျိုးခံစားလိုပါက အသိပညာကို အသုံးချရပေမည်။

၂ ဤအချက်သည် ဘုရားသခင်အားသိကျွမ်းခြင်းပညာနှင့်ပတ်သက်၍ အထူးသဖြင့်မှန်ကန်ပေသည်။ အမှန်အားဖြင့်၊ ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တို့နှင့်ဆိုင်သော တိကျမှန်ကန်သည့်အသိပညာသည် ထာဝရအသက်ကိုဆိုလိုသည်။ (ယောဟန် ၁၇:၃) သို့သော်၊ အသိပညာပိုင်ဆိုင်ရုံမျှဖြင့် ထာဝရအသက်မျှော်လင့်ချက် ပြည့်စုံလာမည်မဟုတ်ပါ။ အဖိုးတန်သောသော့ကို အသုံးပြုရသည့်နည်းတူ ဘုရားသခင်အားသိကျွမ်းခြင်းပညာကို သင့်အသက်တာတွင် လက်တွေ့အသုံးချရပေမည်။ ယေရှုက ဘုရားသခင့်အလိုတော်ကို ဆောင် သောသူတို့သည် “နိုင်ငံတော်သို့ဝင်ရလိမ့်မည်” ဟုမိန့်တော်မူ၏။ ထိုသို့သောပုဂ္ဂိုလ်များသည် ဘုရားသခင်အား ထာဝစဉ်ဝတ်ပြုနိုင်သည့်အခွင့်အရေး ရရှိကြမည်ဖြစ်သည်!—မဿဲ ၇:၂၁; ၁ ယောဟန် ၂:၁၇။

၃။ ကျွန်ုပ်တို့အဖို့ ဘုရားသခင့်အလိုတော်ကား အဘယ်နည်း။

၃ ဘုရားသခင့်အလိုတော်သည် အဘယ်အရာဖြစ်ကြောင်း လေ့လာဆည်းပူးပြီးနောက် အလိုတော်ကိုဆောင်ရန် အရေးကြီးသည်။ သင့်အဖို့ ဘုရားသခင့်အလိုတော်သည် အဘယ်အရာဖြစ်သည်ဟု သင်ထင်သနည်း။ ယေရှုကိုတုပခြင်းဟု အကျဉ်းချုံး၍ပြောနိုင်သည်။ “ထိုသို့အလိုငှာသင်တို့ကိုခေါ်တော်မူပြီ၊ ခရစ်တော်သည် ငါတို့အတွက်ခံတော်မူသည်ဖြစ်၍၊ ခြေတော်ရာကိုလျှောက်လိုက်စေခြင်းငှာ ပုံသက်သေကိုထားတော်မူပြီ” ဟူ၍ ပေတရုပထမစောင် ၂:၂၁ ကဆို၏။ သို့ဖြစ်သောကြောင့် ဘုရားသခင့်အလိုတော်ကိုဆောင်ရန် ယေရှု၏စံနမူနာတော်ကို အတတ်နိုင်ဆုံးလိုက်ရန်လိုသည်။ ဤသို့ပြုခြင်းသည် ဘုရားသခင်အားသိကျွမ်းခြင်းပညာကို လက်တွေ့အသုံးချခြင်းပင်တည်း။

ဘုရားသခင်အားသိကျွမ်းခြင်းပညာကို ယေရှုအသုံးချပုံ

၄။ ယေရှုသည် ယေဟောဝါအကြောင်းကို အဘယ်ကြောင့် ဤမျှများပြားစွာ သိရှိတော်မူသနည်း။ ၎င်းအသိပညာကို ကိုယ်တော်အဘယ်သို့ အသုံးပြုတော်မူသနည်း။

၄ ယေရှုခရစ်သည် အခြားသူများထက် ဘုရားသခင်ကို ပိုမိုရင်းနှီးသိကျွမ်းတော်မူ၏။ ကိုယ်တော်သည် ကမ္ဘာပေါ်သို့ကြွလာတော်မမူမီ ရှေးပဝေသဏီကတည်းက ကောင်းကင်ဘုံတွင် ဘုရားသခင်နှင့်အတူကျိန်းဝပ်၍ လုပ်ကိုင်ဆောင်ရွက်တော်မူခဲ့သည်။ (ကောလောသဲ ၁:၁၅၊ ၁၆) ထိုအသိပညာရှိသမျှနှင့် ယေရှုဘာပြုလုပ်တော်မူသနည်း။ ကိုယ်တော်သည် ထိုအသိပညာကို ပိုင်ဆိုင်ထားရုံမျှလောက်နှင့် ကျေနပ်နေတော်မမူ။ ၎င်းနှင့်အညီ သက်ရှင်နေထိုင်တော်မူ၏။ ယင်းအတွက်ကြောင့် လူသားချင်းတို့နှင့်ဆက်ဆံရာ၌ ကိုယ်တော်သည် ဤမျှအကြင်နာတရား၊ သည်းခံခြင်းတရားနှင့် မေတ္တာတရားထားနိုင်တော်မူခြင်းဖြစ်သည်။ ဤသို့ဖြင့် ယေရှုသည် ကောင်းကင်ခမည်းတော်ကိုတုပ၍ ယေဟောဝါ၏နည်းလမ်းတော်နှင့် ဥပဓိရုပ်တော်ဆိုင်ရာ အသိပညာနှင့်အညီ ပြုမူဆောင်ရွက်တော်မူ၏။—ယောဟန် ၈:၂၃၊ ၂၈၊ ၂၉၊ ၃၈; ၁ ယောဟန် ၄:၈။

၅။ ယေရှုအဘယ်ကြောင့် နှစ်ခြင်းခံတော်မူသနည်း။ မိမိခံသောနှစ်ခြင်း၏အဓိပ္ပာယ်နှင့်အညီ ကိုယ်တော်အဘယ်သို့ သက်ရှင်တော်မူသနည်း။

၅ ယေရှု၌ရှိသည့်အသိပညာက ကိုယ်တော်အား အရေးပါသော ဘဝအလှည့်အပြောင်းတစ်ခုကို တက်လှမ်းရန်အတွက်လည်း စေ့ဆော်ပေးသည်။ ကိုယ်တော်သည် ဂါလိလဲနယ်မှ ယော်ဒန်မြစ်သို့ကြွသွား၍ ယောဟန်အားဖြင့် နှစ်ခြင်းခံတော်မူ၏။ (မဿဲ ၃:၁၃-၁၅) ယေရှု၏နှစ်ခြင်းသည် အဘယ်အရာကို အထိမ်းအမှတ်ပြုသနည်း။ ဂျူးတစ်ဦးအနေနှင့် ကိုယ်တော်သည် ဘုရားသခင်ထံအပ်နှံပြီးသော လူမျိုးတစ်မျိုးအတွင်း၌ မွေးဖွားတော်မူခဲ့သည်။ သို့နှင့် ယေရှုသည် မွေးဖွားချိန်မှစ၍ အပ်နှံပြီးဖြစ်လေသည်။ (ထွက်မြောက်ရာ ၁၉:၅၊ ၆) ရေတွင်နှစ်ခြင်းခံခြင်းအားဖြင့် ကိုယ်တော်သည် ထိုစဉ်က ယေဟောဝါထမ်းဆောင်စေလိုသည့် အလိုတော်ကိုဆောင်ရန် ဘုရားသခင်ထံ မိမိကိုယ်ကို ဆက်သ တော်မူသည်။ (ဟေဗြဲ ၁၀:၅၊ ၇) ယေရှုသည် မိမိခံသည့်နှစ်ခြင်း၏ အဓိပ္ပာယ်နှင့်အညီ သက်ရှင်နေထိုင်တော်မူ၏။ ကိုယ်တော်သည် ယေဟောဝါ၏အမှုတော်ကို အားသွန်ခွန်စိုက် ထမ်းရွက်သည့်အပြင် ရသမျှအခွင့်အရေးကိုသုံး၍ လူတို့အား ဘုရားသခင်နှင့်ဆိုင်သော အသိပညာကို ဝေမျှပေးတော်မူ၏။ ယေရှုသည် ဘုရားသခင့်အလိုတော်ဆောင်ခြင်း၌ ပျော်မွေ့ရုံမျှမက အလိုတော်ကိုဆောင်ခြင်းသည် မိမိ၏စားစရာဖြစ်သည်ဟုပင် မိန့်တော်မူခဲ့သည်။—ယောဟန် ၄:၃၄။

၆။ ယေရှုသည် အဘယ်နည်းဖြင့် မိမိကိုယ်ကို ငြင်းပယ်တော်မူသနည်း။

၆ ယေဟောဝါ၏အလိုတော်ဆောင်လျှင် ကြီးမားစွာဆုံးရှုံးမှုရှိရုံမက အသက်ကိုပင်စတေးခံရမည်ဖြစ်ကြောင်း ယေရှုကောင်းစွာသိတော်မူ၏။ သို့ဖြစ်လင့်ကစား ယေရှုသည်မိမိကိုယ်ကိုငြင်းပယ်လျက် ကိုယ်ရေးကိုယ်တာလိုအပ်ချက်များကို ဒုတိယနေရာ၌ထားတော်မူ၏။ ဘုရားသခင့်အလိုတော်ဆောင်ခြင်းကို အစဉ်သဖြင့်ပထမနေရာ၌ထားတော်မူ၏။ ဤကိစ္စနှင့်ပတ်သက်၍ ယေရှု၏စုံလင်သောစံနမူနာတော်ကို ကျွန်ုပ်တို့မည်သို့လိုက်နိုင်ကြမည်နည်း။

ထာဝရအသက်သို့ပို့ဆောင်သော ခြေလှမ်းများ

၇။ နှစ်ခြင်းအတွက် အရည်အချင်းပြည့်မီရန် လူတစ်ဦး တက်လှမ်းရမည့်ခြေလှမ်းအချို့ကား အဘယ်နည်း။

၇ ကျွန်ုပ်တို့သည် ယေရှုကဲ့သို့စုံလင်သူများမဟုတ်ကြသောကြောင့် အလွန်အရေးပါသောခြေလှမ်းများကို တက်လှမ်းပြီးမှ နှစ်ခြင်းမှတ်တိုင်သို့ရောက်ရှိနိုင်သည်။ ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တို့နှင့်ဆိုင်သည့် တိကျမှန်ကန်သောအသိပညာကို ကျွန်ုပ်တို့၏နှလုံးထဲသို့သွင်းခြင်းအားဖြင့် အစပြုပါသည်။ ဤသို့ပြုခြင်းက ကျွန်ုပ်တို့ကိုယုံကြည်ခြင်းတင်ပြရန်၊ ဘုရားသခင်ကိုနှစ်နှစ်ကာကာချစ်ရန် စေ့ဆော်ပေးသည်။ (မဿဲ ၂၂:၃၇-၄၀; ရောမ ၁၀:၁၇; ဟေဗြဲ ၁၁:၆) ဘုရားသခင့်ပညတ်များ၊ အခြေခံမူများ၊ စံနှုန်းများနှင့်အညီကျင့်ကြံခြင်းသည် ကျွန်ုပ်တို့အား အတိတ်ကပြုမိသောအပြစ်များအတွက် နောင်တယူရန်၊ ဘုရားတရားဆိုင်ရာ ဝမ်းနည်းခြင်းဖော်ပြရန် တိုက်တွန်းပေးသင့်သည်။ ဤသို့ဖြင့် ပြောင်းလဲခြင်းဖြစ်လာသည်။ ဆိုလိုသည်မှာ ဘုရားသခင်အားသိကျွမ်းခြင်းပညာမရှိစဉ်က ကျွန်ုပ်တို့လိုက်ခဲ့သည့် မှားယွင်းသောလမ်းစဉ်မှန်သမျှမှ နောက်ပြန်လှည့်ပြီး ၎င်းတို့ကိုကျောခိုင်းစွန့်ခွာခြင်းဖြစ်သည်။ (တမန်တော် ၃:၁၉) ဖြောင့်မတ်သောအရာကိုပြုမည့်အစား အပြစ်အချို့ကို တိတ်တဆိတ်ပြုလုပ်နေမည်ဆိုလျှင် ကျွန်ုပ်တို့သည် တကယ်တမ်းနောက်ပြန်လှည့်လာခြင်း မရှိသေးပါ။ ဘုရားသခင်ကို လှည့်ဖြား၍ရနိုင်မည်မဟုတ်ပါ။ ယေဟောဝါသည် အရေခြုံဟန်ဆောင်မှုမှန်သမျှကို သိတော်မူ၏။—လုကာ ၁၂:၂၊ ၃။

၈။ နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်လိုသောဆန္ဒပေါ်လာသည့်အခါ သင့်အနေဖြင့် အဘယ်သို့ပြုမူသင့်သနည်း။

၈ သင်ယခု ဘုရားသခင်အားသိကျွမ်းခြင်းပညာကို ရရှိပြီးဖြစ်သဖြင့် ဝိညာဉ်ရေးကိစ္စများကို ကိုယ်တိုင်ကိုယ်ကြပ်စဉ်းစားဆင်ခြင်လျှင် မသင့်ပေလော။ သင်လေ့လာသင်ကြားနေသည့်အကြောင်းအရာကို ဆွေမျိုးဉာတိ၊ မိတ်ဆွေသင်္ဂဟများနှင့် အခြားသူတို့အား ပြောပြလိုသည့်စိတ်ပြင်းပြနေပေမည်။ တကယ်တမ်းဆိုလျှင် အခြားသူတို့အား သတင်းကောင်းကို အချိန်နေရာမရွေး ယေရှုလွတ်လွတ်လပ်လပ် ဟောပြောခဲ့သကဲ့သို့ သင်လည်းဟောပြောလျက်ရှိနေပေမည်။ (လုကာ ၁၀:၃၈၊ ၃၉; ယောဟန် ၄:၆-၁၅) ယခု ထိုထက်မကပြုလုပ်လိုပေမည်။ ခရစ်ယာန်အကြီးအကဲတို့သည် သင်၌ယေဟောဝါသက်သေများ၏ ပုံမှန်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းတွင် အနည်းအကျဉ်းပါဝင်နိုင်သည့် အရည်အချင်းနှင့်စွမ်းရည်ရှိမရှိ ဆုံးဖြတ်ချက်ချရန် သင်နှင့်တွေ့ဆုံစကားပြောရမည်ကို ဝမ်းသာကြသည်။ သင်၌အရည်အချင်းနှင့်စွမ်းရည်ရှိသည်ဆိုလျှင် အကြီးအကဲတို့သည် ဓမ္မအမှုဆောင်လုပ်ငန်းတွင် သက်သေခံတစ်ဦးဦးနှင့် သင်တွဲဖက်လိုက်ပါရန် အစီအစဉ်ပြုလုပ်ပေးမည်။ ယေရှု၏တပည့်တော်တို့သည် ဓမ္မအမှုတော်ကို အစီအစဉ်ကျနစွာဆောင်ရွက်နိုင်ရန် ကိုယ်တော့်သွန်သင်ချက်အတိုင်း လိုက်နာခဲ့ကြသည်။ (မာကု ၆:၇၊ ၃၀; လုကာ ၁၀:၁) အသင်လည်း နိုင်ငံတော်သတင်းတရားကို တစ်အိမ်မှတစ်အိမ်နှင့် အခြားနည်းလမ်းများဖြင့် ဟောပြောရာ၌ ပါဝင်လာသည်နှင့်အမျှ အလားတူကူညီမှု အကျိုးကျေးဇူးရရှိလာပေမည်။—တမန်တော် ၂၀:၂၀၊ ၂၁။

၉။ လူတစ်ဦးသည် ဘုရားသခင်ထံ အဘယ်သို့အပ်နှံခြင်းပြုသနည်း။ အပ်နှံခြင်းသည် ထိုသူ၏အသက်တာအပေါ် အဘယ်သက်ရောက်မှုရှိသနည်း။

၉ အသင်းတော်၏နယ်ပယ်အတွင်း ရှိသမျှလူအမျိုးမျိုးတို့အား သတင်းကောင်းဟောပြောခြင်းသည် ဖြောင့်မတ်စွာစီမံခံရသူတို့ကို ရှာဖွေသည့်နည်းလမ်းတစ်ခုဖြစ်ရုံမက သင်၌ယုံကြည်ခြင်းရှိကြောင်းသက်သေထူသည့် မွန်မြတ်သောလုပ်ငန်းများအဝင်လည်းဖြစ်သည်။ (တမန်တော် ၁၀:၃၄၊ ၃၅; ယာကုပ် ၂:၁၇၊ ၁၈၊ ၂၆) ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်ရောက်၍ ဟောပြောခြင်းလုပ်ငန်းတွင် အဓိပ္ပာယ်ရှိရှိပါဝင်ခြင်းတို့သည် သင်နောင်တယူပြောင်းလဲ၍ ဘုရားသခင်အားသိကျွမ်းခြင်းပညာနှင့်အညီ ယခုသက်ရှင်နေထိုင်ရန် စိတ်ပိုင်းဖြတ်ပြီးဖြစ်ကြောင်း ပြသသည့်နည်းလမ်းများလည်းဖြစ်ပေသည်။ ကျိုးကြောင်းဆီလျော်သည့် နောက်ခြေလှမ်းကားအဘယ်နည်း။ ယေဟောဝါဘုရားသခင်ထံ အပ်နှံခြင်းပြုရန်ပင်ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင့်အလိုတော်ဆောင်ရန် သင့်အသက်တာကို ကိုယ်တော်အား စိတ်ပါလက်ပါနှင့် စိတ်နှလုံးအကြွင်းမဲ့ ပေးဆက်လိုက်ပြီဖြစ်ကြောင်း လှိုက်လှိုက်လှဲလှဲဆုတောင်းခြင်းအားဖြင့် ဘုရားသခင်အား ကြားလျှောက်ခြင်းဖြစ်သည်။ ဤသို့ပြုခြင်းသည် ယေဟောဝါထံ သင့်ကိုယ်ကိုအပ်နှံ၍ ယေရှုခရစ်၏ နှစ်လိုဖွယ်ကောင်းသောထမ်းပိုးကို လက်ခံယူသည့်နည်းပင်ဖြစ်သည်။—မဿဲ ၁၁:၂၉၊ ၃၀။

နှစ်ခြင်းမင်္ဂလာ—သင့်အဖို့သက်ရောက်သည့် အဓိပ္ပာယ်

၁၀။ မိမိကိုယ်ကို ယေဟောဝါထံအပ်နှံပြီးနောက် သင့်အနေဖြင့် အဘယ်ကြောင့်နှစ်ခြင်းခံသင့်သနည်း။

၁၀ ယေရှု၏အလိုအရ ကိုယ်တော့်တပည့်ဖြစ်လာသူအားလုံး နှစ်ခြင်းခံရမည်။ (မဿဲ ၂၈:၁၉၊ ၂၀) ဘုရားသခင်ထံအပ်နှံမှုပြုပြီးနောက် နှစ်ခြင်းခံရန်အဘယ်ကြောင့်လိုအပ်သနည်း။ ယေဟောဝါထံ သင့်ကိုယ်ကိုသင်အပ်နှံပြီးဖြစ်သဖြင့် သင်ကိုယ်တော်ကိုချစ်ကြောင်း ကိုယ်တော်သိတော်မူ၏။ သို့သော် ဘုရားသခင်ကိုချစ်ကြောင်း အခြားသူများသိအောင် တစ်ဆင့်တက်၍ သင်ပြုလုပ်လိုမည်မှာ ယုံမှားဖွယ်မရှိ။ မှန်ပါသည်၊ နှစ်ခြင်းခံခြင်းဖြင့် ယေဟောဝါဘုရားသခင်ထံ သင်အပ်နှံမှုပြုပြီးကြောင်း လူသိရှင်ကြားပြသနိုင်သည့် အခွင့်အလမ်းရရှိစေပါသည်။—ရောမ ၁၀:၉၊ ၁၀။

၁၁။ နှစ်ခြင်းမင်္ဂလာ၏အဓိပ္ပာယ်ကား အဘယ်နည်း။

၁၁ နှစ်ခြင်းမင်္ဂလာ၌ အထိမ်းအမှတ်ဆိုင်ရာအဓိပ္ပာယ် ကြွယ်ဝလှသည်။ ရေထဲသို့နှစ်ခြင်း၊သို့မဟုတ် “စုံးစုံးမြုပ်ခြင်း” ခံလိုက်ရသည့်အခါ သင်သည် ယခင်အသက်တာလမ်းစဉ်ဟောင်းနှင့်ပတ်သက်၍ သေဆုံးသွားသကဲ့သို့ဖြစ်သည်။ ရေထဲမှပေါ်ထလာသည့်အခါ သင်သည် မိမိအလိုအတိုင်းမဟုတ်တော့ဘဲ ဘုရားသခင့်အလိုတော်လွှမ်းမိုးသည့် အသက်တာအသစ်သို့ ပေါ်ထလာသကဲ့သို့ဖြစ်သည်။ သို့သော် သင်သည် အမှားပြုတော့မည်မဟုတ်ဟု အဓိပ္ပာယ်မသက်ရောက်သည်မှာ ဆိုဖွယ်မရှိ။ ကျွန်ုပ်တို့အားလုံးသည် မစုံလင်သောကြောင့် နေ့စဉ်နှင့်အမျှ အပြစ်ပြုတတ်ကြ၍ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်ထံ အပ်နှံနှစ်ခြင်းခံပြီးသော အမှုတော်ထမ်းတစ်ဦးအနေနှင့် သင်သည် ကိုယ်တော်နှင့် အထူးဆက်ဆံရေးတစ်ရပ် ရရှိမည်ဖြစ်သည်။ သင်နောင်တယူ၍ စိတ်နှိမ့်ချစွာ နှစ်ခြင်းခံယူခဲ့ခြင်းကြောင့် ယေဟောဝါသည် ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာပေါ် အခြေပြု၍ သင်၏အပြစ်များကို လိုလိုလားလား လွှတ်တော်မူ၏။ သို့ဖြင့် နှစ်ခြင်းမင်္ဂလာသည် ဘုရားသခင့်ရှေ့တော်၌ ကြည်လင်သောသြတ္တပ္ပစိတ်ကို ရရှိစေပါသည်။—၁ ပေတရု ၃:၂၁။

၁၂။ (က) ‘ခမည်းတော်၏နာမ၌၊’ (ခ) ‘သားတော်၏နာမ၌၊’ (ဂ) “သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌” နှစ်ခြင်းခံခြင်းသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။

၁၂ ယေရှုက တပည့်တော်အသစ်များကို “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမ၌” နှစ်ခြင်းပေးရန် နောက်တော်လိုက်များအား အမိန့်ပေးတော်မူခဲ့၏။ (မဿဲ ၂၈:၁၉) အဘယ်အဓိပ္ပာယ်ကို ယေရှုဆိုလိုတော်မူသနည်း။ ‘ခမည်းတော်၏နာမ၌’ နှစ်ခြင်းခံသည်ဆိုရာ၌ စိတ်နှလုံးအကြွင်းမဲ့ဖြင့် နှစ်ခြင်းခံယူသည့်ထိုပုဂ္ဂိုလ်က ယေဟောဝါဘုရားသခင်အား ဖန်ဆင်းရှင်အဖြစ်လည်းကောင်း၊ စကြဝဠာပိုင်သအုပ်စိုးမှုအာဏာတော်ကို ထိုက်ထိုက်တန်တန် ပိုင်သတော်မူသောအရှင်အဖြစ်လည်းကောင်း ယုံကြည်လက်ခံကြောင်းပြသသည်။ (ဆာလံ ၃၆:၉; ၈၃:၁၈; ဒေသနာ ၁၂:၁) ‘သားတော်၏နာမ၌’ နှစ်ခြင်းခံသည်ဆိုရာ၌ ထိုပုဂ္ဂိုလ်က ယေရှုခရစ်—အထူးသဖြင့် ကိုယ်တော်၏ရွေးနုတ်ဖိုးပူဇော်သကာ—အား ကယ်တင်ခြင်းရရှိရေးအတွက် ဘုရားသခင်ပြင်ဆင်ရာ တစ်ခုတည်းသောနည်းလမ်းအဖြစ် အသိအမှတ်ပြုဝန်ခံခြင်းဖြစ်သည်။ (တမန်တော် ၄:၁၂) “သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌” နှစ်ခြင်းခံသည်ဆိုရာ၌ နှစ်ခြင်းခံယူသူက ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်၊ သို့မဟုတ် တက်ကြွလှုပ်ရှားသည့်စွမ်းအားကို ကိုယ်တော့်ရည်ရွယ်ချက် ဖော်ဆောင်ရာ၌ဖြစ်စေ၊ အမှုတော်ထမ်းများအား ဝိညာဉ်တော်လမ်းညွှန်သည့် အဖွဲ့အစည်းတော်နှင့်အတူ အလိုတော်ဆောင်ရန် တန်ခိုးပေးရာ၌ဖြစ်စေ ဘုရားသခင်အသုံးပြုတော်မူသည့် အသုံးတော်ခံအဖြစ် အသိအမှတ်ပြုကြောင်းပြသသည်။—ကမ္ဘာဦး ၁:၂; ဆာလံ ၁၀၄:၃၀; ယောဟန် ၁၄:၂၆; ၂ ပေတရု ၁:၂၁။

သင်နှစ်ခြင်းခံရန် အသင့်ဖြစ်ပြီလော

၁၃၊ ၁၄။ ယေဟောဝါအားဝတ်ပြုရန်ရွေးချယ်ခြင်းကို ကျွန်ုပ်တို့အဘယ်ကြောင့်ကြောက်ရွံ့စရာမလိုသနည်း။

၁၃ နှစ်ခြင်းမင်္ဂလာ၌ ဤမျှများပြားသည့်အဓိပ္ပာယ် ပြည့်ဝရုံမျှမက လူတစ်ဦး၏အသက်တာတွင် အရေးအကြီးဆုံးသောမှတ်တိုင်လည်းဖြစ်သောကြောင့် နှစ်ခြင်းသည် သင်ကြောက်ရွံ့သင့်သောခြေလှမ်းတစ်လှမ်း ဖြစ်သလော။ လုံးဝကြောက်စရာမဟုတ်ပါ! နှစ်ခြင်းခံရန်ဆုံးဖြတ်ချက်မှာ ပေါ့ပေါ့ဆဆချရသည့်ဆုံးဖြတ်ချက် မဟုတ်သော်ငြားလည်း သင်ချနိုင်သည့် အမြော်အမြင်အရှိဆုံးသော ဆုံးဖြတ်ချက်ဖြစ်သည်မှာ စောဒကတက်ဖွယ်မရှိပါ။

၁၄ နှစ်ခြင်းခံခြင်းသည် ယေဟောဝါဘုရားသခင်အား သင်ဝတ်ပြုရန်ရွေးချယ်လိုက်သည့် သက်သေအထောက်အထားပင်ဖြစ်သည်။ သင်သိကျွမ်းသူတို့ကို စဉ်းစားကြည့်ပါ။ သူတို့တစ်ဦးစီအနေဖြင့် အရှင်သခင်တစ်ဦးဦးကို တစ်နည်းမဟုတ်တစ်နည်းဖြင့် အလုပ်အကျွေးပြုနေကြသည်မဟုတ်လော။ အချို့က ဥစ္စာဓနအတွက် ကျွန်ခံကြသည်။ (မဿဲ ၆:၂၄) အချို့မှာမူ ၎င်းတို့၏အသက်မွေးမှုအလုပ်အကိုင်ကို ပင်ပင်ပန်းပန်း မနားမနေလုပ်ကြသည်။ သို့မဟုတ် မိမိတို့၏အလိုဆန္ဒပြည့်ဝရေးကို အထူးအရေးပါသောအရာအဖြစ် ထားခြင်းအားဖြင့် သူတို့ကိုယ်ကိုသူတို့ အလုပ်အကျွေးပြုနေကြသည်။ မှောက်မှားသောဘုရားများကို ဝတ်ပြုကြသူများလည်းရှိသေးသည်။ သို့သော် အသင်မူကား မှန်သောဘုရားသခင်ယေဟောဝါကို ဝတ်ပြုရန်ရွေးချယ်ပြီးဖြစ်သည်။ ဤမျှကြီးမားသည့် အကြင်နာတရား၊ ကရုဏာတရားနှင့် မေတ္တာတရားပြသသူ အဘယ်သူမျှမရှိ။ ဘုရားသခင်သည် လူသားတို့အား ကယ်တင်ခြင်းသို့ညွှန်ပြသည့် ရည်ရွယ်ချက်ပြည့်ဝသောအလုပ်ကို ချီးမြှင့်ထားတော်မူ၏။ မိမိ၏အမှုတော်ထမ်းတို့အား ထာဝရအသက်ဖြင့် ဆုချတော်မူ၏။ ယေရှု၏စံနမူနာတော်ကိုလိုက်၍ ကျွန်ုပ်တို့၏အသက်တာကို ယေဟောဝါအား ပေးဆက်ခြင်းသည် ကြောက်ရွံ့ဖွယ်ရာလမ်းစဉ်မဟုတ်သည်မှာ သေချာပါသည်။ စင်စစ်ဆိုရလျှင် ဤသို့ပြုမှသာလျှင် ဘုရားသခင့်စိတ်တော်နှင့်တွေ့ ပြီး အကြွင်းမဲ့ကျိုးကြောင်းညီညွတ်ပေသည်။—၃ ဓမ္မရာဇဝင် ၁၈:၂၁။

၁၅။ နှစ်ခြင်းမခံနိုင်အောင်တားဆီးသည့် ယေဘုယျအကြောင်းအချို့ကား အဘယ်နည်း။

၁၅ သို့တစေ၊ နှစ်ခြင်းခံခြင်းသည် တစ်ယောက်ယောက်၏ဖိအားပေးမှုကြောင့် တက်လှမ်းရသည့်ခြေလှမ်းမဟုတ်ပါ။ သင်နှင့်ယေဟောဝါစပ်ကြားရှိ ကိုယ်ရေးကိုယ်တာကိစ္စတစ်ရပ်သာဖြစ်ပါသည်။ (ဂလာတိ ၆:၄) ဝိညာဉ်ရေးတိုးတက်လာသည့်အခါ သင့်အနေဖြင့် “အကျွန်ုပ်ကို ဗတ္တိဇံမခံစေခြင်းငှာ မည်သည့်အကြောင်းဆီးတားပါသနည်း” ဟူ၍တွေးတောမိပေမည်။ (တမန်တော် ၈:၃၅၊ ၃၆) ‘မိသားစုအတိုက်အခံက ကျွန်ုပ်ကိုဆီးတားနေသလော။ ကျွန်ုပ်သည် ကျမ်းစာနှင့်မညီသော အခြေအနေ၊ သို့မဟုတ် အပြစ်မကင်းသောအကျင့်အချို့တွင် ဆက်လက်၍ပါဝင်ပတ်သက်နေသလော။ ရပ်ကွက်ထဲတွင် မျက်နှာကောင်းမရမည်ကို စိုးရိမ်၍လော’ ဟူ၍ မိမိကိုယ်ကို ဆန်းစစ်ကြည့်သင့်သည်။ ဤသည်တို့မှာ စဉ်းစားဆင်ခြင်သင့်သော အချက်အချို့ဖြစ်သော်လည်း ၎င်းတို့ကို လက်တွေ့ကျကျချင့်ချိန်ပါလေ။

၁၆။ ယေဟောဝါအားဝတ်ပြုရာမှ သင်အဘယ်သို့ အကျိုးကျေးဇူးရရှိမည်နည်း။

၁၆ ယေဟောဝါအား ဝတ်ပြုခြင်းမှရရှိသည့် အကျိုးကျေးဇူးများကို စဉ်းစားဆင်ခြင်ခြင်းမပြုဘဲ ဆုံးရှုံးနစ်နာစရာများကိုသာ ချင့်ချိန်ခြင်းသည် လက်တွေ့ကျမည်မဟုတ်ပါ။ သာဓကအဖြစ် မိသားစုအတိုက်အခံပြုခြင်းကို စဉ်းစားဆင်ခြင်ကြည့်ပါ။ ယေရှုက တပည့်တော်များအနေဖြင့် မိမိနောက်သို့လိုက်ခြင်းကြောင့် ဆွေမျိုးဉာတိများ ဆုံးရှုံးရသည့်တိုင်အောင် သာ၍ကြီးမားသော ဝိညာဏမိသားစုတစ်ခုရရှိမည်ဟု ကတိပြုတော်မူ၏။ (မာကု ၁၀:၂၉၊ ၃၀) ဤယုံကြည်သူချင်းတို့သည် သင့်အား ညီအစ်ကိုမေတ္တာပြ၍ နှိပ်စက်ညှဉ်းပန်းမှုကိုခံနိုင်အောင် အကူအညီပေးမည့်အပြင် အသက်ရှင်ရာသို့ရောက်သောလမ်းပေါ်တွင် ဆက်လက်လျှောက်လှမ်းနိုင်အောင် ဖေးမကူညီပေးကြမည်။ (၁ ပေတရု ၅:၉) အထူးသဖြင့် အသင်းတော်အကြီးအကဲများက ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်အောင်၊ အခြားဘဝစိန်ခေါ်ချက်များကို အောင်မြင်စွာရင်ဆိုင်နိုင်အောင် ကူညီပေးနိုင်ကြသည်။ (ယာကုပ် ၅:၁၄-၁၆) ဤလောကတွင် မျက်နှာကောင်းမရခြင်းနှင့်ပတ်သက်၍ ‘စကြဝဠာဖန်ဆင်းရှင်၏ စိတ်တော်နှင့်တွေ့ ခြင်း၊ အသက်လမ်းကို ကျွန်တော်ရွေးချယ်သည့်အတွက် ကိုယ်တော်အားဝမ်းမြောက်စေခြင်းတို့နှင့် အဘယ်အရာနှိုင်းယှဉ်နိုင်သနည်း’ ဟူ၍ မိမိကိုယ်ကို မေးကြည့်လျှင်ကောင်းမည်။—သု. ၂၇:၁၁။

အပ်နှံခြင်းနှင့် နှစ်ခြင်းမင်္ဂလာတို့နှင့်အညီ သက်ရှင်ခြင်း

၁၇။ နှစ်ခြင်းမင်္ဂလာကို အဆုံးအဖြစ်မဟုတ်ဘဲ အစအဖြစ်သာ အဘယ်ကြောင့်မှတ်ယူသင့်သနည်း။

၁၇ နှစ်ခြင်းသည် သင့်ဝိညာဉ်ရေးတိုးတက်မှု၏အဆုံးမဟုတ်ကြောင်း မှတ်သားရန်အရေးကြီးသည်။ နှစ်ခြင်းသည် ခန့်အပ်ခံဓမ္မအမှုတော်ဆောင်တစ်ဦး၊ ယေဟောဝါသက်သေတစ်ဦးအဖြစ် ဘုရားသခင်အား တစ်သက်တာပတ်လုံးဝတ်ပြုမှု၏အစကို အမှတ်သညာပြုသည်။ နှစ်ခြင်းသည် အလွန့်အလွန်အရေးကြီးသည်မှန်သော်လည်း ကယ်တင်ခြင်းအတွက် အာမခံချက်ကားမဟုတ်ပါ။ ယေရှုက ‘နှစ်ခြင်းခံသူတိုင်း ကယ်တင်ခြင်းသို့ရောက်လိမ့်မည်’ ဟု မိန့်တော်မမူခဲ့ပါ။ “အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်” ဟူ၍သာမိန့်တော်မူခဲ့၏။ (မဿဲ ၂၄:၁၃) သို့ဖြစ်သောကြောင့် ဘုရားသခင့်နိုင်ငံတော်ကို သင့်အသက်တာတွင် အထူးအရေးပါသော အရေးကိစ္စအဖြစ်ထား၍ နိုင်ငံတော်ကိုရှေးဦးစွာရှာရန် အရေးကြီးသည်။—မဿဲ ၆:၂၅-၃၄။

၁၈။ နှစ်ခြင်းခံပြီးနောက် အမီလိုက်ရမည့်ပန်းတိုင်အချို့ကား အဘယ်နည်း။

၁၈ ယေဟောဝါအားဝတ်ပြုရာ၌ ခံနိုင်ရည်ရှိရေးအတွက် သင့်အနေဖြင့် ဝိညာဏပန်းတိုင်များထားလိုပေမည်။ အရေးပါသောပန်းတိုင်တစ်ခုမှာ နှုတ်ကပါဌ်တော်ကို ကိုယ်ပိုင်လေ့လာမှု မှန်မှန်ပြုလုပ်ခြင်းအားဖြင့် ဘုရားသခင်အားသိကျွမ်းခြင်းပညာကို တိုးပွားစေခြင်းဖြစ်သည်။ ကျမ်းစာကို နေ့စဉ်ဖတ်ရှုရန် အစီအစဉ်ပြုလုပ်ပါ။ (ဆာလံ ၁:၁၊ ၂) ခရစ်ယာန်အစည်းအဝေးများကိုလည်း မှန်မှန်တက်ပါ။ အစည်းအဝေး ပေါင်းသင်းဆက်ဆံမှုသည် သင့်အားဝိညာဉ်ခွန်အားရရှိရန် ထောက်ကူမည်ဖြစ်သောကြောင့်တည်း။ သင့်အနေဖြင့် အသင်းတော်အစည်းအဝေးများတွင် အဖြေပေးခြင်းအားဖြင့် ယေဟောဝါကိုချီးမွမ်းပြီး အခြားသူတို့ကိုဆောက်တည်ပေးရန် ပန်းတိုင်ထားပါလေ။ (ရောမ ၁:၁၁၊ ၁၂) အခြားပန်းတိုင်တစ်ခုမှာ သင့်ဆုတောင်းပတ္ထနာ၏အရည်အသွေးကို တိုးတက်အောင်ပြုလုပ်ခြင်းဖြစ်နိုင်ပေသည်။—လုကာ ၁၁:၂-၄။

၁၉။ အဘယ်အရည်အချင်းများပြသနိုင်အောင် သန့်ရှင်းသောဝိညာဉ်တော်က သင့်ကိုအကူအညီပေးနိုင်သနည်း။

၁၉ သင့်အနေဖြင့် နှစ်ခြင်းမင်္ဂလာ၏အဓိပ္ပာယ်နှင့်အညီ သက်ရှင်လိုပါက သင်ပြုလုပ်သမျှကို အမြဲမပြတ်ဂရုပြုရန်လိုသည်။ အသင်၌ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ ခြင်းနှင့် မိမိကိုယ်ကို ချုပ်တည်းခြင်းအစရှိသော အရည်အချင်းများသီးပွင့်နိုင်ရန် ဘုရားသခင့် သန့်ရှင်းသောဝိညာဉ်တော်ကို အခွင့်ပေးပါ။ (ဂလာတိ ၅:၂၂၊ ၂၃; ၂ ပေတရု ၃:၁၁) ယေဟောဝါသည် သန့်ရှင်းသောဝိညာဉ်တော်ကိုတောင်းလျှောက်၍ သစ္စာရှိသောအမှုတော်ထမ်းများအဖြစ် မိမိအားနာခံသူအပေါင်းကို ဝိညာဉ်တော်ပေးသနားတော်မူသည်ကို မမေ့ပါနှင့်။ (လုကာ ၁၁:၁၃; တမန်တော် ၅:၃၂) ထို့ကြောင့် ဝိညာဉ်တော်ရရှိရေးအတွက် ဘုရားသခင်ထံဆုတောင်းပါ။ ကိုယ်တော်နှစ်သက်သော အရည်အချင်းများပြသနိုင်ရန် မစတော်မူပါဟုတောင်းလျှောက်ပါ။ ဘုရားသခင့်ဝိညာဉ်တော်၏သြဇာအတိုင်းတုံ့ ပြန်သည်နှင့်အမျှ သင်၏အပြောအဆိုနှင့် အပြုအမူတို့၌ ထိုအရည်အချင်းများ ပို၍ပို၍ထင်ရှားလာပေမည်။ ခရစ်ယာန်အသင်းတော်အတွင်းရှိသူတိုင်းသည် ခရစ်တော်နှင့် ပို၍တူလာအောင် “လူသစ်” ပုံသဏ္ဌာန်ကို ကြိုးစား၍မွေးမြူလျက်ရှိကြသည်မှာ ဆိုဖွယ်မရှိ။ (ကောလောသဲ ၃:၉-၁၄) ကျွန်ုပ်တို့တစ်ဦးစီသည် ဝိညာဉ်ရေးတိုးတက်မှုအဆင့်ချင်း မတူကြသောကြောင့် ထိုသို့ကြိုးစားရာ၌ မတူညီသောစိန်ခေါ်ချက်အမျိုးမျိုးနှင့် ရင်ဆိုင်ကြရသည်။ သင်သည် စုံလင်သူမဟုတ်ရကား၊ ခရစ်တော်ကဲ့သို့သော ကိုယ်ရည်ကိုယ်သွေးရရှိရန် အပတ်တကုတ်ကြိုးစားရပေမည်။ သို့သော်လည်း ဤကိစ္စနှင့်ပတ်သက်၍ မည်သည့်အခါမျှလက်မှိုင်မချပါနှင့်။ ဘုရားသခင့်ကူညီမစမှုဖြင့် အောင်မြင်နိုင်သောကြောင့်တည်း။

၂၀။ ဓမ္မအမှုတော်တွင် အဘယ်နည်းများဖြင့် ယေရှုကိုသင်တုပနိုင်သနည်း။

၂၀ သင်၏ဝိညာဏပန်းတိုင်များတွင် ယေရှု၏နှစ်ထောင်းအားရရှိလှသော စံနမူနာတော်ကို တုပခြင်းလည်း ပါဝင်သင့်သည်။ (ဟေဗြဲ ၁၂:၁-၃) ကိုယ်တော်သည် ဓမ္မအမှုတော်ကို ချစ်မြတ်နိုးတော်မူ၏။ ထို့ကြောင့် သင့်အနေဖြင့် နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ခွင့်ရလျှင် ၎င်းကို လုပ်ရိုးလုပ်စဉ်မျှသာ မဖြစ်ပါစေနှင့်။ ယေရှုပြုတော်မူသကဲ့သို့ သူတစ်ပါးကို ဘုရားသခင့်နိုင်ငံတော်အကြောင်း သင်ကြားပေးရာ၌ ကျေနပ်ရောင့်ရဲမှုရအောင် အားထုတ်ပါ။ ဆရာသမားတစ်ဦးအဖြစ် တိုးတက်လာရန်အထောက်အကူအဖြစ် အသင်းတော်ကပေးလာသည့် သွန်သင်ချက်များကို လက်တွေ့အသုံးချပါ။ သင်၏ဓမ္မအမှုတော်ကိုထမ်းဆောင်နိုင်ရန် လိုအပ်သောခွန်အားကို ယေဟောဝါပေးတော်မူမည်ဖြစ်ကြောင်း စိတ်ချယုံကြည်ပါလေ။—၁ ကောရိန္သု ၉:၁၉-၂၃။

၂၁။ (က) သစ္စာရှိသောနှစ်ခြင်းခံပြီးသူတို့ကို ယေဟောဝါအမြတ်တနိုးထားကြောင်း ကျွန်ုပ်တို့မည်သို့သိရသနည်း။ (ခ) နှစ်ခြင်းမင်္ဂလာသည် ဤဆိုးယုတ်သောအစီအစဉ်စနစ်အပေါ် ကျရောက်မည့်ဘုရားသခင့်တရားစီရင်ခြင်း အသက်ချမ်းသာရရန်အတွက် အရေးပါကြောင်း အဘယ်အချက်ကပြသသနည်း။

၂၁ ယေရှု၏နောက်တော်လိုက်ရန် သစ္စာရှိရှိကြိုးပမ်းအားထုတ်သော အပ်နှံနှစ်ခြင်းခံပြီးသည့် ပုဂ္ဂိုလ်တစ်ဦးသည် ဘုရားသခင်အဖို့ အထူးမွန်မြတ်လှသည်။ ယေဟောဝါသည်ကုဋေပေါင်းများစွာသော လူသားတို့၏နှလုံးကို စစ်ဆေးသည်ဖြစ်ရာ ဤသို့သောပုဂ္ဂိုလ်မျိုး မည်မျှရှားပါးကြောင်းသိတော်မူ၏။ ထိုသူတို့ကို ရတနာများအဖြစ်၊ “နှစ်သက်ဖွယ်သောအရာ” များအဖြစ်သဘောထားတော်မူ၏။ (ဟဂ္ဂဲ ၂:၇) ထိုသို့သောသူတို့သည် ဆိုးယုတ်သော ဤအစီအစဉ်စနစ်အပေါ် မကြာမီကျရောက်တော့မည့် တရားစီရင်ခြင်းတွင် အသက်ချမ်းသာရရန်မှတ်သားခံရသည်ဟု ဘုရားသခင်မှတ်ယူတော်မူကြောင်း ကျမ်းစာပရောဖက်ပြုချက်က ဖော်ပြ၏။ (ယေဇကျေလ ၉:၁-၆; မာလခိ ၃:၁၆၊ ၁၈) သင်သည် “ထာဝရအသက်ကိုမှန်ကန်စွာလိုချင်စိတ်ရှိသူ” ဖြစ်သလော။ (တမန်တော် ၁၃:၄၈၊ ကဘ) ဘုရားသခင်အားဝတ်ပြုသူအဖြစ် မှတ်သားခံရရေးအတွက် သင်၌ပြင်းပြသောဆန္ဒရှိသလော။ အပ်နှံခြင်းနှင့်နှစ်ခြင်းသည် ထိုအမှတ်အသား၏တစ်စိတ်တစ်ပိုင်းဖြစ်သည့်ပြင် ကပ်ကျော်ရေးအတွက်လည်း မရှိမဖြစ်အရေးပါ၏။

၂၂။ “လူအုပ်ကြီး” သည် အဘယ်အလားအလာကို မျှော်လင့်နိုင်ကြသနည်း။

၂၂ ကမ္ဘာချီရေလွှမ်းမိုးဘေးကြီးပြီးနောက် နောဧနှင့်သူ၏မိသားစုတို့သည် သင်္ဘောမှထွက်၍ သန့်စင်သောကမ္ဘာပေါ်သို့ရောက်ရှိခဲ့ကြသည်။ ယနေ့လည်း ဘုရားသခင်အားသိကျွမ်းခြင်းပညာကို အသက်တာတွင် လက်တွေ့ကျင့်သုံး၍ ယေဟောဝါ၏စိတ်တော်နှင့်တွေ့သော “လူအုပ်ကြီးတစ်အုပ်” သည် ဤဆိုးယုတ်သောအစီအစဉ်စနစ်၏ ဆုံးခန်းကိုကပ်ကျော်၍ အမြဲထာဝရသန့်စင်ပြီးသော ကမ္ဘာပေါ်တွင် ထာဝရအသက်ရှင်ရမည့် အလားအလာရှိကြသည်။ (ဗျာဒိတ် ၇:၉၊ ၁၄) ထိုအခါ လူ့ဘဝတာသည် မည်သို့ရှိမည်နည်း။

သင်၏အသိပညာကို စစ်ဆေးခြင်း

ဘုရားသခင်အားသိကျွမ်းခြင်းပညာကို သင်မည်သို့အသုံးပြုရန် ယေဟောဝါလိုလားတော်မူသနည်း။

နှစ်ခြင်းမင်္ဂလာသို့ ပို့ဆောင်သောခြေလှမ်းအချို့ကား အဘယ်နည်း။

နှစ်ခြင်းမင်္ဂလာသည် အဘယ်ကြောင့်အဆုံးမဟုတ်ဘဲ အစမျှသာဖြစ်သနည်း။

ကျွန်ုပ်တို့၏အပ်နှံခြင်းနှင့် နှစ်ခြင်းမင်္ဂလာတို့နှင့်အညီ မည်သို့သက်ရှင်နိုင်သနည်း။

[စာမျက်နှာ ၁၇၂ ပါ ရုပ်ပုံ]

သင်သည် ဆုတောင်း၍ ဘုရားသခင်ထံ အပ်နှံပြီးပြီလော

[စာမျက်နှာ ၁၇၄ ပါ ရုပ်ပုံ]

နှစ်ခြင်းမခံရအောင် သင့်ကို အဘယ်အရာက ဆီးတားထားသနည်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ