ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၃/၁ စာ. ၁၄-၁၉
  • နိုးကြားလျက်နေသူတို့ဝမ်းမြောက်ရွှင်လန်းကြ!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နိုးကြားလျက်နေသူတို့ဝမ်းမြောက်ရွှင်လန်းကြ!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သူခိုးကဲ့သို့လာခြင်း
  • ကျွန်ုပ်တို့မည်သို့နိုးကြားနေနိုင်
  • အချိန်ကုန်လုပြီ
  • အဘယ်နည်းဖြင့်မဆို နိုးကြားနေကြလော့!
  • “စောင့်နေကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ယေဟောဝါ၏နေ့အတွက် ကိုယ်တိုင်အသင့်ရှိနေလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • “နောက်ဆုံးကာလ” တွင်နိုးကြားလျက်နေခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • “နိုးနိုးကြားကြားရှိကြလော့”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၃/၁ စာ. ၁၄-၁၉

နိုးကြားလျက်နေသူတို့ဝမ်းမြောက်ရွှင်လန်းကြ!

“ကြည့်ရှုလော့။ သူခိုးကဲ့သို့ငါလာ၏။ . . . နိုးလျက်နေ၍၊ ကိုယ်အဝတ်ကိုစောင့်သောသူသည် ဝမ်းမြောက်ရွှင်လန်းခြင်းရှိ၏။”—ဗျာဒိတ် ၁၆:၁၆၊ ကဘ။

၁။ ယေဟောဝါ၏နေ့ကြီးနီးပြီဖြစ်သဖြင့် ကျွန်ုပ်တို့ဘာကိုမျှော်လင့်နိုင်သနည်း။

ယဟောဝါ၏နေ့ကြီးနီးပြီ ဆိုသည်မှာ စစ်ဖြစ်မည်ဟု ဆိုလိုခြင်းပါတကား! ရူပါရုံတွင် တမန်တော်ယောဟန်သည် လောကီတစ်နိုင်ငံလုံးရှိ “ရှင်ဘုရင်တို့ထံ” သို့ထွက်သွားသည့် ဖားကောင်ကဲ့သို့သော “နတ်ဆိုး၏ဝိညာဉ်” တို့ကိုတွေ့ခဲ့သည်။ အဘယ်အမှုကို ပြုလုပ်ရန်အတွက် ဖြစ်သနည်း။ “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး၌ စစ်တိုက်ခြင်းအလို့ငှာ စုဝေး” စေဖို့ဖြစ်သည်။ ယောဟန်က ဤသို့ထပ်ဆင့်သည်– “ဟေဗြဲဘာသာအားဖြင့် အာမဂေဒုန်အမည်ရှိသောအရပ်၌ စုဝေးကြ၏။”—ဗျာဒိတ် ၁၆:၁၃-၁၆။

၂။ မာဂေါဂပြည်မှ ဂေါဂကား မည်သူနည်း။ ယေဟောဝါ၏လူမျိုးတော်ကို သူတိုက်ခိုက်သည့်အခါ ဘာဖြစ်မည်နည်း။

၂ မကြာမီ ယေဟောဝါသည် ဗာဗုလုန်ဘာသာရေး ကမ္ဘာ့အင်ပိုင်ယာ၊ မဟာဗာဗုလုန်ကို ဖျက်ဆီးရန် ဤစနစ်၏နိုင်ငံရေးအပိုင်းကို လှုံ့ဆော်ပေးတော်မူလိမ့်မည်။ (ဗျာဒိတ် ၁၇:၁-၅၊ ၁၅-၁၇) ထို့နောက် မြေကြီးဝန်းကျင်သို့ မောင်းချခံရသော မာဂေါဂပြည်မှ ဂေါဂ၊ စာတန်မာရ်နတ်သည် သူ၏အဖွဲ့သားများနှင့်စစ်ခင်းပြီး ယေဟောဝါ၏ အေးချမ်းငြိမ်သက်၍ ခိုကိုးရာမဲ့ပုံရှိသောလူများကို မီးကုန်ယမ်းကုန်တိုက်ခိုက်ပါလိမ့်မည်။ (ယေဇကျေလ ၃၈:၁-၁၂) သို့သော် ဘုရားသခင်သည် ကိုယ်တော့်လူမျိုးတော်ကို ကယ်တင်တော်မူမည်။ ယင်းသည် “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏ကြောက်မက်ဖွယ်သောနေ့ကြီး” ရုတ်တရက်ဖြစ်ရန်အချိန်ကို မှတ်သားလိမ့်မည်။—ယောလ ၂:၃၁; ယေဇကျေလ ၃၈:၁၈-၂၀။

၃။ ယေဇကျေလ ၃၈:၂၁-၂၃ တွင်ကြိုပြောထားသောအဖြစ်အပျက်များကို သင်မည်သို့ဖော်ပြမည်နည်း။

၃ မှန်ပါသည်၊ ကျွန်ုပ်တို့သည် ဟာမဂေဒုန် သို့မဟုတ် အာမဂေဒုန်ဟုခေါ်သော ကမ္ဘာ့အခြေအနေသို့ရောက်သည့်အခါ ယေဟောဝါသည် ကိုယ်တော်၏လူများကို ကယ်တင်ပြီး စာတန့်စနစ်မှကျန်ကြွင်းသမျှကို ဖျက်ဆီးတော်မူလိမ့်မည်။ ယေဇကျေလ ၃၈:၂၁-၂၃ ပါပရောဖက်ပြုစကားများကိုဖတ်ပြီး မြင်ကွင်းကိုမြင်ယောင်ကြည့်ပါ။ယေဟောဝါသည် ကိုယ်တော်၏တန်ခိုးတော်အားဖြင့် မိုးသည်းထန်စွာရွာခြင်း၊ ပျက်စီးယိုယွင်းစေသော မိုးသီးများကျခြင်း၊ တစ်ဟုန်ထိုးမီးလောင်ကျွမ်းခြင်း၊ ကာလနာများပြားခြင်းတို့ကို ဖြစ်စေတော်မူမည်။ ဂေါဂ၏အဖွဲ့သားများသည် အချင်းချင်းတိုက်ခိုက်ကြသည်အထိ ရှုပ်ထွေးနေကြစဉ် ကမ္ဘာတစ်ဝန်း ကြောက်ရွံ့ထိတ်လန့်နေကြပါမည်။ ယေဟောဝါသည် ကိုယ်တော်၏ကျေးကျွန်များကို ကယ်တင်ရန် သာမန်ထက်ထူးကဲသောနည်းများကို အသုံးပြုစဉ် အနန္တတန်ခိုးရှင်ဘုရားသခင်၏ ကျန်ကြွင်းသမျှရန်သူများ တရားစီရင်ခံရပါမည်။ ကြိုတင်ဟောထားသည့် “ကြီးစွာသောဒုက္ခ” အဆုံးသတ်သည့်အခါ စာတန်၏ဘုရားတရားမဲ့စနစ်မှ အဘယ်အရာမျှကျန်ကြွင်းတော့မည်မဟုတ်ပါ။ (မဿဲ ၂၄:၂၁) လူဆိုးတို့သည် အသက်ငင်နေသည့်အချိန်၌ပင် မည်သူကြောင့်ဘေးကြုံကြရကြောင်း သိရှိကြပါလိမ့်မည်။ အောင်ပွဲခံသော ကျွန်ုပ်တို့၏ဘုရားသခင်ကိုယ်တော်တိုင်က “ငါသည် ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ဖြစ်ကြောင်းကိုသိရကြလိမ့်မည်” ဟုမိန့်တော်မူ၏။ ဤထူးခြားသောအဖြစ်အပျက်များသည် ကျွန်ုပ်တို့ခေတ်၊ ယေရှုရောက်ရှိနေသည့်အချိန်အတွင်း ဖြစ်ပျက်ရလိမ့်မည်။

သူခိုးကဲ့သို့လာခြင်း

၄။ ဤစနစ်ဆိုးကို ဖျက်ဆီးရန် ယေရှုမည်သို့ကြွလာတော်မူမည်နည်း။

၄ ဘုန်းထင်ရှားတော်မူသော သခင်ယေရှုခရစ်တော်က “ကြည့်ရှုလော့။ သူခိုးကဲ့သို့ငါလာ၏” ဟုမိန့်တော်မူခဲ့သည်။ သူခိုးကဲ့သို့လာခြင်းသည် လူအများစုအိပ်နေချိန်တွင် မမျှော်လင့်ဘဲ ရုတ်တရက်ဖြစ်လိမ့်မည်။ ဤစနစ်ဆိုးကိုဖျက်ဆီးရန် သူခိုးကဲ့သို့ ယေရှုကြွလာသောအခါ အမှန်နိုးကြားလျက်နေသူများကို ကိုယ်တော်စောင့်မတော်မူလိမ့်မည်။ ကိုယ်တော်က “အဝတ်အချည်းစည်းနှင့်သွားလာ၍ သူတစ်ပါးရှေ့၌ ရှက်စရာအကြောင်းမရှိစေခြင်းငှာ နိုးလျက်နေ၍၊ ကိုယ်အဝတ်ကိုစောင့်သောသူသည် ဝမ်းမြောက်ရွှင်လန်းခြင်းရှိ၏” ဟုယောဟန်ကို မိန့်တော်မူခဲ့သည်။ (ဗျာဒိတ် ၁၆:၁၆) ဤစကားများ၏အဓိပ္ပာယ်ကား အဘယ်နည်း။ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးအရ မည်သို့နိုးကြားလျက်နေနိုင်မည်နည်း။

၅။ ယေရှုကမ္ဘာပေါ်ရှိစဉ်က ဗိမာန်တော်တွင် အမှုထမ်းခြင်းအတွက် အဘယ်အစီအစဉ်ရှိခဲ့သနည်း။

၅ များသောအားဖြင့် ကင်းစောင့်သည် တာဝန်ကျစဉ် အိပ်ပျော်ခဲ့လျှင် အဝတ်ချွတ်ခံရလေ့မရှိပါ။ သို့သော် ယေရှုကမ္ဘာပေါ်ရှိစဉ်က ယဇ်ပုရောဟိတ်များနှင့် လေဝိသားများသည် ယေရုရှလင်ဗိမာန်တော်တွင် အမှုထမ်းကြစဉ် ထိုသို့ဖြစ်ပျက်ခဲ့ပါသည်။ ဘီ.စီ.အီး. ၁၁ ရာစုတွင် ဒါဝိဒ်မင်းကြီးသည် ဣသရေလလူမျိုး၏ ရာချီသောယဇ်ပုရောဟိတ်များနှင့် ထောင်ချီသော သူတို့၏လက်ထောက်လေဝိသားများကို အဖွဲ့ ၂၄ ဖွဲ့ ဖွဲ့ခဲ့ပါသည်။ (၁ ရာဇဝင်ချုပ် ၂၄:၁-၁၈) လေ့ကျင့်မှုရှိ အမှုထမ်းတစ်ထောင်ကျော်ပါဝင်သော အဖွဲ့တစ်ခုစီသည် ဗိမာန်တော်တာဝန်များကို တစ်နှစ်လျှင် အနည်းဆုံးနှစ်ကြိမ်၊ တစ်ကြိမ်လျှင် တစ်ပတ်တိတိ အလှည့်ကျ ထမ်းဆောင်ကြရသည်။ တဲတော်ပွဲတွင်မူ အသင်းအဖွဲ့ ၂၄ ဖွဲ့စလုံး တာဝန်ထမ်းဆောင်ကြရသည်။ ပသခါပွဲကျင်းပသည့်အခါများတွင်လည်း လုပ်အားပိုပေးကြရသည်။

၆။ ယေရှုက “နိုးလျက်နေ၍၊ ကိုယ်အဝတ်ကိုစောင့်သောသူသည် ဝမ်းမြောက်ရွှင်လန်းခြင်းရှိ၏” ဟုမိန့်တော်မူစဉ်က ဘာကိုရည်ညွှန်းနေတော်မူမည်နည်း။

၆ ယေရှုက “နိုးလျက်နေ၍၊ ကိုယ်အဝတ်ကိုစောင့်သောသူသည် ဝမ်းမြောက်ရွှင်လန်းခြင်းရှိ၏” ဟုမိန့်တော်မူသောအခါ ထိုစဉ်က ဗိမာန်တော်တွင် ကင်းစောင့်တာဝန်ကျခြင်းအစီအစဉ်ကို ရည်ညွှန်းနေခြင်းဖြစ်ပေမည်။ ဂျူးမစ်ရှ်နာက ဤသို့ဆိုသည်– “ယဇ်ပုရောဟိတ်များသည် ဗိမာန်တော်၏သုံးနေရာ—အဗ်တီနာစ်အခန်း၊ မီးလျှံအခန်းနှင့် စားဖိုဆောင်တို့တွင် စောင့်ကြပ်ရကြသည်; လေဝိသားများမူ နှစ်ဆယ့်တစ်နေရာ—ဗိမာန်တော်တောင်၏ တံခါးငါးခုတွင် ငါးယောက်၊ အတွင်းရှိ ထောင့်လေးထောင့်တွင် လေးယောက်၊ ဗိမာန်တော်ရင်ပြင်၏တံခါးငါးခုတွင် ငါးယောက်၊ အပြင်ဘက်ရှိ ထောင့်လေးထောင့်တွင် လေးယောက်၊ ယဇ်ပူဇော်ရာအခန်းတွင် တစ်ယောက်၊ ကုလားကာအခန်းတွင် တစ်ယောက်၊ [အလွန်သန့်ရှင်းရာဌာန၏ အနောက်နံရံအပြင်ဘက်တွင်ရှိသော] အမျက်ဖြေရာယဇ်ပလ္လင်နောက်တွင် တစ်ယောက်—တွင် ကင်းစောင့်ကြရသည်။ ဗိမာန်တော်တောင်၏ တပ်အုပ်သည် ဆီမီးခွက်များထွန်းပြီး ကင်းစောင့်တိုင်းထံသို့ လည်ပတ်သွားတတ်၍ ကင်းစောင့်တစ်ဦးက ‘အိုဗိမာန်တော်တောင်၏တပ်အုပ်၊ ငြိမ်သက်ခြင်းရှိပါစေသော’ ဟုရပ်မပြော၊ အိပ်ပျော်နေကြောင်း ထင်ရှားမည်ဆိုလျှင် သူ့ကိုတောင်ဝှေးနှင့်ရိုက်ပြီး သူ၏ဝတ်လုံကို မီးရှို့ခွင့်ရှိပါသည်။”—ဟာဘတ်ဒန်ဘီ ဘာသာပြန်သော မစ်ရှ်နာ၊ မစ်ဒေါ့သ် (“အတိုင်းအထွာ”)၊ ၁၊ အပိုဒ် ၁-၂။

၇။ ဗိမာန်တော်တွင် ကင်းစောင့်တာဝန်ကျသော ယဇ်ပုရောဟိတ်များနှင့် လေဝိသားများသည် အဘယ်ကြောင့် နိုးကြားလျက်နေကြရသနည်း။

၇ အမှုထမ်းရသောအသင်းအဖွဲ့၏ လေဝိသားများနှင့် ယဇ်ပုရောဟိတ်များသည် ကင်းစောင့်ရန်နှင့် ဗိမာန်တော်ရင်ပြင်အထဲ မသန့်ရှင်းသူများ မဝင်စေရန် တစ်ညလုံးနိုးလျက်နေကြရသည်။ “ဗိမာန်တော်တောင်၏တပ်အုပ်” သို့မဟုတ် “ဗိမာန်တော်မှူး” သည်စောင့်ကြပ်သည့်နေရာ ၂၄ ခုစလုံးထံ တစ်ညလုံးလည်ပတ်နေစဉ် ကင်းစောင့်သည် သတိလက်လွတ်ဖြစ်နေသည့်အဖြစ်ဖြင့် အတွေ့မခံလိုလျှင် သူတို့တစ်ဦးစီသည် နိုးကြားလျက်နေကြရ၏။—တမန်တော် ၄:၁။

၈။ ခရစ်ယာန်တစ်ဦး၏ ပုံဆောင်ရာဝတ်လုံများကား အဘယ်နည်း။

၈ ဘိသိက်ခံခရစ်ယာန်များနှင့် သူတို့၏အမှုထမ်းဖက်များသည် ဝိညာဉ်ရေးအရ နိုးကြားပြီး ပုံဆောင်ရာဝတ်လုံများကို ဝတ်ဆင်ထားရန်လိုပါသည်။ ယင်းတို့သည် ယေဟောဝါ၏ဝိညာဉ်ဏရေးဗိမာန်တော်တွင် အမှုထမ်းရန် ကျွန်ုပ်တို့ခန့်အပ်ခံရခြင်း၏ အမှတ်အသားများဖြစ်သည်။ ယင်းကိုအသိအမှတ်ပြုသည့်အနေနှင့် ကျွန်ုပ်တို့၏တာဝန်များကိုထမ်းဆောင်၍ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများအဖြစ် ရရှိထားသောအခွင့်အရေးများကိုဆောင်ရွက်ရန် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော် သို့မဟုတ် လှုပ်ရှားသောစွမ်းအား၏ အကူအညီကို ကျွန်ုပ်တို့ရရှိထားကြသည်။ ဘုရားသခင့်ဓမ္မအမှုဆောင်များအဖြစ် တာဝန်ထမ်းစဉ် အိပ်ပျော်သွားခြင်းသည် ကျွန်ုပ်တို့သတိလက်လွတ်ဖြစ်နေခြင်းကို ကြီးမြတ်သောဝိညာဉ်ဏရေးဗိမာန်တော်မှူး၊ ယေရှုခရစ်တော် တွေ့မြင်သွားမည့် အန္တရာယ်ကိုဖြစ်စေသည်။ ထိုအချိန်တွင် ဝိညာဉ်ရေးအရ ကျွန်ုပ်တို့အိပ်ပျော်နေမည်ဆိုလျှင် ကျွန်ုပ်တို့ကို ပုံဆောင်သဘောအရ အဝတ်အချည်းစည်းချွတ်ပစ်ပြီး ကျွန်ုပ်တို့၏ပုံဆောင်ရာဝတ်လုံများကိုမီးရှို့ပစ်ပါလိမ့်မည်။ ထို့ကြောင့် ဝိညာဉ်ရေးအရ ကျွန်ုပ်တို့မည်သို့နိုးကြားလျက်နေကြမည်နည်း။

ကျွန်ုပ်တို့မည်သို့နိုးကြားနေနိုင်

၉။ ခရစ်ယာန်စာပေများအကူအညီဖြင့် ကျမ်းစာကို လေ့လာခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။

၉ ခရစ်ယာန်စာပေများအကူအညီဖြင့် ကျမ်းစာကို အပတ်တကုတ်လေ့လာခြင်းသည် ဝိညာဉ်ဏရေးနိုးကြားမှုအတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။ ဤသို့လေ့လာခြင်းက ဓမ္မအမှုအတွက် အသင့်ရှိစေမည်၊ အကျပ်အတည်းများတွေ့ကြုံသည့်အခါ အကူအညီရရှိစေပြီး ထာဝရပျော်ရွှင်မှုရနိုင်မည့်လမ်းပေါ်သို့ ပို့ဆောင်ပေးပါလိမ့်မည်။ (သု. ၈:၃၄၊ ၃၅; ယာကုပ် ၁:၅-၈) ကျွန်ုပ်တို့၏လေ့လာမှုသည် စေ့စပ်ပြီး တိုးတက်မှုရှိစေသင့်သည်။ (ဟေဗြဲ ၅:၁၄–၆:၃) အာဟာရရှိအစာကို မှန်မှန်စားသုံးခြင်းက ကျွန်ုပ်တို့ကို နိုးကြားဖျတ်လတ်စေသည်။ အာဟာရချို့တဲ့မှု၏ လက္ခဏာဖြစ်သည့် ထုံထိုင်းလေးတွဲ့မှု မဖြစ်စေရန် တားဆီးပေးနိုင်သည်။ ဘုရားသခင်သည် ဘိသိက်ခံ “သစ္စာနှင့်သတိပညာရှိသောကျွန်” အားဖြင့် ဝိညာဉ်ဏရေးအစာအလျှံပယ် ကျွေးမွေးနေတော်မူသောကြောင့် ကျွန်ုပ်တို့သည်ဝိညာဉ်ရေးအရ အာဟာရချို့တဲ့ပြီး ငိုက်မျဉ်းစရာအကြောင်းမရှိပါ။ (မဿဲ ၂၄:၄၅-၄၇၊ သမ) ကိုယ်ပိုင်နှင့် မိသားစုလေ့လာမှုဖြင့် ဝိညာဉ်ဏရေးအစာကို မှန်မှန်သုံးဆောင်ခြင်းသည် နိုးကြားလျက်နေရန်နှင့် “ယုံကြည်ခြင်း၌ကျန်းခံ့” နေရန် နည်းတစ်နည်းဖြစ်ပါသည်။—တိတု ၁:၁၃၊ ၁၄၊ သမ။

၁၀။ ခရစ်ယာန်စည်းဝေးများ၊ အစည်းအဝေးများနှင့် စည်းဝေးကြီးများသည် ကျွန်ုပ်တို့ကို ဝိညာဉ်ရေးအရ နိုးကြားလျက်ရှိစေရန် မည်သို့အကူအညီပေးသနည်း။

၁၀ ခရစ်ယာန်စည်းဝေးများ၊ အစည်းအဝေးများနှင့် စည်းဝေးကြီးများသည် ကျွန်ုပ်တို့ကို ဝိညာဉ်ရေးအရ နိုးကြားလျက်နေစေသည်။ ယင်းအစည်းအဝေးများသည် ‘အချင်းချင်းတစ်ယောက်ကိုတစ်ယောက် မေတ္တာစိတ်ရှိစေရန်နှင့် ကောင်းသောအကျင့်ကိုကျင့်စေရန် တိုက်တွန်းနှိုးဆော်’ ဖို့အခွင့်အရေးနှင့်အားပေးမှုရရှိစေသည်။ အထူးသဖြင့် “ကာလအချိန်ရောက်လုနီးသည်ကိုထောက်” ၍ကျွန်ုပ်တို့မှန်မှန်စည်းဝေးသင့်ပါသည်။ ထိုနေ့ရက်သည် ယခုအမှန်ပင်နီးကပ်နေပြီ။ ယင်းသည် “ယေဟောဝါ၏နေ့၊” ကိုယ်တော်၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို သင်္ကာယနကင်းရှင်းစေမည့်နေ့ဖြစ်သည်။ ထိုနေ့ကို ကျွန်ုပ်တို့တကယ်အရေးပေးမည်—အရေးလည်းပေးသင့်သည်—ဆိုလျှင် ‘အချင်းချင်းစည်းဝေးခြင်းအမှုကို ရှောင်လွှဲ’ ကြမည်မဟုတ်ပါ။—ဟေဗြဲ ၁၀:၂၄၊ ၂၅; ၂ ပေတရု ၃:၁၀။

၁၁။ ခရစ်ယာန်ဓမ္မအမှုသည် ဝိညာဉ်ဏရေးနိုးကြားမှုအတွက် မရှိမဖြစ်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။

၁၁ ခရစ်ယာန်ဓမ္မအမှုတွင် နှလုံးအကြွင်းမဲ့ပါဝင်ခြင်းသည် ဝိညာဉ်ရေးနိုးကြားမှုအတွက် မရှိမဖြစ်ပါ။ သတင်းကောင်းကို မှန်မှန်နှင့် ဇွဲရှိရှိဟောပြောခြင်းက ကျွန်ုပ်တို့ကိုနိုးကြားလျက်ရှိစေသည်။ ကျွန်ုပ်တို့၏ဓမ္မအမှုသည် ဘုရားသခင့်နှုတ်ကပါဌ်စကားတော်၊ ကိုယ်တော်၏နိုင်ငံတော်နှင့် ကိုယ်တော့်ရည်ရွယ်တော်မူချက်များအကြောင်းကို လူတို့အားပြောပြရန် အခွင့်အရေးများစွာပေးသည်။ တစ်အိမ်မှတစ်အိမ် သက်သေခံခြင်း၊ ပြန်လည်ပတ်မှုများပြုလုပ်ခြင်းနှင့် ထာဝရအသက်ရစေသောအသိပညာ အစရှိသည့်စာအုပ်စာတမ်းများကိုအသုံးပြုကာ အိမ်တွင်းကျမ်းစာသင်အံမှုများပြုလုပ်ခြင်းသည် အားရစရာကောင်းသည်။ ပေါလုသည် မိမိတို့ကို ‘လူစုဝေးရာနှင့် တစ်အိမ်မှတစ်အိမ်သွား၍’ သွန်သင်ပေးခဲ့ကြောင်း ရှေးဧဖက်မြို့မှအကြီးအကဲများက သက်သေခံနိုင်ကြပါသည်။ (တမန်တော် ၂၀:၂၀၊ ၂၁) ယေဟောဝါ၏သစ္စာရှိသက်သေခံအချို့သည် သူတို့၏ဓမ္မအမှုကို အဟန့်အတားဖြစ်စေသည့် ကျန်းမာရေးချို့တဲ့မှုများ ရှိကြသည်မှန်သော်လည်း သူတို့သည် အခြားသူများကို ယေဟောဝါနှင့် ကိုယ်တော်၏မင်းရိုက်ရာအကြောင်းပြောပြရန် နည်းလမ်းအမျိုးမျိုးကို ရှာဖွေကာ ယင်းသို့ပြုခြင်းမှ များစွာရွှင်လန်းမှုရကြပါသည်။—ဆာလံ ၁၄၅:၁၀-၁၄။

၁၂၊ ၁၃။ အဘယ်အကြောင်းများကြောင့် စားကြူးသောက်ကြူးခြင်းကို ရှောင်ကြဉ်သင့်သနည်း။

၁၂ စားကြူးသောက်ကြူးခြင်းကို ရှောင်ကြဉ်ခြင်းသည် ဝိညာဉ်ဏရေးအရနိုးကြားနေရန် အကူအညီဖြစ်စေလိမ့်မည်။ ယေရှုသည် မိမိရောက်ရှိနေခြင်းအကြောင်း ပြောဆိုရာတွင် တမန်တော်များကို ဤသို့တိုက်တွန်းတော်မူခဲ့သည်– “သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင်၊ ထိုနေ့ရက်သည်သင်တို့နှင့် အမှတ်တမဲ့တွေ့ကြုံလိမ့်မည်။ ထိုနေ့ရက်သည်ပိုက်ကွန်ကဲ့သို့ မြေတစ်ပြင်လုံး၌နေသောလူအပေါင်းတို့ကို အုပ်မိလိမ့်မည်။” (လုကာ ၂၁:၇၊ ၃၄၊ ၃၅) စားကြူးခြင်းနှင့် သောက်ကြူးခြင်းတို့သည် ကျမ်းစာမူများနှင့် မညီညွတ်ပါ။ (တရားဟောရာ ၂၁:၁၈-၂၁) နယပုံပြင် ၂၃:၂၀၊ ၂၁ က ဤသို့ဆိုသည်– “စပျစ်ရည်သောက်ကြူးသောသူ၊ အမဲသားစားကြူးသောသူတို့ကို အပေါင်းအဖော်မလုပ်နှင့်။ သောက်ကြူးသောသူနှင့် စားကြူးသူသည် ဆင်းရဲခြင်းသို့ရောက်လိမ့်မည်။ အိပ်ကြူးသောသဘောသည် လူကိုအဝတ်စုတ်နှင့်ခြုံတတ်၏။”—သု. ၂၈:၇။

၁၃ အလွန်အကျွံစားခြင်း၊ သောက်ခြင်းသည် စားကြူးခြင်းနှင့် သောက်ကြူးခြင်းအဆင့်သို့မရောက်သေးသော်လည်း ယင်းတို့သည်ဘုရားသခင့်အလိုတော်ကို ဆောင်ရွက်ရန်ပျင်းရိ၍ ပေါ့ဆသွားသည့်တိုင် လူကိုငိုက်မျဉ်းစေနိုင်သည်။ မိသားစုဘဝ၊ ကျန်းမာရေး အစရှိသည်တို့အတွက် စိုးရိမ်စရာရှိသည်ကား အမှန်ပါ။ သို့တိုင် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ရှေးဦးထားပြီး ကောင်းကင်ခမည်းတော်သည် ကျွန်ုပ်တို့လိုအပ်ရာကို ဖြည့်စွက်ပေးတော်မူမည်ဟု ယုံကြည်စိတ်ချနေလျှင် ပျော်ရွှင်မှုရှိပါလိမ့်မည်။ (မဿဲ ၆:၂၅-၃၄) သို့မဟုတ်လျှင် တိရစ္ဆာန်များကို မျှားပြီးအမှတ်တမဲ့ဖမ်းလိုက်သော ဖုံးဝှက်ထောင်ထားသည့် ထောင်ချောက်များကဲ့သို့ “ထိုနေ့” သည်ကျွန်ုပ်တို့အပေါ် “ပိုက်ကွန်” ပမာအုပ်မိလိမ့်မည်။ ကျွန်ုပ်တို့သာ နိုးကြားနေလျက် ‘အမှုကုန်ချိန်’ တွင်အသက်ရှင်နေရကြောင်း လုံးဝသတိရှိနေကြမည်ဆိုလျှင် ထိုသို့ဖြစ်စရာအကြောင်းမရှိပါ။—ဒံယေလ ၁၂:၄။

၁၄။ အားတက်သရောဆုတောင်းခြင်းကို အဘယ်ကြောင့်ပြုသင့်သနည်း။

၁၄ အားတက်သရောဆုတောင်းခြင်းသည် ဝိညာဉ်ဏရေးနိုးကြားမှုအတွက် နောက်ထပ်အကူအညီတစ်ခုဖြစ်ပါသည်။ ယေရှု၏မဟာပရောဖက်ပြုချက်တွင် ကိုယ်တော်က ဤသို့ထပ်မံတိုက်တွန်းတော်မူသည်–“ထို့ကြောင့်သင်တို့သည် ဖြစ်လတ္တံ့သောအမှုအရာတို့နှင့်ကင်းလွတ်၍ လူသားထံသို့ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း၊ အစဉ်ဆုတောင်းလျက်စောင့်နေကြလော့။” (လုကာ ၂၁:၃၆) မှန်ပါ၏၊ ကျွန်ုပ်တို့သည် ယေဟောဝါဘက်တွင် အမြဲရှိနေကြပြီး လူသားယေရှုသည် ဤစနစ်ကိုဖျက်ဆီးရန် ကြွလာသည့်အခါ မျက်နှာသာတော်နှင့်တွေ့ဖို့ ဆုတောင်းကြစို့လေ။ မိမိကိုယ်တိုင်၏အကျိုးနှင့် ကျွန်ုပ်တို့ဆုတောင်းပေးသော ယုံကြည်သူချင်းတို့၏အကျိုးအတွက် “ဆုတောင်းပတ္တနာပြုရာတွင် နိုးနိုးကြားကြားရှိ” ဖို့လိုပါသည်။—ကောလောသဲ ၄:၂၊ သတင်းကောင်း; ဧဖက် ၆:၁၈-၂၀။

အချိန်ကုန်လုပြီ

၁၅။ ဖြောင့်မတ်ခြင်းတရား ဟောပြောသူများအဖြစ် ကျွန်ုပ်တို့ထမ်းဆောင်နေသော လုပ်ငန်းတော်သည် ဘာကိုဖြစ်စေသနည်း။

၁၅ ယေဟောဝါ၏နေ့ကြီးကို ကျွန်ုပ်တို့စောင့်မျှော်နေကြစဉ် ကိုယ်တော်၏လုပ်ငန်းတော်တွင် အတတ်နိုင်ဆုံးပြုလုပ်လိုကြမည်အမှန်။ ယင်းနှင့်ပတ်သက်၍ ကိုယ်တော်ထံ အားတက်သရောဆုတောင်းကြမည်ဆိုလျှင် “ဆောင်ရွက်စရာလုပ်ငန်းတံခါးကြီးသည်” ပွင့်လာစရာအကြောင်းရှိသည်။ (၁ ကောရိန္သု ၁၆:၈၊ ၉၊ ကဘ) ယေရှုသည် ဘုရားသခင်ခန့်အပ်ထားတော်မူသောအချိန်တွင် တရားစီရင်ပြီး ထာဝရအသက်ရထိုက်သူ ဖြောင့်မတ်သော “သိုး” နှင့် ထာဝရပျက်စီးခြင်းခံထိုက်သူ ဘုရားတရားမရှိသော “ဆိတ်” ကိုခွဲတော်မူလိမ့်မည်။ (ယောဟန် ၅:၂၂) သိုးနှင့်ဆိတ်ခွဲသူတို့မှာ ကျွန်ုပ်တို့မဟုတ်ပါ။ သို့သော် ဖြောင့်မတ်ခြင်းတရားဟောပြောသူများအဖြစ် ယခုကျွန်ုပ်တို့ထမ်းဆောင်နေသောလုပ်ငန်းတော်သည် လူတို့အား ဘုရားသခင့်အမှုတော်ထမ်းသည့်ဘဝကိုရွေးချယ်ရန် ခွင့်ပြုနေပြီး “ဘုန်းအာနုဘော်ကိုဆောင်လျက်” ယေရှုကြွလာသည့်အခါ အသက်ရှင်ခြင်းသို့ခွဲခံရရန် မျှော်လင့်ချက်ရှိစေပါသည်။ ဤအစီအစဉ်စနစ်၏ကျန်ကြွင်းချိန် တိုတောင်းခြင်းက “ထာဝရအသက်ကိုတလိုတလားရှိသူ” များကို စိတ်အားထက်သန်စွာရှာဖွေရန် လိုအပ်စေသည်။—မဿဲ ၂၅:၃၁-၄၆; တမန်တော် ၁၃:၄၈၊ ကဘ။

၁၆။ ကျွန်ုပ်တို့သည် အဘယ်ကြောင့် ဇွဲလုံ့လရှိသော ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ ဖြစ်သင့်သနည်း။

၁၆ နောဧလက်ထက်ရှိ လောကအတွက် အချိန်ကုန်ဆုံးခဲ့၏၊ ဤအစီအစဉ်စနစ်အတွက်လည်း မကြာမီ အချိန်ကုန်ဆုံးတော့မည်။ ထို့ကြောင့် ဇွဲလုံ့လရှိ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ ဖြစ်ကြစို့လေ။ ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းသည် တိုးတက်ကြီးပွားနေပါသည်။ အကြောင်းမှာ ဘုရားသခင်ထံဆက်ကပ်အပ်နှံခြင်း အထိမ်းအမှတ်အဖြစ် နှစ်စဉ်နှစ်ခြင်းခံသူ ထောင်ပေါင်းများစွာရှိနေပါသည်။ သူတို့သည် ယေဟောဝါ၏ကောင်းချီးခံစားနေရသော “ထာဝရဘုရား၏လူ . . . အထံတော်၌ကျက်စားသော သိုးစု” ဖြစ်သည့်အဖွဲ့ဝင်များ ဖြစ်လာနေကြသည်။ (ဆာလံ ၁၀၀:၃) “ယေဟောဝါ၏ ကြောက်မက်ဖွယ်သောနေ့ကြီး” မတိုင်မီ လူများစွာတို့အား မျှော်လင့်ချက်ပေးသော ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်း၌ပါဝင်ခွင့်ရခြင်းသည် အားရဝမ်းသာစရာပါတကား!

၁၇၊ ၁၈။ (က) ကျွန်ုပ်တို့ဟောပြောကြစဉ် အချို့သူများ မည်သို့တုံ့ပြန်မည်ဟုမျှော်လင့်နိုင်သနည်း။ (ခ) ပြက်ရယ်ပြုသူတို့အပေါ် အဘယ်အရာသည် တကယ်အုပ်မိလိမ့်မည်နည်း။

၁၇ နောဧနည်းတူ ကျွန်ုပ်တို့ကို ဘုရားသခင်ထောက်ပံ့ကာကွယ်သည်။ မှန်ပါသည်၊ လူများသာမက လူ့အသွင်ကိုယူဆောင်သော ကောင်းကင်တမန်များနှင့် နက်ဖလင်တို့သည် နောဧဟောသောသတင်းကို ပြက်ရယ်ပြုခဲ့ကြမည်ဖြစ်သော်လည်း ယင်းက သူ့ကိုမဟန့်တားခဲ့ပါ။ ယနေ့ ကျွန်ုပ်တို့သည် “နောက်ဆုံးကာလ” တွင်အသက်ရှင်နေကြောင်း သက်သေထူသည့် အတိုင်းထက်အလွန်များသောအထောက်အထားကို ဖော်ပြသည့်အခါ အချို့သူများက ပြက်ရယ်ပြုကြပါသည်။ (၂ တိမောသေ ၃:၁-၅) ဤသို့ပြက်ရယ်ပြုခြင်းသည် ခရစ်တော်ရောက်ရှိနေခြင်းနှင့်ဆိုင်သော ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံခြင်းဖြစ်သည်။ အကြောင်းမှာ ပေတရုက ဤသို့ရေးသားခဲ့သည်– “နောက်ဆုံးသောကာလ၌ ပြက်ရယ်ပြုတတ်သောသူတို့သည်၊ မိမိတို့တပ်မက်ခြင်းအတိုင်းကျင့်နေ၍၊ ‘သခင်ဘုရားကြွလာမည်ဟူသောကတိတော်သည် အဘယ်မှာရှိသနည်း။ ဘိုးဘေးများအိပ်ပျော်သည်နောက်၊ ခပ်သိမ်းသောအရာတို့သည်ဖန်ဆင်းစကဖြစ်သကဲ့သို့၊ ဖြစ်မြဲဖြစ်ကြ၏’ ဟုဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာကြလိမ့်မည်။”—၂ ပေတရု ၁:၁၆; ၃:၃၊ ၄။

၁၈ မျက်မှောက်ခေတ်ပြက်ရယ်ပြုသူများက ‘ဖန်ဆင်းခြင်းကတည်းက ဘာအပြောင်းအလဲမှမရှိဘူး။ လူတွေ စားကြ၊ သောက်ကြ၊ ထိမ်းမြားကြ၊ သားသမီးတွေမွေးမြူကြနဲ့ အသက်ဆက်ရှင်နေကြတာပဲ။ ယေရှုရောက်ရှိနေသည်ဆိုဦးတော့ ကျွန်ုပ်ခေတ်မှာ ကိုယ်တော်တရားစီရင်မှာမဟုတ်ပါဘူး’ ဟုအထင်ရှိကြပေမည်။ သူတို့သည် မှားလိုက်လေခြင်း! သူတို့သည် ဤအချိန်အတောအတွင်း အခြားအကြောင်းများကြောင့်မသေဆုံးကြလျှင် နောဧခေတ်က ဆိုးသွမ်းသောလူမျိုးဆက်ကို ရေလွှမ်းမိုးဘေးဖြင့်ဖျက်ဆီးခဲ့သကဲ့သို့ ဤဆိုးသွမ်းသောလူမျိုးဆက်အပေါ် ယေဟောဝါ၏ကြောက်မက်ဖွယ်သောနေ့သည် အမှန်တကယ်အုပ်မိလိမ့်မည်။—မဿဲ ၂၄:၃၄။

အဘယ်နည်းဖြင့်မဆို နိုးကြားနေကြလော့!

၁၉။ ကျွန်ုပ်တို့၏တပည့်ဖြစ်စေခြင်းလုပ်ငန်းကို မည်သို့ရှုမြင်သင့်သနည်း။

၁၉ ကျွန်ုပ်တို့သည် ယေဟောဝါအား ဆက်ကပ်အပ်နှံထားသူများဖြစ်မည်ဆိုလျှင် မသင့်တော်သော ဆင်ခြင်တုံတရားဖြင့် ဘယ်သောအခါမျှ ချော့သိပ်ခြင်းမခံရကြပါစေနှင့်။ ဤအချိန်သည် နိုးကြားလျက်နေရန်အချိန်၊ ဘုရားပေးပရောဖက်ပြုချက်ကို ယုံကြည်ကြောင်းတင်ပြရန်အချိန်၊ ‘လူမျိုးတကာတို့ကို တပည့်ဖြစ်စေ’ ရန်တာဝန်ထမ်းဆောင်ရမည့်အချိန်ဖြစ်သည်။ (မဿဲ ၂၈:၁၉၊ ၂၀) ဤအစီအစဉ်စနစ် အဆုံးတိုင်လုနီးချိန်တွင် ယေရှုခရစ်၏ဦးစီးဦးဆောင်မှုအောက် ယေဟောဝါဘုရားသခင်၏ အမှုတော်ကိုထမ်းခြင်းနှင့် ကမ္ဘာတစ်ဝန်း ‘ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း’ ဟောပြောခြင်းလုပ်ငန်း၌ ပါဝင်ခြင်းထက် သာ၍ကြီးမြတ်သောအခွင့်အရေး မရှိနိုင်ပါ။—မဿဲ ၂၄:၁၄; မာကု ၁၃:၁၀။

၂၀။ ကာလက်နှင့်ယောရှုတို့သည် အဘယ်ပုံသက်သေကိုတင်ပြခဲ့ပြီး သူတို့၏လမ်းစဉ်က ကျွန်ုပ်တို့အတွက် ဘာကိုတင်ပြသနည်း။

၂၀ ယေဟောဝါ၏လူမျိုးအချို့သည် ကိုယ်တော့်အမှုတော်ကို ဆယ်စုနှစ်ပေါင်းများစွာ၊ တစ်သက်တာပတ်လုံးပင် အမှုထမ်းခဲ့ကြပါပြီ။ ကျွန်ုပ်တို့သည် စစ်မှန်သောဝတ်ပြုရေးကို မကြာမီအချိန်ကမှ လက်ခံခဲ့သူဖြစ်သည့်တိုင် ‘ယေဟောဝါနောက်တော်သို့ လုံးလုံးလိုက်’ ခဲ့သော ဣသရေလအမျိုးသား ကာလက်ကဲ့သို့ ဖြစ်ကြစို့လေ။ (တရားဟောရာ ၁:၃၄-၃၆) အီဂျစ်နိုင်ငံတွင် ကျွန်ခံရသည့်ဘဝမှ ဣသရေလလူမျိုးလွတ်မြောက်လာပြီး များမကြာမီအချိန်တွင် သူနှင့် ယောရှုတို့သည် ကတိထားရာပြည်တော်ထဲဝင်ရန် အသင့်ရှိနေကြသည်။ သို့ရာတွင် အရွယ်ရောက်သူ ဣသရေလ အများစုတို့သည် ယုံကြည်ခြင်းနည်းကြသောကြောင့် တောအရပ်တွင် နှစ်ပေါင်း ၄၀ အချိန်ကုန်လွန်ခဲ့ကြရ၍ ထိုတွင်သေဆုံးခဲ့ကြသည်။ ကာလက်နှင့် ယောရှုတို့သည် သူတို့နှင့်အတူ ထိုအချိန်အတောအတွင်း ဆင်းရဲဒုက္ခများခံခဲ့ကြရသော်လည်း နောက်ဆုံးတွင် ထိုသူနှစ်ဦးသည် ကတိထားရာပြည်တော်ကို ဝင်ခွင့်ရခဲ့ကြသည်။ (တောလည်ရာ ၁၄:၃၀-၃၄; ယောရှု ၁၄:၆-၁၅) ကျွန်ုပ်တို့သည် ‘ယေဟောဝါနောက်တော်သို့ လုံးလုံးလိုက်’ ပြီးဝိညာဉ်ရေးအရ နိုးကြားလျက်နေကြမည်ဆိုလျှင် ဘုရားသခင်ကတိထားရာကမ္ဘာသစ်ထဲ ဝင်ရခြင်းရွှင်လန်းမှုကို ကျွန်ုပ်တို့ခံစားရကြလိမ့်မည်။

၂၁။ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးအရ နိုးကြားလျက်နေကြမည်ဆိုလျှင် ဘာကိုတွေ့ကြုံရမည်နည်း။

၂၁ ကျွန်ုပ်တို့သည် ဆုံးခန်းချိန်တွင် အသက်ရှင်နေကြကြောင်း၊ ယေဟောဝါနေ့ကြီး နီးပြီဖြစ်ကြောင်း သက်သေသာဓကများက ရှင်းလင်းစွာဖော်ပြပါသည်။ ဤအချိန်သည် ငိုက်မျဉ်းပြီး ဘုရားသခင့်အလိုတော်ကိုဆောင်ရွက်ရန် ပေါ့ဆနေကြရမည့်အချိန်မဟုတ်ပါ။ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးအရ နိုးကြားလျက်နေပြီး ခရစ်ယာန်ဓမ္မအမှုဆောင်များနှင့် ယေဟောဝါ၏ကျေးကျွန်များဖြစ်ကြောင်း အမှတ်အသားဖြစ်သော ဝတ်လုံများကို ဝတ်ဆင်ထားမှသာလျှင် ကောင်းချီးခံစားရကြလိမ့်မည်။ ကျွန်ုပ်တို့သည် ‘သတိနှင့်စောင့်နေကြ၍ ယုံကြည်ခြင်း၌တည်တံ့ကြပြီး ယောက်ျားအစွမ်းသတ္တိနှင့်တကွ ခွန်အားစုံလင်လျက်နေကြ’ ရန်သန္နိဋ္ဌာန်ချထားနိုင်ကြပါစေ။ (၁ ကောရိန္သု ၁၆:၁၃) ယေဟောဝါ၏ကျေးကျွန်များအဖြစ် ကျွန်ုပ်တို့တစ်ဦးစီသည် တည်ကြည်ခိုင်ခံ့ပြီး ရဲရင့်နိုင်ပါလေစေ။ ထိုသို့ဆိုလျှင် ယေဟောဝါ၏နေ့ကြီးရောက်လာသည့်အခါ အသင့်ရှိနေသူများတွင်ပါဝင်၍ နိုးကြားလျက်နေကြသော ပျော်ရွှင်သူများစာရင်း၌ သစ္စာရှိရှိအမှုထမ်းသူများ ဖြစ်ကြပါလိမ့်မည်။

သင်မည်သို့ဖြေဆိုမည်နည်း

◻ ကျွန်ုပ်တို့၏ပုံဆောင်ရာဝတ်လုံများကို မည်သို့ဖော်ပြမည်နည်း။ ယင်းတို့ကို မည်သို့ဝတ်ဆင်ထားနိုင်မည်နည်း။

◻ ဝိညာဉ်ရေးအရ နိုးကြားလျက်နေရန် နည်းအချို့ကားအဘယ်နည်း။

◻ ပြက်ရယ်ပြုသူများကို တွေ့ ကြုံရန် အဘယ်ကြောင့်မျှော်လင့်သင့်သနည်း။ သူတို့ကို မည်သို့သဘောထားသင့်သနည်း။

◻ ဤနောက်ဆုံးကာလတွင် ကျွန်ုပ်တို့၏တပည့်ဖြစ်စေခြင်းလုပ်ငန်းကို မည်သို့သဘောထားသင့်သနည်း။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

သင်သည် ဝိညာဉ်ရေးအရ နိုးကြားလျက်နေပြီး ပုံဆောင်ရာဝတ်လုံများကို ဝတ်ဆင်ထားဖို့ သန္နိဋ္ဌာန်ချထားပါသလော

[စာမျက်နှ ၁၆ ပါ အကျဉ်းဖော်ပြချက်]

ခရစ်ယာန်များသည် နိုးနိုးကြားကြားနေနိုင်ရန်နှင့် မိမိတို့တာဝန်များကို ထမ်းဆောင်နိုင်ရန် ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော် ရရှိထားကြသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ