ယေဟောဝါ၏နေ့ကို မျှော်လင့်တောင့်တနေလော့
“နောက်ဆုံးသောကာလ၌ ပြက်ရယ်ပြုတတ်သောသူတို့သည် . . . ပေါ်လာကြလိမ့်မည်။”—၂ ပေတရု ၃:၃၊ ၄။
၁။ မျက်မှောက်ခေတ်ခရစ်ယာန်တစ်ဦးသည် မည်သည့်အရာကို အရေးတကြီးဖြစ်သည်ဟူသောသဘောပိုက်ခဲ့သနည်း။
“အရေးတကြီးဖြစ်တယ်လို့ ကျွန်တော်အမြဲသဘောပိုက်ခဲ့တယ်။ သန်ဘက်ခါပဲ အာမဂေဒုန်ရောက်လာမယ်လို့ ကျွန်တော့်စိတ်ထဲမှာဖြစ်နေတယ်။ (ဗျာဒိတ် ၁၆:၁၄-၁၆) ကျွန်တော့်အဖေနဲ့ သူ့အရင်က အဖိုးတို့လိုပဲ တမန်တော် [ပေတရု] တိုက်တွန်းသလို ‘ယေဟောဝါရဲ့နေ့ရောက်တော့မယ်လို့ မျှော်လင့်တောင့်တ’ ပြီးအသက်ရှင်နေထိုင်ခဲ့တယ်။ ကတိပေးထားတဲ့ ကမ္ဘာသစ်ကို ‘မမြင်ရသော်လည်း အမှန်တည်ရှိ’ တယ်လို့အမြဲယူမှတ်ခဲ့တယ်” ဟူ၍ ၆၆ နှစ်ကျော် အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုဆောင်ခဲ့သူတစ်ဦးက ရေးသားတင်ပြသည်။—၂ ပေတရု ၃:၁၁၊ ၁၂; ဟေဗြဲ ၁၁:၁; ဟေရှာယ ၁၁:၆-၉; ဗျာဒိတ် ၂၁:၃၊ ၄။
၂။ ယေဟောဝါ၏နေ့ကို မျှော်လင့်တောင့်တလျက်နေခြင်း၏အဓိပ္ပာယ်ကား အဘယ်နည်း။
၂ ယေဟောဝါ၏နေ့ကို ‘မျှော်လင့်တောင့်တနေခြင်း’ ဟူသောပေတရု၏အသုံးအနှုန်းကား မိမိတို့၏စိတ်ထဲတွင် ယင်းကိုရက်ရွှေ့မနေခြင်းဟု ဆိုလိုပါသည်။ ကတိထားတော်မူသောကမ္ဘာသစ်ကို မတည်ထောင်မီ ဤအစီအစဉ်စနစ်ကိုဖျက်ဆီးမည့် ယေဟောဝါ၏နေ့သည် အလွန်နီးကြောင်း ကျွန်ုပ်တို့မမေ့သင့်ပါ။ ယင်းကို ကျွန်ုပ်တို့ထင်ရှားစွာမြင်နေဘိသကဲ့သို့ ကျွန်ုပ်တို့အတွက် တကယ်အလားဖြစ်သင့်ကာ ရှေ့နားလေးတွင်ရှိနေသကဲ့သို့ဖြစ်သင့်သည်။ ရှေးခေတ်ကဘုရားသခင့်ပရောဖက်များအတွက် တကယ်အလားဖြစ်ခဲ့ရာ ၎င်းနီးပြီဟု သူတို့ကမကြာခဏပြောဆိုတတ်ကြသည်။—ဟေရှာယ ၁၃:၆; ယောလ ၁:၁၅; ၂:၁; ဩဗဒိ ၁၅; ဇေဖနိ ၁:၇၊ ၁၄။
၃။ ယေဟောဝါ၏နေ့အကြောင်း ပေတရုဆုံးမပေးရန် မည်သည့်အရာက လှုံ့ဆော်ခဲ့ဖွယ်ရှိသနည်း။
၃ ယေဟောဝါ၏နေ့သည် “သန်ဘက်ခါ” ရောက်လာမည့်အလား ယူမှတ်ကြရန် ပေတရုက အဘယ်ကြောင့်တိုက်တွန်းပါသနည်း။ ပြစ်မှားသူများကိုဒဏ်စီရင်ဖို့ ခရစ်တော်ကြွလာမည်ဟူသောကတိတော်ကို လူအချို့က ပြက်ရယ်ပြုနေကြသောကြောင့်ဖြစ်သည်။ (၂ ပေတရု ၃:၃၊ ၄) ထို့ကြောင့် ယခုကျွန်ုပ်တို့ဆင်ခြင်သုံးသပ်ကြည့်မည့် သူ၏ဒုတိယစာစောင်အခန်းကြီး ၃ တွင် ဤပြက်ရယ်ပြုသူများ၏စွဲချက်များကို သူချေပထားပါသည်။
သတိရအောက်မေ့ကြရန် မေတ္တာရပ်ခံ
၄။ ပေတရုသည် ကျွန်ုပ်တို့အား အဘယ်အရာကို သတိရအောက်မေ့စေလိုသနည်း။
၄ ညီအစ်ကိုများအပေါ် ပေတရုမေတ္တာထားကြောင်း ဤအခန်းကြီးတွင် သူတို့အား “ချစ်သူတို့” ဟုထပ်ခါတလဲခေါ်ဆိုခဲ့ခြင်းက ဖော်ပြပါသည်။ သူတို့သင်ယူထားသည့်အရာများကို မမေ့ကြရန် အနူးအညွတ်မေတ္တာရပ်ခံကာ ပေတရုက ဤသို့နိဒါန်းပျိုးပါသည်– “ချစ်သူတို့၊ . . . သန့်ရှင်းသောပရောဖက်တို့သည်၊ အထက်ကဟောပြောသော စကားများကိုလည်းကောင်း၊ ကယ်တင်တော်မူသော အရှင်သခင်ဘုရား၏ တမန်တော်ဖြစ်သော ငါတို့၏ပညတ်ကိုလည်းကောင်း၊ သင်တို့သည်အောက်မေ့စေခြင်းငှာ၊ . . . သင်တို့၏ကြည်ဖြူသော စိတ်ဝိညာဉ်တို့ကို ငါသတိပေးနှိုးဆော်၏။”—၂ ပေတရု ၃:၁၊ ၂၊ ၈၊ ၁၄၊ ၁၇; ယုဒ ၁၇။
၅။ ယေဟောဝါ၏နေ့အကြောင်း ပရောဖက်အချို့က မည်သို့ပြောဆိုသနည်း။
၅ ‘သန့်ရှင်းသောပရောဖက်တို့ အထက်ကဟောပြောသော အဘယ်စကားများ’ ကိုစာရှုသူများ သတိရအောက်မေ့စေရန် ပေတရုတိုက်တွန်းပါသနည်း။ ဘုရားသခင့်နိုင်ငံတော်အာဏာဖြင့် ခရစ်တော်ရောက်ရှိနေခြင်းနှင့် ဘုရားတရားမဲ့သူများကို တရားစီရင်ခြင်းအကြောင်းဖြစ်ပါသည်။ ပေတရုသည် ဤစကားများကို ရှေ့တွင်သတိပြုစေခဲ့ပြီ။ (၂ ပေတရု ၁:၁၆-၁၉; ၂:၃-၁၀) မတရားသောလူဆိုးတို့ကို ဘုရားသခင်တရားစီရင်တော်မူမည့်အကြောင်း သတိပေးသော ပထမဦးဆုံးမှတ်တမ်းတင်ခံရသောပရောဖက် ဧနောက်ကို ယုဒဖော်ညွှန်းခဲ့သည်။ (ယုဒ ၁၄၊ ၁၅) ဧနောက်ပြီးနောက် အခြားပရောဖက်များပေါ်လာခဲ့ရာ သူတို့၏ရေးသားချက်များကို ကျွန်ုပ်တို့အား ပေတရုကမမေ့လျော့စေလိုပါ။—ဟေရှာယ ၆၆:၁၅၊ ၁၆; ဇေဖနိ ၁:၁၅-၁၈; ဇာခရိ ၁၄:၆-၉။
၆။ ခရစ်တော်နှင့် ကိုယ်တော့်တမန်တော်များ၏ အဘယ်မိန့်ဆိုချက်များက ယေဟောဝါ၏နေ့အကြောင်း ပိုမိုသဘောပေါက်စေသနည်း။
၆ ထို့ပြင် ‘ကယ်တင်တော်မူသောအရှင်၏ . . . ပညတ်’ ကိုအောက်မေ့ပါဟု ပေတရုက စာရှုသူများကိုပြောသည်။ ယေရှု၏ပညတ်တွင် ဤအမှာစကားများပါဝင်သည်– “သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ . . . စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင်၊ . . . ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို့ . . . အုပ်မိလိမ့်မည်။” “ထိုအချိန်ကာလသည် အဘယ်သို့ရောက်မည်ကို သင်တို့မသိသောကြောင့်၊ သတိပြု၍ . . . စောင့်နေကြလော့။” (လုကာ ၂၁:၃၄-၃၆; မာကု ၁၃:၃၃) တမန်တော်များ၏စကားကိုနာခံဖို့လည်း ပေတရုတိုက်တွန်းပေးပါသည်။ ဥပမာ၊ တမန်တော်ပေါလုက ဤသို့ရေးသားသည်– “သူခိုးသည် ညဉ့်အခါလာသကဲ့သို့၊ သခင်ဘုရား၏နေ့ရက်သည် လာလိမ့်မည်ကို သင်တို့သည် သေချာစွာသိကြ၏။ သို့ဖြစ်၍၊ အခြားသောသူတို့သည် အိပ်ပျော်သကဲ့သို့၊ ငါတို့သည် အိပ်မပျော်ဘဲ သမ္မာသတိရှိ၍ စောင့်ကြကုန်အံ့။”—၁ သက်သာလောနိတ် ၅:၂၊ ၆။
ပြက်ရယ်ပြုသူများ၏ စိတ်ဆန္ဒများ
၇၊ ၈။ (က) ဘုရားသခင်၏သတိပေးချက်များကို ပြက်ရယ်ပြုသူများကား အဘယ်လူစားမျိုးဖြစ်ကြသနည်း။ (ခ) ပြက်ရယ်ပြုသူများကား မည်သို့အဆိုပြုသနည်း။
၇ ရှေ့တွင်သတိပြုစေခဲ့သည့်အတိုင်း ပေတရုမှာကြားနေရသည့်အကြောင်းမှာ ယေဟောဝါ၏ပရောဖက်တို့ကို အစောပိုင်းအချိန်က ဣသရေလလူများသည် ပြက်ရယ်ပြုခဲ့ကြသည်နည်းတူ အချို့သူတို့သည် ဤသတိပေးချက်များကို ပြက်ရယ်ပြုနေကြသောကြောင့်ဖြစ်သည်။ (၂ ရာဇဝင်ချုပ် ၃၆:၁၆) ပေတရုက “ရှေးဦးစွာ သိမှတ်အပ်သောအရာဟူမူကား၊ နောက်ဆုံးသောကာလ၌ ပြက်ရယ်ပြုတတ်သောသူတို့သည်၊ မိမိတို့တပ်မက်ခြင်းအတိုင်းကျင့်နေ၍ . . . ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာကြလိမ့်မည်” ဟုရှင်းပြပါသည်။ (၂ ပေတရု ၃:၃၊ ၄) ယုဒက ထိုပြက်ရယ်ပြုသူများသည် ‘မတရားသောအရာများ’ ကိုတပ်မက်ကြသည်ဟုဆိုသည်။ သူတို့သည် “ဝိညာဉ်တော်နှင့်ကင်းသော ဇာတိပကတိလူဖြစ်ကြ၏” ဟုသူကဆိုသည်။—ယုဒ ၁၇-၁၉။
၈ “ညစ်ညူးသော တပ်မက်ခြင်းကိလေသာနှင့်တကွ၊ ကာမဂုဏ်အလိုသို့လိုက်” သောမိစ္ဆာအယူမှားဆရာတို့သည် ပေတရုဖော်ညွှန်းသည့် ဝိညာဉ်ရေးရာမရှိသော ပြက်ရယ်ပြုသူများတွင် ပါဝင်ကြပေမည်။ (၂ ပေတရု ၂:၁၊ ၁၀၊ ၁၄) “သခင်ဘုရားကြွလာမည်ဟူသော ကတိတော်သည် အဘယ်မှာရှိသနည်း။ ဘိုးဘေးများအိပ်ပျော်သည်နောက်၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းစကဖြစ်သကဲ့သို့၊ ဖြစ်မြဲဖြစ်ကြ၏” ဟုသစ္စာရှိခရစ်ယာန်များကို သူတို့ပြောင်လှောင်သရော်ပြီး မေးမြန်းခဲ့ကြသည်။—၂ ပေတရု ၃:၄။
၉။ (က) ပြက်ရယ်ပြုသူများသည် ဘုရားသခင့်နှုတ်ကပါဌ်တော်စကားတော်တွင် နေရာအနှံ့ဖော်ပြထားသော အရေးတကြီးဖြစ်ခြင်းသဘောကို အဘယ်ကြောင့်ပေါ့ပျက်စေကြသနည်း။ (ခ) ယေဟောဝါ၏နေ့ကိုစိတ်စွဲမှတ်ထားခြင်းသည် ကျွန်ုပ်တို့အတွက် မည်သို့အကာအကွယ်ဖြစ်သနည်း။
၉ အဘယ်ကြောင့် ဤသို့ပြောင်လှောင်ကြရသနည်း။ ခရစ်တော်သည် ဘယ်တော့မှရောက်လာမည်မဟုတ်၊ ဘုရားသခင်သည် လူမှုရေးရာတွင် တစ်ခါမျှဝင်စွက်ခဲ့သည်မရှိ၊ ရှိမည်လည်းမဟုတ်ပါဟူ၍ အဘယ်ကြောင့်ဆိုကြရသနည်း။ ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် နေရာအနှံ့ဖော်ပြထားသော အရေးတကြီးဖြစ်ခြင်းသဘောကို ပေါ့ပျက်စေခြင်းအားဖြင့် ဤတိရစ္ဆာန်စိတ်ထားရှိ ပြက်ရယ်ပြုသူများသည် သူတစ်ပါးကို ဝိညာဉ်ရေးဘက် လျစ်လျူရှုစေကြသည်။ သို့မှသာ ကိုယ်ကျိုးအတွက် သူတို့အလွယ်တကူမြှူဆွယ် ဖြားယောင်းနိုင်မည်ဖြစ်သည်။ ယနေ့ ဝိညာဉ်ရေးဘက် ကျွန်ုပ်တို့နိုးနိုးကြားကြားရှိနေရန် အလွန်ထိရောက်သည့်အားပေးမှုပါတကား! ယေဟောဝါ၏နေ့ကို စွဲမှတ်ထားပြီး ကိုယ်တော်၏မျက်စိတော်သည် ကျွန်ုပ်တို့ကိုကြည့်ရှုနေတော်မူကြောင်း အမြဲသတိရပါ! သို့ပြုမှသာ ယေဟောဝါအား ဇွဲလုံ့လနှင့်ဝတ်ပြုပြီး အကျင့်စင်ကြယ်မှုကို ထိန်းသိမ်းပေးရန် လှုံ့ဆော်ခံရပါလိမ့်မည်။—ဆာလံ ၁၁:၄; ဟေရှာယ ၂၉:၁၅; ယေဇကျေလ ၈:၁၂; ၁၂:၂၇; ဇေဖနိ ၁:၁၂။
တမင်ဖြစ်ရုံမက ယုတ်ညံ့လှ
၁၀။ ပြက်ရယ်ပြုသူများ၏စကားသည် မှားယွင်းကြောင်း ပေတရုမည်သို့ဖော်ပြသနည်း။
၁၀ ဤကဲ့သို့သောပြက်ရယ်ပြုသူများသည် အရေးကြီးသောအချက်တစ်ချက်ကို ဥပေက္ခာပြုလျစ်လျူ ရှုကြသည်။ သူတို့ကိုယ်တိုင် တမင်ဥပေက္ခာပြုလျစ်လျူ ရှုရုံမက သူတစ်ပါးလည်း ၎င်းကိုမေ့ပျောက်စေရန် ကြိုးစားပြုလုပ်ကြသည်။ အဘယ်ကြောင့်နည်း။ လူတို့ကို သာ၍အလွယ်တကူဖြားယောင်းနိုင်ဖို့ရန်ဖြစ်သည်။ “[ဤ] အကြောင်းကို ထိုသူတို့သည် တမင်မေ့လျော့ကြ၏” ဟုပေတရုရေးသားသည်။ အဘယ်အကြောင်းနည်း။ “ရှေးကာလ၌ မိုးကောင်းကင်ကိုလည်းကောင်း၊ ရေထဲက ရေအားဖြင့်တည်သော မြေကြီးကိုလည်းကောင်း၊ ဘုရားသခင်၏နှုတ်ကပါဌ်တော်သည် ဖြစ်စေတော်မူကြောင်းနှင့်၊ ထိုကာလ၌ရှိသောလောကသည် ရေနှင့်လွှမ်းမိုး၍ ပျက်စီးကြောင်း” ဖြစ်သည်။ (၂ ပေတရု ၃:၅၊ ၆၊ သမ္မာ) မှန်ပါသည်၊ နောဧလက်ထက်တွင် ရေလွှမ်းမိုးဘေးအားဖြင့် ယေဟောဝါသည် ဆိုးသွမ်းမိုက်မဲမှုကို ကမ္ဘာပေါ်မှရှင်းလင်းပစ်တော်မူခဲ့ကြောင်းကို ယေရှုအလေးအနက်ဖော်ပြတော်မူခဲ့သည်။ (မဿဲ ၂၄:၃၇-၃၉; လုကာ ၁၇:၂၆၊ ၂၇; ၂ ပေတရု ၂:၅) ထို့ကြောင့် ပြက်ရယ်ပြုသူများပြောသကဲ့သို့ ခပ်သိမ်းသောအရာတို့သည် “ဖန်ဆင်းစကဖြစ်သကဲ့သို့၊ ဖြစ်မြဲဖြစ်” မနေခဲ့ပါ။
၁၁။ အစောပိုင်းခရစ်ယာန်များ၏ အဘယ်စောလွန်းသွားသော မျှော်လင့်ချက်များသည် သူတို့ကိုပြက်ရယ်ပြုစရာဖြစ်စေခဲ့သနည်း။
၁၁ ပြက်ရယ်ပြုသူတို့သည် သစ္စာရှိခရစ်ယာန်များ၏ မျှော်လင့်ချက်များ အကောင်အထည်မပေါ်သေးသောကြောင့် သရော်နေကြပေမည်။ ယေရှုမသေဆုံးမီ အချိန်တိုလေးတွင် ကိုယ်တော်၏တပည့်တော်များသည် ‘ဘုရားသခင်၏နိုင်ငံတော် ချက်ချင်းပေါ်ထွန်းမည်’ ဟုယူမှတ်နေကြ၏။ ထို့နောက် ကိုယ်တော်ရှင်ပြန်ထမြောက်လာသောအခါ ဘုရားသခင့်နိုင်ငံတော်ကို ချက်ချင်းတည်ထောင်မည်လောဟု သူတို့မေးမြန်းကြလေသည်။ ထို့ပြင် ပေတရု၏ဒုတိယစာစောင်ကို မရေးမီ ဆယ်နှစ်အလိုတွင် အချို့တို့က တမန်တော်ပေါလု သို့မဟုတ် သူ၏အပေါင်းအဖော်များထံမှရသည်ဟုဆိုသော “ဟောပြောချက်” သို့မဟုတ် “ရေးထားချက်တစ်ခုခု” ကြောင့် “အရှင်ဘုရား [“ယေဟောဝါ၊” ကဘ] ၏နေ့တော် ရောက်ခဲ့ပြီဟူသောအဆိုအတွက်” “စိတ်လှုပ်ရှား” နေကြပါသည်။ (လုကာ ၁၉:၁၁; ၂ သက်သာလောနိတ် ၂:၂၊ သမ; တမန်တော် ၁:၆) သို့သော် ယေရှုတပည့်တော်များ၏ ဤမျှော်လင့်ချက်တို့သည် မမှားပါ၊ အချိန်မတန်သေး၍သာဖြစ်သည်။ ယေဟောဝါ၏နေ့သည် ဧကန်မုချရောက်လာရပေမည်!
ဘုရားသခင့်နှုတ်ကပါဌ်တော်စကားတော်သည် ယုံကြည်စိတ်ချရ
၁၂။ ‘ယေဟောဝါ၏နေ့’ နှင့်ဆိုင်သော ပရောဖက်ပြုချက်များကို ယုံကြည်စိတ်ချနိုင်ကြောင်း ဘုရားသခင့်နှုတ်ကပါဌ်တော်စကားတော်က မည်သို့ထင်ရှားစေခဲ့ပြီနည်း။
၁၂ ရှေ့တွင်တင်ပြထားသည့်အတိုင်း ခရစ်ယာန်ခေတ်မတိုင်မီက ပရောဖက်များသည် အပြစ်စီရင်ရာ ယေဟောဝါ၏နေ့နီးပြီဟု မကြာခဏသတိပေးခဲ့သည်။ ဘီ.စီ.အီး. ၆၀၇ တွင် ‘ယေဟောဝါ၏နေ့’ အသေးစားရောက်လာပါသည်။ ထိုအချိန်တွင် ယေဟောဝါသည် ကိုယ်တော်၏ ထင်ရာစိုင်းသောလူမျိုးကို အပြစ်အလျောက်ဆပ်ပေးတော်မူခဲ့သည်။ (ဇေဖနိ ၁:၁၄-၁၈) နောက်ပိုင်းတွင် ဗာဗုလုန်နှင့်အီဂျစ်နိုင်ငံတို့ပါအပါအဝင် အခြားနိုင်ငံများအပေါ်လည်း “ယေဟောဝါ၏နေ့” ကျရောက်ခဲ့သည်။ (ဟေရှာယ ၁၃:၆-၉; ယေရမိ ၄၆:၁-၁၀; ဩဗဒိ ၁၅) ပထမရာစု ဂျူးအစီအစဉ်စနစ်၏ဆုံးခန်းကိုလည်း ကြိုတင်ဟောထားခဲ့ရာ ရောမစစ်တပ်များသည် စီ.အီး. ၇၀ တွင် ယုဒပြည်ထဲဝင်ဖျက်ဆီးချိန်တွင် ၎င်းအမှုဖြစ်ပျက်ခဲ့သည်။ (လုကာ ၁၉:၄၁-၄၄; ၁ ပေတရု ၄:၇) သို့သော် ပေတရုက ကမ္ဘာချီရေလွှမ်းမိုးဘေးကိုပင် အသေးစားဖြစ်စေမည့် အနာဂတ်ဆိုင်ရာ “ယေဟောဝါ၏နေ့” တစ်နေ့ကိုပြညွှန်နေခြင်းဖြစ်၏!
၁၃။ ဤအစီအစဉ်စနစ်၏အဆုံးတိုင်ဖို့သေချာကြောင်း အဘယ်သမိုင်းဝင်ပုံဥပမာက တင်ပြသနည်း။
၁၃ ပေတရုသည် “ထိုနှုတ်ကပါဌ်တော် [မြွတ်စကား] တော်အားဖြင့်” ဟုပြောဆိုကာ လာလတ္တံ့သောဖျက်ဆီးခြင်းဘေးကို ဖော်ပြပါသည်။ ရေလွှမ်းမိုးဘေးမတိုင်မီက မြေကြီးကို “ဘုရားသခင်၏နှုတ်ကပါဌ်တော်သည် ဖြစ်စေတော်မူသော” ကြောင့် “ရေထဲကထွက်၍ ရေဖြင့်တည်” ခဲ့သည်ဟုသူပြောပြီးခါစသာရှိသေးသည်။ သမ္မာကျမ်းစာ၏ ဖန်ဆင်းခြင်းမှတ်တမ်းတွင် ဖော်ပြထားသည့် ယင်းအခြေအနေက ဘုရားသခင်၏ညွှန်ကြားချက် သို့မဟုတ် နှုတ်ကပါဌ်တော်စကားတော်အရ မိုးရွာသွန်းပြီး ရေလွှမ်းမိုးစေနိုင်ခဲ့ပါသည်။ ပေတရုက “ယခုရှိသောမိုးကောင်းကင်နှင့်မြေကြီးမူကား၊ တရားဆုံးဖြတ်၍ [မတရားသော]လူတို့ကိုဖျက်ဆီးသောနေ့ရက်တိုင်အောင်၊ [ဘုရားသခင်၏] ထိုနှုတ်ကပါဌ်တော်စကားတော်အားဖြင့် သိုထားလျက်ရှိ၍၊ မီးရှို့ခြင်းအဖို့အလိုငှာနေရစ်သတည်း” ဟုဆက်ပြောပါသည်။ (၂ ပေတရု ၃:၅-၇; ကမ္ဘာဦး ၁:၆-၈) ထိုသို့ဖြစ်လိမ့်မည်ဟု ယေဟောဝါ၏ ယုံကြည်စိတ်ချနိုင်သော ကတိတော်ရထားကြပြီ! ကိုယ်တော်၏ဒေါသအမျက်မီးထွက်ရာနေ့ကြီးတွင် ယခုရှိသော အစီအစဉ်စနစ်ဖြစ်သည့် “မိုးကောင်းကင်နှင့်မြေကြီး” ကိုအဆုံးတိုင်စေတော်မူမည်။ (ဇေဖနိ ၃:၈) သို့သော် ဘယ်သောအခါနည်း။
အဆုံးကို စိတ်စောနေခြင်း
၁၄။ ကျွန်ုပ်တို့သည် ယခု “နောက်ဆုံးအချိန်” တွင်အသက်ရှင်နေကြောင်း အဘယ်ကြောင့်ယုံကြည်စိတ်ချနိုင်သနည်း။
၁၄ အဘယ်အချိန်တွင် အဆုံးတိုင်မည်ကို ယေရှု၏တပည့်တော်များသိလိုကြသောကြောင့် သူတို့က “ကိုယ်တော်၏ရောက်ရှိနေခြင်းနှင့် ဤစနစ်ဆုံးခန်း၏နိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကိုလည်းကောင်း ကျွန်ုပ်တို့အားအမိန့်ရှိတော်မူပါ” ဟုလျှောက်ကြားခဲ့ကြသည်။ ဂျူးစနစ်သည် အဘယ်အချိန်တွင်ကုန်ဆုံးမည်နည်းဟု သူတို့မေးမြန်းနေပုံရှိသော်လည်း ယေရှု၏အဖြေက လက်ရှိ ‘မိုးကောင်းကင်နှင့်မြေကြီး’ ဖျက်ဆီးခံရမည့်အချိန်ကို အဓိကထား ဖော်ညွှန်းပါသည်။ ယေရှုက စစ်ပွဲကြီးများဖြစ်ခြင်း၊ အစာခေါင်းပါးခြင်း၊ မြေကြီးလှုပ်ခြင်း၊ ကာလနာများပြားခြင်းနှင့် ရာဇဝတ်မှုများခြင်း အစရှိသည်တို့ကို ကြိုတင်ဟောတော်မူခဲ့သည်။ (မဿဲ ၂၄:၃-၁၄၊ ကဘ; လုကာ ၂၁:၅-၃၆) ၁၉၁၄ ခုနှစ်ကတည်းက “ဤစနစ်ဆုံးခန်း” ဆိုင်ရာ ယေရှုဖော်ပြတော်မူခဲ့သောနိမိတ်နှင့် “နောက်ဆုံးအချိန်” ကိုသတ်မှတ်သည့် တမန်တော်ပေါလုတင်ပြခဲ့သည့်အရာများ ပြည့်စုံနေကြောင်း ကျွန်ုပ်တို့တွေ့ရှိရကြပြီ။ (၂ တိမောသေ ၃:၁-၅၊ ကဘ) ကျွန်ုပ်တို့သည် ဤအစီအစဉ်စနစ်၏ဆုံးခန်းချိန်တွင် အသက်ရှင်နေကြောင်း သာဓကဒုနှင့်ဒေး အမှန်ရှိပါသည်တကား!
၁၅။ ခရစ်ယာန်များသည် ယေရှုသတိပေးတော်မူလျက်နှင့် မည်သို့ပြုလုပ်လိုကြပုံရှိခဲ့သနည်း။
၁၅ ယေဟောဝါ၏နေ့သည် အဘယ်အချိန်တွင်ဖြစ်မည်ကို ယေဟောဝါသက်သေများ အလွန်သိလိုကြ၏။ သိချင်စောကြီးစွာဖြင့်လည်း ရောက်လာနိုင်မည့်အချိန်ကို သူတို့တစ်ခါတစ်ရံ ကြိုးစားခန့်မှန်းခဲ့ကြပြီ။ ဤသို့ပြုခြင်းအားဖြင့် “ထိုအချိန်ကာလသည် အဘယ်အခါ၌ရောက်မည်ကို သင်တို့မသိ” ဟူသောသခင်၏သတိပေးချက်ကို ယေရှု၏အစောပိုင်းတပည့်တော်များနည်းတူ သူတို့သည် လိုက်နာရန် ပျက်ကွက်ခဲ့ကြပြီ။ (မာကု ၁၃:၃၂၊ ၃၃) ပြက်ရယ်ပြုသူများသည် အချိန်မတိုင်မီဖြစ်စေလိုသည့် မျှော်လင့်ချက်ကြီးသော သစ္စာရှိခရစ်ယာန်များကို ပြောင်လှောင်ခဲ့ကြပြီ။ (၂ ပေတရု ၃:၃၊ ၄) မည်သို့ဆိုစေကာမူ ယေဟောဝါ၏နေ့သည် ကိုယ်တော်၏အချိန်ဇယားအတိုင်း ရောက်လာလိမ့်မည်ဟုပေတရုအခိုင်အမာပြောဆိုပါသည်။
ယေဟောဝါ၏အမြင်ရှိရန်လို
၁၆။ အဘယ်အမှာစကားကို ပညာရှိစွာလက်ခံနာယူကြရန်လိုသနည်း။
၁၆ ယခုပေတရုသတိပေးသည့်အတိုင်း အချိန်နှင့်ပတ်သက်၍ ယေဟောဝါ၏အမြင်ရှိကြရန်လိုသည်– “ချစ်သူတို့၊ ထာဝရဘုရားမှာ ကာလတစ်ရက်သည် အနှစ်တစ်ထောင်ကဲ့သို့လည်းကောင်း၊ အနှစ်တစ်ထောင်သည် တစ်ရက်ကဲ့သို့လည်းကောင်း ဖြစ်သည်အရာတစ်ခုကို မမေ့လျော့ကြနှင့်။” ယင်းနှင့်နှိုင်းယှဉ်လျှင် ကျွန်ုပ်တို့၏အနှစ် ၇၀၊ ၈၀ သက်တမ်းသည် အလွန်တိုတောင်းပါသည်တကား! (၂ ပေတရု ၃:၈; ဆာလံ ၉၀:၄၊ ၁၀) ထို့ကြောင့် ဘုရားသခင်၏ကတိတော်များ ပြည့်စုံလာဖို့ရန် ကြန့်ကြာနေပုံရှိမည်ဆိုလျှင် ဘုရားသခင့်ပရောဖက်၏ ဤအမှာစကားကို လက်ခံကြရန်လိုသည်– “[ကာလအချိန်သည်] ဆိုင်းသော်လည်း မျှော်လင့်လော့။ နောက်မကျဘဲ ဧကန်အမှန်ရောက်လိမ့်မည်။”—ဟဗက္ကုတ် ၂:၃။
၁၇။ နောက်ဆုံးကာလသည် လူအများမျှော်လင့်သည်ထက် ကြာရှည်နေပြီဖြစ်သော်လည်း အဘယ်အရာကိုစိတ်ချနိုင်သနည်း။
၁၇ ဤစနစ်၏နောက်ဆုံးကာလသည် လူအများမျှော်လင့်သည်ထက် အဘယ်ကြောင့်ကြာရှည်နေရသနည်း။ အကြောင်းကောင်းရှိ၍ဖြစ်သည်ဟု ပေတရုက ဤသို့ဆက်ရှင်းပြပါသည်– “လူအချို့တို့သည်၊ နှေးခြင်းကိုမှတ်သည်အတိုင်း၊ ထာဝရဘုရား[သခင်] သည် ကတိတော်အရာမှာ နှေးတော်မမူ။ ငါတို့တွင် အဘယ်သူမျှမပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှာအလိုတော်ရှိ၍၊ ငါတို့ကိုသည်းခံတော်မူ၏။” (၂ ပေတရု ၃:၉) ယေဟောဝါသည် လူအားလုံး၏ အကောင်းဆုံးအကျိုးကို လိုလားတော်မူသည်။ ကိုယ်တော်က “ဆိုးသောသူသည် အသေခံခြင်းအမှုကို ငါနှစ်သက်သည်မဟုတ်။ ဆိုးသောသူသည် မိမိဆိုးသောလမ်းမှလွှဲ၍ အသက်ရှင်ခြင်းအမှုကိုသာ ငါနှစ်သက်၏” ဟုမိန့်တော်မူသည့်အတိုင်း လူတို့၏အသက်ကို ကိုယ်တော်တန်ဖိုးထားတော်မူသည်။ (ယေဇကျေလ ၃၃:၁၁) ထို့ကြောင့် ဉာဏ်ပညာတော်အရှိဆုံး မေတ္တာသခင်ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်ပြည့်စုံဖို့ရန် အခန့်သင့်အချိန်တိုင်လျှင် အဆုံးရောက်ရလိမ့်မည်ဟု ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ကြပါသည်!
အဘယ်အရာ ကွယ်ပျောက်မည်နည်း
၁၈၊ ၁၉။ (က) ဤအစီအစဉ်စနစ်ကို ဖျက်ဆီးပစ်ရန် ယေဟောဝါအဘယ်ကြောင့် စိတ်ပိုင်းဖြတ်တော်မူသနည်း။ (ခ) ဤစနစ်၏ဆုံးခန်းကို ပေတရု မည်သို့ဖော်ပြသနည်း။ အမှန်ဖျက်ဆီးခံရမည့်အရာကား အဘယ်နည်း။
၁၈ ယေဟောဝါသည် ကိုယ်တော်အားဝတ်ပြုသူများကို အမှန်စင်စစ်ချစ်တော်မူသောကြောင့် သူတို့အားစိတ်ဆင်းရဲစေသူတို့ကို ကိုယ်တော်ပယ်ရှင်းပစ်တော်မူမည်။ (ဆာလံ ၃၇:၉-၁၁၊ ၂၉) ဤဖျက်ဆီးခြင်းဘေးသည် မမျှော်လင့်သောအချိန်တွင် ရောက်လာလိမ့်မည်ဟု ပေါလုတင်ပြပြီးနောက် ပေတရုကလည်း ဤသို့ရေးသားပါသည်– “ခိုးသူကဲ့သို့ ရောက်လာမည့် ထာဝရဘုရား၏နေ့ရက်တော်၌ မိုးကောင်းကင်သည် အုန်းအုန်းသဲသဲ ပျောက်လွင့်လျက် လောကဓာတ်များသည် ပူပြင်းသဖြင့် ပြယ်ပျောက်လျက် မြေပထဝီနှင့် မှီရှိသမျှသည် ကျွမ်းလောင် [“ပေါ်၊” ကဘ] လိမ့်မည်။” (၂ ပေတရု ၃:၁၀၊ သမ; ၁ သက်သာလောနိတ် ၅:၂) ပကတိကောင်းကင်နှင့်မြေကြီးသည် ရေလွှမ်းမိုးချိန်တွင် မပျောက်ကွယ်ခဲ့သည်နည်းတူ ယေဟောဝါ၏နေ့တွင်လည်း ပျောက်ကွယ်လိမ့်မည်မဟုတ်။ သို့ဖြစ်လျှင် အဘယ်အရာသည် “ပျောက်လွင့်”၊ သို့မဟုတ် ပျက်စီးသွားမည်နည်း။
၁၉ “ကောင်းကင်” ကဲ့သို့လူသားကိုလွှမ်းမိုးသော လူ့အစိုးရများသည် အဆုံးတိုင်ရလိမ့်မည်။ “မြေကြီး” သို့မဟုတ် ဘုရားတရားမဲ့ လူ့အဖွဲ့အစည်းသည်လည်း ထိုနည်းတူဖြစ်ရပေမည်။ ‘အုန်းအုန်းသဲသဲအသံ’ သည်ကောင်းကင်ကြယ်တာရာများ၏ လျင်မြန်သောရွေ့လျားမှုကို ရည်ညွှန်းနေခြင်းဖြစ်ပုံရှိသည်။ ယခုခေတ် ပျက်စီးယိုယွင်းသော လူ့အဖွဲ့အစည်းကိုဖွဲ့စည်းသည့် “လောကဓာတ်များ” သည် “ပြယ်ပျောက်” သို့မဟုတ် ပျက်စီးရကြလိမ့်မည်။ “မြေပထဝီ” နှင့် ‘၎င်း၌မှီရှိသမျှတို့သည်’ “ပေါ်” ရလိမ့်မည်။ ယေဟောဝါသည် ကမ္ဘာ့စနစ်ကြီးတစ်ခုလုံးကို အဆုံးစီရင်ထိုက်သည်အလျောက် ဖျက်ဆီးပစ်စဉ်တွင် လူတို့၏ဆိုးသွမ်းမှုများကို လုံးလုံးဖော်ထုတ်ပါလိမ့်မည်။
သင့်မျှော်လင့်ချက်ကို မျက်ခြည်မပြတ်စေနှင့်
၂၀။ ဖြစ်လတ္တံ့သောအရာများကို သိရှိထားခြင်းက မည်သို့အကျိုးသက်ရောက်စေသင့်သနည်း။
၂၀ ဤထူးခြားဆန်းပြားသော အဖြစ်အပျက်များ ဖြစ်လုပြီဖြစ်ရာ ကျွန်ုပ်တို့သည် “ဘုရားသခင်၏နေ့ရောက်လိမ့်မည်ဟု . . . မျှော်လင့်တောင့်တလျက်၊ သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း” တို့တွင်ပါဝင်လုပ်ကိုင်နေသင့်သည်ဟု ပေတရုကပြောသည်။ သံသယလုံးဝ ရှိစရာမလိုပါတကား! “မိုးကောင်းကင်သည် မီးနှင့်ပျက်၍ လောကဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကိုခံရ” လိမ့်မည်။ (၂ ပေတရု ၃:၁၁၊ ၁၂) ဤထူးခြားဆန်းပြားသော အဖြစ်အပျက်များသည် မနက်ဖြန်ပင် စတင်ဖြစ်ပျက်နိုင်သည်ဟူသောအချက်က ကျွန်ုပ်တို့လုပ်ကိုင်သမျှ၊ ကြံစည်သမျှအပေါ် အကျိုးသက်ရောက်စေသင့်သည်။
၂၁။ လက်ရှိမိုးကောင်းကင်နှင့်မြေကြီးကို အဘယ်အရာဖြင့် အစားထိုးမည်နည်း။
၂၁ စနစ်ဟောင်းအစား အဘယ်အရာနေရာယူမည်ဖြစ်ကြောင်း ယခုပေတရုက ဤသို့ပြောပြပါသည်– “ယခုရှိသမျှသောအရာတို့သည် ပျက်ရသော်လည်း၊ ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီ မျှော်လင့်ကြ၏။” (၂ ပေတရု ၃:၁၃; ဟေရှာယ ၆၅:၁၇) တကယ်စိတ်ချမ်းသာစရာပါတကား! ခရစ်တော်နှင့် ၁၄၄,၀၀၀ တွဲဖက်ဘုရင်များသည် အုပ်ချုပ်ရေး “အသစ်” ဖြစ်သော “ကောင်းကင်” ဖြစ်လိမ့်မည်။ ဤကမ္ဘာ၏အဆုံးတွင် မပျက်စီးဘဲ ကျန်ကြွင်းမည့်သူများကား “မြေကြီးသစ်” ကိုဖွဲ့စည်းပါလိမ့်မည်။—၁ ယောဟန် ၂:၁၇; ဗျာဒိတ် ၅:၉၊ ၁၀; ၁၄:၁၊ ၃။
အရေးတကြီးဖြစ်သည်ဟူသောသဘောကို ထိန်းသိမ်းထားခြင်းနှင့် အကျင့်စင်ကြယ်မှု
၂၂။ (က) ဝိညာဉ်ရေးအစွန်းအထင်း၊ အညစ်အကြေးနှင့်ကင်းစင်ရန် အဘယ်အရာက အထောက်အကူပြုမည်နည်း။ (ခ) ပေတရုက အဘယ်အန္တရာယ်အကြောင်း သတိပေးသနည်း။
၂၂ ပေတရုဤသို့ဆက်၍ဆို၏– “ထိုသို့မျှော်လင့်ခြင်းရှိသောကြောင့်၊ ချစ်သူတို့၊ သင်တို့သည် အညစ်အကြေးနှင့်ကင်းစင်၍ အဘယ်အပြစ်မျှမပါဘဲ၊ ရှေ့တော်သို့ငြိမ်ဝပ်စွာရောက်မည်အကြောင်း ကြိုးစားအားထုတ်ကြလော့။ . . . ငါတို့သခင်ဘုရား သည်းခံတော်မူခြင်းသည် ကယ်တင်မည်အကြောင်းဖြစ်သည်ဟု မှတ်ကြလော့။” မျှော်လင့်တကြီးနှင့် စောင့်ဆိုင်းနေပြီး ယေဟောဝါ၏နေ့ကြန့်ကြာပုံရှိခြင်းကို ဘုရားသခင်၏သည်းခံခြင်းတရားအဖြစ် ယူမှတ်ခြင်းသည် ဝိညာဉ်ရေးအစွန်းအထင်း၊ အညစ်အကြေးနှင့်ကင်းစင်ရန် အထောက်အကူပြုပေလိမ့်မည်။ သို့တိုင် အန္တရာယ်ရှိနေသည်! ပေတရုက “ငါတို့ချစ်သောညီပေါလု . . . ရေး၍ပေးလိုက်သောစာ၌ . . . ခက်ခဲသောအရာတချို့ရှိ၏။ မတတ်သောသူ၊ တည်ကြည်ခြင်းမရှိသောသူတို့သည်၊ ထိုအရာမှစ၍ ကြွင်းသောကျမ်းစာ၏အနက်ကို မှောက်လှန်၍၊ ကိုယ်ကိုကိုယ်ဖျက်ဆီးတတ်ကြ၏” ဟုသတိပေးပါသည်။—၂ ပေတရု ၃:၁၄-၁၆။
၂၃။ ပေတရု၏ နိဂုံးချုပ်အမှာစကားကား အဘယ်နည်း။
၂၃ မိစ္ဆာဆရာများသည် ပေါလု၏စာများတွင် ဖော်ပြထားသည့် ဘုရားသခင်၏မခံစားထိုက်သော ကရုဏာတော်ကို မှောက်လှန်ကာ ယင်းကိုအခွင့်အရေးယူ၍ အကျင့်လျော့ရဲနေကြကြောင်း ထင်ရှားပါသည်။ ပေတရုသည် ယင်းကိုစိတ်စွဲပြီး ဤသို့နှုတ်ခွန်းဆက်မှာကြားခဲ့ခြင်းဖြစ်ပေမည်– “သို့ဖြစ်၍၊ ချစ်သူတို့၊ မတရားသောသူတို့၏ပရိယာယ်အားဖြင့်၊ သင်တို့သည်လည်း သွေးဆောင်ရာသို့လိုက်၍၊ သင်တို့တည်ကြည်ခြင်းမှ မရွေ့လျော့မည်အကြောင်း၊ ဤအရာများကိုသိနှင့်ပြီဖြစ်၍၊ ကိုယ်ကိုကိုယ်စောင့်ရှောက်ကြလော့။” စာ၏နိဂုံးတွင် ဤသို့တိုက်တွန်းသည်– “ကျေးဇူးတော်၌လည်းကောင်း၊ ငါတို့ကိုကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌လည်းကောင်း ကြီးပွားကြလော့။”—၂ ပေတရု ၃:၁၇၊ ၁၈။
၂၄။ ယေဟောဝါ၏ကျေးကျွန်အားလုံးသည် အဘယ်သဘောထားကို ပိုက်သင့်သနည်း။
၂၄ ပေတရုသည် သူ၏ညီအစ်ကိုများကို အားပေးလိုကြောင်း ထင်ရှားပါသည်။ ဆောင်းပါး၏အစတွင်ဖော်ပြထားသော ၈၂ နှစ်အရွယ် သစ္စာရှိသက်သေခံ၏ သဘောထားကို အားလုံးပိုက်ထားကြရန် သူအလိုရှိပါသည်– “တမန်တော်တိုက်တွန်းသလို ‘ယေဟောဝါရဲ့နေ့ရောက်တော့မယ်လို့ မျှော်လင့်တောင့်တ’ ပြီး အသက်ရှင်နေထိုင်ခဲ့တယ်။ ကတိပေးထားတဲ့ ကမ္ဘာသစ်ကို ‘မမြင်ရသော်လည်း အမှန်တည်ရှိ’ တယ်လို့အမြဲယူမှတ်ခဲ့တယ်။” ကျွန်ုပ်တို့အားလုံးလည်း ထိုနည်းထပ်တူအသက်ရှင်နိုင်ကြပါစေ။
သင်မည်သို့ဖြေကြားမည်နည်း
◻ ယေဟောဝါ၏နေ့ကို “မျှော်လင့်တောင့်တလျက်” နေခြင်းအဓိပ္ပာယ်ကား အဘယ်နည်း။
◻ ပြက်ရယ်ပြုသူများသည် အဘယ်အရာကို တမင်ဥပေက္ခာပြုကြသနည်း။ အဘယ်ကြောင့်နည်း။
◻ ပြက်ရယ်ပြုသူတို့သည် သစ္စာရှိခရစ်ယာန်များကို အဘယ်ကြောင့် သရော်ခဲ့ကြပြီနည်း။
◻ အဘယ်သဘောထားကို ကျွန်ုပ်တို့ထိန်းသိမ်းထားရန်လိုသနည်း။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ယေဟောဝါ၏နေ့ကို မျှော်လင့်တောင့်တနေပါလေ . . .
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
လာလတ္တံ့သော ကမ္ဘာသစ်ကိုပါ . . .