ဘုရားသခင်ကိုချစ်ခြင်းဟူသည် မည်သည့်အဓိပ္ပာယ် ရှိသနည်း
လွန်ခဲ့သောနှစ်ပေါင်းခြောက်ထောင်ခန့်က ပထမဦးဆုံးသောလူသားကလေး မွေးဖွားခဲ့ပါသည်။ သူ့ကိုမွေးဖွားပြီးနောက် သူ၏မိခင်ဖြစ်သူ ဧဝက “ထာဝရဘုရားမစတော်မူခြင်းဖြင့် သားယောက်ျားကို ငါရပြီ” ဟု ပြောဆိုခဲ့၏။ (ကမ္ဘာဦး ၄:၁၊ သမ) ပုန်ကန်မှုအတွက် သေမိန့်ချထားပြီးဖြစ်သော်လည်း ဧဝနှင့် သူမ၏ခင်ပွန်း အာဒံသည် ယေဟောဝါ၏ ဘုရားအဖြစ်တော်ကို သိမှတ်လျက်ရှိဆဲပင်ဖြစ်ကြောင်း သူမ၏ထုတ်ဖော်ပြောဆိုချက်က ဖော်ပြ၏။ နောက်ပိုင်း ဒုတိယသားကို သူတို့မွေးဖွားခဲ့သည်။ ထိုကလေးများကို ကာဣနနှင့် အာဗေလဟု အမည်မှည့်ပေးခဲ့ကြ၏။
ထိုသားများကြီးပြင်းလာသောအခါ ယေဟောဝါ၏ ဖန်ဆင်းရာများကိုလေ့လာခြင်းအားဖြင့် ကိုယ်တော်၏မေတ္တာတော်အကြောင်း အတော်ပင်သူတို့သိရှိခဲ့ကြမည်မှာ မလွဲပေ။ လှပသော သဘာဝအရောင်အသွေးများနှင့် တိရစ္ဆာန်များ၊ သစ်ပင်မျိုးပေါင်းစုံတို့ဖြင့် သူတို့မွေ့လျော်ပျော်ပိုက်ခဲ့ပေမည်။ ဘုရားသခင်သည် သူတို့ကို အသက်သာပေးခဲ့သည်မဟုတ် အသက်တာတွင် မွေ့လျော်ရန်အစွမ်းသတ္တိကိုလည်း ပေးသနားခဲ့၏။
သူတို့၏မိဘများသည် စုံလင်စွာဖန်ဆင်းခံခဲ့ရကြောင်းနှင့် ယေဟောဝါ၏မူလရည်ရွယ်ချက်မှာ လူသားများ ထာဝစဉ်အသက်ရှင်နေထိုင်သွားရန်ဖြစ်ကြောင်း သူတို့သိရှိခဲ့ကြမည်။ အာဒံနှင့် ဧဝတို့က ဧဒင်ဥယျာဉ်၏ လှပမှုအကြောင်းကို သူတို့အားပြောပြခဲ့ကောင်း ပြောပြခဲ့မည်ဖြစ်ပြီး ထိုကဲ့သို့သောပရဒိသုစံအိမ်မှ အဘယ်ကြောင့် သူတို့နှင်ထုတ်ခံရကြောင်း တစ်နည်းနည်းဖြင့်ရှင်းပြခဲ့ပေမည်။ ကာဣနနှင့် အာဗေလတို့သည် ကမ္ဘာဦး ၃:၁၅ တွင်မှတ်တမ်းတင်ထားသော ဘုရားသခင်၏ပရောဖက်ပြုချက်ကိုလည်း သိရှိခဲ့ကောင်းသိရှိခဲ့မည်။ အဆိုပါပရောဖက်ပြုချက်အားဖြင့် ယေဟောဝါသည် ကိုယ်တော့်ကိုချစ်မြတ်နိုးသူနှင့် ကိုယ်တော့်အပေါ် သစ္စာစောင့်သိသူများ၏အကျိုးအတွက် အချိန်တန်သောအခါ ပြဿနာများကိုဖြေရှင်းပေးမည့် မိမိ၏ရည်ရွယ်တော်မူချက်ကို ဖော်ပြတော်မူခဲ့သည်။
ယေဟောဝါနှင့် ကိုယ်တော့်အရည်အသွေးတော်များအကြောင်းကို သိရှိလာခြင်းက ကာဣနနှင့် အာဗေလတို့ကို ဘုရားသခင်၏မျက်နှာသာတော်ရရှိလိုသောဆန္ဒ ဖြစ်ပေါ်လာစေပေမည်။ ထို့ကြောင့် ယေဟောဝါထံ ယဇ်သကာများပူဇော်ခြင်းအားဖြင့် သူတို့ချဉ်းကပ်ခဲ့ကြသည်။ “အချိန်စေ့သောအခါ ကာဣနသည် ထာဝရဘုရားထံ ပူဇော်သကာဖို့ မြေအသီးကို ဆောင်ခဲ့၏။ အာဗေလသည်လည်း မိမိသိုးစုတွင် အဦးဖွားသောသားအချို့ နှင့် သိုးဆီဥကိုဆောင်ခဲ့၏” ဟု ကျမ်းစာမှတ်တမ်းကဆိုသည်။—ကမ္ဘာဦး ၄:၃၊ ၄။
ဘုရားသခင်၏မျက်နှာသာတော်ကို ရလိုသည့်ဆန္ဒက ကိုယ်တော်နှင့်ဆက်ဆံရေးရှိရန်အတွက် အုတ်မြစ်ချပေးခဲ့သည်။ အဆုံး၌ ကာဣနသည် ဘုရားသခင်ကို ပုန်ကန်ခဲ့သော်လည်း အာဗေလမူ ဘုရားသခင်အား အမှန်တကယ်ချစ်မြတ်နိုးခြင်း၏လှုံ့ဆော်မှုကို ဆက်လက်ခံခဲ့ရလေသည်။ ယေဟောဝါ၏ဥပဓိရုပ်တော်၊ ကိုယ်တော့်ရည်ရွယ်တော်မူချက်များနှင့်ဆိုင်သော အသိပညာကိုဦးစွာမရယူခဲ့ပါက အာဗေလသည် ဘုရားသခင်နှင့် ထိုကဲ့သို့သောဆက်ဆံရေးကို ပြုစုပျိုးထောင်နိုင်ခဲ့မည်မဟုတ်ချေ။
အသင်လည်း ယေဟောဝါကို သိရှိနိုင်ပါသည်။ ဥပမာအနေနှင့် ဘုရားသခင်သည် တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်ကြောင်း၊ အရာဝတ္ထုပစ္စည်းများကို မတော်တဆမှုဖြင့်ဖန်ဆင်းပေးခဲ့သည့် သက်မဲ့စွမ်းအားတစ်ခုမျှမဟုတ်ကြောင်း သမ္မာကျမ်းစာမှ သင်သိရှိနိုင်သည်။ (ယောဟန် ၇:၂၈; ဟေဗြဲ ၉:၂၄; ဗျာဒိတ် ၄:၁၁ နှိုင်းယှဉ်။) ယေဟောဝါသည် “ချစ်သနားခြင်းမေတ္တာကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူထသော . . . ဘုရားသခင်” ဖြစ်ကြောင်းကိုလည်း သမ္မာကျမ်းစာက သွန်သင်ပေးသေး၏။—ထွက်မြောက်ရာ ၃၄:၆၊ ၇။
“အလိုတော်သို့လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ကောင်း၏”
ကာဣနနှင့် အာဗေလတို့၏မှတ်တမ်းအားဖြင့် ပမာတင်ပြခဲ့သည့်အတိုင်း ဘုရားသခင်နှင့်ဆိုင်သော အသိပညာရှိခြင်း၊ ကိုယ်တော်နှင့် ရင်းနှီးသောဆက်ဆံရေးရလိုသည့် ဆန္ဒရှိခြင်းဖြင့် မလုံလောက်သေးပေ။ ထိုညီအစ်ကိုနှစ်ဦးသည် ယဇ်သကာများဖြင့် ဘုရားသခင်ထံချဉ်းကပ်ခဲ့သည်မှာ မှန်ပါသည်။ သို့သော်လည်း “ထာဝရဘုရားသည် အာဗေလနှင့် သူ၏ပူဇော်သကာကို ပမာဏပြုတော်မူ၏။ ကာဣနနှင့် သူ၏ပူဇော်သကာကို ပမာဏပြုတော်မမူ။ ထိုကြောင့် ကာဣနသည် အလွန်စိတ်ဆိုး၍ မျက်နှာပျက်လေ၏။”—ကမ္ဘာဦး ၄:၃-၅။
ကာဣန၏ယဇ်သကာကို ယေဟောဝါ အဘယ်ကြောင့်ငြင်းပယ်ခဲ့သနည်း။ သူ၏ယဇ်သကာ၌ တစ်စုံတစ်ခုချို့တဲ့နေ၍လော။ ကာဣနက တိရစ္ဆာန်ယဇ်သကာအစား “မြေအသီး” ကို ပေးသည့်အတွက်ကြောင့် ယေဟောဝါမနှစ်သက်ခဲ့ခြင်းလော။ ထိုသို့မဟုတ်ရပါ။ နောက်ပိုင်း မိမိအားဝတ်ပြုကိုးကွယ်သူမြောက်မြားစွာတို့ထံမှ အသီးအနှံနှင့် အခြားမြေအသီးများ ပူဇော်ခြင်းကို ဘုရားသခင် ဝမ်းမြောက်ဝမ်းသာ လက်သင့်ခံခဲ့ပါသည်။ (ဝတ်ပြုရာ ၂:၁-၁၆) ထို့ကြောင့် ကာဣန၏နှလုံး၌ တစ်စုံတစ်ခုမှားယွင်းနေကြောင်းထင်ရှား၏။ ကာဣန၏နှလုံးကို ယေဟောဝါသိရှိပြီး “သင်သည် အဘယ်ကြောင့်စိတ်ဆိုးသနည်း။ အဘယ်ကြောင့်မျက်နှာပျက်သနည်း။ သင်သည် ကောင်းမွန်စွာပြုလျှင် အခွင့်မရလော။ ကောင်းမွန်စွာမပြုလျှင် အပြစ်သည် တံခါးနားမှာဝပ်ချောင်းလျက်သင်ကိုလိုချင်” သည်ဟု သတိပေးခဲ့၏။—ကမ္ဘာဦး ၄:၆၊ ၇၊ သမ္မာ။
ဘုရားသခင်အား အမှန်တကယ်ချစ်မြတ်နိုးခြင်းဟူသည် ယဇ်သကာများကို ပူဇော်ခြင်းမျှထက်မက အဓိပ္ပာယ်ရှိပါသည်။ ထို့ကြောင့်ပင် ယေဟောဝါသည် ကာဣနကို “ကောင်းမွန်စွာပြု” ရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ နာခံမှုကို ဘုရားသခင်အလိုရှိ၏။ ဘုရားသခင်အား ထိုကဲ့သို့နာခံမှုရှိခြင်းသည် ဖန်ဆင်းရှင်နှင့် မေတ္တာပါသောဆက်ဆံရေးရှိရန်အတွက် အုတ်မြစ်ကောင်းတစ်ရပ်ကိုချရန် ကာဣနအား ကူညီပေးခဲ့ပေမည်။ “ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူသကဲ့သို့ မီးရှို့ရာယဇ်အစရှိသောယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ကောင်း၏” ဟူသည့်စကားများအားဖြင့် နာခံမှု၏တန်ဖိုးကို သမ္မာကျမ်းစာက အလေးပေးဖော်ပြသည်။—၁ ဓမ္မရာဇဝင် ၁၅:၂၂။
နောက်ပိုင်း “ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်” ဟုဆိုသော ၁ ယောဟန် ၅:၃ ပါစကားများက ဤယူဆချက် မှန်ကန်ကြောင်း ကောင်းစွာသက်သေထူခဲ့ပေသည်။ ယေဟောဝါကို ကျွန်ုပ်တို့ချစ်မြတ်နိုးကြောင်း ကိုယ်တော့်အခွင့်အာဏာကို လက်အောက်ခံခြင်းအားဖြင့် တင်ပြခြင်းထက် သာ၍ကောင်းသောနည်းလမ်းမရှိတော့ပါ။ ယင်းက ကျမ်းစာ၏ စာရိတ္တဆိုင်ရာစည်းမျဉ်းများကိုနာခံရန် ဆိုလို၏။ (၁ ကောရိန္သု ၆:၉၊ ၁၀) ယင်းက ကောင်းသောအရာကို ချစ်ရန်နှင့် ဆိုးသောအရာကို မုန်းရန် ဆိုလို၏။—ဆာလံ ၉၇:၁၀; ၁၀၁:၃; သု. ၈:၁၃။
ဘုရားသခင်ကို ကျွန်ုပ်တို့ချစ်မြတ်နိုးကြောင်း တင်ပြသောအရေးပါသည့်သာဓကတစ်ခုမှာ အိမ်နီးချင်းကို ချစ်မြတ်နိုးခြင်းဖြစ်၏။ “တစ်စုံတစ်ယောက်သောသူက ‘ငါသည် ဘုရားသခင်ကိုချစ်၏’ ဟု ဆိုလျက်ပင် မိမိညီအစ်ကိုကိုမုန်းလျှင် ထိုသူသည် မုသာကိုသုံးသောသူဖြစ်၏။ မိမိမြင်ရသော မိမိညီအစ်ကိုကိုမချစ်လျှင် မမြင်သေးသောဘုရားသခင်ကို အဘယ်သို့ချစ်နိုင်မည်နည်း” ဟု သမ္မာကျမ်းစာက ကျွန်ုပ်တို့အား ပြောပြ၏။—၁ ယောဟန် ၄:၂၀။
ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်မှုသည်ဖြစ်နိုင်
အချို့သောသူတို့က ပြောကြမည်။ ‘ကျွန်တော် ယေဟောဝါကို ကိုးကွယ်တယ်။ ကိုယ်တော့်ပညတ်တော်တွေကို နာခံတယ်။ ကျွန်တော့်ရဲ့အဖော်အဖက်တွေကိုလည်း တရားမျှတစွာဆက်ဆံတယ်။ အဲဒါတွေအားလုံးကို ကျွန်တော်လုပ်ဆောင်ပါတယ်။ ဒါတောင်မှ ဘုရားသခင်နဲ့ရင်းနှီးတယ်လို့ ကျွန်တော်တကယ့်ကို မခံစားရဘူး။ ကိုယ်တော့်ကို နှစ်နှစ်ကာကာချစ်မြတ်နိုးတယ်လို့မခံစားရဘူး၊ အဲဒါက ကျွန်တော့်မှာ အပြစ်ရှိတယ်လို့ ခံစားမှုဖြစ်စေတယ်။’ အချို့သောသူတို့က ထိုကဲ့သို့ ယေဟောဝါနှင့်ရင်းနှီးသောဆက်ဆံရေးကို သူတို့မရယူထိုက်ဟု ထင်မှတ်ကြမည်။
ယေဟောဝါထံ ၃၇ နှစ်ခန့် ဆက်ကပ်အပ်နှံအမှုထမ်းခဲ့ပြီးနောက် ခရစ်ယာန်တစ်ဦးက “ကျွန်တော့်ဘဝအသက်တာမှာ ယေဟောဝါကို ဝတ်ကျေဝတ်ကုန်လောက်ပဲ အမှုထမ်းနေတယ်လို့ ခဏခဏခံစားရတယ်။ ကျွန်တော်စိတ်ပါလက်ပါ အမှုမထမ်းလို့ ဖြစ်ပါလိမ့်မယ်လေ။ ဒါပေမဲ့ ယေဟောဝါဆီမှာ အမှုထမ်းခြင်းဟာ အမှန်တကယ်လုပ်သင့်တဲ့အရာဖြစ်တယ်ဆိုတာ ကျွန်တော်သိတယ်၊ ရပ်နားလိုက်ဖို့လည်း ကျွန်တော့်ကိုကျွန်တော်ခွင့်ပြုမှာမဟုတ်ဘူး။ ဒါပေမဲ့ တစ်ယောက်ယောက်က သူတို့ရဲ့ ‘နှလုံးသားမှာ ယေဟောဝါကိုချစ်မြတ်နိုးမှုတွေနဲ့ ပြည့်လျှံနေပါတယ်’ လို့ပြောတာကို ကျွန်တော်ဖတ်ရတဲ့အခါတိုင်း ‘ငါဘာဖြစ်နေတာလဲ၊ အဲဒီလို ငါတစ်ခါမှ မခံစားရပါလား’ ဆိုပြီး ကျွန်တော်အံ့သြမိတယ်” ဟု ရေးသားခဲ့သည်။ ကျွန်ုပ်တို့ ဘုရားသခင်နှင့် မည်သို့ရင်းနှီးကျွမ်းဝင်နိုင်မည်နည်း။
တစ်ဦးတစ်ယောက်ကို သင်တကယ်ချစ်မြတ်နိုးသောအခါ ထိုသူအကြောင်းကို သင်မကြာခဏစဉ်းစားပေမည်။ သူ့ကို သင်ချစ်ခင်မြတ်နိုးသောကြောင့် သူနှင့်ရင်းနှီးလိုသော ပြင်းပြသည့်ဆန္ဒ သင်၌ရှိပေမည်။ သူ့ကို တွေ့ မြင်ရလေ၊ သူနှင့် စကားပြောလေ၊ သူ့အကြောင်းစဉ်းစားလေ၊ သူ့အပေါ်ချစ်မြတ်နိုးမှု တိုးပွားလာလေဖြစ်မည်။ ဤမူသည် ဘုရားသခင်အား ချစ်မြတ်နိုးမှုကို ပြုစုပျိုးထောင်ရာတွင်လည်း အသုံးဝင်၏။
ဆာလံ ၇၇:၁၂ ၌ မှုတ်သွင်းခံရသောစာရေးသူက “ပြုတော်မူသမျှတို့ကိုဆင်ခြင်၍ စီရင်တော်မူသောအရာတို့ကို မြွက်ဆိုပါမည်” ဟု ဆိုလေသည်။ ဘုရားသခင်အား ချစ်မြတ်နိုးမှုကို ပြုစုပျိုးထောင်ရာတွင် စဉ်းစားဆင်ခြင်ခြင်းသည် အရေးကြီး၏။ ကိုယ်တော်သည် မျက်မြင်မရဖြစ်သည်ဟူသည့်အဖြစ်ကြောင့် ဤအချက်သည် အထူးသဖြင့်မှန်ကန်ပေသည်။ သို့သော် ကိုယ်တော့်အကြောင်း သင်စဉ်းစားလေ ကိုယ်တော်သည် သင့်အတွက် တကယ့်ပုဂ္ဂိုလ်ဖြစ်လာလေဖြစ်မည်။ သို့မှသာ ကိုယ်တော်နှင့် လှိုက်လှဲကြင်နာသောဆက်ဆံရေးကို သင်ပြုစုပျိုးထောင်နိုင်ပေမည်။ အကြောင်းမှာ ကိုယ်တော်သည် သင့်အတွက် တကယ့်ပုဂ္ဂိုလ်ဖြစ်သောကြောင့်တည်း။
ယေဟောဝါ၏နည်းလမ်းတော်များနှင့် ပြုမူဆက်ဆံမှုများအပေါ် မကြာခဏစဉ်းစားဆင်ခြင်ရန် သင်၏စိတ်ပါဝင်စားမှုသည် ကိုယ်တော်ပြောသည်ကို အကြိမ်မည်မျှအထိ သင်နားထောင်ခြင်းအပေါ်မူတည်သည်။ ကိုယ်တော့်နှုတ်ကပါဌ်တော်ကျမ်းစာကို မှန်မှန်ဖတ်ရှုလေ့လာခြင်းဖြင့် သင်နားထောင်ခြင်းဖြစ်သည်။ “ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍ တရားတော်ကို နေ့ညမပြတ်ဆင်ခြင်အောက်မေ့သောသူ” သည် ရွှင်လန်းသောပုဂ္ဂိုလ်ဖြစ်ကြောင်းကို ဆာလံဆရာပြောပြ၏။—ဆာလံ ၁:၁၊ ၂။
နောက်အရေးပါသည့်လိုအပ်ရာတစ်ခုမှာ ဆုတောင်းခြင်းဖြစ်၏။ ထို့ကြောင့် သမ္မာကျမ်းစာက “ကာလအစဉ်၊” “ဆုတောင်းပတ္ထနာအတွက် အချိန်ပေးရန်” “ဆုတောင်းပတ္ထနာပြုခြင်းအမှုကို အမြဲပြုကြ၊” “မခြားမလပ်ဆုတောင်းပတ္ထနာပြုကြ” ဟူ၍ ဆုတောင်းရန် ကျွန်ုပ်တို့ကို ကြိမ်ဖန်တလဲလဲတိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်သည်။ (ဧဖက် ၆:၁၈; ၁ ကောရိန္သု ၇:၅၊ သတင်းကောင်း; ရောမ ၁၂:၁၂; ၁ သက်သာလောနိတ် ၅:၁၇) ကျွန်ုပ်တို့၏မခြားမလပ်ဆုတောင်းမှုများသည် ကိုယ်တော့်ကို ကျွန်ုပ်တို့ပိုချစ်မြတ်နိုးလာစေလိမ့်မည်ဖြစ်ပြီး ကိုယ်တော်နားညောင်းသည်ဟူသည့် အာမခံချက်က ကိုယ်တော်နှင့်ရင်းနှီးမှု ရှိစေပါလိမ့်မည်။ “ထာဝရဘုရားသည် ငါတောင်းပန်ခြင်းအသံကိုကြား၍ ငါ့ဘက်သို့နားတော်ကို လှည့်တော်မူသောကြောင့် ငါနှစ်သက်၏။ ငါအသက်ရှည်သမျှကာလပတ်လုံး ထာဝရဘုရားကို ပတ္ထနာပြုမည်” ဟု ဆာလံဆရာကြွေးကြော်ရာ၌ အဆိုပါအချက်ကို သူအတည်ပြုပြောဆိုနေခြင်းဖြစ်သည်။—ဆာလံ ၁၁၆:၁၊ ၂။
မေတ္တာရှင်ဘုရားသခင်ကို တုပခြင်း
ယေဟောဝါသည် ကျွန်ုပ်တို့အပေါ် ကောင်းတော်မူ၏။ စကြဝဠာ၏ဖန်ဆင်းရှင်ဖြစ်သည်နှင့်အညီ ကိုယ်တော်သည် စဉ်းစားဆင်ခြင်၍ ဂရုပြုရမည့် အရာမြောက်မြားစွာ အမှန်ပင်ရှိပေမည်။ မည်သို့ပင်ဆိုစေ ကိုယ်တော်သည် ကြီးကျယ်မြင့်မြတ်လှသည်နှင့်အမျှ ဖန်ဆင်းခံလူသားကို ဂရုပြုနေဆဲပင်ဖြစ်ကြောင်း သမ္မာကျမ်းစာက ကျွန်ုပ်တို့အားပြောပြ၏။ ကျွန်ုပ်တို့ကို ကိုယ်တော်ချစ်တော်မူ၏။ (၁ ပေတရု ၅:၆၊ ၇) “အိုအကျွန်ုပ်တို့၏ဘုရားရှင်ထာဝရဘုရား၊ နာမတော်သည် မြေကြီးတစ်ပြင်လုံး၌ အလွန်ကြီးမြတ်တော်မူ၏။ ဘုန်းအာနုဘော်တော်သည် မိုးကောင်းကင်ပေါ်မှာ တည်လျက်ရှိပါ၏။ လက်ညှိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏မိုးကောင်းကင်ကိုလည်းကောင်း၊ ပြင်ဆင်တော်မူသော လနှင့်ကြယ်များကိုလည်းကောင်း၊ အကျွန်ုပ်ဆင်ခြင်သော် လူသည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူဖြစ်၍ အကြည့်အရှုကြွလာတော်မူရသနည်း” ဟူသည့် စကားရပ်များဖြင့် ယင်းအချက်ကို ဆာလံဆရာအတည်ပြုခဲ့လေသည်။—ဆာလံ ၈:၁၊ ၃၊ ၄။
ဘုရားသခင်သည် သေမျိုးဖြစ်သောလူသားတို့ကို မည်သို့ယူမှတ်သနည်း။ “သားတော်အားဖြင့် ငါတို့သည် အသက်ရှင်စေခြင်းငှာ ဘုရားသခင်သည် တစ်ပါးတည်းသောသားတော်ကို ဤလောကသို့စေလွှတ်တော်မူသောအရာ၌ ငါတို့ကို ချစ်တော်မူသောမေတ္တာတော်သည် ထင်ရှားလျက်ရှိ၏။ ငါတို့သည် ဘုရားသခင်ကို ချစ်ကြသည်ဟုမဆို။ ဘုရားသခင်သည် ငါတို့ကိုချစ်၍ ငါတို့၏အပြစ်ဖြေစရာအကြောင်းဖြစ်စေခြင်းငှာ သားတော်ကို စေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏” ဟု သမ္မာကျမ်းစာက အဖြေပေး၏။—၁ ယောဟန် ၄:၉၊ ၁၀။
ဤအပြစ်ဖြေပေးသောပူဇော်သကာသည် မည်သည့်နည်းဖြင့် ဘုရားသခင့်မေတ္တာတော်၏အကြီးမားဆုံးသောသက်သေသာဓကဖြစ်သနည်း။ ဧဒင်ဥယျာဉ်၌ ဖြစ်ပျက်ခဲ့သည့်အရာများကို စဉ်းစားကြည့်ကြစို့။ အာဒံနှင့် ဧဝတို့သည် စုံလင်သောအသက်တာဖြင့် ထာဝရရှင်သန်ခြင်းမျှော်လင့်ချက်ရှိသည့် ယေဟောဝါ၏ပညတ်တော်များကို နာခံခြင်း သို့မဟုတ် အကျိုးရလဒ်အဖြစ် သေခြင်းဖြစ်သည့် ယေဟောဝါကို ပုန်ကန်ခြင်းဟူသည့် ဆုံးဖြတ်ချက်နှင့် ရင်ဆိုင်ကြရသည်။ ပုန်ကန်ရန် သူတို့ရွေးချယ်ခဲ့ကြသည်။ (ကမ္ဘာဦး ၃:၁-၆) ထိုသို့ ပြုခြင်းအားဖြင့် လူသားအားလုံးကိုလည်း သေဒဏ်သင့်စေခဲ့လေသည်။ (ရောမ ၅:၁၂) သူတို့သည် ကျွန်ုပ်တို့ဘာသာကျွန်ုပ်တို့ ဆုံးဖြတ်ရန်အခွင့်အရေးကို ရောင့်တက်စွာလုယူခဲ့လေသည်။ ထိုကိစ္စတွင် ကျွန်ုပ်တို့တစ်ဦးတစ်ယောက်မျှ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်မရလိုက်ပေ။
သို့သော်လည်း ယေဟောဝါရှင်သည် သူတို့၏အကျပ်အတည်းကိုအသိအမှတ်ပြုလျက် သေမျိုးဖြစ်သောလူသားတို့ကို မေတ္တာပါစွာထည့်စဉ်းစားပေးခဲ့သည်။ ယေဟောဝါသည် မိမိသားတော်ယေရှု၏ ယဇ်အဖြစ်သေဆုံးခြင်းအားဖြင့် ကျွန်ုပ်တို့ယောက်စီယောက်တိုင်း အသက်ရှင်မည် သို့မဟုတ် သေမည်၊ နာခံမည် သို့မဟုတ် ပုန်ကန်မည်ကို မိမိဘာသာမိမိရွေးချယ်မှုပြုရန်အတွက် တရားဝင်အခြေအမြစ်ကို ပေးထားလေသည်။ (ယောဟန် ၃:၁၆) ယင်းက တရားရုံးတွင် ကျွန်ုပ်တို့တရားစီရင်ခံရမည့်နေ့ရက်—ပုံဆောင်သဘောအရ ဧဒင်သို့ ပြန်သွားပြီး ကျွန်ုပ်တို့၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုချရန် အခွင့်အရေး—ကို ယေဟောဝါချမှတ်ပေးသကဲ့သို့ ဖြစ်ပေသည်။ ယင်းသည် ထင်ရှားပြသဖူးသမျှသော မေတ္တာပြမှုများတွင် အကြီးမားဆုံးဖြစ်ပေသည်။
မိမိ၏သားဦး အစော်ကားခံနေရခြင်း၊ နှိပ်စက်ညှဉ်းပန်းခံနေရခြင်း၊ ရာဇဝတ်ကောင်ကဲ့သို့ နှက်တိုင်တင်ခံရခြင်းကို တွေ့ မြင်နေရစဉ် ယေဟောဝါခံရပ်ခဲ့ရသော နာကျင်ခြင်းကို စဉ်းစားကြည့်ပါ။ ထို့ ပြင် ယင်းကို ကျွန်ုပ်တို့၏အကျိုးအတွက် ဘုရားသခင်ခံရပ်ခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ကို ယေဟောဝါက ဦးစွာချစ်မြတ်နိုးကြောင်း သိရှိထားခြင်းက ထပ်တူ ကိုယ်တော်ကို ချစ်မြတ်နိုးရန် လှုံ့ဆော်ခံရသင့်ပြီး ကိုယ်တော်ကိုရှာဖွေရန် ကျွန်ုပ်တို့အားတိုက်တွန်းမှုဖြစ်စေသင့်ပေသည်။ (ယာကုပ် ၁:၁၇; ၁ ယောဟန် ၄:၁၉) “ထာဝရဘုရားနှင့်တန်ခိုးတော်ကို ရှာကြလော့။ မျက်နှာတော်ကို အစဉ်မပြတ်ရှာကြလော့။ စီရင်တော်မူသောအံ့သြဖွယ်တို့ကိုလည်းကောင်း၊ ထူးဆန်းသော အမှုတော်တို့နှင့် နှုတ်ထွက်ပညတ်တို့ကိုလည်းကောင်း အောက်မေ့ကြလော့” ဟု သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဖိတ်ခေါ်ထားသည်။—ဆာလံ ၁၀၅:၄၊ ၅။
ဘုရားသခင်နှင့် ကိုယ်ပိုင်သံယောဇဉ်တွယ်တာမှုရရှိရန် မေတ္တာပါသောဆက်ဆံမှုရှိရန်၊ ကိုယ်တော်၏မိတ်ဆွေဖြစ်ရန်မှာ လက်တွေ့မကျသောအရာမဟုတ်ပါ။ ယင်းကို ရရှိနိုင်၏။ မှန်ပါသည်၊ ဘုရားသခင်အား ကျွန်ုပ်တို့ချစ်မြတ်နိုးမှုသည် လူသားဆက်ဆံရေးများနှင့် ထပ်တူထပ်မျှတူညီနိုင်မည်မဟုတ်ပါ။ ကျွန်ုပ်တို့၏အိမ်ထောင်ဖက်၊ မိဘ၊ မွေးချင်းပေါက်ဖော်၊ သားသမီး သို့မဟုတ် မိတ်ဆွေသူငယ်ချင်းများကိုချစ်မြတ်နိုးမှုသည် ဘုရားသခင်အား ကျွန်ုပ်တို့ချစ်မြတ်နိုးမှုနှင့် ကွာခြားပါသည်။ (မဿဲ ၁၀:၃၇; ၁၉:၂၉) ယေဟောဝါအား ချစ်မြတ်နိုးခြင်းတွင် ကိုယ်တော်ထံ ကျွန်ုပ်တို့၏မြှုပ်နှံမှု၊ ဝတ်ပြုကိုးကွယ်မှုနှင့် ခြွင်းချက်မရှိဆက်ကပ်အပ်နှံမှုတို့ ပါဝင်ပတ်သက်သည်။ (တရားဟောရာ ၄:၂၄) အခြားအဘယ်ဆက်ဆံရေး၌မျှ ထိုကဲ့သို့သောအချက်များ ပါဝင်ပတ်သက်မှုမရှိချေ။ သို့တိုင် ကျွန်ုပ်တို့သည် အံ့သြတုန်လှုပ်မှုနှင့် ရိုသေလေးမြတ်မှုတို့ဖြင့် ဘုရားသခင်နှင့်ပတ်သက်၍ ခိုင်မာနက်ရှိုင်းသောခံစားမှုကို ပြုစုပျိုးထောင်နိုင်ပေသည်။—ဆာလံ ၈၉:၇။
မစုံလင်ကြသော်လည်း ကာဣနနှင့် အာဗေလကဲ့သို့ သင်၏ဖန်ဆင်းရှင်အား ချစ်မြတ်နိုးနိုင်ပေသည်။ ကာဣနသည် ရွေးချယ်မှုကိုပြုကာ စာတန်နှင့်ပူးပေါင်းခဲ့ပြီး ပထမဦးဆုံးသောလူသတ်သမားဖြစ်လာလေသည်။ (၁ ယောဟန် ၃:၁၂) ယင်းနှင့်ဆန့်ကျင်လျက် အာဗေလသည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်သောလူသားတစ်ဦးဖြစ်သည်ဟု ယေဟောဝါအမှတ်ရမည်ဖြစ်ကာ လာမည့်ပရဒိသုတွင် အသက်ဆုကို ပေးသနားတော်မူလိမ့်မည်ဖြစ်သည်။—ဟေဗြဲ ၁၁:၄။
သင့်၌လည်း ရွေးချယ်စရာတစ်ခုရှိပါသည်။ ဘုရားသခင်၏ဝိညာဉ်တော်နှင့် နှုတ်ကပါဌ်တော်၏အကူအညီအားဖြင့် သင်သည် ဘုရားသခင်အား “စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်” မြတ်နိုးလာနိုင်သည်။ (တရားဟောရာ ၆:၅) တုံ့လှည့်အနေနှင့် ယေဟောဝါသည် သင့်ကို ဆက်လက်၍ချစ်မြတ်နိုးသွားပါလိမ့်မည်၊ အကြောင်းမှာ “ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူ” သောကြောင့်တည်း။—ဟေဗြဲ ၁၁:၆။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
အာဗေလ၏ပူဇော်သကာသည် ဘုရားသခင်အတွက် လက်သင့်ခံဖွယ်ဖြစ်ခဲ့၏