ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၁၀/၁ စာ. ၂၁-၂၄
  • စစ်မှန်သောခရစ်ယာန်ဘာသာ၏ သော့ချက်ကားအဘယ်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စစ်မှန်သောခရစ်ယာန်ဘာသာ၏ သော့ချက်ကားအဘယ်နည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သဘောထားမှန်
  • ကိုယ်ကျိုးရှာလောကအတွင်းမေတ္တာ
  • အသင်းတော်အတွင်းမေတ္တာရှိခြင်း
  • တစ်ဦးအပေါ်တစ်ဦးချစ်ခြင်းကို အားကြီးလာစေခြင်း
  • ချစ်ခြင်းမေတ္တာဖြင့် တည်ဆောက်ခံလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • “မေတ္တာတရား၌ ကျင်လည်ကြလော့”
    ယေဟောဝါထံ ချဉ်းကပ်လော့
  • သင့်ကိုချစ်တော်မူသော ဘုရားသခင်အား ချစ်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ချစ်ခြင်းမေတ္တာ​—အဖိုးတန် အရည်အသွေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၁၀/၁ စာ. ၂၁-၂၄

စစ်မှန်သောခရစ်ယာန်ဘာသာ၏ သော့ချက်ကားအဘယ်နည်း

ယနေ့ကမ္ဘာတွင် မိမိကိုယ်ကို ခရစ်ယာန်ဟုဆိုသူအများရှိသည်။ (မဿဲ ၇:၂၁၊ ၂၃) ခရစ်ယာန် စစ် များဖြစ်ကြောင်းမည်သို့သိနိုင်မည်နည်း။

အဖြစ်မှန်ကား ခရစ်ယာန်စစ်ဖြစ်ရန် လိုအပ်ချက်များစွာရှိသည်။ ခရစ်ယာန်စစ်ဆိုလျှင် ခိုင်မာသောယုံကြည်ခြင်းရှိရမည်။ အကြောင်းမှာ “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏အလိုတော်နှင့်မတွေ့နိုင်။” (ဟေဗြဲ ၁၁:၆) ထိုခိုင်မြဲသောယုံကြည်ခြင်းသည် မှန်ကန်သောအကျင့်နှင့်ဒွန်တွဲနေရမည်။ “အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်သည်” ဟုတပည့်တော်ယာကုပ်သတိပေးခဲ့သည်။ (ယာကုပ် ၂:၂၆) ထို့အပြင်ခရစ်ယာန်တစ်ဦးသည် “သစ္စာနှင့်သတိပညာရှိကျေးကျွန်” ၏အခွင့်အာဏာကို အသိအမှတ်ပြုရမည်။ (မဿဲ ၂၄:၄၅-၄၇) သို့သော်ခရစ်ယာန်စစ်၏သော့ချက်ကား ဤအရာများနှင့်သီးခြားအရာဖြစ်သည်။

သော့ချက်ကားအဘယ်နည်း။ ကောရိန္သုမြို့သို့ရေးသော မိမိ၏ပထမစာစောင်တွင် တမန်တော်ပေါလုဤသို့ရှင်းပြသည်။ “ငါသည်လူဘာသာစကားကိုလည်းကောင်း၊ ကောင်းကင်တမန်ဘာသာစကားကိုလည်းကောင်း ပြောနိုင်သော်လည်း မေတ္တာမရှိလျှင် အသံမည်သောတံပိုးခရာကဲ့သို့လည်းကောင်း၊ တီးသံကိုသာပေးတတ်သော လင်းကွင်းကဲ့သို့လည်းကောင်းဖြစ်၏။ ပရောဖက်ဉာဏ်ကိုငါရ၍ နက်နဲသောအရာရှိသမျှတို့နှင့် သိပ္ပံအတတ်အမျိုးမျိုးကို တတ်၍သော်လည်းကောင်း၊ တောင်များကိုရွှေ့နိုင်သော ယုံကြည်ခြင်းအမျိုးမျိုးနှင့်ပြည့်စုံသော်လည်းကောင်း၊ မေတ္တာမရှိလျှင် အချည်းနှီးသက်သက်ဖြစ်၏။ သူတစ်ပါးကို ငါကျွေးမွေး၍ဥစ္စာရှိသမျှကိုစွန့်ကြဲသည်သာမက ကိုယ်ခန္ဓာကိုမီးရှို့စေခြင်းငှာအပ်သော်လည်း မေတ္တာမရှိလျှင်ငါ၌အကျိုးမရှိ။”—၁ ကောရိန္သု ၁၃:၁-၃။

ထို့ကြောင့်မေတ္တာ သည် ခရစ်ယာန်ဘာသာစစ်၏သော့ချက်ဖြစ်သည်။ ယုံကြည်ခြင်း၊ အကျင့်ကျင့်ခြင်း၊ တော်လျော်သောပေါင်းသင်းဆက်ဆံခြင်းတို့ လိုအပ်သည်မှာမငြင်းသာသော်လည်း မေတ္တာမရှိလျှင် ၄င်းတို့၏တန်ဖိုးမပေါ်လွင်ပါ။ အဘယ်ကြောင့်နည်း။

အခြေခံအကြောင်းကား ကျွန်ုပ်တို့ကိုးကွယ်သောဘုရားသခင်ကြောင့်ဖြစ်သည်။ တမန်တော်ယောဟန်က ယေဟောဝါဘုရားသခင်ကို ခရစ်ယာန်ဘာသာစစ်၏ဘုရားအဖြစ်ဤသို့ဖော်ပြသည်။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။” (၁ ယောဟန် ၄:၈) ယေဟောဝါဘုရားသခင်၌ တန်ခိုးတော်၊ တရားမျှတခြင်း၊ ဉာဏ်ပညာတို့ကဲ့သို့သော အခြားအရည်အချင်းများလည်းရှိသေးသည်။ သို့သော်ကိုယ်တော်သည် မေတ္တာအရာတွင် ထူးကဲသာလွန်သောဘုရားဖြစ်သဖြင့် မိမိကိုဝတ်ပြုကိုးကွယ်သူများအား မည်သို့သောလူစားများဖြစ်စေလိုတော်မူမည်နည်း။ ကိုယ်တော်ကိုတုပပြီး မေတ္တာကိုပြုစုပျိုးထောင်သူများပင်ဖြစ်သည်။—မဿဲ ၅:၄၄၊ ၄၅၊ ၂၂:၃၇-၃၉။

သဘောထားမှန်

မှန်ပါသည်၊ မိမိတို့ကိုးကွယ်သောဘုရားနှင့် ခရစ်ယာန်များတူအောင် မေတ္တာကပြုလုပ်ပေးသည်။ သူတို့၏သဘောထားသည် ဘုရားသခင်၏သဘောထားနှင့် ထပ်တူဖြစ်ကြောင်းကိုဆိုလိုသည်။ ကျွန်ုပ်တို့ထာဝရအသက်ရရန် ယေရှုကိုမြေကြီးပေါ်သို့စေလွှတ်ဖို့ အဓိကမည်သည့်သဘောထားက ယေဟောဝါဘုရားသခင်ကို လှုံ့ဆော်သနည်း။ မေတ္တာပင်ဖြစ်သည်။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်။ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကို ချစ် တော်မူ၏။” (ယောဟန် ၃:၁၆) ဘုရားသခင့်အလိုတော်ဆောင်ရာ၌ ကျွန်ုပ်တို့မည်သည့်သဘောထားရှိသင့်သနည်း။ မေတ္တာပင်ဖြစ်သည်။ “ပညတ်တော်တို့ကိုစောင့်ခြင်းသည် ဘုရားသခင်ကိုချစ်ရာရောက်၏။”—၁ ယောဟန် ၅:၃။

ဘုရားသခင်ကို မမှန်သောသဘောထားနှင့် ဝတ်ပြုခြင်းဖြစ်နိုင်ပါသလော။ ဖြစ်နိုင်ပါသည်။ မနာလိုခြင်း၊ ဂုဏ်ပြိုင်ခြင်းများနှင့် ဘုရားသခင်ကိုဝတ်ပြုနေကြသော သူများကိုပေါလုဖော်ပြခဲ့သည်။ (ဖိလိပ္ပိ ၁:၁၅-၁၇) ကျွန်ုပ်တို့လည်း ထိုသို့ဖြစ်နိုင်သည်။ ဤလောကသည် အပြိုင်အဆိုင်များလွန်းရကား ထိုသဘောထားများ ကျွန်ုပ်တို့ကိုကူးစက်နိုင်သည်။ ကျွန်ုပ်တို့သည် သာ၍ကောင်းမွန်စွာဟောပြောနိုင်သူ၊ စာပေစာတမ်းများကို ပိုဝေငှနိုင်သူအဖြစ် မိမိတို့ကိုယ်ကိုအထင်ကြီးနိုင်သည်။ သို့မဟုတ် မနာလိုဖြစ်နိုင်သည်။ အကြီးအကဲတစ်ယောက်သည် အရည်အချင်းရှိတိုးတက်နေသည့် လူငယ်တစ်ဦးကို အဟန့်အတားဖြစ်စေသည်အထိ မိမိ၏အခွင့်အာဏာနေရာအတွက် စိုးရိမ်ကာမနာလိုဖြစ်နိုင်သည်။ ကိုယ်ကျိုးဖြစ်ထွန်းစေလိုသောဆန္ဒသည် ချမ်းသာသည့်ခရစ်ယာန်များနှင့်သာပေါင်းဖော်ပြီး ဆင်းရဲသူများကိုလျစ်လျူရှုစေသည်။

ကျွန်ုပ်တို့မစုံလင်ကြသောကြောင့် ဤအရာများဖြစ်နိုင်သည်။ သို့သော်ယေဟောဝါကဲ့သို့မေတ္တာကို ကျွန်ုပ်တို့၏အဓိကလှုံ့ဆော်မှုဖြစ်စေပါက ထိုတိမ်းယိမ်းသည့်သဘောကို ကျွန်ုပ်တို့တိုက်လှန်မည်ဖြစ်သည်။ ကိုယ်ကျိုးရှာခြင်း၊ မိမိကိုယ်ကိုချီးမြှောက်လိုခြင်း၊ ရောင့်တက်သောမာနတို့သည် မေတ္တာကိုဖယ်ထုတ်နိုင်ပြီး ကျွန်ုပ်တို့အား “အကျိုးမဲ့” စေနိုင်သည်။—သု၊ ၁၁:၂။ ၁ ကောရိန္သု ၁၃:၃။

ကိုယ်ကျိုးရှာလောကအတွင်းမေတ္တာ

ယေရှုက “မိမိ၏နောက်လိုက်များသည် ဤလောကနှင့်မစပ်ဆိုင်ကြ” ဟုပြောခဲ့သည်။ (ယောဟန် ၁၇:၁၄) ကျွန်ုပ်တို့ဝန်းကျင်ရှိလောက၏သြဇာလွှမ်းမိုးမှုကို မည်သို့ရှောင်နိုင်မည်နည်း။ မေတ္တာက အကူအညီပေးနိုင်သည်။ ဥပမာအားဖြင့် ယနေ့လူတို့သည် ‘ဘုရားသခင်ကိုချစ်သည်ထက် အပျော်အပါးကိုသာ၍ချစ်သောသူများ’ ဖြစ်ကြသည်။ (၂ တိမောသေ ၃:၄) ထိုသူများနှင့်မတူရန် ယောဟန်သတိပေးသည်။ “လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာတို့ကိုလည်းကောင်း မချစ်ကြနှင့်။ လောက၌ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။”—၁ ယောဟန် ၂:၁၅၊ ၁၆။

သို့သော် “ကိုယ်ကာယတပ်မက်ခြင်း”၊ “မျက်စိတပ်မက်ခြင်း” တို့ကိုလုံးဝငြင်းဆန်ရန်မလွယ်ကူပါ။ ထိုအရာတို့သည် ကျွန်ုပ်တို့၏သွေးသားကို အလွန်ဆွဲဆောင်သောကြောင့် ယင်းတို့ကိုလုံးဝချစ်မိသွားနိုင်သည်။ ထို့ပြင် ယနေ့သည် ယောဟန်ခေတ်ကထက်အပျော်အပါး ပိုမိုများပြားရာ ထိုအချိန်ကမျက်စိတပ်မက်ခြင်းသည် ပြဿနာတစ်ခုဖြစ်ခဲ့လျှင် ယနေ့ပို၍ဖြစ်ရန်အကြောင်းရှိသည်။

စိတ်ဝင်စားစရာကား ဤလောကတွင်ရနိုင်သည့် အချို့ပျော်ရွှင်မှုများသည် ယင်းတို့ကိုယ်၌ကမမှားပေ။ အိမ်ကြီးအိမ်ကောင်း၊ နောက်ဆုံးပေါ်ကား၊ ရုပ်မြင်သံကြား၊ တေးသံစုံပစ္စည်းများရှိခြင်းသည် ဘာမျှမမှားပါ။ စိတ်ဝင်စားဖွယ်ခရီးရှည်ထွက်ခြင်း၊ စိတ်လှုပ်ရှားဖွယ်အပန်းဖြေခြင်းတို့သည်လည်း ကျမ်းစာပညတ်ကိုမချိုးဖောက်ပါ။ သို့ဆိုလျှင်ယောဟန်သတိပေးသည့်အချက်ကား အဘယ်နည်း။ တစ်ခုအနေနှင့် ယင်းတို့သည်ကျွန်ုပ်တို့အတွက်အလွန် အရေးကြီးလာပါက ကျွန်ုပ်တို့အတွင်း တစ်ကိုယ်ကောင်းဆန်ခြင်း၊ ရုပ်ဝါဒလိုက်စားခြင်း၊ မာနတက်ခြင်းတို့ကို မွေးမြူပေးနိုင်သည်။ ငွေကိုရရန်ကြိုးစားခြင်းသည် ကျွန်ုပ်တို့ယေဟောဝါကို အမှုဆောင်ခြင်းတွင် နှောင့်နှေးအောင်ပြုလုပ်နိုင်သည်။ ယင်းတို့ကို ပျော်မွေ့ရန်အချိန်ကုန်ခံရသည်။ ကျမ်းစာလေ့လာခြင်း၊ ခရစ်ယာန်ချင်းတို့နှင့်စည်းဝေးခြင်း၊ ဘုရားနိုင်ငံတော်သတင်းဟောပြောခြင်း တာဝန်များကြောင့် ခရစ်ယာန်တစ်ဦး၏အချိန်သည် အကန့်အသတ်ဖြင့်ရှိနေသည်။—ဆာလံ ၁:၁-၃။ မဿဲ ၂၄:၁၄။ ၂၈:၁၉၊ ၂၀။ ဟေဗြဲ ၁၀:၂၄၊ ၂၅။

ဤရုပ်ဝါဒလိုက်စားသောခေတ်တွင် “ဘုရားသခင်၏နိုင်ငံတော်ကိုရှေးဦးထား” ရန်နှင့် “ဤလောကကိုအပြည့်အဝမသုံး” ရန်သန္နိဌာန်ချထားဖို့လိုသည်။ (မဿဲ ၆:၃၃။ ၁ ကောရိန္သု ၇:၃၁၊ ကဘ ) ထက်သန်သောယုံကြည်ခြင်းက ကူညီပေးနိုင်မည်။ သို့သော် ကျွန်ုပ်တို့၏ဓမ္မအမှုကို စေ့ငှစွာကျေပွန်ရန် တားဆီးသည့် ယင်းတို့ကိုယ်နှိုက်က မမှားသော တပ်မက်စရာများကို တွန်းလှန်နိုင်ရန်ယေဟောဝါနှင့်၊ ကိုယ်နှင့်စပ်ဆိုင်သောသူတို့ကိုချစ်သောမေတ္တာက အထူးသဖြင့်ခွန်အားပေးသည်။ (၂ တိမောသေ ၄:၅) ထိုမေတ္တာမပါရှိပါက ကျွန်ုပ်တို့၏ဓမ္မအမှုဆောင်ခြင်းသည် ဝတ်ကျေတန်းကျေသဘောမျိုးအလွယ်တကူဖြစ်သွားနိုင်သည်။

အသင်းတော်အတွင်းမေတ္တာရှိခြင်း

မေတ္တာအရေးကြီးမှုကို ယေရှုဤသို့ပေါ်လွင်စေခဲ့သည်။ “သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည်ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကိုသိရကြလိမ့်မည်။” (ယောဟန် ၁၃:၃၅) အကြီးအကဲတို့သည် ခရစ်ယာန်ချင်းတို့ကိုမချစ်လျှင် အချိန်များစွာအကုန်ခံ၍ သိုးထိန်းလည်ပတ်အားပေးခြင်း၊ ကူညီခြင်းများကို မည်သို့ပြုလုပ်နိုင်မည်နည်း။ မေတ္တာမပါဘဲ အသင်းတော်သားများသည် အကြီးအကဲများအပါအဝင် အချင်းချင်းတို့၏အားနည်းချက်များကို မည်သို့သည်းခံနိုင်မည်နည်း။ ခရစ်ယာန်ချင်းတို့၏ကာယရေးအရလိုအပ်ချက်တို့ကို ကူညီရန် မေတ္တာကလှုံ့ဆော်ပေးသည်။ (တမန်တော် ၂:၄၄၊ ၄၅) အသက်ပေးသည်အထိပင်ပြုကြသည်။ အဘယ့်ကြောင့်နည်း။ မေတ္တာကြောင့်ဖြစ်သည်။—ယောဟန် ၁၅:၁၃။

တစ်ခါတစ်ရံသေးငယ်သောအရာက ကြီးမားသောမေတ္တာကိုသက်သေထူသည်။ အလုပ်ဝန်ပိနေသော အကြီးအကဲတစ်ဦးထံ ခရစ်ယာန်ချင်းတစ်ယောက်သည် အကြီးအကဲကသိပ်အရေးမကြီးဟုထင်ရသော အကြောင်းတစ်ခုကို ထပ်၍တင်ပြလာလျှင် စိတ်ဆိုးသင့်သလော။ ယင်းကိုစိတ်ဝမ်းကွဲမှုဖြစ်စေသည့်အရာအဖြစ်ခံမည့်အစား ထိုညီအစ်ကိုကိုစိတ်ရှည်၍ ကြင်နာစွာဆက်ဆံမည်။ ကိစ္စကိုအတူတကွဆွေးနွေးပြီး ယခင်ကထက်ပို၍ မိတ်သဟာယဖြစ်အောင်ပြုကြမည်။ (မဿဲ ၅:၂၃၊ ၂၄။ ၁၈:၁၅-၁၇) ကိုယ့်အခွင့်အရေးကိုမရမနေတောင်းဆိုကြမည့်အစား ခရစ်တော်ယေရှုထောက်ခံခဲ့သည့် ညီအစ်ကိုကို “ခုနစ်ဆယ့်ခုနစ်ကြိမ်” ခွင့်လွှတ်ရန်အသင့်ဖြစ်သည့် သဘောထားကြီးမှုကို အားလုံးပြုစုပျိုးထောင်ကြမည်။ (မဿဲ ၁၈:၂၁၊ ၂၂) ထို့ကြောင့်ခရစ်ယာန်များသည် “စုံလင်သောအနှောင်အဖွဲ့ဖြစ်သည့်မေတ္တာ” ကိုဝတ်ဆင်ရန် အားသွန်ခွန်စိုက်ကြိုးပမ်းကြသည်။—ကောလောသဲ ၃:၁၄။

တစ်ဦးအပေါ်တစ်ဦးချစ်ခြင်းကို အားကြီးလာစေခြင်း

မှန်ပါသည်။ မေတ္တာသည် ယေဟောဝါကိုဝတ်ပြုရန် မှန်သောလှုံ့ဆော်မှုဖြစ်သည်။ မေတ္တာသည် ကျွန်ုပ်တို့ကိုလောကနှင့် သီးခြားနေရန်ခွန်အားပေးပြီး ခရစ်ယာန်အသင်းတော်စစ်ဖြစ်ကြောင်းကိုလည်း သေချာစေသည်။ အရည်အချင်းပြည့်မီမှုကို ဂရုပြုစဉ်အခွင့်အာဏာရှိသူတစ်ဦးသည် သူတစ်ပါးနှင့်ဆက်ဆံရာတွင် ကြင်နာခြင်း၊ နူးညံ့သိမ်မွေ့ခြင်း လစ်ဟင်းသွားစေသည့်အထိ အရည်အချင်းပြည့်မီဖို့ကိုသာ အလွန်အမင်းစဉ်းစားနေသူတစ်ဦးမဖြစ်ရန် မေတ္တာကကူညီပေးမည်။ မေတ္တာသည် “ကျွန်ုပ်တို့ကိုဦးဆောင်သူများကို နာခံရန် . . . နှင့်လက်အောက်ခံ” ရန်ကူညီပေးသည်။—ဟေဗြဲ ၁၃:၁၇။

တမန်တော်ပေတရုက ကျွန်ုပ်တို့ကို “အားကြီးသောမေတ္တာ” ရှိရန်အားပေးသည်။ အကြောင်းမှာ “မေတ္တာသည် ခပ်သိမ်းသောအပြစ်တို့ကိုဖုံးအုပ်တတ်၏။” (၁ ပေတရု ၄:၈) ယင်းကိုကျွန်ုပ်တို့မည်သို့ပြုနိုင်သနည်း။ လူသည်ဘုရားသခင်၏သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံရသည့်အတွက် သဘာဝအားဖြင့် ချစ်တတ်သောသဘောရှိသည်။ သို့သော်ယခုကျွန်ုပ်တို့ပြောနေသည့် မေတ္တာမူကား ထိုထက်မကလိုအပ်သည်။ အမှန်မှာ ယင်းသည်ဘုရားသခင့်ဝိညာဉ်တော်၏အဓိကအသီးဖြစ်သည်။ (ဂလာတိ ၅:၂၂) ထို့ကြောင့်မေတ္တာကို ပြုစုပျိုးထောင်ရန် ကျွန်ုပ်တို့သည်ဘုရားသခင်၏ဝိညာဉ်တော်လမ်းပြမှုကို ခံယူရမည်။ မည်သို့အားဖြင့်နည်း။ ယေဟောဝါ၏ဝိညာဉ်တော်ဖြင့် မှုတ်သွင်းထားသောသမ္မာကျမ်းစာကို လေ့လာခြင်းအားဖြင့်ဖြစ်သည်။ (၂ တိမောသေ ၃:၁၆) ယေဟောဝါနှင့်ကျွန်ုပ်တို့ညီအစ်ကိုများအတွက် ချစ်ခြင်းကိုပြုစုပျိုးထောင်ရန် ယေဟောဝါ၏ဝိညာဉ်တော်ကို တောင်းခံခြင်းဖြင့်ဖြစ်သည်။ ယေဟောဝါ၏ဝိညာဉ်တော် အတားအဆီးမရှိသက်ရောက်သော ကိုယ်တော့်အသင်းတော်နှင့်ပေါင်းသင်းခြင်းအားဖြင့်လည်းဖြစ်သည်။

ကျွန်ုပ်တို့တွင်မေတ္တာမဲ့သောလုပ်ရပ် သို့မဟုတ် သဘောထားများရှိမရှိကိုသိနိုင်ရန် မိမိကိုယ်ကိုစစ်ဆေးသင့်သည်။ မေတ္တာသည် နှလုံး၏လုပ်ဆောင်မှုဖြစ်ပြီး “နှလုံးသည်ခပ်သိမ်းသောအရာတို့ထက် အလွန်စဉ်းလဲသောသဘောရှိ” ကြောင်းကိုသတိရပါ။ (ယေရမိ ၁၇:၉) ယေဟောဝါအကူအညီများပေးသည့်ကြားမှ တစ်ခါတစ်ရံကျွန်ုပ်တို့မေတ္တာမဲ့စွာကျင့်ကြံကြသည်။ ခရစ်ယာန်ချင်းကိုမလိုအပ်ဘဲ မာကျောစွာစကားပြောမိနိုင်သည်၊ သို့မဟုတ် သူများပြောသည့်စကားကြောင့် ကျွန်ုပ်တို့စိတ်ဆိုးပြီး ခွန်းတုံ့ပြန်မိနိုင်သည်။ ထို့ကြောင့်ဒါဝိဒ်၏စကားကို ကျွန်ုပ်တို့ပြန်ပဲ့တင်ထပ်နိုင်သည်။ “အိုဘုရားသခင် အကျွန်ုပ်ကိုစစ်ကြော၍ အကျွန်ုပ်၏နှလုံးကိုသိမှတ်တော်မူပါ။ စုံစမ်း၍စိတ်အထင်များကိုလည်း သိမှတ်တော်မူပါ။ ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည်မလိုက်သည်ကို ကြည့်ရှု၍ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါ။”—ဆာလံ ၁၃၉:၂၃၊ ၂၄။

ကျမ်းစာပြောသည့်အတိုင်း “မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့်အစဉ်ကင်းလွတ်၏။” (၁ ကောရိန္သု ၁၃:၈) အချင်းချင်းချစ်နေကြမည်ဆိုလျှင် စမ်းသပ်ခြင်းကာလအတွင်း ကျွန်ုပ်တို့ဘာမျှလိုမည်မဟုတ်ပါ။ ဘုရားသခင့်လူမျိုးတော်အတွင်းရှိ မေတ္တာသည်ယနေ့တည်ရှိနေသော ဝိညာဏပရဒိသုကို ကြီးမားစွာထောက်ပံ့ထားသည်။ အချင်းချင်းနှလုံးပါသည့် အားကြီးသောချစ်ခြင်းမေတ္တာရှိပါမှ ကမ္ဘာသစ်တွင်နေထိုင်ခြင်းကို ပျော်မွေ့နိုင်မည်။ ထို့ကြောင့်ထိုကဲ့သို့သောမေတ္တာကိုတင်ပြခြင်းဖြင့် ယေဟောဝါကိုတုပပြီး စည်းလုံးခြင်းအနှောင်အဖွဲ့ကိုခိုင်မြဲစေပါ။ မေတ္တာကိုပြုစုပျိုးထောင်ခြင်းဖြင့် ခရစ်ယာန်ဘာသာစစ် ၏သော့ချက်ကိုပိုင်ဆိုင်ပါလေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ