ဘုရားသခင့်မေတ္တာတော်ကို ကျွန်ုပ်တို့မည်သို့ တစ်ကိုယ်ကောင်းမဆန် တုံ့ ပြန်နိုင်သနည်း
“ဘုရားသခင်သည်ငါတို့ကို ဤမျှလောက်ချစ်တော်မူသည်မှန်လျှင် ငါတို့သည်လည်းအချင်းချင်းချစ်ရကြမည်။”—၁ ယောဟန် ၄:၁၁။
၁၊ ၂။ ဘုရားသခင့်မေတ္တာပြသချက်ကို တစ်ကိုယ်ကောင်းမဆန်ဘဲ တုံ့ပြန်နိုင်ရန် ကျွန်ုပ်တို့အတွက်ဘာလိုအပ်သနည်း။
ယေဟောဝါသည် မေတ္တာ၏သရုပ်သကန်အစစ်အမှန်ဖြစ်သည်။ ပြီးခဲ့သည့်ဆောင်းပါးတွင် ကိုယ်တော်၏မေတ္တာ မည်မျှကြွယ်ဝစွာထင်ရှားပေါ်လွင်ပုံကို ကျွန်ုပ်တို့မြင်တွေ့ခဲ့ရပြီ။ မောရှေ၊ ဒါဝိဒ်နှင့်ယေရှုခရစ်သည် ထိုမေတ္တာပြသချက်များကို မည်သို့တစ်ကိုယ်ကောင်းမဆန် တုံ့ပြန်ခဲ့ပုံကိုလည်း ကျွန်ုပ်တို့မှတ်ကျုံးခဲ့ရပြီ။ ယေဟောဝါသက်သေတစ်ဦးစီလည်း အလားတူမပြုလုပ်သင့်ပေလော။ အမှန်ပင်ပြုလုပ်သင့်ပေသည်။
၂ ဘုရားသခင့်မေတ္တာတော်ကို ကျွန်ုပ်တို့တစ်ကိုယ်ကောင်းမဆန် တုံ့ပြန်ရမည်ဆိုလျှင် ဘာလိုအပ်သနည်း။ တစ်ခုမှာ ကျွန်ုပ်တို့အသက်တာတွင် ကိုယ်တော်ကိုပထမနေရာထားရမည်ဖြစ်ပြီး ကိုယ်တော်အားကျွန်ုပ်တို့၏နှလုံး၊ စိုးလ်၊ စိတ်၊ ခွန်အားရှိသမျှနှင့် ချစ်ရမည်ဖြစ်သည်။ (မာကု ၁၂:၂၉၊ ၃၀) ယင်းကဘုရားကိုင်းရှိုင်းရန် ယေဟောဝါနှင့်နွေးထွေးသော နှစ်ကိုယ်ကြားဆက်ဆံရေးရှိရန်ကိုဆိုလိုသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ထံဆုတောင်းလျက် စကားပြောဆိုလိုသောဆန္ဒရှိပါသလော။ ကျွန်ုပ်တို့သည် အဆက်မပြတ်ဆုတောင်းနေကာ ဆုတောင်းခြင်းတွင်စွဲမြဲပါသလော။ သို့မဟုတ် ကတိုက်ကရိုက်ဆုတောင်းခြင်း၊ ဆုမတောင်းနိုင်ရန်ပင် အလုပ်များလွန်းသောအခါများရှိပါသလော။ (ရောမ ၁၂:၁၂။ ၁ သက်သာလောနိတ် ၅:၁၇) ကျွန်ုပ်တို့သည်လူများကို ယေဟောဝါထံသို့သာအာရုံစိုက်စေပြီး မိမိတို့ပြီးမြောက်လုပ်ဆောင်ခဲ့သည့်အရာအတွက် ကိုယ်တော်နှင့်ကိုယ်တော်အဖွဲ့အစည်းအား ဂုဏ်တင်ပါသလော။ (၁ ကောရိန္သု ၃:၇။ ၄:၇) ကျွန်ုပ်တို့သည် အမှန်ပင်ဆာလံဆရာကဲ့သို့ ခံစားရပါသလော။ ဘုရားရှင်နှင့်စပ်လျဉ်း၍သူက “ကိုယ်တော်ကိုတစ်ရက်လျှင်ခုနစ်ကြိမ် ချီးမွမ်းတတ်ပါ၏” ဟုဆိုခဲ့သည်။—ဆာလံ ၁၁၉:၁၆၄။
၃။ ကျွန်ုပ်တို့အတူတကွမိတ်ဆုံပေါင်းသင်းမှုပြုသောအခါ ဘုရားသခင်၏မေတ္တာကို တစ်ကိုယ်ကောင်းမဆန်ဘဲ တုံ့ပြန်နေကြောင်းမည်သို့ပြသနိုင်သနည်း။
၃ ကျွန်ုပ်တို့သည် ဘုရားရှင်မေတ္တာတော်ကို တစ်ကိုယ်ကောင်းမဆန် တုံ့ပြန်သည်ဖြစ်စေ မတုံ့ပြန်သည်ဖြစ်စေ အတူတကွမိတ်ဆုံပေါင်းသင်းမှုပြုသောအခါ ထင်ရှားလေသည်။ ထိုအချိန်တွင် ကျွန်ုပ်တို့၏အပြောအဆိုသည်လောကီရေး သို့မဟုတ် ဝိညာဉ်ရေးတွင်အခြေပြုပါသလော။ ကျွန်ုပ်တို့သည် ခရစ်ယာန်ချင်းတို့နှင့်မိတ်ဆုံပေါင်းသင်းသည့်အခါတိုင်း သမ္မာကျမ်းစာကို အလေးအနက်ဆွေးနွေးရမည်ဟူ၍ကားမဟုတ်ချေ။ သို့သော် ကျွန်ုပ်တို့စကားပြောဆိုရာတွင် စိတ်ဝင်စားဖွယ် ဝိညာဏအရာအချို့ကိုအမှန်ပင် ပါဝင်စေနိုင်ပေမည်။ လယ်ကွင်းတွေ့ကြုံမှုများတင်ပြခြင်း၊ ကျွန်ုပ်တို့နှစ်သက်သောကျမ်းပိုဒ်များဆွေးနွေးခြင်း၊ ကျွန်ုပ်တို့သမ္မာတရားမည်သို့ရရှိပုံကိုပြောပြခြင်း သို့မဟုတ် ဘုရားသခင့်မေတ္တာပါစောင့်ရှောက်မှုနှင့် ကောင်းချီးများ၏ အထောက်အထားများကို ဖော်ပြနိုင်ပါသည်။
၄။ ကျွန်ုပ်တို့သည် အမှုဆောင်အခွင့်အရေးအချို့နှင့်စပ်လျဉ်း၍ စိတ်ဓာတ်ကျနေလျှင် အခြေအနေများကို မည်သို့ရှုမြင်သင့်သနည်း။
၄ ဘုရားသခင့်မေတ္တာတော်ကို ကျွန်ုပ်တို့မည်မျှလေးမြတ်သည်ကို ဖော်ပြသည့်နောက်အခြေအနေတစ်ရပ်မှာ ယေဟောဝါအဖွဲ့အစည်းတွင် အခွင့်အရေးအချို့နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့လျစ်လျူရှုခံရသည့်အခါဖြစ်သည်။ ကျွန်ုပ်တို့မည်သို့တုံ့ပြန်သနည်း။ ကျွန်ုပ်တို့သည် ယေဟောဝါကိုဂုဏ်တင်ခြင်းအပေါ် အဓိကစိတ်ရောက်နေလျှင် အခွင့်အရေးနေရာတစ်ခုကို မည်သူပင်ရရှိပါစေဘုရားရှင်သည် ညီတူညီမျှပင်ဂုဏ်တင်ခံရရန်အကြောင်းရှိသည်ကို ကျွန်ုပ်တို့သဘောတူပေမည်။ (လုကာ ၉:၄၈ နှိုင်းယှဉ်) သို့သော် ကျွန်ုပ်တို့သည် မိမိတို့၏ကိုယ်ကျိုး သို့မဟုတ် နာမည်အတွက် အလွန်အကျွံစိုးရိမ်မကင်းဖြစ်နေလျှင် ကျွန်ုပ်တို့အားလျစ်လျူရှုထားသည်ဟု ထင်မြင်သောအခါ စိတ်ဓာတ်ကျပေမည်။ ယေဟောဝါသည် ကျွန်ုပ်တို့ကိုချစ်၍ လောလောဆယ်တွင် သီအိုကရက်တစ်တာဝန်တစ်ခု၏ဝန်ထုပ်ကို ကျွန်ုပ်တို့မထမ်းနိုင်သေးကြောင်းကိုလည်းသိမည်ကို ကျွန်ုပ်တို့သတိရသင့်သည်။ ကိုယ်တော်သည်ကျွန်ုပ်တို့အား အခြားနည်းများဖြင့်လည်း ကြွယ်ဝစွာကောင်းချီးပေးမည်ဖြစ်ကာ ထိုသို့သောကိုယ်တော်၏မေတ္တာပေါ်လွင်ချက်က ကျွန်ုပ်တို့၏ဝိညာဏမျှတမှုကို ထိန်းသိမ်းထားရန် ထောက်ကူသင့်သည်။—သု ၁၀:၂၂။
ဖြောင့်မတ်ခြင်းကိုချစ်၍ မတရားမှုကိုမုန်းခြင်း
၅။ ဘုရားသခင့်မေတ္တာတော်ပြသမှုက ကျွန်ုပ်တို့၏အပြုအမူအပေါ် မည်သို့သောအကျိုးသက်ရောက်မှု ရှိသင့်သနည်း။
၅ ကျွန်ုပ်တို့အပေါ် ဘုရားသခင့်မေတ္တာတော်တင်ပြချက်က ဖြောင့်မတ်မှုကိုချစ်၍ မတရားမှုကိုမုန်းရာတွင် ခရစ်တော်ကိုတုပရန် ကျွန်ုပ်တို့အားလှုံ့ဆော်သင့်သည်။ (ဟေဗြဲ ၁:၉) မှန်ပါသည်၊ ကျွန်ုပ်တို့သည် ယေရှုကဲ့သို့စုံလင်စွာပြုကျင့်နိုင်မည်မဟုတ်ချေ။ သို့ပင်ငြားလည်း ကျွန်ုပ်တို့၏မစုံလင်သောအခြေအနေတွင် တတ်နိုင်သလောက်ကျွန်ုပ်တို့သည်စုံလင် ရိုးဖြောင့်၍ဥပဒေကိုလိုက်နာသူဖြစ်ရန် ပန်းတိုင်ထားသင့်သည်။ ယင်းသို့ပြုနိုင်ရန် ဖြောင့်မတ်ခြင်းနှင့်ကောင်းသည့်အရာများကို ချစ်မြတ်နိုးမှုမွေးမြူရုံမကဘဲ မတရားမှုကိုမုန်းတီး၊ မလိုလား၊ ရွံရှာခြင်းကိုလည်းမွေးမြူရမည်။ တမန်တော်ပေါလုဖော်ပြသကဲ့သို့ “ဆိုးညစ်သောအမှုကိုစက်ဆုပ်ရွံရှာကြလော့။ ကောင်းမွန်သောအမှု၌မှီဝဲဆည်းကပ်ကြလော့။” (ရောမ ၁၂:၉) “စက်ဆုပ်ရွံရှာ” ဟူသောစကားလုံးသည်ပြင်းထန်ပြီး “အလွန်အကျွံဆန့်ကျင်” သည့်အဓိပ္ပာယ်ရှိသည်။—Webster’s New Collegiate Dictionary.
၆။ ကျွန်ုပ်တို့လမ်းတွင် လောက မိမိတို့၏အပြစ်သွေးသားနှင့်မာရ်နတ်ကထားရှိသော သွေးဆောင်မှုများကိုကာကွယ်ရန် ဘာကကူညီပေးမည်နည်း။
၆ ကျွန်ုပ်တို့သွားရာလမ်းတွင် လောက၊ ကျွန်ုပ်တို့၏အသွေးအသားနှင့်မာရ်နတ်မှလာသော သွေးဆောင်မှုများကိုကာကွယ်ရန် ဘာကကူညီပေးမည်နည်း။ ယေဟောဝါဘုရားထံသစ္စာစောင့်ခြင်းဖြစ်သည်။ ကိုယ်တော်ကကျွန်ုပ်တို့အား “ငါ့သားပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကိုငါချေနိုင်အောင် ငါ့စိတ်ကိုရွှင်လန်းစေလော့” ဟုတောင်းဆိုထားသည်။ (သု၊ ၂၇:၁၁) မှန်ပါသည် ယေဟောဝါထံသစ္စာစောင့်မှုကကျွန်ုပ်တို့အား ကိုယ်တော်မုန်းသည်ကိုမုန်းရန်ဟူသည့် ပညာရှိလမ်းစဉ်ကိုလိုက်ရန် ကျွန်ုပ်တို့အားလှုံ့ဆော်ပါမည်။ ထို့ပြင် ဘုရားပညတ်တော်ကို ချိုးဖောက်ရာတွင် မည်မျှသာယာမှုရရှိပါစေ သို့မဟုတ် စိတ်လှုပ်ရှားဖွယ်ဖြစ်ပါစေ ထိုသို့ပြုခြင်းသည် လုပ်ရကျိုးမနပ်ကြောင်း မိမိကိုယ်ကိုအဆက်မပြတ်သတိပေးနေရမည်။ (ဂလာတိ ၆:၇၊ ၈) ယေရမိ ၁၇:၉ တွင်ကျွန်ုပ်တို့အားသတိပေးထားသည့်အတိုင်း လူ့နှလုံးသည်စဉ်းလဲ၊ မရိုးဖြောင့်၊ လှည့်စားသည်။ ခရစ်ယာန်နှလုံးသည် ကောင်းမြတ်၊ လှပ၊ စင်ကြယ်သောအရာများကိုနှစ်သက်သည်။ သို့သော် အပြစ်လိုအင်များသည် နှလုံးကိုဆိုးသည့်အရာများလိုလားရန် တိမ်းညွတ်စေသောအခါလည်းရှိသည်။ ဣသရေလများ၏နှလုံးကဲ့သို့ ယေဟောဝါကိုကိုးကွယ်သော်လည်း “မြင့်သောအရပ်” များကိုမူမပယ်ရှားကြချေ။ သို့သော်ကျွန်ုပ်တို့၏နှလုံးသည် တစ်ကိုယ်ကောင်းဆန်ကာ လှည့်စားနိုင်လေသည်။ (၃ ဓမ္မရာဇဝင် ၂၂:၄၃။ တရားဟောရာ ၁၂:၂) ကျွန်ုပ်တို့၏မစုံလင်သောနှလုံးသည် ကျွန်ုပ်တို့အားသွေးဆောင်ရာလမ်းပေါ်သို့ရောက်စေရန် ဆင်ခြေများပေးနိုင်သည်။ ကျွန်ုပ်တို့သွေးဆောင်ခံရသည့်အမှား၏အရေးကြီးပုံကို ကြိုးစား၍အရေးမကြီးသယောင် အသေးအဖွဲဖြစ်သွားရန် လုပ်ဆောင်ပေမည်။ သို့မဟုတ် ကျွန်ုပ်တို့၏နှလုံးကကျွန်ုပ်တို့အား မည်သည့်အရေးယူမှုမဆို ယာယီသာဖြစ်သည်ဟု ယုံကြည်စေပေမည်။
၇။ ကျွန်ုပ်တို့သည် မကောင်းမှုကိုတောင့်တခြင်းအား အဘယ်ကြောင့်သတိပြုကာကွယ်ရမည်နည်း။
၇ ကျွန်ုပ်တို့သည်တစ်ကိုယ်တည်းဖြစ်စေ၊ အိမ်ထောင်သည်ဖြစ်စေ ဘုရားသခင့်မေတ္တာတော်ကို မလေးမြတ်ဘဲ လိင်စာရိတ္တယိုယွင်းခြင်းသို့ဦးတည်နေသော မကောင်းမှုအားတောင့်တခြင်းကို သတိပြုကာကွယ်ရမည်။ မကြာခဏပင် အစတွင်အန္တရာယ်မရှိဟုထင်ရသောညုခြင်းသည် ခရစ်ယာန်နှစ်ဦးအား တစ်ဦးနှင့်တစ်ဦးအပေါ် အလွန်စွဲငြိစေကာ အပြစ်ပြုမိကြပြီး နှင်ထုတ်ခံခဲ့ရသည်။ သိုးတော်စုအတွက် အပြစ်တင်ဖွယ်မရှိ ပုံသက်သေဖြစ်ရမည့် အကြီးအကဲများပင်ဤကိစ္စရပ်များတွင် ကြေကွဲခဲ့ရသည်။—၃ ဓမ္မရာဇဝင် ၁၅:၄၊ ၅ နှိုင်းယှဉ်။
၈။ တမန်တော်ပေါလုသည် ကျွန်ုပ်တို့အားမည်သည့် သတိပေးချက်ပုံသက်သေကိုပြသနည်း။ ထိုသို့သောပြဿနာကိုမည်သို့ပုံတင်ပြနိုင်သနည်း။
၈ ဓမ္မတာထက်ထူးခြားသောရူပါရုံများ၊ တန်ခိုးတော်နှင့်ဘုရားထံမှလာသည့် ဆုကျေးဇူးများခံစားခဲ့ရသည့် တမန်တော်ပေါလုကို စဉ်းစားကြည့်ပါ။ သူ၏အပြစ်လိုအင်များကို တွန်းလှန်ရာတွင် အောင်မြင်ရန်အတွက် သူသည်သူ၏ခန္ဓာကို ပြင်းထန်စွာထိုးနှက်ရိုက်ခဲ့ရသည်။ ကျွန်ုပ်တို့သည် ထိုမျှလောက်မပြုလုပ်ဘဲ ကျေနပ်နေဝံ့ပါသလော။ (ရောမ ၇:၁၅-၂၅။ ၁ ကောရိန္သု ၉:၂၇) ကျွန်ုပ်တို့သည် ရေစီးသန်လှသည့်မြစ်တွင်ရှိလှေထဲရောက်နေသူများပမာဖြစ်ကာ ချောက်ထဲသို့ဆွဲချခံနေရသည်။ အန္တရာယ်မှလွှဲရှောင်ရန် ပြင်းထန်လှသောရေစီးကြောင်းကိုဆန်လျက် ကျွန်ုပ်တို့သည်အားကြိုးမာန်တက်လှော်ရမည်။ သိပ်ဝေးဝေးတော့ ရောက်နိုင်မည်မဟုတ်ချေ။ သို့သော်လည်း ကျွန်ုပ်တို့သည် ဇွဲနပဲဖြင့်အားထုတ်နေလျှင် ပျက်စီးရာချောက်ထဲသို့ ဆိုက်ရောက်သွားမည်မဟုတ်ချေ။ ကျွန်ုပ်တို့အပေါ် ယေဟောဝါဘုရားရှင်၏မေတ္တာပြသချက်က ကျွန်ုပ်တို့အားမတရားမှုကိုမုန်း၍ ဖြောင့်မတ်ခြင်းကိုချစ်ခြင်းဖြင့် ကိုယ်တော်အားသစ္စာစောင့်ရန် မိမိတို့ကိုယ်ကိုအားသွန်ခွန်စိုက် ကြိုးပမ်းစေသင့်သည်။
ညီအစ်ကိုချင်းမေတ္တာပြသ
၉။ တမန်တော်ယောဟန်က ကျွန်ုပ်တို့၏ညီအစ်ကိုများအားချစ်ခြင်းတွင် မည်သည့်သွန်သင်ချက်ပေးခဲ့သနည်း။
၉ ဘုရားသခင့်မေတ္တာပြသမှုက ယေရှုသည်မိမိ၏တပည့်များအားချစ်သကဲ့သို့ ကျွန်ုပ်တို့လည်းမိမိတို့ညီအစ်ကိုများအားချစ်ရန်လည်း လှုံ့ဆော်သင့်သည်။ (ယောဟန် ၁၃:၁) လျောက်ပတ်စွာပင်တမန်တော်ယောဟန်က “ငါတို့သည်ဘုရားသခင်ကိုချစ်ကြသည်ဟုမဆို။ ဘုရားသခင်သည်ငါတို့ကိုချစ်၍ ငါတို့၏အပြစ်ဖြေစရာအကြောင်းဖြစ်စေခြင်းငှာ သားတော်ကိုစေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏။ ချစ်သူတို့ ဘုရားသခင်သည် ငါတို့ကိုဤမျှလောက်ချစ်တော်မူသည်မှန်လျှင် ငါတို့သည်လည်းအချင်းချင်းချစ်ရကြမည်” ဟူ၍ဖော်ပြသည်။ (၁ ယောဟန် ၄:၁၀၊ ၁၁) အမှန်တွင်၊ ယေရှုကမိမိ၏တပည့်စစ်များကို ခွဲခြားသိရှိနိုင်မှုမှာ သူတို့အချင်းချင်းစပ်ကြားရှိသော မေတ္တာအားဖြင့်သိရှိနိုင်သည်။—ယောဟန် ၁၃:၃၄၊ ၃၅။
၁၀၊ ၁၁။ ညီအစ်ကိုချင်းမေတ္တာကိုပြသနိုင်သော နည်းလမ်းအချို့ကားအဘယ်နည်း။
၁၀ ခရစ်ယာန်များသည် ညီအစ်ကိုချင်းမေတ္တာပြသသင့်ကြောင်း ကျွန်ုပ်တို့သိရှိကြသည်။ သို့သော်ကျွန်ုပ်တို့သည် တစ်ဦးနှင့်တစ်ဦး ဤခရစ်တော်ကဲ့သို့သော မေတ္တာပြသနိုင်သည့် နည်းလမ်းအဖုံဖုံကို မိမိတို့ကိုယ်အား ပြန်လည်သတိရစေလျှင် မှားမည်မဟုတ်ချေ။ ထိုသို့သောမေတ္တာက ကျွန်ုပ်တို့အားလူအမျိုးအနွယ်၊ ပညာ၊ ယဉ်ကျေးမှုနှင့်စီးပွားရေးအဆင့်အတန်းကွာခြားမှုကို ဥပေက္ခာပြုရန် ထောက်ကူပါလိမ့်မည်။ ထို့ပြင် ညီအစ်ကိုချင်းမေတ္တာသည် ကျွန်ုပ်တို့အားစည်းဝေးများတွင် အတူတကွစုရုံးစေရန် လှုံ့ဆော်ပေမည်။ ကျွန်ုပ်တို့သည် မိမိတို့၏ညီအစ်ကိုများအား အမှန်ပင်ချစ်လျှင် အခြေအနေမသာယာမှု သို့မဟုတ် မပြောပလောက်သော အလိုမကျမှုက ကျွန်ုပ်တို့အားသူတို့နှင့် ပေါင်းသင်းရသောပျော်ရွှင်မှု၊ အပြန်အလှန်အားပေးမှုကို လက်လွတ်စေမည်မဟုတ်ချေ။ (ရောမ ၁:၁၁၊ ၁၂) ထို့ပြင် ညီအစ်ကိုချင်းမေတ္တာကကျွန်ုပ်တို့အား စည်းဝေးများအတွက် ကောင်းစွာပြင်ဆင်စေပြီး တစ်ဦးနှင့်တစ်ဦးချစ်မြတ်နှိုးရန်နှင့် ကောင်းသောအလုပ်တွင် တိုက်တွန်းနိုးဆော်နိုင်ရန်အတွက် စည်းဝေးများတွင် တက်ကြွစွာပါဝင်စေမည်။—ဟေဗြဲ ၁၀:၂၃-၂၅။
၁၁ အမှုဆောင်လယ်ကွင်းတွင် ကျွန်ုပ်တို့၏ညီအစ်ကိုများအားကူညီခြင်းကော မည်သို့နည်း။ အကြီးအကဲများနှင့်ဓမ္မအမှုထမ်းများသည် တစ်အိမ်တက်ဆင်းလုပ်ငန်းတွင် အခြားသူတစ်ဦး သို့မဟုတ် သူတို့ဘာသာအမှုဆောင်နိုင်လျက်နှင့် အမှုဆောင်တွင်သူတို့နှင့်လိုက်ပါရန်စီစဉ်၍ အကူအညီလိုသောကြေညာသူများကို ဖိတ်ခေါ်ကြသည်။ ဤသို့သောနည်းဖြင့် မေတ္တာပြခြင်းသည် အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများ၏ လယ်ကွင်းလုပ်ငန်းကိုနှစ်ဆအကျိုးကျေးဇူးရရှိစေသည်။ ကျမ်းစာသင်အံမှုတွင် ကြေညာသူတစ်ဦးအား ခေါ်သွားခြင်းကားမည်သို့နည်း။—ရောမ ၁၅:၁-၂။
၁၂။ ၁ ယောဟန် ၃:၁၆-၁၈ ကိုကျွန်ုပ်တို့မည်သို့နားလည်သင့်သနည်း။
၁၂ ရုပ်ပစ္စည်းအမှန်တကယ်လိုအပ်မည့် ကျွန်ုပ်တို့၏ညီအစ်ကိုများကိုလည်း အကူအညီပေးရန်မေတ္တာက ကျွန်ုပ်တို့အားလှုံ့ဆော်ပေမည်။ တမန်တော်ယောဟန်က ဤသို့ရေးသားခဲ့သည်။ “ခရစ်တော်သည် ငါတို့အဖို့အလိုငှာ အသက်တော်ကိုစွန့်တော်မူသည်အရာကို ငါတို့သည်ထောက်၍ မေတ္တာတော်ကိုသိရကြပြီ။ ငါတို့သည်လည်း ညီအစ်ကိုချင်းတို့အဖို့အလိုငှာ အသက်ကိုစွန့်ရကြ၏။ အကြင်သူသည် လောကီစည်းစိမ်ဥစ္စာရှိလျက်ပင် မိမိညီအစ်ကိုဆင်းရဲခြင်းကိုမြင်၍ သနားခြင်းကရုဏာစိတ်ကိုချုပ်တည်း၏။ ထိုသူ၌ဘုရားသခင်၏မေတ္တာတော်သည် အဘယ်သို့တည်မည်နည်း။ ချစ်သားတို့ ငါတို့သည် စကားပြောကာမျှအားဖြင့်သာမချစ်ဘဲ စိတ်ပါကိုယ်လျောက်ဧကန်အမှန်ချစ်ကြကုန်အံ့။” (၁ ယောဟန် ၃:၁၆-၁၈) ယခုတွင်သူတို့အတွက် ကျွန်ုပ်တို့အသက်ကိုပေးရန် အတောင်းခံရချင်မှခံရမည်။ သို့သော် အပြောအားဖြင့် သို့မဟုတ် လျှာအားဖြင့်သာမဟုတ်ဘဲ အလုပ်အားဖြင့်သူတို့အပေါ် အခြားနည်းလမ်းများဖြင့် မေတ္တာပြနိုင်သောအခါများရှိပေမည်။ ကျွန်ုပ်တို့ညီအစ်ကိုများအပေါ် စကားဖြင့်ချစ်ခြင်းသည် ဘာမျှမမှားချေ။ သို့သော်သူတို့သည် ရုပ်ပစ္စည်းလိုအပ်သည့်အခါကျွန်ုပ်တို့သည် မိမိတို့၏မေတ္တာကို အပြောအားဖြင့်သာ မကန့်သတ်ထားသင့်ချေ။ ယေရှုက “အစွန့်ကြဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည်သာ၍မင်္ဂလာရှိသည်” ဟူသည့်မိန့်ဆိုချက်က ရုပ်ပစ္စည်းကူညီပေးခြင်းနှင့်လည်းသက်ဆိုင်လေသည်။—တမန်တော် ၂၀:၃၅။
၁၃။ (က) ယေဟောဝါမျက်မြင်ရအဖွဲ့အစည်းအကူအညီဖြင့် ကျွန်ုပ်တို့သိရှိလာသော အခြေခံသမ္မာတရားအချို့ကားအဘယ်နည်း။ (ခ) မည်သည့်ခိုင်လုံသောအချက်ကို ချားလ်တေဇ်ရပ်စယ်လ် တင်ပြခဲ့သနည်း။
၁၃ ကျွန်ုပ်တို့သည်အသင်းတော်တွင် သို့မဟုတ် ကမ္ဘာချီယေဟောဝါမျက်မြင်ရအဖွဲ့အစည်းနှင့်စပ်လျဉ်း၍ ဦးစီးနေသောကျွန်ုပ်တို့၏ ညီအစ်ကိုများအပေါ်လည်း မေတ္တာပြရန်အခွင့်အရေးရှိလေသည်။ ယင်းတွင် “သစ္စာနှင့်လည်းကောင်း၊ သတိပညာနှင့်လည်းကောင်းပြည့်စုံသောကျေးကျွန်” သစ္စာရှိခြင်းပါဝင်သည်။ (မဿဲ ၂၄:၄၅-၄၇) ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကိုမည်မျှဖတ်ရှုခဲ့ပါစေ မိမိတို့ဘာသာသမ္မာတရားကို မသိရှိလာနိုင်ဟူသည့် အမှန်တရားကိုလက်ခံဖို့ဖြစ်သည်။ ယေဟောဝါ၊ ကိုယ်တော်၏ရည်ရွယ်ချက်များနှင့် ဂုဏ်အင်္ဂါများ၊ ကိုယ်တော့်နာမ၏အဓိပ္ပာယ်နှင့်အရေးကြီးပုံ၊ နိုင်ငံတော်၊ ယေရှုရွေးနှုတ်ဖိုး၊ ဘုရားနှင့်စာတန့်အဖွဲ့အစည်းကွာခြားပုံ၊ အဘယ်ကြောင့်ဘုရားသခင်သည် ဆိုးသွမ်းမှုကိုခွင့်ပြုရခြင်းအကြောင်းများနှင့်စပ်လျဉ်း၍ အမှန်တရားကို ကျွန်ုပ်တို့သိရှိလာရမည်မဟုတ်ချေ။ ကင်းမျှော်စင်အသင်း၏ဦးဆုံးဥက္ကဌ ချားလ်တေဇ်ရပ်စယ်လ်သည် ၁၉၁၄ တွင်ရေးသားခဲ့သည့်အတိုင်းဖြစ်သည်။ “ကျွန်ုပ်တို့သည် ကောင်းချီးခံရသော ပျော်ရွှင်သောလူမျိုးမဟုတ်ပေလော။ ကျွန်ုပ်တို့၏ဘုရားသည် သစ္စာမရှိပေလော။ တစ်ဦးတစ်ယောက်သည်တစ်ခုခုကိုပိုမိုသိရှိပါက ယင်းကိုရယူပါစေ။ သင်တို့တွင်တစ်ဦးဦးသည် ပိုမိုကောင်းမွန်သောအရာတစ်ခုခုကိုသိရှိပါက ကျွန်ုပ်တို့ကိုသင်ပြောပြလိမ့်မည်ဟု ယုံကြည်ပါသည်။ ကျွန်ုပ်တို့သည် ဘုရားနှုတ်ကပါဌ်တော်တွင် တွေ့ခဲ့ရသည်ထက် ပိုမိုကောင်းမွန်သော သို့မဟုတ် ယင်း၏ထက်ဝက်မျှကောင်းမွန်သောအရာကို မသိခဲ့ဘူးသေးချေ။ . . . ကျွန်ုပ်တို့နှလုံးနှင့်အသက်တာတွင် စစ်မှန်သောဘုရားအကြောင်းဖြစ်သည့် တိကျသောအသိပညာကဖြစ်ပေါ်စေသော ငြိမ်သက်မှု၊ ပျော်ရွှင်မှုနှင့်ကောင်းချီးကိုမည်သည့်လျှာ သို့မဟုတ် မင်တံဖြင့်မျှဖော်ပြ၍မရချေ။ ဘုရားသခင့်ဉာဏ်ပညာ၊ တရားမျှတမှု၊ တန်ခိုးနှင့်မေတ္တာက ကျွန်ုပ်တို့၏ဦးခေါင်းနှင့်နှလုံးနှစ်ခုစလုံး၏တောင့်တမှုကို လုံးဝကျေနပ်စေသည်။ ကျွန်ုပ်တို့နောက်ထပ် အခြားမရှာတော့ချေ။ ကျွန်ုပ်တို့၏စိတ်တွင် ဤထူးမြတ်လှသောအရာ ပိုမိုရှင်းလင်းလာသည်ထက် ကျွန်ုပ်တို့ပိုမိုလိုလားသောအရာမရှိတော့ချေ။” (ကင်းမျှော်စင် ၊ ဒီဇင်္ဘာ ၁၅ ၁၉၁၄ စာမျက်နှာ၊ ၃၇၇-၈) ထိုစီကုံးရေးသားထားချက်သည် မည်မျှမှန်ကန်လှပါသည်တကား။
ပြင်ပရှိလူများအပေါ်လုပ်ဆောင်ပေးခြင်း
၁၄။ ဘုရားသခင်၏မေတ္တာပြသချက်က ပြင်ပရှိသူများကိုမည်သို့ပြုမူရန် ကျွန်ုပ်တို့အားလှုံ့ဆော်သင့်သနည်း။
၁၄ ဘုရားသခင်၏မေတ္တာတော်ပြသမှုကို ကျွန်ုပ်တို့ခံစားရခြင်းက အသင်းတော်ပြင်ပရှိသူများအပေါ် အိမ်နီးခြင်းမေတ္တာကိုပြသရန် ကျွန်ုပ်တို့အားလှုံ့ဆော်သင့်သည်။ ယင်းကိုကျွန်ုပ်တို့မည်သို့လုပ်ဆောင်နိုင်မည်နည်း။ ကျွန်ုပ်တို့သည် မိမိတို့၏အိမ်နီးချင်းကို ရုပ်ပစ္စည်းအရထောက်မနိုင်ကြောင်း အခြေအနေကပြသပေမည်။ သို့သော်ပို၍အရေးကြီးသည်မှာ အခြားသူများထံ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းသယ်ဆောင်ပေးခြင်းနှင့် ဖြောင့်မတ်မှုကိုချစ်မြတ်နိုးသူများအား ယေရှုခရစ်တပည့်ဖြစ်လာရန် ကူညီပေးခြင်းဖြင့် အိမ်နီးခြင်းမေတ္တာကို ပြသနိုင်သည်။ ကျွန်ုပ်တို့သည် ဤလူသူရှေ့အမှုဆောင်ခြင်းကို မှန်မှန်ပါဝင်သလော သို့မဟုတ် ဥပေက္ခာပြုထားသလော။ ယင်းသည်ထုံးစံအရ သို့မဟုတ် အမှုဆောင်တိုကင်ပြားမျှသာဖြစ်သလော။ သို့မဟုတ် ကျွန်ုပ်တို့သည် အိမ်နီးချင်းမေတ္တာဖြင့် အမှန်ပင်လှုံ့ဆော်ခံရပါသလော။ ကျွန်ုပ်တို့သည် စာနာမှုတင်ပြပါသလော။ ကျွန်ုပ်တို့သည်စိတ်ရှည်လျက် လူများတုံ့ပြန်ရန်စောင့်ဆိုင်းနေပါသလော။ လူများစကားပြောဆိုလာရန် ကျွန်ုပ်တို့အားပေးပါသလော။ မှန်ပါသည်၊ မိမိတစ်ဦးတည်းစကားအားလုံးကိုပြောဆိုမည့်အစား အိမ်နီးချင်းမေတ္တာကကျွန်ုပ်တို့အား နားထောင်ရန်နှင့် ကျွန်ုပ်တို့၏ဓမ္မအမှုဆောင်ခြင်းတွင် တွေ့ဆုံရသောသူများနှင့် အကျိုးရှိသောကျမ်းစာဆွေးနွေးမှုများပြုလုပ်ရန် လှုံ့ဆော်ခွင့်ပြုကြပါစို့။
၁၅။ (က) “အလွတ်သဘောသက်သေခံခြင်း” ဟူသည့်အသုံးအနှုန်းသည် “ကြုံတုန်းဆုံခိုက်သက်သေခံခြင်း” ထက်အဘယ်ကြောင့်သာ၍ကောင်းသနည်း။ (ခ) အလွတ်သဘောသက်သေခံခြင်းကိုအဘယ်ကြောင့် အခွင့်အရေးယူသင့်သနည်း။
၁၅ ကျွန်ုပ်တို့သည် အလွတ်သဘောသက်သေခံရန် အခွင့်အရေးအတွက်လည်း နိုးကြားနေပါသလော။ ယင်းသည် မကြံရွယ်ထားသော သို့မဟုတ် အရေးသိပ်မကြီးသော ကြုံကြိုက်၍သာသက်သေခံခြင်းမဟုတ်ကြောင်းကို သတိပြုသင့်သည်။ အလွတ်သဘောသက်သေခံခြင်းသည် အလွန်အရေးကြီး၍ လူသားချင်းအားချစ်ခြင်းက ထိုလုပ်ငန်းတွင်ပါဝင်ရန်အခွင့်အရေးယူဖို့ ကျွန်ုပ်တို့အားတွန်းအားပေးပေမည်။ ထိုသို့သောသက်သေခံခြင်းသည် အသီး,သီးပွင့်လေ့ရှိပါသည်တကား။ ဥပမာ အီတလီမြောက်ပိုင်းတွင် ယေဟောဝါသက်သေတို့၏စည်းဝေးပွဲကြီးကိုတက်ရောက်စဉ် ညီအစ်ကိုတစ်ဦးသည် ကားရှေ့မီးလဲရန် ကားပြင်ရုံသို့သွားခဲ့သည်။ စောင့်ဆိုင်းနေစဉ် သူ့ပတ်လည်ရှိသူများကို သက်သေခံကာ ဝေစာကမ်းလျက်တနင်္ဂနွေနေ့ လူထုတရားဟောပွဲသို့ ဖိတ်ခေါ်ခဲ့သည်။ တစ်နှစ်ကြာပြီးနောက် ရောမတွင်ရှိအပြည်ပြည်ဆိုင်ရာစည်းဝေးပွဲကြီးတွင် သူမမှတ်မိသောညီအစ်ကိုတစ်ဦးသည် သူ့အားနွေးထွေးစွာဖြင့် နှုတ်ဆက်ခဲ့သည်။ ဤညီအစ်ကိုကားမည်သူနည်း။ ထိုသူကား လွန်ခဲ့သည့်တစ်နှစ်က ကားပြင်ရုံတွင်သူဝေစာပေးခဲ့သူများထဲမှ တစ်ဦးဖြစ်နေပါသည်တကား။ ထိုစဉ်ကထိုသူသည် လူထုတရားဟောပွဲကိုလာရောက်နားထောင်ခဲ့ပြီး ကျမ်းစာသင်အံမှုအတွက် သူ၏နာမည်နှင့်လိပ်စာကိုပေးခဲ့သည်။ ယခုသူနှင့်သူ၏ဇနီးနှစ်ဦးစလုံးသည် အပ်နှံပြီးသောယေဟောဝါ၏သက်သေများဖြစ်နေလေပြီ။ အလွတ်သဘောသက်သေခံခြင်းသည် အလွန်ပင်ဆုကျေးဇူးဖြစ်စေသည်မှာ ယုံမှားဖွယ်မရှိပါတကား။
ဘုရားသခင်၏မေတ္တာတော်ကို ဆက်၍တုံ့ပြန်ပါလေ
၁၆။ ကျွန်ုပ်တို့ကိုယ်ကို မည်သည့်မေးခွန်းများမေးလျှင် ကောင်းမည်နည်း။
၁၆ ယေဟောဝါသည် မိမိ၏သတ္တဝါများအပေါ် မေတ္တာပြသရာ၌ အမှန်ပင်ကြွယ်ဝလှသည်။ ကျွန်ုပ်တို့သိရှိတွေ့မြင်ခဲ့ရသည့်အတိုင်း ဘုရားသခင်၏မေတ္တာတော်ပြသချက်ကို တစ်ကိုယ်ကောင်းမဆန်ဘဲ တုံ့ပြန်ခဲ့သောပုံသက်သေကောင်းများကို ကျမ်းစောင်များကဖော်ပြသည်။ အထူးလျောက်ပတ်စွာပင် မှုတ်သွင်းခံဆာလံဆရာက “လူသားတို့၌ပြုတော်မူသောကရုဏာနှင့်အံ့ဖွယ်သောအမှုတော်တို့ကိုထောက်၍ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြစေ” ဟုကြွေးကြော်ခဲ့သည်။ (ဆာလံ ၁၀၇:၈၊ ၁၅၊ ၂၁၊ ၃၁) ဘုရားသခင်၏မခံစားထိုက်သော ကရုဏာတော်ကို ကျွန်ုပ်တို့အကျိုးမဲ့ခံယူဝံ့ပါသလော။ ထိုသို့ဘယ်တော့မျှမဖြစ်ပါစေနှင့်။ (၂ ကောရိန္သု ၆:၁) ထို့ကြောင့်ကျွန်ုပ်တို့တစ်ဦးစီ မိမိကိုယ်ကိုဤသို့မေးကြပါစို့။ ‘ငါဟာအခုခံစားနေရတဲ့ ဘုရားသခင့်မေတ္တာတော်ကို အမှန်ပဲလေးမြတ်ပြီး အနာဂတ်မှာလည်းဆက်လက်ခံစားဖို့ အခိုင်အမာမျှော်လင့်ပါသလား။ အဲ့ဒါတွေဟာယေဟောဝါကို ငါ့ရဲ့နှလုံး၊ စိုးလ်၊ စိတ်နဲ့ခွန်အားရှိသမျှနဲ့ချစ်ဖို့ လှုံ့ဆော်နေသလား။ ငါဟာတကယ်ပဲ ဘုရားကိုကိုင်းရှိုင်းသလား။ ငါဟာဖြောင့်မတ်ခြင်းကိုချစ်ပြီး မတရားမှုကိုမုန်းသလား။ ငါဟာညီအစ်ကိုချင်းမေတ္တာကို ပြနေသလား။ ငါ့ရဲ့ဓမ္မလုပ်ငန်းနဲ့စပ်လျဉ်းပြီး ယေရှုခြေတော်ရာလိုက်လျှောက်ဖို့ ဘယ်လောက်အနီးကပ်ငါကြိုးစားနေသလဲ။’
၁၇။ ကျွန်ုပ်တို့သည် ယေဟောဝါ၏မေတ္တာပြသမှုကို တစ်ကိုယ်ကောင်းမဆန်ဘဲတုံ့ပြန်လျှင် မည်သည့်ရလဒ်ရရှိမည်နည်း။
၁၇ အမှန်ပင်၊ ကျွန်ုပ်တို့ခံစားခဲ့ရသည့် ဘုရားသခင့်မေတ္တာတော် ပြသမှုအားလုံးအတွက် ရိုးသားစွာကျေးဇူးတင်ကြောင်း တင်ပြနိုင်သည့်နည်းလမ်းများစွာရှိပါသည်။ ထို့သို့သောလေးမြတ်မှုကို တင်ပြရန်အခွင့်အရေးအား အပြည့်အဝယူခြင်းဖြင့် ကျွန်ုပ်တို့သည်မိမိတို့၏ ကောင်းကင်ခမည်းတော်နှလုံးကို ရွှင်ပြုံးစေမည်ဖြစ်ကာ အခြားသူများအပေါ် ကောင်းချီးဖြစ်စေလျက် ရွှင်လန်းမှု၊ ငြိမ်သက်ခြင်းနှင့် ကိုယ်တိုင်ကျေနပ်မှုခံစားရသည်။ ထို့ကြောင့်ကျွန်ုပ်တို့သည် ဆက်လက်၍ဘုရားသခင်၏မေတ္တာပြသမှုကို တစ်ကိုယ်ကောင်းမဆန်ဘဲ တုံ့ပြန်နိုင်ပါစေ။
သင်မည်သို့တုံ့ပြန်မည်နည်း
▫ ဘုရားသခင့်မေတ္တာတော်ကို တစ်ကိုယ်ကောင်းမဆန် တုံ့ပြန်နိုင်ရန် ဘာလိုအပ်သနည်း။
▫ သွေးဆောင်မှုများကို ကျွန်ုပ်တို့မည်သို့သတိပြုကာကွယ်နိုင်သနည်း။
▫ ညီအစ်ကိုချင်းမေတ္တာပြသနိုင်သော နည်းလမ်းအချို့ကားအဘယ်နည်း။
▫ ယေဟောဝါ၏မေတ္တာပြသမှုက ကျွန်ုပ်တို့အားမိမိတို့၏အိမ်နီးချင်းများအပေါ် မည်သို့ပြုမူရန်လှုံ့ဆော်သင့်သနည်း။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ဒုက္ခဘေးကိုရှောင်ရှားရန် ကျွန်ုပ်တို့သည်အပြစ်လိုအင်များကို တွန်းလှန်ရမည်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
အကြီးအကဲများသည် အမှုဆောင်ခြင်းတွင်အခြားသူများနှင့် တွဲလိုက်ခြင်းဖြင့်ညီအစ်ကိုချင်းမေတ္တာကိုပြသသည်
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
ကင်းမျှော်စင်အသင်း၏ဦးဆုံးဥက္ကဌ ချားလ်တေဇ်ရပ်စယ်လ်သည် ဘုရားသခင်သာပေးနိုင်သည့် ငြိမ်သက်ခြင်း၊ ပျော်ရွှင်မှုနှင့်ကောင်းချီးများကို ဂရုပြုပြောကြားခဲ့သည်