ကယ်တင်ခံရရန် ကျွန်ုပ်တို့ဘာလုပ် ရမည်နည်း
တစ်ကြိမ်၌ လူတစ်ဦးသည် ယေရှုကိုဤသို့မေးခဲ့သည်– “အရှင်၊ ကယ်တင်ခြင်းခံရသူများသည် အရေအတွက်အားဖြင့်နည်းပါသလော။” ယေရှုမည်သို့ ပြန်ဖြေခဲ့သနည်း။ ‘ကျွန်ုပ်ကို အသင်၏သခင်နဲ့ကယ်တင်ရှင်အဖြစ်သာလက်ခံယုံကြည်ပါ။ အသင်ကယ်တင်ခြင်းရပါလိမ့်မယ်’ ဟု ကိုယ်တော်ပြောသလော။ မပြောပါ! ယေရှုက “သင်တို့သည် ကျဉ်းမြောင်းသောတံခါးပေါက်ကိုဝင်ရန် ကြိုးစားအားထုတ်ကြလော့။ လူအများပင်ထိုတံခါးပေါက်ကိုဝင်ရန်ကြိုးစားကြလိမ့်မည်။ သို့သော်လည်းဝင်နိုင်စွမ်းရှိကြလိမ့်မည်မဟုတ်” ဟု ဆိုခဲ့သည်။—လုကာ ၁၃:၂၃၊ ၂၄၊ သတင်းကောင်း။
ထိုလူ၏အမေးကို ယေရှုဖြေဆိုရန်ပျက်ကွက်ခဲ့သလော။ မပျက်ကွက်ခဲ့ပါ။ ကယ်တင်ခြင်းရရန် မည်မျှခက်ခဲလိမ့်မည်နည်းဟု ထိုလူမမေးခဲ့ပါ; အရေအတွက်နည်းလိမ့်မည်လောဟုသာ မေးခဲ့သည်။ ထို့ကြောင့် လူတစ်ဦးထင်ထားသည်ထက်နည်းသောသူတို့သာ ဤအံ့ချီးဖွယ်ကောင်းသောကောင်းချီးကိုရရှိရန် ကြိုးစားကြလိမ့်မည်ဖြစ်ကြောင်း ယေရှုညွှန်ပြခဲ့ခြင်းသာဖြစ်သည်။
‘ကျွန်တော့်ကိုပြောပြခဲ့ကြတာ အဲဒီလိုမှမဟုတ်ဘဲ’ ဟုစာဖတ်သူအချို့ကပြန်လှန်ချေပပေမည်။ သူတို့က “ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏” ဟုဆိုထားသော ယောဟန် ၃:၁၆ ကို ကိုးကားကြပေမည်။ သို့သော်လည်း ကျွန်ုပ်တို့ ဤသို့ ပြန်ဖြေပါမည်– ‘ဒါဆိုရင် ကျွန်တော်တို့ဘာကိုယုံရမှာလဲ။ ယေရှုတကယ်အသက်ရှင်ခဲ့တယ်ဆိုတာကိုလား။ ရှင်ခဲ့တာပေါ့။ ကိုယ်တော်ဟာ ဘုရားသခင်ရဲ့သားဖြစ်တယ်ဆိုတာကိုလား။ သိပ်ဟုတ်တာပေါ့! ဒါ့အပြင် ကျမ်းစာက ယေရှုကို “ဆရာ” နဲ့ “သခင်” လို့ ခေါ်ထားတာကြောင့် ကိုယ်တော်သွန်သင်ခဲ့တာကိုလည်း မယုံသင့်ဘူးလား၊ ကိုယ်တော့်ကို မနာခံသင့်ဘူးလား၊ ကိုယ်တော်နောက် မလိုက်လျှောက်သင့်ဘူးလား။’—ယောဟန် ၁၃:၁၃; မဿဲ ၁၆:၁၆။
ယေရှုနောက်လိုက်လျှောက်ခြင်း
အား၊ ဤနေရာ၌ ပြဿနာစပေပြီ! “ကယ်တင်ခြင်း” ရပြီဟု အပြောခံရသည့်သူ များစွာတို့သည် ယေရှုနောက်လိုက်လျှောက်ရန် သို့မဟုတ် နာခံရန် ရည်ရွယ်ချက်ရှိကြဟန်မတူပေ။ အမှန်ဆိုရလျှင်၊ ပရိုတက်စတင့် ဓမ္မဆရာတစ်ဦးက “ကျွန်ုပ်တို့သည် ခရစ်တော်ကို ဆက်၍ယုံကြည်သင့်ကြ၏။ သို့သော် လုံးလုံးယုံရမည် သို့မဟုတ် လုပ်ဆောင်ဖို့လိုအပ်သည် ဟူသောအဆိုကို ထောက်ခံသည့်ကျမ်းချက်လုံးဝမရှိပါ” ဟု ရေးသားခဲ့သည်။
ဆန့်ကျင်ဘက်အနေနှင့်၊ “ကယ်တင်ခြင်း” ရပြီဟု အထင်ရှိကြသောသူ အချို့ကြား၌ ရိုးနေပြီဖြစ်သော စာရိတ္တပျက်ပြားသည့်အမူအကျင့်များကို ကျမ်းစာကစာရင်းတင်ပြထားသည်။ ယင်းလမ်းစဉ်ကိုဆက်လိုက်လျှောက်နေသည့် သူတစ်ဦးနှင့်ပတ်သက်၍ ခရစ်ယာန်များအား “ထိုဆိုးညစ်သောသူကို သင်တို့အထဲမှနှင်ထုတ်ကြလော့” ဟု ညွှန်ကြားထားပေသည်။ ဘုရားသခင်သည် ဆိုးညစ်သူများက မိမိ၏ခရစ်ယာန်အသင်းတော်အပေါ် ညစ်ညမ်းအောင်ပြုနေခြင်းကို လိုလားမှုမရှိသည်မှာအမှန်ပင်!—၁ ကောရိန္သု ၅:၁၁-၁၃။
သို့ဆိုလျှင် ယေရှုနောက်လိုက်လျှောက်ခြင်းဟူသည် ဘာကိုဆိုလိုသနည်း၊ ယင်းကို ကျွန်ုပ်တို့ မည်သို့ ပြုလုပ်နိုင်သနည်း။ ကောင်းပေပြီ၊ ယေရှုဘာပြုလုပ်ခဲ့သနည်း။ ကိုယ်တော်သည် စာရိတ္တပျက်ပြားသူတစ်ဦးလော၊ မတရားမေထုန်ပြုသူတစ်ဦးလော၊ အရက်သမားတစ်ဦးလော၊ လူလိမ်တစ်ဦးလော၊ စီးပွားရေး၌ မရိုးမသားပြုသူတစ်ဦးလော။ လုံးဝမဟုတ်ပါ! ‘ဒါပေမဲ့ အဲဒါတွေအားလုံးကို ကျွန်တော့်ရဲ့အသက်တာဘဝကနေ ရှင်းပစ်လိုက်ရမှာလား’ ဟု အသင်မေးပေမည်။ အဖြေအတွက် ဧဖက် ၄:၁၇ မှ ၅:၅ တစ်လျှောက်လုံးကို ဆင်ခြင်သုံးသပ်ကြည့်ပါ။ ကျွန်ုပ်တို့ဘာလုပ်လုပ် ဘုရားသခင်လက်ခံလိမ့်မည်ဟု ယင်းကမဆိုပါ။ သို့အစား “ရှက်ကြောက်ခြင်းမရှိ၊ တပ်မက်ခြင်းအလွန်ပြင်းသည် . . . ထိုသို့ဖြစ်စေခြင်းငှာသင်တို့သည် ခရစ်တော်တရားကို သင်ကြပြီမဟုတ်ဘဲ၊ အထက်ကကျင်လည်ကြသည်အရာမှာ . . . ပုပ်ပျက်သောလူဟောင်းကို ချွတ်ပယ်၍ . . . ခိုးတတ်သောသူသည် နောက်တစ်ဖန်မခိုးဘဲ၊ . . . မတရားသောမေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုးသောကိလေသာညစ်ညူးခြင်း၊ လောဘလွန်ကျူးခြင်းအမှုတို့ကို သန့်ရှင်းသူတို့သည် ရှောင်သင့်သည်အတိုင်း စကားဖြင့်မျှမဆက်ဆံကြနှင့်။ . . . မတရားသောမေထုန်၌မှီဝဲသောသူ၊ ညစ်ညူးစွာပြုသောသူ၊ . . . ကိုကိုးကွယ်သောသူဖြစ်သော လောဘလွန်ကျူးသောသူတစ်စုံတစ်ယောက်မျှ ခရစ်တော်နှင့်ဘုရားသခင်၏နိုင်ငံ၌ အမွေမခံရသည်ကို သင်တို့သိကြ၏။”
အနည်းဆုံး ယေရှု၏ပုံသက်သေနှင့်အညီနေထိုင်ရန်မကြိုးစားပါက ကျွန်ုပ်တို့သည် ကိုယ်တော့်နောက်သို့ လိုက်လျှောက်နေခြင်းဖြစ်ပါမည်လော။ ကျွန်ုပ်တို့၏အသက်တာကို ခရစ်တော်နှင့်ပိုတူအောင် လုပ်ဆောင်ရမည်မဟုတ်လော။ “သင့်နဂိုရှိရင်းအတိုင်း ခရစ်တော်ထံသို့ ယခုလာကြလော့” ဟု ရေးသားခဲ့သော ဘာသာရေးဆိုင်ရာဝေစာတစ်ခုနည်းတူပြောဆိုကြသည့်လူများသည် ထိုအရေးကြီးမေးခွန်းများကို စဉ်းစားကြသည့်တိုင် ရှားပါးလှပေသည်။
ဘုရားတရားမဲ့သောသူများသည် “ငါတို့ဘုရားသခင်၏ကျေးဇူးတော်ကို ကိလေသာ၏ညစ်ညူးခြင်းအလိုငှာ မှောက်လှန်လျက် တစ်ပါးတည်းအစိုးရတော်မူသောအရှင်၊ ငါတို့သခင်ယေရှုခရစ်ကို ငြင်းပယ်” ကြကြောင်း ယေရှု၏တပည့်တော်တစ်ပါးက သတိပေးခဲ့သည်။ (ယုဒ ၄) ဘုရားသခင်၏ကရုဏာတော်ကို “ကိလေသာ၏ညစ်ညူးခြင်းအလိုငှာ မှောက်လှန်” ရန် ကျွန်ုပ်တို့မည်သို့ ပြုမိသွားနိုင်သနည်း။ မည်သို့ ဖြစ်သွားနိုင်သနည်းဟူမူ ကျွန်ုပ်တို့စွန့်ပစ်ရန်ကြိုးစားနေသည့် လူ့မစုံလင်မှုအပြစ်များထက် ကျွန်ုပ်တို့ဆက်ကျူးလွန်နေလိုသည့် တမင်တကာပြုသည့်အပြစ်များကို ခရစ်တော်၏ပူဇော်သကာက ဖုံးအုပ်ပေးမည်ဟု ယူမှတ်ခြင်းအားဖြင့်ဖြစ်သည်။ သင်တို့သည် “ဆေးကြောစရာ၊ စွန့်ပစ်စရာ၊ ပြောင်းလဲစရာ” မလိုဟု ပြောခဲ့သည့် အမေရိကရှိနာမည်ကြီးဧဝံဂေလိဟောသူများမှ တစ်ဦးနှင့် ကျွန်ုပ်တို့သဘောတူလိုကြမည်မဟုတ်သည်မှာအမှန်။—တမန်တော် ၁၇:၃၀; ရောမ ၃:၂၅; ယာကုပ် ၅:၁၉၊ ၂၀ ယှဉ်ကြည့်။
လုပ်ဆောင်ရန် ယုံကြည်ခြင်းကလှုံ့ဆော်
“ယေရှု၌ ယုံကြည်ခြင်း” ဟူသည် တစ်ကြိမ်သာလုပ်ဆောင်ခြင်းဖြစ်ပြီး ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် နာခံမှုပြရန်လှုံ့ဆော်လောက်သည့်အထိ သန်မာစရာမလိုဟု လူအများပြောပြခံရကြသည်။ သို့သော် ကျမ်းစာက သဘောမတူပါ။ ခရစ်ယာန်လမ်းစဉ်ကို စတင်လိုက်လျှောက်သူများသည် ကယ်တင်ခြင်းရရှိပြီဟု ယေရှုမမိန့်ဆိုခဲ့ပါ။ ယင်းအစား ကိုယ်တော်က “အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်” ဟု မိန့်ဆိုခဲ့သည်။ (မဿဲ ၁၀:၂၂) ကျမ်းစာက ကျွန်ုပ်တို့၏ခရစ်ယာန်လမ်းစဉ်ကို အဆုံး၌ကယ်တင်ခြင်းဆုရရှိမည့် ပြိုင်ပွဲတစ်ခုနှင့်ပုံခိုင်းထားသည်။ ထို့ပြင် ယင်းက ဤသို့တိုက်တွန်းထား၏– “ဆုကိုရမည်အကြောင်း ပြေးကြလော့။”—၁ ကောရိန္သု ၉:၂၄။
ထို့ကြောင့် “ခရစ်တော်ကိုလက်ခံခြင်း” တွင် ယေရှု၏သာလွန်ထူးကဲလှသော ပူဇော်သကာကပေးသည့် ကောင်းချီးများကိုလက်ခံခြင်းထက်မကပါဝင်ပေသည်။ နာခံမှုလိုအပ်၏။ တမန်တော်ပေတရုက တရားစီရင်ခြင်းသည် “ဘုရားသခင်၏အိမ်တော်သားတို့” မှ စတင်မည်ဟုဆိုပြီး ဤသို့ထပ်ဖြည့်စွက်သည်– “ငါတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်လျှင် ဘုရားသခင်၏ဧဝံဂေလိတရားစကားကို နားမထောင်သောသူတို့၏အမှုသည် အဘယ်သို့ပြီးလိမ့်မည်နည်း။” (၁ ပေတရု ၄:၁၇) ထို့ကြောင့် ကျွန်ုပ်တို့သည် ကြားရုံ၊ ယုံကြည်ရုံထက်မက လုပ်ကြရမည်ဖြစ်သည်။ ကျမ်းစာက ကျွန်ုပ်တို့အား “ကိုယ်ကိုကိုယ်လှည့်ဖြား၍ နှုတ်ကပါဌ်တရားတော်ကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူဖြစ်ကြလော့” ဟု ဆိုထားသည်။—ယာကုပ် ၁:၂၂။
ယေရှုကိုယ်တော်တိုင် မိန့်တော်မူသောသတင်းများ
ဗျာဒိတ်ကျမ်းစောင်တွင် အစောပိုင်းခရစ်ယာန်အသင်းတော်ခုနစ်ခုသို့ ယောဟန်မှတစ်ဆင့်ပေးပို့ခဲ့သော ယေရှုထံမှသတင်းများပါဝင်သည်။ (ဗျာဒိတ် ၁:၁၊ ၄) ထိုအသင်းတော်များသည် မိမိကို “လက်ခံ” ပြီးသားဖြစ်သောကြောင့် လုံလောက်ပြီဟု ယေရှုပြောသလော။ မပြောပါ။ သူတို့၏အပြုအမူ၊ သူတို့၏အလုပ်နှင့် သူတို့၏ခံနိုင်ရည်တို့ကို ကိုယ်တော်ချီးမွမ်းပြီး သူတို့၏မေတ္တာ၊ ယုံကြည်ခြင်းနှင့် ဓမ္မအမှုတို့ကို ဖော်ပြပြောဆိုခဲ့သည်။ သို့သော် ကိုယ်တော်က သူတို့သည် မာရ်နတ်၏စုံစမ်းနှောင့်ယှက်မှုကိုခံရလိမ့်မည်ဖြစ်ပြီး “အသီးအသီးကျင့်သောအကျင့်နှင့်အလျောက်” ဆုချခြင်းကိုခံရလိမ့်မည်ဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။—ဗျာဒိတ် ၂:၂၊ ၁၀၊ ၁၉၊ ၂၃။
သို့ဖြင့် ဘာသာရေးစည်းဝေးတစ်ခုတွင် ကိုယ်တော်ကို “လက်ခံ” လိုက်သည်နှင့်တစ်ပြိုင်နက် သူတို့၏ကယ်တင်ခြင်းသည် “လုပ်ဆောင်မှုပြီးစီးသွားပြီ” ဟု ပြောပြခံရသောအခါ သူတို့အများစုနားလည်သွားကြသည့်အရာထက် ပို၍တာဝန်ရှိကြောင်း ယေရှုဖော်ပြသည်။ ယေရှုဤသို့မိန့်တော်မူ၏– “ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့လိုက်ရမည်။ အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာအလိုရှိ၏၊ ထိုသူသည်အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည်အသက်ကိုတွေ့လိမ့်မည်။”—မဿဲ ၁၆:၂၄၊ ၂၅။
ကိုယ့်ကိုယ်ကို ငြင်းပယ်ပြီး ယေရှုနောက် အဆက်မပြတ်လိုက်လျှောက်ရမည်ဟုတ်စ။ ယင်းကိုပြုရန် ခွန်အားလိုပါမည်။ ယင်းက ကျွန်ုပ်တို့၏အသက်တာကို ပြောင်းလဲစေပါမည်။ သို့သော် ကျွန်ုပ်တို့အထဲမှအချို့တို့သည် ကိုယ်တော့်အတွက် “အသက်ရှုံး”—သေပင်သေကြလိမ့်ဟု ယေရှုအကယ်ပင်ဆိုနေခြင်းလော။ မှန်၏၊ ယင်းကဲ့သို့သောယုံကြည်ခြင်းသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုလေ့လာခြင်းမှ အသင် သင်ယူနိုင်သည့် မွန်မြတ်လှသည့်အရာများနှင့်ပတ်သက်သော အသိပညာမှသာဖြစ်လာသည်။ သတေဖန် “သူဟောပြော၍ သုံးစွဲသောပညာနှင့်ဝိညာဉ်တော်ကို မခံမဆီးနိုင်ကြ” သည့် ဘာသာရေးအယူသီးသူများက သူ့ကို ကျောက်ခဲနှင့်ပေါက်ခဲ့ကြသောနေ့၌ ယင်းအမှုထင်ရှားသည်။ (တမန်တော် ၆:၈-၁၂; ၇:၅၇-၆၀) ကျွန်ုပ်တို့ခေတ်တွင် သက်သေခံရာပေါင်းများစွာတို့က မိမိတို့၏ကျမ်းစာဖြင့်လေ့ကျင့်ထားသောသြတ္တပ္ပစိတ်ကို ဖောက်ဖျက်မည့်အစား နာဇီချွေးတပ်စခန်းများတွင်အသေခံခြင်းအားဖြင့် ထိုသို့သောယုံကြည်ခြင်းမျိုးကိုတင်ပြခဲ့ကြသည်။a
ခရစ်ယာန်စိတ်အားထက်သန်မှု
ကျွန်ုပ်တို့သည် ခရစ်ယာန်ယုံကြည်ခြင်းကို ခိုင်မြဲစွာကိုင်စွဲထားကြရမည်။ အကြောင်းမှာ အချို့ချာ့ချ်များ သို့မဟုတ် ဘာသာရေးရုပ်မြင်သံကြားအစီအစဉ်များတွင် အသင်ကြားခဲ့ရသည်နှင့်မတူဘဲ ကျွန်ုပ်တို့လဲကျသွားနိုင်သည်ဟု ကျမ်းစာကဆိုထားသောကြောင့်ဖြစ်သည်။ ယင်းက “ဖြောင့်မတ်သောလမ်း” ကို စွန့်ခွာသွားကြသောခရစ်ယာန်များအကြောင်း ပြောပြထားသည်။ (၂ ပေတရု ၂:၁၊ ၁၅) ထို့ကြောင့် ကျွန်ုပ်တို့သည် “ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် ကိုယ်ကိုကယ်တင်ခြင်းငှာ ကိုယ်တိုင်ကြိုးစားအားထုတ်” ဖို့ လိုပေသည်။—ဖိလိပ္ပိ ၂:၁၂; ၂ ပေတရု ၂:၂၀။
ယင်းသည် ယေရှုနှင့် ကိုယ်တော်၏တမန်တော်များ သွန်သင်ခြင်းကို အမှန်တကယ်ကြားသိခဲ့ကြသော ပထမရာစုခရစ်ယာန်များ နားလည်သကဲ့သို့ဖြစ်သလော။ ဖြစ်ပါသည်။ တစ်စုံတစ်ခုလုပ်ရမည်ကို သူတို့သိကြသည်။ ယေရှုဤသို့မိန့်တော်မူခဲ့၏– “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် . . . သင်တို့အားပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော့။”—မဿဲ ၂၈:၁၉၊ ၂၀။
ယင်းကို ယေရှုမိန့်တော်မူပြီး သီတင်းပတ်အနည်းငယ်အကြာတွင် လူပေါင်း ၃,၀၀၀ တို့သည် တစ်ရက်တည်းအတွင်း နှစ်ခြင်းခံခဲ့ကြသည်။ ယုံကြည်သူအရေအတွက် ၅,၀၀၀ အထိ လျင်မြန်စွာတိုးပွားလာသည်။ ယုံကြည်သူများက အခြားသူများကို သွန်သင်ပေးကြသည်။ ညှဉ်းပန်းနှိပ်စက်ခြင်းက သူတို့ကိုကွဲလွင့်သွားစေသောအခါ သူတို့၏သတင်းတရားကို ပျံ့နှံ့သွားစေဘိသကဲ့သို့သာဖြစ်စေခဲ့သည်။ ဦးဆောင်သူအနည်းငယ်ကသာမဟုတ်ဘဲ “အရပ်ရပ်သို့ကွဲပြားသောသူတို့သည် လှည့်လည်၍ နှုတ်ကပါဌ်တော်တည်းဟူသောဧဝံဂေလိတရားကို ဟောပြောကြ၏” ဟု ကျမ်းစာကဆို၏။ ထို့ကြောင့် နောက်နှစ်ပေါင်း ၃၀ ခန့်လောက်တွင် တမန်တော်ပေါလုက သတင်းကောင်းကို “ကောင်းကင်အောက်၌ရှိသမျှသော ဝေနေယျသတ္တဝါတို့အား ဟောပြော” ပြီးပြီဟု ရေးသားနိုင်ခြင်းပင်ဖြစ်သည်။—တမန်တော် ၂:၄၁; ၄:၄; ၈:၄; ကောလောသဲ ၁:၂၂၊ ၂၃။
အချို့ တီဗွီဧဝံဂေလိဆရာများက ‘ယေရှုကို ယခုချက်ချင်းလက်ခံပါ၊ ကယ်တင်ခြင်းကို ထာဝစဉ်ရရှိပါလိမ့်မယ်’ ဟုပြောကာ ဘာသာပြောင်းစေသည့်နည်းတူ ပေါလုမလုပ်ခဲ့ပါ။ “ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်သာဖြစ်စဉ် . . . ကျွန်တော်ကယ်တင်ခြင်းရပြီးနေပါပြီ” ဟု ရေးသားခဲ့သော အမေရိကန်ဓမ္မဆရာနည်းတူ ယုံကြည်စိတ်ချမှုမျိုးလည်း သူ၌မရှိပါ။ တစ်ပါးအမျိုးသားတို့ထံ ခရစ်ယာန်သတင်းတရားကိုသယ်ဆောင်သွားရန် ယေရှုကိုယ်တော်တိုင် ပေါလုကိုရွေးချယ်ပြီးနောက် အနှစ် ၂၀ ကျော်အကြာတွင် ဤဝီရိယရှိသောတမန်တော်က “သူတစ်ပါးကိုဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသောသူမဖြစ်ရမည်အကြောင်း ကိုယ်ကိုထိုး၍နှိပ်စက်လေ့ရှိ၏” ဟု ရေးသားခဲ့သည်။—၁ ကောရိန္သု ၉:၂၇; တမန်တော် ၉:၅၊ ၆၊ ၁၅။
ကယ်တင်ခြင်းသည် ဘုရားသခင့်ထံမှ အခမဲ့ရသောလက်ဆောင်တစ်ခုဖြစ်သည်။ ယင်းကို လုပ်ယူ၍မရနိုင်ပေ။ သို့သော်လည်း ကျွန်ုပ်တို့ဘက်မှ ကြိုးစားအားထုတ်မှု လိုအပ်ပေသည်။ တစ်ဦးတစ်ယောက်က အလွန်အဖိုးထိုက်သောလက်ဆောင်တစ်ခုကိုပေးလာသော် ယင်းကိုသွားရောက်ယူသည်အထိ တန်ဖိုးထားလေးစားကြောင်း သင်ပြသင့်သလောက်မတင်ပြပါက ပေးကမ်းသူက သင့်ကိုယင်းလက်ဆောင်ပေးမည့်အစား အခြားသူတစ်ဦးဦးကိုပေးလိုက်ရန် ဖြစ်သွားနိုင်ပါသည်။ သို့ဆိုလျှင် ယေရှုခရစ်၏အသက်သွေးသည် မည်မျှအဖိုးထိုက်သနည်း။ ယင်းသည် အခမဲ့လက်ဆောင်တစ်ခုဖြစ်သော်လည်း ယင်းအတွက်အလွန်တန်ဖိုးထားလေးစားမှုကို ကျွန်ုပ်တို့တင်ပြရမည်ဖြစ်သည်။
စစ်မှန်သောခရစ်ယာန်များသည် ဘုရားသခင်၏ရှေ့တော်မှောက်၌ မျက်နှာသာရအခြေအနေတွင်ရှိနေသောကြောင့် ကယ်တင်ခံရသည့်အခြေအနေတွင်ရောက်နေကြသည်။ အုပ်စုတစ်စုအနေနှင့် သူတို့၏ကယ်တင်ခြင်းသည် ကျိန်းသေ၏။ တစ်ယောက်စီအနေနှင့်မူ ဘုရားသခင်၏တောင်းဆိုချက်များကို ပြည့်မီရမည်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့ကျရှုံးသွားနိုင်သည်။ အကြောင်းမှာ ယေရှုဤသို့ဆိုခဲ့သည်– “ငါ၌မတည်သောသူသည် သွေ့ခြောက်သောအခက်ကဲ့သို့ ပြင်သို့ပစ်လိုက်ခြင်းကိုခံရ၏။”—ယောဟန် ၁၅:၆။
‘ဘုရားသခင့်နှုတ်ကပါဌ်တော်သည် အသက်ရှင်တော်မူ၏’
ရှေ့ဆောင်းပါး၏အစပိုင်း၌ ဖော်ပြခဲ့သောစကားများသည် လွန်ခဲ့သောအနှစ် ၆၀ ခန့်ကဖြစ်သည်။ ကယ်တင်ခြင်းသည် ယေရှုခရစ်တော်မှတစ်ဆင့်သာလာမည်ဖြစ်ကြောင်း ဂျော်နီယုံကြည်နေဆဲပင်။ သို့သော် ယင်းအတွက် ကျွန်ုပ်တို့ အားစိုက်ထုတ်ရမည်ဖြစ်ကြောင်း သူသိမှတ်ခဲ့ပေပြီ။ လူသားများအတွက် တစ်ခုတည်းသော စစ်မှန်သည့်မျှော်လင့်ချက်ရင်းမြစ်ကို ကျမ်းစာကညွှန်ပြကြောင်း၊ ယင်း၏လှုံ့ဆော်မှုကိုခံရရန်နှင့် မေတ္တာ၊ ယုံကြည်မှု၊ ကြင်နာမှု၊ နာခံမှု၊ ခံနိုင်ရည်တို့ကို တင်ပြနိုင်ဖို့ ကျွန်ုပ်တို့အားလှုံ့ဆော်ခွင့်ပြုရန် ထိုထူးခြားလှသောစာအုပ်ကိုလေ့လာရမည်ဖြစ်ကြောင်း သူဆက်၍ယုံကြည်လျက်ရှိပေသည်။ သူ၏ကလေးများကို ထပ်တူယုံကြည်မှုမျိုးရှိရန် ပြုစုပျိုးထောင်ပေးခဲ့ပြီး ယခုဆိုလျှင် သူတို့၏ကလေးများကို တစ်ဖန်ထပ်တူနည်းမျိုးဖြင့် ပြုစုပျိုးထောင်ကြကြောင်းကို သူကျေနပ်ဝမ်းမြောက်စွာတွေ့မြင်နေရသည်။ လူတိုင်းကိုလည်း ယင်းကဲ့သို့သောယုံကြည်ခြင်းမျိုးရှိစေလိုပြီး သူတတ်နိုင်သမျှဖြင့် အခြားသူများ၏နှလုံးနှင့်စိတ်တွင် ယင်းကိုသွတ်သွင်းရန်အတွက် လုပ်ဆောင်နေလေသည်။
ဝိညာဉ်တော်မှုတ်သွင်းခြင်းအားဖြင့် တမန်တော်ပေါလုက “ဘုရားသခင်၏နှုတ်ကပါဌ်တော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း” အစွမ်းရှိကြောင်း ရေးသားခဲ့သည်။ (ဟေဗြဲ ၄:၁၂) ယင်းက ဘဝအသက်တာကို ပြောင်းလဲစေနိုင်သည်။ မေတ္တာ၊ ယုံကြည်ခြင်းနှင့် နာခံမှုကို လှိုက်လှိုက်လှဲလှဲတင်ပြရန် လှုံ့ဆော်ပေးနိုင်သည်။ သို့သော် ကျမ်းစာပြောသည့်အရာများကိုစိတ်ထဲ၌ “လက်ခံ” ရုံထက်မက သင်လုပ်ဆောင်ရမည်ဖြစ်သည်။ ယင်းကိုလေ့လာပြီး သင်၏နှလုံးကို ယင်းကလှုံ့ဆော်စေပါ။ သင့်ကို ယင်း၏ဉာဏ်ပညာက လမ်းညွှန်ပါစေ။ နိုင်ငံပေါင်း ၂၃၀ ကျော်ရှိ ၅,၀၀၀,၀၀၀ ခန့်သော စေတနာစိတ်ရှိသည့်ယေဟောဝါသက်သေများသည် အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုကို ကမ်းလှမ်းလျက်ရှိကြသည်။ ဤကဲ့သို့သောသင်အံမှုမှ အဘယ်အရာသင်ယူရရှိနိုင်ကြောင်း သိရှိရန် ဤမဂ္ဂဇင်းကိုထုတ်ဝေသောသူတို့ထံ စာရေးဆက်သွယ်ပါလေ။ သင်ရရှိမည့်ယုံကြည်ခြင်းနှင့် ဝိညာဏခွန်အားက သင့်ကိုကျေနပ်ဝမ်းမြောက်စေလိမ့်မည်တည်း!
[အောက်ခြေမှတ်ချက်များ]
a ဒေါက်တာ ခရစ်စတင်း အီး. ကင်းသည် သူမ၏စာအုပ် နာဇီနိုင်ငံနှင့် ဘာသာအသစ်များ–မလိုက်လျောခဲ့သော ဖြစ်ရပ်လေ့လာမှုငါးခု တွင် ဤသို့အစီရင်ခံထားသည်– “ဂျာမန် [ယေဟောဝါ၏] သက်သေများ နှစ်ယောက်တွင် တစ်ယောက် ထောင်ချခံရပြီး လေးယောက်တွင်တစ်ယောက် အသက်ဆုံးရှုံးကြရသည်။”
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]
အဘယ်ကြောင့် “ယုံကြည်ခြင်းတရားအဖို့ လုံ့လထုတ်ကြ” ရသနည်း
ယုဒကျမ်းစာစောင်သည် “ယေရှုခရစ်အဖို့ စောင့်ထိန်း၍ခေါ်ထားတော်မူသူတို့ထံ” လိပ်မူခဲ့သည်။ သူတို့သည် ‘ယေရှုကိုလက်ခံ’ လိုက်သောကြောင့် သူတို့၏ကယ်တင်ခြင်းမှာ သေချာပေါက်ဖြစ်သွားပြီဟု ယင်းကဆိုလိုပါသလော။ မဆိုလိုပါ၊ ယုဒက ယင်းကဲ့သို့သောခရစ်ယာန်များကို “ယုံကြည်ခြင်းတရားအဖို့ လုံ့လထုတ်ကြ” ရန် မှာကြားသည်။ ယင်းသို့လုပ်ဆောင်ရန်အတွက် အကြောင်းရင်းသုံးခုကို သူပေးခဲ့သည်။ ပထမမှာ ဘုရားသခင်သည် “လူမျိုးတော်ကို အိဂျစ်ပြည်ထဲက ကယ်လွှတ်” တော်မူခဲ့သော်လည်း ထိုသူတို့အထဲမှအများစုတို့သည် နောက်ပိုင်းတွင် ကျဆုံးသွားကြသည်။ ဒုတိယမှာ ကောင်းကင်တမန်များပင် ပုန်ကန်၍ နတ်ဆိုးများဖြစ်သွားကြသည်။ တတိယမှာ သောဒုံနှင့် ဂေါမောရမြို့ရှိ အလွန်ဆိုးရွားသောလိင်စာရိတ္တယိုယွင်းပျက်ပြားမှုကြောင့် ထိုမြို့များကို ဘုရားသခင်ဖျက်ဆီးပစ်ခဲ့သည်။ ဤကျမ်းစာမှတ်တမ်းများကို ယုဒက “ပုံထုံးအဖြစ်” ဖော်ပြခဲ့သည်။ မှန်ပေသည်၊ “ယေရှုခရစ်အဖို့စောင့်ထိန်း” ထားသော ယုံကြည်သူများပင်လျှင် စစ်မှန်သောယုံကြည်ခြင်းမှ ကျဆုံးမသွားရလေအောင် ဂရုစိုက်ကြရပေသည်။—ယုဒ ၁-၇၊ သမ။
[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]
မည်သည့်အရာက အမှန်နည်း
“လူမည်သည်ကား ပညတ်တရား၏အကျင့်မရှိဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်တတ်သည်” ဟု ကျမ်းစာဆို၏။ “လူသည် ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာသို့ရောက်သည်မဟုတ်။ အကျင့်အားဖြင့်ရောက်သည်ကို သင်တို့သိမြင်ရကြ၏” ဟုလည်း ယင်းကဆိုသေးသည်။ မည်သည့်အရာက အမှန်နည်း။ ကျွန်ုပ်တို့သည် ဖြောင့်မတ်ခြင်းကိုကြေညာရာတွင် ယုံကြည်ခြင်းအားဖြင့်လော၊ အကျင့်အားဖြင့်လော။—ရောမ ၃:၂၈; ယာကုပ် ၂:၂၄။
ကျမ်းစာထဲမှ ကျိုးကြောင်းညီညွတ်မှုရှိသောအဖြေမှာ နှစ်ခုစလုံးမှန်ကန်သည်ဟူ၏။
နှစ်ပေါင်းများစွာပင် ဂျူးလူမျိုးဝတ်ပြုကိုးကွယ်သူများအား သတ်မှတ်ထားသည့်ယဇ်ပူဇော်သကာများနှင့် ယဇ်ကောင်များကိုပူဇော်ရန်၊ ပွဲနေ့များကျင်းပရန်၊ သတ်မှတ်ရာအစားအသောက်နှင့် အခြားတောင်းဆိုချက်များကိုလိုက်နာရန် မောရှေမှတစ်ဆင့်ဘုရားသခင်ပေးခဲ့သော ပညတ်တော်များတွင် တောင်းဆိုထားသည်။ အဆုံးစွန်ယဇ်ပူဇော်သကာကို ယေရှုပေးဆက်ပြီးနောက် ဤကဲ့သို့သော “ပညတ်တရား၏အကျင့်” သို့မဟုတ် “အကျင့်” သက်သက်တို့သည် မလိုအပ်တော့ပေ။—ရောမ ၁၀:၄။
သို့သော် မောရှေပညတ်အောက်၌ ကျင့်ရသောဤအကျင့်များအား ယေရှု၏သာလွန်မြင့်မြတ်လှသောယဇ်ပူဇော်သကာဖြင့်အစားထိုးလိုက်ခြင်းကြောင့် ကျမ်းစာညွှန်ကြားချက်များကို ကျွန်ုပ်တို့လျစ်လျူရှုနိုင်ပြီဟူ၍ကား မဆိုလိုပါ။ ယင်းက ဤသို့ဆိုသည်– “ခရစ်တော်၏အသွေး [အဟောင်းဖြစ်သော] သေခြင်းနှင့်စပ်ဆိုင်သောအကျင့်ကိုပယ်ရှင်း၍ သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း သင်တို့၌ ကိုယ်ကိုကိုယ်သိသောစိတ်ကိုစင်ကြယ်စေခြင်းငှာ သာ၍တတ်နိုင်တော်မူသည်မဟုတ်လော။”—ဟေဗြဲ ၉:၁၄။
ကျွန်ုပ်တို့သည် အဘယ်နည်းဖြင့် “အသက်ရှင်တော်မူသောဘုရားသခင်ကို ဝတ်ပြုမည်” နည်း။ အခြားအရာများထဲမှ ကျမ်းစာက ကျွန်ုပ်တို့အား ဇာတိပကတိအကျင့်ကို တိုက်လှန်ရန်၊ လောကစာရိတ္တယိုယွင်းပျက်ပြားမှုကို တွန်းလှန်ရန်နှင့် ယင်း၏ထောင်ချောက်များကို ရှောင်ကြဉ်ရန် မိန့်ဆိုသည်။ ယင်းကဤသို့ဆို၏– “ယုံကြည်ခြင်းနှင့်ဆိုင်၍ ကောင်းစွာသောတိုက်လှန်ခြင်းကိုပြုလော့၊” “နှောင့်ယှက်တတ်သောဒုစရိုက်” ကိုဖယ်ရှားလော့၊ “ငါတို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ အားမလျော့ဘဲပြေးကြကုန်အံ့။ ယုံကြည်ခြင်းကိုအစအဦးစီရင်၍ စုံလင်စေတော်မူသောသခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။” ထို့ပြင် ကျမ်းစာက “အားလျော့စိတ်ပျက်ခြင်း” မရှိရန် ကျွန်ုပ်တို့ကိုတိုက်တွန်းသည်။—၁ တိမောသေ ၆:၁၂; ဟေဗြဲ ၁၂:၁-၃; ဂလာတိ ၅:၁၉-၂၁။
ဤအရာကိုလုပ်ဆောင်နေခြင်းအားဖြင့် ကယ်တင်ခြင်းကို ကျွန်ုပ်တို့မရရှိထိုက်ပေ။ အကြောင်းမှာ အဘယ်လူသားမျှ ဤမျှအံ့ဖွယ်ကောင်းသောကောင်းချီးများနှင့် ထိုက်တန်လောက်သည့်အထိ မလုပ်နိုင်ခဲ့ကြချေ။ သို့သော် ကျမ်းစာဆိုသည့် ကျွန်ုပ်တို့ကိုဘုရားသခင်နှင့်ခရစ်တော်တို့ကလုပ်စေလိုသောအရာများကို လုပ်ဆောင်ခြင်းအားဖြင့် မေတ္တာနှင့်နာခံမှုကိုတင်ပြဖို့ ပျက်ကွက်မည်ဆိုလျှင် ဤကြီးကျယ်ခမ်းနားလှသောလက်ဆောင်နှင့် ထိုက်တန်မည်မဟုတ်ပေ။ ကျွန်ုပ်တို့၏ယုံကြည်ခြင်း၊ ယေရှုနောက်လိုက်လျှောက်မည်ဟူသည့် ကျွန်ုပ်တို့၏အဆိုကို အကျင့်အားဖြင့်မတင်ပြပါက ပို၍ပင်မထိုက်တန်ဘဲဖြစ်သွားပေလိမ့်မည်။ အကြောင်းမှာ ကျမ်းစာက ဤသို့ရှင်းလင်းပြတ်သားစွာဖော်ပြထားသည်– “အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် . . . အသေဖြစ်၏။”—ယာကုပ် ၂:၁၇။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ကျမ်းစာကိုလေ့လာ၍ ယင်း၏လှုံ့ဆော်မှုကိုခံယူပါ