ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏
ဗျာဒိတ်ကျမ်းမှပေါ်လွင်ချက်များ—၁
ပတ်မုကျွန်းတွင်ထောင်ချခံခဲ့ရစဉ် သက်ကြီးရွယ်အိုတမန်တော်ယောဟန်သည် အစဉ်လိုက်ဖြစ်သောစိတ်အာရုံ ၁၆ ခုရရှိခဲ့သည်။ သူသည် သခင့်နေ့တော်—၁၉၁၄ ခုနှစ်တွင် ဘုရားသခင့်နိုင်ငံတော်တည်ထောင်ခဲ့ချိန်မှ ခရစ်တော်အနှစ်တစ်ထောင်အုပ်ချုပ်ချိန်အဆုံးထိကြာသောကာလ—အတွင်း ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်ပြီးမြောက်စေသည့်အရာများကို မြင်တွေ့သည်။ စီအီး ၉၆ ခုနှစ်ခန့်တွင်ယောဟန်ရေးခဲ့သော ဗျာဒိတ်ကျမ်းသည် ယင်းစိတ်အာရုံများနှင့်ပတ်သက်သည့် စိတ်လှုပ်ရှားဖွယ်ကောင်းသောမှတ်တမ်းဖြစ်သည်။
ယောဟန်ရရှိခဲ့သည့် ပထမစိတ်အာရုံခုနစ်ခုအကျုံးဝင်သော ဗျာဒိတ်ကျမ်း ၁:၁–၁၂:၁၇ ၏ပေါ်လွင်ချက်များကို ယခုသုံးသပ်ကြစို့။ ယင်းစိတ်အာရုံများကို ကျွန်ုပ်တို့စိတ်ဝင်စားကြရသည့်အကြောင်းမှာ ယင်းတို့သည် ကမ္ဘာ့ဇာတ်ခုံတွင် ယခုဖြစ်ပျက်နေသည့်အရာများပါဝင်ပြီး မကြာမီအနာဂတ်တွင် ယေဟောဝါမည်သို့အရေးယူလုပ်ဆောင်တော့မည်ကို ဖော်ပြသောကြောင့်ဖြစ်သည်။ ယင်းစိတ်အာရုံများဆိုင်ရာမှတ်တမ်းကို ယုံကြည်ခြင်းနှင့်ဖတ်ရှုသူတို့သည် အမှန်ပင် နှစ်သိမ့်မှုနှင့် အားပေးမှုရရှိကြသည်။—ဟေဗြဲ ၄:၁၂။
“သိုးသငယ်” သည် တံဆိပ်ခုနစ်ခုထဲမှ ခြောက်ခုကိုဖွင့်
ဦးစွာ၊ ယောဟန်သည် ဘုန်းထင်ရှားသောယေရှုခရစ်ကို မြင်တွေ့ပြီး “စာလိပ်တွင်ရေး၍ . . . အသင်းတော်ခုနစ်ခုထံပေးပို့” မည့်သတင်းစကားတသီတသန်းကို ရရှိသည်။ (ဗျာ. ၁:၁၀၊ ၁၁) ကောင်းကင်ဘုံ၌ရှိသော ပလ္လင်တော်ဆိုင်ရာစိတ်အာရုံကို ဆက်၍မြင်တွေ့သည်။ ပလ္လင်တော်ပေါ်တွင် ထိုင်တော်မူသောအရှင်၏လက်ယာလက်တော်၌ တံဆိပ်ခုနစ်ခုဖြင့်ခတ်ထားသော စာလိပ်တစ်လိပ်ရှိ၏။ “စာလိပ်ကို ဖွင့်ထိုက်” သူဟုယူမှတ်ခံရသူမှာ “ယုဒအနွယ်ဝင် ခြင်္သေ့” သို့မဟုတ် ‘ချိုခုနစ်ချောင်းနှင့် မျက်စိခုနစ်လုံး ရှိသောသိုးသငယ်’ ပင်ဖြစ်သည်။—ဗျာ. ၄:၂; ၅:၁၊ ၂၊ ၅၊ ၆။
“သိုးသငယ်” သည် ပထမတံဆိပ်ခြောက်ခုကို တစ်ခုပြီးတစ်ခုဖွင့်နေစဉ် ဖြစ်ပျက်သည့်အရာကို တတိယစိတ်အာရုံက ဖော်ပြ၏။ ဆဋ္ဌမတံဆိပ်ကိုဖွင့်သောအခါ ငလျင်ကြီးလှုပ်ပြီး အမျက်တော်နေ့ကြီး ကျရောက်သည်။ (ဗျာ. ၆:၁၊ ၁၂၊ ၁၇) သို့သော် ၁၄၄,၀၀၀ တို့ကိုတံဆိပ်ခတ်မပြီးမချင်း “ကောင်းကင်တမန်လေးပါးသည် . . . မြေကြီး၏လေးမျက်နှာလေတို့ကို တင်းကျပ်စွာဆုပ်ကိုင်ထား” ကြောင်း နောက်စိတ်အာရုံကဖော်ပြသည်။ တံဆိပ်ခတ်ခြင်းမခံရသော “လူအုပ်ကြီး” သည် “ပလ္လင်တော်ရှေ့၊ သိုးသငယ်ရှေ့တွင် ရပ်နေကြ” သည်ကိုမြင်တွေ့ရ၏။—ဗျာ. ၇:၁၊ ၉။
ကျမ်းစာမေးခွန်းများအဖြေ–
၁:၄; ၃:၁; ၄:၅; ၅:၆—“စွမ်းအားတော်ခုနစ်ခု” ဟူသောအသုံးအနှုန်းက အဘယ်အရာကို ဖော်ပြသနည်း။ ခုနစ်ဂဏန်းသည် ဘုရားသခင့်ရှုထောင့်မှ ပြည့်စုံမှုဟူ၍ အဓိပ္ပာယ်ဆောင်သည်။ ထို့ကြောင့် “အသင်းတော်ခုနစ်ခု” ထံပေးပို့သောသတင်းစကားသည် နောက်ဆုံး၌ ကမ္ဘာတစ်ဝန်း အသင်းတော်ပေါင်း ၁၀၀,၀၀၀ ကျော်တွင် အတူတကွစုဝေးကြသော ဘုရားသခင့်လူမျိုးတစ်ရပ်လုံးနှင့် သက်ဆိုင်သည်။ (ဗျာ. ၁:၁၁၊ ၂၀) ယေဟောဝါသည် မိမိပြီးမြောက်စေလိုရာများနှင့်အညီ သန့်ရှင်းသောစွမ်းအားတော်ကိုပေးသောကြောင့် “စွမ်းအားတော်ခုနစ်ခု” ဟူသောအသုံးအနှုန်းက ပရောဖက်ပြုချက်ကိုအာရုံပြုသူတို့အား နားလည်နိုင်စွမ်းနှင့် ကောင်းချီးများပေးရာတွင် စွမ်းအားတော်၏အပြည့်အဝလုပ်ဆောင်မှုကို ဖော်ပြသည်။ ဗျာဒိတ်ကျမ်းသည် ခုနစ်အယူအဆပေါ်အခြေခံ၍ အဆင့်ဆင့်ဆွေးနွေးသွားပုံရ၏။ ဤတွင် ခုနစ်ဂဏန်းသည် ပြည့်စုံမှုကိုပုံဆောင်ပြီး အမှန်တွင် ဤကျမ်းစောင်သည် “ဘုရားသခင်၏မြင့်မြတ်သောလျှို့ဝှက်ချက်” “ပြီးစီးခြင်း” သို့မဟုတ် ပြည့်စုံခြင်းသို့ရောက်ရှိတော့မည်ကို ဖော်ပြ၏။—ဗျာ. ၁၀:၇။
၁:၈၊ ၁၇—“အာလဖနှင့် ဩမေဃ၊” “အဦးဆုံးနှင့် နောက်ဆုံး” ဟူသောဘွဲ့အမည်များက မည်သူတို့ကို ရည်ညွှန်းသနည်း။ “အာလဖနှင့် ဩမေဃ” ဟူသောဘွဲ့အမည်သည် ယေဟောဝါနှင့်သက်ဆိုင်၏၊ မိမိအလျင် အဘယ်အတိုင်းအဆမဲ့တန်ခိုးရှင်ဘုရားသခင်မရှိ၊ မိမိနောက်၌လည်း ရှိမည်မဟုတ်ကြောင်း အလေးအနက်ပြုသည့်ဘွဲ့အမည်ဖြစ်သည်။ ကိုယ်တော်သည် “အစနှင့်အဆုံး ဖြစ်၏။” (ဗျာ. ၂၁:၆; ၂၂:၁၃) ဗျာ. ၂၂:၁၃ တွင်ယေဟောဝါအား မိမိအလျင်နှင့် နောက်၌လည်း အခြားအဘယ်ဘုရားသခင်မျှမရှိသည့်သဘောဖြင့် “အဦးဆုံးနှင့် နောက်ဆုံး” ဟူ၍ရည်ညွှန်းဖော်ပြထားသော်လည်း ဗျာဒိတ်ကျမ်း၏ပထမအခန်းကြီးပါစကားစပ်က “အဦးဆုံးနှင့် နောက်ဆုံး” ဟူသောဘွဲ့အမည်သည် ယေရှုခရစ်နှင့်သက်ဆိုင်ကြောင်း ဖော်ပြသည်။ ယေရှုသည် မသေနိုင်သောကောင်းကင်အသက်တာသို့ ယေဟောဝါကိုယ်တော်တိုင် ရှင်ပြန်ထမြောက်စေခဲ့သည့် ပထမဆုံးနှင့် နောက်ဆုံးလူသားဖြစ်သည်။—ကော. ၁:၁၈။
၂:၇—“ဘုရားသခင့်ပရဒိသု” ကားအဘယ်နည်း။ ယင်းစကားများကို ဘိသိက်ပေးခြင်းခံရသော ခရစ်ယာန်များအား ပြောဆိုခြင်းဖြစ်သောကြောင့် ဤတွင်အသုံးပြုသောပရဒိသုသည် ဘုရားသခင်ကိုယ်တော်တိုင်ကျိန်းဝပ်တော်မူသည့် ကောင်းကင်ပရဒိသုကို ရည်ညွှန်းခြင်းဖြစ်ရမည်။ တည်ကြည်သောဘိသိက်ပေးခံရသူတို့သည် “အသက်ပင်၏” အသီးကိုစားခွင့်ရကြမည်။ သူတို့သည် မသေနိုင်သည့်အဖြစ်ကို ရရှိကြမည်။—၁ ကော. ၁၅:၅၃။
၃:၇—ယေရှုသည် အဘယ်အချိန်တွင် “ဒါဝိဒ်၏သော့” ကိုရရှိပြီး ယင်းကို မည်သို့အသုံးပြုတော်မူသနည်း။ ယေရှုသည် စီအီး ၂၉ တွင်နှစ်ခြင်းခံသည်နှင့် ကိုယ်တော်သည် ဒါဝိဒ်မျိုးရိုးမှ မင်းလောင်းဖြစ်လာခဲ့သည်။ သို့သော် ယေရှုသည် ကောင်းကင်ရှိဘုရားသခင့်လက်ယာတော်ဘက်တွင် ချီးမြှောက်ခံရသည့် စီအီး ၃၃ မတိုင်မချင်း ဒါဝိဒ်၏သော့ကို မရရှိခဲ့ပါ။ ထိုတွင် ယေရှုသည် ဒါဝိဒ်နိုင်ငံတော်၏အခွင့်အာဏာအားလုံးကို အမွေခံတော်မူသည်။ ထိုအချိန်မှစ၍ ယေရှုသည် ဘုရားသခင့်နိုင်ငံတော်နှင့်ဆိုင်သော လုပ်ငန်းတော်အခွင့်ထူးများကိုတိုးချဲ့ရန် သော့ကိုအသုံးပြုခဲ့သည်။ ၁၉၁၉ ခုနှစ်တွင် ယေရှုသည် “သစ္စာနှင့်သတိပညာရှိသောကျွန်” အား “မိမိ၏ဥစ္စာရှိသမျှအပေါ်” ခန့်အပ်ခြင်းဖြင့် “ဒါဝိဒ်မင်းမျိုး၏တံခါးသော့ကို” ကျွန်အတန်းအစားအား ပခုံးပြောင်းတာဝန်ပေးခဲ့သည်။—ဟေရှာ. ၂၂:၂၂; မ. ၂၄:၄၅၊ ၄၇။
၃:၁၂—ယေရှု၏ “နာမသစ်” ကားအဘယ်နည်း။ ယင်းအမည်သည် ယေရှု၏ရာထူးသစ်၊ အခွင့်ထူးများနှင့်သက်ဆိုင်သည်။ (ဖိ. ၂:၉-၁၁) ယင်းအမည်ကို ယေရှုသိသည့်နည်းအတိုင်း အဘယ်သူမျှမသိသည်ဖြစ်ရာ ယေရှုသည် မိမိ၏တည်ကြည်သောညီအစ်ကိုများနှင့် ကောင်းကင်ဘုံတွင် အလွန်ရင်းနှီးသောဆက်ဆံရေးရှိလာခြင်းဖြင့် သူတို့အပေါ် ယင်းနာမကို ရေးသားထားသည်။ (ဗျာ. ၁၉:၁၂) ကိုယ်တော်သည် သူတို့အား မိမိ၏အခွင့်ထူးများကိုပင် ပေးဝေ၏။
ကျွန်ုပ်တို့အတွက် သင်ခန်းစာ–
၁:၃။ “ချိန်းချက်သော [စာတန့်လောကအပေါ် ဘုရားသခင်တရားစီရင်မည့်] အချိန်နီးပြီ” ဖြစ်သောကြောင့် ဗျာဒိတ်ကျမ်းပါသတင်းစကားကို နားလည်ရန်နှင့် ယင်းနှင့်အညီလုပ်ဆောင်ရန် အရေးတကြီးလိုအပ်သည်။
၃:၁၇၊ ၁၈။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးကောင်းရှိရန် ယေရှုထံမှ “မီးဖြင့်သန့်စင်ပြီးသောရွှေ” ကိုဝယ်ယူရန်လိုသည်။ ဆိုလိုသည်မှာ မွန်မြတ်သောအကျင့်၌ကြွယ်ဝရန် ကြိုးစားသင့်သည်။ (၁ တိ. ၆:၁၇-၁၉) ထို့ပြင် ကျွန်ုပ်တို့အား ခရစ်တော်၏နောက်လိုက်များအဖြစ် ခွဲခြားသိမြင်စေသော “ဝတ်ရုံဖြူ” ကိုဝတ်ဆင်ရန်နှင့် ဝတ်ပြုရေးနှင့်ဆိုင်သောပိုင်းခြားသိမြင်မှုရှိဖို့ ကင်းမျှော်စင်မဂ္ဂဇင်းတွင်ဖော်ပြသည့် သွန်သင်ချက်ကဲ့သို့သော “မျက်စဉ်း” ကိုအသုံးပြုရန်လိုသည်။—ဗျာ. ၁၉:၈။
၇:၁၃၊ ၁၄။ ကောင်းကင်ဘုန်းဝင်စားကြသော ၁၄၄,၀၀၀ တို့ကို ကိုယ်စားပြုသည့်အကြီးအကဲ ၂၄ ဦးတို့သည် ကောင်းကင်တွင် ရှင်ဘုရင်များအဖြစ်သာမက ယဇ်ပုရောဟိတ်များအဖြစ်ပါ အမှုထမ်းဆောင်ကြသည်။ သူတို့ကို အဖွဲ့ ၂၄ ဖွဲ့အဖြစ် ဘုရင်ဒါဝိဒ်ဖွဲ့စည်းခဲ့သောရှေးဣသရေလနိုင်ငံရှိ ယဇ်ပုရောဟိတ်များက ပုံဆောင်ခဲ့သည်။ အကြီးအကဲများထဲမှတစ်ဦးက ယောဟန်အား လူအုပ်ကြီးမည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြသည်။ ထို့ကြောင့် ဘိသိက်ပေးခြင်းခံရသောခရစ်ယာန်များ၏ထမြောက်ခြင်းသည် ၁၉၃၅ ခုနှစ်မတိုင်မီ တစ်ချိန်ချိန်တွင် အစပြုခြင်းဖြစ်ရမည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကမ္ဘာပေါ်ရှိ ဘုရားသခင့်ဘိသိက်ပေးခံရသောကျေးကျွန်များသည် လူအုပ်ကြီးမည်သူမည်ဝါဖြစ်သည်ကို ထိုနှစ်တွင် မှန်ကန်စွာခွဲခြားသိနိုင်သောကြောင့်ဖြစ်သည်။—လု. ၂၂:၂၈-၃၀; ဗျာ. ၄:၄; ၇:၉။
သတ္တမတံဆိပ်ဖွင့်ခြင်းက တံပိုးခုနစ်လက်မှုတ်စေ
သိုးသငယ်သည် သတ္တမတံဆိပ်ကို ဖွင့်လေ၏။ ကောင်းကင်တမန်ခုနစ်ပါးသည် တံပိုးခုနစ်လက် ရရှိကြသည်။ ကောင်းကင်တမန်ခြောက်ပါးသည် လူသားတို့ထဲမှ “သုံးပုံတစ်ပုံ” ဖြစ်သောခရစ်ယာန်ဘောင်အပေါ် တရားစီရင်ခြင်းသတင်းကြွေးကြော်ခြင်းဖြင့် မိမိတို့၏တံပိုးကိုမှုတ်ကြသည်။ (ဗျာ. ၈:၁၊ ၂၊ ၇-၁၂; ၉:၁၅၊ ၁၈) ယင်းသည် ပဉ္စမမြောက်စိတ်အာရုံတွင် ယောဟန်မြင်တွေ့သည့်အရာဖြစ်၏။ ယောဟန်သည် နောက်လိုက်လာသည့်စိတ်အာရုံတွင်ပါဝင်ကာ စာလိပ်ငယ်ကိုစားပြီး ဝတ်ပြုရာအိမ်တော်၏သန့်ရှင်းရာဌာနကို တိုင်းတာသည်။ သတ္တမမြောက်တံပိုးမှုတ်ပြီးနောက် ကျယ်သောစကားသံများက ဤသို့ကြေညာ၏– “လောကနိုင်ငံသည် ငါတို့သခင်၏နိုင်ငံတော်၊ ထိုသခင်၏ခရစ်တော်နိုင်ငံတော်ဖြစ်လေပြီ။”—ဗျာ. ၁၀:၁၀; ၁၁:၁၊ ၁၅။
သတ္တမမြောက်စိတ်အာရုံက ဗျာ. ၁၁:၁၅၊ ၁၇ တွင်ဖော်ပြသောအရာကို အကျယ်တဝင့်တင်ပြသည်။ ကောင်းကင်၌ နိမိတ်လက္ခဏာကြီးတစ်ရပ်ကို မြင်ရ၏။ ကောင်းကင်ဆိုင်ရာမိန်းမသည် သားယောက်ျားကို ဖွားမြင်၏။ စာတန်သည် ကောင်းကင်မှ ပစ်ချခံခဲ့ရ၏။ သူသည် ကောင်းကင်ဆိုင်ရာမိန်းမအပေါ် အမျက်ထွက်သောကြောင့် ‘မိန်းမ၏အမျိုးအနွယ်ထဲမှ ကျန်ကြွင်းသူများကို စစ်တိုက်ရန်’ ထွက်သွား၏။—ဗျာ. ၁၂:၁၊ ၅၊ ၉၊ ၁၇။
ကျမ်းစာမေးခွန်းများအဖြေ–
၈:၁-၅—ကောင်းကင်တွင် အဘယ်ကြောင့်ဆိတ်ငြိမ်သွားခဲ့သနည်း၊ ယင်းနောက် အဘယ်အရာ မြေကြီးပေါ်ပစ်ချခံခဲ့ရသနည်း။ ကမ္ဘာပေါ်ရှိ “သန့်ရှင်းသူတို့၏ ဆုတောင်းချက်များ” ကြားနိုင်ရန် ကောင်းကင်တွင် ပုံဆောင်သဘောဖြင့်ဆိတ်ငြိမ်မှုဖြစ်ခဲ့သည်။ ယင်းသည် ပထမကမ္ဘာစစ်အဆုံးတွင်ဖြစ်ခဲ့၏။ ဘိသိက်ပေးခံရသောခရစ်ယာန်များစွာတို့သည် တစ်ပါးအမျိုးသားကာလကုန်ဆုံးချိန်တွင် မိမိတို့သည် ကောင်းကင်သို့တက်ကြမည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ထိုသို့ဖြစ်မလာခဲ့ပါ။ သူတို့သည် စစ်အတွင်း ခက်ခဲသောအချိန်ကို တွေ့ကြုံခဲ့ကြရသည်။ ထို့ကြောင့် ယခု သူတို့သည် လမ်းညွှန်မှုအတွက် စိတ်ထက်သန်စွာဆုတောင်းခဲ့ကြသည်။ သူတို့၏ဆုတောင်းချက်ကိုတုံ့ပြန်သည့်အနေနှင့် ကောင်းကင်တမန်သည် မြေကြီးပေါ်သို့ ပုံဆောင်မီးကျစေခဲ့ပြီး ယင်းက ဘိသိက်ပေးခံရသောခရစ်ယာန်များအား ဘုရားသခင့်လုပ်ငန်းတော်တွင် များစွာလုပ်ဆောင်စေခဲ့သည်။ သူတို့သည် အရေအတွက်အားဖြင့်နည်းသော်လည်း ဘုရားသခင့်နိုင်ငံတော်ကို အရေးတကြီးကိစ္စဖြစ်စေသည့် ကမ္ဘာချီဟောပြောခြင်းကင်ပိန်းကို အစပြုလုပ်ဆောင်ခြင်းဖြင့် ခရစ်ယာန်ဘောင်တွင် မီးမွှေးလိုက်သည်။ ကျမ်းစာမှ အလွန်ကျယ်လောင်သောသတိပေးချက်များထွက်ပေါ်ခဲ့ပြီး ကျမ်းစာအမှန်တရား၏အလင်းထွန်းလင်းမှုများကို ဖော်ထုတ်ကာ မြေငလျင်ကြောင့် အဆောက်အအုံများလှုပ်ခါခံရသကဲ့သို့ မှားယွင်းသောဝတ်ပြုရေးနယ်ပယ်၏အုတ်မြစ်များ လှုပ်ခါခံခဲ့ရသည်။
၈:၆-၁၂; ၉:၁၊ ၁၃; ၁၁:၁၅—ကောင်းကင်တမန်ခုနစ်ပါးသည် မိမိတို့၏တံပိုးကိုမှုတ်ရန် အဘယ်အချိန်တွင် ပြင်ဆင်ခဲ့ကြသနည်း၊ တံပိုးမှုတ်သံကို အဘယ်အချိန်တွင်နှင့် မည်သို့ကြားခဲ့ရသနည်း။ တံပိုးခုနစ်လက်ကိုမှုတ်ရန်ပြင်ဆင်ခြင်းတွင် ၁၉၁၉ မှ ၁၉၂၂ ခုနှစ်အထိ ကမ္ဘာပေါ်ရှိ ပြန်လည်သက်ဝင်လှုပ်ရှားလာသော ယောဟန်အတန်းအစားဝင်များအား လမ်းညွှန်ချက်ပေးခြင်းပါဝင်သည်။ ထိုဘိသိက်ပေးခံရသူတို့သည် လူများရှေ့ဟောပြောခြင်းလုပ်ငန်းကို ပြန်လည်ဖွဲ့စည်းပြီး ပုံနှိပ်ထုတ်ဝေရေးအဆောက်အဦများကို တည်ထောင်သည့်ကိစ္စဖြင့် အလုပ်များခဲ့ကြသည်။ (ဗျာ. ၁၂:၁၃၊ ၁၄) တံပိုးများမှုတ်သံမှာ ဘုရားသခင့်လူတို့ ကောင်းကင်တမန်များနှင့်ပူးပေါင်းကာ စာတန့်လောကအပေါ် ယေဟောဝါ၏တရားစီရင်ခြင်းသတင်း မကြောက်မရွံ့ကြွေးကြော်ခြင်းကို ပုံဆောင်သည်။ မှတ်သားစရာကား ယင်းသည် ၁၉၂၂ ခုနှစ်၊ အိုဟိုင်အိုပြည်နယ်၊ စီဒါပွိုင့်မြို့တွင်ကျင်းပသောစည်းဝေးကြီးမှ အစပြုခဲ့ပြီး ကြီးစွာသောဆင်းရဲခြင်းအထိ ကြာညောင်းသည်။
၈:၁၃; ၉:၁၂; ၁၁:၁၄—နောက်ဆုံးတံပိုးသုံးလက်မှုတ်သံများသည် အဘယ်နည်းဖြင့် “အမင်္ဂလာ” ဖြစ်သနည်း။ ပထမတံပိုးလေးလက်မှုတ်သံများသည် ခရစ်ယာန်ဘောင်၏ ဘုရားသခင်နှင့်ဆက်ဆံရေးတွင် အသေဖြစ်မှုကိုဖော်ထုတ်သည့် ကြွေးကြော်ချက်များဖြစ်သည်ကိုထောက်သော် နောက်ဆုံးတံပိုးသုံးလက်မှုတ်သံများသည် သတ်သတ်မှတ်မှတ်ဖြစ်ရပ်များနှင့် ပတ်သက်ဆက်နွှယ်သော အမင်္ဂလာများဖြစ်သည်။ ပဉ္စမမြောက်မှုတ်သံသည် ၁၉၁၉ ခုနှစ်၌ “တွင်းနက်ကြီး” တွင်မလှုပ်မရှားဖြစ်သည့်အခြေအနေမှ ဘုရားသခင့်လူတို့လွတ်မြောက်လာခြင်း၊ သူတို့၏မရပ်မနားသက်သေခံခြင်းလုပ်ငန်းနှင့်ပတ်သက်သည်၊ ယင်းသည် ခရစ်ယာန်ဘောင်အပေါ်ကျရောက်သော ညှဉ်းဆဲခြင်းကပ်ဘေးကဲ့သို့ ဖြစ်လာခဲ့သည်။ (ဗျာ. ၉:၁) ဆဋ္ဌမမြောက်မှုတ်သံသည် သမိုင်းတွင် အကြီးမားဆုံးသောမြင်းတပ်၏ တစ်ဟုန်ထိုးတိုက်ခိုက်မှုအကြောင်းဖြစ်ပြီး ၁၉၂၂ ခုနှစ်တွင်အစပြုသော ကမ္ဘာတစ်ဝန်း ဟောပြောခြင်းကင်ပိန်းဖြစ်သည်။ နောက်ဆုံးမှုတ်သံသည် မေရှိယနိုင်ငံတော်ဖွားမြင်ခြင်းနှင့်ပတ်သက်သည်။
ကျွန်ုပ်တို့အတွက် သင်ခန်းစာ–
၉:၁၀၊ ၁၉။ “သစ္စာနှင့်သတိပညာရှိသောကျွန်” ၏စာပေများပါ ယုံကြည်စိတ်ချထိုက်သည့် ကျမ်းစာအခြေပြုဖော်ပြချက်များတွင် နာကြည်းစူးရှဖွယ်သတင်းပါဝင်သည်။ (မ. ၂၄:၄၅) ယင်းသတင်းစကားသည် “ကင်းမြီးကောက်များကဲ့သို့ . . . အဆိပ်ဆူးများ” ပါသည့်ကျိုင်းကောင်များ၏အမြီးများနှင့် “အမြီးများသည် မြွေကဲ့သို့ဖြစ်” သောမြင်းတပ်နှင့်အလားတူသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယင်းစာပေများက “ဘုရားသခင်လက်စားချေတော်မူရာနေ့ရက်” နှင့်ပတ်သက်၍ သတိပေးထားသောကြောင့်ဖြစ်သည်။ (ဟေရှာယ ၆၁:၂၊ သမ္မာ) ယင်းစာပေများကို ရဲစွမ်းသတ္တိ၊ ဇွဲရှိရှိဖြင့် ဝေငှကြပါစို့။
၉:၂၀၊ ၂၁။ ခရစ်ယာန်နိုင်ငံမဟုတ် ဟုဆိုသောနိုင်ငံများတွင်နေထိုင်ကြသည့် စိတ်နှိမ့်ချသူများစွာသည် ကျွန်ုပ်တို့ကြွေးကြော်သောသတင်းစကားကို ကောင်းစွာတုံ့ပြန်ခဲ့ကြသည်။ သို့သော် “ကျန်ရစ်သောလူတို့” အဖြစ်ရည်ညွှန်းထားသော ခရစ်ယာန်ဘောင်နယ်ပယ်အပြင်ဘက်ရှိလူများစွာ ဘာသာပြောင်းဝင်လာမည်ဟု ကျွန်ုပ်တို့မမျှော်လင့်ပါ။ သို့သော်လည်း ကျွန်ုပ်တို့သည် ဓမ္မအမှုတွင် ဇွဲရှိရှိလုပ်ဆောင်ကြသည်။
၁၂:၁၅၊ ၁၆။ စာတန့်စနစ်အတွင်းရှိအစိတ်အပိုင်းများ သို့မဟုတ် နိုင်ငံအသီးသီးရှိ အုပ်စိုးရှင်များဖြစ်သော “မြေကြီး” သည် လွတ်လပ်စွာဝတ်ပြုကိုးကွယ်ခွင့်ကို ထောက်ခံပေးကြသည်။ ၁၉၄၀ ပြည့်လွန်နှစ်များမှစ၍ ယင်းအုပ်စိုးရှင်များသည် “နဂါး၏ခံတွင်းမှ မှုတ်ထုတ်လိုက်သောမြစ်ရေ [ညှဉ်းပန်းနှိပ်စက်ခြင်း] ကိုမျိုချ” လိုက်သည်။ အမှန်တွင် ယင်းသို့ဖြစ်ရန် ယေဟောဝါရွေးချယ်သောအခါ မိမိ၏အလိုတော်ကိုပြီးမြောက်စေရန် အစိုးရအာဏာပိုင်များအပေါ် ကိုယ်တော်သြဇာလွှမ်းမိုးနိုင်သည်။ ထို့ကြောင့် နယပုံပြင် ၂၁:၁ တွင်သင့်လျော်စွာဤသို့ဖော်ပြသည်– ‘ရှင်ဘုရင်၏စိတ်နှလုံးသည် ရေချောင်းကဲ့သို့ဖြစ်၍ ထာဝရဘုရားသခင်၏လက်တော်၌ရှိသဖြင့် အလိုတော်ရှိသည်အတိုင်း လှည့်စေတော်မူ၏။’ ယင်းက ဘုရားသခင်အပေါ် ကျွန်ုပ်တို့၏ယုံကြည်ခြင်း ခိုင်ခံ့စေသင့်သည်။