ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၂ ဇူလိုင် စာ. ၈-၁၃
  • ကြီးကြပ်မှူး ယေရှုကို ထောက်မပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြီးကြပ်မှူး ယေရှုကို ထောက်မပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဟောပြောခြင်းလုပ်ငန်းကို ယေရှု ကြီးကြပ်နေ
  • ကျွန်ကို ယေရှု ခန့်အပ်
  • နောက်လိုက်တွေကို ယေရှု စီစဉ်ဖွဲ့စည်းပေး
  • ‘ဦးဆောင်နေသူတွေကို သတိရပါ’
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်ဟာ ဘယ်သူလဲ
    ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
  • သူတို့သည် ‘သိုးသငယ်နောက်သို့ အစဉ်တစိုက်လိုက်ကြ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • တည်ကြည်ပြီး သတိပညာရှိသော “ကျွန်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
က၂၂ ဇူလိုင် စာ. ၈-၁၃

လေ့လာရန် ဆောင်းပါး ၂၉

ကြီးကြပ်မှူး ယေရှုကို ထောက်မပါ

“ကောင်းကင်မှာရော မြေကြီးမှာပါ အခွင့်အာဏာ ရှိသမျှကို ကျွန်တော့်ကို ပေးထားပြီ။”—မ. ၂၈:၁၈။

သီချင်း ၁၃ စံနမူနာရှင် ခရစ်တော်

အကြိုသုံးသပ်ချက်a

၁။ ဒီနေ့ခေတ်မှာ ယေဟောဝါရဲ့ အလိုတော်က ဘာလဲ။

ကမ္ဘာတစ်ခွင်လုံး နိုင်ငံတော် သတင်းကောင်း ဟောပြောဖို့ ယေဟောဝါ အလိုရှိတယ်။ (မာ. ၁၃:၁၀။ ၁ တိ. ၂:၃၊ ၄) ဒါဟာ ယေဟောဝါရဲ့ လုပ်ငန်း ဖြစ်တယ်။ အရေးကြီးတဲ့ လုပ်ငန်း ဖြစ်လို့ ချစ်သားကိုတောင် ဦးဆောင်စေတယ်။ အဆုံးမရောက်ခင် ယေဟောဝါ အလိုရှိတဲ့အတိုင်း ယေရှုရဲ့ ကြီးကြပ်မှုအောက်မှာ ဟောပြောခြင်းလုပ်ငန်း ပြီးဆုံးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။—မ. ၂၄:၁၄။

၂။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

၂ ကျမ်းစာ လမ်းညွှန်ချက်တွေ ပေးဖို့၊ သမိုင်းတစ်လျှောက် အကြီးမားဆုံး ဟောပြောခြင်း လုပ်ငန်းကို စီစဉ်ဖွဲ့စည်းဖို့ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ကို ယေရှု ဘယ်လို အသုံးပြုနေကြောင်း ဒီဆောင်းပါးမှာ သိရပါမယ်။ (မ. ၂၄:၄၅) ယေရှုနဲ့ သစ္စာရှိကျွန်ကို ကျွန်တော်တို့ တစ်ယောက်စီ ဘယ်လို ထောက်မနိုင်ကြောင်းလည်း သိရပါမယ်။

ဟောပြောခြင်းလုပ်ငန်းကို ယေရှု ကြီးကြပ်နေ

၃။ ယေရှု ဘယ်အခွင့်အာဏာ ပေးအပ်ခံရသလဲ။

၃ ဟောပြောခြင်းလုပ်ငန်းကို ယေရှု ကြီးကြပ်နေတယ်။ ဘယ်လို သိနိုင်သလဲ။ ယေရှု ကောင်းကင် မတက်ခင်လေး ဂါလိလဲတောင်ပေါ်မှာ သစ္စာရှိ နောက်လိုက်တချို့နဲ့ ဆုံတယ်။ “ကောင်းကင်မှာရော မြေကြီးမှာပါ အခွင့်အာဏာ ရှိသမျှကို ကျွန်တော့်ကို ပေးထားပြီ” လို့ ပြောတယ်။ ပြီးနောက် “လူမျိုးတကာဆီ သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ” လို့ ဆက်ပြောတာ သတိပြုပါ။ (မ. ၂၈:၁၈၊ ၁၉) တခြားအရာတွေ အပါအဝင် ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်ဖို့ အခွင့်အာဏာ ယေရှု ပေးအပ်ခံရတယ်။

၄။ ဟောပြောခြင်းလုပ်ငန်းကို ယေရှု ကြီးကြပ်နေဆဲ ဖြစ်ကြောင်း ဘာကြောင့် စိတ်ချနိုင်သလဲ။

၄ ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်း လုပ်ငန်းဟာ “လူမျိုးတကာဆီ” ရောက်မယ်၊ နောက်လိုက်တွေနဲ့အတူ ‘လောကစနစ် နိဂုံးပိုင်းအထိ အမြဲ ရှိနေမယ်’ လို့ ယေရှု ပြောတယ်။ (မ. ၂၈:၂၀) ယေရှုရဲ့ ကြီးကြပ်မှုအောက်မှာ ဟောပြောခြင်းလုပ်ငန်းကို ကျွန်တော်တို့ခေတ်အထိ ဆက်လုပ်ဆောင်မယ်ဆိုတာ အဲဒီစကားတွေက ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။

၅။ ဆာလံ ၁၁၀:၃ ပြည့်စုံရေးမှာ ကျွန်တော်တို့ ဘယ်လို ပါဝင်နေသလဲ။

၅ လောကစနစ် နိဂုံးပိုင်းမှာ လုပ်သား မလုံမလောက် ဖြစ်မှာ ယေရှု မစိုးရိမ်ဘူး။ “စစ်သည်အလုံးအရင်းနဲ့ သခင် ချီတက်လာတဲ့နေ့မှာ လူတွေဟာ စေတနာစိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပေးဆက်ကြလိမ့်မယ်” ဆိုတဲ့ ဆာလံဆရာရဲ့ ပရောဖက်ပြုစကား ပြည့်စုံမယ်ဆိုတာ ယေရှု သိလို့ပဲ။ (ဆာ. ၁၁၀:၃) ဟောပြောခြင်းလုပ်ငန်းမှာ သင် ပါဝင်နေတယ်ဆိုရင် ယေရှုနဲ့ သစ္စာရှိကျွန်ကို ထောက်မနေတာ၊ အဲဒီပရောဖက်ပြုချက် ပြည့်စုံအောင် ကူညီနေတာ ဖြစ်တယ်။ ဒီလုပ်ငန်း ဆက်ပြီးမြောက်နေတယ်။ ဒါပေမဲ့ အခက်အခဲတွေတော့ ရှိတယ်။

၆။ သတင်းကောင်း ဟောပြောသူတွေ ကြုံရတဲ့ အခက်အခဲတစ်ခုက ဘာလဲ။

၆ သတင်းကောင်း ဟောပြောသူတွေ ကြုံရတဲ့ အခက်အခဲတစ်ခုကတော့ ဆန့်ကျင်မှုပါ။ အယူဖောက်ပြန်သူ၊ ဘာသာရေး ခေါင်းဆောင်၊ နိုင်ငံရေးသမားတွေက ကျွန်တော်တို့ရဲ့ လုပ်ငန်းနဲ့ပတ်သက်ပြီး အလိမ်အညာတွေ ဖြန့်ကြတယ်။ ဆွေမျိုး၊ အသိအကျွမ်း၊ အလုပ်ဖော်တွေက အဲဒီသတင်းမှားတွေကို ယုံပြီး ယေဟောဝါကို ဆက်ဝတ်မပြုဖို့၊ ဆက်မဟောဖို့ ကျွန်တော်တို့ကို ဖိအားပေးကြတယ်။ နိုင်ငံတချို့မှာ ခြိမ်းခြောက်၊ တိုက်ခိုက်၊ ဖမ်းဆီး၊ ထောင်ချတဲ့အထိပဲ။ ဒါကို ကျွန်တော်တို့ မအံ့ဩကြပါဘူး။ “လူတွေက ကျွန်တော့်နာမည်ကြောင့် ခင်ဗျားတို့ကို မုန်းလိမ့်မယ်” လို့ ယေရှု ကြိုပြောထားတာပဲ။ (မ. ၂၄:၉) ဒီလိုမုန်းတီးခံရတယ်ဆိုတဲ့ အချက်ကိုက ယေဟောဝါရဲ့ မျက်နှာသာ ရနေတယ်ဆိုတဲ့ အထောက်အထားပဲ။ (မ. ၅:၁၁၊ ၁၂) ဒီဆန့်ကျင်မှုရဲ့ နောက်ကွယ်မှာ စာတန် ရှိနေတယ်။ ဒါပေမဲ့ စာတန်ထက် ယေရှု ပိုတန်ခိုးကြီးတယ်။ ယေရှုရဲ့ ထောက်မမှုကြောင့် လူမျိုးတကာဆီ သတင်းကောင်း ရောက်နေတယ်။ အထောက်အထားတွေကို သုံးသပ်ကြည့်ပါ။

၇။ ဗျာဒိတ် ၁၄:၆၊ ၇ ဘယ်လို ပြည့်စုံနေသလဲ။

၇ နိုင်ငံတော်သတင်း ဟောပြောသူတွေဟာ ဘာသာစကား အခက်အခဲကိုလည်း ကြုံရတယ်။ အဲဒီအခက်အခဲကို ကျော်ဖြတ်နိုင်မယ်ဆိုပြီး တမန်တော် ယောဟန်ကို ပေးတဲ့ စိတ်အာရုံမှာ ယေရှု ကြိုပြောတယ်။ (ဗျာဒိတ် ၁၄:၆၊ ၇ ကို ဖတ်ပါ။) ဘယ်လိုနည်းနဲ့လဲ။ နိုင်ငံတော်သတင်းကို လက်ခံတုံ့ပြန်ဖို့ လူများနိုင်သမျှ များများကို ကျွန်တော်တို့ အခွင့်အရေး ပေးနေတယ်။ jw.org ဝက်ဘ်ဆိုက်မှာ ကျမ်းစာ အခြေပြု အကြောင်းအရာတွေကို ဘာသာစကား ၁၀၀၀ ကျော်နဲ့ တင်ထားတဲ့အတွက် ကမ္ဘာတစ်ဝန်းက လူတွေ ဖတ်နိုင်ပြီ။ တပည့်ဖြစ်စေခြင်း လုပ်ငန်းအတွက် အဓိက လေ့လာမှု ကိရိယာ ဖြစ်တဲ့ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်ကိုလည်း ဘာသာစကား ၇၀၀ ကျော်နဲ့ ပြန်ဆိုဖို့ ခွင့်ပြုထားပြီ။ နားမကြားသူတွေအတွက် ဗီဒီယိုတွေ၊ မျက်စိ မမြင်သူတွေအတွက် မျက်မမြင်စာနဲ့ စာပေတွေ ရနိုင်ပြီ။ ကျမ်းစာပရောဖက်ပြုချက်တွေ ပြည့်စုံတာ မြင်နေရတယ်။ ‘ဘာသာစကား အမျိုးမျိုး ပြောတဲ့ လူမျိုးတွေထဲက လူတွေ’ ဟာ “စင်ကြယ်တဲ့ ဘာသာစကား” ဖြစ်တဲ့ ကျမ်းစာအမှန်တရားကို သင်ယူနေကြပြီ။ (ဇာ. ၈:၂၃။ ဇေ. ၃:၉) ယေရှုခရစ်ရဲ့ ကြီးကြပ်မှုအောက်မှာ အဲဒါတွေအားလုံး ပြီးမြောက်နေတာပါ။

၈။ ဟောပြောခြင်းလုပ်ငန်း ဘယ်လောက် အောင်မြင်နေသလဲ။

၈ ဒီနေ့ခေတ်မှာ နိုင်ငံနဲ့ ဒေသ ၂၄၀ မှာ လူပေါင်း ၈,၀၀၀,၀၀၀ ကျော်ဟာ ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ ပူးပေါင်းနေကြတယ်။ နှစ်တိုင်း လူပေါင်း ၁၀၀၀၀၀ ကျော် နှစ်ခြင်းခံနေတယ်။ အရေအတွက်ထက် ပိုအရေးကြီးတာကတော့ အဲဒီတပည့်သစ်တွေ တင်ပြနေတဲ့ “စရိုက်သစ်၊” ခရစ်ယာန် အရည်အသွေးတွေပါ။ (ကော. ၃:၈-၁၀) အကျင့်ပျက်တာ၊ ကြမ်းတမ်းတာ၊ တစ်ဖက်သတ်အစွဲ၊ လူမျိုးရေးစိတ်တွေကို သူတို့ ဖျောက်ပစ်နိုင်ကြပြီ။ ‘စစ်အတတ်ပညာကို မသင်ကြတော့ဘူး’ ဆိုတဲ့ ဟေရှာယ ၂:၄ ပါ ပရောဖက်ပြုချက်လည်း ပြည့်စုံနေတယ်။ စရိုက်သစ်ကို ဝတ်ဆင်ဖို့ ကြိုးစားရင်း ဘုရားအဖွဲ့အစည်းထဲ နောက်ထပ် လူတွေ ဝင်လာအောင် ကျွန်တော်တို့ ကူညီပေးနေကြတယ်။ ခရစ်တော် ယေရှုရဲ့ ကြီးကြပ်မှုနောက် လိုက်နေတယ်ဆိုတာ သက်သေပြနေကြတယ်။ (ယော. ၁၃:၃၅။ ၁ ပေ. ၂:၁၂) ဒါတွေဟာ မတော်တဆ ဖြစ်လာတာ မဟုတ်ဘူး။ ကျွန်တော်တို့ကို ယေရှု ကူညီထောက်မနေလို့ပါပဲ။

ကျွန်ကို ယေရှု ခန့်အပ်

၉။ မဿဲ ၂၄:၄၅-၄၇ မှာ အဆုံးပိုင်းကာလနဲ့ပတ်သက်ပြီး ယေရှု ဘာကြိုပြောသလဲ။

၉ မဿဲ ၂၄:၄၅-၄၇ ကို ဖတ်ပါ။ အဆုံးပိုင်းကာလအတွင်း ကျမ်းစာ လမ်းညွှန်ချက်တွေ ပေးဖို့ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ကို ခန့်အပ်မယ်လို့ ယေရှု ကြိုပြောတယ်။ ဒါကြောင့် ဒီနေ့ခေတ်မှာ အဲဒီကျွန် အလုပ်ကြိုးစားနေမယ်လို့ မျှော်လင့်နိုင်တယ်။ တကယ်လည်း ကြိုးစားနေပါတယ်။ ဘုရားလူမျိုးနဲ့ စိတ်ဝင်စားသူတွေအတွက် ‘အချိန်တန် အစာ’ ပြင်ဆင်ပေးဖို့ ဘိသိက်ခံ အမျိုးသား အုပ်စုလေးတစ်စုကို ကြီးကြပ်မှူး ယေရှု အသုံးပြုနေတယ်။ အဲဒီအမျိုးသားတွေဟာ တခြားသူတွေရဲ့ ယုံကြည်ခြင်းကို ထိန်းချုပ်နေရတယ်လို့ သဘောမထားကြဘူး။ (၂ ကော. ၁:၂၄) ယေရှုခရစ်ကိုပဲ “ခေါင်းဆောင်အဖြစ်၊ အမိန့်ပေးသူအဖြစ်” အသိအမှတ်ပြုကြတယ်။—ဟေရှာ. ၅၅:၄။

ပုံ– လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတစ်လျှောက် စိတ်ဝင်စားသူတွေနဲ့ ကျမ်းစာလေ့လာရာမှာ သုံးခဲ့တဲ့ စာပေများ။ ၁။ ၁၉၄၆– “ဘုရားသခင် သစ္စာတော် တည်စေသတည်း။” အဲဒီစာအုပ်ကို အမှုဆောင်မှာ ညီအစ်မတစ်ယောက် မောင်နှံတစ်စုံကို ဝေငှနေ။ ၂။ ၁၉၆၈– “ထာဝရအသက်သို့ ပို့ဆောင်သော သမ္မာတရား။“ အမျိုးသားတစ်ယောက် အဲဒီစာအုပ်ကို အိမ်မှာ ဖတ်နေ။ ၃။ ၁၉၈၂– “သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ် အသက်ရှင်နိုင်သည်။” ညီအစ်ကိုတစ်ယောက် အမျိုးသားတစ်ယောက်နဲ့ ကျမ်းစာသင်အံမှု လုပ်နေ။ ၄။ ၁၉၉၅– “ထာဝရအသက် ရစေသော အသိပညာ။” နေ့လယ်စာ နားချိန်မှာ ညီအစ်ကိုတစ်ယောက် အလုပ်ဖော်နဲ့ ကျမ်းစာသင်အံမှု လုပ်နေ။ ၅။ ၂၀၀၅ နဲ့ ၂၀၁၅– “သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း” နဲ့ “သမ္မာကျမ်းစာ သွန်သင်ရာများ။” ညီအစ်မတစ်ယောက် အမျိုးသမီးတစ်ယောက်နဲ့ ကျမ်းစာသင်အံမှု လုပ်နေ။ ၆။ ၂၀၂၁– “ပျော်စရာဘဝ ထာဝရ စံစားကြ။” ညီအစ်မတစ်ယောက် ဗီဒီယိုချိတ်ဆက်မှုကတစ်ဆင့် အမျိုးသမီးတစ်ယောက်နဲ့ ကျမ်းစာသင်အံမှု လုပ်နေ။

၁၀။ ရုပ်ပုံမှာ ပြထားတဲ့ ဘယ်စာပေက ထာဝရအသက်လမ်းပေါ် ရောက်လာအောင် သင့်ကို ကူညီပေးသလဲ။

၁၀ ၁၉၁၉ ကစပြီး သစ္စာရှိကျွန်ဟာ စိတ်ဝင်စားသူတွေအတွက် ကျမ်းစာစာပေ အမျိုးမျိုး ပြင်ဆင်ပေးတယ်။ ၁၉၂၁ မှာ ထုတ်ဝေတဲ့ ဘုရားသခင့် စောင်းတော် စာအုပ်က အခြေခံ ကျမ်းစာ သွန်သင်ချက်တွေ သိအောင် ကူညီပေးတယ်။ အချိန်ကာလ ပြောင်းလဲလာတာနဲ့အမျှ တခြားစာပေတွေကိုလည်း ပြင်ဆင်ပေးတယ်။ ဘယ်စာပေက ဘုရားကို သိကျွမ်းချစ်ခင်လာအောင် သင့်ကို ကူညီပေးသလဲ။ “ဘုရားသခင် သစ္စာတော် တည်စေသတည်း” စာအုပ်လား။ ထာဝရအသက်သို့ ပို့ဆောင်သော သမ္မာတရား၊ သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ် အသက်ရှင်နိုင်သည်၊ ထာဝရအသက် ရစေသော အသိပညာ၊ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း၊ သမ္မာကျမ်းစာ သွန်သင်ရာများ ဒါမှမဟုတ် နောက်ဆုံးထုတ် စာပေ ဖြစ်တဲ့ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်လား။ အဲဒီစာပေအားလုံးဟာ ထုတ်ဝေချိန်မှာ သူ့ခေတ်နဲ့သူ လိုအပ်ချက်နဲ့ ကွက်တိပဲ။

၁၁။ ကျွန်တော်တို့အားလုံး ကျမ်းစာအသိပညာ ဘာကြောင့် လိုအပ်သလဲ။

၁၁ စိတ်ဝင်စားသူတွေလောက်ပဲ နက်နဲတဲ့ ကျမ်းစာအသိပညာ လိုအပ်တာ မဟုတ်ဘူး။ ကျွန်တော်တို့ အားလုံး လိုအပ်ကြတယ်။ “မာတဲ့အစာကိုတော့ ရင့်ကျက်သူတွေပဲ စားတယ်” လို့ တမန်တော် ပေါလု ပြောတယ်။ သိလာတာကို လက်တွေ့ကျင့်သုံးခြင်းက “အမှားအမှန် ခွဲခြားသိနိုင်အောင်” ကူညီပေးတယ်လို့ ဆက်ပြောတယ်။ (ဟီ. ၅:၁၄) ကိုယ်ကျင့်တရား ယိုယွင်းကျဆင်းနေတဲ့ ဒီခေတ်မှာ ယေဟောဝါရဲ့ စံနှုန်းတွေအတိုင်း လိုက်လျှောက်ဖို့ ခက်ခဲနိုင်တယ်။ ဒါပေမဲ့ ယုံကြည်ခြင်း ခိုင်မာဖို့ လိုအပ်တဲ့ ဘုရားရေးရာ အစားအစာတွေ ရအောင် ယေရှု စီမံပေးနေတယ်။ အဲဒီထဲမှာ အဓိကကတော့ ကျမ်းစာပါ။ ယေရှုရဲ့ ညွှန်ကြားမှုအောက်မှာ သစ္စာရှိကျွန်က အဲဒီအစာကို ပြင်ဆင်ထုတ်လုပ်နေတယ်။

၁၂။ ယေရှုလိုပဲ ဘုရားနာမည်ကို ကျွန်တော်တို့ ဘယ်လို ဂုဏ်တင်ကြသလဲ။

၁၂ ယေရှုလိုပဲ ဘုရားနာမည်ကို ကျွန်တော်တို့ ဂုဏ်တင်ကြတယ်။ (ယော. ၁၇:၆၊ ၂၆) ဥပမာ၊ ၁၉၃၁ မှာ ယေဟောဝါသက်သေများဆိုတဲ့ ကျမ်းစာအခြေပြု နာမည် ခံယူခဲ့ကြတယ်။ ဒီနည်းအားဖြင့် ကျွန်တော်တို့အတွက် ဘုရားနာမည် ဘယ်လောက် အရေးပါကြောင်း၊ ဘုရားနာမည်နဲ့ အခေါ်ခံလိုကြောင်း ပြကြတယ်။ (ဟေရှာ. ၄၃:၁၀-၁၂) ၁၉၃၁၊ အောက်တိုဘာလကစပြီး ကင်းမျှော်စင် မဂ္ဂဇင်းတိုင်းရဲ့ မျက်နှာဖုံးမှာ ဘုရားနာမည် ပါလာတယ်။ ကမ္ဘာသစ် ဘာသာပြန်ကျမ်း မှာလည်း ဘုရားနာမည်ကို မူရင်းအတိုင်း သူ့နေရာနဲ့သူ ပြန်ထည့်သွင်းတယ်။ ဘာသာပြန်ကျမ်း များစွာကနေ ယေဟောဝါရဲ့ နာမည်ကို ထုတ်ပစ်ခဲ့တဲ့ အမည်ခံ ခရစ်ယာန်ချာ့ချ်တွေနဲ့တော့ တခြားစီပါပဲ။

နောက်လိုက်တွေကို ယေရှု စီစဉ်ဖွဲ့စည်းပေး

၁၃။ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ကို ယေရှု အသုံးပြုနေတယ်ဆိုတာ ဘာက ယုံကြည်စိတ်ချစေသလဲ။ (ယောဟန် ၆:၆၈)

၁၃ မြေကြီးပေါ်မှာ စင်ကြယ်တဲ့ ဝတ်ပြုရေးကို အားပေးမယ့် အဖွဲ့အစည်းတစ်ခုကို “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ကတစ်ဆင့် ယေရှု တည်ထောင်ထားတယ်။ အဲဒီအဖွဲ့အစည်းနဲ့ပတ်သက်ပြီး သင် ဘယ်လို ခံစားရသလဲ။ “သခင်၊ ဘယ်သူ့ဆီ သွားရမှာလဲ။ ထာဝရအသက် ရစေတဲ့ စကားတွေဟာ သခင့်ဆီမှာပဲ ရှိတာပါ” ဆိုပြီး ယေရှုကို ပြောတဲ့ တမန်တော် ပေတရုလို ခံစားရမှာပဲ။ (ယော. ၆:၆၈) ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့သာ မတွေ့ခဲ့ရင် ကျွန်တော်တို့ အခု ဘယ်မှာများ ရှိနေကြမလဲ။ ဘုရားအပေါ် ဆက်သစ္စာရှိနိုင်အောင် လိုအပ်သမျှကို အဖွဲ့အစည်းကတစ်ဆင့် ခရစ်တော် စီမံပေးနေတယ်။ အမှုဆောင်လုပ်ငန်းမှာ ထိရောက်အောင် လေ့ကျင့်ပေးနေတယ်။ ယေဟောဝါရဲ့ နှစ်သက်မှု ရအောင် “စရိုက်သစ်” ဝတ်ဆင်နိုင်ဖို့လည်း ကူညီပေးနေတယ်။—ဧ. ၄:၂၄။

၁၄။ ယေဟောဝါရဲ့ အဖွဲ့အစည်းဝင် ဖြစ်လို့ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း သင် ဘယ်လို အကျိုးရသလဲ။

၁၄ ခက်ခဲချိန်တွေမှာ ပညာရှိ လမ်းညွှန်ချက်တွေ ယေရှု ပေးတယ်။ အဲဒီအကျိုးကျေးဇူးကို ကိုဗစ်-၁၉ ကပ်ရောဂါ စဖြစ်ချိန်မှာ အထင်အရှား တွေ့ရတယ်။ လောက,က လူအများစု ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်မှာ ရှင်းလင်းတဲ့ ဘေးကင်းရေး လမ်းညွှန်ချက်တွေ ကျွန်တော်တို့ ရဖို့ ယေရှု စီမံပေးတယ်။ လူတောထဲ သွားချိန် နှာခေါင်းစည်း တပ်ဖို့၊ ခပ်ခွာခွာ နေဖို့ ကျွန်တော်တို့ အားပေးခံရတယ်။ အကြီးအကဲတွေလည်း အသင်းတော်မှာ ရှိတဲ့သူအားလုံးနဲ့ အမြဲ ဆက်သွယ်နေဖို့၊ သူတို့ရဲ့ ရုပ်ပိုင်း၊ ဘုရားရေးရာပိုင်း လိုအပ်ချက်တွေကို အမြဲ စောင့်ကြည့်နေဖို့ သတိပေးခံရတယ်။ (ဟေရှာ. ၃၂:၁၊ ၂) အုပ်ချုပ်ရေးအဖွဲ့ဆီက နောက်ဆုံးရသတင်းတွေကနေလည်း ထပ်ဆင့် လမ်းညွှန်မှုနဲ့ အားပေးမှုတွေ ကျွန်တော်တို့ ရရှိတယ်။

၁၅။ ကပ်ရောဂါကာလအတွင်း အစည်းအဝေး၊ ဟောပြောခြင်းလုပ်ငန်းနဲ့ပတ်သက်ပြီး ဘာလမ်းညွှန်ချက်တွေ ရသလဲ။ ဘာရလဒ်တွေ ရသလဲ။

၁၅ ကပ်ရောဂါကာလအတွင်း အသင်းတော် အစည်းအဝေးတွေ ဘယ်လို ကျင်းပရမယ်၊ ဟောပြောခြင်းလုပ်ငန်းမှာ ဘယ်လို ဆက်ပါဝင်ရမယ်ဆိုတဲ့ ရှင်းလင်းတဲ့ ညွှန်ကြားချက်တွေလည်း ကျွန်တော်တို့ ရရှိတယ်။ ပတ်စဉ် အစည်းအဝေး၊ တိုက်နယ်အစည်းအဝေး၊ ခရိုင်အစည်းအဝေးတွေကို ဗီဒီယို ချိတ်ဆက်မှုနဲ့ ချက်ချင်း ကျင်းပကြတယ်။ စာရေးပြီး၊ ဖုန်းဆက်ပြီး စသက်သေခံကြတယ်။ ကျွန်တော်တို့ရဲ့ ကြိုးစားမှုကို ယေဟောဝါ ကောင်းချီးပေးတယ်။ ကြေညာသူနှုန်းသစ်တွေ ရတယ်လို့ ဌာနခွဲများစွာ သတင်းပို့ကြတယ်။ ဒီကာလအတွင်း အားရှိစရာ တွေ့ကြုံမှု အများကြီး ရရှိကြတယ်။—“ဟောပြောခြင်းလုပ်ငန်းကို ယေဟောဝါ ကောင်းချီးပေး” လေးထောင့်ကွက်ကို ကြည့်ပါ။

ဟောပြောခြင်းလုပ်ငန်းကို ယေဟောဝါ ကောင်းချီးပေး

  • ဗဟိုအမေရိကက မောင်နှံတစ်စုံဟာ ဥရောပမှာ နေတာ ၁၅ နှစ်ကျော်ပြီ။ ကပ်ရောဂါဖြစ်တော့ ဗဟိုအမေရိကမှာ ကျန်ခဲ့တဲ့ ဆွေမျိုး၊ အသိအကျွမ်းတွေကို ဟောဖို့ ဆုံးဖြတ်လိုက်တယ်။ ယောက်တိုင်းကို ဟောနိုင်ဖို့ စာပေါင်း ၂၀၀ ကျော် မက်ဆေ့ချ် ပို့ခဲ့ကြတယ်။ ပြန်လည်ပတ်မှုတွေ လုပ်ပြီး စိတ်ဝင်စားသူတွေဆီ စာပေနဲ့ ဗီဒီယိုလင့်တွေ ပို့ပေးတယ်။ သူတို့ရဲ့ ကြိုးစားမှုကို ယေဟောဝါ ကောင်းချီးပေးတယ်။ ရှစ်လအတွင်း ကျမ်းစာသင်အံမှု ၁၄ ခု ကျင်းပနိုင်ခဲ့ကြတယ်။

  • ၂၀၂၀၊ နိုဝင်ဘာလ ကင်ပိန်းအတွင်း “ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ” ကင်းမျှော်စင် ကို ကျွန်တော်တို့ ဝေငှခဲ့ကြတယ်။ မူလတန်းကျောင်းတုန်းက အတန်းဖော် အမျိုးသားတစ်ယောက်ဆီ ဖုန်းဆက်ဖို့ ညီအစ်ကိုတစ်ယောက် ဆုံးဖြတ်လိုက်တယ်။ အဲဒီအမျိုးသားက မဂ္ဂဇင်း လက်ခံပြီး နောက်တစ်ပတ်မှာ အဲဒီအကြောင်း ပြန်ဆွေးနွေးဖို့ သဘောတူတယ်။ နောက်တစ်ပတ်မှာ ဆွေးနွေးကြတော့ အဲဒီအမျိုးသားက “ကျွန်တော့်ကို ဘုရား ဘာလုပ်စေချင်တယ်ဆိုတာ သိဖို့ ကူညီပေးပါဆိုပြီး ခင်ဗျား ဖုန်းမဆက်ခင်လေးမှာပဲ ကျွန်တော် ဆုတောင်းနေတာ” လို့ ပြောတယ်။ ကျမ်းစာသင်အံမှု လက်ခံလိုက်တယ်။ အစည်းအဝေးတွေ တက်ပြီး သိလာတာကို လက်တွေ့ကျင့်သုံးနေတယ်။ “ဘဝမှာ တစ်ခုခု လိုနေတယ်လို့ ခံစားနေရတာ။ ယေဟောဝါကို လိုနေတာ ဖြစ်မှန်း အခု သိပြီ။ ဘုရားနဲ့ ရင်းနှီးအောင် ကူညီပေးလို့ ခင်ဗျားကို နေ့တိုင်း ကျေးဇူးတင်တယ်” လို့ ညီအစ်ကိုကို ပြောတယ်။

၁၆။ ဘာကို ယုံကြည်စိတ်ချနိုင်သလဲ။

၁၆ ကပ်ရောဂါနဲ့ပတ်သက်ပြီး အဖွဲ့အစည်း အကဲပိုလွန်းတယ်လို့ တချို့ ခံစားမိမယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရတဲ့ လမ်းညွှန်ချက်တွေ ပညာရှိကြောင်း ထင်ရှားတာ အကြိမ်ကြိမ်ပါပဲ။ (မ. ၁၁:၁၉) လူမျိုးတော်ကို ယေရှု မေတ္တာနဲ့ ဦးဆောင်ပုံအကြောင်း စဉ်းစားလိုက်တိုင်း မနက်ဖြန် ဘာတွေပဲ ဖြစ်လာပါစေ ကျွန်တော်တို့နဲ့အတူ ယေဟောဝါဘုရားနဲ့ ချစ်သားတော် ရှိနေမယ်ဆိုတာ ပိုယုံကြည်စိတ်ချလာတယ်။—ဟီဘရူး ၁၃:၅၊ ၆ ကို ဖတ်ပါ။

၁၇။ ယေရှုရဲ့ ကြီးကြပ်မှုအောက် အမှုဆောင်ရတာနဲ့ပတ်သက်ပြီး ဘယ်လို ခံစားရသလဲ။

၁၇ ယေရှုရဲ့ ကြီးကြပ်မှုအောက် အမှုဆောင်ရတာ ကောင်းချီးပါပဲ။ ယဉ်ကျေးမှု၊ လူမျိုး၊ ဘာသာစကား ခွဲခြားမှု မရှိတဲ့ အဖွဲ့အစည်းဝင် ဖြစ်နေကြတယ်။ ကျမ်းစာ လမ်းညွှန်ချက် များစွာ ရနေကြတယ်။ ဟောပြောခြင်းလုပ်ငန်းအတွက် ကောင်းကောင်း လေ့ကျင့်ခံနေရတယ်။ စရိုက်သစ် ဝတ်ဆင်နိုင်ဖို့၊ အချင်းချင်း ချစ်ဖို့ တစ်ယောက်ချင်းစီ သွန်သင်ခံနေရတယ်။ ကြီးကြပ်မှူး ယေရှုကို ရထားလို့ ဂုဏ်ယူဝါကြွားစရာ အကြောင်းကောင်း အများကြီး ရှိတာ သေချာပါတယ်။

သင် ဘယ်လို ဖြေမလဲ

  • ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်းကို ယေရှု ကြီးကြပ်နေတယ်ဆိုတာ သင် ဘာကြောင့် ယုံကြည်စိတ်ချသလဲ။

  • ကျမ်းစာ လမ်းညွှန်ချက်တွေ ပေးဖို့ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ကို ယေရှု ညွှန်ကြားနေတယ်ဆိုတာ သင် ဘာကြောင့် ယုံကြည်စိတ်ချသလဲ။

  • ခက်ခဲတဲ့ အချိန်အတွင်း နောက်လိုက်တွေကို ယေရှု လမ်းညွှန်နေတယ်ဆိုတာ သင် ဘာကြောင့် ယုံကြည်စိတ်ချသလဲ။

သီချင်း ၁၆ ဘိသိက်ခံ သားတော်အတွက် ယေဟောဝါကို ချီးမွမ်းကြ

a ယောက်ျား၊ မိန်းမ၊ ကလေး သန်းပေါင်းများစွာဟာ သတင်းကောင်း ထက်သန်စွာ ဟောနေကြတယ်။ အဲဒီထဲမှာ သင် ပါဝင်သလား။ ဒါဆိုရင် သခင် ယေရှုခရစ်ရဲ့ ကြီးကြပ်မှုအောက်မှာ လုပ်ဆောင်နေတာပဲ။ ဒီနေ့ခေတ် ဟောပြောခြင်းလုပ်ငန်းကို ယေရှု ကြီးကြပ်နေကြောင်း အထောက်အထားတွေကို ဒီဆောင်းပါးမှာ လေ့လာကြပါမယ်။ ဒီအကြောင်းအရာကို လေ့လာခြင်းက ယေဟောဝါကို ခရစ်တော်ရဲ့ ဦးဆောင်မှုအောက်ကနေ ဆက်ဝတ်ပြုမယ်လို့ စိတ်ပိုင်းဖြတ်နိုင်အောင် ကူညီပေးပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ