ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၂ ဇူလိုင် စာ. ၁၄-၁၉
  • သင့်အပေါ် သက်ရောက်မှု ရှိတဲ့ ရှေးပရောဖက်ပြုချက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်အပေါ် သက်ရောက်မှု ရှိတဲ့ ရှေးပရောဖက်ပြုချက်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပရောဖက်ပြုချက်မှာ ပါတဲ့ ဇာတ်ကောင်များ
  • ပရောဖက်ပြုချက် ဘယ်လို ပြည့်စုံလာသလဲ
  • ပရောဖက်ပြုချက်ကနေ ကျွန်တော်တို့ ဘယ်လို အကျိုးရနေသလဲ
  • ခ၁ ကျမ်းစာသတင်းစကား
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • မြွေ၏အမျိုးအနွယ်—မည်သို့ထုတ်ဖော်ခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • သမ္မာကျမ်းစာ၏အလုံးစုံ ဆီလျော်ညီညွတ်မှု
    သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
  • ရည်ရွယ်တော်မူချက်များကို ယေဟောဝါဖော်ပြ
    ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
က၂၂ ဇူလိုင် စာ. ၁၄-၁၉

လေ့လာရန် ဆောင်းပါး ၃၀

သင့်အပေါ် သက်ရောက်မှု ရှိတဲ့ ရှေးပရောဖက်ပြုချက်

‘မင်းနဲ့ မိန်းမကို ငါ ရန်ငြိုးဖွဲ့စေမယ်။’—က. ၃:၁၅။

သီချင်း ၁၅ ယေဟောဝါရဲ့ သားဦးကို ကြိုဆိုဂုဏ်ပြု

အကြိုသုံးသပ်ချက်a

၁။ အာဒံနဲ့ ဧဝ အပြစ်လုပ်ပြီး မကြာခင်မှာ ယေဟောဝါ ဘာလုပ်သလဲ။ (ကမ္ဘာဦး ၃:၁၅)

အာဒံနဲ့ ဧဝ အပြစ်လုပ်ပြီး မကြာခင်မှာပဲ ယေဟောဝါက အရေးကြီးတဲ့ ပရောဖက်ပြုချက်တစ်ခုကတစ်ဆင့် လူသားမျိုးနွယ်ကို မျှော်လင့်ချက် ပေးခဲ့တယ်။ အဲဒီပရောဖက်ပြုချက်ကို ကမ္ဘာဦး ၃:၁၅ မှာ တွေ့ရတယ်။—ဖတ်ပါ။

၂။ ဒီပရောဖက်ပြုချက်ဟာ ဘာကြောင့် ထူးခြားသလဲ။

၂ ဒီပရောဖက်ပြုချက်ဟာ ကျမ်းစာရဲ့ ဦးဆုံး ကျမ်းစောင်မှာ ပါတယ် ဆိုပေမဲ့ ကျန်တဲ့ ကျမ်းစောင်အားလုံးနဲ့လည်း တစ်နည်းနည်းနဲ့ ဆက်စပ်နေတယ်။ ကြိုးတစ်ချောင်းက ထင်းတွေကို တစ်စည်းတည်း ဖြစ်အောင် ပေါင်းစည်းပေးသလို ကမ္ဘာဦး ၃:၁၅ မှာ ပါတဲ့ စကားတွေက ကျမ်းတစ်စောင်စီမှာ ပါတဲ့ အကြောင်းအရာကို သတင်းစကားတစ်ခုအဖြစ် ပေါင်းစည်းပေးတယ်။ အဲဒီသတင်းစကားကတော့ မာရ်နတ်နဲ့ ဆိုးညစ်တဲ့ နောက်လိုက်အားလုံးကို ဖျက်ဆီးဖို့ ကယ်တင်ရှင်ကို ဘုရား စေလွှတ်မယ်ဆိုတာပဲ။b ယေဟောဝါကို ချစ်မြတ်နိုးသူတွေအတွက် ကောင်းချီးပါပဲ။

၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

၃ ကမ္ဘာဦး ၃:၁၅ ပါ ပရောဖက်ပြုချက်နဲ့ပတ်သက်ပြီး အောက်ပါမေးခွန်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်– ပရောဖက်ပြုချက်မှာ ပါတဲ့ ဇာတ်ကောင်တွေက ဘယ်သူတွေလဲ။ ပရောဖက်ပြုချက် ဘယ်လို ပြည့်စုံလာသလဲ။ ဒီပရောဖက်ပြုချက်ကနေ ကျွန်တော်တို့ ဘယ်လို အကျိုးရနေသလဲ။

ပရောဖက်ပြုချက်မှာ ပါတဲ့ ဇာတ်ကောင်များ

ပုံ– “ကမ္ဘာဦး ၃:၁၄၊ ၁၅ ပါ ဇာတ်ကောင်များ။” ၁။ မြွေ– စာတန်ကို နာမ်ဝိညာဉ် ပုဂ္ဂိုလ်အဖြစ် ပုံဖော်ထား။ ၂။ မြွေရဲ့ မျိုးနွယ်– ဆိုးသွမ်းတဲ့ နာမ်ဝိညာဉ် ပုဂ္ဂိုလ်များ။ ၃။ မိန်းမ– သစ္စာရှိတဲ့ နာမ်ဝိညာဉ် ပုဂ္ဂိုလ်များ။ ၄။ မိန်းမရဲ့ မျိုးနွယ်– ကောင်းကင်မှာ ယေရှုခရစ်နဲ့ ဘိသိက်ခံ တွဲဖက်အုပ်ချုပ်သူများ။ ရုပ်ပုံတွေကို စာပိုဒ် ၄၊ ၅၊ ၇၊ ၈ မှာ ဆွေးနွေးထား။

၄။ “မြွေ” ဟာ ဘယ်သူလဲ။ ဘယ်လို သိရသလဲ။

၄ ကမ္ဘာဦး ၃:၁၄၊ ၁၅ မှာ “မြွေ” နဲ့ မြွေရဲ့ “မျိုးနွယ်၊” “မိန်းမ” နဲ့ “မိန်းမရဲ့ မျိုးနွယ်” အကြောင်း ဖော်ပြထားတယ်။ သူတို့ ဘယ်သူလဲဆိုတာ သိဖို့ ကျမ်းစာက ကူညီပေးတယ်။c “မြွေ” အကြောင်းကနေ စကြရအောင်။ ပကတိ မြွေတစ်ကောင်ဟာ ဧဒင်ဥယျာဉ်မှာ ယေဟောဝါ ပြောတဲ့ စကားတွေကို နားမလည်နိုင်ဘူး။ ဒါကြောင့် ယေဟောဝါ စီရင်ချက် ချလိုက်တာ အသိဉာဏ်ရှိ ပုဂ္ဂိုလ်ပဲ ဖြစ်ရမယ်။ ဘယ်သူလဲ။ ဗျာဒိတ် ၁၂:၉ မှာ “ရှေးမြွေဟောင်း” ဆိုတာ စာတန် မာရ်နတ် ဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ဒါဆိုရင် မြွေရဲ့ မျိုးနွယ်ကကော။

စာတန်ကို နာမ်ဝိညာဉ် ပုဂ္ဂိုလ်အဖြစ် ပုံဖော်ထား။

မြွေ

ဗျာဒိတ် ၁၂:၉ မှာ “ရှေးမြွေဟောင်း” အဖြစ် ဖော်ပြထားတဲ့ စာတန် မာရ်နတ် (စာပိုဒ် ၄ ကို ကြည့်ပါ)

၅။ မြွေရဲ့ မျိုးနွယ်မှာ ဘယ်သူတွေ ပါဝင်သလဲ။

၅ ကျမ်းစာမှာ မျိုးနွယ်အကြောင်း ပုံဆောင်သဘောနဲ့ ဖော်ပြတဲ့အခါ မိမိတို့ရဲ့ ပုံဆောင် ဖခင်အတိုင်း တွေးခေါ်၊ ပြုမူသူတွေကို ရည်ညွှန်းလေ့ ရှိတယ်။ ဒါကြောင့် မြွေရဲ့ မျိုးနွယ်ဆိုတာ စာတန်လိုပဲ ယေဟောဝါဘုရားကို ပုန်ကန်တဲ့၊ ဘုရားလူမျိုးကို ဆန့်ကျင်တဲ့ သစ္စာမဲ့ ကောင်းကင်တမန်တွေ၊ လူတွေကို ဆိုလိုတယ်။ နောဧခေတ်တုန်းက ကောင်းကင် အခွင့်အရာကို စွန့်တဲ့ ကောင်းကင်တမန်တွေ၊ ဖခင် မာရ်နတ်လို ပြုမူတဲ့ လူဆိုးတွေ ပါဝင်တယ်။—က. ၆:၁၊ ၂။ ယော. ၈:၄၄။ ၁ ယော. ၅:၁၉။ ယု. ၆။

ဆိုးသွမ်းတဲ့ နာမ်ဝိညာဉ် ပုဂ္ဂိုလ်များ။

မြွေရဲ့ မျိုးနွယ်

ယေဟောဝါဘုရားကို ပုန်ကန်တဲ့၊ ဘုရားလူမျိုးကို ဆန့်ကျင်တဲ့ သစ္စာမဲ့ ကောင်းကင်တမန်တွေ၊ လူတွေ (စာပိုဒ် ၅ ကို ကြည့်ပါ)

၆။ “မိန်းမ” ဆိုတာ ဘာကြောင့် ဧဝ မဖြစ်နိုင်သလဲ။

၆ “မိန်းမ” ဘယ်သူလဲ အဖြေရှာကြစို့။ ဧဝ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲ။ အကြောင်းရင်း တစ်ခုကိုပဲ စဉ်းစားကြည့်ပါ။ မြွေရဲ့ ခေါင်းကို မိန်းမရဲ့ မျိုးနွယ် ‘ကြိတ်မယ်’ လို့ ပရောဖက်ပြုချက်မှာ ပြောထားတယ်။ ဆွေးနွေးခဲ့တဲ့အတိုင်း မြွေဟာ ဆိုးညစ်တဲ့ ကောင်းကင်တမန် စာတန် ဖြစ်တယ်။ ဧဝကနေ ဆင်းသက်လာတဲ့ မစုံလင်သူ လူသားတစ်ယောက်မှာမှ စာတန်ကို ဖျက်ဆီးနိုင်လောက်တဲ့ အစွမ်း မရှိဘူး။ ဒါဆိုရင် စာတန် ဘယ်လို ဖျက်ဆီးခံရမလဲ။

၇။ ဗျာဒိတ် ၁၂:၁၊ ၂၊ ၅၊ ၁၀ အရ ကမ္ဘာဦး ၃:၁၅ မှာ ပါတဲ့ မိန်းမဟာ ဘယ်သူလဲ။

၇ ကမ္ဘာဦး ၃:၁၅ မှာ ပါတဲ့ မိန်းမ ဘယ်သူလဲဆိုတာ နောက်ဆုံးကျမ်းစောင်မှာ ဖော်ပြထားတယ်။ (ဗျာဒိတ် ၁၂:၁၊ ၂၊ ၅၊ ၁၀ ကို ဖတ်ပါ။) လူသားမိန်းမ မဟုတ်ဘူး။ လကို ခြေနဲ့ နင်းထားတယ်။ ခေါင်းပေါ်မှာ ကြယ် ၁၂ လုံး ပါတဲ့ သရဖူ ဆောင်းထားတယ်။ ဘုရားသခင့် နိုင်ငံတော်ဆိုတဲ့ သာမန် မဟုတ်တဲ့ ကလေးကို မွေးဖွားတယ်။ နိုင်ငံတော်ဟာ ကောင်းကင်မှာ ဖြစ်လို့ မိန်းမလည်း ကောင်းကင်မှာပဲ ဖြစ်ရမယ်။ ဒါကြောင့် မိန်းမဆိုတာ သစ္စာရှိ ကောင်းကင်တမန်တွေနဲ့ ဖွဲ့စည်းထားတဲ့ ယေဟောဝါအဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာ အပိုင်းကို ဆိုလိုတယ်။—ဂလ. ၄:၂၆။

သစ္စာရှိတဲ့ နာမ်ဝိညာဉ် ပုဂ္ဂိုလ်များ။

မိန်းမ

သစ္စာရှိ ကောင်းကင်တမန်တွေနဲ့ ဖွဲ့စည်းထားတဲ့ ယေဟောဝါအဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာ အပိုင်း (စာပိုဒ် ၇ ကို ကြည့်ပါ)

၈။ မိန်းမ မျိုးနွယ်ရဲ့ အဓိက အပိုင်းဟာ ဘယ်သူလဲ။ ဘယ်အချိန်မှာ ဖြစ်လာသလဲ။ (ကမ္ဘာဦး ၂၂:၁၅-၁၈)

၈ မိန်းမ မျိုးနွယ်ရဲ့ အဓိက အပိုင်း ဘယ်သူလဲဆိုတာ သိဖို့လည်း ကျမ်းစာက ကူညီပေးတယ်။ သူဟာ အာဗြဟံရဲ့ မျိုးနွယ် ဖြစ်ရမယ်။ (ကမ္ဘာဦး ၂၂:၁၅-၁၈ ကို ဖတ်ပါ။) ပရောဖက်ပြုထားတဲ့အတိုင်း ယေရှုဟာ သစ္စာရှိ ဘိုးဘေး အာဗြဟံရဲ့ မျိုးနွယ်ကနေ ဆင်းသက်လာတယ်။ (လု. ၃:၂၃၊ ၃၄) ဒါပေမဲ့ စာတန် မာရ်နတ်ကို ဖျက်ဆီးရမှာ ဖြစ်လို့ မျိုးနွယ်ဟာ သာမန် လူသားထက် အစွမ်းတန်ခိုး ကြီးနေမှ ရမယ်။ ဒါကြောင့် ယေရှု အသက် ၃၀ ခန့်မှာ သန့်ရှင်းသော စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရတယ်။ အဲဒီအချိန်မှာ မိန်းမ မျိုးနွယ်ရဲ့ အဓိက အပိုင်း ဖြစ်လာတယ်။ (ဂလ. ၃:၁၆) ယေရှု သေဆုံး၊ ရှင်ပြန်ထမြောက်ပြီးနောက် ဘုရားက “ဘုန်းအသရေ၊ ဂုဏ်အသရေနဲ့ ချီးမြှောက်တယ်။” “မာရ်နတ် လုပ်သမျှကို ချေဖျက်ဖို့” အခွင့်အာဏာ အပါအဝင် “ကောင်းကင်မှာရော မြေကြီးမှာပါ အခွင့်အာဏာ ရှိသမျှကို” ပေးတယ်။—ဟီ. ၂:၇။ ၁ ယော. ၃:၈။ မ. ၂၈:၁၈။

ကောင်းကင်မှာ ယေရှုခရစ်နဲ့ ဘိသိက်ခံ တွဲဖက်အုပ်ချုပ်သူများ။

မိန်းမရဲ့ မျိုးနွယ်

ယေရှုခရစ်၊ တွဲဖက်အုပ်ချုပ်သူ ဘိသိက်ခံ ၁၄၄,၀၀၀ (စာပိုဒ် ၈-၉ ကို ကြည့်ပါ)

၉-၁၀။ (က) မိန်းမရဲ့ မျိုးနွယ်မှာ ဘယ်သူတွေ ပါသေးသလဲ။ ဘယ်အချိန်မှာ မျိုးနွယ်အဝင် ဖြစ်လာသလဲ။ (ခ) နောက်ထပ် ဘာဆွေးနွေးကြမလဲ။

၉ မျိုးနွယ်ရဲ့ ဒုတိယ အပိုင်း ရှိသေးတယ်။ ဂျူးလူမျိုးနဲ့ လူမျိုးခြား ဘိသိက်ခံ ခရစ်ယာန်တွေကို “ခင်ဗျားတို့ဟာ ခရစ်တော် ပိုင်ဆိုင်သူတွေ ဖြစ်တဲ့အတွက် အာဗြဟံရဲ့ မျိုးနွယ်စစ်စစ်ပဲ၊ ကတိတော်ကို အမွေခံရမယ့်သူတွေပဲ” လို့ တမန်တော် ပေါလု ပြောချိန်မှာ ဒုတိယ အပိုင်း ဘယ်သူလဲဆိုတာ ဖော်ပြခဲ့တယ်။ (ဂလ. ၃:၂၈၊ ၂၉) ခရစ်ယာန်တစ်ယောက် သန့်ရှင်းသော စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရချိန်မှာ မိန်းမ မျိုးနွယ်အဝင် ဖြစ်လာတယ်။ ဒါကြောင့် မျိုးနွယ်မှာ ယေရှုခရစ်၊ တွဲဖက်အုပ်ချုပ်သူ ၁၄၄,၀၀၀ တို့ ပါဝင်တယ်။ (ဗျာ. ၁၄:၁) သူတို့အားလုံး အဖ ယေဟောဝါဘုရားလို တွေးခေါ်၊ ပြုမူဖို့ ကြိုးစားကြတယ်။

၁၀ ကမ္ဘာဦး ၃:၁၅ မှာ ပါတဲ့ ဇာတ်ကောင်တွေ ဘယ်သူလဲဆိုတာ သိသွားကြပြီ။ ဒီပရောဖက်ပြုချက်ကို ယေဟောဝါ ဘယ်လို အဆင့်ဆင့် ပြည့်စုံစေကြောင်း၊ ကျွန်တော်တို့ ဘယ်လို အကျိုးရနေကြောင်း ဆွေးနွေးကြစို့။

ပရောဖက်ပြုချက် ဘယ်လို ပြည့်စုံလာသလဲ

၁၁။ မိန်းမ မျိုးနွယ် ဘယ်လိုနည်းနဲ့ “ဖနောင့်” ဒဏ်ရာ ရသွားသလဲ။

၁၁ ကမ္ဘာဦး ၃:၁၅ ပါ ပရောဖက်ပြုချက်အရ မြွေက မိန်းမ မျိုးနွယ်ရဲ့ “ဖနောင့်ကို” ပေါက်မယ်။ ဂျူးတွေ၊ ရောမတွေကို အသုံးချပြီး ဘုရားသားတော်ကို စာတန် သတ်ပစ်ချိန်မှာ အဲဒီအချက် ပြည့်စုံခဲ့တယ်။ (လု. ၂၃:၁၃၊ ၂၀-၂၄) ပကတိ ဖနောင့်ဒဏ်ရာကြောင့် လူတစ်ယောက် ခဏတစ်ဖြုတ် လမ်းမလျှောက်နိုင်သလိုပဲ ယေရှု သင်္ချိုင်းမှာ သုံးရက်ကြာ ရှိနေစဉ် ဘာမှ မလုပ်နိုင်ခဲ့ဘူး။—မ. ၁၆:၂၁။

၁၂။ ဘယ်အချိန်မှာ ဘယ်လိုနည်းနဲ့ မြွေ ခေါင်းကြိတ်ခံရမလဲ။

၁၂ ကမ္ဘာဦး ၃:၁၅ ပါ ပရောဖက်ပြုချက် ပြည့်စုံဖို့ဆိုရင် ယေရှု သင်္ချိုင်းမှာပဲ အဆုံးသတ်သွားလို့ မရဘူး။ ဘာကြောင့်လဲ။ မြွေရဲ့ ခေါင်းကို ကြိတ်ရဦးမှာမို့လို့ပဲ။ ဒါကြောင့် ပြန်ထမြောက်ရမယ်။ တကယ်လည်း သေဆုံးပြီး သုံးရက်မြောက်နေ့မှာ မသေနိုင်တဲ့ နာမ်ဝိညာဉ် ပုဂ္ဂိုလ်အဖြစ် ပြန်ထမြောက်လာတယ်။ ဘုရား သတ်မှတ်ထားချိန်မှာ စာတန်ကို ယေရှု ဖျက်ဆီးပါလိမ့်မယ်။ (ဟီ. ၂:၁၄) ဘုရားရန်သူ ဖြစ်တဲ့ မြွေရဲ့ မျိုးနွယ်အားလုံးကို ဖျက်ဆီးချိန်မှာ ခရစ်တော်နဲ့အတူ တွဲဖက်အုပ်ချုပ်သူတွေ ပူးပေါင်းပါဝင်မယ်။—ဗျာ. ၁၇:၁၄။ ၂၀:၄၊ ၁၀။d

ကမ္ဘာဦး ၃:၁၅ ပြည့်စုံချက် အဓိက ဖြစ်ရပ်တချို့

ကမ္ဘာဦး ၃:၁၅ ပြည့်စုံချက် အဓိက ဖြစ်ရပ်တချို့ကို ဖော်ပြထားတဲ့ အချိန်ဇယား။ က။ ဘီစီ ၁၉၄၃– ကြယ်လင်းလက်နေတဲ့ ကောင်းကင်ကို အာဗြဟံ ကြည့်နေ။ ခ။ အေဒီ ၂၉– ယေရှုကို ယောဟန် နှစ်ခြင်းပေးပြီးနောက် ယေရှု သန့်ရှင်းသော စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရ။ ဂ။ အေဒီ ၃၃ ပင်တေကုတ္တေပွဲ– ယေရှု သစ်တိုင်တင်ခံရ။ ဃ။ အေဒီ ၃၃ ပင်တေကုတ္တေပွဲ– ခရစ်တော် နောက်လိုက်တွေရဲ့ ခေါင်းပေါ် “လျှာသဏ္ဌာန် မီးလျှံတွေ” ပေါ်နေ။ င။ အေဒီ ၁၉၁၄ ခန့်– စာတန်နဲ့ နတ်ဆိုးတွေကို ကောင်းကင်ကနေ ယေရှု နှင်ထုတ်။ စ။ အနှစ်တစ်ထောင် အုပ်ချုပ်မှုအဆုံး– စာတန်နဲ့ နတ်ဆိုးတွေ ကန့်မီးအိုင်ထဲ ပစ်ချခံရ။
  1. က။ ဘီစီ ၁၉၄၃

    မျိုးနွယ်ရဲ့ အဓိက အပိုင်းဟာ အာဗြဟံ မျိုးနွယ်ကနေ ဆင်းသက်လာမယ်ဆိုတဲ့ ဘုရားကတိ စတင် ပြည့်စုံလာတယ်။ (က. ၁၂:၁-၃။ ၂၂:၁၅-၁၈)

  2. ခ။ အေဒီ ၂၉

    ယေရှု ဘိသိက်ပေးခံရပြီး မိန်းမ မျိုးနွယ်ရဲ့ အဓိက အပိုင်း ဖြစ်လာတယ်။ (မ. ၃:၁၆။ ဂလ. ၃:၁၆)

  3. ဂ။ အေဒီ ၃၃ ပသခါပွဲ

    ယေရှု ဖနောင့်ဒဏ်ရာရတယ်။ သုံးရက်ကြာပြီးနောက် ဒဏ်ရာ ပျောက်ကင်းသွားတယ်။ (မ. ၁၆:၂၁။ ၂၆:၁၊ ၂)

  4. ဃ။ အေဒီ ၃၃ ပင်တေကုတ္တေပွဲ

    မိန်းမ မျိုးနွယ်ရဲ့ ဒုတိယ အပိုင်းမှာ ဦးဆုံး ပါဝင်သူတွေ သန့်ရှင်းသော စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရတယ်။ (တ. ၂:၁-၄။ ဂလ. ၃:၂၉)

  5. င။ ၁၉၁၄ ခန့်

    စာတန် ကောင်းကင်ကနေ ပစ်ချခံရတယ်။ မိန်းမ မျိုးနွယ်ကို အရှိန်အဟုန်မြှင့် နှိပ်စက်ညှဉ်းပန်းတယ်။ (ဗျာ. ၁၂:၉၊ ၁၂၊ ၁၇)

  6. စ။ အနှစ်တစ်ထောင် အုပ်ချုပ်မှုအဆုံး

    စာတန် အပြီးအပိုင် ဖျက်ဆီးခံရတယ်။ (ဗျာ. ၂၀:၇၊ ၁၀)

ပရောဖက်ပြုချက်ကနေ ကျွန်တော်တို့ ဘယ်လို အကျိုးရနေသလဲ

၁၃။ ဒီပရောဖက်ပြုချက် ပြည့်စုံမှုကနေ ကျွန်တော်တို့ ဘယ်လို အကျိုးရနေကြသလဲ။

၁၃ သင်ဟာ ဘုရားဆီ ဆက်ကပ်အပ်နှံထားတဲ့ ကျေးကျွန်ဆိုရင် ဒီပရောဖက်ပြုချက် ပြည့်စုံမှုကနေ အကျိုးရနေတယ်။ ယေရှု မြေကြီးပေါ် လူသားအဖြစ် ကြွလာတယ်။ ဖခင်ရဲ့ အရည်အသွေးတွေကို အပြည့်အဝ အတုယူတယ်။ (ယော. ၁၄:၉) ဒါကြောင့် ယေရှုအကြောင်း လေ့လာတဲ့အခါ ယေဟောဝါဘုရားကို ကျွန်တော်တို့ သိကျွမ်း၊ ချစ်ခင်လာကြတယ်။ ယေရှုရဲ့ သွန်သင်ချက်တွေ၊ ဒီနေ့ခေတ် ခရစ်ယာန် အသင်းတော်ကို ဦးဆောင်ပုံကနေလည်း အကျိုးရနေကြတယ်။ ယေဟောဝါရဲ့ မျက်နှာသာ ရနိုင်မယ့် နည်းကို ယေရှု သင်ပေးတယ်။ ဒါ့အပြင် ယေရှုရဲ့ ဖနောင့်ဒဏ်ရာ၊ တစ်နည်းအားဖြင့်၊ သေခြင်းကနေ ကျွန်တော်တို့အားလုံး အကျိုးရကြတယ်။ ဘယ်လိုနည်းနဲ့လဲ။ ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် မိမိသွေးရဲ့ တန်ဖိုးကို စုံလင်တဲ့ ပူဇော်သက္ကာအဖြစ် ဆက်သလိုက်လို့ ‘ကျွန်တော်တို့ရဲ့ အပြစ်အားလုံး သန့်စင်’ ခံရတယ်။—၁ ယော. ၁:၇။

၁၄။ ဧဒင်မှာ ပေးတဲ့ ပရောဖက်ပြုချက် ချက်ချင်း ပြည့်စုံမယ်လို့ မျှော်လင့်သင့်သလား။ ရှင်းပြပါ။

၁၄ ပရောဖက်ပြုချက် ပြည့်စုံဖို့ အချိန်ကာလ တစ်ခု ကြာမယ်ဆိုတာ ဧဒင်မှာ ယေဟောဝါ ပြောတဲ့ စကားတွေက ဖော်ပြတယ်။ ကတိထားရာ မျိုးနွယ်ကို မိန်းမ ဖွားမြင်ဖို့၊ မာရ်နတ်မှာ နောက်လိုက်တွေ ရှိလာဖို့၊ အုပ်စု နှစ်စုကြား ရန်ငြိုး ဖြစ်လာဖို့ အချိန်လိုတယ်။ ပရောဖက်ပြုချက်ကို သဘောပေါက်တာ အကျိုးရှိတယ်။ ယေဟောဝါရဲ့ ကျေးကျွန်တွေကို စာတန် ထိန်းချုပ်ထားတဲ့ လောက မုန်းမယ်ဆိုတာ ဒီပရောဖက်ပြုချက်က သတိပေးနေလို့ပဲ။ နောက်ပိုင်းမှာ တပည့်တွေကို ယေရှု အလားတူ သတိပေးတယ်။ (မာ. ၁၃:၁၃။ ယော. ၁၇:၁၄) အထူးသဖြင့်၊ လွန်ခဲ့တဲ့ အနှစ် ၁၀၀ အတွင်း ပရောဖက်ပြုချက်ရဲ့ အဲဒီအပိုင်း ပြည့်စုံတာကို ရှင်းရှင်းလင်းလင်း မြင်ရတယ်။ ဘယ်လိုနည်းနဲ့လဲ။

၁၅။ ဘုရားလူမျိုးကို ဒီလောက ဘာကြောင့် မုန်းသည်ထက် မုန်းနေသလဲ။ စာတန်ကို ဘာကြောင့် ကြောက်ဖို့ မလိုသလဲ။

၁၅ ၁၉၁၄ မှာ မေရှိယ ဘုရင်အဖြစ် ယေရှု နန်းတင်ခံရပြီး မကြာခင်မှာ စာတန် ကောင်းကင်ကနေ မြေကြီးပေါ် ပစ်ချခံရတယ်။ ဖျက်ဆီးခံရမယ့်အချိန်ကို စောင့်နေတယ်။ (ဗျာ. ၁၂:၉၊ ၁၂) လက်မှိုင်ချပြီး စောင့်နေတာတော့ မဟုတ်ဘူး။ ဘုရားလူမျိုးကို ဒေါသတကြီး တိုက်ခိုက်နေတယ်။ (ဗျာ. ၁၂:၁၃၊ ၁၇) ဒါကြောင့်လည်း ဘုရားလူမျိုးကို လောက မုန်းသည်ထက် မုန်းနေတာ။ ဒါပေမဲ့ စာတန်နဲ့ နောက်လိုက်တွေကို ကြောက်စရာ အကြောင်း မရှိဘူး။ “ဘုရားသခင်သာ ကျွန်တော်တို့ဘက်မှာ ရှိရင် ကျွန်တော်တို့ကို ဘယ်သူ ဆန့်ကျင်နိုင်မလဲ” လို့ ပြောခဲ့တဲ့ တမန်တော် ပေါလုလို ယုံကြည်စိတ်ချမှုမျိုး ကျွန်တော်တို့မှာ ရှိကြတယ်။ (ရော. ၈:၃၁) ကမ္ဘာဦး ၃:၁၅ ပါ ပရောဖက်ပြုချက် အပိုင်းအတော်များများ ပြည့်စုံတာ မြင်ရလို့ ယေဟောဝါကို အပြည့်အဝ ယုံကြည်စိတ်ချနိုင်ကြတယ်။

၁၆-၁၈။ ကမ္ဘာဦး ၃:၁၅ ကို နားလည်လို့ ကားတစ်၊ အာစူလာနဲ့ ဂျက်စီကာတို့ ဘယ်လို အကျိုးရကြသလဲ။

၁၆ ကမ္ဘာဦး ၃:၁၅ မှာ ပါတဲ့ ယေဟောဝါရဲ့ ကတိက ဘဝပြဿနာတွေကို ခံရပ်ကျော်လွှားဖို့ ကျွန်တော်တို့ကို ကူညီပေးနိုင်တယ်။ ဂူအမ်က သာသနာပြု ညီအစ်ကို ကားတစ်က “ယေဟောဝါအပေါ် သစ္စာစောင့်သိမှုကို စမ်းသပ်တဲ့ အခက်အခဲတွေ တစ်ခါတလေ ကြုံရတယ်။ ဒါပေမဲ့ ကမ္ဘာဦး ၃:၁၅ မှာ ပါတဲ့ ပရောဖက်ပြုချက်ကို တွေးတောတာက ကောင်းကင်ဘုံစံ အဖကို ဆက်ယုံကြည်နေဖို့ ကူညီပေးတယ်” လို့ ပြောတယ်။ အခက်အခဲအားလုံး ယေဟောဝါ အဆုံးတိုင်စေမယ့်နေ့ကို ကားတစ် စောင့်မျှော်နေတယ်။

၁၇ ကမ္ဘာဦး ၃:၁၅ ကို နားလည်တာက ကျမ်းစာကို ဘုရား စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးထားကြောင်း ယုံကြည်စိတ်ချစေတယ်လို့ ဂျာမနီနိုင်ငံ၊ ဘဗားရီးယားက ညီအစ်မ အာစူလာ ပြောတယ်။ ပရောဖက်ပြုချက်အားလုံး ဒီပရောဖက်ပြုချက်နဲ့ ဘယ်လို ဆက်စပ်နေကြောင်း သိလာတဲ့အခါ တော်တော် သဘောကျသွားတယ်။ “လူသားတွေ မျှော်လင့်ချက် မဲ့မနေဖို့ ယေဟောဝါ ချက်ချင်း လုပ်ဆောင်ပေးတာကို သိရတော့ သိပ်စိတ်ထိမိတယ်” လို့ အာစူလာ ပြောတယ်။

၁၈ မိုက်ခရိုနီးရှားက ညီအစ်မ ဂျက်စီကာလည်း “အမှန်တရား တွေ့ပြီဆိုတာ သိလိုက်တဲ့အချိန်မှာ ဘယ်လို ခံစားရသလဲဆိုတာ မှတ်မိနေတုန်းပဲ။ ကမ္ဘာဦး ၃:၁၅ မှာ ပါတဲ့ ပရောဖက်ပြုချက် ပြည့်စုံနေတယ်။ ဒီနေ့ ကျွန်မတို့ ဒုက္ခတွေ ကြုံတွေ့နေရတာဟာ ဘုရားရည်ရွယ်ချက် မဟုတ်မှန်း သတိရဖို့ ကူညီပေးတယ်။ ယေဟောဝါကို ဝတ်ပြုတာဟာ လက်ရှိမှာ အကောင်းဆုံး အသက်တာနဲ့ အနာဂတ်မှာ ပိုကောင်းတဲ့ အသက်တာ ရစေမယ်ဆိုတဲ့ ယုံကြည်ချက်ကို ပိုခိုင်ခံ့စေတယ်” လို့ ပြောတယ်။

၁၉။ ပရောဖက်ပြုချက် နောက်ဆုံးအပိုင်း ပြည့်စုံလာမယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။

၁၉ သိခဲ့ရတဲ့အတိုင်း ကမ္ဘာဦး ၃:၁၅ ပြည့်စုံနေတယ်။ မိန်းမရဲ့ မျိုးနွယ်၊ မြွေရဲ့ မျိုးနွယ် ဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်း သိရပြီ။ မိန်းမ မျိုးနွယ်ရဲ့ အဓိက အပိုင်း ယေရှုဟာ ဖနောင့်ဒဏ်ရာ ပျောက်ကင်းပြီး အခုဆိုရင် မသေနိုင်တဲ့ တန်ခိုးကြီး ဘုရင် ဖြစ်နေပြီ။ မျိုးနွယ်ရဲ့ ဒုတိယ အပိုင်းမှာ ပါဝင်သူတွေကို ရွေးချယ်တာ ပြီးတော့မယ်။ ပရောဖက်ပြုချက် ပထမပိုင်း ပြည့်စုံခဲ့သလို မြွေရဲ့ ခေါင်းကို ကြိတ်မယ်ဆိုတဲ့ နောက်ဆုံးအပိုင်းလည်း ပြည့်စုံလာမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ စာတန် ဇာတ်သိမ်းသွားချိန်မှာ သစ္စာရှိ လူသားတွေ သိပ်ပျော်ကြရမယ်။ အဲဒီအချိန် မတိုင်ခင်တော့ လက်မလျှော့ဖို့ ကြိုးစားကြရမယ်။ ယုံကြည်စိတ်ချထိုက်တဲ့ ဘုရား ယေဟောဝါက မိန်းမ မျိုးနွယ်ကတစ်ဆင့် “ကမ္ဘာပေါ်မှာ ရှိတဲ့ လူမျိုးအားလုံး” ကို မရေတွက်နိုင်တဲ့ ကောင်းချီးတွေ ဆောင်ကြဉ်းပေးပါလိမ့်မယ်။—က. ၂၂:၁၈။

သင် ဘယ်လို ဖြေမလဲ

  • ကမ္ဘာဦး ၃:၁၅ မှာ ပါတဲ့ ပရောဖက်ပြုချက်ထဲက “မြွေ” နဲ့ မြွေရဲ့ မျိုးနွယ်၊ “မိန်းမ” နဲ့ မိန်းမရဲ့ မျိုးနွယ်ဟာ ဘယ်သူတွေလဲ။

  • ကမ္ဘာဦး ၃:၁၅ ပါ ပရောဖက်ပြုချက် ဘယ်လို ပြည့်စုံလာသလဲ။

  • ကမ္ဘာဦး ၃:၁၅ ပါ ပရောဖက်ပြုချက် ပြည့်စုံမှုကနေ သင် ဘယ်လို အကျိုးရနေသလဲ။

သီချင်း ၂၃ ယေဟောဝါရဲ့ အုပ်ချုပ်မှု စတင်ပြီ

a ကမ္ဘာဦး ၃:၁၅ ပါ ပရောဖက်ပြုချက်ကို နားမလည်ရင် ကျမ်းစာသတင်းစကားကို အပြည့်အဝ နားမလည်နိုင်ဘူး။ ဒီပရောဖက်ပြုချက်ကို လေ့လာတာက ယေဟောဝါအပေါ် ယုံကြည်ခြင်း ခိုင်ခံ့စေတယ်။ ကတိအားလုံး ဘုရား ပြည့်စုံစေမယ်ဆိုတာ ပိုယုံကြည်လာစေတယ်။

b ကမ္ဘာသစ် ဘာသာပြန်ကျမ်း နောက်ဆက်တွဲ ခ၁၊ “ကျမ်းစာသတင်းစကား” ကို ကြည့်ပါ။

c “ကမ္ဘာဦး ၃:၁၄၊ ၁၅ ပါ ဇာတ်ကောင်များ” လေးထောင့်ကွက်ကို ကြည့်ပါ။

d “ကမ္ဘာဦး ၃:၁၅ ပြည့်စုံချက် အဓိက ဖြစ်ရပ်တချို့” လေးထောင့်ကွက်ကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ