ဧဒင်ဥယျာဉ်က သင့်အတွက် အရေးပါရတဲ့အကြောင်းရင်း
ကမ္ဘာဦးကျမ်းပါ ဧဒင်ဥယျာဉ်မှတ်တမ်းနဲ့ပတ်သက်ပြီး ကျမ်းပညာရှင်တချို့ တင်ပြကြတဲ့ အံ့ဩစရာအကောင်းဆုံး ကန့်ကွက်ချက်တွေထဲက တစ်ခုကတော့ အဲဒီမှတ်တမ်းကို သမ္မာကျမ်းစာရဲ့ နောက်ပိုင်းကျမ်းစောင်တွေက မထောက်ခံဘူးဆိုတဲ့အချက်ပါ။ ဥပမာ၊ “ဧဒင်ဥယျာဉ်မှတ်တမ်းနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှာ နောက်ထပ်ရည်ညွှန်းပြောဆိုတာတွေ မရှိဘူး” ဆိုပြီး ဘာသာရေးလေ့လာမှုပါမောက္ခ ပေါလ် မောရစ်က ရေးသားခဲ့ပါတယ်။ သူ့ရဲ့အဆိုကို ပညာရှင်ပါလို့ဆိုသူတွေက သဘောတူကြမှာဖြစ်ပေမဲ့ အဲဒါက အဖြစ်မှန်နဲ့ လားလားကြီး ဆန့်ကျင်နေပါတယ်။
တကယ်ဆိုရင် ဧဒင်ဥယျာဉ်၊ အာဒံ၊ ဧဝနဲ့ မြွေအကြောင်းကို သမ္မာကျမ်းစာမှာ ကြိမ်ဖန်များစွာ ရည်ညွှန်းဖော်ပြထားပါတယ်။a ဒါပေမဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ ကျမ်းစာဝေဖန်ရေးသမားတွေရဲ့အမှားက ကျမ်းပညာရှင်တချို့ရဲ့အမှားထက် ပိုပြီးတော့တောင် ဆိုးရွားလှတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဧဒင်ဥယျာဉ်နဲ့ပတ်သက်တဲ့ ကမ္ဘာဦးကျမ်းမှတ်တမ်းကို အယုံအကြည်မဲ့ခြင်းအားဖြင့် သမ္မာကျမ်းစာကို တိုက်ခိုက်ဖို့ ကြိုးစားနေကြတယ်။ သူတို့ရဲ့အမြင်က လူအတော်များများအပေါ် ဩဇာလွှမ်းမိုးခဲ့တယ်။ ဘယ်လိုနည်းနဲ့လဲ။
ဧဒင်ဥယျာဉ်မှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေကို နားလည်မှသာ သမ္မာကျမ်းစာရဲ့ နောက်ပိုင်းကျမ်းစောင်တွေကို နားလည်နိုင်မှာဖြစ်ပါတယ်။ ဥပမာ၊ သမ္မာကျမ်းစာကို လူတွေသိချင်တဲ့ အရေးကြီးဆုံးမေးခွန်းတွေကို အဖြေပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးသားထားပါတယ်။ ဧဒင်ဥယျာဉ်က အဖြစ်အပျက်တွေနဲ့ ဆက်နွှယ်နေတဲ့ မေးခွန်းတွေကို သမ္မာကျမ်းစာက အကြိမ်ကြိမ် ဖြေဆိုပေးထားပါတယ်။ ဥပမာတချို့ကို သုံးသပ်ကြည့်ရအောင်။
• ကျွန်ုပ်တို့ ဘာကြောင့် အိုမင်းပြီး သေဆုံးရတာလဲ။ အာဒံနဲ့ဧဝဟာ ယေဟောဝါဘုရားသခင်ကို နာခံမှု ဆက်တင်ပြသွားမယ်ဆိုရင် ထာဝစဉ် အသက်ရှင်ခွင့်ရမှာဖြစ်တယ်။ သူတို့ပုန်ကန်မှသာ သေကြရမှာပါ။ သူတို့ပုန်ကန်တဲ့နေ့မှာ သေဖို့အကြောင်းဖန်လာခဲ့ပါတယ်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇; ၃:၁၉) သူတို့ဟာ စုံလင်မှုကို ဆုံးရှုံးလိုက်ရပြီး သူတို့ရဲ့သားစဉ်မြေးဆက်ကို အပြစ်နဲ့မစုံလင်မှုပဲ လက်ဆင့်ကမ်းပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျမ်းစာက ဒီလိုဖော်ပြတယ်– “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏။ သို့ဖြစ်၍ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းတရားသည် လူအပေါင်းတို့ထံ ပြန့်ပွားရ၏။”—ရောမ ၅:၁၂။
• ဆိုးသွမ်းမှုကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုရတာလဲ။ ဧဒင်ဥယျာဉ်မှာ စာတန်က ဘုရားသခင်ဟာ လူသားတွေရဲ့ကောင်းကျိုးကို ထိမ်ချန်ထားတဲ့ လိမ်လည်သူတစ်ဦးဖြစ်တယ်လို့ စွပ်စွဲခဲ့တယ်။ (ကမ္ဘာဦး ၃:၃-၅) ဒီလိုနဲ့ စာတန်ဟာ ယေဟောဝါဘုရားသခင်ရဲ့ တော်မှန်တဲ့အုပ်ချုပ်ပုံကို သံသယဝင်စေခဲ့တယ်။ အာဒံနဲ့ဧဝဟာ စာတန့်နောက်ကို ပါသွားပြီး ဘုရားသခင်ရဲ့ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ငြင်းပယ်လိုက်ကြတယ်။ အဲဒီလိုနဲ့ သူတို့ဟာ အကောင်းအဆိုးကို ကိုယ့်ဘာသာကိုယ် ရွေးချယ်နိုင်တယ်ဆိုပြီး လက်တွေ့လုပ်ပြလိုက်တယ်။ ဒီပြဿနာကို တော်မှန်စွာ ဖြေရှင်းနိုင်တဲ့နည်းက တစ်နည်းပဲရှိတယ်ဆိုတာ စုံလင်ပြည့်ဝတဲ့ တရားမျှတမှုနဲ့ ဉာဏ်ပညာပိုင်ရှင် ဘုရားသခင် သိထားတယ်။ အဲဒီနည်းကတော့ လူသားတွေ ရွေးချယ်ခဲ့တဲ့အတိုင်း ကိုယ့်ဘာသာကိုယ်အုပ်ချုပ်ဖို့ သူတို့ကို အချိန်ပေးလိုက်တာဖြစ်တယ်။ မပြတ်သက်ရောက်နေတဲ့ စာတန့်သြဇာကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးသွမ်းမှုဟာ အရေးကြီးတဲ့ အမှန်တရားတစ်ခုကို တဖြည်းဖြည်း ဖော်ထုတ်ခဲ့ပါပြီ။ အဲဒါကတော့ လူဟာ ဘုရားသခင်ကို အားမကိုးဘဲ ကိုယ့်ဘာသာကိုယ် မအုပ်ချုပ်နိုင်ဘူးဆိုတာပါပဲ။—ယေရမိ ၁၀:၂၃။
• ကမ္ဘာမြေကြီးအတွက် ဘုရားသခင့်ရည်ရွယ်ချက်က ဘာလဲ။ ဘုရားသခင်ဟာ ကမ္ဘာမြေကြီးအတွက် လှပမှုစံနှုန်းကို ဧဒင်ဥယျာဉ်မှာ ချမှတ်ခဲ့တယ်။ ကမ္ဘာမြေတစ်ခွင်လုံး ဧဒင်ဥယျာဉ်လို လှပပြီး သဟဇာတဖြစ်ဖို့၊ ကလေးတွေမွေးဖွားပြီး “နိုင်” နင်းဖို့ အာဒံနဲ့ဧဝကို ဘုရားသခင်မိန့်မှာခဲ့တယ်။ (ကမ္ဘာဦး ၁:၂၈) ဒါကြောင့် ကမ္ဘာမြေကြီးအတွက် ဘုရားသခင့်ရည်ရွယ်ချက်က အာဒံနဲ့ဧဝတို့ရဲ့ စုံလင်ပြီး စည်းလုံးတဲ့ သားစဉ်မြေးဆက်မိသားစုနေထိုင်ရာ ပရဒိသုဖြစ်ဖို့ပါ။ သမ္မာကျမ်းစာမှာ ဘုရားသခင်ရဲ့ မူလရည်ရွယ်ချက်ကို ပြည့်စုံစေတဲ့နည်းတွေအကြောင်း အတော်များများ ဖော်ပြထားပါတယ်။
• ယေရှုခရစ် ဘာကြောင့် ကမ္ဘာမြေကြီးပေါ် ကြွလာရတာလဲ။ ဧဒင်ဥယျာဉ်မှာ ဖြစ်ပျက်ခဲ့တဲ့ ပုန်ကန်မှုကြောင့် အာဒံဧဝနဲ့ သူတို့ရဲ့သားစဉ်မြေးဆက် အားလုံးအပေါ် သေပြစ်ကျရောက်ခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်က မေတ္တာပါစွာ မျှော်လင့်ချက်ပေးခဲ့ပါတယ်။ ဘုရားသခင်ဟာ မိမိရဲ့သားတော်ကို ကမ္ဘာမြေကြီးပေါ် စေလွှတ်ပြီး လူသားတွေကို ရွေးနုတ်ဖို့ သားတော်ရဲ့အသက်ကို စွန့်စေခဲ့တယ်။ (မဿဲ ၂၀:၂၈) ယေရှုဟာ “နောက်ဆုံးအာဒံ” ဖြစ်တယ်။ အာဒံ မလုပ်နိုင်ခဲ့တဲ့အပိုင်းကို ယေရှု လုပ်နိုင်ခဲ့တယ်။ ဘုရားသခင်အပေါ် နာခံမှုဆက်ပြသခြင်းအားဖြင့် ယေရှုဟာ စုံလင်တဲ့လူသားအဖြစ် ဆက်ရပ်တည်နိုင်ခဲ့တယ်။ အဲဒီနောက် ယေရှုဟာ သူ့ရဲ့အသက်ကို ပူဇော်ရာယဇ်အဖြစ် စိတ်လိုကိုယ်လျောက် ပေးဆက်နိုင်ခဲ့တယ်။ အဲလိုနည်းနဲ့ တည်ကြည်တဲ့ လူသားတွေဟာ အပြစ်ကနေ ခွင့်လွှတ်ခံရပြီး အာဒံနဲ့ဧဝ ဧဒင်ဥယျာဉ်မှာ အပြစ်မလုပ်ခင်က ရရှိခဲ့တဲ့ အသက်တာမျိုးကို တဖြည်းဖြည်း ပြန်လည်ရရှိလာမှာဖြစ်တယ်။ (၁ ကောရိန္သု ၁၅:၂၂၊ ၄၅; ယောဟန် ၃:၁၆) ဒါကြောင့် ကမ္ဘာမြေကြီးကို ဧဒင်ဥယျာဉ်လို သာယာအေးချမ်းတဲ့နေရာအဖြစ် ပြောင်းလဲပေးမယ်ဆိုတဲ့ ဘုရားသခင့်ရည်ရွယ်ချက်ဟာ အမှန်တကယ် ဖြစ်လာမှာဆိုပြီး ယေရှု အခိုင်အမာပြောခဲ့တယ်။b
ဘုရားသခင့်ရည်ရွယ်ချက်ဟာ မသေချာတဲ့ စိတ်ကူးယဉ် ဘာသာရေးယူဆချက်တစ်ခု မဟုတ်ပါဘူး။ အဲဒါက တကယ်ဖြစ်လာမယ့် ရည်ရွယ်ချက်အစစ်အမှန် ဖြစ်ပါတယ်။ တိရစ္ဆာန်တွေနဲ့ လူတွေ တကယ်နေထိုင်ခဲ့တဲ့ ဧဒင်ဥယျာဉ်က ကမ္ဘာပေါ်မှာ တကယ်ရှိခဲ့တာပါ။ ဒါကြောင့် အနာဂတ်နဲ့ပတ်သက်တဲ့ ဘုရားသခင့်ကတိတော်ကလည်း မကြာခင် တကယ်ပြည့်စုံလာတော့မှာပါ။ သင်ကော အဲလိုအနာဂတ်မှာ ရှိနေချင်လား။ အဲဒါက သင့်အပေါ်မှာပဲ မူတည်ပါတယ်။ ဘုရားသခင်က လူများနိုင်သမျှများများကို အဲဒီအနာဂတ်မျိုး ပိုင်ဆိုင်စေချင်တယ်။ လမ်းမှားရောက်နေတဲ့သူတွေကိုတောင် ပိုင်ဆိုင်စေချင်တယ်။—၁ တိမောသေ ၂:၃၊ ၄။
ယေရှု နှက်တိုင်ပေါ် သေဆုံးခါနီးမှာ သူ့ဘေးနားက အပြစ်ကျူးလွန်သူတစ်ယောက်နဲ့ စကားပြောခဲ့တယ်။ အဲဒီအပြစ်ကျူးလွန်သူက ရာဇဝတ်သားဖြစ်တယ်။ သူဟာ သေဒဏ်ခံထိုက်တယ်ဆိုတာ သိထားပေမဲ့ နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက်ရဖို့ ယေရှုဆီ အားကိုးတကြီး တောင်းခံခဲ့တယ်။ ယေရှု ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ “သင်သည် ငါနှင့်အတူ ပရဒိသု၌ ရှိလိမ့်မည်” လို့ ပြန်ဖြေခဲ့တယ်။ (လုကာ ၂၃:၄၃) အဲဒီရာဇဝတ်သား ပြန်အသက်ရှင်လာပြီး ဧဒင်ဥယျာဉ်လိုမျိုး ပရဒိသုမှာ အမြဲနေထိုင်ခွင့်ရတာကို ယေရှု တွေ့မြင်ချင်တယ်ဆိုရင် သင့်ကိုလည်း အဲလိုဖြစ်စေချင်မှာ သေချာပါတယ်။ ယေဟောဝါဘုရားသခင်ရော ယေရှုရော အဲဒီလိုမျိုး လုပ်ပေးချင်ပါတယ်။ အဲလိုအနာဂတ်မျိုးကို သင်ပိုင်ဆိုင်ချင်တယ်ဆိုရင် ဧဒင်ဥယျာဉ်ကို ဖန်ဆင်းခဲ့တဲ့ ဘုရားသခင်အကြောင်း အစွမ်းကုန်သင်ယူပါလေ။
[အောက်ခြေမှတ်ချက်]
a ဥပမာအနေနှင့် ကမ္ဘာဦး ၁၃:၁၀; တရားဟောရာ ၃၂:၈; ၂ ဓမ္မရာဇဝင် ၇:၁၄၊ သမ္မာ; ၁ ရာဇဝင်ချုပ် ၁:၁; ဟေရှာယ ၅၁:၃; ယေဇကျေလ ၂၈:၁၃; ၃၁:၈၊ ၉; လုကာ ၃:၃၈; ရောမ ၅:၁၂-၁၄; ၁ ကောရိန္သု ၁၅:၂၂၊ ၄၅; ၂ ကောရိန္သု ၁၁:၃; ၁ တိမောသေ ၂:၁၃၊ ၁၄; ယုဒ ၁၄; နှင့် ဗျာ. ၁၂:၉ တို့ကို ဖတ်ကြည့်ပါ။
b ခရစ်တော်၏ရွေးနုတ်ဖိုး ပူဇော်ရာယဇ်အကြောင်း ပိုမိုသိလိုပါက ယေဟောဝါသက်သေများ ထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်၏ အခန်း ၅ တွင်ဖတ်ကြည့်ပါ။
[စာမျက်နှာ ၁၀ ပါလေးထောင့်ကွက်နှင့် ရုပ်ပုံ]
ကျမ်းစာစောင်တွေကို ပေါင်းကူးပေးတဲ့ ပရောဖက်ပြုချက်တစ်ခု
“သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည် ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်။ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်။”—ကမ္ဘာဦး ၃:၁၅။
ဒီကျမ်းချက်က ဧဒင်ဥယျာဉ်မှာ ဘုရားသခင် မိန့်ဆိုခဲ့တဲ့ ပထမဦးဆုံး ကျမ်းစာပရောဖက်ပြုချက်ဖြစ်ပါတယ်။ အဓိကဇာတ်ကောင်လေးဦးဖြစ်တဲ့ မိန်းမ၊ မိန်းမရဲ့အမျိုးအနွယ်၊ မြွေ၊ မြွေရဲ့အမျိုးအနွယ်က ဘယ်သူတွေလဲ။ သူတို့ကြားမှာ ဘယ်လိုနည်းနဲ့ “ရန်ငြိုး” ရှိတာလဲ။
မြွေ
စာတန်ဖြစ်တယ်။—ဗျာ. ၁၂:၉။
မိန်းမ
ဘုရားသခင့်အဖွဲ့အစည်းရဲ့ ကောင်းကင်အစိတ်အပိုင်းကို ဝိညာဉ်သတ္တဝါတွေနဲ့ ဖွဲ့စည်းထားတယ်။ အဲဒါက မိန်းမကို ကိုယ်စားပြုပါတယ်။ (ဂလာတိ ၄:၂၆၊ ၂၇) ဟေရှာယကျမ်းမှာ အဲဒီ “မိန်းမ” အကြောင်း၊ အဲဒီမိန်းမဟာ နောင်တစ်ချိန်မှာ ဘုရားသခင်ရွေးချယ်တဲ့ လူမျိုးသစ်ကို မွေးဖွားမယ်ဆိုတဲ့အကြောင်း ကြိုဟောထားတယ်။—ဟေရှာယ ၅၄:၁; ၆၆:၈။
မြွေရဲ့ အမျိုးအနွယ်
စာတန့်အလိုကျအတိုင်း လုပ်ဆောင်တဲ့သူတွေ ဖြစ်တယ်။ —ယောဟန် ၈:၄၄။
မိန်းမရဲ့အမျိုးအနွယ်
မိန်းမအမျိုးအနွယ်ရဲ့ အဓိကအစိတ်အပိုင်းက ယေရှုခရစ်ဖြစ်ပါတယ်။ ယေရှုဟာ ဘုရားသခင့်အဖွဲ့အစည်းရဲ့ ကောင်းကင်အစိတ်အပိုင်းကနေ ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီ “အမျိုးအနွယ်” ထဲမှာ ယေရှုခရစ်ရဲ့ ညီတော်တွေလည်း ပါဝင်ပြီး သူတို့ဟာ ယေရှုခရစ်နဲ့အတူ ကောင်းကင်မှာ အုပ်ချုပ်ဖို့ တာဝန်ရရှိထားတယ်။ “ဘုရားသခင်၏အစ္စရေးလူမျိုး” ကို ယေရှုခရစ်ရဲ့ညီတော်တွေနဲ့ ဖွဲ့စည်းထားပါတယ်။—ဂလာတိ ၃:၁၆၊ ၂၉; ၆:၁၆; ကမ္ဘာဦး ၂၂:၁၈။
ဖနောင့်ဒဏ်ရာ
မေရှိယကို တစ်ခဏသာ နာကျင်စေပြီး ထာဝစဉ် နာကျင်အောင် မပြုလုပ်နိုင်တဲ့ ဒဏ်ရာဖြစ်တယ်။ စာတန်ဟာ ယေရှုကို ကမ္ဘာမြေကြီးပေါ်မှာ သေစေခြင်းအားဖြင့် အနိုင်ယူနိုင်ခဲ့တယ်။ ဒါပေမဲ့ ယေရှု ပြန်အသက်ရှင်လာပါတယ်။
ခေါင်းဒဏ်ရာ
စာတန်ကို သေစေတဲ့ ဒဏ်ရာဖြစ်ပါတယ်။ ယေရှုဟာ စာတန်ကို အပြတ်ရှင်းပစ်တော့မှာဖြစ်တယ်။ အဲဒါမလုပ်ခင် ဧဒင်ဥယျာဉ်မှာ စာတန် အစပြုခဲ့တဲ့ မကောင်းမှုတွေကို ယေရှု ဖယ်ရှားပါလိမ့်မယ်။—၁ ယောဟန် ၃:၈; ဗျာ. ၂၀:၁၀။
သမ္မာကျမ်းစာ၏ အဓိကအကြောင်းအရာနှင့်ပတ်သက်ပြီး ရှင်းလင်းပြည့်စုံသည့် ခြုံငုံသုံးသပ်ချက်ကို ယေဟောဝါသက်သေများ ထုတ်ဝေသော သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း စာစောင်တွင် ဖတ်ကြည့်ပါ။
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
အပြစ်ရဲ့ဆိုးကျိုးကို အာဒံနဲ့ဧဝ အလူးအလဲ ခံစားခဲ့ရ