ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gm အခန်း ၄ စာ. ၃၇-၅၄
  • “ဓမ္မဟောင်းကျမ်း” သည် မည်မျှယုံကြည်လောက်သနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ဓမ္မဟောင်းကျမ်း” သည် မည်မျှယုံကြည်လောက်သနည်း
  • သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဆင့်မြင့်ဝေဖန်ရေး—မည်မျှစိတ်ချရသနည်း
  • ရှေးဟောင်းသုတေသနပညာက သမ္မာကျမ်းစာကို ထောက်ခံသလော
  • ထောက်ခံသော အခြားအထောက်အထား
  • ယေရိခေါမြို့ ကျဆုံးခြင်း
  • ရှေးဟောင်းသုတေသန၏ အကန့်အသတ်ဖြစ်မှုများ
  • ကျမ်းစာသည် သမိုင်းအမှန်
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • “ဓမ္မသစ်ကျမ်း”—သမိုင်းလော၊ ဒဏ္ဍာရီလော
    သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
  • သမ္မာကျမ်းစာကို ဘယ်အချိန်မှာ ရေးသားခဲ့သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ထောင်လွှားသောအုပ်စိုးရှင်တစ်ပါး အင်ပါယာဆုံးရှုံး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
gm အခန်း ၄ စာ. ၃၇-၅၄

အခန်း ၄

“ဓမ္မဟောင်းကျမ်း” သည် မည်မျှယုံကြည်လောက်သနည်း

ခေတ်သစ်ဝေဖန်ရေးသမားများက သမ္မာကျမ်းစာကို တိုက်ခိုက်သည့် စွပ်စွဲချက်တချို့ကို နောက်အခန်းအနည်းငယ်တွင် ဆွေးနွေးသွားကြမည်။ အချို့က သမ္မာကျမ်းစာသည် အတွင်းသဘောချင်းမညီ၊ “သိပ္ပံနည်းမကျ” ဟုစွပ်စွဲကြရာ အဆိုပါစွပ်စွဲချက်များကို နောက်ပိုင်းတွင် ဆက်ဆွေးနွေးမည်။ သို့သော် ဦးဆုံး၊ သမ္မာကျမ်းစာသည် ဒဏ္ဍာရီပုံပြင်ပေါင်းချုပ်စာအုပ်ထက်မပိုဟူသည့် စွပ်စွဲနေကျအချက်ကို သုံးသပ်ကြည့်ပါ။ သမ္မာကျမ်းစာကို ဆန့်ကျင်သူများ၌ ဤကဲ့သို့အပြစ်ရှာဝေဖန်ရန် ခိုင်လုံသောအခြေအမြစ်ရှိပါသလော။ ယင်းကို အစချီသုံးသပ်ရန် ဓမ္မဟောင်းကျမ်းဟုခေါ်တွင်သည့် ဟေဗြဲကျမ်းစောင်များကို ကြည့်ကြစို့။

၁၊ ၂။ ယေရိခေါမြို့ကို မည်သို့ဝိုင်းရံပိတ်ဆို့ခဲ့သနည်း၊ ယင်းနှင့်ဆက်စပ်ပြီး အဘယ်မေးစရာများ ပေါ်လာသနည်း။

ရှေးမြို့ဟောင်းတစ်မြို့သည် ဝိုင်းရံပိတ်ဆို့ခံနေရသည်။ တိုက်ခိုက်လာသူများသည် ဂျော်ဒန်မြစ်ကို အလုံးအရင်းနှင့်ဖြတ်ကူးကာ မြို့၏မြင့်မားသောမြို့ရိုးရှေ့တွင် ယခုတပ်စွဲထားလိုက်သည်။ သို့သော် အလွန်ထူးဆန်းသော စစ်ဗျူဟာပင်တည်း! ကျူးကျော်ဝင်ရောက်လာသောစစ်တပ်သည် ခြောက်ရက်တိုင်တိုင် နေ့စဉ် မြို့ကိုပတ်ကာချီတက်နေသည်၊ အတူလိုက်ပါလာသည့် ယဇ်ပုရောဟိတ်အဖွဲ့၏ တံပိုးမှုတ်သံမှတစ်ပါး ဘာသံမျှမထွက်ပါ။ ယခု သတ္တမနေ့တွင် စစ်တပ်သည် တိတ်ဆိတ်စွာဖြင့်မြို့ကို ခုနစ်ကြိမ် ပတ်၍ချီတက်သည်။ ရုတ်တရက်၊ ယဇ်ပုရောဟိတ်တို့သည် တံပိုးများကို အားကုန်မှုတ်လိုက်ကြသည်။ စစ်တပ်သည် ကြီးမားသောစစ်ကြွေးကြော်သံဖြင့် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ရာ မြင့်မားသောမြို့ရိုးကြီးများမှာ မြေပုံအဖြစ်ပြိုကျသွားသဖြင့် အကာအရံမဲ့ ဖြစ်သွားလေသည်။—ယောရှု ၆:၁-၂၁။

၂ ဤသည်ကား ဟေဗြဲကျမ်းစောင်များမှ ဆဋ္ဌမမြောက်စာစောင်ဖြစ်သော ယောရှုမှတ်စာတွင် လွန်ခဲ့သည့် အနှစ် ၃,၅၀၀ နီးပါးကဖြစ်ပျက်ခဲ့သည့် ယေရိခေါမြို့ကျဆုံးခန်းကို ဖော်ပြထားပုံဖြစ်သည်။ သို့သော် ဤအတိုင်းအမှန်ပင်ဖြစ်ပျက်ခဲ့သလော။ အဆင့်မြင့်ဝေဖန်ရေးသမားအများက မဖြစ်ခဲ့ပါဟု ယုံကြည်စိတ်ချစွာဆိုကြပေမည်။a သူတို့က ယောရှုမှတ်စာသည် သမ္မာကျမ်းစာ၏ရှေ့ပိုင်း ကျမ်းငါးစောင်နှင့်အတူ အဆိုပါအဖြစ်အပျက်များဖြစ်ပျက်ပြီးနောက် ရာစုနှစ်များစွာကြာမှ ရေးသားခဲ့သော ဒဏ္ဍာရီများဖြင့်ဖွဲ့စည်းထားရာဖြစ်သည်ဟု ဆိုကြသည်။ ရှေးဟောင်းသုတေသနပညာရှင်အများကလည်း မဖြစ်ခဲ့ပါဟု ဆိုကြမည်။ သူတို့အဆိုအရ ဣသရေလလူမျိုး ခါနာန်ပြည်ထဲဝင်ရောက်ချိန်တွင် ယေရိခေါမြို့ပင် မရှိနိုင်တော့ပေ။

၃။ ကျမ်းစာတွင်ပါသောသမိုင်းသည် စစ်မစစ်ဆွေးနွေးရန် အဘယ်ကြောင့် အရေးကြီးသနည်း။

၃ ယင်းတို့သည် ကြီးလေးသည့် စွပ်စွဲချက်များဖြစ်သည်။ သမ္မာကျမ်းစာတစ်အုပ်လုံးကို ဖတ်ရှုကြည့်သည့်အခါ ယင်း၏သွန်သင်ချက်များသည် သမိုင်းနှင့်ခိုင်ခိုင်မာမာဆက်နွှယ်လျက်ရှိကြောင်း သင်သတိပြုမိပေမည်။ ဘုရားသခင်သည် တကယ်ရှိခဲ့သည့် အမျိုးသား အမျိုးသမီး၊ မိသားစု၊ လူမျိုးတို့နှင့် ဆက်ဆံတော်မူပြီး မိမိ၏ပညတ်ချက်များကိုလည်း သမိုင်းတွင်ရှိသည့်လူမျိုးတစ်မျိုးအား ပေးအပ်တော်မူခဲ့သည်။ သမ္မာကျမ်းစာ၏ သမိုင်းဝင်ဖြစ်မှုကို သံသယဝင်သော ခေတ်သစ်ကျမ်းဂန်ပညာရှင်များသည် ကျမ်းစာပါ သတင်းတရား၏အရေးကြီးမှုနှင့် ယုံကြည်အားထားလောက်မှုကိုလည်း သံသယဝင်ကြသည်။ သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်မြွက်စကားတော်အမှန်ဖြစ်ပါမူ ယင်း၏သမိုင်းသည် ယုံကြည်စိတ်ချစရာဖြစ်ရမည်၊ ဒဏ္ဍာရီပုံပြင်များ လုံးဝမပါရပေ။ ဤဝေဖန်ရေးသမားများသည် သမ္မာကျမ်းစာ၏ သမိုင်းဝင်မှန်ကန်မှုကို စိန်ခေါ်ရန် ခိုင်လုံသောအခြေအမြစ်ရှိပါသလော။

အဆင့်မြင့်ဝေဖန်ရေး—မည်မျှစိတ်ချရသနည်း

၄-၆။ ဝဲလ်ဟောင်ဇင်၏ အဆင့်မြင့်ဝေဖန်မှုသီအိုရီအချို့ကား အဘယ်နည်း။

၄ သမ္မာကျမ်းစာ အဆင့်မြင့်ဝေဖန်မှုကို ၁၈ နှင့် ၁၉ ရာစုများအတွင်း အစပြုအလေးအနက်လုပ်ဆောင်ခဲ့သည်။ ၁၉ ရာစု၏ ဒုတိယရာစုပိုင်းတွင် ဂျာမန်လူမျိုးကျမ်းစာဝေဖန်ရေးသမား ဂျူးလီးယက် ဝဲလ်ဟောင်ဇင်က ယောရှုမှတ်စာအပါအဝင် ပထမကျမ်းခြောက်စောင်မှာ ဖော်ပြပါအဖြစ်အပျက်များ ဖြစ်ပျက်ပြီးနောက် အနှစ်တစ်ထောင်ခန့်အကြာ ဘီ.စီ.အီး. ပဉ္စမရာစုတွင် ရေးသားခဲ့သည်ဟူသည့်သီအိုရီကို ထုတ်ပြန်လိုက်လေသည်။ သို့သော် ထိုကျမ်းစောင်များတွင် စောစောပိုင်းကရေးသားခဲ့သည့် အကြောင်းအရာများပါရှိသည်ဟု သူအသေအချာဆိုခဲ့သည်။၁ ဤသီအိုရီကို ၁၉၁၁ ခုနှစ်တွင်ထုတ်ဝေသည့် ၁၁ ကြိမ်ထုတ် ဗြိတဲန်နီကာစွယ်စုံကျမ်း တွင်ထည့်သွင်းပုံနှိပ်ထားသည်၊ ယင်းကရှင်းပြသည်မှာ “ကမ္ဘာဦးကျမ်းသည် နယ်နှင်ပြီးခေတ်၏စာပေလက်ရာဖြစ်ပြီး နယ်နှင်ပြီးခေတ်မှ ယဇ်ပုရောဟိတ်များ၏ရေးသားချက်များ (P) နှင့် အစောပိုင်းခေတ် ယဇ်ပုရောဟိတ်မဟုတ်သူများ၏ ရေးသားချက်တို့ကို ပေါင်းဖွဲ့ထားကာ၊ ဘာသာစကားအရ၊ ရေးဟန်နှင့် ဘာသာရေးရှုမြင်ပုံအရ P နှင့်သိသိသာသာကွဲပြားခြားနားသည်။”

၅ ဝဲလ်ဟောင်ဇင်နှင့် သူ၏နောက်လိုက်များသည် ဟေဗြဲကျမ်းစောင်များ၏ ကျမ်းဦးအပိုင်းတွင် မှတ်တမ်းတင်ထားသည့် သမိုင်းအားလုံးကို “တကယ့်သမိုင်းမဟုတ်ဘဲ အတိတ်က အများကြိုက်ရိုးရာထုံးတမ်းစဉ်လာများ” အဖြစ် သဘောထားကြသည်။၂ ထိုအစောပိုင်းမှတ်တမ်းများကို နှောင်းခေတ်ဣသရေလသမိုင်း၏ ပုံရိပ်မျှသာဖြစ်သည်ဟု ယူဆကြသည်။ ဥပမာ၊ ယာကုပ်နှင့်ဧသောတို့၏ရန်ငြိုးသည် အမှန်တကယ်မဖြစ်ခဲ့ပါ၊ နှောင်းခေတ် ဣသရေလနှင့် ဧဒုံတို့၏ရန်ငြိုးကို ထင်ဟပ်ခြင်းဖြစ်သည်ဟု ဆိုကြသည်။

၆ ဤတွေးဆချက်များနှင့်အညီ ဤဝေဖန်ရေးသမားများက မောရှေသည် ပဋိညာဉ်သေတ္တာပြုလုပ်ရန် မိန့်မှာခြင်းမခံရ၊ တောကန္တာရတွင် ဣသရေလဝတ်ပြုရေး၏ဗဟိုဖြစ်သော ဝတ်ပြုရာတဲတော်လည်း တစ်ခါမျှမရှိခဲ့ဟုယူဆကြသည်။ အာရုန်ဆိုင်ရာယဇ်ပုရောဟိတ်အခွင့်အာဏာကို ဗာဗုလုန်တို့က ယေရုရှလင်ကိုမဖျက်ဆီးမီ နှစ်အနည်းငယ်အလိုရောက်မှသာ အပြည့်အဝတည်ထောင်ခဲ့ကြောင်း ယူဆကြပြီး အဆိုပါဝေဖန်ရေးသမားများက ယေရုရှလင်ပျက်စီးခြင်းသည် ဘီ.စီ.အီး. ဆဋ္ဌမရာစုဆန်းစအချိန်တွင်ဖြစ်ခဲ့သည်ဟု ယုံကြည်ကြသည်။၃

၇၊ ၈။ ဝဲလ်ဟောင်ဇင်တွင် သူ၏သီအိုရီများအတွက် အဘယ် “သက်သေများ” ရှိပြီး ယင်းတို့သည် ခိုင်လုံ၏လော။

၇ အဆိုပါအယူအဆများအတွက် သူတို့တွင် အဘယ် “သက်သေ” ရှိသနည်း။ အဆင့်မြင့်ဝေဖန်ရေးသမားများက သမ္မာကျမ်းစာပါ ကနဦးကျမ်းစောင်များ၏စာသားများကို သီးခြားမှတ်တမ်းမှတ်ရာများစွာအဖြစ် ခွဲထုတ်၍ရသည်ဟုဆိုကြသည်။ သူတို့အသုံးပြုသည့် အခြေခံမူမှာ ယေဘုယျအားဖြင့် ဘုရားသခင်အတွက် ဟေဗြဲစကားလုံး (အီလိုဟင်မ်) ကိုသီးသန့် သုံးနှုန်းထားသည့် ကျမ်းချက်တိုင်းကို ကျမ်းရေးသူတစ်ဦးက ရေးသားပြီး ဘုရားသခင်ကို ကိုယ်တော်၏နာမတော်ဖြစ်သော ယေဟောဝါဖြင့် ရည်ညွှန်းထားသည့်ကျမ်းချက်တိုင်းကို အခြားကျမ်းရေးသူတစ်ဦးကရေးသားခဲ့ခြင်းဖြစ်ရမည်ဟု ယူဆကြသည်၊ စာရေးသူတစ်ဦးသည် ဝေါဟာရနှစ်မျိုးစလုံးကို အသုံးမပြုတတ်သည့်နှယ်ဖြစ်သည်။၄

၈ အလားတူပင် စာအုပ်တစ်အုပ်တွင် အဖြစ်အပျက်တစ်ခုကို တစ်ကြိမ်ထက်မက မှတ်တမ်းတင်ထားခြင်းကို ရှေးဆီးမိုက်စာပေတွင် အခြားသော အလားတူ ပြန်ကျော့သည့်နမူနာများ ရှိပင်ရှိငြားလည်း စာရေးသူတစ်ဦးထက်မကပြုစုသည့် အထောက်အထားအဖြစ် ယူမှတ်ကြသည်။ ထို့အပြင် ရေးဟန်အပြောင်းအလဲတိုင်းကိုလည်း ရေးသူအပြောင်းအလဲအဖြစ် ယူဆကြသည်။ သို့သော် ခေတ်သစ်ဘာသာစကား စာရေးဆရာများပင် သူတို့၏ အသက်မွေးမှု အဆင့်အလိုက် ကွဲပြားသည့်ရေးဟန်အမျိုးမျိုးဖြင့် ရေးသားလေ့ရှိကြသည်၊ သီးခြားအကြောင်းအရာကို တင်ပြသည့်အခါမျိုးတွင်လည်းဖြစ်သည်။b

၉-၁၁။ ခေတ်သစ် အဆင့်မြင့်ဝေဖန်မှုဝါဒ၏သိသာထင်ရှားသောအားနည်းချက်အချို့ကား အဘယ်နည်း။

၉ ဤသီအိုရီများအတွက် သေချာသောသက်သေ တစ်စုံတစ်ရာရှိပါလော။ လုံးဝမရှိပါ။ ကျမ်းဆရာတစ်ဦးက ဤသို့မှတ်ချက်ချသည်– “အခြေအမြစ်အရှိဆုံး ဝေဖန်ရေးသည်ပင် မှန်းဆသည့်အရာနှင့် မသေချာမရေရာသည့်အရာသာဖြစ်ရာ အမြဲပင်ပြင်ဆင်ရသည့်အရာ သို့မဟုတ် မှားကြောင်းထင်ရှားသည့်အရာဖြစ်နေတတ်ပြီး အခြားတစ်ခုခုနှင့် အစားထိုးလိုက်ရသည်ချည်းပင်။ ယင်းသည် ဉာဏ်ပညာလေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ဤလေ့ကျင့်ခန်းများနှင့်တစ်သားတည်းဖြစ်သည့် သံသယများနှင့် မှန်းဆချက်အားလုံးပေါ်တွင် မူတည်ထားသည်။”၅ အထူးသဖြင့် သမ္မာကျမ်းစာဆိုင်ရာ အဆင့်မြင့်ဝေဖန်ရေးသည် အစွန်းရောက်သော “မှန်းဆသည့်အရာနှင့် မသေချာမရေရာသည့်အရာ” သာဖြစ်သည်။

၁၀ ဂလီစင် အဲလ်၊ အာချာ အငယ်ကလည်း အဆင့်မြင့်ဝေဖန်ရေးဆိုင်ရာ ကျိုးကြောင်းဆင်ခြင်မှု၏ နောက်ပြစ်ချက်တစ်ခုကို ဖော်ပြသည်။ ပြဿနာမှာ “ဝဲလ်ဟောင်ဇင်၏လူစုသည် (အရေးတယူရှင်းပြခြင်းပင်မပြုသည့်) ခံယူချက်သက်သက်ဖြင့် အစပြုခဲ့ကာ ဣသရေလလူမျိုး၏ဘာသာတရားသည် အခြားဘာသာတရားများနည်းတူ လူ့ရင်းမြစ်များမှပေါက်ပွားလာရာသာဖြစ်ပြီး အဆင့်ဆင့်ပေါ်ထွက်လာရာတစ်ခုအဖြစ် ရှင်းလင်းဖော်ပြရမည်ဟူ၏” ဟုသူကဆိုသည်။၆ တစ်နည်းဆိုရလျှင် ဝဲလ်ဟောင်ဇင်နှင့် သူ၏နောက်လိုက်များသည် အစကတည်းက သမ္မာကျမ်းစာသည် လူ့နှုတ်ထွက်စကားမျှသာဖြစ်သည်ဟူသည့်အယူအဆဖြင့်အစပြုခဲ့သဖြင့် ယင်းရှုထောင့်မှနေ၍ သူတို့ကျိုးကြောင်းဆင်ခြင်ကြခြင်းဖြစ်သည်။

၁၁ လွန်ခဲ့သည့် ၁၉၀၉ ခုနှစ်တွင် ဂျူးစွယ်စုံကျမ်းက ဝဲလ်ဟောင်ဇင်သီအိုရီ၏ အားနည်းချက်နှစ်ခုကို ဤသို့မှတ်သားဖော်ပြသည်– “ခေတ်ပြိုင် သမ္မာကျမ်းစာဝေဖန်ရေးသမားအဖွဲ့တစ်ဖွဲ့လုံးကို လုံးဝနီးပါး ဝဲလ်ဟောင်ဇင်ဖမ်းစားနိုင်ခဲ့သည့်ကျိုးကြောင်းဆင်ခြင်မှုများသည် ယူဆချက်နှစ်ရပ်ပေါ်တွင် အခြေပြုသည်– ပထမမှာ ဘာသာတရားဖွံ့ဖြိုးတိုးတက်မှုတွင် ဘာသာရေးထုံးတမ်းသည် သာ၍ရှုပ်ထွေးလာခြင်းဖြစ်သည်; ဒုတိယမှာ ထိုသာ၍ရှေးကျသော ဘာသာတရားဇာစ်မြစ်များသည် ဘာသာရေးထုံးတမ်းဖွံ့ဖြိုးတိုးတက်မှု၏ အစောပိုင်းအဆင့်များနှင့် မလွဲမသွေဆက်စပ်မှုရှိခြင်းတို့ဖြစ်သည်။ ပထမယူဆချက်သည် ရှေးခေတ်ယဉ်ကျေးမှုအထောက်အထားနှင့် ဆန့်ကျင်ပြီး ဒုတိယအချက်မှာလည်း အိန္ဒိယ၏ ဘာသာရေးထုံးတမ်းများကဲ့သို့သော ဘာသာရေးကျင့်ဝတ်များဆိုင်ရာ အထောက်အထားတွင် ထောက်ခံမှုကို ရှာမတွေ့ပါ။”

၁၂။ ရှေးဟောင်းသုတေသနပြုချက်အရ ခေတ်သစ်အဆင့်မြင့်ဝေဖန်မှု မည်သို့ဖြစ်သွားသနည်း။

၁၂ အဆင့်မြင့်ဝေဖန်မှု၏သီအိုရီများသည် မှန်ကန်မှုရှိမရှိစမ်းသပ်ကြည့်ရန် နည်းလမ်းတစ်စုံတစ်ရာ ရှိပါသလော။ ဂျူးစွယ်စုံကျမ်းက ဤသို့ဆက်ပြောသည်– “ဝဲလ်ဟောင်ဇင်၏ အမြင်သဘောထားသည် ပကတိစာသား လေ့လာဆန်းစစ်မှုပေါ်တွင် လုံးလုံးနီးပါးအခြေပြုထားသည်ဖြစ်ရာ အဖွဲ့အစည်းဆိုင်ရာ ရှေးဟောင်းသုတေသနပညာရပ်၏ရှုထောင့်မှ ထပ်ဆင့်ဆန်းစစ်ရန် လိုအပ်မည်ဖြစ်သည်။” နှစ်များကုန်လွန်လာသည်နှင့်အမျှ ရှေးဟောင်းသုတေသနပညာရပ်သည် ဝဲလ်ဟောင်ဇင်၏သီအိုရီများကို အတည်ပြုထောက်ခံလာသလော။ ဗြိတဲန်နီကာစွယ်စုံကျမ်းသစ်က ဤသို့ဖြေသည်– “ရှေးဟောင်းသုတေသနဆိုင်ရာဝေဖန်မှုက [သမ္မာကျမ်းစာသမိုင်း၏] ရှေးအကျဆုံးကာလပိုင်းများမှ ထူးခြားသည့်သမိုင်းဝင် အသေးစိတ်အချက်အလက်များသည် ယုံကြည်နိုင်ကြောင်း အတည်ပြုထောက်ခံသည့်ဘက်တိမ်းပြီး ပင်တကျုမှတ်တမ်းများ [သမ္မာကျမ်းစာ၏ ကနဦးကျမ်းစောင်များမှ သမိုင်းဝင်မှတ်တမ်းများ] သည် များစွာနောက်ကျသည့်ခေတ်ကာလတစ်ခု၏ ရောင်ပြန်ဟပ်ခြင်းမျှသာဖြစ်သည်ဟူသည့် သီအိုရီကို ပယ်ချလိုက်သည်။”

၁၃၊ ၁၄။ အခြေမခိုင်သော်လည်း ဝဲလ်ဟောင်ဇင်၏ အဆင့်မြင့်ဝေဖန်မှုသည် အဘယ်ကြောင့် ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားဆဲဖြစ်သနည်း။

၁၃ အဆင့်မြင့်ဝေဖန်မှု၌ အားနည်းချက်ရှိလျက်နှင့် ယနေ့ပညာတတ်များအလယ်တွင် အဘယ်ကြောင့်လူကြိုက်များနေရသနည်း။ အကြောင်းမှာ သူတို့အကြိုက် လိုက်၍ပြောသောကြောင့်ဖြစ်သည်။ ၁၉ ရာစုပညာရှင်တစ်ဦး ဤသို့ရှင်းပြသည်– “ကျွန်တော့်အနေနဲ့ဆိုရင် ဝဲလ်ဟောင်ဇင်ရဲ့ဒီစာအုပ်ကို တခြားဘယ်စာအုပ်ထက်မဆို လက်ကမ်းကြိုဆိုတယ်; ကျွန်တော့်အတွက် ဓမ္မဟောင်းကျမ်းပါသမိုင်းရဲ့ အရေးကြီးပြဿနာဟာ နောက်ဆုံးမှာ လူ့ဆင့်ကဲဖြစ်စဉ်အခြေခံမူနှင့်အညီ ဖြေရှင်းနိုင်ခဲ့တဲ့အတွက်ကြောင့်ပါပဲ၊ ဒီအခြေခံမူကို ဘာသာတရားအားလုံးရဲ့သမိုင်းမှာ ကျွန်တော်မလွဲမရှောင်သာ အသုံးပြုရပါတယ်။”၇ ဆင့်ကဲဝါဒီတစ်ဦးအနေနှင့် အဆင့်မြင့်ဝေဖန်မှုသည် ထိုသူ၏စိတ်စွန်းကွက်မှုနှင့် တစ်သဘောတည်းဖြစ်နေသည်မှာ ရှင်းလှပါသည်။ အမှန်ဆိုရလျှင် သီအိုရီနှစ်ခုစလုံးသည် တူညီသည့်ရည်ရွယ်ချက်ပန်းတိုင်တစ်ခုကို အထမြောက်စေသည်။ ဆင့်ကဲဖြစ်စဉ်က ဖန်ဆင်းရှင်တစ်ပါးကို ယုံကြည်ဖို့လိုအပ်ချက်ကို ဖယ်ရှားပစ်သကဲ့သို့ ဝဲလ်ဟောင်ဇင်၏ အဆင့်မြင့်ဝေဖန်ရေးကလည်း သမ္မာကျမ်းစာအား ဘုရားသခင်မှုတ်သွင်းသည်ကို ယုံကြည်ရန်မလိုဟူသည့် သဘောပင်ဖြစ်သည်။

၁၄ ကျိုးကြောင်းဆင်ခြင်မှုကို အဓိကထားသော ဤနှစ်ဆယ်ရာစုတွင် သမ္မာကျမ်းစာသည် ဘုရားသခင့်နှုတ်မြွက်စကားတော်မဟုတ်ဘဲ လူ့နှုတ်ထွက်သာဖြစ်သည်ဟူသည့်အယူအဆသည် ပညာတတ်များအတွက် ယုတ္တိရှိပုံပေါက်သည်။c သူတို့အဖို့ ပရောဖက်ပြုချက်များ၏စစ်မှန်မှုကို လက်ခံခြင်းထက် ယင်းပရောဖက်ပြုချက်များသည် ပြည့်စုံပြီးနောက်မှ ရေးသားရာများဖြစ်သည်ဟုယုံကြည်ရန် များစွာပို၍လွယ်ကူသည်။ သူတို့သည် သမ္မာကျမ်းစာပါအံ့ဖွယ်အမှုများ အမှန်တကယ်ဖြစ်ပျက်ခဲ့သည်ဟူသည့် ဖြစ်နိုင်ခြေအလားအလာကို စဉ်းစားသုံးသပ်မည့်အစား ၎င်းတို့ကို ဒဏ္ဍာရီပုံပြင်များ သို့မဟုတ် ရိုးရာပုံပြင်များအဖြစ်ကျိုးကြောင်းပြရှင်းလင်းရန် ပို၍စိတ်သန်ကြသည်။ သို့သော် ဤကဲ့သို့သော အမြင်သဘောထားသည် စိတ်စွန်းကွက်မှုဖြစ်ရာ သမ္မာကျမ်းစာ၏ မှန်ကန်မှုကို ငြင်းပယ်ရန် ခိုင်လုံသောအကြောင်း မဖြစ်စေပါ။ အဆင့်မြင့်ဝေဖန်ရေးသည် ချွတ်ယွင်းချက် အကြီးအကျယ်ရှိပြီး သမ္မာကျမ်းစာကို တိုက်ခိုက်ရာ၌ သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်မြွက်စကားတော်မဟုတ်ကြောင်း သက်သေမပြနိုင်ခဲ့ချေ။

ရှေးဟောင်းသုတေသနပညာက သမ္မာကျမ်းစာကို ထောက်ခံသလော

၁၅၊ ၁၆။ ကျမ်းစာတွင်ဖော်ပြထားသည့် ရှေးအဘယ်မင်း၏တည်ရှိမှုကို ရှေးဟောင်းသုတေသနပညာက အတည်ပြုခဲ့သနည်း။

၁၅ ရှေးဟောင်းသုတေသနပညာသည် အဆင့်မြင့်ဝေဖန်ရေးထက်ပို၍အခြေခိုင်သော လေ့လာမှုနယ်ပယ်ဖြစ်သည်။ ရှေးဟောင်းသုတေသနပညာရှင်များသည် အတိတ်ကာလကယဉ်ကျေးမှုအကြွင်းအကျန်များကို တူးဖော်ခြင်းအားဖြင့် ရှေးခေတ်ကအကြောင်းအရာများနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏အသိဉာဏ်ကို နည်းများစွာဖြင့် တိုးပွားစေခဲ့သည်။ ထို့ကြောင့် ရှေးဟောင်းသုတေသနပညာဆိုင်ရာ မှတ်တမ်းသည် သမ္မာကျမ်းစာတွင် ကျွန်ုပ်တို့ဖတ်ရသည့်အကြောင်းအရာများနှင့် အကြိမ်ကြိမ် ကိုက်ညီလိုက်ဖက်နေသည်မှာ အံ့ဩစရာမဟုတ်ပေ။ တစ်ခါတစ်ရံ ရှေးဟောင်းသုတေသနပညာက ဝေဖန်သူများကိုဆန့်ကျင်ပြီး သမ္မာကျမ်းစာမှန်ကန်ကြောင်းပင် ထောက်ခံသည်။

၁၆ ဥပမာ၊ ဒံယေလကျမ်းအရ ဗာဗုလုန်သည် ပါးရှားလူမျိုး၏လက်အောက်မကျမီ နောက်ဆုံးဘုရင်မှာ ဗေလရှာဇာအမည်ရှိသည်။ (ဒံယေလ ၅:၁-၃၀) သမ္မာကျမ်းစာမှလွဲ၍ ဗေလရှာဇာအကြောင်း ဖော်ပြထားသည်ကို မတွေ့ရသောကြောင့် သမ္မာကျမ်းစာ မှားသည်၊ ဗေလရှာဇာသည် လုံးဝမရှိခဲ့ဟု စွပ်စွဲခဲ့ကြသည်။ သို့သော် ၁၉ ရာစုအတွင်း အီရတ်တောင်ပိုင်းရှိ အပျက်အယွင်းတချို့တွင် ကျူနီဖောင်းစာဖြင့် အက္ခရာတင်ထားသော ဆလင်ဒါပုံကျောက်တုံးငယ်များကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းတို့တွင် ဗာဗုလုန်ဘုရင် နဘိုနိုက်ဒတ်စ်၏သားတော်အကြီးဆုံး၏ ကျန်းမာရေးအတွက် ဆုတောင်းမေတ္တာပို့သချက်တစ်ခု ပါဝင်သည်ကို တွေ့ရှိရသည်။ ထိုသားတော်၏အမည်ကား အဘယ်နည်း။ ဗေလရှာဇာတည်း။

၁၇။ စာပေအများစုတွင် ဗေလရှာဇာကို မင်းသားတစ်ပါးဟုခေါ်ထားသော်လည်း ကျမ်းစာတွင် ဘုရင်တစ်ပါးဟုခေါ်ထားခြင်းကို မည်သို့ရှင်းပြနိုင်သနည်း။

၁၇ ဗေလရှာဇာတစ်ယောက် မုချပင်ရှိခဲ့သည်! သို့သော် ဗာဗုလုန်ကျဆုံးချိန်တွင် သူသည် ဘုရင်တစ်ပါးဖြစ်ခဲ့ပါသလော။ နောက်ပိုင်းတွေ့ရှိရသည့် မှတ်တမ်းမှတ်ရာအများစုက သူ့အား ဘုရင့်သားတော်၊ အိမ်ရှေ့မင်းသားအဖြစ် ရည်ညွှန်းဖော်ပြသည်။ သို့သော် “နဘိုနိုက်ဒတ်စ်၏မှတ်တမ်းလွှာ” ဟုခေါ်တွင်သည့် ကျူနီဖောင်းမှတ်တမ်းမှတ်ရာတစ်ခုတွင် ဗေလရှာဇာ၏ရာထူးအမှန်ကို ပို၍ရှင်းလင်းစွာဖော်ပြထားသည်။ ဤသို့မှတ်တမ်းတင်ထားသည်– “သူ [နဘိုနိုက်ဒတ်စ်] သည် သားဦးဖြစ်သော အကြီးဆုံး (သားတော်) အား ‘တပ်စခန်း’ ကိုလွှဲအပ်၍ နိုင်ငံတော်အရပ်ရပ်ရှိ စစ်သည်တော်များသည် သူ၏ (အမိန့်) ကိုနာခံရကြသည်။ သူသည် (အရာခပ်သိမ်းကို) စွန့်လွှတ်ပြီး သူ့အား ဘုရင့်အာဏာအပ်နှင်းသည်။”၈ ထို့ကြောင့် ဗေလရှာဇာသည် ဘုရင့်အာဏာအပ်နှင်းခံရသည်။ ခြုံ၍ကြည့်သော် သူ့အား ဘုရင်တင်မြှောက်လိုက်သည်မှာ သေချာသည်!d ဗေလရှာဇာနှင့် ခမည်းတော်နဘိုနိုက်ဒတ်စ်တို့၏ ဤဆက်နွှယ်မှုက ဗာဗုလုန်တွင် နောက်ဆုံးစားသောက်ပွဲ၌ ဗေလရှာဇာက ဒံယေလအား နိုင်ငံတော်တွင် တတိယမင်းအဖြစ် အဘယ်ကြောင့်ချီးမြှင့်ရကြောင်းကို နားလည်သွားစေသည်။ (ဒံယေလ ၅:၁၆) နဘိုနိုက်ဒတ်စ်သည် ပထမမင်းဖြစ်သောကြောင့် ဗေလရှာဇာသည် ဗာဗုလုန်၏ ဒုတိယမင်းသာဖြစ်သည်။

ထောက်ခံသော အခြားအထောက်အထား

၁၈။ ဒါဝိဒ်အုပ်စိုးမှုကြောင့် ငြိမ်သက်အေးချမ်းပြီး စည်ပင်ဖွံ့ဖြိုးကြောင်း အတည်ပြုစေသည့် အဘယ်အချက်အလက်များကို ရှေးဟောင်းသုတေသနက ဖော်ပြပေးသနည်း။

၁၈ အမှန်မှာ ရှေးဟောင်းသုတေသနဆိုင်ရာ ရှာဖွေတွေ့ရှိမှုများစွာက သမ္မာကျမ်းစာ၏ သမိုင်းဆိုင်ရာတိကျမှန်ကန်မှုကို သက်သေပြခဲ့သည်။ ဥပမာ၊ ဘုရင်ရှောလမုန်သည် ခမည်းတော်ဒါဝိဒ်၏ ထီးနန်းကိုဆက်ခံပြီးနောက် ဣသရေလနိုင်ငံသည် အလွန့်အလွန်စည်ပင်ဖွံ့ဖြိုးခဲ့ကြောင်း သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည်။ “ထိုကာလ၌၊ ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှများပြား၍ စားသောက်ပျော်မွေ့လျက်နေကြ၏” ဟူ၍ကျွန်ုပ်တို့ဖတ်ရသည်။ (၃ ဓမ္မရာဇဝင် ၄:၂၀) ဤဖော်ပြချက်ကို ထောက်ခံသည့်အနေနှင့် ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ဒါဝိဒ်ဆောင်ကြဉ်းပေးခဲ့သည့် ငြိမ်သက်အေးချမ်းမှုနှင့် စည်ပင်ဖွံ့ဖြိုးမှုတို့ကြောင့် မြို့သစ်များတည်ထောင်နိုင်ခဲ့သည့် ဘီ.စီ. ဒသမရာစုအတွင်းနှင့် ယင်းနောက်ပိုင်းတွင် ယုဒပြည်၌ လူဦးရေအဆမတန် တိုးပွားခဲ့ကြောင်း ရှေးဟောင်းသုတေသနဆိုင်ရာအထောက်အထားက ဖော်ပြသည်။”၁၀

၁၉။ ဣသရေလနှင့် မောဘတို့စစ်ဖြစ်ခြင်းနှင့်ပတ်သက်၍ ရှေးဟောင်းသုတေသနက အဘယ်ထပ်ဆင့်အချက်အလက်များကို ဖော်ပြပေးသနည်း။

၁၉ နောက်ပိုင်း ဣသရေလနိုင်ငံနှင့်ယုဒနိုင်ငံဟူ၍ နှစ်နိုင်ငံဖြစ်လာသောအခါ ဣသရေလနိုင်ငံသည် အိမ်နီးချင်းမောဘနိုင်ငံကို အောင်နိုင်ခဲ့သည်။ တစ်ချိန်တွင် မေရှာဘုရင်ဦးစီးသော မောဘတို့သည် တော်လှန်ပုန်ကန်သဖြင့် ဣသရေလနိုင်ငံသည် ယုဒနိုင်ငံ၊ အိမ်နီးချင်းဧဒုံနိုင်ငံတို့နှင့် မဟာမိတ်ဖွဲ့၍ မောဘကိုစစ်တိုက်ကြသည်။ (၄ ဓမ္မရာဇဝင် ၃:၄-၂၇) မှတ်သားစရာမှာ ဤတိုက်ပွဲဆိုင်ရာ မေရှာ၏ကိုယ်တိုင်ရေးမှတ်တမ်းပါသော မောဘဘာသာစကားဖြင့်ရေးထားသည့် ကျောက်ပြား (ကျောက်ထက်အက္ခရာတင်ထားသည့် ကျောက်ပြား) တစ်ပြားကို ဂျော်ဒန်နိုင်ငံ၌ ၁၈၆၈ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။

၂၀။ အဆီးရီးယားတို့က ဣသရေလနိုင်ငံအားဖျက်ဆီးခြင်းအကြောင်းကို ရှေးဟောင်းသုတေသနက မည်သို့ဖော်ပြပေးသနည်း။

၂၀ ထို့နောက် ဘုရားသခင်သည် ဘီ.စီ.အီး. ၇၄၀ ပြည့်နှစ်တွင် ပုန်ကန်သော မြောက်ပိုင်းဣသရေလနိုင်ငံကို အဆီးရီးယန်းတို့အား ဖျက်ဆီးခွင့်ပြုတော်မူခဲ့သည်။ (၄ ဓမ္မရာဇဝင် ၁၇:၆-၁၈) ဤအဖြစ်အပျက်နှင့်ပတ်သက်သည့် သမ္မာကျမ်းစာမှတ်တမ်းအကြောင်းပြောရာတွင် ရှေးဟောင်းသုတေသီ ကက်သလင်း ကင်ညွန်က ဤသို့မှတ်ချက်ချသည်– “တစ်ဦးတစ်ယောက်က ဤမှတ်တမ်းအချို့သည် ချဲ့ကားထားသည်ဟု သံသယဝင်နိုင်သည်။” သို့သော် ချဲ့ကားထားသလော။ ထိုအမျိုးသမီးက ဤသို့ထပ်ဆင့်ဆိုသည်– “ဣသရေလနိုင်ငံ၏ကျဆုံးခြင်းဆိုင်ရာ ရှေးဟောင်းသုတေသနဆိုင်ရာအထောက်အထားသည် သမ္မာကျမ်းစာမှတ်တမ်းထက်ပင် ပို၍ရှင်းလင်းထင်ရှားသည်။ . . . ဣသရေလမြို့များဖြစ်သည့် ရှမာရိမြို့နှင့် ဟာဇော်မြို့ လုံးဝဖျက်ဆီးခံရခြင်းနှင့်အတူ မက်ဂီဒိုမြို့၏ပျက်စီးခြင်းတို့သည် [သမ္မာကျမ်းစာ] ရေးသားသူများ ချဲ့ကားပြောခြင်းမဟုတ်သည့် ရှေးဟောင်းသုတေသနဆိုင်ရာ တိကျမှန်ကန်သော အထောက်အထားဖြစ်သည်။”၁၁

၂၁။ ယုဒနိုင်ငံသည် ဗာဗုလုန်လူမျိုးများ၏လက်အောက် ရောက်သွားခြင်းနှင့်ပတ်သက်သည့် အဘယ်အသေးစိတ်အချက်အလက်များကို ရှေးဟောင်းသုတေသနက ဖော်ပြပေးသနည်း။

၂၁ ၎င်းနောက်ပိုင်းတွင် ဘုရင်ယေခေါနိမင်းလက်ထက် ယေရုရှလင်မြို့သည် ဗာဗုလုန်လူမျိုး၏ ဝိုင်းရံပိတ်ဆို့ခြင်းခံရကာ ကျရှုံးခဲ့ကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ ဤအဖြစ်အပျက်ကို ရှေးဟောင်းသုတေသီများ ရှာဖွေတွေ့ရှိခဲ့သည့် ကျူနီဖောင်းစာဖြင့်ရေးထားသော ကမ္ပည်းကျောက်ပြားဖြစ်သည့် ဗာဗုလုန်ရာဇဝင်မှတ်တမ်းတွင် မှတ်တမ်းတင်ထားသည်။ ၎င်းတွင် ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “အက်ကက် [ဗာဗုလုန်] ဘုရင်သည် . . . (အိုင်ဟူဒူ) ယုဒပြည်၏မြို့တော်ကို ဝိုင်းရံပိတ်ဆို့ပြီးနောက် ဘုရင်သည် အဒါရူလ နှစ်ရက်နေ့တွင် မြို့တော်ကို သိမ်းပိုက်ခဲ့သည်။”၁၂ ယေခေါနိကို ဗာဗုလုန်သို့ဖမ်းဆီးခေါ်ဆောင်သွားကာ ထောင်ချလိုက်သည်။ သို့သော် သမ္မာကျမ်းစာအရ နောက်ပိုင်းတွင် ထောင်မှပြန်လွတ်လာပြီး အစားအသောက်များရရှိခဲ့သည်။ (၄ ဓမ္မရာဇဝင် ၂၄:၈-၁၅; ၂၅:၂၇-၃၀) ဤအဖြစ်အပျက်ကို ဗာဗုလုန်တွင် တွေ့ရှိသည့် စီမံခန့်ခွဲရေးဆိုင်ရာ မှတ်တမ်းမှတ်ရာများက ထောက်ခံသည်၊ ယင်းစာများတွင် “ယုဒဘုရင် ယော်ကင်” အားပေးသည့် ရိက္ခာများကို စာရင်းပြုဖော်ပြထားသည်။၁၃

၂၂၊ ၂၃။ ယေဘုယျအားဖြင့် ရှေးဟောင်းသုတေသနနှင် ကျမ်းစာ၏သမိုင်းဝင်မှတ်တမ်းများသည် မည်သို့ဆက်သွယ်မှုရှိသနည်း။

၂၂ ရှေးဟောင်းသုတေသနပညာနှင့် သမ္မာကျမ်းစာသမိုင်းမှတ်တမ်းတို့၏ဆက်သွယ်မှုနှင့်ပတ်သက်၍ ပါမောက္ခ ဒေးဗစ် နိုအဲလ် ဖရီးမင်းက ဤသို့မှတ်ချက်ချသည်– “သို့သော် ယေဘုယျအားဖြင့် ရှေးဟောင်းသုတေသနပညာသည် သမ္မာကျမ်းစာဇာတ်လမ်းများ၏ သမိုင်းဆိုင်ရာခြေမြစ်ခိုင်လုံမှုကို ထောက်ခံသည့်ဘက် တိမ်းညွတ်လျက်ရှိသည်။ ဘိုးဘေးများလက်ထက်မှသည် ဓ[မ္မ] သ[စ်ကျမ်း] အချိန်အထိ ဖော်ပြထားသည့် ကျယ်ပြောလှသည့် ရာဇဝင်မှတ်တမ်းသည် ရှေးဟောင်းသုတေသနပညာဆိုင်ရာ အချက်အလက်များနှင့် ဆက်စပ်လျက်ရှိသည်။ . . . သမ္မာကျမ်းစာ၏ဓလေ့ထုံးတမ်းသည် ဝေဖန်ဆန်းစစ်မှုသဘောအရ သို့မဟုတ် သိပ္ပံသဘောအရ သမိုင်းမဟုတ်သော်လည်း ယင်းဓလေ့ထုံးတမ်းသည် သမိုင်းတွင်အခြေခံသည်၊ သစ္စာရှိရှိလက်ဆင့်ကမ်းလာခဲ့သည်ဟူသော လက်ရှိမယုတ်မလွန်ရပ်တည်ချက်ကို အနာဂတ်ရှာဖွေတွေ့ရှိမှုများက ခိုင်လုံစေနိုင်ဖွယ်ရှိသည်။”

၂၃ သမ္မာကျမ်းစာကို အသရေဖျက်ရန် အဆင့်မြင့်ဝေဖန်ရေးသမားများ၏ အားထုတ်မှုများနှင့်စပ်လျဉ်း၍ သူဤသို့ဆိုသည်– “ခေတ်သစ်ပညာရှင်များက ကျမ်းစာ၏သမိုင်းကို ပြန်ဖွဲ့စည်းဖို့ကြိုးပမ်းမှုများ—ဥပမာ၊ ရှေးဘိုးဘေးများခေတ်သည် ကွဲပြားနေသော သက်ဦးဆံပိုင်ဘုရင်စနစ်၏ ရောင်ပြန်ဟပ်ခြင်းဖြစ်သည်ဟူသည့် ဝဲလ်ဟောင်ဇင်၏ရှုမြင်ပုံ; သို့မဟုတ် နော့နှင့်နောက်လိုက်များက မောရှေနှင့် ထွက်မြောက်မှုတို့၏သမိုင်းစစ်မှန်မှုတို့ကို ငြင်းဆိုခြင်းနှင့် အကျိုးဆက်အဖြစ် ဣသရေလလူမျိုး၏သမိုင်းကို ပြန်ဖွဲ့စည်းကြခြင်း—သည် ရှေးဟောင်းသုတေသနပညာဆိုင်ရာ အချက်အလက်များအပြင် သမ္မာကျမ်းစာပါဇာတ်လမ်းကို မကျော်လွှားနိုင်ခဲ့ပါ။”၁၄

ယေရိခေါမြို့ ကျဆုံးခြင်း

၂၄။ ယေရိခေါမြို့ကျဆုံးခြင်းနှင့်ပတ်သက်၍ အဘယ်အချက်အလက်များကို ကျမ်းစာက ဖော်ပြပေးသနည်း။

၂၄ ရှေးဟောင်းသုတေသနပညာသည် အရာရာတိုင်းတွင် ကျမ်းစာနှင့်သဘောညီ၏ဟု ဆိုလိုသလော။ မဆိုလိုပါ၊ သဘောမညီသောအချက် များစွာရှိသည်။ တစ်ချက်မှာ ဤအခန်း၏အစပိုင်းတွင်ဖော်ပြခဲ့သည့် ယေရိခေါမြို့ကို ကွက်ကွက်ကွင်းကွင်းအောင်နိုင်ခြင်းဖြစ်သည်။ သမ္မာကျမ်းစာအရ ယေရိခေါမြို့သည် ယောရှု ဣသရေလလူမျိုးကို ခါနာန်ပြည်သို့ ဦးဆောင်ခေါ်သွားစဉ် ပထမဆုံးအောင်ပွဲရမြို့ဖြစ်သည်။ သမ္မာကျမ်းစာသက္ကရာဇ်စဉ်အရ ထိုမြို့သည် ဘီ.စီ.အီး. ၁၅ ရာစု၏ ပထမရာစုဝက်တွင် ကျဆုံးခဲ့သည်။ ထိုအောင်နိုင်မှုနောက်ပိုင်း ယေရိခေါမြို့သည် လုံးဝမီးရှို့ခံရပြီး နှစ်ရာနှင့်ချီ၍ လူသူကင်းမဲ့ရာအရပ်ဖြစ်ခဲ့သည်။—ယောရှု ၆:၁-၂၆; ၃ ဓမ္မရာဇဝင် ၁၆:၃၄။

၂၅၊ ၂၆။ ယေရိခေါမြို့ကို တူးဖော်မှုမှ ရှေးဟောင်းသုတေသနပညာရှင်များသည် ကွဲပြားသောအဘယ်ကောက်ချက်နှစ်ခုကို ချခဲ့ကြသနည်း။

၂၅ ဒုတိယကမ္ဘာစစ်ကြီးမတိုင်မီက ယေရိခေါမြို့ဟု ယူဆရသည့်မြေနေရာကို ပါမောက္ခဂျွန် ဂါးစတန်းက တူးဖော်ခဲ့သည်။ ဤမြို့သည် အလွန်ရှေးကျပြီး အကြိမ်ကြိမ်ဖျက်ဆီးခံရကာ အကြိမ်ကြိမ်ပြန်လည်တည်ဆောက်ခဲ့ကြောင်း သူတွေ့ရှိခဲ့ရသည်။ ဖျက်ဆီးခံရချိန်တစ်ခုတွင် မြို့ရိုးများသည် ငလျင်လှုပ်ခံရဘိသကဲ့သို့ ပြိုကျသွားကာ မြို့သည် လုံးလုံးမီးလောင်ပြာကျခဲ့ကြောင်း ဂါးစတန်းတွေ့ရှိခဲ့ရသည်။ ဤအဖြစ်အပျက်သည် ယောရှုအားဖြင့် ယေရိခေါမြို့ပျက်စီးသည်ဟု ကျမ်းစာကဖော်ပြသည့်အချိန်နှင့် များစွာမကွာလှသော ဘီ.စီ.အီး. ၁၄၀၀ ခန့်ကဖြစ်သည်ဟု ဂါးစတန်းကယုံကြည်သည်။၁၅

၂၆ စစ်ကြီးပြီးနောက် အခြားရှေးဟောင်းသုတေသီ ကက်သလင်း ကင်ညွန်သည် ယေရိခေါမြို့ကို ထပ်၍တူးဖော်ခဲ့သည်။ ဂါးစတန်းတွေ့ရှိခဲ့သည့် ပြိုကျနေသောမြို့ရိုးမှာ ဂါးစတန်းယူဆသည်ထက် အနှစ်ရာနှင့်ချီပြီးစောကြောင်း သူကောက်ချက်ချသည်။ သူက ယေရိခေါမြို့သည် ဘီ.စီ.အီး. ၁၆ ရာစုတွင် အကြီးအကျယ်ပျက်စီးခဲ့သည်ဟုဆိုသည်၊ သို့သော် ထိုနယ်မြေကို ယောရှုချင်းနင်းဝင်ရောက်လျက်ရှိခဲ့သည်ဟု ကျမ်းစာပြောသည့် ၁၅ ရာစုအတွင်းတွင် ယေရိခေါမြို့နေရာတွင် မြို့မရှိဟုဆိုသည်။ ထိုနေရာတွင် ဘီ.စီ.အီး. ၁၃၂၅ ခုနှစ်၌ ဖြစ်ပျက်ခဲ့ဖွယ်ရှိသည့် နောက်ထပ်ဖျက်ဆီးခံရမှုနှင့်ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိသော လက္ခဏာများကို သူဆက်၍တင်ပြကာ ဤသို့ဆိုသည်– “ယေရိခေါမြို့ဖျက်ဆီးခံရခြင်းသည် ယောရှု၏ချင်းနင်းဝင်ရောက်မှုနှင့်ဆက်စပ်ဖို့ဆိုလျှင် ဤ [နောက်] ဖြစ်ရပ်သည် ရှေးဟောင်းသုတေသနပညာကဖော်ပြသော ရက်စွဲဖြစ်သည်။”၁၆

၂၇။ ရှေးဟောင်းသုတေသနနှင့် ကျမ်းစာတို့ သဘောထားမညီညွတ်မှုသည် ကျွန်ုပ်တို့ကို အကြီးအကျယ်စိတ်အနှောင့်အယှက်ဖြစ်စရာ အဘယ်ကြောင့်မဖြစ်သင့်သနည်း။

၂၇ ယင်းက ကျမ်းစာမှားသည်ဟူသည့် အဓိပ္ပာယ်လော။ လုံးဝမဟုတ်။ ကျွန်ုပ်တို့သတိရရမည်မှာ ရှေးဟောင်းသုတေသနပညာသည် အတိတ်၏ပြတင်းပေါက်ကို ဖွင့်ပေးသော်လည်း အမြဲတမ်းရှင်းရှင်းလင်းလင်းမမြင်ရပေ။ တစ်ခါတစ်ရံ သိသိသာသာပိတ် မှောင်နေသည်။ ကျမ်းဆရာတစ်ဦးက ဤသို့မှတ်ချက်ချသည်– “ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားသည် အကြောင်းအပေါင်းမသင့်၍ ပြည့်စုံမှုမရှိဘဲဖြစ်ရာ အကန့်အသတ်နှင့်သာဖြစ်သည်။”၁၇ အထူးသဖြင့် ဣသရေလသမိုင်း၏ အစောပိုင်းအချိန်ကာလနှင့်ပတ်သက်လာလျှင် ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားသည် မရှင်းလင်းပါ။ အမှန်မှာ ယေရိခေါမြို့နေရာသည် အကြီးအကျယ်တိုက်စားခံထားရသောကြောင့် အထောက်အထားသည် သာ၍ပင်မရှင်းမလင်းဖြစ်နေသည်။

ရှေးဟောင်းသုတေသန၏ အကန့်အသတ်ဖြစ်မှုများ

၂၈၊ ၂၉။ ရှေးဟောင်းသုတေသနတွင် အဘယ်အကန့်အသတ်အချို့ရှိကြောင်း ကျမ်းဂန်ပညာရှင်များ ဝန်ခံကြသနည်း။

၂၈ ရှေးဟောင်းသုတေသနပညာရှင်များကိုယ်နှိုက်က မိမိတို့သိပ္ပံပညာသည် အကန့်အသတ်များရှိကြောင်း ဝန်ခံထားသည်။ ဥပမာအနေဖြင့် ယိုဟန်နန် အဟာရိုနီက ဤသို့ရှင်းပြသည်– “သမိုင်းဆိုင်ရာ သို့မဟုတ် သမိုင်း-ပထဝီဝင်ဆိုင်ရာ အနက်ဖွင့်ချက်နှင့်ပတ်သက်လာလျှင် ရှေးဟောင်းသုတေသနပညာရှင်ဖြစ်သူသည် တိကျသောသိပ္ပံပညာရပ်နယ်ပယ်များမှထွက်ကာ ခြုံငုံမိသော သမိုင်းရုပ်သွင်ပေါ်လာစေဖို့တန်ဖိုးရှိအကဲဖြတ်ချက်များနှင့် မှန်းဆချက်တို့အပေါ်တွင် မှီခိုရမည်သာ။”၁၈ ရှာဖွေတွေ့ရှိမှုအမျိုးမျိုးကိုသတ်မှတ်ပေးသည့် ရက်စွဲနှင့်ပတ်သက်၍ သူဤသို့ထပ်ပြောသည်– “ထို့ကြောင့် ကျွန်ုပ်တို့သတိရရမည်မှာ” အတိတ်ကထက် ယနေ့ရှေးဟောင်းသုတေသနပညာရှင်များသည် မိမိတို့၏ရက်စွဲတပ်မှုကို သာ၍ယုံကြည်စိတ်ချနိုင်ကြောင်း သူယူမှတ်ထားသော်လည်း “ရက်စွဲတစ်ခုမကျန်သည် အကြွင်းမဲ့မှန်သည်မဟုတ်၊ အတော်အတန်ကွာခြားနိုင်သည်။”၁၉

၂၉ ဓမ္မဟောင်းကျမ်း၏လောက စာအုပ်က ဤသို့မေးခွန်းထုတ်သည်– “ရှေးဟောင်းသုတေသနဆိုင်ရာနည်းစနစ်သည် အမှန်ပင် မည်မျှသိပ္ပံနည်းကျဖြစ်သနည်း။” အဖြေကား ဤသို့– “ရှေးဟောင်းသုတေသနပညာရှင်များသည် အချက်အလက်များကို အနက်ဖွင့်ရေးထက် ယင်းတို့ကိုရအောင် တူးဖော်ခြင်းက ပို၍အရှိအတိုင်းဖြစ်ရာကျသည်။ သို့သော် သူတို့၏စိတ်တွင်စိုးမိုးနေသည့်အရာများက ‘တူး’ ရာတွင် အသုံးပြုသည့်နည်းစနစ်များပေါ် သက်ရောက်မှုရှိမည်လည်းဖြစ်သည်။ သူတို့သည် မြေကြီးများကို တစ်လွှာပြီးတစ်လွှာတူးသွားသောအခါ အထောက်အထားမပျက်စီးသွားအောင် မစွမ်းဆောင်နိုင်ကြဘဲဖြစ်ရာ သူတို့၏ ‘လက်တွေ့စမ်းသပ်ချက်’ ကို ဘယ်တော့မျှအကြိမ်ကြိမ်မပြုနိုင်ပေ။ ဤအချက်ကြောင့် သိပ္ပံပညာရပ်ထဲတွင် ရှေးဟောင်းသုတေသနပညာရပ်သည် တစ်မူထူးနေသည်။ ထို့အပြင် ယင်းကြောင့် ရှေးဟောင်းသုတေသနဆိုင်ရာမှတ်တမ်းတင်မှုသည် အခက်ခဲဆုံးနှင့် အမှားအယွင်းအများဆုံး အလုပ်တာဝန်ဖြစ်နေရသည်။”၂၀

၃၀။ ကျမ်းစာကျောင်းသားများသည် ရှေးဟောင်းသုတေသနကို မည်သို့ရှုမြင်ကြသနည်း။

၃၀ ထို့ကြောင့် ရှေးဟောင်းသုတေသနပညာရပ်သည် များစွာအထောက်အကူပြုနိုင်သည်၊ သို့သော် အခြားလူ့အားထုတ်လုပ်ဆောင်ချက်များကဲ့သို့ပင် အမှားမကင်းပေ။ ရှေးဟောင်းသုတေသနဆိုင်ရာ သီအိုရီများကို စိတ်ဝင်တစားနှင့်ကျွန်ုပ်တို့စဉ်းစားကြည့်မည်ဖြစ်သော်လည်း လုံးဝအမှန်တရားအဖြစ် ဘယ်သောအခါမျှမရှုမြင်သင့်ပါ။ အကယ်၍ ရှေးဟောင်းသုတေသနပညာရှင်များက ကျမ်းစာနှင့်ဆန့်ကျင်သည့်နည်းဖြင့် ၎င်းတို့၏တွေ့ရှိမှုများကို အနက်ဖွင့်မည်ဆိုလျှင် ကျမ်းစာမှားပြီ၊ ရှေးဟောင်းသုတေသနပညာရှင်များမှန်သည်ဟု အလိုလိုမယူမှတ်သင့်ပါ။ သူတို့၏အဓိပ္ပာယ်ဖွင့်ဆိုမှုများသည် ပြောင်းလဲနေကြောင်းသိရှိထားကြသည်။

၃၁။ ယေရိခေါမြို့ကျဆုံးခြင်းနှင့်စပ်လျဉ်း၍ အဘယ်အကြံပြုချက်အသစ်ကို မကြာသေးမီက ဖော်ပြလာကြသနည်း။

၃၁ မှတ်သားစရာကောင်းသည်မှာ ၁၉၈၁ ခုနှစ်တွင် ပါမောက္ခ ဂျွန် ဂျေ. ဘင်စန်သည် ယေရိခေါမြို့ဖျက်ဆီးခံရခြင်းကို ထပ်မံလေ့လာကြည့်ရှုခဲ့သည်။ သူသည် ကက်သလင်း ကင်ညွန်အဆိုအရ ဘီ.စီ.အီး. ၁၆ ရာစုအလယ်တွင်ဖြစ်ပျက်ခဲ့သည့် ယေရိခေါမြို့မီးလောင်ပျက်စီးခြင်းကို အသေအချာလေ့လာခဲ့သည်။ သူ့အဆိုအရ ထိုပျက်စီးခြင်းသည် ဤမြို့ကို ယောရှုက ဖျက်ဆီးလိုက်ခြင်းနှင့်ပတ်သက်သည့် ကျမ်းစာ၏မှတ်တမ်းနှင့် ညီညွတ်သည်သာမက ဣသရေလလူမျိုးများ ကျူးကျော်ဝင်ရောက်လာသည့်အချိန်ရှိ ကျမ်းစာပါခါနာန်ပြည်၏ပုံစံသည် ရှေးဟောင်းသုတေသနဆိုင်ရာ ခါနာန်ပြည်၏ပုံစံနှင့်ပါ ယေဘုယျအားဖြင့် လုံးလုံးညီညွတ်နေသည်။ ထို့ကြောင့် သူကယူဆသည်မှာ ရှေးဟောင်းသုတေသနဆိုင်ရာရက်စွဲသတ်မှတ်မှုသည် မှားယွင်းနေပြီး ဤပျက်စီးခြင်းသည် ယောရှုသက်ရှိထင်ရှားစဉ် ဘီ.စီ.အီး. ၁၅ ရာစုအလယ်တွင် အမှန်တကယ်ဖြစ်ပျက်ခဲ့သည်ဟု ဆိုသည်။၂၁

ကျမ်းစာသည် သမိုင်းအမှန်

၃၂။ အချို့ကျမ်းဂန်ပညာရှင်တို့တွင် အဘယ်သဘောထားများကို တွေ့ရှိရသနည်း။

၃၂ ဤနမူနာက ရှေးဟောင်းသုတေသနပညာရှင်များသည် အချင်းချင်းသဘောထားကွဲလွဲကြလေ့ရှိကြောင်း ပြသသည်။ သို့ဆိုလျှင် အချို့က ကျမ်းစာနှင့် သဘောမတိုက်ဆိုင်သော်လည်း အခြားသူများကမူ ယင်းနှင့်သဘောထားချင်းညီနေသည်မှာ အံ့ဩစရာမဟုတ်ပေ။ မည်သို့ပင်ဆိုစေ အချို့ကျမ်းဂန်ပညာရှင်များသည် ကျမ်းစာ၏သမိုင်းဝင်ဖြစ်မှုကို အသေးစိတ်မဟုတ်သည့်တိုင်အောင် ယေဘုယျအားဖြင့် တန်ဖိုးထားလာနေကြသည်။ ပညာရှင်အဖွဲ့တစ်ဖွဲ့ကို ကိုယ်စားပြုကာ ဝေလျံ ဖော့က်စ်ဝဲလ် အောဘရိုက်က ဤသို့ရေးသားခဲ့သည်– “ဣသရေလဘာသာရေးသမိုင်းနှင့်ပတ်သက်သည့် တိကျမှန်ကန်မှုကို ယေဘုယျသဘောနှင့်ဖြစ်စေ၊ အသေးစိတ်မှန်ကန်မှုကိုသိရှိ၍ဖြစ်စေ ယေဘုယျပြန်၍တန်ဖိုးထားလာကြပြီ။ . . . ခြုံကြည့်လျှင် ကျမ်းစာအစမှအဆုံး ဘာသာရေးသမိုင်း၏ကျမ်းစစ်ကျမ်းမှန်အဖြစ် တစ်ဖန်ယူမှတ်နိုင်ကြသည်။”၂၂

၃၃၊ ၃၄။ ဟေဗြဲကျမ်းစောင်များကိုယ်နှိုက်က သမိုင်းအရတိကျမှန်ကန်မှုရှိကြောင်း မည်သို့အထောက်အထားတင်ပြသနည်း။

၃၃ အမှန်မှာ၊ ကျမ်းစာကိုယ်နှိုက်သည် တိကျမှန်ကန်သောသမိုင်း၏တံဆိပ်ကို ခတ်နှိပ်ထားသည်။ အဖြစ်အပျက်များသည် ရှေးအကျဆုံးဒဏ္ဍာရီပုံပြင်များကဲ့သို့မဟုတ်ဘဲ တိကျသောအချိန်၊ တိကျသောရက်စွဲများဖြင့်ဖြစ်သည်။ ကျမ်းစာတွင်မှတ်တမ်းတင်ထားသော အဖြစ်အပျက်များစွာကို ထိုခေတ်ကရက်စွဲပါသည့် ရေးသားဖော်ပြချက်များက ထောက်ခံပေးသည်။ ကျမ်းစာသည် ရှေးအရေးအသားစာပေအချို့နှင့်ကွဲလွဲမှုရှိသောအခါ ဤကွဲလွဲမှုမှာ အများအားဖြင့်ရှေးမင်းများက ၎င်း၏ရှုံးနိမ့်မှုများကို မှတ်တမ်းမတင်လိုဘဲ အောင်မြင်မှုကိုပုံကြီးချဲ့လိုသောကြောင့်ဖြစ်ကြောင်း ရှင်းပြနိုင်သည်။

၃၄ အမှန်မှာ အဆိုပါရှေးစာပေများစွာသည် သမိုင်းမဟုတ်ဘဲ တရားဝင်ဝါဒဖြန့်မှုများသာဖြစ်သည်။ ယင်းနှင့်ဆန့်ကျင်လျက် ကျမ်းစာရေးသူများသည် ရှားရှားပါးပါးပွင့်လင်းမှုရှိကြသည်။ မောရှေနှင့်အာရုန်တို့ကဲ့သို့သော အဓိပတိခေါင်းဆောင်ကြီးများသည် သူတို့၏အားနည်းချက်၊ အားသာချက်အားလုံးကို ထုတ်ဖော်ပြကြသည်။ ကြီးမြတ်သော ဘုရင်ဒါဝိဒ်၏ပျက်ကွက်မှုများကို အရှိကိုအရှိအတိုင်း ထုတ်ဖော်ပြထားသည်။ လူမျိုးတော်သည် အဖွဲ့လိုက်အနေဖြင့် ချို့တဲ့အားနည်းမှုများကို အကြိမ်ကြိမ်အထုပ်ဖြေပြခဲ့သည်။ ဤပွင့်လင်းမှုက ဟေဗြဲကျမ်းစောင်များသည် ယုံကြည်စိတ်ချရပြီး အားထားနိုင်ကြောင်းထောက်ခံချက်ပေးကာ ဘုရားသခင်ထံဤသို့ဆုတောင်းသော ယေရှု၏စကားများကိုသာ၍အလေးစီးစေသည်– “ကိုယ်တော်၏နှုတ်[မြွက်စကားတော်] သည် သမ္မာတရားဖြစ်ပါ၏။”—ယောဟန် ၁၇:၁၇။

၃၅။ အကြောင်းအကျိုးအဓိကထားသော အတွေးသမားတို့သည် အဘယ်အရာ မလုပ်ဆောင်နိုင်ကြသနည်း၊ ကျမ်းစာသည် မှုတ်သွင်းခံရကြောင်း သက်သေပြနိုင်ရန် ကျမ်းစာကျောင်းသားများသည် အဘယ်အရာကို အားထားကြသနည်း။

၃၅ အောဘရိုက်က ဤသို့ဆက်ပြောသည်– “မည်သို့ပင်ဆိုစေ ပါဝင်သောအကြောင်းအရာတွင် ကျမ်းစာသည် အစောပိုင်းဘာသာရေးစာပေအားလုံး၏ ထိပ်ခေါင်ဖြစ်သည်; ထို့အပြင် ယင်းသည် သတင်းတရားကို ရိုးရိုးနှင့်တိုက်ရိုက်တင်ပြရာတွင်နှင့် နိုင်ငံအားလုံး၊ ခေတ်အဆက်ဆက်မှလူများကို အလွန်ကျယ်ပြန့်စွာ [နယ်အလွန်ကျယ်ကျယ်] နှစ်သက်စရာဖြစ်စေမှုတို့တွင်လည်း နောက်ထပ်ထွက်လာသည့်စာပေအားလုံး၏ ထိပ်ခေါင်ဖြစ်သည်။”၂၃ ယင်းသည် ကျမ်းဂန်ပညာရှင်များ၏ ထွက်ဆိုချက်မဟုတ်ဘဲ နောက်အခန်းများတွင် ကျွန်ုပ်တို့တွေ့ရှိရမည်ဖြစ်သည့်အတိုင်း ကျမ်းစာသည် မှုတ်သွင်းခံရကြောင်းထင်ရှားသည့် ‘သတင်းတရားထိပ်ခေါင်’ ဖြစ်သည်။ သို့သော် အကြောင်းအကျိုးအဓိကထားသည့် ခေတ်သစ် အတွေးသမားအနေဖြင့် ဟေဗြဲကျမ်းစောင်များသည် သမိုင်းစစ်မဟုတ်ကြောင်း သက်သေမပြနိုင်ခဲ့ကြဘဲရှိနေစဉ် ဤစာပေများကိုယ်နှိုက်က တိကျမှန်ကန်မှုရှိကြောင်း ခိုင်လုံသည့်အထောက်အထားပြသနေကြောင်း မှတ်သားကြပါစို့။ ခရစ်ယာန်ဂရိကျမ်းစောင်များဖြစ်သော “ဓမ္မသစ်ကျမ်း” အတွက်လည်း ဤသို့ပင်ဆိုနိုင်၏လော။ ယင်းကို နောက်အခန်းတွင် သုံးသပ်ကြမည်။

[အောက်ခြေမှတ်ချက်များ]

a “အဆင့်မြင့်ဝေဖန်ရေး” (သို့မဟုတ် “သမိုင်း-ဝေဖန်ရေးနည်းစနစ်”) ဟူသည်မှာ စာပေလက်ရာရှင်၊ အကြောင်းအရာဇာစ်မြစ်နှင့် ကျမ်းတစ်စောင်စီကို ရေးသားပြုစုချိန်အစရှိသော အသေးစိတ်အချက်အလက်များကို သိရှိရန်ရည်ရွယ်ကာ သမ္မာကျမ်းစာအား လေ့လာခြင်းကို ဖော်ပြသည့်ဝေါဟာရဖြစ်သည်။

b ဥပမာ၊ အင်္ဂလိပ်ကဗျာဆရာ ဂျွန် မီတန်လ်သည် သူ၏ ထင်ရှားသော သံပိုင်းမော်ကွန်းဖြစ်သည့် “ပရဒိသုပျောက်ဆုံးခြင်း” ကဗျာစပ်ဟန်သည် သူ၏ကဗျာပင်ဖြစ်သော “လာအော်လီဂရို” နှင့်ကဗျာစပ်ဟန်ချင်းအတော်ပင်ကွာခြားသည်။ ထို့အပြင် သူ၏နိုင်ငံရေးစာတမ်းများကို နောက်ရေးဟန်တစ်မျိုးဖြင့်ရေးသားပြန်လေသည်။

c ပညာတတ်အများစုသည် ယနေ့ ဆင်ခြင်မှုကိုအဓိကထားလိုကြသည်။ အဘိဓာန်အရ ဆင်ခြင်ခြင်းအဓိကဝါဒဟူသည် “ဘာသာရေးအမှန်တရားကို အတည်ပြုဖို့အတွက် ကျိုးကြောင်းဆင်ခြင်မှုကို အခြေခံအဖြစ်ထားခြင်း” ဟူ၍အဓိပ္ပာယ်ရသည်။ ဆင်ခြင်ခြင်းအဓိကဝါဒီများသည် အရာရာတိုင်းကို ဘုရားသခင်လုပ်ဆောင်ခြင်း၏ဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ လူ့သတ်မှတ်ချက်များဖြင့် ရှင်းပြရန်ကြိုးစားကြသည်။

d စိတ်ဝင်စားစရာမှာ ၁၉၇၀ ပြည့်လွန်နှစ်များတွင် ဆီးရီးယားမြောက်ပိုင်း၌ တွေ့ရှိရသည့် ရှေးအုပ်ချုပ်သူတစ်ဦး၏ရုပ်တုတစ်ခုက အုပ်ချုပ်သူတစ်ဦးသည် အတိအကျဆိုရလျှင် ရာထူးအဆင့်နိမ့်သော်လည်း သူ့အား ဘုရင်ဟုခေါ်ခြင်းမှာ ယခင်ကမရှိခဲ့သော အစဉ်အလာမဟုတ်ကြောင်း ဖော်ပြသည်။ ဤရုပ်တုမှာ ဂိုးဇန်အုပ်ချုပ်သူ၏ရုပ်တုဖြစ်ပြီး အဆီးရီးယန်းနှင့် အာရမိတ်ဘာသာစကားဖြင့် ကမ္ပည်းရေးထိုးထားသည်။ အဆီးရီးယန်းကျောက်စာတွင် ထိုသူကို ဂိုးဇန်ဘုရင်ခံဟုခေါ်သော်လည်း အပြိုင်အာရမိတ်ကျောက်စာတွင် သူ့အား ဘုရင်ဟုခေါ်ထားသည်။၉ ထို့ကြောင့် တရားဝင်ဗာဗုလုန်ကျောက်စာများတွင် ဗေလရှာဇာကို အိမ်ရှေ့မင်းဟုသမုတ်ထားသော်လည်း ဒံယေလ၏ အာရမိတ်စာပေတွင်မူ သူ့အား ဘုရင်ဟုခေါ်ထားခြင်းမှာ အစဉ်အလာမရှိသည့်ထုံးစံမဟုတ်ပေ။

[စာမျက်နှာ ၅၃ ပါ အကျဉ်းဖော်ပြချက်]

ကျမ်းစာသည် ရှေးလောကသမိုင်းများနှင့်မတူဘဲ မောရှေနှင့်ဒါဝိဒ်တို့ကဲ့သို့သော လေးစားခံရသည့်ပုဂ္ဂိုလ်ကျော်တို့၏ လူ့ချွတ်ယွင်းပျက်ကွက်မှုများကို အရှိကိုအရှိအတိုင်း မှတ်တမ်းတင်ထားသည်

[စာမျက်နှာ ၄၄ ပါ လေးထောင့်ကွက်]

ရှေးဟောင်းသုတေသနပညာ၏တန်ဖိုး

“ရှေးဟောင်းသုတေသနပညာသည် ရှေးဟောင်းကိရိယာတန်ဆာပလာများ၊ အိုးခွက်များ၊ မြို့ရိုးများ၊ အဆောက်အအုံများ၊ စစ်နက်လက်ပစ္စည်းနှင့် အဆင်တန်ဆာများ၏နမူနာပုံစံတို့ကို ဖော်ပြပေးသည်။ ယင်းတို့အများစုကို သက္ကရာဇ်စဉ်အလိုက် စီစဉ်နိုင်ပြီး သမ္မာကျမ်းစာပါ သင့်လျော်သောဝေါဟာရနှင့် စကားစပ်တို့ဖြင့် သေချာစွာခွဲခြားဖော်ပြနိုင်သည်။ ဤသဘောဖြင့် သမ္မာကျမ်းစာသည် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ကို အရေးအသားပုံစံဖြင့် မပျောက်မပျက်အောင် တိတိကျကျထိန်းသိမ်းစောင့်ရှောက်လာခဲ့သည်။ ကျမ်းစာပါအတ္ထုပ္ပတ္တိများ၏ အသေးစိတ်အချက်အလက်တို့သည် စာရေးသူ၏ စိတ်ကူးယဉ်ကလောင်ကွန့်ချက်များမဟုတ်ဘဲ လောကီရေးရာမှသည် အံ့ဖွယ်အမှုများအထိ ဖြစ်ပျက်ခဲ့သော မှတ်တမ်းတင်အဖြစ်အပျက်များပါဝင်သည့် မှန်ကန်သောကမ္ဘာ့ပုံရိပ်များဖြစ်သည်။”—သန့်ရှင်းသောပြည်တော်ဆိုင်ရာ ရှေးဟောင်းသုတေသနစွယ်စုံကျမ်း။

[စာမျက်နှာ ၅၀ ပါ လေးထောင့်ကွက်]

ရှေးဟောင်းသုတေသနပညာပြုနိုင်သည့်အရာနှင့် မပြုနိုင်သည့်အရာ

“ရှေးဟောင်းသုတေသနပညာသည် သမ္မာကျမ်းစာ မှန်ကြောင်း၊ မှားကြောင်း ယတိပြတ်မပြောပါ၊ သို့သော် ယင်းတွင် အတော်အတန်အရေးပါသော အခြားလုပ်ဆောင်ချက်များရှိသည်။ ယင်းသည် သမ္မာကျမ်းစာက တည်ရှိသည်ဟုဆိုသည့်ရုပ်လောကကို အတော်အတန် ပြန်ပုံဖော်ပေးသည်။ ဥပမာ၊ အိမ်တစ်လုံးကို မည်သည့်ပစ္စည်းများနှင့်တည်ဆောက်ထားသည်၊ သို့မဟုတ် ‘မြင့်သောအရပ်’ တစ်ခုသည် မည်သည့်အရာနှင့်တူကြောင်း သိရှိထားခြင်းက ကျမ်းစာသား၏အဓိပ္ပာယ်ကို နားလည်ရန် များစွာတိုးမြှင့်ပေးသည်။ ဒုတိယအချက်အနေနှင့် ယင်းသည် သမိုင်းမှတ်တမ်းများကို ဖြည့်စွက်ပေးသည်။ ဥပမာ၊ မောဘကျောက်စာက ၄ ဓမ္မရာဇဝင် ၃:၄ တွင်ပါသည့် ဇာတ်ကြောင်း၏ အခြားတစ်ဖက်ကို ဖော်ပြပေးသည်။ . . . တတိယအနေနှင့် ရှေးဣသရေလလူမျိုး၏ အိမ်နီးချင်းလူမျိုးတို့၏ ဘဝအခြေအနေနှင့် အတွေးအခေါ်များကို ဖော်ပြကာ ယင်းတို့ကိုယ်နှိုက်သည် အလွန်ပင်စိတ်ဝင်စားစရာကောင်းပြီး ရှေးဣသရေလလူမျိုး၏အတွေးအခေါ် ဖွံ့ဖြိုးတိုးတက်လာရာ စိတ်ကူးကမ္ဘာ၏အကြောင်းကို ရှင်းလင်းနားလည်စေသည်။”—အီဗလာ—ရှေးဟောင်းသုတေသနမှ ဖွင့်ပြချက်။

[စာမျက်နှာ ၄၁ ပါ ရုပ်ပုံ]

မီတန်သည် ရေးဟန်တစ်မျိုးတည်းမဟုတ်ဘဲ အမျိုးမျိုးဖြင့်ရေးသားခဲ့သည်။ အဆင့်မြင့်ဝေဖန်ရေးသမားများက သူ၏လက်ရာကို စာရေးဆရာများစွာက ရေးသားသည်ဟု ယူမှတ်ကြသလော

[စာမျက်နှာ ၄၅ ပါ ရုပ်ပုံ]

“နဘိုနိုက်ဒတ်စ်၏သဘောထားမှတ်တမ်းလွှာ” က နဘိုနိုက်ဒတ်စ်သည် သားဦးအား ဘုရင်အရာအပ်နှင်းထားကြောင်း ဖော်ပြ

[စာမျက်နှာ ၄၆ ပါ ရုပ်ပုံ]

မောဘကျောက်တုံးက မောဘနှင့်ဣသရေလတို့၏ပဋိပက္ခနှင့်ပတ်သက်ပြီး ဘုရင်မေရှာ၏အမြင်ကို ဖော်ပြထားသည်

[စာမျက်နှာ ၄၇ ပါ ရုပ်ပုံ]

ဗာဗုလုန်၏တရားဝင်မှတ်တမ်းများက ယေရုရှလင်မြို့ကျဆုံးခြင်းဆိုင်ရာ ကျမ်းစာမှတ်တမ်းကို ထောက်ခံသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ