ထောင်လွှားသောအုပ်စိုးရှင်တစ်ပါး အင်ပါယာဆုံးရှုံး
“တစ်ရံရောအခါ ဗေလရှာဇာမင်းကြီးသည် မှူးမတ်တစ်ထောင်ကိုခေါ်ပြီးလျှင် ကြီးစွာသောပွဲကိုလုပ်၍၊ မှူးမတ်တစ်ထောင်နှင့်တကွ စပျစ်ရည်ကို သောက်တော်မူ၏” ဟုပရောဖက်ဒံယေလရေးသားခဲ့သည်။ သို့သော် စားသောက်ပွဲကြီးကျင်းပနေစဉ် မင်းကြီး၏ “မျက်နှာတော်ညှိုးငယ်၍ စိတ်ပူပန်ခြင်းသို့ရောက်သဖြင့်၊ ခါးဆစ်ပြုတ်မတတ်ဖြစ်၍ ဒူးခြင်းထိခိုက်” လေသည်။ ထိုည၌ပင် “ခါလဒဲရှင်ဘုရင် ဗေလရှာဇာမင်းသည် အသက်ဆုံး၍၊ မေဒိအမျိုးဒါရိမင်းသည် . . . နိုင်ငံတော်ကိုသိမ်းယူတော်မူ၏။”—ဒံယေလ ၅:၁၊ ၆၊ ၃၀၊ ၃၁။
ဗေလရှာဇာကား မည်သူနည်း။ “ခါလဒဲရှင်ဘုရင်” ဟုအဘယ်ကြောင့် အမည်တွင်လာသနည်း။ အတိအကျဆိုရလျှင် နီယို-ဗာဗုလုန်အင်ပါယာတွင် သူ၏အနေအထားကားအဘယ်နည်း။ အင်ပါယာကို သူမည်သို့ဆုံးရှုံးသွားသနည်း။
တွဲဖက်အုပ်စိုးရှင်လော၊ ရှင်ဘုရင်လော
နေဗုခဒ်နေဇာသည် ဗေလရှာဇာ၏ခမည်းတော်ဖြစ်၏ဟု ဒံယေလကဖော်ပြခဲ့သည်။ (ဒံယေလ ၅:၂၊ ၁၁၊ ၁၈၊ ၂၂) သို့သော် ဤတော်စပ်ပုံသည် စာသားအတိုင်းမဟုတ်ပါ။ ရေမဲန် ပီ. ဒေါရတီရေးသော နဗိုနိုက်ဒတ်စ်နှင့်ဗေလရှာဇာဟူသည့်စာအုပ်တွင် နေဗုခဒ်နေဇာသည် မိခင်ဖြစ်သူ နီတိုခရစ္စဘက်မှတော်စပ်သည့် သူ၏ဘိုးတော်ဖြစ်နိုင်သည်ဟု တင်ပြသည်။ နေဗုခဒ်နေဇာသည် နန်းစဉ်အရရှေ့ကျသောကြောင့် နန်းတက်ရာတွင်အရင်ကျသော ဗေလရှာဇာ၏ ဘိုးဘေး “ခမည်းတော်” ဖြစ်သည့်သဘောလည်းဖြစ်နိုင်သည်။ (ကမ္ဘာဦး ၂၈:၁၀၊ ၁၃ နှိုင်းယှဉ်။) မည်သို့ပင်ဖြစ်စေ ၁၉ ရာစုအတွင်း တောင်ပိုင်းအီရတ်တွင် တွေ့ရှိခဲ့ရသော ဆလင်ဒါပုံရွှံ့တုံးများစွာပေါ်တွင် ရေးထွင်းထားသည့် မြားသွားပုံစာတို့က ဗေလရှာဇာကို ဗာဗုလုန်ရှင်ဘုရင် နဗိုနိုက်ဒတ်စ်၏အကြီးဆုံးသားတော်အဖြစ် ဖော်ပြထားသည်။
ဒံယေလကျမ်းအခန်းကြီး ၅ မှမှတ်တမ်းက ဘီ.စီ.အီး. ၅၃၉ တွင် ဗာဗုလုန်ကျဆုံးသည့်ညမှ အဖြစ်အပျက်များကို အာရုံပြုဖော်ပြထားခြင်းဖြစ်ရာ ဗေလရှာဇာသည် တွဲဖက်ဘုရင်အခွင့်အာဏာကို မည်သို့ရရှိလာကြောင်း မဖော်ပြထားချေ။ သို့သော် ရှေးဟောင်းသုတေသနပညာအရ ရှာဖွေတွေ့ရှိချက်များက နဗိုနိုက်ဒတ်စ်နှင့် ဗေလရှာဇာတို့၏ တော်စပ်ပုံကို အနည်းအကျဉ်းရှင်းပြပေးသည်။ “နဗိုနိုက်ဒတ်စ်သည် ထူးဆန်းသောအုပ်စိုးရှင်တစ်ပါးဖြစ်သည်ဟု ဗာဗုလုန်ကျမ်းများကဖော်ပြကြောင်း” ရှေးဟောင်းသုတေသနပညာရှင်နှင့် ရှေးဟောင်းဆီးမိုက်ဘာသာကို ပိုင်ပိုင်နိုင်နိုင်သိနားလည်သူ အယ်လန်မေးလတ်ဒ်ကဆိုသည်။ မေးလတ်ဒ်က ဤသို့ထပ်ဆင့်တင်ပြခဲ့သည်– “သူသည် ဗာဗုလုန်ဘုရားများကို လျစ်လျူမရှုသော်လည်း ဥရနှင့်ဟာရန်မြို့နှစ်မြို့ရှိ လဘုရားကိုမူ ထူးထူးကဲကဲဂရုစိုက်ခဲ့သည်။ နဗိုနိုက်ဒတ်စ်သည် သူ၏နန်းသက်နှစ်များစွာအတွင်း ဗာဗုလုန်မြို့တွင်ပင်မနေဘဲ အာရေဗျမြောက်ပိုင်းရှိ အလှမ်းဝေးသည့် တဲမာ [သို့မဟုတ် တိမာ] အိုအေစစ်တွင်နေထိုင်ခဲ့သည်။” အထောက်အထားများအရ နဗိုနိုက်ဒတ်စ်သည် သူ၏နန်းသက်နှစ်များစွာကို ဗာဗုလုန်မြို့တော်တွင်မသုံးခဲ့ကြောင်း သိရှိရသည်။ သူမရှိစဉ်အခါတိုင်း အုပ်ချုပ်မှုအာဏာကို ဗေလရှာဇာတာဝန်ယူခဲ့ရသည်။
ဗေလရှာဇာ၏အနေအထားအမှန်ကို သာ၍ရှင်းလင်းစေသည်ကား “နဗိုနိုက်ဒတ်စ်၏ မှတ်တမ်းတင်ကဗျာ” ဟုဖော်ပြထားသော ဤမြားသွားပုံစာတစ်ခုဖြစ်သည်– “သူ [နဗိုနိုက်ဒတ်စ်] သည် ‘စစ်တပ်’ ကိုမိမိ၏အကြီးဆုံး (သား)၊ သားဦးအားပေးအပ်ခဲ့သည်၊ နိုင်ငံတစ်ဝန်းလုံးရှိ တပ်များကိုသူ့ (လက်အောက်) တွင်ရှိစေသည်။ (အရာအားလုံး) ကိုအပ်နှင်း၍ [သူ] ၏ရှင်ဘုရင်ရာထူးကို ပေးအပ်ခဲ့သည်။” ထိုနည်းအားဖြင့် ဗေလရှာဇာသည် တွဲဖက်ဘုရင်တစ်ပါးဖြစ်ခဲ့သည်။
သို့သော် တွဲဖက်အုပ်စိုးရှင်တစ်ပါးကို ရှင်ဘုရင်တစ်ပါးအဖြစ်ယူမှတ်နိုင်မည်လော။ အမှန်ဆိုလျှင် ရာထူးအနည်းငယ်နိမ့်ကျသော အုပ်စိုးရှင်တစ်ဦးကို ရှင်ဘုရင်တစ်ပါးဟုခေါ်ဆိုခဲ့ကြောင်း ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း မြောက်ပိုင်းအဆီးရီးယားတွင်တွေ့ရှိခဲ့ရသော ရှေးခေတ်အုပ်စိုးရှင်တစ်ပါး၏ရုပ်တုကဖော်ပြသည်။ ထိုရုပ်တုသည် ဂိုဇင်အုပ်စိုးရှင်တစ်ပါး၏ ရုပ်တုဖြစ်ပြီး အဆီးရီးယားနှင့် အာရမိတ်ဘာသာစကားများနှင့် စာတမ်းထိုးထားသည်။ အဆီးရီးယားကမ္ဗည်းစာတမ်းက ထိုသူကို ဂိုဇင်အုပ်စိုးရှင်အဖြစ်ခေါ်ဆိုထားသော်လည်း အလားတူအာရမိတ်ကမ္ဗည်းစာတမ်းက သူ့ကို ရှင်ဘုရင်ဟုခေါ်ဆိုထားသည်။ ထို့ကြောင့် ဗေလရှာဇာကို ဒံယေလရေးသားခဲ့သည့် အာရမိတ်ဘာသာအရ သူ့အား ရှင်ဘုရင်ဟုခေါ်ဆိုထားစဉ် တရားဝင်ဗာဗုလုန်ကမ္ဗည်းစာတမ်းများတွင်မူကား အိမ်ရှေ့မင်းသားဟုခေါ်ဆိုထားခြင်းသည် အစဉ်အလာမရှိဟုမဆိုနိုင်ပေ။
နဗိုနိုက်ဒတ်စ်နှင့် ဗေလရှာဇာတို့ တွဲဖက်အုပ်ချုပ်သည့်အစီအစဉ်သည် နီယို-ဗာဗုလုန်အင်ပါယာ၏ နောက်ဆုံးနေ့ရက်များအထိဖြစ်သည်။ ထို့ကြောင့် ဗာဗုလုန်ကျဆုံးသည့်ညတွင် ဗေလရှာဇာက ဒံယေလကို နိုင်ငံတော်တွင် ဒုတိယမင်းအဖြစ်မဟုတ်ဘဲ တတိယမင်းအဖြစ်တင်မြှောက်မည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။—ဒံယေလ ၅:၁၆။
မိမိကိုယ်ကိုစိတ်ချလွန်းကာ ထောင်လွှားသော အုပ်စိုးရှင်တစ်ပါး
ဗေလရှာဇာသည် မိမိကိုယ်ကိုစိတ်ချလွန်း၍ မာနကြီးသောမင်းသားဖြစ်ကြောင်း သူ၏နန်းသက်အဆုံးပိုင်းမှ ဖြစ်ရပ်များကဖော်ပြသည်။ ဘီ.စီ.အီး. ၅၃၉၊ အောက်တိုဘာ ၅ ရက်နေ့တွင် နဗိုနိုက်ဒတ်စ်သည် သူ၏အုပ်ချုပ်မှုကျဆုံးချိန်၌ မီဒို-ပါရှားစစ်တပ်အားရှုံးနိမ့်ကာ ဘော်စစ်ဖာတွင် ပုန်းအောင်းနေခဲ့သည်။ ဗာဗုလုန်မြို့မူကား ဝိုင်းရံပိတ်ဆို့ခံနေရသည်။ သို့သော် ထိုညတွင် ဗေလရှာဇာသည် ကြီးမားခိုင်ခံ့သောနံရံများဖြင့် ဝိုင်းရံထားသည့်မြို့တော်အတွင်း အလွန်လုံခြုံလျက်ရှိသည်ဟုထင်မှတ်နေရာ “မှူးမတ်တစ်ထောင်ကိုခေါ်ပြီးလျှင် ကြီးစွာသောပွဲကိုလုပ်” နေ၏။ ဘီ.စီ.အီး. ငါးရာစုမှ ဂရိသမိုင်းပညာရှင် ဟဲရိုဒိုတပ်စ်က မြို့တော်အတွင်း လူတို့သည် “ထိုအချိန်တွင် ကခုန်ပျော်မြူးနေကြသည်” ဟုဆိုသည်။
သို့သော် ဗာဗုလုန်မြို့ရိုးအပြင်ဘက်ရှိ မီဒို-ပါရှားစစ်တပ်မှာမူ နိုးကြားတက်ကြွနေသည်။ ကုရု၏ညွှန်ကြားမှုအောက်တွင် မြို့လယ်ခေါင်ကိုဖြတ်စီးသော ဥဖရတ်မြစ်ကို သူတို့ရေလွှဲလိုက်ကြသည်။ မြစ်ကြမ်းပြင်ပေါ်လျှောက်နိုင်သည့်အထိ ရေများကျဆင်းသွားသည်နှင့်တစ်ပြိုင်နက် သူ၏စစ်သားများသည် လျှောက်သွားရန်အဆင်သင့်ဖြစ်နေကြသည်။ ဆင်ခြေလျှောမှတက်လာကြပြီး မြစ်ကမ်းနားတစ်လျှောက်ရှိမြို့ရိုးပေါ်တွင် ဖွင့်ထားလျက်ရှိသော ကြေးနီတံခါးများမှ မြို့ထဲသို့ဝင်ကြမည်ဖြစ်သည်။
မြို့ပြင်မှလှုပ်ရှားမှုများကို ဗေလရှာဇာသာ သတိပြုမိမည်ဆိုလျှင် ကြေးနီတံခါးများကိုပိတ်၍ မြစ်ကမ်းစပ်တစ်လျှောက်ရှိမြို့ရိုးပေါ်တွင် သန်မာသူများကို နေရာချထားကာ ရန်သူကိုထောင်ချောက်ဆင်ဖမ်းနိုင်ပေသည်။ သို့ဖြစ်မည့်အစား မာန်မာနထောင်လွှားသော ဗေလရှာဇာသည် စပျစ်ရည်နှင့်ယစ်မူးကာ ယေဟောဝါ၏ဗိမာန်တော်မှ ခွက်ဖလားများကို ယူဆောင်လာစေခဲ့သည်။ ထို့နောက် ဗာဗုလုန်ဘုရားများကိုချီးမွမ်းနေစဉ် သူကိုယ်တိုင်မှစ၍ သူ၏ဧည့်သည်တော်များ၊ သူ၏မိဖုရားများနှင့် မောင်းမမိဿံများတို့သည် ထိုခွက်ဖလားများဖြင့် ပြောင်ပြောင်တင်းတင်းသောက်ကြ၏။ ရုတ်တရက် လက်တစ်ဖက်သည် ထူးဆန်းစွာပေါ်လာ၍ နန်းတော်နံရံပေါ်တွင် စတင်ရေးသားလေတော့သည်။ ထိတ်လန့်စွာဖြင့် ဗေလရှာဇာသည် ထိုသတင်း၏အနက်ကိုဖော်ပြရန် သူ၏ပညာရှိများကို ဆင့်ခေါ်လိုက်သည်။ သို့သော် သူတို့သည် “ထိုစာကိုမဖတ်နိုင်ကြ။ အနက်အဓိပ္ပာယ်ကို ရှင်ဘုရင်အားမဟောမပြောနိုင်” ကြချေ။ နောက်ဆုံးတွင် ဒံယေလကို “အထံတော်သို့ခေါ်သွင်းလေ၏။” မှုတ်သွင်းခံရသောအားဖြင့် ယေဟောဝါ၏သတ္တိခဲပရောဖက်က ဗာဗုလုန်သည် မေဒိနှင့်ပေရသိလူမျိုးလက်သို့ ကျဆုံးမည်ဟုကြိုတင်ဟောခြင်းဖြင့် ထူးခြားသောအံ့ဖွယ်သတင်း၏အဓိပ္ပာယ်ကို ဖွင့်ပြခဲ့သည်။—ဒံယေလ ၅:၂-၂၈။
မေဒိနှင့် ပေရသိလူမျိုးတို့သည် မြို့တော်ကိုအလွယ်တကူသိမ်းပိုက်လိုက်ကြကာ ထိုညတွင် ဗေလရှာဇာအသက်ဆုံးခဲ့၏။ သူ၏သေဆုံးခြင်းနှင့် ကုရုအား နဗိုနိုက်ဒတ်စ်က လက်နက်ချခဲ့ပုံရှိခြင်းတို့ဖြင့် နီယို-ဗာဗုလုန်အင်ပါယာကြီးသည် အဆုံးတိုင်လေသည်။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ဗာဗုလုန်အင်ပါယာ နိဂုံးချုပ်မည့်သတင်းကို ဒံယေလအနက်ပြန်ပေး