ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • သင့်ကို ယေဟောဝါနဲ့ ဝေးကွာသွားစေဖို့ ဘယ်အရာကိုမှ ခွင့်မပြုပါနဲ့
    ကင်းမျှော်စင်—၂၀၁၃ | ဇန်နဝါရီ ၁၅
    • သင့်ကို ယေဟောဝါနဲ့ ဝေးကွာသွားစေဖို့ ဘယ်အရာကိုမှ ခွင့်မပြုပါနဲ့

      “ဘယ်ဘုရားကို ဝတ်ပြုမယ်ဆိုတာ ဒီနေ့ရွေးချယ်ကြ။” —ယောရှု ၂၄:၁၅၊ ကဘ။

      ဖြေကြည့်ပါ

      • သင့်ရဲ့ အလုပ်အကိုင်နဲ့ အသက်မွေးဝမ်းကျောင်းက သင့်ကို ယေဟောဝါနဲ့ ဝေးကွာမသွားစေဖို့ ဘယ်လိုလုပ်နိုင်သလဲ။

      • အပန်းဖြေမှုနဲ့ ဖျော်ဖြေမှုကို ဘယ်လိုနည်းနဲ့ ကောင်းစွာရွေးချယ်နိုင်သလဲ။

      • သင့် မိသားစုဝင်တစ်ဦး ယေဟောဝါကို ကျောခိုင်းသွားတဲ့အခါ သင် ခံစားရတဲ့ ဝမ်းနည်းကြေကွဲမှုကို ဘယ်လိုခံရပ်နိုင်သလဲ။

      ၁–၃။ (က) ယောရှုဟာ ဘာကြောင့် ကျွန်ုပ်တို့အတွက် စံနမူနာကောင်းဖြစ်သလဲ။ (ခ) ဆုံးဖြတ်ချက်တွေချတဲ့အခါ ဘာကို သတိရသင့်သလဲ။

      ကျွန်ုပ်တို့ရဲ့ရွေးချယ်မှုတွေက အရမ်းအရေးကြီးတယ်။ ကျွန်ုပ်တို့ရဲ့ရွေးချယ်မှုတွေက ကျွန်ုပ်တို့ရဲ့အသက်တာကို ဘယ်လို အသုံးပြုမလဲဆိုတာ စီမံထိန်းချုပ်ခွင့် ရစေတယ်။ ဥပမာ၊ လူတစ်ယောက်က လမ်းလျှောက်နေရင်း ရုတ်တရက် လမ်းနှစ်ခွရှိတဲ့နေရာကို ရောက်သွားတယ်လို့ မြင်ယောင်ကြည့်ပါ။ ဘယ်လမ်းခွဲကနေ သွားမလဲဆိုတာ သူရွေးချယ်ရတော့မယ်။ သူဟာ သူသွားမယ့်နေရာနဲ့ ပိုဝေးသွားစေတဲ့လမ်းကို ရွေးမှာမဟုတ်ဘဲ ပိုနီးစေတဲ့လမ်းကို ရွေးမှာဖြစ်တယ်။

      ၂ သမ္မာကျမ်းစာမှာ အရေးကြီးတဲ့ရွေးချယ်မှု ပြုလုပ်ခဲ့သူတွေအကြောင်း ပါတယ်။ ဥပမာ၊ ကာဣနဟာ သူ့ဒေါသကို ထိန်းချုပ်မလား ဒါမှမဟုတ် ဒေါသအလျောက် စိတ်လိုက်မာန်ပါ လုပ်မလားဆိုတာ ရွေးချယ်ခဲ့ရတယ်။ (က. ၄:၆၊ ၇) ယောရှုလည်း စစ်မှန်တဲ့ဘုရားသခင်ကို ဝတ်ပြုမလား ဒါမှမဟုတ် မှားယွင်းတဲ့ဘုရားသခင်ကို ဝတ်ပြုမလားဆိုတာ ရွေးချယ်ခဲ့ရတယ်။ (ယောရှု ၂၄:၁၅) ယောရှုရဲ့ရည်ရွယ်ချက်က ယေဟောဝါနဲ့ နီးကပ်နေဖို့ဖြစ်တယ်၊ ဒါကြောင့် သူ့ရည်ရွယ်ချက်ပြည့်စုံမယ့်လမ်းကို သူရွေးချယ်ခဲ့တယ်။ ဒါပေမဲ့ ကာဣနကတော့ အဲဒီလို ရည်ရွယ်ချက်မျိုး မရှိခဲ့ဘူး၊ ယေဟောဝါနဲ့ ဝေးကွာသွားစေမယ့်လမ်းကို ရွေးချယ်ခဲ့တယ်။

      ၃ တစ်ခါတလေ ကျွန်ုပ်တို့လည်း လမ်းမှန်ပေါ်မှာ ဆက်ရှိနေဖို့အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချရတဲ့ အခါမျိုးတွေရှိတယ်။ အဲဒီလိုအခါမျိုးမှာ ကျွန်ုပ်တို့ရဲ့ ရွေးချယ်မှုတွေက ယေဟောဝါကိုဂုဏ်တင်ပြီး ကိုယ်တော်နဲ့နီးကပ်စေနိုင်တယ်၊ ဒါမှမဟုတ် ဝေးကွာသွားစေနိုင်တယ်ဆိုတာ သတိရဖို့လိုတယ်။။ (ဟေဗြဲ ၃:၁၂ ကိုဖတ်ပါ။) ကျွန်ုပ်တို့ကို ယေဟောဝါနဲ့ ဝေးကွာသွားစေဖို့ ခွင့်မပြုသင့်တဲ့ ဘဝကဏ္ဍခုနစ်ခုကို ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးမှာ လေ့လာကြပါမယ်။

      အလုပ်အကိုင်နဲ့ အသက်မွေးဝမ်းကျောင်း

      ၄။ ဘာကြောင့် အလုပ်လုပ်ဖို့ အရေးကြီးတာလဲ။

      ၄ ခရစ်ယာန်တွေဟာ သူတို့ကိုယ်တိုင်နဲ့ မိသားစုကို ကျွေးမွေးစောင့်ရှောက်ဖို့ အလုပ်လုပ်ရမှာဖြစ်တယ်။ မိသားစုကို မကျွေးမွေး၊ မထောက်ပံ့ချင်တဲ့သူဟာ မယုံကြည်သူတွေထက် ပိုဆိုးတယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (၂ သက်. ၃:၁၀; ၁ တိ. ၅:၈) ဒါကြောင့် အလုပ်လုပ်ဖို့ အရေးကြီးတယ်။ ဒါပေမဲ့ သတိမထားဘူးဆိုရင် သင်တို့ရဲ့အလုပ်က သင်တို့ကို ယေဟောဝါနဲ့ ဝေးကွာသွားစေနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။

      ၅။ အလုပ်တစ်ခုကို လက်မခံခင် ဘယ်အချက်တွေကို စဉ်းစားသင့်သလဲ။

      ၅ သင် အလုပ်တစ်ခုရှာနေတယ် ဆိုပါစို့။ သင့်နိုင်ငံက အလုပ်ရှာရခက်တဲ့နိုင်ငံဆိုရင် သင်ရရာအလုပ် လုပ်မိနိုင်တယ်။ တကယ်လို့ အလုပ်က ကျမ်းစာမူတွေနဲ့ မကိုက်ညီဘူး ဆိုရင်ကော။ ဒါမှမဟုတ် အသင်းတော်အတွက်၊ မိသားစုအတွက် အချိန်အလုံအလောက် မပေးနိုင်အောင် အလုပ်ချိန်က များလွန်းနေတယ်ဆိုရင်ကော။ အလုပ်မရှိတာထက်စာရင် အလုပ်တစ်ခုခုရှိတာက ပိုကောင်းတယ်လို့တွေးပြီး ဘယ်အလုပ်မဆို လုပ်သင့်သလား။ သင့်ရွေးချယ်မှုက သင့်ကို ယေဟောဝါနဲ့ နီးကပ်စေနိုင်တယ်၊ ဒါမှမဟုတ် ဝေးကွာသွားစေနိုင်တယ်ဆိုတာ သတိရပါ။ (ဟေဗြဲ ၂:၁) သင်ဟာ အလုပ်ရှာနေတာပဲဖြစ်ဖြစ်၊ အလုပ်ပြောင်းဖို့ စဉ်းစားနေတာပဲဖြစ်ဖြစ် မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ဘယ်လိုချနိုင်သလဲ။

      ၆၊ ၇။ (က) လူတစ်ယောက်မှာ အလုပ်နဲ့ပတ်သက်ပြီး ဘယ်လိုရည်ရွယ်ချက်တွေ ရှိနိုင်သလဲ။ (ခ) ဘယ်ရည်ရွယ်ချက်က သင့်ကို ယေဟောဝါနဲ့ ပိုနီးကပ်စေမလဲ။ ဘာကြောင့်လဲ။

      ၆ သင့်ရွေးချယ်မှုတွေက သင့်အသက်တာကို ဘယ်လိုအသုံးပြုချင်သလဲဆိုတဲ့ အချက်ပေါ် မူတည်တယ်။ သင့်ကိုသင် ဒီလိုမေးပါ– ‘ငါ ဘာရည်ရွယ်ချက်နဲ့ အလုပ်လုပ်တာလဲ။’ သင်အလုပ်လုပ်တဲ့ရည်ရွယ်ချက်က ယေဟောဝါကို ဆက်ဝတ်ပြုနိုင်အောင် သင်နဲ့ သင့်မိသားစုကို ထောက်ပံ့ဖို့ဆိုရင် သင့်ရဲ့ကြိုးစားအားထုတ်မှုကို ကိုယ်တော် ကောင်းချီးပေးပါလိမ့်မယ်။ (မ. ၆:၃၃) သင် အလုပ်လက်မဲ့ ဖြစ်သွားတဲ့အခါ ဒါမှမဟုတ် စီးပွားရေးကျဆင်းသွားတဲ့အခါမှာ သင့်ကို ဘယ်လိုကူညီရမလဲဆိုတာ ယေဟောဝါသိတယ်။ (ဟေရှာ. ၅၉:၁) “ဘုရားတရားဆည်းကပ်သူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းထဲမှ မည်သို့ကယ်နုတ်ရမည်ကို” ကိုယ်တော်သိတယ်။—၂ ပေ. ၂:၉။

      ၇ ဒါပေမဲ့ သင် အလုပ်လုပ်ရတဲ့ ရည်ရွယ်ချက်က ချမ်းသာချင်လို့ဆိုရင်ကော။ သင့်ရည်ရွယ်ချက် အောင်မြင်ကောင်း အောင်မြင်ပါလိမ့်မယ်။ ဒါပေမဲ့ ချမ်းသာဖို့ဆိုတဲ့ရည်ရွယ်ချက် တစ်ခုတည်းနဲ့ အလုပ်လုပ်တာက အန္တရာယ်ရှိတယ်။ (၁ တိမောသေ ၆:၉၊ ၁၀ ကိုဖတ်ပါ။) သင့်ဘဝမှာ ငွေနဲ့ အလုပ်က အရေးကြီးဆုံးဖြစ်နေရင် သင် ယေဟောဝါနဲ့ ဝေးကွာသွားလိမ့်မယ်။

      ၈၊ ၉။ အလုပ်နဲ့ပတ်သက်ပြီး မိဘတွေ ကိုယ့်ကိုယ်ကို ဘယ်လိုမေးသင့်သလဲ။ ဘာကြောင့်လဲ။

      ၈ သင်ဟာ မိဘဖြစ်တယ်ဆိုရင် သင့်ရဲ့ပုံသက်သေက သင့်ကလေးတွေအပေါ် အကျိုးသက်ရောက်တယ်ဆိုတာ သတိရပါ။ သင့်ရဲ့အသက်တာမှာ အရေးအကြီးဆုံးအရာက ဘာဖြစ်တယ်လို့ သူတို့ သိထားသလဲ။ သင့်ရဲ့ အလုပ်လား။ ဒါမှမဟုတ် ယေဟောဝါနဲ့ သင့်ရဲ့ရင်းနှီးတဲ့ ဆက်ဆံရေးလား။ သင်ဟာ အောင်မြင်ကျော်ကြားဖို့နဲ့ ငွေရှာဖို့ပဲ အဓိကဦးစားထားတယ်ဆိုရင် သင့်ကလေးတွေ အရွယ်ရောက်လာတဲ့အခါ သူတို့လည်း အဲဒီမှားယွင်းတဲ့ လမ်းစဉ်အတိုင်း လိုက်မိနိုင်တယ် မဟုတ်လား။ သင်တို့ကို မိဘအနေနဲ့ လေးစားပါ့ဦးမလား။ ခရစ်ယာန်ညီအစ်မငယ်တစ်ယောက် ဒီလိုပြောတယ်– “ကျွန်မမှတ်မိသလောက်ကတော့ အဖေဟာ အလုပ်ကိုပဲ သဲသဲမဲမဲ လုပ်နေတယ်။ အစပိုင်းမှာတော့ ကျွန်မတို့မိသားစုကို အကောင်းဆုံးအရာတွေ ပိုင်ဆိုင်စေချင်လို့ အလုပ်ကြိုးစားတဲ့ပုံပဲ။ ကျွန်မတို့ကို လိုလေသေးမရှိ ထားချင်ခဲ့တယ်။ ဒါပေမဲ့ မကြာသေးခင်နှစ်တွေမှာ သူ အလုပ်လုပ်တဲ့ရည်ရွယ်ချက် ပြောင်းလဲသွားတယ်။ အဖေ အချိန်ပြည့်အလုပ်လုပ်ပြီး မိသားစုမှာ မလိုအပ်တဲ့ ဇိမ်ခံပစ္စည်းတွေကို ဝယ်ပေးခဲ့တယ်။ ရလဒ်ကတော့ ကျွန်မတို့ဟာ တခြားသူတွေ ယေဟောဝါကိုဝတ်ပြုလာအောင် ကူညီပေးတဲ့ မိသားစုအဖြစ်မဟုတ်ဘဲ ပိုက်ဆံချမ်းသာတဲ့မိသားစုအဖြစ် လူသိများလာတယ်။ အဖေ့ရဲ့ ငွေကြေးထောက်ပံ့မှုအစား ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်းအောင် အားပေးထောက်မတာကိုပဲ ကျွန်မလိုချင်တယ်။”

      ၉ မိဘတို့၊ သင်တို့ရဲ့ အလုပ်ကြောင့် ယေဟောဝါနဲ့ မဝေးကွာသွားစေပါနဲ့။ တန်ဖိုးအရှိဆုံးအရာဟာ ပစ္စည်းဥစ္စာတွေမဟုတ်ဘဲ ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးဖြစ်တယ်ဆိုတာ သင်တို့ တကယ်ယုံကြည်ကြောင်း သင်တို့ရဲ့သားသမီးတွေကို သိမြင်စေပါ။—မ. ၅:၃။

      ၁၀။ လူငယ်တစ်ယောက် အလုပ်တစ်ခုကို မရွေးချယ်ခင် ဘာကို စဉ်းစားသင့်သလဲ။

      ၁၀ သင်ဟာ အရွယ်ရောက်လာတဲ့အခါ ဘယ်လိုအလုပ်မျိုးလုပ်ရမလဲလို့ စဉ်းစားနေတဲ့ လူငယ်တစ်ယောက်ဖြစ်မယ်ဆိုရင် မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့ ဘယ်လိုလုပ်နိုင်သလဲ။ လေ့လာခဲ့ပြီးတဲ့အတိုင်း သင်ရွေးချယ်တဲ့လမ်းက သင် ဘယ်ကိုသွားချင်သလဲဆိုတဲ့အချက်ပေါ် မူတည်တယ်။ အလုပ်တစ်ခုအတွက် အတတ်ပညာတစ်မျိုးမျိုး သင်ယူဖို့ စဉ်းစားနေတယ်ဆိုရင် အဲဒီအလုပ်က ယေဟောဝါရဲ့အမှုတော်မှာ ပိုပါဝင်စေနိုင်သလား၊ ဒါမှမဟုတ် ကိုယ်တော်နဲ့ ဝေးကွာသွားစေနိုင်သလား။ (၂ တိ. ၄:၁၀) ငွေများများရှိမှပျော်တဲ့ လောက,ကလူတွေနဲ့ သင် တူချင်ပါသလား။ ဒါမှမဟုတ် ဒါဝိဒ်လို ယေဟောဝါကို ယုံကြည်စိတ်ချမလား။ သူ ဒီလိုပြောခဲ့တယ်– “ဖြောင့်မတ်သူတစ်ယောက် စွန့်ပစ်ခံရပြီး သူ့သားသမီးတွေ တောင်းစားနေရတာကို လူငယ်ဘဝကနေ အခု အသက်ကြီးတဲ့အထိ ငါ တစ်ခါမှ မတွေ့ဖူးဘူး။” (ဆာ. ၃၇:၂၅၊ ကဘ) အဲဒါက ဘယ်လမ်းကိုသွားမယ်ဆိုတာ ရွေးချယ်တာနဲ့တူတယ်။ တစ်လမ်းက သင့်ကို ယေဟောဝါနဲ့ ဝေးကွာသွားစေပြီး နောက်တစ်လမ်းကတော့ သင့်ကို အကောင်းဆုံးအသက်တာ ရရှိစေမယ်ဆိုတာ သတိရပါ။ (သုတ္တံ ၁၀:၂၂ နဲ့ မာလခိ ၃:၁၀ တို့ကိုဖတ်ပါ။) သင် ဘယ် လမ်းကိုရွေးမလဲ။a

      အပန်းဖြေမှုနဲ့ ဖျော်ဖြေမှု

      ၁၁။ သမ္မာကျမ်းစာက အပန်းဖြေမှု၊ ဖျော်ဖြေမှုနဲ့ ပတ်သက်ပြီး ဘာပြောထားသလဲ။ ကျွန်ုပ်တို့ ဘာကို သတိထားသင့်သလဲ။

      ၁၁ ပျော်ပျော်နေတာ မှားတယ်လို့ ကျမ်းစာမှာမပြောထားသလို အပန်းဖြေမှုနဲ့ ဖျော်ဖြေမှုက အချိန်ဖြုန်းတာလို့လည်း မပြောထားပါဘူး။ ‘ကိုယ်ကာယလေ့ကျင့်မှုက အနည်းငယ် အကျိုးရှိ’ တယ်လို့ တိမောသေကို ပေါလုစာရေးခဲ့တယ်။ (၁ တိ. ၄:၈) ကျမ်းစာမှာ “ရယ်ရသောအချိန်” နဲ့ “ကခုန်ရသောအချိန်” ရှိတယ်လို့ ပြောထားတယ်၊ လုံလောက်စွာ အနားယူဖို့လည်း အားပေးထားတယ်။ (ဒေ. ၃:၄; ၄:၆) ဒါပေမဲ့ သတိမထားဘူးဆိုရင် အပန်းဖြေမှုနဲ့ ဖျော်ဖြေမှုက သင့်ကို ယေဟောဝါနဲ့ ဝေးကွာသွားစေနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။ အဲဒီအတွက် အချိန်အများကြီးပေးခြင်း ဒါမှမဟုတ် မကောင်းတဲ့အမျိုးအစားကို ရွေးချယ်ခြင်း အားဖြင့်ဖြစ်တယ်။

      မှန်ကန်တဲ့ အမျိုးအစားနဲ့ သင့်တော်တဲ့ အချိန်ပမာဏဖြစ်မယ်ဆိုရင် အပန်းဖြေမှုက သင့်ကို ပျော်ရွှင်လန်းဆန်းစေ

      ၁၂။ အပန်းဖြေမှု၊ ဖျော်ဖြေမှုအမျိုးအစား ရွေးချယ်တဲ့အခါ ဘယ်အချက်တွေကို သင် စဉ်းစားသင့်သလဲ။

      ၁၂ အရင်ဆုံး အပန်းဖြေမှု၊ ဖျော်ဖြေမှုနဲ့ပတ်သက်ပြီး ဘယ်လိုအမျိုးအစားကို ရွေးချယ်ရမယ်ဆိုတာ စဉ်းစားကြည့်ကြစို့။ သင့်တော်တဲ့ အပန်းဖြေမှုနဲ့ ဖျော်ဖြေမှုကို ရှာတွေ့နိုင်တာ သေချာပါတယ်။ ဒါပေမဲ့ ဖျော်ဖြေမှုအများစုမှာ ဘုရားသခင်ရွံမုန်းတဲ့ အကြမ်းဖက်မှု၊ နတ်ဝိဇ္ဇာအတတ်နဲ့ လိင်အကျင့်ယိုယွင်းမှုတွေ ပါဝင်နေတယ်။ ဒါကြောင့် အပန်းဖြေမှု၊ ဖျော်ဖြေမှုအမျိုးအစား ရွေးချယ်တဲ့အခါ သတိထားရမှာဖြစ်တယ်။ အပန်းဖြေမှု၊ ဖျော်ဖြေမှုအမျိုးအစား ရွေးချယ်တဲ့အခါ ဒီမေးခွန်းတွေကို ထည့်စဉ်းစားကြည့်ပါ– သင်ရွေးချယ်တဲ့ ဖျော်ဖြေမှုက သင့်အပေါ် ဘယ်လို အကျိုးသက်ရောက်သလဲ။ သင့်ကို ကြမ်းတမ်းတဲ့စိတ်၊ အပြိုင်အဆိုင်စိတ်ဓာတ် ဒါမှမဟုတ် လူမျိုးရေးဂုဏ်မောက်တဲ့စိတ်ဓာတ်တွေ ဖြစ်ပေါ်စေသလား။ (သု. ၃:၃၁) ငွေကုန်ကြေးကျ များသလား။ သင့်ရဲ့ရွေးချယ်မှုကြောင့် တခြားသူကို ထိမိလဲစေနိုင်သလား။ (ရော. ၁၄:၂၁) သင့်ကို ဘယ်လိုလူမျိုးနဲ့ ပေါင်းသင်းမိစေနိုင်သလဲ။ (သု. ၁၃:၂၀) သင့်ရွေးချယ်မှုက သင့်ကို မကောင်းတာတွေ လုပ်ချင်လာအောင် လှုံ့ဆော်ပေးသလား။—ယာ. ၁:၁၄၊ ၁၅။

      ၁၃၊ ၁၄။ အပန်းဖြေဖို့အတွက် အချိန်ဘယ်လောက်ပေးမလဲဆိုတာကို ဘာကြောင့် စဉ်းစားသင့်သလဲ။

      ၁၃ အပန်းဖြေမှု၊ ဖျော်ဖြေမှုအတွက် သင် အချိန်ဘယ်လောက်သုံးတယ်ဆိုတာကိုလည်း ဆန်းစစ်ပါ။ ကိုယ့်ကိုယ်ကို ဒီလိုမေးပါ– အမှုဆောင်နဲ့ အစည်းအဝေးတွေအတွက် အချိန်သိပ်မပေးနိုင်တော့တဲ့အထိ အပန်းဖြေမှု၊ ဖျော်ဖြေမှုမှာ ငါ အချိန်အများကြီး သုံးနေသလား။ အဲဒီမှာ သင် အချိန်အများကြီး သုံးလိုက်တယ်ဆိုရင် အချိန်သာကုန်သွားမယ် သင် လန်းဆန်းမှု ခံစားရမှာမဟုတ်ဘူး။ အပန်းဖြေမှုအတွက် အချိန်အများကြီး မသုံးမိအောင် ဂရုစိုက်သူတွေက ပိုပျော်ရွှင်ကြတယ်။ ဘာကြောင့်လဲ။ အကြောင်းကတော့ ပိုအရေးကြီးတဲ့အလုပ်တွေကို သူတို့ အရင်လုပ်ပြီးသွားပြီဖြစ်လို့ ပျော်ရွှင်မှုအတွက် အချိန်တချို့သုံးတာကို အပြစ်ရှိတယ်လို့ မခံစားရတော့လို့ပဲ။—ဖိလိပ္ပိ ၁:၁၀၊ ၁၁ ကိုဖတ်ပါ။

      ၁၄ အချိန်အများကြီးပေးပြီး အပန်းဖြေလိုက်တာက ပျော်ရွှင်တယ်လို့ ထင်ရပေမဲ့ အဲဒါက သင့်ကို ယေဟောဝါနဲ့ ဝေးကွာသွားစေနိုင်တယ်။ အဲဒီအချက်ကို အသက် ၂၀ ရှိပြီဖြစ်တဲ့ ညီအစ်မ ကင်မ်က သူ့ကိုယ်တွေ့အဖြစ်အပျက်ကနေ သိရှိခဲ့တယ်။ သူ ဒီလိုပြောတယ်– “ကျွန်မ မိတ်ဆုံပွဲတိုင်းကို သွားတယ်။ အပတ်တိုင်း သောကြာ၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ကျွန်မ မိတ်ဆုံပွဲသွားတက်တယ်။ ဒါပေမဲ့ ပိုအရေးကြီးတဲ့အရာတွေ အများကြီး လုပ်ဖို့ရှိတယ်ဆိုတာ ကျွန်မ အခုသိလာပြီ။ ဥပမာ၊ ကျွန်မက ရှေ့ဆောင်တစ်ယောက်ဖြစ်လို့ အမှုဆောင်ထွက်ဖို့ မနက် ၆:၀၀ နာရီမှာ အိပ်ရာထရတယ်၊ ဒါကြောင့် အရင်လို မိတ်ဆုံပွဲတွေမှာ သန်းခေါင်ကျော်တဲ့အထိ မနေနိုင်တော့ဘူး။ မိတ်ဆုံပွဲတွေအားလုံးက မကောင်းတာမဟုတ်ဘူးဆိုတာ ကျွန်မသိပါတယ်၊ ဒါပေမဲ့ အဲဒါတွေက တကယ့်ကို အာရုံထွေပြားစေနိုင်တယ်။” မိတ်ဆုံပွဲတွေမှာ အချိန်အကြာကြီး မနေဖို့ သတိထားရမယ်ဆိုတာ သူသိရှိခဲ့တယ်။

      ၁၅။ သားသမီးတွေကို ပျော်ရွှင်လန်းဆန်းစေတဲ့ အပန်းဖြေမှုရွေးချယ်ရာမှာ မိဘတွေ ဘယ်လို ကူညီပေးနိုင်သလဲ။

      ၁၅ မိဘတွေဟာ သူတို့ကိုယ်တိုင်နဲ့ သားသမီးတွေအတွက် ကာယရေး၊ ဝတ်ပြုရေးနဲ့ စိတ်ပိုင်းဆိုင်ရာကိုပါ ထောက်ပံ့ပေးဖို့ တာဝန်ရှိတယ်။ အဲဒီထဲမှာ အပန်းဖြေဖို့ စီစဉ်ပေးတာလည်း ပါတယ်။ သင်ဟာ မိဘဖြစ်မယ်ဆိုရင် အပန်းဖြေမှုအားလုံးက မကောင်းဘူးလို့ မတွေးပါနဲ့။ မကောင်းတဲ့ အပန်းဖြေမှုတွေကို သတိထားရမှာတော့ မှန်ပါတယ်။ (၁ ကော. ၅:၆) ဒါပေမဲ့ သင့်မိသားစုအတွက် အပန်းဖြေမှုနဲ့ ဖျော်ဖြေမှုကို သေချာရွေးချယ်တယ်ဆိုရင် မိသားစုဟာ အတူတကွ ပျော်ရွှင်လန်းဆန်းနိုင်ပါတယ်။b အဲဒီလိုနည်းအားဖြင့် သင်ရွေးချယ်တဲ့ဖျော်ဖြေရေးက သင့်သားသမီးတွေကို ယေဟောဝါနဲ့ ပိုနီးကပ်စေပါလိမ့်မယ်။

      မိသားစုဆက်ဆံရေး

      ၁၆၊ ၁၇။ ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ ဘယ် အဖြစ်အပျက်ကို မိဘတွေ ကြုံတွေ့ကြရသလဲ။ သူတို့ကို ယေဟောဝါနားလည်တယ်ဆိုတာ ဘယ်လိုသိရသလဲ။

      ၁၆ မိဘနဲ့သားသမီးတွေ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတာ သဘာဝပါပဲ။ ယေဟောဝါက မိမိလူမျိုးအပေါ်ထားတဲ့ မိမိရဲ့မေတ္တာဟာ သားသမီးတွေကိုချစ်တဲ့ မိခင်မေတ္တာနဲ့တူတယ်လို့တောင် ပြောခဲ့တယ်။ (ဟေရှာ. ၄၉:၁၅) မိသားစုဝင်တစ်ဦး ယေဟောဝါကို ကျောခိုင်းသွားတဲ့အခါ ကျွန်ုပ်တို့ အရမ်းဝမ်းနည်းကြေကွဲကြရတယ်။ သမီးဖြစ်သူ နှင်ထုတ်ခံလိုက်ရတဲ့ ညီအစ်မတစ်ယောက် ဒီလိုပြောပြတယ်– “ကျွန်မ ဝမ်းနည်းပက်လက် ဖြစ်ခဲ့ရတယ်။ ‘သူဘာဖြစ်လို့ ယေဟောဝါကို ကျောခိုင်းသွားတာလဲ’ လို့ ကျွန်မစဉ်းစားမိတယ်။ ကျွန်မကိုကျွန်မ အပြစ်ရှိတယ်လို့ခံစားရပြီး ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်မိတယ်။”

      ၁၇ သင်ဟာ အဲဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတယ်ဆိုရင် သင့်ရဲ့ ဝမ်းနည်းကြေကွဲမှုတွေကို ယေဟောဝါ နားလည်ပါတယ်။ ပထမလူသားနဲ့ နောက်ပိုင်း ရေလွှမ်းမိုးဘေးမတိုင်ခင် အသက်ရှင်ခဲ့ကြတဲ့လူအများစု ဘုရားသခင်ကို ပုန်ကန်ခဲ့ချိန်မှာ ယေဟောဝါကိုယ်တိုင်လည်း “စိတ်ထိခိုက်” ခဲ့ရတယ်။ (က. ၆:၅၊ ၆၊ ကဘ) အဲဒီလို အဖြစ်အပျက်မျိုး မကြုံဖူးတဲ့သူတွေကတော့ ဘယ်လောက်အထိ စိတ်ထိခိုက်တယ်ဆိုတာ နားလည်ချင်မှ နားလည်မယ်။ ဒါပေမဲ့ နှင်ထုတ်ခံထားရတဲ့ သင့်မိသားစုဝင်ရဲ့ မှားယွင်းတဲ့အပြုအမူကြောင့် သင့်ကိုသင် ယေဟောဝါနဲ့ ဝေးကွာသွားစေတယ်ဆိုရင် ပညာမဲ့ရာကျပါတယ်။ သင့်မိသားစုဝင်တစ်ဦး ယေဟောဝါကို ကျောခိုင်းသွားတဲ့အခါ သင် ခံစားရတဲ့ ဝမ်းနည်းကြေကွဲမှုကို ဘယ်လိုခံရပ်နိုင်မလဲ။

      ၁၈။ သားသမီးတစ်ယောက်ယောက် ယေဟောဝါကို ကျောခိုင်းသွားတဲ့အခါ မိဘတွေ ဘာကြောင့် ကိုယ့်ကိုယ်ကို အပြစ်မတင်သင့်သလဲ။

      ၁၈ ဖြစ်ပျက်ခဲ့ရာတွေအတွက် ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံပြီးသား မိသားစုဝင်တိုင်းဟာ “မိမိတို့ဝန်ကို ထမ်းရွက်” ရမယ့်တာဝန်ရှိတယ်၊ ဒါ့အပြင် ယေဟောဝါကို ဝတ်ပြုမလား၊ ဝတ်မပြုဘူးလားဆိုတာ သူတို့ကိုယ်တိုင် ရွေးချယ်ရမှာဖြစ်တယ်။ (ဂလ. ၆:၅) အပြစ်ရှိတဲ့သူသာ သူ့ဆုံးဖြတ်ချက်အတွက် တာဝန်ရှိတယ်လို့ ယေဟောဝါ ရှုမြင်တယ်။ သင့်ကို ကိုယ်တော် အပြစ်တင်မှာ မဟုတ်ဘူး။ (ယေဇ. ၁၈:၂၀) တခြားသူတွေကိုလည်း အပြစ်မတင်ပါနဲ့။ ဆုံးမမှုနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့အစီအစဉ်ကို လေးစားပါ။ အသင်းတော်ကို ကာကွယ်ပေးနေတဲ့ အကြီးအကဲတွေကို အပြစ်မတင်ပါနဲ့။ မာရ်နတ်ကို တွန်းလှန်နေပါ၊ အဲဒီအခြေအနေကြောင့် သင်နဲ့ ယေဟောဝါ ဝေးကွာသွားဖို့ ခွင့်မပြုပါနဲ့။—၁ ပေ. ၅: ၈၊ ၉။

      သင်ချစ်ရသူတစ်ဦး ယေဟောဝါထံပြန်လာဖို့ မျှော်လင့်တာက မမှားပါဘူး

      ၁၉၊ ၂၀။ (က) နှင်ထုတ်ခံထားရသူရဲ့မိဘတွေဟာ သူတို့ရဲ့ ဝမ်းနည်းပူဆွေးမှုကို ဘယ်လိုခံရပ်နိုင်သလဲ။ (ခ) သူတို့ ဘာကို မျှော်လင့်သလဲ။

      ၁၉ သင့်ကလေး နှင်ထုတ်ခံရလို့ ဘုရားသခင်ကို သင် စိတ်နာကြည်းတယ်ဆိုရင် ဘာဖြစ်နိုင်သလဲ။ သင့်ခံစားချက်ကြောင့် သင်နဲ့ ယေဟောဝါ ဝေးကွာသွားနိုင်တယ်။ သင်ဟာ သင့်မိသားစုဝင်ထက် ယေဟောဝါကိုပိုချစ်တယ်ဆိုတာ သင်ချစ်တဲ့မိသားစုဝင်တွေ သိမြင်ဖို့လိုတယ်။ ဒါကြောင့် ဝမ်းနည်းကြေကွဲတာကို ခံရပ်နိုင်ဖို့ ယေဟောဝါနဲ့ သင့်ဆက်ဆံရေး ပိုခိုင်မြဲအောင် ကြိုးစားပါ။ သစ္စာရှိတဲ့ ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မတွေနဲ့ ပုံမှန်ပေါင်းသင်းပါ။ (သု. ၁၈:၁) သင်ခံစားရသမျှကို ယေဟောဝါထံ ရိုးရိုးသားသား ဆုတောင်းပြောပြပါ။ (ဆာ. ၆၂: ၇၊ ၈) ဘာအကြောင်းပြချက်နဲ့မှ နှင်ထုတ်ခံထားရတဲ့ မိသားစုဝင်နဲ့ ပြောဆိုဆက်သွယ်တာ၊ အီးမေးလ်ပို့တာတွေ မလုပ်ပါနဲ့။ (၁ ကော. ၅:၁၁) ယေဟောဝါရဲ့ အမှုတော်မှာ အလုပ်များနေပါ။ (၁ ကော. ၁၅:၅၈) အစပိုင်းမှာပြောခဲ့တဲ့ ညီအစ်မက အခုလိုပြောပြတယ်– “ကျွန်မ ယေဟောဝါရဲ့အမှုတော်မှာ အလုပ်များနေရမယ်၊ ကျွန်မသမီး ယေဟောဝါဆီပြန်လာရင် သူ့ကိုကူညီပေးနိုင်အောင် ကျွန်မကိုယ်တိုင် ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်းနေဖို့လိုတယ်ဆိုတာ ကျွန်မသိတယ်။”

      ၂၀ မေတ္တာက “အရာရာကို မျှော်လင့်တတ်” တယ်လို့ ကျမ်းစာမှာ ပြောထားတယ်။ (၁ ကော. ၁၃:၄၊ ၇) သင်ချစ်ရသူတစ်ဦးဦး ယေဟောဝါထံပြန်လာဖို့ မျှော်လင့်တာက မမှားပါဘူး။ နှစ်စဉ်နှစ်တိုင်း နှင်ထုတ်ခံထားရသူတွေဟာ နောင်တယူပြီး ယေဟောဝါရဲ့ အဖွဲ့အစည်းထံပြန်လာဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ယေဟောဝါက သူတို့နောင်တရတာကို အသိအမှတ်ပြုလက်ခံပေးပါတယ်။ ကိုယ်တော်ဟာ “ခွင့်လွှတ်ဖို့အသင့်ရှိတယ်။”—ဆာ. ၈၆:၅၊ ကဘ။

      ကောင်းစွာ ရွေးချယ်ပါ

      ၂၁၊ ၂၂။ ဘဝမှာ ဘယ်လိုရွေးချယ်မှုမျိုးကို သင် လုပ်ချင်သလဲ။

      ၂၁ ယေဟောဝါက လူသားတွေကို လွတ်လပ်စွာရွေးချယ်ခွင့် ပေးထားတယ်။ (တရားဟောရာ ၃၀:၁၉၊ ၂၀ ကိုဖတ်ပါ။) ဒါက ကောင်းတာကိုရွေးချယ်ဖို့ ကျွန်ုပ်တို့မှာ တာဝန်ရှိတယ်ဆိုတဲ့သဘောပဲ။ ခရစ်ယာန်တိုင်း ကိုယ့်ကိုယ်ကို ဒီလိုမေးသင့်တယ်– “ငါအခု ဘယ်လမ်းပေါ်မှာ ရှိနေသလဲ။ အလုပ်အကိုင်နဲ့ အသက်မွေးဝမ်းကျောင်း၊ အပန်းဖြေမှုနဲ့ ဖျော်ဖြေမှု၊ မိသားစုဆက်ဆံရေး စတဲ့အရာတွေကြောင့် ငါနဲ့ ယေဟောဝါ ဝေးကွာသွားဖို့ ငါခွင့်ပြုနေသလား။

      ၂၂ ယေဟောဝါက မိမိရဲ့လူမျိုးအပေါ် ဘယ်တော့မှ မေတ္တာမပျက်ဘူး။ ဒါကြောင့် ကျွန်ုပ်တို့ဘက်က မှားယွင်းတဲ့လမ်းကိုလိုက်ဖို့ မရွေးချယ်ဘူးဆိုရင် ဘာကမှ ကျွန်ုပ်တို့ကို ယေဟောဝါနဲ့ မဝေးကွာသွားစေနိုင်ဘူး။ (ရော. ၈:၃၈၊ ၃၉) ဒါပေမဲ့ မှားယွင်းတဲ့လမ်းကို မရွေးချယ်မိအောင် ရှောင်လို့ရပါတယ်။ သင်နဲ့ ယေဟောဝါကို ဝေးကွာသွားစေနိုင်တဲ့ ဘယ်အရာကိုမှ ခွင့်မပြုဖို့ စိတ်ပိုင်းဖြတ်ထားပါ။ ရွေးချယ်မှုနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ သတိထားရမယ့် နောက်ကဏ္ဍလေးခုကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။

      a အလုပ်အကိုင်ရှာဖွေတဲ့အကြောင်း ထပ်ဆင့်အချက်အလက်ကို လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၂ [အင်္ဂလိပ်] မှာကြည့်ပါ။

      b အကြံပြုချက်တွေကို နိုဝင်ဘာ၊ ၂၀၁၁ နိုးလော့! စာမျက်နှာ ၁၇-၁၉ [အင်္ဂလိပ်] မှာကြည့်ပါ။

  • ယေဟောဝါထံ ဆက်ချဉ်းကပ်နေပါ
    ကင်းမျှော်စင်—၂၀၁၃ | ဇန်နဝါရီ ၁၅
    • ယေဟောဝါထံ ဆက်ချဉ်းကပ်နေပါ

      “ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့၊ ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။”—ယာ. ၄:၈။

      သင် ရှင်းပြနိုင်မလား

      • နည်းပညာနဲ့ ကျန်းမာရေးအပေါ် တော်မှန်တဲ့အမြင်ရှိဖို့ ဘယ်လို လုပ်နိုင်သလဲ။

      • ငွေတပ်မက်ခြင်းနဲ့ မာနကြီးခြင်းကို ဘယ်လို ရှောင်နိုင်သလဲ။

      • ယေဟောဝါနဲ့ ဘယ်လို နီးနီးကပ်ကပ် နေနိုင်သလဲ။

      ၁၊ ၂။ (က) လူတွေကို စာတန် ဘယ်လို လိမ်ညာနေသလဲ။ (ခ) ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ဖို့ ဘာက ကျွန်ုပ်တို့ကို ကူညီပေးမလဲ။

      ယေဟောဝါဘုရားသခင်က လူတွေကို ကိုယ်တော်နဲ့ နီးနီးကပ်ကပ်နေဖို့ လိုအပ်ချက်နဲ့ ဖန်ဆင်းထားတယ်။ ဒါပေမဲ့ စာတန်က ကျွန်ုပ်တို့ ယေဟောဝါကို မလိုအပ်ဘူးလို့ ယူဆစေချင်တယ်။ စာတန်ဟာ ဧဒင်ဥယျာဉ်မှာ ဧဝကို လိမ်ညာပြီးကတည်းက လူတွေကိုလည်း အဲဒီလို ဆက်လိမ်ညာနေတယ်။ (က. ၃:၄-၆) အဲဒီအချိန်ကစပြီး လူတွေဟာ ဘုရားသခင်ကို မလိုအပ်ဘူးလို့ ယူဆခဲ့ကြတယ်။

      ၂ ကျွန်ုပ်တို့ကတော့ စာတန့်ထောင်ချောက်ထဲ ကျမှာကို ပူစရာမလိုပါဘူး။ လူတွေကိုလှည့်ဖြားတဲ့ စာတန်ရဲ့အကြံအစည်တွေကို သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ပြောပြတယ်။ (၂ ကော. ၂:၁၁) ကျွန်ုပ်တို့ဘက်က မှားယွင်းတဲ့ရွေးချယ်မှုတွေ လုပ်မိပြီး ယေဟောဝါနဲ့ဝေးကွာသွားစေဖို့ စာတန် ကြိုးစားနေတယ်။ ပြီးခဲ့တဲ့ဆောင်းပါးမှာ အလုပ်အကိုင်၊ ဖျော်ဖြေရေး၊ မိသားစုနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ရွေးချယ်မှုတွေ ဘယ်လိုလုပ်ရမယ်ဆိုတာ ရှင်းပြခဲ့တယ်။ ဒီဆောင်းပါးမှာတော့ ကျွန်ုပ်တို့ကို သွေးဆောင်ဖို့ စာတန်အသုံးပြုတဲ့ အရာလေးခုဖြစ်တဲ့ နည်းပညာ၊ ကျန်းမာရေး၊ ငွေနဲ့ မာနအကြောင်း သုံးသပ်မှာဖြစ်တယ်။ ဒီကဏ္ဍတွေမှာ မှန်ကန်တဲ့ရွေးချယ်မှုတွေလုပ်တယ်ဆိုရင် “ဘုရားသခင်ထံတော်သို့ ချဉ်းကပ်” နိုင်ပါလိမ့်မယ်။—ယာ. ၄:၈။

      နည်းပညာ

      ၃။ နည်းပညာတွေကို အသုံးပြုခြင်းက အကောင်းရော အဆိုးပါဖြစ်နိုင်ကြောင်း ဥပမာပေးပါ။

      ၃ ကမ္ဘာတစ်ဝန်းမှာ ခေတ်မီတိုးတက်တဲ့ ကွန်ပျူတာနဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေကို နေရာအနှံ့မှာ တွေ့နေရတယ်။ ဒီပစ္စည်းတွေကို သူ့နေရာနဲ့သူသုံးရင် အသုံးဝင်ပါတယ်။ မသင့်တော်တဲ့နည်းနဲ့ သုံးရင်တော့ အဲဒါတွေက ကျွန်ုပ်တို့ရဲ့ ကောင်းကင်ဖခင် ယေဟောဝါနဲ့ ဝေးကွာသွားစေနိုင်တယ်။ ကွန်ပျူတာကို စဉ်းစားကြည့်ပါ။ သင်တို့ အခုဖတ်နေတဲ့ မဂ္ဂဇင်းက ကွန်ပျူတာအကူအညီနဲ့ ရေးသား ထုတ်ဝေထားတာဖြစ်တယ်။ ရှာဖွေလေ့လာရာမှာ၊ အချင်းချင်းဆက်သွယ်ရာမှာ၊ အပန်းဖြေရာမှာ ကွန်ပျူတာက အထောက်အကူ ပြုနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ဟာ အဲဒီကွန်ပျူတာနည်းပညာတွေကို စွဲစွဲလမ်းလမ်း အသုံးပြုမိနိုင်တယ်။ နောက်ဆုံးပေါ်ပစ္စည်းသစ်တွေကို ကျွန်ုပ်တို့ သုံးမှဖြစ်မယ်လို့ တစ်ဖက်လှည့်နဲ့အယုံသွင်းတဲ့ ကြော်ငြာတွေ တစ်ပုံကြီးရှိတယ်။ လူငယ်တစ်ယောက်က ကွန်ပျူတာတစ်မျိုးကို လိုချင်လို့ သူ့ရဲ့ကျောက်ကပ်တစ်ခုကို တိတ်တိတ်လေး ရောင်းလိုက်တယ်။ ဘယ်လောက်တောင် အမြော်အမြင် နည်းလိုက်သလဲ။

      ၄။ ခရစ်ယာန်တစ်ယောက်က ကွန်ပျူတာ အလွန်အကျွံသုံးတဲ့အကျင့်ကို ဘယ်လိုပြုပြင်ခဲ့သလဲ။

      ၄ ကွန်ပျူတာနည်းပညာတွေကြောင့် ကျွန်ုပ်တို့နဲ့ ယေဟောဝါရဲ့ဆက်ဆံရေးကို အထိခိုက်ခံတာက ပိုအန္တရာယ်ကြီးပါတယ်။ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ကျော်ကျော်a ဆိုတဲ့ ခရစ်ယာန်တစ်ယောက်ဟာ လေ့လာမှုတွေလုပ်မယ့်အစား အချိန်အများကြီးပေးပြီး ကွန်ပျူတာ သုံးတယ်။ ညဉ့်နက်သန်းခေါင်အထိ အင်တာနက်သုံးတယ်။ သူ ပိုပင်ပန်းလေ ကွန်ပျူတာသုံးပြီး တခြားသူနဲ့စကားပြောတာကို ရပ်ပစ်ဖို့ ဒါမှမဟုတ် အဲဒီထဲကကြည့်နေတဲ့ ဗီဒီယိုကိုပိတ်လိုက်ဖို့ ပိုခက်လေပဲ၊ ဗီဒီယိုတွေထဲမှာ မကောင်းတာတွေတောင်ပါတယ်လို့ သူက ပြောပြတယ်။ ဒီအကျင့်ဆိုးကို သူဖြတ်ချင်တယ်၊ ဒါကြောင့် ကျော်ကျော်က သူ့ရဲ့ကွန်ပျူတာမှာ အိပ်ရာဝင်ချိန်ရောက်ပြီဆိုရင် အလိုလိုပိတ်သွားတဲ့ စနစ်ကို ထည့်ထားလိုက်တယ်။—ဧဖက် ၅:၁၅၊ ၁၆ ကိုဖတ်ပါ။

      မိဘတို့၊ နည်းပညာတွေကို ပညာရှိရှိ အသုံးပြုဖို့ သင့်ကလေးတွေကို ကူညီပေးပါ

      ၅၊ ၆။ (က) မိဘတွေဟာ ကလေးတွေအပေါ် ဘာတာဝန်ရှိသလဲ။ (ခ) ကလေးတွေမှာ အပေါင်းအသင်းကောင်းတွေရှိဖို့ မိဘတွေ ဘယ်လိုလုပ်နိုင်သလဲ။

      ၅ မိဘတို့၊ သင်တို့ရဲ့ကလေးတွေ လုပ်သမျှကို စေ့စေ့ပေါက်ပေါက် လိုက်ကြည့်နေစရာ မလိုပါဘူး။ ဒါပေမဲ့ သူတို့ ကွန်ပျူတာသုံးတာကိုတော့ ထိန်းပေးဖို့လိုတယ်။ အကျင့်ပျက်တာတွေ၊ နတ်ဆိုးနဲ့ပတ်သက်တာတွေပါတဲ့ ဝက်ဘ်ဆိုက်တွေကို မကြည့်စေနဲ့၊ အကြမ်းဖက်ဂိမ်းတွေ မကစားစေနဲ့၊ အင်တာနက်ကတစ်ဆင့် မကောင်းတဲ့လူတွေနဲ့ မပေါင်းမိစေပါနဲ့။ သင်တို့က အဲဒါတွေကို ခွင့်ပြုထားတယ်ဆိုရင် သူတို့က ‘အဖေနဲ့အမေ ဘာမှမပြောဘူးဆိုတော့ အဲဒါတွေက ကောင်းလို့ပဲဖြစ်မယ်’ လို့ ထင်သွားလိမ့်မယ်။ သင်တို့ဟာ မိဘဖြစ်တဲ့အတွက်ကြောင့် ကလေးတွေကို ယေဟောဝါနဲ့ ဝေးကွာသွားစေတဲ့ အရာမှန်သမျှကနေ ကာကွယ်ပေးရမှာက သင်တို့ရဲ့အလုပ်ပဲ။ တိရစ္ဆာန်တွေတောင်မှ သူတို့ရဲ့ကလေးတွေ ရန်မူခံရပြီဆိုရင် ပြန်တိုက်ခိုက်တတ်ကြတယ်။ မိဘတွေလည်း မိမိတို့ရဲ့ကလေးတွေကို အန္တရာယ်ကနေ ကာကွယ်ပေးဖို့လိုတယ်။—ဟောရှေ ၁၃:၈ နဲ့နှိုင်းယှဉ်ပါ။

      ၆ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်တဲ့ အသက်အရွယ်အမျိုးမျိုးရှိ ခရစ်ယာန်တွေနဲ့ ပေါင်းသင်းဖို့ သင့်ကလေးတွေကို ကူညီပေးပါ။ သင့်ကလေးတွေနဲ့ သင်အချိန်ပေးပေါင်းသင်းဖို့ လိုတယ်ဆိုတာ သတိရပါ။ ဒါကြောင့် သူတို့နဲ့အတူ ရယ်မောပါ၊ ကစားပါ၊ အလုပ်လုပ်ပါ။ အဲဒီလိုလုပ်တာက သူတို့ကို ယေဟောဝါနဲ့နီးကပ်စေပါလိမ့်မယ်။b

      ကျန်းမာရေး

      ၇။ ကျွန်ုပ်တို့အားလုံး ဘာကြောင့် ကျန်းမာရေးကောင်းချင်ကြတာလဲ။

      ၇ ကျွန်ုပ်တို့ဟာ တခြားသူတွေနဲ့တွေ့ရင် “နေကောင်းလား” လို့မေးတတ်ကြတယ်။ စာတန်ရဲ့စကားကို အာဒံနဲ့ဧဝ နားထောင်ပြီး သူတို့ကိုယ်ကို ယေဟောဝါနဲ့ ဝေးကွာအောင်လုပ်ပြီးကတည်းက လူတွေဟာ ဖျားနာလာခဲ့ကြတယ်။ ဖျားနာလာပြီဆိုရင် ယေဟောဝါရဲ့အမှုတော်မှာ မပါဝင်နိုင်တော့လို့ ကျွန်ုပ်တို့ ဖျားနာတဲ့အခါ စာတန်ဝမ်းသာတယ်။ သေသွားပြီဆိုရင်တော့ ကိုယ်တော့်အမှုတော်မှာ လုံးဝမပါဝင်နိုင်တော့ဘူး။ (ဆာ. ၁၁၅:၁၇) ဒါကြောင့် ကျန်းမာရေးကောင်းအောင် လုပ်ချင်ကြတာ သဘာဝကျပါတယ်။c ဒါ့အပြင် ညီအစ်ကိုညီအစ်မတွေရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ပေးသင့်တယ်။

      ၈၊ ၉။ (က) ဘာကြောင့် ကျန်းမာရေး တစ်ခုတည်းကိုပဲ စဉ်းစားပြီး ပူပန်မနေသင့်သလဲ။ (ခ) ရွှင်လန်းခြင်းက ဘာကြောင့်ကောင်းသလဲ။

      ၈ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ ကျန်းမာရေး တစ်ခုတည်းကိုပဲ စဉ်းစားပြီး ပူပန်မနေသင့်ဘူး။ တချို့သူတွေက သတင်းကောင်း ဟောပြောဖို့ထက် ဓာတ်စာအကြောင်း၊ ကျန်းမာရေးကုထုံးအကြောင်း၊ အလှအပနဲ့ကျန်းမာရေး ထုတ်ကုန်တွေအကြောင်း ပြောဖို့ ပိုအချိန်ပေးကြတယ်။ အဲဒါက တခြားသူတွေကို ကူညီပေးတာလို့ သူတို့ ထင်ကောင်းထင်မယ်။ ဒါပေမဲ့ ဝတ်ပြုရာခန်းမတွေနဲ့ စည်းဝေးကြီးတွေမှာ အလှအပနဲ့ကျန်းမာရေး ထုတ်ကုန်ပစ္စည်းတွေရောင်းတာ၊ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကျွန်ုပ်တို့ရဲ့အယူအဆတွေကို ကြော်ငြာတာက မသင့်တော်ပါဘူး။ ဘာကြောင့်လဲ။

      ၉ ကျွန်ုပ်တို့ဟာ သမ္မာကျမ်းစာအကြောင်း ဆွေးနွေးဖို့နဲ့ ဘုရားသခင့်စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့ ဝမ်းမြောက်ခြင်း ခံစားရဖို့ စုဝေးကြတာဖြစ်တယ်။ (ဂလ. ၅:၂၂) ကျန်းမာရေးကုထုံးအကြောင်းပြောဖို့နဲ့ ထုတ်ကုန်တွေကိုရောင်းချဖို့ စုဝေးကြတာမဟုတ်ဘူး။ အဲဒီလိုလုပ်တာက တခြားသူတွေရဲ့ဝမ်းမြောက်မှုကို ထိခိုက်စေနိုင်တယ်။ (ရော. ၁၄:၁၇) တခြားသူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်လာရင် သူတို့ဘာသာ ဆုံးဖြတ်ပါစေ။ ဘယ်သူကမှ အဖျားအနာအားလုံးကိုပျောက်အောင် မကုသပေးနိုင်ပါဘူး။ တကယ့်အထူးကုဆရာဝန်တွေတောင်မှ အိုမင်း၊ ဖျားနာပြီး သေဆုံးကြရတယ်။ ကျန်းမာရေးအတွက် အလွန်အမင်း စိုးရိမ်တာက ကျွန်ုပ်တို့ရဲ့အသက်ကို တိုးပြီး မရှည်စေနိုင်ပါဘူး။ (လု. ၁၂:၂၅) အဲဒီအစား “ရွှင်လန်းနေတဲ့စိတ်နှလုံးက ဆေးစွမ်းကောင်းတစ်လက်ပဲ။”—သု. ၁၇:၂၂၊ ကဘ။

      ၁၀။ (က) ယေဟောဝါအမြင်မှာ ဘယ်အရည်အသွေးတွေက လှပသလဲ။ (ခ) ဘယ်အချိန်ကျမှ ပြည့်ဝစုံလင်တဲ့ကျန်းမာရေး ရရှိလာမလဲ။

      ၁၀ ကျွန်ုပ်တို့ရဲ့အသွင်အပြင်ကို ဂရုစိုက်တာကလည်း သင့်တော်ပါတယ်။ ဒါပေမဲ့ ရှိရင်းစွဲအသက်ထက် ပိုနုတယ်လို့ ထင်ရအောင်တော့ အရမ်းကြိုးစားဖို့ မလိုပါဘူး။ အသက်ကြီးခြင်းရဲ့လက္ခဏာတွေက ရင့်ကျက်တယ်၊ ကျက်သရေရှိတယ်၊ အတွင်းအလှရှိတယ်ဆိုတာ ဖော်ပြတယ်။ သမ္မာကျမ်းစာမှာ “ဖြူတဲ့ဆံပင်က ဖြောင့်မတ်တဲ့လမ်းစဉ်ပေါ်မှာ ရှိနေမယ်ဆိုရင် အလှသရဖူပဲ” လို့ပြောတယ်။ (သု. ၁၆:၃၁၊ ကဘ) ယေဟောဝါက ကျွန်ုပ်တို့ကို အဲဒီလိုပဲမြင်တယ်၊ ဒါကြောင့် ကျွန်ုပ်တို့လည်း ကိုယ့်ကိုယ်ကို ဘုရားသခင့်အမြင်မျိုးနဲ့ ရှုမြင်သင့်တယ်။ (၁ ပေတရု ၃:၃၊ ၄ ကိုဖတ်ပါ။) ဒါကြောင့် ကျွန်ုပ်တို့ရဲ့ ရုပ်ရည် ပိုကြည့်ကောင်းအောင်လို့ အန္တရာယ်ရှိတဲ့ ခွဲစိတ်ပြုပြင်မှုလုပ်တာ ဒါမှမဟုတ် ဆေးကုသမှုခံယူတာက ပညာရှိရာကျပါ့မလား။ ကျွန်ုပ်တို့ ဘယ်အသက်အရွယ်ပဲရှိပါစေ၊ ကျန်းမာရေးအခြေအနေ ဘယ်လိုပဲရှိပါစေ အလှစစ်ဆိုတာ ‘ယေဟောဝါပေးတဲ့ ဝမ်းမြောက်ခြင်း’ ကလာတာဖြစ်တယ်။ (နေ. ၈:၁၀) ကမ္ဘာသစ်ကျမှပဲ ပြည့်ဝစုံလင်တဲ့ကျန်းမာရေးနဲ့ ငယ်ရွယ်နုပျိုတဲ့အလှကို ပြန်ရရှိမှာဖြစ်တယ်။ (ယောဘ ၃၃:၂၅; ဟေရှာ. ၃၃:၂၄) ကျွန်ုပ်တို့ဟာ အဲဒီအချိန်အထိ ပညာရှိတဲ့ ရွေးချယ်မှုတွေပြုလုပ်ပြီး ယေဟောဝါရဲ့ကတိတော်တွေကို ယုံကြည်စိတ်ချနေရမှာဖြစ်တယ်။ အဲဒါက လက်ရှိဘဝကို ပျော်မွေ့စေပြီး ယေဟောဝါနဲ့ ဆက်နီးကပ်စေမှာဖြစ်တယ်။—၁ တိ. ၄:၈။

      ငွေ

      ၁၁။ ငွေက ဘယ်လိုနည်းနဲ့ ကျွန်ုပ်တို့ကို ယေဟောဝါနဲ့ ဝေးကွာသွားစေနိုင်သလဲ။

      ၁၁ ငွေရှိတာ၊ ရိုးရိုးသားသား ငွေရှာတာက မမှားပါဘူး။ (ဒေ. ၇:၁၂; လု. ၁၉:၁၂၊ ၁၃) ဒါပေမဲ့ ကျွန်ုပ်တို့က ငွေကို တပ်မက်လာပြီဆိုရင်တော့ ယေဟောဝါနဲ့ ဝေးကွာသွားနိုင်တယ်။ (၁ တိ. ၆:၉၊ ၁၀) “ဤလောကစနစ်၏ စိုးရမ်ပူပန်ခြင်း” ဆိုတာက ကျွန်ုပ်တို့လိုအပ်တာတွေကို ရရှိဖို့ အလွန်အမင်း စိုးရိမ်ပူပန်တာဖြစ်တယ်။ အဲဒီလိုပူပန်တာက ကျွန်ုပ်တို့ကို ယေဟောဝါနဲ့ ဝေးကွာသွားစေနိုင်တယ်။ “စည်းစိမ်ဥစ္စာ၏လှည့်စားခြင်း” ဆိုတာက စည်းစိမ်ဥစ္စာဟာ ပျော်ရွှင်မှုနဲ့ အနာဂတ်အာမခံချက်ပေးနိုင်တယ်လို့ အထင်မှားနေခြင်းဖြစ်တယ်။ (မ. ၁၃:၂၂) “မည်သူမျှ” ဘုရားသခင်နဲ့ စည်းစိမ်ဥစ္စာရဲ့အစေကို တစ်ပြိုင်တည်း မခံနိုင်ဘူးလို့ ယေရှုပြောခဲ့တယ်။—မ. ၆:၂၄။

      ၁၂။ လူတွေက ငွေကို လွယ်လွယ်နဲ့ရချင်လို့ ဘာလုပ်ကြသလဲ။ အဲဒါကို ဘယ်လိုရှောင်နိုင်သလဲ။

      ၁၂ ငွေက အဓိကပဲလို့ ကျွန်ုပ်တို့ယူဆတယ်ဆိုရင် အမှားတွေလုပ်မိဖို့ သွေးဆောင်ခံရနိုင်တယ်။ (သု. ၂၈:၂၀) တချို့က ငွေကို လွယ်လွယ်နဲ့ရချင်လို့ ထီထိုးကြတယ်။ တချို့ကျတော့ ငွေရပေါက်ချောင်မယ်လို့ထင်ရတဲ့ စီးပွားရေးလုပ်ငန်းတွေ ဝင်လုပ်ကြတယ်၊ အသင်းတော်ကလူတွေကိုတောင် ငွေအများကြီးရအောင် လုပ်ပေးမယ်လို့ ကတိပေးကြတယ်။ တချို့ကျတော့ ငွေရင်းနှီးမြှုပ်နှံမယ်ဆိုရင် အကျိုးအမြတ် များများပြန်ရမယ်ဆိုတဲ့ ကမ်းလှမ်းချက်တွေကြောင့် လိမ်လည်ခံကြရတယ်။ ကျွန်ုပ်တို့က လောဘကြီးတယ်ဆိုရင် ငွေအလုံးအရင်းနဲ့ ဆုံးရှုံးနိုင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို လက်ခံမိနိုင်တယ်။ ဒါကြောင့် လောဘမကြီးပါနဲ့။ ငွေကို လွယ်လွယ်နဲ့ များများရဖို့ဆိုတာ ဖြစ်နိုင်ချေ သိပ်မရှိဘူး။

      ၁၃။ ငွေအပေါ် ယေဟောဝါရဲ့အမြင်နဲ့ လောကရဲ့အမြင် ဘယ်လိုကွာခြားသလဲ။

      ၁၃ ကျွန်ုပ်တို့က “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ဦးစွာရှာ” မယ်ဆိုရင် ဘဝအတွက် လိုအပ်ရာတွေကို ရှာဖွေရာမှာ ယေဟောဝါ ကောင်းချီးပေးပါလိမ့်မယ်။ (မ. ၆:၃၃; ဧ. ၄:၂၈) အလုပ်ပိုလုပ်လို့ အစည်းအဝေးတွေမှာ အိပ်ငိုက်နေတာမျိုး၊ အစည်းအဝေးတက်နေရင်း ငွေအတွက် စိုးရိမ်ပူပန်နေတာမျိုး ဘုရားသခင် မဖြစ်စေချင်ဘူး။ လောက,ကလူတွေက အသက်ကြီးလာတဲ့အခါ အေးအေးဆေးဆေး နေနိုင်အောင် ငွေရဖို့ ဘာမဆိုလုပ်ရမယ်လို့ ထင်နေကြတယ်။ သူတို့ရဲ့ကလေးတွေကိုလည်း အဲဒီလိုပဲ သင်ပေးကြတယ်။ အဲဒီလိုလုပ်တာ မသင့်လျော်ဘူးလို့ ယေရှု ပြောခဲ့တယ်။ (လုကာ ၁၂:၁၅-၂၁ ကိုဖတ်ပါ။) အဲဒါက ဂေဟာဇိကို အမှတ်ရစေတယ်၊ လောဘနောက်လိုက်ရင်း တစ်ဖက်ကလည်း ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်းရှိနေနိုင်တယ်လို့ သူထင်ခဲ့တယ်။—၄ ရာ. ၅:၂၀-၂၇။

      ၁၄၊ ၁၅။ ငွေရှိမှ နောင်ရေးအတွက် စိတ်အေးရမယ်လို့ ဘာကြောင့် မယူဆသင့်သလဲ။ ဥပမာပေးပါ။

      ၁၄ လင်းယုန်ငှက်တွေဟာ သူတို့ မသယ်နိုင်တဲ့ငါးတွေကို ခြေသည်းတွေနဲ့ ကုတ်ချီဖို့ ကြိုးစားလို့ ရေထဲပြုတ်ကျ သေဆုံးကြတယ်။ တစ်ခါတလေ ကျွန်ုပ်တို့လည်း ချမ်းသာဖို့ သဲသဲမဲမဲ ကြိုးစားမယ်ဆိုရင် အဲဒီလိုဖြစ်နိုင်တယ်။ အဲလက်စ်လို့ခေါ်တဲ့ အကြီးအကဲတစ်ယောက်က ဒီလိုပြောပြတယ်– “ကျွန်တော်က အသုံးအစွဲ ချွေတာတတ်သူပါ။ ခေါင်းလျှော်ရည်ထည့်တာ နည်းနည်းပိုများသွားတယ်ဆိုရင်တောင် ဘူးထဲ ပြန်ထည့်တယ်။” ဒါပေမဲ့ အဲလက်စ်က ငွေပိုငွေလျှံ များများရှာနိုင်ရင် လက်ရှိအလုပ်ကနေထွက်ပြီး ရှေ့ဆောင်လုပ်နိုင်မယ်လို့ ထင်ခဲ့တယ်။ ဒါနဲ့ သူက စီးပွားရေးလုပ်ငန်းတစ်ခုကို လေ့လာပြီး သူ့မှာရှိသမျှငွေတွေကို အဲဒီမှာ ရင်းနှီးမြှုပ်နှံလိုက်တယ်။ ထပ်ပြီး ရင်းနှီးမြှုပ်နှံဖို့ တခြားသူတွေဆီကတောင် ငွေချေးလိုက်သေးတယ်။ ဒါပေမဲ့ သူရင်းနှီးမြှုပ်နှံထားတဲ့ငွေတွေ ဆုံးရှုံးသွားတယ်။ အဲလက်စ် အခုလိုပြောခဲ့တယ်– “ကျွန်တော့်ရဲ့ငွေတွေကို ပြန်ရအောင်လုပ်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။” သူလက်မလျှော့ဘဲ ဆက်ကြိုးစားမယ်ဆိုရင် အကျိုးအမြတ်ပြန်ရမယ်လို့ သူထင်ခဲ့တယ်။

      ၁၅ အဲလက်စ်ဟာ သူ့လုပ်ငန်းအကြောင်းကလွဲလို့ ဘာကိုမှ မစဉ်းစားနိုင်ဘူး။ အမှုဆောင်လုပ်ငန်းကိုလည်း ဦးစားမထားနိုင်တော့ဘဲ ညဆို ကောင်းကောင်း အိပ်မပျော်တော့ဘူး။ ဒါပေမဲ့ သူထင်သလို ဖြစ်မလာဘူး။ အဲလက်စ်ရဲ့ငွေတွေ အားလုံးဆုံးရှုံးသွားပြီး အိမ်ကိုလည်း ရောင်းလိုက်ရတယ်။ “ကျွန်တော့်ကြောင့် မိသားစု အရမ်းဒုက္ခရောက်ခဲ့ရတယ်” လို့ သူဝန်ခံတယ်။ ဒါပေမဲ့ သူ အရေးပါတဲ့သင်ခန်းစာတစ်ခု ရခဲ့တယ်။ “စာတန့်စနစ်ကို ယုံစားတဲ့သူတိုင်း တကယ်စိတ်ပျက်ရလိမ့်မယ်ဆိုတာ အခု ကျွန်တော်သိပြီ။” (သု. ၁၁:၂၈) ကျွန်ုပ်တို့ရဲ့ငွေတွေနဲ့ ကျွန်ုပ်တို့ရဲ့ ငွေရှာနိုင်စွမ်းကို အားကိုးတယ်ဆိုရင် “ဤလောကစနစ်၏ဘုရား” စာတန်ကို တကယ် ယုံစားနေတာဖြစ်တယ်။ (၂ ကော. ၄:၄; ၁ တိ. ၆:၁၇) အခုဆိုရင် အဲလက်စ်ဟာ သူ့ဘဝကို ရိုးရိုးရှင်းရှင်းဖြစ်အောင် ပြောင်းလဲခဲ့တဲ့အတွက် သတင်းကောင်းဟောပြောခြင်းမှာ ပိုပါဝင်နိုင်ခဲ့တယ်။ အဲဒါက သူနဲ့ သူ့မိသားစုကို ပိုပျော်ရွှင်စေပြီး ယေဟောဝါနဲ့ ပိုနီးကပ်စေခဲ့တယ်။—မာကု ၁၀:၂၉၊ ၃၀ ကိုဖတ်ပါ။

      မာန

      ၁၆။ ကျွန်ုပ်တို့က ဘာအတွက် ဂုဏ်ယူနိုင်သလဲ။ ကိုယ့်ကိုယ်ကို အထင်ကြီးရင် ဘာဖြစ်နိုင်သလဲ။

      ၁၆ ကျွန်ုပ်တို့က ယေဟောဝါသက်သေတွေဖြစ်ရတာကို ဂုဏ်ယူဝင့်ကြွားသင့်တယ်။ (ယေ. ၉:၂၄) အဲဒါကြောင့် ကျွန်ုပ်တို့က အမြဲတမ်း ဆုံးဖြတ်ချက်ကောင်းတွေချပြီး ဘုရားသခင့် မြင့်မားတဲ့စံနှုန်းတွေကို လိုက်နာဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် အထင်မကြီးမိဖို့ သတိပြုရမယ်၊ အဲဒါက ယေဟောဝါနဲ့ ကျွန်ုပ်တို့ကို ဝေးကွာသွားစေနိုင်တယ်။—ဆာ. ၁၃၈:၆; ရော. ၁၂:၃။

      အသင်းတော်မှာ အခွင့်အရာတစ်ခုရဖို့ပဲ စဉ်းစားနေမယ့်အစား အမှုဆောင်လုပ်ငန်းမှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်ပါ

      ၁၇၊ ၁၈။ (က) ကျမ်းစာမှာပါတဲ့ နှိမ့်ချသူနဲ့ မာနကြီးသူတွေက ဘယ်သူတွေလဲ။ (ခ) မာနစိတ်ကြောင့် ယေဟောဝါနဲ့ ဝေးကွာမသွားဖို့ ညီအစ်ကိုတစ်ယောက် ဘာလုပ်ခဲ့သလဲ။

      ၁၇ သမ္မာကျမ်းစာမှာ မာနကြီးသူတွေနဲ့ နှိမ့်ချသူတွေအကြောင်း ဖော်ပြထားတယ်။ ဘုရင်ဒါဝိဒ်ဟာ နှိမ့်ချစွာနဲ့ ယေဟောဝါထံမှာ လမ်းညွှန်မှုတောင်းခဲ့တယ်၊ အဲဒီအတွက် ယေဟောဝါ သူ့ကို ကောင်းချီးပေးခဲ့တယ်။ (ဆာ. ၁၃၁:၁-၃) ဒါပေမဲ့ ဘုရင် နေဗုခဒ်နေဇာနဲ့ ဗေလရှာဇာက မာနကြီးလို့ ယေဟောဝါ သူတို့ကို ဒဏ်ခတ်ခဲ့တယ်။ (ဒံ. ၄:၃၀-၃၇; ၅:၂၂-၃၀) တစ်ခါတလေ ကျွန်ုပ်တို့မှာ နှိမ့်ချမှု ရှိမရှိ စမ်းသပ်တဲ့အခြေအနေတွေ ပေါ်လာနိုင်တယ်။ အသက် ၃၂ နှစ်ရှိတဲ့ ရိုင်ယန်ဟာ အသင်းတော်အမှုထမ်းတစ်ဦးအနေနဲ့ တခြားအသင်းတော်တစ်ခုကို ပြောင်းသွားတယ်။ မကြာခင်မှာတော့ သူ့ကို အကြီးအကဲအဖြစ် ထောက်ခံမှာပဲလို့ သူထင်နေတယ်။ ဒါပေမဲ့ တစ်နှစ်သာကြာသွားတယ် သူအကြီးအကဲ ဖြစ်မလာဘူး။ ရိုင်ယန်ဟာ မာနစိတ်ဝင်လာပြီး သူ့ကို မထောက်ခံတဲ့ အကြီးအကဲတွေကို စိတ်ဆိုးမလား။ မာနကြောင့် အစည်းအဝေးတွေမတက်တော့ဘဲ အသင်းတော်နဲ့၊ ယေဟောဝါနဲ့ ဝေးဝေးနေမလား။ သင်သာဆိုရင် ဘယ်လိုလုပ်မလဲ။

      ၁၈ ရိုင်ယန်က “အဖွဲ့အစည်းထုတ်စာပေတွေမှာပါတဲ့ စောင့်ဆိုင်းခြင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ရှာဖတ်တယ်” လို့ပြောပြတယ်။ (သု. ၁၃:၁၂) “ကျွန်တော့်မှာ စိတ်ရှည်ခြင်းနဲ့ နှိမ့်ချခြင်း လိုနေတယ်ဆိုတာ သိလာတယ်။ ကျွန်တော် ယေဟောဝါရဲ့လေ့ကျင့်ပေးမှုကို ခံယူဖို့ လိုသေးတယ်။” ရိုင်ယန်ဟာ အသင်းတော်မှာရှိတဲ့သူတွေနဲ့ အမှုဆောင်လုပ်ငန်းမှာတွေ့တဲ့ သူတွေကို ပိုကူညီပေးဖို့ စဉ်းစားလာတယ်။ သိပ်မကြာခင် သူ့မှာ တိုးတက်တဲ့ကျမ်းစာသင်အံမှုတွေ အများကြီး ရှိလာတယ်။ “နောက်တစ်နှစ်ခွဲအကြာမှာ ကျွန်တော် အကြီးအကဲအဖြစ် ခန့်အပ်ခံရတဲ့အခါ ရုတ်တရက် အံ့ဩသွားတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အမှုဆောင်လုပ်ငန်းမှာ ပျော်မွေ့နေတော့ အဲဒီအကြောင်း မစဉ်းစားမိတော့ဘူး” လို့ သူက ပြောပြတယ်။—ဆာလံ ၃၇:၃၊ ၄ ကိုဖတ်ပါ။

      ယေဟောဝါနဲ့ နီးနီးကပ်ကပ်နေပါ

      ၁၉၊ ၂၀။ (က) ကျွန်ုပ်တို့ လုပ်ဆောင်ရာတွေကြောင့် ယေဟောဝါနဲ့ ဝေးကွာမသွားအောင် ဘာလုပ်နိုင်သလဲ။ (ခ) ယေဟောဝါနဲ့ နီးနီးကပ်ကပ်နေခဲ့တဲ့ ဘယ်စံနမူနာတွေ ရှိသလဲ။

      ၁၉ ဒီဆောင်းပါးနှစ်ခုမှာဆွေးနွေးခဲ့တဲ့ အရာခုနစ်ခုက သူ့နေရာနဲ့သူ သုံးရင်တော့ ကောင်းပါတယ်။ ကျွန်ုပ်တို့က ယေဟောဝါသက်သေတွေဖြစ်ရတာကို ဂုဏ်ယူဝင့်ကြွားကြတယ်။ သာယာပျော်ရွှင်တဲ့ မိသားစုရှိပြီး ကျန်းမာရေးကောင်းတာကလည်း ယေဟောဝါပေးတဲ့ ဆုကျေးဇူးဖြစ်တယ်။ ကိုယ့်ကိုယ်ကိုနဲ့ မိသားစုကို ကျွေးမွေးစောင့်ရှောက်ဖို့ အလုပ်အကိုင်နဲ့ ငွေရှိဖို့လိုတယ်။ အပန်းဖြေတာက လန်းဆန်းစေပြီး အီလက်ထရွန်နစ်ပစ္စည်းတွေက အသုံးဝင်တယ်။ ဒါပေမဲ့ အဲဒါတွေထဲက တစ်ခုခုကို မသင့်တော်တဲ့အချိန်မှာ၊ မသင့်တော်တဲ့နည်းနဲ့ အလွန်အကျွံ အသုံးပြုမယ်ဆိုရင် ကျွန်ုပ်တို့ကို ယေဟောဝါနဲ့ ဝေးကွာသွားစေနိုင်တယ်။

      သင့်ကို ယေဟောဝါနဲ့ ဝေးကွာသွားစေဖို့ ဘယ်အရာကိုမှ ခွင့်မပြုပါနဲ့

      ၂၀ စာတန်က သင့်ကို ယေဟောဝါနဲ့ ဝေးကွာသွားစေချင်တယ်။ ဒါပေမဲ့ သင်နဲ့ သင့်မိသားစုကို ကာကွယ်ဖို့ သင်လုပ်ဆောင်နိုင်ပါတယ်။ (သု. ၂၂:၃) ယေဟောဝါထံချဉ်းကပ်ပြီး ကိုယ်တော်နဲ့ အမြဲ နီးနီးကပ်ကပ်နေပါ။ အဲဒီလိုလုပ်ခဲ့ကြသူတွေရဲ့ စံနမူနာတွေ ကျမ်းစာထဲမှာ အများကြီးရှိတယ်။ ဧနောက်နဲ့ နောဧဟာ “စစ်မှန်တဲ့ ဘုရားသခင်ရဲ့လမ်းစဉ်အတိုင်း လျှောက်လှမ်း” ခဲ့တယ်။ (က. ၅:၂၂; ၆:၉၊ ကဘ) မောရှေဟာ “မမြင်ရသောအရှင်ကို မြင်ရသကဲ့သို့ တည်ကြည်” ခဲ့တယ်။ (ဟေဗြဲ ၁၁:၂၇) ယေရှုဟာ အမြဲတမ်း ခမည်းတော်ရဲ့အလိုတော်အတိုင်း လုပ်ဆောင်ခဲ့လို့ ခမည်းတော်ရဲ့ထောက်မမှု အမြဲ ရရှိခဲ့တယ်။ (ယော. ၈:၂၉) အဲဒီစံနမူနာတွေကို တုပပါ။ “အစဉ်သဖြင့် ဝမ်းမြောက်နေကြလော့။ မခြားမလပ် ဆုတောင်းကြလော့။ အရာရာအတွက် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။” (၁ သက်. ၅:၁၆-၁၈) သင့်ကို ယေဟောဝါနဲ့ ဝေးကွာသွားစေဖို့ ဘယ်အရာကိုမှ ခွင့်မပြုပါနဲ့။

      a နာမည်တွေကိုပြောင်းထား။

      b အောက်တိုဘာ၊ ၂၀၁၁ နိုးလော့! မှာပါတဲ့ “တာဝန်သိတတ်တဲ့ သားသမီးဖြစ်အောင် ပြုစုပျိုးထောင်နိုင်ပုံ” ကို ကြည့်ပါ။

      c မတ်၊ ၂၀၁၁ နိုးလော့! မှာပါတဲ့ “ကျန်းမာရေးပိုကောင်းစေမယ့် အချက်ငါးချက်” ကိုကြည့်ပါ။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ