သင့်မှာ ယေဟောဝါကို “သိနိုင်တဲ့စိတ်နှလုံး” ရှိသလား
“ငါဟာ ယေဟောဝါဖြစ်တယ်ဆိုတာ သူတို့သိနိုင်တဲ့စိတ်နှလုံးကို သူတို့ကို ငါပေးမယ်။ သူတို့က ငါ့လူတွေဖြစ်ရလိမ့်မယ်။” —ယေ. ၂၄:၇၊ ကဘ။
၁၊ ၂။ လူတချို့က သဖန်းသီးကို ဘာကြောင့် စိတ်ဝင်စားသလဲ။
သင် သဖန်းသီး စားဖူးသလား။ ရှေးခေတ်က အစ္စရေးလူတွေဟာ သဖန်းသီးကို နှစ်နှစ်ခြိုက်ခြိုက် စားသုံးကြတယ်။ (နာ. ၃:၁၂; လု. ၁၃:၆-၉) ယနေ့အချိန်မှာလည်း ကမ္ဘာ့နေရာအတော်များများမှာ သဖန်းပင် စိုက်ကြတယ်။ သဖန်းသီးမှာ အမျှင်ဓာတ်၊ အင်တီအောက်ဆီးဒင့်နဲ့ သတ္တုဓာတ်တွေပါဝင်တယ်၊ ဒါကြောင့် လူတချို့က သဖန်းသီးဟာ နှလုံးအတွက် ကောင်းတယ်လို့ ပြောကြတယ်။
၂ တစ်ခါတုန်းက ယေဟောဝါဟာ စိတ်နှလုံးကို သဖန်းသီးနဲ့ နှိုင်းယှဉ်ဖော်ပြခဲ့တယ်။ ဘုရားသခင်က သဖန်းသီးကနေရတဲ့ အာဟာရကောင်းကျိုးတွေအကြောင်း ပြောနေတာ မဟုတ်ဘူး။ ပုံဆောင်သဘောနဲ့ ပြောတာဖြစ်တယ်။ ပရောဖက်ယေရမိကတစ်ဆင့် ယေဟောဝါပြောခဲ့တဲ့စကားတွေက သင့်စိတ်နှလုံးနဲ့ရော သင်ချစ်တဲ့သူတွေရဲ့စိတ်နှလုံးနဲ့ပါသက်ဆိုင်တယ်။ ကိုယ်တော်ပြောခဲ့တဲ့အချက်ကို ဆွေးနွေးတဲ့အခါ အဲဒါက ခရစ်ယာန်တွေအတွက် ဘာအဓိပ္ပာယ်ရှိသလဲဆိုတာ စဉ်းစားကြည့်ပါ။
၃။ ယေရမိအခန်းကြီး ၂၄ မှာ ဖော်ပြထားတဲ့ သဖန်းသီးတွေက ဘာကို ဆိုလိုသလဲ။
၃ ဘီစီ ၆၁၇ မှာ ယုဒလူမျိုးတွေဟာ ယေဟောဝါမုန်းတီးတဲ့လုပ်ရပ်တွေကို လုပ်ခဲ့ကြတယ်။ ဘုရားသခင်က ရှေ့မှာ သူတို့ကြုံတွေ့ရမယ့်အရာနဲ့ပတ်သက်ပြီး ရူပါရုံတစ်ခုပေးခဲ့တယ်၊ အဲဒီရူပါရုံမှာ “အလွန်ကောင်းသော” သဖန်းသီးနဲ့ “အလွန်ညံ့သော” သဖန်းသီးဆိုပြီး နှစ်မျိုး ပါတယ်။ (ယေရမိ ၂၄:၁-၃ ကိုဖတ်ပါ။) ညံ့တဲ့သဖန်းသီးက ဘုရင်နေဗုခဒ်နေဇာနဲ့ သူ့စစ်တပ်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ ဘုရင်ဇေဒကိနဲ့ သူ့လူတွေကို ပုံဆောင်တယ်။ ဒါပေမဲ့ ကောင်းတဲ့သဖန်းသီးနဲ့ တူတဲ့သူတွေလည်း ရှိပါတယ်။ သူတို့ထဲက တချို့ကတော့ ဗာဗုလုန်ကို ရောက်နေပြီဖြစ်တဲ့ ယေဇကျေလ၊ ဒံယေလနဲ့ သူ့အဖော်သုံးယောက်အပါအဝင် နောက်ပိုင်းမှာ ဗာဗုလုန်ကို သုံ့ပန်းအဖြစ်ခေါ်သွားခံရတဲ့ တခြားသူတွေဖြစ်တယ်။ နောက်ပိုင်းမှာ အဲဒီအထဲက ဂျူးတချို့ဟာ ဂျေရုဆလင်မြို့ကိုပြန်လာပြီး မြို့နဲ့ ဗိမာန်တော်ကို တည်ဆောက်ကြပါလိမ့်မယ်။—ယေ. ၂၄:၈-၁၀; ၂၅:၁၁၊ ၁၂; ၂၉:၁၀။
၄။ ကောင်းတဲ့သဖန်းသီးတွေနဲ့ပတ်သက်ပြီး ဘုရားသခင်ပြောတဲ့စကားက ကျွန်ုပ်တို့အတွက် ဘာကြောင့် အားပေးမှုဖြစ်သလဲ။
၄ ကောင်းတဲ့သဖန်းသီးအဖြစ် တင်စားခံရသူတွေကို ယေဟောဝါက “ငါဟာ ယေဟောဝါဖြစ်တယ်ဆိုတာ သူတို့သိနိုင်တဲ့စိတ်နှလုံးကို သူတို့ကို ငါပေးမယ်။ သူတို့က ငါ့လူတွေဖြစ်ရလိမ့်မယ်” လို့ပြောခဲ့တယ်။ (ယေ. ၂၄:၇၊ ကဘ) အဲဒါက ဒီဆောင်းပါးရဲ့ အဓိကကျမ်းချက်ဖြစ်ပြီး ဘယ်လောက်တောင် အားရှိစရာကောင်းလိုက်သလဲ။ ဘုရားသခင်က ကျွန်ုပ်တို့ကို ကိုယ်တော့်ကို “သိနိုင်တဲ့စိတ်နှလုံး” ပေးချင်တယ်။ ကိုယ်တော့်ကို သိနိုင်တဲ့စိတ်နှလုံးဆိုတာ ကိုယ်တော့်အကြောင်းသိချင်ပြီး ကိုယ်တော့်လူမျိုးအဝင် ဖြစ်ချင်တာကိုဆိုလိုတယ်။ ဘယ်လိုနည်းနဲ့ အဲဒီလိုလူမျိုး ဖြစ်နိုင်သလဲ။ သမ္မာကျမ်းစာကို လေ့လာပြီး လက်တွေ့ကျင့်သုံးရမယ်။ နောင်တယူ ပြောင်းလဲရမယ်။ သင့်ကိုသင် ဘုရားသခင်ထံဆက်ကပ်အပ်နှံပြီး ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောစွမ်းအားတော်ရဲ့ နာမမှာ နှစ်ခြင်းခံဖို့လိုတယ်။ (မ. ၂၈:၁၉၊ ၂၀; တ. ၃:၁၉) အဲဒီအဆင့်တွေကို သင် လုပ်ဆောင်ပြီးပြီလား။ ဒါမှမဟုတ် အခု သင်ဟာ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေကို ပုံမှန်တက်ပြီး အဲဒီအဆင့်တွေကို လုပ်ဆောင်နေသလား။
၅။ ယေရမိဟာ ဘယ်သူတွေရဲ့ စိတ်နှလုံးအကြောင်းကို အဓိက ရေးသားခဲ့သလဲ။
၅ ကျွန်ုပ်တို့ဟာ အဲဒီအဆင့်တွေအားလုံးကို လုပ်ပြီးပြီဆိုရင်တောင် ကျွန်ုပ်တို့ရဲ့သဘောထားနဲ့ လုပ်ရပ်ကို ဆက်ဂရုစိုက်ဖို့ လိုနေတုန်းပဲ။ ဘာကြောင့်လဲ။ စိတ်နှလုံးနဲ့ပတ်သက်ပြီး ယေရမိရေးသားခဲ့ရာကို ဆွေးနွေးတဲ့အခါ အဖြေတွေ့ရပါလိမ့်မယ်။ ယေရမိကျမ်းရဲ့ အခန်းကြီးတချို့မှာ ယုဒရဲ့ ပတ်ဝန်းကျင်နိုင်ငံတွေအကြောင်း ဖော်ပြထားပေမဲ့ အများစုကတော့ ယုဒဘုရင်ငါးပါးအုပ်ချုပ်ချိန်အတွင်းက ယုဒနိုင်ငံအကြောင်း ဖော်ပြထားတာဖြစ်တယ်။ (ယေ. ၁:၁၅၊ ၁၆) ယေရမိဟာ ယေဟောဝါထံ ဆက်ကပ်အပ်နှံထားတဲ့ ယောက်ျား၊ မိန်းမနဲ့ ကလေးတွေအကြောင်း အဓိကထားပြီး ရေးသားခဲ့တာဖြစ်တယ်။ မောရှေအချိန်တုန်းက ဒီလူမျိုးဟာ ဘုရားသခင့်လူမျိုးအဖြစ် ခံယူပါမယ်လို့ တလိုတလား သဘောတူခဲ့ကြတယ်။ (ထွ. ၁၉:၃-၈) ယေရမိခေတ်မှာလည်း ဒီလူတွေက “ယေဟောဝါ၊ ကိုယ်တော်က ကျွန်တော်တို့ရဲ့ ဘုရားသခင်ဖြစ်တဲ့အတွက် ကိုယ်တော့်ဆီ ကျွန်တော်တို့ပြန်လာပါပြီ” လို့ပြောခဲ့ကြတယ်။ (ယေ. ၃:၂၂၊ ကဘ) ဒါပေမဲ့ သူတို့မှာ ကောင်းတဲ့စိတ်နှလုံး ရှိခဲ့သလား။
ပုံဆောင်နှလုံးကို ခွဲစိတ်ကုသဖို့လို
၆။ ကျွန်ုပ်တို့ ဘာကြောင့် ဘုရားသခင်ပြောတဲ့ စိတ်နှလုံးအကြောင်း အထူးစိတ်ဝင်စားသင့်သလဲ။
၆ ဆရာဝန်တွေဟာ အဆင့်မြင့်နည်းပညာတွေကိုသုံးပြီး ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်အတွင်းပိုင်းနဲ့ ကျွန်ုပ်တို့ရဲ့နှလုံး ကျန်းမာမှုရှိမရှိ စစ်ဆေးနိုင်ပါတယ်။ ယေဟောဝါကလည်း ကျွန်ုပ်တို့ရဲ့ပုံဆောင်နှလုံး၊ နောက်တစ်နည်းနဲ့ပြောရရင် ကျွန်ုပ်တို့ရဲ့ အတွင်းသဘောကို သိမြင်နိုင်တယ်။ ကိုယ်တော် ဒီလိုပြောတယ်– “စိတ်နှလုံးက တခြားအရာတွေထက် ပိုပြီးသစ္စာဖောက်တတ်တယ်။ ထင်ရာစိုင်းတတ်တယ်။ စိတ်နှလုံးကို ဘယ်သူသိနိုင်မလဲ။ ငါယေဟောဝါက လူတစ်ယောက်စီကို သူ့လမ်းစဉ်တွေအတိုင်း၊ သူ့လုပ်ရပ်တွေအတိုင်း ပြန်ဆပ်ပေးဖို့ စိတ်နှလုံး . . . ကို ရှာဖွေစစ်ဆေးနေတယ်။” (ယေ. ၁၇:၉၊ ၁၀၊ ကဘ) ဘုရားသခင်က ကျွန်ုပ်တို့ရဲ့လိုအင်ဆန္ဒ၊ ကျွန်ုပ်တို့ရဲ့ အတွေး၊ ကျွန်ုပ်တို့ရဲ့ခံစားချက်နဲ့ သဘောထား၊ ကျွန်ုပ်တို့ရဲ့ ဘဝရည်ရွယ်ချက်တွေကို သိမြင်နိုင်တယ်။ ဘုရားသခင်က သင့်စိတ်နှလုံးကို စစ်ဆေးပါလိမ့်မယ်။ ဒါပေမဲ့ သင်ကိုယ်တိုင်လည်း သင့်စိတ်နှလုံးကို အတိုင်းအတာတစ်ခုအထိ စစ်ဆေးနိုင်ပါတယ်။
၇။ ယေရမိက သူ့ခေတ်မှာရှိတဲ့ ဂျူးတွေရဲ့နှလုံးအခြေအနေကို ဘယ်လိုဖော်ပြခဲ့သလဲ။
၇ ကိုယ့်စိတ်နှလုံးကိုစစ်ဆေးဖို့ ကိုယ့်ကိုယ်ကို ဒီလိုမေးနိုင်တယ်– ‘ယေရမိခေတ်က ဂျူးလူမျိုးအများစုရဲ့ ပုံဆောင်နှလုံးအခြေအနေက ဘယ်လိုရှိခဲ့သလဲ။’ အဖြေရဖို့အတွက် သမားရိုးကျမဟုတ်တဲ့ ယေရမိရဲ့စကားတွေကို သုံးသပ်ကြည့်ပါ– “အစ္စရေးတစ်မျိုးလုံးလည်း စိတ်နှလုံးကို အရေဖျားမဖြတ်ထားဘူး။” ယေရမိက ပညတ်တရားအရ ဂျူးအမျိုးသားတွေလုပ်ရတဲ့ အရေဖျားလှီးဖြတ်ခြင်းအကြောင်း ပြောနေတာမဟုတ်ဘူး။ ဘာကြောင့် အဲဒီလိုပြောနိုင်သလဲဆိုရင် “အရေဖျားဖြတ်ထားပေမဲ့ စိတ်နှလုံးကိုတော့ အရေဖျားမဖြတ်ထားတဲ့သူတိုင်းကို ငါ စာရင်းရှင်းမယ့်နေ့ရက် ရောက်လာပြီ” လို့ ယေဟောဝါ ပြောခဲ့တယ်။ အရေဖျားဖြတ်ထားတဲ့ ဂျူးအမျိုးသားတွေတောင်မှ “စိတ်နှလုံးကိုတော့ အရေဖျားမဖြတ်ထား” ဘူးလို့ ကိုယ်တော်ပြောခဲ့တယ်။ (ယေ. ၉:၂၅၊ ၂၆၊ ကဘ) အဲဒါက ဘာအဓိပ္ပာယ်လဲ။
၈၊ ၉။ ယေရမိခေတ်က ဂျူးအများစု ဘာလုပ်ဖို့လိုအပ်ခဲ့သလဲ။
၈ ဂျူးတွေလုပ်ဆောင်ဖို့ ဘုရားသခင် တိုက်တွန်းထားတဲ့အချက်ကို ကြည့်ရင် “စိတ်နှလုံးကိုတော့ အရေဖျားမဖြတ်ထား” ဆိုတဲ့အဓိပ္ပာယ်ကို နားလည်နိုင်တယ်။ ကိုယ်တော် သူတို့ကို ဒီလိုပြောခဲ့တယ်– ‘အို ယုဒလူတို့နဲ့ ဂျေရုဆလင်မြို့သူမြို့သားတို့၊ သင်တို့စိတ်နှလုံးထဲက မသန့်ရှင်းတဲ့အရာတွေကို ဖယ်ထုတ်ကြပါ။ ဒီလိုမှမဟုတ်ရင် ငါ့ဒေါသက သင်တို့ပြုကျင့်နေတဲ့ မကောင်းမှုတွေကြောင့် လောင်ကျွမ်းလိမ့်မယ်။’ အဲဒီမကောင်းတဲ့အကျင့်တွေက ဘယ်ကလာတာလဲ။ သူတို့ရဲ့ စိတ်နှလုံးထဲက လာတာဖြစ်တယ်။ (မာကု ၇:၂၀-၂၃ ကိုဖတ်ပါ။) ဂျူးတွေပြုကျင့်တဲ့ မကောင်းတဲ့အကျင့်တွေရဲ့ ရင်းမြစ်ကို ယေရမိကတစ်ဆင့် ဘုရားသခင်တိတိကျကျ ဖော်ထုတ်ခဲ့တယ်။ သူတို့မှာ ခေါင်းမာပြီး ပုန်ကန်တတ်တဲ့ စိတ်နှလုံးရှိကြတယ်။ သူတို့ရဲ့ လိုအင်ဆန္ဒတွေနဲ့ အတွေးတွေက ဘုရားသခင်မနှစ်သက်တဲ့အရာတွေဖြစ်တယ်။ (ယေရမိ ၅:၂၃၊ ၂၄၊ နဲ့ ယေရမိ ၇:၂၄-၂၆ ကိုဖတ်ပါ။) ဘုရားသခင်က သူတို့ကို အခုလို အကြံပေးတယ်– “ယေဟောဝါအတွက် အရေဖျားဖြတ်ကြပါ။ သင်တို့စိတ်နှလုံးထဲက မသန့်ရှင်းတဲ့အရာတွေကို ဖယ်ထုတ်ကြပါ။”—ယေ. ၄:၄၊ ကဘ; ယေ. ၁၈:၁၁၊ ၁၂။
၉ ဒါကြောင့် မောရှေခေတ်က ဂျူးတွေလိုပဲ ယေရမိခေတ်က ဂျူးတွေလည်း ‘နှလုံးအရေဖျားလှီး’ ဖို့လိုအပ်ခဲ့တယ်၊ ဆိုလိုတာက သူတို့ရဲ့ ပုံဆောင်နှလုံးကို ခွဲစိတ်ကုသဖို့ လိုအပ်ခဲ့တယ်။ (တရား. ၁၀:၁၆; ၃၀:၆) ဂျူးတွေဟာ သူတို့စိတ်နှလုံးရဲ့ အရေဖျားကို ဘယ်လိုနည်းနဲ့ လှီးဖြတ်နိုင်သလဲ။ ဘုရားသခင်နဲ့ဆန့်ကျင်တဲ့ အတွေးတွေ၊ နှစ်သက်စွဲလမ်းရာတွေ ဒါမှမဟုတ် လိုအင်ဆန္ဒတွေကို ဖယ်ထုတ်ခြင်းအားဖြင့်ဖြစ်တယ်။—တ. ၇:၅၁။
ကိုယ်တော့်ကို “သိနိုင်တဲ့စိတ်နှလုံး” ရှိနိုင်ပုံ
၁၀။ ဒါဝိဒ်ရဲ့ ပုံနမူနာကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်သလဲ။
၁၀ ဘုရားသခင်က ကျွန်ုပ်တို့ကိုယ်တိုင်ရဲ့ ပုံဆောင်စိတ်နှလုံးကို သိမြင်နိုင်ဖို့ ကူညီပေးတဲ့အတွက် ဘယ်လောက်တောင် ကျေးဇူးတင်ဖို့ ကောင်းလိုက်သလဲ။ ဒါပေမဲ့ ယေဟောဝါရဲ့ကျေးကျွန်ဖြစ်ပြီးသား ကျွန်ုပ်တို့ဟာ စိတ်နှလုံးနဲ့ပတ်သက်ပြီး တကယ်စိုးရိမ်ဖို့ လိုသလား။ အသင်းတော်မှာရှိတဲ့ ခရစ်ယာန်အများစုက ယေဟောဝါကို သစ္စာရှိရှိ အမှုဆောင်နေကြပြီး သန့်ရှင်းတဲ့အမူအကျင့် ရှိကြတယ်။ သူတို့က “မကောင်းတဲ့သဖန်းသီး” တွေမဟုတ်ဘူး။ ဒါပေမဲ့ ယေဟောဝါထံ ဖြောင့်မတ်သူဒါဝိဒ် တောင်းဆိုခဲ့တဲ့အချက်ကို သတိရပါ– “အို ဘုရားသခင်၊ ကျွန်တော့်ကို သေချာရှာဖွေစစ်ဆေးပြီး ကျွန်တော့်စိတ်နှလုံးကို သိလှည့်ပါ။ ကျွန်တော့်ကိုစစ်ဆေးပြီး ကျွန်တော့်ရဲ့စိတ်သောကတွေကို သိလှည့်ပါ။ ကျွန်တော့်စိတ်က အန္တရာယ်ရှိတဲ့လမ်းဘက် ဦးတည်နေမနေဆိုတာကို ကြည့်လှည့်ပါ။”—ဆာ. ၁၇:၃; ၁၃၉:၂၃၊ ၂၄၊ ကဘ။
၁၁၊ ၁၂။ (က) ကျွန်ုပ်တို့ယောက်တိုင်း ဘာကြောင့် ကိုယ့်စိတ်နှလုံးကို စစ်ဆေးသင့်သလဲ။ (ခ) ဘုရားသခင်က ဘာကိုတော့ လုပ်မှာမဟုတ်သလဲ။
၁၁ ယေဟောဝါက ကျွန်ုပ်တို့အားလုံးကို ကိုယ်တော်နှစ်သက်လက်ခံနိုင်တဲ့အခြေအနေမှာပဲ ရှိနေစေချင်တယ်။ ဖြောင့်မတ်သူတွေနဲ့ပတ်သက်ပြီး ယေရမိ ဒီလိုပြောခဲ့တယ်– “အို ဗိုလ်ခြေတို့ရဲ့အရှင်ယေဟောဝါ၊ ကိုယ်တော်က ဖြောင့်မတ်သူကို စစ်ဆေးတယ်။ ကိုယ်တော်က ကျောက်ကပ်တွေနဲ့ စိတ်နှလုံးကို သိမြင်တယ်။” (ယေ. ၂၀:၁၂၊ ကဘ) အနန္တတန်ခိုးရှင်ဘုရားသခင်က ဖြောင့်မတ်သူတွေရဲ့ စိတ်နှလုံးကိုတောင် စစ်ဆေးတယ်ဆိုတော့ ကျွန်ုပ်တို့အားလုံး ကိုယ့်ကိုယ်ကို ရိုးရိုးသားသား ဆန်းစစ်သင့်တယ်မဟုတ်လား။ (ဆာလံ ၁၁:၅ ကိုဖတ်ပါ။) အဲဒီလိုလုပ်တာက ဂရုစိုက်ဖို့လိုတဲ့ ကျွန်ုပ်တို့ရဲ့ သဘောထား၊ ရည်ရွယ်ချက်ပန်းတိုင် ဒါမှမဟုတ် ကျွန်ုပ်တို့ရဲ့ စိတ်ခံစားချက်တွေကို သိမြင်စေပါလိမ့်မယ်။ ယေဟောဝါကိုနာခံရာမှာ ကျွန်ုပ်တို့ တုံ့ဆိုင်းနေတာဖြစ်နိုင်တယ်။ ကျွန်ုပ်တို့နှလုံးထဲမှာရှိတဲ့ မကောင်းတဲ့အရာတွေကို ဖယ်ထုတ်ဖို့ ပုံဆောင်နှလုံးကို ခွဲစိတ်ဖို့ လိုကောင်းလိုမယ်။ သင့်ရဲ့ ပုံဆောင်နှလုံးကို စစ်ဆေးမယ်ဆိုရင် သင် ဘာကိုတွေ့ရမလဲ။ ဘယ်လို ပြုပြင်ပြောင်းလဲနိုင်သလဲ။—ယေ. ၄:၄။
၁၂ ယေဟောဝါက ကျွန်ုပ်တို့ကို အတင်းအကျပ် ပြုပြင်ပြောင်းလဲပေးမှာ မဟုတ်တာတော့ သေချာတယ်။ “ကောင်းတဲ့သဖန်းသီး” တွေကို ‘ကိုယ်တော့်ကိုသိနိုင်တဲ့ စိတ်နှလုံးပေး’ မယ်လို့ ယေဟောဝါပြောခဲ့တယ်။ သူတို့ရဲ့ စိတ်နှလုံးကို ပြောင်းလဲအောင် အတင်းအကျပ်လုပ်မယ်လို့ ကိုယ်တော်မပြောဘူး။ သူတို့အနေနဲ့ ဘုရားသခင်ကိုသိတဲ့ စိတ်နှလုံးကို လိုချင်တဲ့ဆန္ဒ ရှိရမယ်။ ကျွန်ုပ်တို့လည်း အဲဒါကို လိုချင်တဲ့ဆန္ဒရှိရမယ်။
စိတ်နှလုံးကို စစ်ဆေးခြင်းနဲ့ မသင့်လျော်တဲ့ စိတ်ဆန္ဒတွေကို ပြုပြင်ခြင်းက ကောင်းချီးရရှိစေ
၁၃၊ ၁၄။ ခရစ်ယာန်တစ်ယောက်ရဲ့ စိတ်နှလုံးက သူ့ကိုယ်ကို ဘယ်လိုနည်းနဲ့ ထိခိုက်နိုင်သလဲ။
၁၃ “မကောင်းသောကြံစည်ခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်း၊ မတရားမေထုန်ပြုခြင်း၊ ခိုးခြင်း၊ မှားယွင်းသောသက်သေကိုခံခြင်း၊ မြင့်မြတ်သောအရာကို စော်ကားခြင်းတို့သည် စိတ်နှလုံးထဲက ထွက်လာကြ၏” လို့ယေရှု ပြောခဲ့တယ်။ (မ. ၁၅:၁၉) ဥပမာ၊ ညီအစ်ကိုတစ်ယောက်ရဲ့ စိတ်နှလုံးထဲမှာ မသင့်လျော်တဲ့ဆန္ဒတွေ ရှိနေမယ်ဆိုရင် အိမ်ထောင်ရေးဖောက်ပြန်တာ ဒါမှမဟုတ် မတရားမေထုန် စတဲ့အပြစ်တွေကို ကျူးလွန်မိနိုင်တယ်။ အဲဒီညီအစ်ကိုက အပြစ်တွေအတွက် ဘယ်တော့မှ နောင်တမရဘူးဆိုရင် သူဟာ ဘုရားသခင့်မျက်နှာသာကို ထာဝစဉ်ဆုံးရှုံးမှာ သေချာတယ်။ ဒါပေမဲ့ လူတစ်ယောက်ဟာ အဲဒီလိုအပြစ်တွေ မကျူးလွန်ရင်တောင် သူ့ရဲ့စိတ်နှလုံးထဲမှာ မသင့်လျော်တဲ့ဆန္ဒတွေကို ဆက်ပြီးကြီးထွားခွင့် ပြုထားတာ ဖြစ်နိုင်တယ်။ (မဿဲ ၅:၂၇၊ ၂၈ ကိုဖတ်ပါ။) ဒါကြောင့် ကျွန်ုပ်တို့မှာ အဲဒီလိုမသင့်လျော်တဲ့ဆန္ဒတွေမရှိအောင် ကိုယ့်စိတ်နှလုံးကို ကိုယ်တိုင်စစ်ဆေးတာက အထောက်အကူပြုနိုင်တယ်။ သင့်ရဲ့စိတ်နှလုံးကို စစ်ဆေးတဲ့အခါ သင်ဟာ ဆန့်ကျင်ဘက်လိင်ရှင်တစ်ဦးဦးအပေါ်မှာ ဘုရားသခင်မနှစ်သက်တဲ့ ခံစားချက်မျိုးရှိနေတာကို တွေ့ရပြီး အဲဒီခံစားချက်ကို ထုတ်ပစ်ဖို့ လိုနေသလား။
၁၄ ဒါမှမဟုတ် ခရစ်ယာန်တစ်ယောက်ဟာ တကယ် “လူသတ်မှု” ကျူးလွန်တာမဟုတ်ပေမဲ့ ညီအစ်ကိုညီအစ်မတစ်ယောက်ယောက်ကို စိတ်ထဲမှာ နာကြည်းမုန်းတီးနေတာ ဖြစ်နိုင်တယ်။ (ဝတ်. ၁၉:၁၇) အဲဒီခံစားချက်တွေကို ဖယ်ထုတ်ပစ်ဖို့ ကြိုးစားအားထုတ်ရမယ်။—မ. ၅:၂၁၊ ၂၂။
၁၅၊ ၁၆။ (က) ခရစ်ယာန်တစ်ယောက်ဟာ ဘယ်လိုနည်းနဲ့ “စိတ်နှလုံးကို အရေဖျားမဖြတ်” ရသေးသူ ဖြစ်နိုင်သလဲ။ (ခ) ‘စိတ်နှလုံးအရေးဖျားမလှီးဖြတ်’ ရသေးသူတစ်ယောက်ဟာ ယေဟောဝါရဲ့ နှစ်သက်မှုကို မရနိုင်ဘူးလို့ သင် ဘာကြောင့် ယူဆသလဲ။
၁၅ ခရစ်ယာန်အများစုက မိမိတို့ရဲ့စိတ်နှလုံးမှာ အဲဒီလို အလိုဆန္ဒတွေ၊ ခံစားချက်တွေ ကိန်းအောင်းနေဖို့ ခွင့်မပြုတာက ဝမ်းသာစရာပါပဲ။ ဒါပေမဲ့ ယေရှုက “မကောင်းသောကြံစည်ခြင်း” အကြောင်းလည်း ပြောခဲ့တယ်။ အဲဒီအကြံအစည်တွေက ဘဝကဏ္ဍရပ်အတော်များများကို ထိခိုက်စေနိုင်တဲ့ ရှုမြင်ချက်တွေ ဒါမှမဟုတ် သဘောထားတွေကို ဆိုလိုတယ်။ ဥပမာ၊ လူတစ်ယောက်က ကိုယ့်ဆွေမျိုးသားချင်းတွေအပေါ် ကျေးဇူးသစ္စာစောင့်သိဖို့က အရေးကြီးဆုံးပဲလို့ ယူဆနေနိုင်တယ်။ ခရစ်ယာန်တွေအနေနဲ့ ယနေ့ လောကမှာရှိတဲ့ ချစ်ခင်စုံမက်မှု မရှိကြသူတွေလိုမဟုတ်ဘဲ ကိုယ့်ဆွေမျိုးတွေအပေါ်မှာ “ချစ်ခင်စုံမက်” မှုပြချင်တာတော့ မှန်ပါတယ်။ (၂ တိ. ၃:၁၊ ၃) ဒါပေမဲ့ အဲဒီလိုမေတ္တာပြရာမှာ အစွန်းရောက်သွားတာမျိုး ဖြစ်နိုင်တယ်။ လူအများစုက “သွေးက ရေထက်ပျစ်တယ်” လို့ ခံယူထားကြတယ်။ မိသားစုဝင်တစ်ဦးဦး စော်ကားခံရတယ်ဆိုရင် သူတို့ကိုယ်တိုင် စော်ကားခံရသလို ခံစားရတတ်တယ်။ ဒိန စော်ကားခံရလို့ သူ့အစ်ကိုတွေ အရမ်း ဒေါသထွက်ခဲ့ကြတယ်။ ရလဒ်အနေနဲ့ သူတို့ဟာ လူအများကြီးကို သတ်ပစ်လိုက်တယ်။ (က. ၃၄:၁၃၊ ၂၅-၃၀) ဒါ့အပြင် အဗရှလုံရဲ့ နှလုံးထဲမှာရှိတဲ့ မကောင်းတဲ့ခံစားချက်က အာမနုန်ကို သတ်ပစ်ဖို့အထိ ဖြစ်စေခဲ့တယ်။ (၂ ရာ. ၁၃:၁-၃၀) အဲဒီအဖြစ်အပျက်တွေရဲ့ နောက်ကွယ်မှာ “မကောင်းသောကြံစည်ခြင်း” တွေရှိတယ်မဟုတ်လား။
၁၆ ခရစ်ယာန်စစ်တွေကတော့ လူသတ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တချို့က မိမိတို့ရဲ့ မိသားစုဝင်တစ်ဦးဦး မချေမငံ ဆက်ဆံခံရတဲ့အခါ၊ ဒါမှမဟုတ် အဲဒီလိုဆက်ဆံခံရတယ်လို့ ထင်တဲ့အခါ အရမ်း ဒေါသထွက်ကြတယ်။ ဒါနဲ့ မိမိတို့ကို ထိခိုက်နစ်နာအောင်လုပ်တဲ့သူကို ဘယ်လို ဆက်ဆံကြသလဲ။ အဲဒီလူနဲ့ အပေါင်းအသင်း မလုပ်တော့တာ၊ ဒါမှမဟုတ် အိမ်ကိုဖိတ်ခေါ်ပြီး ဧည့်ဝတ်မပြုတော့တာမျိုး ဖြစ်နိုင်တယ်။ (ဟေဗြဲ ၁၃:၁၊ ၂) ဒါပေမဲ့ မိမိညီအစ်ကို,ကို ချစ်တဲ့ ခရစ်ယာန်တစ်ယောက်က အဲဒီလိုပြုမူမှာ မဟုတ်ဘူး။ ကျွန်ုပ်တို့ရဲ့စိတ်နှလုံးထဲမှာ ဘာရှိတယ်ဆိုတာ ယေဟောဝါသိတယ်၊ အဲဒီလို မကောင်းတဲ့ခံစားချက်တွေ ရှိနေတယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ ‘စိတ်နှလုံးအရေဖျား မလှီးဖြတ်’ ရသေးဘူးလို့ ယေဟောဝါ ရှုမြင်မှာဖြစ်တယ်။ (ယေ. ၉:၂၅၊ ၂၆) ယေဟောဝါက “သင်တို့စိတ်နှလုံးထဲက မသန့်ရှင်းတဲ့အရာတွေကို ဖယ်ထုတ်ကြပါ” လို့တိုက်တွန်းခဲ့တာကို သတိရပါ။—ယေ. ၄:၄၊ ကဘ။
ဘုရားသခင်ကို “သိနိုင်တဲ့စိတ်နှလုံးကို” ရယူပြီး ဆက်ထိန်းသိမ်းထားပါ
၁၇။ ယေဟောဝါကို ကြောက်ရွံ့ခြင်းက ကျွန်ုပ်တို့ရဲ့စိတ်နှလုံးကိုပြောင်းလဲဖို့ ဘယ်လိုကူညီပေးနိုင်သလဲ။
၁၇ သင့်ရဲ့ ပုံဆောင်စိတ်နှလုံးကို စစ်ဆေးတဲ့အခါ သင်ဟာ ယေဟောဝါရဲ့လမ်းညွှန်ချက်တွေကို လိုက်နာရာမှာ မြန်သင့်သလောက် မမြန်ဘူးဆိုတာ တွေ့မိနိုင်တယ်။ သင်ဟာ တစ်နည်းနည်းနဲ့ ‘စိတ်နှလုံးအရေးဖျားမလှီးဖြတ်’ ထားတာဖြစ်နိုင်တယ်။ သင့်ကို လူတွေ ဘယ်လိုထင်ကြမလဲဆိုတာကို စိုးရိမ်မိနိုင်တယ်။ ဒါမှမဟုတ် သင်ဟာ ထင်ပေါ်ကျော်ကြားလိုတာ၊ ချမ်းသာချင်တာဖြစ်နိုင်တယ်။ တစ်ခါတလေ ခေါင်းမာတာ၊ ဒါမှမဟုတ် သင်လုပ်ချင်တာကို တစ်ဇွတ်ထိုးလုပ်တာ ဖြစ်နိုင်တယ်။ အဲဒီလိုဖြစ်တာက သင် တစ်ဦးတည်းမဟုတ်ဘူး။ (ယေ. ၇:၂၄; ၁၁:၈) ယေရမိခေတ်က သစ္စာမဲ့တဲ့ဂျူးတွေဟာ “ခေါင်းမာပြီး ပုန်ကန်တဲ့စိတ်နှလုံး” ရှိကြတယ်လို့ ယေရမိရေးခဲ့တယ်။ သူ ဒီလိုထပ်ပြောတယ်– “သည်းထန်စွာရွာတဲ့မိုး၊ ဆောင်းဦးမိုးနဲ့ နွေဦးမိုးကို သူ့ရာသီအလိုက် ရွာသွန်းစေတဲ့အရှင် . . . ငါတို့ရဲ့ဘုရားသခင် ယေဟောဝါကို အခု ကြောက်ရွံ့ကြစို့လို့ သူတို့စိတ်ထဲမှာ မပြောကြဘူး။” (ယေ. ၅:၂၃၊ ၂၄၊ ကဘ) ကျွန်ုပ်တို့က ယေဟောဝါကို ကြောက်ရွံ့တယ်၊ လေးစားတယ်ဆိုရင် ကျွန်ုပ်တို့ရဲ့စိတ်နှလုံးထဲမှာရှိတဲ့ မကောင်းတာတွေကို ထုတ်ပစ်မှာဖြစ်တယ်။ ကိုယ်တော့်ကို ကြောက်ရွံ့တဲ့စိတ်က ကျွန်ုပ်တို့ရဲ့စိတ်နှလုံးကို ပြောင်းလဲဖို့နဲ့ ယေဟောဝါ တောင်းဆိုရာမှန်သမျှကို လုပ်ဆောင်ဖို့ ကူညီပေးနိုင်တယ်။
၁၈။ ပဋိညာဉ်တရားသစ်မှာ ပါဝင်သူတွေကို ယေဟောဝါ ဘယ်ကတိ ပေးခဲ့သလဲ။
၁၈ ယေဟောဝါက ကျွန်ုပ်တို့ကို ကိုယ်တော့်ကို “သိနိုင်တဲ့စိတ်နှလုံး” ပေးထားတဲ့အတွက် ကျွန်ုပ်တို့ဟာ ကိုယ်တော်နဲ့အတူ အလုပ်လုပ်နိုင်ကြတယ်။ ယေဟောဝါက ပဋိညာဉ်တရားသစ်မှာပါဝင်တဲ့ ဘိသိက်ခံတွေကို အခုလို ကတိပေးခဲ့တယ်– “ငါ့ပညတ်တရားကို သူတို့ထဲမှာ ငါသွင်းပေးမယ်။ အဲဒါကို သူတို့နှလုံးသားပေါ်မှာ ငါရေးမယ်။ ငါက သူတို့ဘုရားသခင်ဖြစ်လာပြီး သူတို့က ငါ့လူတွေဖြစ်လာလိမ့်မယ်။” ကိုယ်တော့်ကို အမှန်တကယ် သိကျွမ်းခြင်းနဲ့ပတ်သက်ပြီးတော့ကော။ ယေဟောဝါ အခုလို ဆက်ပြောခဲ့တယ်– “သူတို့က ကိုယ့်အပေါင်းအဖော်အချင်းချင်း၊ ကိုယ့်ညီအစ်ကိုအချင်းချင်းကို ‘ယေဟောဝါကို သိကျွမ်းကြပါ’ လို့ သင်ကြားပေးတော့မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အနိမ့်ကျဆုံးသူကနေ အကြီးမြတ်ဆုံးသူအထိ လူအားလုံးက ငါ့ကိုသိကျွမ်းကြလိမ့်မယ်။ သူတို့အမှားကို ငါခွင့်လွှတ်မယ်။ သူတို့အပြစ်ကို ငါသတိရတော့မှာမဟုတ်ဘူး။”—ယေ. ၃၁:၃၁-၃၄၊ ကဘ။a
၁၉။ ကျွန်ုပ်တို့မှာ ဘာမျှော်လင့်စရာ ရှိသလဲ။
၁၉ ဘုရားသခင့်ကတိတော်ပြည့်စုံဖို့ ကျွန်ုပ်တို့ မျှော်လင့်နေကြတယ်။ ကျွန်ုပ်တို့အားလုံးဟာ ယေဟောဝါနဲ့ ရင်းနှီးကျွမ်းဝင်လိုစိတ်၊ ကိုယ်တော့်လူမျိုးအဝင် ဖြစ်လိုစိတ် ပြင်းပြသင့်တယ်။ ဒါပေမဲ့ ခရစ်တော်ရဲ့ ရွေးနုတ်ဖိုးအပေါ်အခြေခံပြီး ကျွန်ုပ်တို့ရဲ့အပြစ်တွေ ခွင့်လွှတ်ခံရမှသာ ယေဟောဝါနဲ့ ထာဝစဉ်ရင်းနှီးကျွမ်းဝင်နိုင်မှာဖြစ်တယ်။ ကျွန်ုပ်တို့ကိုယ်တိုင် ခွင့်လွှတ်ခံရလို့ ကျွန်ုပ်တို့ကလည်း တခြားသူတွေကို ခွင့်လွှတ်သင့်တယ်၊ အဲဒီလိုလုပ်ဖို့ ခက်တယ်ဆိုရင်တောင် ခွင့်လွှတ်ရမှာဖြစ်တယ်။ တခြားသူတွေအပေါ် ဒေါသထွက်တာ၊ မုန်းတီးတာကိုလည်း ဖျောက်ဖျက်ပစ်ရမယ်။ အဲဒီလိုလုပ်တာက သင်ဟာ ယေဟောဝါရဲ့ အမှုတော်ကို ထမ်းဆောင်ချင်တယ်၊ ဘုရားသခင်အကြောင်း ပိုသိလာတယ်ဆိုတာ ဖော်ပြရာရောက်တယ်။ သင်ဟာ ယေဟောဝါပြောတဲ့သူတွေနဲ့ တူပါလိမ့်မယ်– “သင်တို့က ငါ့ကိုရှာဖွေကြလိမ့်မယ်။ ငါ့ကို စိတ်နှလုံးအကြွင်းမဲ့ရှာတဲ့အတွက် ငါ့ကိုတွေ့ကြလိမ့်မယ်။ သင်တို့ကို ငါအတွေ့ခံမယ်။”—ယေ. ၂၉:၁၃၊ ၁၄၊ ကဘ။
a ပဋိညာဉ်တရားသစ်အကြောင်းကို ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား စာအုပ် အခန်း ၁၄ မှာ ဆွေးနွေးထားတယ်။