ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jr အခန်း ၄ စာ. ၄၃-၅၃
  • စဉ်းလဲတဲ့စိတ်နှလုံးကို သတိနဲ့စောင့်ရှောက်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စဉ်းလဲတဲ့စိတ်နှလုံးကို သတိနဲ့စောင့်ရှောက်ပါ
  • ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စဉ်းလဲတဲ့စိတ်နှလုံးက လှည့်စားနိုင်
  • ကျွန်တော်တို့ကို ယေဟောဝါ ပုံသွင်းပေးတဲ့နည်း
  • ယေဟောဝါပုံသွင်းပေးတာကို လက်ခံပါ
  • “ယေဟောဝါဘယ်မှာလဲ” ဆိုပြီး သင် နေ့တိုင်းမေးသလား
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • “ငါသည် တိတ်ဆိတ်စွာမနေနိုင်”
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ‘ဒီစကားကို သူတို့ကို သင်ပြောရမယ်’
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ဘယ်လိုမိတ်ဆွေတွေကို သင် ရွေးချယ်မလဲ
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
နောက်ထပ် ကြည့်ပါ
ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
jr အခန်း ၄ စာ. ၄၃-၅၃

အခန်းလေး

စဉ်းလဲတဲ့စိတ်နှလုံးကို သတိနဲ့စောင့်ရှောက်ပါ

၁၊ ၂။ ပုံဆောင်နှလုံးရဲ့အခြေအနေမှန်ကို သိဖို့ ဘာကြောင့်ခက်သလဲ။

မနက်စောစော အိပ်ရာထဲရှိနေတုန်း သင့်ရင်ဘတ်အရမ်းအောင့်လာပြီး အသက်ရှူကျပ်လာတယ်ဆိုပါစို့။ ‘နှလုံးဖောက်တာများလား’ ဆိုပြီး သင်တွေးမိမှာပဲ။ ဒီအတိုင်းပဲနေလိုက်ရင် ဝေဒနာသက်သာမှာမဟုတ်ဘူး။ တစ်ခုခုတော့ လုပ်မှဖြစ်မယ်။ ဒါကြောင့် ဆေးကုသမှုခံယူဖို့အတွက် လူနာတင်ကားကို သင် ဖုန်းဆက်ခေါ်ပါလိမ့်မယ်။ ဆရာဝန်က သင့်ကို အီးစီဂျီ (နှလုံးဓာတ်မှန်) ရိုက်ပြီး သင့်နှလုံးအခြေအနေကို သေချာစစ်ဆေးပါလိမ့်မယ်။ သင့်ရောဂါကို ချက်ချင်းဖော်ထုတ်ပြီး ကုသမှသာ သင်အသက်ဆက်ရှင်နိုင်မယ်။

၂ ကျွန်တော်တို့ရဲ့ပုံဆောင်နှလုံးနဲ့ ပတ်သက်ရင်ကော။ ပုံဆောင်နှလုံးရဲ့အခြေအနေမှန်ကို သိဖို့မလွယ်ကူဘူး။ ဘာကြောင့်လဲ။ “စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း” ဆိုပြီး ကျမ်းစာမှာပြောထားလို့ပဲ။ (ယေ. ၁၇:၉) ဒါကြောင့် ကျွန်တော်တို့ရဲ့စိတ်နှလုံးက ကျွန်တော်တို့ကိုလှည့်စားနိုင်တယ်။ ဘုရားသခင်နဲ့ ကောင်းတဲ့ဆက်ဆံရေးရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ်ယူဆနေပေမဲ့ ကိုယ့်မှာ စိုးရိမ်စရာလက္ခဏာတွေရှိနေတာကို တခြားသူတွေက တွေ့မြင်ပြီး စိုးရိမ်နေနိုင်တယ်။ ကျွန်တော်တို့ ဘာကြောင့်လှည့်စားခံရနိုင်တာလဲ။ အကြောင်းကတော့ အပြစ်လုပ်ချင်စိတ်က ကျွန်တော်တို့ကိုဖိအားပေးနေတဲ့အပြင် စာတန်နဲ့ဒီလောကစနစ်ကလည်း စိတ်နှလုံးအခြေအနေမှန်ကိုမမြင်နိုင်အောင် တားဆီးနေလို့ပဲ။ ကျွန်တော်တို့ရဲ့စိတ်နှလုံးကို ဆန်းစစ်တာနဲ့ပတ်သက်ပြီး ယေရမိနဲ့သူ့ခေတ်မှာရှိတဲ့ယုဒလူတွေဆီကနေ သင်ခန်းစာယူနိုင်ပါတယ်။

၃။ လူများစွာအတွက် ဘယ်အရာတွေဟာ ဘုရားဖြစ်လာနိုင်သလဲ။

၃ ယုဒလူအများစုရဲ့ ပုံဆောင်နှလုံးအခြေအနေက မကောင်းခဲ့ဘူး။ သူတို့ဟာ ခါနာန်နတ်ဘုရားတွေကိုကိုးကွယ်ဖို့ စစ်မှန်တဲ့တစ်ဆူတည်းသောဘုရားသခင်ကို စွန့်ခွာခဲ့ကြတာတောင် အပြစ်ရှိတယ်လို့ မခံစားခဲ့ကြဘူး။ ဒါကြောင့် ယေဟောဝါက “ကိုယ်အဖို့ သင်လုပ်သောဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ အမှုရောက်သောအခါ သူတို့သည် တတ်နိုင်လျှင် ထ၍ကယ်ကြပါလေစေ။ . . . သင်သည် မြို့များအရေအတွက်ရှိသည်အတိုင်း သင်၏ဘုရားများရှိပါသည်” လို့ သူတို့ကိုပြောခဲ့တယ်။ (ယေ. ၂:၂၈) အခုခေတ်မှာတော့ ကျွန်တော်တို့ဟာ ဘုရားရုပ်တုတွေကိုးကွယ်သူလို့ ကိုယ့်ကိုယ်ကိုယ်ယူဆကြမှာမဟုတ်ဘူး။ ဒါပေမဲ့ အဘိဓာန်တစ်အုပ်က “ဘုရား” ဆိုတဲ့ခေါင်းစဉ်အောက်မှာ “အလွန်တန်ဖိုးထားခံရတဲ့ပုဂ္ဂိုလ် ဒါမှမဟုတ် အလွန်တန်ဖိုးထားခံရတဲ့အရာ” လို့ အနက်ဖွင့်ထားတယ်။ လူအတော်များများဟာ သူတို့ရဲ့အသက်တာမှာ အလုပ်အကိုင်၊ ကျန်းမာရေး၊ မိသားစုအပြင် အိမ်မွေးတိရစ္ဆာန်တွေကိုတောင် ပထမနေရာမှာထားကြတယ်။ တခြားသူတွေကျတော့ အားကစား၊ နည်းပညာ၊ ခရီးသွားတာ၊ အကျော်အမော်တွေ ဒါမှမဟုတ် ဓလေ့ထုံးစံတွေကို အလွန်တန်ဖိုးထားရမယ့်အရာလို့ ယူမှတ်ကြတယ်။ လူအတော်များများက ဖန်ဆင်းရှင်နဲ့ကောင်းတဲ့ဆက်ဆံရေးကို အဆုံးရှုံးခံပြီး အဲဒါတွေနောက် တကောက်ကောက်လိုက်နေကြတယ်။ အဲဒီလိုလုပ်တာက ယေရမိခေတ်မှာရှိတဲ့ယုဒလူတွေကို ထိခိုက်ခဲ့သလို ဒီနေ့ခေတ်မှာရှိတဲ့ခရစ်ယာန်စစ်တွေကိုလည်း ထိခိုက်နိုင်သလား။

စဉ်းလဲတဲ့စိတ်နှလုံးက လှည့်စားနိုင်

၄။ “ထာဝရဘုရား၏နှုတ်ကပါဌ်တော်သည် အဘယ်မှာရှိသနည်း။ ယခုလာပါစေတော့” လို့ပြောတဲ့လူတွေဟာ ဘယ်လောက်စိတ်ရင်းမှန်ကြသလဲ။

၄ စိတ်နှလုံးဟာ ယိုယွင်းတဲ့သဘောရှိတယ်ဆိုပြီး ယေရမိပြောခဲ့တဲ့စကားရဲ့စကားစပ်ကို သင် စိတ်ဝင်စားပါလိမ့်မယ်။ “ထာဝရဘုရား၏နှုတ်ကပါဌ်တော်သည် အဘယ်မှာရှိသနည်း။ ယခုလာပါစေတော့” လို့ လူတွေပြောနေကြတာကို ယေရမိသိတယ်။ (ယေ. ၁၇:၁၅) ဒါပေမဲ့ သူတို့က စိတ်ရင်းမှန်နဲ့ပြောနေတာလား။ “ယုဒအမျိုး၏အပြစ်သည် သံကညစ်၊ စိန်ချွန်နှင့် သူတို့နှလုံးပြား၌လည်းကောင်း၊ . . . အက္ခရာတင်၍ မှတ်သားလျက်ရှိ၏” လို့ ယေရမိကျမ်းအခန်းကြီး ၁၇ စစချင်းမှာ ဖော်ပြထားတယ်။ အဓိကပြဿနာက ယုဒလူတွေဟာ “လူကိုကိုးစား၍ လူသတ္တဝါကိုအမှီပြုသဖြင့် စိတ်နှလုံးထဲ၌ ထာဝရဘုရားထံတော်မှထွက်သွား” တဲ့သူတွေဖြစ်နေတယ်။ ဘုရားသခင်ကိုယုံကြည်ကိုးစားပြီး ကိုယ်တော့်လမ်းညွှန်မှုနဲ့ကောင်းချီးတွေကိုရှာနေတဲ့ လူနည်းစုနဲ့ တခြားစီပါပဲ။—ယေ. ၁၇:၁၊ ၅၊ ၇။

၅။ ယေရမိရဲ့တစ်ခေတ်တည်းသားတွေဟာ ယေဟောဝါရဲ့ညွှန်ကြားချက်ကို ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။

၅ ဘုရားသခင်ပြောတာကို ယုဒလူအများစုတုံ့ပြန်ပုံက သူတို့ရဲ့စိတ်နှလုံးအခြေအနေကို ဖော်ပြတယ်။ (ယေရမိ ၁၇:၂၁၊ ၂၂ ကိုဖတ်ပါ။) ဥပမာ၊ ဥပုသ်နေ့ဟာ ပုံမှန်အလုပ်ကနေနားပြီး ဝတ်ပြုရေးနဲ့ဆိုင်တဲ့အလုပ်တွေကို လုပ်ရမယ့်နေ့ဖြစ်တယ်။ ယေရမိရဲ့ တစ်ခေတ်တည်းသားတွေဟာ အရောင်းအဝယ် ဒါမှမဟုတ် တောက်တိုမည်ရအလုပ်တွေကို ဥပုသ်နေ့မှာ မလုပ်သင့်ဘူး။ ဒါပေမဲ့ သူတို့ရဲ့လုပ်ရပ်က သူတို့ရဲ့စိတ်နှလုံးအခြေအနေကို ဖော်ပြနေတယ်။ သူတို့က ‘နားမထောင်၊ နားကိုမလှည့်ဘဲနေကြတယ်။ နားမကြား၊ ဆုံးမခြင်းကိုမခံမည်အကြောင်း မိမိတို့လည်ပင်းကို ခိုင်မာစေကြတယ်။’ သူတို့က ဘုရားသခင့်ပညတ်ကိုသိထားပေမဲ့ ဥပုသ်နေ့မှာ ကိုယ့်သဘောနဲ့ကိုယ် အလုပ်လုပ်နေကြတယ်။—ယေ. ၁၇:၂၃; ဟေရှာ. ၅၈:၁၃။

၆၊ ၇။ (က) ဒီနေ့ခေတ်မှာ ခရစ်ယာန်တစ်ယောက်က သစ္စာရှိကျွန်အတန်းအစားကနေ အကြံပေးချက်တွေရနေပေမဲ့ ဘယ်လိုနည်းနဲ့ ပညာမဲ့စွာတွေးမိနိုင်သလဲ။ (ခ) ဘယ်လိုနည်းနဲ့ အစည်းအဝေးတွေ ပျက်ကွက်လာနိုင်သလဲ။

၆ ဒီနေ့ခေတ်မှာ ကျွန်တော်တို့က ဥပုသ်ပညတ်ကိုလိုက်နာဖို့ မလိုတော့ဘူး။ ဒါပေမဲ့ ကိုယ့်စိတ်နှလုံးအခြေအနေကိုဖော်ပြတဲ့ အဲဒီလူတွေရဲ့လုပ်ရပ်ကနေ သတိပေးသင်ခန်းစာရနိုင်တယ်။ (ကော. ၂:၁၆) ကျွန်တော်တို့က ဘုရားသခင့်အလိုတော်ထမ်းဆောင်ဖို့ တစ်ကိုယ်ကောင်းစိတ်တွေ ဒါမှမဟုတ် အရေးမကြီးတဲ့အရာတွေကို ဘေးဖယ်ထားကြတယ်။ ဘုရားသခင်ရဲ့စိတ်ကို ရွှင်လန်းအောင်လုပ်တဲ့အခါ ကိုယ့်အကျိုးအမြတ်ကိုပဲကြည့်တာက ဘယ်လောက်မိုက်မဲတယ်ဆိုတာ ကျွန်တော်တို့သဘောပေါက်တယ်။ ဘုရားသခင့်အလိုတော်ကို အာရုံစိုက်ထမ်းဆောင်နေသူတွေက လန်းဆန်းမှုနဲ့စိတ်ငြိမ်သက်မှု ခံစားရတာကိုလည်း သိထားကြတယ်။ ဒါတောင် ကျွန်တော်တို့ ဘယ်လိုလှည့်စားခံရနိုင်သလဲ။

၇ ယေရမိခေတ်ကလူတွေလိုပဲ ခရစ်ယာန်တစ်ယောက်လည်း ငါ့စိတ်နှလုံးက ငါ့ကို ဘယ်တော့မှလှည့်စားမှာမဟုတ်ဘူးလို့ တလွဲတွေးမိနိုင်တယ်။ ဥပမာ၊ သူက ‘မိသားစုကို ရှာကျွေးဖို့ ငါ့မှာ အလုပ်တစ်ခုတော့ရှိရမယ်’ လို့ တွေးမိနိုင်တယ်။ ဒါက ဖြစ်သင့်ပါတယ်။ အဲဒီကနေတစ်ဆင့် ‘လခကောင်းတဲ့အလုပ်ကို ရပြီး အလုပ်မြဲနေဖို့ ပညာတွေထပ်သင်ရမယ်’ လို့ ဆက်တွေးနေမယ်ဆိုရင်ကော။ အဲဒါလည်း အကျိုးသင့်အကြောင်းသင့်ရှိပုံပါပဲ။ ဒါပေမဲ့ အဲဒီကနေတစ်ဆင့် နောက်ဆုံးမှာ ‘ခေတ်တွေပြောင်းလဲကုန်ပြီ။ ဒီခေတ်မှာရပ်တည်နိုင်ဖို့၊ အလုပ်မြဲဖို့ ကောလိပ် ဒါမှမဟုတ် တက္ကသိုလ်တက်မှဖြစ်မယ်’ လို့ သူကောက်ချက်ချလာနိုင်တယ်။ ခရစ်ယာန်တစ်ယောက်က ထပ်ဆင့်ပညာရေးနဲ့ပတ်သက်ပြီး သစ္စာနဲ့သတိပညာရှိကျွန်အတန်းအစားရဲ့ မျှတတဲ့ ပညာရှိအကြံပေးချက်တွေကို ပေါ့ပေါ့တန်တန်သဘောထားမိဖို့၊ အစည်းအဝေးတွေကို စ,ပျက်ကွက်ဖို့ ဘယ်လောက်လွယ်ကူလိုက်သလဲ။ ဒီကိစ္စမှာ တချို့က လောကရဲ့သဘောထားနဲ့အမြင်တွေရဲ့ပုံသွင်းမှုကို တဖြည်းဖြည်း ခံခဲ့ကြတယ်။ (ဧ. ၂:၂၊ ၃) “ဒီလောကရဲ့ ဖျစ်ညှစ်ပုံသွင်းမှုကို မခံကြနဲ့” လို့ ကျမ်းစာက သတိပေးထားတယ်။—ရော. ၁၂:၂၊ ဖိလစ်ကျမ်းစာ။a

စာမျက်နှာ ၄၆ ပါ ရုပ်ပုံ

သင့်ပုံဆောင်နှလုံးက အစည်းအဝေးတွေပျက်ကွက်ဖို့ လှည့်စားနေပြီလား

၈။ (က) ခရစ်ယာန်တစ်ယောက်ဟာ ဘာအတွက် မာန်တက်မိနိုင်သလဲ။ (ခ) ဘုရားသခင်နဲ့ကိုယ်တော့်လုပ်ဆောင်မှုတွေအကြောင်း သိရုံထက်မက ပိုလိုအပ်တာ ဘာကြောင့်လဲ။

၈ ပထမရာစုက ခရစ်ယာန်တချို့ဟာ ချမ်းသာတဲ့သူတွေ၊ လောကမှာ အတော်အတန်ထင်ပေါ်ကျော်ကြားသူတွေ ဖြစ်နိုင်တယ်။ ကျွန်တော်တို့ခေတ်က ခရစ်ယာန်တချို့လည်း အဲဒီလိုပဲ။ သူတို့က သူတို့ရဲ့အောင်မြင်မှုတွေနဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားသင့်သလဲ။ ကျွန်တော်တို့ကကော သူတို့ကို ဘယ်လိုမြင်သင့်သလဲ။ ယေဟောဝါက ယေရမိကတစ်ဆင့် အဖြေပေးထားတယ်။ (ယေရမိ ၉:၂၃၊ ၂၄ ကိုဖတ်ပါ။) လူ့အောင်မြင်မှုတွေကို ကြွားလုံးထုတ်မယ့်အစား စကြဝဠာပိုင်သအုပ်စိုးရှင်ကို သိရှိခြင်းကသာလျှင် တန်ဖိုးအရှိဆုံးဖြစ်တယ်လို့ အသိအမှတ်ပြုတာက ပညာရှိရာရောက်ပါတယ်။ (၁ ကော. ၁:၃၁) ဒါဆိုရင် ယေဟောဝါအကြောင်း ထိုးထွင်းသိမြင်ပြီး သိနားလည်တယ်ဆိုတာ ဘာကိုဆိုလိုသလဲ။ တကယ်တော့ ယေရမိခေတ်ကလူတွေဟာ ဘုရားသခင်ရဲ့နာမည်ကို သိထားကြတယ်။ ဘုရားသခင်က ပင်လယ်နီမှာ၊ ကတိထားရာပြည်ထဲဝင်ရောက်ချိန်မှာ၊ တရားသူကြီးတွေခေတ်မှာ၊ သစ္စာရှိဘုရင်တွေအုပ်စိုးနေချိန်မှာ သူတို့ဘိုးဘေးတွေကို ဘယ်လိုကယ်တင်ခဲ့တယ်ဆိုတာကိုလည်း သိထားကြတယ်။ ဒါပေမဲ့ သူတို့က ယေဟောဝါကို တကယ်မသိကျွမ်းခဲ့ဘူး။ ကိုယ်တော့်ကို တကယ်မယုံကြည်ခဲ့ဘူး။ ဒါတောင်မှ “ငါ၌အပြစ်မရှိသောကြောင့် ဘုရားသခင်၏အမျက်တော်သည် ငါမှလွှဲသွားလိမ့်မည်” လို့သူတို့ပြောနေကြတုန်းပဲ။—ယေ. ၂:၃၅။

ကျွန်တော်တို့ရဲ့ ပုံဆောင်နှလုံးဟာ စဉ်းလဲတယ်ဆိုတာ အသိအမှတ်ပြုဖို့ ဘာကြောင့်အရေးကြီးသလဲ။ ကျွန်တော်တို့ရဲ့ ပုံဆောင်နှလုံးကို ဘယ်လိုဆန်းစစ်နိုင်သလဲ။ ပုံဆောင်နှလုံးကိုစစ်ဆေးတဲ့ကြီးမြတ်တဲ့အရှင်က ကျွန်တော်တို့ကိုဘယ်လိုမြင်တယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ။

ကျွန်တော်တို့ကို ယေဟောဝါ ပုံသွင်းပေးတဲ့နည်း

စာမျက်နှာ ၄၈ ပါ ရုပ်ပုံ

ယေဟောဝါပုံသွင်းပေးတာကို သင်လက်ခံနေသလား

၉။ ပုံဆောင်နှလုံးကိုပြောင်းလဲဖို့ ဖြစ်နိုင်တယ်လို့ ဘာကြောင့်ပြောနိုင်သလဲ။ ဘယ်လိုပြောင်းလဲနိုင်သလဲ။

၉ ယေရမိဟောပြောတဲ့သတင်းစကားကိုကြားတဲ့ ဂျူးတွေဟာ ပုံဆောင်နှလုံးကိုပြောင်းလဲဖို့လိုတယ်။ အဲဒီလိုပြောင်းလဲဖို့ ဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ ဘုရားသခင်က ပြည်နှင်ခံဘဝကနေ ပြန်လာမယ့်သူတွေနဲ့ပတ်သက်ပြီး “ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိနိုင်သောစိတ်နှလုံးကို ငါပေးမည်။ သူတို့သည် ငါ၏လူဖြစ်ကြ၍ ငါသည်လည်း သူတို့၏ဘုရားသခင်ဖြစ်လိမ့်မည်။ ငါ့ထံသို့ . . . ပြန်လာကြလိမ့်မည်” ဆိုပြီး ပြောခဲ့တယ်။ (ယေ. ၂၄:၇) ဒီနေ့ခေတ်မှာလည်း အဲဒီလိုပြောင်းလဲဖို့ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အများစုက ကိုယ့်ပုံဆောင်နှလုံးရဲ့အခြေအနေကို ပိုကောင်းအောင် လုပ်နိုင်တယ်။ အဲဒီလိုလုပ်နိုင်ဖို့ ဒီအရေးကြီးတဲ့အချက်သုံးချက်ကို လုပ်ဆောင်ရမယ်– ကျမ်းစာကို အလေးအနက်သဘောနဲ့လေ့လာရမယ်။ ဘုရားသခင်က ကိုယ့်အသက်တာမှာ ဘာတွေလုပ်ဆောင်ပေးနေတယ်ဆိုတာကို နားလည်အောင်လုပ်ရမယ်။ ဘုရားသခင်အကြောင်းသိရှိလာရာတွေကို လက်တွေ့ကျင့်သုံးရမယ်။ ယေဟောဝါက ပုံဆောင်နှလုံးတွေကိုစစ်ဆေးတဲ့အရှင်ဖြစ်တဲ့အတွက် ကျွန်တော်တို့က ယေရမိခေတ်ကလူတွေနဲ့မတူဘဲ ကိုယ်တော်စစ်ဆေးတာကို ခံယူချင်စိတ်ရှိသင့်တယ်။ ကျမ်းစာအကူအညီအားဖြင့်၊ ကိုယ့်အတွက် ယေဟောဝါလုပ်ဆောင်ပေးခဲ့တာတွေကို ဂရုပြုမှတ်သားခြင်းအားဖြင့် ပုံဆောင်နှလုံးကို စစ်ဆေးနိုင်တယ်။ (ဆာ. ၁၇:၃) အဲဒီလိုလုပ်တာက တကယ့်ကို ပညာရှိရာရောက်တယ်။

၁၀၊ ၁၁။ (က) ယေရမိဟာ အိုးလုပ်တဲ့သူကို ဘာကြောင့်သွားကြည့်ရသလဲ။ (ခ) ယေဟောဝါက လူတွေကို ဘယ်အရာပေါ်မူတည်ပြီး ပုံသွင်းသလဲ။

၁၀ စာတန်က လူအားလုံးကို တစ်ပုံစံတည်းဖြစ်အောင် ဖျစ်ညှစ်ပုံသွင်းချင်တယ်။ ဘုရားသခင်ကတော့ တစ်ယောက်စီကို သူ့အခြေအနေအလိုက် ပုံသွင်းပေးတယ်။ ယေရမိရဲ့ကိုယ်တွေ့ဖြစ်ရပ်မှာ အဲဒီအချက်ကို တွေ့နိုင်တယ်။ တစ်နေ့မှာ ဘုရားသခင်က သူ့ကို အိုးလုပ်တဲ့သူရဲ့အိမ်ကို သွားခိုင်းတယ်။ အိုးလုပ်တဲ့သူက အိုးထိန်းစက်နဲ့ အလုပ်လုပ်နေတယ်။ သူလုပ်နေတဲ့အိုး ပျက်စီးသွားတဲ့အခါ အဲဒီစိုစွတ်နေဆဲရွှံ့စေးနဲ့ပဲ နောက်အိုးတစ်လုံး လုပ်လိုက်တယ်။ (ယေရမိ ၁၈:၁-၄ ကိုဖတ်ပါ။) အဲဒါကိုသွားကြည့်ဖို့ ယေရမိကို ဘုရားသခင် ဘာကြောင့်ညွှန်ကြားခဲ့သလဲ။ သူ့ရဲ့အတွေ့အကြုံကနေ ဘာသင်ယူနိုင်သလဲ။

၁၁ ယေဟောဝါက လူတွေနဲ့တိုင်းနိုင်ငံတွေကို သူအလိုရှိတဲ့အတိုင်း ပုံသွင်းပိုင်ခွင့်ရှိတယ်ဆိုတာ ယေရမိနဲ့အစ္စရေးလူတွေကို ပြချင်တယ်။ ဘုရားသခင်က ရွှံ့စေးကို ဘယ်လိုကိုင်တွယ်သလဲ။ အိုးလုပ်တဲ့သူတွေက မှားတတ်ပေမဲ့ ယေဟောဝါကတော့ ဘယ်တော့မှမမှားတတ်ဘူး။ သူ့လက်ရာတွေကိုလည်း စိတ်ထင်တိုင်း မဖျက်ဆီးဘူး။ ယေဟောဝါရဲ့ပုံသွင်းမှုကို လူတွေဘယ်လိုတုံ့ပြန်တယ်ဆိုတဲ့အချက်ပေါ်မူတည်ပြီး သူတို့ကို ကိုယ်တော်ပြုမူမှာဖြစ်တယ်။—ယေရမိ ၁၈:၆-၁၀ ကိုဖတ်ပါ။

၁၂။ (က) ယေဟောဝါပုံသွင်းပေးဖို့ ကြိုးစားတာကို ယောယကိမ် ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ (ခ) ယောယကိမ်နဲ့ပတ်သက်တဲ့ မှတ်တမ်းကနေ သင် ဘာသင်ခန်းစာရသလဲ။

၁၂ ယေဟောဝါက လူတစ်ယောက်စီကို ဘယ်လိုပုံသွင်းသလဲ။ ဒီနေ့အချိန်မှာ ယေဟောဝါက အဓိကအားဖြင့် ကျမ်းစာကို အသုံးပြုတယ်။ လူတစ်ယောက်က ကျမ်းစာဖတ်ပြီး အဲဒီအတိုင်းလုပ်ဆောင်လာတဲ့အခါ သူဘယ်လိုလူစားဖြစ်တယ်၊ သူ့ကို ဘုရားသခင်ပုံသွင်းနိုင်တယ်ဆိုတာ ဖော်ပြနေတာပဲ။ နေ့စဉ်လုပ်ဆောင်ရတဲ့ကိစ္စတွေမှာ ယေရမိခေတ်ကလူတွေ ဘယ်လိုပုံသွင်းခံခဲ့ရတယ်ဆိုတာကို သိနိုင်ဖို့ ဘုရင်ယောယကိမ်ရဲ့ပုံနမူနာကို သုံးသပ်ကြည့်ကြစို့။ “စာရင်းငှားတစ်ယောက်ကို လုပ်အားခပေးတဲ့အခါ ကလိမ်ကကျစ်မလုပ်ရဘူး” လို့ ပညတ်တရားမှာဖော်ပြထားပေမဲ့ ဘုရင်က ‘ကျယ်ဝန်းတဲ့အိမ်’ ကိုဆောက်ဖို့ သူ့လူမျိုးချင်းဖြစ်တဲ့အစ္စရေးတွေရဲ့ လုပ်အားခကို ခေါင်းပုံဖြတ်ခဲ့တယ်။ (တရား. ၂၄:၁၄၊ ကဘ; ယေ. ၂၂:၁၃၊ ၁၄၊ ၁၇) ဘုရားသခင်က သူ့ပရောဖက်တွေပြောတဲ့သတင်းစကားတွေအားဖြင့် ယောယကိမ်ကိုပုံသွင်းဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဘုရင်က စဉ်းလဲတဲ့စိတ်နှလုံးရဲ့အလိုဆန္ဒနောက်ကို လိုက်ခဲ့တယ်။ သူက ‘ငါနားမထောင်ဘူး’ လို့ပြောပြီး ငယ်ငယ်ကတည်းက လိုက်ခဲ့တဲ့လမ်းစဉ်အတိုင်း ဆက်လျှောက်ခဲ့တယ်။ ဒါကြောင့် ဘုရားသခင်က “မြို့ပြင်သို့ဆွဲသွား၍ ပစ်ထားသဖြင့် မြည်းကိုသင်္ဂြိုဟ်သကဲ့သို့ ထိုမင်းကိုသင်္ဂြိုဟ်ရလိမ့်မည်” လို့ပြောခဲ့တယ်။ (ယေ. ၂၂:၁၉၊ ၂၁) ဒါကြောင့် ‘ငါ့ပုံစံက ဒီလိုပဲ။ မပြောင်းလဲနိုင်ဘူး’ လို့ ကျွန်တော်တို့ပြောရင် သိပ်မိုက်မဲရာကျတယ်။ အခုအချိန်မှာ ဘုရားသခင်က ယေရမိလိုပရောဖက်တွေကို မစေလွှတ်တော့ပေမဲ့ လမ်းညွှန်ချက်တွေကိုတော့ ဆက်ပေးနေပါတယ်။ ကျမ်းစာမူတွေကိုနားလည်ပြီး လက်တွေ့ကျင့်သုံးနိုင်အောင် သစ္စာနဲ့သတိပညာရှိကျွန်အတန်းအစားက ကျွန်တော်တို့ကို ကူညီပေးတယ်။ အဲဒီမူတွေက ကျွန်တော်တို့ရဲ့ဝတ်စားဖြီးလိမ်းပုံ၊ မင်္ဂလာဆောင်ပွဲ ဒါမှမဟုတ် မိတ်ဆုံပွဲတွေမှာ တေးသီချင်းနဲ့အကရွေးချယ်ပုံ စတဲ့နေ့စဉ်ဘဝကဏ္ဍတွေနဲ့ သက်ဆိုင်တယ်။ ကျွန်တော်တို့က ကျမ်းစာရဲ့ပုံသွင်းမှုကို ခံယူမလား။

၁၃၊ ၁၄။ (က) ဂျေရုဆလင်မြို့မှာရှိတဲ့ ကျွန်ပိုင်ရှင်တွေဟာ သူတို့ရဲ့ဟီဘရူးကျွန်တွေကို ပြန်လွှတ်ဖို့ ဘာကြောင့်သဘောတူခဲ့သလဲ။ (ခ) ကျွန်ပိုင်ရှင်တွေရဲ့ စိတ်နှလုံးအခြေအနေမှန်ကို ဘာက ဖော်ပြသလဲ။

၁၃ နောက်ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ ဗာဗုလုန်တွေက ဇေဒကိကို လက်အောက်ခံဘုရင်အဖြစ် ယုဒပြည်မှာ နန်းတင်ခဲ့တယ်။ အဲဒီနောက်မှာ ဇေဒကိဟာ ယေရမိကတစ်ဆင့်လာတဲ့ ဘုရားသခင့်အကြံဉာဏ်ကို လက်ခံမယ့်အစား ပုန်ကန်ခဲ့တယ်။ (ယေ. ၂၇:၈၊ ၁၂) ဒါကြောင့် ဗာဗုလုန်တွေက ဂျေရုဆလင်မြို့ကို လာဝိုင်းကြတယ်။ အဲဒီအခါ ဘုရားသခင့်မျက်နှာသာရဖို့ ပညတ်တရားကိုလိုက်နာသင့်တယ်လို့ ဘုရင်နဲ့မင်းညီမင်းသားတွေ ယူမှတ်ကြတယ်။ ဟီဘရူးကျွန်တွေကို ခုနစ်နှစ်ရောက်ရင် ပြန်လွှတ်ရမယ်ဆိုတာ သိထားတဲ့အတွက် ကျွန်တွေကို လွှတ်ပေးမယ်လို့ ဇေဒကိ ကတိပေးခဲ့တယ်။ (ထွ. ၂၁:၂; ယေ. ၃၄:၁၄) အဲဒီအချိန်မှာ ဂျေရုဆလင်ကို ရန်သူတွေဝိုင်းထားတဲ့အတွက် ကျွန်တွေကိုပြန်လွှတ်တာက လုပ်သင့်တဲ့အရာပဲဆိုပြီး သူတို့ ရုတ်တရက်အတွေးဝင်လာတယ်။—ယေရမိ ၃၄:၈-၁၀ ကိုဖတ်ပါ။

၁၄ နောက်ပိုင်းမှာ ဂျေရုဆလင်ကို ကူညီဖို့ အီဂျစ်စစ်တပ်ရောက်လာတဲ့အတွက် ဗာဗုလုန်တွေ တပ်ဆုတ်သွားကြတယ်။ (ယေ. ၃၇:၅) အဲဒီအခါ ကျွန်တွေကို ပြန်လွှတ်လိုက်တဲ့သူတွေ ဘာလုပ်ခဲ့ကြသလဲ။ သူတို့လွှတ်ပေးလိုက်တဲ့ကျွန်တွေကို ပြန်ပြီးကျွန်ခံခိုင်းကြတယ်။ (ယေ. ၃၄:၁၁) ဂျူးတွေဟာ အန္တရာယ်ကြုံနေချိန်မှာ ဘုရားသခင့်ပညတ်တွေကို လိုက်နာခဲ့ပုံရတယ်။ အဲဒီလိုလုပ်တာက သူတို့ရဲ့ အရင်ကမနာခံမှုတွေကို ချေဖျက်ပစ်နိုင်တယ်လို့ ယူဆခဲ့လို့ပဲ။ အန္တရာယ်မရှိတော့တဲ့အချိန်ကျတော့ လမ်းစဉ်ဟောင်းအတိုင်း ပြန်သွားကြတယ်။ သူတို့က ပညတ်တရားရဲ့ဆိုလိုရင်းကို လက်ခံချင်ယောင်ဆောင်ကြပေမဲ့ သူတို့ရဲ့နောက်ပိုင်းလုပ်ရပ်တွေကတော့ ဘုရားသခင့်စကားမှာပါတဲ့ညွှန်ကြားချက်အတိုင်း မလုပ်ချင်ဘူး၊ အဲဒီပုံသွင်းမှုကို မခံချင်ဘူးဆိုတာ ဖော်ပြနေတယ်။

အိုးလုပ်တဲ့သူအကြောင်း ယေရမိရေးခဲ့တာကနေ ဘယ်လက်တွေ့ကျသင်ခန်းစာကို သင်ရရှိနိုင်သလဲ။ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို ပုံသွင်းပေးသလဲ။

ယေဟောဝါပုံသွင်းပေးတာကို လက်ခံပါ

၁၅။ ယေဟောဝါပုံသွင်းပေးတာကို ဘယ်အတိုင်းအတာအထိ သင်လက်ခံချင်သလဲ။ ဥပမာပေးပါ။

၁၅ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ယေဟောဝါရဲ့အသင်းတော်တွေကတစ်ဆင့် သတ်သတ်မှတ်မှတ်အခြေအနေတစ်ခုနဲ့သက်ဆိုင်တဲ့ ကျမ်းစာမူတွေကို ကျွန်တော်တို့သိလာနိုင်တယ်။ ဥပမာ၊ ညီအစ်ကိုတစ်ယောက်က ကျွန်တော်တို့ကို ဒေါသထွက်အောင် မရည်ရွယ်ဘဲလုပ်ခဲ့မိတယ်ဆိုရင် ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာကို ကျွန်တော်တို့သိထားတယ်။ (ဧ. ၄:၃၂) ကျမ်းစာသွန်သင်ချက်ဟာ မှန်ကန်ပြီး ပညာရှိတယ်ဆိုတာကိုလည်း ကျွန်တော်တို့လက်ခံတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဘယ်လိုရွှံ့စေးဖြစ်တယ်ဆိုတာ ဖော်ပြကြမလဲ။ ယေဟောဝါပုံသွင်းပေးတာကို တကယ်လက်ခံမလား။ ကျွန်တော်တို့ရဲ့နှလုံးဟာ အလွယ်တကူပုံသွင်းလို့ရမယ်ဆိုရင် ပိုကောင်းအောင် ပြောင်းလဲမှာဖြစ်တယ်။ ကြီးမြတ်တဲ့အိုးထိန်းရှင်က ကျွန်တော်တို့ကို သူ့အတွက် ပိုအသုံးတည့်တဲ့အိုးဖြစ်အောင် ပုံသွင်းပေးပါလိမ့်မယ်။ (ရောမ ၉:၂၀၊ ၂၁; ၂ တိမောသေ ၂:၂၀၊ ၂၁ တို့ကိုဖတ်ပါ။) ကျွန်တော်တို့က ယောယကိမ်လိုစိတ်ထားမျိုး၊ ဇေဒကိခေတ်က ကျွန်ပိုင်ရှင်တွေရဲ့စိတ်ထားမျိုး တင်ပြမယ့်အစား အသရေရှိတဲ့အိုးဖြစ်ဖို့ ယေဟောဝါပုံသွင်းပေးတာကို လက်ခံသင့်တယ်။

၁၆။ ယေရမိက ဘယ်အရေးကြီးတဲ့အမှန်တရားကို သိထားသလဲ။

၁၆ ယေရမိတောင် ယေဟောဝါပုံသွင်းပေးတာကို ခံခဲ့ရတယ်။ သူ ဘယ်လိုသဘောထားခဲ့သလဲ။ “လူသည် . . . သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်” လို့ သူပြောခဲ့တာကိုကြည့်ရင် သူ့သဘောထားကို သိနိုင်တယ်။ “အို ထာဝရဘုရား၊ အကျွန်ုပ်ကို . . . ဆုံးမတော်မူပါ” ဆိုပြီးတော့လည်း သူအသနားခံခဲ့တယ်။ (ယေ. ၁၀:၂၃၊ ၂၄) လူငယ်တို့၊ ယေရမိကို သင်တို့အတုယူကြမလား။ သင်တို့က အနာဂတ်မှာ ဆုံးဖြတ်ချက်တွေအများကြီးချရလိမ့်မယ်။ လူငယ်တချို့က ‘ကိုယ့်ခြေလှမ်းတွေကို ကိုယ်တိုင်စီရင်’ ချင်ကြတယ်။ သင်ကော ဆုံးဖြတ်ချက်တွေချတဲ့အခါ ဘုရားသခင့်လမ်းညွှန်မှုကို ရှာမလား။ လူတွေဟာ ကိုယ့်ခြေလှမ်းတွေကို ကိုယ်တိုင်မစီရင်နိုင်ဘူးဆိုတာကို ယေရမိလို နှိမ့်ချစွာလက်ခံမလား။ ဘုရားသခင့်လမ်းညွှန်ချက်တွေကို သင်ရှာဖွေမယ်ဆိုရင် သင့်ကို ကိုယ်တော်ပုံသွင်းပေးမယ်ဆိုတာ သတိရပါ။

၁၇-၁၉။ (က) ယေရမိဟာ ယူဖရေးတီးမြစ်အထိ ဘာကြောင့်ခရီးဝေးနှင်ခဲ့သလဲ။ (ခ) ယေရမိရဲ့နာခံမှု ဘယ်လိုစမ်းသပ်ခံရသလဲ။ (ဂ) ခါးစည်းကြိုးနဲ့ပတ်သက်တဲ့ ယေရမိရဲ့လုပ်ရပ်က ဘာအတွက် အထောက်အကူဖြစ်စေခဲ့သလဲ။

၁၇ ယေရမိရထားတဲ့တာဝန်မှာ ဘုရားသခင့်လမ်းညွှန်ချက်ကို နာခံဖို့လည်း ပါဝင်တယ်။ သင်သာ ယေရမိနေရာမှာရှိမယ်ဆိုရင် ပေးလာတဲ့ဘယ်ညွှန်ကြားချက်တွေကိုမဆို လက်ခံမလား။ တစ်ခါက ယေဟောဝါက ယေရမိကို ချည်ခါးစည်းကြိုးကိုယူပြီး ခါးမှာစည်းခိုင်းတယ်။ ပြီးတော့ ယူဖရေးတီးမြစ်အထိ သွားခိုင်းတယ်။ မြေပုံကိုကြည့်လိုက်ရင် သူသွားတဲ့ခရီးက မိုင် ၃၀၀ လောက်ရှိတယ်ဆိုတာ သိရလိမ့်မယ်။ ယေရမိက အဲဒီနေရာကိုရောက်တဲ့အခါ ခါးစည်းကြိုးကို ကျောက်ကြိုကျောက်ကြားမှာ ဝှက်ထားပြီး ဂျေရုဆလင်မြို့ကို ပြန်လာရတယ်။ နောက်ပိုင်းမှာ ဘုရားသခင်က ခါးစည်းကြိုးကို ပြန်သွားယူခိုင်းတယ်။ (ယေရမိ ၁၃:၁-၉ ကိုဖတ်ပါ။) ဒါကြောင့် ယေရမိဟာ စုစုပေါင်းမိုင် ၁,၂၀၀ လောက်ကို သွားခဲ့ရမှာဖြစ်တယ်။ ဒီလောက်ဝေးတဲ့ခရီးကို လနဲ့ချီပြီး သူခြေကျင်သွားခဲ့တာကို ကျမ်းစာဝေဖန်သူတွေ ဘယ်လိုမှ မယုံနိုင်ကြဘူး။b (ဧဇ. ၇:၉) ဒါပေမဲ့ ဘုရားသခင် အဲဒီလိုပြောခဲ့တယ်။ ယေရမိလည်း အဲဒီလိုလုပ်ခဲ့တယ်။

၁၈ ပရောဖက်ဟာ ယုဒတောင်တန်းတွေတစ်လျှောက် ခရီးကြမ်းနှင်ပြီးနောက် သဲကန္တာရကိုဖြတ်ကျော်ပြီး ယူဖရေးတီးမြစ်အထိ သွားခဲ့တာကို မြင်ယောင်ကြည့်ပါ။ ချည်ခါးစည်းကြိုးကို ဝှက်ထားဖို့အတွက်နဲ့ ဒီလောက်ဝေးတဲ့ခရီးကို နှင်ခဲ့ရတာဖြစ်တယ်။ အိမ်နီးချင်းတွေက သူ့ကို အချိန်အတော်ကြာမတွေ့ရတဲ့အတွက် သူဘယ်များရောက်နေမလဲဆိုတာကို သိချင်ကြပါလိမ့်မယ်။ သူပြန်လာတဲ့အခါ ချည်ခါးစည်းကြိုး မပါလာတော့ဘူး။ အဲဒီနောက် ‘အသုံးမ၀င်’ တော့ဘဲ ဆွေးမြည့်သွားပြီဖြစ်တဲ့ ခါးစည်းကြိုးကိုပြန်ယူဖို့ ဘုရားသခင်က သူ့ကို နောက်တစ်ခေါက်ပြန်သွားခိုင်းတယ်။ ‘ဒါကတော့ လွန်လွန်းနေပြီ။ အဓိပ္ပာယ်ကို မရှိဘူး’ လို့တွေးမိဖို့ ဘယ်လောက်လွယ်ကူလိမ့်မယ်ဆိုတာ စဉ်းစားကြည့်ပါ။ ဒါပေမဲ့ ယေရမိက ဘုရားသခင်ပုံသွင်းပေးတာကို ခံယူတဲ့သူဖြစ်လို့ အဲဒီလိုမတုံ့ပြန်ခဲ့ဘူး။ သူက မကျေမနပ်ဖြစ်မနေဘဲ ဘုရားသခင်ခိုင်းတဲ့အတိုင်း လုပ်ဆောင်ခဲ့တယ်။

စာမျက်နှာ ၅၃ ပါ ရုပ်ပုံ

ယေဟောဝါရဲ့ညွှန်ကြားချက်တွေကို အပြည့်အဝနားမလည်ရင်တောင် ဘာကြောင့်နာခံသင့်သလဲ

၁၉ ဒုတိယအကြိမ်သွားပြီးမှပဲ ဘုရားသခင်က အကျိုးအကြောင်းရှင်းပြခဲ့တယ်။ “ငါ့စကားကိုနားမထောင်၊ မိမိစိတ်နှလုံးခိုင်မာသောသဘောအတိုင်းကျင့်၍ အခြားတစ်ပါးသောဘုရားတို့ကို ဝတ်ပြုကိုးကွယ်ခြင်းငှာ လိုက်သွားသော ဤလူဆိုးမျိုးသည် အသုံးမရသောဤခါးပန်းကဲ့သို့ ဖြစ်လိမ့်မည်” ဆိုတဲ့ အရေးကြီးသတင်းစကားကို ကြေညာရာမှာ အဲဒီလုပ်ရပ်က ယေရမိကိုထောက်ကူပေးခဲ့တယ်။ (ယေ. ၁၃:၁၀) ယေဟောဝါ သူ့လူမျိုးကို သွန်သင်ပေးပုံက ဘယ်လောက်ထိရောက်လိုက်ပါသလဲ။ အသေးအဖွဲဖြစ်ပုံရတဲ့ကိစ္စမှာ ယေရမိ စိတ်ရောကိုယ်ပါနာခံခဲ့တာက လူတွေရဲ့ စိတ်နှလုံးထိမိအောင် ယေဟောဝါသွန်သင်ပေးရာမှာ အများကြီးအထောက်အကူဖြစ်စေခဲ့တယ်။—ယေ. ၁၃:၁၁။

၂၀။ သင့်နာခံမှုက လူတချို့ကို ဘာကြောင့်အံ့သြသွားစေနိုင်သလဲ။ ဒါပေမဲ့ သင် ဘာကိုယုံကြည်စိတ်ချနိုင်သလဲ။

၂၀ ဘုရားသခင်က တစ်ခုခုသွန်သင်ပေးဖို့ ဒီနေ့ခရစ်ယာန်တွေကို မိုင်ရာနဲ့ချီ ခရီးမနှင်ခိုင်းတော့ပါဘူး။ ဒါပေမဲ့ သင့်ခရစ်ယာန်လမ်းစဉ်ကြောင့် အိမ်နီးချင်းတွေ၊ အပေါင်းအသင်းတွေက သင့်ကိုအံ့သြပြီး ဝေဖန်တဲ့အထိတောင် ဖြစ်လာနိုင်တယ်။ သင့်ရဲ့ဝတ်စားဖြီးလိမ်းပုံ၊ သင်ရွေးချယ်တဲ့ပညာရေး၊ သင်ရွေးချယ်တဲ့အလုပ် ဒါမှမဟုတ် အရက်ယမကာနဲ့ပတ်သက်တဲ့သင့်အမြင်ကိုတောင် အံ့သြပြီးဝေဖန်လာနိုင်တယ်။ သင်က ယေရမိလို ဘုရားသခင့်လမ်းညွှန်ချက်အတိုင်းလိုက်လျှောက်ဖို့ စိတ်ပိုင်းဖြတ်ထားမလား။ သင့်ရဲ့ပုံဆောင်နှလုံးကို ဘုရားသခင်ပုံသွင်းပေးတာကို လက်ခံတဲ့အတွက် သင်ရွေးချယ်လိုက်တဲ့အရာတွေက သက်သေခံနိုင်ဖို့ အခွင့်အရေးရစေနိုင်တယ်။ ဘာပဲဖြစ်ဖြစ်၊ ကျမ်းစာမှာပါတဲ့ ဘုရားသခင့်လမ်းညွှန်ချက်ကို နာခံပြီး သစ္စာရှိကျွန်အတန်းအစားရဲ့လမ်းညွှန်ချက်ကို လက်ခံမယ်ဆိုရင် သင် ထာဝရကောင်းကျိုးခံစားရပါလိမ့်မယ်။ သင်က စဉ်းလဲတဲ့စိတ်နှလုံးလှည့်စားတာကိုခံမယ့်အစား ယေရမိလိုဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘုရားသခင်ပုံသွင်းပေးတာကို လက်ခံပါ။ သင့်ကို ထာဝစဉ်အသုံးပြုနိုင်တဲ့အသရေရှိတဲ့အိုးအဖြစ် ကိုယ်တော်ပုံသွင်းပေးတာကို လက်ခံဖို့ စိတ်ပိုင်းဖြတ်ထားပါ။

စာတန်ရဲ့ဖိအားပေးမှု၊ မစုံလင်တဲ့ပုံဆောင်နှလုံးရဲ့ဖိအားပေးမှု၊ လောကရဲ့ဖိအားပေးမှုတွေကို တိုက်လှန်ဖို့ ဘာကြောင့်အရေးကြီးသလဲ။

a လူတစ်ယောက်က ဒီလောကရဲ့ပုံစံအတိုင်း ဘယ်လိုပြောင်းလဲသွားနိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီး ကျမ်းစာတစ်အုပ်က အဲဒီအခန်းငယ်ရဲ့အောက်ခြေမှတ်ချက်မှာ “တစ်ခါတလေ မသိလိုက်ဘဲ ပြောင်းလဲသွားတတ်တယ်။ သိသိကြီးနဲ့ပြောင်းလဲသွားတာလည်း ရှိနိုင်တယ်။ များသောအားဖြင့် နှစ်မျိုးစလုံး တစ်ပြိုင်နက်ဖြစ်တတ်တယ်” လို့ဖော်ပြထားတယ်။

b ယေရမိက ယူဖရေးတီးမြစ်အထိမဟုတ်ဘဲ အနီးအနားလောက်ပဲ သွားခဲ့တာဖြစ်မယ်လို့ တချို့ယူဆကြတယ်။ “အဲဒီလိုယူဆရတဲ့အဓိကအကြောင်းရင်းက ပရောဖက်က ဂျေရုဆလင်မြို့ကနေ ယူဖရေးတီးမြစ်အထိ အသွားအပြန်နှစ်ကြိမ်တောင် ခြေကျင်ခရီးနှင်ခဲ့ရတဲ့အတွက်ဖြစ်တယ်” လို့ ကျမ်းပညာရှင်တစ်ဦးက ဖော်ပြတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ