ဘဝအတ္ထုပ္ပတ္တိ
ဘယ်နေရာမှာပဲဖြစ်ဖြစ် ယေဟောဝါရဲ့ အမှုတော်ကို ထက်သန်စွာထမ်းဆောင်
ကျွန်တော်တစ်ယောက်တည်း ဟောတာက ဒါပထမဆုံး အကြိမ်ပဲ။ အပြင်ထွက်တိုင်း ကျွန်တော်ကြောက်လို့ ဒူးတွေ တုန်နေတယ်။ လူတိုင်းလိုလိုက နားမထောင်ချင် ကြတော့ ပိုဆိုးတယ်။ တချို့လူတွေဆိုရင် ကျွန်တော့်ကို ပေါ်ပေါ်ထင်ထင် ရန်ရှာတယ်၊ ကျွန်တော့်ကိုရိုက်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ကျွန်တော် ပထမဦးဆုံး ရှေ့ဆောင် လုပ်တဲ့လမှာ စာအုပ်ငယ်တစ်အုပ်ပဲ ဝေငှခဲ့ရတယ်။—မားကက်စ်။
အဲဒါက လွန်ခဲ့တဲ့အနှစ် ၆၀ ကျော်၊ ၁၉၄၉ ခုနှစ်တုန်းက အဖြစ်အပျက်ပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ဘဝဇာတ်ကြောင်းက အဲဒီမတိုင်ခင် အစောပိုင်းနှစ်တွေကတည်းက စခဲ့တယ်။ ကျွန်တော့်အဖေ ဟန်ဒရစ်ဟာ နယ်သာလန်နိုင်ငံ၊ မြောက်ပိုင်းဒရင်သီခရိုင်မှာရှိတဲ့ ဒွန်ဒရန်ရွာငယ်လေးက ဥယျာဉ်မှူးနဲ့ ဖိနပ်ချုပ်သမားတစ်ယောက်ဖြစ်တယ်။ အဲဒီမှာပဲ ၁၉၂၇ ခုနှစ်မှာ ကျွန်တော်မွေးလာပြီး ကလေးခုနစ်ယောက်မှာ လေးယောက်မြောက်ဖြစ်တယ်။ ကျွန်တော်တို့အိမ်ဟာ ကျေးလက်ဒေသက ဖုန်ထူတဲ့လမ်းပေါ်မှာရှိတယ်။ အိမ်နီးချင်းအများစုက လယ်သမားတွေဖြစ်ကြပြီး ကျွန်တော်လည်း လယ်သမားဘဝကို ပျော်မွေ့တယ်။ ၁၉၄၇ ခုနှစ်၊ ကျွန်တော့်အသက် ၁၉ နှစ်အရွယ်မှာ အိမ်နီးချင်းတစ်ယောက်ဖြစ်တဲ့ တိုးနာစ်ဘန်ဆီကနေ အမှန်တရားသိခဲ့တယ်။ ကျွန်တော် သူ့ကိုစတွေ့တုန်းက သဘောမကျခဲ့ဘူးဆိုတာ မှတ်မိသေးတယ်။ ဒါပေမဲ့ သူ ယေဟောဝါသက်သေတစ်ယောက် ဖြစ်လာပြီးနောက်ပိုင်းမှာ အရင်ကထက် ပိုပြီးဖော်ရွေလာတယ်ဆိုတာ ကျွန်တော် သတိထားမိခဲ့တယ်။ သူ ဘာကြောင့် ဒီလိုပြောင်းလဲသွားတယ်ဆိုတာကို ကျွန်တော်စိတ်ဝင်စားခဲ့တယ်။ ဒါကြောင့် မြေကြီးပရဒိသုနဲ့ဆိုင်တဲ့ ဘုရားသခင်ရဲ့ကတိတော်အကြောင်း သူပြောပြတဲ့အခါ ကျွန်တော်နားထောင်ခဲ့တယ်။ ကျွန်တော်ဟာ အမှန်တရားကို ချက်ချင်းလက်ခံပြီး ကျွန်တော်တို့နှစ်ယောက်က ငယ်သူငယ်ချင်းတွေလို ဖြစ်လာခဲ့တယ်။a
၁၉၄၈၊ မေလမှာ ကျွန်တော် စဟောပြောခဲ့တယ်၊ နောက်တစ်လအကြာ ဇွန်လ ၂၀ ရက်နေ့မှာ ယူထရက်မြို့မှာ ကျင်းပတဲ့စည်းဝေးကြီးမှာ ကျွန်တော်နှစ်ခြင်းခံခဲ့တယ်။ ၁၉၄၉၊ ဇန်နဝါရီ ၁ ရက်နေ့မှာ ရှေ့ဆောင်စလုပ်ပြီး နယ်သာလန်အရှေ့ပိုင်း၊ ဘော်ကူလိုရွာက အသင်းတော်ငယ်လေးတစ်ခုမှာ တာဝန်ကျတယ်။ အဲဒီကိုရောက်ဖို့ မိုင် ၈၀ (ကီလိုမီတာ ၁၃၀) လောက် သွားရမှာဖြစ်ပြီး စက်ဘီးနဲ့သွားဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။ ခြောက်နာရီလောက်ပဲကြာမယ်လို့ ကျွန်တော်ထင်ခဲ့ပေမဲ့ မိုးသည်းပြီး လေထန်လို့ ၁၂ နာရီကြာသွားတယ်၊ ဒါတောင်မှ ကျွန်တော် ၅၅ မိုင် (ကီလိုမီတာ ၉၀) ကို ရထားစီးပြီးသွားခဲ့တာ။ နောက်ဆုံးတော့ ညနေစောင်းလောက်မှ ကျွန်တော် သက်သေခံမိသားစုတစ်စုရဲ့အိမ်ကို ရောက်သွားခဲ့တယ်၊ အဲဒီဒေသမှာ ကျွန်တော်အမှုဆောင်တဲ့ အချိန်တစ်လျှောက်လုံး အဲဒီအိမ်မှာပဲ နေခဲ့တယ်။
စစ်ကြီးပြီးခါစအချိန်မှာ လူတွေဟာ ဥစ္စာပစ္စည်းနည်းနည်းပဲ ရှိကြတယ်။ ကျွန်တော့်မှာ အရမ်းပွတဲ့ ကုတ်အင်္ကျီတစ်စုံနဲ့ အရမ်းတိုတဲ့ ဘောင်းဘီရှည်တစ်ထည်ပဲရှိတယ်။ ကျွန်တော် အစမှာပြောခဲ့သလို ဘော်ကူလိုရွာမှာ ပထမဆုံးလက ခက်ခဲတယ်၊ ဒါပေမဲ့ ယေဟောဝါက ကျွန်တော့်ကို ကျမ်းစာသင်အံမှုအများကြီးနဲ့ ကောင်းချီးပေးခဲ့တယ်။ ကိုးလကြာပြီးတဲ့နောက်မှာ ကျွန်တော် အမ်စတာဒမ်မြို့မှာ တာဝန်ကျခဲ့တယ်။
ကျေးလက်ဒေသမှ မြို့တော်ဆီသို့
ကျေးလက်ဒေသမှာပဲ ကြီးပြင်းလာတဲ့ကျွန်တော်ဟာ အခုတော့ နယ်သာလန်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အမ်စတာဒမ်ကို ရောက်နေပြီ။ လူတွေက သတင်းကောင်းကို တကယ်စိတ်ဝင်စားကြတယ်။ ပထမဆုံးလမှာ ဝေငှခဲ့တဲ့စာအုပ်က လွန်ခဲ့တဲ့ကိုးလအတွင်း ဝေငှခဲ့တဲ့စာအုပ်ထက် ပိုများတယ်။ မကြာခင်မှာပဲ ကျွန်တော် ကျမ်းစာသင်အံမှု ရှစ်ခုထက်မက ရခဲ့တယ်။ အသင်းတော်အမှုထမ်း (ယခုအခေါ် အကြီးအကဲအဖွဲ့ရဲ့ ညှိနှိုင်းရေးမှူး) အဖြစ် ခန့်အပ်ခံရပြီးတဲ့နောက်မှာ ပထမဦးဆုံးအကြိမ် လူထုဟောပြောချက်ပေးဖို့ တာဝန်ရခဲ့တယ်။ ကျွန်တော် အရမ်းစိုးရိမ်ထိတ်လန့်ခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော်ဟောရမယ့်အလှည့် မရောက်ခင်မှာပဲ တခြားအသင်းတော်တစ်ခုကို ပြောင်းရွှေ့ရလို့ စိတ်သက်သာရာရပြီး သက်ပြင်းချနိုင်တော့တယ်။ နောက်ပိုင်းနှစ်တွေတစ်လျှောက်မှာ ကျွန်တော် ဟောပြောချက်ပေါင်း ၅,၀၀၀ ကျော် ပေးရလိမ့်မယ်ဆိုတာ အဲဒီအချိန်တုန်းက မသိခဲ့ဘူး။
၁၉၅၀ တုန်းက အမ်စတာဒမ်မြို့အနီးမှာ မားကက်စ် (ညာအစွန်) လမ်းပေါ်သက်သေခံနေ
၁၉၅၀၊ မေလမှာ ကျွန်တော် ဟာလန်မြို့မှာ တာဝန်ကျခဲ့တယ်။ ပြီးတဲ့နောက် တိုက်နယ်လုပ်ငန်းမှာပါဝင်ဖို့ ဖိတ်ခေါ်ခံရတယ်။ ကျွန်တော် သုံးရက်လောက် အိပ်မပျော်ခဲ့ဘူး။ ကျွန်တော် အရည်အချင်းမပြည့်မီဘူးလို့ ခံစားရတဲ့အကြောင်း ဌာနခွဲရုံးမှာအမှုဆောင်နေတဲ့ ညီအစ်ကို ရောဘတ် ဗင်ကလာကို ပြောပြခဲ့တယ်။ ညီအစ်ကိုက “စာရွက်တွေထဲမှာ ဖြည့်သာဖြည့်လိုက်ပါ၊ ခင်ဗျား သင်ယူရလိမ့်မယ်” လို့ပြောတယ်။ သိပ်မကြာခင်မှာပဲ ကျွန်တော့်ကို တစ်လလေ့ကျင့်ပေးတယ်၊ အဲဒီနောက် ကျွန်တော် တိုက်နယ်လုပ်ငန်းမှာ စအမှုဆောင်ခဲ့ရတယ်။ အသင်းတော်တစ်ခုကို ကျွန်တော် လည်ပတ်ချိန်မှာ ယေဟောဝါကို အရမ်းချစ်ပြီး ကိုယ်ကျိုးစွန့်စိတ်ဓာတ်အပြည့်ရှိတဲ့၊ ပျော်ပျော်နေတတ်တဲ့ရှေ့ဆောင်ညီအစ်မ ယန်နီးတာကန်နဲ့ တွေ့ခဲ့ကြတယ်။ ၁၉၅၅ ခုနှစ်မှာ ကျွန်တော်တို့ လက်ထပ်လိုက်တယ်။ ဒါပေမဲ့ ကျွန်တော့်အကြောင်း ဆက်မပြောခင်မှာ ယန်နီးက သူ ဘယ်လိုလုပ်ပြီးရှေ့ဆောင်ဖြစ်လာတယ်၊ လက်ထပ်ပြီးနောက် ဘယ်လိုအတူအမှုဆောင်ခဲ့ကြတယ်ဆိုတာ ပြောပြပါလိမ့်မယ်။
ဇနီးမောင်နှံအနေနဲ့ အမှုဆောင်
ယန်နီး– ကျွန်မ ၁၁ နှစ်အရွယ်ဖြစ်တဲ့ ၁၉၄၅ ခုနှစ်မှာ ကျွန်မရဲ့အမေဟာ သက်သေခံတစ်ယောက်ဖြစ်လာတယ်။ အမေဟာ ချက်ချင်းပဲ သူ့ကလေးသုံးယောက်ကို ကျမ်းစာသင်ပေးဖို့ အရေးကြီးတယ်ဆိုတာ သိခဲ့တယ်။ ဒါပေမဲ့ အဖေက အမှန်တရားကို ဆန့်ကျင်တယ်၊ ဒါကြောင့် အမေက အဖေမရှိတဲ့အချိန်တွေမှာ ကျွန်မတို့ကို ကျမ်းစာသင်ပေးခဲ့တယ်။
ကျွန်မတက်ခဲ့တဲ့ ပထမဦးဆုံးစည်းဝေးက ၁၉၅၀ ခုနှစ်၊ သည်ဟိတ်မြို့မှာကျင်းပတဲ့ စည်းဝေးကြီးဖြစ်တယ်။ တစ်ပတ်အကြာမှာ အက်စန်မြို့ (ဒရင်သီခရိုင်) မှာရှိတဲ့ နိုင်ငံတော်ခန်းမမှာ ပထမဆုံးစည်းဝေးကို တက်ခဲ့တယ်။ အဖေက ဒေါသထွက်ပြီး ကျွန်မကို အိမ်ကနေ မောင်းထုတ်လိုက်တယ်။ အမေက ကျွန်မကို “ဘယ်မှာနေလို့ရတယ်ဆိုတာ သမီးသိတယ်နော်” လို့ပြောခဲ့တယ်။ ညီအစ်ကိုညီအစ်မတွေ ရှိတဲ့နေရာကို အမေပြောနေတယ်ဆိုတာ ကျွန်မသိတယ်။ ပထမဦးဆုံး အနီးအနားမှာရှိတဲ့ သက်သေခံမိသားစုတစ်စုဆီကို ပြောင်းရွှေ့ခဲ့တယ်။ ဒါပေမဲ့ အဖေက ဆက်ပြီးနှောင့်ယှက်နေလို့ အဲဒီကနေ မိုင် ၆၀ (၉၅ ကီလိုမီတာ) ဝေးတဲ့ ဒေဗန်တာ (အိုဗာအိုင်းစဲလ်ခရိုင်) အသင်းတော်ကို ပြောင်းခဲ့တယ်။ ဒါပေမဲ့ ကျွန်မက အသက်မပြည့်သေးဘူး၊ ဒါကြောင့် ကျွန်မကို အိမ်ကနေမောင်းထုတ်ခဲ့တဲ့ အဖေဟာ မြို့အာဏာပိုင်တွေနဲ့ ပြဿနာဖြစ်ခဲ့တယ်။ ဒါနဲ့ အဖေက ကျွန်မကို အိမ်ပြန်လာနိုင်တယ်လို့ ပြောခဲ့တယ်။ အဖေက အမှန်တရားကို ဘယ်တော့မှလက်မခံခဲ့ပေမဲ့ နောက်ဆုံးတော့ ကျွန်မကို အစည်းအဝေးတွေတက်ဖို့၊ အမှုဆောင်ထွက်ဖို့ ခွင့်ပြုခဲ့တယ်။
၁၉၅၂ တုန်းက ယန်နီး (ညာအစွန်) အားလပ်ရှေ့ဆောင်လုပ်ငန်းမှာပါဝင်နေ
ကျွန်မ အိမ်ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ အမေ အသည်းအသန်ဖျားလာလို့ ကျွန်မက အိမ်မှုကိစ္စတွေအားလုံးကို လုပ်ရတယ်။ အလုပ်များပေမဲ့ ကျွန်မ အမှန်တရားမှာ ဆက်တိုးတက်ပြီး အသက် ၁၇ နှစ်၊ ၁၉၅၁ ခုနှစ်မှာ နှစ်ခြင်းခံခဲ့တယ်။ နောက်တစ်နှစ်ဖြစ်တဲ့ ၁၉၅၂ ခုနှစ်မှာ အမေနေပြန်ကောင်းလာတယ်၊ ကျွန်မဟာ ရှေ့ဆောင်ညီအစ်မသုံးယောက်နဲ့အတူ နှစ်လကြာ အားလပ် (အရန်) ရှေ့ဆောင် လုပ်ခဲ့တယ်။ ကျွန်မတို့ဟာ လှေပေါ်အိမ်မှာနေပြီး ဒရင်သီခရိုင်မှာရှိတဲ့ မြို့နှစ်မြို့မှာ ဟောခဲ့တယ်။ ၁၉၅၃ ခုနှစ်မှာ ကျွန်မ မှန်မှန်ရှေ့ဆောင်ဖြစ်လာတယ်။ တစ်နှစ်ကြာပြီးတဲ့နောက်မှာ ကျွန်မတို့အသင်းတော်ကို လူငယ်တိုက်နယ်ကြီးကြပ်မှူးတစ်ယောက် လည်ပတ်ခဲ့တယ်။ သူကတော့ မားကက်စ်ပါပဲ။ ဇနီးမောင်နှံအနေနဲ့ ကျွန်မတို့ ယေဟောဝါရဲ့အမှုတော်ကို ပိုပြီးထမ်းဆောင်နိုင်မယ်လို့ စဉ်းစားခဲ့တဲ့အတွက် ၁၉၅၅၊ မေလမှာ ကျွန်မတို့လက်ထပ်လိုက်ကြတယ်။—ဒေ. ၄:၉-၁၂။
၁၉၅၅ ခုနှစ်၊ ကျွန်တော်တို့ မင်္ဂလာဆောင်တဲ့နေ့
မားကက်စ်– ကျွန်တော်တို့ လက်ထပ်ပြီးတဲ့နောက်မှာ ဗန်ဒမ်မြို့ (ဂရိုနင်ဂျင်ခရိုင်) မှာ ရှေ့ဆောင်အနေနဲ့ ပထမဦးဆုံးတာဝန်ကျတယ်။ ကျွန်တော်တို့ဟာ ၇ ပေ×၁၀ ပေ (၂ မီတာ×၃ မီတာ) လောက်ပဲရှိတဲ့ အခန်းကျဉ်းမှာ နေခဲ့ကြတယ်။ ဒါပေမဲ့ ယန်နီးဟာ အခန်းကို အမြဲတမ်း သပ်သပ်ရပ်ရပ်နဲ့ နေချင်စရာဖြစ်အောင် ထားတယ်။ အိပ်ရာခင်းဖို့အတွက် ညတိုင်း စားပွဲနဲ့ထိုင်ခုံနှစ်လုံးကို ရွှေ့ရတယ်။
ခြောက်လကြာပြီးတဲ့နောက် ဘယ်လ်ဂျီယံနိုင်ငံမှာ နယ်လှည့်လုပ်ငန်းမှာပါဝင်ဖို့ ဖိတ်ခေါ်ခံရတယ်။ ၁၉၅၅ ခုနှစ်တုန်းက အဲဒီနိုင်ငံမှာ ကြေညာသူ ၄,၀၀၀ လောက်ပဲရှိတယ်။ အခုတော့ ကြေညာသူအရေအတွက် ၂၄,၀၀၀ ကျော် ရှိနေပြီ။ ဘယ်လ်ဂျီယံမြောက်ပိုင်း၊ ဖလန်းဒါးစ်ဒေသမှာရှိတဲ့လူတွေက နယ်သာလန်မှာပြောတဲ့ ဘာသာစကားကိုပဲ ပြောကြတယ်။ ဒါပေမဲ့ ဘယ်လ်ဂျီယံလူမျိုးတွေရဲ့ လေယူလေသိမ်းက လုံးဝမတူဘူး။ ဒါကြောင့် အစပိုင်းမှာ ဘာသာစကားအခက်အခဲကို ကျော်လွှားရတယ်။
ယန်နီး– နယ်လှည့်လုပ်ငန်းက တကယ့်ကိုယ်ကျိုးစွန့်စိတ်ဓာတ် လိုအပ်တယ်။ ကျွန်မတို့ဟာ စက်ဘီးတွေနဲ့ အသင်းတော်တွေကို လည်ပတ်တယ်၊ ညီအစ်ကိုညီအစ်မတွေရဲ့အိမ်မှာ တည်းခိုကြတယ်။ အသင်းတော်တစ်ခုနဲ့တစ်ခုအကြား မလည်ပတ်ခင်မှာ ကျွန်မတို့နေဖို့ ကိုယ်ပိုင်အိမ်မရှိတဲ့အတွက် ကျွန်မတို့ တနင်္လာနေ့အထိနေပြီး အင်္ဂါနေ့မနက်ကျမှ နောက်အသင်းတော်တစ်ခုကို သွားတယ်။ ဒါပေမဲ့ ဒီလိုအမှုဆောင်ရတာက ယေဟောဝါရဲ့ကောင်းချီးလို့ ကျွန်မတို့ အမြဲယူဆခဲ့ကြတယ်။
မားကက်စ်– အစပိုင်းမှာတော့ ကျွန်တော်တို့ဟာ အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေရဲ့ နာမည်တွေကို မသိဘူး၊ ဒါပေမဲ့ သူတို့က အရမ်းကြင်နာပြီး ဧည့်ဝတ်ကျေကြတယ်။ (ဟေဗြဲ ၁၃:၂) နှစ်တွေတစ်လျှောက်မှာ ဘယ်လ်ဂျီယံမှာရှိတဲ့ ဒတ်ချ်စကားပြော အသင်းတော်အားလုံးကို ကျွန်တော်တို့ အကြိမ်ကြိမ် လည်ပတ်ခဲ့တယ်။ အဲဒီကနေ ကောင်းချီးတွေ အများကြီး ခံစားခဲ့ရတယ်။ ဥပမာအနေနဲ့ ဒတ်ချ်စကားပြောခရိုင်မှာရှိတဲ့ ညီအစ်ကိုညီအစ်မအားလုံးနီးပါးနဲ့ သိကျွမ်းပြီး ခင်မင်ရင်းနှီးခွင့်ရခဲ့တယ်။ ရာနဲ့ချီတဲ့လူငယ်တွေဟာ ကြီးပြင်းလာ၊ အမှန်တရားမှာ တိုးတက်လာပြီး သူတို့ကိုသူတို့ ယေဟောဝါဆီမှာ ဆက်ကပ်အပ်နှံကြတာ၊ ဘုရားသခင့်နိုင်ငံတော်ကို ရှေးဦးထားကြတာကို ကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်။ သူတို့ထဲက တော်တော်များများဟာ အချိန်ပြည့်လုပ်ငန်းမှာ ယေဟောဝါကို သစ္စာရှိရှိ အမှုဆောင်နေတာကို တွေ့ရတာ တကယ်ဝမ်းသာစရာပါပဲ။ (၃ ယော. ၄) ဒီလို “အပြန်အလှန်အားပေးခွင့်ရ” တာက ကျွန်တော်တို့ရဲ့တာဝန်တွေမှာ စိတ်နှလုံးအကြွင်းမဲ့ ဆက်လုပ်ဆောင်သွားဖို့ လွယ်ကူစေတယ်။—ရော. ၁:၁၂။
ကြီးမားတဲ့စိန်ခေါ်ချက်နဲ့ စစ်မှန်တဲ့ ကောင်းချီး
မားကက်စ်– ကျွန်တော်တို့ လက်ထပ်ပြီးတဲ့နေ့ကစပြီး ဂိလဒ်ကျောင်း တက်ချင်တဲ့ဆန္ဒရှိခဲ့တယ်။ ကျွန်တော်တို့ တစ်ရက်ကို အနည်းဆုံးတစ်နာရီ အင်္ဂလိပ်စာ လေ့လာခဲ့ကြတယ်။ ဒါပေမဲ့ စာအုပ်တွေထဲကနေပဲ လေ့လာရတာက မလွယ်ဘူး။ ဒါကြောင့် ဟောပြောရင်း ဘာသာစကားအလေ့အကျင့်ရအောင်လို့ အားလပ်ရက်တွေမှာ အင်္ဂလန်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ၁၉၆၃ ခုနှစ်မှာ ဘရွတ်ကလင်မှာရှိတဲ့ ကမ္ဘာ့ဌာနချုပ်ကနေ စာနှစ်စောင်ရခဲ့တယ်။ ကျွန်တော့်အတွက်တစ်စောင်နဲ့ ယန်နီးအတွက်တစ်စောင်ဖြစ်တယ်။ ကျွန်တော့်စာက ဂိလဒ်အထူးဆယ်လသင်တန်းကို တက်ရောက်ဖို့ ဖိတ်ခေါ်တဲ့စာဖြစ်တယ်။ ဒီသင်တန်းက အထူးသဖြင့် ညီအစ်ကိုတွေကို ဟောပြောခြင်းလုပ်ငန်းကို ဘယ်လိုဖွဲ့စည်းရမယ်ဆိုတာ လေ့ကျင့်ပေးဖို့ဖြစ်တယ်။ သင်တန်းသား ၁၀၀ ဖိတ်ခေါ်ခံရပြီး ၈၂ ယောက်က ညီအစ်ကိုတွေ ဖြစ်တယ်။
ယန်နီး– ကျွန်မရတဲ့စာထဲမှာ မားကက်စ် ဂိလဒ်ကျောင်းတက်နေတုန်း ဘယ်လ်ဂျီယံမှာနေနိုင်မလားဆိုတာကို ဆုတောင်းသုံးသပ်ဖို့ ပြောထားတယ်။ ဝန်ခံရရင် ပထမတော့ စိတ်ပျက်သွားတယ်။ ဂိလဒ်ကျောင်းတက်နိုင်ဖို့ ကျွန်မရဲ့ကြိုးစားမှုတွေကို ယေဟောဝါ ကောင်းချီးမပေးဘူးလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ဂိလဒ်ကျောင်းရဲ့ရည်ရွယ်ချက်က ကမ္ဘာတစ်ဝန်းမှာ သတင်းကောင်းဟောပြောခြင်းလုပ်ငန်း ပြီးမြောက်အောင် ကျောင်းတက်ရောက်တဲ့သူတွေကို ကူညီပေးဖို့ဆိုတာကို ကျွန်မ ပြန်သတိရလိုက်တယ်။ ဒါကြောင့် ကျွန်မနေခဲ့ဖို့ သဘောတူခဲ့တယ်၊ ဘယ်လ်ဂျီယံက ဂန့်တ်မြို့မှာ အတွေ့အကြုံရှိ အထူးရှေ့ဆောင်ညီအစ်မနှစ်ယောက်ဖြစ်တဲ့ အန်နာ၊ မာရီအာ ကိုပါ့တ်တို့နဲ့အတူ အထူးရှေ့ဆောင်လုပ်ဖို့ တာဝန်ရခဲ့တယ်။
မားကက်စ်– ကျွန်တော် အင်္ဂလိပ်စာတိုးတက်ဖို့အတွက် သင်တန်းမစခင် ငါးလကြိုပြီး ဘရွတ်ကလင်ကိုလာဖို့ ဖိတ်ခေါ်ခံရတယ်။ အဲဒီမှာရှိနေတုန်း ကျွန်တော်ဟာ ထုပ်ပို့ရေးနဲ့ လုပ်ငန်းတော်ဌာနမှာ အလုပ်လုပ်ရတယ်။ ကမ္ဘာ့ဌာနချုပ်မှာ အမှုဆောင်ပြီး အာရှ၊ ဥရောပနဲ့ တောင်အမေရိကအတွက် စာပေတွေ ပို့ပေးဖို့ ပြင်ဆင်ပေးရတာတွေက ကျွန်တော်တို့ရဲ့အပြည်ပြည်ဆိုင်ရာ ညီအစ်ကိုအသင်းအပင်းအကြောင်း ပိုပြီးသိရှိစေတယ်။ အထူးသဖြင့် ညီအစ်ကိုရပ်စဲလ်အချိန်တုန်းက နယ်လှည့်လုပ်ငန်းမှာ ပါဝင်ခဲ့တဲ့ ညီအစ်ကို အေ အိတ်ချ် မက်ခ်မီလန်ကို မှတ်မိနေသေးတယ်။ သူက အသက်ကြီးနေပြီ၊ နား ကောင်းကောင်းမကြားရတော့ဘူး။ ဒါပေမဲ့ အသင်းတော်စည်းဝေးတွေ အားလုံးကို သစ္စာရှိရှိတက်ခဲ့တယ်။ ဒါကို ကျွန်တော် စိတ်စွဲမှတ်သွားပြီး ကျွန်တော်တို့ရဲ့ခရစ်ယာန်ပေါင်းသင်းမှုကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူးဆိုတာ သင်ယူခဲ့ရတယ်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။
ယန်နီး– မားကက်စ်နဲ့ ကျွန်မဟာ တစ်ပတ်မှာ အကြိမ်ပေါင်းများစွာ စာနဲ့အဆက်အသွယ်လုပ်ခဲ့တယ်။ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် အရမ်းလွမ်းတယ်။ ဒါပေမဲ့ မားကက်စ်ဟာ သင်တန်းကနေရတဲ့ လေ့ကျင့်မှုတွေကြောင့် ပျော်ရွှင်နေပြီး ကျွန်မလည်း အမှုဆောင်လုပ်ငန်းကနေ စစ်မှန်တဲ့ပျော်ရွှင်မှု ရရှိခဲ့တယ်။ မားကက်စ် အမေရိကန်ကနေ ပြန်လာတဲ့အခါ ကျွန်မ ကျမ်းစာသင်အံမှု ၁၇ ခု ရှိနေပြီ။ ကျွန်မတို့ ၁၅ လလောက်ခွဲနေရတာဟာ တကယ့် စိန်ခေါ်ချက်ပဲ၊ ဒါပေမဲ့ ကျွန်မတို့ ကိုယ်ကျိုးစွန့်ခဲ့ရာတွေအတွက် ယေဟောဝါကောင်းချီးပေးတယ်ဆိုတာကို မြင်တွေ့ခဲ့ရတယ်။ မားကက်စ်ပြန်လာတဲ့နေ့မှာ လေယာဉ်က အချိန်တော်တော်လေး နောက်ကျခဲ့တယ်၊ နောက်ဆုံး သူရောက်လာတဲ့အခါ ကျွန်မတို့နှစ်ယောက်စလုံး ဖက်ပြီး ငိုခဲ့ကြတယ်။ အဲဒီအချိန်ကစပြီး ကျွန်မတို့ နောက်ထပ် မခွဲတော့ဘူး။
လုပ်ငန်းတော်အခွင့်ထူးတိုင်းအတွက် ကျေးဇူးတင်
မားကက်စ်– ကျွန်တော် ၁၉၆၄၊ ဒီဇင်ဘာလမှာ ဂိလဒ်သင်တန်းကနေပြန်လာတဲ့အခါ ဗေသလမှာ အမှုဆောင်ဖို့ တာဝန်ရတယ်။ ဒါဟာ ကျွန်တော်တို့ အမြဲတမ်းအမှုဆောင်ရမယ့်တာဝန် မဟုတ်ဘူးဆိုတာ အဲဒီအချိန်တုန်းက မသိခဲ့ဘူး။ သုံးလပဲရှိသေးတယ်၊ ဖလန်းဒါးစ်မှာ ခရိုင်လုပ်ငန်းအတွက် တာဝန်ခန့်အပ်ခံရတယ်။ အယ်လ်ဇန်နဲ့ အဲလ်စ် ဗီးကာစ်မာတို့ကို ခရစ်ယာန်သာသနာပြုတွေအနေနဲ့ ဘယ်လ်ဂျီယံကို ပို့လိုက်ပြီး ခရိုင်လုပ်ငန်းအတွက် တာဝန်ပေးလိုက်တဲ့အခါ ကျွန်တော်တို့က ဗေသလမှာ ပြန်အမှုဆောင်ရတယ်။ ကျွန်တော်က လုပ်ငန်းတော်ဌာနမှာ အလုပ်လုပ်တယ်။ ၁၉၆၈ ခုနှစ်ကနေ ၁၉၈၀ အတွင်းမှာ ကျွန်တော်တို့ရဲ့တာ၀န်က ဗေသလလုပ်ငန်းဖြစ်လိုက်၊ နယ်လှည့်လုပ်ငန်းဖြစ်လိုက်နဲ့ ခဏခဏ ပြောင်းလဲခဲ့တယ်။ အဲဒီနောက် ၁၉၈၀ ကနေ ၂၀၀၅ ခုနှစ်အထိ ခရိုင်ကြီးကြပ်မှူးအနေနဲ့ အမှုဆောင်ရပြန်တယ်။
ကျွန်တော်တို့ရဲ့တာဝန်က ခဏခဏပြောင်းလဲခဲ့ပေမဲ့ ယေဟောဝါရဲ့အမှုတော်မှာ စိတ်နှလုံးအကြွင်းမဲ့ပါဝင်ဖို့ ကျွန်တော်တို့ရဲ့ဘဝကို အပ်နှံထားတယ်ဆိုတာ ဘယ်တော့မှ မမေ့ခဲ့ဘူး။ ကျွန်တော်တို့ဟာ ရရှိခဲ့တဲ့တာဝန်တိုင်းမှာ ပျော်မွေ့ခဲ့ပြီး ကျွန်တော်တို့ရဲ့တာဝန်တွေ ပြောင်းလဲရတဲ့ရည်ရွယ်ချက်က ဘုရားသခင့်နိုင်ငံတော်လုပ်ငန်း တိုးတက်ဖို့အတွက်ဆိုတာ ယုံကြည်စိတ်ချတယ်။
ယန်နီး– ၁၉၇၇ ခုနှစ်မှာ ဘရွတ်ကလင်ကိုသွားတဲ့အခါ၊ ၁၉၉၇ ခုနှစ်မှာ ဌာနခွဲကော်မတီဝင်အနေနဲ့ ထပ်ဆင့်လေ့ကျင့်ပေးမှု ခံယူဖို့အတွက် ပက်တာစင်ကို မားကက်စ်သွားတဲ့အခါမှာ အတူလိုက်သွားခွင့်ရလို့ ကျွန်မအရမ်းပျော်တယ်။
ကျွန်တော်တို့လိုအပ်တာကို ယေဟောဝါသိ
မားကက်စ်– ၁၉၈၂ ခုနှစ်မှာ ယန်နီးဟာ ခွဲစိတ်မှုခံယူခဲ့ရပြီး ပြန်နေကောင်းလာတယ်။ သုံးနှစ်ကြာပြီးတဲ့နောက်မှာ လူးဗန်မြို့မှာရှိတဲ့ အသင်းတော်က ကြင်နာစွာနဲ့ ကျွန်တော်တို့ကို သူတို့ရဲ့ နိုင်ငံတော်ခန်းမအပေါ်မှာရှိတဲ့ တိုက်ခန်းမှာ နေခွင့်ပေးတယ်။ နှစ် ၃၀ အတွင်း ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့မှာ ကိုယ်ပိုင်နေစရာလေးတစ်ခု ရရှိခဲ့တယ်။ အင်္ဂါနေ့မှာ အသင်းတော်ကို စတင်လည်ပတ်ဖို့ ထုပ်ပိုးတဲ့အခါ ကျွန်တော်တို့ရဲ့အထုပ်အပိုးတွေကို အောက်ချဖို့ လှေကားထစ် ၅၄ ထစ်ကို တက်လိုက်၊ ဆင်းလိုက် လုပ်ခဲ့ရတယ်။ ကျေးဇူးတင်စရာကောင်းတာက ၂၀၀၂ ခုနှစ်မှာ ကျွန်တော်တို့ဟာ မြေညီထပ်မှာ တိုက်ခန်းတစ်ခန်းရခဲ့တယ်။ ကျွန်တော့်အသက် ၇၈ နှစ် ရောက်တဲ့အခါ လိုကာရာမြို့မှာ အထူးရှေ့ဆောင်အနေနဲ့ တာဝန်ကျတယ်။ ဒီလိုနည်းနဲ့ အမှုဆောင်နိုင်သေးတဲ့အတွက်၊ နေ့တိုင်းအမှုဆောင်သွားနိုင်သေးတဲ့အတွက် ကျွန်တော်တို့ အရမ်းပျော်တယ်။
“ကျွန်တော်တို့ ဘယ်နေရာမှာ၊ ဘယ်တာဝန်ကိုလုပ်ဆောင်နေတယ်ဆိုတာက အရေးမကြီးဘူး၊ ဘယ်သူ့ရဲ့အမှုကို ဆောင်နေတယ်ဆိုတာက ပိုအရေးကြီးတယ်လို့ အခိုင်အမာယုံကြည်လို့ပဲ”
ယန်နီး– ကျွန်မတို့နှစ်ယောက်ပေါင်းလိုက်ရင် အချိန်ပြည့်လုပ်ငန်းမှာ အနှစ် ၁၂၀ ကျော် အတူတူပါဝင်ခဲ့တယ်။ ကိုယ်တော့်ကို သစ္စာရှိရှိအမှုဆောင်နေမယ်ဆိုရင် ‘ကိုယ်တော်ဟာ ကျွန်မတို့ကို အလျှင်းမစွန့်’ ဘူး၊ ကျွန်မတို့မှာ ‘လိုလေသေးမရှိ ပြည့်စုံ’ နေလိမ့်မယ်ဆိုတဲ့ ယေဟောဝါရဲ့ကတိတွေ မှန်ကန်တယ်ဆိုတာ ကျွန်မတို့ ကိုယ်တွေ့ခံစားခဲ့ရတယ်။—ဟေဗြဲ ၁၃:၅; တရား. ၂:၇၊ ကဘ။
မားကက်စ်– ကျွန်တော်တို့ ငယ်ရွယ်တဲ့အချိန်မှာ ကျွန်တော်တို့ကိုယ်ကို ယေဟောဝါဆီမှာ အပ်နှံခဲ့ကြတယ်။ ကျွန်တော်တို့ဟာ ဘယ်တုန်းကမှ ကြီးမြတ်တဲ့အရာတွေကို ကိုယ့်အတွက် မရှာဖွေခဲ့ကြဘူး။ ပေးလာတဲ့တာဝန်တွေကို လိုလိုလားလား လက်ခံခဲ့ကြတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဘယ်နေရာမှာ၊ ဘယ်တာဝန်ကို လုပ်ဆောင်နေတယ်ဆိုတာက အရေးမကြီးဘူး၊ ဘယ်သူ့ရဲ့အမှုကို ဆောင်နေတယ်ဆိုတာက ပိုအရေးကြီးတယ်လို့ အခိုင်အမာယုံကြည်လို့ပဲ။
a နှစ်တွေတစ်လျှောက် ကျွန်တော့်အဖေ၊ အမေ၊ အစ်မနဲ့ တခြား ကျွန်တော့်ညီနှစ်ယောက်လည်း ယေဟောဝါသက်သေတွေ ဖြစ်လာတယ်။