ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၂/၁ စာ. ၂၄-၂၈
  • ‘ကရုဏာတော်သည် အသက်ထက်သာ၍ကောင်းပါ၏’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ကရုဏာတော်သည် အသက်ထက်သာ၍ကောင်းပါ၏’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမှုတော်အတွက်လေ့ကျင့်သင်ကြားခြင်း
  • ရာသက်ပန်လုပ်ငန်း၏အစ
  • လုပ်ငန်းတော်၏ အထူးအခွင့်အရေးများ
  • ကနေဒါမှ ဘယ်လ်ဂျီယံအထိ
  • တိုးတက်လာသော စစ်ပြီးကာလလှုပ်ရှားမှု
  • အခြေအနေများကို ညှိနှိုင်းပြုပြင်ခြင်း
  • ငယ်ရွယ်စဉ်မှစ ယေဟောဝါ သွန်သင်ပေးခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • မှန်ကန်သောရွေးချယ်မှုက အသက်တာတစ်လျှောက် ကောင်းချီးရစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ကျွန်မတို့ရဲ့မိဘများက ဘုရားသခင်ကို ချစ်မြတ်နိုးဖို့သင်ကြားပေးခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ရှားပါးသည့်ခရစ်ယာန်အမွေတစ်ခု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၂/၁ စာ. ၂၄-၂၈

‘ကရုဏာတော်သည် အသက်ထက်သာ၍ကောင်းပါ၏’

ကယ်လ်ဗင် အိပ်ချ်. ဟုမ်းစ်ပြောပြသည်

၁၉၃၀ ဒီဇင်ဘာလမှာဖြစ်ပါတယ်၊ အဖေဟာ အိမ်နီးချင်းတစ်ယောက်ဆီ အလည်သွားပြီး အိမ်ပြန်ရောက်တဲ့အချိန်မှာ ကျွန်တော်က နွားနို့ညှစ်ပြီးခါစပဲရှိသေးတယ်။ အပြာရောင်စာအုပ်တစ်အုပ်ကို သူ့အိတ်ကပ်ထဲကထုတ်ရင်း “ဝိုင်မင်ကအဖေ့ကို ဒီစာအုပ်ငှားလိုက်တယ်” လို့ပြောတယ်။ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်းကထုတ်ဝေတဲ့ ကယ်တင်ခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ စာအုပ်ပဲဖြစ်တယ်။ တော်ရုံစာဖတ်လေ့မရှိတဲ့အဖေဟာ အဲဒီစာအုပ်ကို ညဉ့်နက်တဲ့အထိဖတ်တော့တာပဲ။

နောက်ပိုင်း အဲဒီထုတ်ဝေသူတွေရဲ့ အလင်းနဲ့ ပြန်လည်သင့်မြတ်ခြင်းစတဲ့ခေါင်းစဉ်နဲ့ စာအုပ်တွေကိုအဖေငှားလာပါတယ်။ အမေ့ရဲ့ကျမ်းစာအဟောင်းကို သူရှာပြီး ရေနံဆီမီးခွက်နဲ့ ညဉ့်နက်တဲ့အထိဖတ်ပါတော့တယ်။ အဖေအကြီးအကျယ်ပြောင်းလဲသွားတယ်။ အဲဒီဆောင်းတွင်းမှာ ကျွန်တော်တို့ရဲ့မီးလင်းဖိုဟောင်းကြီးနား အမေရယ် ကျွန်တော့်ညီမသုံးယောက်နဲ့ ကျွန်တော်ဝိုင်းပြီးမီးလှုံနေတုန်း အဖေက ကျွန်တော်တို့ကို အတော်ကြာကြာပြောပြတယ်။

ဒီစာအုပ်ထုတ်ဝေတဲ့သူတွေကို သမ္မာကျမ်းစာကျောင်းသားများလို့ခေါ်ပြီး သူတို့အဆိုအရ ကျွန်တော်တို့ဟာ “နောက်ဆုံးကာလ” မှာအသက်ရှင်နေကြတဲ့အကြောင်း အဖေကပြောပြတယ်။ (၂ တိမောသေ ၃:၁-၅) ကမ္ဘာကုန်တဲ့အခါ မြေကြီးကဖျက်ဆီးခံရမှာမဟုတ်ဘဲ ဘုရားသခင့်နိုင်ငံတော်အောက်မှာ ပရဒိသုအဖြစ်ပြောင်းလဲသွားမယ်ဆိုတာတွေကို သူရှင်းပြတယ်။ (၂ ပေတရု ၃:၅-၇၊ ၁၃; ဗျာဒိတ် ၂၁:၃၊ ၄) အဲဒါက ကျွန်တော့်အတွက် တကယ့်ကိုစိတ်ဝင်စားစရာပါပဲ။

ကျွန်တော်တို့အလုပ်အတူလုပ်ရင်း အဖေက ကျွန်တော့်ကိုစပြောပြပါတော့တယ်။ ပြောင်းဖူးအခွံတွေခွာနေရင်း ဘုရားသခင့်နာမည်က ယေဟောဝါဖြစ်တဲ့အကြောင်း သူရှင်းပြတာကို ကျွန်တော်မှတ်မိပါသေးတယ်။ (ဆာလံ ၈၃:၁၈) ဒီလိုနဲ့ ၁၉၃၁ နွေဦးရာသီအတွင်း ကျွန်တော့်အသက် ၁၄ နှစ်ပဲရှိသေးတဲ့အချိန်မှာ ယေဟောဝါနဲ့ ကိုယ်တော့်နိုင်ငံတော်အတွက် ကျွန်တော်ရပ်တည်ခဲ့ပါတယ်။ အိမ်နောက်က ပန်းသီးခြံဟောင်းထဲမှာ ယေဟောဝါကိုဆုတောင်းပြီး ကိုယ်တော်ကို ထာဝစဉ်ဝတ်ပြုပါမယ်လို့ အလေးအနက်ကတိပေးလိုက်တယ်။ ကျွန်တော့်နှလုံးဟာ ကောင်းမြတ်တော်မူတဲ့ဘုရားသခင့် ချစ်ခင်ကြင်နာခြင်းကြောင့် လှုံ့ဆော်ခံခဲ့ရပါတယ်။—ဆာလံ ၆၃:၃။

ယူ.အက်စ်.အေ၊ မစ်ဇူရီပြည်နယ် စိန့်. ဂျိုးဇက်မြို့ကနေမိုင် ၂၀ လောက်၊ ကန်ဇပ်စ်စီတီမြို့ကနေမိုင် ၄၀ လောက်သာရှိတဲ့ မွေးမြူရေးခြံမှာ ကျွန်တော်တို့နေထိုင်ခဲ့ကြတယ်။ ၁၉ ရာစုအစောပိုင်းက ယာခင်းထဲမှာ ကျွန်တော့်ဘေးဆောက်ထားတဲ့ သစ်လုံးအိမ်လေးမှာ အဖေမွေးဖွားလာခဲ့တယ်။

အမှုတော်အတွက်လေ့ကျင့်သင်ကြားခြင်း

၁၉၃၁ နွေရာသီမှာ အဲဒီအချိန်တုန်းက ကင်းမျှော်စင်အသင်းရဲ့ဥက္ကဋ္ဌ ဂျိုးဇက် ရပ်သဖော့ဒ်က ကိုလမ်ဘတ်စ်၊ အိုဟိုင်အိုမှာကျင်းပတဲ့ စည်းဝေးကြီးမှာဟောတဲ့ “ဤလောက၏မျှော်လင့်ချက်၊ ဘုရားသခင့်နိုင်ငံတော်” ဆိုတဲ့လူထုဟောပြောချက်ကို ရေဒီယိုကနေ ကျွန်တော်တို့မိသားစု နားထောင်ကြတယ်။ အဲဒီဟောပြောချက်က ကျွန်တော့်စိတ်ကိုနိုးကြားတက်ကြွစေပြီး ဒီအရေးကြီးတဲ့လူထုဟောပြောချက်ပါတဲ့ စာအုပ်ကလေးကို အဖေနဲ့အတူ ကျွန်တော်တို့အသိတွေကိုဝေငှရတာ ပျော်ရွှင်မိပါတယ်။

၁၉၃၂ နွေဦးရာသီမှာ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးကို ကျွန်တော်ပထမဆုံးအကြိမ်တက်ခဲ့တယ်။ ကျွန်တော်တို့အိမ်နီးချင်းက ယေဟောဝါသက်သေတွေရဲ့ နယ်လှည့်ကြီးကြပ်မှူးတစ်ယောက်ဖြစ်တဲ့ ဂျော့ဂ်ျ ဒရေပါရဲ့ ဟောပြောချက်ကို စိန့်. ဂျိုးဇက်မြို့မှာနားထောင်ဖို့ အဖေနဲ့ကျွန်တော့်ကိုဖိတ်တယ်။ ကျွန်တော်တို့ရောက်တဲ့အခါ အစည်းအဝေးတစ်ဝက်ကျော်သွားပြီး ကျွန်တော့်ဘဝမှာ အရေးကြီးတဲ့အခန်းကပါဝင်မယ့် ဂျေ. ဒီ. ဒရိုင်ယာရဲ့ တုတ်ခိုင်တဲ့ကျောပြင်ကြီးအနောက်မှာ နေရာရခဲ့ပါတယ်။

၁၉၃၃ စက်တင်ဘာလကျတော့ ကန်ဇပ်စ်စီတီမြို့မှာ အဖေနဲ့စည်းဝေးကြီးတစ်ခုကိုတက်ခဲ့ပြီး အဲဒီအချိန်မှာ ပထမဦးဆုံးအကြိမ်ပါဝင်ဟောပြောခဲ့ပါတယ်။ အဖေကကျွန်တော့်ကို စာအုပ်ကလေးသုံးအုပ်ပေးပြီး “ကျွန်တော်ဟာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောနေတဲ့ ယေဟောဝါသက်သေတစ်ယောက်ဖြစ်ပါတယ်။ တရားသူကြီး ရပ်သဖော့ဒ်ရဲ့ဟောပြောချက်ကို ရေဒီယိုကနေ ခင်ဗျားကြားခဲ့မှာပါ။ သူ့ဟောပြောချက်တွေကို အသံလွှင့်ဌာန ၃၀၀ ကျော်ကနေ အပတ်တိုင်းထုတ်လွှင့်ပေးနေပါတယ်” လို့ပြောဖို့သင်ပေးတယ်။ ပြီးတော့ စာအုပ်ကလေးတစ်အုပ်ကို ဝေငှလိုက်တယ်။ အဲဒါဟာ ကျွန်တော့်ဘဝမှာ အမှတ်အရဆုံးပဲလို့ အဲဒီညနေပိုင်းမှာ ယာခင်းကိုပြန်ပြီးနွားနို့ညှစ်ရင်းနဲ့စဉ်းစားမိတယ်။

သိပ်မကြာခင် ဆောင်းဝင်လာပြီး ကျွန်တော်တို့ခရီးသိပ်မထွက်နိုင်ကြတော့ဘူး။ ဒါပေမဲ့ ညီအစ်ကို ဒရိုင်ယာနဲ့ သူ့ဇနီးတို့အလည်လာပြီး စနေနေ့ညနေပိုင်းမှာ သူတို့အိမ်ကိုလာပြီးတစ်ညအိပ်နိုင်မလားလို့မေးတယ်။ ဒရိုင်ယာရဲ့အိမ်ကို ခြောက်မိုင်ခြေလျင်ခရီးသွားရတာ သွားရကျိုးနပ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ နောက်တစ်နေ့မှာ သူတို့နဲ့အတူအမှုဆောင်ထွက်ပြီး စိန့်. ဂျိုးဇက်မြို့မှာ ကင်းမျှော်စင်သင်တန်းတက်နိုင်ခဲ့လို့ဖြစ်တယ်။ အဲဒီအချိန်ကစပြီး တနင်္ဂနွေနေ့မှာ အမှုဆောင်ပျက်ခဲပါတယ်။ ညီအစ်ကို ဒရိုင်ယာရဲ့ လေ့ကျင့်သင်ကြားမှုနဲ့ အကြံပေးချက်တွေက တန်ဖိုးဖြတ်မရပါဘူး။

၁၉၃၅ စက်တင်ဘာ ၂ ရက်နေ့၊ ကန်ဇပ်စ်စီတီမြို့မှာကျင်းပတဲ့ စည်းဝေးတစ်ခုမှာ နောက်ဆုံးတော့နှစ်ခြင်းခံနိုင်ခဲ့ပြီး ယေဟောဝါကိုဆက်ကပ်အပ်နှံခဲ့ပါတယ်။

ရာသက်ပန်လုပ်ငန်း၏အစ

၁၉၃၆ အစောပိုင်းမှာ ရှေ့ဆောင် ဒါမှမဟုတ် အချိန်ပြည့်အမှုဆောင်တစ်ဦးအဖြစ် အမှုဆောင်ဖို့လျှောက်လွှာတင်ပြီး တွဲဖက်ရှေ့ဆောင်ရှာနေသူတွေစာရင်းမှာ ကျွန်တော့်ကိုထည့်လိုက်တယ်။ အဲဒီနောက် သိပ်မကြာခင် အာဗာဒါ ဝိုင်အိုးမင်းမြို့က အက်ဝက်ဒ် စတက်ဆီက စာတစ်စောင်ကို ကျွန်တော်ရရှိခဲ့တယ်။ သူဟာ ဘီးတပ်ကုလားထိုင်နဲ့သွားလာရပြီး ရှေ့ဆောင်လုပ်ဖို့ အကူအညီလိုတဲ့အကြောင်း ရှင်းပြထားတယ်။ သူ့ရဲ့ကမ်းလှမ်းချက်ကို ကျွန်တော်ချက်ချင်းလက်ခံလိုက်ပြီး ၁၉၃၆ ဧပြီ ၁၈ ရက်နေ့မှာ ရှေ့ဆောင်တစ်ယောက်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

ညီအစ်ကိုစတက်နဲ့အတူတွဲဖို့ မထွက်ခွာခင် အမေကကျွန်တော့်ကို သီးသန့်စကားပြောပါတယ်။ “သား၊ အဲဒီအလုပ်ကို မင်းတကယ်လုပ်ချင်လို့လား” ဆိုပြီးမေးတယ်။

“ဒါမှမလုပ်ရင် အသက်ရှင်ရကျိုးနပ်မှာမဟုတ်ဘူး” လို့ကျွန်တော်ဖြေလိုက်တယ်။ ယေဟောဝါရဲ့ချစ်ခင်ကြင်နာခြင်းဟာ တခြားဘယ်အရာထက်မဆို ပိုပြီးအရေးကြီးတယ်ဆိုတာ ကျွန်တော်သဘောပေါက်လာခဲ့ပြီလေ။

တက်ဒ်လို့ကျွန်တော်တို့ခေါ်တဲ့ ညီအစ်ကိုစတက်နဲ့အတူရှေ့ဆောင်ရတာ အရမ်းကောင်းတဲ့လေ့ကျင့်မှုပါပဲ။ သူဟာတကယ်ဇွဲရှိပြီး ဘုရားသခင့်နိုင်ငံတော်သတင်းကို တင်ပြရာမှာ တော်တော့်ကိုဆွဲဆောင်မှုရှိတယ်။ ဒါပေမဲ့ တက်ဒ်ဟာ စာရေးနိုင် စကားပြောနိုင်ရုံကလွဲလို့ ဘာမှမလုပ်နိုင်ပါဘူး; သူ့ရဲ့အဆစ်တွေအားလုံးက ရူမယောင်ရိုးဆစ်ရောင်ရမ်းနာကြောင့် ကွေးမရဆန့်မရဖြစ်နေတယ်။ မနက်ပိုင်းစောစောထ၊ သူ့ကိုမျက်နှာသစ်၊ မုတ်ဆိတ်ရိတ်၊ မနက်စာပြင်ပေးပြီး ကျွေးရပါတယ်။ အဲဒီနောက်သူ့ကိုအဝတ်လဲပေးပြီး အမှုဆောင်ထွက်ဖို့အသင့်ပြင်ပေးပါတယ်။ အဲဒီနွေရာသီမှာ ဝိုင်အိုးမင်းနဲ့ မွန်တာနာပြည်နယ်တွေမှာ ကျွန်တော်တို့ရှေ့ဆောင်ကြပြီး ညမှာ တက်ဒ်က သူ့ရဲ့ပစ်ကပ်ကားပေါ်မှာ အထူးတပ်ဆင်ထားတဲ့အခန်းလေးထဲမှာအိပ်ပြီး ကျွန်တော်ကျတော့ မြေကြီးပေါ်မှာအိပ်တယ်။ အဲဒီနှစ်နှောင်းပိုင်းမှာ တက်နက်စီ၊ အာကဲန်စောနဲ့ မစ်စစ္စပီမှာရှေ့ဆောင်လုပ်ဖို့ တောင်ပိုင်းကို ကျွန်တော်ပြောင်းရွှေ့သွားပါတယ်။

၁၉၃၇ စက်တင်ဘာလမှာ ကိုလမ်ဘတ်စ်၊ အိုဟိုင်အိုမှာကျင်းပတဲ့ စည်းဝေးကြီးကို ပထမဦးဆုံးအကြိမ်တက်ရောက်ခဲ့ပါတယ်။ အဲဒီမှာ ဓာတ်စက်ကိုအသုံးပြုပြီး ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်ဦးရွက်ပြုဖို့ အစီအစဉ်တွေပြုလုပ်ခဲ့ကြပါတယ်။ ဓာတ်စက်ကိုသုံးတိုင်း ဆောင်ရွက်ချက် တစ်ခုလို့ကျွန်တော်တို့ခေါ်တတ်ကြတယ်။ တစ်လမှာ ကျွန်တော်ဆောင်ရွက်ချက် ၅၀၀ ကျော်ဆင်နိုင်ခဲ့ပြီး လူပေါင်း ၈၀၀ ကျော် ကြားနာခွင့်ရခဲ့ပါတယ်။ အရှေ့ပိုင်း တက်နက်စီ၊ ဗာဂျီးနီးယားနဲ့ အနောက်ဗာဂျီးနီးယားမှာရှိတဲ့ မြို့အတော်များများမှာ သက်သေခံပြီးတဲ့နောက် နေရာသစ်တစ်ခုမှာ အဲဒီအချိန်တုန်းက နယ်လှည့်ကြီးကြပ်မှူးတွေကိုခေါ်တဲ့ ဇုန်အမှုထမ်းနဲ့အတူတွဲပြီး အမှုထမ်းခွင့်ရတဲ့ အထူးရှေ့ဆောင်ဖြစ်ဖို့ ဖိတ်ခေါ်ခံရပါတယ်။

အနောက်ဗာဂျီးနီးယားက အသင်းတော်တွေနဲ့ သီးခြားအုပ်စုတွေဆီ ကျွန်တော်လည်ပတ်ပြီး တစ်ခုစီမှာ နှစ်ပတ်ကနေလေးပတ်အထိနေပြီး လယ်ကွင်းဓမ္မအမှုမှာ ဦးဆောင်ပါဝင်ခဲ့တယ်။ အဲဒီနောက် ၁၉၄၁ ဇန်နဝါရီလမှာ ဇုန်အမှုထမ်းအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ အဲဒီအချိန်မှာ အမေနဲ့ကျွန်တော့်ညီမသုံးယောက်—ကလယ်ရာ၊ လိုးဝစ္စနဲ့ ရုသ်—တို့ဟာ ဘုရားသခင့်နိုင်ငံတော်အတွက် ရပ်တည်နေကြပါပြီ။ ဒါကြောင့် အဲဒီနွေရာသီမှာ စိန့်. လူးဝစ္စမြို့မှာကျင်းပတဲ့ ခရိုင်စည်းဝေးကြီးကို ကျွန်တော်တို့မိသားစုလိုက် အတူတကွတက်ရောက်ခဲ့ကြပါတယ်။

စည်းဝေးကြီးပြီးလို့ သိပ်မကြာခင်မှာ ၁၉၄၁ နိုဝင်ဘာလကုန်ရင် ဇုန်လုပ်ငန်းကိုရပ်နားမယ့်အကြောင်း ဇုန်အမှုထမ်းတွေကို အသိပေးခဲ့တယ်။ နောက်တစ်လကျတော့ ဒုတိယကမ္ဘာစစ်ထဲ အမေရိကန်ပြည်ထောင်စုလည်း ပါဝင်ခဲ့တယ်။ အမှုတော်မှာ တစ်လကို ၁၇၅ နာရီပါဝင်ဖို့တောင်းဆိုတဲ့ အထူးရှေ့ဆောင်လုပ်ငန်းကို တာဝန်ပေးအပ်ခံရပါတယ်။

လုပ်ငန်းတော်၏ အထူးအခွင့်အရေးများ

၁၉၄၂ ဇူလိုင်လမှာ နိုင်ငံရပ်ခြားမှာအမှုဆောင်နိုင်မလားလို့ ကျွန်တော့်ကိုမေးထားတဲ့ စာတစ်စောင်ကိုရရှိခဲ့ပါတယ်။ အမှုဆောင်နိုင်ကြောင်း ဖြေကြားပြီးတဲ့နောက် ဘရွတ်ကလင်၊ နယူးယောက်မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ် ဗေသလကိုဖိတ်ခေါ်ခံခဲ့ရပါတယ်။ အထူးလေ့ကျင့်မှုအတွက် တစ်ကိုယ်ရေညီအစ်ကို ၂၀ လောက်ကို တစ်ကြိမ်တည်းခေါ်ယူခဲ့တယ်။

အဲဒီအချိန်က ကင်းမျှော်စင်အသင်းဥက္ကဋ္ဌ နေသန် အိပ်ချ်. နောရ်က ဟောပြောခြင်းလုပ်ဆောင်မှုလျော့နည်းလာကြောင်း၊ အသင်းတော်တွေ ဝိညာဉ်ခွန်အားရှိစေဖို့အတွက် ကျွန်တော်တို့ကိုလေ့ကျင့်ပေးရမယ့်အကြောင်း ရှင်းပြပါတယ်။ “အသင်းတော်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာပဲ ကျွန်တော်တို့သိချင်တာမဟုတ်ဘူး၊ အဲဒါကို သင်ဘယ်လိုဖြေရှင်းခဲ့သလဲဆိုတာကိုလည်း သိချင်တယ်” လို့သူကပြောပါတယ်။

ကျွန်တော်တို့ဗေသလမှာရှိနေတုန်း ၁၉၇၇ မှာ ဥက္ကဋ္ဌအဖြစ် ညီအစ်ကို နောရ်နေရာကိုဆက်ခံတဲ့ ဖရက် ဖရန့်ဇ်က “ဒုတိယကမ္ဘာစစ်ပြီးတဲ့အခါ အကြီးအကျယ်ဟောပြောတဲ့အလုပ်စလာလိမ့်မယ်၊ သန်းနဲ့ချီတဲ့လူတွေ ယေဟောဝါရဲ့ အဖွဲ့အစည်းထဲဝင်လာရလိမ့်မှာ အမှန်ပါ!” လို့ဟောပြောချက်တစ်ခုမှာပြောပါတယ်။ အဲဒီဟောပြောချက်က ကျွန်တော့်ရှုမြင်ပုံကို လုံးလုံးပြောင်းလဲပေးလိုက်ပါတယ်။ တာဝန်တွေခန့်ခွဲပြီးတဲ့အခါ တက်နက်စီနဲ့ ကင်တပ်ကီပြည်နယ်က အသင်းတော်တွေအားလုံးကို ကျွန်တော်လည်ပတ်ရမယ်လို့သိခဲ့ရတယ်။ နောက်ပိုင်းမှာ တိုက်နယ်ကြီးကြပ်မှူးလို့သတ်မှတ်ခေါ်ဆိုတဲ့ ညီအစ်ကိုများ၏အမှုထမ်းလို့ ကျွန်တော်တို့ကိုခေါ်ကြတယ်။

ကျွန်တော့်အသက် ၂၅ နှစ်ပဲရှိသေးတဲ့အချိန် ၁၉၄၂ အောက်တိုဘာ ၁ ရက်နေ့မှာ အသင်းတော်တွေကို ကျွန်တော်စတင်လည်ပတ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက တချို့အသင်းတော်တွေကို ခြေလျင် ဒါမှမဟုတ် မြင်းနဲ့ပဲရောက်နိုင်တယ်။ တစ်ခါတလေ ကျွန်တော့်ကိုတည်းခိုခွင့်ပေးတဲ့ မိသားစုအိပ်တဲ့အခန်းထဲမှာပဲ အိပ်ခဲ့ရပါတယ်။

တက်နက်စီပြည်နယ်က ဂရင်းဗေးလ်အသင်းတော်မှာ ကျွန်တော်အမှုထမ်းနေတဲ့အချိန် ၁၉၄၃ ဇူလိုင်လမှာ ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်းရဲ့ ဒုတိယသင်တန်းကို တက်ရောက်ဖို့ဖိတ်စာရရှိခဲ့တယ်။ “ကြားရသောဒေသနာ [တရား] တော်ကို . . . စိတ်နှလုံး၌ သာ၍မှတ်မိစွဲလမ်းခြင်းရှိ” တယ်ဆိုတာဟာ တကယ်တမ်းဘာကိုဆိုလိုပြီး အမြဲတမ်း “သခင်ဘုရား၏အမှုတော်၌လုပ်ကိုင်စရာများစွာ” ရှိနေဖို့ ဂိလဒ်ကနေကျွန်တော်သင်ယူခဲ့ပါတယ်။ (ဟေဗြဲ ၂:၁; ၁ ကောရိန္သု ၁၅:၅၈၊ ကဘ) ငါးလကြာသင်တန်းကာလဟာ ခဏလေးနဲ့ကုန်လွန်သွားပြီး ၁၉၄၄ ဇန်နဝါရီ ၃၁ ရက်နေ့မှာ သင်တန်းဆင်းပါတယ်။

ကနေဒါမှ ဘယ်လ်ဂျီယံအထိ

ကျွန်တော်တို့အများစုဟာ ယေဟောဝါသက်သေများရဲ့လှုပ်ရှားမှုကို ပိတ်ပင်ထားတာကို မကြာခင်ကမှ ရုပ်သိမ်းလိုက်တဲ့ကနေဒါနိုင်ငံမှာ တာဝန်ကျကြတယ်။ အသင်းတော်တစ်ခုနဲ့တစ်ခုကို အဝေးကြီးခရီးသွားရတဲ့ နယ်လှည့်လုပ်ငန်းမှာ ကျွန်တော်တာဝန်ကျပါတယ်။ ခရီးသွားရင်းနဲ့ ကနေဒါနိုင်ငံမှာ ကျွန်တော်တို့လုပ်ငန်းကို ပိတ်ပင်ထားစဉ်က ဟောပြောခြင်းလုပ်ငန်းကို ဘယ်လိုဆောင်ရွက်ခဲ့တယ်ဆိုတဲ့ တွေ့ကြုံမှုတွေကိုကြားရတာ ဝမ်းသာစရာတစ်ခုပါပဲ။ (တမန်တော် ၅:၂၉) လျှပ်တစ်ပြက်စီးနင်းမှုလို့ခေါ်တဲ့ ကနေဒါနိုင်ငံတစ်ဖက်စွန်းကနေ အဆုံးအဖျားအထိ အိမ်တိုင်းနီးပါးမှာ စာအုပ်ကလေးတစ်အုပ်ကို တစ်ညထဲဝေငှခဲ့ကြတဲ့အကြောင်း အတော်များများက ပြောပြကြတယ်။ ၁၉၄၅ မေလကျတော့ ဥရောပမှာစစ်ပြီးဆုံးသွားကြောင်း ကြားရတာသတင်းကောင်းပါပဲ!

အဲဒီနွေရာသီမှာ စပ်စ်ကက်ချူဝမ်ပြည်နယ် အိုးစိတ်ဂ်ျမြို့လေးက အသင်းတော်တစ်ခုမှာ အမှုထမ်းနေတုန်း ညီအစ်ကိုနောရ်ဆီက စာတစ်စောင်ကိုရရှိခဲ့တယ်၊ အဲဒီစာထဲမှာ “ဘယ်လ်ဂျီယံနိုင်ငံသို့သွားဖို့အခွင့်ထူးကို သင့်အားကမ်းလှမ်းပါသည်။ . . . ထိုနိုင်ငံတွင် ပြုလုပ်ရမည့်လုပ်ငန်းများစွာရှိပါသည်။ ယင်းသည် စစ်ဒဏ်အလူးအလဲခံရသော နိုင်ငံတစ်ခုဖြစ်ပြီး ကျွန်ုပ်တို့၏ညီအစ်ကိုများသည် အကူအညီလိုအပ်နေကာ သူတို့ကိုသင့်တော်သော ထောက်ပံ့မှုနှင့် နှစ်သိမ့်မှုပေးရန် အမေရိကမှတစ်ဦးတစ်ယောက်ကို စေလွှတ်ခြင်းသည် သင့်လျော်ဟန်ရှိသည်” ဆိုပြီးရေးထားပါတယ်။ အဲဒီတာဝန်ကို ကျွန်တော်လက်ခံကြောင်း ချက်ချင်းစာပြန်လိုက်ပါတယ်။

၁၉၄၅ နိုဝင်ဘာလကျတော့ ကျွန်တော်ဟာ ဘရွတ်ကလင်ဗေသလမှာ ချားလ်စ် အက်ကာလို့ခေါ်တဲ့ အဲလ်စေ့စ်ပြည်နယ်သား သက်ကြီးပိုင်းညီအစ်ကိုတစ်ဦးဆီမှာ ပြင်သစ်စကားကို သင်ယူနေခဲ့တယ်။ ဌာနခွဲလုပ်ထုံးလုပ်နည်းကိုလည်း အလျင်အမြန် လေ့ကျင့်သွန်သင်ပေးခံခဲ့ရပါတယ်။ ဥရောပကိုမထွက်ခွာခင် မစ်ဇူရီပြည်နယ်၊ စိန့်. ဂျိုးဇက်မြို့မှာရှိတဲ့ မိသားစုနဲ့ မိတ်ဆွေတွေဆီ ခဏပြန်လည်ပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့မှာ နယူးယောက်မြို့ကနေ ကွင်းအဲလစ်ဇဘက် သင်္ဘောကိုစီးပြီး လေးရက်ကြာပြီးတဲ့နောက် အင်္ဂလန်နိုင်ငံ ဆောက်သ်ဟမ်တင်မြို့ကိုရောက်သွားတယ်။ ထပ်ဆင့်လေ့ကျင့်မှုတွေကိုရရှိခဲ့တဲ့ ဗြိတိန်ဌာနခွဲမှာ ကျွန်တော်တစ်လနေထိုင်ခဲ့တယ်။ အဲဒီနောက် ၁၉၄၆၊ ဇန်နဝါရီ ၁၅ ရက်မှာ အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ပြီး ဘယ်လ်ဂျီယံနိုင်ငံ အော့စ်တဲန်မြို့မှာ သင်္ဘောကဆင်းတယ်။ အဲဒီကနေ ရထားစီးပြီး ဘရပ်စဲလ်စ်မြို့ကိုရောက်တော့ ဗေသလမိသားစုတစ်ခုလုံး ဘူတာရုံမှာလာကြိုကြတယ်။

တိုးတက်လာသော စစ်ပြီးကာလလှုပ်ရှားမှု

ကျွန်တော့်တာဝန်က ဘယ်လ်ဂျီယံနိုင်ငံမှာ နိုင်ငံတော်လုပ်ငန်းကို ကြီးကြပ်ဖို့ဆိုပေမဲ့ အဲဒီဘာသာစကားကိုတောင် ကျွန်တော်မပြောတတ်သေးပါဘူး။ ခြောက်လလောက်ကြာတော့ ပြင်သစ်စကားကို အတော်အတန်ပြောတတ်လာတယ်။ နာဇီသိမ်းပိုက်ထားစဉ် ငါးနှစ်တာကာလအတွင်း ဟောပြောခြင်းလုပ်ငန်းကို အသက်စွန့်ဆောင်ရွက်ခဲ့ကြတဲ့ သူတွေနဲ့အတူတူအမှုဆောင်ရတာ အခွင့်ထူးတစ်ခုပါပဲ။ သူတို့ထဲကတချို့ဟာ ချွေးတပ်စခန်းတွေကနေ လွတ်လာတာမကြာသေးဘူး။

ညီအစ်ကိုတွေဟာ လုပ်ငန်းကိုစနစ်တကျဖွဲ့စည်းဖို့နဲ့ ကျမ်းစာသမ္မာတရားကို ဆာလောင်မွတ်သိပ်နေသူတွေကိုကျွေးမွေးဖို့ စိတ်အားထက်သန်နေကြပါတယ်။ ဒါကြောင့် အစည်းအဝေးတွေကျင်းပဖို့နဲ့ နယ်လှည့်ကြီးကြပ်မှူးတွေ အသင်းတော်တွေကိုလည်ပတ်ဖို့အတွက် အစီအစဉ်တွေပြုလုပ်ကြပါတယ်။ ဘရွတ်ကလင်ဌာနချုပ်က ကိုယ်စားလှယ်များဖြစ်တဲ့ နေသန် နောရ်၊ မီလ်တင် ဟင်ရှယ်လ်၊ ဖရက် ဖရန့်ဇ်၊ ဂရဲန့် စူတာနဲ့ ဂျော်န် ဘုသ်တို့ရဲ့ အားပေးလည်ပတ်မှုတွေလည်း ရရှိခဲ့ကြတယ်။ အဲဒီအစောပိုင်းအချိန်က တိုက်နယ်ကြီးကြပ်မှူး၊ ခရိုင်ကြီးကြပ်မှူးနဲ့ ဌာနခွဲကြီးကြပ်မှူးအဖြစ် ကျွန်တော်အမှုထမ်းခဲ့ရပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံမှာ ခုနစ်နှစ်နီးပါးလောက် အမှုထမ်းပြီးနောက် ၁၉၅၂ ဒီဇင်ဘာ ၆ ရက်နေ့မှာ ဘယ်လ်ဂျီယံဌာနခွဲမှာပဲ အမှုဆောင်နေသူ အယ်မီလီယာ ဗာနိုစလော့ခ်နဲ့ ကျွန်တော်လက်ထပ်လိုက်ပါတယ်။

လအနည်းငယ်ကြာပြီးတဲ့နောက် ၁၉၅၃ ဧပြီ ၁၁ ရက်နေ့မှာ ကျွန်တော့်ကို ဒေသခံရဲစခန်းကိုခေါ်ပြီး ကျွန်တော်ရှိနေခြင်းဟာ ဘယ်လ်ဂျီယံနိုင်ငံရဲ့လုံခြုံမှုအတွက် အန္တရာယ်ရှိကြောင်းအသိပေးပါတယ်။ ကျွန်တော့်ရဲ့အမှုကို နိုင်ငံတော်ကောင်စီထံ အယူခံဝင်နေစဉ် လပ်က်စ်ဇမ်းဘတ်ခ်မှာသွားစောင့်နေရပါတယ်။

၁၉၅၄ ဖေဖော်ဝါရီလမှာ ဘယ်လ်ဂျီယံနိုင်ငံတော်ကောင်စီက ကျွန်တော်ရှိနေခြင်းဟာ တိုင်းပြည်အတွက် အန္တရာယ်ရှိတယ်ဆိုတဲ့အမိန့်ကို ထောက်ခံအတည်ပြုခဲ့ပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံကို ကျွန်တော်ရောက်ကတည်းက နိုင်ငံမှာရှိတဲ့သက်သေခံအရေအတွက်ဟာ ၁၉၄၆ မှာ ၈၀၄ ယောက်ရှိရာကနေ ၁၉၅၃ မှာ ၃,၃၀၄ ယောက်အထိ တစ်မုဟုတ်ချင်းတိုးတက်လာတာကို အထင်အရှားတွေ့ရပြီး အကျိုးဆက်ကတော့ သက်သေခံလူငယ်များစွာဟာ ခရစ်ယာန်ကြားနေမှုအတွက် အခိုင်အမာရပ်တည်နေကြတဲ့အတွက်ကြောင့် ဘယ်လ်ဂျီယံနိုင်ငံရဲ့လုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်စေတယ်လို့ အထောက်အထားပြဆိုပါတယ်။ ဒါကြောင့် အယ်မီလီယာနဲ့ကျွန်တော်ဟာ ဆွစ်ဇလန်နိုင်ငံမှာတာဝန်ခန့်အပ်ခံရပြီး ပြင်သစ်စကားပြောဒေသမှာ တိုက်နယ်လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ကြပါတယ်။

ခရစ်ယာန်အကြီးအကဲများအတွက် ထပ်ဆင့်လေ့ကျင့်မှုသင်တန်းတစ်ခုဖြစ်တဲ့ နိုင်ငံတော် . . . အမှုသင်တန်းကျောင်းကို ၁၉၅၉ မှာ နယူးယောက်ပြည်နယ်၊ တောင်လဲန်စင်းမြို့မှာ စတင်ဖွင့်လှစ်ခဲ့တယ်။ ဥရောပမှာကျင်းပမယ့် အဲဒီသင်တန်းကျောင်းမှာ ပို့ချပေးဖို့အတွက် လေ့ကျင့်မှုခံယူဖို့ ကျွန်တော်ဖိတ်ခေါ်ခံရတယ်။ အမေရိကန်ပြည်ထောင်စုမှာ ကျွန်တော်ရှိနေတုန်း မစ်ဇူရီပြည်နယ် စိန့်. ဂျိုးဇက်မြို့မှာရှိတဲ့ ကျွန်တော့်မိသားစုထံ ပြန်လည်ပတ်ခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော့်ချစ်မေမေကို နောက်ဆုံးတွေ့လိုက်ရခြင်းပါပဲ။ ၁၉၆၂ ဇန်နဝါရီလမှာ သူမကွယ်လွန်သွားတယ်၊ အဖေကတော့ ၁၉၅၅ ဇွန်လက ကွယ်လွန်ခဲ့တယ်။

ပြင်သစ်နိုင်ငံ ပါရီမြို့မှာ နိုင်ငံတော် . . . အမှုကျောင်းကို ၁၉၆၁ မတ်လမှာစတင်ခဲ့ပြီး ကျွန်တော်နဲ့အတူ အယ်မီလီယာလိုက်လာတယ်။ သင်တန်းကျောင်းကို တက်ရောက်ဖို့အတွက် ပြင်သစ်၊ ဘယ်လ်ဂျီယံနဲ့ ဆွစ်ဇလန်နိုင်ငံက ခရိုင်ကြီးကြပ်မှူးတွေ၊ တိုက်နယ်ကြီးကြပ်မှူးတွေ၊ အသင်းတော်ကြီးကြပ်မှူးတွေနဲ့ အထူးရှေ့ဆောင်တွေလာကြပါတယ်။ နောက် ၁၄ လအတွင်း လေးပတ်ကြာသင်တန်း ၁၂ ခုကို ကျွန်တော်ပို့ချခဲ့ရပါတယ်။ နောက်ပိုင်း ၁၉၆၂ ဧပြီလကျတော့ အယ်မီလီယာမှာ ကိုယ်ဝန်ရှိနေတာကိုသိလိုက်ရတယ်။

အခြေအနေများကို ညှိနှိုင်းပြုပြင်ခြင်း

အခြေချနေထိုင်ခွင့်ရရှိထားတဲ့ ဆွစ်ဇလန်နိုင်ငံ ဂျီနီဗာမြို့ကို ကျွန်တော်တို့ပြန်သွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီမှာအိမ်သိပ်ရှားပါးတဲ့အတွက် နေဖို့ထိုင်ဖို့မလွယ်ကူလှပါဘူး။ အလုပ်ရဖို့လည်းမလွယ်ပါဘူး။ နောက်ဆုံး ဂျီနီဗာမြို့လယ်ကောင်မှာရှိတဲ့ ကုန်ပဒေသာစတိုးဆိုင်ကြီးတစ်ခုမှာ အလုပ်ရရှိခဲ့တယ်။

ကျွန်တော်ဟာ အချိန်ပြည့်အမှုတော်မှာ ၂၆ နှစ်ပါဝင်ခဲ့တဲ့အတွက်ကြောင့် အခြေအနေပြောင်းလဲသွားလို့ အတော်လေးပြုပြင်ခဲ့ရပါတယ်။ ကုန်ပဒေသာစတိုးဆိုင်ကြီးမှာအလုပ်လုပ်ပြီး ကျွန်တော်တို့ရဲ့သမီးနှစ်ယောက်ဖြစ်တဲ့ လိုးဝစ္စနဲ့ ယူးနစ္စတို့ကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ၂၂ နှစ်တာကာလအတွင်းမှာ ကျွန်တော်တို့မိသားစုဟာ ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို အမြဲတမ်းဦးစားထားခဲ့ကြပါတယ်။ (မဿဲ ၆:၃၃) ၁၉၈၅ မှာ ကျွန်တော်ရဲ့ဝမ်းစာရှာလုပ်ငန်းကနေ အငြိမ်းစားယူပြီးတဲ့နောက် အရန်တိုက်နယ်ကြီးကြပ်မှူးအဖြစ် စပြီးအမှုထမ်းပါတယ်။

အယ်မီလီယာဟာ တော်တော်လေးချူချာလာပေမဲ့ သူမတတ်နိုင်သလောက် အမှုတော်မှာပါဝင်ပါတယ်။ လိုးဝစ္စကတော့ ဆယ်နှစ်နီးပါးလောက် ရှေ့ဆောင်လုပ်ခဲ့တယ်။ ၁၉၉၃ နွေရာသီအတွင်း မော်စကိုမြို့မှာကျင်းပတဲ့ အထူးခြားဆုံး အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးကို သမီးနဲ့အတူတက်ရောက်ခဲ့ရတာဟာ ဝိညာဉ်ရေးဆိုင်ရာ အမှတ်ထင်ထင်စွဲကျန်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုပါပဲ! အဲဒီနောက် သိပ်မကြာခင်မှာ အာဖရိက စီနီဂဲလ်နိုင်ငံကို အလည်ခရီးသွားရင်း သမုဒ္ဒရာထဲမှာရေကူးနေတုန်း လိုးဝစ္စသေဆုံးသွားပါတယ်။ အသုဘကိစ္စကိုဆောင်ရွက်ဖို့ စီနီဂဲလ်နိုင်ငံကိုကျွန်တော်သွားတဲ့အခါ အာဖရိကညီအစ်ကိုတွေနဲ့ [ခရစ်ယာန်] သာသနာပြုတွေရဲ့မေတ္တာ၊ ကြင်နာမှုတွေက ကျွန်တော့်အတွက် အကြီးအကျယ်နှစ်သိမ့်မှုဖြစ်စေခဲ့တယ်။ ရှင်ပြန်ထမြောက်ရာကာလမှာ လိုးဝစ္စကို ကျွန်တော်မြင်ချင်လိုက်တာ!—ယောဟန် ၅:၂၈၊ ၂၉။

မေတ္တာပြည့်ဝတဲ့ အိမ်ထောင်ဖက်တစ်ယောက်ရဲ့ အနှစ်လေးဆယ်ကျော် သစ္စာရှိရှိထောက်ပံ့ပေးမှုကိုရရှိခဲ့တဲ့အတွက် ကျေးဇူးတင်နေပါတယ်။ ကျွန်တော့်မှာ နှလုံးကြေကွဲစရာတွေ အခက်အခဲတွေရှိတဲ့ကြားက ယေဟောဝါရဲ့ချစ်ခင်ကြင်နာမှုက ရင်ကိုအေးမြစေပြီး အသက်ရှင်ရကျိုးနပ်စေပါတယ်။ ဆာလံဆရာရဲ့ “ကရုဏာတော်သည် အသက်ထက်သာ၍ကောင်းသောကြောင့်၊ အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကိုချီးမွမ်းရပါမည်” ဆိုတဲ့စကားတွေနဲ့ ကျွန်တော်တို့ရဲ့ ယေဟောဝါဘုရားသခင်ကိုကြွေးကြော်လိုစိတ် တဖွားဖွားပေါ်လာပါတယ်။—ဆာလံ ၆၃:၃။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ဓာတ်စက်ကိုအသုံးပြုပြီး ဟောပြောခြင်းလုပ်ငန်းကို ကျွန်တော်တို့ ဦးဆောင်ဦးရွက်ပြုခဲ့ကြ

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

၁၉၃၆ တွင် ကျွန်တော်၏မိဘများ

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

၁၉၄၈ တွင်ဘယ်လ်ဂျီယံနိုင်ငံ၌ လမ်းပေါ်သက်သေခံခြင်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ