-
ရိုးသားမှု ခေတ်နောက်ကျသွားပြီလားကင်းမျှော်စင် (လူထုအတွက် စာစောင်)—၂၀၁၆ | အမှတ် ၁
-
-
မျက်နှာဖုံးဆောင်းပါး | ရိုးသားတာ အကျိုးရှိရဲ့လား
ရိုးသားမှု ခေတ်နောက်ကျသွားပြီလား
ဟီတိုရှိဟာ ဂျပန်နိုင်ငံက အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီတစ်ခုရဲ့ ငွေစာရင်းဌာနမှာ အလုပ်လုပ်သူပါ။ အထက်အရာရှိနဲ့အတူ ငွေစာရင်းတစ်ခုစစ်နေတုန်း သူ့ကို စာရင်းလိမ်ညာတင်ခိုင်းတယ်။ အဲဒီလို မရိုးမသားမလုပ်နိုင်ကြောင်း ဟီတိုရှိပြောတော့ သူ့ကိုအလုပ်ဖြုတ်ပစ်မယ်လို့ အထက်အရာရှိက ခြိမ်းခြောက်တယ်။ ဒါနဲ့ နောက်ဆုံးမှာ အလုပ်ပြုတ်သွားတယ်။
အဲဒီနောက်ပိုင်း လအတော်ကြာတဲ့အထိ သင့်တော်တဲ့အလုပ်မရတော့ ဟီတိုရှိ စိတ်ဓာတ်ကျလာတယ်။ အလုပ်အင်တာဗျူးတစ်ခုမှာ ဟီတိုရှိဟာ မရိုးသားတဲ့အလုပ်ကို မလုပ်နိုင်ကြောင်းပြောတော့ အင်တာဗျူးမေးသူက “မင်းစိတ်ဓာတ်ကလည်း အထူးအဆန်းပါလား” ဆိုပြီး ပြန်ပြောတယ်။ ဟီတိုရှိရဲ့ မိဘတွေနဲ့ မိတ်ဆွေတွေက သူ ရိုးရိုးသားသားနေတာကို အားပေးကြတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာ သံသယတချို့ဝင်လာတယ်။ ဥပမာ၊ “ငါ့ယုံကြည်ချက်အတိုင်း ရိုးရိုးသားသားနေတာက အကျိုးရှိမှရှိရဲ့လား” ဆိုတဲ့ အတွေးဝင်လာကြောင်း ပြောပြတယ်။
ရိုးသားမှုကို လူတိုင်းတန်ဖိုးမထားကြောင်း ဟီတိုရှိရဲ့အဖြစ်က ဖော်ပြနေတယ် မဟုတ်လား။ တချို့သူတွေ၊ အထူးသဖြင့် စီးပွားရေးလောကမှာဆိုရင် ရိုးသားမှုကို ဘာမှသုံးစားလို့မရတဲ့အရာအဖြစ် သဘောထားကြတယ်။ “ကျွန်မဝန်းကျင်မှာဆို မရိုးသားတဲ့သူတွေချည်းပဲ၊ တစ်ခါတလေ ကျွန်မကိုလည်း သူတို့လိုလိုက်လုပ်ဖို့ အတင်းဖိအားပေးကြတယ်” လို့ တောင်အာဖရိကမှ အမျိုးသမီးအလုပ်သမားတစ်ဦး ပြောပြတယ်။
ဒီနေ့၊ နေရာတကာမှာတွေ့နေရတဲ့ မရိုးသားမှုပုံစံတစ်မျိုးက လိမ်ညာတာဖြစ်တယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းမှာ မက်ဆာချူးဆက် အမ္မဟတ် (Massachusetts Amherst) တက္ကသိုလ်က စိတ်ပညာရှင် ရောဘတ် အက်စ် ဖဲလ်မန်ရဲ့ လေ့လာမှုအရ အရွယ်ရောက်ပြီးသူ ၆၀ ရာခိုင်နှုန်းဟာ ဆယ်မိနစ်လောက်စကားပြောတိုင်း အနည်းဆုံး တစ်ကြိမ်လိမ်ပြောကြောင်း တွေ့ရှိခဲ့တယ်။ “ဒါက တော်တော်အံ့သြဖို့ကောင်းတဲ့ တွေ့ရှိချက်ပဲ။ လိမ်ညာတာကို ထမင်းစားရေသောက်သလိုမျိုး ပေါ့ပေါ့တန်တန် သဘောထားမယ်လို့ ကျွန်တော်တို့ မထင်ခဲ့ကြဘူး” ဆိုပြီး ဖဲလ်မန်ပြောပြတယ်။ လူအများစုဟာ အလိမ်ခံရတာကို မုန်းကြပေမဲ့ သူတို့ကိုယ်နှိုက်ကျတော့ တခြားသူတွေကို လိမ်ညာနေကြပြန်တယ်။
ဒီနေ့ခေတ်မှာ လိမ်တာ၊ ခိုးတာနဲ့ တခြားမရိုးသားမှုပုံစံတွေကို ဘာကြောင့် နေရာအနှံ့မှာ တွေ့နေရတာလဲ။ မရိုးသားမှုဟာ လူ့အဖွဲ့အစည်းတစ်ရပ်လုံးအပေါ် ဘယ်လိုအကျိုးသက်ရောက်နေလဲ။ ဒါထက်ပိုအရေးကြီးတာက ကျွန်ုပ်တို့လည်း မရိုးမသား မလုပ်မိအောင် ဘယ်လိုရှောင်နိုင်မလဲ။
-
-
မရိုးသားမှုက သင့်ကို ထိခိုက်နစ်နာစေကင်းမျှော်စင် (လူထုအတွက် စာစောင်)—၂၀၁၆ | အမှတ် ၁
-
-
မျက်နှာဖုံးဆောင်းပါး | ရိုးသားတာ အကျိုးရှိရဲ့လား
မရိုးသားမှုက သင့်ကို ထိခိုက်နစ်နာစေ
“တချို့ပြဿနာတွေ၊ ခက်ခဲတဲ့အခြေအနေတွေက နည်းနည်းလေး မရိုးမသားလုပ်လိုက်မှ ပြေလည်သွားတာ။”—တောင်အာဖရိကနိုင်ငံသူ ဆာမန်သာ။
အဲဒီလိုပြောတာကို သင်ရော သဘောတူလား။ ဆာမန်သာလိုပဲ ကျွန်ုပ်တို့အားလုံးလည်း တစ်ချိန်မဟုတ်တစ်ချိန်မှာ ခက်ခဲတဲ့အခြေအနေတွေ ကြုံဖူးကြမှာပါ။ မရိုးမသားလုပ်ဖို့အကြောင်းဖန်လာတာကို တုံ့ပြန်ပုံက ကျွန်ုပ်တို့ ဘယ်စံနှုန်းကို ကိုင်စွဲထားလဲဆိုတာ ဖော်ပြတယ်။ ဥပမာ၊ အရှက်ရမှာစိုးလို့၊ မျက်နှာပျက်မှာစိုးလို့ မရိုးမသားလုပ်တာဟာ ဘာမှမမှားပါဘူးလို့ စောဒကတက်မိနိုင်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မရိုးမသားလုပ်မှန်းပေါ်သွားတော့ ဆိုးကျိုးတွေ ဖြစ်လာတယ်။ အောက်ပါအချက်တွေကို သုံးသပ်ကြည့်ပါ။
မရိုးသားမှုကြောင့် ယုံကြည်မှု ပျက်ပြားသွား
လူမှုဆက်ဆံရေးဆိုတာ ယုံကြည်မှုနဲ့ တည်ဆောက်ထားတာပါ။ တစ်ဦးကိုတစ်ဦးယုံမှ ယုံကြည်အားကိုးစိတ် ရှိလာမှာဖြစ်တယ်။ ဒါပေမဲ့ ယုံကြည်မှုဆိုတာ နေ့ချင်းညချင်း ဖြစ်လာတာမဟုတ်ပါဘူး။ တစ်ဦးပေါ်တစ်ဦး ကိုယ်ကျိုးမဖက်ဘဲ ရိုးရိုးသားသား အချိန်အကြာကြီး ပေါင်းသင်းဆက်ဆံပြီးမှ ယုံကြည်မှုဖြစ်ပေါ်လာတာပါ။ ဒါပေမဲ့ မရိုးသားတဲ့လုပ်ရပ်တစ်ခုကြောင့် ယုံကြည်မှုဟာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားနိုင်ပါတယ်။ ယုံကြည်မှုပျက်စီးသွားပြီဆိုရင် ပြန်တည်ဆောက်ဖို့ အရမ်းခက်ပါတယ်။
အရင်းနှီးဆုံးမိတ်ဆွေလို့ထင်ထားတဲ့သူက ကိုယ့်အပေါ် လိမ်ညာသွားတာမျိုး ကြုံဖူးသလား။ ကြုံဖူးတယ်ဆိုရင် သင် ဘယ်လိုခံစားခဲ့ရသလဲ။ ထိခိုက်နာကျင်ပြီး ကိုယ့်အပေါ် သစ္စာဖောက်သွားတယ်လို့တောင် ခံစားမိနိုင်တယ်။ ဒီလိုဖြစ်တတ်တာ သဘာဝပါ။ အနှစ်နှစ်အလလ ကြိုးစားတည်ဆောက်ခဲ့တဲ့ ဆက်ဆံရေးဟာ မရိုးသားမှုကြောင့် ပျက်စီးသွားနိုင်တယ်ဆိုတာ အထွေအထူးပြောစရာမလိုပါဘူး။
မရိုးသားမှုက ကူးစက်လွယ်
ကယ်လီဖိုးနီးယားတက္ကသိုလ်က စီးပွားရေးပါမောက္ခ ရောဘတ် အင်နက်ရဲ့ လေ့လာချက်အရ “မရိုးသားမှုဟာ ကူးစက်လွယ်” မှန်း သိရတယ်။ မရိုးသားမှုဟာ ရောဂါပိုးလို ကူးစက်တတ်တာကြောင့် မရိုးသားသူတွေနဲ့ သင် ပိုပြီးထိတွေ့ဆက်ဆံလေ သင်ကိုယ်နှိုက်လည်း မရိုးမသားလုပ်နိုင်ချေ ပိုများလေပါပဲ။
မရိုးသားမှုထောင်ချောက်ထဲ ကျမသွားရအောင် သင် ဘယ်လိုရှောင်နိုင်မလဲ။ ကျမ်းစာက သင့်ကို ကူညီပေးနိုင်ပါတယ်။ ကျမ်းစာလမ်းညွှန်ချက်တချို့ကို ကျေးဇူးပြု၍ သုံးသပ်ကြည့်ပါ။
-
-
ရိုးသားတာ အကျိုးရှိသလားကင်းမျှော်စင် (လူထုအတွက် စာစောင်)—၂၀၁၆ | အမှတ် ၁
-
-
မျက်နှာဖုံးဆောင်းပါး | ရိုးသားတာ အကျိုးရှိရဲ့လား
ရိုးသားတာ အကျိုးရှိသလား
“ငါတို့သည် အရာရာ၌ ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံလိုသဖြင့် ဩတ္တပ္ပစိတ် ကြည်လင်ကြောင်း ယုံကြည်စိတ်ချကြ၏။”—ဟေဗြဲ ၁၃:၁၈။
ကျမ်းစာထဲမှာ “ရိုးသားမှု” လို့ ဘာသာပြန်ဆိုတတ်တဲ့ ဂရိစကားလုံးရဲ့ မူရင်းအဓိပ္ပာယ်က “နဂိုအရင်းခံကောင်းမွန်ခြင်း” ဖြစ်တယ်။ စောင့်ထိန်းရမယ့် ကိုယ်ကျင့်တရားစံနှုန်းလို့လည်း အဓိပ္ပာယ်ဆောင်ပါတယ်။
တမန်တော်ပေါလုရေးခဲ့တဲ့ “အရာရာ၌ ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံ” ပါဆိုတဲ့ ဘုရားသခင့်လမ်းညွှန်ချက်ကို ခရစ်ယာန်တွေ အလေးအနက်ထားကြတယ်။ အဲဒီထဲမှာ ဘာတွေပါဝင်သလဲ။
စိတ်လွန်ဆွဲပွဲ
မနက်တိုင်းမှာ လူအများစုဟာ အပြင်မထွက်ခင် တစ်ချက်လောက်တော့ မှန်ကြည့်ကြတယ်။ ဘာလို့ ကြည့်တာလဲ။ ကိုယ့်ရုပ်ကို ကြည့်ကောင်းစေချင်လို့ မဟုတ်လား။ ဒါပေမဲ့ ဆံပင်ပုံစံ စတိုင်ကျတာ၊ ဖက်ရှင်ကျတဲ့ အဝတ်အစားတွေထက် ပိုအရေးကြီးတဲ့အရာတွေ ရှိပါတယ်။ စိတ်သဘောထားက အပြင်ပန်းရုပ်သွင်ကို ပိုကြည့်ကောင်းစေနိုင်သလို ရုပ်ဆိုးစေနိုင်စွမ်းလည်း ရှိပါတယ်။
ကျွန်ုပ်တို့ဟာ မကောင်းတာတွေကို လုပ်ချင်စိတ်ရှိကြောင်း ကျမ်းစာမှာ ပွင့်ပွင့်လင်းလင်း ဖော်ပြထားတယ်။ “လူတို့သည် ငယ်သောအရွယ်မှစ၍ စိတ်နှလုံးအကြံအစည်ဆိုးကြ” တယ်။ (ကမ္ဘာဦး ၈:၂၁) ဒါကြောင့် ရိုးသားဖို့ဆိုရင် ကျွန်ုပ်တို့ရဲ့မွေးရာပါ အပြစ်လုပ်လိုစိတ်ကို အဆက်မပြတ်တွန်းလှန်နေရမှာ ဖြစ်တယ်။ အပြစ်လုပ်လိုစိတ်ကို သူကိုယ်တိုင် တွန်းလှန်ခဲ့ရတဲ့အကြောင်း ထင်သာမြင်သာရှိအောင် တမန်တော်ပေါလု အခုလိုဖော်ပြတယ်– “ဘုရားသခင်၏ပညတ်တရားတော်ကို ငါ၏စိတ်နှလုံးက နှစ်သက်ဝမ်းမြောက်စွာ လက်ခံ၏။ သို့သော် ငါ၏ကိုယ်ခန္ဓာအတွင်း၌ ငါ၏စိတ်က နှစ်သက်သည့် သဘောတရားနှင့် ဆိုင်ပြိုင်တိုက်ခိုက်လျက်နေသည့် အခြားသဘောတရားတစ်ခုရှိ၏။ ထိုသဘောတရားသည် ငါ၏အတွင်း၌ ထကြွလှုပ်ရှား၍ ငါ့အား အပြစ်တရား၏လက်သို့ အပ်နှံသည်ကိုငါမြင်ရ၏။”—ရောမ ၇:၂၂၊ ၂၃၊ ခမ။
ဥပမာ၊ မကောင်းတာတွေကို လုပ်ချင်စိတ်ပြင်းပြလာတဲ့အခါ၊ မရိုးမသားလုပ်ချင်စိတ်တွေ ပြင်းထန်လာတဲ့အခါ စိတ်စေစားရာအတိုင်း လိုက်လုပ်စရာ မလိုပါဘူး။ ကိစ္စရပ်တိုင်းမှာ ရွေးချယ်စရာ ရှိနေဆဲပါ။ ကျွန်ုပ်တို့က မကောင်းတဲ့အတွေးကိုငြင်းပယ်ပြီး မရိုးသားတဲ့လောကအလယ်မှာ ရိုးရိုးသားသား နေထိုင်နိုင်ပါတယ်။
စိတ်လွန်ဆွဲပွဲ အောင်နိုင်ခြင်း
ရိုးသားဖို့ဆိုရင် ကျွန်ုပ်တို့မှာ ကိုယ်ကျင့်တရားစံနှုန်းကောင်းတစ်ခု ရှိရပါမယ်။ ဒါပေမဲ့ လူများစွာဟာ ကိုယ်ကျင့်တရားစံနှုန်းထက် အဝတ်အစားအကြောင်းကိုပဲ အလေးပေး စဉ်းစားကြတယ်။ ဒီတော့ ဘာဖြစ်လာသလဲ။ အခြေအနေအရ နည်းနည်းပါးပါးမရိုးမသားလုပ်တာက ဘာမှမဖြစ်ပါဘူးလို့ ထင်လာကြတယ်။ “အများအားဖြင့် သူများတွေက ကိုယ့်ကိုရိုးသားပါတယ်လို့ ထင်နေတဲ့အတိုင်းအတာအထိ ကျွန်တော်တို့ မရိုးမသားလုပ်ကြတယ်” လို့ စာအုပ်တစ်အုပ် The (Honest) Truth About Dishonesty မှာဖော်ပြထားတယ်။ ဒါဆို မရိုးမသားလုပ်တယ်ဆိုတာဘာမှန်း ကွဲကွဲပြားပြားသိအောင် ကူညီပေးနိုင်တဲ့ ယုံကြည်စိတ်ချနိုင်တဲ့ စံနှုန်းရှိပါသလား။ ရှိပါတယ်။
ကမ္ဘာတစ်ဝန်းက လူသန်းပေါင်းများစွာဟာ ကျမ်းစာမှာ လက်တွေ့ကျတဲ့ လမ်းညွှန်ချက်တွေပါကြောင်း တွေ့ရှိခဲ့ပါပြီ။ ကျမ်းစာထဲမှာ အကောင်းဆုံးကိုယ်ကျင့်တရားစံနှုန်းတွေ ပါတယ်။ (ဆာလံ ၁၉:၇) မိသားစု၊ အလုပ်အကိုင်၊ ကိုယ်ကျင့်တရား၊ ဘာသာရေး စတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ယုံကြည်စိတ်ချထိုက်တဲ့ လမ်းညွှန်ချက်တွေ ကျမ်းစာထဲမှာရှိတယ်။ ကျမ်းစာဟာ အချိန်အခါမရွေး မှန်ကန်ကြောင်း သက်သေထူခဲ့ပါပြီ။ ကျမ်းစာမူတွေ၊ ကျမ်းစာလမ်းညွှန်ချက်တွေက ဘယ်လူမျိုး၊ ဘယ်ဘာသာအတွက်မဆို အသုံးဝင်ပါတယ်။ ကျမ်းစာကို သေချာလေ့လာ၊ ကျမ်းစာပြောဆိုရာကို တွေးတောဆင်ခြင်ပြီး ကျမ်းစာလမ်းညွှန်ချက်တွေကို ကျင့်သုံးရင် ကျွန်ုပ်တို့ဟာ ရိုးသားဖြောင့်မတ်လာပါလိမ့်မယ်။
မရိုးသားမှုကို တွန်းလှန်ဖို့ ကျမ်းစာအသိပညာရှိရုံသာမက လက်တွေ့ကျင့်သုံးဖို့လည်း လိုပါတယ်။ ယိုယွင်းနေတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေအတိုင်းနေထိုင်ဖို့ ဖိအားပေးနေတဲ့ လူတွေအလယ်မှာ ကျွန်ုပ်တို့အားလုံး နေထိုင်ကြရတယ်။ ဒါကြောင့် ကျွန်ုပ်တို့ကို ကူညီထောက်မပေးဖို့ ဘုရားသခင်ဆီ ဆုတောင်းရတာ ဖြစ်တယ်။ (ဖိလိပ္ပိ ၄:၆၊ ၇၊ ၁၃) အဲဒီလိုလုပ်မယ်ဆိုရင် မှန်ရာကိုလုပ်ဖို့၊ အချိန်အခါမရွေး ရိုးသားစွာကျင့်ကြံဖို့ သတ္တိရှိလာမှာဖြစ်တယ်။
ရိုးသားခြင်းရဲ့ အကျိုးကျေးဇူးများ
အစပိုင်းဆောင်းပါးမှာဖော်ပြခဲ့တဲ့ ဟီတိုရှိဟာ ရိုးသားတဲ့အလုပ်သမားဂုဏ်ပုဒ်ကြောင့် အကျိုးရခဲ့တယ်။ အခုဆိုရင် သူ့ရဲ့ရိုးသားမှုကိုလေးစားတဲ့ အလုပ်ရှင်တစ်ဦးဆီမှာ အလုပ်လုပ်နေပါပြီ။ “သမ္မာအာဇီဝကျတဲ့အလုပ်ကို စိတ်လက်ကြည်လင်စွာ လုပ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်လိုက်တာ” ဆိုပြီး ဟီတိုရှိပြောပြတယ်။
တခြားသူတွေလည်း အဲဒီလိုအကျိုးကျေးဇူးတွေ ရရှိခဲ့ပါပြီ။ “အရာရာ၌ ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံ” ပါဆိုတဲ့ ကျမ်းစာလမ်းညွှန်ချက်ကို လိုက်လျှောက်ခဲ့လို့ အကျိုးရခဲ့သူတွေအကြောင်း သုံးသပ်ကြည့်ပါ။
မှားမှန်သိစိတ် ကြည်လင်ခြင်း
“သူခိုးတွေနဲ့တွဲလုပ်ဖို့ အသက် ၁၃ နှစ်မှာ ကျွန်မ ကျောင်းထွက်လိုက်တယ်။ ဒါကြောင့် ကျွန်မဝင်ငွေရဲ့ ၉၅ ရာခိုင်နှုန်းက မရိုးသားတဲ့နည်းနဲ့ရတာချည်းပဲ။ ကျွန်မ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ လင်မယားနှစ်ယောက်စလုံး ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာတယ်။ ယေဟောဝါဘုရားa ဟာ မရိုးသားတဲ့အကျင့်အကြံတွေကို မုန်းတီးမှန်းသိလာတော့ ကျွန်မတို့ဘဝပုံစံကို ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ၁၉၉၀ ခုနှစ်မှာ ယေဟောဝါဘုရားဆီ ဆက်ကပ်အပ်နှံပြီး ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံခဲ့တယ်။”—သုတ္တံ ၆:၁၆-၁၉။
“အရင်တုန်းကဆိုရင် ကျွန်မအိမ်မှာ ခိုးရာပါပစ္စည်းတွေချည်းပဲ။ အခုတော့ ခိုးရာပါပစ္စည်းတွေ မရှိတော့လို့ ကျွန်မစိတ်လည်း ကြည်လင်လာတယ်။ အချိန်အကြာကြီး မရိုးမသားနေလာခဲ့တဲ့ကျွန်မကို ယေဟောဝါဘုရား သနားကြင်နာလို့ ကျေးဇူးတင်မဆုံးဖြစ်လိုက်တာ။ ကျွန်မကို ယေဟောဝါဘုရား နှစ်သက်တယ်ဆိုတဲ့စိတ်နဲ့ ညတိုင်း အိပ်ရာဝင်ရတာလောက် ကြည်နူးစရာကောင်းတာ မရှိတော့ပါဘူးရှင်။—အိုင်ယာလန်နိုင်ငံသူ ရှယ်ရီ။
“စျေးဝယ်သူတစ်ယောက် လာဘ်ပေးတာကို ကျွန်တော်မယူမှန်း အလုပ်ရှင်သိသွားတော့ ‘မင်းကိုးကွယ်တဲ့ဘုရားက မင်းကို ယုံကြည်စိတ်ချထိုက်တဲ့ လူတစ်ယောက်ဖြစ်အောင် လုပ်ပေးလိုက်တာ၊ မင်းလိုလူတစ်ယောက် ငါတို့ကုမ္ပဏီမှာရှိနေတာ တကယ့်ကိုအားရစရာပဲကွာ’ လို့ ပြောတယ်။ အချိန်အခါမရွေး ကျွန်တော် ရိုးရိုးသားသားနေလို့ ယေဟောဝါဘုရားရှေ့ စိတ်ကြည်ကြည်လင်လင် အသက်ရှင်နိုင်တယ်၊ မိသားစုကို ရိုးရိုးသားသား ရှာဖွေကျွေးမွေးလာနိုင်တယ်၊ တခြားသူတွေကိုလည်း ရိုးသားဖို့ အားပေးနိုင်လာတယ်။”—ဟောင်ကောင်က ဆန်နီ။
စိတ်ငြိမ်သက်ခြင်း
“ကျွန်တော်ဟာ နိုင်ငံတကာဘဏ်က လက်ထောက်စီမံခန့်ခွဲရေးမှူးပါ။ ဒီလုပ်ငန်းမှာက ရိုးသားဖို့ထက် ချမ်းသာကြွယ်ဝဖို့ပဲ ဦးစားထားကြတာ။ ‘ကောင်းစားဖို့အတွက် နည်းနည်းပါးပါးလေး မရိုးမသားလုပ်တာက ဘာမှားလို့လဲ’ ဆိုပြီး လူအများစု ရှုမြင်ထားကြတယ်။ ဒါပေမဲ့ ကျွန်တော် ရိုးရိုးသားသားနေလို့ စိတ်ချမ်းမြေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရိုးရိုးသားသားဆက်နေမယ်လို့ ကျွန်တော် ဆုံးဖြတ်ထားတယ်။ ကျွန်တော်ဟာ သူများအတွက်လည်း မလိမ်ပေးသလို ကိုယ့်အတွက်လည်း မလိမ်မှန်း အလုပ်ရှင်တွေ သိထားကြတယ်။”—အမေရိကန်နိုင်ငံသား တွမ်။
ကိုယ့်ကိုယ်ကိုယ်လေးစားမှု
“အလုပ်မှာ ပစ္စည်းတချို့ပျောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အထက်အရာရှိက ကျွန်မကို လိမ်ညာခိုင်းပေမဲ့ သူပြောသလို မလုပ်ခဲ့ဘူး။ နောက်ဆုံးမှာ သူခိုးတွေကိုမိသွားတော့ အလုပ်ရှင်က ကျွန်မ ရိုးရိုးသားသားနေတာကို ကျေးဇူးတင်စကားဆိုတယ်။ မရိုးသားတဲ့လောကအလယ်မှာ ရိုးသားဖို့ဆိုတာ သတ္တိရှိရမှာဖြစ်ပေမဲ့ ရိုးရိုးသားသားနေရင် တခြားသူတွေ ကျွန်မတို့ကို ယုံကြည်ပြီး လေးစားလာမှာ အမှန်ပါပဲ။”—ဂျပန်နိုင်ငံသူ ခါအိုရီ။
မှားမှန်သိစိတ် ကြည်လင်တာ၊ စိတ်ငြိမ်သက်တာ၊ ကိုယ့်ကိုယ်ကိုယ်လေးစားတာ စတဲ့အကျိုးကျေးဇူးတွေကြောင့် ရိုးသားမှုဟာ တကယ်အကျိုးရှိတယ်ဆိုတာကို သင်လည်း သဘောတူတယ် မဟုတ်လား။
a ယေဟောဝါဆိုတာ ကျမ်းစာမှာဖော်ပြထားတဲ့ ဘုရားသခင်ရဲ့နာမည် ဖြစ်ပါတယ်။
-