ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • စိတ်ဝင်စားစရာ သမိုင်းကြောင်း
    ကင်းမျှော်စင် (လူထုအတွက် စာစောင်)—၂၀၁၆ | အမှတ် ၄
    • မျက်နှာဖုံးဆောင်းပါး | သမ္မာကျမ်းစာ ရှင်သန်တည်တံ့ခဲ့ပုံ

      စိတ်ဝင်စားစရာ သမိုင်းကြောင်း

      လူ​တစ်ဦး ကျမ်းစာကိုင်ပြီး သံသယဝင်နေ

      ဘာသာရေးစာပေတွေထဲမှာ သမ္မာကျမ်းစာက အထူးခြားဆုံးပါပဲ။ သမိုင်းတစ်လျှောက် လူများစွာရဲ့ယုံကြည်ချက်ကို ပုံသွင်းပေးနိုင်တဲ့ စာအုပ်ကိုပြပါဆိုရင် သမ္မာကျမ်းစာကလွဲလို့ တခြားမရှိဘူး။ တစ်ချိန်တည်းမှာ ဝေဖန်ပြောဆိုမှုအခံရဆုံး၊ ဖတ်ရှုလေ့လာမှု အများဆုံးစာအုပ်ဆိုရင်လည်း မမှားဘူး။

      ဥပမာ၊ ကျမ်းပညာရှင်တချို့က ခေတ်သုံးကျမ်းစာတွေဟာ မူရင်းလက်ရေးစာမူတွေအတိုင်း ဟုတ်ရဲ့လားဆိုပြီး သံသယဝင်ကြတယ်။ “မူရင်းစာသားအတိုင်း တိတိကျကျပြန်ဆိုထားတာ ဟုတ်မဟုတ် သေချာမသိနိုင်ဘူး။ ကျွန်တော်တို့ဆီမှာရှိတာက အမှားတွေပြည့်နေတဲ့ လက်ရေးစာမူတွေပဲ။ အဲဒီလက်ရေးစာမူအများစုဟာ မူရင်းကျမ်းတွေရေးပြီးလို့ နှစ်ရာချီကြာမှရေးခဲ့တာဆိုတော့ မူရင်းနဲ့တော်တော့်ကို ကွဲလွဲနေမှာ” ဆိုပြီး ဘာသာရေးပါမောက္ခတစ်ဦး ပြောခဲ့တယ်။

      တချို့ကျတော့လည်း ဘာသာရေးနောက်ခံကြောင့် ကျမ်းစာရဲ့တိကျမှန်ကန်မှုကို သံသယဝင်ကြတယ်။ ဥပမာ၊ ကျမ်းစာဟာ သန့်ရှင်းမြင့်မြတ်တဲ့စာအုပ်ဖြစ်ပေမဲ့ အကြောင်းအရာတွေ ပြောင်းလဲသွားပြီဆိုပြီး ခရစ်ယာန်မဟုတ်တဲ့မိသားစုဝင်တွေက ဖိုင်ဇယ်ကို ပြောကြတယ်။ “ဒါကြောင့် လူတွေ ကျွန်တော့်ကို ကျမ်းစာအကြောင်းပြောတဲ့အခါ မယုံတော့ဘူး။ သူတို့မှာရှိတာက မူရင်းကျမ်းစာ မဟုတ်ဘူးလေ။ ပြောင်းလဲသွားပြီ” ဆိုပြီး သူပြောတယ်။

      ကျမ်းစာပါအကြောင်းအရာတွေ ပြောင်းလဲ၊ မပြောင်းလဲဆိုတာသိဖို့ အရေးကြီးသလား။ ဒီမေးခွန်းတွေကို သုံးသပ်ကြည့်ပါ– အနာဂတ်နဲ့ပတ်သက်တဲ့ ကျမ်းစာကတိတွေဟာ မူရင်းကျမ်းမှာ ပါမပါ မသေချာဘူးဆိုရင် နှစ်သိမ့်မှုပေးတဲ့ အဲဒီကတိတွေကို သင် ယုံကြည်စိတ်ချပါ့မလား။ (ရောမ ၁၅:၄) ခေတ်သုံးကျမ်းစာတွေဟာ လူတွေကူးရေးထားတဲ့ အမှားမကင်းတဲ့စာအုပ်ဆိုရင် အလုပ်အကိုင်၊ မိသားစု၊ ဝတ်ပြုရေးစတဲ့ အရေးကြီးဆုံးဖြတ်ချက်တွေချတဲ့အခါ ကျမ်းစာလမ်းညွှန်ချက်တွေကို သင် ကျင့်သုံးပါ့မလား။

      မူရင်းကျမ်းစာစောင်တွေ ပျောက်ကွယ်သွားပြီဆိုပေမဲ့ ထောင်နဲ့ချီတဲ့ ကျမ်းလက်ရေးစာမူတွေအပါအဝင် ရှေးလက်ရေးစာမူတွေကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ အဲဒီရှေးလက်ရေးစာမူတွေဟာ ဆွေးမြည့်ပျက်စီးမှု၊ ဆန့်ကျင်မှု၊ စာသားကိုပြောင်းလဲဖို့ ကြိုးစားမှုတွေကြားမှာ ဘယ်လိုများ ရှင်သန်တည်တံ့လာခဲ့သလဲ။ ရှေးလက်ရေးစာမူတွေ ရှင်သန်တည်တံ့နေမှုက ခေတ်သုံးကျမ်းစာရဲ့တိကျမှန်ကန်မှုကို ယုံကြည်စိတ်ချနိုင်ဖို့ ဘယ်လိုထောက်ကူပေးသလဲ။ အဖြေကိုသိနိုင်ဖို့ နောက်ဆောင်းပါးတွေမှာပါတဲ့ စိတ်ဝင်စားစရာ သမိုင်းကြောင်းကို လေ့လာကြည့်ပါ။

  • ဆွေးမြည့်ပျက်စီးမှုမရှိဘဲ ရှင်သန်တည်တံ့ခဲ့တဲ့ ကျမ်းစာ
    ကင်းမျှော်စင် (လူထုအတွက် စာစောင်)—၂၀၁၆ | အမှတ် ၄
    • မျက်နှာဖုံးဆောင်းပါး | သမ္မာကျမ်းစာ ရှင်သန်တည်တံ့ခဲ့ပုံ

      ဆွေးမြည့်ပျက်စီးမှုမရှိဘဲ ရှင်သန်တည်တံ့ခဲ့တဲ့ ကျမ်းစာ

      အန္တရာယ်– အများအားဖြင့် ကျမ်းရေးသူတွေနဲ့ ကျမ်းကူးသူတွေဟာ ကျူရွက်တွေ၊ သားရေတွေပေါ်မှာ ရေးသားခဲ့ကြတယ်။a (၂ တိမောသေ ၄:၁၃) အဲဒီပစ္စည်းတွေက ကျမ်းစာရှင်သန်တည်တံ့မှုအတွက် ဘာကြောင့် အန္တရာယ်ရှိတာလဲ။

      ကျူရွက်တွေဟာ အလွယ်တကူ စုတ်ပြဲပြီး အရောင်ပြောင်းသွားနိုင်တယ်၊ အကြမ်းမခံဘူး။ “ကျူရွက်တစ်ရွက် ဆွေးသွားပြီဆိုရင် အရွက်ကြောတွေ၊ အမှုန့်တွေပဲ ကျန်ရစ်ခဲ့တယ်။ ကျူစာလိပ်ကို သိမ်းဆည်းတဲ့အခါ မှိုတက်နိုင်တယ်၊ စိုထိုင်းမှုကြောင့် ပျက်စီးနိုင်တယ်၊ မြေမြှုပ်ထားမယ်ဆိုရင် ကြွက်၊ အင်းဆက်၊ အထူးသဖြင့် ခြစားသွားနိုင်တယ်” လို့ အီဂျစ်ရှေးဟောင်းစာပေ၊ ယဉ်ကျေးမှု လေ့လာသူ ရစ်ချက်ဒ် ပါကင်ဆန်နဲ့ စတီဗင် ကွာကီတို့ ပြောပြတယ်။ ရှာဖွေတွေ့ရှိတဲ့ ကျူစာတချို့ကို အလင်းရောင် တအားများတဲ့နေရာ၊ စိုထိုင်းတဲ့နေရာမှာထားတဲ့အခါ မြန်မြန်ပျက်စီးသွားတာကို တွေ့ရတယ်။

      သားရေက ကျူရွက်ထက် ပိုတာရှည်ခံပေမဲ့ ပစ်စလက်ခတ်ထားမယ်၊ အပူချိန်၊ စိုထိုင်းစနဲ့ အလင်းရောင် တအားများတဲ့နေရာမှာ ထားမယ်ဆိုရင် သားရေလည်း ပျက်စီးနိုင်တယ်။b သားရေကို အင်းဆက်တွေ သိပ်ကြိုက်တယ်။ ဒါကြောင့် “ရှေးဟောင်းစာပေတွေကို မပျက်စီးဘဲတွေ့ရတာ သိပ်ရှားတယ်” ဆိုပြီး စာအုပ်တစ်အုပ်က (Everyday Writing in the Graeco-Roman East) ပြောတယ်။ တကယ်လို့ ကျမ်းစာသာ ဆွေးမြည့်ပျက်စီးသွားရင် အထဲမှာပါတဲ့ သတင်းတရားလည်း ပျောက်ကွယ်သွားမှာပဲ။

      ကျမ်းစာ ရှင်သန်တည်တံ့လာခဲ့ပုံ– ဂျူးပညတ်အရ ဘုရင်တိုင်းဟာ ဦးဆုံးကျမ်းငါးစောင်ဖြစ်တဲ့ ပညတ်ကျမ်းကို သူတို့ကိုယ်တိုင် “မိတ္တူရေးကူး” ရတယ်။ (တရားဟောရာ ၁၇:၁၈၊ ခမ) ဒါ့အပြင် ကျွမ်းကျင်တဲ့ကျမ်းကူးသူတွေဟာ ကျမ်းစာကို လက်ရေးစာမူအများကြီး ကူးရေးခဲ့ကြတယ်။ ဒါကြောင့် အေဒီပထမရာစုမှာ ကျမ်းစာကို အစ္စရေးပြည်တစ်ဝန်းနဲ့ ဝေးလံတဲ့မက်ဆီဒိုးနီးယားမှာရှိတဲ့ တရားဇရပ်တွေမှာတောင် တွေ့ရတယ်။ (လုကာ ၄:၁၆၊ ၁၇; တမန်တော် ၁၇:၁၁) ရှေးဟောင်းလက်ရေးစာမူတချို့ဟာ ဒီနေ့အထိ ဘယ်လိုရှင်သန်တည်တံ့လာခဲ့တာလဲ။

      ၁။ မြေအိုး; ၂။ ​ပင်လယ်သေကျမ်းလိပ်အပိုင်းအစ

      ပင်လယ်သေကျမ်းလိပ်အဖြစ် လူသိများတဲ့ ရှေးလက်ရေးစာမူတွေကို ခြောက်သွေ့တဲ့ဒေသက ဂူတွေထဲမှာ မြေအိုးတွေထဲသိမ်းထားလို့ နှစ်ရာချီ မပျက်စီးဘဲရှိနေခဲ့

      ရှေးဟောင်းကျမ်းလက်ရေးစာမူတချို့ကို ဒီဂူထဲမှာ တွေ့ရှိခဲ့

      “ဂျူးတွေဟာ ကျမ်းလိပ်တွေ တာရှည်ခံအောင် ရေတကောင်းတွေ၊ မြေအိုးတွေထဲ ထည့်သိမ်းလေ့ရှိတယ်” လို့ ဓမ္မသစ်ကျမ်းပညာရှင် ဖိလစ် ဒဗလျူ ကွန်ဖော့တ် ပြောပြတယ်။ ခရစ်ယာန်တွေလည်း အဲဒီထုံးစံကို လိုက်ခဲ့ကြတယ်။ ဒါကြောင့် ရှေးဟောင်းကျမ်းလက်ရေးစာမူတချို့ကို မြေအိုးတွေ၊ အလင်းပိတ်ဗီရိုတွေ၊ ဂူတွေထဲမှာ တွေ့ရတာ။ တစ်ခါတလေ ခြောက်သွေ့တဲ့ဒေသတွေမှာလည်း တွေ့ရတယ်။

      အကျိုးရလဒ်– ထောင်နဲ့ချီတဲ့ ကျမ်းလက်ရေးစာမူတွေဟာ ဒီနေ့ထိရှိနေဆဲပဲ။ တချို့ဆိုရင် အနှစ် ၂,၀၀၀ ကျော် သက်တမ်းရှိပြီ။ ဘယ်ရှေးဟောင်းစာပေမှာမှ ဒီလောက်များတဲ့ ရှေးလက်ရေးစာမူတွေ မတွေ့ရဘူး။

      a ကျူရွက်ကို ရေမှာပေါက်တဲ့အပင်တစ်မျိုးကနေ ထုတ်တယ်။ သားရေကိုတော့ တိရစ္ဆာန်အရေခွံကနေ ရတယ်။

      b ဥပမာ၊ အမေရိကန်ပြည်ထောင်စု လွတ်လပ်ရေးကြေညာစာတမ်း မူရင်းဟာ သားရေပေါ်မှာ ရေးသားထားတာ။ နှစ်ပေါင်း ၂၅၀ နီးပါးကြာပြီးနောက် အခုဆိုရင် အဲဒီသားရေစာဟာ ဖတ်ရခက်တဲ့အထိ မှေးမှိန်သွားတယ်။

  • ဆန့်ကျင်မှုတွေကြား ရှင်သန်တည်တံ့ခဲ့တဲ့ကျမ်းစာ
    ကင်းမျှော်စင် (လူထုအတွက် စာစောင်)—၂၀၁၆ | အမှတ် ၄
    • မျက်နှာဖုံးဆောင်းပါး | သမ္မာကျမ်းစာ ရှင်သန်တည်တံ့ခဲ့ပုံ

      ဆန့်ကျင်မှုတွေကြား ရှင်သန်တည်တံ့ခဲ့တဲ့ကျမ်းစာ

      အန္တရာယ်– နိုင်ငံရေးနဲ့ ဘာသာရေးခေါင်းဆောင်အများစုက ကျမ်းစာသတင်းတရားကို ဆန့်ကျင်ခဲ့ကြတယ်။ ကျမ်းစာ လက်ဝယ်ပိုင်ဆိုင်တာ၊ ထုတ်လုပ်တာ၊ ဘာသာပြန်တာကို အာဏာသုံးပြီး ပိတ်ပင်ခဲ့ကြတယ်။ ဖြစ်ရပ်နှစ်ခုကို သုံးသပ်ကြည့်ပါ။

      • ဘီစီ ၁၆၇ ခန့်– ဆီလူးဆဒ်မင်း အန်တိုင်းအားကပ်စ် အီပီဖနစ္စဟာ ဂျူးတွေ ဂရိဘာသာကိုလက်ခံအောင် အတင်းအကြပ်ကြိုးစားပြီး ဟေဗြဲကျမ်းစောင် လက်ရေးစာမူရှိသမျှကို ဖျက်ဆီးဖို့ အမိန့်ထုတ်ခဲ့တယ်။ သူ့လက်အောက်အရာရှိတွေဟာ “တွေ့သမျှ ပညတ်ကျမ်းလိပ်တွေကို ဆုတ်ဖြဲ၊ မီးရှို့တယ်။ ခွန်အားနဲ့ နှစ်သိမ့်မှုရဖို့ ကျမ်းစာဖတ်သူတွေကိုလည်း သတ်ပစ်တယ်” ဆိုပြီး သမိုင်းပညာရှင် ဟင်းန်ရစ်ခ် ဂရတ်စ် ရေးသားခဲ့တယ်။

      • အလယ်ခေတ်– ကက်သလစ်ဘာသာရေးခေါင်းဆောင်တချို့က အသင်းသားတွေဟာ ကက်သလစ်အယူဝါဒမဟုတ်ဘဲ ကျမ်းစာသွန်သင်ချက်အကြောင်း ဟောပြောတာကိုတွေ့ပြီး ဒေါသထွက်ကြတယ်။ ဒါကြောင့် လက်တင်စကားနဲ့ရေးထားတဲ့ ဆာလံကျမ်းကလွဲပြီး တခြားကျမ်းတွေပိုင်ဆိုင်တဲ့ အသင်းသားမှန်သမျှကို မိစ္ဆာဒိဌိအဖြစ် သတ်မှတ်တယ်။ ချာ့ချ်ကောင်စီတစ်ဖွဲ့က “မိစ္ဆာဒိဌိတွေကို ပိုက်စိတ်တိုက်ရှာဖွေဖို့၊ . . . ကျမ်းစာပိုင်ဆိုင်ထားတယ်လို့ သံသယရှိတဲ့ အိမ်တွေ၊ မြေအောက်ခန်းတွေ အားလုံးကိုရှာဖွေဖို့၊ . . . မိစ္ဆာဒိဌိရှိတဲ့ ဘယ်အိမ်ကိုမဆို ဖျက်ဆီးဖို့” သူတို့လူတွေကို အမိန့်ပေးခဲ့တယ်။

      ဆန့်ကျင်သူတွေသာ ကျမ်းစာကိုဖျက်ဆီးနိုင်ခဲ့ရင် ကျမ်းစာသတင်းတရားလည်း ပျောက်ကွယ်သွားခဲ့မှာပဲ။

      ဝီလျံတင်ဒေးလ်ရဲ့ အင်္ဂလိပ်ဘာသာပြန် သမ္မာကျမ်းစာ

      ပိတ်ပင်မှု၊ မီးရှို့ဖျက်ဆီးမှုတွေကြား ရှင်သန်တည်တံ့ခဲ့တဲ့ ဝီလျံတင်ဒေးလ်ရဲ့ အင်္ဂလိပ်ဘာသာပြန် သမ္မာကျမ်းစာ၊ ၁၅၃၆ ခုနှစ်မှာ သူ ကွပ်မျက်ခံခဲ့ရ

      ကျမ်းစာ ရှင်သန်တည်တံ့လာခဲ့ပုံ– ဘုရင်အန်တိုင်းအားကပ်စ်က အစ္စရေးနိုင်ငံကဂျူးတွေကို ပစ်မှတ်ထားခဲ့ပေမဲ့ ဂျူးတွေဟာ တခြားတိုင်းပြည်တွေမှာလည်း အနှံ့အပြားနေထိုင်ကြတယ်။ ကျမ်းပညာရှင်တွေ ခန့်မှန်းချက်အရ အေဒီပထမရာစုလောက်မှာ ဂျူး ၆၀ ရာခိုင်နှုန်းကျော်ဟာ အစ္စရေးနိုင်ငံပြင်ပမှာ နေထိုင်တယ်။ ဂျူးတွေရဲ့တရားဇရပ်တွေမှာ ကျမ်းလက်ရေးစာမူတွေကို သိမ်းဆည်းထားပြီး အဲဒါတွေကို ခရစ်ယာန်တွေအပါအဝင် နောက်မျိုးဆက်တွေက အသုံးပြုခဲ့ကြတယ်။—တမန်တော် ၁၅:၂၁။

      အလယ်ခေတ်အတွင်း ကျမ်းစာချစ်မြတ်နိုးသူတွေဟာ နှိပ်စက်ညှဉ်းပန်းမှုကြားမှာ ကျမ်းစောင်တွေကို ဆက်ပြီးဘာသာပြန်၊ ကူးရေးခဲ့ကြတယ်။ ၁၅ ရာစုအလယ်ပိုင်းမှာ ခဲစာလုံးအရှင်ပုံနှိပ်စက်ကို တီထွင်ခဲ့တယ်။ အဲဒီမတိုင်ခင်ကတည်းက ကျမ်းစာအပိုင်းတချို့ကို ဘာသာစကား ၃၃ မျိုးနဲ့ရနိုင်ပြီ။ နောက်ပိုင်း ကျမ်းစာကို အမြောက်အမြား ဘာသာပြန်၊ ထုတ်ဝေခဲ့ကြတယ်။

      အကျိုးရလဒ်– ဘုရင်တွေ၊ လမ်းလွဲနေတဲ့ဓမ္မဆရာဘုန်းကြီးတွေ ခြိမ်းခြောက်တဲ့ကြားထဲကနေ သမ္မာကျမ်းစာဟာ သမိုင်းမှာ အဖြန့်ဝေရဆုံး၊ ဘာသာအပြန်ရဆုံးစာအုပ် ဖြစ်လာတယ်။ သမ္မာကျမ်းစာဟာ နိုင်ငံတချို့ရဲ့ ဥပဒေနဲ့ ဘာသာစကားအပြင် လူသန်းပေါင်းများစွာရဲ့အသက်တာကို ပုံသွင်းပေးခဲ့တယ်။

  • စာသားပြောင်းလဲဖို့ ကြိုးစားမှုတွေကြား ရှင်သန်တည်တံ့ခဲ့တဲ့ ကျမ်းစာ
    ကင်းမျှော်စင် (လူထုအတွက် စာစောင်)—၂၀၁၆ | အမှတ် ၄
    • ကျမ်းကူးသူ​တစ်ဦး

      မက်စရိတွေဟာ ကျမ်းစာသားတွေကို စေ့စပ်သေချာစွာ ကူးရေးခဲ့ကြ

      မျက်နှာဖုံးဆောင်းပါး | သမ္မာကျမ်းစာ ရှင်သန်တည်တံ့ခဲ့ပုံ

      စာသားပြောင်းလဲဖို့ ကြိုးစားမှုတွေကြား ရှင်သန်တည်တံ့ခဲ့တဲ့ ကျမ်းစာ

      အန္တရာယ်– ဆွေးမြည့်ပျက်စီးမှု၊ ဆန့်ကျင်မှုစတဲ့ အန္တရာယ်တွေကြားကနေ ကျမ်းစာဟာ ရှင်သန်တည်တံ့လာခဲ့တယ်။ ဒါပေမဲ့ ကျမ်းကူးသူတချို့နဲ့ ဘာသာပြန်သူတချို့က ကျမ်းစာသတင်းတရားကို ပြောင်းလဲပစ်ဖို့ ကြိုးစားခဲ့ကြတယ်။ သူတို့ယုံကြည်ချက်ကို ကျမ်းစာနဲ့ကိုက်ညီအောင်လုပ်မယ့်အစား ကျမ်းစာကို သူတို့ယုံကြည်ချက်နဲ့ကိုက်ညီအောင်လုပ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဖြစ်ရပ်တချို့ကို သုံးသပ်ကြည့်ပါ–

      • ဝတ်ပြုရာနေရာ– ဘီစီ လေးရာစုနဲ့ နှစ်ရာစုကြားမှာ ရှမာရိပင်တကျွတ်ကျမ်းကို ရေးသားသူတွေက ထွက်မြောက်ရာ ၂၀:၁၇ ရဲ့နောက်ပိုင်းမှာ ဒီစာသားတွေကို ထပ်ထည့်ခဲ့ကြတယ်– “အာဂါရီးဇိမ်မှာ ပလ္လင်တစ်ခုကို တည်ဆောက်ရမယ်။” ရှမာရိတွေဟာ “အာဂါရီးဇိမ်” ဒါမှမဟုတ် ဂေရဇိမ်တောင်ပေါ်မှာ သူတို့ ဗိမာန်တည်ဆောက်တာကို ကျမ်းစာက ထောက်ခံတဲ့ပုံစံမျိုးဖြစ်အောင် လုပ်ခဲ့ကြတယ်။

      • သုံးပါးတစ်ဆူအယူဝါဒ– ကျမ်းစာရေးသားပြီးစီးလို့ နှစ် ၃၀၀ လောက်မှာ သုံးပါးတစ်ဆူအယူဝါဒကိုလက်ခံတဲ့ စာရေးသူတစ်ဦးက ၁ ယောဟန် ၅:၇ မှာ “ကောင်းကင်ဘုံ၌ ခမည်းတော်တစ်ပါး၊ နှုတ်ကပါဌ်တော်တစ်ပါး၊ သန့်ရှင်းသောဝိညာဉ်တော်တစ်ပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တစ်လုံးတစ်ဝတည်းဖြစ်တော်မူ၏” ဆိုပြီး ထပ်ထည့်ခဲ့တယ်။ အဲဒီဖော်ပြချက်ကို မူရင်းစာသားမှာ မတွေ့ရဘူး။ ကျမ်းပညာရှင် ဘရုစ် မက်စ်ဂါ အခုလိုပြောတယ်– “ခြောက်ရာစုနောက်ပိုင်းကျမှ အဲဒီစကားတွေကို ရှေးလက်တင်ကျမ်းနဲ့ [လက်တင်] ဗားလ်ဂိတ်ကျမ်းရဲ့ လက်ရေးစာမူတွေမှာ ပိုပိုတွေ့လာရတယ်။”

      • ဘုရားသခင့်နာမည်– ဂျူးတွေရဲ့အယူသည်းမှုကို အစွဲပြုပြီး ကျမ်းစာဘာသာပြန်သူ အတော်များများက ဘုရားသခင့်နာမည်ကို ကျမ်းစာကနေ ထုတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ နာမတော်ပါတဲ့နေရာတိုင်းမှာ “ဘုရားသခင်၊” “သခင်” စတဲ့ဘွဲ့တွေနဲ့ အစားထိုးခဲ့ကြတယ်။ တကယ်တော့ ကျမ်းစာထဲမှာ အဲဒီဘွဲ့တွေကို ဖန်ဆင်းရှင်အတွက်သာမက လူသားတွေ၊ အယူမှားဘာသာကိုးကွယ်သူတွေနဲ့ မာရ်နတ်အတွက်တောင် အသုံးပြုထားတယ်။—ယောဟန် ၁၀:၃၄၊ ၃၅; ၁ ကောရိန္သု ၈:၅၊ ၆; ၂ ကောရိန္သု ၄:၄။a

      ကျမ်းစာ ရှင်သန်တည်တံ့လာခဲ့ပုံ– ပထမ၊ ကျမ်းကူးသူတချို့ဟာ ပေါ့ပေါ့ဆဆ၊ မရိုးမသားလုပ်ခဲ့ပေမဲ့ ကျမ်းကူးသူအများစုကတော့ တကယ့်ကိုကျွမ်းကျင်ပြီး စေ့စပ်သေချာသူတွေဖြစ်တယ်။ အေဒီ ခြောက်ရာစုနဲ့ ဆယ်ရာစုကြားမှာ မက်စရိတွေဟာ ဟေဗြဲကျမ်းစောင်တွေကို ကူးရေးခဲ့ပြီး အဲဒီကျမ်းစောင်တွေကို မက်စိုရက်တစ်ကျမ်းအဖြစ် လူသိများတယ်။ သူတို့ ကူးရေးတဲ့အခါ အမှားအယွင်းမပါအောင် အက္ခရာစာလုံးတွေကိုတောင် ရေတွက်ထားကြတယ်။ မူရင်းစာသားမှာ အမှားအယွင်းရှိတယ်လို့ သံသယဝင်တာနဲ့ အဲဒီစာသားရဲ့ ဘေးကွက်လပ်မှာ မှတ်ချက်ရေးထားကြတယ်။ မက်စရိတွေဟာ ကျမ်းစာသားကို ပြောင်းလဲတာမျိုး လုံးဝမလုပ်ခဲ့ကြဘူး။ “ကျမ်းစာသားကို တမင်တကာပြောင်းလိုက်တာဟာ သူတို့အတွက် အဆိုးရွားဆုံးရာဇဝတ်မှုပဲ” ဆိုပြီး ကျမ်းပညာရှင် မော်ရှာ ဂေါရှန် ဂေါ့တ်စတင်း ရေးသားခဲ့တယ်။

      ဒုတိယ၊ အခုရှိနေတဲ့ ကျမ်းလက်ရေးစာမူအမြောက်အမြားက အမှားရှာတွေ့ဖို့ ကျမ်းပညာရှင်တွေကို အထောက်အကူပြုတယ်။ ဥပမာ၊ ဘာသာရေးခေါင်းဆောင်တွေက လက်တင်ကျမ်းစာတွေမှာပဲ ကျမ်းစာသားအစစ်အမှန်ကိုတွေ့ရတယ်ဆိုပြီး နှစ်ရာနဲ့ချီ သွန်သင်ခဲ့တယ်။ ဒါပေမဲ့ အစမှာဖော်ပြသလို ၁ ယောဟန် ၅:၇ မှာ စာသားအမှားတွေကို ဖြည့်စွက်ခဲ့တယ်။ ဒီအမှားက လူသုံးများတဲ့ အင်္ဂလိပ် ဂျိမ်းဘုရင်ဘာသာပြန်ကျမ်းမှာတောင် ကူးစက်သွားတယ်။ ဒါပေမဲ့ တခြားလက်ရေးစာမူတွေကို ရှာဖွေတွေ့ရှိတဲ့အခါ ဘယ်အချက်ကို သိလာသလဲ။ ဘရုစ် မက်စ်ဂါ အခုလိုရေးခဲ့တယ်– “[၁ ယောဟန် ၅:၇] ပါ စာသားကို (ဆီးရီးယား၊ ရှေးသုံးအီဂျစ်၊ အာမေးနီးယား၊ အီသီယိုးပီးယား၊ အာရပ်၊ ဆလာဗိုနစ်) ရှေးလက်ရေးစာမူအားလုံးမှာ မတွေ့ရဘူး။ လက်တင်ကျမ်းမှာပဲ တွေ့ရတယ်။” ဒါကြောင့် တည်းဖြတ်ထားတဲ့ ဂျိမ်းဘုရင်ဘာသာပြန်ကျမ်းနဲ့ တခြားကျမ်းစာတွေမှာ အဲဒီစာသားအမှားကို ဖယ်ထုတ်လိုက်တယ်။

      Chester Beatty P46၊ အေဒီ ၂၀၀ ခန့်က ကျူစာ ကျမ်းလက်ရေးစာမူတစ်ခု

      Chester Beatty P46၊ အေဒီ ၂၀၀ ခန့်က ကျူစာ ကျမ်းလက်ရေးစာမူတစ်ခု

      ကျမ်းစာသတင်းတရား မပြောင်းလဲဘူးဆိုတာ ရှေးလက်ရေးစာမူတွေက အတည်ပြုပေးသလား။ ၁၉၄၇ ခုနှစ်မှာ ရှာဖွေတွေ့ရှိတဲ့ ပင်လယ်သေကျမ်းလိပ်တွေဟာ ဟေဗြဲမက်စိုရက်တစ်ကျမ်း မတိုင်ခင် နှစ်ပေါင်းတစ်ထောင်ကျော်လောက်က ရေးသားခဲ့တာဖြစ်တယ်။ အဲဒီကျမ်းနှစ်ကျမ်းကို ကျမ်းပညာရှင်တွေ နှိုင်းယှဉ်ကြည့်ခဲ့တယ်။ “ဂျူးကျမ်းကူးသူတွေဟာ နှစ်ပေါင်းတစ်ထောင်ကျော်ကာလအတွင်း ကျမ်းစာသားတွေကို သစ္စာရှိရှိ၊ စေ့စပ်သေချာစွာ ကူးရေးခဲ့မှန်း ကျမ်းလိပ်တစ်လိပ်နဲ့တင် အခိုင်အမာ သက်သေထူတယ်” လို့ ပင်လယ်သေကျမ်းလိပ် တည်းဖြတ်အဖွဲ့ဝင်တစ်ဦး မှတ်ချက်ချတယ်။

      အိုင်ယာလန်နိုင်ငံ၊ ဒါဘလန်မြို့က ချက်စ်တာဘီတီ စာကြည့်တိုက်မှာ အေဒီဒုတိယရာစုက လက်ရေးစာမူတွေအပါအဝင် ခရစ်ယာန်ဂရိကျမ်းစောင်အားလုံးနီးပါးရဲ့ ကျူစာတွေကို ပြသထားတယ်။ ကျမ်းစာရေးသားပြီးစီးလို့ နှစ် ၁၀၀ လောက်အကြာမှာပဲ အဲဒါတွေကို ရေးသားခဲ့တာ။ စာအုပ်တစ်အုပ် (The Anchor Bible Dictionary) က အခုလိုဖော်ပြတယ်– “ကျူစာတွေကြောင့် ကျမ်းစာသားနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက် အသစ်တွေကို သိလာရသလို တစ်ချိန်တည်းမှာ ကျမ်းစာကို သမိုင်းတစ်လျှောက် တိတိကျကျကူးရေးခဲ့တယ် ဆိုတာကိုလည်း သိလာရတယ်။”

      “ကျမ်းစာလိုမျိုး တိတိကျကျ ကူးရေးထားတဲ့ တခြားရှေးဟောင်းစာပေ လုံးဝမရှိဘူးဆိုတာ ကျိန်းသေပြောရဲတယ်”

      အကျိုးရလဒ်– ကျမ်းစာလက်ရေးစာမူတွေရဲ့ သက်တမ်းနဲ့ အရေအတွက်များပြားမှုက ကျမ်းစာသားတွေကို အမှားအယွင်း ဖြစ်စေမယ့်အစား ပိုကောင်းအောင် အထောက်အကူပြုတယ်။ ဆာ ဖရက်ဒရစ် ကင်ညွန်က ခရစ်ယာန်ဂရိကျမ်းစောင်တွေနဲ့ပတ်သက်ပြီး အခုလိုရေးသားခဲ့တယ်– “ကျမ်းစာကလွဲရင် ဘယ်ရှေးစာအုပ်မှာမှ ဒီလောက်များတဲ့ ရှေးဟောင်းအထောက်အထားတွေ မရှိဘူး။ ကျွန်တော်တို့လက်ထဲရှိတဲ့ ကျမ်းစာသားတွေဟာ ပြည့်စုံမှန်ကန်တယ်ဆိုတာ ဘက်မလိုက်တဲ့ ကျမ်းပညာရှင်တိုင်း အသိအမှတ်ပြုမှာပဲ။” ဟေဗြဲကျမ်းစောင်တွေနဲ့ပတ်သက်ပြီး ကျမ်းပညာရှင် ဝီလျံ ဟင်နရီ ဂရင်း အခုလိုပြောတယ်– “ကျမ်းစာလိုမျိုး တိတိကျကျ ကူးရေးထားတဲ့ တခြားရှေးဟောင်းစာပေ လုံးဝမရှိဘူးဆိုတာ ကျိန်းသေပြောရဲတယ်။”

      a ထပ်ဆင့်အချက်အလက်အတွက် သမ္မာကျမ်းစာလေ့လာမှုလမ်းညွှန် (sgd) စာမျက်နှာ ၁-၁၃ ကို ကြည့်ပါ။ www.pr2711.com/mya မှာလည်း ကူးယူနိုင်ပါတယ်။

  • ကျမ်းစာ ရှင်သန်တည်တံ့လာရတဲ့ အကြောင်းရင်း
    ကင်းမျှော်စင် (လူထုအတွက် စာစောင်)—၂၀၁၆ | အမှတ် ၄
    • လူ​တစ်ဦး ကျမ်းစာဖတ်နေ

      မျက်နှာဖုံးဆောင်းပါး | သမ္မာကျမ်းစာ ရှင်သန်တည်တံ့ခဲ့ပုံ

      ကျမ်းစာ ရှင်သန်တည်တံ့လာရတဲ့ အကြောင်းရင်း

      ကျမ်းစာဟာ ရှင်သန်တည်တံ့လာခဲ့တယ်။ ဒါကြောင့်လည်း ဒီနေ့အချိန်မှာ ကျမ်းစာကို သင် ပိုင်ဆိုင်၊ ဖတ်ရှုနိုင်တာပါ။ ဘာသာပြန်ကျမ်းစာကောင်း တစ်အုပ်ကို ရွေးဖတ်တဲ့အခါ မူရင်းစာသားအတိုင်း ရေးသားထားမှန်း သင်စိတ်ချနိုင်ပါတယ်။a ဒါပေမဲ့ ဆွေးမြည့်ပျက်စီးမှု၊ အပြင်းအထန် ဆန့်ကျင်မှု၊ ကျမ်းစာသားကို တမင်တကာပြောင်းလဲဖို့ကြိုးစားမှုစတဲ့ ဖြစ်ရပ်တွေကြားကနေ ကျမ်းစာဟာ ဘာကြောင့် ရှင်သန်တည်တံ့လာခဲ့တာလဲ။ ကျမ်းစာမှာ ဘာများထူးခြားချက်ရှိသလဲ။

      “သမ္မာကျမ်းစာဟာ ဘုရားပေးလက်ဆောင်ဖြစ်မှန်း အခု ကျွန်တော် အခိုင်အမာယုံကြည်သွားပြီ”

      “ကျမ်းဂန်ရှိသမျှသည် ဘုရားသခင့်စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့်ရေးထား” တယ်ဆိုတဲ့ တမန်တော်ပေါလုရဲ့စကားကို ကျမ်းစာလေ့လာသူ အတော်များများ သဘောတူကြတယ်။ (၂ တိမောသေ ၃:၁၆) သမ္မာကျမ်းစာဟာ ဘုရားသခင့်နှုတ်ထွက်စကားဖြစ်ပြီး ကိုယ်တော် ထိန်းသိမ်းကာကွယ်ပေးခဲ့လို့သာ ဒီနေ့ထိ ရှင်သန်တည်တံ့လာမှန်း သူတို့ယုံကြည်ကြတယ်။ အဖွင့်ဆောင်းပါးမှာပါတဲ့ ဖိုင်ဇယ်ဟာ လူတွေပြောတာ မှန်မမှန်သိဖို့ ကျမ်းစာကို ကိုယ်တိုင်လေ့လာကြည့်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ သိလိုက်ရတဲ့အရာကြောင့် သူ အံ့ဩသွားတယ်။ အမည်ခံခရစ်ယာန်တွေကြား ပျံ့နှံ့နေတဲ့သွန်သင်ချက်အများစုဟာ ကျမ်းစာထဲမှာမပါဘူးဆိုတာ မကြာခင်မှာပဲ သူသိလာတယ်။ ဒါ့အပြင် ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ ဘုရားရည်ရွယ်ချက်ကို ကျမ်းစာထဲမှာတွေ့လိုက်ရတော့ သူ သိပ်ကြိုက်သွားတယ်။

      သူ အခုလိုပြောတယ်– “သမ္မာကျမ်းစာဟာ ဘုရားပေးလက်ဆောင်ဖြစ်မှန်း အခု ကျွန်တော် အခိုင်အမာယုံကြည်သွားပြီ။ ဘုရားသခင်က စကြဝဠာကြီးကိုတောင် ပြုလုပ်နိုင်တယ်ဆိုရင် ကျွန်တော်တို့အတွက် စာအုပ်တစ်အုပ်ပေးဖို့၊ ဒီစာအုပ်ကို ထိန်းသိမ်းကာကွယ်ဖို့ သူ့မှာ တန်ခိုးရှိမှာပဲ မဟုတ်လား။ ဒီလိုမှမဟုတ်ရင် ဘုရားရဲ့တန်ခိုးက အကန့်အသတ်ရှိတဲ့သဘော ဖြစ်သွားမှာပေါ့။ အနန္တတန်ခိုးရှင်ဘုရားရဲ့တန်ခိုးက အကန့်အသတ်ရှိတယ်လို့ ပြောရအောင် ကျွန်တော်က ဘာမို့လို့လဲ။”—ဟေရှာယ ၄၀:၈။

      a ၂၀၀၈၊ မေ ၁ ရက်ထုတ် ကင်းမျှော်စင်၊ “ဘာသာပြန်ကျမ်းစာကောင်း တစ်အုပ်ကို သင်မည်သို့ရွေးချယ်နိုင်မည်နည်း” ဆောင်းပါးကိုကြည့်ပါ။

      ကျမ်းစာက မှန်ကန်သလား

      ဒီဆောင်းပါးတွေမှာ ကျမ်းစာရှင်သန်တည်တံ့မှုအကြောင်း ဆွေးနွေးခဲ့ကြတယ်။ ဒါပေမဲ့ ကျမ်းစာဟာ ဒဏ္ဍာရီပေါင်းချုပ် မဟုတ်ဘဲ “ဘုရားသခင်၏ တရားစကားတော်” တကယ်ဖြစ်တယ်ဆိုတာ သင် ဘာကြောင့် ယုံကြည်စိတ်ချနိုင်တာလဲ။ (၁ သက်သာလောနိတ် ၂:၁၃) ကျမ်းစာက မှန်ကန်သလားဆိုတဲ့ ဗီဒီယိုကို www.pr2711.com/mya မှာကြည့်ပါ။ (ဒီခေါင်းစဉ်အောက်မှာကြည့်ပါ– စာအုပ်စာပေများ > ဗီဒီယိုများ)

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ