“ခံနိုင်ရည်သည် မိမိ၏အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ပါစေ”
“သင်တို့သည် မည်သည့်အရာကိုမျှ မလိုဘဲ အရာရာ၌ ပြည့်ဝစုံလင်စေရန် ခံနိုင်ရည်သည် မိမိ၏အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ပါစေ။”—ယာ. ၁:၄။
၁၊ ၂။ (က) ဂိဒေါင်နဲ့ သူ့လူ ၃၀၀ ရဲ့ ခံနိုင်ရည်ကနေ ဘာသင်ယူနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။) (ခ) လုကာ ၂၁:၁၉ အရ ခံနိုင်ရည်ရှိဖို့ ဘာကြောင့် သိပ်အရေးကြီးသလဲ။
ခက်ခဲပင်ပန်းလှတဲ့ တိုက်ပွဲပါပဲ။ တရားသူကြီး ဂိဒေါင် ဦးဆောင်တဲ့ အစ္စရေးစစ်သားတွေဟာ ရန်သူမိဒျန်လူတွေနဲ့ မဟာမိတ်တပ်တွေနောက် တစ်ညလုံး လိုက်ကြတယ်။ အကွာအဝေးအားဖြင့် မိုင် ၂၀ (၃၂ ကီလိုမီတာ) လောက်ရှိမယ်။ ‘ဂိဒေါင်နဲ့ သူ့လူ ၃၀၀ က ဂျော်ဒန်မြစ်နား ရောက်လာပြီး ဖြတ်ကူးကြတယ်။ သူတို့မောပန်းနေပေမဲ့ ရန်သူတွေကို ဆက်လိုက်ကြတယ်’ လို့ ကျမ်းစာပြောတယ်။ တိုက်ပွဲ မပြီးသေးပါဘူး။ စစ်သား ၁၅,၀၀၀ ကို တိုက်ဖို့ ကျန်နေသေးတယ်။ အစ္စရေးတွေကို နှစ်ပေါင်းများစွာ ဖိနှိပ်လာတဲ့ ဒီရန်သူတွေကို ဘယ်နည်းနဲ့မှ သူတို့ အလွှတ်မပေးနိုင်ဘူး။ ဒါကြောင့် ရန်သူတွေကို ဂိဒေါင်နဲ့ သူ့လူတွေ ဆက်လိုက်ပြီး နောက်ဆုံးမှာ အနိုင်ရခဲ့တယ်။—သူကြီး. ၇:၂၂; ၈:၄၊ ကဘ၊ ၁၀၊ ၂၈။
၂ ကျွန်တော်တို့လည်း ခက်ခဲပင်ပန်းလှတဲ့ တိုက်ပွဲကို တိုက်ခိုက်နေကြတယ်။ ရန်သူတွေထဲမှာ စာတန်၊ သူ့လောကနဲ့ ကိုယ်တိုင်ရဲ့မစုံလင်မှုတွေ ပါဝင်တယ်။ ကျွန်တော်တို့ထဲက တချို့ဟာ ဒီတိုက်ပွဲကို တိုက်ခိုက်လာတာ နှစ်ပေါင်းများစွာရှိပြီ။ ယေဟောဝါရဲ့ အကူအညီနဲ့ တိုက်ပွဲပေါင်းများစွာကို အနိုင်ရခဲ့ကြတယ်။ ဒါပေမဲ့ အပြီးသတ်အောင်ပွဲတော့ မရသေးပါဘူး။ တစ်ခါတလေ တိုက်ပွဲဝင်ရင်း ခြေကုန်လက်ပန်းကျလာနိုင်တယ်။ ဒါမှမဟုတ် ဒီစနစ်ဆိုးရဲ့ အဆုံးကို စောင့်မျှော်ရတာ ငြီးငွေ့လာနိုင်တယ်။ နောက်ဆုံးကာလအတွင်း ပြင်းထန်တဲ့ စမ်းသပ်မှုတွေ၊ ရက်စက်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ ကြုံရမယ်လို့ ယေရှု သတိပေးခဲ့တယ်။ ဒါပေမဲ့ ခံနိုင်ရည်ရှိရင် အောင်မြင်မယ်လို့လည်း ပြောတယ်။ (လုကာ ၂၁:၁၉ ကိုဖတ်ပါ။) ခံနိုင်ရည်ဆိုတာ ဘာလဲ။ ခံနိုင်ရည်ရှိဖို့ ဘာက ကူညီပေးမလဲ။ ခံနိုင်ရည်ရှိခဲ့သူတွေဆီကနေ ဘာသင်ယူနိုင်သလဲ။ “ခံနိုင်ရည်သည် မိမိ၏အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်” ဖို့ ကျွန်တော်တို့ ဘယ်လို ခွင့်ပြုနိုင်သလဲ။—ယာ. ၁:၄။
ခံနိုင်ရည်ဆိုတာ ဘာလဲ
၃။ ခံနိုင်ရည်ဆိုတာ ဘာလဲ။
၃ ကျမ်းစာမှာဖော်ပြထားတဲ့ ခံနိုင်ရည်ဆိုတာ ခက်ခဲတဲ့အခြေအနေတစ်ခုကို အောင့်အည်းသည်းခံနေရုံလောက်ကိုသာ မဆိုလိုဘူး။ ကိုယ့်ရဲ့စဉ်းစားပုံ၊ စမ်းသပ်မှုတွေကို သဘောထားပုံတွေ ပါဝင်ပတ်သက်တယ်။ ခံနိုင်ရည်က သတ္တိရှိအောင်၊ သစ္စာရှိအောင်၊ စိတ်ရှည်အောင် ကူညီပေးတယ်။ “ခံနိုင်ရည်ဟာ ခိုင်မာတဲ့မျှော်လင့်ချက်ရှိဖို့၊ စမ်းသပ်မှုတွေ ကြုံရချိန်မှာ အလျှော့မပေးဖို့ ကူညီပေးတဲ့ အရည်အသွေးဖြစ်တယ်။ အဆိုးရွားဆုံး စမ်းသပ်မှုတွေ ရင်ဆိုင်ရချိန်မှာတောင် မတုန်မလှုပ် ကြံ့ကြံ့ခံရပ်တည်နိုင်အောင် ကူညီပေးတယ်။ နာကျင်မှုကို ကျော်လွန်ပြီး ပန်းတိုင်ကို တွေ့မြင်စေတဲ့အတွက် နောက်ဆုံးမှာ အောင်ပွဲရစေတယ်” လို့ စာအုပ်တစ်အုပ်က ပြောတယ်။
၄။ မေတ္တာက ခံနိုင်ရည်ရှိဖို့ လှုံ့ဆော်ပေးတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။
၄ မေတ္တာက ခံနိုင်ရည်ရှိဖို့ လှုံ့ဆော်ပေးတယ်။ (၁ ကောရိန္သု ၁၃:၄၊ ၇ ကိုဖတ်ပါ။) ဘယ်ကဏ္ဍတွေမှာလဲ။ ယေဟောဝါကို ချစ်တဲ့မေတ္တာက ကိုယ်တော်ခွင့်ပြုတာမှန်သမျှကို ခံနိုင်ရည်ရှိဖို့ လှုံ့ဆော်ပေးတယ်။ (လု. ၂၂:၄၁၊ ၄၂) ညီအစ်ကိုညီအစ်မတွေကို ချစ်တဲ့မေတ္တာက သူတို့ရဲ့ မစုံလင်မှုတွေကို ခံနိုင်ရည်ရှိဖို့ ကူညီပေးတယ်။ (၁ ပေ. ၄:၈) အိမ်ထောင်ဖက်ကို ချစ်တဲ့မေတ္တာက အိမ်ထောင်ရေးသာယာတဲ့ ဇနီးမောင်နှံတွေတောင် ကြုံတွေ့ရတဲ့ “ဆင်းရဲဒုက္ခကို” ခံနိုင်ရည်ရှိဖို့၊ အိမ်ထောင်နှောင်ကြိုး ခိုင်မြဲအောင် လုပ်ဆောင်ဖို့ ကူညီပေးတယ်။—၁ ကော. ၇:၂၈။
ခံနိုင်ရည်ရှိဖို့ သင့်ကို ဘာက ကူညီပေးမလဲ
၅။ ခံနိုင်ရည်ရှိအောင် ကျွန်တော်တို့ကို ယေဟောဝါ ဘာကြောင့် အကောင်းဆုံး ကူညီပေးနိုင်သလဲ။
၅ ခွန်အားရဖို့ ယေဟောဝါဆီ အကူအညီတောင်းပါ။ ယေဟောဝါဟာ “ခံနိုင်ရည်နှင့် နှစ်သိမ့်ခြင်းအရှင် ဘုရားသခင်” ဖြစ်တယ်။ (ရော. ၁၅:၅) ကိုယ်တော်တစ်ပါးတည်းသာ ကျွန်တော်တို့ရဲ့ အခြေအနေ၊ ခံစားချက်နဲ့ နောက်ခံကို အပြည့်အဝ နားလည်တယ်။ ဒါကြောင့် ခံနိုင်ရည်ရှိဖို့ ကျွန်တော်တို့ ဘာလိုအပ်တယ်ဆိုတာ ဘုရားသခင် အတိအကျ သိတယ်။ “ကြောက်ရွံ့သောသူတို့၏အလိုကို ပြည့်စုံစေတော်မူ၏။ ထိုသူတို့၏ အော်ဟစ်ခြင်းကို ကြား၍ ကယ်တင်တော်မူ၏” လို့ ကျမ်းစာ ပြောတယ်။ (ဆာ. ၁၄၅:၁၉) ဒါပေမဲ့ ခွန်အားရဖို့ ဆုတောင်းချက်ကို ယေဟောဝါ ဘယ်လို အဖြေပေးမလဲ။
ကျွန်တော်တို့အကြောင်း အပြည့်အဝ နားလည်တဲ့ ယေဟောဝါဟာ ခံနိုင်ရည်ရှိဖို့ ကျွန်တော်တို့ ဘာလိုအပ်တယ်ဆိုတာ အတိအကျ သိတယ်
၆။ ကျမ်းစာမှာ ကတိပေးထားတဲ့အတိုင်း ယေဟောဝါက ဘယ်လိုနည်းနဲ့ ‘လွတ်မြောက်ရာလမ်းကို ပြင်ဆင်ပေး’ နိုင်သလဲ။
၆ ခံနိုင်ရည်ပေးဖို့ ယေဟောဝါဆီ အကူအညီတောင်းတဲ့အခါ ‘လွတ်မြောက်ရာလမ်းကို ပြင်ဆင်ပေး’ မယ်လို့ ဘုရားသခင် ကတိပြုထားတယ်။ (၁ ကောရိန္သု ၁၀:၁၃ ကိုဖတ်ပါ။) ဘယ်လိုနည်းနဲ့ ပြင်ဆင်ပေးသလဲ။ တစ်ခါတလေ စမ်းသပ်မှုကို ဘုရားသခင် ဖယ်ရှားပေးနိုင်တယ်။ ဒါပေမဲ့ အများအားဖြင့်တော့ “ခံနိုင်ရည်အပြည့်ရှိ၍ ဝမ်းမြောက်စွာ စိတ်ရှည်နိုင်” အောင် ကျွန်တော်တို့ကို ခွန်အားပေးပါလိမ့်မယ်။ (ကော. ၁:၁၁) ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်း ဘယ်လောက်အတိုင်းအတာအထိ ခံနိုင်တယ်ဆိုတဲ့ အကန့်အသတ်ကို ယေဟောဝါ သိတဲ့အတွက် ဆက်သစ္စာမရှိနိုင်တော့လောက်အောင် ခက်ခဲလွန်းတဲ့အခြေအနေကို ခွင့်ပြုမှာမဟုတ်ဘူး။
၇။ ခံနိုင်ရည်ရှိအောင် ပုံဆောင်အစာ စားသုံးဖို့ ဘာကြောင့် လိုအပ်တယ်ဆိုတာ ဥပမာပေးရှင်းပြပါ။
၇ ပုံဆောင်အစာအားဖြင့် သင့်ယုံကြည်ခြင်းကို ခိုင်ခံ့စေပါ။ ပုံဆောင်အစာ စားသုံးဖို့ ဘာကြောင့် အရေးကြီးသလဲ။ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ကို တက်ဖို့ လူတစ်ယောက်ဟာ တစ်ရက်ကို ကယ်လိုရီ ၆,၀၀၀ လောက် စားဖို့ လိုအပ်တယ်။ ဒါက ပုံမှန်လူတစ်ယောက်စားသုံးတဲ့ သုံးလေးရက်စာလောက် ရှိတယ်။ အဲဒီလိုပဲ ကျွန်တော်တို့လည်း ခံနိုင်ရည်ရှိဖို့နဲ့ ပန်းတိုင်ရောက်ဖို့ ပုံဆောင်အစာ များများ စားသုံးဖို့ လိုအပ်တယ်။ ကိုယ်ပိုင်လေ့လာမှုနဲ့ အစည်းအဝေးတွေအတွက် အချိန်ပေးဖို့ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ရမယ်။ အဲဒီလုပ်ဆောင်မှုတွေက ယုံကြည်ခြင်းခိုင်ခံ့နေအောင် ကူညီပေးပါလိမ့်မယ်။—ယော. ၆:၂၇။
၈၊ ၉။ (က) ယောဘ ၂:၄၊ ၅ အရ ကျွန်တော်တို့ စမ်းသပ်မှုကြုံရတဲ့အခါ ဘာပါဝင်ပတ်သက်နေသလဲ။ (ခ) စမ်းသပ်မှုတွေ ကြုံရတဲ့အခါ ဘယ်မြင်ကွင်းကို မြင်ယောင်ကြည့်နိုင်သလဲ။
၈ သစ္စာစောင့်သိမှုအရေးကိစ္စကို သတိရပါ။ စမ်းသပ်မှုကြုံရတဲ့အခါ ကျွန်တော်တို့ နာကျင်ခံစားရတာထက်မက ပါဝင်ပတ်သက်တယ်။ ဘုရားအပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ သစ္စာစောင့်သိမှု စမ်းသပ်ခံနေရတာ ဖြစ်တယ်။ စမ်းသပ်မှုကို တုံ့ပြန်ပုံက ယေဟောဝါကို စကြဝဠာအချုပ်အခြာအာဏာရှင်အဖြစ် ကျွန်တော်တို့ တကယ်ရှုမြင်သလားဆိုတာ ဖော်ပြတယ်။ ဘယ်နည်းအားဖြင့်လဲ။ ဘုရားသခင့် အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ရန်သူစာတန်က ‘လူသည် မိမိအသက်ဖို့ မိမိဥစ္စာရှိသမျှကို ပေးပါလိမ့်မည်။ ယခုတစ်ဖန် လက်တော်ကိုဆန့်၍ [ယောဘ၏] အရိုးနှင့် အသားကို ထိခိုက်တော်မူလျှင် သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်’ လို့ ပြောပြီး ယေဟောဝါကို ကဲ့ရဲ့ရှုတ်ချတယ်။ (ယောဘ ၂:၄၊ ၅) ယေဟောဝါကို ကိုယ်ကျိုးမရှာတဲ့မေတ္တာနဲ့ ချစ်တဲ့သူ တစ်ယောက်မှမရှိဘူးလို့ စာတန် ပြောနေတာ ဖြစ်တယ်။ အခုအချိန်မှာ စာတန် အဲဒီလို မပြောတော့ဘဲ ပြောင်းလဲသွားပြီလား။ လုံးဝ မပြောင်းလဲပါဘူး။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ကောင်းကင်ကနေ ပစ်ချခံရချိန်မှာ ဘုရားသခင့် သစ္စာရှိကျေးကျွန်တွေကို နေ့ညမပြတ် စွပ်စွဲနေတုန်းပဲ။ (ဗျာ. ၁၂:၁၀) သစ္စာစောင့်သိမှုအရေးကိစ္စကို စာတန် မမေ့သေးဘူး။ ဘုရားသခင့် အုပ်ချုပ်မှုကို ကျွန်တော်တို့ ငြင်းပယ်ပြီး သစ္စာဖောက်သွားတာကို သူ သိပ်မြင်ချင်နေတယ်။
၉ သင်ဟာ စမ်းသပ်မှုတစ်ခုကို အလူးအလဲ ကြုံနေရတယ်ဆိုရင် ဒီမြင်ကွင်းကို မြင်ယောင်ကြည့်ပါ။ တစ်ဖက်မှာ စာတန်နဲ့ နတ်ဆိုးတွေ ရှိနေပြီး သင် ဘာလုပ်မယ်ဆိုတာ ကြည့်နေတယ်။ သင် လက်မြှောက်အရှုံးပေးသွားမယ်လို့ အခိုင်အမာ ပြောနေကြတယ်။ နောက်တစ်ဖက်မှာတော့ ယေဟောဝါ၊ ဘုရင်ယေရှုခရစ်၊ ရှင်ပြန်ထမြောက်သွားတဲ့ ဘိသိက်ခံတွေနဲ့ မြောက်မြားလှတဲ့ ကောင်းကင်တမန်တွေ ရှိနေတယ်။ သူတို့လည်း သင် လှိမ့်ပိမ့်ခံနေရတာကို ကြည့်နေတယ်။ ဒါပေမဲ့ သင့်ကို ဝိုင်းအုံအားပေးနေကြတယ်။ သင့်ရဲ့ ခံနိုင်ရည်နဲ့ ယေဟောဝါအပေါ် သစ္စာစောင့်သိမှုကို မြင်ရလို့ ဝမ်းသာနေကြတယ်။ အဲဒီနောက် “ငါ့သား ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါ ချေနိုင်အောင် ငါ့စိတ်ကို ရွှင်လန်းစေလော့” လို့ ယေဟောဝါ ပြောတာကို သင် ကြားရတယ်။—သု. ၂၇:၁၁။
ယေရှုဟာ ခံနိုင်ရည်ကြောင့်ရရှိမယ့် အကျိုးကျေးဇူးတွေကို အာရုံစိုက်တယ်
၁၀။ စမ်းသပ်မှုကြုံရတဲ့အခါ ယေရှုကို ဘယ်လို တုပနိုင်သလဲ။
၁၀ ရရှိမယ့်အကျိုးကျေးဇူးတွေကို အာရုံစိုက်ပါ။ ခရီးတစ်ခုသွားနေတယ်လို့ မြင်ယောင်ကြည့်ပါ။ တစ်နေရာမှာ လှိုဏ်ခေါင်းရှည်တစ်ခုကို ဖြတ်ရမယ်။ ဘယ်ဘက်ကြည့်ကြည့် မှောင်မည်းနေတယ်။ ဒါပေမဲ့ လှိုဏ်ခေါင်းဆုံးရင် အလင်းရောင် ပြန်မြင်ရမယ်ဆိုတာ သင် သိတယ်။ ဘဝလည်း အဲဒီခရီးနဲ့တူတယ်။ ဆူးခင်းလမ်းတွေကို ဖြတ်ရနိုင်တယ်။ ပြဿနာတွေ ဝိုင်းနေနိုင်တယ်။ ယေရှုတောင် အဲဒီလို ခံစားခဲ့ရနိုင်တယ်။ ယေရှုဟာ အရှက်ခွဲခံရ၊ ‘အပြစ်သားတွေရဲ့ ဆန့်ကျင်စကားကို’ ခံရပ်ခဲ့ရပြီး ညှဉ်းဆဲရာသစ်တိုင်ပေါ်မှာ နာကျင်စွာ အသတ်ခံခဲ့ရတယ်။ ဘဝမှာ အခက်ခဲဆုံးအချိန်ဖြစ်မှာပဲ။ ခံနိုင်ရည်ရှိဖို့ ယေရှုကို ဘာက ကူညီပေးခဲ့သလဲ။ “ရှေ့၌ရှိသော ဝမ်းမြောက်စရာအကြောင်းကြောင့်” ခံနိုင်ရည်ရှိခဲ့တယ်လို့ ကျမ်းစာ ပြောတယ်။ (ဟေဗြဲ ၁၂:၂၊ ၃) ရရှိမယ့်အကျိုးကျေးဇူးတွေ၊ အထူးသဖြင့် ဘုရားသခင့်နာမည်ကို သန့်ရှင်းမြင့်မြတ်စေပြီး အချုပ်အခြာအာဏာကို ထောက်ခံရာမှာ ပါဝင်ခွင့်ရမှာကို ယေရှု အာရုံစိုက်တယ်။ စမ်းသပ်မှုဟာ တစ်ခဏပဲဖြစ်ပြီး ကောင်းကင်မှာရရှိမယ့် အကျိုးကျေးဇူးကတော့ ထာဝစဉ်တည်မယ်ဆိုတာ ယေရှု သိတယ်။ ဒီနေ့လည်း စမ်းသပ်မှုတွေကြောင့် သင် အလူးအလဲ နာကျင်ခံစားရနိုင်တယ်။ ဒါပေမဲ့ အဲဒါတွေဟာ တစ်ခဏပဲဆိုတာ သတိရပါ။
“ခံနိုင်ရည်ရှိသူတို့”
၁၁။ “ခံနိုင်ရည်ရှိသူတို့” ရဲ့ အတွေ့အကြုံတွေကို ဘာကြောင့် သုံးသပ်သင့်သလဲ။
၁၁ ခံနိုင်ရည်ရှိဖို့ ကိုယ်တစ်ယောက်တည်း ကြိုးစားနေရတာ မဟုတ်ပါဘူး။ စာတန်ဖြစ်ပေါ်စေတဲ့ စမ်းသပ်မှုတွေကို ခံရပ်နိုင်အောင် ခရစ်ယာန်တွေကို အားပေးဖို့ တမန်တော် ပေတရု အခုလို ရေးတယ်– “ဤလောကတွင်ရှိသော သင်တို့၏ ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံးသည်လည်း ထပ်တူဆင်းရဲဒုက္ခကို ခံစားနေရကြောင်း သိမှတ်၍ မာရ်နတ်ကို ဆန့်ကျင်ကြလော့။ ယုံကြည်ခြင်းတွင် ခိုင်ခံ့မြဲမြံကြလော့။” (၁ ပေ. ၅:၉) “ခံနိုင်ရည်ရှိသူတို့” ရဲ့ အတွေ့အကြုံတွေက ဘယ်လို သစ္စာရှိရမယ်ဆိုတာ ကျွန်တော်တို့ကို သင်ပေးတယ်။ အောင်မြင်နိုင်တယ်ဆိုတာ စိတ်ချစေတယ်။ သစ္စာစောင့်သိမှုကနေ အကျိုးကျေးဇူးရရှိမယ်ဆိုတာ အမှတ်ရစေတယ်။ (ယာ. ၅:၁၁) ပုံနမူနာတချို့ကို သုံးသပ်ကြည့်ကြစို့။[၁]
၁၂။ ဧဒင်ဥယျာဉ်မှာ တာဝန်ရတဲ့ ခေရုဗိမ်တွေဆီကနေ ဘာသင်ယူရသလဲ။
၁၂ ခေရုဗိမ်တွေ။ ဒီအဆင့်မြင့်ကောင်းကင်တမန်တွေထဲက တချို့ဟာ အာဒံနဲ့ ဧဝ ပုန်ကန်ပြီးနောက် မြေကြီးပေါ်မှာ တာဝန်သစ်တစ်ခု ရရှိခဲ့တယ်။ ဒီတာဝန်ဟာ ကောင်းကင်မှာထမ်းဆောင်ခဲ့တဲ့ တာဝန်နဲ့ သိပ်ကွာတယ်။ သူတို့ရဲ့ ပုံနမူနာက ခက်ခဲတဲ့တာဝန်ကို ဘယ်လို ခံနိုင်ရည်ရှိရှိ ထမ်းဆောင်ရမယ်ဆိုတာ သင်ကြားပေးနိုင်တယ်။ ယေဟောဝါက “အသက်ပင်လမ်းကို စောင့်ရှောက်စေခြင်းငှာ မီးစက်လက်နက်နှင့်တကွ ခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏” လို့ ကျမ်းစာ ပြောတယ်။[၂] (က. ၃:၂၄) မိမိတို့ဟာ သိပ်အရေးပါအရာရောက်သူတွေဖြစ်လို့ ဒီတာဝန်နဲ့ မတန်ဘူးလို့ ခေရုဗိမ်တွေ ညည်းညူမှန်း ဖော်ပြထားတဲ့ ကျမ်းချက်တစ်ချက်မှ မရှိဘူး။ သူတို့ လုံးဝ မငြီးငွေ့ကြဘူး။ နေရာကနေ တစ်ဖဝါးမှ မခွာကြဘူး။ တာဝန်ပြီးဆုံးတဲ့အထိ၊ ဖြစ်နိုင်တာက နောက်နှစ်ပေါင်း ၁,၆၀၀ ကျော်မှာ ရေလွှမ်းမိုးဘေးကျရောက်ချိန်အထိ စွဲစွဲမြဲမြဲ လုပ်ဆောင်ခဲ့ကြတယ်။
၁၃။ စမ်းသပ်မှုတွေကို ခံနိုင်ရည်ရှိဖို့ ယောဘကို ဘာက ကူညီပေးခဲ့သလဲ။
၁၃ သစ္စာရှိသူ ယောဘ။ သင်ဟာ တစ်ခါတလေ မိတ်ဆွေ ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်ယောက်ရဲ့ စကားကြောင့် စိတ်ထိခိုက်မိနိုင်တယ်။ အကြီးအကျယ် မကျန်းမမာဖြစ်နေနိုင်တယ်။ ဒါမှမဟုတ် ချစ်မြတ်နိုးရသူတစ်ယောက် သေဆုံးသွားလို့ ဝမ်းနည်းကြေကွဲနေနိုင်တယ်။ ဘာပဲဖြစ်ဖြစ်၊ ယောဘရဲ့ ပုံနမူနာကနေ နှစ်သိမ့်မှုရရှိနိုင်တယ်။ (ယောဘ ၁:၁၈၊ ၁၉; ၂:၇၊ ၉; ၁၉:၁-၃) ရုတ်တရက်ကြီး ဘာကြောင့် ဒုက္ခတွေ ပုံအောကျရောက်တယ်ဆိုတာ ယောဘ မသိပေမဲ့ အရှုံးမပေးခဲ့ဘူး။ ခံနိုင်ရည်ရှိဖို့ သူ့ကို ဘာက ကူညီပေးခဲ့သလဲ။ တစ်ချက်အနေနဲ့ ယေဟောဝါကို “ကြောက်ရွံ့” လို့ ဖြစ်တယ်။ (ယောဘ ၁:၁) အခြေအနေကောင်းတဲ့အခါမှာရော မကောင်းတဲ့အခါမှာပါ ဘုရားနှစ်သက်တာကို လုပ်ဆောင်ဖို့ သူ စိတ်ပိုင်းဖြတ်ထားတယ်။ အဲဒီအပြင် ဘုရားသခင့်အကူအညီကြောင့် အံ့ဖွယ်ဖန်ဆင်းရာတချို့အကြောင်း ယောဘ စဉ်းစားနိုင်ခဲ့ပြီး ဘုရားသခင့်တန်ခိုးကို သိရှိလာတယ်။ ဒါကြောင့် ကြုံနေရတဲ့ ဒုက္ခတွေကို အချိန်တန်တဲ့အခါ ဘုရားဖယ်ရှားပေးမယ်ဆိုတာ ယောဘ ပိုယုံကြည်စိတ်ချလာတယ်။ (ယောဘ ၄၂:၁၊ ၂) အဲဒီအတိုင်း တကယ်ဖြစ်ပျက်လာတယ်။ ‘ယေဟောဝါက ယောဘရဲ့ ဆင်းရဲဒုက္ခတွေကို ဖယ်ရှားပေးပြီး အရင်တုန်းကလိုပဲ ပြန်ကြွယ်ဝစေတယ်။ ယေဟောဝါက ယောဘပိုင်ဆိုင်ခဲ့တာတွေထက် နှစ်ဆပြန်ပေးတယ်။’ ယောဘဟာ ‘ကျေနပ်စရာကောင်းတဲ့ဘဝနဲ့ အသက်ရှည်ရှည် နေထိုင်’ ခဲ့တယ်။—ယောဘ ၄၂:၁၀၊ ၁၇၊ ကဘ။
၁၄။ ၂ ကောရိန္သု ၁:၆ အရ ပေါလုရဲ့ခံနိုင်ရည်က တခြားသူတွေကို ဘယ်လို ကူညီပေးသလဲ။
၁၄ တမန်တော်ပေါလု။ သင်ဟာ ပြင်းထန်တဲ့ဆန့်ကျင်မှု ဒါမှမဟုတ် နှိပ်စက်ညှဉ်းပန်းမှု ကြုံနေရသလား။ သင်ဟာ တာဝန်တွေပိနေတယ်လို့ ခံစားနေရတဲ့ အကြီးအကဲ ဒါမှမဟုတ် တိုက်နယ်ကြီးကြပ်မှူးတစ်ယောက်လား။ ဒါဆို ပေါလုရဲ့ပုံနမူနာက သင့်ကို ကူညီပေးနိုင်တယ်။ ပေါလုဟာ ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းခံခဲ့ရတယ်။ အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေအတွက်လည်း အမြဲ စိုးရိမ်ခဲ့တယ်။ (၂ ကော. ၁၁:၂၃-၂၉) ဒါပေမဲ့ ပေါလု လုံးဝ လက်မလျှော့ဘူး။ သူ့ပုံနမူနာက တခြားသူတွေကို အားရှိစေခဲ့တယ်။ (၂ ကောရိန္သု ၁:၆ ကိုဖတ်ပါ။) သင်လည်း ခံနိုင်ရည်တင်ပြမယ်ဆိုရင် သင့်ပုံနမူနာက တခြားသူတွေကို ခံနိုင်ရည်ရှိဖို့ ကူညီပေးနိုင်တယ်။
သင့်အတွက် “ခံနိုင်ရည်သည် မိမိ၏အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်” မလား
၁၅၊ ၁၆။ (က) ခံနိုင်ရည်ဟာ ဘယ် “အလုပ်” ကို ပြီးမြောက်အောင် လုပ်ဆောင်မလဲ။ (ခ) “ခံနိုင်ရည်သည် မိမိ၏အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်” ဖို့ ကျွန်တော်တို့ ဘယ်လို ခွင့်ပြုနိုင်သလဲ။
၁၅ “သင်တို့သည် မည်သည့်အရာကိုမျှ မလိုဘဲ အရာရာ၌ ပြည့်ဝစုံလင်စေရန် ခံနိုင်ရည်သည် မိမိ၏အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ပါစေ” လို့ တပည့်တော်ယာကုပ် ရေးခဲ့တယ်။ (ယာ. ၁:၄) ခံနိုင်ရည်ဟာ ဘယ်လိုနည်းနဲ့ သူ့အလုပ်သူ ပြီးမြောက်အောင် လုပ်ဆောင်နိုင်သလဲ။ တစ်ခါတလေ စမ်းသပ်မှုတွေက အားနည်းချက်တွေ၊ တိုးတက်ဖို့လိုနေတဲ့ ကဏ္ဍတွေကို လှစ်ဟပြတယ်။ ဥပမာ၊ ပိုစိတ်ရှည်ဖို့၊ ပိုကျေးဇူးတင်တတ်ဖို့၊ ပိုကြင်နာတတ်ဖို့ လိုအပ်နေတာ ဖြစ်နိုင်တယ်။ ဒါကြောင့် စမ်းသပ်မှုတွေကို ခံနိုင်ရည်ရှိရှိ ရင်ဆိုင်တဲ့အခါ ခရစ်ယာန်အရည်အသွေးတွေ ပို “ပြည့်ဝစုံလင်” လာတယ်၊ တစ်နည်းအားဖြင့် ပိုတိုးတက်လာတယ်။
စမ်းသပ်မှုတွေကို ခံနိုင်ရည်ရှိရှိ ရင်ဆိုင်တဲ့အခါ ခရစ်ယာန်အရည်အသွေးတွေ ပို “ပြည့်ဝစုံလင်” လာတယ် (အပိုဒ် ၁၅၊ ၁၆ ကိုကြည့်ပါ)
၁၆ ခံနိုင်ရည်က ကျွန်တော်တို့ကို ပိုကောင်းတဲ့ ခရစ်ယာန်တွေ ဖြစ်စေတဲ့အတွက် စမ်းသပ်မှုကို မြန်မြန် အဆုံးသတ်ဖို့ ကျမ်းစာမူတွေကို ချိုးဖောက်လိုက်တာမျိုး မလုပ်ပါနဲ့။ ဥပမာ၊ သင်ဟာ မသန့်ရှင်းတဲ့စိတ်ကူးတွေကို ကြိုးစားတွန်းလှန်နေရတယ်ဆိုရင် အလျှော့မပေးလိုက်ပါနဲ့။ အဲဒါတွေကို ဖယ်ထုတ်ပစ်နိုင်ဖို့ ယေဟောဝါဆီ အကူအညီတောင်းပါ။ သင်ဟာ မယုံကြည်တဲ့မိသားစုဝင်တွေရဲ့ ဆန့်ကျင်မှု ကြုံနေရသလား။ အရှုံးမပေးလိုက်ပါနဲ့။ ယေဟောဝါကို ဆက်ဝတ်ပြုဖို့ စိတ်ပိုင်းဖြတ်ထားပါ။ ဒါဆို ယေဟောဝါအပေါ်ထားတဲ့ သင့်ယုံကြည်စိတ်ချမှု ခိုင်မာလာပါလိမ့်မယ်။ ဘုရားသခင့်နှစ်သက်မှု ရရှိဖို့ဆိုရင် ခံနိုင်ရည်ရှိရမယ်ဆိုတာ သတိရပါ။—ရော. ၅:၃-၅; ယာ. ၁:၁၂။
၁၇၊ ၁၈။ (က) အဆုံးအထိ ခံနိုင်ရည်ရှိခြင်းရဲ့ အရေးကြီးမှုကို ဥပမာပေးရှင်းပြပါ။ (ခ) အဆုံးနီးလာတာနဲ့အမျှ ဘာကို ယုံကြည်စိတ်ချနိုင်သလဲ။
၁၇ ကျွန်တော်တို့ဟာ ခဏတစ်ဖြုတ်မဟုတ်ဘဲ အဆုံးအထိ ခံနိုင်ရည်ရှိရမယ်။ တအိအိနစ်မြုပ်နေတဲ့ သင်္ဘောတစ်စီးကို မြင်ယောင်ကြည့်ပါ။ အသက်လွတ်ဖို့ဆိုရင် ခရီးသည်တွေဟာ ကမ်းစပ်ရောက်အောင် ရေကူးရမှာဖြစ်တယ်။ အစကတည်းက လက်လျှော့လိုက်သူရော ကမ်းစပ်ရောက်ခါနီးမှာ လက်လျှော့လိုက်သူပါ အဖြစ်ဆိုးတစ်မျိုးတည်းကို ရင်ဆိုင်ရပါလိမ့်မယ်။ အဲဒီလိုပဲ ကျွန်တော်တို့လည်း ကမ္ဘာသစ်မှာ နေထိုင်ချင်ရင် ခံနိုင်ရည်ရှိဖို့ လိုအပ်တယ်။ “ငါတို့သည် အရှုံးမပေးကြ” လို့ ပြောခဲ့တဲ့ တမန်တော်ပေါလုရဲ့ သဘောထားကို မွေးမြူကြပါစို့။—၂ ကော. ၄:၁၊ ၁၆။
၁၈ အဆုံးအထိ ခံနိုင်ရည်ရှိဖို့ ယေဟောဝါ ကူညီပေးမယ်ဆိုတာ ပေါလုလိုပဲ ကျွန်တော်တို့ အကြွင်းမဲ့ ယုံကြည်စိတ်ချနိုင်တယ်။ ပေါလု အခုလို ရေးခဲ့တယ်– “ငါတို့ကိုချစ်တော်မူသော သခင်အားဖြင့် ငါတို့သည် ထိုအမှုခပ်သိမ်း၌ အောင်မြင်မှု အပြည့်အဝ ရရှိကြ၏။ အကြောင်းမူကား သေခြင်းဖြစ်စေ၊ ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အစိုးရအာဏာဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာမည့်အရာဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ အခြားမည်သည့်ဖန်ဆင်းခံအရာမျှ ငါတို့၏သခင် ခရစ်တော်ယေရှု၌ရှိသော ဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါယုံကြည်စိတ်ချ၏။” (ရော. ၈:၃၇-၃၉) တစ်ခါတလေ ခြေကုန်လက်ပန်းကျမှာတော့ မှန်ပါတယ်။ ဒါပေမဲ့ မောပန်းနေတဲ့ကြား အရှုံးမပေးဘဲ ‘ရန်သူတွေကို ဆက်လိုက်’ ခဲ့တဲ့ ဂိဒေါင်နဲ့ သူ့လူတွေကို တုပကြပါစို့။ အဆုံးအထိ ခံနိုင်ရည်ရှိကြပါစို့။—သူကြီး. ၈:၄၊ ကဘ။
^ [၁] (အပိုဒ် ၁၁) ဘုရားသခင့် ခေတ်သစ်ကျေးကျွန်တွေရဲ့ ခံနိုင်ရည်အကြောင်း သုံးသပ်ခြင်းက သင့်ကို အားရှိစေပါလိမ့်မယ်။ ဥပမာ၊ ၁၉၉၂၊ ၁၉၉၉၊ ၂၀၀၈ နှစ်ချုပ်စာအုပ် [လိပ်] တွေမှာ အီသီယိုးပီးယား၊ မာလာဝီနဲ့ ရုရှားနိုင်ငံက ညီအစ်ကိုညီအစ်မတွေရဲ့ အားရှိစရာ မှတ်တမ်းတွေကို ဖော်ပြထားတယ်။
^ [၂] (အပိုဒ် ၁၂) ဒီတာဝန်ကို ခေရုဗိမ် ဘယ်နှယောက် ရရှိခဲ့တယ်လို့ ကျမ်းစာမှာ မဖော်ပြထားဘူး။