ဘုရားသခင့် စကားတော် ကျမ်းစာနဲ့အညီ ဖွဲ့စည်းထားခြင်း
“ယေဟောဝါက ကမ္ဘာမြေကို ဉာဏ်ပညာနဲ့ အုတ်မြစ်ချခဲ့တယ်။ ကောင်းကင်ကို ပိုင်းခြားသိမြင်မှုနဲ့ အခိုင်အမာ တည်ခဲ့တယ်။” —သု. ၃:၁၉၊ ကဘ။
၁၊ ၂။ (က) ဘုရားသခင်မှာ အဖွဲ့အစည်း ရှိတယ်ဆိုတဲ့အချက်ကို တချို့ ဘယ်လို ပြောကြသလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
ဘုရားသခင်မှာ အဖွဲ့အစည်း ရှိသလား။ “လမ်းညွှန်ပေးဖို့ အဖွဲ့အစည်း မလိုပါဘူး။ ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်း ရှိဖို့ပဲ လိုတယ်” လို့တချို့ ပြောကောင်းပြောမယ်။ အဲဒါ မှန်သလား။ ဖြစ်ရပ်မှန်တွေက ဘာကို ဖော်ပြသလဲ။
၂ စည်းစနစ်ကျတဲ့ဘုရား ယေဟောဝါဟာ ပြိုင်ဘက်ကင်းတဲ့ စီစဉ်ဖွဲ့စည်းရှင်ဖြစ်ကြောင်း အထောက်အထားတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ယေဟောဝါ့ အဖွဲ့အစည်းရဲ့ လမ်းညွှန်ချက်တွေကို ဘယ်လို တုံ့ပြန်သင့်ကြောင်းလည်း ဆွေးနွေးပါမယ်။ (၁ ကော. ၁၄:၃၃၊ ၄၀) ပထမရာစုနဲ့ ဒီနေ့ခေတ်မှာ ဟောပြောခြင်းလုပ်ငန်း လုပ်ဆောင်ဖို့ ယေဟောဝါ့ အဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းကို ကျမ်းစာက ကူညီပေးတယ်။ ကျမ်းစာနဲ့ အဖွဲ့အစည်း လမ်းညွှန်ချက်တွေအတိုင်း နာခံလိုက်လျှောက်တဲ့အတွက် အသင်းတော်တစ်ခုလုံး သန့်ရှင်းမှု၊ ငြိမ်သက်မှု၊ စည်းလုံးမှု ခံစားနေရတယ်။
ပြိုင်ဘက်ကင်းတဲ့ စီစဉ်ဖွဲ့စည်းရှင် ယေဟောဝါ
၃။ ယေဟောဝါဟာ ပြိုင်ဘက်ကင်းတဲ့ စီစဉ်ဖွဲ့စည်းရှင် ဖြစ်ကြောင်း ဘာက ယုံကြည်စိတ်ချစေသလဲ။
၃ ဘုရားသခင်ဟာ ပြိုင်ဘက်ကင်းတဲ့ စီစဉ်ဖွဲ့စည်းရှင် ဖြစ်ကြောင်း ဖန်ဆင်းခြင်းက သက်သေထူတယ်။ “ယေဟောဝါက ကမ္ဘာမြေကို ဉာဏ်ပညာနဲ့ အုတ်မြစ်ချခဲ့တယ်။ ကောင်းကင်ကို ပိုင်းခြားသိမြင်မှုနဲ့ အခိုင်အမာ တည်ခဲ့တယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (သု. ၃:၁၉၊ ကဘ) “အမှုတော် အရိပ်အမြွက်” နဲ့ “စကားတော်အသံ အနည်းငယ်ကိုသာ” ကျွန်တော်တို့ သိရတာပါ။ (ယောဘ ၂၆:၁၄) ဂြိုဟ်တွေ၊ ကြယ်တွေ၊ ဂလက်ဆီတွေအကြောင်း မဆိုစလောက်ပဲ သိရတာတောင်မှ ဒီစကြဝဠာကြီး စည်းစနစ်ကျလွန်းတာကို အသိအမှတ် ပြုကြရတယ်။ (ဆာ. ၈:၃၊ ၄) ကြယ်သန်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ ဂလက်ဆီတွေဟာ အာကာသထဲမှာ စနစ်တကျ ရွေ့လျားနေကြတယ်။ နေအဖွဲ့အစည်းမှာရှိတဲ့ ဂြိုဟ်တွေဟာ လမ်းစည်းကမ်းတွေကို လိုက်နာနေတဲ့ပုံမျိုးနဲ့ နေကို ကိုယ့်လမ်းကြောင်းနဲ့ကိုယ် လှည့်ပတ်နေကြတယ်။ စကြဝဠာမှာ မြင်တွေ့နေရတဲ့ ရင်သပ်ရှုမောဖွယ် စနစ်ကျမှုက ကောင်းကင်နဲ့ မြေကြီးကို ‘ပညာတရားအတိုင်း ဖန်ဆင်း’ ထားတဲ့ ယေဟောဝါဟာ ချီးမွမ်းမှု၊ သစ္စာစောင့်သိမှု၊ ကိုးကွယ်မှု ခံထိုက်မှန်း နားလည်စေတယ်။—ဆာလံ ၁၃၆:၁၊ ၅–၉ ကိုဖတ်ပါ။
၄။ မေးခွန်းများစွာကို သိပ္ပံပညာက ဘာကြောင့် မဖြေနိုင်သလဲ။
၄ သိပ္ပံပညာက စကြဝဠာနဲ့ ကမ္ဘာ့စံအိမ်အကြောင်း များစွာ ဖော်ပြတယ်။ အသက်ရဲ့ ကဏ္ဍအမျိုးမျိုးကို အကျိုးပြုတယ်။ ဒါပေမဲ့ သိပ္ပံပညာ မဖြေနိုင်တဲ့မေးခွန်းတွေ ရှိသေးတယ်။ ဥပမာ၊ နက္ခတ္တပညာရှင်တွေက စကြဝဠာ တည်ရှိလာပုံ၊ ကမ္ဘာဂြိုဟ်ပေါ် သက်ရှိအများအပြား ရှိနေရတဲ့ အကြောင်းရင်းကို အတိအကျ မပြောနိုင်ကြဘူး။ လူမှာ ထာဝစဉ် အသက်ရှင်ဖို့ ပြင်းပြတဲ့ဆန္ဒ ဘာကြောင့် ရှိနေသလဲဆိုတာကိုလည်း မရှင်းပြနိုင်ကြဘူး။ (ဒေ. ၃:၁၁) အဖြေမရှိတဲ့ အရေးကြီးမေးခွန်းတွေ ဘာကြောင့် ဒီလောက် များနေရသလဲ။ အကြောင်းရင်းတစ်ခုကတော့ သိပ္ပံပညာရှင်တွေနဲ့ တခြားသူများစွာက ဘုရားမဲ့ဝါဒနဲ့ ဆင့်ကဲအယူအဆကို အားပေးအားမြှောက်လုပ်ချင်ကြလို့ပါပဲ။ ဘုရားစကားတော် ကျမ်းစာမှာတော့ နေရာတိုင်းက လူတွေ စဉ်းစားရခက်နေတဲ့ မေးခွန်းတွေကို ယေဟောဝါ ဖြေပေးထားပါတယ်။
၅။ သဘာဝ နိယာမတရားတွေကို ကျွန်တော်တို့ ဘယ်နည်းတွေနဲ့ အမှီပြုနေကြသလဲ။
၅ ယေဟောဝါက တစ်သမတ်တည်းဖြစ်ပြီး အားထားနိုင်တဲ့ သဘာဝ နိယာမတရားတွေကို ချမှတ်ထားတယ်။ အဲဒါတွေကို ကျွန်တော်တို့ အမှီပြုနေရတယ်။ လျှပ်စစ်သမား၊ ပိုက်သမား၊ အင်ဂျင်နီယာ၊ လေယာဉ်မှူး၊ ခွဲစိတ်ဆရာဝန်တွေအားလုံး ဒီနိယာမတရားတွေကို အမှီပြုနေကြတယ်။ ဥပမာ၊ ခွဲစိတ်ဆရာဝန်တွေဟာ လူ့ခန္ဓာဗေဒရဲ့ တစ်သမတ်တည်းဖြစ်မှုကို အားထားကြတယ်။ ဒါကြောင့် လူနာတစ်ယောက်စီရဲ့ နှလုံးကို ရှာနေစရာ မလိုဘူး။ သဘာဝ နိယာမတရားတွေကို ကျွန်တော်တို့အားလုံး လိုက်နာကြတယ်။ ကမ္ဘာ့ဆွဲငင်အားကို ဆန့်ကျင်မယ်ဆိုရင် သေဆုံးသွားနိုင်တယ်။
ဘုရားသခင် စီစဉ်ဖွဲ့စည်းထား
၆။ ယေဟောဝါကို ဝတ်ပြုသူတွေ ကောင်းကောင်း စီစဉ်ဖွဲ့စည်းထားမယ်လို့ ဘာကြောင့် မျှော်လင့်သင့်သလဲ။
၆ စကြဝဠာဟာ တကယ့် အံ့ဖွယ်အဖွဲ့အစည်းပါပဲ။ မိမိရဲ့ ကျေးကျွန်တွေကိုလည်း ယေဟောဝါ ကောင်းကောင်း စီစဉ်ဖွဲ့စည်းစေချင်မှာ သေချာတယ်။ ဒါကြောင့် ကျွန်တော်တို့ကို လမ်းညွှန်ပေးဖို့ ကျမ်းစာကို ပြင်ဆင်ပေးထားတယ်။ ဘုရားသခင့် အဖွဲ့အစည်းနဲ့ စံနှုန်းတွေသာ မရှိရင် ဝမ်းနည်းစရာ အဖြစ်ဆိုးတွေပဲ ခံစားရပါလိမ့်မယ်။
၇။ ကျမ်းစာဟာ သေသေချာချာ စီစဉ်ဖွဲ့စည်းထားတဲ့စာအုပ် ဖြစ်ကြောင်း ဘာက ဖော်ပြသလဲ။
၇ ကျမ်းစာဟာ ဂျူးတွေ၊ ခရစ်ယာန်တွေနဲ့ပဲ သက်ဆိုင်တဲ့ စာအုပ် မဟုတ်ဘူး။ သေသေချာချာ စီစဉ်ဖွဲ့စည်းထားတဲ့ စာအုပ်၊ ဘုရားသခင့် စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးသားထားတဲ့ အပြောင်မြောက်ဆုံး စာအုပ် ဖြစ်တယ်။ ကျမ်းစောင်တွေဟာ အချင်းချင်း ဆက်စပ်မှု ရှိတယ်။ ကမ္ဘာဦးကျမ်းကနေ ဗျာဒိတ်ကျမ်းအထိ အဓိက အကြောင်းအရာဟာ ယေဟောဝါရဲ့ အချုပ်အခြာအာဏာ သံသယကင်းရှင်းဖို့၊ ကတိထားရာ “အမျိုးအနွယ်” ခရစ်တော်ရဲ့ နိုင်ငံတော်အားဖြင့် မြေကြီးနဲ့ပတ်သက်တဲ့ ရည်ရွယ်ချက် ပြည့်စုံလာဖို့ ဖြစ်တယ်။—ကမ္ဘာဦး ၃:၁၅၊ မဿဲ ၆:၁၀ နဲ့ ဗျာဒိတ် ၁၁:၁၅ တို့ကို ဖတ်ပါ။
၈။ အစ္စရေးလူမျိုးကို ကောင်းကောင်း စီစဉ်ဖွဲ့စည်းထားတယ်လို့ ဘာကြောင့် ဆိုနိုင်သလဲ။
၈ ရှေးအစ္စရေးလူမျိုးဟာ စံပြအဖွဲ့အစည်းတစ်ခု ဖြစ်တယ်။ ဥပမာ၊ ပညတ်တရားအရ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာ “အမှုဆောင်ဖို့ တာဝန်ကျတဲ့ အမျိုးသမီးတွေ” ရှိတယ်။ (ထွ. ၃၈:၈၊ ကဘ) အစ္စရေးတွေရဲ့ စခန်း၊ တဲတော်တွေကို စနစ်တကျ ပြောင်းရွှေ့ရတယ်။ နောက်ပိုင်း ဘုရင်ဒါဝိဒ်က လေဝိသားတွေနဲ့ ပုရောဟိတ်တွေကို အုပ်စုအလိုက် ဖွဲ့စည်းပေးခဲ့တယ်။ (၅ ရာ. ၂၃:၁-၆။ ၂၄:၁-၃) အစ္စရေးတွေ ယေဟောဝါကို နာခံတဲ့အခါ စနစ်ကျမှု၊ ငြိမ်သက်မှု၊ စည်းလုံးမှု ကောင်းချီးတွေ ခံစားကြရတယ်။—တရား. ၁၁:၂၆၊ ၂၇။ ၂၈:၁-၁၄။
၉။ ပထမရာစု ခရစ်ယာန် အသင်းတော်ကို စနစ်တကျ ဖွဲ့စည်းထားကြောင်း ဘာက ဖော်ပြသလဲ။
၉ ပထမရာစု ခရစ်ယာန် အသင်းတော်လည်း စနစ်တကျ ဖွဲ့စည်းထားတယ်။ အစပိုင်းမှာ တမန်တော်တွေနဲ့ ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ လမ်းညွှန်မှုကနေ အကျိုးရရှိခဲ့တယ်။ (တ. ၆:၁-၆) နောက်ပိုင်း အုပ်ချုပ်ရေးအဖွဲ့မှာ တခြားညီအစ်ကိုတွေ ပါဝင်လာကြတယ်။ (တ. ၁၅:၆) ပထမရာစု အုပ်ချုပ်ရေး အဖွဲ့ဝင်တွေ၊ သူတို့နဲ့ အနီးကပ် ဆက်စပ်နေသူတွေ ရေးတဲ့ စာတွေအားဖြင့် သွန်သင်ချက်နဲ့ လမ်းညွှန်ချက်တွေ ရရှိတယ်။ (၁ တိ. ၃:၁-၁၃။ တိ. ၁:၅-၉) အုပ်ချုပ်ရေးအဖွဲ့ရဲ့ လမ်းညွှန်ချက်ကို လိုက်နာခြင်းကနေ အသင်းတော်တွေ ဘယ်လို အကျိုးရရှိခဲ့ကြသလဲ။
၁၀။ အုပ်ချုပ်ရေးအဖွဲ့ရဲ့ စီရင်ဆုံးဖြတ်ချက်တွေကို အစောပိုင်း အသင်းတော်တွေ လိုက်နာတဲ့အခါ ဘယ်လို အကျိုးရရှိခဲ့ကြသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)
၁၀ တမန်တော် ၁၆:၄၊ ၅ ကို ဖတ်ပါ။ အုပ်ချုပ်ရေးအဖွဲ့ကိုယ်စား ခရီးသွားတဲ့ ညီအစ်ကိုတွေဟာ “ဂျေရုဆလင်မြို့ရှိ တမန်တော်တို့နှင့် အသက်ကြီးသူတို့၏ စီရင်ဆုံးဖြတ်ချက်တို့ကို” ဝေမျှပေးကြတယ်။ အဲဒီစီရင်ဆုံးဖြတ်ချက်တွေကို အသင်းတော်တွေ လိုက်နာတဲ့အခါ “ယုံကြည်ခြင်း၌ ခိုင်ခံ့မြဲမြံလာလျက် ယုံကြည်သူ အရေအတွက် တစ်နေ့ထက်တစ်နေ့ တိုးများလာ” တယ်။ ဒီကျမ်းမှတ်တမ်းကနေ ဒီနေ့ခေတ် ဘုရားသခင့် အဖွဲ့အစည်းမှာ လိုက်လျှောက်ရမယ့် ဘာသင်ခန်းစာ ရရှိသလဲ။
လမ်းညွှန်ချက်ကို သင်လိုက်လျှောက်သလား
၁၁။ ဘုရားသခင့် အဖွဲ့အစည်းရဲ့ လမ်းညွှန်ချက်ကို ခန့်အပ်ခံ အမျိုးသားတွေ ဘယ်လို တုံ့ပြန်ကြသလဲ။
၁၁ ဌာနခွဲ ကော်မတီဝင်တွေ၊ တိုင်းပြည် ကော်မတီဝင်တွေ၊ တိုက်နယ်ကြီးကြပ်မှူးတွေ၊ အသင်းတော် အကြီးအကဲတွေဟာ ဘုရားသခင့် အဖွဲ့အစည်းရဲ့ လမ်းညွှန်မှု ရရှိတဲ့အခါ ဘာလုပ်သင့်သလဲ။ ကျွန်တော်တို့အားလုံး နာခံဖို့၊ လက်အောက်ခံဖို့ ယေဟောဝါရဲ့ စကားတော် ကျမ်းစာမှာ လမ်းညွှန်ထားတယ်။ (တရား. ၃၀:၁၆။ ဟေဗြဲ ၁၃:၇၊ ၁၇) ဘုရားသခင့် အဖွဲ့အစည်းမှာ အပြစ်တင်ဝေဖန်တဲ့၊ ပုန်ကန်တဲ့ သဘောထား မရှိသင့်ဘူး။ အဲဒီသဘောထားက အသင်းတော်ရဲ့ မေတ္တာ၊ ငြိမ်သက်မှု၊ စည်းလုံးမှုကို ပျက်စီးစေနိုင်တယ်။ သစ္စာရှိ ခရစ်ယာန်တစ်ယောက်မှ ဒယောတရပ်ရဲ့ သစ္စာမရှိတဲ့၊ မလေးမစား သဘောထားမျိုး မတင်ပြချင်ဘူး။ (၃ ယောဟန် ၉၊ ၁၀ ကိုဖတ်ပါ။) ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးသင့်တယ်- ‘ယေဟောဝါအပေါ် သစ္စာစောင့်ဖို့ ညီအစ်ကို/မတွေကို ငါအားပေးနေသလား။ ဦးဆောင်နေတဲ့ ညီအစ်ကိုတွေရဲ့ လမ်းညွှန်ချက်ကို ချက်ချင်း လက်ခံပြီး ထောက်ခံသလား။’
၁၂။ အကြီးအကဲတွေနဲ့ အသင်းတော် အမှုထမ်း ခန့်အပ်ပုံကို ဘယ်လို ပြုပြင်ပြောင်းလဲထားသလဲ။
၁၂ အုပ်ချုပ်ရေးအဖွဲ့ရဲ့ မကြာသေးခင်က ဆုံးဖြတ်ချက်တစ်ခုကို သုံးသပ်ကြည့်ပါ။ နိုဝင်ဘာ ၁၅၊ ၂၀၁၄ ကင်းမျှော်စင် [အင်္ဂလိပ်] “စာရှုသူများထံမှ မေးခွန်းလွှာ” မှာ အကြီးအကဲတွေနဲ့ အသင်းတော် အမှုထမ်းတွေ ခန့်အပ်ပုံ ပြုပြင်ပြောင်းလဲမှုအကြောင်း ဖော်ပြထားတယ်။ ပထမရာစု အုပ်ချုပ်ရေးအဖွဲ့က နယ်လှည့်ကြီးကြပ်မှူးတွေကို ခန့်အပ်မှု အခွင့်အာဏာ အပ်နှင်းခဲ့တယ်ဆိုပြီး ဆောင်းပါးမှာ ဖော်ပြတယ်။ ဒါကြောင့် ၂၀၁၄၊ စက်တင်ဘာ ၁ ရက်ကစပြီး တိုက်နယ်ကြီးကြပ်မှူးတွေက အကြီးအကဲတွေ၊ အသင်းတော် အမှုထမ်းတွေကို ခန့်အပ်တယ်။ ထောက်ခံချက် ရရှိထားသူတွေနဲ့ သိကျွမ်းဖို့၊ ဖြစ်နိုင်ရင် သူတို့နဲ့အတူ တွဲအမှုဆောင်ဖို့ ကြိုးစားကြတယ်။ သုံးသပ်ခံရတဲ့ ညီအစ်ကိုရဲ့ မိသားစုကိုလည်း အကဲခတ်ကြည့်ကြတယ်။ (၁ တိ. ၃:၄၊ ၅) အကြီးအကဲအဖွဲ့နဲ့ တိုက်နယ်ကြီးကြပ်မှူးက အသင်းတော် အမှုထမ်းတွေနဲ့ အကြီးအကဲတွေအတွက် ကျမ်းစာတောင်းဆိုချက်တွေကို ဂရုတစိုက် သုံးသပ်ကြတယ်။—၁ တိ. ၃:၁-၁၀၊ ၁၂၊ ၁၃။ ၁ ပေ. ၅:၁-၃။
၁၃။ အကြီးအကဲတွေရဲ့ လမ်းညွှန်ချက်ကို ထောက်ခံကြောင်း ဘယ်လို ပြနိုင်သလဲ။
၁၃ အကြီးအကဲတွေဆီက ကျမ်းစာအခြေပြု လမ်းညွှန်ချက်တွေကို ကျွန်တော်တို့ လိုက်လျှောက်ရမယ်။ ဘုရားသခင့် အဖွဲ့အစည်းမှာရှိတဲ့ အဲဒီသစ္စာရှိသိုးထိန်းတွေဟာ ကျမ်းစာမှာပါတဲ့ “အကျိုးဖြစ်ထွန်း” တဲ့ ညွှန်ကြားချက်ကို ခံယူကြရတယ်။ (၁ တိ. ၆:၃) အသင်းတော်မှာရှိတဲ့ စည်းစနစ်မဲ့သူတွေနဲ့ပတ်သက်တဲ့ ပေါလုရဲ့ သွန်သင်ချက်ကို အမှတ်ရပါ။ တချို့က “မည်သည့်အလုပ်ကိုမျှ မလုပ်သည့်အပြင် ကိုယ်နှင့်မဆိုင်သောကိစ္စတွင် ဝင်စွက်နေ” ကြတယ်။ သူတို့ကို အကြီးအကဲတွေ သတိပေးဆုံးမထားပြီး ဖြစ်ပေမဲ့ အရေးမလုပ်ကြပုံရတယ်။ အဲဒီလိုလူကို အသင်းတော်က ဘယ်လို ဆက်ဆံရမလဲ။ “သူ့ကို မှတ်ထား၍ အပေါင်းအဖော် မလုပ်ကြနှင့်တော့” လို့ ပေါလု ညွှန်ကြားတယ်။ ရန်သူလို မဆက်ဆံမိဖို့တော့ သတိထားရမယ်။ (၂ သက်. ၃:၁၁-၁၅) ဒီနေ့လည်း မယုံကြည်သူနဲ့ ရည်းစားထားခြင်းစတဲ့ မကောင်းတဲ့ လမ်းစဉ် ဆက်လိုက်နေသူနဲ့ပတ်သက်ပြီး အကြီးအကဲတွေ သတိပေးဟောပြောချက် ပေးနိုင်တယ်။ (၁ ကော. ၇:၃၉) အဲဒီလိုဟောပြောချက် ပေးဖို့ လိုအပ်တယ်လို့ အကြီးအကဲတွေ ဆုံးဖြတ်တဲ့အခါ သင်ဘယ်လို တုံ့ပြန်သလဲ။ ဟောပြောချက် ရည်ညွှန်းတဲ့သူကို သိမယ်ဆိုရင် သူနဲ့ မပေါင်းဖို့ ဂရုပြုမလား။ သင့်ရဲ့ မေတ္တာပါ စိုးရိမ်မှုနဲ့ ပြတ်သားတဲ့ ရပ်တည်မှုက စည်းစနစ်မဲ့ လမ်းစဉ်ကိုစွန့်ဖို့ တွန်းအားဖြစ်စေနိုင်ပါတယ်။[၁]
သန့်ရှင်းမှု၊ ငြိမ်သက်မှုနဲ့ စည်းလုံးမှု ထိန်းသိမ်းထားပါ
၁၄။ အသင်းတော်ရဲ့ သန့်ရှင်းမှုကို ဘယ်လို ပါဝင်အားဖြည့်ပေးနိုင်သလဲ။
၁၄ ကျမ်းစာလမ်းညွှန်ချက်ကို လိုက်လျှောက်ခြင်းအားဖြင့် အသင်းတော်ရဲ့ သန့်ရှင်းမှုကို ပါဝင်အားဖြည့်ပေးနိုင်တယ်။ ပထမရာစု ကောရိန္သုမြို့ရဲ့ အခြေအနေကို သုံးသပ်ကြည့်ပါ။ အဲဒီမြို့မှာ ပေါလု အင်တိုက်အားတိုက် ဟောပြောခဲ့တယ်။ အဲဒီမှာရှိတဲ့ “သန့်ရှင်းသူများ” ကို ချစ်မြတ်နိုးတယ်။ (၁ ကော. ၁:၁၊ ၂) ဒါကြောင့် အသင်းတော်မှာ သည်းခံခွင့်ပြုထားတဲ့ လိင်အကျင့်ပျက်မှုအကြောင်း ပြောတဲ့အခါ စိတ်ဒုက္ခ အတော်ရောက်ခဲ့မှာပဲ။ အဲဒီအကျင့်ပျက်သူကို စာတန့်လက်ထဲ အပ်ဖို့၊ တစ်နည်းအားဖြင့် နှင်ထုတ်ဖို့ အကြီးအကဲတွေကို ပေါလု ညွှန်ကြားခဲ့တယ်။ အသင်းတော်ရဲ့ သန့်ရှင်းမှုကို ထိန်းသိမ်းဖို့ “တဆေး” ကို အကြီးအကဲတွေ ဖယ်ရှားပစ်ရမယ်။ (၁ ကော. ၅:၁၊ ၅-၇၊ ၁၂) ကျွန်တော်တို့လည်း နောင်တမယူတဲ့ အမှားပြုသူကို နှင်ထုတ်ဖို့ အကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံမယ်ဆိုရင် အသင်းတော်ရဲ့ သန့်ရှင်းမှုကို ထိန်းသိမ်းရာမှာ ကူညီပေးရာရောက်မယ်။ အဲဒီလူကိုလည်း နောင်တယူဖို့၊ ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို ရှာဖွေဖို့ လှုံ့ဆော်ပေးနိုင်မယ်။
၁၅။ အသင်းတော်မှာ ငြိမ်သက်မှုကို ဘယ်လို ထိန်းသိမ်းနိုင်သလဲ။
၁၅ ကောရိန္သုမြို့မှာ နောက်ပြဿနာတစ်ခု ရှိသေးတယ်။ ညီအစ်ကိုတချို့က ယုံကြည်သူချင်းတွေကို တရားစွဲကြတယ်။ ဒါကြောင့် “မတရားမှုကို အဘယ်ကြောင့် ကိုယ်တိုင် မခံကြသနည်း” လို့ ပေါလု မေးခွန်း ထုတ်ခဲ့တယ်။ (၁ ကော. ၆:၁-၈) ဒီနေ့လည်း အလားတူ အခြေအနေတွေ ရှိတယ်။ တစ်ခါတလေ စီးပွားရေးလုပ်ငန်း မအောင်မြင်လို့ ငွေကြေးဆုံးရှုံးသွားတဲ့အခါ၊ လိမ်လည်တယ်လို့ စွပ်စွဲတဲ့အခါ ခရစ်ယာန် ညီအစ်ကိုတွေကြားမှာရှိတဲ့ ငြိမ်သက်မှု ပျက်စီးသွားရတယ်။ တချို့က ညီအစ်ကိုတွေကို တရားစွဲကြတယ်။ ဒါပေမဲ့ ဘုရားသခင့်နာမည် ရှုတ်ချခံရတာ၊ အသင်းတော်ရဲ့ ငြိမ်သက်မှု ပျက်စီးသွားတာထက် ကိုယ်တိုင် အရှုံးခံလိုက်တာ ပိုကောင်းတယ်လို့ ကျမ်းစာက နားလည်စေတယ်။[၂] ကြီးမားတဲ့ ပြဿနာတွေ၊ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ ယေရှုရဲ့ အကြံဉာဏ်ကို လိုက်လျှောက်သင့်တယ်။ (မဿဲ ၅:၂၃၊ ၂၄ နဲ့ ၁၈:၁၅–၁၇ တို့ကိုဖတ်ပါ။) ဒီနည်းအားဖြင့် ယေဟောဝါကို ဝတ်ပြုသူတွေရဲ့ မိသားစုမှာ စည်းလုံးမှု ဖြစ်စေပါမယ်။
၁၆။ ဘုရားသခင့်လူမျိုး စည်းလုံးနေမယ်လို့ ဘာကြောင့် မျှော်လင့်သင့်သလဲ။
၁၆ ယေဟောဝါရဲ့ လူမျိုး စည်းလုံးနေမယ်လို့ မျှော်လင့်သင့်တဲ့ အကြောင်းရင်းကို ကျမ်းစာမှာ ဖော်ပြထားတယ်။ “ညီအစ်ကိုတို့သည် သဘောတူလျက် ပေါင်းဖော်ကြသည်အရာမှာ အလွန် ကောင်းပေ၏။ အလွန် တင့်တယ်လျောက်ပတ်ပေ၏” လို့ ဆာလံဆရာ သီဆိုခဲ့တယ်။ (ဆာ. ၁၃၃:၁) ယေဟောဝါကို အစ္စရေးတွေ နာခံတဲ့အခါ စည်းစနစ်ကျပြီး စည်းလုံးခဲ့တယ်။ ‘သိုးခြံထဲက သိုးတွေလို သူတို့ကို တစ်စည်းတစ်လုံးတည်း ပြန်ထားမယ်’ ဆိုပြီး မိမိလူမျိုးရဲ့ အနာဂတ် အခြေအနေကို ဘုရားသခင် ကြိုဟောခဲ့တယ်။ (မိ. ၂:၁၂၊ ကဘ) အဲဒီအပြင် ပရောဖက် ဇေဖနိကတစ်ဆင့်လည်း ဒီလို ကြိုဟောတယ်– ‘လူမျိုးအပေါင်းတို့သည် ယေဟောဝါဘုရား၏ အမှုတော်ကို တညီတညွတ်တည်း ဆောင်ရွက်မည်အကြောင်း နာမတော်ကို ပတ္ထနာပြုစေခြင်းငှာ သန့်ရှင်းသော ဘာသာစကား [ကျမ်းစာအမှန်တရား] ကို သူတို့အား ငါပြန်ပေးမည်။’ (ဇေ. ၃:၉) ယေဟောဝါကို စည်းစည်းလုံးလုံး ဝတ်ပြုခွင့်ရတဲ့အတွက် ကျေးဇူးတင်စရာပါပဲ။
အကြီးအကဲတွေက ခြေလှမ်းမှားမိသူကို ကူညီပေးဖို့ ကြိုးစားကြ (အပိုဒ် ၁၇ ကိုကြည့်ပါ)
၁၇။ အသင်းတော်ရဲ့ စည်းလုံးမှု၊ သန့်ရှင်းမှုကို ထိန်းသိမ်းဖို့ မှားယွင်းမှုတွေကို အကြီးအကဲတွေ ဘယ်လို ကိုင်တွယ်သင့်သလဲ။
၁၇ အသင်းတော်မှာ စည်းလုံးမှု၊ သန့်ရှင်းမှုကို ထိန်းသိမ်းဖို့ အကြီးအကဲတွေက တရားရေးကိစ္စတွေကို မေတ္တာပါပါ ချက်ချင်း အရေးယူ ဆောင်ရွက်သင့်တယ်။ ဘုရားသခင့် မေတ္တာဟာ ခံစားချက်သက်သက် မဟုတ်မှန်း ပေါလု သိတဲ့အတွက် အမှားကျူးလွန်တာကို မသိကျိုးကျွံ မပြုဘူး။ (သု. ၁၅:၃) ဒါကြောင့် မေတ္တာပါပေမဲ့ ခိုင်မာပြတ်သားတဲ့ ကောရိန္သု ပထမစာစောင်ကို ရေးခဲ့တယ်။ လအနည်းငယ်ကြာပြီး ရေးတဲ့ ကောရိန္သု ဒုတိယစောင်မှာ ပေါလုရဲ့ လမ်းညွှန်ချက်ကို အကြီးအကဲတွေ လိုက်လျှောက်တဲ့အတွက် တိုးတက်မှု ရှိကြောင်း ဖော်ပြထားတယ်။ ခရစ်ယာန်တစ်ယောက်ဟာ သတိမထားမိဘဲ ခြေလှမ်းမှားမိရင် အရည်အချင်းရှိတဲ့ အမျိုးသားတွေက နူးညံ့သိမ်မွေ့စွာ တည့်မတ်ပေးသင့်တယ်။—ဂလ. ၆:၁။
၁၈။ (က) ကျမ်းစာလမ်းညွှန်ချက်က ပထမရာစု အသင်းတော်တွေကို ဘယ်နည်းတွေနဲ့ ကူညီပေးခဲ့သလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘာဆွေးနွေးကြမလဲ။
၁၈ ဘုရားသခင့် စကားတော် ကျမ်းစာလမ်းညွှန်ချက်တွေက ကောရိန္သုမြို့နဲ့ တခြားနေရာတွေမှာရှိတဲ့ ပထမရာစု ခရစ်ယာန်အသင်းတော်တွေမှာ သန့်ရှင်းမှု၊ ငြိမ်သက်မှုနဲ့ စည်းလုံးမှု ထိန်းသိမ်းဖို့ ကူညီပေးခဲ့တာ ထင်ရှားတယ်။ (၁ ကော. ၁:၁၀။ ဧ. ၄:၁၁-၁၃။ ၁ ပေ. ၃:၈) ရလဒ်အနေနဲ့ အမှုဆောင်လုပ်ငန်းမှာ များစွာပြီးမြောက်နိုင်ခဲ့ကြတယ်။ “သတင်းကောင်းကို ကောင်းကင်အောက် အရပ်ရပ်ရှိလူတို့တွင် ဟောပြောခဲ့ပြီ” လို့တောင် ပေါလု ပြောနိုင်ခဲ့တယ်။ (ကော. ၁:၂၃) ဒီနေ့လည်း စည်းလုံးစွာ ဟောပြောနေတဲ့ အဖွဲ့အစည်းဝင်တွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် ဘုရားသခင့် အံ့ဖွယ် ရည်ရွယ်ချက်နဲ့ပတ်သက်တဲ့ အသိပညာကို မြေတစ်ပြင်လုံးမှာ ကြေညာနေပြီ။ ကျမ်းစာကို အလွန် တန်ဖိုးထားကြောင်း၊ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါကို ဂုဏ်တင်ဖို့ သူတို့ဆုံးဖြတ်ထားကြောင်း ထပ်ဆင့် အထောက်အထားတွေကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။—ဆာ. ၇၁:၁၅၊ ၁၆။
^ [၁] (အပိုဒ် ၁၃) ယေဟောဝါ၏ အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်း၊ စာ. ၁၅၀-၁၅၁ ကိုကြည့်ပါ။
^ [၂] (အပိုဒ် ၁၅) ခရစ်ယာန်တစ်ယောက်က နောက်တစ်ယောက်ကို တရားစွဲဖို့ ဆုံးဖြတ်နိုင်တဲ့ အခြေအနေတွေကို “ဘုရားသခင့် မေတ္တာတော်၌ တည်နေကြလော့” စာအုပ်၊ စာမျက်နှာ ၂၂၃ ရဲ့ အောက်ခြေမှတ်ချက်မှာ ကြည့်ပါ။