ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကျမ်းချက်များကို သင့်လျော်သော လေးနက်မှုနှင့်ဖတ်ခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
    • သင်ခန်းစာ ၂၁

      ကျမ်းချက်များကို သင့်လျော်သော လေးနက်မှုနှင့်ဖတ်ခြင်း

      သင်ဘာပြုလုပ်ဖို့ လိုအပ်သနည်း။

      သင့်ကျိုးကြောင်းဆင်ခြင်မှုလမ်းကြောင်းကို ပေါ်လွင်စေသည့် စကားလုံးများနှင့် အသုံးအနှုန်းများကို လေးနက်စေပါ။ လျောက်ပတ်သောခံစားမှုနှင့် ဖတ်ရှုပါ။

      ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

      သင့်လျော်သောလေးနက်မှုဖြင့်ဖတ်လျှင် ဖတ်လိုက်သည့် ကျမ်းချက်များ၏ အားမာန်အပြည့် ပေါ်လာသည်။

      ဘုရားသခင်၏ ရည်ရွယ်တော်မူချက်များအကြောင်းကို သူတစ်ပါးအား သီးသန့်သော်လည်းကောင်း၊ စင်မြင့်ပေါ်မှသော်လည်းကောင်း ပြောဆိုသောအခါ သင့်ဆွေးနွေးချက်သည် ဘုရားသခင့်နှုတ်ကပါဌ်တော်တွင်ရှိရာအပေါ် ဗဟိုပြုသင့်သည်။ ယင်းသည် ကျမ်းစာမှ ကျမ်းချက်များကိုဖတ်ရှုခြင်း ပါဝင်လေ့ရှိပြီး ကောင်းစွာဖတ်ရှုသင့်သည်။

      သင့်လျော်သောလေးနက်မှုတွင် ခံစားမှုပါဝင်။ ကျမ်းချက်များကို ခံစားမှုဖြင့် ဖတ်ရှုသင့်သည်။ နမူနာအချို့ကို သုံးသပ်ကြည့်ပါ။ ဆာလံ ၃၇:၁၁ ကို အသံကျယ်ကျယ်ဖတ်ရှုသည့်အခါ ထိုတွင် ကတိပေးထားသည့် ငြိမ်သက်မှုကို ပျော်ရွှင်စွာ စောင့်မျှော်နေသည့်လေသံဖြင့် ဖတ်သင့်သည်။ ဆင်းရဲဒုက္ခနှင့်သေခြင်းတို့၏ အဆုံးနှင့်စပ်လျဉ်းပြီး ဗျာဒိတ် ၂၁:၄ ကိုဖတ်ရှုသည့်အခါ ကြိုပြောထားသည့် အံ့သြဖွယ်ကောင်းလှသော စိတ်သက်သာရာရမှုအတွက် နွေးထွေးတန်ဖိုးထားသည့် လေသံဖြင့် ဖတ်သင့်သည်။ ဗျာဒိတ် ၁၈:၂၊ ၄၊ ၅ ကိုဖတ်သည့်အခါ အပြစ်ကြီးလေးသော “မဟာဗာဗုလုန်” မှ ထွက်လာရန်ဟူသည့်သဘောဖြင့် အရေးတကြီးဆော်သြသည့်လေသံဖြင့် ဖတ်ရှုသင့်သည်။ မှန်ပါသည်၊ ဖော်ပြသောခံစားချက်သည် လှိုက်လှိုက်လှဲလှဲဖြစ်သင့်သော်လည်း အလွန်အကျွံမဖြစ်သင့်ချေ။ လျောက်ပတ်သည့် စိတ်လှုပ်ရှားမှုပမာဏကို ကျမ်းချက်ကိုယ်နှိုက်နှင့် ၎င်းအားအသုံးပြုသည့်နည်းတို့ဖြင့် အဆုံးအဖြတ်ပေးသည်။

      စကားလုံးအမှန်ကို အလေးပေးဖတ်ခြင်း။ တစ်စုံတစ်ရာသောအခန်းငယ်အပေါ် မှတ်ချက်ပေးရာတွင် ယင်းကျမ်းချက်၏ အစိတ်အပိုင်းလောက်သာသက်ဆိုင်လျှင် ကျမ်းချက်ဖတ်ရှုသည့်အခါ ထိုအပိုင်းကို ပေါ်လွင်စေသင့်သည်။ ဥပမာအနေနှင့် မဿဲ ၆:၃၃ ကိုဖတ်ရှုရာတွင် “နိုင်ငံတော်ကို ရှေ့ဦးစွာရှာကြ” ဟူသည် အဘယ်အရာကိုဆိုလိုကြောင်း ဆန်းစစ်စေလိုပါက “ကိုယ်တော့်ဖြောင့်မတ်ခြင်းတရားတော်” သို့မဟုတ် “ထိုအရာများ” ကိုအဓိကထား ဖိ၍ဖတ်မည်မဟုတ်ချေ။

      လုပ်ငန်းတော်အစည်းအဝေး ဟောပြောချက်တစ်ခုတွင် မဿဲ ၂၈:၁၉ ကိုသင်ဖတ်ရန် စီစဉ်ပေမည်။ အဘယ်စကားလုံးများကို သင်အလေးပေးဖိဖတ်သင့်သနည်း။ အကယ်၍ အိမ်တွင်းကျမ်းစာသင်အံမှုများစတင်ရာတွင် လုံ့လဝီရိယရှိရန် အားပေးလိုပါက “တပည့်ဖြစ်စေလျက်” ကို အလေးပေးဖိဖတ်ပါ။ အခြားတစ်ဖက်တွင်မူ တိုင်းတစ်ပါးမှပြောင်းရွှေ့လာသူများနှင့် ကျမ်းစာအမှန်တရားဝေငှရန်မှာ ခရစ်ယာန်၏တာဝန်ဖြစ်ကြောင်း ဆွေးနွေးဖို့စီစဉ်လျှင် သို့မဟုတ် ကြေညာသူအချို့ကို ပို၍လိုအပ်သောနေရာတွင် အမှုတော်ဆောင်ရန် အားပေးလိုလျှင် “လူမျိုးတကာတို့” စကားစုအား အလေးပေးဖိဖတ်ပြနိုင်သည်။

      ကျမ်းချက်တစ်ချက်ကို မေးခွန်းတစ်ခုအတွက် အဖြေပေးရန် သို့မဟုတ် အငြင်းပွားစရာဟု အများသဘောထားသော အချေအတင်ပြောဆိုချက်တစ်ခုကို ထောက်ပံ့ပေးရန် မကြာခဏတင်ပြလေ့ရှိသည်။ ကျမ်းတွင်ဖော်ပြထားသော သဘောတရားတိုင်းကို လေးနက်မှုတစ်မျိုးတည်းဖြင့်ဖတ်ပါက ဆက်နွှယ်မှုကို ပရိသတ်တွေ့မြင်နိုင်မည်မဟုတ်ပေ။ အချက်အလက်သည် သင့်အတွက် ရှင်းနေနိုင်သော်လည်း သူတို့အတွက်မူ ရှင်းနေမည်မဟုတ်ချေ။

      ဥပမာအနေနှင့် ကျမ်းစာတွင် ဘုရားသခင်နာမတော်ပါဝင်သည့် ဆာလံ ၈၃:၁၈ ကိုဖတ်ရှုသည့်အခါ “အမြင့်ဆုံးသောဘုရား” ဟူသည့်အသုံးအနှုန်းပေါ်တွင် အလေးပေးဖိဖတ်ပါက အိမ်ရှင်သည် ဘုရားသခင်၌ ကိုယ်ပိုင်နာမရှိသည်ဟူသော သိသာထင်ရှားပုံရသည့်အချက်ကို သဘောမပေါက်မိနိုင်ချေ။ “ယေဟောဝါ” ဟူသည့်နာမတော်ကို အလေးထားဖိဖတ်သင့်သည်။ သို့ရာတွင် ယေဟောဝါ၏ အချုပ်အခြာအာဏာပိုင်ဖြစ်မှုအကြောင်း ဆွေးနွေးရာတွင် ဤကျမ်းချက်ကိုပင် သင်အသုံးပြုသည့်အခါ “အမြင့်ဆုံးသောဘုရား” ဟူသည့်အသုံးအနှုန်းကို အဓိကထား၍ အလေးပေးဖတ်သင့်ပေသည်။ ထိုနည်းတူစွာပင် ယုံကြည်ခြင်းကို လုပ်ဆောင်မှုနှင့်ဒွန်တွဲခြင်း၏ အရေးကြီးမှုကို ပြသရန် ယာကုပ် ၂:၂၄ ကိုအသုံးပြုရာ၌ “အကျင့်အားဖြင့်” အစား “ဖြောင့်မတ်ရာသို့” ကို အဓိကထား အလေးပေးဆိုခြင်းက ကြားနာသူအတွက် အဓိကအချက်ကို လက်လွှတ်သွားစေနိုင်သည်။

      နောက်ထပ် အထောက်အကူရသောနမူနာကို ရောမ ၁၅:၇-၁၃ ၌ တွေ့ရှိနိုင်သည်။ ယင်းသည် တစ်ပါးအမျိုးသားများနှင့် ဇာတိဂျူးများဖြင့် ဖွဲ့စည်းတည်ထောင်ထားသော အသင်းတော်တစ်ခုသို့ တမန်တော်ပေါလုရေးသားခဲ့သည့်စာစောင်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဤတွင် ခရစ်တော်၏ဓမ္မအမှုသည် အရေဖျားလှီးသောဂျူးများအတွက်သာမက “တစ်ပါးအမျိုးသားတို့သည်လည်း၊ ဘုရားသခင်၏ကရုဏာတော်ကို အံ့သြချီးမွမ်းကြ” စေရန်အလို့ငှာ လူမျိုးအပေါင်းတို့ကိုလည်း အကျိုးကျေးဇူးရစေကြောင်း တမန်တော်က အချေအတင်ဆွေးနွေးတင်ပြနေသည်။ ထို့နောက် လူမျိုးတို့အတွက်ဖြစ်သော ထိုအခွင့်အရေးအပေါ် အာရုံစူးစိုက်စေသည့် ကျမ်းချက်လေးချက်ကို ပေါလုကိုးကားသည်။ ပေါလုစိတ်တွင်ရှိခဲ့သည့် ထိုအချက်ကို လေးနက်စေရန် ယင်းကိုးကားချက်များကို သင်မည်သို့ဖတ်ရှုသင့်သနည်း။ အကယ်၍ ဖိဆိုရန် အသုံးအနှုန်းများကို အလေးပေးနေခြင်းဖြစ်ပါက အခန်းငယ် ၉ တွင် “တစ်ပါးအမျိုးသား” ၊ အခန်းငယ် ၁၀ တွင် “လူမျိုးတို့” ၊ အခန်းငယ် ၁၁ တွင် “လူမျိုးအပေါင်းတို့” နှင့် “လူအနွယ်အပေါင်းတို့” နှင့် အခန်းငယ် ၁၂ တွင် “တစ်ပါးအမျိုးသားတို့” စသည်တို့အား ပေါ်လွင်စေနိုင်သည်။ ရောမ ၁၅:၇-၁၃ ကို ထိုသို့သောလေးနက်မှုဖြင့် ဖတ်ရှုရန်ကြိုးစားပါ။ ထိုသို့သင်ပြုလုပ်သည်နှင့်အမျှ ပေါလု၏ အချေအတင်ဆွေးနွေးချက်တစ်ခုလုံးသည် ပို၍ရှင်းလင်းလာပြီး သဘောပေါက်ရန် ပို၍လွယ်ကူလာစေမည်။

      လေးနက်စေသည့်နည်းများ။ သင်ပေါ်လွင်စေလိုသောသဘောကို ပေါ်စေမည့်စကားလုံးများကို နည်းအမျိုးမျိုးဖြင့် အထူးလေးနက်မှုပြု ဖတ်ပြနိုင်သည်။ သင်အသုံးပြုသောနည်းသည်လည်း ကျမ်းချက်နှင့်လည်းကောင်း၊ ဟောပြောချက်၏ဇာတ်အိမ်နှင့်လည်းကောင်း ကိုက်ညီသင့်သည်။ ဤတွင် အကြံပေးချက်အနည်းငယ်ကို တင်ပြပေးထားသည်။

      အသံလေးနက်မှု။ ယင်းသည် သဘောကိုပေါ်စေသောစကားလုံးများကို ဝါကျရှိကျန်စကားလုံးများမှ ပေါ်လွင်စေသော မည်သည့်အသံပြောင်းလဲမှုမဆိုဖြစ်သည်။ ထိုလေးနက်မှုကို အသံပမာဏပြောင်းလဲခြင်း—အသံမြှင့်လိုက်ခြင်းအားဖြင့်ဖြစ်စေ သို့မဟုတ် အသံလျှော့လိုက်ခြင်းအားဖြင့်ဖြစ်စေ အောင်မြင်နိုင်ပေမည်။ ဘာသာစကားများစွာတို့တွင် အသံအနိမ့်အမြင့်ပြောင်းလဲခြင်းက သာ၍လေးနက်စေသည်။ သို့ရာတွင် ဘာသာစကားအချို့တွင်မူ ယင်းသို့ပြုလျှင် အဓိပ္ပာယ်ပါတစ်ပြိုင်တည်း ပြောင်းလဲသွားနိုင်ပေသည်။ အသံနှုန်းနှေးနှေးကို သော့ချက် အသုံးအနှုန်းများအတွက် အသုံးပြုသောအခါ ယင်းတို့ကို ပို၍အလေးစီးစေသည်။ တစ်စုံတစ်ရာသောစကားလုံးတို့ကို လေးနက်စေသည့်နည်းအဖြစ် အသံဖိရွတ်ခြင်းမပြုရသည့် ဘာသာစကားများတွင် ရည်ရွယ်ချက်ပေါက်ရောက်အောင်မြင်စေရန် ထိုဘာသာစကားတွင် သုံးမြဲပုံစံကိုလိုက်ဖို့လိုမည်။

      ရပ်တန့်ခြင်း။ ယင်းကို ကျမ်းချက်၏ သော့ချက်အပိုင်းဖတ်ရှုခြင်းမတိုင်မီ သို့မဟုတ် ဖတ်ပြီးနောက်တွင်ဖြစ်စေ၊ ထိုနှစ်နေရာစလုံးတွင်ဖြစ်စေ ပြုလုပ်နိုင်သည်။ အဓိကအကြောင်းကိုမဖတ်မီ ချက်ချင်းရပ်တန့်ခြင်းက လာမည့်အရာကိုမျှော်လင့်စေသည်; ဖတ်ပြီးနောက် ရပ်တန့်ခြင်းက သာ၍စွဲမှတ်စေသည်။ သို့ရာတွင် ရပ်တန့်မှုများလွန်းပါကလည်း အဘယ်အရာမျှ ပေါ်လွင်တော့မည်မဟုတ်ပေ။

      ထပ်မံတင်ပြခြင်း။ သင်ကိုယ်နှိုက်ဖြတ်ဝင်လိုက်ခြင်းနှင့် ယင်းစကားလုံး သို့မဟုတ် စကားစုကို ပြန်ဖတ်ခြင်းတို့ဖြင့် အချက်တစ်ချက်ကို လေးနက်စေရန် လုပ်ဆောင်နိုင်သည်။ ပို၍ကောင်းလေ့ရှိသောနည်းစနစ်တစ်ခုမှာ ကျမ်းချက်ကိုအပြီးဖတ်ပြီးနောက် သော့ချက်စကားလုံးကို ပြန်ဖတ်ခြင်းဖြစ်သည်။

      ကိုယ်ဟန်အမူအရာများ။ ကိုယ်ခန္ဓာလှုပ်ရှားမှုနှင့် မျက်နှာအနေအထားတို့သည် စကားလုံး သို့မဟုတ် စကားစုတစ်ခုတွင် စိတ်လှုပ်ရှားမှုကို ထပ်လောင်းပေးနိုင်လေ့ရှိသည်။

      လေသံ။ ဘာသာစကားအချို့တွင် တစ်ခါတစ်ရံ စကားလုံးများအား ယင်းတို့၏အဓိပ္ပာယ်ကိုပြောင်းစေသည့်လေသံ၊ ယင်းတို့အား ခွဲခြားပြသည့်လေသံတို့ဖြင့် ဖတ်ရပေမည်။ ဤတွင်လည်း ချင့်ချိန်မှုရှိဖို့လိုသည်၊ အထူးသဖြင့် ထေ့လုံးငေါ့လုံးများကို အသုံးပြုသည့်အခါဖြစ်သည်။

      ကျမ်းချက်များကို အခြားသူတို့ ဖတ်ရှုသည့်အခါ။ ကျမ်းချက်ကို အိမ်ရှင်ကဖတ်သည့်အခါ စကားလုံးအမှားများကို အလေးပေးဖိဖတ်ပေမည်၊ သို့မဟုတ် အလေးပေးခြင်း လုံးဝမရှိဘဲ ဖတ်ပေမည်။ ထိုအခါ သင်ဘာလုပ်နိုင်သနည်း။ များသောအားဖြင့် ကျမ်းချက်သက်ဆိုင်ပုံကိုပြသခြင်းဖြင့် အဓိပ္ပာယ်ကို ရှင်းလင်းခြင်းသည် အကောင်းဆုံးဖြစ်သည်။ သက်ဆိုင်ပုံကို တင်ပြပြီးနောက် ကျမ်းစာထဲရှိ သဘောပေါ်စေသည့်စကားလုံးများကို တိုက်ရိုက် အထူးအာရုံစိုက်စေပေမည်။

      လေးနက်စေခြင်းကို ပြုစုပျိုးထောင်နိုင်ပုံ

      • ဖတ်ရှုရန်စီစဉ်ထားသည့် မည်သည့်ကျမ်းချက်နှင့်မဆိုစပ်လျဉ်း၍ သင့်ကိုယ်သင်ဤသို့မေးပါ– ‘ဒီစကားလုံးတွေက ဘာခံစားချက် ဒါမှမဟုတ် ဘာစိတ်လှုပ်ရှားမှုကို ဖော်ပြပေးသလဲ။ အဲဒါကို ငါဘယ်လို လက်ဆင့်ကမ်းပေးသင့်သလဲ။’

      • အသုံးပြုရန်စီစဉ်ထားသည့် ကျမ်းချက်များကို ဆန်းစစ်ပါ။ ကျမ်းချက်တစ်ချက်စီနှင့်စပ်လျဉ်း၍ သင့်ကိုယ်သင်ဤသို့မေးပါ– ‘ဒီကျမ်းချက်က ဘာရည်ရွယ်ချက်ကို ပြီးမြောက်စေမလဲ။ အဲဒီရည်ရွယ်ချက်ကို အောင်မြင်ဖို့အတွက် ဘယ်စကားလုံးတွေကို အလေးအနက်ပြုဖို့လိုသလဲ။’

      လေ့ကျင့်ခန်းများ– (၁) လယ်ကွင်းလုပ်ငန်းတွင် အသုံးပြုရန်စီစဉ်ထားသည့် ကျမ်းချက်ကို ဆန်းစစ်ပါ။ သင့်လျော်သောခံစားမှုဖြင့် ယင်းကိုဖတ်ရှုရန် လေ့ကျင့်ပါ။ ကျမ်းချက်အသုံးပြုရန် စီစဉ်ထားသည့် နည်းကို စိတ်တွင်ထားကာ စကားလုံးမှန်(များ)အပေါ် အလေးအနက်ပြုခြင်းဖြင့် အသံကျယ်ကျယ်ဖတ်ပါ။ (၂) လတ်တလော လေ့လာနေသည့် စာပေတွင် ရည်ညွှန်းကိုးကားထားသော ကျမ်းချက်များပါဝင်သည့် စာပိုဒ်တစ်ပိုဒ်ကို ရွေးပါ။ ထိုကျမ်းချက်များအား မည်သို့အသုံးပြုထားပုံကို ဆန်းစစ်ပါ။ သဘောပေါ်စေသည့်စကားလုံးများကို မှတ်သားထားပါ။ ကျမ်းချက်များကို သင့်တော်သောလေးနက်မှုဖြင့် စာပိုဒ်တစ်ပိုဒ်လုံးကို အသံကျယ်ကျယ်ဖတ်ပါ။

  • ကျမ်းချက်များ၏ သက်ဆိုင်ပုံကို မှန်ကန်စွာ တင်ပြခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
    • သင်ခန်းစာ ၂၂

      ကျမ်းချက်များ၏ သက်ဆိုင်ပုံကို မှန်ကန်စွာ တင်ပြခြင်း

      သင်ဘာပြုလုပ်ဖို့ လိုအပ်သနည်း။

      ကျမ်းချက်၏သက်ဆိုင်ပုံ ရှင်းလင်းတင်ပြမှုမှန်သမျှသည် အထက်အောက်စကားနှင့်ကိုက်ညီကြောင်း၊ ကျမ်းစာတစ်အုပ်လုံးနှင့်ညီညွတ်ကြောင်း သေချာစေပါ။ ထို့ပြင် သက်ဆိုင်ပုံတင်ပြမှုသည် “သစ္စာနှင့်သတိပညာရှိသောကျွန်” မှထုတ်ဝေထားရာနှင့်အညီ ဖြစ်သင့်သည်။

      ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

      ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အခြားသူများအား သွန်သင်ပေးခြင်းသည် အရေးကြီးသောကိစ္စဖြစ်သည်။ ကိုယ်တော့်အလိုတော်မှာ လူတို့သည် “သမ္မာတရားကို သိလာ” စေရန်ဖြစ်သည်။ (၁ တိ. ၂:၃၊ ၄) ယင်းက ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မှန်ကန်စွာ သွန်သင်ရန် ကျွန်ုပ်တို့တာဝန်ဖြစ်စေသည်။

      အခြားသူများအား သွန်သင်ပေးခြင်းတွင် ကျမ်းစာမှ ကျမ်းချက်များကို ဖတ်ပြရုံလောက်နှင့်မပြီးပါ။ တမန်တော်ပေါလုက မိမိအဖော် တိမောသေထံ ဤသို့ရေးသားခဲ့သည်– “သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ်ဆက်သခြင်းငှာ ကြိုးစားအားထုတ်လော့။”—၂ တိ. ၂:၁၅။

      ယင်းကိုလုပ်ဆောင်ရန် ကျမ်းချက်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ရှင်းလင်းချက်သည် ကျမ်းစာကိုယ်နှိုက်၏သွန်သင်ချက်နှင့် ကိုက်ညီရမည်ဟု ဆိုလိုပါသည်။ ယင်းက ကျွန်ုပ်တို့နှစ်သက်ရာ အသုံးအနှုန်းများကို ရွေးချယ်ရုံသာပြုကာ မိမိတို့၏ကိုယ်ပိုင်ယူဆချက်များကိုထပ်ဆင့်မည့်အစား အထက်အောက်စကားကို ထည့်တွက်ဖို့ လိုအပ်ပေသည်။ ယေဟောဝါ၏နှုတ်တော်ထွက်မှ ဟောပြောသည်ဟု ဆိုသော်လည်း အမှန်တကယ်တွင် “ကိုယ်အလိုအလျောက် ရူပါရုံကိုမြင်သည်အတိုင်း” ဟောပြောခဲ့ကြသော အနှီပရောဖက်တို့ကို ပရောဖက်ယေရမိအားဖြင့် ယေဟောဝါဆန့်ကျင်သတိပေးခဲ့သည်။ (ယေ. ၂၃:၁၆) “ဆိတ်ကွယ်ရာအရပ်၌ပြုသော ရှက်ဖွယ်သောအမှုများကိုပယ်ကြ၏။ ပရိယာယ်ကိုမသုံး၊ ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်ကို ထိမ်ဝှက်မှောက်လှန်ခြင်းမရှိ” ဟု ခရစ်ယာန်များထံ တမန်တော်ပေါလုရေးသားခဲ့စဉ်က ဘုရားသခင့်စကားတော်ကို လူ့အတွေးအခေါ်ပညာရပ်များဖြင့် ညစ်ညူးစေခြင်းကို ဆန့်ကျင်သတိပေးခဲ့သည်။ ထိုခေတ်က မရိုးသားသောစပျစ်ဝိုင်ကုန်သည်များသည် သူတို့၏ဝိုင်များကိုရေထိုးပြီး ငွေပိုရအောင်လုပ်ကြလေ့ရှိသည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လူ့အတွေးအခေါ်ပညာရပ်များနှင့် ရောနှောစေခြင်းဖြင့် ရေမထိုးကြပါ။ “ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်ကို ရောစပ်ဟောပြောသောသူများတို့နှင့် ငါတို့သည်မတူဘဲ၊ ကြည်ဖြူသောစိတ်ရှိ၍ ဘုရားသခင်၏အလိုတော်နှင့်အညီ၊ ဘုရားသခင့်ရှေ့တော်တွင် ခရစ်တော်၌ဟောပြောကြ၏” ဟုပေါလုကြေညာခဲ့သည်။—၂ ကော. ၂:၁၇၊ သမ္မာ; ၄:၂။

      တစ်ခါတစ်ရံ သင်သည် မူတစ်ခုကို ပေါ်လွင်စေရန် ကျမ်းချက်တစ်ချက်ကို ကိုးကားပေမည်။ ကျမ်းစာသည် မူများဖြင့်ပြည့်နှက်ကာ ယင်းမူတို့သည် အခြေအနေအမျိုးမျိုးအဖုံဖုံကို ကိုင်တွယ်ဖြေရှင်းရာတွင် ခြေမြစ်သောလမ်းညွှန်ချက်ပေးသည်။ (၂ တိ. ၃:၁၆၊ ၁၇) သို့သော် သင့် သက်ဆိုင်ပုံရှင်းလင်းချက်သည် တိကျမှန်ကန်ကြောင်းနှင့် ကျမ်းချက်တစ်ချက်ကို မိမိပြောလိုရာကို ဆွဲပြော၍ရပုံထွက်စေသည့် တလွဲအသုံးပြုနေခြင်းမဟုတ်ကြောင်း သေချာစေသင့်သည်။ (ဆာ. ၉၁:၁၁၊ ၁၂; မ. ၄:၅၊ ၆) သက်ဆိုင်ပုံရှင်းလင်းချက်သည် ယေဟောဝါ၏ ရည်ရွယ်တော်မူချက်နှင့်ညီရမည်၊ ဘုရားသခင့်နှုတ်ကပါဌ်တော်တစ်အုပ်လုံးနှင့် ကိုက်ညီရမည်။

      “အမှန်တရားကို မှန်ကန်စွာပိုင်းခြားတတ်ခြင်း” တွင်လည်း သမ္မာကျမ်းစာ၏ဆိုလိုရင်းအချက်ကို နားလည်သဘောပေါက်ခြင်း ပါဝင်ပေသည်။ အခြားသူများအပေါ် နိုင်လိုမင်းထက်ပြုကျင့်စရာ “လက်ကိုင်တုတ်” တစ်ခုမဟုတ်ပါ။ ယေရှုခရစ်ကို ဆန့်ကျင်သော ဘာသာတရားသွန်သင်သူများသည် ကျမ်းစာမှကိုးကားခဲ့ကြသော်လည်း ဘုရားသခင်တောင်းဆိုသည့် တရားမျှတမှု၊ ကရုဏာနှင့် သစ္စာရှိမှုတို့ပါဝင်သော ပို၍အရေးပါသည့်ကိစ္စရပ်များတွင် သူတို့၏မျက်လုံးများကို စုံမှိတ်ထားကြသည်။ (မ. ၂၂:၂၃၊ ၂၄; ၂၃:၂၃၊ ၂၄) ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သွန်သင်ရာတွင် ယေရှုသည် မိမိခမည်းတော်၏ဥပဓိရုပ်ကို ထင်ဟပ်စေခဲ့သည်။ အမှန်တရားအတွက် ယေရှု၏ဇွဲကို ကိုယ်တော်သွန်သင်ပေးခဲ့သောလူတို့အတွက် ကိုယ်တော်၏နက်ရှိုင်းသည့်မေတ္တာနှင့် ဒွန်တွဲစေခဲ့သည်။ ကျွန်ုပ်တို့လည်း ကိုယ်တော့်စံနမူနာကို လိုက်လျှောက်ရန် ကြိုးစားသင့်ပေသည်။—မ. ၁၁:၂၈။

      ကျွန်ုပ်တို့သည် ကျမ်းချက်၏သက်ဆိုင်ပုံကို မှန်ကန်စွာရှင်းပြနေကြောင်း မည်သို့သေချာစေနိုင်သနည်း။ ပုံမှန်ကျမ်းစာဖတ်ရှုခြင်းက ကူညီပေးပါလိမ့်မည်။ ယေဟောဝါ၏ပြင်ဆင်ပေးမှုဖြစ်သည့် “သစ္စာနှင့်သတိပညာရှိသောကျွန်၊” ဝိညာဏဘိသိက်ခံခရစ်ယာန်များအဖွဲ့အားဖြင့် ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့အား ဝိညာဉ်အစာပြင်ဆင်ပေးသည်ကိုလည်း ကျွန်ုပ်တို့တန်ဖိုးထားရန်လိုအပ်သည်။ (မ. ၂၄:၄၅၊ သမ) ကိုယ်ပိုင်လေ့လာမှုအပြင် အသင်းတော်အစည်းအဝေးများကို ပုံမှန်တက်ရောက်ခြင်းနှင့် ပါဝင်ခြင်းတို့ကလည်း သစ္စာနှင့်သတိပညာရှိသောကျွန်အတန်းအစားအားဖြင့် ပြင်ဆင်ပေးသည့် ညွှန်ကြားချက်မှ အကျိုးရယူရန် ကျွန်ုပ်တို့ကိုကူညီပေးမည်။

      ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်ခြင်းစာအုပ်ကို သင့်ဘာသာစကားဖြင့်ရနိုင်ပြီး ၎င်းကိုကောင်းစွာအသုံးပြုရန်သင်ယူပါက ဓမ္မအမှုတွင် မကြာခဏအသုံးပြုသော ရာနှင့်ချီသောကျမ်းချက်များ၏သက်ဆိုင်ပုံကို မှန်ကန်စွာရှင်းလင်းပြရန်အတွက် လိုအပ်သောလမ်းညွှန်မှုကို အလွယ်တကူရနိုင်ပေလိမ့်မည်။ မရင်းနှီးသောကျမ်းချက်တစ်ချက်ကို အသုံးပြုရန် သင်စီစဉ်နေလျှင် ကျိုးနွံသည့်စိတ်က လိုအပ်သောသုတေသနကိုပြုစေမည်၊ ဤသို့ဖြင့် ဟောပြောသည့်အခါ အမှန်တရားနှုတ်ကပါဌ်တော်ကို မှန်ကန်စွာပိုင်းခြားနေပါလိမ့်မည်။—သု. ၁၁:၂။

      သက်ဆိုင်ပုံကိုရှင်းလင်းစွာတင်ပြခြင်း။ အခြားသူများကိုသွန်သင်ပေးရာတွင် သင်ဆွေးနွေးနေသည့်အကြောင်းအရာနှင့် အသုံးပြုသည့်ကျမ်းချက်များစပ်ကြား ဆက်နွှယ်မှုကို သူတို့ ရှင်းရှင်းလင်းလင်း မြင်ကြကြောင်း သေချာစေပါ။ သင်သည် မေးခွန်းတစ်ခုဖြင့် ကျမ်းချက်သို့ ဦးတည်သွားပါက ထိုမေးခွန်းကို ကျမ်းချက်ကမည်သို့ဖြေဆိုကြောင်း နားထောင်သူများ မြင်စေသင့်သည်။ အဆိုပြုချက်တစ်ခုခုကို ထောက်မပေးသည့် ကျမ်းချက်အား သင်အသုံးပြုနေပါက ထိုကျမ်းချက်သည် ယင်းအချက်ကို မည်သို့သက်သေထင်ရှားပြကြောင်း သင်သား ရှင်းရှင်းလင်းလင်းမြင်ရန် သေချာစေပါ။

      ကျမ်းချက်ကို ဖတ်ပြရုံမျှဖြင့် လေးနက်မှုနှင့်ဖတ်သည့်တိုင် အများအားဖြင့် မလုံလောက်ချေ။ သာမန်လူတစ်ဦးသည် ကျမ်းစာနှင့်မရင်းနှီးသည်ဖြစ်ရာ တစ်ခေါက်ဖတ်ရုံဖြင့် သင်ပြောလိုသည့်အချက်ကို သဘောပေါက်နိုင်ဖွယ်မရှိကြောင်း သတိရပါ။ သင်ဆွေးနွေးနေသည့်အကြောင်းနှင့် တိုက်ရိုက်သက်ဆိုင်သည့် ကျမ်းချက်၏အပိုင်းကို အာရုံစူးစိုက်စေပါ။

      များသောအားဖြင့် ဆွေးနွေးနေသောအချက်နှင့် တိုက်ရိုက်ပတ်သက်နေသည့် သော့ချက်စကားလုံးများကို ခွဲထုတ်ဖော်ပြပေးဖို့ လိုအပ်သည်။ အရိုးရှင်းဆုံးနည်းစနစ်မှာ ထိုအဓိပ္ပာယ်ပေါ်စေသည့်စကားလုံးများကို ပြန်၍ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။ အကယ်၍ လူတစ်ဦးအား ဟောပြောနေပါက သော့ချက်စကားလုံးများခွဲခြားသိမြင်စေရန် ကူညီပေးမည့် မေးခွန်းများမေးပေမည်။ အုပ်စုအား ဟောပြောရာတွင် ဟောပြောသူအချို့တို့သည် မိမိတို့၏ရည်ရွယ်ချက်ကို အထမြောက်ရန် ဆင်တူယိုးမှားစကားလုံးများကို အသုံးပြုခြင်းဖြစ်စေ၊ အကြောင်းအရာအား ပြန်၍ထုတ်ဖော်ပြောခြင်းနည်းကိုဖြစ်စေ သုံးရန်နှစ်သက်ကြသည်။ သို့ရာတွင် ယင်းကိုပြုလုပ်ရန် သင်ရွေးချယ်ပါက ဆွေးနွေးသည့်အချက်နှင့် ကျမ်းချက်ရှိစကားလုံးအသုံးအနှုန်းကြား ဆက်စပ်မှုကို ပရိသတ်မျက်ခြည်မပြတ်သွားစေရန် ဂရုစိုက်ပါ။

      သော့ချက်စကားလုံးများကို သီးခြားခွဲထုတ်ထားပြီဖြစ်၍ အုတ်မြစ်ကောင်းတစ်ခုကို သင်ချထားပေပြီ။ ယခုတွင် ကျန်အပိုင်းကို ဆက်လုပ်ဆောင်သွားပါ။ ကျမ်းချက်အသုံးပြုရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ညွှန်ပြကာ ကျမ်းချက်ကိုမိတ်ဆက်ပေးသလော။ သို့ဖြစ်လျှင် သင်ပေါ်လွင်စေခဲ့သောစကားလုံးများက ပရိသတ်အားမျှော်လင့်စေခဲ့သည့်အရာနှင့် မည်သို့ဆက်နွှယ်ကြောင်း ညွှန်ပြပေးပါ။ ထိုဆက်နွှယ်မှုသည် အဘယ်အရာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြပါ။ ထိုကဲ့သို့ ရှင်းလင်းပြတ်သားသော ကျမ်းချက်မိတ်ဆက်ပေးမှုကို သင်အသုံးမပြုခဲ့သည့်တိုင် ဖတ်ပြီးနောက်ထောက်ပြသင့်သည်။

      ဖာရိရှဲများက “လူသည် ခပ်သိမ်းသောအပြစ်ကြောင့် မိမိမယားနှင့်ကွာအပ်သလော” ဟု ယေရှုအား မေးသည့်မေးခွန်းကို ခက်ခဲသည့်မေးခွန်းဟု သူတို့ထင်ခဲ့ကြသည်။ ကမ္ဘာဦး ၂:၂၄ ကိုအခြေပြု၍ ယေရှုဖြေဆိုပေးခဲ့သည်။ ယင်း၏အပိုင်းတစ်ပိုင်းကိုသာ ကိုယ်တော် အဓိကထားအာရုံစိုက်ခဲ့ပြီး လိုအပ်သလိုသက်ဆိုင်ပုံရှင်းလင်းပေးခဲ့ကြောင်း သတိပြုပါ။ ယောက်ျားနှင့်သူ၏ဇနီးသည် “တစ်သားတစ်ကိုယ်တည်း” ဖြစ်လာကြောင်း ညွှန်ပြပေးကာ ယေရှုဤသို့နိဂုံးချုပ်သည်– “ဘုရားသခင်ဖက်စပ်၍ထမ်းပိုးတင်တော်မူသောအရာကို လူမခွဲမခွာစေနှင့်။”—မ. ၁၉:၃-၆။

      ကျမ်းချက်၏သက်ဆိုင်ပုံသည် ရှင်းနေရန်ပြုဖို့ သင်မည်မျှရှင်းပြပေးသင့်သနည်း။ ပရိသတ်ဖွဲ့စည်းပါဝင်မှုနှင့် ဆွေးနွေးနေသည့်အချက်တို့၏ အရေးကြီးမှုက ထိုမေးခွန်းကို အဆုံးအဖြတ်ပေးသင့်သည်။ ရိုးရိုးရှင်းရှင်းနှင့် တဲ့တိုးပြောဆိုခြင်းသည် သင့်ပန်းတိုင်ဖြစ်ပါစေ။

      ကျမ်းစာမှကျိုးကြောင်းဆင်ခြင်ပါ။ သက်သာလောနိတ်မြို့၌ တမန်တော်ပေါလု၏ဓမ္မအမှုနှင့်စပ်လျဉ်း၍၊ သူသည် “ကျမ်းစာကိုအမှီပြု၍ . . . ဆွေးနွေးနှီးနှော” ခဲ့ကြောင်း တမန်တော် ၁၇:၂၊ ၃ က ကျွန်ုပ်တို့အားပြောပြသည်။ ယင်းသည် ယေဟောဝါ၏ကျေးကျွန်တိုင်း ပြုစုပျိုးထောင်ရန် ကြိုးစားသင့်သည့်အရည်အချင်းတစ်ခုဖြစ်သည်။ ဥပမာအနေဖြင့် ပေါလုသည် ယေရှု၏အသက်တာနှင့် ဓမ္မအမှုနှင့်စပ်လျဉ်း၍ အချက်အလက်များကို ဆက်စပ်ပြကာ ယင်းတို့ကို ဟေဗြဲကျမ်းစာစောင်များတွင် တင်ကြိုဟောထားခဲ့ပြီးကြောင်း ပြသခဲ့သည်၊ ထို့နောက် “ငါဟောပြောသောယေရှုသည် ခရစ်တော်ဖြစ်သည်” ဟုပြောဆိုကာ အားမာန်အပြည့်ဖြင့် နိဂုံးချုပ်ခဲ့သည်။

      ဟေဗြဲလူတို့ထံ စာရေးသားရာတွင် ပေါလုသည် ဟေဗြဲကျမ်းစာစောင်များမှ အကြိမ်ကြိမ် ကိုးကားခဲ့သည်။ အလေးအနက်ပြုရန် သို့မဟုတ် အချက်တစ်ချက်ကိုရှင်းလင်းစေရန် စကားလုံးတစ်လုံး သို့မဟုတ် စကားစုတိုတစ်စုကို သီးခြားခွဲထုတ်ပြီးနောက် ယင်း၏ဆိုလိုရင်းအဓိပ္ပာယ်ကို သူပြသလေ့ရှိသည်။ (ဟေဗြဲ ၁၂:၂၆၊ ၂၇) ဟေဗြဲအခန်းကြီး ၃ တွင်တွေ့ရှိရသည့်မှတ်တမ်းတစ်ခု၌ ဆာလံ ၉၅:၇-၁၁ မှ ပေါလုကိုးကားခဲ့သည်။ ထို့နောက် ယင်းအပိုင်းသုံးပိုင်းအား အကျယ်တဝင့်ရေးသားခဲ့သည်ကို သတိပြုပါ– (၁) နှလုံးကိုရည်ညွှန်းထားချက် (ဟေဗြဲ ၃:၈-၁၂)၊ (၂) “ယနေ့” ဟူသည့်အသုံးအနှုန်း၏ ဆိုလိုရင်းအဓိပ္ပာယ် (ဟေဗြဲ ၃:၇၊ ၁၃-၁၅; ၄:၆-၁၁) နှင့် (၃) “ငါ၏ချမ်းသာထဲသို့ မဝင်ရကြ” ဟူသည့်ဖော်ပြချက်၏အဓိပ္ပာယ် (ဟေဗြဲ ၃:၁၁၊ ၁၈၊ ၁၉; ၄:၁-၁၁)။ ကျမ်းချက်တစ်ချက်စီ၏ သက်ဆိုင်ပုံကို သင်ရှင်းပြသည့်အခါ ထိုနမူနာကိုအတုယူရန် ကြိုးစားပါ။

      လုကာ ၁၀:၂၅-၃၅ ၌တွေ့ရသည့် မှတ်တမ်းတွင် ကျမ်းစာမှယေရှုကျိုးကြောင်းဆင်ခြင်ခဲ့ခြင်း၏ ထိရောက်မှုကို လေ့လာဆန်းစစ်ကြည့်ပါ။ ကျမ်းတတ်တစ်ယောက်က ဤသို့မေးသည်– “အရှင်ဘုရား၊ ထာဝရအသက်ကိုအမွေခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကိုပြုရပါမည်နည်း။” ယေရှုဖြေဆိုရာတွင် ထိုလူအား ထိုကိစ္စအပေါ် သူမည်သို့ရှုမြင်ကြောင်းဖော်ပြရန် အလျင်ဆုံးဖိတ်ခေါ်လိုက်ပြီးနောက် ဘုရားသခင့်စကားတော်အတိုင်း လုပ်ဆောင်ခြင်း၏အရေးကြီးမှုကို အလေးအနက်ပြုခဲ့သည်။ ထိုသူသည် အဓိကအချက်ကို သတိမမူမိဘဲလွတ်နေကြောင်း ရှင်းနေသည့်အခါ ယေရှုသည် ကျမ်းချက်မှ “အိမ်နီးချင်း” ဟူသည့်စကားလုံးတစ်လုံးတည်းကိုသာ အကျယ်တဝင့်ဆွေးနွေးခဲ့သည်။ ၎င်းကို အဓိပ္ပာယ်ရှင်းလင်းရုံသာပြုမည့်အစား လျော်ကန်သောကောက်ချက်တစ်ခု ထိုလူချနိုင်စေရန် ထောက်ကူပေးသည့် ပုံဥပမာတစ်ခု ကိုယ်တော်အသုံးပြုခဲ့သည်။

      မေးခွန်းများဖြေဆိုရာတွင် တိုက်ရိုက်ရှင်းလင်းသောအဖြေပေးသည့် ကျမ်းချက်များကို ယေရှုကိုးကားခဲ့ရုံမျှမပြုသည်မှာ ထင်ရှားပါသည်။ ယင်းတို့ဘာပြောသည်ကို ကိုယ်တော်သုံးသပ်ကာ မေးနေသောမေးခွန်းနှင့် သက်ဆိုင်ပုံကို ရှင်းပြခဲ့သည်။

      ထမြောက်ခြင်းမျှော်လင့်ချက်ကို ဇဒ္ဒုကဲများက စောဒကတက်ကြသောအခါ ထွက်မြောက်ရာ ၃:၆ မှ သတ်သတ်မှတ်မှတ်အပိုင်းတစ်ပိုင်းကို ယေရှုအဓိကအာရုံစိုက်စေခဲ့သည်။ သို့သော် ကျမ်းချက်ကို ကိုးကားပြီးနောက် ကိုယ်တော်မရပ်တန့်ခဲ့ချေ။ ထမြောက်ခြင်းသည် ဘုရားသခင့်ရည်ရွယ်ချက်၏ အစိတ်အပိုင်းဖြစ်ကြောင်း ရှင်းလင်းစွာပြသရန် ယင်းအပေါ် ကျိုးကြောင်းဆင်ခြင်တော်မူခဲ့သည်။—မာ. ၁၂:၂၄-၂၇။

      ကျမ်းစာမှ မှန်မှန်ကန်ကန်နှင့် ထိထိရောက်ရောက် ကျိုးကြောင်းဆင်ခြင်နိုင်သည့်အရည်အချင်းကို ပိုင်ပိုင်နိုင်နိုင် တတ်မြောက်ထားခြင်းသည် ကျွမ်းကျင်သည့် သွန်သင်သူတစ်ယောက်ဖြစ်လာခြင်းတွင် အရေးပါသော အချက်တစ်ချက်ဖြစ်ပေမည်။

      ထိုအရည်အချင်းကို တိုးတက်စေနိုင်ပုံ

      • ကျမ်းစာကို မှန်မှန်ဖတ်ရှုပါ။ ကင်းမျှော်စင် ကိုသေသေချာချာလေ့လာပြီး အသင်းတော်အစည်းအဝေးများအတွက် ကောင်းမွန်စွာ ပြင်ဆင်ပါ။

      • အသုံးပြုရန်စီစဉ်ထားသည့် အဘယ်ကျမ်းချက်မဆိုတွင်ရှိသော စကားလုံးများ၏အဓိပ္ပာယ်ကို သင်သိနားလည်ထားကြောင်း သေချာစေပါ။ ကျမ်းချက်သည် အဘယ်အရာပြောဆိုနေသည်ကို မှန်မှန်ကန်ကန်နားလည်စေရန် ယင်းကို သေသေချာချာဖတ်ပါ။

      • ကျွန်ုပ်တို့၏ခရစ်ယာန်စာပေများတွင် သုတေသနပြုခြင်းကို အလေ့အကျင့်တစ်ခု ဖြစ်စေပါ။

      လေ့ကျင့်ခန်း– ၂ ပေတရု ၃:၇ ၏ဆိုလိုရင်းကို ကျိုးကြောင်းဆင်ခြင်ပါ။ မြေကြီးသည် မီးဖြင့်ဖျက်ဆီးခံရမည်ဟု ယင်းကသက်သေပြသလော။ (“မြေကြီး” ကိုရှင်းလင်းရာတွင်၊ “ကောင်းကင်” က ဘာကိုဆိုလိုကြောင်းကိုလည်း သုံးသပ်ပါ။ “မြေကြီး” ကိုပုံဆောင်သဘောဖြင့် အသုံးပြုနိုင်ကြောင်း အဘယ်ကျမ်းချက်များက ပြသနည်း။ အခန်းငယ် ၇ တွင် ဖော်ပြထားသည့်အတိုင်း မည်သူ သို့မဟုတ် အဘယ်အရာ အမှန်ဖျက်ဆီးခံရမည်နည်း။ ယင်းသည် အခန်းငယ် ၅ နှင့် ၆ တွင် ရည်ညွှန်းထားသည့် နောဧခေတ်၌ ဖြစ်ပျက်ခဲ့သည့်အရာနှင့် မည်သို့သဘောတူသနည်း။)

  • လက်တွေ့ကျတန်ဖိုးကို ရှင်းလင်းစွာ ဖော်ပြခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
    • သင်ခန်းစာ ၂၃

      လက်တွေ့ကျတန်ဖိုးကို ရှင်းလင်းစွာ ဖော်ပြခြင်း

      သင်ဘာပြုလုပ်ဖို့လိုအပ်သနည်း။

      ပရိသတ်အား သင့်အကြောင်းအရာက သူတို့ဘဝအသက်တာကို မည်သို့အကျိုးသက်ရောက်စေကြောင်း သို့မဟုတ် ယင်းကို အကျိုးရှိသည့်နည်းလမ်းဖြင့် မည်သို့အသုံးချနိုင်ကြောင်းတွေ့ မြင်ရန် ကူညီပေးပါ။

      ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

      လူတို့သည် သင်ပြောနေသည့်အရာ၏ လက်တွေ့ကျတန်ဖိုးကို မတွေ့ မြင်ပါက သူတို့စိတ်မဝင်စားကြောင်း ပြောမည် သို့မဟုတ် သူတို့သည် စိတ်ပိုင်းအရလျစ်လျူရှုမည်ဖြစ်ကာ အာရုံပျံ့လွင့်စရာဖြစ်သွားစေသည်။

      တစ်ဦးတစ်ယောက်ကို ဟောပြောနေသည်ဖြစ်စေ၊ ပို၍ကြီးမားသောပရိသတ်ကို ဟောပြောနေသည်ဖြစ်စေ သင့်အကြောင်းအရာကို သင်စိတ်ဝင်စားသောကြောင့် နားထောင်သူ(များ)ကလည်း စိတ်ဝင်စားကြလိမ့်မည်ဟု ယူဆခြင်းသည် ပညာမဲ့ရာကျသည်။ သင့်သတင်းတရားသည် အရေးကြီးသည့်သတင်းဖြစ်သော်လည်း ၎င်း၏လက်တွေ့ကျတန်ဖိုးကို ရှင်းလင်းစွာတင်ပြရန် သင်ပျက်ကွက်ပါက ပရိသတ်၏စိတ်ဝင်စားမှုကို ကြာကြာဆွဲထားနိုင်လိမ့်မည် မဟုတ်ချေ။

      ယင်းသည် နိုင်ငံတော်ခန်းမရှိပရိသတ်အတွက်ပင် မှန်ကန်ပါသည်။ ပုံဥပမာ သို့မဟုတ် ယခင်က သူတို့မကြားဖူးသည့် အတွေ့အကြုံကို သင်အသုံးပြုပါက သူတို့သည် စိတ်ပိုင်းအရ နားထောင်ပေမည်။ သို့သော် သူတို့သိထားပြီးသောအကြောင်းအရာကို ပြောဆိုသည့်အခါ၊ အထူးသဖြင့် ထိုအရာများအပေါ်တည်ဆောက်သွားဖို့ ပျက်ကွက်ပါက နားထောင်တော့မည်မဟုတ်ချေ။ သင်ပြောဆိုနေသည့်အရာသည် သူတို့ကို အဘယ်ကြောင့်နှင့်မည်သို့ အမှန်အကျိုးရှိစေကြောင်း သူတို့တွေ့မြင်ရန် အကူအညီပေးဖို့လိုအပ်သည်။

      လက်တွေ့ကျကျ စဉ်းစားကြရန် ကျွန်ုပ်တို့အား ကျမ်းစာက အားပေးတိုက်တွန်းထားသည်။ (သု. ၃:၂၁) ယေဟောဝါသည် “ဖြောင့်မတ်သောသူတို့၏ လက်တွေ့ကျသောဉာဏ်ပညာဆီသို့” လူတို့ကိုလမ်းညွှန်ပေးရန် နှစ်ခြင်းဆရာယောဟန်အားအသုံးပြုခဲ့သည်။ (လု. ၁:၁၇၊ ကဘ) ယင်းသည် ယေဟောဝါအပေါ် ထားသင့်သော ကောင်းကျိုးပြုသည့်ကြောက်ရွံ့ခြင်း၌ အမြစ်တွယ်သောဉာဏ်ပညာဖြစ်သည်။ (ဆာ. ၁၁၁:၁၀) ဤဉာဏ်ပညာကို တန်ဖိုးထားသူတို့သည် ယခုတွင်ပင် ဘဝကို အောင်မြင်စွာကိုင်တွယ်ဖြေရှင်းတတ်ရန်နှင့် လာမည့် ထာဝရအသက်တာ၊ စစ်မှန်သောအသက်တာကို ဆုပ်ကိုင်ထားရန် ကူညီပေးခြင်းခံရကြသည်။—၁ တိ. ၄:၈; ၆:၁၉။

      ဟောပြောချက်ကို လက်တွေ့ကျစေခြင်း။ သင့်ဟောပြောချက် လက်တွေ့ကျဖို့ဆိုလျှင် သင်သည် အကြောင်းအရာကိုသာမဟုတ်ဘဲ ပရိသတ်ကိုပါ သေသေချာချာ ထည့်စဉ်းစားရမည်။ သူတို့အား အုပ်စုတစ်စုအဖြစ်မျှသာ မစဉ်းစားပါနှင့်။ ထိုအုပ်စုကို လူပုဂ္ဂိုလ်များနှင့်မိသားစုများဖြင့် ဖွဲ့စည်းထားသည်။ ထိုတွင် အလွန်ငယ်ရွယ်သူများ၊ ဆယ်ကျော်သက်များ၊ လူကြီးများနှင့် သက်ကြီးရွယ်အိုအချို့ပင် ရှိပေမည်။ စိတ်ဝင်စားသူလူသစ်များအပြင် သင်မမွေးမီကပင် ယေဟောဝါ၏အမှုတော်ကို စတင်ထမ်းရွက်လာကြသူများပါ ရှိနိုင်သည်။ အချို့သည် ဝိညာဉ်ရေး၌ ရင့်ကျက်သူများဖြစ်ကြပေမည်; အခြားသူများမူ လောက၏သဘောထားများနှင့်အမူအကျင့်များ၏ လွှမ်းမိုးမှုကို အပြင်းအထန်ခံနေရဆဲ ဖြစ်ကောင်းဖြစ်မည်။ သင့်ကိုယ်သင်ဤသို့မေးစမ်းကြည့်ပါ– ‘ကျွန်ုပ်ဆွေးနွေးမည့်အကြောင်းအရာက ပရိသတ်၌ရှိနေသူတို့ကို မည်သို့အကျိုးရစေမည်နည်း။ လိုရင်းအချက်ကို သဘောပေါက်ရန် သူတို့ကို မည်သို့ကူညီပေးနိုင်မည်နည်း။’ ဤတွင်ဖော်ပြထားသည့် အုပ်စုတစ်စုနှစ်စုကိုသာ အဓိကထားအာရုံစိုက်ရန် သင်ဆုံးဖြတ်ပေမည်။ သို့ရာတွင်၊ ကျန်သူများကို လုံးလုံးမေ့မထားပါနှင့်။

      သင်သည် အခြေခံကျမ်းစာသွန်သင်ချက်တစ်ခု ဆွေးနွေးဖို့တာဝန်ပေးခံရပါက အသို့နည်း။ ထိုသွန်သင်ချက်ကို ယုံကြည်ပြီးဖြစ်သော ပရိသတ်တစ်ခုကို အကျိုးရရှိစေရန် ထိုသို့သောဟောပြောချက်ကို သင်မည်သို့ပြုလုပ်နိုင်သနည်း။ ယင်း၌သူတို့၏ယုံကြည်စိတ်ချမှုကို ခိုင်ခံ့မြဲမြံစေဖို့ ကြိုးပမ်းပါ။ မည်သို့အားဖြင့်နည်း။ ယင်းကိုထောက်မပေးထားသည့် ကျမ်းစာအထောက်အထားအပေါ် ကျိုးကြောင်းဆင်ခြင်ခြင်းအားဖြင့်ဖြစ်သည်။ ထိုကျမ်းစာသွန်သင်ချက်အပေါ် သူတို့၏ တန်ဖိုးထားလေးမြတ်မှု နက်ရှိုင်းလာစေရန်လည်း သင်ပြုနိုင်သည်။ သွန်သင်ချက်သည် အခြားသော ကျမ်းစာအမှန်တရားများနှင့်လည်းကောင်း၊ ယေဟောဝါ၏ဂုဏ်ရည်တော်နှင့်လည်းကောင်း မည်သို့ကိုက်ညီနေကြောင်းကို ဖော်ပြခြင်းအားဖြင့် ယင်းကိုလုပ်ဆောင်နိုင်ပါသည်။ ဤသွန်သင်ချက်ကိုနားလည်ခြင်းသည် လူတို့ကို မည်သို့အကျိုးဖြစ်ထွန်းစေခဲ့ပုံနှင့် အနာဂတ်အပေါ် သူတို့၏အမြင်ကို မည်သို့သြဇာလွှမ်းမိုးခဲ့ပုံတို့ကို ဖော်ပြသည့် ပုံနမူနာများ—ဖြစ်နိုင်မည်ဆိုလျှင် ဘဝဖြစ်ရပ်မှန်တွေ့ကြုံမှုများကို အသုံးပြုပါ။

      လက်တွေ့ကျ သက်ဆိုင်မှုကို ဟောပြောချက်၏နိဂုံးပိုင်း တိုတုတ်သောမှတ်ချက်အနည်းငယ်ဖြင့် ဘောင်မခတ်လိုက်ပါနှင့်။ အစပြုကတည်းက သင့်ပရိသတ်ရှိတစ်ဦးစီသည် “ဒါ ငါနဲ့ပတ်သက်နေတယ်” ဟု ခံစားသင့်ပေသည်။ ထိုအခြေခံအုတ်မြစ်ကိုချပြီးသကာလ ဟောပြောချက်၏ကိုယ်ထည်နှင့် နိဂုံးရှိ အဓိကအချက်တစ်ခုစီကို သင်အဆင့်ဆင့်တည်ဆောက်သွားသည်နှင့်အမျှ လက်တွေ့ကျသက်ဆိုင်မှုကို ဆက်၍တင်ပြပါ။

      သက်ဆိုင်မှုကိုရှင်းပြသည့်အခါ ကျမ်းစာမူများနှင့်ကိုက်ညီသည့်နည်းဖြင့် လုပ်ဆောင်ကြောင်းသေချာစေပါ။ ယင်းက အဘယ်အရာကိုဆိုလိုသနည်း။ မေတ္တာလမ်းစဉ်ဖြင့် လုပ်ဆောင်ခြင်း၊ စာနာမှုပြခြင်းတို့ကိုဆိုလိုသည်။ (၁ ပေ. ၃:၈; ၁ ယော. ၄:၈) သက်သာလောနိတ်မြို့တွင် ခက်ခဲသောပြဿနာများကို ကိုင်တွယ်ရာတွင်ပင် တမန်တော်ပေါလုသည် ထိုမြို့တွင်ရှိ မိမိ၏ခရစ်ယာန်ညီအစ်ကိုညီအစ်မများ၏ ဝိညာဉ်ရေးတိုးတက်မှု၏ အပြုသဘောပါကဏ္ဍများပေါ်လွင်ရန် သေချာစေခဲ့သည်။ ထိုအချိန်ကဆွေးနွေးခဲ့သည့်ကိစ္စရပ်၌ မှန်ကန်ရာကို သူတို့လုပ်ဆောင်လိုကြမည်ကို ယုံကြည်စိတ်ချကြောင်းကိုလည်း သူဖော်ပြခဲ့သည်။ (၁ သက်. ၄:၁-၁၂) အတုယူရန် ပုံသက်သေကောင်းပင်!

      သင့်ဟောပြောချက်သည် အခြားသူများအား သတင်းကောင်းဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းတွင်ပါဝင်ဖို့ လှုံ့ဆော်ပေးခြင်းဖြစ်သလော။ အခွင့်ထူးအပေါ် စိတ်အားထက်သန်မှုနှင့် တန်ဖိုးထားလေးမြတ်မှုတို့ကို တည်ဆောက်ပေးပါ။ သို့သော် ထိုသို့လုပ်ဆောင်နေစဉ် ထိုလုပ်ငန်းတွင် လူတို့ပါဝင်နိုင်သည့်အတိုင်းအတာမှာ အမျိုးမျိုးရှိကြောင်းနှင့် ယင်းကို ကျမ်းစာက ထည့်တွက်စဉ်းစားပေးကြောင်း စိတ်တွင်စွဲမှတ်ထားပါ။ (မ. ၁၃:၂၃) ညီအစ်ကိုများ၏စိတ်တွင် အပြစ်ရှိသည်ဟုမခံစားစေပါနှင့်။ ‘မေတ္တာစိတ်ရှိစေခြင်း၊ ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာ၊ တိုက်တွန်းနှိုးဆော်ဖို့’ ကျွန်ုပ်တို့အား ဟေဗြဲ ၁၀:၂၄ က တိုက်တွန်းထားသည်။ ကျွန်ုပ်တို့သည် မေတ္တာရှိရန် တိုက်တွန်းနှိုးဆော်ပါက သဘောထားကောင်းဖြင့် လုပ်ဆောင်လာကြမည်။ နာခံရန် အမိန့်အာဏာနှင့်ပြုမည့်အစား ကျွန်ုပ်တို့ထံမှ ယေဟောဝါအလိုရှိတော်မူသည့်အရာမှာ ‘ယုံကြည်၍နားထောင်’ ကြဖို့ဖြစ်ကြောင်း သိမှတ်ပါ။ (ရော. ၁၆:၂၆) ယင်းကိုစိတ်စွဲမှတ်ထားလျက် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့ညီအစ်ကိုများ၏ယုံကြည်ခြင်းကို ခိုင်ခံ့မြဲမြံစေရန် ကြိုးပမ်းကြသည်။

      လိုရင်းချက်ကိုမြင်ရန် အခြားသူများအား ကူညီပေးခြင်း။ အခြားသူများအား သင်သက်သေခံသည့်အခါ သတင်းကောင်း၏ လက်တွေ့ကျသောတန်ဖိုးကို ပေါ်လွင်စေရန် မပျက်ကွက်ပါနှင့်။ ထိုသို့ပြုလုပ်ခြင်းသည် သင့်ရပ်ကွက်ရှိလူတို့၏စိတ်တွင် အဘယ်အရာရှိကြောင်းကို စဉ်းစားသုံးသပ်ဖို့လိုသည်။ သင်မည်သို့သိရှိနိုင်မည်နည်း။ ရေဒီယို သို့မဟုတ် ရုပ်မြင်သံကြားသတင်းတို့ကို နားထောင်ပါ။ သတင်းစာ၏မျက်နှာဖုံးကို ကြည့်ရှုပါ။ ထို့အပြင် လူတို့ စကားစမြည်ပြောလာစေရန်ကြိုးပမ်းကာ သူတို့ပြောဆိုသည့်အခါ နားထောင်ပေးပါ။ သူတို့သည် အရေးတကြီးပြဿနာများ—အလုပ်အကိုင်ဆုံးရှုံးခြင်း၊ အိမ်ငှားခပေးခြင်း၊ ဖျားနာမှု၊ မိသားစုဝင်တစ်ဦးသေဆုံးခြင်း၊ ရာဇဝတ်မှုအန္တရာယ်၊ အခွင့်အာဏာရှိသူတစ်ယောက်၏ တရားမမျှတမှု၊ အိမ်ထောင်ရေးပြိုကွဲခြင်း၊ ငယ်ရွယ်သောကလေးသူငယ်များအား ထိန်းသိမ်းစောင့်ရှောက်ခြင်း အစရှိသည်တို့ဖြင့် ရုန်းကန်နေကြရကြောင်း သင်တွေ့ရှိပေမည်။ သူတို့ကို ကျမ်းစာကကူညီပေးနိုင်သလော။ လုံးဝကူညီပေးနိုင်ပါသည်။

      စကားစမြည်စရာတွင် အကြောင်းအရာတစ်ခုကို သင်စဉ်းစားထားပေမည်။ သို့ရာတွင် ကိစ္စရပ်တစ်ခုခုသည် အရေးတကြီး မိမိစိတ်ဝင်စားရာဖြစ်ကြောင်း ထိုသူဖော်ပြလာပါက ယင်းကိုဆွေးနွေးဖို့ မတုံ့ဆိုင်းပါနှင့်၊ သင်ဆွေးနွေးနိုင်လျှင် ဆွေးနွေးပါ သို့မဟုတ် အထောက်အကူပြု သတင်းအချက်အလက်အချို့ ပြန်လာ၍ပြောပြမည့်အကြောင်း ကမ်းလှမ်းပါ။ ‘ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောခြင်း’ ကို ကျွန်ုပ်တို့ရှောင်ကြဉ်ကြသည်မှာ မှန်ပါသည်၊ သို့သော် ကျမ်းစာကကမ်းလှမ်းသည့် လက်တွေ့ကျအကြံဉာဏ်ကို အခြားသူများအား ဝမ်းမြောက်စွာဝေမျှပေးကြသည်။ (၂ သက်. ၃:၁၁) လူတို့ကို အစွဲမှတ်ဆုံးဖြစ်စေမည့်အရာမှာ သူတို့၏အသက်တာကို ထိမိစေသည့် ကျမ်းစာအကြံပေးချက်ဖြစ်သည်မှာ အထင်အရှားပင်။

      ကျွန်ုပ်တို့၏သတင်းတရားသည် သူတို့အား ကိုယ်တိုင်ကိုယ်ကျ မည်သို့အကျိုးသက်ရောက်စေကြောင်း လူတို့မတွေ့မြင်နိုင်ပါက စကားလက်ဆုံပြောဆိုမှုကို မြန်မြန်အဆုံးသတ်လိုက်တတ်ကြသည်။ ကျွန်ုပ်တို့အား စကားပြောဆိုခွင့်ပေးသည့်တိုင် အကြောင်းအရာ၏ လက်တွေ့ကျတန်ဖိုးကိုပြသရန် ကျွန်ုပ်တို့ဘက်မှပျက်ကွက်ခြင်းက ကျွန်ုပ်တို့၏သတင်းတရားတွင် သူတို့၏အသက်တာအပေါ် အကျိုးသက်ရောက်မှုအနည်းငယ်သာရှိမည် ဟူသည့်အဓိပ္ပာယ် သက်ရောက်သွားနိုင်ပေမည်။ ယင်းနှင့်ဆန့်ကျင်လျက် သတင်းတရား၏လက်တွေ့ကျတန်ဖိုးကို ရှင်းရှင်းလင်းလင်းဖြစ်စေမည်ဆိုပါက ကျွန်ုပ်တို့၏ဆွေးနွေးခန်းက လူတို့၏အသက်တာတွင် အလှည့်အပြောင်းတစ်ခုအဖြစ် ထင်ကျန်ရစ်စေနိုင်မည်။

      ကျမ်းစာသင်အံမှုများ ကျင်းပနေသည့်အခါ လက်တွေ့ကျသက်ဆိုင်မှုကို ဆက်၍ပေါ်လွင်စေပါ။ (သု. ၄:၇) ယေဟောဝါ၏နည်းလမ်းတော်များ၌ မည်သို့လျှောက်လှမ်းရန် ပြသပေးသည့် ကျမ်းစာမှအကြံပြုချက်၊ မူများနှင့် ပုံနမူနာများကို သင်သားနားလည်ရန်ကူညီပေးပါ။ ထိုသို့လုပ်ဆောင်ခြင်းမှ ရရှိလာသည့်အကျိုးကျေးဇူးများကို အထူးအလေးပေးပြောပြပါ။ (ဟေရှာ. ၄၈:၁၇၊ ၁၈) ယင်းက သင်သားများအား သူတို့၏အသက်တာတွင် လိုအပ်သောပြောင်းလဲမှုများပြုရန် လှုံ့ဆော်ပေးမည်။ ယေဟောဝါကိုချစ်လာရန်နှင့် ကိုယ်တော့်စိတ်တော်နှင့်တွေ့လိုသည့်ဆန္ဒဖြစ်လာရန် သူတို့အထဲတွင်တည်ဆောက်ပေးပါ၊ ဘုရားသခင့်စကားတော်မှ သွန်သင်ချက်ကိုကျင့်သုံးရန် လှုံ့ဆော်မှုသည် အတွင်းထဲမှထွက်ပေါ်လာစေပါ။

      ယင်းကိုလုပ်ဆောင်နိုင်ပုံ

      • ဟောပြောချက်တစ်ခုကို ပြင်ဆင်သည့်အခါ အကြောင်းအရာကိုသာမက ပရိသတ်ကိုလည်း ထည့်တွက်စဉ်းစားပါ။ သူတို့ကို အမှန်အကျိုးပြုစေမည့်နည်းဖြင့် ယင်းကိုတင်ဆက်ပါ။

      • လက်တွေ့ကျသက်ဆိုင်မှုကို သင့်နိဂုံးတွင်သာရှင်းလင်းဖို့ ကန့်သတ်မထားသင့်ပေ။ ဟောပြောချက်တစ်လျှောက်လုံး ယင်းကို ပေါ်လွင်ထင်ရှားစေသင့်သည်။

      • သက်သေခံရန်ပြင်ဆင်သည့်အခါ သင့်ဒေသရှိ လူတို့၏စိတ်ထဲတွင် အဘယ်အရာရှိနေကြောင်းကို ထည့်တွက်စဉ်းစားပါ။

      • သက်သေခံရာတွင် သူတစ်ဖက်သားကို အမှန်နားထောင်ပေးပြီး ယင်းနှင့်အညီ သင့်တင်ဆက်မှုကို အလိုက်သင့် ပြုပြင်ပေးပါ။

      လေ့ကျင့်ခန်း– အသင်ရနိုင်သော ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုစာစောင်များကို ပြန်လည်သုံးသပ်ကာ သင့်ဒေသတွင်အသုံးပြုဖို့အတွက် အထူးလက်တွေ့ကျသည်ဟုသင်ခံစားရသည့် တင်ဆက်မှုတစ်ခုနှစ်ခုကို ရွေးချယ်ပါ။ လယ်ကွင်းလုပ်ငန်းတွင် ယင်းတို့ကို တင်ဆက်ကြည့်ပါ။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ