သင်ခန်းစာ ၂၂
ကျမ်းချက်များ၏ သက်ဆိုင်ပုံကို မှန်ကန်စွာ တင်ပြခြင်း
အခြားသူများအား သွန်သင်ပေးခြင်းတွင် ကျမ်းစာမှ ကျမ်းချက်များကို ဖတ်ပြရုံလောက်နှင့်မပြီးပါ။ တမန်တော်ပေါလုက မိမိအဖော် တိမောသေထံ ဤသို့ရေးသားခဲ့သည်– “သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ်ဆက်သခြင်းငှာ ကြိုးစားအားထုတ်လော့။”—၂ တိ. ၂:၁၅။
ယင်းကိုလုပ်ဆောင်ရန် ကျမ်းချက်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ရှင်းလင်းချက်သည် ကျမ်းစာကိုယ်နှိုက်၏သွန်သင်ချက်နှင့် ကိုက်ညီရမည်ဟု ဆိုလိုပါသည်။ ယင်းက ကျွန်ုပ်တို့နှစ်သက်ရာ အသုံးအနှုန်းများကို ရွေးချယ်ရုံသာပြုကာ မိမိတို့၏ကိုယ်ပိုင်ယူဆချက်များကိုထပ်ဆင့်မည့်အစား အထက်အောက်စကားကို ထည့်တွက်ဖို့ လိုအပ်ပေသည်။ ယေဟောဝါ၏နှုတ်တော်ထွက်မှ ဟောပြောသည်ဟု ဆိုသော်လည်း အမှန်တကယ်တွင် “ကိုယ်အလိုအလျောက် ရူပါရုံကိုမြင်သည်အတိုင်း” ဟောပြောခဲ့ကြသော အနှီပရောဖက်တို့ကို ပရောဖက်ယေရမိအားဖြင့် ယေဟောဝါဆန့်ကျင်သတိပေးခဲ့သည်။ (ယေ. ၂၃:၁၆) “ဆိတ်ကွယ်ရာအရပ်၌ပြုသော ရှက်ဖွယ်သောအမှုများကိုပယ်ကြ၏။ ပရိယာယ်ကိုမသုံး၊ ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်ကို ထိမ်ဝှက်မှောက်လှန်ခြင်းမရှိ” ဟု ခရစ်ယာန်များထံ တမန်တော်ပေါလုရေးသားခဲ့စဉ်က ဘုရားသခင့်စကားတော်ကို လူ့အတွေးအခေါ်ပညာရပ်များဖြင့် ညစ်ညူးစေခြင်းကို ဆန့်ကျင်သတိပေးခဲ့သည်။ ထိုခေတ်က မရိုးသားသောစပျစ်ဝိုင်ကုန်သည်များသည် သူတို့၏ဝိုင်များကိုရေထိုးပြီး ငွေပိုရအောင်လုပ်ကြလေ့ရှိသည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လူ့အတွေးအခေါ်ပညာရပ်များနှင့် ရောနှောစေခြင်းဖြင့် ရေမထိုးကြပါ။ “ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်ကို ရောစပ်ဟောပြောသောသူများတို့နှင့် ငါတို့သည်မတူဘဲ၊ ကြည်ဖြူသောစိတ်ရှိ၍ ဘုရားသခင်၏အလိုတော်နှင့်အညီ၊ ဘုရားသခင့်ရှေ့တော်တွင် ခရစ်တော်၌ဟောပြောကြ၏” ဟုပေါလုကြေညာခဲ့သည်။—၂ ကော. ၂:၁၇၊ သမ္မာ; ၄:၂။
တစ်ခါတစ်ရံ သင်သည် မူတစ်ခုကို ပေါ်လွင်စေရန် ကျမ်းချက်တစ်ချက်ကို ကိုးကားပေမည်။ ကျမ်းစာသည် မူများဖြင့်ပြည့်နှက်ကာ ယင်းမူတို့သည် အခြေအနေအမျိုးမျိုးအဖုံဖုံကို ကိုင်တွယ်ဖြေရှင်းရာတွင် ခြေမြစ်သောလမ်းညွှန်ချက်ပေးသည်။ (၂ တိ. ၃:၁၆၊ ၁၇) သို့သော် သင့် သက်ဆိုင်ပုံရှင်းလင်းချက်သည် တိကျမှန်ကန်ကြောင်းနှင့် ကျမ်းချက်တစ်ချက်ကို မိမိပြောလိုရာကို ဆွဲပြော၍ရပုံထွက်စေသည့် တလွဲအသုံးပြုနေခြင်းမဟုတ်ကြောင်း သေချာစေသင့်သည်။ (ဆာ. ၉၁:၁၁၊ ၁၂; မ. ၄:၅၊ ၆) သက်ဆိုင်ပုံရှင်းလင်းချက်သည် ယေဟောဝါ၏ ရည်ရွယ်တော်မူချက်နှင့်ညီရမည်၊ ဘုရားသခင့်နှုတ်ကပါဌ်တော်တစ်အုပ်လုံးနှင့် ကိုက်ညီရမည်။
“အမှန်တရားကို မှန်ကန်စွာပိုင်းခြားတတ်ခြင်း” တွင်လည်း သမ္မာကျမ်းစာ၏ဆိုလိုရင်းအချက်ကို နားလည်သဘောပေါက်ခြင်း ပါဝင်ပေသည်။ အခြားသူများအပေါ် နိုင်လိုမင်းထက်ပြုကျင့်စရာ “လက်ကိုင်တုတ်” တစ်ခုမဟုတ်ပါ။ ယေရှုခရစ်ကို ဆန့်ကျင်သော ဘာသာတရားသွန်သင်သူများသည် ကျမ်းစာမှကိုးကားခဲ့ကြသော်လည်း ဘုရားသခင်တောင်းဆိုသည့် တရားမျှတမှု၊ ကရုဏာနှင့် သစ္စာရှိမှုတို့ပါဝင်သော ပို၍အရေးပါသည့်ကိစ္စရပ်များတွင် သူတို့၏မျက်လုံးများကို စုံမှိတ်ထားကြသည်။ (မ. ၂၂:၂၃၊ ၂၄; ၂၃:၂၃၊ ၂၄) ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သွန်သင်ရာတွင် ယေရှုသည် မိမိခမည်းတော်၏ဥပဓိရုပ်ကို ထင်ဟပ်စေခဲ့သည်။ အမှန်တရားအတွက် ယေရှု၏ဇွဲကို ကိုယ်တော်သွန်သင်ပေးခဲ့သောလူတို့အတွက် ကိုယ်တော်၏နက်ရှိုင်းသည့်မေတ္တာနှင့် ဒွန်တွဲစေခဲ့သည်။ ကျွန်ုပ်တို့လည်း ကိုယ်တော့်စံနမူနာကို လိုက်လျှောက်ရန် ကြိုးစားသင့်ပေသည်။—မ. ၁၁:၂၈။
ကျွန်ုပ်တို့သည် ကျမ်းချက်၏သက်ဆိုင်ပုံကို မှန်ကန်စွာရှင်းပြနေကြောင်း မည်သို့သေချာစေနိုင်သနည်း။ ပုံမှန်ကျမ်းစာဖတ်ရှုခြင်းက ကူညီပေးပါလိမ့်မည်။ ယေဟောဝါ၏ပြင်ဆင်ပေးမှုဖြစ်သည့် “သစ္စာနှင့်သတိပညာရှိသောကျွန်၊” ဝိညာဏဘိသိက်ခံခရစ်ယာန်များအဖွဲ့အားဖြင့် ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့အား ဝိညာဉ်အစာပြင်ဆင်ပေးသည်ကိုလည်း ကျွန်ုပ်တို့တန်ဖိုးထားရန်လိုအပ်သည်။ (မ. ၂၄:၄၅၊ သမ) ကိုယ်ပိုင်လေ့လာမှုအပြင် အသင်းတော်အစည်းအဝေးများကို ပုံမှန်တက်ရောက်ခြင်းနှင့် ပါဝင်ခြင်းတို့ကလည်း သစ္စာနှင့်သတိပညာရှိသောကျွန်အတန်းအစားအားဖြင့် ပြင်ဆင်ပေးသည့် ညွှန်ကြားချက်မှ အကျိုးရယူရန် ကျွန်ုပ်တို့ကိုကူညီပေးမည်။
ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်ခြင်းစာအုပ်ကို သင့်ဘာသာစကားဖြင့်ရနိုင်ပြီး ၎င်းကိုကောင်းစွာအသုံးပြုရန်သင်ယူပါက ဓမ္မအမှုတွင် မကြာခဏအသုံးပြုသော ရာနှင့်ချီသောကျမ်းချက်များ၏သက်ဆိုင်ပုံကို မှန်ကန်စွာရှင်းလင်းပြရန်အတွက် လိုအပ်သောလမ်းညွှန်မှုကို အလွယ်တကူရနိုင်ပေလိမ့်မည်။ မရင်းနှီးသောကျမ်းချက်တစ်ချက်ကို အသုံးပြုရန် သင်စီစဉ်နေလျှင် ကျိုးနွံသည့်စိတ်က လိုအပ်သောသုတေသနကိုပြုစေမည်၊ ဤသို့ဖြင့် ဟောပြောသည့်အခါ အမှန်တရားနှုတ်ကပါဌ်တော်ကို မှန်ကန်စွာပိုင်းခြားနေပါလိမ့်မည်။—သု. ၁၁:၂။
သက်ဆိုင်ပုံကိုရှင်းလင်းစွာတင်ပြခြင်း။ အခြားသူများကိုသွန်သင်ပေးရာတွင် သင်ဆွေးနွေးနေသည့်အကြောင်းအရာနှင့် အသုံးပြုသည့်ကျမ်းချက်များစပ်ကြား ဆက်နွှယ်မှုကို သူတို့ ရှင်းရှင်းလင်းလင်း မြင်ကြကြောင်း သေချာစေပါ။ သင်သည် မေးခွန်းတစ်ခုဖြင့် ကျမ်းချက်သို့ ဦးတည်သွားပါက ထိုမေးခွန်းကို ကျမ်းချက်ကမည်သို့ဖြေဆိုကြောင်း နားထောင်သူများ မြင်စေသင့်သည်။ အဆိုပြုချက်တစ်ခုခုကို ထောက်မပေးသည့် ကျမ်းချက်အား သင်အသုံးပြုနေပါက ထိုကျမ်းချက်သည် ယင်းအချက်ကို မည်သို့သက်သေထင်ရှားပြကြောင်း သင်သား ရှင်းရှင်းလင်းလင်းမြင်ရန် သေချာစေပါ။
ကျမ်းချက်ကို ဖတ်ပြရုံမျှဖြင့် လေးနက်မှုနှင့်ဖတ်သည့်တိုင် အများအားဖြင့် မလုံလောက်ချေ။ သာမန်လူတစ်ဦးသည် ကျမ်းစာနှင့်မရင်းနှီးသည်ဖြစ်ရာ တစ်ခေါက်ဖတ်ရုံဖြင့် သင်ပြောလိုသည့်အချက်ကို သဘောပေါက်နိုင်ဖွယ်မရှိကြောင်း သတိရပါ။ သင်ဆွေးနွေးနေသည့်အကြောင်းနှင့် တိုက်ရိုက်သက်ဆိုင်သည့် ကျမ်းချက်၏အပိုင်းကို အာရုံစူးစိုက်စေပါ။
များသောအားဖြင့် ဆွေးနွေးနေသောအချက်နှင့် တိုက်ရိုက်ပတ်သက်နေသည့် သော့ချက်စကားလုံးများကို ခွဲထုတ်ဖော်ပြပေးဖို့ လိုအပ်သည်။ အရိုးရှင်းဆုံးနည်းစနစ်မှာ ထိုအဓိပ္ပာယ်ပေါ်စေသည့်စကားလုံးများကို ပြန်၍ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။ အကယ်၍ လူတစ်ဦးအား ဟောပြောနေပါက သော့ချက်စကားလုံးများခွဲခြားသိမြင်စေရန် ကူညီပေးမည့် မေးခွန်းများမေးပေမည်။ အုပ်စုအား ဟောပြောရာတွင် ဟောပြောသူအချို့တို့သည် မိမိတို့၏ရည်ရွယ်ချက်ကို အထမြောက်ရန် ဆင်တူယိုးမှားစကားလုံးများကို အသုံးပြုခြင်းဖြစ်စေ၊ အကြောင်းအရာအား ပြန်၍ထုတ်ဖော်ပြောခြင်းနည်းကိုဖြစ်စေ သုံးရန်နှစ်သက်ကြသည်။ သို့ရာတွင် ယင်းကိုပြုလုပ်ရန် သင်ရွေးချယ်ပါက ဆွေးနွေးသည့်အချက်နှင့် ကျမ်းချက်ရှိစကားလုံးအသုံးအနှုန်းကြား ဆက်စပ်မှုကို ပရိသတ်မျက်ခြည်မပြတ်သွားစေရန် ဂရုစိုက်ပါ။
သော့ချက်စကားလုံးများကို သီးခြားခွဲထုတ်ထားပြီဖြစ်၍ အုတ်မြစ်ကောင်းတစ်ခုကို သင်ချထားပေပြီ။ ယခုတွင် ကျန်အပိုင်းကို ဆက်လုပ်ဆောင်သွားပါ။ ကျမ်းချက်အသုံးပြုရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ညွှန်ပြကာ ကျမ်းချက်ကိုမိတ်ဆက်ပေးသလော။ သို့ဖြစ်လျှင် သင်ပေါ်လွင်စေခဲ့သောစကားလုံးများက ပရိသတ်အားမျှော်လင့်စေခဲ့သည့်အရာနှင့် မည်သို့ဆက်နွှယ်ကြောင်း ညွှန်ပြပေးပါ။ ထိုဆက်နွှယ်မှုသည် အဘယ်အရာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြပါ။ ထိုကဲ့သို့ ရှင်းလင်းပြတ်သားသော ကျမ်းချက်မိတ်ဆက်ပေးမှုကို သင်အသုံးမပြုခဲ့သည့်တိုင် ဖတ်ပြီးနောက်ထောက်ပြသင့်သည်။
ဖာရိရှဲများက “လူသည် ခပ်သိမ်းသောအပြစ်ကြောင့် မိမိမယားနှင့်ကွာအပ်သလော” ဟု ယေရှုအား မေးသည့်မေးခွန်းကို ခက်ခဲသည့်မေးခွန်းဟု သူတို့ထင်ခဲ့ကြသည်။ ကမ္ဘာဦး ၂:၂၄ ကိုအခြေပြု၍ ယေရှုဖြေဆိုပေးခဲ့သည်။ ယင်း၏အပိုင်းတစ်ပိုင်းကိုသာ ကိုယ်တော် အဓိကထားအာရုံစိုက်ခဲ့ပြီး လိုအပ်သလိုသက်ဆိုင်ပုံရှင်းလင်းပေးခဲ့ကြောင်း သတိပြုပါ။ ယောက်ျားနှင့်သူ၏ဇနီးသည် “တစ်သားတစ်ကိုယ်တည်း” ဖြစ်လာကြောင်း ညွှန်ပြပေးကာ ယေရှုဤသို့နိဂုံးချုပ်သည်– “ဘုရားသခင်ဖက်စပ်၍ထမ်းပိုးတင်တော်မူသောအရာကို လူမခွဲမခွာစေနှင့်။”—မ. ၁၉:၃-၆။
ကျမ်းချက်၏သက်ဆိုင်ပုံသည် ရှင်းနေရန်ပြုဖို့ သင်မည်မျှရှင်းပြပေးသင့်သနည်း။ ပရိသတ်ဖွဲ့စည်းပါဝင်မှုနှင့် ဆွေးနွေးနေသည့်အချက်တို့၏ အရေးကြီးမှုက ထိုမေးခွန်းကို အဆုံးအဖြတ်ပေးသင့်သည်။ ရိုးရိုးရှင်းရှင်းနှင့် တဲ့တိုးပြောဆိုခြင်းသည် သင့်ပန်းတိုင်ဖြစ်ပါစေ။
ကျမ်းစာမှကျိုးကြောင်းဆင်ခြင်ပါ။ သက်သာလောနိတ်မြို့၌ တမန်တော်ပေါလု၏ဓမ္မအမှုနှင့်စပ်လျဉ်း၍၊ သူသည် “ကျမ်းစာကိုအမှီပြု၍ . . . ဆွေးနွေးနှီးနှော” ခဲ့ကြောင်း တမန်တော် ၁၇:၂၊ ၃ က ကျွန်ုပ်တို့အားပြောပြသည်။ ယင်းသည် ယေဟောဝါ၏ကျေးကျွန်တိုင်း ပြုစုပျိုးထောင်ရန် ကြိုးစားသင့်သည့်အရည်အချင်းတစ်ခုဖြစ်သည်။ ဥပမာအနေဖြင့် ပေါလုသည် ယေရှု၏အသက်တာနှင့် ဓမ္မအမှုနှင့်စပ်လျဉ်း၍ အချက်အလက်များကို ဆက်စပ်ပြကာ ယင်းတို့ကို ဟေဗြဲကျမ်းစာစောင်များတွင် တင်ကြိုဟောထားခဲ့ပြီးကြောင်း ပြသခဲ့သည်၊ ထို့နောက် “ငါဟောပြောသောယေရှုသည် ခရစ်တော်ဖြစ်သည်” ဟုပြောဆိုကာ အားမာန်အပြည့်ဖြင့် နိဂုံးချုပ်ခဲ့သည်။
ဟေဗြဲလူတို့ထံ စာရေးသားရာတွင် ပေါလုသည် ဟေဗြဲကျမ်းစာစောင်များမှ အကြိမ်ကြိမ် ကိုးကားခဲ့သည်။ အလေးအနက်ပြုရန် သို့မဟုတ် အချက်တစ်ချက်ကိုရှင်းလင်းစေရန် စကားလုံးတစ်လုံး သို့မဟုတ် စကားစုတိုတစ်စုကို သီးခြားခွဲထုတ်ပြီးနောက် ယင်း၏ဆိုလိုရင်းအဓိပ္ပာယ်ကို သူပြသလေ့ရှိသည်။ (ဟေဗြဲ ၁၂:၂၆၊ ၂၇) ဟေဗြဲအခန်းကြီး ၃ တွင်တွေ့ရှိရသည့်မှတ်တမ်းတစ်ခု၌ ဆာလံ ၉၅:၇-၁၁ မှ ပေါလုကိုးကားခဲ့သည်။ ထို့နောက် ယင်းအပိုင်းသုံးပိုင်းအား အကျယ်တဝင့်ရေးသားခဲ့သည်ကို သတိပြုပါ– (၁) နှလုံးကိုရည်ညွှန်းထားချက် (ဟေဗြဲ ၃:၈-၁၂)၊ (၂) “ယနေ့” ဟူသည့်အသုံးအနှုန်း၏ ဆိုလိုရင်းအဓိပ္ပာယ် (ဟေဗြဲ ၃:၇၊ ၁၃-၁၅; ၄:၆-၁၁) နှင့် (၃) “ငါ၏ချမ်းသာထဲသို့ မဝင်ရကြ” ဟူသည့်ဖော်ပြချက်၏အဓိပ္ပာယ် (ဟေဗြဲ ၃:၁၁၊ ၁၈၊ ၁၉; ၄:၁-၁၁)။ ကျမ်းချက်တစ်ချက်စီ၏ သက်ဆိုင်ပုံကို သင်ရှင်းပြသည့်အခါ ထိုနမူနာကိုအတုယူရန် ကြိုးစားပါ။
လုကာ ၁၀:၂၅-၃၅ ၌တွေ့ရသည့် မှတ်တမ်းတွင် ကျမ်းစာမှယေရှုကျိုးကြောင်းဆင်ခြင်ခဲ့ခြင်း၏ ထိရောက်မှုကို လေ့လာဆန်းစစ်ကြည့်ပါ။ ကျမ်းတတ်တစ်ယောက်က ဤသို့မေးသည်– “အရှင်ဘုရား၊ ထာဝရအသက်ကိုအမွေခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကိုပြုရပါမည်နည်း။” ယေရှုဖြေဆိုရာတွင် ထိုလူအား ထိုကိစ္စအပေါ် သူမည်သို့ရှုမြင်ကြောင်းဖော်ပြရန် အလျင်ဆုံးဖိတ်ခေါ်လိုက်ပြီးနောက် ဘုရားသခင့်စကားတော်အတိုင်း လုပ်ဆောင်ခြင်း၏အရေးကြီးမှုကို အလေးအနက်ပြုခဲ့သည်။ ထိုသူသည် အဓိကအချက်ကို သတိမမူမိဘဲလွတ်နေကြောင်း ရှင်းနေသည့်အခါ ယေရှုသည် ကျမ်းချက်မှ “အိမ်နီးချင်း” ဟူသည့်စကားလုံးတစ်လုံးတည်းကိုသာ အကျယ်တဝင့်ဆွေးနွေးခဲ့သည်။ ၎င်းကို အဓိပ္ပာယ်ရှင်းလင်းရုံသာပြုမည့်အစား လျော်ကန်သောကောက်ချက်တစ်ခု ထိုလူချနိုင်စေရန် ထောက်ကူပေးသည့် ပုံဥပမာတစ်ခု ကိုယ်တော်အသုံးပြုခဲ့သည်။
မေးခွန်းများဖြေဆိုရာတွင် တိုက်ရိုက်ရှင်းလင်းသောအဖြေပေးသည့် ကျမ်းချက်များကို ယေရှုကိုးကားခဲ့ရုံမျှမပြုသည်မှာ ထင်ရှားပါသည်။ ယင်းတို့ဘာပြောသည်ကို ကိုယ်တော်သုံးသပ်ကာ မေးနေသောမေးခွန်းနှင့် သက်ဆိုင်ပုံကို ရှင်းပြခဲ့သည်။
ထမြောက်ခြင်းမျှော်လင့်ချက်ကို ဇဒ္ဒုကဲများက စောဒကတက်ကြသောအခါ ထွက်မြောက်ရာ ၃:၆ မှ သတ်သတ်မှတ်မှတ်အပိုင်းတစ်ပိုင်းကို ယေရှုအဓိကအာရုံစိုက်စေခဲ့သည်။ သို့သော် ကျမ်းချက်ကို ကိုးကားပြီးနောက် ကိုယ်တော်မရပ်တန့်ခဲ့ချေ။ ထမြောက်ခြင်းသည် ဘုရားသခင့်ရည်ရွယ်ချက်၏ အစိတ်အပိုင်းဖြစ်ကြောင်း ရှင်းလင်းစွာပြသရန် ယင်းအပေါ် ကျိုးကြောင်းဆင်ခြင်တော်မူခဲ့သည်။—မာ. ၁၂:၂၄-၂၇။
ကျမ်းစာမှ မှန်မှန်ကန်ကန်နှင့် ထိထိရောက်ရောက် ကျိုးကြောင်းဆင်ခြင်နိုင်သည့်အရည်အချင်းကို ပိုင်ပိုင်နိုင်နိုင် တတ်မြောက်ထားခြင်းသည် ကျွမ်းကျင်သည့် သွန်သင်သူတစ်ယောက်ဖြစ်လာခြင်းတွင် အရေးပါသော အချက်တစ်ချက်ဖြစ်ပေမည်။