ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၇ မတ် စာ. ၂၈-၃၁
  • မိတ်ပျက်မယ့်အန္တရာယ် ရှိနေချိန်မှာ မိတ်ဆွေပီသခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိတ်ပျက်မယ့်အန္တရာယ် ရှိနေချိန်မှာ မိတ်ဆွေပီသခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိတ်ဆွေတစ်ယောက် အမှားလုပ်တဲ့အခါ
  • မိတ်ဆွေတစ်ယောက် ဒုက္ခရောက်တဲ့အခါ
  • သစ္စာဖောက်ခံရတယ်လို့ ထင်မလား
  • နာသန် စစ်မှန်တဲ့ဝတ်ပြုရေးကို တည်ကြည်စွာထောက်ခံသူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဘုရားသခင်သည် မိမိ၏မိတ်ဆွေဖြစ်လာရန် သင့်အားဖိတ်ခေါ်
    သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
  • မိတ်ဆွေဖွဲ့ခြင်းအကြောင်း ကျမ်းစာ ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ယေဟောဝါနဲ့ မိတ်ဆွေဖြစ်နိုင်
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
က၁၇ မတ် စာ. ၂၈-၃၁
ပရောဖက် နာသန်က ဘုရင် ဒါဝိဒ်ကို ဘုရားသခင့် သတင်းစကား မပြောခင် စဉ်းစားနေစဉ်

မိတ်ပျက်မယ့်အန္တရာယ် ရှိနေချိန်မှာ မိတ်ဆွေပီသခြင်း

ဂျန်နီနဲ့ မော်ရီယိုတို့ မိတ်ဆွေဖြစ်တာ အနှစ် ၅၀ လောက် ရှိနေပြီ။ ဒါပေမဲ့ မိတ်ပျက်မယ့်အချိန် ရှိခဲ့တယ်။ “ခက်ခဲချိန်အတွင်း ကျွန်တော့်အမှားတချို့ကြောင့် စိတ်ဝမ်းကွဲသွားကြတယ်” လို့ မော်ရီယို ရှင်းပြတယ်။ “မော်ရီယိုက ကျွန်တော့်ကို ကျမ်းစာသင်ပေးတဲ့သူ။ ဘုရားရေးရာဘက်မှာ နည်းပေးလမ်းပြသူပါ။ ဒါကြောင့် သူ့လုပ်ရပ်ကို မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်။ မိတ်ဆွေ မဖြစ်နိုင်တော့မှန်း သိလိုက်ရတဲ့အတွက် ကမ္ဘာပျက်သလို ခံစားခဲ့ရတယ်။ တော်တော် အထီးကျန် သွားတယ်” လို့ ဂျန်နီ ပြောတယ်။

မိတ်ဆွေကောင်းတွေဟာ တန်ဖိုးရှိတယ်။ တည်မြဲတဲ့ မိတ်ဆွေဆိုတာ အလိုလို ဖြစ်မလာဘူး။ မိတ်ပျက်မယ့် အန္တရာယ် ရှိလာတဲ့အခါ ဘာလုပ်နိုင်သလဲ။ မိတ်ဆွေစစ်တွေ ဖြစ်ခဲ့ပေမဲ့ မိတ်ပျက်မယ့် အန္တရာယ် ကြုံခဲ့ရတဲ့ ကျမ်းစာမှတ်တမ်းတချို့ကနေ အများကြီး သင်ယူနိုင်ပါတယ်။

မိတ်ဆွေတစ်ယောက် အမှားလုပ်တဲ့အခါ

သိုးထိန်း၊ ဘုရင် ဒါဝိဒ်မှာ မိတ်ဆွေကောင်းတွေ ရှိတယ်။ တစ်ယောက်အနေနဲ့ ယောနသန်ကို တွေးမိနိုင်တယ်။ (၁ ရာ. ၁၈:၁) ပရောဖက် နာသန်လို တခြားမိတ်ဆွေတွေလည်း ရှိသေးတယ်။ သူတို့တစ်တွေ ဘယ်တုန်းက မိတ်ဆွေ စဖြစ်သလဲဆိုတာ ကျမ်းစာမှာ ဖော်ပြမထားဘူး။ တစ်ချိန်မှာ ဒါဝိဒ်ဟာ မိတ်ဆွေ နာသန်ကို ယေဟောဝါအတွက် အိမ်တော် ဆောက်လုပ်ချင်တဲ့အကြောင်း ရင်ဖွင့်ပြောပြခဲ့တယ်။ ယေဟောဝါရဲ့ စွမ်းအားတော် ရရှိထားတဲ့ မိတ်ဆွေ နာသန်ရဲ့ အကြံဉာဏ်ကို တန်ဖိုးထားမှာပဲ။—၂ ရာ. ၇:၂၊ ၃။

ဒါပေမဲ့ သူတို့ မိတ်ပျက်မယ့် အန္တရာယ် ပေါ်လာတယ်။ ဘုရင် ဒါဝိဒ်ဟာ ဗာသရှေဗနဲ့ ဖောက်ပြန်ပြီး နောက်ပိုင်းမှာ သူ့ယောက်ျား ဥရိယကိုပါ လုပ်ကြံခဲ့တယ်။ (၂ ရာ. ၁၁:၂-၂၁) ဒါဝိဒ် တရားမျှတခဲ့တာ၊ ယေဟောဝါအပေါ် သစ္စာရှိခဲ့တာ နှစ်ပေါင်းများစွာ ရှိနေပြီ။ အခု ဆိုးရွားတဲ့အပြစ် ကျူးလွန်မိတယ်။ ဒီမင်းကောင်း ဘာဖြစ်သွားတာလဲ။ ကိုယ့်အပြစ် ဘယ်လောက် ကြီးလေးမှန်း မသိမြင်နိုင်တော့ဘူးလား။ ဘုရား မမြင်အောင် ဖုံးကွယ်ထားနိုင်တယ်လို့ ထင်ခဲ့သလား။

နာသန် ဘာလုပ်မလဲ။ ဒီကိစ္စအကြောင်း ဘုရင်ကို ပြောဖို့ တခြားတစ်ယောက်ကို စေလွှတ်မလား။ ဥရိယကို သတ်ဖို့ ဒါဝိဒ် ဘယ်လို စီစဉ်ခဲ့မှန်း သိတဲ့သူတွေ ရှိတယ်။ ဒါကြောင့် နာသန်အနေနဲ့ ကြားဝင်ပြီး ဘာကြောင့် မိတ်ပျက်ခံနေမှာလဲ။ ပြောလိုက်ရင် အသက်အန္တရာယ်တောင် ရှိနိုင်တယ်။ အပြစ်မဲ့တဲ့ ဥရိယကို ဒါဝိဒ် သတ်လိုက်ပြီပဲ။

ဒါပေမဲ့ နာသန်က ဘုရားသခင့် ပြောရေးဆိုခွင့်ရှိသူ။ နှုတ်ဆိတ်နေရင်တောင်မှ အရင်လို ဆက်ဆံရေးမျိုး ပြန်မရနိုင်တော့ဘူး။ သူ့သိစိတ်လည်း ထိခိုက်လိမ့်မယ်။ မိတ်ဆွေ ဒါဝိဒ်က ယေဟောဝါ မနှစ်သက်တာကို လုပ်ထားတယ်။ လမ်းမှန် ပြန်ရောက်ဖို့ အကူအညီ တကယ်လိုနေတယ်။ မှန်ပါတယ်၊ ဒါဝိဒ်မှာ မိတ်ဆွေစစ် လိုနေတယ်။ နာသန်က အဲဒီလို မိတ်ဆွေမျိုးပဲ။ သိုးထိန်း ဖြစ်ခဲ့ဖူးသူရဲ့ စိတ်နှလုံး ထိမိစေမယ့် ဥပမာတစ်ခုနဲ့ အစပြုခဲ့တယ်။ အမှားရဲ့ ကြီးလေးမှုကို သဘောပေါက်လာပြီး ပြုပြင်လုပ်ဆောင်စေမယ့်နည်းနဲ့ ဘုရားသခင့် သတင်းစကားကို နာသန် ပြောပြခဲ့တယ်။—၂ ရာ. ၁၂:၁-၁၄။

သင်လည်း မိတ်ဆွေတစ်ယောက် မှားသွားတဲ့အခါ၊ ကြီးလေးတဲ့အပြစ် ကျူးလွန်မိတဲ့အခါ ဘာလုပ်မလဲ။ အမှားကို ထောက်ပြရင် မိတ်ပျက်သွားမယ်လို့ တွေးမလား။ ဘုရားရေးရာဘက်မှာ ပြန်ကူညီပေးနိုင်မယ့် အကြီးအကဲတွေကို အသိပေးလိုက်ရင် သစ္စာဖောက်ရာကျမယ်လို့ ထင်မလား။ ဘာလုပ်မလဲ။

အစပိုင်းမှာ ဖော်ပြခဲ့တဲ့ ဂျန်နီ ဒီလိုပြောတယ်– “တစ်ခုခု ပြောင်းလဲသွားမှန်း ကျွန်တော် သိတယ်။ မော်ရီယိုဟာ အရင်လို ပွင့်ပွင့်လင်းလင်း မရှိတော့ဘူး။ သိပ်ခက်ပေမဲ့ သူနဲ့ စကားပြောဖို့ ဆုံးဖြတ်လိုက်တယ်။ ‘သူ မသိသေးတာ ဘာများ ရှိလို့လဲ။ ဆိုးဆိုးရွားရွား တုံ့ပြန်လိမ့်မယ်’ လို့ တွေးမိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အတူလေ့လာခဲ့တာတွေကို ပြန်တွေးပြီး သူ့ကို စကားပြောဖို့ ခွန်အားယူခဲ့တယ်။ ကျွန်တော် အကူအညီ လိုအပ်တုန်းကလည်း သူအဲဒီလို လုပ်ခဲ့တာပဲ။ သူနဲ့ မိတ်ပျက်မသွားချင်ပါဘူး။ ဒါပေမဲ့ သူ့ကို အလေးထားလို့ ကူညီပေးချင်တယ်။”

မော်ရီယိုက ပြောတယ်– “ဂျန်နီက စိတ်ရင်းမှန်တယ်။ သူ့လုပ်ရပ် မှန်တယ်။ ကျွန်တော့် မှားယွင်းတဲ့ ဆုံးဖြတ်ချက်ရဲ့ အကျိုးဆက်တွေဟာ သူ့အမှားကြောင့်၊ ယေဟောဝါရဲ့ အမှားကြောင့် မဟုတ်မှန်း ကျွန်တော် သိတယ်။ ဒါကြောင့် ဆုံးမမှုကို လက်ခံခဲ့တယ်။ အချိန်တန်တော့ ဘုရားနဲ့ ဆက်ဆံရေး ပြန်ကောင်းလာတယ်။”

မိတ်ဆွေတစ်ယောက် ဒုက္ခရောက်တဲ့အခါ

ခက်ခဲချိန်အတွင်း သစ္စာရှိရှိ ရပ်တည်ပေးမယ့် အပေါင်းအသင်းတွေ ဒါဝိဒ်မှာ ရှိတယ်။ တစ်ယောက်ကတော့ ကျမ်းစာမှာ “ဒါဝိဒ်၏ အဆွေခင်ပွန်း” လို့ဖော်ပြထားတဲ့ ဟုရှဲပါပဲ။ (၂ ရာ. ၁၆:၁၆။ ၅ ရာ. ၂၇:၃၃) သူဟာ ဘုရင့် မိတ်ဆွေရောင်းရင်း နန်းတွင်းအရာရှိ ဖြစ်ပြီး အတွင်းရေးကိစ္စတွေကို တစ်ခါတလေ စီမံဆောင်ရွက်ရတယ်။

ဒါဝိဒ်သား အဗရှလုံ နန်းလုချိန်မှာ အစ္စရေးများစွာ အဗရှလုံဘက် ပါသွားကြပေမဲ့ ဟုရှဲတော့ ပါမသွားခဲ့ဘူး။ ဒါဝိဒ် ထွက်ပြေးတဲ့နောက် လိုက်သွားတယ်။ သားတော်ရင်းနဲ့ လူယုံတချို့ သစ္စာဖောက်သွားလို့ ဒါဝိဒ် အလွန်စိတ်ထိခိုက်ခဲ့တယ်။ ဒါပေမဲ့ အသက်ကို ပေးဆပ်ဝံ့သူ၊ လျှို့ဝှက်ကြံစည်မှုကို ဖျက်ရမယ့်တာဝန် ယူမယ့်သူအဖြစ် ဟုရှဲ သစ္စာစောင့်သိခဲ့တယ်။ နန်းတွင်းအရာရှိတစ်ယောက်အနေနဲ့ တာဝန်ရှိလို့သာ လုပ်တာ မဟုတ်ဘူး။ သစ္စာရှိ မိတ်ဆွေ ဖြစ်လို့ပဲ။—၂ ရာ. ၁၅:၁၃-၁၇၊ ၃၂-၃၇။ ၁၆:၁၅–၁၇:၁၆။

ဒီနေ့လည်း အသင်းတော်မှာ တာဝန်၊ ကဏ္ဍအမျိုးမျိုး ရရှိထားတဲ့ ညီအစ်ကို/မတွေ စည်းစည်းလုံးလုံး ရှိနေကြတာ ဝမ်းသာစရာပါပဲ။ သူတို့ရဲ့ လုပ်ရပ်က “ကျွန်တော် မိတ်ဆွေ ဖြစ်နေတာ တာဝန်ရှိလို့ မဟုတ်ဘူး။ ခင်ဗျားက ကျွန်တော့်အတွက် အရေးပါလို့ပါ” လို့ပြောနေသလိုပါပဲ။

ညီအစ်ကို ဖယ်ဒရီကို အဲဒီလို ကြုံတွေ့ခဲ့ရတယ်။ မိတ်ဆွေ အန်တိုနီယိုကြောင့် ဘဝအခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့တယ်။ ဖယ်ဒရီကိုက ပြောတယ်– “အသင်းတော်ကို ဖယ်ဒရီကို ပြောင်းလာပြီး မကြာခင်မှာပဲ ကျွန်တော်တို့ မိတ်ဆွေ ဖြစ်သွားကြတယ်။ နှစ်ယောက်လုံး အသင်းတော် အမှုထမ်းတွေမို့ အတူတွဲလုပ်ရတယ်။ မကြာခင်မှာပဲ အကြီးအကဲအဖြစ် သူခန့်အပ်ခံရတယ်။ သူဟာ ကျွန်တော့်အတွက် မိတ်ဆွေလည်း ဖြစ်၊ စံထားရသူလည်း ဖြစ်တယ်။” အဲဒီနောက် ဖယ်ဒရီကို အမှားလုပ်မိတယ်။ ချက်ချင်းပဲ အကူအညီ တောင်းခဲ့ပေမဲ့ ရှေ့ဆောင်၊ အသင်းတော် အမှုထမ်းအဖြစ် အရည်အချင်း မပြည့်မီတော့ဘူး။ အန်တိုနီယို ဘယ်လို တုံ့ပြန်ခဲ့သလဲ။

ဖယ်ဒီရီကို အကြီးအကဲတွေနဲ့ တွေ့ဆုံစဉ်၊ အန်တိုနီယိုက အချိန်ပေး နားထောင်ပြီး အားပေးနေစဉ်

ဖယ်ဒရီကို အခက်အခဲ ကြုံချိန်မှာ မိတ်ဆွေ အန်တိုနီယို နားထောင်ပေးပြီး အားပေးခဲ့

ဖယ်ဒရီကို ဒီလိုပြောတယ်– “ကျွန်တော့်အတွက် အန်တိုနီယို နာကျင်ခံစားခဲ့ရတာကို သိတယ်။ စိတ်ပိုင်းအရ သူ အတတ်နိုင်ဆုံး ကူညီပေးခဲ့တယ်။ ဘုရားနဲ့ ကျွန်တော့်ဆက်ဆံရေး ပြန်ကောင်းလာဖို့ တကယ် ဂရုစိုက်ပေးခဲ့တယ်။ ကျွန်တော့်ကို ပစ်မထားဘူး။ ယုံကြည်ခြင်း ပြန်ခိုင်ခံ့လာဖို့၊ အရှုံးမပေးဖို့ အားပေးခဲ့တယ်။” အန်တိုနီယိုက ပြောတယ်– “ဖယ်ဒရီကိုကို ကျွန်တော် ပိုအချိန်ပေး ပေါင်းသင်းခဲ့တယ်။ သူ့ခံစားချက်တွေ အပါအဝင် ဘာမဆို ရင်ဖွင့်ပြောစေချင်တယ်။” ဝမ်းသာစရာက ဖယ်ဒရီကို ဘုရားနဲ့ ဆက်ဆံရေး ပြန်ကောင်းလာပြီး နောက်ပိုင်းမှာ ရှေ့ဆောင်၊ အသင်းတော် အမှုထမ်းအဖြစ် ပြန်ခန့်အပ်ခံခဲ့ရတယ်။ “အသင်းတော် မတူတော့ပေမဲ့ အရင်ကထက် ပိုရင်းနှီးလာတယ်” လို့ အန်တိုနီယို ပြောတယ်။

ဖယ်ဒရီကိုနဲ့ အန်တိုနီယိုတို့ ပေါင်းသင်းနေစဉ်

သစ္စာဖောက်ခံရတယ်လို့ ထင်မလား

အလိုအပ်ဆုံးအချိန်မှာ မိတ်ဆွေရင်းတစ်ယောက် ကျောခိုင်းသွားရင် ဘယ်လို ခံစားရမလဲ။ တော်တော့်ကို အခံရခက်မှာပဲ။ သူ့ကို ခွင့်လွှတ်နိုင်မလား။ အရင်ကလို ရင်းရင်းနှီးနှီး ခင်တွယ်ဦးမလား။

ယေရှုရဲ့ မြေကြီးအသက်တာ နောက်ဆုံးနေ့တွေမှာ ဘာဖြစ်ခဲ့ကြောင်း စဉ်းစားကြည့်ပါ။ သစ္စာရှိ တမန်တော်တွေနဲ့ အချိန်များစွာ ပေါင်းသင်းခဲ့တဲ့အတွက် သံယောဇဉ် ဖြစ်နေကြတယ်။ ဒါကြောင့် မိတ်ဆွေလို့တောင် ခေါ်ခဲ့တယ်။ (ယော. ၁၅:၁၅) ဒါပေမဲ့ ယေရှု အဖမ်းခံရတဲ့အခါ ဘာဖြစ်ခဲ့သလဲ။ တမန်တော်တွေ ထွက်ပြေးသွားကြတယ်။ သခင့်ကို ဘယ်တော့မှ မစွန့်ပါဘူးလို့ ကြွေးကြော်ခဲ့တဲ့ ပေတရုတောင် ယေရှုကို မသိပါဘူးလို့ အဲဒီညမှာ ငြင်းဆိုခဲ့တယ်။—မ. ၂၆:၃၁-၃၃၊ ၅၆၊ ၆၉-၇၅။

နောက်ဆုံး စမ်းသပ်မှုကို တစ်ယောက်တည်း ရင်ဆိုင်ရမယ်ဆိုတာ ယေရှု သိထားပေမဲ့ စိတ်ပျက်စရာ၊ စိတ်နာစရာအကြောင်းရင်း ရှိတယ်။ ဒါပေမဲ့ ရှင်ပြန်ထမြောက်ပြီးနောက် ရက်အနည်းငယ်အတွင်း တပည့်တွေနဲ့ ပြောတဲ့စကားမှာ စိတ်နာ၊ စိတ်ပျက်၊ စိတ်ထိခိုက်တဲ့ အရိပ်အယောင် မတွေ့ရဘူး။ တပည့်တွေရဲ့ အားနည်းချက်တွေ၊ အဖမ်းခံရတဲ့ညက လုပ်ရပ်တွေကို ပြန်မပြောခဲ့ဘူး။

အဲဒီအစား ပေတရုနဲ့ တခြားတမန်တော်တွေကို နှစ်သိမ့်ပေးခဲ့တယ်။ လူ့သမိုင်းမှာ အရေးပါဆုံး ပညာပေးလုပ်ငန်းအကြောင်း ညွှန်ကြားချက်တွေ ပေးခြင်းအားဖြင့် ယုံကြည်စိတ်ချကြောင်း ဖော်ပြခဲ့တယ်။ ယေရှုအတွက် တမန်တော်တွေဟာ မိတ်ဆွေ ဖြစ်နေတုန်းပါပဲ။ ယေရှုရဲ့ မေတ္တာကို တပည့်တွေ စွဲမှတ်သွားကြတယ်။ သခင် စိတ်ပျက်အောင် ထပ်မလုပ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားကြတယ်။ ယေရှု ပေးခဲ့တဲ့ တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်ခဲ့ကြတယ်။—တ. ၁:၈။ ကော. ၁:၂၃။

ညီအစ်မ အဲလ်ဗီရာက မိတ်ဆွေရင်း ဂျူလီယာနာနဲ့ စိတ်ဝမ်းကွဲခဲ့ချိန်အကြောင်း ဒီလိုပြောတယ်– “ကျွန်မကြောင့် စိတ်ထိခိုက်ရတယ်လို့ သူပြောတဲ့အခါ တော်တော် စိတ်ဆိုးမိတယ်။ သူ့မှာ စိတ်ထိခိုက်ပိုင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ ကျွန်မအတွက်၊ ကျွန်မလုပ်ရပ်ရဲ့ ဆိုးကျိုးတွေအတွက် အဓိကစိုးရိမ်ပေးလို့ ထိမိခဲ့တယ်။ သူ့အပေါ် ပြုမိတဲ့အမှားကို အာရုံမစိုက်ဘဲ ကျွန်မအကျိုးယုတ်မှာကိုပဲ အာရုံစိုက်ခဲ့လို့ အမြဲကျေးဇူးတင်နေမှာပါ။ သူ့ခံစားချက်ထက် ကျွန်မကောင်းကျိုးကို ရှေ့တန်းတင်ပေးတဲ့ မိတ်ဆွေတစ်ယောက် ရှိနေလို့ ယေဟောဝါကို ကျေးဇူးတင်ပါတယ်။”

မိတ်ဆွေတစ်ယောက် အန္တရာယ် ကြုံရတဲ့အခါ မိတ်ဆွေကောင်းဆိုရင် ဘယ်လို တုံ့ပြန်မလဲ။ ပွင့်ပွင့်လင်းလင်း၊ ကြင်ကြင်နာနာ ပြောဆိုပါလိမ့်မယ်။ ခက်ခဲချိန်တွေမှာ သစ္စာရှိခဲ့တဲ့ နာသန်နဲ့ ဟုရှဲလို၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ခဲ့တဲ့ ယေရှုလို မိတ်ဆွေမျိုး ဖြစ်ပါလိမ့်မယ်။ သင်ဟာ အဲဒီလို မိတ်ဆွေမျိုးလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ